Tuesday, September 20, 2011

ကြက်ဟင်းခါးသီးနှပ်ခြင်း

မဆွိတီတို့အိမ်ကို ကြီးတော်ရောက်စက ကြက်ဟင်းခါးသီးလေး ချက်ပေးပါဆို ပေးလိုက်တာ ကြက်ဟင်းခါးသီးက ဘို့တွေ အကုန်လှီးပစ်သဗျ။ ဟင် ဘာလို့ဘို့တွေ လှီးပစ်တာတုံးဆိုတော့ သူတို့ ပျဉ်းမနားက အိမ်မှာ အဲလိုပဲချက်သတဲ့။ ပြီးတော့ အစေ့တွေကျတော့လဲ ထုတ်မပစ်ဘူး။ ဒီတိုင်းချက်တာ။ ကိုယ်တွေ ရန်ကုန်မှာ ချက်တာနဲ့တော့ ဆန့်ကျင်ဖက်ပေါ့။ ကိုယ်တွေက အစေ့တွေက မာလို့ဆို အကုန်ထုတ်ပစ်တာ။ နောက်ပိုင်းတော့ ကြီးတော်ကို ရန်ကုန်ကနည်းပဲ ချက်ပါပြောရတယ်။ ဘယ်နဲ့။ ကြက်ဟင်းခါးသီးက အသားကပါးရတဲ့ ကြားထဲ ဘို့တွေလှီးထုတ်တော့ ဘာကျန်မှာလဲ နော့လေ။

တရုတ်တွေကတော့ ကြက်ဟင်းခါးသီးကို ၀က်နံရိုးနဲ့ ကြော်စားတယ်။ ကိုယ်တွေကတော့ ကြက်ဟင်းခါးသီးဆို ပုဇွန်ခြောက် (သို့) ပုဇွန်စိုလေးနဲ့ပဲ နှပ်စားတတ်တာဆိုတော့ သူတို့ဟင်း
ကြားတော့ အံ့သြနေတာ။ ၀က်နံရိုးနဲ့ ကြက်ဟင်းခါး လားလားမှ မဆိုင်လို့ ထင်ထားတာ။ တစ်ခါသား ရုံးနားက ဟော်ကာစင်တာတစ်ခုမှာ စားဖူးတာ ကောင်းသဗျား။ ဒါပေသိ သူတို့ ချက်တဲ့ ကြက်ဟင်းခါးက ဘို့မပါတဲ့ ကြက်ဟင်းခါးဗျ။ အဲဒါမျိုး အညာဖက်တွေမှာလဲ တွေ့ဖူးတယ်။ ပြောင်ပြောင် ချောချောကြီး။ မသိရင် သခွါးသီးလိုလို ဘာလိုလို။ ခါးတာကတော့ အတူတူပါပဲ။ အဲဒီ ၀က်နံရိုး ကြက်ဟင်းခါးက တရုတ်မှာ နာမည်ကြီးဟင်းဆိုပဲနော်။

ကဲ ကြက်ဟင်းခါးသီးလေး ရှားရှားပါးပါး ၀ယ်လာတုံး ကိုယ်ချက်တတ်သလို ပုဇွန်ခြောက်လေးနဲ့ပဲ နှပ်စားကြတာပေါ့။ စင်္ကာပူမှာတုံးကတော့ ကြက်ဟင်းခါးသီး သိပ်ပေါတာ။ ၁၂ လရာသီ ၀ယ်လို့ရတယ်။ အိမ်က ကြီးတော်ရော ကိုယ်ရော ကြိုက်လို့ ခဏခဏ ချက်စားကြတာ။ ဦးမောင်ခြိမ့်ကတော့ သွေးတက်လို့ အများကြီး မစားရဲပါဘူးတဲ့ဗျာ။ အခုဝယ်လာတဲ့ အသီးက အကြီးမျိုးတဲ့၊ သွေးမတက်ဘူးလို့ သူကပြောတယ်။ ဟုတ်လဲဟုတ်တယ်ဗျ။ မနေ့က စားတာ ဘယ်လိုမှ မနေဘူး။ အိပ်ငိုက်တာမျိုး၊ သွေးလေးတာမျိုး မရှိဘူးပြောတာပါ။

ကြက်ဟင်းခါးသီးကို ပါးပါးလှီးလိုက်ပြီး ဆားနဲ့နယ်ဆေးလိုက်တယ်။ ပြီးတော့ အခါးနဲနဲသက်သာသွားအောင် ၂ခါ ၃ခါလောက် အရည်တွေ ညှစ်ချလိုက်တယ်။



