Wednesday, February 29, 2012

အန်တီဆွိရဲ့ အိမ်ရှင်မဘ၀ တစ်နေ့စာ အလွဲများ

 ငါ့အသားစ ဘယ်ရောက်သွားသလဲ ....း)

အရင်စင်္ကာပူမှာနေတုံးက NTUC က ဓားတွေ ပလိုမိုးရှင်းပေးလို့ ဦးခြိမ့်တို့ မောင်နှမ၂ယောက် အလုအယက်ဝယ်ကြတဲ့ အကြောင်းတစ်ခါရေးဖူးသေးတယ်။ ဒီရောက်တော့ အိမ်ရှင်မအသစ်က အဲ့ဓားသစ်တွေ အကုန်ထုတ်သုံးပလိုက်တယ်။ အဟက် ... ဘယ်ရမလဲ။ အစွမ်းကုန်ပညာ ပြတော့မယ်ပေါ့။

ဓားတွေက နာမည်သာကြီးတာ၊ လှီးလို့ ချွတ်လို့ တော့ ဒီလောက်မကောင်းလှဘူးရယ်။ ဓားတွေက ထူတော့ ကြက်သွန်လို ပါးပါးလှီးချင်ပြီဆို ဘယ်လိုမှ လှီးလို့မရဘူး။ ဒီတော့ စလုံးကပဲ ပါလာတဲ့ ဓားပါးပါး အဟောင်းလေးနဲ့ပဲ လှီးချွတ်နေရတယ်။ အဲ့ဓားလေးကလဲ လှီးပါများလို့ အလယ်မှာတောင်ခွက်လို့။ ဦးခြိမ့်ကတော့ သူတို့ ပျဉ်းမနားအိမ်က ဓားတွေဆို ဒီ့ထက်တောင်ဆိုးသေးလို့ အားပေးတယ်။ တစ်ခါတစ်ခါ အဲ့ဓားအလယ်က အသားတွေ ဘယ်စားသွားလဲလို့ တွေးရင် အူယားသေးတယ်။ တို့ဗိုက်ထဲတွေများ ရောက်ကုန်လားပေါ့။ အလယ်ကခွက်နေတော့ သူကလဲ မရှိလို့သာသုံးရ၊ လှီးလို့ သိပ်ကောင်းတယ် မဟုတ်လှဘူး။

ဟိုနေ့ကတော့ ဒီက ဂျက်စကိုဆိုတဲ့ တရုတ်ပစ္စည်း တိုလီမိုလီလေးတွေ ရောင်းတဲ့ဆိုင်မှာ ဓားပါးပါးလေးတစ်ချောင်း ရှာဖွေတွေ့ရှိခဲ့တယ်။ ဘရန်းက ကီဝီတဲ့။ သစ်သားလက်ကိုင်လေးနဲ့။ ပါးပါး ပြားပြားလေး။ တော်တော်လှီးလို့ကောင်းမဲ့ဓားပေါ့။ အန်တီဆွိ အဲ့ဓားလေးရလာတော့ သိပ်သဘောကျတာ။ ဦးခြိမ့်ကို ခဏခဏကိုပြောနေတာ။ ဓားလေးကောင်းချက် ယောက်ျားရယ်တဲ့။ လှီးလို့ သိပ်ကောင်းတာပဲ တဲ့။ ထက်လဲ အရမ်းထက်တယ်တဲ့။ အဲနေ့က ဘာရယ်မဟုတ် ဂျက်စကိုမှာ လျှောက်ကြည့်ရင်း ရခဲ့တာတဲ့။ အော်ဇီ တစ်မြို့လုံးပတ်ရှာတောင် ဒီလို ပါးတဲ့၊ ထက်တဲ့ဓားမျိုး ဘယ်မှာမှ မရနိုင်ဘူးတဲ့ ... စုံလို့ပဲ။ ဓားချီးကျူးခန်းဖွင့်နေတာလေ။

 *******************************************************************

အန်တီဆွိ  တစ်ယောက် စလုံးမှာနေတုံးက ရှမ်းခေါက်ဆွဲချက်တာ နာမည်ကြီး။ အိမ်မှာ တစ်ခုခုချက်လို့ ဖိတ်ကျွေးပြီဆို ဦးခြိမ့် သူငယ်ချင်းတွေက ရှမ်းခေါက်ဆွဲပဲချက်ပါဆို ပွဲတောင်းကြတယ်။ ဒီရောက်တော့ ရောက်ကတည်းက တစ်ခါမှ မချက်စားဖြစ်ဘူး။ ရှမ်းခေါက်ဆွဲက လုပ်ရတာ အမယ်များတာရော။ ၂ယောက်တည်း လုပ်စားရမှာ ပျင်းတာရော။ ဒါနဲ့ ဟိုနေ့က ပဲပင်ပေါက်လေးတွေ လတ်လတ်ဆတ်ဆတ်လေးတွေတွေ့တာနဲ့ ဆီတို့ဟူးလေး ၀ယ်ပြီး ရှမ်းခေါက်ဆွဲချက်စားဦးမယ်ဆို စိတ်ကူးရတယ်။ မြန်မာဆိုင်ကလဲ ပဲပုပ်ပြားလေးတွေ ၀ယ်ထားသေးတာကိုး။

အိမ်ရောက်တော့ ကြက်သားရင်ပုံသားလေးတွေကို ကီဝီဓား ပါးပါးလေးနဲ့ ဇတ် ... ဇတ် ဆို လှီးနေတယ်။ လှီးနေရင်းနဲ့ စိတ်က ကြက်သားဆီမရောက်။ ဟိုရောက်ဒီရောက်နဲ့ ရုတ်တရက် ကြက်သားကိုင်ထားတဲ့ လက်ညှိုးလေးက ပူကနဲ၊ စူးကနဲ နာသွားတယ်။ ဟမ်မလေး ဓားပြတ်ပဟဆို .. ကြည့်လိုက်တာ လက်ညှိုး ဘေးသားတစ်ခုလုံးကို လှီးချပလိုက်တာဗျား။

 အန်တီဆွိ မီးဖိုချောင်မှာ ထိခိုက်ရှနာ အင်မတန်ဖြစ်ခဲပါတယ်။ အရင်ကဓားတွေ တုံးတာထူတာလဲ ပါမှာပေါ့။ ခုဓားက ထက်မှန်းသိတော့ အမြဲသတိထားလှီးပါတယ်။ ဒီနေ့တော့ မတော်တဆ ထိသွားပြီပေါ့။ ဘယ်တတ်နိုင်မလဲ။ အရင်ထိဘူးတာတွေက ဓားက ရှရုံရှတာမျိုး။ ရှတဲ့နေရာကို လက်ကလေးနဲ့ အသာဖိထားလိုက်။ ခဏနေတော့ သွေးတိတ်သွားရော။ ခုတော့ ကီဝီဓားကောင်းချက်။ ရှရုံမက လက်ညှိုးစွန်းတစ်ခုလုံးပါ လှီးချလိုက်တာဆိုတော့ သွေးက မတိတ်တော့ဘူး။ ဘေးက ကမန်းကတမ်း တွေ့တဲ့တစ်ရှူးနဲ့ လက်တွေကိုသုတ်၊ တစ်ရှူးလေးအောက်ကခံ လက်နဲ့ အကြာကြီးဖိထားပေမဲ့ သွေးကတော့ တော်တော်နဲ့ တိတ်မဲ့ပုံမပေါ်ဘူး။ အဲလို အနာကပွင့်နေရင် သွေးတိတ်အောင် ဘယ်လိုလုပ်ကြလဲဆို စဉ်းစား။ လက်ဖျံကိုလှီး ကိုယ့်ကိုယ်ကို သတ်သေသူတွေက သွေးထွက်လွန်ပြီး သေကြတာဆိုတာကို စဉ်းစား ...

ဟမ်မလေး သွေးထွက်လွန်ပြီးများ သေမလား ကိုယ့်ကိုယ်ကို စိတ်ပူနေသေး။ ဆေးခန်းပဲ သွားရမလား။  triple zero ပဲခေါ်ရမလား တွေး။ ဦးခြိမ့်ကို ဖုန်းဆက်မယ်လုပ်တော့ အလကား စိတ်ပူနေပါမယ်လေဆို ကိုယ့်ဟာကိုယ်ပဲ ဆေးသတ္တာထဲက ဂွမ်းတွေထုတ် ပွင့်နေတဲ့ အနာကို ဂွမ်းနဲ့ဖိ၊ အရေးထဲ ပလပ်စတာ အရှည်က ရှာမရတာနဲ့ တိတ်လေးနဲ့ ငုံပြီးပတ်ထားလိုက်တယ်။ သွေးထွက်လာရင်လဲ အသိသာကြီး အပြင်ကို စီးထွက်လာမှာပေါ့။ အဲလောက်ထွက်ရုံတော့ သွေးထွက်လွန် မသေလောက်ပါဘူးဆို။
ဘလော့ဂါ ပီပီသသ မှတ်တမ်းတင်
 ခပ်ပေပေပဲ၊ လက်ညှိုးလေးထောင်ပြီး ကြက်သားဆက်လှီး။ ချက်ရပြုတ်ရမှာတွေ ဆက်လုပ်တယ်။ ကြက်သားကို ဆီသတ် ခရမ်းချဉ်သီးနဲ့ ချက်တယ်။ ကြက်သွန်ဖြူပါးပါးလှီး ဆီချက်ချက်တယ်။ ၀က်ရိုးပြုတ်တယ်။ ဆီတို့ဟူး အရည်ဖျော် ဆီသတ်တယ်။ ပဲပင်ပေါက် ရေနွေးဖျောတယ်။ ရှမ်းခေါက်ဆွဲဖတ် ရေစိမ်တယ်။ တို့ဟူးပျော့ပျော့လေးကြိုထားတယ်။ မုန်ညင်းချဉ် ပါးပါးလှီတယ်။ ငရုပ်သီးမှုန့်ကို ဆီနဲ့ ပြန်ကြော်တယ်။ ကြက်သွန်မြိတ်၊ နံနံတွေကို ပါးပါးလှီးတယ်။ နှမ်းလှော်ဗူးနဲ့ မြေပဲခွဲခြမ်းဗူးတွေကို အဆင်သင့်ချထားတယ်။

လက်ကတော့ နာလဲနာ၊ တိတ်ကလဲ ပတ်ထားဆိုတော့  တော်တော် ကသိကအောက်နိုင်တယ်။ လုပ်လို့ကိုင်လို့ မကောင်းဘူး။ ပန်းကန်တွေဘာတွေဆေးရင် ရေတွေက အနာပတ်ထားတဲ့ ဂွမ်းထဲဝင်ကုန်တယ်။ ဖြည်ကြည့်တော့ အထဲမှာ ပဲကြီးရေတွန့်ကို ဖြစ်လို့။ လက်ညှိုးလေး မြှောက်မြှောက်လုပ်ရတာဆိုတော့ ဒုက္ခတော့ တော်တော်ရောက်တယ်။

****************************************************************************


ညနေကျ ဒီနေ့ရှမ်းခေါက်ဆွဲချက်ထားတယ် ယောက်ျားရေ ... စားတော့မလား ဆို ယောက်ျားကို မျက်နှာလုပ်တယ်။ ရှမ်းခေါက်ဆွဲ ဖတ်တွေကို ၀က်ရိုးပြုတ်ထဲထည့်၊ ပြီးတော့  ပန်းကန်လုံးထဲ ဆယ်ထည့်၊ ကြက်သားဟင်းထည့် ခူးခပ်ပြင်ဆင်ရင်း နေ့ခင်းက ဓားပြတ်တယ်ဆိုတဲ့ အကြောင်းပြော။ ဘာလို့ ပလစတာနဲ့ မကပ်သလဲမေး။ ပြီးတော့ အဲ့ကိစ္စ မေ့မေ့ပျောက်ပျောက်ဖြစ်။ ရှမ်းခေါက်ဆွဲကို ဟင်းချိုပူပူလေးနဲ့ ၂ယောက်သား လွှေးကြတော့တာပဲ။ အန်တီဆွိက diet လုပ်နေလို့ နေ့လည်စာမစားတော့ အတော်ဆာနေပြီလေ။ ( ဂျူဂျူကတော့ ညကျမှ သူ့စိတ်ကြိုက်တစ်ခုခု လုပ်ပေးရမှာ။)
စားနေရင်းနဲ့ ဦးခြိမ့်ကပြောတယ်။ ဒီနေ့ချက်တဲ့ ရှမ်းခေါက်ဆွဲက သိပ်ကောင်းတယ်တဲ့.။ အရင်ကချက်ဖူးတာတွေနဲ့ မတူဘူးတဲ့။ ရှမ်းခေါက်ဆွဲ အစစ်ကို စားရသလိုပဲဆို ပြောပြော စားစား။ ၀ိတ်လျှော့နေတယ်ဆိုပြီး နောက်တစ်ပွဲ ထပ်တည့်ပြန်တယ်။ အန်တီဆွိကိုယ်တိုင်လဲ ကိုယ်ချက်တဲ့ ရှမ်းခေါက်ဆွဲ ကိုယ်တိုင်သဘောကျ။ ဟိုးအရင် မန်းလေးဖက်က အိမ်ဆိုင်လေးတွေမှာ စားဖူးတဲ့ ဟင်းချိုပူပူလေးနဲ့ ရှမ်းခေါက်ဆွဲနဲ့ တူသဟဆို တွေးတွေးပြီးစား။ အမှန်က အရင်ချက်တုံးက ဆီတို့ဟူးမပါ။ ခုတော့ ဆီတို့ဟူးထည့်လို့ ကောင်းတာဆို ဦးခြိမ့်ကို ရှင်းပြ။

 အဲဒီရှမ်းခေါက်ဆွဲ ပန်းကန်တွေထဲမှာ အန်တီဆွိ လက်က ပြတ်ကျသွားတဲ့ လက်ညှိုးအပြတ် အသားစလေး ဘယ်သူ့ထဲ ပါသွားလဲ။ ဘယ်သူများ စားမိလဲဆိုတာတော့ လက်ညှိုးလေးတထောင်ထောင်နဲ့ စားနေတဲ့ အန်တီဆွိလဲ တွေးမနေဘူး။ အဲဒီအကြောင်းတော့ ဘယ်သူမှ အတွေးနယ်ချဲ့ မနေကြတော့ဘူးပေါ့။ ။

-----------------------------------------------------------------------------------------------------------
 လက်နှီးစုတ် အလွဲ ...

 အရင်ကတော့ မီးဖိုချောင်မှာ လက်သုတ်ပုဝါတွေ၊ လက်နှီးစုတ်တွေ ညစ်ပတ်ပြီဆို တစ်ထည်ချင်းကို မီးဖိုချောင် ဗေစင်မှာပဲ ဆပ်ပြာမှုန့်လေးစိမ်ပြီး လျှော်လိုက်တယ်။ နောက်များလာလို့ လက်ကလဲ လျှော်ရညှစ်ရ သိပ်မသန်တာနဲ့ လက်နှီးစုတ် အညစ်ကလေးတွေကို ကြွပ်ကြွပ်အိပ်ကလေးနဲ့ စုထားလိုက်တယ်။ များလာရင် အ၀တ်လျှော်စက်နဲ့ပဲ Quick wash လုပ်လိုက်တော့မယ်ဆိုပြီး၊ ကြက်ဥအနှစ်တွေ ဖိတ်လို့သုတ်ထားတဲ့ လက်နှီးစုတ်လဲပါရဲ့။ ဆီတွေသုတ်ထားတဲ့ လက်နှီးစုတ်၊ အာဗန်က အမဲတွေ သုတ်ထားတဲ့ လက်နှီးစုတ်။ အစုံပါပဲ မီးဖိုချောင်ဆိုတော့ ညစ်ပတ်တာပေါ့။ 


ဒီနေ့တော့ လက်နှီးစုတ်အညစ်တွေများပြီ၊ လျှော်တော့မယ်ဆို အ၀တ်လျှော်စက်ကို လက်လေးနှိုက်ပြီး စမ်းကြည့်သေးတယ်။ အရင်လျှော်ထားတဲ့ အ၀တ်တွေအထဲများ ကျန်ရစ်နေမလားဆိုပြီးပေါ့။ ပြီးတော့ လက်နှီးစုတ် ကြွပ်ကြွပ်အိမ်တစ်ခုလုံး အထဲထည့် လက်နှီးစုတ်တွေခါချ။ ဆပ်ပြာမှုန့်ထည့်။ quick wash ဆိုတာလေး နှိပ်ထားလိုက်တယ်။

အ၀တ်လျှော်စက်လည်း သခင်မက တာဝန်ပေးလာတော့လဲး) သူ့တာဝန်သူယူ၊ တ၀ုန်းဝုန်း တရွှီးရွှီး နဲ့ လျှော်တော့တာပဲ။ စာဖတ်နေရင်း အသံတွေ အတိုင်းသား ကြားနေရတယ်။ ခုတစ်လော ဆစ်ဒနီမှာ နွေကုန်ခါနီးမှ နေက တော်တော်ပူတယ်။ ဆိုတော့ကာ လျှော်ပြီးပြီးချင်း နေပူထုတ်လှမ်းမယ်ဆို အသံရပ်တာကို စောင့်နေတာ။ အ၀တ်လျှော်စက်အခန်းက ဘာသံမှမကြား ငြိမ်သွားမှ စာဖတ်နေရာက အသာထ အ၀တ်တွေကိုထုတ် ခြင်းတောင်းအကြီးကြီးထဲကို ထည့်တယ်။

ထုတ်လိုက်တာ လက်နှီးစုတ်တွေ ၃-၄ထည်နဲ့အတူရောပါလာတာ အမဲရောင် စွတ်ကျယ်သားတစ်ထည်။ ဘာများတုံးဆို ဖြန့်ကြည့်လိုက်တော့၊ ဟမ်မလေး ဦးခြိမ့်ရဲ့ အတွင်းခံ ဘောက်ဆာ ဘောင်းဘီကြီး။ ကောင်းတော့မှာပဲပေါ့။ လက်နှီးစုတ်နဲ့ အတွင်းခံဘောင်းဘီ။ အဟက် ... အဟက် ဘာဖြစ်သေးတုံးပေါ့။ အတွင်းခံဘောင်းဘီပဲဆို အန်တီဆွိက စိတ်ထဲက ကျိတ်ပြီး ရယ်နေတာ။ လက်နဲ့ သေချာလှည့်ပြီး စမ်းတာတောင် ဘယ်ချောင်ကပ်ကျန်နေလဲပေါ့။ ဒီဘောင်းဘီ။

နောက်ကျန်တဲ့ လက်နှီးစုတ်တွေ ဆက်နှိုက် ဆက်ထုတ်၊ ဟော  ထွက်လာပြန်ပါပြီ။ ဟမ်မလေး ဒီတစ်ခါတော့ အန်တီဆွိတို့ ရင်ကွဲနာကျ။ အဟက် ...  အဟက်လဲ မဟက်နိုင်တော့ပြီ။ ဒီတစ်ခါ ပါလာတာက အန်တီဆွိရဲ့ အကီ်ျ အသစ် နို့နှစ်ရောင်လေး။ အင်မတန်ကြိုက်လွန်းလို့ ချက်ချင်းတောင် မလျှော်ပဲ  ချိတ်နဲ့ ချိတ်လိုက် ပြန်ဝတ်လိုက်နဲ့ ၄-၅ခါလောက် ၀တ်ပြီးမှ လျှော်တဲ့ အင်္ကျီလေး၊ ကောင်းတော့မှာပဲ။ ဒီကြက်ဥပေ၊ ဆီဂျီးပေတွေနဲ့ ရောလျှော်ပလိုက်တာ။

