Friday, September 30, 2011

Breaking news: မြစ်ဆုံဆည်တည်ဆောက်ခြင်းအား ရပ်ဆိုင်းထားမည်


ဝမ်းသာစရာ သတင်းကောင်းပါ။ မြစ်ဆုံအတွက် ၀ိုင်းဝန်းကြိုးပမ်းကြသူများအားလုံးနှင့်အတူ  အတိုင်းအဆမရှိ ၀မ်းမြောက်မိပါသည်။ တစ်ဦးဆောင်သော် မရ။ တစ်သောင်းဆောင်သော်ရ`၏။


Credit to 11 media group.

မူရင်းလင့်ခ်


မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ PDF Print
Thursday, 29 September 2011 16:32
မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။


“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။


နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့သော သ၀ဏ်လွှာမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သတ်သည့် အချက် ၅ချက်

နှစ် ၃၀ လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စက်ရုံ ၃ ရုံ အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား လေးသောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာ ရှိပါသည်။

အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခ မြစ်ဝှမ်းရှိ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအဝင် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငွေအရင်းအနှီးဖြင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပထမအဆင့် လုပ်ဆောင်လျက်ရှိရာ ယခုအခါ အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါအတိုင်း စိုးရိမ်ပူပန်မှုများ ရှိပါသည်။

(၁) ကချင်ပြည်နယ် မြစ်ဆုံပိုင်းအတွက် သဘာဝပေးထားသော Lank Mark များ ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း

(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း

(၃) ပုဂ္ဂလိက ငွေအရင်းအနှီးများ စိုက်ထုတ်၍ စီးပွားဖြစ် စိုက်ပျိုးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ပျက်စီးသွားနိုင်ခြင်း

(၄) ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အားပြင်းထန်သော ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း

(၅) ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်ခြင်း စသည့် အချက်များကြောင့် ပြည်သူ့အချို့မှာ စိုးရိမ်ပူပန်မှု ရှိနေသည်ကို ကြားသိနေရပါသည်။ မိမိတို့အစိုးရသည် ပြည်သူများရွေးချယ်တင်မြောက်သည့် အစိုးရဖြစ်၍ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သိုပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

နိုင်ငံတော် အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ် မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေး အကြောင်းကြားအပ်ပါသည်။
(Credit to The Voice Myanmar)

နိုင်ငံခြား သတင်းဋ္ဌာနများမှ Update သတင်းများ
ဘီဘီစီ မြန်မာပိုင်း အစီအစဉ်


Myanmar suspends dam project after rare outcry
Channel News Asia

Burma Suspends China Dam Project

  VOA

Myanmar Suspends dam project after rare outcry

Straits Times News


မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆို
11 media group 
PDF Print
Thursday, 29 September 2011 17:37

Thursday, September 29, 2011

အမည်သညာ ခေါ်ပုံကား

 မဆွိတီတို့ အဖေနဲ့ အမေများဟာ အင်မတန်ရိုးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခေါ်ဝေါ်ပြောဆိုကြတာတွေကလည်း နူးနူးညံ့ညံ့ ကဗျာဆန်ဆန်တွေ မဟုတ်ပြန်ဘူး။ " ဟေ့ မသန်းစိန်ရေ "တဲ့ ။ အမေကလည်း ... " ဒီမယ် ဦးအုန်းမောင် .." တဲ့။ တစ်ယောက်ကိုတစ်ယောက် နာမည်တွေ တပ်ခေါ်ကြတာပဲ။ အမေက အညာသူဆိုတော့ အဖေနဲ့ စကားပြောရင် ခင်ဗျားက ခင်ဗျားက နဲ့ ကလဲပြောသေးတယ်။ အဲဒါကို နှုတ်ကျိုးတော့ ခများ၊ ခများက အဲလိုပဲကြားနေတာပဲ။ ငယ်ငယ်ကတော့ အဲလိုတွေ ခဏခဏကြားပြီး နားသာယဉ်နေတာ။ ဘာရယ်ပြောနေမှန်း နားမလည်ဘူး။ အမေအဖေ့ကိုပြောတာ တစ်ခြားလင်မယားတွေလို မဟုတ်တာတော့ သိနေတာ။ ကြီးမှ ဒါအညာလေဆိုတာ သိရတာ။ ရန်ကုန်မှာ ဒီလိုပြောသူက အင်မတန်ရှားတာကိုး။

