Friday, March 25, 2011

မုန့်ဖက်ထုပ် ပူပူနွေးနွေး စားရအောင် ...

မုန့်ဖက်ထုပ်ဆိုတာ မြန်မာပြည်မှာနေတုံးက ညအချိန်ကျမှ မုန့်ဖက်ထုပ်ပူပူလေးဆို အော်ပြီး တစ်အိမ်တက်ဆင်း ရောင်းတတ်ကြတာပါ။ မုန့်ဖက်ထုပ်က ဖက်နံ့သင်းသင်းလေးကို အလွန်ကြိုက်ပါတယ်။ ဒီရောက်တော့ မုန့်ဖက်ထုပ်လည်း မစားရတော့ပြီ။ မြို့ထဲဖက်ထွက်ဖို့ပျင်းတော့ ပင်နီစူးလားဘက်လဲ မရောက်တာကြာပြီ။ ရောက်ပြန်တော့လည်း စားစရာတွေ မျိုးစုံစားရင်းနဲ့ မုန့်ဖက်ထုပ်ဝယ်ဖို့ကမေ့ပြီ။

ဒါနဲ့ တစ်ခါတစ်လေ အရမ်းစားချင်လာတော့ သတိရတုံးလေး ကိုယ့်ဟာကိုယ်ပဲ လုပ်စားလိုက်ရသည်း)

အုန်းသီး တစ်ခြမ်းကို ကုန်အောင် ခြစ်ပါတယ်။ ဒါမှမဟုတ် ဆိုင်ကနေ ခြစ်ပြီးသားဝယ်ရင်လဲရပါတယ်။ ဒယ်အိုးထဲ မီးအနေတော်ထား၊ သကြားများများ နဲ့ အုန်းသီးကို ယိုထိုးပါတယ်။ ယိုဆိုပေမဲ့ ရေမပါအခြောက်ဆိုတော့ အုန်းမှန်ကူလို ကျွတ်ကျွတ်လေး ဖြစ်နေပါတယ်။ ရေပါရင် မုန့်အထဲထည့်တဲ့နေရာမှာ မုန့်နှစ်တွေရေပျော်ပြီး ထာပနာ မလုံမှာစိုးလို့ ခြောက်ခြောက်လေးလုပ်ထားရပါတယ်။

အုန်းယို ထာပနာ


အမှုန့်ထုတ်တွေက တော့ စလုံးမှာ အောက်ထပ်က ဆိုင်လေးတွေမှာ ၀ယ်မလား၊ NTUC မှာ ၀ယ်မလား အင်မတန်ပေါပါတယ်။

မုန့်လုံးရေပေါ် လုပ်နည်းကားအတိုင်း ကောက်ညှင်းမှုန့်၎ဆ၊ ဆန်မှုန့်တစ်ဆ ရေနဲ့နာအောင်ရောနယ်ပြီး ခဏနှပ်ထားပါတယ်။

ငှက်ပျောရွက်တွေကို ပထမဆုံး ပျော့သွားအောင် ရေနဲ့ပေါင်းပါတယ်။ ၅မိနစ်လောက် အဖုံးလေးပိတ်ပြီးပေါင်းပါတယ်။ နောက်မှို့ဆို ငှက်ပျောရွက်က မုန့်ထုပ်နေတုံး အထိမခံ အလွန်ကွဲလွယ်လို့ပါ။
ငှက်ပျောရွက်ကို ၇လက်မ ပတ်လည်လေးတွေ ကတ်ကြေးနဲ့ ညှပ်ထားပါတယ်။မုန့်ထုပ်တဲ့အခါ ဖက်ခွာတဲ့အခါမကပ်အောင် ဖက်ကို ဆီနဲ့ အရင် သုတ်လိမ်းပေးထားပါတယ်။


မုန့်နယ်ထားတာကနေ လက်တစ်ဆုတ်စာလောက် အနေတော်ယူပြီး လုံးပြီး အလည်မှာ အခေါင်းပေါက်လေးလုပ်ပြီး
အုန်းယိုထည့်ပါတယ်။ ချိုအောင် မုန့်ပေါ်ကို ပေါက်မထွက်တဲ့အထိ အုန်းယိုများများ ထာပနာထည့်ပြီး မုန့်နဲပြန်ပိတ်ပြီး ပြန်လုံးပါတယ်။



ငှက်ပျောရွက်ကို ကတော့လေးလုပ်ပါတယ်။ အောက်ဆုံးကအချွန်လေးကို မုန့်ဝင်အောင် အရင်ဖြည့်ပါတယ်။ နောက်တော့ မုန့်ထာပနာပြီးလုံးထားတာကို ကတော့ထဲထည့်ပါတယ်။ မုန့်ကို ကတော့ပုံသုံးမြှောင့်လေးဖြစ်အောင် အပေါ်ကနေ လက်နဲ့ အသာဖိပေးပါတယ်။ပြီးတော့ ပိုနေတဲ့ ငှက်ပျောရွက်အနားတွေနဲ့ ပုံမှာ ပြထားတဲ့အတိုင်း ပြန်ပိတ်ပြီး သွားကြားထိုးတံလေးနဲ့ အရွက်တွေ ပြေမသွားအောင်အသာလေးထိုးပြီး ပေါင်းမဲ့ စကာထဲ စီထည့်ပါတယ်။








ပြီးရင် အောက်က ရေခံအိုးထဲ ရေထည့် (အပေါ်က မုန့်ထုပ်ကို ရေမထိအောင် ဂရုစိုက်ထည့်ပါ) အပေါ်က မုန့်ဖက်ထုပ်စကာ တင်၊ အဖုံးလုံအောင်အုပ်ပြီး ပေါင်းနိုင်ပါပြီ။ အဖုံးလုံရင် နာရီဝက်လောက်ပေါင်းရင် ကျက်ပါတယ်။ အဖုံးမလုံရင်တော့ ၄၅ မိနစ်လောက်ပေါင်းရပါတယ်။ ပေါင်းအိုးနဲ့ပေါင်းရင် အကောင်းဆုံးပါပဲ။
ဒီလို ထမင်းပေါင်းအိုးက steam cooker လေးတွေနဲ့ ပေါင်းလဲ အလွန်မြန်ပါတယ်။






မုန့်ဖက်ထုပ် ဖက်နံ့သင်းသင်း ပူပူနွေးနွေး စားလို့ရပါပြီရှင်။ အားပေးကြပါဦး။

Tuesday, March 22, 2011

အော်ဇီ ပီအာ လျှောက်ရအောင် (၂) ...

