Friday, December 24, 2010

Screw Driver ကိုင်ခဲ့ရ ကျွန်မဘ၀ပါရှင် (၁)...



ဆရာမကြီး ပတ္တမြားခင်ကို နောက်တာတော့ မဟုတ်ပါဘူးဗျာ။ ဆရာမကြီးက ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ ဆရာမကြီးမှို့ ခုချိန်ထိ လေးစားအားကျလျှက်ပါ။ ခုတလော ဆရာဦးဝင်းငြိမ်းရဲ့ ဆောင်းပါးတွေကနေ ဆရာမကြီးလက်ရာလေးတွေ ပြန်ဖတ်နေရတော့ ဆရာမကြီးရဲ့ အရင်ရေးခဲ့ဖူးတဲ့ ခေါင်းစဉ်လေးသတိရသွားရင်း ကိုယ့်အကြောင်းလေးလဲ ရေးချင်လာလို့ပါ။

့မဆွိတီမယ် ဘလော့တွေ ဖိုရမ်တွေထဲ ဟင်းချက်နည်းတွေသာ တွင်တွင် ရေးနေတာ။ တကယ့် ကန်လန့်ကာနောက်ကွယ်က ဇာတ်လမ်းကတော့ နေ့စဉ် Screw Driver တွေ၊ ပလာယာတွေ၊ တွီဇာတွေကိုင်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေရတဲ့ ဘ၀ပါ။ R&D အင်ဂျင်နီယာ ဘ၀မယ်၊ CAD နဲ့ modeling လုပ်ပြီးရင် ပစ္စည်းတွေကို prototype လုပ်ရတယ်။ အစမ်းဆင်ကြည့်ရတယ်ပေါ့။ အဲဒီအဆင့်တွေက designer ကိုယ်တိုင် Screw Driver တွေ၊ ကရိယာတန်ဆာပလာတွေ သုံးပြီး တပ်ကြည့်၊ ဆင်ကြည့်ရတယ်။ ဟိုးနောက်ဆုံး mass production ရောက်တဲ့ အထိ ကိုယ်က process engineer ကိုလည်း တောက်လျှောက် သင်ပေးရသေးတာ ဆိုတော့ အဲလို Screw Driver လို tools တွေနဲ့က အမြဲရင်းနှီးနေရတာ။

ဒီတော့ တစ်ခါတစ်လေ ရှော့ပင်သွားရင် DIY လို Home fix လို ဆိုင်တွေ ရောက်ရင် Screw Driver တွေ အသေး၊ အကြီး၊ အလှ၊ အပြား၊ cross ၊ မျိုးစုံရှာဝယ်တော့တာပဲ။ အဲဒီမယ် floral စကတ်လှလှ၊ နှုတ်ခမ်းနီ၊ ပါးနီနဲ့ မမလှလှ(အဲလေ အန်တီ ၀၀) တစ်ယောက် ကုန်းကုန်း၊ ကုန်းကုန်းနဲ စိတ်ဝင်တစား screw driver တန်းရှေ့မှာ ငေးနေမယ်၊ရွေးနေမယ်၊ ရှာနေမယ်ဆို တီတီဆွိလို့သာ မှတ်ပေရော့ပဲ။ ကိုယ့်မှာ အဲလို ပစ္စည်းတွေထည့်တဲ့ tool box ရှိတယ်။ လူများဆီက မငှါးချင်တာနဲ့ ကိုယ့်ဟာကိုယ် အပြည့်အစုံဝယ်ထားတာ။ အထဲမှာ screw driver ဆိုဒ်မျိုးစုံရှိတယ်။ တွီဇာ၊ ပလာယာ၊ ဂွရှင်၊ အယ်လန်ကီး၊ ကတ်ကြေး၊ ဓား၊ ၀ါယာညှပ်တဲ့ ကပ်ကြေး၊တူသေးသေးလေးတွေ၊ vernier clipper ၊ ပေတံမျိုးံစုံ အစုံပလုံပါပဲ။ အများဆုံးကတော့ အဲဒီ Screw Driver ဆိုဒ်စုံတွေပါပဲ။

