Monday, January 30, 2012

ဂျူဂျူလေးရဲ့ ဟောလီးဒေး Activities

ဂျူဂျူလေးတို့ ဒီနေ့ ကျောင်းတွေ ပြန်ဖွင့်ပြီ။
Ju Ju's  First day of school, ahead to Year 3




အန်တီဆွိတို့လဲ ကျောင်း ၁လခွဲ ပိတ်လိုက်တာ ဟောလီးဒေးကာလအတွင်း ဆစ်ဒနီနဲ့ အနီးပတ်ဝန်းကျင်ကို လည်ကြတာ တော်တော်ကို စုံသွားတယ်။ ဘာဟောလီးဒေးပလန်မှ မရှိပဲ အားရင်အားသလို ကြုံရင်ကြုံသလို စိတ်ကူးပေါက်ရာ ထွက်လည်ကြတာ။ ဟောလီးဒေးမတိုင်မီက ညီမလေး ရို့စ် တက်ဂ်ထားတဲ့ Holiday Plan ဆိုတဲ့ ပို့စ်လေးအတွက် ရည်ရွယ်ပြီးလဲ တင်ပေးလိုက်ပါတယ်။ ဆစ်ဒနီကို အလည်ရောက်ရင် လည်း ဒီနေရာတွေက လည်လို့ ကောင်းတဲ့နေရာတွေဖြစ်တဲ့ အကြောင်းလည်း အသိပေးရင်းပေါ့။
ဂျူဂျူလေးရဲ့ ဟောလီးဒေး Activities အမှတ်တရ

 Birthday Girl Ju Ju (17-Dec-2011 -Sat)
ဒီနှစ်တော့ ဂျူဂျူလေးရဲ့ မွေးနေ့ပွဲကို Hungry Jack ဆိုင်မှာ ခလေးတွေအတွက် လုပ်ပေးပြီး လူကြီးတွေအတွက်တော့ တရုတ်စားသောက်ဆိုင်တစ်ခုမှာ ကျွေးခဲ့ပါတယ်။


Christmas Eve count down and firework 
 Darling Harbour (24-Dec_2011-Sat)

အဲဒီနေ့က ဒါလင်ဟားဘားမှာ အရမ်းကို လူများပါတယ်။ အသိမောင်လေး လင်မယားက နေ့လည်ကတည်းကနေ နေရာကောင်းရအောင် ဦးပေးထားလို့  အဆင်ပြေသွားတာ။


 Taronga Zoo (27-Dec_2011-Tue)
တိရိစာဆန်ရုံကတော့ ဂျူဂျူလေး ပူဆာလွန်းလို့ လိုက်ပို့ရတာ။ ရထားစီး၊ ဘုတ်စီးပြီး သွားကြတယ်။ ဘုတ်စီးရတာ ပျော်စရာကောင်းပါတယ်။  ဂျူဂျူလေး ဘုတ်ပေါ်မှာ ပျော်နေတာ။ လေတွေသူ့ပါးစပ်ထဲ ၀င်လာတာကို ခံထားတာတဲ့။ သူပျော်တော့ အဖေတွေ အမေတွေလဲ ပျော်ပေါ့။




Sydney Aquarium (31-Dec-2011-Sat)
ငါးပြတိုက်ကတော့ အရင်က ပါ့သ်မှာလဲ ရောက်ဖူးတော့ သိပ်တော့ အထူးအဆန်းမရှိလှပါဘူး။ သူက ဒါလင်ဟားဗားနားမှာပဲ။ Sydney Eye Tower နဲ့ အတူတူ package လက်မှတ်ဝယ်ပြီး သွားကြတာ။

Sydney Eye Tower (31-Dec-2011-Sat)
ဆစ်ဒနီမြို့ကို အပေါ်စီးကနေ အကုန်လှမ်းမြင်ရတာပေါ့။  ရှူခင်းကြည့်လို့ ကောင်းတယ်။ နေက ပြောင်းပြန်ဖြစ်နေလို့ လူပုံတွေရိုက်တာတော့ မကောင်းဘူး။ ရှူခင်းပုံတွေတော့ လှတယ်။


 New Year Eve  count down and firework
The Rock (31-Dec-2011-Sat)

 New Castle Beach (1-Jan-2012-Sun)

Cumberland State Forest - Forest walk (15-Jan-2012-Sun)


Wollongong Trip (Sea Cliff Bridge)(21-Jan-2012-Sat)
Wollongong Trip (Kiama Blow Hole)(21-Jan-2012-Sat)


 Wollongong Trip (Nan Tien Temple)(21-Jan-2012-Sat)



 The Entrance ( 22-Jan-2012-Sun)

Blue Mountain (24-Jan-2012-Tue)




Information လေးတွေ သိရအောင် ခေါင်းစဉ်မှာ လင့်ခ် လေးတွေပါပေးလိုက်ပါတယ်။ အော်ဇီလာလည်ရင် အဲဒီနေရာတွေကတော့ ရောက်အောင်သွားရမှာပါ။
Sydney Opra House, Bondi Beach, Manli Beach  တို့ တွေလဲ နာမည်ကြီးပါတယ်။ ဆစ်ဒနီရောက်ရင် လည်ရမဲ့နေရာတွေပါ.။ အဲဒါတွေကတာ့ အရင်က ရောက်ဖူးပြီးသားတွေမှို့ မထည့်ထားတော့ပါ။

ပဟေလိ ... အောက်ဆုံးမှာ ဦးမောင်ခြိမ့် ဘာဖြစ်တာတုံး ... ???????