နောက်တစ်ခါတော့ ဒီအ၀တ်လျှော်စက် ဓာတ်မီးနှင့်ပါ ထိုးစစ်ရပါတော့မည်။  ။


Saturday, February 25, 2012

ဆစ်ဒနီမှာ အိမ်ဝယ်မယ်ဆိုရင် ... (၄)


ဆစ်ဒနီမှာ အိမ်ဝယ်မယ်ဆိုရင် ... (၁)

ဆစ်ဒနီမှာ အိမ်ဝယ်မယ်ဆိုရင် ... (၂)

ဆစ်ဒနီမှာ အိမ်ဝယ်မယ်ဆိုရင် ... (၃)

အိုးပိုင် အိမ်ပိုင် - အပိုင်း (၇)

ရှေ့ပို့စ်မှာပြောခဲ့သလို ငွေကြေးကိစ္စတွက်ချက်တဲ့အခါမှာ အစိုးရက ကိုယ့်ရဲ့ပထမဦးဆုံး အိမ်ဝယ်ရင် အစိုးရက ထောက်ပံ့ကြေးပေးတဲ့ ဒေါ်လာ ၇၀၀၀ ရယ်၊ အစိုးရကို ဒေါ်လာ ၁၅၀၀၀ ပတ်ဝန်းကျင်လောက်ပေးရမယ့် အ၀ယ်ခွန်ရယ်ကိုပါ ထည့်တွက်ရပါမယ်။ အိမ်ဝယ်ဖို့ငွေစုနေတဲ့သူတွေအတွက် နှစ်စဉ် ကိုယ်စုတဲ့ငွေအလိုက် အစိုးရက အချိုးကျလိုက်ထည့်ပေးတဲ့
First Home Saver Account ကလည်း တော်တော်အကျိုးများပါတယ်။

၆(ခ)။ သင့်တော်တဲ့ အိမ်လိုက်ရှာခြင်း

လုံလောက်တဲ့စုငွေရှိပြီ၊ ဘဏ်ကလည်း ထုတ်ချေးမယ့်ငွေပမာဏကမ်းလှမ်းချက်ရပြီဆိုရင် ကိုယ်လိုချင်တဲ့အိမ်လေးကို လိုက်ကြည့်လိုရပါပြီး။ ကိုယ်နဲ့ သင့်တော်မယ့်အိမ်မျိုးရဖို့ ၂-၆ လလောက်ကြာတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့လည်း ရက်တိုတိုနဲ့ တစ်ချို့လည်း နှစ်ရှည်လများ ရှာကြရတာ ရံဖန်ရံခါတွေ့ရပါတယ်။
အိမ်လိုက်ရှာရတာ ကိုယ်နားရမယ့် အလုပ်ပိတ်ရက်တွေမှာ အိမ်လိုက်ကြည့်ရတော့ စကြည့်တဲ့ တစ်ပတ်၊ နှစ်ပတ်လောက်က မသိသာပေမယ့် လနဲ့ချီလာရင်ကြတော့ ပင်ပန်းလာပါတယ်။ ဒီကြားထဲမှာ လင်မယား သူ့အကြိုက်နဲ့ကိုယ့်အကြိုက်လည်း ညှိရပါသေးတယ်။ အကြိုက်ညှိရတာ၊ အပြိုင်အဆိုင် အိမ်ဈေးညှိရတာတွေကို ပင်ပန်းနေတဲ့အချိန်မှာလုပ်ရတော့မိသားစုပိုင်းဆိုင်ရာမှာလည်း ကတိကစတွေ မဖြစ်လာအောင် သတိထားရပါတယ်။

သွားကြည့်တဲ့အိမ်ကို သဘောကျလို့ ရှေ့ဆက်မယ့်ဆိုရင် ပွဲစားဆီမှာ ပါလာတတ်တဲ့ ဃသညအမခေအ
Contract of Sales ကို အကြည့်ဖျဉ်းကြည့်လိုက်လို့ရပါတယ်။ အိမ်ဝယ်ရင် အိမ်နဲ့အတူတူ ဘာတွေပါရမလဲ၊ ဘာတွေမရဘူးလဲ၊ ကောင်စီရဲ့ ကန့်သတ်ချက်၊ ခွင့်ပြုချက်၊ မိလ’ာလိုင်း ဆက်သွယ်ပုံ၊ စံပေါ်ပမာဏ၊ ငွေချေရမယ့်ရက်၊ နစ်နာကြေးတွေကို သိနိုင်ပါတယ်။ ပြီးတော့ ပွဲစားကို စာချုပ်ကို ကိုယ့်စီ အီးမေးပို့ခိုင်းပြီး ကိုယ်က ကိုယ့်ရဲ့ conveyancer/layer ကို အသေးစိတ်ဖတ်ခိုင်းရပါတယ်။

ကိုယ်ငွေချေးမယ့်ဘဏ်ဆီကလည်း အဲဒီအိမ် ပတ်ဝန်းကျင်မှာ နောက်ဆုံး အရောင်းအ၀ယ်ဖြစ်ခဲ့တဲ့ အိမ်ဈေးတွေ
(RP Data report) ကို တောင်းလို့ရပါတယ်။

၆(ဂ)။ ဈေးညှိခြင်းနဲ့ ပိုင်ဆိုင်မှုပြောင်းလဲခြင်း
conveyancer  ကို စာချုပ်ဖတ်ခိုင်းလိုက်ရင် ရှေ့မှာပြောခဲ့တဲ့အချက်တွေထဲက အရေးကြီးတဲ့အချက်တွေ၊ တခြားကိုယ်သိထားရမယ့်အချက်တွေ (ဥပမာ ဂိုထောင်နဲ့ အဖီလေးက ကောင်စီခွင့်ပြုချက်မပါပဲ ဆောက်ထားတယ်) ကို ရှင်းပြပါလိမ့်မယ်။အားလုံးကြိုက်ပြီဆိုရင် ဈေးညိ၊ ဈေးတည့်ရင် ဒေါ်လာ တစ်ထောင်ကျော် (အိမ်တန်ဖိုးရဲ့ ၀.၂၅%) လောက် စံပေါ်ပေးပြီး စာချုပ်ချုပ်ပါတယ်။ စာချုပ်ချုပ်ပြီးသွားရင် ၀ယ်သူဘက်က ၅ ရက် (၁၀ ရက်လောက် ဖြစ်အောင် စာချုပ်ထဲမှာ တိုးတောင်းသင့်ပါတယ်) အိမ်ကို အသေးစိတ်စစ်ဖို့ အချိန်ရပါတယ်။ cooling-off period လို့ခေါ်ပါတယ်။ အဲဒီကာလအတွင်းမှာ ၀ယ်သူက building inspection and pest inspection  လုပ်လို့ မကြိုက်တော့ဘူးဆိုရင် ဖြစ်ဖြစ်၊ တခြားအကြောင်းတစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် စာချုပ်ကို စံပေါ်အဆုံးခံပြီး ဖျက်သိမ်းခွင့်ရှိပါတယ်။ ရောင်းသူကတော့ လုံးဝဖျက်သိမ်းခွင့် မရှိပါဘူး။ အားလုံးအိုကေတယ်ဆိုရင် အဲဒီကာလအဆုံးမှာ ကျန်တဲ့ ၅-၁၀% ကိုပေးရပါတယ်။ ဒါဆို ၀ယ်သူက နောက်ဆုတ်လို့ မရတော့ပါဘူး။ စာချုပ်ချုပ်တဲ့ရက်ကနေ ၄၂ ရက်ပြည့်ရင် ကျန်တဲ့ငွေကို အပြီးချေရပါတယ်။ conveyancer  က အကူအညီပေးပါလိမ့်မယ်။ နံမည်ပြောင်း၊ ၀ယ်ခွန်ပေးတာတွေလည်း လုပ်ပေးပါလိမ့်မယ်။ ပြီးတော့ သူ့ရဲ့အကျိုးဆောင်ခလည်း အဲဒီအချိန်မှာ တောင်းခံပါလိမ့်မယ်။


၆(ဃ)။ အိမ်ပြောင်းခြင်း

ငွေအကြေချေပြီးလို့ အိမ်ပြောင်းဖို့ ပစ္စည်းရွေ့ဖို့ မနာသလေူငျအ ငှားရင်

    ၁။ လူဘယ်နှစ်ယောက် လာမှာလဲ။
    ၂။ ဘယ်နှစ်တန်ကား လာမှာလဲ။
    ၃။ အိမ်ထောင်ပရိဘောဂတွေ မပွန်းပဲအောင်ပတ်ဖို့ စောင်၊ြ
ကိုး၊ ကားမှာ hydrolic အစရှိတာတွေ ပါသလား။

မေးသင့်ပါတယ်။ ကျွန်တော်တို့တွေ တစ်ခါက အိမ်ပြောင်းတုန်းက ဈေးသက်သာလို့ဆိုပြီး ငှားလိုက်တာ ရောက်လာတော့ လညေ ကားပိစိကွေးလေး နှစ်စီးနဲ့ မနည်းဖိသိပ်ထည့်ရတာရယ်၊ သယ်တဲ့သူတွေကလည်း မကျွမ်းကျင်တာတွေကြောင့် အချိန်တွေကြာတော့ နာရီနဲ့တွက်ပေးရတော့ ပိုက်ဆံတောင် ပိုကုန်၊ လူပင်ပန်းဖြစ်ရပါတယ်။ စောင်တွေ၊ ကြိုးတွေမပါတော့ ပစ္စည်းတွေ ပွန်းပဲ၊ ပျက်စီးကုန်တာ စိတ်တော်တော်ပျက်ရတယ်။
********************************************************************************

အိုးပိုင် အိမ်ပိုင် - အပိုင်း (၈)

    ၇။ အိမ်လိုက်ရှာတဲ့အခါမှာ ဘယ်အချက်တွေ သတိထားကြည့်ရမလဲ။

    ၇(က)။ တိုက်ခန်း

    လေးလတစ်ခါ ဒေါ်လာ ၅၀၀ လောက်ပေးရတဲ့ တိုက်ထိမ်းသိန်းခ
strata fee ကို သိထားသင့်ပါတယ်။ တစ်ချို့ တိုက်တွေမှာ ရေကူးကန်၊ အသားကင်နေရာ၊spa, tennis court, gym အစရှိတာတွေပါတော့ တိုက်ထိမ်းသိန်းခက ဈေးများနေပြီး ကိုယ်က အဲဒါတွေ မသုံးဘူးဆိုရင် ဟန်မကျပြန်ဘူး။ တချို့တိုက်တွေကျတော့ ဈေးကို သက်သက်များတာတွေလည်း ရှိပါတယ်။

    ကိုယ့်အခန်းက တိုက်တစ်တိုက်လုံးရဲ့၊ ၀င်းကြီးတစ်ခုလုံးရဲ့ အမှိုက်ပုံးတွေ ထားတဲ့နေရာနဲ့နီးတယ်ဆိုရင်လည်း လူတွေက အဖုံးလုံအောင် မပိတ်သွားလို့ အနံတွေရနိုင်သလို၊ အဖုံးကို တစ်ဒုံးဒုံးပိတ်တော့ အထူးသဖြင့် ညဘက်မှာ နားလည်းငြီးပါတယ်။ အမှိုက်လာသိမ်းရင်လည်း အထူးသဖြင့် မနက်စောစော အိပ်ကောင်းချိန်မှာ တော်တော်နားငြီးပါတယ်။

    စံပေါ်ပေးပြီးလို့ တိုက်စစ်ခိုင်းလိုက်လို့ ထွက်လာတျဲ့အမအေေ
strata report ကို အမှုမဲ့အမှတ်မဲ့ မထားသင့်ပါဘူး။ တိုက်ရဲ့အခြေအနေ၊ အတွင်းပိုင်း ယိုယွင်းမှု၊ ရေစိမ့်မှု၊ အက်ကြောင်းလိုက်မှု၊ တိုက်စောင်းမှု အစရှိတာတွေ ပြောပြပေးပါလိမ့်ယ်။

    ကိုယ့်တိုက်ခန်းက ပုစိကွစိကလေးတွေနဲ့ မိသားစုတွေ အနေများတယ်ဆိုရင်လည်း ကိုယ်ပတ်ဝန်းကျင်အခန်းက ကလေးတွေ ပြေးလွှား၊ ခုန်ပေါက်လုပ်တော့ အဲဒီ့ ဗိုလ်ဆူညံတွေ၊ ဗိုလ်တောက်တဲ့တွေကိုလည်း တော်တော် သည်းညီးခံရပါမယ်။

    တစ်ချို့တွေက မြေညီထက်ကို မကြိုက်ကြပြန်ဘူး။ အော်စီမှာ ပြုတင်းပေါက်အများစုက မှန်နဲ့ ဖြစ်လို့ သူခိုးဝင်ရလွယ်လို့ပါ။ ဒါပေမယ့်လည်း အပေါ်ထက်တွေကို ရေပိုက်တွေ၊ တိုင်လုံးတွေကနေ တွယ်တက်ပြီး ၀င်ဖောက်သွားတာလည်း ကြားဖူးပါတယ်။ တိုက်အ၀င်မှာတင် သော့တစ်ထပ်ဖွင့်ဝင်ရတဲ့
security apartment ဆိုရင် ကောင်းပါတယ်။

    (ခ) လုံးချင်းအိမ်အတွက်

    လုံးချင်းအိမ်ဝယ်တယ်ဆိုတာ အများစုက ကလေးရှိလို့ဝယ်တာဆိုတော့ ကိုယ့်ကလေးကြီးပြင်းမယ့် အိမ်ပတ်ဝန်းကျင်ကို အိမ်သွားကြည့်တဲ့အခါမှာ ထည့်ကြည့်သင့်ပါတယ်။

    အိမ်စာချုပ်ရဲ့ နောက်ဆုံးမှာပါတဲ့ မိလ’ာလိုင်းဆက်သွယ်မှုကို သိထားသင့်ပါတယ်။ အစိုးရ မိလ’ာလိုင်းကြီးက ကိုယ့်ခြံထဲက ဖြတ်သွားတယ်ဆိုရင် အဲဒီလိုင်းနဲ့ ပတ်ဝန်းကျင်မှာ အတည်အတံ့ဘာမှာ (ဥပမာ ဂိုထောင်၊ ဒုတိယအိမ်၊ ရေကူးကန်) ဆောက်ခွင့် မရှိပါဘူး။ ဒါဆို ကိုယ့်မြေက ပိုင်ပြီး ဘာမှ လုပ်မရသလို၊ ပြန်ရောင်းရင်လည်း ၀ယ်သူမကြိုက်တော့ ဈေးမရ၊ ရောင်းမထွက်ဖြစ်ပါတယ်။

    မြေကွက်ပုံစံအရ ထောင့်မှန်စတုဂံ၊ စတုရန်းပုံဖြစ်ရင် ကောင်းပါတယ်။ တြိဂံပုံလိုလို၊ ငါးထောင့်၊ ခြောက်ထောင့်ဖြစ်နေတာမျိုးဆိုရင် မြေနေရာလေလွင့်လို့ အိမ်ဆောက်ရင် ခက်သလို လူလည်းမကြိုက်ပါဘူး။ မျက်နှာပွင့်ကျယ်ရင် အကွက်ကို ပိုင်းရောင်းရင်နဲ့၊ နောက်မှာ အိမ်ဆောက်ရင် သူတို့အတွက် လမ်းပေးဖို့ အဆင်ပြေပါတယ်။ နို့မဟုတ်ရင် လမ်းပေးစရာမရှိလို့ မြေကွက် ဘယ်လောက်ကြီးကြီး ပိုင်းမရ၊ အိမ်ထပ်ဆောင်မရဖြစ်ပါတယ်။

    ကိုယ့်အကွက်နောက်မှာက လူနေအိမ်မဟုတ်ပဲ လမ်းဖြစ်နေတာတို့၊ ပန်းခြံဖြစ်နေတာတို့ဆို သူခိုးက အိမ်ရှေ့က၀င် နောက်ကထွက်၊ အိမ်နောက်က၀င် ရှေ့ကထွက်လုပ်လို့ရပါတယ်။ သူခိုးက ချောင်းလို့လည်း ကောင်းပါတယ်။

    ကိယ့်အိမ်က အဓိကလမ်းမကြီးပေါ်မှာ၊ လမ်းဦးတိုက်မှာ၊ ထောင့်မှာ၊ အကွေ့ရဲ့ အပြင်လမ်းမှာဆိုရင် ကိုယ့်အိမ်ကို လူတကာမြင်နေရလို့
privacy လုံးဝမရှိပါဘူး။ ဥပမာ အိမ်ရှေ့မှာ အေးအေးလူထူထွက်ပြီး ကစားတာ၊ စကားပြောတာ လုပ်လို့ လုံးဝမရပါဘူး။ ခြံထဲလည်း အမှိုက်အရမ်းဝင်ပါတယ်။ ကားတွေ ဘရိတ်မအုတ်နိုင်ရင် ကိုယ့်အိမ်ထဲ ၀င်လာနိုင်ပါတယ်။ ကလေးငယ်တွေရှိရင်လည်း သူတို့ ရှေ့မြေကွက်မှာ ထွက်ကစားဖို့ အန္တရာယ်များပါတယ်။ 

 ********************************************************************
အိုးပိုင် အိမ်ပိုင် - အပိုင်း (၉)

ကျွန်တော်ရဲ့ အိုးပိုင်အိမ်ပိုင် တရုတ်သိုင်းကား ဇာတ်လမ်းဆက် ပြီးပါပြီ ခင်ဗျာ။

ဇာတ်လမ်းဆက်လေးပြီးသွားတော့ အပိတ်လေးအနေနဲ့ ကြေငြာလေးဝင် ... အဲလေ ... ဟုတ်ပါဘူး။ အပိတ်လေးနေနဲ့ အခုတစ်လော ဆစ်ဒနီမှာ သေနတ်ပစ်မှုတွေ ခဏခဏဖြစ်နေတာ ပါတယ်။ အဲဒီရပ်ကွက်တွေဆို မှုခင်းများ၊ မအေးချမ်းတော့ အိမ်ဝယ်မယ်ဆိုရင်တော့ ဝေးဝေးရှောင်ဗျို့။ အဲဒီ့ထဲကမှ Fairfield ဆိုရင် အိမ်ဈေးသက်သာပေမယ့် အဲဒီမှာနေတဲ့ သူငယ်ချင်းတစ်ယောက်က ပစ်မှုတွေ ခဏခဏဖြစ်၊ ဆေးရောင်းတဲ့သူတွေ၊ ပြသနာရှာတဲ့သူတွေများလို့ သူတို့တောင် အိမ်ရောင်းပြီး ပြောင်းမလို့ လုပ်နေတယ်လို့ ပြောပြပါတယ်။ တစ်ခြား ဘယ်ရပ်ကွက်တွေ ပါသလဲဆိုတာ ဒီသတင်း ထဲမှာ ဖတ်ကြည့်လိုက်ပါ။ ပစ်မှုစာရင်းကို ကြည့်လိုက်ရင်လည်း Fairfield  နဲ့ သူ့ပတ်ဝန်းကျင်ရပ်ကွက်မှာ တော်တော်ဖြစ်တာ တွေ့ရပါတယ်။

