Sunday, November 8, 2009

စင်္ကာပူတွင် ကားတိုက်မိခြင်း

ခေါင်းစဉ်တွေ့တော့ လာဖတ်သူတွေ ပြုံးမိမလားပဲ။ ဟိုတစ်လောကပဲ စင်္ကာပူတွင် ကားမောင်းသင်လိုရင် ဘာညာနဲ့ ပို့စ်တင်ထားခဲ့တာ မကြာသေးဘူးမလား။ ခုကားတိုက်မိပြီဆိုတော့လေ။

လွန်ခဲ့တဲ့ ၄-၅လလောက်က ဖြစ်ခဲ့တာပါ။ ဖြစ်ပုံက ကိုယ်အစားငန်းလို့။ အဲနေ့က အိမ်မှာ ငါးထမင်းချဉ်လုပ်စားတယ်။ ကိုယ့်အိမ်က လူကြီး ဈေးသွားတော့ ငါးထမင်းချဉ်ထဲထည့်ဖို့ မြန်မာဆိုင်ကနေ ပဲပုတ်ဝယ်ခဲ့ပါ ပြောတာ သူက နားကြားလွဲပြီး ပဲမှုန့်တွေ ၀ယ်ချလာတယ်လေ။ ငါးထမင်းချဉ်က ပဲပုတ်ထောင်းမပါပဲနဲ့ ဘယ်ကောင်းမလဲနော့။ အဲသာနဲ့ သမီးခေါ်ပြီး သားအမိ၂ယောက်တည်း (အဲ့အချိန်က တစ်ခါမှ သမီးနဲ့ နှစ်ယောက်တည်း မမောင်းဘူးပါ။ မောင်းတတ်ကာစမှို့ ဦးခြိမ့်က စိတ်မချလို့ပါ။ ) အဲဒီရှော့ပင်းစင်တာကို မောင်းသွားတယ်ပေါ့။ ဟိုရောက်တော့လဲ ကား parking မပတ်တတ်တာနဲ့ လမ်းတွင်ခဏထိုးရပ်ထားခဲ့ပြီး အမြန် အပေါ်တက်ဝယ်တာ။ အပြန်ကျတော့ fine ချတဲ့ slip လေးက စောင့်ကြိုနေပါရော။ ဒါနဲ့ စိတ်ညစ်ညစ်နဲ့ ပြန်အလာ အိမ်နားရောက်ခါနီးမှ မီးပွိုင့်ဘေးက slip road ကို ကွေ့လိုက်တာမှာ ဘေးကလမ်းမကြီးက ကားတစ်စီး အမြန်မောင်းတာတွေ့လို့ ဘရိတ်အုပ်လိုက်တာ နောက်က Taxi က၀င်ဆောင့်ပါလေရော။ အသာလေးပါပဲ ။ ဘာမှတောင် မဖြစ်လောက်ဘူး ထင်တာ။ အဲနေ့က တွတ်ပီတို့ ကံမကောင်းဘူး။

အဲဒါနဲ့ ရှေ့နားလေး အသာထိုးရပ်တော့ နောက်က Taxi ဒရိုင်ဘာက ဆင်းချလာပြီး သူမှားတာပါ ... ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောရှာတယ်။ ကိုယ့်အဖေ ကိုယ့်ဦးလေး အရွယ်လောက် တရုတ်ကြီးပါ။ နောက်သူကလဲ မှားပါတယ်ပြောလာတော့ အရမ်းကို အားနာသွားတယ်။ ကိုယ်က ဘရိတ်ဆောင့်အုပ်လိုက်တော့ ကိုယ့်အမှားလဲ ပါတာကိုး။ အနောက်က တအားကပ်မောင်းပြီး ဘရိတ် အချိန်မှီမအုပ်လိုက်နိုင်တာက သူ့အမှား။ (တရားဥပဒေကြောင်းအရ ကားတိုက်မှုတစ်ခုဖြစ်ရင် နောက်ကနေ၀င်တိုက်တဲ့ ကားဘက်က အမှားဖြစ်ပါတယ်။ အမှားဖြစ်ဖို့များပါတယ်။) ဒါနဲ့ဆင်းပြီး ကားကိုကြည့်လိုက်တော့ ကားနောက်က ဘန်ပါတစ်ခုလုံးပါမလာတော့ဘူး။ တိုက်တဲ့နားမှာ ပြုတ်ကျရစ်ခဲ့ပြီ။ ကြိုးတန်းလန်းတွေနဲ့ အထဲက ဘောဒီပါ ပိန်နေတာမြင်ရတော့ အတော်ပြာသွားတယ်။ ဦးခြိမ့်မောင်းတာ ၅နှစ်ကျော်ရှိပြီ ။ ဒီလို တစ်ခါမှ မဖြစ်ဘူးပဲကိုး။ ဒါနဲ့ သူ့ကိုဖုန်းခေါ်ပြီး ဓာတ်ပုံတွေရိုက် IC တွေတောင်းပြီး တက္ကစီ ဒရိုင်ဘာနဲ့ ညှိကြတာပေါ့။

နောက်တော့ ဘန်ပါကြီး ကားထဲထိုးသိပ်ထည့်ပြီး ၀ပ်ရှော့ကိုသွားကြတယ်။ Sunday ဆိုတော့ ၀ပ်ရှော့ တော်တော်များများက ပိတ်တယ်။ ၀ပ်ရှော့တစ်ခုတွေ့ပြန်တော့ ပြင်ရင် ၁၅၀၀-၂၀၀၀ လောက်ကုန်မယ်။ ဒါပေမဲ့ အထဲက ဘော်ဒီပါ ထိသွားတော့ သူတို့မလုပ်ချင်ဘူး။ Insurance ကနေ တဆင့် လုပ်ပါပေါ့။ အဲဒါမှ သေချာလုပ်ပေးမှာဆို ပြောတော့ ပြာတော့တာပေါ့။ ကိုယ့်မှာ Insurance က မရှိသေးတော့ ဟိုဘက်ကသူမမှားပါဘူး ငြင်းရင်၊ ကျသမျှကိုယ် အိပ်ထဲကပဲ cash စိုက်ရတော့မှာကိုး။ ဒါပေမဲ့ တက်စီဒရိုင်ဘာကြီင်္းက ရိုးသားရှာပါတယ်။ သူတကယ်မှားနေတာ မှားတယ်ပဲ ထွက်ပါ့မယ်ပြောပြီး လမ်းခွဲခဲ့ကြတယ်။ ဒီကိစ္စတစ်ခုလုံးမှာ အားအနာဆုံး သနားဆုံးက အဲဒီ တက်စီဒရိုင်ဘာကြီးပဲ။

