Sunday, November 15, 2009

ဂျူဂျူ နဲ့ ကျောင်း Orientation

မနေ့က မဂျူဂျူ နောက်နှစ်မှာ စတက်မဲ့ မူလတန်းကျောင်းမှာ orientation ရှိလို့ သွားကြတယ်။ အချိန်က သူ့ရေကူးသင်တန်းနဲ့ တိုက်နေလို့ ရေကူးသင်တန်းတော့ ဖျက်လိုက်ရတာပေါ့။ ဒါတောင် ဂျူဂျူ ရေကူးသင်တန်းကိုပဲ သွားချင်တယ်ချည်း လုပ်နေလို့ သမီးရေ ကျောင်းက ပိုအရေးကြီးတယ်လို့ ပြောရတယ်။ သူကရေကူးသင်တန်းမှာ ပျော်မှာပေါ့။ သင်တန်းပြီးတာနဲ့ ရေလွှာလျှောစီးတို့၊ လှိုင်းစီးတာတို့က တစ်နာရီလောက် ဆော့သေးသကိုး။

မနက်၈နာရီလောက် မဂျူဂျူကိုနှိုး၊ ရေမိုးချိုး၊ ညကတည်းက ပြင်ထားတဲ့ ကျောပိုးအိပ် ပင့်ကာလာ ၀မ်းဆက်နဲ့ ကျောင်းကို ချီတက်ကြပါရော။ လမ်းမှာလဲ ကျောပိုးအိပ်ကိုယ်စီနဲ့ ခလေးတွေ၊ ကလေးမိဘတွေ သုတ်သုတ် ၊ သုတ်သုတ်နဲ့ သွားနေကြတာ မြင်နေရတယ်။ အင်မတန် စိတ်စောတတ် စိတ်လောတတ်တဲ့ ဒေါ်ဆွိတီကိုတောင် သူတို့က ကျော်တက်လို့။ မြန်လည်းမြန်တဲ့ စလုံးလူမျိုးတွေပဲလို့ တွေးမိတော့တယ်။

ကျောင်းရောက်တော့ ကျောင်းပေါက်ဝတင် တန်းကြီးက အရှည်ကြီး။ မိဘတွေရော ခလေးတွေရော ကိုယ်အပူချိန်တိုင်းပြီးမှ အထဲဝင်ရတယ်။ အထဲရောက်တော့ ဗော်လံတီယာ ဆရာ၊ဆရာမတွေက ခလေးက ဘယ် group ကလဲ မေးပြီး ခလေးက သက်ဆိုင်ရာ group မှာ တန်းစီပြီးထိုင်ခိုင်းတယ်။ primary စတက်မဲ့ခလေး ၂၀၀-၂၅၀လောက်တော့ ရှိမယ် ခန့်မှန်းရတယ်။

နောက်တော့ မိဘတွေ အပေါ်က hall ခန်းထဲသွား ဆိုတော့ ခလေးတွေ ထားခဲ့ပြီး အပေါ်ရောက်သွားတယ်။ မိဘတွေလဲ သက်ဆိုင်ရာ group မှာထိုင်ကြရတယ်။ ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမတွေ၊ မော်ကွန်းထိမ်းတွေက ကျောင်းအကြောင်း၊ ဆရာ ဆရာမတွေအကြောင်း၊ Kindergarten ကနေ primary 1 အပြောင်းအလဲမှာ ခလေးတွေကို ဂရုစိုက်ဖို့ အလွန်အရေးကြီးကြောင်း အစရှိသဖြင့် တစ်နာရီစာလောက် ဟောပြောသွားပါတယ်။ စလိုက်ရှိုးနဲ့ တကယ့်မှ ပေါ့ပေါ့ပါးပါးလေးပါပဲ။ ဆရာမတွေကလဲ ပုဝါ၂စ အသာချစရာ၊ ဆံထုံးတွေထုံးစရာမလို၊ မိတ်ကပ်တွေလဲမပါပဲ ဆံပင်အတွန့်တွေသာ ဖားယားချပြီး ရိုးရိုးလမ်းမှာတွေ့နေကျ ပုံစံဝတ်ဆင်မှုမျိုးနဲ့ ဆိုတော့လေ ... စိတ်ထဲ ထူးဆန်းတောင်နေသေး။

ပြီးတော့ မိဘတွေကို group လိုက်ခေါ်ပြီး ခလေး ကျောင်းအပ်တာနဲ့ ပတ်သတ်တဲ့ ဖောင်တွေကို စာသင်ခန်းလို အခန်းထဲမှာ ဖြည့်ရပါတယ်။ ကျောင်းလခက PR တွေအတွက် ၃ကျပ်ခွဲပဲ ကျပါတယ်။ မျက်စိစစ်တာ၊ သွားစစ်တာတွေကိုလည်း ကျောင်းကနေ တာဝန်ယူပြီး စစ်ပေးတာ လက်ခံပါမယ်ဆိုတဲ့ အကြောင်း ဖောင်တွေ ဖြည့်ရပါတယ်။ ကျောင်းလခပေးဘို Gio ဖောင်လဲ တစ်ခါထဲ ဖြည့်ခဲ့ရပါတယ်။ Primary 1 အတွက် ၀ယ်ရမဲ့ စာအုပ်စာရင်းကိုလည်း ခုနကဖောင်တွေနဲ့တွဲပြီး တစ်ခါတည်း ပေးလိုက်ပါတယ်။

ဖောင်ကိစတွေပြီးတော့ ခလေးကို hall ခန်းထဲ သွားပြန်ခေါ်ရပါတယ်။ သူတို့ကိုလဲ ကျောင်းပတ်ဝန်းကျင်၊ ကျောင်းနဲ့ ပတ်သတ်လို့ သိသင့်တာတွေကို ဆရာမတွေက ရှင်းပြပြီးပါပြီ။ ခဏနေတော့ အောက်ဆင်း book shop မှာ စာအုပ်ဝယ်မယ်လုပ်တော့ တန်းကြီးက ထုံးစံအတိုင်း အရှည်ကြီး။ ဟာ ဟိုဘက်မှာလဲ တတန်းစီထားတာ ဒီဘက်ထက်တောင် ရှည်သေးတယ်ဆိုပြီး ကြည့်လိုက်တော့ ကျောင်း Uniform အတွက်တဲ့။ ဒါနဲ့ သမီးကြီးတော်ကို Uniform ဘက်မှာစီ။ ကိုယ်က စာအုပ်ဘက်မှာစီ စာအုပ်တွေ အရင်ဝယ်ပေါ့။ စာအုပ်က စာရင်းထဲက ကိုယ်မယူမဲ့ မလေးဘာသာနဲ့ တမီးလ်ဘာသာကို ကြက်ခြေခတ်လေး ခတ်လိုက်ပြီး စာရွက်ကို စာအုပ်ရောင်းသူထံ ပေးလိုက်ရုံပါပဲ။ သူက ကယ်ကူလိတ်တာလေးနှိပ်ပြီး ၁၆၀နဲ့ ၃၅ပြား ကျတယ်ဆို အဲဒီစာရွက်လေးပေါ်ရေးပေးပြီး ငွေရှင်းရပါတယ်။ မြန်အောင် net တို့ credit card တို့ လက်မခံပဲ ငွေသား (cash) ပဲ လက်ခံပါတယ်။ တန်းစီတော့သာ ကြာတာ ၀ယ်တော့ မြန်မှမြန်၊ စကန့်၃၀လောက်ပဲကြာပါတယ်။ သူတို့ လုပ်ကိုင်တာ အလွန်ကို မြန်လှပါတယ်။