အပိုင်း ၁ မှာကတည်းက ကျွန်တော်ရေးဖို့ မမေ့အောင် မှတ်ထားတဲ့ အချက်အလက်တွေ အကုန်ရေးပြီးသွားပါပြီ ခင်ဗျ။ မေးခွန်းလေးတွေ၊ တစ်ခြား ရေးစေချင်တဲ့ အချက်အလက်လေးတွေ ရှိရင်လည်း ပြောပေးပါခင်ဗျ။ ကျူးပစ်တို့ သိတာလေးတွေလည်း ဝေငှပါအုံးခင်ဗျ။

(ပြီးပါပြီ)

(Credit to Ko Kangraoo and MMCP)

ဆစ်ဒနီမှာ အိမ်ဝယ်မယ်ဆိုရင် ... (၃)


ဆစ်ဒနီမှာ အိမ်ဝယ်မယ်ဆိုရင် ... (၁)

ဆစ်ဒနီမှာ အိမ်ဝယ်မယ်ဆိုရင် ... (၂)

 

အိုးပိုင် အိမ်ပိုင် - အပိုင်း (၅)

    ၅။ အိမ်ဝယ်ရင် ဆက်ဆံရမယ့်သူများ အကြောင်း

    ၅(က)။ အရောင်းပွဲစားနဲ့ အ၀ယ်ပွဲစား

    အရောင်းပွဲစားတွေကတော့ အိမ်ရောင်းမယ့်သူဘက်က ဈေးအများဆုံးနဲ့၊ အမြန်ဆုံးရောင်းထွက်သွားအောင် ရောင်းသူစီက အခကြေးငွေယူပြီး လုပ်ဆောင်ပေးတဲ့သူတွေပါပဲ။ ၀ယ်သူက တစ်ပြားမှ ပေးစရာ မလိုပါဘူး။ သူတို့က ရောင်းသူအကျိုးအတွက် အဓိကလုပ်ပေးတယ်ဆိုပေမယ့် ၀ယ်သူတွေအနေနဲ့လည်း သူတို့နဲ့ အဆက်အသွယ်ကောင်းကောင်း ရှိထားရပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ရပ်ကွက်မှာလုပ်တဲ့ နာမည်ကြီး agent တွေစီမှာ ဥပမာ "ငါ Parramatta မှာ ၃-၄ သိန်းခွဲ လုံးချင်းအိမ်၊ ၂-၃ အိပ်ခန်း၊ တိတ်ဆိတ်တဲ့လမ်းမျိုး ရှာနေတယ်" ဆိုပြီး ကိုယ်ရှာနေတဲ့ပုံစံလေးပြောထားသင့်ပါတယ်။ သူတို့ကလည်း ရောင်းသူပေါ်တာနဲ့ ဈေးကွက်ပေါ်မတင်ခင်ကတည်းက ဖုန်းခေါ်၊ မက်ဆော့ပို့ လုပ်ပေးပါတယ်၊ မြန်မြန်ရောင်းထွက်အောင်လို့လေ။ တကယ်တမ်း အပြိုင်အဆိုင် ၀ယ်ရတဲ့အိမ်တွေကျတော့ ဈေးကွက်ထဲတောင် မတင်ရသေးပဲ အဲဒီနည်းနဲ့ ၀ယ်သူတွေက ကောက်ဝယ်သွားတာ တွေ့ရပါတယ်။

   တစ်ချို့ ၀ယ်သူတွေက အ၀ယ်ပွဲစားကို ခန့်ထားပါတယ်။ သူတို့က ကိုယ်လိုချင်တဲ့အိမ်မျိုးကို ဈေးအသက်သာဆုံးရအောင် ၀ယ်သူဆီက အခကြေးငွေယူပြီး ၀ယ်သူအကျိုးအတွက် ဆောင်ရွက်ပေးပါတယ်။ ကိုယ်ခန့်ထားတဲ့ အ၀ယ်ပွဲစားက ကိုယ်စိတ်ဝင်စားတဲ့ ရပ်ကွက်နဲ့ ဈေးတန်း (price range) မှာ ကျွမ်းကျင်သူ (specialize) ဖြစ်ဖို့လည်း လိုပါတယ်။

    ၅(ခ)။ ဘဏ်နဲ့ ဘဏ်ပွဲစား

    ဘဏ်အကြောင်းပြောမယ်ဆိုရင် ကိုယ်ငွေချေးချင်တဲ့ ဘဏ်နှစ်ခု၊ သုံးခုနဲ့ စကားပြောထားပြီး ကိုယ့်ကို ဘယ်လောက်ချေးနိုင်မလဲဆိုတာ မေးထားရပါမယ်။ ကိုယ်မအားရင်တောင် ညနေပိုင်းနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဘဏ်ကခန့်ထားတဲ့ mobile banker တွေကို အိမ်လာခိုင်းလို့ ရပါတယ်။ ဘဏ်တွေကို ရွေးချယ်ရာမှာလည်း နံမည်ကြီး ဘဏ်ရဲ့ အတိုးနှုန်းက မတိမ်းမယိမ်းဆိုတော့၊ သူတို့ရဲ့ customer service၊ ကိုယ့်နဲ့ အလုပ်လုပ်တဲ့ mobile banker ရဲ့ ယုံကြည်စိတ်ချရမှုတွေကို ထည့်သွင်းစဉ်းစားရပါမယ်။ ဘဏ်တစ်ခုချင်းစီနဲ့ စကားမပြောချင်တဲ့သူတွေ (သို့) ဘဏ်က တိုက်ရိုက်ချေးလို့ မရတဲ့သူတွေကတော့ ဘဏ်ပွဲစား (mortgage broker) တွေက တစ်ဆင့် သွားကြပါတယ်။ သူတို့ကတော့ ဘဏ်တွေနဲ့ အချိတ်အဆက်ရှိပြီး ချေးမယ့်ဘဏ်စီက ချေးချင်တဲ့ ပမာဏကို ရအောင် စီမံသင့်တော်အောင် လုပ်ပေးသူတွေပါပဲ။ ပွဲဖြစ်သွားရင်တော့ သူတို့က ဘဏ်တွေဘက်က အခကြေးငွေရပါတယ်။ ကိုယ့်ဘက်က ပေးစရာ မလိုပါဘူး။

    ၅(ဂ)။ ပိုင်ဆိုင်မှု လွဲပြောင်းရေး အရာရှိ (conveyancer) သို့ ရှေ့နေ

    ပိုင်ဆိုင်မှုကို လွဲပြောင်းဖို့၊ စာချုပ်စာတမ်းကိစ္စတွေ အသေးစိတ်စစ်ဆေးဖို့ ၀ယ်သူရော၊ ရောင်းသူရော ကိုယ်စီမှာ ပိုင်ဆိုင်မှု လွဲပြောင်းရေး အရာရှိ (conveyancer) သို့ ရှေ့နေ (lawyer) ရှိထားရပါမယ်။ conveyancer နဲ့ lawer ဘာကွာသလဲဆိုတော့ lawer က conveyancer တတ်တဲ့ ပိုင်ဆိုင်မှုကို လွဲပြောင်းဖို့၊ စာချုပ်စာတမ်းကိစ္စတွေပါ ကျွမ်းကျင်တတ်မြောက်ထားတဲ့အပြင်ကို တခြား ဒီကိစ္စနဲ့ မပတ်သက်တဲ့ ရှေ့နေပညာရပ်တွေဖြစ်တဲ့ မှုခင်းရေးရာ၊ ရာဇ၀တ်မှု၊ လူ့အခွင့်အရေး ပညာရပ်တွေပါ တတ်မြောက်ထားသူဆိုတော့ ဈေးပိုကြီးလေ့ရှိပါတယ်။ ဒီကိစ္စအတွက်ကတော့ conveyancer က လုံလောက်ပါတယ်။ conveyancer or lawer အတွက် ၁၀၀၀-၂၀၀၀ ဒေါ်လာလောက်ကုန်ကျပါတယ်။ သူတို့ကို ရွေးချယ်ရာမှာလည်း အလုပ်အတွေ့အကြုံနဲ့၊ လုပ်ရည်ကိုင်ရည်အတွက် reputation က အရေးကြီးပါတယ်။

    ၅(ဃ)။ အိမ်စစ်ဆေးသူများ (pest and building inspectors)

    ကိုယ်ကြိုက်တဲ့အိမ်တွေ့လို့၊ ဈေးတည့်ပြီးဆိုရင် စံပေါ် ၀.၂၅% ပေးပြီး အိမ်ကို စစ်ဆေးတဲ့သူတွေ ခေါ်ပြီး စစ်ရပါတယ်။ တချို့တွေကလည်း မစစ်ပါဘူး။ ၅၀၀-၁၀၀၀ ဒေါ်လာလောက်ပဲ ပေးရတာဆိုတော့ အိမ်တန်ဖိုးနဲ့တွက်ရင် မပြောပလောက်ပေမယ့် ခြစားနေတဲ့အိမ် မသိပဲ ၀ယ်မိရင် ကြာလာရင် ပြိုမှာပေါ့၊ အဆောက်အအုံပိုင်းဆိုင်ရာ ခိုင်မာမှု၊ အိမ်စောင်းတာ၊ အဓိကအက်တာ၊ ကွဲတာတွေကို ပလာစတာလေးကိုင်ပြီး ဆေးပြန်သုတ်ထားရင် ကိုယ်ဘယ်လိုသိမလဲ။ သူတို့လို ပညာရှင်တွေကို ခေါ်စစ်ခိုင်းမှပဲ သိမှာပေါ့။ ဈေးသက်သာတဲ့ ကုမ္ပဏီတွေကတော့ စစ်ဆေးပြီး ဘယ်မှာ အက်တယ်၊ ကွဲတယ် ဆိုပြီး စာရွက်လေးပဲ ထုတ်ပေးပေမယ့် သေသေချာချာ လုပ်တဲ့ကုမ္ပဏီတွေကျတော့ ဓာတ်ပုံနဲ့ အသေအချာ report ထွက်လာတော့ ဘယ်နေရာကဆိုတာ တိတိကျကျ သိရတော့ အိမ်ရှင်ကို ဈေးလျော့ခိုင်းလို့ရတယ်၊ ကိုယ်ဘာသာကိုယ်ပြင်ရင်လည်း ဘယ်နေရာပြင်ရမယ်ဆိုတာ သိတာပေါ့။ http://www.childspropertyinspections.com.au/ ကိုတော့ ကောင်းတယ်လို့ ညွှန်းချင်ပါတယ်။

    ၅(င)။ ကောင်စီ (council)

    "သမီးလိုချင် အမေကြည့်" ဆိုသလို အိမ်ဝယ်ရင် ကောင်စီကိုလွတ်လို့ မဖြစ်ပါဘူး။ ဥပမာ ကိုယ်က အေးအေးလူလူ တိတ်တိတ်ဆိပ်ဆိပ်နေချင်လို့ လုံးချင်းအိမ်ဝယ်ပါတယ်ဆိုမှ အဲဒီဇုန်က အထပ်မြင့်ဆောက်ခွင့်ပေးထားတဲ့ဇုန်ဆိုရင် ရေရှည်မှာ ကိုယ်ပတ်ပတ်လည်မှာ တိုက်ခန်းတွေနဲ့ လူနေထူထပ်လာနိုင်ပါတယ်။ အရောင်းအ၀ယ် စာချုပ်မှာ ကောင်စီက ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ၊ ခွင့်ပြုချက်တွေ ပါပါတယ်။ ဖတ်သင့်ပါတယ်။ ကိုယ်နားမလည်ရင် conveyancer သို့ ကောင်စီကို မေးမြန်းရှင်းလင်းသင့်ပါတယ်။

    ---

    ကဲ ... မောင်ကန်ဂရူးပြောသလို အိမ်ဝယ်ရတာနဲ့ မိန်းမယူတာထက် ပိုပြီး စဉ်းစားရကြပ်တယ်ဆိုတာ မဟုတ်ဘူးလား။ ဟီးဟီး ...

    နောက်ပို့စ်မှာတော့ အိမ်ဝယ်ရင် ဖြတ်သန်းရမယ့် အဆင့်ဆင့်ကို ရေးပါမယ်။ မိန်းမယူရင် တစ်ဆင့်ပြီးမှ တစ်ဆင့်သွားရသလိုပေါ့။ ရည်းစားစကားဖြင့် မပြောရသေးဘူးပဲ ဘယ်တော့ လက်ထပ်ကြမလဲဆိုတာ သွားမေးလို့ မရသလိုပေါ့။ ခစ်ခစ်
*********************************************************************************
အိုးပိုင် အိမ်ပိုင် - အပိုင်း (၆)

၆။ အိမ်ဝယ်ရင် ဖြတ်သန်းရမယ့် အဆင့်များ။

၆(က)။ စီမံကိန်း ရေးဆွဲခြင်းနှင့် ငွေကြေးစုဆောင်းခြင်း

ကျွန်တော် အပိုင်း (၁) မှာပြောခဲ့သလိုပဲ ကိုယ်အိုးကိုယ်အိမ်အပိုင်လေးနဲ့ နေဖို့ဆိုတာ အော်စီတိုင်း လက်လှမ်းမှီတာဖြစ်လို့ သေသေချာချာ စီမံကိန်းချပြီး စီစဉ်ထားတဲ့အတိုင်း စုဆောင်းမယ်ဆိုရင် မနှေးတဲ့အချိန်အတွင်းမှာ အိမ်ဝယ်နိုင်ကြပါတယ်။ ဒီအဆင့်ကို အိမ်ဝယ်မယ့်သူတိုင်း ဖြတ်သန်းကြရပါတယ်။ ဒီအဆင့်ကို မဖြတ်သန်းတဲ့ တချို့သူတွေက အိမ်ဝယ်မယ်ဆိုပြီး အိမ်လိုက်ရှာတဲ့အဆင့်ကို တန်းသွားဖို့ ကြိုးစားတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်၊ မတည်ငွေ (deposit) အလုံအလောက်မရှိ၊ ဘဏ်ကငွေထုတ်မချေး၊ ချေးရမယ့်ငွေကများတော့ ပြန်ဆပ်ရမယ့်ငွေလည်းများတော့ မချေးနိုင်တာတွေဖြစ်တာ တွေ့ရပါတယ်။

စီမံကိန်းချရာမှာ Commonwealth bank က တွက်စက်လေးတွေက တော်တော်အသုံးတည့်ပါတယ်။ ကိုယ်လက်ရှိဝင်ငွေ၊ ထွက်ငွေနဲ့ ဘဏ်က ကိုယ့်ကို ဘယ်လောက် ချေးနိုင်သလဲဆိုတာ သိချင်ရင် How Much Can I borrow Calculator မှာ မှန်းတွက်ကြည့်လို့ရပါတယ်။ ပြီးတော့ ကိုယ်တစ်ပတ်ကို ဘယ်လောက်ပြန်ဆပ်နိုင်ရင် ဘယ်လောက်ချေးလို့ရသလဲ (ဥပမာ ကိုယ်အခု အိမ်လခပေးနေတဲ့ပမာဏလောက်ပဲ အိမ်ကြွေးပြန်ဆပ်မယ်ဆိုရင် ဘယ်လောက်ချေးလို့ရမလဲ) ဆိုတာသိချင်ရင် Home Loan Calculator မှာ တွက်ကြည့်လို့ရပါတယ်။ အဲဒါနဲ့ပြောင်းပြန် ... ကိုယ်ဘယ်လောက်ချေးရင် တစ်ပတ်ကို ဘယ်လောက်ပြန်ဆပ်ရမလဲဆိုတာလည်း အဲဒီမှာ Loan Amount ဆိုတာလေးကို ရွေးပြီး တွက်ကြည့်လို့ရပါတယ်။ ကိုယ့်အကြွေးကို ဘယ်လောက်ကြာကြာပြန်ဆပ်ရမလဲဆိုတာတွက်ချင်ရင်Loan Term ဆိုတာလေးကို ရွေးပြီး လုပ်ကြည့်လို့ရပါတယ်။ ဒါဆို ကိုယ်ဘယ်လောက်ချေးနိုင်မယ်၊ ကိုယ်ဘယ်လောက်ပြန်ဆပ်ရမယ်၊ ကိုယ်ဘယ်လောက် ငွေအရင်ဘယ်လောက်ရအောင် စုထားရမယ်ဆိုတဲ့ ကိန်းဂဏန်းလေးတွေ သိလာပါလိမ့်မယ်။

လိုအပ်တဲ့ မတည်ငွေ (deposit) အတွက် ဘယ်လိုစုဆောင်းမလဲ၊ ဘယ်လောက်ကြာကြာစုဆောင်းမလဲ၊ ဘယ်လောက်စုဆောင်းမလဲဆိုတာ သချာင်္နည်းနဲ့ တွက်ချက်ထားရပါမယ်။ မတည်ငွေက အနည်းဆုံး ၅% မဖြစ်မနေရှိရမှာဆိုတော့ ၂၀% လောက်ရှိရင် ၀ယ်သင့်ပြီးလို့ ယူဆပါတယ်။ ၂၀% အောက်ဆိုရင်တော့ lender mortgage insurance အတွက် အပိုကုန်ကျသလို ချေးရမယ့်ငွေများတော့ အန္တရာယ်များတာတွေကြောင့် ၂၀% လောက်အထိတော့ ရအောင်စုဆောင်းဖို့ အကြံပေးချင်ပါတယ်။ ၂၀% ထက်ကျော်အောင်ဆိုပြီးတော့လည်း မ၀ယ်သေးပဲနဲ့ နှစ်ရှည်လများ ဆက်ပြီး မစုဆောင်းသင့်ပါဘူး။ ဘယ်လို့လဲဆိုတော့ အဲဒီ စုဆောင်းနေတဲ့ကာလအတွက်မှာ ပေးနေရတဲ့ နှစ်စဉ်အိမ်ငှားခနဲ့၊ နှစ်ကြာတာနဲ့အမျှ ၀ယ်မယ့်အိမ်ဈေးတက်လာတဲ့နဲ့ တွက်ကြည့်လိုက်ရင် မကိုက်ပါဘူး။

ငွေကြေးပိုင်းဆိုင်ရာ တွက်ချက်မှုတွေအရ ဘယ်လောက်တန်အိမ်ဝယ်နိုင်မယ်ဆိုတာ သိလာရင် အဲဒီငွေနဲ့ ဘယ်ရပ်ကွက်တွေမှာ ၀ယ်လို့ရမလဲဆိုတာ စနည်းနာကြည့်ချင်ရင် www.realestate.com.au and domain.com.au မှာ ကိုယ်စိတ်ဝင်စားတဲ့ ရပ်ကွက်လေးတွေရဲ့  Median House Price and Median Unit Price ကို ကြည့်လိုက်ရင် အဲဒီရပ်ကွက်မှာ ကိုယ်တတ်နိုင်၊ မတတ်နိုင်သိရပါလိမ့်မယ်။

အဲဒီလို ရပ်ကွက်တွေ စနည်းနာ၊ ကိုယ်သိတဲ့ အသိတွေရဲ့ ရပ်ကွက်တွေအကြောင်းမေးရင်းနဲ့ ငွေစုရပါတယ်။ တိုက်ပွဲဝင်ဖို့ ဓါးသွေးနေတယ်ပေါ့လေ။ အဲဒီစိတ်ရှည်ရှည်နဲ့ ဓါးသွေးရင်း ဓါးလည်းထက်၊ တိုက်ပွဲဝင်ဖို့လည်း အဆင်သင့်ဖြစ်ပြီးဆိုရင်တော့ အိမ်တွေ လိုက်မကြည့်ရသေးပါဘူး။ ဘဏ်ကလူတွေနဲ့ အရင်တွေ့ပြီး ဘဏ်က ကိုယ့်ကို ဘယ်လောက်ထုတ်ချေးပါမယ်ဆိုပြီး အကြမ်းဖျင်းအတည်ပြုပေးတဲ့ Conditional Loan Offer သွားယူထားရပါတယ်။ ကိုယ်မအားရင် ညနေပိုင်းနဲ့၊ ရုံးပိတ်ရက်တွေမှာ သူတို့ကို အိမ်လာခိုင်းလို့ရပါတယ်။ အဲဒါလေးရပြီးဆိုရင်တော့ ကိုယ်လိုချင်တဲ့အိမ်တွေ လိုက်ကြည့်ရပါပြီ။
 
ဆက်ပါဦးမည်။
(Credit to Ko Kangraoo and MMCP)

Thursday, February 16, 2012

Blue Mountain ဆေးရုံသို့ တစ်ခေါက် ...