ဒါနဲ့ Insurance ကို ဖုန်းခေါ်မေးတော့ IDAC ကိုသွားဆိုတော့ ဘုမသိဘမသိနဲ့ အဲဒီကိုသွားကြတာပေါ့။ Independent Damage Assessment Centres လို့ခေါ်ပါတယ်။ ကားတိုက်လို့ ကိုယ့်ဟာကိုယ်ညှိလို့ မပြေလည်ရင်၊ အဲဒီမှာသွား report လုပ်ရပါတယ်။ အဲဒီမှာမှ တိုက်ထားတဲ့ကားတွေ ပိန်လိမ်နေတာပဲ။ ကိုယ့်ထက် အခြေအနေဆိုး ရုပ်ပျက်ဆင်းပျက်တွေ ရပ်ထားတာ တွေ့မှ ကိုယ်ကမှ တော်သေးဆို တွေးမိသေး။

ပထမဆုံး ဖောင်လေးတစ်စောင်ဖြည့်ရပါတယ်။ မောင်းသူဘယ်သူ၊ အင်ရှူးရန့်စ်ရှိသလား၊ ဘယ်အင်ရှူးရန့်ကလဲ၊ နောက်က၀င်တိုက်တဲ့ ကားနံပတ်၊ မောင်းသူ၊ ဘယ်လိုဘယ်ပုံတိုက်မိသလဲ၊ ဆိုတာ ပုံကြမ်းလေးဆွဲပြပြီး ရှင်းပြရပါတယ်။ အဲမှာရယ်စရာတစ်ခုက ဘယ်လိုဆွဲရမလဲဆိုတာ နမူနာပြထားတဲ့ ပုံလေးနဲ့ ရေးပုံကလဲ ကိုယ်တိုက်တဲ့ ပုံနဲ့တစ်ပုံစံထဲ။ Slip road က အထွက်မှာ နောက်ကား ၀င်ဆောင့်တဲ့ ပုံလေးနဲ့ဆိုတော့ ကူးရေးလိုက်ရုံပါပဲ။ နောက်မှသိရတာက စလုံးမှာ အဲလိုပုံစံမျိုး ယာဉ်တိုက်မှုက အများဆုံးပါတဲ့။

ပြီးတော့ ကားပြင်ရအောင် ကိုယ့်မှာ ကိုယ့်စိတ်ကြိုက် work shop ရှိသလား။ သူတို့ပြောတဲ့ work shop နဲ့ပြင်ချင်သလားမေးပါတယ်။ ကိုယ်မှာမရှိတော့ သူတို့ပြောတာနဲ့ပဲ ပြင်ပါ့မယ်ပေါ့။ နောက်တော့ ကိုယ့်ကားက အနာအဆာတွေ စစ်ဆေး၊ ဓာတ်ပုံတွေလဲ အများကြီးရိုက်၊ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ ခန့်မှန်းတွက်ချက်ပေးပါတယ်။ ကားကို စစ်ဆေးနေတုံး
ကားတစ်စီးမောင်းဝင်လာတယ်။ ကိုယ်တို့ကားလို မော်ဒယ်တူ အရောင်ကွဲ နီညိုရောင်လေးနဲ့ ဆင်းလာတဲ့သူကတော့ သူတို့ပြောတဲ့ work shop က ကားပြင်ဆရာပါ။ တိုက်မိတဲ့ကားထဲက ပစ္စည်းတွေ ဟိုဘက်ကကား နီညိုရောင်ထဲ ပြောင်းထည့်ပေးပါပြောတော့ ကိုယ်မှာ နားမလည်ဘူး။ နောက်မှ ကား work shop ပို့ထားတုံး သုံးရအောင် အစားထိုးကားပါ တစ်ခါထဲ ယူလာတာဆိုတာ နားလည်ရပါတယ်။
IDAC က လုပ်ဆောင်တာတွေကို အသေးစိတ်ကြည့်ချင်ရင် အောက်က web page လေးကို ကလစ်ကြည့်ပါနော်။
http://www.singaporemirror.com.sg/co_idac.htm

အတိုချုံးရရင် အဲဒီကပဲ ကိစ္စ၀ိစ္စတွေ အကုန်လုံကို ကြားခံလုပ်ပေးခဲ့ပါတယ်။ ကိုယ်နားမလည်တဲ့ ကိစ္စတွေကို ကြားခံ ဆောင်ရွက်ပေးလို့ အစစ ချောချောမွေ့မွေ့နဲ့ ပြီးခဲ့ပါတယ်။ ကုန်ကျစံရိတ်အားလုံးကို တက္ကစီ ဘက်က ကျခံရမှာဖြစ်လို့ ကိုယ့်ဘက်ကတော့ ငွေရေးကြေးရေး တစ်ပြားမှ မစိုက်ရပေမယ့် ကိုယ့်ပရောဂကြောင့် ဒုက္ခရောက်သွားရတဲ့ တက္ကစီ ဒရိုင်ဘာကြီးအတွက် စိတ်မကောင်းဖြစ်ရတာ ပိုပါတယ်။

နောက်တစ်ပတ်နေတော့ ကားပြန်ရပြီး အဲဒီနေ့ရုံးက ဘောနပ်စ်ကလေးကလဲ ရလာတော့ ဟိုတက်စီအဖိုးကြီးကို ပိုက်ပိုက် ၅၀၀ လောက်သွားပေးရအောင်လေဆိုတော့ ကိုယ့်အိမ်ကလူက ပြီးတာပြီးပါစေတော့၊ သူလဲမစိုက်ရပါဘူး။ Insurance ကပဲယူတာ ဆိုတော့ လက်လျှော့လိုက်ရတယ်။ ခုထိတော့ ကားတိုက်တုံးက အဲဒီ တရုတ်ဦးလေးကြီး မျက်နှာကို မြင်ယောင်တုံး။ သနားတုံးရှိသေး။

Wednesday, November 4, 2009

Ginger Chicken

ဒီနေ့တော့ မဆွိတီ ဂျင်းကြက်သားကြော် (Ginger Chicken ) ဘယ်လိုကြော်ရလဲ ပြောပြမယ်နော် ... ကုန်းဘောင်ကြီးကြော်နဲ့ နဲနဲတော့ဆင်ပါတယ် ... သူကဂျင်းလေးတွေ ပိုများပြီး ပိုမွှေးပါတယ် ... ၀က်သားနဲ့ ကြော်ရင်လည်း ရပါတယ် ...