ကြက်သွန်နီတစ်ဥ၊ ကြက်သွန်ဖြူ ၅မွှာ၊ ငပိ အနည်းငယ်(ထန်းလျှက်ခဲ တစ်လုံးစာခန့်)၊ ပုဇွန်ခြောက်မှုန့် ၂ဇွန်း၊ ငရုပ်သီးမှုန့် တစ်ဇွန်း၊ ဆနွင်းမှုန့် အနည်းငယ်တို့ကို ရောထောင်းလိုက်ပါတယ်။ (ဇွန်း= စားပွဲဇွန်း)

 အနှစ်ထောင်းထားတာကို ကြက်ဟင်းခါးသီးနဲ့ နယ်ပါတယ်ခင်ညာ။ ငါးငံပြာရည် ဇွန်းဝက်လောက်နဲ့ ဆီ ၃ဇွန်းပါထည့်ပြီး နယ်ပါတယ်။ ပြီးတော့ မီးဖိုပေါ်တင် တည်လိုက်ပါတယ်။ ရေခန်း လို့ ဖျစ်ဖျစ်မြည်လာရင် မွှေးသွားအောင် မွှေပေးလိုက်ပါသေးတယ်။ နောက်ငရုပ်ဆုံ လက်ဆေးရေလေးထည့် အဖုံးပိတ် ကြက်ဟင်းခါးသီး အိလာသည်အထိ နှပ်ထားပါတယ်။

ကြက်ဟင်းခါးသီးက နုတော့ ခဏပါပဲ။ အကြာကြီးနှပ်ပြီး အရမ်းပျော့သွားရင်လဲ မကောင်းဘူးဂျ။ စိမ်းနေတုံးချပါဗျ။



စားကြပါဦး။ ဒါမျိုးဆို တခြားအသားဟင်းမပါလဲ ထမင်းဖြူလေးနဲ့ ဒီတိုင်းလဲ တို့ကတော့ ... တို့ကတော့  ကြိုက်တာပါပဲကွယ်။း)


15 comments:

  1. ကြက်ဟင်းခါးသီးဆို ပုဇွန်ခြောက်၊ ပုဇွန်စို ဘာနဲ့ချက်ချက် ကြိုက်တယ်။ ဗုံလုံသီးအစာသွပ်သလိုမျိုး ကြက်ဟင်းခါးထဲ ၀က်သား အဆာပလာထည့်ပြီး အစာသွပ်နှပ်စားရင် အရမ်းကောင်းတယ် တီဆွိ။ အဲ.. ကြက်ဟင်းခါးသီးက အာလူးနဲ့ မတည့်ဘူး၊၊ မူးဝေပြီး တောက် တတ်တယ်လို့ ပြောတာကြားဘူးတယ်။

    ReplyDelete
  2. ငယ်ရွယ်စဉ်က ကြက်ဟင်းခါးသီးနှပ်ကို မကြိုက်ခဲ့ပေမယ့်
    အသက်ရလာတာနဲ့အမျှ အတော်နှစ်သက်တယ် စွိတီရေး)
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ကြက်ဟင်းခါးသီးကို တစ်ခါမှ ကိုယ်တိုင်နှပ်မစားဖူးသေးပေမယ့် နောက်တစ်ခါကျ လုပ်စားလို့ရအောင် လာမှတ်သွားတယ်။း)

    ReplyDelete
  4. ဒီတခါတော့ ကိုယ့်အကြိုက်မို့ အကြီးကြီး မကလစ်ရဲတော့ပဲ အသာလေး ပြန်လစ်သွားရကြောင်းပါ...

    ReplyDelete
  5. ကြက်ဟင်းခါးသီးဆို ငယ်ငယ်က အသေးမျိုးလေးတွေပဲစားကြတာ တော်တော်ခါးလို့ ဘို့တွေလှီးထုတ်ပစ်ရတယ်။ သိပ်ခါးရင်အမေက တရေတောင်ပြုတ်ပြီးသွန်ပစ်သေးတယ်။ ခုနောက်ပိုင်းတော့ ဆားနဲ့နယ်ရုံနဲ့ရပြီ...အဲလိုမခါးတော့သလိုပဲ။ အကြီးမျိုးကြီးတွေဆိုပိုတောင်မခါးဘူး။ ၀က်နံရိုးနဲ့အဖြူထည်တော့ဆိုင်မှာစားဖြစ်ပေမယ့်အိမ်မှာတော့ပုစွန်ခြောက်နဲ့ပဲ ခြောက်နေအောင် ဗာလချောင်ကြော်လို ကြော်စားဖြစ်တာများပါတယ်။ အထားခံတယ်။ ခုလိုအစိုနှပ်လေးလည်းစားဖြစ်ပါတယ်။

    စူးနွယ်လေး

    ReplyDelete
  6. ကြိုက်တယ်...ကြက်ဟင်းခါးသီးအရမ်းကြိုက်တယ်... ဝက်သားသုံးထပ်သားပါးပါးလှီးပြီးရောကြော်ရင်ပိုကြိုက်တယ်....