အချိန်ကား မနက် ၁၁နာရီခန့်။
နယူးဆောက်ဝေးပြည်နယ် Great Western ဟိုက်ဝေးလမ်းမကြီးပေါ်တွင် နီညိုရောင်ကားလေးတစ်စင်းသည် လေးမှပစ်လိုက်သည့်မြားသဖွယ် အရှိန်ပြင်းပြင်းဖြင့် ပြေးနေလေသည်။ (ရလဲ့  ... တယ်ဟုတ်ပါလား ...း)

 ကားပေါ်တွင်ကား အသက် ၄၀ကျော်ခန့် ပေမဲ့အသက်အစိတ်ခန့်သာထင်ရသော ခပ်ချောချော တီတီဆွိ ဟုအမည်ရသော အန်တီကြီးတစ်ယောက်၊ မျက်မှောင်ကြီးကုတ်ကာ ကားမောင်းနေသူ သူမ၏အမျိုးသား ကိုကိုခြိမ့်၊ သမီးဖြစ်သူ အသက် ၈နှစ်ခန့်ရှိ ဂျူဂျူ၊  ဧည့်သည်ဟုယူဆရသော တီတီအေး ဆိုသည့် အမျိုးသမီးနှင့် သူမ၏ အမျိုးသားဖြစ်သူတို့ လိုက်ပါလာကြသည်။

အန်တီဆွိတို့ မိသားစုသည် တီတီအေးတို့ ဇနီးမောင်နှံ ဆစ်ဒနီသို့ အလည်လာခိုက် ဆစ်ဒနီမှ လည် ပတ်စရာများ စုံအောင် လိုက်လံပို့ဆောင် ပြသနေခြင်းဖြစ်ပါသည်။ ယခင်က တစ်ခါရောက်ဖူးသော အထင်ကရ ရှူခင်းလှသည်ဟု နာမည်ကြီးသော Blue Mountains သို့ သွားနေကြခြင်း ဖြစ်ပါသည်။  ယခင်က တောထဲ လမ်းလျှောက်ချင်ရာ၊ အချိန်မရ၍ မလျှောက်ခဲ့ရ။ ခုတစ်ခေါက်တော့ forest walk ၀ါသနာပါသော တီတီအေးလဲ ပါရာ အဖော်ရပြီ၊ လျှောက်ကြမည်ဟု အားခဲထားလေသည်။ 

ရာသီဥတုမှာကား နွေရာသီ၊ ပူပူနွေးနွေး သာသာယာယာရှိသော်လည်း ယခင်က အတွေ့အကြုံအရ အနွေးထည်များစွာကို သယ်ယူလာလေသည်။ ထိုစဉ်က စားစရာ၊ သောက်စရာအတွက် အခက်ကြုံခဲ့ရကား အုန်းထမင်းနှင့် ကြက်သားဟင်းများကိုလည်း ချက်ပြုတ်ကာ သယ်လာသေးသည်။

ကန်တူးဘားမြို့လေးကို ကျော်၍ ဘလူးမောင်းတိန်းဖက်နီးလာရာ အန်တီဆွိမှ တီတီအေးအား မြို့လေးကိုကျော်၍  တစ်ကီလိုခန့် ဆက်မောင်းလျှင် ဘလူးမောင်းတိန်းဖက်ရောက်ပြီဟု ပြောလိုက်သည်။ ဤသို့ဖြင့် ဆက်မောင်းလာရာ ရှူခင်းသာ Echo Point နားသို့ ရောက်လာကြသည်။
 

ကားပေါ်မှ ဆင်းဆင်းချင်း တီတီအေးမှ "အား ... အေးလိုက်တာ .." ဟု အော်လိုက်ရာ အပူချိန်ကြည့်လိုက်တော့ ၁၃ ဒီဂရီသာရှိလေသည်။ ယူလာသောအနွေးထည်များကို ကိုယ်စီထုတ်ဝတ်ကြပြီး ကိုကိုခြိမ့်ကို ကြည့်လိုက်ရာ အကျီရှပ်လက်တိုနှင့်သာ ဖြစ်နေသည်။ အနွေးထည် ၀တ်မထား။ ဘောင်းဘီတိုကိုတော့ ဂျင်းဘောင်းဘီအရှည်နှင့် လဲထားပြီးဖြစ်သည်။ 


"တော့ ... ကိုကိုခြိမ့် အနွေးထည်မပါဘူးလား  ... "

"ဟိုမှာ ဒီလောက်ပူတာ ...  ဒီမှာလဲ ပြောရလောက်အောင်တော့ မအေးလောက်ဘူးဆို မယူခဲ့မိဘူးကွာ ..."

တီတီဆွိမှ ဟိုတစ်ခေါက်ကလဲ ဒီလိုဖြစ်ဖူးပြီးပြီ၊  ခုလဲ မပါခဲ့ပြန်ဘူးဆိုကာ တပွစိစိနှင့် သူမ၏ ရှိစုမဲ့စုသော ညက်ခုံးသေးသေးလေးတွေကို တိုက်စစ်တဖန် တန်ပြန်ကြုံ့ကာ အပိုပါလာသော သူ့မ၏ ဧရာမဂျက်ကက်ကြီးကို ၀တ်ထားခိုင်းသည်။ အလွန်ခေါင်းမာသော ကိုကိုခြိမ့်မှ " ရတယ်၊ ရတယ် မအေးဘူး ... မလိုဘူး " ဆိုကာ ဘူးခံ၍သာ တွင်တွင်ငြင်းလေတော့သည်။ ကိုကိုခြိမ့်သည်ကား တခါတရံ ဤကဲ့သို့ ခေါင်းမာသူ ဖြစ်ပါသည်။

သို့နှင့် ရှူခင်းကြည့်ရန် Echo Point သို့ လမ်းလျှောက်လာကြပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ မြူများက ပိန်းပိတ်အောင်ကျနေသည်။ အဖြူရောင်မြူခိုးထုကြီးမှလွဲ၍ ဘာရှူခင်းကိုမျှ မမြင်ရပါပေ။ တီတီအေးတို့မှာကား ရှူခင်းအလှ ကြည့်ရအောင်လာကြရာ ရှူခင်းလဲမမြင်ရ၊ ညီအစ်မ၃ဖော် တောင်များလဲ မမြင်ရနှင့် လာရကျိုးမနပ်လှဟု ညည်းညူကြလေသည်။ ဘ၀တူ လာရောက်ကြသော ခရီးသည်များလည်း အဖြူရောင် မြူထုကြီးကို ကြည့်ကာ စိတ်ပျက်၊ လက်ပျက်ဖြစ်နေကြသည်။

 ************************************************************************

"ကဲ ... ကဲ  ... အဲဒါဆိုလဲ ဟို ညီအစ်မ ၃ဖော်တောင်ဖက်ပဲ လမ်းအရင်ဆင်းလျှောက်ကြည့်ကြတာပေါ့။ အပြန်ကျရင်တော့ မြူတွေကွဲနေလောက်ပါပြီ ..." 

ကိုကိုခြိမ့်မှ ဆော်သြသည်တွင် ဆိုင်ကလေးဖက် ဘယ်တော့လောက် နှင်းကွဲမလဲ ၀င်မေးကာ ညီအစ်မ ၃ဖော်ဖက် လမ်းလျှောက်ရန် ထွက်လာကြသည်။ ၁၀မိနစ်ခန့် လျှောက်ရမည်ဖြစ်ရာ ယခင်အတွေ့အကြုံအရ သံလှေခါးများသည် အလွန်ပင် မတ်စောက်ကြောင်း၊ သတိထားဖို့လိုကြောင်း ပြောပြနေသည်။ ဂျူဂျူလေးကလည်း သူသည် အမြင့်ကြောက်တတ်ကြောင်း တီတီအေးတို့အား ပြောပြကာ လမ်းတစ်လျှောက်လုံး " ချောကလက် ... ချောကလက် " နှင့် တောက်လျှောက်အော်ကာ သူ့ဟာသူစိတ်ငြိမ်အောင် ကြိုးစားဆင်းလေသည်။ ခလေး မယ်ဒီတေးရှင်း တစ်မျိုးဖြစ်မည်ဟု တီတီအေးတို့က အဓိပါယ်ဖွင့်ကာ သဘောကျနေကြသည်။

အဆင်းကတော့ အတက်ထက် လွယ်ကူရာ မကြာမီ ညီအစ်မ၃ဖော် တောင်အငူစွန်းသို့ ရောက်လာကြသည်။  တီတီအေးတို့ ၂ယောက်ကတော့ သံလှေခါးများမှ အပေါ်အောက် အပြန်အလှန် ဓာတ်ပုံရိုက်နေကြသည်။ အန်တီဆွိမှ ညီအစ်မ၃ဖော်အစွန်ဆုံး အငူလေးမှ ကိုကိုခြိမ့်ရှိရာ တံတားလေးပေါ် လှမ်းအော်ပြောလိုက်သည်။

"သံလှေခါးတွေက အရမ်းမက်တယ်နော် ကိုကိုခြိမ့်  ... အပေါ်ကို ပြန်တက်ရင် အရမ်းပင်ပမ်းလိမ့်မယ်။  ဒီတော့ အောက်ထိရောက်အောင်ဆင်း ...  တောလမ်းလေးကနေ cable car နေရာအထိကို လမ်းလျှောက်ကြမယ် ...   ပြီးတော့ ကယ်ဘယ်ကားနဲ့ အပေါ်ပြန်တက်ကြမယ် ... " 

နီလာ ... နီလာ ... တယော ... ဘာအသံကြားလဲ ...


ကိုကိုခြိမ့်ထံမှ ဘာသတင်းမှ အကြောင်းမပြန်။

" ဆွိလေးဖြင့် ဟိုတစ်ခေါက် ကထဲက forest walk  လျှောက်ချင်နေတာ ...လျှောက်ကြရအောင်လေ နော် ..."




" အို ... မလျှောက်ပါဘူး ... ညည်း ဘယ်လောက်လျှောက်ရမယ်ထင်လဲ ... ကေဘယ်ကားက ဟိုးမှာ မြင်လား ...  အဲဒီအထိ လျှောက်ရမှာ ... ကိုယ်တော့ ပင်ပန်းမခံနိုင်ဘူး။ ခုလာတဲ့ ထဲမှာလဲ အဲဒီ အစီအစဉ် ဘယ်တုံးကမှ မပါခဲ့ဘူး ... "

" ဟင် .... အဲဒါဆို ၂ယောက်က လွဲနေပြီ။ ဆွိလေးက ဒီကို ခု ဒုတိယခေါက်လာတာကိုက အစ်မတို့ကို လိုက်ပို့ရင်းနဲ့  forest walk လျှောက်ဖို့လေ ... အရင် အခေါက်ကတည်းက ပြောဖူးတယ်လေ  ...  တော် အရင်ကတော့ ....*)&^%$#&()) ခုတော့  ... $^)(*&^%#@))....... ...   အမလေး &)))*^ %$#%*())&$$##&&**...  .. ...................... $&&*())*&^%$#@)*^#@!@$&&&%&*()$^&**())*&^%$$## ............................................................................................................................................"

ပဋိပက္ခကား စလေပြီ။ ၂ယောက်သားအကြီးအကျယ် လွဲနေကြပြီ။ အပေါ်အောက် အပြန်အလှန် ငြင်းခုန်နေကြသည်။ ငြင်းခုန်ရင်း တိုက်ပွဲပြင်းထန်လာရာ အသံများလည်း ကျယ်လာသည်။  ဘေးမှ တီတီအေးတို့လည်း ဘာလုပ်ရမယ်မှန်းမသိ ဓာတ်ပုံတွေသာ တစ်ယောက်ကိုတစ်ယောက် မဲရိုက်နေကြသည်။ တီတီအေးကတော့ လမ်းလျှောက်မည့်ဖက် မဲသာနေပုံရသည်။ နောက်ဆုံး အန်တီဆွိမှ

"အင်း ... အဲဒါဆိုလဲ ခု အောက်ကို လျှောက်နိုင်သလောက် ခဏ  လျှောက်ကြည့်ကြမယ်လေ။ ရှေ့က အဖြူလင်မယား ၂ယောက် တွေ့တယ်မလား ။ ...သူတို့နောက်ကို လိုက်လျှောက်ကြည့်ကြတာပေါ့ ..."

ကိုကိုခြိမ့်မှ မနိုင်၍ လိုက်လျောရခြင်းဆိုတဲ့ လေသံနှင့် ...

"ကဲကဲ ... အဲဒါဆိုလဲ ခဏလျှောက်ရင် လျှောက်ကွာ ..." ဆို စိတ်မရှည်သောအသံနှင့် ထုံးစံအတိုင်း မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။

၁၀မိနစ်ခန့် သံလှေခါးများ၊ သစ်တုံးလှေခါးများ၊ မြေလှေခါးထစ်များဖြင့်ဆင်းပြီးသော် ရှေ့မှ အဖြူလင်မယားကို အရိပ်အရောင်မျှပင် မမြင်ရတော့ချေ။ သူတို့က သွားနေကျထင်သည်။ အလွန်လျှင်မြန်လှပေသည်။ အန်တီဆွိတို့အဖွဲ့မှာ အောက်ရောက်အောင် မည်မျှဆက်လျှောက်ရမည်လဲ။ ကေဘယ်ကားထိရောက်အောင်  မည်သည့်လမ်းက လျှောက်ရမည်လဲ မည်သူမျှ မသိချေ။ ခဏကြာတော့ နောက်မှမှီလာသော ကျောပိုးအိပ်ကိုယ်စီဖြင့် လူငယ်၂ယောက်အား မေးမြန်းကြည့်သောအခါ ကေဘယ်ကားသို့ ရောက်ရန် ၃နာရီခန့် လျှောက်ရမည်ဆိုသည်။  ကိုယ့်အတွက်က ၃နာရီလည်း လျှောက်နိုင်ပါသည်။ ကိစ္စမရှိပါ။ သို့ပေမဲ့ သမီးဂျူဂျူလေးလဲ ပါရာ ခလေးပင်ပမ်းမည်စိုးရိမ်သည်။ သို့နှင့် လမ်းလျှောက်ရန်အစီအစဉ်ကို ဖျက်သိမ်းပြီး လာလမ်းအတိုင်း အပေါ်ပြန်တက်ကြရန် ဆုံးဖြတ်ကြသည်။ ကိုကိုခြိမ့်ကို ကြည့်သော် "အဟက် အဟက် ငါမပြောလား ... "  ဟူသော မျက်နှာပေးနှင့် ဖြစ်ပါသည်။


ပုံမှန်အားဖြင့် ကိုကိုခြိမ့်သည် သူ့၏ ရှူမငြီးသော ချစ်သမီး မဂျူဂျူအား အလွန် ဥစ္စာခြောက်ပါသည်။ ယခုကဲ့သို့ အတက်အဆင်း အန္တရယ်များသော ခရီးဆိုလျှင် မအေလုပ်သူနှင့်ပင် စိတ်မချပါ။ သူကိုယ်တိုင် တွဲခေါ် စောင့်ရှောက်ရမှ ကျေနပ်သူဖြစ်ပါသည်။ ယခုတီတီအေးတို့လည်းပါရာ ဂျူဂျူကား အလွန်မြန်သော တီတီအေးနောက်မှ လိုက်သောကြောင့် ဟိုးအပေါ် ရှေ့ကို တော်တော်ကျောရောက်နေပြီ။ လှေခါးများမှာ မိုးစိုထား၍ ချော်လဲမည်စိုးရကား ဦးခြိမ့်သည် တစ်လမ်းလုံး ဂျူဂျူ့ကို သတိထားဖို့ အော်ဟစ် သတိပေးရင်း နောက်က မှီအောင် မနဲအပြေးလိုက်နေရသည်။ အန်တီဆွိမှ အောက်ကို လျှာရှည်ဆင်းမိသောကြောင့် အတက်ခရီးကား ယခင်အခေါက်ထက် ပိုရှည်နေသည်။ ထုံးစံအတိုင်း နောက်ဆုံးမှ ပန်းဝင်လာသူကား အီးပေါသော အန်တီဆွိဖြစ်ပင် ဖြစ်ပါသည်ခင်ညား။ ( ရွှီးးးးးးးးးးးးဖြောင်း ... ဖြောင်း  ... ဖြောင်း ...း)
************************************************************************

အန်တီဆွိမှာ နောက်ဆုံး သံလှေခါးတက်အပြီး မောလွန်း၍ လမ်းဘေးက ခုံလေးပေါ်တွင် ထိုင်ရန်အလုပ် ဦးခြိမ့်ကအရင်ထိုင်နှင့်နေပြီ။ အနားရောက်တော့ ဦးခြိမ့်ကား ခေါင်းကိုငိုက်စိုက်ချကာ အသက်ကို မနဲရှူနေရပုံ ပေါက်နေသည်။ အခြေအနေကတော့ သိပ်ဟန်ပုံမပေါ်။ စကားပြောမည်လုပ်တော့ လက်ကို အသာကာပြသည်။ အန်တီဆွိလည်း အလွန်စိတ်ပူသွားကာ ...

" ဟင် ... အဖေ ...  မောလို့လား ... ဘယ်လိုဖြစ်လဲ ... မူးသလား ... နေလို့ မကောင်းဘူးလား ..." 