ငယ်ငယ်ကဆို ပိုဆိုးသေး။ အကိုအကြီးဆုံးမွေးလာတော့ အကိုအကြီးဆုံးကို ဂူးဂူး နဲ့အော်လို့ဆို ချစ်စနိုးနဲ့ ဂူးကောင် ဂူးကောင်ဆို နှုတ်ကျိုးနေရော။ အဲဒီမှာ အမေက အဖေ့ကို နာမ်စားပြောရင် "ငဂူးကောင်တို့အဖေကလေ ..." " ငဂူးကောင်တို့ အဖေဘယ်သွားလဲ " အစရှိသဖြင့် ပြောပြောနေတာ ကိုယ်တွေ ၁၀တန်းလောက်ရောက်တဲ့ အထိပဲ။ နောက်ပိုင်းတော့ ငဂူးကောင်လဲ ၁၀တန်းအောင်လို့ ကျောင်းတက် နယ်ဘက် အဆောင်တွေ ဘာတွေနေတော့ အပေါ်က အတိုင်း တစ်ယောက်ကို တစ်ယောက် နာမည်တွေ တပ်ခေါ်တော့တာပဲ။

ကိုယ်တို့လဲ သမီးရီးစားဖြစ်တော့ ကိုကိုတွေ၊ ဆွိလေးရေနဲ့ ခေါ်လာတာ။ လင်မယားဖြစ်တော့ ကိုကိုတွေ၊ ဆွိလေးတွေကနေ မိန်းမရေ၊ ယောက်ျားရေနဲ့ ဇင်ယော်ချိန်ကို ကြည်နူးပြီး ခေါ်ကြပြန်တယ်။ သမီးလေးရလာတော့ အခေါ်အဝေါ်တွေက ပြောင်းပြီ။ သမီးခေါ်တဲ့အတိုင်း လိုက်ခေါ်ရင်းကနေ "အမေရေ" "အဖေရေ" တွေ ဖြစ်ကုန်ကြရော။

အဲလိုကြီး နှုတ်တွေကျိုးနေကြတော့ ရန်ကုန်ပြန်ရင် အတော်ဒုက္ခရောက်တယ်။ သူက "အမေရေ"ဆို ခေါ်လိုက်ရင် ကိုယ်ရော အမေရော ၂ယောက်လုံးက ထူးမိရော။ ကိုယ်က "အဖေ" လို့ခေါ်ရင် " ဟေ " ဆို အဖေရော သူရော ၂ယောက်လုံးက ထူးတော့ ဂွတွေကျကုန်ရော။ "အဖေကလေ" ဆို ဘယ်အဖေကို ရည်ညွှန်းမှန်းလဲ မသိတော့ဘူး။ ရှုပ်ကုန်ရော။ ကိုကိုလို့ ခေါ်ရအောင်ကလည်း ဒီအရွယ်ကြီးကျမှ ဆွေမျိုးတွေရှေ့ ရှက်စရာကြီးကိုး။ သူ့နာမည်အရင်းကြီးကို "ကို" တပ်ခေါ်ရအောင်လည်း ရွာက အဝေးပြေး ကားအသင်းလိုလို နာမည်သုံးလုံးနဲ့ဆိုတော့ ခေါ်ရတာ ရယ်စရာ ဖြစ်နေမှာကိုး။ ပြီးတော့ စကားပြောတိုင်း ဒီနာမည်အရှည်ကြီး ထည့်ထည့်ပြောနေရရင် ရေသောက်ပြီးမှ ပြောရမလို ဖြစ်နေတော့မှာ။

