Sunday, March 28, 2010

Ikea + စင်းဂါး

မနေ့က Ikea ကို ရောက်တယ်။ အိမ်ထောင်ပရိဘောဂတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ အစရှိသဖြင့် ရောင်းတဲ့ ဆိုင်ကြီးပါ။ world wide နိုင်ငံတော်တော်များများမှာ ရှိပါတယ်။ အဲဒီမှာ ဈေးဝယ်ရတာကို သိပ်သဘောကျပါတယ်။

Ikea ကိုမှ တကူးတက သွားရတဲ့အကြောင်းကတော့ ခန်းစီးလေး ဘာလေး ၀ယ်ရအောင်ပါ။ အိမ်ခန်းထဲက ခန်းစီး နီညိုရောင်ဟာ နေစားလို့ အပြင်ဘက် တစ်ခြမ်းက ဖြူရော်နေတာ တော်တော် ကြည့်ရဆိုးနေပါပြီ။ ခုတော့ သမီးအဖေလဲ ပြန်ရောက်ပြီဆိုတော့ မိသားစု စုံညီ ပျော်ပျော်ပါးပါး Ikea သွားကြတာပါ။ အရင်က ခန်းစီးကလဲ အဲဒီကပဲ ၀ယ်ခဲ့တာပါပဲ။ Ikea က မီးဖိုချောင်သုံး တိုလီမိုလီလေးတွေ ဈေးတန်တယ်။ ခိုင်ခိုင် ခံ့ခံ့ရှိတယ်။ ပစ္စည်းတွေ အများကြီး ရွေးလို့ရတယ်။ တစ်ခါတရံ အိုးခွက်၊ပန်းကန်တွေလဲ ပစ္စည်းကောင်းတဲ့ အပြင် တခြား စူပါမားကတ်တွေနဲ့ ယှဉ်ရင် ဈေးလည်းတန်တယ်လို့ ထင်ပါတယ်။

ခန်းစီးတွေ ထားတဲ့ဘက် ရောက်တော့ အရင်ခန်းစီးပုံစံ၊အရောင်၊အတိုင်းပဲ လိုချင်လို့ လိုက်ရှာတာ မရှိ။ ချုပ်ပြီးသားထဲက စိတ်ကြိုက်လဲ မရှိနဲ့ မချုပ်ရသေးတဲ့ ပိတ်စတွေထဲက ကြိုက်တာလေးတွေ ရွေးနေတာ တော်တော်တောင်ကြာသွားတယ်။ အဲဒီမှာ အရောင်စုံ ပိတ်စလေးက သမီးအခန်းနဲ့ စပ်အပ်ကြည့်ပြီး အရမ်း သဘောကျသွားတယ်။ နောက်တော့ ကိုယ်တို့အခန်းကိုလဲ အမြင်ဆန်းအောင် ဒီ colourful အဆင်လေးပဲ ချုပ်တော့မယ်ဆိုပြီး ၂ခန်းစာတွက်ချက်ပြီး ၇မီတာ ၀ယ်လိုက်တယ်။ တစ်မီတာ ၇ကျပ်ဈေးပဲရှိပါတယ်။ ၇မီတာဆိုတော့ စလုံး၄၉ကျပ်သာ ကျပါတယ်။ အနံ တစ်မီတာခွဲ အရှည်ကြီးဆိုတော့ ဈေးတန်တယ်လို့ ပြောလို့ရပါတယ်။ ဒီလိုနဲ့ စတိုးထဲ ပတ်ကြတာ ပြန်တော့ ညနေ၅နာရီကျော်သွားပါပြီ။ ခန်းစီးစအပြင် အသားတွေကို grill လုပ်တဲ့ ဒယ်အိုးလေးထောင့်တစ်လုံး၊ ရေချိန်တဲ့ ပီကာခွက်၊ သမီးအတွက် စောင်အနွေးတစ်ထည်၊ ကတ်ကြေး၃ချောင်း ပါလာပါတယ်။

ဒီနေ့ မနက်ဈေးသွား ချက်ပြုတ်အပြီးမှာ ၀ယ်လာတဲ့ ခန်းစီးစလေးချုပ်ဖို့ ပြင်ဆင်ပါတယ်။ အဲဒီမှာ ထုတ်လာပါပြီ။ အိမ်နောက်ဖေး အ၀တ်လျှော်ခန်းထဲမှာ သိမ်းထားတဲ့ စင်းဂါး အပ်ချုပ်စက်ကြီးပါ။ လင်းလင်းချင်းချင်းချုပ်လို့ရအောင် အိမ်ရှေ့ခန်းဖက်ကို ထုတ်လာတာပါ။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဦးမောင်ခြိမ့်ရဲ့ စလုံးအသိတစ်ယောက် အိမ်ပြောင်းတော့ သူ့အပ်ချုပ်စက်အသစ်ကြီးပဲ ရှိသေးတယ် ယူမလားပြီး အိမ်တိုင်ယာရောက် လာပို့လို့ ယူထားလိုက်တာပါ။ စက်ခုံတွေဘာတွေနဲ့ မြန်မာပြည်က ပုံစံအတိုင်းဆိုတော့ ဒေါ်ဆွိတီတို့ စိတ်ကြိုက်ပေါ့။ ရောက်စတုံးကတော့ မော်တာတွေဘာတွေနဲ့ တွဲရက်ပါသေးတယ်။ နောက်တော့ ကိုယ်လဲ မချုပ်တတ်တာနဲ့ မော်တာကြီး ဖြုတ်ပြီး ၀ဲလိုက်ပါတယ်။