အင်ဂျင်နီယာဆိုလို့ နောက်ကြောင်းပြန်ရရင် ဆေးပြုတ်ပြီး အင်ဂျင်နီယာလိုင်းရတယ်ဆိုတော့ အမေ ပထမဆုံးပြောတဲ့ စကားက ငါ့သမီးရယ်တဲ့ မိန်းခလေးနဲ့ အင်ဂျင်နီယာနဲ့ ဖြစ်ပါ့မလားအေ တဲ့ ။ မိန်းခလေးဆိုတော့ အလုပ်ရှာရခက်မှာပဲ တဲ့။ အင်ဂျင်နီယာဖြစ်ရတဲ့ ကြားထဲ ဒုတိယနှစ်မယ် လိုင်းခွဲတော့ အမှတ်နည်းလို့ civil ကို ကပ်ပြုတ်ပြီး စက်မှုဖက်ရောက်ခဲ့ပြန်တယ်။ အမေ့မယ် ပြောစရာ စကားမရှိတော့ပြီ။ မိန်းခလေး စက်မှုအင်ဂျင်နီယာဆိုတော့ စက်တွေထဲ ဖြစ်ပါ့မလားအေ တဲ့။ သူ့သမီး ပိန်ညှော်ညှော် ယဲ့တဲ့တဲ့ကို စိုးရိန်တကြီးပြောရှာတယ်။ စင်္ကာပူဖက် ကျောင်းတက်မယ်၊ အလုပ်ရှာမယ်ဆိုပြန်တော့လဲ အမေ့မယ် စိတ်ပူပြန်တယ်။ မိန်းခလေး၊ စက်မှု အလုပ်ရှာလို့ လွယ်ပါ့မလား ..... .... .... ....

မဆွိတီ NUS မှာ ကျောင်းတစ်နှစ်ခွဲလောက်ဆက်တက်ပြီးတော့ ဘွဲ့လွန်တစ်ခုထပ်ရတယ်။ ကံကောင်းချင်တော့ အဲဒီအချိန်က ကျောင်းပြီးပြီးချင်း အလုပ်အရမ်းပေါတဲ့ အချိန်ဖြစ်နေတယ်။ ၂၀၀၀ ပတ်ဝန်းကျင်လောက်ပေါ့။ အလုပ်တွေ သတင်းစာကနေ ပစ်တယ်။ အဲဒီတုံးကသိပ်တော့ မရွေးဘူး။ မဲမဲမြင်ရာ ပစ်တာပဲ။ လူကလဲ ကျောင်းပြီးကာစ အလုပ်လုပ်ရတော့မယ်ဆိုတော့ သိပ်တက်ကျွနေတဲ့ အချိန်ပေါ့။ ပထမဆုံး အင်တာဗြူး ၃ခုသွားရတယ်။ လစာကတော့ ၂၀၀၀ ပတ်ဝန်းကျင်။ ကံကောင်းချက်ကတော့ ၃ခုလုံးက အလုပ်ခန့်တယ်ဗျာ။ ပထမဆုံးတစ်ခုက ချန်ဂီနားဆိုတော့ အဝေးကြီးတဲ့၊ ဦးခြိမ့်ကပယ်တယ်။ အဲဒီမယ် ကြုံလို့ပြောရဦးမယ်။ အဲဒီအချိန်က ဦးခြိမ့်ကလဲ အလုပ်ရှာနေတာ။

နောက်ကြောင်းထပ်ပြန်ရရင် သူ့ခမျာမယ် AIT မှာ စကောလာနဲ့ မာစတာပြီးတော့ စလုံးမယ် အလုပ်လာရှာတာ အဆင်မပြေဘူး။ ။ ဦးခြိမ့်က အလုပ်နဲ့ ပတ်သတ်လို့ ကံသိပ်မကောင်းဘူး။ ဒီကြားထဲ ၉၇ နှစ် အကုန်လောက် ဆိုးရို့စ် - အာရှ စီးပွားကပ်ဆိုက်ချိန်။ အလုပ်ကလဲ ရှားနေချိန်ဆိုတော့ ပိုဆိုးတယ်။ အင်တာဗျူးလေး တစ်ခုရဖို့ကို မလွယ်ဘူးတဲ့။ အလုပ်ကငြိပြန်တော့ EP က ဂျက်တယ်။ နောက်ဆုံး ကြံရမရတဲ့ အဆုံး အေးဂျင့်နဲ့ ဆက်ပြီး work permit နဲ့ စက်ရုံတစ်ခုမယ် operator လောက်အဆင့်နဲ့ စလုပ်ခဲ့ရတာ။ PCB ထုတ်တဲ့ စက်တွေကို ပျက်ရင် လိုက်ပြင်ပေးရတဲ့ EA (Engineering assistant) ။ မဆွိတီနဲ့အိမ်ထောင်ကျပြီး EA ဘ၀နဲ့ပဲ မိန်းမကိုကျောင်းထား၊ ညဆိုင်းတွေဆင်းပြီး အတော်လေး ကသီလင်တနဲ့။ မဆွိတီကျောင်းပြီးခါနီးတော့ သူလဲ စာချုပ်ပြည့်ပြီဆိုတော့ ရတဲ့ ဘွဲ့နဲ့ ကိုက်မယ့် တူတူတန်တန် အလုပ်တစ်ခုရှာနေတာ။ အဲဒီတော့ ၂ယောက်လုံး အလုပ်တွေ ပစ်ကြသပေါ့။ ကိုယ်ကအားနေတော့ သူ့အတွက်လဲ ပစ်ပေးပေါ့။