ပြင်ထားရမဲ့ပစ္စည်းတွေက

၁။ ကြက်သားရင်ပုံ တစ်ခုကို လက်မတစ်ဆစ်လောက် အတုံးလေးတွေ တုံးပြီး ပဲငံပြာရည် အကြည်ရည် ဆား သကြား အချိုမှုန့် သင့်သလိုနယ် ပြီးရင်နာရီဝက်လောက်နှပ်ထား၊
၂။ ငရုပ်သီးခြောက် ၁၀တောင့်လောက်ကို အညှာချွှေထား၊
၃။ ဂျင်းလက်မအရွယ်၅ခုလောက်ကို ပါးပါးရိတ်ရိတ်လေးတွေလှီးထား
၎။ Sweet Bean လို့ခေါ်တဲ့ ပဲသီး ၁၀တောင့် ၁၅တောင့်လောက်ကို ဟိုဘက်ဒီဘက် အညှာချွေထား၊ (ရွှေပဲသီးအပြားလေးတွေဆိုလဲရပါတယ်)
၅။ မုံလာဥနီ တစ်ပိုင်းလောက်ကို ပါးပါးလေးတွေလှီးထား (လှချင်ရင်တော့ ပန်းပွင့်ပုံလေးတွေလှီးပေါ့)
၆။ ကြက်သွန်နီ ဥကြီးကြီး၂လုံးလောက်ကို ရှစ်စိတ်စီစိတ်ပြီး အဖတ်ကလေးတွေခွါထား၊
၇။ Spicy black bean sauce တစ်ဇွန်း မောက်မောက် (စလုံးမှာတော့ ဘယ် NTUC ဆိုင်မှာမဆို ၀ယ်လို.ရပါတယ် KUM KEE တံဆိတ်ပါ ပုံမှာကြည့်ပါ)
၈။ သကြား စားပွဲဇွန်း တစ်ဇွန်း၊
၉။ ပဲငံပြာရည် အကြည်ရည်တစ်ဇွန်းလျော့လျော့ (Tiger တံဆိတ် အနီရောင်ကိုသုံးပါတယ်၊ အစိမ်းရောင်က အနီလောက်မကောင်းပါ)
၁၀။ ပဲငံပြာရည် အနောက်ရည် (အရောင်လေး လှအောင် နဲနဲထည့်ပါ)
၁၁။ ကြက်သွန်မြိတ်၃-၄ပင်လောက်ကို ခပ်ရှည်ရှည်လေး လှီးထား၊
၁၂။ ဆီ စားပွဲဇွန်း ၄ဇွန်း






အပေါ်ကပစ္စည်းတွေ အားလုံး ပြင်ပြီးပြီဆို ပထမ ဒယ်အိုးကြီးကြီးထဲမှာ ဆီထည့်ပြီး မီးပြင်းပြင်းနဲ့ထားပါ ... ဆီကျက်ရင် ငရုပ်သီးခြောက်လေးတွေကို ညိုပြီး ကျွတ်လာတဲအထိ ကြော်ပြီး ဆယ်ထားပါ ...

ပြီးရင် အဲဒီဆီထဲမှာပဲ ဂျင်းပါးပါး လှီးထားတာထဲက တစ်ဝက်လောက်ထည့်ပြီး မွှေပေးပါ ... ဂျင်းညှိုးပြီး မွှေးနံ.ထွက်လာရင် ကြက်သားတုံးလေးတွေထည့်ပြီး ဆက်မွှေပါ ... ဂျင်းနံ့လေးတွေကြက်သားထဲကူးသွားအောင်ပါ ...

၂မိနစ်လောက်ကြာလို. ကြက်သားတုံးလေးတွေ အပေါ်ရံတင်းပြီးမာလာရင် နံပတ်၃ကနေ နံပတ် ၁၀ထိ အစဉ်အတိုင်း တစ်ခုစီ ရောထည့်ပြီး ဖွဖွလေးမွှေပေးပါ ... ပဲသီးလေးတွေကျက်ပြီဆို အားလုံးလဲကျက်လောက်ပါပြီ ... ကြက်သွန်မြိတ်လေးထည့် အပေါ့အငံ မြည်း လိုရင်ထပ်ထည့်ပြီး ချလို့ရပါပြီ ...
(ပဲသီးလေးတွေ စိမ်းနေတုံးချပါ ... ပဲသီးအရောင် ၀ါသွားရင် စားလို့လဲမကောင်း ကြည့်လို့လည်း မလှပါ) ... အော် ...မေ့လို့ စားခါနီး ငရုပ်သီးတောင့်ကြော်လေးလဲ ရောထည့်လိုက်ပါအုံး ...





အနှစ်နဲ. ကြိုက်တတ်ရင် ကျက်ခါနီး ကော်ရည်လေးသင့်သလိုထည့်ပြီး မှ ပျစ်ပျစ်လေး ချပါ ... သကြားနဲ့ ပဲငံပြာရည်လေး ပိုထည့်ပေါ့ ... မဆွိတီကတော့ ကော်ရည်မပါတာ ပိုကြိုက်ပါတယ် ...အခုချက်တာလည်း ကော်ရည်မထည့်ပါ ...


ကဲ ... စားလို.ရပါပြီရှင် ဂျင်းနံ့သင်းသင်းလေးနဲ.ပါ ... ထမင်းဖြူလေးနဲ. လိုက်ပါတယ် ...ပြီးတော့ထုံးစံအတိုင်း ရေနွေးကြမ်းလေးနဲ လွှေးပေါ့ကွယ် ...

Monday, November 2, 2009

ကမ္ဘာပျက်ရန် တစ်လအလို ...

သူငယ်ချင်း မသက်ဝေနဲ့ ဖိုရမ်မှာကတည်းက ခင်ခဲ့တဲ့ မောင်လေး တင်မင်းထက် (ကိုကိုထက်) မှ တက်ဂ် လာလို့ ရေးပါတယ်ရှင်။

ကမ္ဘာပျက်တော့မတဲ့။ ဒါကို စ ကြားခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ... ဖိုရမ်ထဲမှာ။ ဒီအကြောင်း တစ်ယောက်ပြီး တစ်ယောက် ပို့စ်တွေ တင်လာခဲ့တယ်။ တချို့ကလဲ သွေးရူးသွေးတန်းနဲ့။ တကယ်ပျက်မှာလား။ ဒါဆိုကမ္ဘာက သိပ္ပံပညာရှင်တွေ၊ ကမ္ဘာခေါင်းဆောင်တွေ ဘာလို့ ငြိမ်နေကြသလဲ။ ဘာမှ မလုပ်ကြတော့ဘူးလား ... ဆို ... ရေးလာတော့ ကိုယ်လဲ လန့်ဖြတ်ပြီး အင်တာနက်ထဲ လျောက်မွှေ။ လျောက်ဖတ်ပေါ့။ အင်တာနက်ထဲမှာ၂၀၁၂, end of the world လို့ ရိုက်ရှာလိုက်ရင် အဲဒီသတင်းနဲ့ ပတ်သတ်လို့ မဖတ်ချင်မှအဆုံး။

မဖတ်ချင်မှ အဆုံးဆိုပေမဲ့လည်း ပုထုစင်ပီပီ ကြောက်စိတ်ကလေးက ရှိလေတော့ တကယ်လား။ ဘယ်လိုပုံနဲ့ ပျက်မှာလဲဆို မဖတ်တတ်ဖတ်တတ် ယင်းဂလိပ်စာလေးနဲ့ ကြိုးစားပြီင်္း ဖတ်လိုက်တော့ အကျိုးအကြောင်း အတန်အသင့်တော့ သိလိုက်ရသပေါ့။ ဖိုရမ်ထဲမလဲ တော့ပစ်ကြီးတစ်ခုဖွင့်ပြီး ကိုယ့်ထက်နားလည်သူတွေ စိတ်ဝင်စားသူတွေက ဗမာလို သေချာ ရှင်းပြထားတာလဲ ဖတ်ခဲ့ဘူးပါတယ်။