လာမယ့် ဇူလိုင်လ (၁)ရက်ကနေ့ကစ အကြုံးဝင်မည့် အော်စီပီအာ လျှောက်ခြင်း Point system အသစ်ကို အပိုင်း(၂) အနေနဲ့ ဆက်တင်ပေးလိုက်ပါတယ်။ အပိုင်း (၁) ကအတိုင်း ကူးချထားပြီး ပြင်ရမည့်နေရာများတွင်သာ ပြင်ရေးပေးလိုက်ပါသည်။

General Skill Migration အတွက် လျှောက်တော့မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ အဓိကလုပ်ရမှာက ကိုယ်က အမှတ်ဘယ်လောက်ရသလဲဆိုတာ အရင်စစ်ဆေးရမှာဖြစ်ပါသည်။ Point System လို့ခေါ်ပါတယ်။ ကိုယ်လျှောက်မဲ့ ဗီဇာ အမျိုးအစားပေါ်မှာ မူတည်ပြီးတော့ သူတို့ သတ်မှတ်ထားတဲ့ အမှတ်ရမှ လျှောက်သင့်တယ်လို့ အကြံပေးပါရစေ။ အဲဒီလိုအမှတ်တွက်တာကို ဘယ်ပွဲစားမှ ဆက်သွယ်စရာမလိုပါဘူး။ ကိုယ့်ဘာသာကိုယ် တွက်ကြည့်လို့ ရပါတယ်။ အသေးစိတ်ကို အောက်မှာ ရှင်းပြပေးပါမယ်။

အမှတ်တွက်ကြည့်ရအောင် (Point System Calculation)
General Skill Migrant Visa မှာ အမြင့်ဆုံးဖြစ်တဲ့ Skilled Independent Visa (Class VE, subclass 175) (သို့) State sponsor 176 ကိုလျှောက်တော့မယ်ဆိုရင် အမှတ် ၆၅ ရှိရမယ်လို့ ခန့်မှန်းချေ သတ်မှတ်ထားပါတယ်။ အတိအကျတော့ မထွက်သေးပါဘူး။ အောက်ကလင့်ခ်မှာ အသေးစိတ် ရေးထားပါတယ်။ အကြမ်းဖျင်း သွားတွက်ကြည့်နိုင်ပါတယ်။
http://www.immi.gov.au/skilled/general-skilled-migration/pdf/points-fact.pdf

တခြားအဆင့်တွေကိုလဲ ဆက်လက်ပြောပြပါမယ်။ အခုလောလောဆယ် အမှတ်တွေကို ဘယ်လို အရယူတွက်ချက်ရမလဲဆိုတာ ပြောပြရရင်

၁။ အသက်အရွယ်
နိုင်ငံတခုက သူ့နိုင်ငံမှာ အခြေချနေလိုတဲ့ လူတွေကို လက်ခံမယ်ဆိုရင် အသက်အရွယ် ငယ်ရွယ်သူတွေကို ဦးစားပေးတာ သဘာဝပါပဲ။ အသက်အရွယ် ငယ်ရွယ်စဉ်မှာ သူနိုင်ငံကို ရောက်ရှိမယ်ဆိုရင် သဘောကျတာပေါ့။ ဒါကြောင့် Migrant လုပ်ဖို့ စဉ်းစားပြီဆိုရင် ငယ်ရွယ်စဉ်မှာ ပြတ်ပြတ်သားသား စဉ်းစားပြီး လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။

အသက် ၁၈ နှစ်မှ ၂၄ နှစ်အထိ = အမှတ် ၂၅
အသက် ၂၅ နှစ်မှ ၃၂ နှစ်အထိ = အမှတ် ၃၀
အသက် ၃၃ နှစ်မှ ၃၉ နှစ်အထိ = အမှတ် ၂၅
အသက် ၄၀ နှစ်မှ ၄၄ နှစ်အထိ = အမှတ် ၁၅
အသက် ၄၅ နှစ်မှ ၄၉ နှစ်အထိ = အမှတ် ၀ တို့ဖြစ်ပါတယ်။

၂။ အင်္ဂလိပ်စာ ကျွမ်းကျင်မှု (higher English Language ability)
တကယ်တမ်းဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းက မနိမ့်ကျပါဘူး။ ဒါပေမဲ့လည်း သူတို့ သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကို တိုင်းတာတဲ့ အရာက IELTS ပါပဲ။ မြန်မာတော်တော်များများ IELTS ကို ဖြေဖို့ ၀န်လေးကြပါတယ်။ တကယ်တမ်း IELTS ဖြေဆိုတာ သိပ်မခက်ခဲလှပေမဲ့ အမှတ်များများရအောင် ဖြေဖို့တော့ ခက်ပါတယ်။ IELTS Result ပေါ်မှာ ကြည့်ပြီး အမှတ်ပေးတာမိုလို့ IELTS ကို လည်း လေးလေးနက်နက် ဖြေစေလိုပါတယ်။
(အရင်က band 6 ရရင် အမှတ်ပေးပေမဲ့ ခု အသစ်ကတော့ band 6 ကို အမှတ်မပေးတော့ပါဘူး။ band 7 ရမှ ဆိုတော့ အဂ`်လိပ်စာ ကျွမ်းကျင်မှုအရည်အချင်းကို မျှင့်တင်လိုက်တဲ့သဘောပါ။ ဘာသာစုံ band 7 ရဖို့တော့ တော်တော်ခက်ပါတယ်။)
Superior English - IELTS 8 (not average, every subject should score 7 and above) = ၂၀ မှတ်

Proficient English - IELTS 7 (not average, every subject should score 7 and above) = ၁၀ မှတ်

Competent English - IELTS 6 (not average, every subject should score 6 and above)= ၀ မှတ်


၃။ အော်ဇီမှာ လုပ်ဖူးတဲ့ အလုပ်အတွေ့အကြုံ

အော်ဇီမှာ လက်ရှိနေထိုင်နေသူတွေ အတွက် အခွင့်အရေးပိုပေးထားတဲ့ သဘောပါ။ အရင် Point system အဟောင်းမှာလဲ ပါပါတယ်။
အော်ဇီလုပ်သက် ၁ နှစ် (ပြီးခဲ့တဲ့ ၂နှစ် အတွင်း လုပ်ဖူးသူ) = ၅မှတ်