    ReplyDelete
  7. ‌ဟော‌တော့်..တိုက်ဆိုင်လှချည်လား၊ခုဘြဲကက်ဟင်းခါးသီးနဲ့ထမင်းစား
    ပြီးလို့ကွန်ပြူးဖွင့်လိုက်တာ..မဆွိဘ‌လော့ဂ်မှာပို့စ်အသစ်ရှိမှာဘဲဆြိုပီး‌တော့..၊
    ချက်ပုံချက်နည်းကအစတူ‌နေပါ‌ရောလား..တို့လဲပုဇွန်ေ ခြာက်နဲ့ချက်တာ
    ကြိုက်တယ်..ဒါ‌ပေမဲ့ပုဇွန်ေ ခြာက်မရှိရင်‌တြော့ကက်သားနဲ့ချက်တာဘဲ..
    မတည့်ဘူးလြို့ကားဖူး‌ပေမဲ့ ခဏခဏချက်စားဖြစ်တယ်၊ခုထိ‌တော့ဘာမှ
    မဖြစ်ဖူးဘူး..။

    ReplyDelete
  8. တို့လဲ ကြက်ဟင်းခါးသီးနှပ်နဲ့ ကြက်သားကြော်နဲ့စားတယ်။ မတည့်ဖူးလို့ ကြားဖူးပေမဲ့ ခဏခဏတွဲစားဖြစ်တယ်၊ ခုထိတော့ဘာမှ မဖြစ်ဖူးဘူး ..။း)

    ReplyDelete
  9. ခါးတာတွေအားလုံးကိုကြိုက်တဲ့အတွက်
    အားရပါးရကိုပုံတွေကြည့်လိုက်ပါတယ်ရှင်
    ကြက်ဟင်းခါးသီးဆိုရင်ဘယ်လိုပဲလုပ်လုပ်ကြိုက်ပါတယ်။
    အစားတွေလုပ်စားရတာဝါသနာပါတော့ နောက်ဆိုရင်
    အမြဲရောက်ဖြစ်မှာပါရှင်။
    ချစ်ခင်တဲ့ jasmine

    ReplyDelete
  10. အိုး အို . . ဘန်နာပုံလေးက လှမှလှပါလား။ကြည်.ရတာ ကောင်းလိုက်တာ။

    ReplyDelete
  11. အဒေါ်တစ်ယောက်ကတော. ကြက်သား ကြက်ဟင်းခါးသီးနဲ. အာလူးတွဲပြီး ဆီလည်ရေလည် အမြဲချက်သဗျာ. အဲဒါသူ.မူပိုင် ဟင်းစပ်အတွဲပါဗျာ

    ReplyDelete
  12. လုံးပြီးချက်တာ မဆွိရေးမှပဲ သိတော့တယ်၊ စမ်းချက်ကြည့်ဦးမယ်၊
    အရင်ကတော့ ကြက်ဟင်းခါးသီးကို ကြက်သွန်ဖြူ ၊ ကြက်သွန်နီနဲ.ဆီသတ်ပြီးချက်စားတယ်၊ ကြက်ဟင်းခါးသီးက သကြားဓါတ်ကိုထိန်းပေးတော့ ဆီချိုသမားတွေ များများ စားပေးသင့်ပါတယ်၊ ဆေးဘက်ဝင်တယ်

    ReplyDelete
  13. မ...နှင်းဆီရောင်လောင်းကြေးဆက်ရေးပါအုံး..
    ပန်းတွေပွင့်ေ၇ာပေါ့..
    အနမ်းတွေလည်းချွှေပြီးရောပေါ့..

    ReplyDelete
  14. နှင်းဆီပန်းက လုံးဝတော့ မပွင့်သေးဘူး။ အဖူးပဲရှိသေးတယ်။ အရောင်ကိုတော့ ညင်နေရပါပြီဂျာ။ ပွင့်လာမှပဲ ရိုက်ပြီးတင်မလို့။

    ReplyDelete
  15. ကြက်ဟင်းခါးသီးမစားရတာ အတော်ကြာပြီကော..တီတီဆွိ ကြက်ဟင်းခါးသီးနှပ်ကို မြင်မှ ပိုစားချင်သွား၏...

    ReplyDelete