နောက်တော့လဲ ကမ္ဘာပျက်တာ၊ ကိုယ်တစ်ယောက်တည်းလဲမဟုတ် ... လူတိုင်း သေကြေ ပျက်စီးကြမဲ့ ကိစ္စ ပျက်ကာမှ ပျက်ရောဆို (မယုံတာလဲ ပါပါတယ်) မေ့မေ့ပျောက်ပျောက်နေလာလိုက်တာ ခုတော့ ဘလော့ဂ်တွေမှာပါ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူ့အမြင် ကိုယ့်အမြင်လေးတွေ ရေးထားတာ ဖတ်ရတော့ အတော်လဲ ဗဟုသုတရ အတွေးအမြင်လေးတွေလဲ ဖလှယ်ခွင့် ရခဲ့ပါတယ်။ တကယ် ကမ္ဘာမပျက်ခဲ့ရင်တောင်မှ လူသားအချင်းချင်း အပြုသဘောဆောင် အတွေးအမြင်လေးတွေ ဖတ်ရတာ အကျိုးရှိလှပါတယ်။

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ...

ပထမတော့ စဉ်းစားမိတာ ... ကိုယ်ချစ်ခင်တဲ့ သူတွေနဲ့အတူ ရှိချင်တယ်။ သေချာပြန်တွေးတော့ ကိုယ်ချစ်ခင်သူတွေ ကိုယ့်ရှေ့တင် ဝေနာတွေ ခံစားနေရတာမျိုးဆိုရင်တော့ မမြင်ချင်ဘူးကွယ်။ အထူးသဖြင့် သမီးလေး။ မိုးခြိမ်းရင်တောင် မေမေဆို အော်ဟစ်ပြီးရင်ခွင်ထဲ ပြေးဝင်လာတတ်တဲ့ သမီးလေး။ ဝေဒနာတွေ ခံစားရမယ်ဆိုရင်တော့ အမေကြည့်ရက်မယ်မထင်ဘူး။

(၂) ဘာတွေ ခံစားနေရမလဲ...

ကြောက်ရွံ့ပြီး သွေးရူးသွေးတန်းများ ဖြစ်နေမလားပဲ။ တိုက်တန်းနစ် ရုပ်ရှင်ထဲက သင်္ဘောမြုတ်ခါနီး အသက်ကယ်ဘုတ်ပေါ်
တိုးဝှေ့နေတဲ့ လူအုပ်ကြီးကို မြင်ယောင်မိတယ်။ သွေးပူတတ်တယ် ပြာလောင်ခတ်တတ်တဲ့ ကိုယ်ဟာ တစ်ခါတရံလဲ အရေးတကြီး အချိန်တွေမှာ သွေးအေးနေတတ်ပြန်တော့ ဒီတစ်ခါရော သွေးအေးအေးနိုင်ပါ့မလားလို့ သံတယရှိမိရဲ့။ (မထင် ... ဟင် ... ဟင် ...)

(၃) ဘာတွေ ပြင်ဆင်ထားမလဲ…

သေတတ်၊ နေတတ်အောင် ဘ၀ကူးကောင်းအောင် ၀ိပတ်ဿနာ ကမ္မဋ္ဌာန်း၊ ဘာဝနာတရားကို စတင်လေ့ကျင့် ပွါးများသင့်ပြီ။ ဒါပေမဲ့ တစ်လတည်းရှိတော့တာဆိုတော့ အချိန်မှ မီပါဦးမလား။

(၄) ၀မ်းနည်းမိမှာက…

မိမိနဲ့အတူ မိသားစုဆွေမျိုး ချစ်ခင်သူတွေ အပါအ၀င် ကမ္ဘာ့လူသားမျိုးနွယ်တစ်ရပ်လုံး ပျောက်သုံးတော့မှာ။ ချစ်ခင်သူတွေအားလုံးနဲ့ သေကွဲကွဲရတော့မှာ။

(၅) ကြောက်လန့်မိတာက...

ဘယ်လိုပုံစံ ဘယ်လိုနာကျင်မှုတွေ ၊ ဘယ်လိုပူလောင်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့သေရမလဲ။ အဲလိုတော့ မသေချင်တာ အမှန်။


(၆) ဆောင်ထားချင်တာ...

ကမ္ဘာပျက်ပြီဆိုတဲ့ နောက်တော့ ဆောင်ထားလဲ အသုံးကျမယ်မထင်။ (ဒါပေမဲ့ စလုံးမှာနေတာကြာတော့ လူက kiasu အကျင့်က ပါနေပြီဆိုတော့ ကမ္ဘာကြီးတကယ်မပျက်ပဲ ထိခိုက်မိရုံလေးဆို လိုရမယ်ရ သုံးရအောင် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ရိက္ခာ အခြောက်တွေများ ဆောင်မိလေမလားပဲ။ ဒေါ်သက်ဝေတို့ အဲဒီကျမှ သူများဆီက လာမချေးကြနဲ့နော် ... ဒါပဲး)

(၇) ဘာတွေ ရေးမိမလဲ…

စိတ်ထဲမှာ ကြောက်ရွံ့မှုနဲ့ ပြာလောင်ခတ်နေလောက်ပြီ ဆိုတော့ စာရေးဘို့ဆိုတာ သတိရမယ်မထင်။ (အဲဒီအချိန်ဘလော့ဝင်ရေးရင်းနဲ့ သေမယ်ဆိုတဲ့ လူတွေလဲ ရှိချင်ရှိမှာပါ။ မီးမီးကတော့ ကြောက်ကြောက်း))

(ဂ) တွေးမိတွေးရာ အတွေး…

ကမာကြီး မကြာခင် ပျက်စီးခြင်း အလုံးစုံရောက်တော့မယ်။ ခုချိန်မှာ မကောင်းမှုတွေ အတတ်နိုင်ဆုံးရှောင်၊ ကောင်းမှုတွေလုပ်၊ စိတ်ကိုဖြူအောင်ထား။ ခွင့်လွှတ်ခြင်းကို လက်ကိုင်ထား။ မိဘဆွေမျိုး သူငယ်ချင်းတွေကို ဆုတောင်းမေတ္တာပို့။


(၉) ဂုဏ်ယူချင်တာက…

အဟင့် ... သေရတော့မှာကို .... ဂုဏ်ယူစရာ ရှာမရသေးဘူး။ မရှိတာဖြစ်မယ်။


(၁၀) ရှာကြံဖြေသိမ့်မိတာက…
မသေခင် မိဘများကို တတ်နိုင်သလောက် ကျေးဇူးဆပ်နိုင်ခဲ့တယ်။ သမီးလေးနဲ့ အိမ်ထောင်ဖက်ကို အကြွင်းမဲ့ ချစ်မြတ်နိုးမှုတွေနဲ့ ချစ်ခဲ့တယ်။


(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း…
အို အသင်လောက ... လူရယ်လို့ဖြစ်လာရင် တစ်နေ့သေရမှာ မုချ။ မသေခင် အနေတတ်၊ အသေတတ်အောင် ကြိုးစားရဦးမည်ပ။ယနေ့မှ စ၍ ငါအတတ်နိုင်ဆုံး ကြိုးစားမည်။

Tuesday, October 27, 2009

အကျား တွေချည်းပဲတော့ ....