အဲဒီ ပထမဆုံး ချန်ဂီကအလုပ်က လင်မယား၂ယောက်လုံးကို အင်တာဗျူးခေါ်သဗျာ။ အချိန်ကလဲ ရှေ့ဆင့်နောက်ဆင့်ဆိုတော့ လင်မယား၂ယောက် အတူသွားကြတာပေါ့။ ဘတ်စကားကြီးစီးပြီးတော့သွားကြတာ။ ၂ယောက်လုံးတလှည့်စီ အင်တာဗျူးပြီး အင်တာဗျူးတဲ့ သူက လင်မယားဆိုတော့ အံ့သြနေတာ။ အင်တာဗျူးခန်းထဲမှာ ကြံကြံဖန်ဖန် သူဌေးက အသက် ၁၀နှစ်လောက်ပဲရှိတဲ့ သူ့သားကို ပါခေါ်ထားသဗျာ။ သားလုပ်သူကလဲဟိုဟာမေး ဒါမေးနဲ့ အင်တာဗျူးသပေါ့။ ၁၀နှစ်လောက်ခလေးက အင်တာဗျူးတာဆိုတော့ အဲဒီအထဲက ဦးခြိမ့်က တော်တော် စိတ်တိုနေပြီ။ သူကလဲ သူတို့နှစ်မှာ စာတော်တဲ့ထဲပါတော့ သူကလဲ သူ့ ဘွဲ့ကို သိပ် အလေးထားတာ။ သူ့ pride ကို ထိတယ်၊ ဘာညာပေါ့။

နောက်၂ရက်၃ရက်လောက်နေတော့ ကုမ္ပဏီက မဆွိတီကိုပြန်ခေါ်တယ်။ ဦးခြိမ့်ကိုတော့ ပြန်မခေါ်တော့ဘူး။ အလုပ်ကလဲ ပထမဆုံးရတယ်ဆိုတော့ မဆွိတီက ဘရိတ်အုပ်လို့မရဘူး။ အရမ်းကို လုပ်ချင်နေပြီ။ ဦးခြိမ့်က ဖျက်ပါတယ် ခင်ဗျာ။ ဝေးတာရော၊ သူတို့ရဲ့ ပုံစံကို မကြိုက်တာရော။ အဲဒီမှာ မဆွိတီ တော်တော်စိတ်ဆိုးတယ်။ မိဘတွေကို ပေးချင် ကမ်းချင်၊ ကိုယ်ပိုင် ၀င်ငွေရှာချင်နေပြီဆိုတော့ အဲဒီအလုပ်ကို လုပ်ချင်လိုက်တာ တပိုင်းကိုသေလို့။ လင်မယား တော်တော်စကားများကြတယ်။ မဆွိတီတို့ ဆိုးချက်တော့ ယောက်ျားကို ရန်ထောင်တယ်။ တော်က ၂ယောက် အင်တာဗျူးတာချင်း၊ တော့ကို မခေါ်လို့ ကျုပ်ကို မလုပ်ခိုင်းတာလားတွေ ဘာတွေ ဖြစ်ကုန်တယ်။ အမှန်က အဲဒီအချိန်က မဆွိတီတို့က ကလမန်းတီးမှာနေတာဆိုတော့ စင်္ကာပူ အရှေ့နဲ့ အနောက် အရမ်းဝေးတာ လဲပါတယ်။ ဦးခြိမ့်က နောက်အလုပ်တွေလဲတွေ့ဦးမှာပါ။ ရှာပါဦးလို့သာပြောတယ်။