ခန်းစီးစချုပ်ဖို့ ပိတ်စကို တိုင်းပြီး ဖြတ်နေတုံး ဇာတ်ရံမင်းသမီး ဂျူဂျူ ပါလာပါတယ်။ မအေလုပ်သူက သူ့ အခန်းအတွက်ခန်းစီးလှလှလေးချုပ်မယ်ဆိုတော့ သူက သိပ်စိတ်ဝင်စားပါတယ်။ သူဘာကူလုပ်ပေးရမလဲ တဖွဖွမေးနေတော့တယ်။ ခဏနေတော့ မအေအလစ်မှာ ၀င်ပြီးစက်ကို တက်နင်းနေလို့ မအေက စိုးရိန်လွန်းလို့ ရင်ဘတ်ကို လက်နဲ့ ဖိပြီးဆူပါတော့တယ်။ အရွယ်ရောက်ရင် နင်းတတ်အောင် သင်ပေးမယ်ဆိုတာကို ကျူကျူပါအောင်ငိုပါရော။ ၀မ်းနည်းပတ်လက်နဲ့။ သူက အခုကို ချုပ်ချင်တာ ဆိုပါရောလား။ ဒါနဲ့ ဇာတ်ရံမင်းသမီးလေးဂျူဂျူကို ဇာတ်ပို့ မင်းသားကြီး ဦးမောင်ခြိမ့်အား ထိမ်းခိုင်းလိုက်ရပါတော့တယ်။
စက်ကိုဆီထည့်၊ ၀က်အူတွေ ပြန်ကျပ်၊ ချုပ်ရိုးလှအောင် လွန်းအိမ်တွေပြင်ပေး စတာတွေကိုလဲ သမီးရဲ့ ကြီးတော်က လုပ်ဆောင်ပါတယ်။

ပိတ်စအနံက တစ်မီတာခွဲ ရှည်လွန်းတော့ အပေါ်ကို ဖြတ်ပြီး အကွင်းလေးတွေချုပ်ဖို့ရယ် အပေါ်အနားကွပ်ဖို့ရယ် အရင်ဖြတ်ရပါတယ်။ စလုံးက HDB အိမ်က ပြတင်းပေါက်တွေအတွက် ပိတ်စမပုတ်အောင် ဖြတ်နည်းလေး ရှယ်ပေးလိုက်ပါတယ်။




အပေါ်ကကွင်းက ၈ကွင်းရှိရမှာ ၆ကွင်းစာပဲဖြတ်လို့ရလို့ ၂ကွင်းစာလိုတာကို ပိတ်စ တစ်မီတာ ပိုနေတာကနေ ဖြတ်ပါတယ်။ ခန်းစီး စည်းဖို့ ဖဲကြိုးသဘောမျိုးကိုလဲ ပိတ်စအပိုကနေ ဖြတ်ပါတယ်။ တကယ်တော့ စုစုပေါင်း ခန်းစီး ၄ခုစာအတွက် ၆မီတာခွဲလောက်ဆို အတော်ပါပဲ။ ခန်းစီးတို့ လိုက်ကာတို့ချုပ်ရင် အနားကြီးကြီးနဲ့မှ ခန့်ခန့်ညားညားနဲ့ လှပါတယ်။ ဒါကြောင့် အပေါ်၊ အောက် အနားကို ၃လက်မလောက် ယူထားပါတယ်။ ဘေးတစ်လက်မခွဲလောက် အနားလုံးပါတယ်။ ချုပ်အပြီးမှာ အရှည် ၁၃၂စင်တီမီတာ၊ အကျယ် ၁၄၃စင်တီမီတာ ရှိပါတယ်။ ပြတင်းပေါက်အကျယ်ထက် တစ်ဆခွဲလောက်ကို မှန်းချုပ်မှ တပ်လိုက်တဲ့အခါကျ လှမှာပါ။