အော်ဇီလုပ်သက် ၃ နှစ် (ပြီးခဲ့တဲ့ ၅နှစ် အတွင်း လုပ်ဖူးသူ) = ၁၀မှတ်

အော်ဇီလုပ်သက် ၅ နှစ် (ပြီးခဲ့တဲ့ ၇နှစ် အတွင်း လုပ်ဖူးသူ) = ၁၅မှတ်



၎။ အော်ဇီပြင်ပ မည်သည့်နိုင်ငံတွင်မဆို လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အတွေ့အကြုံ

အော်ဇီပြင်ပ လုပ်သက် ၃ နှစ် (ပြီးခဲ့တဲ့ ၅နှစ် အတွင်း လုပ်ဖူးသူ) = ၅မှတ်

အော်ဇီပြင်ပ လုပ်သက် ၅ နှစ် (ပြီးခဲ့တဲ့ ၇နှစ် အတွင်း လုပ်ဖူးသူ) = ၁၀မှတ်

အော်ဇီပြင်ပ လုပ်သက် ၈ နှစ် (ပြီးခဲ့တဲ့ ၁၀နှစ် အတွင်း လုပ်ဖူးသူ) = ၁၅မှတ်


ဒီနေရာမှာ သက်သေပြဖို့ လိုအပ်တာကတော့ ကုမ္ပဏီက ထောက်ခံစာ၊ pay slip ၊ ကိုယ်လုပ်တဲ့ အလုပ်မှာ တာဝန်ယူရတဲ့ Responsibilities အနည်းဆုံး ၅ ခုနဲ့ ကိုယ်ရဲ့လုပ်သက်တွေကို သေသေချာချာ ရေးသား ပြီး တင်ပြရပါတယ်။

၅။ ပညာအရည်အချင်း
သြစတျေးလျမှာဘွဲ့ရဖူးသူ (သို့) သြစတျေးလျက အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ရဖူးသူဆိုရင်
ဒေါက်တာဘွဲ = ၂၀ မှတ်၊
မာစတာနဲ့ ဘတ်ခ်ျလာ = ၁၅ မှတ် နဲ့
ဒီပလိုမာ (အနည်းဆုံး ၂ နှစ်တက်ခဲ့သူ) ဆိုရင် = ၁၀မှတ် ပေါင်းထည့်ပေးရပါတယ်။

၆. အော်ဇီမှာ ကျောင်းတက်ဖူးသူတွေအတွက်
အော်ဇီမှာ full time ၂နှစ် တိတိ တက်ဖူးရင် ၅ မှတ်ထပ်ပေါင်းပေးပါတယ်။

၇။ ဘာသာစကား ကျွမ်းကျင်မှု
ဘာသာစကားကျွမ်းကျင်မှုအတွက် ၅ မှတ်ရပါတယ်။ ဒီနေရာမှာ ဘာသာစကား ဆိုရာမှာ ကိုယ်က မြန်မာလူမျိုးဖြစ်လို့ မြန်မာဘာသာကနေ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စာကနေ မြန်မာစာကို သဒ္ဒါနည်းကျစွာ အပြန်ပြန် အလှန်လှန် ဘာသာပြန်နိုင်ခြင်းကို ဆိုလိုတာပါ။ ရမဲ့ အမှတ်က ၅ မှတ်ထဲဖြစ်ပြန် စာမေးပွဲ ဖြေရမှာ ဆိုတော့ အဲဒီအတွက် အချိန်ကုန်ခံပြီး လုပ်ဖို့ အားမပေးလိုပါဘူး။

၈။ကိုယ့်ရဲ့ ပါတနာ (Spouse) ရဲ့ အရည်အချင်း
ကိုယ့်ရဲ့ ပါတနာရဲ့ ကျွမ်းကျင်မှုကလည်း ကိုယ့်လိုပဲ၊ General Skilled Migration အတွက် လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံနေရင် နောက်ထပ် ၅ မှတ် ပေါင်းထည့်ပေးပါတယ်။ အဲဒီအမှတ်ရဖို့ ပါတနာက IELTS ဖြေ၊ အနည်းဆုံး ၄.၅ ရရပါမယ်။ မဖြေချင်သူတွေ အမှတ်မရပါဘူး။ မဖြေချင်သူတွေ လျှောက်လွှာတင်ချိန်ကတည်းက အော်ဇီဒေါ်လာ ၃၅၇၅ ကြိုပေးရပါမယ်။ သင်တန်းကြေးဖြစ်ပါတယ်။ အော်ဇီရောက်မှ အင်္ဂလိပ်စာ သင်တန်းတွေ တက်ရပါမယ်။

၉။ လုပ်သက်အတွေ့အကြုံ ကျွမ်းကျင်မှု (အထူး)
ဒီအတွက် ၅မှတ်ထပ်ပေးပါတယ်။
အော်ဇီက professional အဖွဲ့အစည်းတွေက အသိအမှတ်ပြု ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ရပြီးသူတွေ ဖြစ်နိုင်ပါတယ်။

၁၀။ Sponsorship by state or territory government
အရင်က subclass 175 အတွက် အမှတ်မပြည့်ရင် subclass 176 အနေနဲ့ state sponsor ကနေ အမှတ်ယူရသလိုပဲ ခုအသစ်ကလဲ အဲဒီအတွက် ၅မှတ် ထပ်ရပါတယ်။

၁၁။ ဆွေမျိုး စပွန်စာ
အော်ဇီမှာ လက်ရှိနေထိုင်သူ နိုင်ငံသား (သို့) PR ဆွေမျိုးနီးနီးစပ်စပ်တွေက ထောက်ခံပေးရင် အဲဒီအတွက် ၁၀ မှတ် ရပါတယ်။

၁၂။ ကိုယ်လျှောက်တဲ့ ဒေသမှာ ကျောင်းတက်ဖူးရင်
အဲဒီအတွက် ၅ မှတ်ထပ်ပေးပါတယ်။


အမှတ်တွေပေါင်းကြည့်ရအောင် ...
ကဲ အမှတ်တွေကို ဘယ်လိုတွက်ရသလဲ ဆိုတာ ပြောပြီးတဲ့ အခါမှာ အမှတ်ဘယ်လောက်ရသလဲ ဆိုတာ ပေါင်းကြည့်လိုက်ပါဦး။