မဆွိတီတို့အမျိုး အစ်မ တစ်ယောက် ပြောပြတာလေး ဖောက်သည်ချရဦးမယ် ...
အဲဒီအစ်မ အိမ်ထောင်ကျတော့ သျှောင်နောက်ဆံထုံးပါ ယောက္ခမများအိမ်မှာ လိုက်နေပါတယ် ...သူတို့အိမ်က သားသမီးတွေထဲမှာ ပထမဆုံးအိမ်ထောင်ပါ ... ... ယောက်ခမ အမကြီးက စကားပြောရင် အားရပါးရ တုတ်ထိုးအိုးပေါက် ပြောတတ်ပေမဲ့ စိတ်ရင်းအလွန်ကောင်းသူပါတဲ့ ... အစ်မကလဲ သဘောကောင်းတော့ ယောက်ခမတွေက သမီးအရင်းနဲ့မခြား ချစ်ကြပါတယ် ...

အိမ်ထောင်သက် တစ်နှစ်ခွဲလောက်နေတော့ သားယောက်ျားလေး တစ်ယောက်ဖွားပါတယ် ... မြေးဦးဆိုတော့ အဖိုးအဖွားတွေရော အတူနေ ဦးလေး၊ အဒေါ်တွေရော ချစ်လိုက်ကြတာ ... တုန်လို့ ...
ခလေးတစ်နှစ်လောက်မှာ မမျှော်လင့်ပဲ နောက်ထပ်ကိုယ်ဝန် ရှိလာပြန်ပါတယ် ...
သားလေးရပြီးသားဆိုတော့ သမီးလေးလိုချင်တာပေါ့လေ ... အဖိုး၊ အဖွားတွေကလဲ
ဒီတစ်ခါတော့ မြေးမလေးချီချင်တယ်လို့ ချည်းပြောနေတော့တာပဲ ... အဖွားလုပ်သူကအဆိုးဆုံး ... ဒီလိုနဲ့ ၉လလွယ် ၁၀လဖွား ... မွေးလာပြန်တော့ ယောက်ျားလေး ... အော် ... ရှင်၂လောင်းရတာပေါ့ ဆိုပြီး အဖွားလုပ်သူ ဖြေရှာပါတယ် ...

အစ်မခင်မျာလဲ တော်တော်နဲ့ ခလေးမယူရဲတော့ဘူး ... အဲလိုနဲ့ နောက်ခလေး အငယ်ကောင် ၃-၄နှစ်လောက်ရလာတော့ အစ်မကစိတ်ကူးယဉ်ပါတယ် ... သမီးမိန်းကလေးမွေးရင် ... ဘယ်လို အ၀တ်အစားလေးတွေ ဆင်မယ်ပေါ့ ... မိန်းကလေးဆိုတော့ တီတီတာတာ ပိုပြောတတ်မယ် ... ပိုချစ်စရာလေးနေမယ်ဆိုပြီး စိတ်ကူးနဲ့ရူးရတာ ... ယောက္ခမတွေကလဲ မြေးမလေးတစ်ယောက်တော့ ချီချင်ပြီဟေ့ ဆိုတာနဲ့ ခလေးထပ်ယူပါတယ် ...

အဲဒါနဲ့ပဲ ခလေးမီးဖွားမဲ့နေ့ရောက်လာပါပြီ ... တောဓလေ့ထုံးစံအတိုင်း အိမ်မှာပဲ သူနာပြုဆရာမနဲ့ ခေါ်မွေးပါတယ် ... မီးဖွားဖို့ ပစည်းတွေ ပြင်ဆင်ပြီး မွေးနေရင်းကနေ ဆရာမပုံကြည့်ရတာ ဇောချွေးတွေ ပြန်နေပါတယ်။ နောက်မှ မျက်စိပျက်မျက်နှာပျက်နဲ့ ဘေးကစောင့်နေတဲ့ ယောက်ခမကြီးကို
အမ်မာလေး ... ၂ယောက်ပူးကြီးတောင်တော့ ... ကျမတစ်ယောက်တည်းမနိုင်ဘူး ဆိုပြီး ပြောပါတယ် ။ ယောက်ခမကြီးက "အမွှာတဲ့ဟေ့ ဆရာမတစ်ယောက်ထပ်ခေါ်ချေကြစမ်း " ဆိုတော့မှ မျက်မှောင်ကျုတ်ကြီးနဲ့ မီးနေခန်းနားမှာ ငုတ်တုတ်ထိုင်စောင့်နေတဲ့ မောင်အငယ်ဆုံး၊ ရုပ်အဆိုးဆုံးလေးက စက်ဘီးနဲ့ပြေးပြီး ဆရာမနောက်တစ်ယောက်ကို သွားခေါ်ရပါတော့တယ် ...

အဲလိုနဲ့ ဆရာမနှစ်ယောက်တက်ညီလက်ညီနဲ့ မွေးလိုက်ကြတာ ပထမတစ်ယောက်ထွက်လာပါတယ် ... ယောက်ကျားလေးပါရှင် ... အဖွားလုပ်သူခမျာ အဲဒီခလေးလေးကြည့်ပြီးတော့ မူးလဲမတတ်ပါပဲ ... နောက်တစ်ယောက် ထပ်ထွက်လာတော့ မိန်းကလေးများဖြစ်မလားလို့ မျှော်လင့်ချက်တွေနဲ့ ကြည့်နေတဲ့ အဖွားက ထွက်လာလာချင်း စိတ်ပျက်ပျက်နဲ့ အော်ပြောလိုက်တာက “ အောင်မလေးတော့ ... ထွက်လာလိုက်ကြတာ ... သောက်ကျားတွေချည်းပဲ ...” တဲ့ ... အဲလိုအော်ပြောသံကြားလိုက်ရတဲ့ ခလေးအမေခမျာလဲ မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ မီးတွင်းထဲမှာတင် သတိလစ်သွားလို့ သူနာပြုဆရာမတွေ သတိရလာအောင် မနဲလုပ်လိုက်ရပါသတဲ့ ...

ဇာတ်လမ်းကမပြီးသေးပါဘူး ... အဲဒီယောက္ခမတွေရဲ့ ဒုတိယသားအငယ်ကလဲ မရှေးမနှောင်းအိမ်ထောင်ပြုတာ ကလေး ၅ ယောက်သာ မွေးလားပါတယ် ... အားလုံးက ယောက်ကျားလေးတွေချည်းပါပဲ ... ယောက်ခမတွေခမျာမလဲ မြေးမိန်းခလေးပါနိုးပေါ့ ... စောင့်လိုက်ရတာ ...တစ်ယောက်မွေးတိုင်း မျှော်လင့်ချက်တွေအပြည့်နဲ့ စိတ်ကူးနဲ့ရူးရတာ ... အကျားတွေချည်းပဲ ၉ယောက်တောင် ...