မနေ့ကညနေက သူနဲ့ အိမ်မှာနေတဲ့ သူ့သူငယ်ချင်းနဲ့ ထုံးစံအတိုင်း လက်ဖက်ရည်သောက် ဆင်းကြတယ်။ သမီးကတော့ အခန်းထဲဝင်အိပ်နေပြီ။ လက်ဖက်ရည်သောက်ပြီး ပြန်တက်လာတော့ သူက ပါမလာဘူး။ ကိုယ်က သူငယ်ချင်းနှစ်ယောက် အတူပြန်တက်လာမယ်ထင်တာကိုး။ မပါတော့ ဒေါ်သန်းစိန်ရဲ့သမီး က မေးလိုက်တာက " ပြန်လာတာ တစ်ယောက်တည်းလား ။ ဟ၀ှါတို့ အဖေရော မပါဘူးလား ...." ဟူသတည်း။

တော်သေးတယ်။ ဟိုကလဲ သဘောပေါက်လို့ ။ ကားနေရာသွားရွှေ့နေလို့ နေခဲ့တယ်တဲ့ဗျား။ 

(စင်္ကာပူမှာ နေစဉ်က ရေးခဲ့သော ပို့စ်လေးဖြစ်ပါသည်)

Wednesday, September 28, 2011

ယနေ့မနက်စာ ဆီထမင်း မန္တလေးပဲကြော်

 
ညက ဖိုရမ်ထဲ လမ်းသလားနေစဉ် သူတို့တွေ ကောက်ညှင်း ဆီထမင်း အကြောင်း မစားရ ၀ခမန်း ပြောနေကြသည်။ စိတ်ကြီးသော အန်တီဆွိမှာကား မနေနိုင်။ ချက်ချင်း ထကာ ကောက်ညှင်း တစ်ခွက်ခွဲ ရေစိမ်ထားလိုက်သည်။
 ------------------------------------------------------------------------------------------------------------

 မနက် အိမ်ရာနိုးတော့ ဒီနေ့ သမီး ပီယာနိုသင်တန်း ပို့ရမှာမှို့ စောစောထရန်သတိရသည်။

ကွန်ပြူတာက နာရီကြည့်လိုက်တော့ 8:14 ဟုပြနေရာ ၀ုန်းကနဲ ထမိမလိုဖြစ်သွားသည်။ မျက်လုံးကို သေချာ ပွတ်ကြည့်မှ 6:14 ဖြစ်နေ၍ တော်ပေသေးသည်။

မျက်နှာသစ် ညက်ခုံးမွှေးဆွဲ၊ မီးဖိုထဲရောက်မှ ကောက်ညှင်းရေစိမ်တွေ့ရာ ဆီထမင်းထိုးရန် သတိရသွားသည်။

ကြက်သွန်နီလှီးသည်။ ဆီအိုးတည်သည်။ ဆနွမ်းထည့်သည်။ ကြက်သွန်နီထည့်သည်။ ကြက်သွန်ကြော်နေတုံး ကြက်သွန်ဖြူလေးတွေ ထောင်းထားသည်။

မန်းလေးပဲကြော်အတွက် ပဲတွေ ရေခဲသေတ္တာထဲကထုတ်၊ ပြန်နွှေးနေတုံး ကြက်သွန်နီတွေ  နဲနဲကျက်ကုန်တာနဲ့ ကြက်သွန်ဖြူဆီချက်လေးကိုပဲ ကမန်းကတန်း ထည့်ရတော့သည်။ ပုဇွန်ခြောက်မှုန့် တစ်ဇွန်းထည့်သည်။ မွှေသည်။

 ကောက်ညှင်းရေစိမ်ကို ရေတွေစစ်ကာထည့်သည်။ မွှေသည်။ ဖြူဖတ်ဖြူရော်ဖြစ်နေသည်နှင့် ဆနွင်းထပ်ထည့်သည်။ ဆား၊ ဟင်းခတ်မှုန့် ထည့်မွှေသည်။ စောနက မထည့်လိုက်ရသည့် ကြက်သွန်ဖြူထောင်းလေးတွေပါ ရောထည့်လိုက်သည်။

မွှေနေရာကနေ ကောက်ညှင်းအနည်းငယ်စေးလာတော့ ရေ ခွက်တစ်ဝက်ခန့် ဖြန်းကာ အဖုံးအုပ်ထားလိုက်သည်။