တရစပ်မေးသည်တွင် လက်ကိုသာ ကာပြသည်။ ပြောနေရင်းနှင့် မျက်လုံးမှိတ်၊ နောက်လန်သွားကာ အသက်ကို ရှိုက်ကြီး တငင်ရှူနေသည်။ တီတီအေးတို့လည်း အနားသို့ပြေးလာကာ .. " ဦးခြိမ့် ... ဦးခြိမ့် သတိထား... " ဆိုကာ သတိရလာရန် ပါး၂ဖက်ကို လက်ဝါးဖြင့် အသာရိုက်လေသည်။  အန်တီဆွိကား ဦးခြိမ့်၏ရင်ဘတ်ကို လက်ဖြင့် အသာရိုက်ကာ  "အဖေ ... အဖေ ... သတိထား ... သတိထား ... အသက်မှန်မှန်ရှူ ..."  ဟု ဆိုကာ စိုးရိမ်တကြီး အော်နေလေတော့သည်။  တီတီအေးမှ ဦးခြိမ့်၏ မျက်လုံးကို ဖြဲကြည့်ရာ မျက်လုံးမှာ သူငယ်အိမ်မမြင်ရ။ အဖြူရောင်ချည်းသာ မြင်ရရာ အန်တီဆွိမှာ အလွန်အမင်းလန့်ဖြန့်ကာ " အစ်မလေး ... အစ်မရယ် ... လုပ်ပါဦး .... ကယ်ပါဦး ... ကိုယ်ကျိုးတော့ နဲပြီ ထင်ပါရဲ့ ... " ဆို အော်ပြန်သည်။


အန်တီဆွိမှာကား ခုပဲ ရွှေတောင်ကြီးပြိုတော့မှာလား၊ ဦးခြိမ့်တစ်ယောက် ခုပဲ ရုတ်တရက်ကြီး တစ်ခုခုဖြစ်တော့မှာလားဆို အလွန်ပင် စိုးရိန်ပူပန်ကာ မျက်နှာအပျက်ပျက်နှင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။ အဖြစ်အပျက်က ရုပ်ရှင်ထဲတွင်ဆိုလျှင်တော့ တယောသံလေးနှင့် အလွမ်းခန်းဖြစ်မည်။  ဘေးမှ ခရီးသွားလာသူများကို အော်ဟစ်ကာ Ambulance ခေါ်ပေးပါရန် အကူအညီတောင်းသည်။ CPR လုပ်ရန်သတိရသော်လည်း မလုပ်တတ်၍ ရင်ဘတ်ကိုသာ ပုတ်ကာ စိုးရိန်တကြီး အော်နေရှာသည်။ တယ်လီဖုန်းများကလည်း ကားပေါ်တွင်ကျန်ခဲ့ရာ Ambulance ခေါ်၍မရ။  လမ်းဘေးခရီးသွားများမှ စိတ်မပူရန်၊  Ambulance ခေါ်ပေးမည်ဖြစ်ကြောင်းပြောသည်။ လူတွေကလည်း ၀ိုင်းအုံကြည့်ကာ ဇက်ကြောနှိပ်ပေးသူ နှိပ်ပေး၊ သတင်းမေးသူမေးနှင့် ရှုပ်ရှက်ခတ်နေသည်။ နောက်တော့ အမျိုးသမီး တစ်ယောက်က  သူနာပြုပါဆိုကာ လက်က သွေးကြောကို တိုင်းသည်။ သွေးခုန်နှုံးကတော့ ပုံမှန်ပဲဆိုကာ ဦးခြိမ့်အား ထိုင်နေရာမှ ခုံတန်းရှည်ပေါ်မှာ လှဲခိုင်းလိုက်သည်။ လှဲနေပြီး ၅မိနစ်ခန့်နေတော့ သက်သာလာပုံရကာ ပြန်ထိုင်ပြီး သူခဏ သတိမေ့သွားကြောင်း ပြောပြသည်။ သူလမ်းဆက်လျှောက်မည်ဖြစ်ကြောင်း၊ နေကောင်းသွားပြီဖြစ်ကြောင်းပြောတော့ အားလုံးက စိုးရိမ်ကာ Ambulance လာမှသာ ဆက်တက်ရန် မနဲ တောင်းပန်ထားရသည်။
 နောက်တော့ Ambulance သမားတွေ ရောက်လာကာ သွေးတိုင်း၊ လုပ်စရာရှိသည်၊ မေးစရာရှိသည်များကို အသေးစိတ်မေးမြန်းကာ blue mountain ဆေးရုံသို့ သွားကာ စစ်ဆေးရန်လိုကြောင်းပြောသည်။ ဦးခြိမ့်အား ထမ်းစင်ကြီးဖြင့် Ambulance ကားနားအထိ ထမ်းခေါ်ကြသည်။ လမ်းတွင် dehydration ဖြစ်သည်ဟု သံသယရှိ၍ ရေသောက်ခိုင်းရာ ဦးခြိမ့်မှာ ရေတစ်လီတာဗူး တစ်ဗူးလုံးကုန်အောင် သောက်လေသည်။ သူ့ကို ထမ်းစင်နှင့်ဆိုတော့ လမ်းမှာတွေ့သော ခရီးသွားများက အထူးတဆန်း ဓာတ်ပုံတွေ ရိုက်ကြသည်ဟု နောက်ပိုင်းတွင် ရယ်မောကာ ပြောပြပါသည်။



ဤနေရာတွင် ဇာတ်ရံ Ambulance သမားတွေ အကြောင်းပြောဦးမည်။ သူတို့သည် အလွန်တာဝန်ကျေပွန်သော ၀န်ထမ်းကောင်းများဖြစ်ပါသည်။ လူနာကို လူမျိုးဘာသာမခွဲ၊ အင်မတန် စိတ်ရှည်ကာ လိုအပ်သည်များကို သေချာရှင်းပြသည်။ ဘေးမှ ၀ိုင်းအုံကြည့်သည်ကိုတော့ သူတို့မကြိုက်။ ၀ိုင်းအုံကြည့်သူများအား " ကိုယ့်ဟာကိုယ် တောထဲသွား လမ်းလျှောက်နေကြ" ဆို အော်လွှတ်သည်။ အနားမှ သတင်းမေးလာသော အဖိုးကြီးတစ်ယောက်ကိုလဲ " ခင်ဗျား အလုပ်မဟုတ်ပဲ လျှာမရှည်နဲ့ ... ၀င်မပါနဲ့ ... " ဆိုကာ အော်လွှတ်သေးသည်။ သို့ပေမဲ့ လူနာစိတ်ချမ်းသာရေး၊ အဆင်ပြေရေး၊ ရောဂါမြန်မြန်သက်သာရေး စသည်တို့ အတွက်တော့ သေချာမေးမြန်းကာ အကြံပေး လုပ်စရာရှိသည်များကို ကျေပွန်စွာ၊ စေတနာဖြင့် လုပ်ဆောင်ကြပါသည်။

ဆေးရုံရောက်သော် ဆရာဝန်မှ ခဏတဖြုတ် သတိလစ်မေ့မြောခြင်းဆိုသည့် အချက်သည် နှလုံးအတွက်မကောင်း၊ နှလုံးရောဂါ၊ heart attack ဟု သံသယရှိ၍ အီးစီဂျီရိုက်ကာ ၃နာရီခန့် နှလုံးခုန်နှုံး မှန်မမှန် စောင့်ကြည့်ကြသည်။ Blue Mountain ဆေးရုံသည် သာမာန်နယ်ဆေးရုံလေးမျှသာဖြစ်သော်လည်. ambulance သမားများ အပါအ၀င်၊ သူနာပြုများ၊ ဆရာဝန်များ အားလုံးသည် နှလုံးနှင့်ပတ်သတ်သည်ထင်သည်နှင့်  အရေးပေါ် ဂရုတစိုက်နှင့် ၀ိုင်းဝန်းစောင့်ရှောက် ကုသပေးကြပါသည်။ လူတစ်ယောက်၏ အသက်ကို လူမျိုး၊ ဘာသာ၊ နိုင်ငံသားမရွေး အထူးပင် ဂရုစိုက်ကြသည်မှာ အတုယူဖွယ်ဖြစ်ပါသည်။ ဆေးရုံတွင် ၃နာရီခန့် စောင့်ကြည့်ကြပြီး နောက်ဆုံး ညနေ ၄နာရီခန့်တွင် ဦးခြိမ့်ကို ဆေးရုံမှ ပြန်ဆင်းခွင့်ပြုကာ၊ နှလုံးအထူးကုဆရာဝန်ထံ ပြရန် ဆေးစာရေးပေးလိုက်ပါသည်။


ဆေးရုံတွင်ရှိစဉ် အန်တီဆွိမှာ လူနာရှင်အဖြစ် လူနာအနီး အရေးပေါ်ခန်းတွင် နေခွင့်ရပါသည်။ မနက်က ခရီးပမ်းထား၍ ဆာလောင်နေကြပြီဖြစ်ရာ ဂျူဂျူနှင့် တီတီအေးတို့မောင်နှံကို ကားပေါ်မှာ သယ်လာသော အစားအသောက်များကို စားကြရန် ပြောရသည်။ ဂျူဂျူလေးလဲ အတော်ပင် ထိတ်လန့်သွားသည်ထင်သည်။ တီတီအေးမှ ပြောပြသည်မှာ ထမင်းစားလျှင် အလွန်ဂျီးများပြီး " စားဟဲ့ ... စားပါဟဲ့ .." ဟု တစ်ချိန်လုံး ပြောနေရသော ဂျူဂျုလေးသည် ထိုနေ့က အုန်းထမင်း တစ်ပန်းကန်ကြီးနှင့် ကြက်သားဟင်း တစ်ဝက်ခန့်ကို တစ်ယောက်တည်း ကုန်အောင်စားလေ သတဲ့.။

ဦးခြိမ့်မှာ ဆေးရုံက ကုတင်ပေါ် ECG စက်နှင့် နှလုံးခုန်နှုံးကို မော်နီတာ လုပ်ထားရာ ပိုက်တန်းလန်းနှင့် အပေါ့ အပါးလဲ ထမသွားနိုင်ပါ။ ကြာလာတော့ စောနက လမ်းတွင်သောက်ထားသည့်  ရေတစ်လီတာသည် အစွမ်းပြလာသည်။ နာ့စ်အား ခွင့်တောင်းသည်တွင် ပိုက်ကို ဖြုတ်ပေး၍မရ။ သွားချင်လျှင် ကုတင်ပေါ်တွင်သာ ပလပ်စတစ်ဗူးထဲ သွားနိုင်သည်ဆိုသည်။ ဦးခြိမ့်မှ ဗူးထဲ မသွားချင်ရာ ခဏအောင့်ထားသေးသည်။ နောက်ဆုံး မအောင့်နိုင်တော့၍ နာ့စ်ထံမှ ဗူးတောင်းကာ ကုတင်ပေါ်မှ အသာဆင်း အန်တီဆွိမှ ဗူးကို အောက်မှ ခံပေးထားရသည်။ နာ့စ်မှ ကုတင်ပတ်ပတ်လည် လိုက်ကာကို ဆွဲကာပေးထားသည်။ ဦးခြိမ့်တစ်ယောက် ဘယ်အချိန်ကတည်းက အောင့်ထားသည်လည်းမသိ။ မပြီးနိုင်မစီးနိုင် သွားနေရာ အန်တီဆွိ၏ ဗူးကိုင်ထားသောလက်မှာ တဖြေးဖြေး လေးပြီး ညောင်းလာသည်အထိဖြစ်သည်။ " တော့ ... ကိုကိုခြိမ့် ... တော့ဟာက မပြီးတော့ ဘူးလား.. " ဟု ခဏခဏ မေးနေရသည်။ ဤသို့နှင့် ကွမ်းတစ်ယာ ညက်ခန့် အကြာ ...  ကိစ္စအပြီးတွင် ဆီးဗူးကိုကြည့်လိုက်ရာ ဗူးတစ်ဝက်ကျော်နေပါပြီ။ ဗူးမှ စကေး အမှတ်အသားများကို ကြည့်လိုက်ရာ ဦးခြိမ့်သောက်ခဲ့သော ရေ တစ်လီတာသည် ထိုရေဗူးနှင့် တစ်လီတာ အတိပြန်ထွက်လာရာ ဗူးကြီးကို ကိုင်ကာ အန်တီဆွိမှာ တဟားဟားရယ်လေတော့သည်။

ထိုနေ့က အန်တီအေးတို့ မောင်နှံလည်း မြူဖုံး၍ ဘလူးမောင်းတိန်းကိုလည်း ကောင်းကောင်းမမြင်ရရုံမက၊ သူများ လင်မယား မျက်မှောင်ကုတ်တိုက်ပွဲတွေမှာ ကြားညပ်လိုက်သေးသည်။ ထိုမျှမက ဘလူးမောင်းတိန်းဆေးရုံသို့ပင် ရောက်သွားလေရာ  သူတို့အတွက် အမှတ်တမဲ့မှ အမှတ်တရ ခရီးစဉ်ဖြစ်သွားလေတော့သတည်း။ ( အန်တီဆွိမှာ တီတီအေးတို့အား အလွန်ပင် အားနာမိပါသည်။)



အဖြစ်အပျက်များကို ပြန်ဆန်းစစ်သော် အားလုံး တိုက်ဆိုင်သွားခြင်းဖြစ်ပါသည်။ ဦးခြိမ့်သည် ထိုခရီးမတိုင်မီ တစ်ရက်ကမှ သူ့မွေးနေ့အတွက်ဆိုကာ သွေးလှူထားရာ လူက အားနည်းနေသည်။ ( သွေးလှူပြီးပြီးချင်း စားရန်  ဆေးရုံမှပေးသော မာလ်ဖင်ကိတ်မုန့်ကိုမစား၊ အိမ်မှ သမီးအတွက်ဆိုကာ သယ်လာသေးသည်။ ပြီးတော့ အဖေသွေးနှင့်ရင်းပြီး ယူလာတာ၊ သမီးစား ... သမီးစား ဆို သမီးလုပ်သူကို မျက်နှာလုပ်ကာကျွေးသည်။  ဦးခြိမ့်သည် သူ့ကျန်းမာရေးနှင့်ပတ်သတ်လျှင် အလွန်ပေသူဖြစ်သည်။ ) ထို့အပြင် လွန်ခဲ့သော တစ်လကျော်လောက်ကတည်းက  ဆေးလိပ်ဖြတ်နေရာ ထိုဆေးလိပ်ဖြတ်သောဆေးသည် ခေါင်းမူး အားနည်းတတ်ကာ side effect အလွန်ပြင်းသည်ဟု နာမည်ကြီးသည်။ ဦးခြိမ့်မှာ သမီးဇောနှင့် လှေခါး မတ်မတ် ၃-၄ဆင့်ကို ပြေးအတက် နဂိုအားနည်းတာ အခံနှင့် အမောဆို့တာဖြစ်မည်ဟု အန်တီဆွိမှ ကောက်ချက်ချမိပါသည်။ ထိုနေ့မတိုင်မီက သွေးလှူကအပြန် မီနီကူးပါးလေး ၀ယ်ပေးဖို့ ပူဆာမိတာတော့ ဒီကိစ္စနှင့် လားလားမျှ ဆိုင်မည် မထင်ပါကြောင်း အန်တီစုစုအပါအ၀င် သံသယရှိနေသူများ အားလုံးကို ယခုနေရာမှ ဖြေရှင်းအပ်ပါသည် ခင်ညား။  ။း)


Saturday, February 11, 2012

ဆစ်ဒနီမှာ အိမ်ဝယ်မယ်ဆိုရင် ... (၂)


အိုးပိုင် အိမ်ပိုင် အပိုင်း (၃)
 ၃။ ဘယ်ရပ်ကွက်မှာ ၀ယ်မလဲ။

အိမ်ဝယ်တယ်ဆိုတာ အဆောက်အအုံ (သို့) မြေကြီးကို ၀ယ်တယ်ဆိုတာထက် လမ်းပန်းဆက်သွယ်ရေးနဲ့ လူနေမှုအခြေခံအဆောက်အအုံတွေ (ဥပမာ ဆေးရုံ၊ စူပါမားကတ်၊ ကျောင်း) နဲ့၊ အလုပ်အကိုင်ရှိတဲ့နေရာတွေနဲ့ နီးစပ်မှုကို ၀ယ်တာလို့ ပြောလို့ရပါတယ်။

ဒါကြောင့် တတ်နိုင်သလောက် မြို့ထဲနဲ့ နီးနိုင်သမျှ နီးနီးမှာ ၀ယ်သင့်ပါတယ်။ ကိုယ်က မြိုထဲမှာ အလုပ်လုပ်သွားလုပ်တဲ့သူမဟုတ်ဘူးဆိုရင်တောင် ငွေကြေးတတ်နိုင်ရင် မြို့ထဲနဲ့ နီးတဲ့နေရာမှာပဲ ၀ယ်သင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်ပြန်ရောင်းရင် ဈေးကောင်းရ၊ ၀ယ်သူပေါလို့ပါ။ ဥပမာ ဆစ်ဒနီမှာဆိုရင် Sydney CBD နဲ့နီးတာ second city လို့ဆိုတဲ့ Parramatta နဲ့ နီးနိုင်သမျှ နီးတဲ့နေရာမှာ ၀ယ်သင့်ပါတယ်။

ကိုယ်နေ့စဉ်သွားရမယ့် အလုပ်နဲ့ နီးတာ၊ ကလေးကျောင်းနဲ့နီးတာ၊ စူပါမားကတ်နဲ့နီးတာ အစရှိတဲ့အချက်တွေ ထည့်သွင်းစဉ်းစားရမယ်ဆိုတာကတော့ သိသာပေမယ့် တစ်ချို့တွေ ထည့်စဉ်းစားဖို့ သတိမေ့သွားတာ တွေ့ရပါတယ်။

အလုပ်လက်မဲ့များတဲ့ ရပ်ကွက်၊ မှုခင်းများတဲ့ ရပ်ကွက်မျိုးတွေကိုတော့ ဝေးဝေးက ရှောင်သင့်ပါတယ်။ အိမ်ခြေမဲ့ဖြစ်နိုင်မယ့်သူတွေအတွက် Department of Housing က ချပေးထားတဲ့ အိမ်တွေနဲ့ နီးတဲ့နေရာတွေဆိုရင်လည်း လူမကြိုက်ကြပါဘူး။ ပညာတတ်တွေ အနေများတဲ့၊ အလုပ်လက်မဲ့နည်းတဲ့ ရပ်ကွက်တွေဟာ နေလို့ကောင်းပါတယ်။ ပြီးတော့ အဲဒီရပ်ကွက်မှာ ကိုယ်နဲ့ သဟဇာတဖြစ်မယ့် လူမျိုးစုတွေနေတဲ့ ရပ်ကွက်မျိုးဖြစ်ဖို့ လည်းလိုပါတယ်။ အလွယ်နည်းကတော့ အဲဒီရပ်ကွက်မှာ ဘယ်လိုသူမျိုးတွေ အနေများသလဲဆိုတာ သိချင်ရင် အဲဒီရပ်ကွက်နဲ့နီးတဲ့ ဈေးဆိုင်တန်းတွေ၊ စူပါမားကတ်မှာ တပတ်လောက် လမ်းလျှောက်ပတ်ကြည့်လိုက်ရင် အကြမ်းဖျင်း သိသာပါတယ်။ အဲဒီရပ်ကွက်မှာ နေတဲ့သူငယ်ချင်းတွေကလည်း အများကြီး ပြောပြပေးနိုင်ပါတယ်။