Friday, January 27, 2012

မီနီကူးပါးနဲ့ ဖြစ်ကြောင်းရယ်တဲ့ ကုန်စင်

သမီးလေးကျောင်းပိတ်တော့ သူ့ကိုပျင်းနေမှာစိုးတာနဲ့ အန်တီဆွိလဲ ဟိုဒီလိုက်ပို့ပေါ့။ ကားကလဲ မယူထားတော့ ဘတ်စ်ကားနဲ့ပဲ ချီတက်ကြတယ်။ တစ်ခါတစ်လေ ဈေးဝယ်တော့လဲ တွန်းလှည်းအထုပ်ကြီးနဲ့ ဘတ်စ်ကားနဲ့ သွားကြတာပဲ။ နီးနီးနားနား ရှော့ပင်းစင်တာဆိုလဲ သားအမိ၂ယောက် အပျင်းပြေ လမ်းလျှောက်သွားကြတယ်။ လမ်းမှာ park တွေ တွေ့ရင် ၀င်နားကြ၊ ဒန်းစီးကြ၊ ဆီးဆောတွေ စီးကြ ပြီးရင် လမ်းပြန်လျှောက်ကြပေါ့။ ဒီမှာက လူတိုင်းနီးပါး ကားစီးနေကြတော့ အဲလိုဒုက္ခခံပြီးသွားသူဆိုလို့ ကိုယ်တွေသာရှိတယ်။ ဒီတော့ ဦးခြိမ့်ကို ကားလေးတစ်စီးလောက် ၀ယ်ရအောင်ဆို ပြောနေတာကြာပြီ။
အန်တီဆွိတို့ စီးနေကျ  M54 Bus
 ကားဝယ်ရအောင်ဆိုတော့ ဘာကားစီးမှာလဲ မေးရင် ကိုယ့်အကြိုက်ပြောရရင်တော့ အဟမ်း အဟမ်း ... မစ္စတာဘင်းန်မောင်းတဲ့ မီနီကူးပါး (Mini Cooper) ဆိုတဲ့ ကားလေး ၀ယ်ချင်နေတာဂျ။ ဒီမှာက လမ်းလေးတွေက ကျဉ်းတော့ ၀ယ်ရင်တော့ ကားသေးတာလေးပဲ ၀ယ်မယ်ဆို စိတ်ကူးထားတာ။ စလုံးမှာကထဲက လမ်းမှာတွေ့တိုင်း သဘောကျခဲ့ဘူးတဲ့ ကိုယ့်ရဲ့ dream car လေး ၀ယ်မယ်ပေါ့။ ဒီမှာကတော့ တပတ်ရစ်ဆို ဈေးလဲ သိပ်မှ မကြီးပဲကိုး။ စလုံးမှာတုံးက စိတ်ကူးပဲ ယဉ်နိုင်တဲ့ကား၊ ခုတကယ်ဝယ်ရင်လဲ ဖြစ်နိုင်တာပဲဆို အင်တာနက်ထဲ ဟိုဒီ လျှောက်ကြည့်၊ ဈေးလေးတွေကြည့်နဲ့ အတွေးနဲ့ ပျော်နေတာပေါ့လေ။


ဒီကြားထဲ အိမ်မှာ ဧည့်သည်အစ်မတွေရောက်နေလို့ ဒီမှာ သုံးရအောင် ကိုယ့် Sim card လေး ဖြုတ်ပေးထားရတယ်။ ဖြစ်ချင်တော့ ဆက်စရာဖုန်းမရှိတဲ့နေ့မှပဲ အိမ်မှာ ဟင်းချက်စရာ ကုန်နေတာနဲ့ ဈေးသွားဝယ်ရတယ်။ ဦးခြိမ့်လဲ ရုံးကခွင့်ယူထားတော့ မနက်ဈေးလိုက်ပို့ပြီး သူက သွေးသွားလှူ၊ အပြန်ကျ ၀င်ခေါ်မယ်ပေါ့။ ဖုန်းမရှိတော့ ရှော့ပင်စင်တာထိပ်နား ဘယ်နှစ်နာရီ စောင့်နေမယ်ဆို ချိန်းလိုက်တာ။ သူမှာထားတဲ့ ၁၂နာရီမရောက်မီ နာရီဝက်အလို ကတည်းက သားအမိ၂ယောက် ဈေးဝယ်ပြီးလို့ ထွက်စောင့်နေတာ။ နောက်တော့ အပြင်မှာ လေကတိုက်၊ မိုးကရွာနဲ့ သမီး အအေးမိမဆိုးလို့ အထဲဝင် စောင့်ကြပြန်ရော။ တစောင့်စောင့်နဲ့၊ အထဲဝင်လိုက် ထွက်ကြည့်လိုက်နဲ့ အတော်ကို ဒုက္ခခံစောင့်ကြပြီး နေ့လည်၁နာရီအထိကို မလာတော့ စိတ်တွေလဲ တိုလာပြီ။ ဆက်စရာ ဖုံးကလဲမရှိ။ နောက်ဆုံးတော့ သမီးက အများသုံးဖုံးလေး ရှာတွေ့လို့ ဆက်ကြည့်လိုက်တော့မှ ဦးခြိမ့်က သွေးလှူတဲ့ ကုတင်ပေါ်မှာပဲ ရှိသေးသတဲ့ဗျား။ နောက် နာရီဝက်နေမှ ပြီးမတဲ့။ 