ဒုတိယတစ်ခုက ကုမ္ပဏီက သေးသေးလေး။ သေးတာမှ ဘော့စ်ရယ် ကိုယ်ရယ် ၂ယောက်တည်းလို့တောင်ပြောရမယ်။ ဘော့စ်ကတော်တော်လဲ သဘောကောင်းသဗျ။ အင်တာဗျုးတာမှာ စကားပြောလို့ သိပ်ကောင်းတာပဲ။ ကတ်တလောက်မှာထည့်ဖို့ အတွက် စက်ပစ္စည်း အစိတ်အပိုင်းလေးတွေကို Auto CAD နဲ့ ပုံတွေ ဆွဲပေးရမတဲ့။ သူကဂျူရောင်းဖက်မှာ။ ဦးခြိမ့်ကတော့ ကုမ္ပဏီသေးတယ်။ အာမခံချက်မရှိဘူးတဲ့။ မလုပ်ပါနဲ့တဲ့ ဆိုတော့ မလုပ်ရပြန်ဘူး။ တတိယတစ်ခုကျတော့ ဂျပန်ကုမ္ပဏီဗျာ။ Auto CAD နဲ့ပဲ 3D ပုံတွေဆွဲရမယ်။ 3D modeling လုပ်ရမယ်ပေါ့။ လစာလည်း ပိုတာနဲ့ အဲဒီမှာပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

(ရေးရင်း ရှည်သွားလို့ နောက်မှ ဆက်ရေးပါမည်။)

Monday, December 20, 2010

ဂျူဂျူလေး ၇နှစ်မြောက်မွေးနေ့ ...


ဂျူဂျူလေး ဒီဇင်ဘာ ၁၇ရက်နေ့က ၇နှစ်ပြည့်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ သမီးအတွက်မွေးနေ့ပွဲ လုပ်လေ့မရှိပါဘူး။ ဒီဇင်ဘာထဲမှာ ဟောလီးဒေးမှို့ ဟိုသွား၊ ဒီသွားနဲ့ ဂျူု့ဂျူ့မွေးနေ့တွေဟာ တစ်ခါတရံ ဟော်တယ်တွေမှာ ဖြစ်နေတတ်ပါတယ်။ တစ်ခါတရံ မြန်မာပြည်က သူ့အဖွားအိမ်မှာ၊ တစ်ခါတရံ လေယာဉ်ပျံပေါ်မှာတောင် ကျတတ်ပါတယ်။ အိမ်မှာရှိပြန်တော့လဲ ခလေးအတွက် လက်ဆောင်ဝယ်ပေး၊ ဘာပေးနဲ့ ဖိတ်ရမဲ့သူတွေ ဒုက္ခရောက်မှာ စိုးတာရယ်၊ လူလဲ ပင်ပန်းမှာကြောက်တာရယ်နဲ့ ဂျူဂျူ့မွေးနေ့လေးတွေဟာ အိမ်ကမိသားစုနဲ့ပဲ အကျဉ်းရုံးလုပ်ဖြစ်တာများပါတယ်။

ဒီနှစ်တော့ သမီးက သူ့သူငယ်ချင်း မွေးနေ့တွေသွား ဂါဝန်လှလှဝတ်၊ ကိတ်မုန့်တွေခွဲကြ၊ လက်ဆောင်ပစ္စည်းတွေဖောက်ကြ၊ happy birthday သီချင်းဆိုကြနဲ့ သူလဲ တစ်ခါတစ်လေ မွေးနေ့ရှင်ဖြစ်ချင်ပုံရပါတယ်။ မအေကို မွေးနေ့ပွဲလုပ်ပေးဖို့ ပူဆာပါတယ်။ ဒါနဲ့ ကိုယ်လဲ သူငယ်တုံးလေး ဆန္ဒပြည့်ဝပါစေဆိုပြီး သမီးမွေးနေ့လေး လုပ်ဖြစ်ပါတယ်။ ဖိတ်တဲ့လူတွေကတော့ အိမ်နီးနားချင်း၊ သူ့အဖေရဲ့ သူငယ်ချင်းတွေရဲ့ သမီးတွေ ဆော့ဖော်ဆော့ဖက် ဗမာခလေး ၆အိမ်-၇အိမ်လောက်ပဲ ဖိတ်ပြီး လုပ်ဖြစ်ပါတယ်။ လူကြီးတွေအတွက် ပလာတာ၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊စမူစာပဲရည်သုတ်၊ အချိုပွဲမျိုးစုံ အစရှိသဖြင့် စီစဉ်ထားပြီး ခလေးပရိတ်သတ်အတွက်တော့ KFC က ကြက်သားကြော်မှာပြီး ကျွေးပါတယ်။