၁. Skilled Independent GSM Visa, Class VE, Subclass 175 နှင့်
၂. Skilled Sponsored GSM Visa, Class VE, Subclass 176 အတွက် ၂ခုစလုံး အမှတ် ၆၅ ရမယ်ဆိုလျင် ဗီဇာ လျှောက်လို့ရပါပြီ။ အပေါ်က ပြောတဲ့ ဗီဇာတွေက ဗီဇာရရင် ပီအာ (Permanent resident) အဖြစ် ကိုယ်ရယ်၊ မိသားစု သားသမီးတွေ (အသက် ၁၈ နှစ်အောက်) ပါ ပီအာ ပေးအပ်တာ ဖြစ်ပါတယ်။

လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုဆောင်းရန် (Requirement Document Collection)
ကျွန်တော် ပြောခဲ့တာတွေက အမှတ်တွက်တာပဲ ရှိပါသေးတယ်။ အမှတ်တွက်ကြည့်လို့ ကိုယ်ရတဲ့ အမှတ်က သူတို့ သတ်မှတ်ထားတဲ့ ဘောင်ဝင်နေပြီဆိုရင် ကျွန်တော်တို့ Migration Visa လျှောက်ဖို့ ပြင်ဆင်ကြရတော့မှာပါ။

၁။ ၾသစေတ်းလ် ပီအာ လျှောက်တော့မယ်ဆိုရင် မရှိမဖြစ်နဲ့ အရေးကြီးဆုံးလိုအပ်တာကတော့ IELTS General Training စာမေးပွဲ ဖြေရပါမယ်။ အင်္ဂလိပ်စာကို လေ့လာရပါမယ်။ Listening, Reading, Writing and Speaking Score တွေအားလုံး အနည်းဆုံး ၇မှတ်ရအောင် ဖြေရမှာပါ။ နိုင်ငံတော်တော်များများမှာတော့ British Council မှာ အဲဒီစာမေးပွဲတွေ သွားဖြေလို့ရပါတယ်။ စာအုပ်စာတမ်းနဲ့ ပတ်သက်ပြီး အင်တာနက်မှာ လွယ်လင့်တကူလိုက်ရှာလို့ရပါတယ်။ လေ့ကျင့်စရာ စားမေပွဲ မေးခွန်းတွေလဲ အများကြီးပါ။

၂။ IELTS စာမေးပွဲ ဖြေဆိုပြီးသွားလို့ လိုအပ်တဲ့ အမှတ်ရပြီဆိုရင်တော့ ကျွန်တော်တို့ နောက်တလှမ်းအနေနဲ့ ဆက်လက်လုပ်ရမှာကတော့ ကျွမ်းကျင်မှု စစ်ဆေးခြင်း (Skilled Assessment) လုပ်ရပါမယ်။

က။ အင်ဂျင်နီယာများဆိုရင် Australian Engineer
(http://www.engineersaustralia.org.au/) VETASSEASSE (http://www.vetassess.com.au/)
ခ။ နာမ်စ် တွေဆိုရင် Australian Nursing and Midwife Council (http://www.anmc.org.au/)
ဂ။ ဒေါက်တာများ အတွက် Australian Medical Council (http://www.amc.org.au/)
ဃ။ ကွန်ပြူတာသမားများအတွက် Australian Computer Society (http://www.acs.org.au/)
င။ Account သမားများအတွက် CPA Australia (http://www.cpaaustralia.com.au/cps/rde/xchg)

စတဲ့ အဖွဲ့အစည်းတွေမှာ မိမိတို့ရဲ့ ဘွဲ့၊ နဲ့ အလုပ်အကိုင်တွေက Australian Standard နဲ့ တူညီပါတယ်ဆိုတဲ့ အကြောင်း Skilled Assessment လုပ်ရပါမယ်။ ပေးထားတဲ့ ဆိုဒ်တွေသွားပြီးတော့ Immigration အတွက် လိုအပ်ချက်များဆိုတဲ့ နေရာတွေမှာ ရှိတဲ့ ဖောင်တွေ၊ လိုအပ်တဲ့ ဘွဲလက်မှတ်တွေ၊ အတွေ့အကြုံနဲ့ ပတ်သက်တဲ့ အထောက်အထား၊ Essay များ ရေးသားတင်ပို့ပြီး အစစ်ဆေးခံရပါမယ်။ အော်စီဒေါ်လာ ၂၅၀ လောက်ကနေ ၁၀၀၀ ပတ်ဝန်ကျင်းလောက် ကုန်တတ်ပါတယ်။

၃။ ရထားသမျှ ဘွဲ့လက်မှတ်တွေ၊ Transcripts တွေကို မိမိ နေထိုင်ရာ မှာရှိတဲ့ နိုတြီရှေ့နေများထံသွားပြီး နိုတြီလုပ်ပါ။ မိမိတင်မကဘူး။ မိမိပါတနာ (Spouse) အတွက်ပါ လုပ်ပါ။

၎။ အသက် ထောက်ခံချက်နဲ့ ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ မွေးစာရင်း ၊ ပါတနာ၊ သားသမီး တို့ရဲ့ မွေးစာရင်းတွေကို မြန်မာပြည်မှာ ဘာသာပြန်ပြီး တော့ နိုတြီ လုပ်ဖို့ လိုအပ်ပါတယ်။

၅။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံပြီလား မပြည့်စုံသေးဘူးလားဆိုတာ သေချာစွာ စစ်ဆေးဖို့ လိုအပ်ပါတယ်။
က။ လျှောက်လွှာ (http://www.immi.gov.au/allforms/pdf/1276.pdf)
ခ။ လျှောက်လွှာခ (http://www.immi.gov.au/allforms/990i.htm)

ဂ။ မွေးစာရင်း နိုတြီလုပ်ပြီးသား
ဃ။ Skilled Assessment (သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင် အလိုက်)
င။ လက်ရှိ အလုပ်မှ ထောက်ခံစာ နှင့် လုပ်သက်အတွက် အထောက်အထား
စ။ မိမိရဲ့ လက်ရှိ စီဗွီ (Resume)
ဆ။ မိမိ ဘာသာ Point Test လုပ်ထားသော Web Link
ဇ။ IELTS Band Score Original
စ်။ မိမိ ဇနီး (၀ါ) ယောက်ျား ၏ လုပ်ငန်းအတွေ့အကြုံ နဲ့ ဘွဲလက်မှတ်များ
ည။ မိမိ၏ ဘွဲ့လက်မှတ်များ
ဋ။ မိမိ မိသားစု အားလုံး၏ ပါတ်စ်ပို့စ် မိတ္တူ များ (စာရွက်တိုင်းတွင် လက်မှတ်ထိုးရန်လိုအပ်ပါသည်။)