အဲဒီလို ရပ်ကွက်နဲ့ ပတ်သက်တဲ့ သိစရာအချက်အလက်တွေက များတော့ ကိုယ်စိတ်ဝင်စားပြီး ကိုယ်တတ်နိုင်တဲ့ ရပ်ကွက်တစ်ခု၊ နှစ်ခုကို ဆန်ကာစစ်ရွေးပြီး အဲဒီရပ်ကွက်အကြောင်းကို အသေးစိတ်လေ့လာသင့်ပါတယ်၊ အဲဒီရပ်ကွက်မှာပဲ အိမ်ကို ပိုက်စိတ်တိုက် ရှာသင့်ပါတယ်။ အိမ်ရှာရင် တစ်ပတ်ကို တစ်ရပ်ကွက်စီ လျှောက်သွားကြည့်မယ်ဆိုရင် ကိုယ်ဝယ်မယ့်ရပ်ကွက်အကြောင်းမှ ဂဂနန မသိပဲ ၀ယ်ရတာ အန္တရာယ်များပါတယ်။

ရင်းနှီးမြှပ်နှုံမှု ရှုထောင့်ကဆိုရင်လည်း အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေနဲ့ကောင်းမွန်တဲ့ ရပ်ကွက်က အိမ်တွေဟာ ရေရှည်မှာ ရွှေပါပဲ။ ဒါကြောင့် အိမ်ခြံမြေ၀ယ်ရင် အရေးကြီးတာ သုံးခုရှိတယ်လို့ ဆိုပါတယ်။ ပထမအချက်က location ၊ ဒုတိယအချက်က location ၊ တတိကအချက်ကလည်း location ပါပဲတဲ့။ "အိမ်ခြံမြေ၀ယ်ရင် ရှုံးတယ်၊ မြတ်တယ်ဆိုတာ ရောင်းတဲ့အချိန်က အဓိကမဟုတ်ပဲ၊ ၀ယ်တဲ့အချိန်မှာကတည်းကိုက စကားပြောသွားတာ" လို့ ဆိုပါတယ်။ ဈေးပေါတာကို လိုက်ရှာမယ်ဆိုတာထက် value ပါတာကို လိုက်ရှာမယ်ဆိုတဲ့ လမ်းကြောင်းလေး ထားသင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ဈေးပေါတယ်ဆိုတာ အကြောင်းရှိလို့ ဈေးပေါတာပါ၊ ၀ယ်မိရင် ဈေးလည်းမတက်၊ ပြန်လည်း ရောင်းမထွက်နဲ့ ပိတ်မိတတ်ပါတယ်။ အိမ်ကောင်းဆိုရင် ဘယ်တော့မှ ဈေးမပေါပါဘူး။ ဒီနေ့ဈေးမတက်ရင် နောက်တစ်ချိန် ကျိန်းသေပေါက် ဈေးတက်ပါတယ်။ ပြန်ရောင်းရင်လည်း အချိန်မရွေး ဈေးကောင်းနဲ့ ရောင်းထွက်ပါတယ်။




အိုးပိုင် အိမ်ပိုင် - အပိုင်း (၄)


၎။ အိမ်ကြွေး ပြန်ဆပ်နိုင်ဖို့ ဘယ်အချက်တွေ ထည့်သွင်းစဉ်းစားရမလဲ။

ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ အိမ်ပိုင်ရှင်မျက်နှာ မကြည့်ရပဲ အိမ်မှာ ကိုယ်အလှဆင်ချင်သလိုဆင်၊ သံရိုက်ချင်သလိုရိုက်၊ ကိုယ်သုတ်ချင်တဲ့အရောင်လေး သုတ်၊ ကိုယ်ခုတ်ချင်တဲ့အပင်ခုတ်၊ ကိုယ်စိုက်ချင်တဲ့အပင်စိုက်ပြီးနေရတာ ဘ၀မှာ ပျော်ရွင်ဖွယ်ပါပဲ။ ဒါလေးတွေဖြစ်ဖို့အတွက် အိမ်ကြွေးလေးတော့ မှန်မှန်ဆပ်နိုင်ဖို့ လိုပါတယ်။ အိမ်ကြွေးပြန်မဆပ်နိုင်လို့ ညအိမ်မပျော်ဘူးဆိုရင်တော့ ဘ၀လေးက သာယာနိုင်တော့မယ် မထင်ဘူး။ အော်စီမှာ အိမ်ဝယ်ရတာ လွယ်ပါတယ်၊ အိမ်ပိုင်ဖို့သာ ခက်တာ။ ဘာလို့လဲဆိုတော့ အိမ်ဝယ်ထားပြီး အကြွေးမကျေမချင်း တကယ်တမ်းက ဘဏ်က ပိုင်တာကိုး။ ပုံမှန်အကြွေးမဆပ်နိုင်တာနဲ့ ဘဏ်က အိမ်သိမ်းပြီး လေလံတင်ရောင်းပစ်မှာကိုး။

များသောအားဖြင့် ကိုယ်ဝင်ငွေပေါ်မှာတွက်ပေးတဲ့ ဘဏ်ကအများဆုံးထုတ်ချေးမယ်ဆိုတဲ့ ပမာဏဟာ ကိုယ်တကယ် အများဆုံး ထုတ်ချေးနိုင် (ပြန်ဆပ်)တဲ့ ပမာဏ မဟုတ်ပါဘူး။ အသိတစ်ယောက်ဆိုရင် သူတို့ကို ဘဏ်က ၁၀ သိန်းတောင် အများဆုံးထုတ်ချေးပေးနိုင်တာ၊ သူတို့က သူတို့အခြေအနေနဲ့ ၃ သိန်းပဲ ချေးပါတယ်။ ဘဏ်ကတော့ များများချေးလေ၊ အတိုးများများရလေ၊ ပိုကြိုက်လေပေါ့။ ဒါပေမယ့် ဘဏ်က ၀င်ငွေပမာဏတစ်ခုထဲပေါ်မှာပဲ တွက်တာ။ ကျန်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေအများကြီးကို ကိုယ်ဘာသာကိုယ် ချင့်ချိန်ပြီး ကိုယ်တကယ် ဘယ်လောက် ချေးသင့်သလဲဆိုတာ စဉ်းစားရပါတယ်။

ရယ်စရာလေး ဖြတ်ပြောရရင် ... အိမ်ဝယ်ရတာ တကယ် စဉ်းစားစရာ များပါတယ်။ ထောင့်ကိုစုံနေအောင် ချင့်ချိန်ရပါတယ်။ မိန်းမယူတာထက်တောင် ပိုပြီး စဉ်းစားရသေး။ မောင်ကန်ဂရူး မိန်းမယူတုန်းကတော့ ချစ်လို့ပဲ ယူထားတာ။ အဲလောက် မစဉ်းစားခဲ့ဘူး။ ခစ်ခစ် ... ချစ်တာ တစ်ခုပဲ သိတယ်။ အလဲ့ ... ကဗျာဆန်သား ... ပြည်ထဲရေး ၀န်ကြီးကလည်း အဲလိုပြောမှ ကြိုက်တာ ... ဟီးဟီး ... တစ်ခန်းရပ် ၀င်ပေါတာပါ။ ပြန်ဆက်ရအောင် ....

ဘဏ်က အရင်နှစ်တွေရဲ့ ၀င်ငွေကိုပဲ ကြည့်တာ ဖြစ်လို့ ရှေ့နှစ်တွေမှာ ကိယ့်အလုပ်အကိုင် တည်မြဲမှု၊ ရှေ့ဝင်ငွေ အလားအလာကို တွက်ချက်ရပါမယ်။

အိမ်ထောင်ရှိတဲ့သူတွေဆိုရင် ကိုယ့်မိသားစု စီမံကိန်းအတွက် ဥပမာ ကလေးယူမယ်ဆိုရင် ၀င်ငွေ၊ ထွက်ငွေ ဘယ်လိုဖြစ်မလဲ ဆိုတာ ချိန်ကြည့်ရပါမယ်။ ကိုယ့်အတွက် ရှေ့ဆက် ပညာသင် ကုန်ကျစရိတ် (ဥပမာ ဘွဲ့လွန်တက်ဖို့)၊ ကလေးတွေ ကျောင်းတက်တဲ့အရွယ်ရောက်ရင် ကုန်ကျစရိတ်၊ တက္ကသိုလ်သွားရင် ကုန်ကျစရိတ် အစရှိတာတွေကိုလည်း မေ့လို့မရပါဘူး။ အိမ်ဝယ်လိုက်လို့ ပညာရေးတွေ၊ တက်လမ်းတွေ အကုန်ပိတ်ကုန်တယ်ဆိုတာလည်း မဖြစ်သင့်ပါဘူး။

အရေးပေါ်အခြေအနေတွေ (ဥပမာ နာမကျန်းဖြစ်တာ၊ အလုပ်ပြုတ်တာ) တွေအတွက်လည်း အစီအမံတွေ ရှိသင့်ပါတယ်။ မရှိသေးရင်လည်း ရှိအောင် လုပ်ထားသင့်ပါတယ်။ များသောအားဖြင့် အနည်းဆုံး ခြောက်လစာလောက် ပြန်ဆပ်ငွေကို အရန်ထားထားမယ်ဆိုရင် လုံလောက်တယ်လို့ ယူဆကြပါတယ်။

အနည်းဆုံးပြန်ဆပ်ငွေအတိုင်း (အပို ထပ်မဆပ်ပဲ) နဲ့ နှစ် ၃၀ ပြန်ဆပ်သွားမယ်ဆိုရင် နှစ် ၃၀ စာအတိုးက ကိုယ်ချေးငွေလောက် နီးနီး ထပ်ပေးရပါတယ်။ ဥပမာ ၄ သိန်းချေးရင် အတိုးက နောက်ထပ် ၄ သိန်းလောက် ပြန်ဆပ်ရပါတယ်။ ဒါကြောင့် လက်ရှိအတိုးနှုန်း (၆.၄%) နဲ့ ဆပ်နိုင်တယ်ဆိုပေမယ့် အတိုးနှုန်းအဆမတန်တက်သွားရင်ရော ဆပ်နိုင်မလားဆိုတာလည်း တွက်ထားကြည့်ရပါမယ်။ လက်ရှိအတိုးနှုန်းထက် +၂% +၃% လောက် ပေါင်းပြီးတွက်ကြည့်မယ်ဆိုရင် လုံလောက်ပါတယ်။

 
ဆက်ပါဦးမည်။
(Credit to Ko Kangraoo and MMCP)

Wednesday, February 8, 2012

ဟိုအဒေါ်ကြီးရဲ့ .... မီနီကူးပါး


အဲ့အဒေါ်ကြီးတစ်ယောက်ကတော့ မီနီကူးပါးလေး ရပြီးကတည်းက ကြွားချင်နေတာ ကြာလှပေါ့။ သမီးကျောင်းကိစ္စ၊ ချက်ရေးပြုတ်ရေးတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ ခုမှပဲ ဘလောဂင်းနိုင် ... အဲလေ ကြွားနိုင်တော့တယ်။

စုစုပေါင်း ကား၅စီးကြည့်ခဲ့တာမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ မီနီကူးပါး အစိမ်းရောင်လေး ရခဲ့ပါတယ်။ တကယ်တော့ အဲ့အဒေါ်ကြီးက အစိမ်းရောင် မကြိုက်လှဘူး။ အ၀ါရောင် ဒါမှမဟုတ် မက်တဲလ်လစ်ကာလာလေး လိုချင်တာ။ ရတဲ့အချိန်မှာ ဈေးတန်တဲ့ကားကို ရွေးလိုက်ရတော့ အစိမ်းပုပ်ရောင်လေးပဲ ဖြစ်သွားပါတယ်ခင်ညာ။ (အဲဒီအစိမ်းပုပ်ကို ဗိုလ်လို British racing green colour လို့လဲ ခေါ်ကြတယ်ဆိုပဲ။)

ကားလေးရပြီး  မောင်းကြည့်တော့လဲ အင်မတန်ပေါ့ပြီး အတော်ကို မောင်းလို့ကောင်းတဲ့ ကားလေးပါ။ အိမ်က သမီးတို့အဖေကားကြီး မောင်းနေကျဆိုတော့ မောင်းရတာ ပေါ့သွားတာ တော်တော်ကို သိသာတယ်။ ကားကလည်း သေးတော့ ဒီကလမ်းတွေ ကျဉ်းတာနဲ့လဲ အကိုက်ပါပဲ။

အဒေါ်ကြီးတို့ ထုံးစံ လျှာရှည်ပြီး ကားဘယ်ပုံဘယ်နည်း ၀ယ်ခဲ့တယ်ဆိုတာကို ရေးပါဦးမယ်။ စိတ်မ၀င်စားရင် ကျော်ဖတ်သွားကြပါခင်ညား။ ကျေးဇူးတင်ပါတယ်။


ဟိုအဒေါ်ကြီးရဲ့    ....  မီနီကူးပါး ရှာပုံတော်
၁. အစိမ်းရောင်၊ ၂၀၀၉၊ $19,999၊ Milage 54,000km (private)

အများဆုံးရှာတာက online car market တွေကပဲရှာပါတယ်။ ပထမဆုံးစကြည့်တဲ့ ကားလေးကလဲ အစိမ်းပုပ်လေးပဲ။ ခုကားလို ရှေ့မှာ sport အစင်းကျားအဖြူလေး၂ခုတော့ မပါဘူးပေါ့။ ၂၀၀၉ မော်ဒယ်ကို ပေါက်ဈေးထက် တော်တော်ဈေးလျှော့ထားလို့ သွားကြည့်ကြတာ။ ဈေးကနှစ်သောင်းတဲ့။ ရောင်းတဲ့သူက ကိုးရီးယန်းလေး။  နောက်ပြီး သူက ကားပိုင်ရှင်မဟုတ်ဘူးတဲ့ ... ကိုရီးယားပြန်သွားတဲ့ သူ့သူငယ်ချင်းကားတဲ့။ ကားကလဲ ထင်ထားသလောက်တော့ မသစ်ဘူးရယ်။ ပြီးတော့ တစ်ခါ တိုက်ဖူးသတဲ့။ နောက်သူ့မှာ ငွေရေးကြေးရေးကိစ္စတွေကို ပိုင်ရှင်မရှိပဲ ရှင်းရမှာ ဆိုတော့ ဇာတ်လမ်းရှုပ်တယ်ဆိုပြီး ပျက်သွားတယ်။ ကောင်လေးကလဲ မျက်နှာညှိုးညှိုးငယ်ငယ်နဲ့။ သူ့ကားကို ရတဲ့ဈေးနဲ့တောင် ရောင်းမဲ့သဘောရှိတယ်။ နောက်နေ့ ယူချင် သောင်းရှစ်ထောင်နဲ့ယူဆို မက်ဆေ့ခ်ျပို့လာသေးတယ်။  ဇာတ်လမ်းထပ်မရှည်ချင်တာနဲ့ အားနာနာနဲ့ပဲ ငြင်းလိုက်ရတယ်။ အဲ့ကား ခုချိန်ထိ ရောင်းမထွက်သေးဘူးထင်တာပဲ။ Carsales web page မှာ တွေ့နေတုံးပဲ။

  ၂. မက်တဲလ်လစ်ကာလာ၊ ၂၀၀၅မော်ဒယ်၊ $18,000၊ Milage 83,000km၊ 5years wranty (Dealer)
နောက်တစ်ကားကျတော့ Castle Hills က တိုယိုတာတွေရောင်းတဲ့ ကားဆိုင်မှာ ၂၀၀၅ မော်ဒယ် မက်တဲလ်လစ်ကာလာလေး။ ဈေးကလဲ ဆိုထားတာ မဆိုးလှဘူး။ သောင်းရှစ်ထောင်တဲ့။ လှတာလဲ အတော်လှတယ်။ အပြင်ကကြည့်ရင်လဲ ကားက ပေါလစ်ရှ်တင်ထားလို့လား မသိ၊ အသစ်ပဲ။ အပေါ်မှာလဲ sun roof လေးနဲ့။ ဈေးဆစ်ခါနီးကျ ကြည့်လိုက်တာ ကားအပေါ် ခေါင်မိုးပတ်လေးက ဒေါင့်လေးမှာ အမဲရောင်အပတ်လေး ကွာကျနေတာနဲ့ မေးကြည့်တော့ သူတို့ fix ပြန်လုပ်ပေးပါမယ်ပြောတယ်။ ကားက တော်တော်ဟောင်းနေတာကို ဆေးဆိုးပန်းရိုက်ထားတာလားလို့ ထင်တာနဲ့ပဲ ဆိုဈေးထက် ၂၀၀၀ လျှော့ဆစ်တော့ မရပါဘူးတဲ့ဗျာ။ သူတို့က ၃နှစ် ၀ရမ်တီလဲ ပေးထားတာကိုး။ သောင်းခုနှစ်ထောင်နဲ့ ယူပါပြောနေတယ်။  ဒီနေရာမှာ ကားရောင်းတဲ့ သူတွေရဲ့လေသံက ဟိုးရှေးရှေးက အင်္ဂလိပ်ကားတွေမှာ ပြောတဲ့ လေသံ ခပ်ဆန်ဆန်မျိုးပဲ။ အာလုပ်သံကြီးတွေနဲ့ "Hey mate ...  Hey mate" နဲ့ ခေါ်ပုံကိုက။ သူတို့စကားပြောတာနားထောင်ပြီး ရယ်နေရတယ်။ ဦးခြိမ့်က အဲဒါ အော်ဇီတောဖက်တွေ (country) ကပြောတဲ့ အသံ အစစ်တဲ့ဗျား။

 ၃. အ၀ါရောင်၊ ၂၀၀၂မော်ဒယ်၊ $15,000, Milage 63,000km (private)
နောက်တစ်စီးကတော့ ပရိုက်ဗိတ်ရောင်းတာ။ ဒီတစ်ခါကျတော့ ယိုးဒယားကောင်လေး။ သူ့ရီးစားကားတဲ့။ ဒီမှာ အဲဒီကားကို ကိုယ်လို အာရှတွေပဲ အရူးထတာလားလို့တောင် ထင်ချင်စရာဖြစ်နေတယ်။ ကားအရောင်လေးက အ၀ါလေးဆိုတော့ အရောင်ကြိုက်တာနဲ့ ပြေးကြည့်ကြတာဆိုတော့ ဈေးတောင် သေချာ မစစ်မိဘူး။ နောက်မှဈေးက မတန်တရာတောင်းထားတာပဲဆိုတာ သတိပြုမိတော့တယ်။ ကားက အပြင်ကကြည့်ရင်တော့ လှပါတယ်၊ သစ်ပါတယ်။ စက်ဖုံးလဲ ဖွင့်ကြည့်ရော ၂၀၀၂ မော်ဒယ်ဆိုတော့ အထဲမှာ အတော်လေးကို ဟောင်းစုတ်နေတာနဲ့ ဈေးတောင်မဆစ်တော့ပဲ တပ်ဆုတ်ပြီးပြန်ခဲ့တယ်။ အဲလောက်ဟောင်းနေတဲ့ကားကို သောင်းငါးထောင်က မလျှော့ဘူးတဲ့ဗျာ။ ၂၀၀၂ မော်ဒယ်ကို ၀ရမ်တီလဲ မပါ ဘာမပါနဲ့။

၎. ၂၀၁၁ Toyota Yaris, $18,500, Milage 50km, (5 years wranty), (dealer)