ဂျူဂျူလေးဟာ အသက်လေးလဲနဲနဲကြီးလာပြီဆိုတော့ တချို့ကိစ္စလေးတွေမှာ သူ့ဟာသူ စီစဉ်၊ သူ့ဟာသူ ဆုံးဖြတ်တတ်နေပါပြီ။ သူငယ်ချင်းတွေကိုပြန်ပေးဖို့ Goody bag အတွက် ဘာပစ္စည်းတွေ အထဲထည့်မလဲ ဆိုတာ သူအကြံပေးပါတယ်။ သူများအိမ်က မွေးနေ့ပွဲတွေမှာ မြင်နေကျ decoration လေးတွေလဲ လုပ်ပေးဖို့ သူတောင်းဆိုတတ်နေပါပြီ။ မွေးနေ့အတွက် ဈေးဝယ်တော့ သားအမိ၂ယောက် တိုင်ပင်ပြီး ၀ယ်ကြတော့ စိတ်ထဲမှာ ဂျူဂျူလေးတောင် အတော်သိတတ် အရွယ်ရောက်နေပါပကောလို့ တွေးမိပါတယ်။ ဂါဝန်လေးဝယ်တော့လဲ သူက princess ဖြစ်ချင်သူဆိုတော့ ပရင့်ဆက်တွေဝတ်တဲ့ ဂါဝန်ကားကားကို သူ့ဟာသူရွေးချယ်ပါတယ်။ သူရွေးတဲ့ ဂါဝန်လေးက သူနဲ့ အလိုက်ဖက်ဆုံးလဲဖြစ်နေပါတယ်။ သူက ခေါင်းမှာ crown လေးလဲ တပ်ချင်တာ။ ရှာဖို့ အချိန်လဲ သိပ်မရတာနဲ့ Goody bag ထဲက crown လေးနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ဂျူဂျူလေးဟာ ရှားရှားပါးပါး ကျင့်ပပေးတဲ့ သူ့မွေးနေ့လေးမှာ သိပ်ကို ပျော်ပါတယ်။ ခင်မင်ရတဲ့ ဓာတ်ပုံဆရာ မောင်လေးတစ်ယောက်မှ ဓာတ်ပုံတွေလဲ အများကြီး မှတ်တမ်းတင်ပေးခဲ့ပါတယ်။














ဂျူဂျူလေးရဲ့မွေးနေ့မှ နှစ်ပေါင်း များစွာ အသက်ရှည်ပါစေ။ လိမ်မာရေးခြားရှိပြီး အသိဥာဏ်ပညာ ထက်မြက်သော၊ ကျန်မာရွှင်လန်းသော သမီးလေးဖြစ်ပါစေလို့ မေမေမှ ဆုတောင်းရင်း။

Friday, December 10, 2010

ပီအာ ... ပီအာ ... ဘာကြောင့်ဂျက် ...



(ခုလောလောဆယ် စင်္ကာပူမှာ ပီအာတွေ ရီဂျက်မိနေတာနဲ့ ပတ်သတ်ပြီး ဦးခြိမ့်က သူ့ရဲ့ သဘောထား အမြင်ကို ဖိုရမ်မှာ ရေးထားတာလေး တင်ပေးလိုက်ပါတယ်။ )