သမီးအခန်းက ပန်းနုရောင်လိုလို မိတ်ကပ်ရောင်လိုလို ဆိုတော့ လိုက်ဖက်တယ်လို့ထင်တာပဲ။


ကိုယ်တို့ အခန်းလေးလဲ colourful ဖြစ်သွားတယ်။


Sunday, March 21, 2010

ကြက်ကာလသမီးချက်

ဒီဟင်းကို လွန်ခဲ့တဲ့ ၇နှစ်၊ ၈နှစ်လောက် မြန်မာပြည်ပြန်တုံးက နာမည်ကြီး မြန်မာထမင်းဆိုင်တစ်ဆိုင်မှာ စားဘူးတာပါ။ သူချက်ထားတဲ့ ကြက်သား ကာလသမီးချက်လေးက စပါးလင်နံ့လေးမွှေးပြီး စားကောင်းလွန်းလို့ အမှတ်တရပါပဲ။ ကြက်သား ကာလသားချက်ကိုပဲ နာမည်လေးထူးအောင်ပေးပြီး ဟင်းချက်နည်းလေး နဲနဲဆန်းထားတာပါ။ စားပြီးတော့ ဟင်းချက်နည်း စာအုပ်လေးပါ လာရောင်းလို့ ၀ယ်ထားလိုက်ပါတယ်။ နန်းစန်းစန်းအေးရဲ့ အဓိပတိ ဟင်းချက်နည်း နှင့် ဟင်းအတွဲအစပ်များ စာအုပ်လေးပါပဲ။

စင်္ကာပူပြန်ရောက်တော့ စာအုပ်ထဲမှာပါတဲ့ ကြက်သားကာလသမီးချက်ကို သူပြောတဲ့ အတိုင်းချက်ကြည့်ပြီး အလွန်ကြိုက်လို့ အိမ်မှာ မကြာခဏချက်စားတဲ့ ဟင်းတစ်ခွက် ဖြစ်ခဲ့ပါတယ်။ ခုတော့ အိမ် ၇အိမ်လောက် ပြောင်းအပြီးမှာ စာအုပ်လဲပျောက်၊ ဟင်းချက်နည်းကလဲ နဲနဲတော့ ကွဲလွဲနေမလား မသိနိုင်တော့ဘူး။ ပြီးခဲ့တဲ့ အပတ်က ချက်ထားတဲ့ ဟင်းလေးကတော့ စားလို့ကောင်းဆဲပါ။ ဓာတ်ပုံလေးတွေ ရိုက်ထားလို့ ရှယ်ပေးလိုက်ပါတယ်။ ဆန်းဆန်းပြားပြားဟင်းတစ်ခွက် မဟုတ်ပေမဲ့ ချက်ရလွယ် စားလို့လဲ ကောင်းပါတယ်။ အရင်က ကိုယ်ချက်ဘူးတဲ့ ကာလသားချက်ထက် အများကြီး အရသာရှိပါတယ်။ အဲဒီတုံးက စပါးလင်နဲ့ ငါးငံပြာရည်မထည့်ပါ။

ကြက်သားကို ခုတ်ထစ်ပြီး ငါး(သို့) ပုဇွန်ငံပြာရည်၊နနွင်းအနည်းငယ်၊သကြားအနည်းငယ်၊ ငရုပ်ကောင်းမှုန့်၊ ငရုပ်သီးအရောင်တင်မှုန့်၊ ခရမ်းချဉ်သီး ၂လုံးခန့် လှီးထားတာရယ်၊စပါးလင်၊ ကြက်သွန်ဖြူ၊-နီ၊ထောင်းထားတာနဲ့ နယ်ပြီး ၁၅မိနစ်ခန့် နှပ်ထားပါ။ နယ်တဲ့အခါ အသားထဲ ဆားပျားရောက်အောင် လက်နဲ့ နာနာဖိ၊ ဆုတ်နယ်ပေးဖို့တော့ လိုပါတယ်။
ကြက်သားအပြင် ကြက်ခြေထောက်ရိုးလို တောင်ပံမျိုးလို လည်ပင်ရိုးလို အရိုးများများနဲ့ ချက်ရင်တော့ ဟင်းက ပိုချိုမှာ အသေအချာပါပဲ။