ကိုယ်တွေကလဲ သူလာကြိုမယ်ဆိုလို့ ၀ယ်ထားတာ ပစ္စည်းတွေက တွန်းလှည်းနဲ့ အပြည့်အပြင် လက်ထဲမှာ ဘုရားပန်းအထုပ်အကြီးကြီးက တစ်ထုပ်၊ ကြွပ်ကြွပ်အိပ်အထုပ်က ၂ထုပ်၊ ဘတ်စ်ကားနဲ့ပြန်ရင် အတော်ကသီမယ်ဆိုပြီး မပြန်ပဲစောင့်နေကြတာ။ သမီးကို ကြည့်လိုက်တော့ သူက စိတ်မရှည်တော့ဘူး။  ပျင်းနေပြီ။ ပြန်မယ်ဆို တကဲကဲဖြစ်နေတာနဲ့ တွန်းလှည်းထဲ လေးတာတွေ ပြောင်းထည့်၊ သမီးကို ပေါ့တာလေး၂ထုပ် ကိုင်ခိုင်းပြီး သားအမိ၂ယောက် ဘတ်စ်ကားနဲ့ပဲ ဒုက္ခခံပြီး ပြန်ကြတယ်။
 

ကိုယ်လဲ အိမ်ရောက် အထုပ်တွေလဲ ချရော ဦးခြိမ့်က သူဈေးကို ရောက်ပြီတဲ့ဆိုတဲ့အကြောင်း ဖုံးဆက်တယ်။ သြော် ခုမှတော့ ဘာလုပ်မှာလဲ ... အိမ်ပြန်ရောက်နေပြီဆို ရန်တွေ့၊ သူအိမ်ပြန်ရောက်တော့လဲ ထုံးစံအတိုင်း အန်တီဆွိရဲ့ ဓာတ်ပြားဟောင်း ကွန်ပလိမ့်တွေ မျိုးစုံကြားရတော့တာပဲ။ အော်ဇီတစ်မြို့လုံး အဲလို ဈေးလှည်းတွန်းပြီး ဘတ်စ်ကားနဲ့ပြန်တာ ကိုယ်တွေ သားအမိပဲရှိတဲ့အကြောင်း၊ ဈေးကို လမ်းလျှောက်တာလဲ တလမ်းလုံး ကိုယ်တွေသာရှိတဲ့ အကြောင်း၊ ကားမရှိတာ အတော်ဒုက္ခရောက်တဲ့အကြောင်း၊ စလုံးမှာတုံးကမှ အဆင့်မြင့်မြင့် ဘယ်သွားသွား ကားလေးနဲ့သွားရကြောင်း၊ အော်ဇီရောက်မှ အဆင့်အတန်းက ပိုနိမ့်ကျသွားကြောင်း၊ ကိုယ်မှို့ ဒီလောက် ဒုက္ခခံတဲ့အကြောင်း၊ သူများတွေ ကားတ၀ီဝီစီးနေတဲ့ လမ်းမှာ တကုတ်ကုတ်နဲ့ လမ်းလျှောက်နေရတဲ့ အကြောင်း၊ ၀ယ်ရင်တောမီနီကူးပါးပဲ ၀ယ်မယ့်အကြောင်း မျိုးစုံ ဂျီပွမ်ပါလေရော။ ဦးခြိမ့်ကလဲ နိုင်ငံတော်ရဲ့ သဘောထားအမှန် အဲလေ ပြည်သူလူထုရဲ့ သဘောထားကို နားလည်သဘောပေါက်သွားပြီးသကာလ သားအမိ၂ယောက်လုံး သူ့ကို လာ kiss ပေးရင် ၀ယ်ပေးမယ်ဆို ဈေးတောင်တည့်နေကြပြီ။ ၀ယ်မဲ့သူနဲ့ ၀ယ်ပေးမဲ့သူ တည့်တာကို ပြောတာပါ။

နောက်နေ့ မနက်ပဲ အစ်မတို့ကို ပရာမားတားဖက်က ဘဏ်လိုက်ပို့ရင်း အဲ့နားက မီနီကူးပါးရောင်းတဲ့ ကားဆိုင်တောင် တစ်ခေါက် ၀င်ကြည့်ကြသေးတယ်။ ကားလေးတွေက လှမှလှ။ အတော်လဲ သန့်တယ်။ ဒါပေမဲ့ ဈေးတွေကလဲ ကိုယ်ကြည့်ထားတာထက်ကြီးနေလို့ အိမ်ကျမှ အင်တာနက်ထဲ ပြန်ရှာဦးမယ်ဆို ပြန်ခဲ့ကြတာ။

ဒီနေရာမယ် ကားဝယ်မယ်သာ တကဲကဲပြောနေတာ။ အန်တီဆွိလဲ ခုတစ်လော ကားမမောင်းဖြစ်တာကြာပြီ။  ခါတိုင်းဆိုရင်တော့ ဒီကအဖွဲ့တွေ ဆုံကြရင် ယောက်ျားတွေက သောက်ကြတာများတော့ အပြန် ကိုယ်တွေပဲ ကားမောင်းရတာကိုး။ ဒီဇင်ဘာပိတ်ရက်မယ် အဖွဲ့တွေ အားလုံးနီးပါး ရန်ကုန်ပြန်ကုန်ကြတော့ မဆုံဖြစ်ကြတော့ ကားလဲ မမောင်းဖြစ်တော့ဘူးပေါ့။