လွန်ခဲတဲ့ သြဂုတ်လမှာ ၀န်ကြီးချုပ်လီစန်လုံးက နိုင်ငံသားစီစစ်ရေးနဲ့ ပီအာပေးတာနဲ့ပါတ်သက်ပြီး လက်ရှိပြည်ထဲရေးဝန်ကြီးဟောင်း ၀မ်ကန်ဆင်းကို တာဝန်ပေးလိုက်တယ်။ ၀မ်ကန်ဆင်းနဲ့ အဖွဲ့က နိုင်ငံသားလျှောက်လွှာတွေ၊ ပီအာတွေနဲ့ပတ်သက်ပြီး စီစစ်မဲ့တာဝန်ယူမယ်။ ပြန်လည်စစ်ဆေးမယ်လို့ သိရတယ်။

လွန်ခဲ့သော ၂၀၀၅ ကနေ ၂၀၀၈ နှစ်လည်အထိ ပီအာတွေကို လွယ်လင့်တကူချပေးခဲ့တယ်။ ဒီနေရာမှာ မည်သူ့ကိုမျှ မရည်ရွယ်ပါဘူး။ နိုင်ငံခြားသားအားလုံးကို ဆိုလိုပါတယ်။ ဘယ်လောက်အထိ လွယ်လင့်တကူချပေးခဲ့သလဲဆိုရင် စင်္ကာပူနိုင်ငံကို ရောက်တာ ၃လပဲ ရှိသေးတယ်။ ပီအာတင်လိုက်တယ်။ စင်္ကာပူနိုင်ငံကိုရောက်တာ ၆လပဲ ရှိသေးတယ်။ ပီအာရသွားတယ် ဆိုတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။

ယခင်တုန်းက ပီအာလျှောက်တဲ့အခါမှာ ပီအာလျှောက်တဲ့သူရဲ့ ၀င်ငွေ၊ မိသားစု၊ သူရဲ့ ပညာရေးအဆင့်အတန်း၊ စင်္ကာပူနိုင်ငံတိုးတက်မှုမှာ သူရဲ့ လုပ်ဆောင်မှု၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှု(Skill talent) ၊ စင်္ကာပူနိုင်ငံအတွင်းမှာ ရောက်ရှိပြီး စင်္ကာပူ လူမျိုး ရေမြေတွေမှာ ရင်းနှီး ကျွမ်းကျင်မှုပေါ်မှာ မူတည်ပြီးမှ ပီအာ ပေးလေ့ရှိပါတယ်။

ဒါပေမဲ့ ၂၀၀၅ ကနေ ၂၀၀၈ ခုနှစ်အတွင်း လျှောက်တဲ့သူတချို့မှာ ပညာအရည်အချင်းအားဖြင့် မပြည်စုံတာ၊ skill အားဖြင့် သာမန်မျှရှိတာ၊ စင်္ကာပူလူမှုဝန်းကျင်မှာတောင် မကျင်လည်သေးတဲ့ သူတွေကို ပီအာပေးခဲ့တဲ့အတွက် စင်္ကာပူလူမျိုးတော်တော်များများ ပြသာနာရှာခြင်းကို ခံရလို့ အစိုးရအနေနဲ့ နောက်ပိုင်း ပီအာပေးမယ်၊ ပီအာကို သက်တန်းထပ်တိုးမယ်ဆိုရင် ထပ်မံစစ်ဆေးရမယ်ဆိုတဲ့ လမ်းညွန်မှုမျိုးပေးထားပါတယ်။ အဲဒီလိုလမ်းညွန်မှုများကြောင့် ပီအာသက်တမ်းတိုးရာမှာ နှောင့်နှေးတာမျိုးတွေ၊ ပီအာတွေကိုရီဂျက်ပေးတာမျိုးတွေဖြစ်လာခဲ့တယ်။ ဘယ်လောက်အထိတောင်ဖြစ်ခဲ့သလဲဆိုရင် မိဘ ၂ယောက်လုံးပီအာ၊ ၂ ယောက်လုံး အလုပ်အကိုင်နဲ့ ၀င်ငွေအားဖြင့် မိသားစုဝင်ငွေ ၆၀၀၀-၇၀၀၀ လောက်ရှိသော်လည်း မွေးကင်းစ ခလေးကို မှီခိုပီအာချမပေးတာတွေ အထိ ဖြစ်လာခဲ့ပါတယ်။