ကောက်ညှင်းနပ်ပြီလား စမ်းကြည့် မနပ်မချင်း ရေအနည်းငယ်တောက်ကာ မွှေပြီး၊ မီးအေးအေးနှင့် အဖုံးအုပ်ထားသည်။

ကောက်ညှင်းနပ်ပြီဆိုမှ အောက်က ဂျိုးတူးအောင် မီးအေးအေးနှင့် လှည့်ပေးရသည်။


ဟိုညက်ခုံးမွှေးလူကြီးသောက်ဖို့ ကော်ဖီဖျော်၊ မန်းလေးပဲကြော်လေး၎-၅ခုကြော်ပြီး ယနေ့နံနက်စာ အဆင်သင့်ဖြစ်ပါပြီ။


မန်းလေးပဲကြော်ကတော့ မနက် ကမန်းကတန်းနဲ့ ဓာတ်ပုံရိုက်ဖို့ အချိန်မရလို့ မရိုက်လိုက်ရပါ။ အရင် လုပ်ဖူးတာလေး တွေ့လို့ တင်ပေးလိုက်ပါသည်။ Red bean ကို တစ်ညရေစိမ်ပြီး rice cooker နှင့်ပေါင်းပါ။ (rice cooker အပေါ်မှ ပေါင်းအိုးနှင့် ကောက်ညှင်းပေါင်းသလို ပေါင်းပါ)။ ပြီးရင်လိုချင်သောအချိန် ထုတ်သုံးလို့ရအောင် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါသည်။


ပဲ၊ ကောက်ညှင်းမှုန့် ကို ၂း၁ ရောပါသည်။  ပဲကို ချေပါသည်။ ဆား အနည်းငယ်၊ ဂျင်း များများ မီးအေးအေးနှင့်ကြော်ပါသည်။

ဂျင်းနံ့သင်းသင်းနှင့် မန္တလေးပဲကြော်၊ ကြီးတော်အခေါ် ကောက်ညှင်းပဲကြော်ရပါပြီ။

ဒါကတော့ ဒီနေ့မနက်ကြော်သော မန်းလေးပဲကြော်။

Monday, September 26, 2011

ပွဲတော်သို့၊ ရထားစီးခြင်း

တစ်နေ့သဍ္ဍ် အန်တီဆွိသည် ပျင်းပျင်းရှိသည်နှင့် အင်တာနက်ထဲတွင် လမ်းသလားနေစဉ် ဘလော့ဂါ မငယ်နိုင်ထံမှ ဂျီတော့မက်စေ့ခ်ျဝင်လာသည်။ ဆစ်ဒနီတွင် မြန်မာ  food and culture festival ရှိသည်တဲ့။

သို့နှင့် စုံစမ်းကြည့်သောအခါ သွားသင့်သော ပွဲလေးဖြစ်သည်ဟု သိရသည်တွင် အပေါင်းအသင်းအချို့ကိုလည်း ဖုံးဆက်ကာ သွားကြမည်၊ ဆုံကြမည်ဟု အကြောင်းကြားလေသည်။ တဆက်တည်းတွင် အပေါင်းအသင်းများကလည်း တနင်္ဂနွေနေ့တွင် family ticket ၀ယ်ကာ ရထားဖြင့် သွားပါက ပိုလည်းသက်သာ၊ ပျော်စရာလည်းကောင်းသည်ဆိုရာ ရထားနှင့်သွားရန် ကျွနုပ်လည်း ဆုံးဖြတ်လိုက်ပါသည်။ (ဆရာကြီး ရွှေဥဒေါင်းသိလျှင် သတ်သေမည်း)

သို့နှင့် နံနက် ၁၀နာရီခန့် အိမ်မှ ထွက်လာကြသည်။ ကားကို  East Wood ဘူတာရုံနားတွင်ရပ်ကာ ရထားလက်မှတ်ဝယ်သည်။ မိသားစု package ဖြင့် တစ်ယောက် ၂ကျပ်ခွဲတန် လက်မှတ် ၃စောင်ဝယ်ရာ တစ်နေကုန် ဘယ်ရထား တက်စီးစီး ကြိုက်သလိုစီး ဆိုပါသည်။ ဆစ်ဒနီတွင် ရထားခ၊ ကားခများသည် ကြောက်ခမန်းလိလိ ဈေးကြီးပေရာ family ticket ကတော့ တော်တော်လေးကို အဆင်ပြေအောင် လုပ်ပေးထားသည်ဟု သဘောပေါက်ရပါသည်။