ခုတော့ သူတို့လဲ ပြန်ရောက်ကြပြီ။ ဒီနေ့ပဲ အော်ဇီ နေရှင်နယ်ဒေး အထိမ်းအမှတ်နဲ့ အိမ်တစ်အိမ်မှာ မိတ်ဆုံစားပွဲ ပေါ့လပ်ခ်လိုလေး စုစားကြမယ်ဆို ဆုံကြတယ်။ အသုတ်စုံ၊ ၀က်သားတုတ်ထိုး၊ ကြက်တောင်ပံကြော်၊ အသီးအနှံ၊ အချိုပွဲ၊ အစုံပါပဲ။ ယူလာကြတာ။ တော်တော်လဲစားလို့ကောင်းတယ်။
စားသောက်ပြီး မတွေ့တာကြာတော့ လေပေါကြ၊ စကြ၊  မြန်မာပြည်က အတွေ့အကြုံတွေပြောကြနဲ့ ညနေ၅နာရီထိုးသွားတယ်။ ပြန်မယ်လုပ်တော့ ဦးခြိမ့်က သူနဲနဲသောက်ထားတယ်။ ညည်းကားမောင်းရမယ်တဲ့ဆိုတော့ ရုတ်တရက်ကြီး ကားမောင်းရပြန်တယ်။ မမောင်းတာလဲ ၂လလောက်ရှိနေတော့ နဲနဲတော့ လန့်တာပေါ့။ လမ်းကျ ဈေးဝယ်စရာလေးတွေ ရှိနေလို့  ရှော့ပင်းစင်တာဝင်ကြမယ်ဆို အဲဒီ့ကို အရင်မောင်းပေါ့။
 

ရှော့ပင်းစင်တာရှေ့ရောက်တော့ ကားပါ့ကင်ထိုး၊ မထိုးတာကြာတော့ ကားကတည့်တည့်မ၀င်ဘူး၊  နဲနဲရှေ့တိုးနောက်ငင်လေးနဲနဲလုပ်၊ ကားပါ့ကင်ထဲ တည့်အောင်ထိုးပြီး စိတ်က ရလဲ့ ငါ မမေ့သေးပါလားဆို ကျေနပ်ပြီး ပီတိဖြစ်၊ ကားပေါ်က ဆင်းတယ်။ အောက်ရောက်တော့ ဦးခြိမ့်က ဒရိုင်ဘာ seat နေရာက တံခါးဂျက်က ပျက်နေလို့ အရင် ဂျက်ချပြီးမှ ပိတ်ရမှာဆိုပြောလို့ တံခါးပြန်ဖွင့်၊ ဂျက်ချ ပြန်ပိတ် အဲဒီအထိ အားလုံး အိုကေပဲ။

ဟော ဦးခြိမ့်က ကားထဲ တစ်ခုခုယူစရာရှိတယ် တံခါးပြန်ဖွင့်လဲဆိုရော ဟင်င်င်င်င် ကိုယ့်လက်ထဲမှာ ကားသော့လဲ မရှိပါလားဆို လက်ဗလာကြည့်ပြီး အူတူတူဖြစ်နေသေးတယ်။ နောက်မှ  ဟမ်မလေး ကားသော့ကို မယူပဲနဲ့ ဒီတိုင်းထွက်လာတာပါလားဆို ကိုယ့်ဟာကိုယ် သဘောပေါက်တော့တယ်။ ကားသော့ယူမယ်လုပ်တော့ စောနက သူကဂျက်ချဆို ချလိုက်တာမှာ ကားထဲမှာရှိသမျှသော ကားဂျက်တွေ အကုန်ကျကုန်ပြီး ကားတံခါး တစ်ခုမှ ဖွင့်မရတော့ပါဘူးဂျာ။ အထဲမှာ ကားသော့ကတွဲလောင်း အင်ဂျင်က နှိုးရက်ကြီး။

ဒီနေရာမယ် ဦးခြိမ့်ရဲ့ ရုတ်တရက် ကျုံ့သွားတဲ့ ညက်မှောင်ကျုပ်ကြီင်္းကို ပရိတ်သတ်တို့ မြင်တွေ့စေချင်တယ်။ ကမ္ဘာပေါ်မှာ အစွမ်းကုန် အကျုံ့ဆုံးသော မျက်မှောင်ကျုပ်ကြီးနဲ့ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ...

"ညည်းအေ ... ကားမောင်းပြီး ကားသော့မယူပဲ ထွက်လာရသလား၊ ငါ တကယ် စိတ်ပိန်ဒယ်။ ညည်း ကားလဲ ၀ယ်မနေနဲ့ ... ဘာ မီနီကူးပါး မှ မ၀ယ်နဲ့ ၊ ကားလဲ မောင်းမနေနဲ့တော့ .... "
 
(အန်တီဆွိမှ ကိုယ့်အပြစ်နဲ့ ကိုယ် လေသံပျော့လေးနဲ့ ညှိုးညှိုးငယ်ငယ်ဖြင့်) 

"ဆွိလေးလဲ ကားမမောင်းတာကြာတော့ ကိုယ်မောင်းတာကိုယ်မေ့ပြီး ဒီတိုင်းလေး ထွက်လာတာမိတာ ...  အထွက်မှာ ဘာလဲတော့ မသိဘူး ... တစ်ခုခုကို တွေးနေလို့ မေ့သွားတာနဲ့ တူတယ်  ... ..."