အဲဒီလိုမျိုးအခြေအနေတွေမှာ ဘယ်နိုင်ငံသားတွေ ပိုထိသလဲလို့ဆိုရင် မြန်မာတွေ၊ ဖိလစ်ပိုင်တွေ ထိပါတယ်။ တကယ်တော့ မြန်မာတွေ ဖိလစ်ပိုင်တွေက ပညာပြည့်စုံသော်လည်း တခြားမြုပ်ကွက်တချို့ကို မပြည့်စုံလို့ပါ။ အဲဒီမှာ လ၀က က သေသေချာချာ စစ်ဆေးမှုကို မလုပ်တောပဲ မြန်မာနဲ့ ဖိလစ်ပိုင်တွေကို အများအားဖြင့် ရီဂျက်ပေးလိုက်တာ များပါတယ်။

စင်္ကာပူမှာ အဓိက လူမျိုးအားဖြင့် တရုပ်၊ မလေး၊ အိန္ဒိယ နွယ်ဖွား ဆိုပြီးရှိပါတယ်။ အဲဒီ ၃မျိုးမှာ မလေး က ကလေးများများမွေးပါတယ်။ တစ်မိသားစုကို ကလေး ၃ယောက်က အနည်းဆုံးလောက်ရှိပါတယ်။ တရုပ်နဲ့ အိန္ဒိယက ကလေးမရတာနဲ့ ရရင်လဲ တစ်ယောက်လောက်ပဲ ပျမ်းမျှရှိပါတယ်။ မူလစင်္ကာပူလူမျိုးကို Balance လုပ်ဖို့အတွက် မလေးများတာကို လူမျိုးရေးမျှအောင်လုပ်ဖို့ တရုပ်လူမျိုးနဲ့ အိန္ဒိယ နွယ်ဖွားကို များများဖြည့်ဖို့ လိုအပ်ပါတယ်။ သူတို့လိုချင်တာ မြန်မာနဲ့ ဖိလစ်ပိုင် မဟုတ်ပါဘူး။ ဒါကြောင့် ပြည်ကြီးတရုပ်နဲ့ အိန္ဒိယ လူမျိုး ပီအာ နိုင်ငံသားသွားလျှောက်ရင် လွယ်ကုပြီးတော့ တခြားလူမျိုးများ သွားလျှောက်ရင် မုချ ရီဂျက်မိဖို့ အခြေအနေ ရှိနေပါကြောင်း ကျွန်တော့်ရဲ့ အမြင် ရိုးရိုးလေး တင်ပြပါတယ်။

နောက်တစ်ခုက ပီအာနဲ့ပတ်သတ်ပြီး ကျွန်တော်ပတ်ဝန်းကျင်မှာ အမှန်တကယ်ဖြစ်သွားတဲ့ အကြောင်းအရာပါ။

လွန်ခဲ့တဲ့ ၈နှစ်လောက်က မြန်မာလူမျိုးယောက်ျားလေး တစ်ယောက် စင်္ကာပူက စကော်လားရှစ်ပေးလို့ ဒီမှာ စကင်ဒရီ ၃ မှာ ကျောင်းလာတက်တယ်။ ခလေးက တော်တော်လေးကို စာတော်ပါတယ်။ သူ့မိဘက စင်္ကာပူမှာ ကျောင်းထားနိုင်လောက်အောင် ၀င်ငွေ မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ မြို့ငယ်လေး တစ်ခုကနေ စင်္ကာပူအစိုးရကနေ ခေါ်လို့ ၀င်ရောက်စာမေးပွဲ ဖြေဆိုရာကနေ စကော်လားရှစ်ရပါတယ်။ သူ့မိဘ ဒီကို လိုက်မလာနိုင်ပါဘူး။ အဲဒီချာတိတ်က သူရဲ့ ရပ်ဆွေရပ်မျိုး ကျွန်တော့်သူငယ်ချင်းက စိတ်ဓါတ်အားဖြင့် စောင့်ရှောက်တာပါ။ အဲဒီချာတိတ်က ကျွန်တော်တို့နဲ့ အတူတူ ကျောင်းပိတ်တိုင်း လာရင်းနဲ့ ၁၃-၁၄ နှစ်သား ဘ၀ကနေ ယခုဘွဲ့ရတာပါ။

