သမီးနဲ့ ရယ်စရာအဖြစ်လေးတွေ မရေးရတာကြာလို့ သတိရတာလေး ပြောပြဦးမယ်။
မဆွိတီတို့ ပြီးခဲတဲ့ အခေါက် မြန်မာပြည်ပြန်တော့ အိမ်ကလူကြီးရဲ့ဇာတိမြို့နဲ့ ပုဂံ ဒေသကို အလည်ရောက်ခဲ့တယ်။ အိမ်ကလူကြီးရဲ့ ငယ်သူငယ်ချင်းတစ်ယောက်က (သမီးက ဦးဦးဇော်လို့ခေါ်ပါတယ်) ကားနဲ့ အသွားအပြန်လိုက်ပို့ပေးလို့ အလွန်အဆင်ပြေတဲ့ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ သွားတဲ့လမ်းကလဲ နေပြည်တော် အမြန်လမ်း ဆိုတော့ လမ်းကဖြူးနေတာပဲ။ မောင်းတာကလည်း တစ်နာရီ ကီလို၁၄၀နှုန်းလောက်ဆိုတော့ အသွားမှာတင် ငါတို့အပြန် အသက်မှပြန်ပါပါ့မလားဆို ကြောက်ကြောက်နဲ့ စီးလိုက်လာခဲ့ရတာပါ။
ဒီလိုနဲ့ကားလေးပေါ် ဦးခြိမ့်ကရှေ့မှာထိုင် မဆွိတီတို့ သားအမိက နောက်မှာထိုင်ပြီး သွားခဲ့ကြတယ်။ သမီးဂျူဂျူလေးကတော့ တစ်ခါတစ်လေလဲ အမေပေါ်လှဲအိပ်လိုက် တစ်ခါတစ်ခါ ရွာသေးသေးလေးတွေဖြတ်သွားရင် ထကြည့်လိုက်နဲ့။ ဂျီတော့ မကျရှာပါဘူး။ လမ်းက ပဲခူးရိုးမကို ဖြတ်ဖောက်ထားတာဆိုတော့ တောင်တွေပဲတွေ့နေရတယ်။ လမ်းကဖေါက်နေဆဲဆိုတော့ လမ်းလုပ်သားတွေလဲ တွေ့ရတယ်ပေါ့။ ရှားရှားပါးပါး ရွာလေးတွေဖြတ်မိရင် မဆွိတီက သမီးအပြင်မှာသိပ်မမြင်ဘူးတဲ့ တိရိစ္ဆာန်တို့ ဘာတို့ ပြရတာပေါ့။ နွားတွေတွေ့ရင် သမီးရေ cow တွေ၊ ၀က်တွေတွေ့ရင် pig တွေ အစရှိသဖြင့် ပြရတာပေါ့။သမီးကလဲ အကောင်တွေ တွေ့တိုင်း လိုက်အော် ပျော်စရာကြီးပေါ့။ ကြံကြံဖန်ဖန် စာခြောက်ရုပ်တွေ့လို့တောင် သမီးက Scare Crow ဆိုအော်နေသေးတယ်။
ဒီလိုနဲ့ခြုံကောင်းကောင်းနေရာ တစ်ခုရောက်တော့ ဦးဦးဇော်က ကျန်းမာရေးဟေ့ဆို ... အော်ပြီး ... ကဲ မဆွိလဲဆင်းချင်ဆင်းလေဆို ပြောတော့ ကိုယ်ကလဲ ကျန်းမာရေးက ကောင်းနေဆဲဆိုတော့ မဆင်းတော့ဘူး။ ဘေးကမဂျူဂျူကတော့ မှိန်းနေရာကနေ ငေါက်ကနဲ ထလိုက်ပြီး ဘေးဘီကြည့်ပြီး မေမေ ဘာလဲဟင်။ ဆိုမေးတော့ ဒေါ်လျှာရှည် မဆွိတီက ရှင်းပြတာပေါ့။
သမီးရယ် ကျန်းမာရေးဆိုတာ ဒီလို ... လူတွေကို ခရီးသွားတုံး ရှူးရှူးပေါက်ချင်ရင် ပေါက်လို့ရအောင် ကားရပ်ပေးတာကိုပြောတာ။ ရှူးရှူးမပေါက်ပဲ အောင့်ထားတာကြာရင် မကောင်းဘူးမဟုတ်လား။ ကျန်းမာရေးထိခိုက်နိုင်တယ် သမီးရဲ့ ... ရှူရှူးတွေကို ဗိုက်ထဲမှာ အကြာကြီး မထားရဘူးနော် ... သိလား ... သမီးလဲ ရှူးရှူးပေါက်ချင်ရင် မေမေ့ကိုပြောနော် ... ဆိုပြီး ရှင်းပြလိုက်ရတာ။ ပြီးတော့မှ မရွှေဂျူဂျူက မကျေမနပ်မျက်နှာနဲ့ လှပ်ထားတဲ့စောင်ပြန်ခြုံပြီး ပြန်လှဲအိပ်ရင်း နောက်ဆုံးဘာပြောသွားတယ်ထင်တုံး ...
"I thought ကြက်မကြီး " တဲ့ ...
ရယ်လိုက်ရတာ။
သူက ကျန်းမာရေးလို့ ဦးဦးဇော်က အော်လိုက်တာကို ကြက်မကြီး လမ်းမှာတွေ့လို့ အော်တယ်ထင်လို့ ကြည့်ဘို့ ငေါက်ကနဲ ထထိုင်တာကိုး ...
မြန်မာကျူးပစ်တွင် ဖော်ပြပြီး။
သံဝေဂ ...
2 minutes ago
