"အဲဒါဆို အိမ်ပြန်ပြီး နောက်ကားသော့တစ်ချောင်း ပြန်ယူရမှာပေါ့။ ဘယ်မှာလဲ အိမ်သော့ ..."

အန်တီဆွိမှ ကမန်းကတန်း စဉ်းစား ... ဟမ်မလေး အိမ်သော့ကလဲ ကားရှေ့က အံခွက်လေးထဲမှာ မှာထည့်ထားတာတော့  ...

အင်မတန် လေသံပျော့ပျော့ တိုးတိုးညှင်းညှင်းလေးဖြင့် ...

"အိမ်သော့ကလဲ ကားထဲမှာပဲလေ ...."

အမှန်တကယ်က အိမ်သော့တွေ့သည်ထားဦး၊ နောက်ကားသော့တစ်ချောင်းက အိမ်ဘယ်နားမှာထားမိလည်း  ရုတ်တရက်ကြီး စဉ်းစားမရပါ။ မမှတ်မိတော့ပါ။ အသက်ကြီးလာတော့ လူက မေ့လွယ်ချက် ... ဟင်င်င်င်င်းးးးးး .... (သက်ပျင်းချ)

 အထက်ကထက် ပို၍ပျော့သော  လေသံပျော့ပျော့ တိုးတိုးလေးဖြင့်

"အိမ်သော့တွေ့လဲ ကားသော့ ဆွိလေး ဘယ်နားထားမှန်း မသိဘူး ..."

ဦးခြိမ့်ကား အံ့သြခြင်း၊ မယုံနိုင်ခြင်း၊  လက်ဖျားခါသည် ဆိုသော အဓိပါယ်များ အပြည့်အ၀နှင့်  ခေါင်းကို တွင်တွင်ခါရမ်းကာ မျက်မှောင်ကျုတ်လျက် ဘာလုပ်ရမည်လဲ အကြံထုတ်နေသည်။ အန်တီဆွိလဲ ကားတံခါး တစ်ခုတစ်လေများ ပွင့်လေနိုးနှင့် ကယောင်ကတမ်း တံခါးတွေ အကုန်ဆွဲဖွင့်ကြည့်နေတယ်။ မရတော့မှ လေသံပျော့ပျော့ ချိုချိုလေးဖြင့်

"အဲဒါဆိုလဲ ကား လော့ဂ်စမစ်ခ်ကို ခေါ်ရမှာပေါ့။ ဘယ်တတ်နိုင်မှာတုံး ..."

"အေး ... ဒီလို ပိတ်ရက်မျိုး အော်ဇီမှာ လော့စမစ်ခ်ခေါ်လို့ကတော့ မွဲတောင် မွဲသွားဦးမယ် ... ..."

"ကဲကဲ ... ညည်းဈေးသွားဝယ်စရာရှိတာ သွားဝယ်။ ငါ့ဟာငါကြံလိုက်ဦးမယ် ..."

သူကပြောပြောဆိုဆို ကားတံခါးတွေ မှန်တွေကို အတင်းပွတ်ဆွဲတာမျိုးတွေ လုပ်နေတယ်.။ ကိုယ်လဲ ဘာမှ မပြောသာတာနဲ့ ဈေးကိုအပြေးသွား လိုတာဝယ်ပြီး ပြန်လာ၊ ကားပါ့ခ်ကို ခမ်းလှမ်းလှမ်းက ကြည့်လိုက်တော့ မျက်မှောင်ကုတ်ကြီးက ဖုန်းဆက်နေတယ်။ သူပြောတာကြည့်ရတာ လိပ်စာကဒ်လေးတစ်ခုကိုင်ပြီး ပြောနေတာဆိုတော့  ကားလော့စမစ်ခ်ကို ခေါ်နေတာထင်ပါရဲ့။ သူပြောသလိုဆို ဒီလိုနေ့မျိုးဆို ဘယ်လောက်တောင် ပိုက်ပိုက်တွေကျလိုက်မလဲလို့ စိတ်ကစဉ်းစား၊ သူဖုန်းဆက်ပြီးတာနဲ့ ...

"အဖေ ခု ကား လော့စမစ်ခ်ကို ခေါ်နေတာလား ... ..."
မဟုတ်ဘူး။ ဒီနားမှာ အဲလိုကားတွေ ပျက်ရင် အရေးပေါ်ပြင်ဖို့ ရောင်းလှည့်နေတဲ့ NRMA mobile service ကားတွေ ရှိတယ်။ အဲဒါလဲ အင်ရှူုးရန့်စ်လိုပဲ ၀ယ်ထားရတာ၊ ၂နှစ်စာ ၁၀၀လောက်ပေးရတယ်။ ကံကောင်းလို့ သက်တမ်းမကုန်သေးဘူး။ သူတို့ကို လှမ်းခေါ်လိုက်တာ။ ခုလို မိုင်နာကေ့စ်ဆို ဘာမှပေးစရာ မလိုဘူးတဲ့။

(ဦးခြိမ့် အသံတိုးသွားသည်ကို သတိပြုပါ ...)
" ဟုတ်လား။ ဘယ်တော့လာမတဲ့လဲ  ..."