ဆိုးသည်မှာ ရာသီဥတုအခြေအနေမှာကား အားကစားသမားများအကြိုက် ရာသီဥတုဖြစ်နေခြင်းဖြစ်သည်။ မိုးသည်ကား မိုးလင်းထဲက တဖွဲဖွဲရွာလျက်ရှိရာ spring တွင် မိုးမရွာတော့ဟု ထင်ထားသော အန်တီဆွိသည် ဂျုဂျူးအား စတော့ကင်အနက်ကလေးဝတ်ကာ၊ ဂါဝန်လှလှ၊ ဖိနပ်ပါးပါး ဆင်မိရာ မှားလေစွဟု နောင်တ အကြီးအကျယ်ရလေသည်။ ဦးခြိမ့်မှ မိသားစုအားလုံးဆန့်သော ဧရာမထီးကြီး ယူလာ၍သာ ဟန်ပေတော့သည်။


ဦးခြိမ့်ညွှန်သည့်အတိုင်း ရထားတက်စီးကြရာ ရထားသည် ရန်ကုန်-မန္တလေးလို အမြန်ရထား ဖြစ်နေရာ လမ်းတွင်ဆင်းကာ နောက်တစ်စီး ထပ်စီးကြပြန်သည်။ သို့နှင့် နောက်ဆုံး Town Hall ဘူတာတွင် ဆင်းကြသည်။ နောက်ထပ် တစ်ပြခန့်  လမ်းဆက်လျှောက်ကြရာ  Imax Theater နားမှ Food and Culture Festival သို့ ရောက်ပါတော့သည်။   

ပွဲတော်သည် ကားလမ်းဂုံးကျာ်တံတားအောက်တွင် စီစဉ်ထားရာ အမိုးအကာ  အနည်းငယ်ရှိ၍ တော်ပေသေးသည်။


သို့ပေမဲ့ အစားအသောက်ရောင်းသော ဆိုင်များကတော့ မိုးရွာထဲမှာဖြစ်နေရာ ဤသို့ ထီးလေးများဆောင်းကာ တတပ်တအား အားပေးကြရသည်။

စားသောက်ရန် ဘာတွေများရနိုင်လဲ လိုက်ကြည့်နေစဉ် ဘလော့ဂ်ပရိတ်သတ် ညီမငယ်တစ်ယောက်မှ တီဆွိဆိုကာ စာဖတ်ပရိတ်သတ်ဖြစ်ကြောင်း လာမိတ်ဆက်လာရာ ထီးမပါ မိုးစိုထဲမှာ ဖြစ်နေရာ အလွန်ပင် အားနာလှပါသည်။ အန်တီဆွိသည်  ဤသို့ မိတ်ဆက်လာလျှင် မည်သို့ ပြန်ပြောရမည်မှန်းမသိပဲ အူကြောင်ကြောင်ဖြစ်နေတတ်ရာ ခွင့်လွှတ်ပါရန်သာ ပြောလိုပါသည်။

အစားအသောက်များမှာလည်း စုံလင်လှပါသည်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ရခိုင်မုန့်တီ၊ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ ဒန်ပေါက်၊ ဆာတေး၊ စမူစာသုတ်၊ ဖာလူဒါ၊ အအေး မျိုးစုံ အစရှိသည်တို့ဖြစ်ပါသည်။ အန်တီဆွိနှင့် ဦးခြိမ့်က ရှမ်းခေါက်ဆွဲ၊ ဒန်ပေါက်နှင့် စမူစာသုတ်စားကြသည်။ သမီးက ဆာတေးစားရာ တစ်ဆယ်ဖိုး ၆ချောင်း ကုန်လေသည်။ ဈေးကတော့ အနည်းငယ်ကြီးပါသည်။