စာအုပ်ဆို ကြည့်လိုက်တော့ စာအုပ်က ပုံးလိုက်ကို လာတာပါဗျား။ အားလုံးအစုံလိုက် ၀မ်းဆက်ဆိုတော့ ပုံးက အတော်ကို လေးပါတယ်။ ပရိုင်မာရီ ၀မ်း ကျောင်းသူတော့ ဘယ်လိုနေမယ်မသိ။ ကျောင်းသူရဲ့ အမေနဲ့ ကြီးတော်ကတော့ အဲ့ပုံးကြီးကို မ ရတာ မသက်သာလှပါတကား။


နောက် ကျောင်းယူနီဖောင်းတန်းစီတဲ့ဘက်ရောက်၊ ဗော်လံတီယာတွေက တန်းစီနေတုံး ကိုယ်တိုင်းတိုင်း၊ ဘယ်နှစ်စုံစီယူမှာလဲမှတ်ပြီး စာရွက်လေးတစ်ရွက် ပေးထားတယ်။ ကိုယ့်အလှည့်ရောက်တော့ စာ၇ွက်ကလေးပေးလိုက်ရုံပဲ။ နောက်တော့ ယူနီဖောင်းထုတ်ပေးပြီး အားကစားအတွက် ၂စုံနဲ့၊ ကျောင်းဝတ်စုံ ၂စုံစီအတွက် ကုန်ကျငွေ စလုံး ၆၃ကျပ်ပေးရပါတယ်။ သမီးနဲ့တော်မတော် ၀တ်ကြည့်ပြီး အားကစားဘောင်းဘီက သေးနေလို့ ပြန်လဲရသေးတယ်။ ဆိုဒ်တစ်ဆိုဒ်ကြီးတာကို ငွေ၂ကျပ်ထပ်ပေးရပါတယ်။

ဒါနဲ့သားအမိတွေ ပြန်လာ စာအုပ်ပုံးကြီး မနိုင်လို့ လမ်းတ၀က်တင် သူတို့တူဝရီးကို လမ်းမှာစောင့်ခိုင်းပြီး စီးတော်ကားကို ပြေးခေါ်လိုက်ရသေးတယ်။ ကျောင်းနဲ့က ၁၅မိနစ်လောက်လျောက်ရတာကိုး။ အိမ်ရောက်တော့ အေးဆေးနား၊ မဂျူဂျူကို မေးရပါသေးတယ်။ သမီးတို့ကိုရော ဆရာမတွေက ဘယ်နေရာတွေ လိုက်ပြသလဲ၊ ဘာတွေ သင်လိုက်လဲ ဆိုတော့ ဂျူဂျူတို့ တက်ရမဲ့ class ကိုပြတယ်။ မုန့်စားတန်းပြတယ်။ book shop ပြတယ်။ အတန်းထဲမှာ ဘာတွေ ရေးရလဲဆိုတော့ ဆရာမက assignment စာအုပ်လေးပေးတယ်တဲ့။ ကဲ အမေ့ကို ပြပါဦးဆိုတော့ ထုတ်ပြလိုက်တာ အမေညက်လုံးပြူးသွားတယ်။ မဂျူဂျူတို့ အပေါ်ဆုံးက စာမျက်နှာမှာ သူ့အကြောင်းရေးထားတာ ဖတ်ပြီးတော့။

သူ့မှာ အကို ၁၀ယောက် နဲ့ ညီအစ်မ ၃ယောက်ရှိပါသတဲ့။ ပထမတော့ စဉ်းစားလို့မရဘူး။ ဒီဂဏန်းတွေ သူဘယ်ကရသလဲပေါ့။ ငါလဲ ဒါတွေ မမွေးရပါလားပေါ့။ မဂျူဂျူတို့ ရုပ်တည်ကြီးနဲ့ ရေးချလာတာ။ နောက်မှ မအေလုပ်သူက သဘောပေါက်တော်မူတယ်။ အကို ၁၀ယောက်ဆိုတာက ဟိုက အကိုဝမ်းကွဲ ၉ယောက်ရယ်၊ အိမ်မှာအိမ်ငှါးနေတဲ့ တစ်ယောက်ရယ် (အသက်ကတော့ သိပ်မကြီးသေးပါဘူး ... ၃၅လောက်) သူမွေးကထဲက အိမ်မှာနေလို့ အကိုလို ခင်နေတာ၊ ဟိုတစ်လောကရေးဘူးတဲ့ ဘူးညွန့် ကြော်ချက်ဇာတ်လမ်းထဲက ဇာတ်လိုက်လေ။ သူ့ပါထည့်တွက်ပြီး ၁၀ယောက်ဖြစ်သွားတာ။ ညီအစ်မ၃ယောက်ဆိုတာကလဲ မဆွိတီရဲ့ အကိုတွေက မွေးတဲ့ ၀မ်းကွဲ ညီအစ်မ ၃ယောက်ပါဗျား။ သူရေးတာဖတ်ပြီးပြီးချင်း ကိုယ်က ကြားထဲက ၀မ်းရေတွေ စပ်ချက်တော့။

Wednesday, November 11, 2009

သင်းမက်


" ဒီအိမ်က သင်းမက် နံ့ ရတယ်ဟေ့ "

" ဒီနားကဖြတ်သွားတိုင်း သင်းမက် နံ့ ကို သင်းနေတာပဲ ... "

မဆွိတီတို့ ငယ်ငယ်က အိမ်နားက ဖြတ်သွားဖြတ်လာကြတဲ့ အိမ်နီးနားချင်းတွေက စ သလိုလို နောက်သလိုလိုနဲ့ ပြောသွားလေ့ရှိတဲ့ စကားသံလေးပါ။

သင်းမက် ဆိုတာဘာလဲ ...