နောက်ဆုံး မျက်မှောင်ကြီး အမြဲကျုတ်နေတတ်တဲ့ သား အငယ်ဆုံး ရုပ်အဆိုးဆုံးလေး အိမ်ထောင်ကျမှသာ သမီးလေးတစ်ယောက် မွေးပါတော့တယ် ... အဲဒီသမီးလေးက အကိုဝမ်းကွဲ ၉ယောက်တောင်ရှိပါသတဲ့ရှင် ... သူ့အကိုတွေကလဲ နှမလေးတစ်ယောက်တည်းဆိုတော့ နှမထိဓါးကြည့် အလွန်ချစ်ကြပါတယ် ...

ဇာတ်ပေါင်းသော် ...
အဲဒီသမီးလေးဟာ စလုံးမှာနေတဲ့ ဂျူနီယာခြိမ့် (ခေါ်) ဂျူဂျူလို့ ချစ်စနိုးခေါ်တဲ့ ကောင်မလေး ဖြစ်လာပါတယ် ...
သူနာပြုဆရာမသွားခေါ်ပေးတဲ့ မောင်အငယ်ဆုံး မျက်မှောင်ကျုတ်လေးက ကြီးလာတော့ " စင်္ကာပူမှာ ... ဘာလုပ်လိုပါလျင် ... ညာလုပ်လိုပါရင် " ဆိုပြီး စာတွေရေးရေးနေတဲ့ ၀ူးမောင်ခြိမ့် ဆိုတာဖြစ်လာပါသတဲ့ ...

ဇာတ်လိုက်အစ်မကြီးကတော့ အခု ဂျူဂျူလေးကို ထိမ်းနေတဲ့ သူ့ဂျီးတော်ကြီးပါ ....
သူ့ခမျာလဲ အခုမှသမီးမိန်းကလေး ထိမ်းရတာဆိုတော့ သမီးလေးကို သိပ်ချစ်ရှာပါသတဲ့ရှင်။

Saturday, October 24, 2009

စုံစီနဖာ အညွှန်း (၂)

အညွှန်းဆိုတော့ ကိုယ်ကြိုက်တာလေးတွေ၊ ကောင်းမယ်ထင်တာလေးတွေ ကို သူများတွေကို မျှဝေရတာပါ။ အကြိုက်ချင်းများ မတူခဲ့ရင် ခွင့်လွှတ်ကြပါကုန်။

The God Father
မနေ့ညက အိမ်မှရှိနေတဲ့ အခွေတွေထဲက God father (ပထမပိုင်း) အခွေ ကို ပြန်ကြည့်မိပါတယ်။ ငယ်ငယ်က အဖေတို့ပြောတာ ကြားဖူးနေပေမဲ့ ငယ်သေးတော့ စိတ်မ၀င်စားမိဘူး။ ကိုယ့်အိမ်ကလူနဲ့ အိမ်ထောင်ကျတော့ သူက အဲဒီကားကြိုက်တယ်ဆို DVD ၃ခွေလုံး အိမ်မှာဝယ်ထားတာ။ ကိုယ်လဲသူနဲ့ကြည့်ရင်းနဲ့ အဲဒီကားကို တော်တော်ကြိုက်သွားတယ်။ ပထမတော့ ဇာတ်ကြမ်းကားထင်တာ။ သူက ဒွန်မိုက်ကယ်ရဲ့ မိသားစုဘ၀၊ အချစ်ဇာတ်လမ်း နဲ့ အတူ မာဖီးယား ဒုစရိုက်ဂိုဏ်းတွေရဲ့ လက်ရဲဇတ်ရဲတာတွေကို ရောမွှေပြသွားတာပါ။

မာလွန်ဘရန်ဒို အသံပြာပြာကြီးနဲ့ ရုပ်တည်ကြီးလုပ်ပြီး စကားပြောတဲ့ အခန်းတွေ၊ မိသားစု ပြသနာတွေကို ညီအစ်ကိုတွေ စုပြီးဖြေရှင်းတာတွေ၊ ညီအကို အချင်းချင်းတောင်မှ တစ်ယောက်နဲ့တစ်ယောက် စရိုက်မတူတာတွေ ပြသွားတာ အပြင်မှာ တကယ်ဖြစ်နေတဲ့အလား သရုပ်တွေ အတော်ပီပါတယ်။ Don Michel အဖြစ် သရုပ်ဆောင်တဲ့ အယ်ပါစီနိုကို ချောလွန်းလို့လားမသိ ၊သရုပ်ဆောင်တာကိုလဲ တော်တော်သဘောကျမိပါတယ်။

" ကောင်မလေး ငါ့ကို ကြိုက်တယ်ခိုက်တယ် ... ဆိုပြီးတော့ " ဆိုတဲ့ ကြိုးကြာတို့ အခုဆိုနေတဲ့ သီချင်းဟာ အဲဒီ God father ဇာတ်ကားရဲ့ နာမည်ကြီး ဇာတ်ဝင်သီချင်းရဲ့အလိုက်ပါ။ The God Father ပထမပိုင်းရော၊ ဒုတိယပိုင်းရော အကောင်းဆုံး ရုပ်ရှင်ကား အော်စကာဆုတွေ ရခဲ့ပါတယ်။ ၁၉၇၂ နဲ့ ၁၉၇၄ နှစ်တွေအတွက် ရခဲ့တာပါ။ တတိယပိုင်းကတော့ ၁၉၉၀မှ ထပ်ရိုက်ခဲ့ပြီး ပထမ၂ကားလောက် အောင်မြင်မှုမရခဲ့ပါဘူး။

အမေရိကန် မြေအောက် မာဖီးယားဂိုဏ်းတွေနဲ့ သူတို့ရဲ့ ဘ၀ မိသားစုအကြောင်းတွေကို သဘာဝကျကျရိုက်ပြနိုင်တဲ့ ကမ္ဘာ့ရုပ်ရှင်လောကက နာမည်ကြီး The God Father ကို ကြည့်ဖြစ်အောင်ကြည့်ကြဖို့ ညွှန်းလိုပါတယ်။ ဆိုင်တွေမှာတော့ အခွေတွေရှိပါတယ်။ Classic ထဲမှာရှာပါ။