ငရုပ်သီးခြောက် အတောင့်လိုက် ၃-၄တောင့်လောက်ထည့်ပြီး မီးအနေတော်နဲ့ တည်ပါ။



တည်နေရင်း ဆီသံဖျစ်ဖျစ် မြည်ရင် အသာမွှေပေးပါ။ ကပ်ခါနီးပြီဆို ငရုပ်ဆုံဆေးရေလေးထည့်
ကြက်သားကျက်လောက်အောင် မီးအေးအေးနဲ့ အဖုံးပိတ်ပြီးတည်ထားပါ။ စလုံးက ကြက်သားကတော့နုတော့ ၁၅မိနစ်လောက်ဆို ရပါပြီ။ ကြက်သားနူးပြီဆို ဗူးသီး အတုံးကြီးကြီး တုံးထားတာကိုထည့်၊ ရေမြုတ်အောင်ထည့်ပြီး မီးအေးအေးနဲ့ ထပ်တည်ပါ။ ဗူးသီးလဲနူး ကြက်သားထဲက အချိုရည်လဲ ဗူးသီးထဲ စိမ့်ဝင်ပြီဆို ရေစပ်စပ်လေးနဲ့ စပါးလင်နံ့သင်းတဲ့ ဗူးသီးကာလသမီးချက်ရပါပြီ။ ပိုမွှေးအောင်ချခါနီး ငရုပ်ကောင်းလေးထပ်ထည့်ပါ။ဆားပေါ့ရင်တော့ ငါးငံပြာရည်လေးခပ်ပါ။ အိမ်မှာတော့ အဲဒီဟင်းချက်ရင် ဟင်းအစပ်အနေနဲ့ သခွါးသီးကိုခြစ်၊ သံပုရာသီး၊ မြေပဲဆံထောင်းနိုင်နိုင်နဲ့ သုတ်တာမျိုး၊ ခရမ်းချဉ်သီးသုတ် လိုဟာမျိုးနဲ့ စားလေ့ရှိပါတယ်။





ခူးခပ်ပြီး စားဖို့ရာ အဆင်သင့်။ ပဲတီချဉ်သုတ်လေးနဲ့။




ပဲတီချဉ် ပြုလုပ်နည်း
ဆန်ဆေးရေ မိုင်လို ပုလင်းလောက်အရွယ် ပုလင်းထဲထည့် ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့် ၊ ထမင်း စားပွဲဇွန်းတစ်ဇွန်း ချေထည့် (မခဲနေရဘူးလို့ ဆိုလိုတာပါ) ပြီးရင် ပဲတီချဉ်ကို လုံးဝ၊ လုံးဝ ရေမဆေးပဲ ဈေးက၀ယ်လာတဲ့ အတိုင်းထည့်၊ ပုလင်းအဖုံးလုံအောင်ပိတ်၊ ၃ရက်တိတိ အဖုံးမဖွင့်ပဲ ထားပါတဲ့။ အပေါ်မှာ ပုလင်းအရွယ်လေး မှန်းရလွယ်အောင် ပုံလေး တင်ပေးထားပါတယ်။ ချဉ်ရင်လဲ ပြောကြပါဦးနော်။

Saturday, March 20, 2010

ဂျူဂျူ နဲ့ အမွှာ

မှတ်မိကြလားတော့ မသိဘူး။ မဂျူဂျူတစ်ယောက် P1 တက်ဖို့အတွက် ကျောင်း Orientation မှာ ကျွန်ုပ်အကြောင်း ဆိုဖြည့်ခဲ့တာ။ သူ့မှာ အကို (Brothers) ၁၀ယောက်၊ ညီအစ်မ (Sisters) ၃ယောက်ရှိတဲ့အကြောင်း ရေးခဲ့လို့ ဒေါ်ဆွိတီတို့ ၀မ်းရေတွေ စပ်ခဲ့ရတဲ့အကြောင်း။ သူက ၀မ်းကွဲတွေကို အစ်ကို၊ အစ်မ ပြောနေကျဆိုတော့ အင်္ဂလိပ်လို Sibling နဲ့ Cousin ကို မကွဲဘူးဖြစ်နေတာ။

အဲဒီနေ့က ဇာတ်လမ်းက မပြီးသေးဘူးရယ်။ ထုံးစံအတိုင်း မရွှေဂျူဂျူကို နားလည်အောင် ရှင်းပြရတော့တယ်။
" သမီးရဲ့ ... အဲဒါတွေက ၀မ်းကွဲတွေ ... Cousin ခေါ်တယ် ... အကို ၊ အစ်မ အရင်းတွေ မဟုတ်ဘူးလေ ... အရင်းဆိုတာက သမီးလိုပဲ မေမေ့ဗိုက်ဗိုက်ထဲက ထွက်လာတဲ့သူမှ အရင်းခေါ်တာ ... " ဆိုတော့ " အဲဒါဆို ဂျူဂျူက အဲဒီနေရာမှာ zero တွေပဲ ဖြည့်ရမှာလား" တဲ့။ ကဲ ဖအေသမီး ... ကတ်သီး ကပ်သတ် မဂျူဂျူ။ မဖြည့်ပဲထားတော့ ဘာဖြစ်မှာကျလို့။ သူက သူများထက် သာချင်သူဆိုတော့ zero ဆိုတာ တော့ ဖြည့်ချင်ပုံမရဘူး။ ဖြစ်ချင်ပုံလဲမရဘူး။ ၀မ်းသာအားရနဲ့ ၁၀ တို့ဘာတို့ ဖြည့်ခဲ့တာသာ ကြည့်တော့။