သင်းမက်ဆိုတာ အင်္ဂလိပ် အမည်တစ်ခု။ အနံ့အင်မတန်ပျင်းတဲ့ အင်ဒရင်းလို ပိုးသတ်ဆေးတစ်မျိုးဆိုရင် စာဖတ်ပရိတ်သတ်တွေ အတွက်ထူးဆန်းနေတော့မှာ။

ဟုတ်ပါတယ်။ မဆွိတီတို့ငယ်ငယ်က အဖေရော အမေရော ၀န်ထမ်းဆိုတော့ သားသမီး ၅ယောက်ကို ကျောင်းထားနိုင်ဘို့ ဆိုတာ လစာတစ်ခုတည်းကို အားကိုးနေလို့ မရပါဘူး။ ဘေးပေါက်ဝင်ငွေရအောင် ကိုယ့်တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး မွေးမြူရေးလေးတွေ လုပ်ပြီး မိသားစုခါးလှဘို့ စီးပွားရှာရသေးတယ်။ စနေနဲ့ ဗုဒ္ဓဟူး ရူးတောင်ထမင်းမငတ် ဆိုတာ မှန်တယ်လို့ အဖွားပြောတတ်တာ သတိရတယ်။ ဗုဒ္ဓဟူးသားအဖေနဲ့ စနေသမီးအမေတို့ ဘာစီးပွားရေးလုပ်လုပ် အတူတူလုပ်တာချင်း သူများထက် အမြဲတစ်ပန်းသာနေခဲ့တယ်။ မိသားစုတွေ မခိုမကပ်ပဲ ကျိုးကျိုးစားစား တက်ညီလက်ညီလုပ်ကြတာလဲပါမယ် ထင်ရဲ့။ စံပြမိသားစုလို့ ခေါ်တာတောင် ကြားခဲ့ ရဘူးတယ်။

ဝက်တွေမွေးတုံးကလဲ အရမ်းဖြစ်တာ။ ဘယ်လောက်တောင်အကျိုးပေးသလဲဆို တစ်ခါ သား ၀က်သားလေးတွေပေါက်တော့ ၀က်မကြီး မှာရှိတဲ့ နို့တိုင်ထက် ၀က်ကလေးတစ်ကောင်ပိုနေလို့ နို့တိုက်ချိန်တိုင်း တစ်ကောင်ကို လက်ထဲမှာထိမ်းထားပြီး အလှည့်နဲ့ တိုက်ရတယ်။ နောက်မို့ ဆို တစ်ကောင်နဲ့တစ်ကောင်နို့လုရင်း ကိုက်ရင် အနာတွေဖြစ်တတ်လို့။ အဖေဆို ၀က်တွေမွေးရင်းနဲ့ ၀က်မလေးတစ်ကောင်ကို အတော်သံယျောဇဉ်ရှိတာကလား။ သူမြို့ထဲမှာ တစ်လသင်တန်းသွားတက်တော့ အဲဒီဝက်မလေးကို သင်တန်းခေါ် သွားတာ။ သူ့ဝက်မက ရင်ကျပ်လို့တဲ့ ။ ကြားဘူးကြလားတော့ မသိဘူး ။ အခုပြန်တွေးရင်တော့ ရယ်ချင်စရာကြီး ။ တစ်ခါကြည့်ရဘူးတဲ့ အင်္ဂလိပ်ကားထဲက ၀က်ကလေးပွေ့ထားတဲ့ ခရီးသည်ကိုမြင်ပြီး ရယ်ချင်နေတယ်။

ဝက်တွေမွေးရာကနေ နောက်ပိုင်း နှင်းဆီပန်းတွေစိုက်တာ ခေတ်စားလာပြန်တယ်။ အိမ်နားက တောတောင်အရိုင်းတွေကို ရှင်းလင်းခုတ်ထွင်ပြီး စိုက်ကြရတာ။ တစ်ခါသား ရှင်းရင်းနဲ့ အရင်လူဟောင်းတွေ စိုက်ခဲ့တဲ့ အာတာလွတ်ဥခင်းက ရလာတဲ့အာတာလွတ်ဥ ဖြူဖြူနုနုထွားထွားကြီး တွေကို ပြုတ်ပြီး ဆီဆားလေးနဲ့ တို့စားကြတာ သိပ်အရသာရှိတာပဲ။ ခုထိမမေ့ဘူးရယ်။

နှင်းဆီပန်းစိုက်တယ်ဆိုတာ ပြောတော့သာလွယ်တာ။ အတော်ပင်ပန်းတဲ့ အလုပ်ပါ။ အဖေတွေ အကိုတွေက ရေထမ်းပြီး ရေလောင်းရတယ်။ တစ်ပတ်တစ်ခါ ပိုးသတ်ဆေးဖြန်းပေးရတယ်။ ဓာတ်မြေသြဇာ၊ ကြက်ချေး၊ နွားချေး၊ အစရှိုသည် ထည့်ပေးရတယ်။ နှင်းဆီပင်တွေက အပွင့်ကလေးတွေကသာ လှတာ။ သူတို့က ကြက်ခြံတွေကရတဲ့ ကြက်ချေးဖွဲလို့ ခေါ်တဲ့ စပါးခွံတစ်ဝက် ကြက်ချေးတစ်ဝက်ရောထားတဲ့ မြေသြဇာကို သိပ်ကြိုက်တာ။ အဲဒါများထည့်ပြီးရင် အပွင့် တွေက အရောင်ကလေးတွေ တောက်ပြီး အပင်ကလည်းသန်လာတာ မြေစို့ ကြီးတွေက မျှစ်စို့ပေါက်ကြီးတွေကျလို့။

အဲဒီ ကြက်ချေးမြေသြဇာကြောင့်လားတော့ မသိဘူး။ နှင်းဆီပင်ကို အမြဲဖျက်ဆီးတဲ့ ပိုးတစ်မျိုးရှိတယ်။ ပင့်ကူနီလို့ ခေါ်တယ်။ သူက အရွက်အောက်ကို လှန်ကြည့်လိုက်ရင် အနီရောင် ကြက်သန်းလောက်အရွယ် မွှားမွှားလေးတွေ ။ မွစာကျဲလို့ ။ အဲလို နှင်းဆီပင် ပင့်ကူနီကျပြီဆို ခြံတိုင်းလိုလို အားလုံးအတူ ကျကြတာပဲ။ သူကအရွက်ကနေတဆင့် သစ်ပင်က အဟာရတွေ အကုန်စုတ်တာဆိုတော့ သစ်ပင်ကအားပြတ်ပြီး ပန်းတွေကလဲ သိပ်မပွင့်တော့ဘူး။ အရင်ကတော့ အင်ဒရင်းနဲ့ဆို တော်ရုံဟာနိုင်ပေမဲ့ အဲဒီတစ်ခါတော့ ပန်းစိုက်သမားတွေ အားလုံးငိုရတယ်။ ကမ္ဘာ့စီးပွားပျက်ကပ် စိုက်သလိုပဲ။ အဖေတို့ ပန်းစိုက်သူတွေ အတွက် စီးပွားပျက်ကပ်ပဲပေါ့။