လျှောက်ရမည့်လိပ်စာ
တခြား မိမိ တင်ပြလိုသော စာရွက်စာတမ်းများအားလုံးကို ပြည့်စုံသွားပြီဆိုလျင် အွန်လိုင်းကပဲ ဖြစ်ဖြစ် စာတိုက်ကပဲ ဖြစ်ဖြစ် လှမ်းလျှောက်လို့ရပါပြီ။ လျှောက်ရမဲ့လိပ်စာကတော့

By post:
Adelaide Skilled Processing Centre
Department of Immigration and Citizenship
GPO Box 1638
Adelaide SA 5001, AUSTRALIA

By courier:
Adelaide Skilled Processing Centre
Department of Immigration and Citizenship
4th Floor, 55 Currie Street.
Adelaide SA 5000. AUSTRALIA

အင်္ဂလိပ်လို အသေးစိတ် သွားဖတ်ချင်ရင် ...
အောက်က လင့်ခ်မှာ Skilled – Independent (Migrant) Visa (Subclass 175) နဲ့ ပတ်သတ်တာတွေ အားလုံး အသေးစိတ်သွားဖတ်နိုင်ပါတယ်။
http://www.immi.gov.au/skilled/general-skilled-migration/175/

Skilled – Sponsored (Migrant) Visa (Subclass 176) အတွက် အောက်က လင့်ခ်မှာ သွားဖတ်နိုင်ပါတယ်။

နောင်မှာ လိုအပ်မဲ့ စာရွက်စာတမ်းတွေ
ယခုလက်ရှိနေထိုင်တဲ့နိုင်ငံ၊ ယခင်နေခဲ့တဲ့ နိုင်ငံများထံက ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ၊ ကျန်းမာရေး ဆေးစစ်ချက်မှတ်တမ်း (၃လ အတွင်း ဖြစ်ရပါမယ်) တို့ကို နောက်ပိုင်းအဆင့်တွေမှာ တောင်းပါမယ်။ ၃လအတွင်းဖြစ်လို့ သူတို့ဆီက တောင်းမှပဲ သွားစစ်ဆေးစေချင်ပါတယ်။

အာလုံး ကံကောင်းကြပါစေ။
New point system နဲ့ ပတ်သတ်လို့ မရှင်းတာရှိရင် အမေး၊ အဖြေ (Frequently Ask Questions) မှာ သွားဖတ်နိုင်ပါတယ်။
http://www.immi.gov.au/skilled/general-skilled-migration/pdf/points-testfaq.pdf

Monday, March 21, 2011

အန်တီဆွိနှင့် ဖိလစ်ပင်းမမများ ...



တစ်နယ်တစ်ကျေး ပြောင်းရတော့မည်ဆိုတော့ အန်တီဆွိတို့ ဒီကအိမ်ကို ငှါးထားခဲ့ဖို့ ပြင်ဆင်နေရသည်။ ဟိုကို ပို့စရာရှိသည်တွေကို ပို့ပြီးပြီမှို့ အိမ်မှာ ပရိဘောဂ အချို့နှင့် အိမ် အခွံချည်းသာ ကျန်တော့သည်။ အိမ်ကို ပွဲစားလက်အပ်ပြီး အိမ်ငှါး ရှာခိုင်းထားရာ ၂ပတ်၃ပတ်ရှိပြီ။ အိမ်က မတည့်သေး။ အိမ်လာကြည့်သည့်သူများ စုံလှသည်။ တရုတ်၊ ကုလား၊ ဖိလစ်ပင်း၊ မြန်မာ လာကြည့်ကြရာ အိမ်ကိုကြိုက်ပေမင့် ကိုယ်လိုချင်သည့်ဈေး သူတို့ မပေးနိုင်ဖြစ်နေသည်။ ပေးနိုင်ပြန်တော့ နေမည့်သူက များလှသည်။ ဖိလစ်ပင်းတစ်ဖွဲ့က ၇ယောက်နေမည်တဲ့။ အိမ်ကနေသည့်လူနှင့်ဝန်မမျှကာ ပျက်စီးခြင်းငါးပါးဆိုက်မည်ကို မြင်သည်နှင့် ငြင်းလိုက်ရသည်။

ဒီနေ့လည်း ပထမ အသုတ် ပြည်ကြီးတရုတ်မ ခပ်ချောချော အပျံစားတွေ လာကြည့်သည်။ ပုံစံက ခုပဲရုပ်ရှင်သွားရိုက်မည့် ဟောင်ကောင်မင်းသမီးတွေ အလား။ သူတို့က၄ယောက်နေမည်ဆိုသည်။ လင်မယား၂ယောက်၊ သားလူပျိုတစ်ယောက်နှင့် ခယ်မဖြစ်သူတို့ နေမည်တဲ့။ ပုံစံကြည့်တော့ ခပ်မြင့်မြင့် ဆိုပေမည့် သူတို့လဲ ကိုယ်တောင်းသည့်ဈေးကို မပေးနိုင်ကြ။ ကိုယ်ပဲ လောဘကြီးနေသလော တွေးစရာတွေ ဖြစ်နေသည်။