ဒါနဲ့ ဒေါ်ဆွိတီကလဲ သူ့ကို သနားသွားတာနဲ့ ...နှစ်သိမ့်ရတော့တယ် ... "သမီးရယ် အဲဒါဆိုလဲ မေမေမွေးပေးမယ်လေ ... သမီးက ဘယ်နှစ်ယောက်လိုချင်တာတုံး ... မောင်လေးလား ... ညီမလေးလား" ဆိုတော့ အရင်ကတော့ သူ့မချစ်တော့မှာကြောက်လို့ မလိုချင်ဘူးချည်းပြောခဲ့တာ။ ခုတော့ zero ဖြစ်မှာ ကြောက်လို့ ၊ ရည်ရွယ်ချက်ရယ် ကြီးမားချက် ... ခဏစဉ်းစားပြီး " ဂျူဂျူက ၂ခုလုံး လိုချင်တာ " တဲ့။ " အဲဒါဆိုလဲ သမီးအတွက် girl ရော၊ boy ရော ၂ယောက်စလုံး တစ်ခါထဲ မွေးပေးမယ် ... အမွှာလေးတွေ မွေးပေးမယ်နော် ...." ဆို မဂျူဂျူ ရုတ်တရက်ကြီး ဘာပြောတယ်ထင်တုန်း ...

" အဲဒါဆိုလဲ ခေါင်းပူးကြီးတွေတော့ မလုပ်နဲ့နော် ... မေမေ" တဲ့။

ပထမတော့ ကိုယ်လဲ နားမလည်ဘူး။ ဘေးက သူ့အဒေါ်မေးကြည့်မှ ရယ်လိုက်ရတာ။

မဂျူဂျူတစ်ယောက် ဟိုတလောလေးတင်ကမှ ခေါင်းချင်းဆက်အမွှာ အကြောင်း တီဗွီမှာ ကြည့်ထားတယ်ဆိုလား ... ဘာလား။

Monday, March 8, 2010

ဂျူဂျု့ ဆင်ခြေ (၂)

ဘလော့မှာ အသစ်ရေးဖို့ မအားတာနဲ့ သမီး ၄နှစ်သမီးလောက်က အဖြစ်ကလေး ရေးထားဖူးတာ ပြန်တင်ပေးလိုက်ပါတယ်ရှင်။
-------------------------------------------------------------------------------------------
ပြီးခဲ့တဲ့စနေက သမီးကို လက်သည်းညှပ်ပေးဖို့ မေ့နေလို့ သမီးကို ခေါ်ပါတယ်။

" သမီးရေ လာအုံး လက်သည်းတွေ ညှပ်ရအောင်လေ ... "

သမီးအရုပ်တွေနဲ့ ဆော့နေရာကနေ ရောက်လာပြီး သူ့လက်သေးသေးလေးတွေကို မအေ့ရှေ့မှာ လာဖြန့်ပေးပါတယ်။ ညှပ်မယ်ဆို ကြည့်လိုက်တော့ လက်သည်းတွေ အကုန်လုံး တစ်ချောင်းမှရှည်တာမရှိ ... အားလုံး မညီမညာ တုံးတိတိတွေချည်းရယ်။

" သမီးရယ် ... မေမေ ပြောထားတယ်မလား ... လက်သည်းတွေ သွားနဲ့ မကိုက်ရပါဘူးဆို။ အဲဒါလက်သည်းထဲမှာ worm တွေရှိတယ် ... သမီးမရွံဘူးလား ... worm တွေက ဗိုက်ထဲရောက် ... ဗိုက်ထဲမှာ ကလေးတွေမွေး ... သမီးဗိုက်ထဲမှာ worm တွေ မိသားစုလိုက်ကြီး ဖြစ်နေကြမှာ မကြောက်ဘူးလား ... "

သမီးက worm တွေအကြောင်းကို discovery channel မှာ ကြည့်ဘူးလို့ သူသိတာနဲ့ နားလည်အောင် ရှင်းပြရတာပါ။ ဂျူဂျူ တစ်ယောက် ကတော့ သူ့အပြစ်အတိုင်း ငြိမ်နေပါတယ်။

" ဟိုတစ်ပတ်ကပဲ သမီး လက်သည်းမကိုက်တော့ပါဘူးလို့ မေမေ့ကို ကတိပေးထားတယ်လေ ... ပြီးတော့ ကတိကိုလဲ ဖျက်သေးတယ် ... သမီးကို လက်သည်းမကိုက်အောင် မေမေ ဘယ်လိုပြောရမယ်မှန်း မသိတော့ဘူး ...."

မအေက တပျစ်တောက်တောက်ဆူတော့ ဂျူဂျူးတစ်ယောက် သူ့အပြစ်နဲ့သူ ပထမတော့ ငြိမ်နေပါတယ်။ (အမှန်ကတော့ အကြံထုတ်နေတာပါ) ခဏနေတော့ ဥာဏ်ကြီးရှင် မဂျူနီယာခြိမ့် သူ့ဝသီအတိုင်း ဆင်ခြေပေးတော့ ဒေါ်ဆွိတီလဲ ထုံးစံအတိုင်း ဘာပြန်ပြောရမှန်းမသိ ပါးစပ်အဟောင်းသား ဖြစ်သွားပြန်ပါတယ်။

"မေမေကလဲ ... ဂျူဂျူက လက်သည်းတွေပဲ ကိုက်တာကို ...ခြေသည်းတွေတောင် မကိုက်ထားပဲနဲ့များ ..." တဲ့။


Rachel's  excuse

Last Saturday, I called my daughter to cut her fingernails.