အဲဒီမှာ အဲဒီပိုးကို နိုင်တဲ့ ဆေးတစ်မျိုးကို တစ်ယောက်ယောက်က ရှာဖွေတွေ့ရှိသွားတယ်။ အင်္ဂလိပ်စာ မတောက်တစ်ခေါက်တတ်တဲ့ မဆွိတီတို့ အမေဟာ နိုင်ငံခြားက သူ့သူငယ်ချင်းပို့တဲ့ နှင်းဆီပန်း စိုက်ပျိုးရေး စာအုပ်လေး ဖတ်ရင်း တွေ့သွားတာပါ။ အဲဒီဆေးများ ဖြန်းလိုက်ရင် ပိုးတွေသေတဲ့ အပြင် အပင်ကိုပါအားကောင်းစေပါသတဲ့။ သူက အထက်ကပြောခဲ့သလို အင်ဒရင်းထက် ပျင်းပြီး အနံ့ အတော်ဆိုးဝါးတယ်။ အဲဒီဆေး ရှိတယ်ဆို ညာလို့မရဘူး။ ခပ်လှမ်းလှမ်းကနေ အနံ့ ကရနေပြီ။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီဆေးက အဲလိုအနံ့ ပျင်းလွန်းလို့ ဆက်မထုတ်တော့ဘူး။ ရပ်လိုက်ပြီတဲ့။

ဒီမှာ စနေ၊ဗုဒ္ဓဟူးအတွဲက ဘာလုပ်လဲဆိုတော့ ရထားကြီးစီးပြီး ၀ါခင်းတွေစိုက်ရာ အမေတို့ ရွာဆီ ချီတက် ဆေးရှာပုံတော် ဖွင့်ပါတော့တယ်။
အမေတို့ ပြောပြချက်အရ ရွာမှာလဲ ဆေးကအလွယ်တကူ ရှာမရတော့ဘူးတဲ့လေ။ သူတို့တွေက အဲဒီဆေးကို နံလွန်းလို့ ဆေးပုတ်ကြီးလို့ ခေါ်ကြပါသတဲ့ ။ ဘယ်သူမှလဲ မသုံးတော့ပါတဲ့။ ဒါပေမဲ့ ကံကောင်းချင်တော့ ပြန်ခါနီး တစ်ညနေ ရွာကလှည်းကြုံစီးပြီး ဟိုဒီလျှောက်ကြရင်းနဲ့ လှည်းပေါ်မှာ ပိုးသတ်ဆေးနံ့ ခပ်ပျင်းပျင်း အနံ့ရတော့ အဖေက၀င်စပ်စုတော့ လားလား တွေ့ပါပြီ။ လှည်းရှေ့နားမှာ ပင်ပင်ပန်းပန်း လိုက်ရှာနေတဲ့ ပိုးသတ်ဆေးပုံး။ လှည်းသမားက အိမ်မှာထားတာ နံလွန်းလို့ သွားလွှင့်ပစ်တော့မလို့ဆိုပဲ။

နောက်ဆုံးတော့ အဖေတို့လဲ လှည်းဆရာကို ၀မ်းသာလွန်းလို့ မုန်ဘိုးပေးပြီး ပစ္စည်းယူပြီး ပြန်ခဲ့ပါတော့တယ်။ အဲသည်ပိုးသတ်ဆေး ကောင်းမှုနဲ့ပဲ မဆွိတီတို့ မောင်နှမတွေ အဖေအလုပ်ကထွက်ပြီး လူငှါးတွေငှါးပြီး စိုက်ပျိုးရေးကို အကြီးအကျယ်ဇောက်ချလုပ်ရင်းနဲ့ ကျောင်းပညာတွေသင်၊ အကိုတွေလဲ နိုင်ငံခြားပို့နိုင်ခဲ့တယ်။

အော် ... အခုတော့ အဖေလဲ ဘုရားတရားစလုပ်တဲ့အချိန် အသက်၄၀ ကျော်လောက်ကစလို့ ပိုးကောင်လေးတွေ သတ်ရတဲ့ စိုက်ပျိုးရေးကို စွန့်လွှတ်လိုက်တယ်။ အဖေအမြဲပြောတယ်။ သူ့ဘ၀မှာ သူအကုသိုလ်တွေ လုပ်ခဲ့တယ်။ ကြည့်စမ်း ပိုးတွေသတ်ဖို့ ဘယ်လောက်တောင် အကုသိုလ်များလိုက်လဲတဲ့။ သူအဲအချိန်က ဘုရားမှန်း၊ တရားမှန်း မသိတတ်ခဲ့လို့ နားမလည်ခဲ့ လို့ ဆို နောင်တရကြောင်း တဖွဖွပြောလေ့ ရှိတော့ မဆွိတီအဖေ့ အတွက် အတော် စိတ်မကောင်းဖြစ်ရတယ်လေ။

Sunday, November 8, 2009

စင်္ကာပူတွင် ကားတိုက်မိခြင်း

ခေါင်းစဉ်တွေ့တော့ လာဖတ်သူတွေ ပြုံးမိမလားပဲ။ ဟိုတစ်လောကပဲ စင်္ကာပူတွင် ကားမောင်းသင်လိုရင် ဘာညာနဲ့ ပို့စ်တင်ထားခဲ့တာ မကြာသေးဘူးမလား။ ခုကားတိုက်မိပြီ ဆိုတော့လေ။

လွန်ခဲ့တဲ့ ၄-၅လလောက်က ဖြစ်ခဲ့တာပါ။ လိုင်စင်ကျပြီး တစ်လလောက်ကပေါ့။ ဖြစ်ပုံက ကိုယ်အစားငမ်းလို့။ အဲနေ့က အိမ်မှာ ငါးထမင်းချဉ် လုပ်စားတယ်။ ကိုယ့်အိမ်က လူကြီး ဈေးသွားတော့ ငါးထမင်းချဉ်ထဲထည့်ဖို့ မြန်မာဆိုင်ကနေ ပဲပုပ်ဝယ်ခဲ့ပါ ပြောတာ သူက နားကြားလွဲပြီး ပဲမှုန့်တွေ ၀ယ်ချလာတယ်လေ။ ငါးထမင်းချဉ်က ပဲပုပ်ထောင်းမပါပဲနဲ့ ဘယ်ကောင်းမလဲနော့။ အဲသာနဲ့ သမီးခေါ်ပြီး သားအမိ၂ယောက်တည်း ( အဲ့အချိန်က တစ်ခါမှ သမီးနဲ့ နှစ်ယောက်တည်း မမောင်းဘူးပါ။ မောင်းတတ်ကာစမှို့ ဦးခြိမ့်က စိတ်မချလို့ပါ။ ) အဲဒီရှော့ပင်းစင်တာကို မောင်းသွားတယ်ပေါ့။ ဟိုရောက်တော့လဲ ကား parking မပတ်တတ်တာနဲ့ လမ်းဘေးတွင် ခဏထိုးရပ်ထားခဲ့ပြီး အမြန် အပေါ်တက်ဝယ်တာ။ အပြန်ကျတော့ fine ချတဲ့ slip လေးက စောင့်ကြိုနေပါရော။ ဒါနဲ့ စိတ်ညစ်ညစ်နဲ့ ပြန်အလာ အိမ်နားရောက်ခါနီးမှ မီးပွိုင့်ဘေးက slip road ကို ကွေ့လိုက်တာမှာ ဘေးကလမ်းမကြီးက ကားတစ်စီး အမြန်မောင်းတာမမြင်မိဘူး။ အနားရောက်မှ တိုက်မှာစိုးလို့ ဘရိတ်အုပ်လိုက်တာ နောက်က Taxi က၀င်ဆောင့်ပါလေရော။ အသာလေးပါပဲ ။ ဘာမှတောင် မဖြစ်လောက်ဘူး ထင်တာ။ အဲဒီနေ့က တွတ်ပီတို့ ကံမကောင်းဘူး။