"သူတို့ကတော့ အမြန်လာခဲ့မယ်ပြောတယ်... ဒါပေမဲ့ နာရီဝက်- တစ်နာရီတော့ ကြာမယ်ထင်တယ် ... "
NRMA roadside assistant, အောက်က ၀ဘ်ပေ့ခ်ျမှာ အသေးစိတ်ကြည့်နိုင်ပါတယ်။
http://www.mynrma.com.au/join.htm?gclid=CJLChvbe7q0CFQYdpAodRUS2rw


ပြောနေရင်း ရှော့ပင်းစင်တာ အ၀နား သားအမိ၊ သားအဖ ၃ယောက်သား စောင့်နေကြတာ၊ ၅မိနစ်တောင်မကြာဘူးဗျာ။ ကားခေါင်မိုးမှာ အချက်ပြမီးတွေ ပြိုးပြိုးပျက်ပျက်နဲ့ NRMA Roadside Assistant ဆိုရေးထားတဲ့ ကားအဖြူကြီး တစ်စီးဝင်လာတာနဲ့ ဦးခြိမ့်က လက်ပြတားပြီး အိမ်ကကားကိုပြတယ်။ ကားပေါ်က အဖြူ တစ်ယောက်က ဆင်းလာကြည့်ပြီး ဘာဖြစ်လဲမေး၊ ခေါင်းတငြိမ့်ငြိမ့်နဲ့ သူ့ကားပေါ်ပြန်တက်သွားတယ်။ ပြန်လာတော့ လူတွေ သွေးတိုင်းရင် ပတ်တဲ့ အ၀တ်လိုမျိုးလေးနဲ့ လေဖိတဲ့ ဖုသီးလေးပါတဲ့ ကရိယာလေးတစ်ခုရယ်၊ နောက် ပလတ်စတစ် ကြိုးအပြား အရှည်လေးကို ထိပ်မှာ သံကွင်း စွပ်ထားတာလေးရယ် ဒါလေးတွေပဲ သယ်ပြီး ပြန်ဆင်းလာတယ်။ 
ကိုယ်ထင်ထားတာက တံခါး လက်ကိုင်ကနေ တံခါးသော့တစ်ခုလုံး ဖွင့်ပြင်မယ်ပေါ့။ ရတောင်ရပါ့မလားပေါ့၊ အလွန်ရှုတ်ထွေးခက်ခဲသော ပြင်ဆင်မှုတွေလုပ်တော့မှာလား၊ ကားတံခါးတစ်ခုလုံး တစ်စစီ ဖြစ်တော့မှာလားပေါ့ တွေးနေတာ။ သူ ပထမ လက်ပတ်လိုအ၀တ်စအပြားလေးကို ကားတံခါးနဲ့ ဘော်ဒီကြား ထဲ အားနဲ့ လျိုသွင်းလိုက်တယ်။ နောက်တော့ ဖုသီးလေးကို ဖိဖိပြီး လေဖောင်းအောင် လုပ်လိုက်တော့ အဲဒီကြားထဲ နဲနဲလေး ဟလာတယ်။ နောက်တော့ စောနက ပလတ်စတစ်ကြိုးပြားလေးထိုးပြီး အထဲက ကျနေတဲ့ လော့ဂ်လေးကို ထိပ်ကကွင်းလေးနဲ့ ဆွဲယူလိုက်တာပဲ။ အော်ပရေးရှင်းတစ်ခုလုံး စက္ကန့် ၃၀လောက်ပဲကြာပါသဗျာ။ ကားတံခါးဆွဲဖွင့်လို့ရသွားပါတော့တယ် ခင်ဗျား။ မျက်မှောင်ကျုပ်ကြီးလဲ အဲဒီမှ  ကျေးဇူးတင်ကြောင်းပြောပြီး ပြုံးနိုင်တော့တယ်။

အန်တီဆွိလဲ သက်ပျင်းချ။ ဒီလိုတွေဖြစ်လို့ မမောင်းရင်လဲ နောင်မမောင်းရဲပဲဖြစ်တော့မယ်ဆိုပြီး အိမ်ကိုကားဆက်မောင်းပြီး မီနီကူးပါးလေး ၀ယ်ဖို့အရေး ရက်ပိုင်းအလိုမှ ဖြစ်ရလေခြင်းဆို ညက်မှောင်ကျုပ်ကြီး စိတ်တဖန် ပြန်လည်အောင် ဘယ်ပုံဘယ်နည်း ဆက်ပူဆာရမလဲဆိုတာ ကားမောင်းရင်းတွေးနေမိပါတော့တယ်။

ဟမ်မလေး ဘာပဲပြောပြော အဲလိုလေး ပုံလေးတွေ တင်ပြီး မစားရ၀ခမန်းပြောနေရတာကိုက စိတ်ချမ်းသာချက်။ အန်တီဆွိတို့ကတော့ ရအောင်ကို ပူဆာဦးမှာာာာာ..... ....

တစ်နေ့က အန်တီဆွိတို့ မိသားစု Wollongong ဖက် အပျော်ခရီးထွက်ကြစဉ် ရိုက်ထားတာပါ။

(အန်တီဆွိ ဂျူဂျူလေး ကျောင်းပိတ်နေလို့ မအားတာနဲ့ ပို့စ်တွေ မတင်ဖြစ်တာ။ တောင်းဆိုထားတဲ့ ကွန့်မန့်တွေလဲ ဖတ်ရပါတယ်။ ပြန်မရေးပေမဲ့ ကွန့်မန့်အားလုံးကို အလေးထားပါတယ်ဆိုတဲ့ အကြောင်း ပြောလိုပါတယ်။ နောက် Monday ကစပြီး ကျောင်းပြန်ဖွင့်ပြီဆိုတော့  ပို့စ်တွေပြန်တင်နိုင်မယ်လို့ မျှော်လင့်ပါတယ် ... လာဖတ်သူ အားလုံးကျေးဇူးတင်ပါတယ် ချင့် ..)
 