နောက်တစ်သုတ် ဖိလစ်ပင်းတွေ ကြည့်ပြန်သည်။ ၆ယောက်နေမည်ဆိုသည်။ ကိုယ်ကလဲ အိမ်နေရင်းအ၀တ်အစား ခပ်စုတ်စုတ်လေး ၀တ်ကာ ပွဲစားနှင့်အတူ အခန်းတွေကို လိုက်ပြနေသည်။ ဖိလင်ပင်းမတွေက accounting လိုင်းကဟုဆိုသည်။ ပီအာပါသည်။ အီးပီပါသည်။ အက်စ်ပတ်စ်လဲပါသည်။ လူတွေကလည်း ခပ်၀၀၊ ခပ်ညိုညို၊ ခပ်သေးသေး၊ ခပ်ပုပု အရွယ်စုံ၊ ဆိုဒ်စုံပါသည်။ အော် ဖဦးထုတ်မတွေမယ် တို့မြန်မာမလေးတွေလောက် ဥပတိရုပ် မကောင်းလှပါတကား၊ ရုပ်ရည်ရူပကာ မချောမောပါတကားဟု စိတ်ထဲတောင် တွေးနေမိသေးသည်။ သို့နှင့် အခန်းတွေလိုက်ပြရင်း ကိုယ်က ရှင်းပြလိုက် သူတို့က သူတို့ဘာသာစကားနှင့် တတွတ်တွတ်ရွတ်ကြနှင့် အပြန်အလှန် တိုင်ပင်နေကြသည်။

နောက်ဆုံး သူတို့ဘက်ကပါသော ဖိလစ်ပင်း ပွဲစားမနှင့် ကိုယ့်ဘက်က မြန်မာပွဲစားအစ်မ ဈေးညှိနေရာ အတော်ကြာသည်။ ကိုယ်လဲ သူတို့တွေပျင်းနေမည်စိုးသည်နှင့် အိမ်ရှေ့ထွက်ကာ ဟိုမှာတွေ့လား ... အဲဒါ ဂျူရောင်းပွှိုင့် ... ဒီကနေ မြင်ရတယ်နော် ... ဆိုကာ အိမ်ရှေ့က view ကိုခေါ်ပြလေသည်။ ထိုအခါ ဖိလစ်ပင်းမ ညိုတိုတို ၀၀မမက ဘာပြောသည်ထင်သနည်း။ နင်တို့က အဲဒီဂျူရောင်း ပွှိုင့်နဲ့ နီးတဲ့နေရာကို ပြောင်းကြမှာလား ... ဒါနဲ့ အိမ်မှာ အိမ်ရှင်တွေကော မရှိဘူးလား ဆိုလေသတည်း။ ဘာပြန်ပြောရမလဲ စဉ်းစားတုံးရှိသေး ပွဲစားအစ်မက ကမန်းကတန်းပြေးလာကာ အဲဒါ အိမ်ရှင်လေ ... သူတို့က အိုဗာဆီးသွားမှာမှို့ အိမ်ကို ငှါးထားခဲ့ရမှာ ဆိုကာ ၀င်ဖြေရှင်းပေးလို့သာ တော်တော့သည်။

နောက်တစ်ခေါက် အိမ်လာကြည့်သူများ ရှိရင်တော့ အိမ်ရှင်ဥပတိနဲ့တူအောင် ၀တ်စားဆင်ယဉ်ရဦးမည်။ ဒီရုပ် ဒီရေကို ဘာများ ထင်ကြသတုံး ဖိလစ်ပင်းမမတို့ငဲ့။ စိတ်ထဲမှာတော့ အောင့်သက်သက်။ ။

Friday, March 4, 2011

အာလာပ သလ္လာပ ...

ခုတစ်လော ရေးနေတာတွေက နည်းနည်း နည်းပညာတွေ များနေလို့ ပေါ့ပေါ့ပါးပါး အာလာပ သလ္လာပ ...လေးပေါ့။

မတန်းလန်း
မဆွိတီခုလို ဘလော့ဂ်မှာ ပို့စ်တွေ မတင်ဖြစ်ဘူး ကြာနေပြီဆို အမြဲတမ်း သတိပေးတဲ့ ပရိတ်သတ်တစ်ယောက်ရှိတယ်။ အဲဒါ ဘယ်သူလို့ထင်ပါသလဲ ပိတ်တတ်ကြီး ... ဘယ်သူရှိရမလဲ ... ဦးခြိမ့်ပဲပေါ့ဂျာ ။ ဘလော့လေး နဲနဲလောက်ပြတ်တာနဲ့ " ပို့စ်မတင်တာကြာပြီနော် ... တင်ဦး ... " နောက်ပြီး လူကိုခေါ်တာ " မတန်းလန်း " တဲ့ ... တန်းလန်းပို့စ်တွေများနေပြီတဲ့ အခန်းဆက်တွေ ဆက်ရေးဆို အမြဲနောက်က တွန်းနေတော့တာပဲ။ အမှန်က မဆွိတီကလဲ ငပျင်း။ ပျင်းရတဲ့ကြားထဲ ခုတစ်လော ပြောင်းဖို့၊ ရွှေ့ဖို့ ထုတ်ပိုး၊ ပြင်ဆင်နေရတာဆိုတော့ အကြောင်းပြချက်က ကောင်းနေတာ။ မဆွိတီ အခန်းဆက်ပို့စ်တွေ ဆက်ရေးမှာပါ။ အဓိက " Screw driver ကိုင်ခဲ့ရ ကျွန်မဘ၀ပါရှင် " ဆိုတာ ပြီးတဲ့ထိ ဆက်ရေးမှာပါ။ (ဘယ်သူအားပေးပေး မပေးပေး ... တို့ကတော့ရေးမှာပဲ ... ရေးမှာပဲ ...း) အဲဒီမှာ မြန်မာ အင်ဂျင်နီယာ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀တစိတ် တစ်ဒေသ၊ စလုံးက အလုပ်တွေရဲ့ ဖိအားတွေ တစွန်းတစ်စ မြင်ရမှာပါ။ အဲဒါကို ဟိုရောက်လို့ အားတဲ့အချိန်မှ သေချာဆက်ရေးဖို့ အားခဲထားပါတယ်။ ခုတော့ သူပြောသလို တန်းလန်းကြီးဖြစ်နေတာ ခွင့်လွှတ်ပေးကြပါ။