ဲဒါနဲ့ ကားကို ရှေ့က ဘတ်စ်ကားမှတ်တိုင်နား အသာထိုးရပ်တော့ နောက်က Taxi ဒရိုင်ဘာက ဆင်းချလာပြီး သူမှားတာပါ ... ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောရှာတယ်။ ကိုယ့်အဖေ ကိုယ့်ဦးလေး အရွယ်လောက် တရုတ်ကြီးပါ။ နောက်သူကလဲ မှားပါတယ်ပြောလာတော့ အရမ်းကို အားနာသွားတယ်။ ကိုယ်က ဘရိတ်ဆောင့်အုပ်လိုက်တော့ ကိုယ့်အမှားလဲ ပါတာကိုး။ အနောက်က တအားကပ်မောင်းပြီး ဘရိတ် အချိန်မီ မအုပ်လိုက်နိုင်တာက သူ့အမှား။ (တရားဥပဒေကြောင်းအရ ကားတိုက်မှုတစ်ခုဖြစ်ရင် နောက်ကနေ၀င်တိုက်တဲ့ ကားဘက်က အမှားဖြစ်ပါတယ်။ အမှားဖြစ်ဖို့ chance လဲ ပိုများပါတယ်။) ဒါနဲ့ဆင်းပြီး ကားကိုကြည့်လိုက်တော့ ကားနောက်က ဘန်ပါတစ်ခုလုံးပါမလာတော့ဘူး။ တိုက်တဲ့နားမှာ ပြုတ်ကျရစ်ခဲ့ပြီ။ ကြိုးတန်းလန်းတွေနဲ့ အထဲက ဘောဒီပါ ပိန်နေတာမြင်ရတော့ အတော်ပြာသွားတယ်။ တက္ကစီလဲ ရှေ့က နဲနဲ ပိန်သွားတယ်။ ဦးခြိမ့်မောင်းတာ ၅နှစ်ကျော်ရှိပြီ ။ ဒီလို တစ်ခါမှ မဖြစ်ဘူးပဲကိုး။ ဒါနဲ့ သူ့ကိုဖုန်းခေါ်ပြီး ဓာတ်ပုံတွေရိုက် IC တွေတောင်းပြီး တက္ကစီ ဒရိုင်ဘာနဲ့ ညှိကြတာပေါ့။

နောက်တော့ ဘန်ပါကြီး ကားထဲထိုးသိပ်ထည့်ပြီး ၀ပ်ရှော့ကိုသွားကြတယ်။ Sunday ဆိုတော့ ၀ပ်ရှော့ တော်တော်များများက ပိတ်တယ်။ ၀ပ်ရှော့တစ်ခုတွေ့ပြန်တော့ ပြင်ရင် ၁၅၀၀-၂၀၀၀ လောက်ကုန်မယ်။ ဒါပေမဲ့ အထဲက ဘော်ဒီပါ ထိသွားတော့ သူတို့မလုပ်ချင်ဘူး။ Insurance ကနေ တဆင့် လုပ်ပါပေါ့။ အဲဒါမှ သေချာလုပ်ပေးမှာဆို ပြောပါတယ်။ အဲဒါနဲ့ အင်ရှူးရန့်စ် ထိမှာကြောက်ရင် အခုငွေကိုပဲ ဦးလေးဘယ်လောက် စိုက်နိုင်လဲ မေးတော့ ၅၀၀လောက်ပဲ စိုက်နိုင်ပါသတဲ့။ အဲဒီတော့ ကိုယ်က ၁၀၀၀ကျော်လောက် ထပ်စိုက်ရမှာဆို မကိုက်သေးဘူးဆို အင်ရှုးရန့်စ်ကပဲ သွားကြဘို့ သဘောတူပါတယ်။ နောက်တော့ ဒရိုင်ဘာကြီးနဲ့ လမ်းခွဲခဲ့ကြပါတယ်။

ဒါနဲ့ Insurance ကို ဖုန်းခေါ်မေးတော့ IDAC ကိုသွားဆိုတော့ ဘုမသိဘမသိနဲ့ အဲဒီကို ရောက်သွားကြတယ်။ Independent Damage Assessment Centres လို့ခေါ်ပါတယ်။ ကားတိုက်လို့ ကိုယ့်ဟာကိုယ်ညှိလို့ မပြေလည်ရင်၊ အဲဒီမှာသွား report လုပ်ရပါတယ်။ အဲဒီမှာမှ တိုက်ထားတဲ့ကားတွေမှ ပုံစံမျိုးစုံနဲ့ ပိန်လိမ်နေတာပဲ။ ကိုယ့်ထက် အခြေအနေဆိုး ရုပ်ပျက်ဆင်းပျက်တွေ ရပ်ထားတာ တွေ့မှ ကိုယ်ကမှ တော်သေးဆို တွေးမိပါသေးတယ်။

ပထမဆုံး ဖောင်လေးတစ်စောင်ဖြည့်ရပါတယ်။ မောင်းသူဘယ်သူ၊ ကားအမျိုးအစား၊ အင်ရှူးရန့်စ်ရှိသလား၊ ဘယ်အင်ရှူးရန့်ကလဲ၊ နောက်က၀င်တိုက်တဲ့ ကားနံပတ်၊ မောင်းသူ၊ ဘယ်လိုဘယ်ပုံတိုက်မိသလဲ၊ ဆိုတာ ပုံကြမ်းလေးဆွဲပြပြီး ရှင်းပြရပါတယ်။ အဲမှာရယ်စရာတစ်ခုက ဘယ်လိုဆွဲရမလဲဆိုတာ နမူနာပြထားတဲ့ ပုံလေးနဲ့ ရေးပုံကလဲ ကိုယ်တိုက်တဲ့ ပုံနဲ့တစ်ပုံစံထဲ။ Slip road က အထွက်မှာ နောက်ကား ၀င်ဆောင့်တဲ့ ပုံလေးနဲ့ဆိုတော့ ကူးရေးလိုက်ရုံပါပဲ။ နောက်မှသိရတာက စလုံးမှာ အဲလိုပုံစံမျိုး ယာဉ်တိုက်မှုက အများဆုံးပါတဲ့။