"Honey, come here, I want to cut your fingernails."

My daughter came while she was playing with her dolls and showed her tiny fingers in front of me. When I saw her fingernails, all had been cut and short. Most of them were wavy and not been smoothly cut. They looked ugly.

" Oh Honey, I told you before that not to bite your fingernails. There are lots of germs and tiny worms are staying under your fingernails. Aren't you scared of  them? When the worms go inside your stomach, later they deliver small baby worms and finally end up with big worm family inside your stomach."

Yes, she watched about the germs and worms in Discovery Channel, and I explained about it and hope she would understand well. Rachel kept quiet since she was in mistake by biting her fingernails recently.

"You promised me you won't bite your fingernails again, it was just last week. Now you broke your promise too. I have no idea how to explain to understand not to bite your fingernails."

Since I was nagging and nagging and explain her, Rachel still kept quiet as before.(Really she was thinking how to attack me back by words ;)  Later a while, the genius Rachel talked back to me some thing .  I was surprise and widely open my mouth what to tell her back.

The words she talked back to me was

" Oh Mom, I am biting only my fingernails, I have never thought about biting my toenails. You should be happy on it ."


Wednesday, March 3, 2010

ပိုင်းလော့ ဂျူဂျူ

ပြီးခဲ့တဲ့ သောကြာနေ့က သမီးရဲ့ ကျောင်းက ဒိုင်ယာယီထဲမှာ ကဗျာလေးတစ်ပုဒ် ညှပ်ထားတာ တွေ့လိုက်တယ်။



သမီးက ကဗျာကို စင်ပေါ်မှာ တက်ရွတ်ရမှာမှို့ ကဗျာထဲကအတိုင်း ဆရာဝန်ဆို ကုတ်အင်္ကျီအဖြူရောင်၊ ပိုင်းလော့ဆို လေယာဉ်ပျံအရုပ်၊ မီးသတ်သမားဆို မီးသတ်ဦးထုတ် အစရှိသဖြင့် ကိုယ်ကြိုက်ရာ တစ်ခုခု ကျောင်းကို ယူလာရမယ်လို့လဲ ပြောတယ်။ ဒီတော့ အိမ်မှာ ဘာများရှိနိုင်မလဲ စတိုခန်းထဲ ကစားစရာတွေ မွှေနှောက်ရှာတော့ လေယာဉ်ပျံနဲ့တူတာဆိုလို့ ဟယ်လီကော်ပတာရုပ် သေးသေးလေးပဲတွေ့တယ်။ အင်္ကျီအဖြူကလဲ မိန်းခလေး အင်္ကျီ အတွန့်၊ အဖတ်တွေပဲရှိတော့ သမီးရေ အိမ်မှာတော့ ဘာမှ မရှိဘူး။ ပိတ်ရက်ကျရင် ကုတ်အင်္ကျီအဖြူလေး ၀ယ်ပေးမယ်နော်ဆို ပြောထားရတယ်။

ဒါနဲ့ တနင်္ဂနွေရောက်တော့ ကလင်မန်းတီးဘက် ဈေးပတ်ရင်းနဲ့ ခလေးကုတ်အင်္ကျီလေး လိုက်ရှာတာ ဘယ်မှာမှ ရှာလို့မရ။ ဒီတော့ ကုတ်အင်္ကျီကနေ လက်လျော့။ သမီးကို ဆရာဝန်ကနေ၊ အတင်း ပိုင့်လော့လုပ်ခိုင်းဘို့ လေယာဉ်ပျံရုပ် ပြောင်း ရှာရပါတော့တယ်။ ကုန်စုံဆိုင်လေးတစ်ဆိုင်မှာ အဖြူရောင် လေယာဉ်ပျံရုပ်လေး တွေ့လိုက်တော့ အတော် ၀မ်းသာသွားတယ်။ ဈေးကလဲ ငါးကျပ်၊ပြားကိုးဆယ်ထဲဆိုတော့ ... ဒေါ်ဆွိတီတို့ ခေါင်းထဲက ကယ်ကူလိတ်တာလေးက မီးလေးတွေ လင်းသွားတယ်။ အွန်း ... ဆရာဝန်ဆို ကုတ်အင်္ကျီတစ်ထည် ၃-၄ဆယ်ပေးရမှာ ... ပိုင်းလော့ကတော့ တန်သားဟ ... ဆို စဉ်းတောင်မစဉ်းစားတော့ ချက်ချင်းကို ၀ယ်လိုက်တယ်။ အရုပ်အသစ်ရတဲ့ မဂျူဂျူကလဲ လေယာဉ်ပျံလေး လက်ထဲက မချ၊ တစ်လမ်းလုံး တပွေ့ပွေ့ တပိုက်ပိုက်နဲ့။