တစ်ချိန်တည်းပင် မြန်မာ့ယဉ်ကျေးမှု အကပဒေသာများကို တင်ဆက်လျှက်ရှိရာ နိုင်ငံခြားသား အော်ဇီလူမျိုးအချို့လည်း လာရောက်အားပေးကြသည်ကို တွေ့ရသည်။

မြန်မာအက ဖြစ်ပါသည်။

ရုပ်သေးအက

 
ကရင်ဒုံးယိမ်းဖြစ်ပါသည်။

ချင်းရိုးရာ အက။

မွန်လား ရခိုင်လား သေချာ မမှတ်မိတော့ပါ ခင်ညာ။

အန်တီမာမာအေးကို တွေ့ရာ ခွင့်တောင်း၍ ဓာတ်ပုံရိုက်လိုက်ပါသည်။ ချလပ် )))))



 ခလေးတွေကလဲ မိုးစိုစိုထဲမှာ မည်သို့မည်ပုံ တွေ့ရ တွေ့ရ ပျော်နေကြပါသည်။ အေးရသည့်အထဲ အအေးဗူးတွေ သောက်ကြသည်။ ပြေးလွှားကာ ဆော့နေကြသည်။

၁၂နာရီခွဲလောက်အရောက်တွင် မိုးက မစဲသည့်အပြင် လေပါ ပါလာရာ တံတားအောက် မိုးလုံလေလုံ အားကစားကွင်းသည်လည်း မိုးမလုံတော့သည်ဖြစ်ရာ ခလေးများ အအေးပတ်မည်စိုးသည်နှင့် အနီးအနားက ဈေးတစ်ခုသို့ သွားကြပါသည်။

လမ်းတွင် ဂျူဂျူ၏ ခြေအိပ်၊ ဖိနပ် အားလုံးမိုးစိုကုန်ရာ ဦးခြိမ့်၏ နာမည်ကျော် မျက်ခုံးမွှေးလည်း ကျုံ့သထက် ကျုံ့လာကာ အမေလုပ်သူကို ရန်လုပ်လေတော့သည်။ ဒီလိုမိုးရွာသည့်နေ့မှာ သူ့သမီးတော် ရတနာကို ဒီလိုဆင်ရမလားဟု ကျုံ့နေသော မျက်ခုံးအစုံအပြင်၊ တွန့်နေသော နှုတ်ခမ်းများဖြင့် တဗျစ်တောက်တောက် ပြောတော့သည်။ နောက်ဆုံးတွင် ဈေးမှ အနွေးထည်၊ ခြေအိပ်၊ ဘောင်းဘီရှည်၊ ဖိနပ် အစရှိသည်တို့ကို ၀ယ်ကာ ၀တ်ဆင်ပြီးမှ ညက်ခုံးအကျုံ့လည်း လျော့လေသတည်း။

မျက်ခုံးအကျုံ့၊ မိုးအစိုတွင် ကျွနုပ်လည်း ကင်မရာမကိုင်ရဲသည်ဖြစ်ရာ ဤဈေးပုံများလည်း မှတ်တမ်းမတင်ခဲ့ရပါ။ စင်္ကာပူ ဘူးဂစ်စ်တွင်ရှိသော ပေါချောင်ကောင်း ပစ္စည်းလေးများကို ပါဆာမာလန်းလို ခင်းကျင်းရောင်းရာနေရာဖြစ်ပါသည်။ နောက်မှသိရသည်မှာ Hay market ဆိုပါသည်။

ဈေးအပေါ်ထပ်တွင် ကလေးကစားရုံရှိရာ ဦးခြိမ့်က ခလေးများနှင့်အဖေများကို ဤနေရာတွင် ထားခဲ့ကာ အမေများ ဈေးပတ်နိုင်သည်ဟုပြောရာ ဟေ့ တို့ခေတ်ရောက်ပြီကွ ဟုဆိုကာ လက်ခမောင်း ထ'မခပ်ရုံတမယ် အန်တီဆွိမှာကား ရေထဲလွှတ်သော ဆူဠ လိပ်ကဲ့သို့  ရှော့ပင်းပတ်နေလေတော့သည်။