Friday, January 6, 2012

အသာလုပ်ပါ ခရစ်ကက်တို့ရယ် ...


    မနက်အိပ်ရာကထ ညက်လုံးလေးဖွင့်ကြည့်လိုက်တာနဲ့ နာရီလေးကို မြင်ချင်လို့ ဆွိတို့အခန်းထဲ တိုင်ကပ်နာရီလေးတစ်လုံး ထပ်ဝယ်ရအောင် ယောက်ျားရေဆိုတော့ အခန်းတိုင်းမှာ နာရီတွေနဲ့ တစ်အိမ်လုံးလဲ နာရီတွေပြည့်နေပြီတဲ့၊ ဘာလုပ်မလဲတဲ့။ အိမ်ဦးနတ်ကြီးဆိုတော့လဲ သူပြောတဲ့ အတိုင်းပေါ့။ အထွန့်မတက် အသာနေရတယ်။

    ဒါနဲ့ စလုံးက ပါလာတဲ့ စားပွဲတင်နာရီ အစုတ်ကလေးကိုပဲ ကြည့်ကြည့်နေရတယ်။ မျက်လုံးလေးဖွင့်ရုံမဟုတ်၊ ခေါင်းလေးတော့စောင်းကြည့်ရသပေါ့။ မနက်မနက် ၅နာရီလောက် စောစောနိုး၊ အွန်လိုင်း ဟိုလျှောက်ဖတ်၊ ဒီလျှောက်ဖတ်နဲ့ ၆နာရီလောက်ကျ ပြန်အိပ်ချင်လာပြန်၊ ပြန်အိပ်တော့ မနက်ထရမဲ့ အချိန်ကျ လူကမနိုးတော့။ တစ်ခါတစ်ရံလဲ "ထရမယ် ... ထရတော့မယ်" နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မရတော့ဘူး။

    ဒါနဲ့ နာရီအစုတ်လေး alarm ပေး အိပ်ပြန်တယ်။ နာရီက အစုတ်ဆိုတော့ alarm က အတိအကျ ပေးမရဘူး။ လက်တံနဲ့ အသံကလွဲနေတော့ ဒုက္ခ။ ကိုယ်ပေးတဲ့ အချိန်ကတခြား၊ မြည်တဲ့ အချိန်က တလွဲတွေဖြစ်လာတော့ အချိန်တော်တော်ကြာ နာရီသံပတ် alarm မပေးပဲနဲ့ အိပ်ရေးပျက် မနက်တွေကများလာ။

    ဒါနဲ့ တစ်ရက် အော် ငါ့နှယ် ဒီအိုင်တီခေတ်ကြီးမှာ အိုင်ဖုန်းတွေ၊ အိုင်ပက်တွေ ကိုင်နေပြီး နာရီသံပတ်ပေးတာတောင် ဒုက္ခရောက်နေရသလားဆို အိုင်ဖုန်းကလေးနဲ့ နှိုးစက်ပေးဖို့ သတိရတယ်။ setting မှာ ဘာသံလဲ ringtone ရွေးဆိုတော့ မနက် ညင်ညင်သာသာနှိုးမယ်ထင်ရတဲ့ Crickets ဆိုတဲ့ အသံလေးရွေးလိုက်တယ်။ မနက်ခင်းမယ် ထရတဲ့အခါ alarm သံရွေးတာလဲ သိပ်အရေးကြီးတယ်။ အဆောင်မှာနေစဉ်က အခန်းဖော် မန်းသူတစ်ယောက်သယ်လာတဲ့ ဗို့အားတစ်ထောင် alarm ကို မမေ့သေးဘူး။ အသံကြားတာနဲ့ ကောက်ပေါက်ချင်စရာကောင်းလောက်အောင် ကျယ်လောင်ဆူညံတဲ့ "ကလင် ကလင်င်င်င်င် ..." ဆိုတဲ့ အသံကတော့ တစ်သက် မမေ့စရာဖြစ်ခဲ့သကိုး။

    ဒါနဲ့ ခရစ်ကတ် အသံလေး "ကကျစ်  ကကျစ်" နဲ့ မနက်တိုင်း ဟန်ကျနေရာကနေ ပြသနာက ပေါ်ပြန်တယ်။ ဖုန်းကို အိပ်ခါနီးတိုင်း အနားမှာ ယူထားဖို့ ဘယ်သတိရမလဲလေ နော့။ အဲလို အပြင်မှာ မေ့ကျန်ခဲ့တဲ့ မနက်တွေဆို တစ်ခါတစ်ရံ အိပ်မပျော်နိုးတစ်ဝက် အပြင်က ပုရစ်သံ ကကျစ်ကကျစ်နဲ့ တောထဲများရောက်နေလား တွေးထင်ရတယ်။ တစ်ခါတစ်လေ နိုးနေတဲ့ နေ့တွေကျပြန်တော့လဲ သွားထပြီး ပိတ်ရမှာ ပျင်းတာနဲ့ ဒီအတိုင်းပစ်ထားလိုက်တာ တစ်မနက်လုံး အိမ်ရှေ့မှာ ကကျစ်ကကျစ်နဲ့ ဆူပွက်လို့၊ တော်တော်နဲ့ မရပ်တော့ဘူး။ alarm က ထရမဲ့ အချိန်ထက် နာရီဝက်ကြိုပေးထားသကိုး။