Rapid Share Account နဲ့ ရုပ်ရှင်များ
နိုင်ငံခြား ရုပ်ရှင် ကြိုက်တတ်သူတွေအတွက် အွန်လိုင်းကနေ ရုပ်ရှင်တွေ ဒေါင်းကြည့်ချင်ရင် အကောင်းဆုံး web site လေးပါ။ ရက်ပစ်ရှဲ အကောင့်ကို ၀ယ်ထားရင် ရုပ်ရှင်ပေါင်းများစွာကို ဒေါင်းလုပ်လုပ်ပြီး ကြည့်နိုင်ပါတယ်။ TV series တွေ၊ Game တွေများစွာလဲ ဒေါင်းလို့ရပါတယ်။ ၆လစာကိုမှ စလုံး ၆၈ကျပ်လောက်ပဲ ပေးရပြီး သူငယ်ချင်း၂ယောက် ၃ယောက်လောက် ရှယ်သုံးရင် အလွန်သက်သာပါတယ်။ တစ်ရက်ကို ၅ဂစ်ဒေါင်းလို့ ရပါတယ်။ အဲဒါမပြည့်ရင် နောင်လစ်မစ်ကို ထပ်ပေါင်းထည့်ပေးတယ်။ ငွေကိုတော့ bank transfer နဲ့ သွားရင်သွား ဒါမှမဟုတ် ခရက်ဒစ်ကတ် ရှိရင် paypal နဲ့ လွှဲရင်လဲရပါတယ်။
http://www.rslinks.org
*****အထူးသတိ ။ ဒီ web site က တရားဝင် မဟုတ်တဲ့အတွက် စလုံးလို နိုင်ငံမှာတော့ အလွန်အဆင်ပြေပါတယ်။ ဒါပေမဲ့ အော်ဇီိလို၊ US လို၊ အင်ဂလန်လိုနိုင်ငံတွေမှာတော့ တရားဝင်သုံးလို့မရပါ။ သွားဝင်လိုက်ရင် အင်တာနက်ကို ဖြတ်ချတာမျိုး ကြုံဘူးပါတယ်တဲ့။




mysoju
ကိုရီးယားကားကြိုက်တဲ့ ပရိတ်သတ်များ သိပြီးသားဖြစ်နေမလား။
ကိုးရီးယားကားများ၊ ဇာတ်လမ်းတွဲများကို ကြည့်လိုတယ်ဆိုရင်တော့ အောက်က မိုင်ဆိုဂျူး ဆိုတဲ့ ရုပ်ရှင် web site လေးကို
ဝင်ကြည့်ကြပါ။ ကိုယ်လဲ ဟိုးတစ်ခေါက် မြန်မာပြည်က အလည်ပြန်လာတော့ လူပြောများတာနဲ့ ဒါရိုက်တာရင်တို့၊ အွန်စောတို့၊ ဘွန်စောတို့ကြည့်ချင်တာ ခုမှပဲ တွေ့တော့တာ။ ဂျပန်ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေနဲ့ ဟောင်ကောင် တရုတ်ကားတွေလဲ အများကြီးရှိပါတယ်။ ကိုးရီးယားဇာတ်လမ်းတွဲတွေကြည့်ဖို့ အစုံဆုံးနဲ့ အကြိုက်ဆုံး web site လေးပါ။
http://www.mysoju.com/



စွယ်တော်ရိပ် သကြန် ၂၀၀၉
ဟိုးအရင် သကြန်အချိန်က " EX-RITသင်္ကြန် ဖြေဖျော်ပွဲ " ဆိုပြီး ညွှန်းခဲ့တာလေး သတိရကြမှာပါ။ အခွေထွက်နေတာကြာပါပြီ။ အိမ်မှာတော့ ၀ယ်ထားပါတယ်။ ခု myanmarpioneer ဆိုတဲ့ web site မှာ တင်ထားပါတယ်။ သွားကြည့်ကြပါဦးနော်။ "ခွေးတို့ရွာ " ဆိုတဲ့ ရယ်ရတဲ့ ဇာတ်ထုတ်လေးကတော့ ဆင်ဆာထိလို့ ပါမလာခဲ့ဘူး။ ဒါပေမဲ့ အငြိမ့်က အရမ်းရယ်ရပါတယ်။ ခါးအောက်ပိုင်း ပျက်လုံးအချို့ပါပေမဲ့ အားလုံးခြုံပြောရင် ကြည့်သင့်တဲ့ အခွေလေးပါ။
http://myanmarpioneer.com/watch.php?v=286


မာလာဟင်း
online မှာ ခင်ခဲ့တဲ့ သူငယ်ချင်း မလေဒီမှ ready made အထုတ်လေး ပေးလာလို့ ချက်စားဖြစ်ပါတယ်။ မာလာဟင်းဆိုကြားသာကြားဖူးတာ တစ်ခါမှမစားဘူးလို့ ခုတော့ ကိုယ့်အကြိုက် အစားအသောက်တစ်ခုတိုးရတာပေါ့။
သူက တရုတ်ပြည် ဇီချွမ်က မာလာမျင့်ဆိုတဲ့ ခေါက်ဆွဲ အစပ်ကနေ မြန်မာပြည်ထဲ ရောက်လာပြီး မာလာဟင်းဆို နာမည်ကြီးလာတာထင်ပါရဲ့။
အသီးအရွက်တွေ အများကြီးနဲ့ ခေါက်ဆွဲ အမျိုးပေါင်းစုံပါပြီး မြန်မာပါးစပ်နဲ့အကိုက်ခပ်စပ်စပ်ဆိုတော့ လေးဆိုတော့ ကြိုက်ကြတာ မဆန်းပါဘူး။ (ချက်နည်း ကိုနောက်မှ အရှည်ရေးပါတော့မယ် )


Wedding Dance
youtube မှာ ဟိုတလောက hit ဖြစ်သွားတဲ့ ဗွီဒီယို လင့်လေးပါ။ ခုထိ လူပေါင်း သန်း၃၀နီးပါး လာကြည့်သွားကြပါပြီ။ မင်္ဂလာဆောင်မှာ သတို့သားနဲ့ သတို့သမီးအပါအ၀င် တက်ရောက်တဲ့ သူငယ်ချင်း၊ မိသားစုများပါ ပါဝင်ကပြဖြေဖျော်သွားတဲ့ ပျော်စရာ မင်္ဂလာပွဲလေးပါ။ သူတို့တွေကြည့်ပြီး အပျော်တွေ ပါ ကိုယ့်ဆီကူးစက်လို့။

Friday, October 23, 2009

ကြက်သားပလာတာ

ဟိုတလောက မဆွိတီတို့အိမ်မှာ ကြက်သားပလာတာ ချက်စားကြတယ်။ ကြက်သားပလာတာချက်ရတာ လွယ်လို့ တော်တော်များများ သိကြပါတယ်။ ဒါပေမဲ့ တစ်ချိုနိုင်ငံရပ်ခြားမှာ နေသူ တကိုယ်တည်း လူလွတ်တွေ မချက်တတ်ဘူးပြောလာလို့ မဆွိတီရဲ့ ချက်နည်းလေးကို ရှယ်လိုက်ပါတယ်။ ဗမာလို အလွယ်ပဲချက်တာမှို့ ဒိန်ချဉ်တွေ ဘာတွေတော့ မထည့်ပါဘူး။ မဆလာအစား ဇီယာမှုန့်ကို သုံးပါတယ်။ ဇီယာမှုန့်ချည်း သတ်သတ်အနံ့ကို ပိုကြိုက်လို့ပါ။ ဇီယာကို Cumin လို့ ခေါ်ပါတယ်။ အိန္ဒိယ ဆိုင်လေးတွေမှာဖြစ်ဖြစ်၊ NTUC မှာဖြစ်ဖြစ် Cumin powder ဆို ရှာဝယ်ရင်ရပါတယ်။