တစ်နေရာတွင် Esprit မှ ၅၀% ဒစ်စကောင့် ချသည် တွေ့ရာ ဆိုင်ထဲဝင်ကာ ဘာလေးများ သင့်တော်တာ တွေ့မလဲဟု ဟိုဟိုဒီဒီ ကိုင်အကြည့်တွင် ဈေးနှုံးမှာ နဂို $120 ကို $49.90 ကပ်ထားရာ အနှီ ၅၀ သည် ချပြီးလား၊ မချခင်လား မသေချာ။ Esprit မှ ဂျင်းဘောင်းဘီသည် အန်တီဆွိ၏ ဖေးဗရိတ်ဖြစ်ရာ ၀ယ်လျှင် ကောင်းမည်လား၊  မ၀ယ်လျှင်ကာင်းမည်လား စဉ်းစားနေစဉ် အရောင်းစာရေးမ တွေ့၍ မေးကြည့်ရာ ၅၀သည် နောက်ထပ် ၅၀% ဒစ်ကောင့် ထပ်ရမည်ဆိုသည်။ သို့နှင့် ဂျင်းဘောင်းဘီ တစ်ထည် ၂၅ကျပ်နှင့်ဝယ်မည်ဆုံးဖြတ်ရာ ဂျင်းဘောင်းဘီတွေ အထပ်လိုက်ကြီး၊ အပုံလိုက်ကြီးမှ စိတ်ကြိုက်ရွေးလေတော့သည်။ (ထို Esprit သည် factory outlet  store ဖြစ်ပါသည်။)

ပြသနာမှာ ဘောင်းဘီတွေက European ဆိုဒ်တွေဆိုတော့ ရှည်နေသည်။ Fitting room ထဲ Try ရင်း  Try ရင်းဖြင့် အတန်ကြာသွားသည်ဖြစ်ရာ ယောက်ျားနှင့် ခလေးကို ဖြတ်ဆို သတိရလာသည်။ ဖုန်းကလဲ အိမ်တွင် မေ့ကျန်ခဲ့သည်။ အချိန်ကလည်း ဤဆိုင်ထဲမှာပင် ၁နာရီခန့်ရှိလေပြီ။  အဲဒီကျမှ သူတို့တွေ လိုက်ရှာလို့ မတွေ့ရင် ဒုက္ခပဲဆိုကာ စိတ်ကထင့်နေစဉ် " ဆွိဆွိ ရေ " " ဆွိဆွိရေ " ဆိုသည့် အပြင်မှ (တောထဲမှာ လူပျောက်လျှင် အော်ခေါ်သကဲ့သို့) အသံကြားမှ "အစ်မရေ ကျွန်မ ဒီထဲမှာရှိတယ်"ဆိုကာ အသံပေးရလေသည်။ နောက်ဆုံး ဒီလောက်ဆို တော်သင့်ပြီဟု ကိုယ့်စိတ်ကို ချွန်းအုပ်ကာ  စိတ်ကြိုက် သရီးကွာတားလေးတစ်ထည် ၂၂ကျပ်ခွဲနှင့် ၀ယ်လာပါတော့သည်။


မတားနှင့် ... နာ့ကို လာမတားနှင့်။ ကြွားမှာပဲ ...  ကြွားမှာပဲ ...း)
အပြင်ရောက်မှ သိရသည်မှာ သူတို့တွေ ဆွိဆွိတီ ပျောက်လို့ လိုက်ရှာရာ၊ ဈေးကောင်စီသို့ပင် တိုင်ရမည်လား စဉ်းစားနေကြစဉ် အဖော်အစ်မမှ ဒီဆိုင်ထဲနောက်ဆုံးဝင်သွားသည်ကို သတိရကာ လာရှာခြင်းဖြစ်ပါသည်။ အန်တီဆွိသည် ရှော့ပင်းဆိုလျှင် ဤသို့ ထမင်းမေ့၊ ဟင်းမေ့၊ ယောက်ျားမေ့၊ သမီးမေ့ ဖြစ်တတ်ပါသည်။ ညက်မှောင်ကျုံ့ကြီးနှင့် တစ်ခါထပ်ရင်ဆိုင်ရမည်လား တွေးကာ အတတ်နိုင်ဆုံး ညက်နှာချိုသွေးထားရပါတော့သည်။