ပြီးတော့ ကားပြင်ရအောင် ကိုယ့်မှာ ကိုယ့်စိတ်ကြိုက် work shop ရှိသလား။ သူတို့ပြောတဲ့ work shop နဲ့ပြင်ချင်သလားမေးပါတယ်။ ကိုယ်မှာမရှိတော့ သူတို့ပြောတာနဲ့ပဲ ပြင်ပါ့မယ်ပေါ့။ နောက်တော့ ကိုယ့်ကားက အနာအဆာတွေ စစ်ဆေး၊ ဓာတ်ပုံတွေလဲ အများကြီးရိုက်၊ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ ခန့်မှန်းတွက်ချက်ပေးပါတယ်။ ကားကို စစ်ဆေးနေတုံး ကားတစ်စီးမောင်းဝင်လာတယ်။ ကိုယ်တို့ကားလို မော်ဒယ်တူ အရောင်ကွဲ နီညိုရောင်လေးနဲ့ ။ ဆင်းလာတဲ့သူကတော့ သူတို့ပြောတဲ့ work shop က ကားပြင်ဆရာပါ။ တိုက်မိတဲ့ကားထဲက ပစ္စည်းတွေ ဟိုဘက်ကကား နီညိုရောင်ထဲ ပြောင်းထည့်ပေးပါပြောတော့ ကိုယ်မှာ နားမလည်ဘူး။ နောက်မှ ကား work shop ပို့ထားတုံး သုံးရအောင် အစားထိုးကားပါ တစ်ခါထဲ ယူလာတာဆိုတာ နားလည်ရပါတယ်။
IDAC က လုပ်ဆောင်တာတွေကို အသေးစိတ်ကြည့်ချင်ရင် အောက်က web page လေးကို ကလစ်ကြည့်ပါနော်။
http://www.gia.org.sg/IDAC/index.html
အဲဒီမှာ Non-injury ကားတိုက်မှုဖြစ်ရင် လုပ်ဆောင်ဖို့ အဆင့်ဆင့်ကို ရှင်းပြထားပါတယ်။




အတိုချုံးရရင် အဲဒီကပဲ ကိစ္စ၀ိစ္စတွေ အကုန်လုံးကို ကြားခံလုပ်ပေးခဲ့ပါတယ်။ ကိုယ်နားမလည်တဲ့ ကိစ္စတွေကို ကြားခံ ဆောင်ရွက်ပေးလို့ အစစ ချောချောမွေ့မွေ့နဲ့ ပြီးခဲ့ပါတယ်။ ကုန်ကျစံရိတ်အားလုံးကို တက္ကစီ ဘက်က အင်ရှုးရန့်စ်က ကျခံရမှာဖြစ်လို့ ကိုယ့်ဘက်ကတော့ ငွေရေးကြေးရေး တစ်ပြားမှ မစိုက်ရပေမယ့် ကိုယ့်ပရောဂကြောင့် ဒုက္ခရောက်သွားရတဲ့ တက္ကစီ ဒရိုင်ဘာကြီးအတွက် စိတ်မကောင်းဖြစ်ရတာ ပိုပါတယ်။

နောက်တစ်ပတ်နေတော့ ကားပြန်ရပြီး အဲဒီနေ့ရုံးက ဘောနပ်စ်ကလေးကလဲ ရလာတော့ ဟိုတက္ကစီ အဖိုးကြီးကို ပိုက်ပိုက် ၅၀၀ လောက်သွားပေးရအောင်လေဆိုတော့ ကိုယ့်အိမ်ကလူက ပြီးတာပြီးပါစေတော့၊ သူလဲမစိုက်ရပါဘူး။ Insurance ကပဲယူတာ ဆိုတော့ လက်လျှော့လိုက်ရတယ်။ ခုထိတော့ ကားတိုက်တုံးက အဲဒီ တရုတ်အဖိုးကြီး မျက်နှာကို မြင်ယောင်တုံး။ သနားတုံးရှိသေး။

Thursday, November 5, 2009

Ginger Chicken

ဒီနေ့တော့ မဆွိတီ ဂျင်းကြက်သားကြော် (Ginger Chicken ) ဘယ်လိုကြော်ရလဲ ပြောပြမယ်နော် ... ကုန်းဘောင်ကြီးကြော်နဲ့ နဲနဲတော့ဆင်ပါတယ် ... သူကဂျင်းလေးတွေ ပိုများပြီး ပိုမွှေးပါတယ် ... ၀က်သားနဲ့ ကြော်ရင်လည်း ရပါတယ် ...

ပြင်ထားရမဲ့ပစ္စည်းတွေက

၁။ ကြက်သားရင်ပုံ တစ်ခုကို လက်မတစ်ဆစ်လောက် အတုံးလေးတွေ တုံးပြီး ပဲငံပြာရည် အကြည်ရည် ဆား သကြား အချိုမှုန့် သင့်သလိုနယ် ပြီးရင်နာရီဝက်လောက်နှပ်ထား၊
၂။ ငရုပ်သီးခြောက် ၁၀တောင့်လောက်ကို အညှာချွှေထား၊
၃။ ဂျင်းလက်မအရွယ်၅ခုလောက်ကို ပါးပါးရိတ်ရိတ်လေးတွေလှီးထား
၎။ Sweet Bean လို့ခေါ်တဲ့ ပဲသီး ၁၀တောင့် ၁၅တောင့်လောက်ကို ဟိုဘက်ဒီဘက် အညှာချွေထား၊ (ရွှေပဲသီးအပြားလေးတွေဆိုလဲရပါတယ်)
၅။ မုံလာဥနီ တစ်ပိုင်းလောက်ကို ပါးပါးလေးတွေလှီးထား (လှချင်ရင်တော့ ပန်းပွင့်ပုံလေးတွေလှီးပေါ့)
၆။ ကြက်သွန်နီ ဥကြီးကြီး၂လုံးလောက်ကို ရှစ်စိတ်စီစိတ်ပြီး အဖတ်ကလေးတွေခွါထား၊
၇။ Spicy black bean sauce တစ်ဇွန်း မောက်မောက် (စလုံးမှာတော့ ဘယ် NTUC ဆိုင်မှာမဆို ၀ယ်လို.ရပါတယ် KUM KEE တံဆိတ်ပါ ပုံမှာကြည့်ပါ)
၈။ သကြား စားပွဲဇွန်း တစ်ဇွန်း၊
၉။ ပဲငံပြာရည် အကြည်ရည်တစ်ဇွန်းလျော့လျော့ (Tiger တံဆိတ် အနီရောင်ကိုသုံးပါတယ်၊ အစိမ်းရောင်က အနီလောက်မကောင်းပါ)
၁၀။ ပဲငံပြာရည် အနောက်ရည် (အရောင်လေး လှအောင် နဲနဲထည့်ပါ)
၁၁။ ကြက်သွန်မြိတ်၃-၄ပင်လောက်ကို ခပ်ရှည်ရှည်လေး လှီးထား၊
၁၂။ ဆီ စားပွဲဇွန်း ၄ဇွန်း