ဒီလိုနဲ့ ထပ်ရှာတော့ ကားကောင်းတာ၊ တန်တာ တော်တော်နဲ့ မတွေ့တော့ဘူး။ ဦးခြိမ့်ကတော့ ဈေးပေါတာထက် ဈေးနဲနဲပိုပေးရင် ပေးရပလေ့စေ၊ ပိုသစ်တာကို လိုချင်တာနဲ့ ဈေးကို ၅၀၀၀လောက်ထပ်တိုးပြီး ရှာကြပြန်တယ်။ ရှာလို့မတွေ့တာနဲ့ ဟိုနေ့က တိုယိုတာဆိုင်က ကားလေးကို ပြန်သွားယူရအောင်ဆို တိုင်ပင်ကြတယ်။ အဒေါ်ကြီးက အဲဒီ မက်တဲလစ်လေးကို မျက်စိထဲကကို မထွက်ဘူးဗျာ။ ကြိုက်နေတာ။ ၃နှစ် ၀ရမ်တီလဲ ရမယ်ဆို တော့ စိတ်ကိုဒုံးဒုံးချ၊ ၀ယ်တော့မယ်ဆို ၀ပ်ဆိုက်ထဲမှာ ကား history ကို check လုပ်ကြတယ်။ အရေးထဲ ဆာဗာဒေါင်းနေလို့ တစ်ရက်စောင့်လိုက်ရတယ်။ အဲဒီနေ့က မစစ်မီ သေချာအောင် dealer ဆီ ဖုံးဆက်မေးတော့ မရောင်းရသေးဘူးတဲ့။ history စစ်ဆေးတဲ့ခက $32.5 ပေးရပါတယ်။ ကားရဲ့ chassis နံပတ် ( Vin No.) ကို သိရင် အောက်က webpage မှာ သွားစစ်နိုင်ပါတယ်။ ကားတိုက်ဖူးသလား၊ အခိုးခံရဖူးလားကအစ၊ ကားနဲ့ ပတ်သတ်သမျှ အားလုံးပြန် trace လိုက်လို့ရပါတယ်။
http://www.carhistory.com.au/?gclid=CKuEuIGTjq4CFaNLpgodBRgLgw

စစ်ပြီး ကျေနပ်တော့ နောက်နေ့ ငွေထုပ်လေးပိုက်ပြီး ဦးခြိမ့်ရုံးထမင်းစားချိန် ကမန်းကတမ်း သွားဝယ်ကြတာပေါ့။ ဟိုရောက်တော့ အမောကို ဆို့ရောပဲ။ ကားက မနေ့ညနေကတင် ရောင်းလိုက်ပြီတဲ့။ စားရခါနီးမှ ပြုတ်ကျတဲ့ အသားတုံးကြီးလိုပဲ။ ဟိုအဒေါ်ကြီးမှာ မနေ့က သွားမ၀ယ်ဖြစ်တာ ယူကြုံးမရဖြစ်၊ web side down တာကို အပစ်တင်၊ တပွစိစိနဲ့ပေါ့။

ဒါနဲ့ ကြုံတုံး Toyota ကားစန်တာဆိုတော့ Toyota Yaris လေး ၀င်ကြည့်ကြပြန်တယ်။ ဆစ်ဒနီ ကားသေးလောကမှာတော့ အဲဒီကားက တော်တော်ကို ခေတ်စားနေတာ။ လမ်းမှာဆို Yaris တွေချည်းပဲကို။ အသစ်ဈေးမေးတော့ ၂သောင်းကျော်တဲ့၊ ပြထားတဲ့ Demo ကားလေးကတာ့ လျှော့ဈေး တစ်သောင်း ရှစ်ထောင်ငါးရာနဲ့ ရမယ်ဆိုပဲ။  ၀ရမ်တီကလဲ ၅နှစ်တောင်တဲ့။ ကူးပါးမှ ကူးပါး ဖြစ်နေတဲ့ အဒေါ်ကြီးတို့ လင်မယားကတော့ စဉ်းစားဦးမယ်ဆို ပြန်လာခဲ့တယ်။ ဒီကြားထဲ ကားသေးတွေထဲက Honda Jazz, Fort Fiesta, Mazda 2, Mitsubishi Colt, Citron 3, Suzuki Swift အစုံပါပဲ။ ကြည့်ကြသေးတယ်။ နောက်ဆုံးတော့ ဒီဘူတာပဲ ပြန်ဆိုက်ကြတယ်။

အဒေါ်ကြီးမှာ ကားရောင်းတဲ့ ၀ဘ်ဆိုက်တွေမွှေပြီး မီနီကူးပါးရှာပုံတော် ဖွင့်ရပြန်တယ်။ တစ်ပတ်လုံးရှာပြီး သကာလ သောကြာနေ့ ညနေကျ ကား၂စီး၊ ခုဝယ်လိုက်တဲ့ ၂၀၀၇ မော်ဒယ် အစိမ်းရောင်လေးနဲ့ နောက်တစ်စီး ၂၀၀၈ မော်ဒယ် အဖြူရောင်လေးပေါ့။ ဦးခြိမ့်ရုံးကအပြန် သွားကြည့်ကြတယ်။

၅.  အစိမ်းရောင်၊ ၂၀၀၇  ၊ $21,500, Milage 53,000km (private)
အစိမ်းလေးက ၀ပ်ဆိုက်မှာ ကြော်ငြာထားတဲ့ ပုံတွေကို က တော်တော်သစ်နေတာအပြင် ဈေးကလဲ ပေါက်ဈေးထက် ၂၀၀၀လောက် လျော့နေလို့ သွားကြည့်တာ။ ရောင်းတဲ့သူကလဲ အီတာလီလူမျိုး လူငယ်ပဲ။ ပုံကတော့ ခပ်သန့်သန့်နဲ့ သူငှေးသားလို လို မင်းသားလိုလို ဂိုက်မျိုးနဲ့ခင်ဗျ။

ကားကို တွေ့တွေ့ချင်းပဲ wow!! ဆို အဒေါ်ကြီးကတော့ အတော်ကို သဘောကျနေတာ။ ကားက အထဲရော အပြင်ရော အတော်သစ်တဲ့ အပြင် အစိမ်းပုပ်ရောင် ဘော်ဒီနဲ့ အဖြူရောင် မီးလုံး၊ ရှေ့ကအဖြူရောင် အကျားလေး ၂ကြောင်း၊ အဖြူရောင် sport ring ၊ အဖြူရောင်အမိုးလေးနဲ့ ကြည့်ရတာကိုက တော်တော် အဆင်ပြေပြီး လှနေတယ်။ ဦးခြိမ့်က အစမ်းတက်မောင်းပြီး၊ ကျေနပ်တော့ ဈေးဆစ်ကြတယ်။ ကိုယ်က ၂သောင်းလောက်ဆစ်ပါဆိုတာကို ဦးခြိမ့် ဆိုဈေးထက် ၂၀၀၀ လျှော့ဆစ်လိုက်တယ်။ $19.5K ပေါ့။ ရောင်းတဲ့သူကလဲ သူ့အသိကားမှို့ သူ့အသိကို email ပို့ မေးပေးမယ်၊ မနက်ဖြန် lunch time အချိန်လောက် အကြောင်းပြန်မယ်ပြောတယ်။ အဒေါ်ကြီးကတော့ ကားကို အရမ်းကြိုက်နေလို့ ဟိုကားလို လွတ်သွားမှာ ကြောက်တာနဲ့ သူ့ယောက်ျားကို တော်က ကားက တန်နေတာ သိရက်နဲ့ ဘာလို့ ၂၀၀၀တောင် ခွါဆစ်ရတာလဲဆို ရန်လုပ်နေသေးတယ်။ အဒေါ်ကြီးက ခုတင် စပေါ်ပေး ၀ယ်ပြီး ကိစ္စက ပြတ်ချင်နေပြီကိုး။


 ၆. နို့နှစ်ရောင် (cream)၊ $20,600,၂၀၀၈၊ Milage 11,000km (private)


ဒါနဲ့ နောက်တစ်နေရာသွားစရာရှိတာနဲ့ မနက်ဖြန်အဖြေစောင့်နေမယ်ဆိုပြီး ထွက်ခဲ့ကြတယ်။ နောက်ကားကတော့ ၂၀၀၈ အဖြူလေး၊ milage က တစ်သောင်းကျော်ဆိုတာနဲ့ စိတ်ဝင်စားလို့ သွားကြည့်ကြတာ။ ပိုင်ရှင်တွေက အီဂျစ်မိသားစုတွေဆိုပဲ။ ကားလေးက သူတို့အိမ်ရှေ့မှာ ရပ်ထားတာ။ စုစုပေါင်း ကား၎စီးတောင်။ သူတို့က အဲဒီကားကို မစီးပဲထားတာတဲ့။ ကီလိုကလဲ တစ်သောင်းကျော်ပဲရှိတယ်။ ဒါပေမဲ့ အဲ့အဒေါ်ကြီးက  နို့နှစ်ရောင်ကို မကြိုက်ဘူး။ ကားကလဲ အရမ်းကြီး သစ်မနေတာနဲ့ပဲ ကြည့်ပြီး ပြန်ရအောင်ဆို မျက်စပစ်ပြတော့ ဦးခြိမ့်က အားနာနေတယ်။

ဟိုအီဂျစ်သားအဖကလဲ မျက်နှာငယ်လေးတွေနဲ့ သူ့တို့ကားရောင်းထွက်ဖို့အရေး အော်ဖာတောင်းနေတယ်။ အဒေါ်ကြီးက မကြိုက်ဘူး။ မဖြစ်နိုင်တဲ့ဈေးဆစ်လိုက် တစ်သောင်းရှစ်ထောင်လောက်နဲ့ဆစ်လိုက်ဆို မြန်မာလိုပြောတော့ မျက်မှောင်သာကုတ်တာ။ အားနာတတ်တဲ့လူကြီးက "ဟ ဒါဆို ငါတို့ ရိုက်ထုတ်လိမ့်မယ် ." ဆို တစ်သောင်းကိုးထောင်တဲ့ သွားဆစ်ပါရော။ ဖအေလုပ်သူ အီဂျစ်ကြီးက ခေါင်းကုတ်စဉ်းစားတယ်။ မျက်စိလေးကို မှေးပြီးစဉ်းစားတယ်။ ပြီးတော့ ငါ့မိန်းမသွားမေးဦးမယ်ဆို အိမ်ထဲပြန်ဝင်သွားတယ်။ သူတို့မှာလဲ head quarter ကိုမေးရတာပဲလို့တောင် တွေးပြီး ရယ်ချင်နေသေးတယ်။ တစ်မိနစ်လောက်နေ ပြန်ထွက်လာတော့ ယူသွားတဲ့။ ဟိုင်းရော ... ဟိုင်းရော ... ဘယ့်နှယ့်ရှိစ ... ကိုမောင်ခြိမ့် ... တော့်ကို ကျုပ်မကြိုက်ပါဘူးပြောထားတဲ့ ကြားက တော်လျှာရှည်ပြီး သွားစစ်တာ ... ကျုပ် အဲ့ကားကို မယူနိုင်ဘူး ... ဆို အဒေါ်ကြီးကလဲ ပြောရော ဦးမောင်ခြိမ့်လဲ မျက်စိမျက်နှာပျက်။ နောက်တော့ အကြံရ ... စဘော်မပေးပဲ ကြားကောင်းအောင် ပြောထားခဲ့ပြီး နောက်နေ့မှ လာပေးမယ်ဆို နှစ်သိမ့်ခဲ့ရတယ်။  အားနာချက်တော့။

နောက်နေ့ကျ အီတလီသား အစိမ်းရောင်ကားထံက အဲဒီကားကို တစ်သောင်းကိုးထောင်ငါးရာနဲ့ ဆစ်ထားတာကို ၂သောင်းတော့ ပေးပါပြော။ နောက်ထပ်ဆစ်တော့ ဆစ်တဲ့ဈေးနဲ့တင် အိုကေဖြစ်ပြီး အစိမ်းရောင်လေးပဲ ယူလိုက်ပါတော့တယ် ခင်ဗျား။ အီဂျစ်သားအဖတွေကိုတော့ message အရှည်ကြီးရေးပြီး တောင်းပန်လိုက်ရပါတယ်။ No reply from them  so far.

ဟိုအဒေါ်ကြီးက သူ့ညက်မှောင်ကုတ်ကြီးကို ဘယ်ပုံဘယ်နည်း ပူဆာလိုက်လဲဆိုတာတော့ မရေးတော့ပါဘူးဂျာ။ ညက်မှောင်ကုတ်ကြီး ကိုယ်တိုင်က ပြည်သူလူထုရဲ့ လိုအပ်ချက်ကို သိလို့ လိုက်လိုက် လျောလျော ၀ယ်ပေးလိုက်တာပါခင်ည။ သူကိုယ်တိုင်လဲ အဲဒီ့ cooper လေးပဲ စီးချင်နေတာ တူပါရဲ့။ အဒေါ်ကြီးက ကားရှာရခက်ရင်လဲ တခြားကားအသစ်ပဲ စီးမယ်၊ ဈေးသက်သာတဲ့ကားလေးပဲ ၀ယ်မယ်ဆိုတာကို မဟုတ်ရဘူး။ သူကိုယ်တိုင်ကိုက Cooper ကို ကျိတ်ခိုက်နေတာ ဖြစ်မယ်။ အဲ့ကားပဲ ၀ယ်ဖို့ တိုက်တွန်းတာဗျား။

Aussie မှာ နာမည်အကြီးဆုံး အွန်လိုင်း ကားမားကတ်ကတော့ www.carsales.com.au
ဖြစ်ပြီး Prvate ပဲဖြစ်ဖြစ် dealer မှာ ၀ယ်ချင်တာပဲဖြစ်ဖြစ် အဲဒီမှာ ရှာနိုင်ပါတယ်။

Thursday, February 2, 2012

ဟင်းအိုး Alarm တဲ့ဗျား ...



အန်တီဆွိငယ်ငယ်က အဆော့သိပ်မက်တာ။ ၀န်ထမ်းတန်းလျှားမှာ နေတာဆိုတော့ သူငယ်ချင်းတွေကလဲ ပေါမှပေါ။ အားရင် စိန်ပြေးတမ်း၊ ထုပ်စီးတိုးတမ်း၊ ၊ ခြေတပေါင်ကျိုး လိုက်တမ်း၊ အီစွတ်ခုန်တမ်းအစုံပါပဲ ဆော့ကြတာ။ ဘုတ်အီးမတို့ကတော့ ဆော့နေရရင် ထမင်းမေ့၊ ဟင်းမေ့၊ အကုန်မေ့ပဲ။

အဲ့မှာ အမေက နှင်းဆီခြံထဲ အလုပ်လုပ်စရာရှိလို့ ဘုတ်အီးမရေ ဟင်းအိုးလေးကြည့်ထားပါအေဆို အပြန်ကျ ဟင်းအိုးက တူးနှင့်ပြီ။ တစ်ခါတစ်လေလဲ အသားတွေက မီးသွေးတုံးတွေတောင်ဖြစ်လို့။ အဆော့မက်နေတော့ ဟင်းအိုးအကြောင်းဘာဆို ဘာမှ သတိမရ။ knock off ... ဟင်းအိုးတူးပြီဆိုရင်လဲ လူကတော်တော်ပြာတယ်။ မိသားစု တစ်စုလုံးစာချက်ထားတဲ့ ဟင်းမှို့လား။ တူးရင် အမေအပင်ပမ်းခံချက်ထားသမျှ အလဟသဖြစ်။ နောက်ထပ်ချက်စရာလဲမရှိ။ အိုးတွေလဲ မဲ၊ပေ၊ တူး၊ကပ်။ ဆေးရကြောရ၊ တစ်အိမ်လုံးလဲ ငတ်ကြ၊ အမေဆူတာလဲခံရ။ နဲနဲကြီးလာတော့ စာအုပ်ဖတ်တာ ပြသနာ။ ဟင်းအိုးလေးပစ်ထားပြီး စာအုပ်ကို အသဲအသန်ဖတ်တာ။ ဟင်းအိုးတူးနံ့ရမှ လူက ပြာလောင်ခတ်တယ်။ ဘ၀မှာ ဟင်းအိုးတူးလို့ စိတ်ပျက်ခဲ့ရပေါင်း မနည်းဘူး။

အိမ်ထောင်ကျတော့ ဘယ်လိုလဲတော့မသိဘူး။ ဟင်းအိုးတူးတာနဲ့ ပတ်သတ်လို့ မှတ်တမ်း မှတ်ရာမရှိဘူးဗျ။ မှတ်မှတ်ရရ မရှိဖူးဘူးဆိုတော့ မတူးဖူးဘူးဆိုတဲ့သဘောလား။ အလုပ်ဝင်တော့ ညနေအပြန်မှ လင်မယား၂ယောက် ကျက်လွယ်တာလေးတွေပဲ ဖုတ်ပူမီးတိုက် ချက်စားကြတော့ ဟင်းတွေ မတူးဖူးဘူးထင်ပါရဲ့။ ဟော သမီးမွေးတော့ ကြီးတော်ရောက်လာပြီး အိမ်မှုကိစ္စအစစ အရာရာတာဝန်ယူတော့ အဲဒီ ၇နှစ်တာကလဲ ဟင်းအိုးတူးမှုနဲ့ ပတ်သတ်ပြီး no trace ပဲပေါ့ ။

ခုဒီဖက်ရောက်တော့ အိမ်ရှင်မဖြစ်၊ ဟင်းတွေ အတော်ချက်ရတယ်။ တစ်နေ့တစ်မျိုး မရိုးရအောင်ပဲ။ အဲဒီတော့ ဟင်းတွေမတူးဖူးဘူးလားမေးရင် ... ဘယ်လိုမေးလိုက်ပါလိမ့် ပိတ်သတ်ရယ် ... တူးဖူးသမှ မီးသွေးတုံးတောင် တစ်ခါ ဖြစ်ဖူးတယ် ပြောရမယ်။ ဖြစ်လိုက်ရင်လဲ အမဲသားပြုတ်ကြော်အိုးပဲ။ တစ်ခါသား မနက်ခင်း ဘရိတ်ဖက်စ် လုပ်ရင်းနဲ့ အမဲသားလေး မီးအေးအေးနဲ့ နှပ်ထားတာ။ သမီး ပီယာနို ပို့ခါနီးတော့ ကမန်းကတမ်းနဲ့ မီးဖိုထဲဝင်မစစ်မိဘူး။ ခါတိုင်းတော့ အိမ်က ထွက်ခါနီးဆို မီးဖိုချောင် တံခါး၊ ပြတင်းပေါက်၊ မီးဖိုခလုပ် အကုန်စစ်တာပဲ။ အဲဒီနေ့က မေ့ပြီးထွက်သွားလိုက်တာ။ ဆရာ ပီယာနိုသင်တာ ထိုင်စောင့်နေတုံး ဟိုဒီတွေးရင်း ဗြုန်းဆို စိတ်က သတိရသွားတယ်။ လူက  ပြာဝေသွားတယ်။ ချက်ချင်း ဆရာ့ကိုပြောပြီး အိမ်ပြန်ပြေးရတယ်။ အဲဒီနေ့က သမီးကို ဆရာကတော်ကပဲ ကျောင်းလိုက် ပို့လိုက်သတဲ့။