သုံးတဲ့ spices လေးတွေ
ဇီယာ (Cumin)

သစ်ဂျပိုးခေါကိ (cinnamon)

ကရဝေးရွက် (Indian bay leaves, Cinnamomum)


လူ ၈ယောက်စာခန့် ပြင်ဆင်ရန်
ကုလားပဲနို့ဆီတစ်ဗူးခွဲလောက်ကို ညကတည်းက ရေစိမ်ထားပါတယ်။
မနက်မိုးလင်းတော့ ကုလားပဲကို နူးအိနေအောင်ပြုတ်ပါတယ်။

ကြက်တစ်ကောင် ၀ယ်ပြီး အတုံးခပ်ကြီးကြီး ဆိုင်မှာ တုံးခိုင်းပါတယ်။ ကုလားပဲအိုးထဲချိုအောင် ကြက်ခြေထောက်ရိုးတွေလဲ ၀ယ်ခဲ့သေးတယ်။ အိမ်ရောက်တော့ ကြက်သားကို အရိုးတွေရောအသားတွေရော ရောရက် ဆား၊ဆနွင်း၊ သကြား၊ ပဲငံပြာရည် အကြည်ရည်၊ ဇီယာမှုန့်တို့နဲ့နယ်ပြီး ဆားပြားဝင်အောင် နာရီဝက်လောက် နှပ်ထားပါတယ်။

ကြက်သွန်ဖြူ ၁၀မွှာလောက်၊ ဂျင်း တစ်လက်မလောက်၊ ကြက်သွန်နီဥကြီး ၂ဥလောက်ကို ပါးပါးလှီး အားလုံးထောင်းပါတယ်။ blender နဲ့ကြိတ်လဲရပါတယ်။

သစ်ဂျပိုးခေါက်(cinnamon) ကရဝေးရွက်၊ ဇီယာမှုန့်၊ အရောင်တင်မှုန့်တို့ကို လဲ ဆီသတ်ဖို့ အဆင်သင့်ပြင်ထားပါတယ်။

ထောပတ် (Ghee) နဲ့ ဆီ လက်ဖက်ရည်ဇွန်း ၄ဇွန်းလောက်စီကိုလည်း အဆင်သင့်ပြင်ထားပါတယ်။ ထောပတ်မရှိလဲ ဆီနဲ့ချည်းလည်းချက်လို့ရပါတယ်။ စလုံးမှာတော့ NTUC မှာ ထောပတ်ဝယ်လို့ရပါတယ်။

အာလူးအလုံးကြီး ၃-၄လုံးလောက်ကိုလည်း အခွံနွှာ၊ အတုံးကြီးကြီး တုံးပြီး ဆား၊ဆနွင်းတို့နဲ့နယ်ထားပါတယ်။

ကြက်သားချက်ခြင်း
မီးအနေတော်ပေါ် ဒယ်အိုး (သို့) ဒန်အိုးတယ် ဆီထည့် ဆီကျက်ရင် အာလူးတုံးထားတာတွေ အရင်ကျက်အောင်ထည့်ကြော်လိုက်ပါ။ အာလူးက ချက်ရင် ကြာလို့ အဲလိုဆီထဲ ထည့်ကြော်လိုက်ရင် အကျက် အလွန်မြန်ပါတယ်။ အာလူးအပေါ်အရေခွံတင်းပြီး ကျက်သွားရင် အသာ ပြန်ကော်ထားပါတယ်။

ခုနက ဆီအကျန်ထဲကို ထောပတ်ထပ်ထည့် ဆီကျက်ရင် ခုနက ဂျင်း၊ကြက်သွန်ဖြူ၊ အနီထောင်းထားတာ အရင်ထည့် ၊ ကျက်ခါနီးရင် သစ်ကြမ်းပိုးခေါက်၊ ကုလားဝေးရွက်၊ ဇီယာမှုန့် တို့ကိုထည့်မွှေးလာပြီး ရွှေဝါရောင်သန်းလာရင် ငရုပ်သီး အရောင်တင်မှုန့် တစ်ဇွန်လောက်ခပ်မွှေပေး၊ ကြက်သားထည့်ပြီး မကပ်အောင်ထပ်မွှေပေးပြီး ကြက်သားကို ဆီသတ်ပါ။ ကြက်သားအတော်မွှေးပြီဆို ရေနဲနဲခပ်ပြီး အဖုံးလုံအောင်အုပ်၊ ကြက်သားနပ်ခါနီးရင် အာလူးထည့်ပြီး ကြက်သားရော အာလူးရောနပ်သည်အထိတည်ပါ။





ကုလားပဲဟင်းချက်ခြင်း
ခုနကကုလားပဲကို ကြက်သားနဲ့ရောရင် ဆီတွေ စုတ်ပြီး ဆီပျောက်လို့ ဟင်းက ကြည့်မကောင်းလို့ ရောမချက်ပါ။ ကုလားပဲကိုလည်း ခုနက ကြက်သားဆီသတ်နည်းအတိုင်း မွှေးနေအာင်ဆီသတ်၊ ဟင်းချိုအောင် ကြက်သားဟင်းထဲက ကြက်ခြေထောက်ရိုးနဲ့ အရိုးအချို့ကို ကုလားပဲအိုးထဲပြောင်းထည့်ပြီး အချိုရည်ထွက်တဲ့ အထိတည်ပါတယ်။ အရည်အပျစ်အကျဲကတော့ ကိုယ့်စိတ်ကြိုက် ချက်ပါ။

အချဉ်
အချဉ်အတွက်တော့ သခွါးသီး၊ ကြက်သွန်နီ၊ ပူတီနာရွက်၊ငရုပ်သီးစိမ်းတို့ကို ပါးပါးလှီး၊ သံပုရာရည်၊ ဆားတို့နဲ့ နယ်ပါတယ်။



ပလာတာ
ပလာတာကတော့ NTUC ကနေ Ready made အထုတ်ကြီးတစ်ထုတ်ဝယ်ပြီး Non-sticker ဒယ်အိုးနဲ့ ဆီပါလေကာထည့် မီးအေးအေးနဲ့ တစ်ချပ်ချင်းကြော်ပါတယ်။ တစ်ထုတ်ကို အခု၃၀ ပါပါတယ်။



အဲလိုစားဖို့ အဆင်သင့်ဖြစ်ပြီ ... အနီးကပ်ကြည့်ချင်ရင် ... ရဲရဲကြီးသာနှိပ်လိုက်ပါ ... ပုံတွေကို။


Wednesday, October 21, 2009

Ju Ju Dancing

ဂျူဂျူ ၄ နှစ်တုံးက ရိုက်ထားတဲ့ ဗွီဒီယို ကလစ်လေးပါရှင်။
ကင်မရာမန်း ဒေါ်ဆွိတီ
သရုပ်ဆောင် ဂျူဂျူ
နောက်ခံစကားပြော ဂျူဂျူ့ ကြီးတော်