အပေါ်ကပစ္စည်းတွေ အားလုံး ပြင်ပြီးပြီဆို ပထမ ဒယ်အိုးကြီးကြီးထဲမှာ ဆီထည့်ပြီး မီးပြင်းပြင်းနဲ့ထားပါ ... ဆီကျက်ရင် ငရုပ်သီးခြောက်လေးတွေကို ညိုပြီး ကျွတ်လာတဲအထိ ကြော်ပြီး ဆယ်ထားပါ ...

ပြီးရင် အဲဒီဆီထဲမှာပဲ ဂျင်းပါးပါး လှီးထားတာထဲက တစ်ဝက်လောက်ထည့်ပြီး မွှေပေးပါ ... ဂျင်းညှိုးပြီး မွှေးနံ.ထွက်လာရင် ကြက်သားတုံးလေးတွေထည့်ပြီး ဆက်မွှေပါ ... ဂျင်းနံ့လေးတွေကြက်သားထဲကူးသွားအောင်ပါ ...

၂မိနစ်လောက်ကြာလို. ကြက်သားတုံးလေးတွေ အပေါ်ရံတင်းပြီးမာလာရင် နံပတ်၃ကနေ နံပတ် ၁၀ထိ အစဉ်အတိုင်း တစ်ခုစီ ရောထည့်ပြီး ဖွဖွလေးမွှေပေးပါ ... ပဲသီးလေးတွေကျက်ပြီဆို အားလုံးလဲကျက်လောက်ပါပြီ ... ကြက်သွန်မြိတ်လေးထည့် အပေါ့အငံ မြည်း လိုရင်ထပ်ထည့်ပြီး ချလို့ရပါပြီ ...
(ပဲသီးလေးတွေ စိမ်းနေတုံးချပါ ... ပဲသီးအရောင် ၀ါသွားရင် စားလို့လဲမကောင်း ကြည့်လို့လည်း မလှပါ) ... အော် ...မေ့လို့ စားခါနီး ငရုပ်သီးတောင့်ကြော်လေးလဲ ရောထည့်လိုက်ပါအုံး ...





အနှစ်နဲ. ကြိုက်တတ်ရင် ကျက်ခါနီး ကော်ရည်လေးသင့်သလိုထည့်ပြီး မှ ပျစ်ပျစ်လေး ချပါ ... သကြားနဲ့ ပဲငံပြာရည်လေး ပိုထည့်ပေါ့ ... မဆွိတီကတော့ ကော်ရည်မပါတာ ပိုကြိုက်ပါတယ် ...အခုချက်တာလည်း ကော်ရည်မထည့်ပါ ...


ကဲ ... စားလို.ရပါပြီရှင် ဂျင်းနံ့သင်းသင်းလေးနဲ.ပါ ... ထမင်းဖြူလေးနဲ. လိုက်ပါတယ် ...ပြီးတော့ထုံးစံအတိုင်း ရေနွေးကြမ်းလေးနဲ လွှေးပေါ့ကွယ် ...

Monday, November 2, 2009

ကမ္ဘာပျက်ရန် တစ်လအလို ...

သူငယ်ချင်း မသက်ဝေနဲ့ ဖိုရမ်မှာကတည်းက ခင်ခဲ့တဲ့ မောင်လေး တင်မင်းထက် (ကိုကိုထက်) မှ တက်ဂ် လာလို့ ရေးပါတယ်ရှင်။

ကမ္ဘာပျက်တော့မတဲ့။ ဒါကို စ ကြားခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ... ဖိုရမ်ထဲမှာ။ ဒီအကြောင်း တစ်ယောက်ပြီး တစ်ယောက် ပို့စ်တွေ တင်လာခဲ့တယ်။ တချို့ကလဲ သွေးရူးသွေးတန်းနဲ့။ တကယ်ပျက်မှာလား။ ဒါဆိုကမ္ဘာက သိပ္ပံပညာရှင်တွေ၊ ကမ္ဘာခေါင်းဆောင်တွေ ဘာလို့ ငြိမ်နေကြသလဲ။ ဘာမှ မလုပ်ကြတော့ဘူးလား ... ဆို ... ရေးလာတော့ ကိုယ်လဲ လန့်ဖြတ်ပြီး အင်တာနက်ထဲ လျောက်မွှေ။ လျောက်ဖတ်ပေါ့။ အင်တာနက်ထဲမှာ၂၀၁၂, end of the world လို့ ရိုက်ရှာလိုက်ရင် အဲဒီသတင်းနဲ့ ပတ်သတ်လို့ မဖတ်ချင်မှအဆုံး။

မဖတ်ချင်မှ အဆုံးဆိုပေမဲ့လည်း ပုထုစင်ပီပီ ကြောက်စိတ်ကလေးက ရှိလေတော့ တကယ်လား။ ဘယ်လိုပုံနဲ့ ပျက်မှာလဲဆို မဖတ်တတ်ဖတ်တတ် ယင်းဂလိပ်စာလေးနဲ့ ကြိုးစားပြီင်္း ဖတ်လိုက်တော့ အကျိုးအကြောင်း အတန်အသင့်တော့ သိလိုက်ရသပေါ့။ ဖိုရမ်ထဲမလဲ တော့ပစ်ကြီးတစ်ခုဖွင့်ပြီး ကိုယ့်ထက်နားလည်သူတွေ စိတ်ဝင်စားသူတွေက ဗမာလို သေချာ ရှင်းပြထားတာလဲ ဖတ်ခဲ့ဘူးပါတယ်။

နောက်တော့လဲ ကမ္ဘာပျက်တာ၊ ကိုယ်တစ်ယောက်တည်းလဲမဟုတ် ... လူတိုင်း သေကြေ ပျက်စီးကြမဲ့ ကိစ္စ ပျက်ကာမှ ပျက်ရောဆို (မယုံတာလဲ ပါပါတယ်) မေ့မေ့ပျောက်ပျောက်နေလာလိုက်တာ ခုတော့ ဘလော့ဂ်တွေမှာပါ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူ့အမြင် ကိုယ့်အမြင်လေးတွေ ရေးထားတာ ဖတ်ရတော့ အတော်လဲ ဗဟုသုတရ အတွေးအမြင်လေးတွေလဲ ဖလှယ်ခွင့် ရခဲ့ပါတယ်။ တကယ် ကမ္ဘာမပျက်ခဲ့ရင်တောင်မှ လူသားအချင်းချင်း အပြုသဘောဆောင် အတွေးအမြင်လေးတွေ ဖတ်ရတာ အကျိုးရှိလှပါတယ်။

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ...