ဟိုရောက်တော့ သမီးနှင့် ဂိမ်းတစ်ခုတွင် မဲဆော့နေ၍ ညက်မှောင်ကျုံ့ရန် မေ့နေလေရာ တော်ပေသေးသည်ဟု သက်ပျင်းချရ၏။ သူတို့သားအဖတွေ ဂိမ်းမျိုးစုံဆော့ ကြသည်။ တစ်နာရီခွဲအတွင်း အတော်ဆော့ပြီးပါပြီ။ တိုက်ကားလဲ စီးကြသေးသည်ဆိုသည်။


ဆော့ရင်းဖြင့် ကပ်ပြားထဲလဲ ပိုက်ပိုက်ကုန်ပြီဖြစ်ရာ နေ့လည် ၃နာရီခွဲလောက် ဟေးမားကတ်မှ ပြန်ခဲ့ကြပါသည်။ လမ်းတွင် ခလေးများလည်း ဗိုက်ဆာလာပြီဖြစ်၍ သူတို့အကြိုက် KFC ၀င်စားကြသေးသည်။

စားသောက်အပြီး Central ဘူတာ (ဘူတာကြီး) သို့ ၅မိနစ်မျှ လမ်းလျှောက်ကြသည်။ 

ဘူတာကြီးမှာ နာရီတွေ၊ နာရီတွေ  ပေါသည်။



လွန်ခဲ့သော ၄-၅-၁၀နှစ်က စင်္ကာပူမှာကဲ့သို့ ကပ်ပြားအပျော့လေးများ သုံးနေဆဲဖြစ်ပါသည်။


အထဲရောက်ပြီးမှ ဘယ်စင်္ကြံလဲ၊ ဘယ်ရထားလဲ ကြည့်ရသည်။

လှေခါးအဆင်းလမ်းဘေးတွင် နေ့ခင်ကြောင်တောင် အိပ်နေသူအချို့။





နေသည့်နေရာတွေက မတူသည်ဖြစ်ရာ ခလေးများ အတူစီးပြန်နိုင်သည့် ရထား အရင်ရွေးကြသည်။
ရထားပေါ်တွင် ဆော့လို့ ရသလောက်တော့ ဆော့ကြသေးသည်။


နောက်ထပ်ရထား ပြောင်းစီးရန် ရထားစောင့်ရပြန်သည်။ (စောင့်ချိန် ၁၁ မိနစ်) 

ရထားစောင့်နေစဉ် အမြန်ရထားတစ်စီး ဆိုက်လာသည်။



ရထား အလံဖြူ ချိုးသည့်စံနစ် ခုချိန်ထိ ရှိသေးသည်။ အလံဖြူထောင်ပြမှ ရထားထွက်တော့သည်။
ရထားထွက်သွားပါပြီ။


ရထားလမ်း အကာအရံမရှိပါ။ ကာရံလည်း စိတ်ကူး လုံးဝ လုံးဝ မရှိပါ။ (စလုံး ကို သတိရမိပါသည်)


ရထားများသည် အပေါ်မှ ကြိုးများဖြင့် လျှပ်စစ်ဓာတ်ရယူသည် ဆိုသည်။


ရထားဆိုက်လာတော့ ထုံးစံအတိုင်း ခရီးဝေး အမြန်ရထားဖြစ်နေရာ ဟိုဒီလှည့်ပတ်ရှာရာ  ထိုင်ခုံနေရာမရှိတော့ပါ။ သားအမိ၊သားအဖ၃ယောက် ရန်ကုန်မန္တလေးရထားခိုးစီးသူများ၊ လက်မှတ်မဲ့များသဖွယ် လှေခါးနားတွင် ငုတ်တုတ်ထိုင်ကြရလေရာ ၅မိနစ်သာကြာပါသည်၊ နောက်တစ်ဘူတာ East Wood သို့ ရောက်လေသတည်း။