အိမ်ရောက်တော့ မဂျူဂျူတို့ ရောက်ရောက်ချင်း အရုပ်ထုတ်ကိုဖောက်၊ သူ့ဟာသူ လေယာဉ်ပျံရုပ်ကို ဆင်တယ်။ ဆင်လိုက်တော့ လေယာဉ်ပျံလေးက ထင်ထားတာထက် အတော်လှနေပါပေါ့လား။ တောင်ပံတစ်ဖက်က တပ်တာမခိုင်လို့ ခဏခဏပြုတ်လို့ ပြန်တပ်တပ်နေရသေးတယ်။ ဘီးကို ပွတ်ပြီးဆွဲလိုက်ရင် လေယာဉ်ပျံအပေါ်ပျံတက်တဲ့ အသံလေးတောင်ပါသေး။


နောက်နေ့ကျောင်းသွားတော့ မဂျူဂျူတို့ ကျောပိုးအိပ်ကတစ်ဖက်၊ အဲ့လေယာဉ်ပျံထည့်တဲ့ ကျွပ်ကျွပ်အိပ်က တစ်ဖက်နဲ့ တစ်ယောက်တည်းကို ရှုပ်ရှက်ခတ်နေတော့မှာ မြင်ယောင်သေး။ ညနေရုံးက ပြန်ရောက်တော့ သမီးရေ ကျောင်းမှာဘယ်လိုလဲ လေယာဉ်ပျံနဲ့ အဆင်ပြေရဲ့လား။ စင်ပေါ်တက်ရလားဆိုတော့ အတန်းရှေ့ထွက်၊ လေပျံအရုပ်လေးကိုင်ပြီး ကဗျာထဲကအတိုင်း ပြောရတယ်။ မနက်ဖြန်ကျရင် state ပေါ်တက်ပြောရမှာ။ တီချာက ပိုင်းလော့တွေဝတ်တဲ့ အပြာရောင် အင်္ကျီ ယူလာရမယ်ပြောတယ် တဲ့ လာပြန်ပါရော။

ဒါနဲ့ သူ့ဂျီးတော်နဲ့ သမီးယောက်မနှစ်ယောက် ဘီရိုကြီးဖွင့်ပြီး အပြာရောင်အင်္ကျီ ရှာပုံတော်ဖွင့်ရပြန်ပါတယ်။ ဘီရိုထဲမှာ ပြီးခဲ့တဲ့ အပတ်ကမှဝယ်ထားတဲ့ အပြာရောင် မိန်းခလေးတီရှပ်လေး အသစ်ချပ်ချွတ်လေးတစ်ထည်က အဆင်သင့်မှို ... သမီးရေ ဒီမှာ ဒါလေးယူသွားပါလားဆိုတော့ ကျေးဇူးရှင် မဂျူဂျူက ရင်ဘတ်မှာ စတစ်ကာအရုပ်ကြီးပါလို့ မရဘူးတဲ့လေ။ ပိုင်းလော့တွေက စတစ်ကာနဲ့ အင်္ကျီတွေမှ မ၀တ်တာတဲ့ ဆို ဆက်ရှာကြတယ်။ ရှာနေတုံးတန်းလန်း ကိစ္စတစ်ခု အရေးပေါ်လာလို့ ပိုင်းလော့အင်္ကျီရှာပုံတော်ဖွင့်ပွဲကို ဂျူဂျူတို့ တူအရီး၂ယောက်တည်းနဲ့ ထားခဲ့ရတော့တယ်။

ဟော ... ဒီနေ့ရုံးက ပြန်ရောက်တော့ အိမ်ရှေ့မယ် ကျွပ်ကျွပ်အိပ် အထုတ်တစ်ထုတ်တွေ့ လို့ အထဲနိုက်ကြည့်လိုက်တာ လေယာဉ်ပျံအရုပ်ကလေးနဲ့အတူ မဂျူဂျူရဲ့ ပိုင့်လော့အင်္ကျီနဲ့ ဘောင်းဘီ ထွက်လာတယ်လေ။ ကျောင်းကပြန်သယ်လာတဲ့ အထုတ်ဖြစ်မယ်။ မြင်တဲ့အတိုင်းပါပဲ ပရိတ်သတ်ရေ။ ကျေမွတွန့်လိမ်ပြီး အရောင်နဲနဲမွဲနေတဲ့ ဂျူဂျူငယ်ငယ်က ညအိပ်ဝတ်တဲ့ ၀တ်စုံလေးပါ။ အင်္ကျီက စွတ်ကျယ်လို လက်ပြတ်လေး။ သမီးက ညဘက် အိုက်တတ်လို့ အေးအေးအောအော ၀တ်ရအောင် ဈေးပေါပေါလေးတွေ ၀ယ်ထားတာ။ ဟောင်းနွမ်းနေလို့ ၀တ်တောင်မ၀တ်တော့ပဲ ဘီရိုထဲ ဒီတိုင်းထည့်ထားတဲ့ အင်္ကျီလေး။ အော် ဒီလောက်နွမ်းတဲ့အင်္ကျီမှ ကျောင်းယူရလား သမီးရယ်ဆို သက်ပျင်းချ။