    နောက်တစ်ခု ရယ်ရတာက ကိုယ်က စောစောထတတ်တော့ အများအားဖြင့်တော့ နာရီမနှိုးခင် ကိုယ်က နိုးနေတာများတယ်။ ရက်တော်တော်များများကတော့ အော် ခရစ်ကက်လေးလဲ မအော်သေးပါလားဆို နားစွင့်နေရတာများတယ်။ သူအော်တော့မယ် ... အော်တော့မယ်ဆို  အော်ခါနီးရင် နေရာယူ၊ အသင့်ပြင် .... အော်တာနဲ့ မြားလေး ထဆွဲရတယ်။ ရယ်ရချက်။

    တစ်နေ့ကတော့ အိမ်ကလူက ကွန်ပလိမ့်တက်တယ်။ alarm နဲ့တော့ မဆိုင်ပါဘူး။ ညည်းဟမ်းဖုန်းကတဲ့ ခေါ်လို့လဲမကြား၊ အော်လို့လဲမကြားတဲ့။ အဲဒါလေး ဂရုစိုက်ပါဦးအေတဲ့။ ရှော့ပင်ထွက်ရင်းနဲ့ ဖုန်းခေါ်တိုင်း မကြားတာတွေက များလာလို့ ကွန်ပလိမ့်တက်တာ။ များလာတော့ ကိုယ်လဲ ဆင်ခြင်ဦးမှပါလေဆို ကြည့်လိုက်တော့ miss call က ၅ခါတောင်ဆိုတော့ ခပ်လန့်လန့်ရှိလှနဲ့ ဖုန်းက ရှိသမျှ ring tone အသံတွေကို အကျယ်ဆုံးထား၊ ရှိသမျှ အသံတွေအကုန် vibration နဲ့ တွဲထားပလိုက်တယ်။

ပထမအကြိမ်စမ်းသပ်ချက်အရ အောင်မြင်တယ်ပြောရမယ်။ ဒီလောက် လူတွေဆူညံနေတဲ့ ရှော့ပင်းစင်တာတစ်ခုမှာ သူခေါ်တဲ့ ပထမဆုံးဖုံးကို ပထမဆုံးအနေနဲ့ ကြားတယ်ဗျား။

    ဒီမနက် အိပ်ရာက စောစောနိုးနေပြန်တယ်။ ၆နာရီလောက်ပြန်အိပ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းတုံးရှိသေး တိတ်ဆိတ်နေတဲ့ နံနက်ခင်းမှာ ရုပ်တရက်ကြီး "ဗရူးဗရူး ကကျစ် ကကျစ် ... ဗရူးဗရူး ကကျစ် ကကျစ်" နဲ့ ခါတိုင်းလို ခရစ်ကက်အသံက ညင်ညင်သာသာမရှိပဲ ခရစ်ကက်ကို စတင်းဂမ်းနဲ့ဆော်၊ ပုရစ်က ကကျစ်ကကျစ်နဲ့ အသံကို ပြဲနေအောင် အော်တဲ့ အသံမျိုး။ ဟဲ့ ဟဲ့ ပလုပ်တုတ်ဆို ကမန်းကတမ်း ဟမ်းဖုန်းကို လက်နဲ့ ထစမ်းတာ စမ်းမမိဘူး။ စတင်းဂမ်းသံက ပိုတောင်ကျယ်လာတယ်ထင်လို့ အိပ်ချင်မူးတူးမျက်လုံးကို ပြူးပြဲကြည့်ပြီး ရှာမှ ဒီစတင်းဂမ်းမှန်တဲ့ ခရစ်ကက် အဲလေ ဟမ်းဖုန်းကို အမြန်ဖမ်း၊ မြားလေးကို အမြန်ဆွဲမှ ခရစ်ကက်လဲသေ၊ အဲလေ alarm  အသံလဲ ပျောက်တော့တယ်။
အသာလုပ်ပါ ခရစ်ကက်တို့ရယ်။ ဘေးက ဂျူဂျူလေး လန့်နိုးမှဖြင့် ဆို သက်ပျင်းချ ။


   ဟိုနေ့က လန့်လန့်နဲ့ ring tone တွေအကုန် ကျယ်ပြီး ဗိုက်ဗရေးရှင်းထည့်လိုက်မိတာ ငါးပါးမှောက်။ ဗိုက်ဗရေးရှင်းအသံက တိတ်ဆိတ်နေတဲ့ အချိန်မှာ စတင်းဂန်းဆွဲနေတဲ့ အတိုင်းပဲကိုး။

(ပိတ်သတ်ကြီးက တောင်းဆိုလာလို့ ပို့စ်တစ်ပုဒ် အမြန်တင်လိုက်ပါတယ်။ ဂျူဂျူလေး ကျောင်းပိတ်ရက်မှို့ သူ့ကို  အန်တာတိန်းနေရလို့ ပျောက်နေတာ ခွင့်လွှတ်တော်မူကြပါ။)