ဂျီစီအီး အိုလယ်ဗယ်ဖြေတယ်။ အမှတ်ကောင်းတယ်။ ဂုဏ်ထူးတွေ အများကြီးပါတယ်။ ဒါကြောင့် ဂျူနီယာကောလိပ်ကို စကော်လားရှစ် အသစ်နဲ့ ထပ်တက်ရတယ်။ အဲဒီနောက် ဂျီစီအီး အေ လယ်ဗယ်ဖြေတယ်။ ဂုဏ်ထူးတွေပါတယ်။
အဲဒီနောက် NUS မှာ စကော်လားရှစ်နဲ့ ကျောင်းတက်တယ်။ ကျောင်းတက်တဲ့ အချိန်တွင်းမှာလဲ သူက စာလဲတော် အများကလဲ တင်မြှောက်လို့ NUS အဆောင်တွေမှာ ဟောကျူတာ အဖြစ်သတ်မှတ်ခံရတယ်။ ကျောင်းမှာလဲ ထူးချွှန်တဲ့ ကျောင်းသားအဖြစ် သတ်မှတ်ခံရတယ်။ လစဉ် လစဉ် အတန်းငယ်တွေ ကျူရှင်ပြစားပြီး ၀င်ငွေရှာတာ ကျောင်းမပြီးခင်ကတည်းက တစ်လကို ဒေါ်လာ ၂၅၀၀ လောက်ရပါတယ်။ ဒီလိုနဲ့ ဘွဲ့ရတယ်။ ဘွဲ့ရတော့လည်း Uppper Second class နဲ့ အောင်တယ်။ သူ့ကို ကုမ္ပဏီကြီးတစ်ခုကနေ အခုမှ ကျောင်းပြီးပေမဲ့ (အလုပ်အတွေ့အကြုံမရှိပါ) လခ ၃၅၀၀ နဲ့ ခန့်လိုက်တယ်။ ပီအာလျှောက်ပါတယ်။

တကယ်တမ်းဆိုရင် ကျွန်တော်တို့ အမြဲနောက်ပြောင်ပြောနေကျစကားနဲ့ ပြောရရင် အဲဒီချာတိတ်ကို စင်္ကာပူရဲ့ မွေးစားသား လို့ ဆိုရမှာပါ။ စင်္ကာပူရောက်ခါစကနေ ယခုအချိန်အထိ စင်္ကာပူနိုင်ငံက ပေးတဲ့ စကော်လားရှစ်နဲ့ ကျောင်းတက်တယ်။ စကော်လာက ပိုလို့ မြန်မာပြည်မှာ ကျန်တဲ့ မိဘကိုတောင် ထောက်ပံနိုင်ပါသေးတယ်။

သူပီအာလျှောက်တဲ့ အခါမှ ပီအာရီဂျက်မိပါတယ်ခင်ဗျာ။ သူလို မွေးစားသားကိုတောင် ပီအာ မပေးတဲ့ အခြေအနေပါ။ ပညာရေးအနေနဲ့ တော်တယ်။ စင်္ကာပူမှာ နေလာတာ ၈ နှစ် ကျော်ပါပြီ။ ဒါပေမဲ့ အဲဒီချာတိတ် ပီအာ မရပါဘူး။

ဒါကြောင့် လက်ရှိအခြေအနေကို အားလုံး သိအောင်ပြောပြတာပါ။ ပီအာလျှောက်နေတဲ့ သူတွေ ဘာလို့ ပီအာမရတာလဲဆိုတဲ့ မေးခွန်းမမေးခင် ကျွန်တော်အခု ရေးထားတဲ့ ချာတိတ်အကြောင်းကို အရင်ကြည့်လိုက်ပါ။

အခုလောလောဆယ် ပီအာတင်မယ်ဆိုတဲ့သူများ သတိထားရအောင် ပြောပြလိုက်ပါတယ်။ ၈၀ ရာနှုန်းလောက်က ရီဂျက်မိဖို့ များပါတယ်။
စိတ်ဓာတ်ကျအောင်ပြောတာတော့ မဟုတ်ပါဘူး။ အားလုံး အမှန်ဖြစ်ပျက်နေတာတွေကို သိမြင်အောင်လို့ပါ။ ရွေးကောက်ပွဲအပြီး စင်္ကာပူအစိုးရ မူဝါဒများပြောင်းလဲပြီး ကျွန်တော်တို့ မြန်မာလူမျိုးများ ပီအာများများ ချပေးဖို့ မျှော်လင့်ရုံ၊ ဆုတောင်းရုံသာ ရှိပါတော့တယ် ခင်ဗျာ။
မောင်ခြိမ့်