အိမ်ကို ဖြတ်လမ်း ကျောင်းမြက်တောထဲကနေ ဖြတ်ပြေးရတယ်။ မိုးကလဲ ရွာနေတော့ ထီးကြီးတစ်ဖက်နဲ့ မြက်ခင်းထဲ အူယားဖားယားပြေးနေတဲ့ အဒေါ်ကြီးကို မြင်ယောင်ပါ။ အဒေါ်ကြီး စိတ်ထဲမှာ ပူလိုက်တာ။ ဟင်းအိုးတူးတာ ကိစ္စမရှိ၊ အိမ်မီးလောင်ရင်တော့ ဒုက္ခပဲဆို ပြေးတာ ... ပြေးတာ။။ အိမ်နားရောက်တော့ ဘာမီးခိုးမှ မမြင်ရတော့မှ မီးတော့ မလောင်သေးဘူးဟဆို သက်ပြင်းချ။ အိမ်တံခါးသော့ဖွင့် အပြေးဝင်ကြည့်တော့ဟင်းအိုးက non sticker အိုးကို ဆီထည့်ထားတော့ ကြော်သလိုဖြစ်ပြီး အောက်ပိုင်းလေးပဲ တူးနေတာ။ ပါးပါးလေးပါ။ တော်သေးတယ်။ အဲဒါ အောက်ပိုင်းကို လှီးထုတ်ပြီး အပေါ်ပိုင်းကို ဦးခြိမ့်ကို ကျွေးရတယ်။ ညက်မှောင်ကျုပ်ကြီးကိုတော့ ဖြစ်ကြောင်းရယ်ကုန်စင်တော့ မပြောရဲဘူးပေါ့။ ဟင်းအိုးတော့ တူးသွားတယ်ပြောရတယ်။

နောက်တစ်ခါလဲ အမဲသားအိုးပဲ။ ဟင်းအိုးလေးပစ်ပြီး ဘလော့ဂ်ရေးတယ်၊ ဖိုရမ်ဝင်တယ်၊ အွန်လိုင်းတက်တယ်။ ရာသီဥတုကအေးတော့ အခန်းထဲ တံခါးပိတ် ဇိမ်နဲ့နှပ်နေတာဆိုတော့ ဟင်းအိုးကိစ္စ အကုန်မေ့။ သတိရလို့သွားကြည့်တော့ အသားတုံးတွေက အကုန်မီးသွေးတုံးဖြစ်နေပြီ။ အိုးက စတီးအိုးချောနေတာဆိုတော့ တိုက်ရတာတော့ သက်သာပါတယ်။ အမဲသားတစ်အိုးလုံး အမှိုက်တောင်းထဲရောက်တော့ အတော်နောင်တရတယ်။ အတော်နှမြောတယ်။ အော် ... ငါ့နှယ် ဒီလိုတွေဖြစ်နေတာ နည်းလမ်းရှာမှဖြစ်မယ်ဆို စဉ်းစားတော့ iPhone က alarm ကို သွားသတိရတယ်။ 

ဒီနေ့မနက်တော့ ၀က်သားကို အချိုလေးချက်မယ်ဆို စောစောစီးစီး ထချက်ထားတာ။ ခုဘလော့ဂ်ရေးနေတုံး iP့hone မှာ alarm ပေးထားတယ်။ ရလဲ့ ဟန်ကို ကျလို့ ။ ဟင်းအိုးကို ရေ အလုံအလောက်ထည့်ပြီး၊ နာရီဝက်စာစီ alarm ပေးထားတယ်။ Alarm title က "Curry to check on stove " တဲ့။ ခေတ်မီချက်နော်း) Alarm ကလဲ မီးလန့်သံချောင်းခေါက်သံလို  ဆိုတော့ အသံကြားရင် မီးပဲ လောင်သလား အမြန်ပြေးရတယ်း)

နောက်မှို့ သတိကမေ့တတ်တော့ ဟင်းအိုး မကျက်မချင်း ငုတ်တုတ်ထိုင်စောင့်ရမဲ့ အဖြစ်ကိုး။ ခုတော့ ဘလော့ဂ်လေးရေးပြီး အေးဆေးပဲ။ ခုဆို အဲလိုပဲ ဘာလုပ်စရာပဲ ရှိရှိ၊ ခေါင်းစဉ်လေးပေးပြီး alarm လုပ်ထားလိုက်တာပဲ။ အန်တီဆွိတို့လို သတိမေ့တတ်သူတွေ အတွက် အလွန်ကို အသုံးဝင်ပါတယ်။ ကျေးဇူးပါ  ... စတိဂျော့ရှ်ရှင်။

 ဒန် ဒန် ဒန်ဒန်   ဒန် ဒန် ဒန်ဒန် ... .... ....
ဟော ... ပြောရင်းဆိုရင်း ဟင်းလန့် သံချောင်းခေါက်နေပြီ။
ဟင်းအိုး သွား ကြည့်လိုက်ဦးမယ် ပိတ်သတ်တို့ရေ .... ....




Wednesday, February 1, 2012

ဆစ်ဒနီမှာ အိမ်ဝယ်မယ်ဆိုရင် ... (၁)



ပထမဦးဆုံးပြောလိုတာက ဒီပို့စ်ကို အန်တီဆွိ ရေးတာ မဟုတ်ပါ။ ဖိုရမ်ထဲမှ မောင်လေးတစ်ယောက်လိုခင်မင်ရသော အမောင် ကန်ဂရူး (Kangaroo ) ရဲ့ အိမ်ဝယ်တဲ့ အတွေ့အကြုံနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ ရေးထားတဲ့ ပို့စ်ကို သဘောကျလို့ ရှယ်ပေးလိုက်တာပါ။
 အော်ဇီမှစာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတ ရစေရန် အလို့ငှါ ရည်ရွယ်ပါတယ်။

ဟိုနေ့ကပဲ သူတို့အိမ်သစ်ကလေးကို အလည်ရောက်ခဲ့လို့ တစ်ခါတည်း ခွင့်တောင်းခဲ့တာ။ အိမ်ရှင်မလေးကတော့ အန်တီဆွိရေတဲ့ ပြောင်းတာ တစ်ပတ်ရှိပြီ ခုချိန်ထိ ကိုယ့်အိမ်လို့ မခံစားရသေးဘူးတဲ့ ပြောရှာတယ်။ သူတို့အိမ်က ရေကူးကန်လေးနဲ့ ဆေးဖြူသုတ်ထားပြီး ခြံစည်းရိုးလေး သပ်သပ်ရပ်ရပ်နဲ့ တော်တော်ကောင်းပါတယ်။ သူကလဲ အန်တီဆွိတို့ကို တစ်ချိန်လုံး အိမ်ဝယ်ဖို့ တိုက်တွန်းနေတော့တာပဲ။ ကိုယ်တွေကလဲ ဟိုကအိမ်ကို ပြန်ရောင်းမှ၊ အော်ဇီနဲ့ စလုံး ငွေလွှဲနှုံးတက်မှဆို ထိုင်စောင့်နေတာနဲ့ စဉ်းစားနေတုံးရှိသေးတယ်။

သူက အိုးပိုင်အိမ်ပိုင် အပိုင်း (၁) ... (၂) ဆို အပိုင်းလေးတွေ ခွဲထားတာ (၉) အထိပဲ။ ဖတ်သူတွေ ဆန့်တငံ့ငံ့ဖြစ်မှာစိုးလို့ အန်တီဆွိမှ တစ်နေ့ကို ၂ပိုင်းခန့်ကို ပို့စ် (၁)ပုဒ်အဖြစ်တင်ပေးပါမယ်။

ဒီပို့စ်အတွက် မြန်မာကျူးပစ်ဖိုရမ်ကိုရော၊ အမောင် ကန်ဂရူးကိုရော ခရက်ဒစ်ပေးပါတယ်။

အိုးပိုင် အိမ်ပိုင် - အပိုင်း (၁)

အော်စီမှာ အချိန်ပြည့်(full-time) အလုပ်လုပ်တဲ့သူတွေဆိုရင် ဘယ်လိုအလုပ်အကိုင်မျိုးကိုပဲလုပ်လုပ် အသုံးစရိတ်ကို ချွေတာပြီး ၀င်ငွေနဲ့ ထွက်ငွေကို စီမံခန့်ခွဲနိုင်မယ်ဆိုရင် မိမိနဲ့ လက်လှမ်းမီရာ အိမ်တစ်လုံးလောက်တော့ အနည်းဆုံး ၀ယ်နိုင်ကြတာကိုး။ အဲ့တော့ အိမ်လေးတစ်လုံးဝယ်ပြီး အိုးပိုင်အိမ်ပိုင်လေးနဲ့ နေဖို့ဆိုတာ အော်စီတော်တော်များများရဲ့အိမ်မက်တစ်ခုပါပဲ။

မြန်မာပြည်က ကျွန်တော်နဲ့ သိတဲ့ အန်တီတစ်ယောက်ဆိုရင် သူ့ငယ်ချစ်ဦးကို အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ နေရမှ၊ တင်တောင်းမှ ယူမယ်ဆိုတော့ ဟိုခမျာမှာ ဟတ်ကော့ကြီးဖြစ်လို့ ကြိုးစားရင်းနဲ့ သူတို့တွေ အသက် ၄၀ ကျော်၊ ၅၀ တန်းတွေ ဖြစ်ကုန်ပါပြီ။ အခုတော့ ငယ်ကျွမ်းဆွေတွေ ဖြစ်ကုန်ပြီ။ အစကတည်းက အဓိကက အဓိကပဲ ဖြစ်ရမှာ။
၁။ မတည်ငွေ(Deposit)

အိမ်ဝယ်ဖို့ဆိုရင် အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၅% ကို မတည်ငွေ  deposit  အနေနဲ့ ကိုယ်မှာ စုထားပြီးသားရှိရပါမယ်။ ဒါမှ ကျန်တဲ့ ၉၅% ရာခိုင်နှုန်းကို ဘယ်က ထုတ်ချေးမှာပါ။ ဥပမာ တွက်ရလွယ်အောင် ၄ သိန်းတန် အိမ် (သို့) တိုက်ခန်း ၀ယ်မယ်ဆိုကြပါစို့ဆိုရင် မတည်ငွေ ၅% ဆိုတော့ ကိုယ်လက်ထဲမှာ စုငွေ ၂ သောင်း ရှိထားရပါမယ်။ ဒါပေမယ့် ၂၀% နဲ့အထက် (၈ သောင်းနှင့် အထက်) စုငွေရှိရင်တော့ ပိုကောင်းပါတယ်။ ဒါမှ lender mortgage insurance တွေပေးဖို့၊ genuine saving history တွေပြဖို့ မလိုတော့ပါဘူး။

အိမ်တန်ဖိုး = ၄ သိန်း
စုငွေ ၅% = ၂ သောင်း
စုငွေ ၂၀% = ၈ သောင်း

---

ကျွန်တော်ရေးလက်စနဲ့ စက်က အလိုလိုပါဝါကျသွားလို့ ပို့စ်တစ်ခုစာလောက် ပျောက်သွားလို့ အဲလိုထပ်မဖြစ်အောင် ရေးပြီးသမျှကို အပိုင်းလေးတွေ ခွဲပြီးတင်တော့မယ်။ နောက်ပို့စ်တွေမှာ အချိန်ရရင် ရေးဖို့ စဉ်းစားထားတဲ့ ခေါင်းစဉ်အချက်အလက်တွေကို အောက်မှာ ရေးထားပါတယ်။ ကျူးပစ်တွေလည်း ကျွန်တော်ကို ရေးဖို့ ဆန္ဒပြုချင်တဲ့ ခေါင်းစဉ်လေးတွေ ရှိရင်လည်း ပြောပြပေးပါ။

၂။ တိုက်ခန်း ၀ယ်မလား၊ လုံးချင်းအိမ်ဝယ်မလား။
(က) လူနေမှုပုံစံ
(ခ) လက်လှမ်းမှီသော ငွေကြေးပမာဏ
(ဂ) ရင်းနှီုးမြှုပ်နှံမှု ရှုထောင့်

၃။ ဘယ်ရပ်ကွက်မှာ ၀ယ်မလဲ။
(က) မြို့လည်ကောင်နှင့် နီးမှု
(ခ) အလုပ်၊ ကလေးတက်တဲ့ကျောင်းနဲ့ နီးမှု
(ဂ) ရင်းနှီးမြှုပ်နှံမှု ရှုထောင့်

၎။ အိမ်ကြွေး ပြန်ဆပ်နိုင်ဖို့ ဘယ်အချက်တွေ ထည့်သွင်းစဉ်းစားရမလဲ။
(က) အလုပ်အကိုင်နှင့် ၀င်ငွေ
(ခ) မိသားစု စီမံကိန်း
(ဂ) အတိုးနှုန်း အပြောင်းအလဲ
(ဃ) အရေးပေါ်အခြေအနေ

၅။ အိမ်ဝယ်ရင် ဆက်ဆံရမယ့်သူများ အကြောင်း
(က) အရောင်းပွဲစား
(ခ) ဘဏ်နှင့် ဘဏ်ပွဲစား
(ဂ) ပိုင်ဆိုင်မှု လွဲပြောင်းရေး အရာရှိ (conveyance r) သို့ ရှေ့နေ
(ဃ) အိမ်စစ်ဆေးသူများ (pest and building inspectors)
(ဃ) ကောင်စီ

၆။ အိမ်ဝယ်ရင် ဖြတ်သန်းရမယ့် အဆင့်များ။
(က) စီမံကိန်း ရေးဆွဲခြင်း
(ခ) ငွေကြေးစုဆောင်းခြင်း
(ဂ) သင့်တော်တဲ့ အိမ်လိုက်ရှာခြင်း
(ဃ) ဈေးညှိခြင်းနဲ့ ပိုင်ဆိုင်မှုပြောင်းလဲခြင်း
(င) အိမ်ပြောင်းခြင်း

၇။ အိမ်လိုက်ရှာတဲ့အခါမှာ ဘယ်အချက်တွေ သတိထားကြည့်ရမလဲ။
(က) တိုက်ခန်းအတွက်
(ခ) လုံးချင်းအိမ်အတွက်


အိုးပိုင် အိမ်ပိုင် - အပိုင်း (၂)

၂။ တိုက်ခန်း ၀ယ်မလား၊ လုံးချင်းအိမ်ဝယ်မလား။

တိုက်ခန်းဝယ်မလား၊ လုံးချင်းအိမ် ၀ယ်မလားဆိုတာ ကိုယ့်ရဲ့ လူမှုနေထိုင်မှုပုံစံ၊ ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ ရင်းနှီးမြှပ်နှုံမှု စတဲ့အချက်တွေနဲ့ ညှိုယူကြရပါတယ်။ တိုက်ခန်းကကောင်းတယ်၊ ဒါမှမဟုတ် အိမ်ကကောင်းတယ်လို့တော့ ပုံသေကားချပ်ကြီး အမြဲတမ်းတော့ ပြောလို့ မရပါဘူး။

လူလွတ်တွေ၊ ကလေးမရှိသေးတဲ့မိသားစုတွေကတော့ အဖိုးနည်း ၀န်ပါ တိုက်ခန်းကို သဘောကျကြပါတယ်။ ဒါပေမယ့် တိုက်ထိန်းသိမ်းခ strata fee ပေးရတာတို့၊ ပတ်ဝန်းကျင်အခန်းတွေက ဆူညံဆူညံလုပ်ရင် အတိုင်းအတာတစ်ခုအထိတော့ သည်းခံပြီးနေရတာတို့တော့ ရှိတာပေါ့။ ကလေးငယ်လေးတွေရှိတဲ့ မိသားစုတွေကျတော့ ကလေးတွေ နောက်ဖေးခြံမှာ ဆော့ကစားလို့ရတဲ့၊ တိုက်ခန်းထက်စာရင် Privacy ပိုရတဲ့ လုံးချင်းအိမ်ကို ပိုကြိုက်ကြပါတယ်။ လုံးချင်းအိမ်ဆိုတော့ Council fees  ပေးရတာတို့၊ မြတ်ရိပ်၊ ခြံရှုင်း၊ အပင်စိုက်၊ ရေလောင်းတဲ့အလုပ်တွေ ပုံမှန်မပျက်မကွက်လုပ်ရတာတို့တော့ ပါလာမှာပေါ့။

ယေဘူယျအားဖြင့် လုံးချင်းအိမ်က တိုက်ခန်းတန်ဖိုးရဲ့ တစ်ဆခွဲ၊ နှစ်ဆလောက်ဖြစ်နေတော့ လက်လှမ်းမီသူတွေကတော့ လုံးချင်းအိမ်ဝယ်ကြပေမယ့် တစ်ချို့ကတော့ ကိုယ်နိုင်တဲ့ တိုက်ခန်းလေးကို ပထမ ၀ယ်ပြီးမှ နောက်တစ်ဆင့်အနေနဲ့ ငွေစုပြီး လုံးချင်းအိမ်ကို ၀ယ်တဲ့သူတွေလည်း ရှိပါတယ်။ မြတ်ရိတ်၊ ခြံရှင်းလုံးဝမကြိုက်တဲ့၊ အိမ်မှာ ညအိပ်ချိန်လောက်ပဲနေတဲ့ တစ်ချို့များကျတော့ တတ်နိုင်ပေမယ့် တိုက်ခန်းမှာပဲ နေတဲ့သူတွေလည်း တွေ့ရပါတယ်။  realestate.com.au  (သို့)   domain.com.au မှာ ကိုယ်စိတ်ဝင်စားတဲ့ရပ်ကွက်နဲ့ ရောင်းမယ့်အိမ်တွေကို ရှာကြည့်ပြီး median house price or median unite price ကို ကြည့်လိုက်ရင် အဲဒီရပ်ကွက်က ကိုယ့်အထွာထဲမှာ ၀င်၊ မ၀င်သိနိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုရှုထောင့်ကဆိုရင်တော့ အော်စီမှာ ရေရှည်နေမယ်ဆိုရင် လုံးချင်းအိမ်ကို ၀ယ်ပါ  လို့ ကျွန်တော်အကြံဥာဏ်တောင်းခံတဲ့သူက ကျွန်တော်ကို ပြောပြဖူးပါတယ်။ သူကိုယ်တိုင်ကတော့ အလုပ်နဲ့နီးတဲ့ တိုက်ခန်းလေးမှာ ၀ယ်နေပြီးတော့၊ မြေကြီးသက်သက် ထပ်ဝယ်ထားပါတယ်။ အဆောက်အအုံသက်သက်က နှစ်ကြာလာတာနဲ့အမျှ တန်ဖိုးကျလာပါတယ်။ အဲဒီတိုက်ခန်း အချိုးကျပိုင်တဲ့မြေကြီးကသာ တန်ဖိုးတက်လာတာပါ။ လုံးချင်းအိမ်ကျတော့ တိုက်ခန်းထက်စာရင် မြေကြီးပိုင်ဆိုင်မှုပိုများတော့ နှစ်ရှည်မှာ တိုက်ခန်းထက် သိသိသာသာ တန်ဖိုးတက်ပါတယ်။ Buildings depreciate but land appreciate လို့ ဆိုရိုးရှိပါတယ်။

ဆက်ပါမည် ...
(Credit to Ko Kangaroo and  MMCP)