ဂျူဂျူနဲ့အိမ်စာတွေ ဘာတွေလုပ်ပြီး ညအိပ်ချိန်ရောက်တော့ အိပ်ရာထဲမယ် သားအမိ၂ယောက် စကားစမြည်ပြောခန်း ရောက်ပြီပေါ့။ အဲဒီအချိန်ဆို သမီးနဲ့ ကျောင်းက အကြောင်းတွေ၊ ဟိုအကြောင်း၊ဒီအကြောင်း အလာဘ၊ သလာဘ ဆွေးနွေးကြတယ်။ ညနေက ပိုင်းလော့အင်္ကျီကိစ္စ သတိရတာနဲ့ မေးရပါတော့တယ်။

ဒေါ်ဆွိတီ။ ။ ။ ဟဲ့ သမီးရဲ့ နေပါဦး။ သမီးရဲ့ ပိုင်းလော့ အင်္ကျီကလည်းအေ။ လက်ပြတ်ကြီး။ ပြီးတော့ သမီးညည ၀တ်အိပ်တဲ့ အင်္ကျီကြီး။ ဘာလို့ ယူတာလည်း။ အဒေါ်ကလည်း ခလေးကို ဘာလို့ ဒီလောက် နွမ်းတဲ့ အင်္ကျီပေးလိုက်ရသလဲ။

ဂျူဂျူ။ ။မေမေကလည်း။ ကယ်လီလည်း လက်ပြတ်ပဲ ယူတာပဲလေ။

ဂျီးတော်။ ။ ။ သူက ဒါပဲယူမယ် ဇွတ်လုပ်နေတာကိုး။ ပြောလို့မရပေါင်တော်။

ဒေါ်ဆွိတီ။ ။ ဒါနဲ့ သမီး။ အင်္ကျီရော တကယ်လဲရသလား၊ အပေါ်ကပဲ ထပ်ဝတ်ရသလား။

ဂျူဂျူ။ ။တကယ် လဲဝတ်ရတာ။

ဒေါ်ဆွိတီ။ ။ အော် ... အဲဒီတော့ အင်္ကျီ ဘယ်မှာသွားလဲလဲ။ ကျောင်းခန်းထဲမှာပဲ လဲလားသမီး။

ဂျူဂျူ။ ။ အိမ်သာ ထဲမှာ သွားလဲတယ်မေမေ။

ဒေါ်ဆွိတီ။ ။ ဒါနဲ့ သမီးစင်ပေါ်တက်တယ်ဆိုတော့ သမီးတို့ အတန်းရှေ့မှာ ဆရာမ စာသင်တဲ့ နေရာလား။ သူက နဲနဲမြင့်တယ်လေ။

ဂျူဂျူ။ ။ဟုတ်ဘူးမေမေ။ Assembly Hall ထဲမှာ။

ဒေါ်ဆွိတီ။ ။ အဲဒါဆို သမီးတို့ အတန်းထဲက လူတွေပဲပေါ့။ ပရိတ်သတ်က။

ဂျူဂျူ။ ။ဟုတ်ဘူးမေမေ။ P1 နဲ့ P2 တွေ အကုန်လုံး။ Assembly အချိန်မှာ ဂျူဂျူက စင်ပေါ်တက်ပြီး ရွတ်ပြရတာ။ ဂျူဂျူတစ်ယောက်တည်းတော့ ဟုတ်ဘူး။ သူများတွေလဲပါတယ်။

ဒေါ်ဆွိတီတို့ သဘောပေါက်သွားပါပြီ။ မဂျူဂျူဟာ သူ့ရဲ့ တွန့်ကျေမွ၊ နွမ်းဖတ်နေတဲ့ ည၀တ် ပိုင်းလော့ အင်္ကျီကြီးဝတ်ပြီး ညနေပိုင်းတက်တဲ့ ကျောင်းသားတွေ၊ ဆရာ၊ဆရာမတွေ တစ်ကျောင်းလုံး ရှေ့မှာ စင်ပေါ်တက် ကဗျာရွတ်ခဲ့တဲ့ အကြောင်းကို။

အင်း ... အင်္ကျီက နွမ်းပေမဲ့ အမြဲတက်ကျွနေတတ်တဲ့ သမီးလေးကတော့ လန်းလန်းဆန်းဆန်းလေး ဖြစ်နေမှာပါလို့ ဖြေတွေးရင်း။