ပထမတော့ စဉ်းစားမိတာ ... ကိုယ်ချစ်ခင်တဲ့ သူတွေနဲ့အတူ ရှိချင်တယ်။ သေချာပြန်တွေးတော့ ကိုယ်ချစ်ခင်သူတွေ ကိုယ့်ရှေ့တင် ဝေနာတွေ ခံစားနေရတာမျိုးဆိုရင်တော့ မမြင်ချင်ဘူးကွယ်။ အထူးသဖြင့် သမီးလေး။ မိုးခြိမ်းရင်တောင် မေမေဆို အော်ဟစ်ပြီးရင်ခွင်ထဲ ပြေးဝင်လာတတ်တဲ့ သမီးလေး။ ဝေဒနာတွေ ခံစားရမယ်ဆိုရင်တော့ အမေကြည့်ရက်မယ်မထင်ဘူး။

(၂) ဘာတွေ ခံစားနေရမလဲ...

ကြောက်ရွံ့ပြီး သွေးရူးသွေးတန်းများ ဖြစ်နေမလားပဲ။ တိုက်တန်းနစ် ရုပ်ရှင်ထဲက သင်္ဘောမြုတ်ခါနီး အသက်ကယ်ဘုတ်ပေါ်
တိုးဝှေ့နေတဲ့ လူအုပ်ကြီးကို မြင်ယောင်မိတယ်။ သွေးပူတတ်တယ် ပြာလောင်ခတ်တတ်တဲ့ ကိုယ်ဟာ တစ်ခါတရံလဲ အရေးတကြီး အချိန်တွေမှာ သွေးအေးနေတတ်ပြန်တော့ ဒီတစ်ခါရော သွေးအေးအေးနိုင်ပါ့မလားလို့ သံတယရှိမိရဲ့။ (မထင် ... ဟင် ... ဟင် ...)

(၃) ဘာတွေ ပြင်ဆင်ထားမလဲ…

သေတတ်၊ နေတတ်အောင် ဘ၀ကူးကောင်းအောင် ၀ိပတ်ဿနာ ကမ္မဋ္ဌာန်း၊ ဘာဝနာတရားကို စတင်လေ့ကျင့် ပွါးများသင့်ပြီ။ ဒါပေမဲ့ တစ်လတည်းရှိတော့တာဆိုတော့ အချိန်မှ မီပါဦးမလား။

(၄) ၀မ်းနည်းမိမှာက…

မိမိနဲ့အတူ မိသားစုဆွေမျိုး ချစ်ခင်သူတွေ အပါအ၀င် ကမ္ဘာ့လူသားမျိုးနွယ်တစ်ရပ်လုံး ပျောက်သုံးတော့မှာ။ ချစ်ခင်သူတွေအားလုံးနဲ့ သေကွဲကွဲရတော့မှာ။

(၅) ကြောက်လန့်မိတာက...

ဘယ်လိုပုံစံ ဘယ်လိုနာကျင်မှုတွေ ၊ ဘယ်လိုပူလောင်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့သေရမလဲ။ အဲလိုတော့ မသေချင်တာ အမှန်။


(၆) ဆောင်ထားချင်တာ...

ကမ္ဘာပျက်ပြီဆိုတဲ့ နောက်တော့ ဆောင်ထားလဲ အသုံးကျမယ်မထင်။ (ဒါပေမဲ့ စလုံးမှာနေတာကြာတော့ လူက kiasu အကျင့်က ပါနေပြီဆိုတော့ ကမ္ဘာကြီးတကယ်မပျက်ပဲ ထိခိုက်မိရုံလေးဆို လိုရမယ်ရ သုံးရအောင် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ရိက္ခာ အခြောက်တွေများ ဆောင်မိလေမလားပဲ။ ဒေါ်သက်ဝေတို့ အဲဒီကျမှ သူများဆီက လာမချေးကြနဲ့နော် ... ဒါပဲး)

(၇) ဘာတွေ ရေးမိမလဲ…

စိတ်ထဲမှာ ကြောက်ရွံ့မှုနဲ့ ပြာလောင်ခတ်နေလောက်ပြီ ဆိုတော့ စာရေးဘို့ဆိုတာ သတိရမယ်မထင်။ (အဲဒီအချိန်ဘလော့ဝင်ရေးရင်းနဲ့ သေမယ်ဆိုတဲ့ လူတွေလဲ ရှိချင်ရှိမှာပါ။ မီးမီးကတော့ ကြောက်ကြောက်း))

(ဂ) တွေးမိတွေးရာ အတွေး…

ကမာကြီး မကြာခင် ပျက်စီးခြင်း အလုံးစုံရောက်တော့မယ်။ ခုချိန်မှာ မကောင်းမှုတွေ အတတ်နိုင်ဆုံးရှောင်၊ ကောင်းမှုတွေလုပ်၊ စိတ်ကိုဖြူအောင်ထား။ ခွင့်လွှတ်ခြင်းကို လက်ကိုင်ထား။ မိဘဆွေမျိုး သူငယ်ချင်းတွေကို ဆုတောင်းမေတ္တာပို့။


(၉) ဂုဏ်ယူချင်တာက…

အဟင့် ... သေရတော့မှာကို .... ဂုဏ်ယူစရာ ရှာမရသေးဘူး။ မရှိတာဖြစ်မယ်။


(၁၀) ရှာကြံဖြေသိမ့်မိတာက…
မသေခင် မိဘများကို တတ်နိုင်သလောက် ကျေးဇူးဆပ်နိုင်ခဲ့တယ်။ သမီးလေးနဲ့ အိမ်ထောင်ဖက်ကို အကြွင်းမဲ့ ချစ်မြတ်နိုးမှုတွေနဲ့ ချစ်ခဲ့တယ်။


(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း…
အို အသင်လောက ... လူရယ်လို့ဖြစ်လာရင် တစ်နေ့သေရမှာ မုချ။ မသေခင် အနေတတ်၊ အသေတတ်အောင် ကြိုးစားရဦးမည်ပ။ယနေ့မှ စ၍ ငါအတတ်နိုင်ဆုံး ကြိုးစားမည်။