ရေ တစ်ပိသာရှိရင် သန့်တယ် ...
မဆွိတီဟာ အလုပ်ရှုပ်ရင် ရေသောက်ဖို့ အမြဲမေ့တယ်။ ရေသောက်မေ့တော့ ဘာဖြစ်လဲဆိုတော့ ၀မ်းချုပ်ဆီးချုပ်ဖြစ်တယ်။ အဲဒီတော့ လူက အပူတွေများတာပေါ့။ ခုတစ်လော အလုပ်ထွက်ပြီးကာမှ ဘော့စ်အသစ်က ရောက်လာတော့ အလုပ်ရှုပ်တာနဲ့ ရေမသောက်ဖြစ်ပြန်ဘူး။ ရေဘူးကတော့ အကြီးကြီးပဲ ၀ယ်ထားတာ ။ မနေ့က သတိရတာနဲ့ ငါရေသောက်မှ ဖြစ်တော့မယ်ဆို ၀ုန်းဆိုထပြီး ရုံးက ပန်ထရီထဲဝင် ရေဗူးဆေးပြီး ရေကိုထည့်လိုက်တာ ကမန်းကတန်းနဲ့ ရေဘုံဘိုင်ထဲကရေတွေ ထည့်မိပါရော။ ဘေးက စလုံးမတစ်ယောက်က တွေ့တော့ မျက်လုံးပြူး မျက်ဆံပြူးနဲ့ ... ဟယ် နင် ရေတွေကို ဘုံဘိုင်က ဒီတိုင်းသောက်သလားတဲ့၊ ရေအိုးထဲကနေ မယူဘူးလားတဲ့။ ဘေးမှာ water cooler ရှိတာကိုး။ အဲဒီက ရေပူ၊ ရေနွေး၊ ရေအေး ၃မျိုးလုံးရတယ်လေ။ မဆွိတီ စလုံးရောက်စက သတိထားမိတာ၊ ရေချက်အေးတို့၊ ရေခဲရေတို့သောက်ရင် ဆီးချုပ်၊၀မ်းချုပ်ဖြစ်တတ်လို့ ရေဘုံဘိုင်ကရေပဲ ရေစစ်နဲ့ စစ်ပြီး တိုက်ရိုက်သောက်တာ ရိုးနေပြီကို။ အဲဒါ သူပြောတာနဲ့ပဲ စကားလဲ မရှည်ချင်တာနဲ့ ရေဘုံဘိုင်ရေကို သွန်ပြီး water cooler ထဲက ရေအေးကို ပြောင်းထည့်လိုက်ရတယ်။

အဲဒီကျတော့ ဟိုးအရင် မဆွိတီ စစ်ကိုင်းဖက်က အမျိုးတွေ ရှိရာသွားလည်တုံးက အဖြစ်လေးသတိရသွားတယ်။ မဆွိတီတို့အဘွားအိမ်က စစ်ကိုင်းတောင်ခြေရင်းမှာရှိတာ။ ငယ်ငယ်၃တန်းလောက် အဘွားအလှူသွားလည်ကြတော့ အဘွားက ကဲ ခလေးတွေ ရေချိုးကြမယ်ဆို မြစ်ဆိပ်မှာ သွားချိုးရတာ။ စစ်ကိုင်းက နာမည်ကြီး ဧရာဝတီ မြစ်ဆိပ်ပါပဲဗျာ။ ဦးလေးတွေ စက်ဘီးနောက်ကတက်ပြီး လမ်းကြိုလမ်းကြား နင်းတာ လိုက်သွားရတာပဲ။ မြစ်ဆိပ်ရောက်တော့ ကိုယ်တွေလို ရေချိုးနေတဲ့သူတွေ မိန်းမ၊ ခလေး၊ လူကြီး၊ လူငယ် လူပေါင်းစုံပဲ။ စည်ကားလိုက်တာမှ၊ အ၀တ်တွေလဲ ကျောက်တုံးတွေပေါ်တင်ပြီး တ၀ုန်းဝုန်းနဲ့ လျှော်ကြဖွပ်ကြ၊ သစ်လုံးဖောင်တွေရှိရင်လဲ ဖောင်တွေပေါ်တက် အ၀တ်လျှော်ကြပေါ့။ မဆွိတီတို့ မောင်နှမတွေလဲ ပျော်ကြတာပေါ့ဗျာ။ မြစ်ဆိပ်မှာ ရေချိုးရင်း ရေဆော့ရတာကိုး။ ရန်ကုန် ၀န်ထမ်းတန်းလျားမှာနေတုံးက ပိုက်ကလာတဲ့ ဘုံဘိုင်ရေပဲ ချိုးဖူးကြတာဆိုတော့ အထူးအဆန်းပေါ့။ နောင်ပိုင်းရေချိုးချိန်ရောက်တိုင်း မြစ်ဆိပ်သွားချိုးမယ်ချည်း ပူစာတော့တာပဲ။ အဘွားအိမ်မှာ အ၀ီဇိရေလဲရတယ်။ ဒါပေမဲ့ ၀ယ်ရတာ ဈေးကြီးတဲ့ အပြင်၊ သူကရေစေးတွေဆိုတော့ ချိုးလို့၊ လျှော်လို့လဲ မကောင်းဘူး။ သောက်ဖို့ဆိုတာ ဝေးလို့။


သောက်ဖို့ဆိုတော့ ပြောဖို့လိုရင်းကို သတိရသွားတာ ... အဖွားအိမ်အောက်ထပ်မှာ ရေအိုး၂လုံးရှိတယ်ဗျ။ အဘွားကအပြင်က ပြန်လာရင် မောမောနဲ့ ဒီရေအိုးထဲက ရေကိုခပ်သောက်ပြီး " မြစ်ရေလေး သောက်လိုက်ရတာ အမောကို ပြေသွားတာပဲ" တဲ့ ... သူပြောတာက မြစ်ရေဟာ အင်မတန်ချိုတယ်။ အေးတယ်။ အရသာရှိတယ်။ ဘယ်နေရာ ဘယ်အရပ်ရောက်ရောက် မြစ်ရေက သောက်ရတာ အကောင်းဆုံးပဲတဲ့ ... မြစ်ရေချိုပုံက ဘယ်ရေချိုပုံနည်းနဲ့မှမတူဘူးတဲ့ ... စုံလိုပဲ သူ့ မြစ်ရေ ဋီကာ ဖွဲ့နေတာ။ အဖွားပြောမယ်ဆိုလဲ ပြောလောက်ပါတယ်။ မဆွိတီတို့လည်း အပြင်က နေပူပူ မောမောနဲ့ ပြန်လာရင် အဘွားသောက်ရေအိုးထဲက မြစ်ရေဟာ အင်မတန်ချိုအေးပြီ အရသာရှိတယ်လို့ ခံစားရတယ်။


အဲဒီရေဟာလေ စောနက ခလေး၊ လူကြီး၊ မိန်းမပေါင်းစုံ ရေချိုးကြ၊ ချေးတွန်းကြ၊ လျှော်ကြ၊ ဖွပ်ကြ၊ တစ်ခါတစ်လေ မထိန်းနိုင်လို့ အပေါ့အပါးသွားတဲ့ အခါလည်းသွားကြ၊ တစ်ခါတစ်လေ အနားဖွာနေတဲ့ အ၀ါရောင်အတုံးတွေလဲ ပေါလောတွေ့ရ၊ တစ်ခါသားဗျာ လူသေပါ မျောလာလို့ ဟိုက တုတ်နဲ့ထိုးလွှတ်၊ ဒီက တုတ်နဲ့ ထိုးလွှတ်နဲ့ မြင်တွေ့ခဲ့ဘူးတဲ့နေရာက မြစ်ရေကို မကြိုမချက်ပဲ ဒီအတိုင်း သောက်ရေအိုးထဲထည့်ထားတဲ့ ရေချိုအေးပါပဲတဲ့ဗျား။

မြန်မာတွေ immune stystem ကတော့ တော်တော်ကောင်းတယ်။ အဲလိုရေမျိုးသောက်ဖူးတဲ့သူက စလုံးစရောက်တော့ ရေဘုံဘိုင်က ရေကို တိုက်ရိုက်သောက်မှ ဆီးချုပ်၊ ၀မ်းချုပ်မဖြစ်ဘူးဆိုတာ ထူးဆန်းတယ်လို့ မဆိုသာဘူးနော်။ အဲသလောက်မှ ကိုယ်နဲ့ အံကိုက်။ အဲဒါ ဟိုးတုံးကဆိုတော့ ခုခေတ်ရော အဘွားတို့အရပ်မှာ ဘယ်လိုသောက်ကြလဲ မေးမလို့လား။ ခုခေတ်လဲ ဒီတိုင်းပဲ သောက်တာပါပဲ။ မဆွိတီလဲ ဒီတစ်ခေါက်အလည်ပြန်တော့ စစ်ကိုင်းဖက်မရောက်ခဲ့လို့ ကိုယ့်ရဲ့ immune ကို မစမ်းခဲ့ရဘူး။ ဒါ့ကြောင့် ရှေးလူကြီးတွေ ပြောတာ ရေတစ်ပိသာရှိရင် သန့်တယ်ဆိုတာ။ စလုံးမကို အဲဒီအကြောင်း မရှင်းပြလိုက်ရတာ နာချက်း)

ဂျူဂျူ နဲ့ ပရိုင်ဘေစီ ...
မဆွိတီကို နောက်ဆုံးကွန့်မန့်ရေးသွားတဲ့ အနောနိမတ်စ်တစ်ယောက်က ဘလော့ဂ်မှာ ကိုယ့်ပုံကျတော့ ကွယ်ထားပြီး ခလေးပုံ (ဂျူဂျူးပုံ) ကျတော့ ပြထားတာ ခလေး (သမီးမိန်းခလေး) ရဲ့ ပရိုင်ဘေစီက ပိုအရေးမကြီးဘူးလားတဲ့။ သူက အပြုသဘောနဲ့ ဝေဖန်ထားတာဆိုတော့ ခုလိုထောက်ပြပေးတာ ကျေးဇူးတင်ရမှာပါ။ ဘာလို့ ခလေးပုံပြရလဲဆိုတော့ ခလေးက ငယ်သေးတော့ စိတ်ထဲမှာ ခလေးပဲ၊ ငယ်သေးတာပဲ ဆိုပြီး ဘာမှ မဖြစ်လောက်ဘူးထင်လို့ပါ။ နောက်ပြီး အမေတစ်ယောက်အနေနဲ့ သမီးကို ချစ်တဲ့သူတွေကိုလဲ သမီးပုံလေးတွေ မြင်ဖူးအောင် တင်ပေးတာပါ။ ဂျူဂျူလေး နဲနဲကြီးလာရင်တော့ တင်တော့မှာ မဟုတ်ပါဘူး။ သူကလဲ ကြိုက်မှာ မဟုတ်တော့ပါဘူး။ ခုတောင်သူက ဓာတ်ပုံရိုက်ရင် နဲနဲ ရှက်တတ်နေပြီကိုး။ မဆွိတီရဲ့ပုံတွေ ကွယ်ထားတာကျတော့ ပရိုင်ဘေစီဆိုတာထက် ကိုယ့်မျက်ခွက်ကြီးကို ဘလော့လာဖတ်သူတွေ ရာထောင်ချီပြီး မပြချင်လို့ ရှက်လို့ပါပဲ။ တခြားအကြောင်းပြချက်မရှိပါ။ ခလေးကတော့ ချစ်ဖို့ကောင်းတယ်လေ။ အပြစ်ကင်းတယ်လေ။ ဒါကြောင့်ပါ။


ဂျူဂျူး Dancing 2
သမီးငယ်ငယ်က သူ့အဒေါ်က ထမင်းကျွေူးရင် မြန်မာ သီချင်းခွေတွေ ဖွင့်ပြီး ကျွေးလေ့ရှိတယ်။ သမီးက hyper active မှို့ နောက်မှို့ဆို တစ်အိမ်လုံးပတ်ပြီး ပြေးလွှားနေတာ လိုက်ကျွေးရတာ မသက်သာဘူးကိုး။ အဲဒီတော့ သမီးငယ်ငယ်က မြန်မာသီချင်းတွေနဲ့ ရင်းနှီးတယ်။ သီချင်းတွေဖွင့်ပြီး ဆိုလိုက်ကလိုက်ပေါ့။ ခုကြီးတော့ကျတော့ အော်တိုတို့လို ခလေးချယ်နယ်က ကားတွေပဲ စိတ်ဝင်စားတော့တယ်။ မြန်မာသီချင်းတွေ သိပ်မကြိုက်တော့ဘူး။ ရှက်တတ်လာတော့ အဲလိုတွေလဲ မကတော့ဘူး။ ငယ်ငယ်က အမှတ်တမဲ့ ဗွီဒီယို record လေးတွေက အမှတ်တရတွေ ဖြစ်သွားပါပြီ။

ဂျူဂျူသီချင်းဆိုတိုင်း အမြဲ ဘေးတီးပေးတာကတော့ သူ့ရဲ့ ၀မ်းကွဲအကို အကြီးဆုံး နဲ့ သူ့အမေ သားအမိပါပဲ။



ဓာတ်ပုံမူရင်းလင့်ခ်