Saturday, March 31, 2012

Luke Nguyen's Myanmar food show in Inn Lay

ဟိုနေ့က share ခဲ့တဲ့ Luke Nguyen ရဲ အစားအသောက် show က အဆက်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ အင်းလေးဒေသကို သွားရောက်ပြီး တို့ဟူးနွေး၊ ခရမ်းချဉ်သီးသုတ်၊ ကြက်သွန်မြိတ်ကြော် အစရှိသဖြင့် ချက်ပြခဲ့ပါတယ်။

အစားအသောက်ရှိုးဆိုတာထက် အင်းလေးဒေသရဲ့ ပတ်ဝန်းကျင် အလှအပ၊ သဘာဝ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေပါ တစေ့တစောင်း ရိုက်ပြထားတော့ အင်မတန် ကြည့်ကောင်းတဲ့ ရှိုးလေးပါ။







Credit to original uploader from Youtube.


အန်တီဆွိတော့ ဒီရှိုးကြည့်ပြီး တို့ဟူးနွေးစားချင်တာနဲ့ပဲ နောက်နေ့  ချက်စားလိုက်သေးတယ်။ မနေ့ကပဲ ဖေ့စ်ဘွတ်ခ်ထဲတော့ ပုံတွေ တင်ထားတာ။ စားကြပါဦးနော်။း)
အန်တီဆွိရဲ့ တို့ဟူးနွေး

Wednesday, March 28, 2012

စင်္ကာပူ အမှတ်တရ Kway Chap

အန်တီဆွိ စင်္ကာပူမှာနေတုံးက ပါစီပါဂျန်းမှာ နာမည်ကြီး ကွေ့ချပ်ဆိုင်ရှိတာ ရုံးနဲ့နီးတော့ ခဏခဏ သွားစားဖြစ်တယ်။ ရုံးကအဖွဲ့ကလဲ လူညီတယ်။ ပါစီပါဂျန်း ကွေ့ချပ်ဆိုင်ဆို ဘယ်သူမှ မငြင်းဘူးဗျ။ အဲဒါ ဒီဖက်လာခါနီးတော့ ကောင်လေးတွေက ဆွိ နင် ဟိုရောက်ရင် ကွေ့ချပ်စားရတော့မှာမဟုတ်ဘူးတဲ့။ ဒီတော့ ဒီမှာရှိတုံး အ၀စားသွားဆို နောက်ဆုံးအပတ်ကို နေ့တိုင်းနီးပါး အဲဒီဆိုင်သွားကြတယ်ဗျာ။ ကိုယ်ကတောင် ကွေ့ချပ်က ၀က်အူတွေ၊ ကလီစာတွေဆိုတော့  အဆီများလို့ နေ့တိုင်းတော့ မလုပ်ပါနဲဟယ်။ တော်နေ ငါမသွားခင် နင်တို့အကုန် (ဂန့်ကုန်) ဒုက္ခရောက်ကုန်ဦးမယ်ဆို ပြောယူရတယ်။ 

တကယ်လဲဟုတ်တယ်။ ဒီဖက်မှာ စင်္ကာပူအစားအစာ ကြက်ဆီထမင်းတို့၊ လက်ဆာတို့၊ စင်္ကာပူစတိုင် ခေါက်ဆွဲကြော် (Mee Goreng) တို့၊ ကွေ့သယောင်တို့ အစရှိသဖြင့် အကုန်ရပေမဲ့ အဲဒီ ၀က်အူ၊ ကလီစာတွေကို ပြုတ်ပြီးရောင်းတဲ့ Kway Chap ကတော့ ဒီမှာ ဘယ်နေရာမှ မရှိဘူးခင်ဗျ။ မဆွိတီတို့လဲ စင်္ကာပူရောက်စက ကွေ့ချပ်တို့၊ ဘာကူးတေတို့ မကြိုက်ပေါင်။ ဆေးနံ့က နံပါဘိသနဲ့။ ဘယ်လိုအနံ့ကြီးမှန်း မသိဘူးပေါ့။ နောက်တော့ ၀က်သားတုတ်ထိုးငတ်တာနဲ့ ၀က်အူပြုတ်ကို ၀က်သားတုတ်ထိုး အမှတ်နဲ့ စားရာကနေ ကွေ့ချပ်ကိုပါ ကြိုက်သွားပါရော။ အိမ်မှာကြီးတော်ကလဲ ကွေ့ချပ်ပရိတ်သတ်ပဲ။  ကြီးတော်တင်မက၊ ဂျူဂျူလေးကပါ အဲဒီကပါတဲ့ ၀က်စတူးက အရမ်းနူးအိနေတော့ သူပါကြိုက်ပြီး ၅၂လမ်း ဟော်ကာက ကွေ့ချပ်ဆိုင်မှာလဲ week end ဆို မိသားစု သွားသွား စားကြသေးတယ်။ အဲဒီထဲက ကြက်ဥပြုတ်ကိုလဲ ဂျူဂျူတို့ သိပ်ကြိုက်။ အမှန်က ကွေ့ချပ်ဆိုတာ အရည်နဲ့ ဖျော်သောက်တဲ့ မြန်မာလို ညှပ်ခေါက်ဆွဲ အပြားကြီးကို ခေါ်တာပါ။ သူတို့က ၀က်အူတွေကို တရုတ် spice တွေ၊ ဆေးတွေနဲ့ပြုတ်လိုက်တော့ ဘာညှီနံ့မှ မထွက်တော့ဘူး။ ၀က်သားဆိုလဲ ၀က်စတူးသဘောမျိုး နူးအိနေတာပဲကိုး။ ကြက်ဥတွေ၊ ၀က်သားအရေပြား၊ ပဲပြားကြော်၊ ပဲပြားအစိမ်းတွေ လဲ  ထည့်ပြုတ်သေးတယ်။ တစ်ချို့လဲ မြေပဲ ပြုတ်တွေ၊ မုန်ညင်းချဉ်ပြုတ်တွေပါ ထည့်ပေးတယ်။


မနေ့က ချက်နည်းလေးသိချင်လို့ အင်တာနက်ထဲ ၀င်မွှေရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူရဲ့ အကောင်းဆုံးတွေထဲက တစ်ခုသော ကွေ့ချပ်ဆိုင်ဆိုပြီး အပေါ်ကပြောတဲ့ ပါစီပါဂျန်းဆိုင်ကို စင်္ကာပူ ဘလော့ဂ်တစ်ခုမှာ တွေ့လိုက်လို့ ဆိုင်လိပ်စာလေး သိရအောင် လင်ခ့်လေး ပေးလိုက်ပါတယ်။
 Tong Lok Kway Chap
ခဏခဏသာ သွားစားနေတယ်၊ ဆိုင်နာမည်ကို တစ်ခါမှ သတိမထားမိဘူးဂျာ။ ခုမှ  Tong Lok Kway Chap ဆိုင်ဆိုတာ သိရတော့တယ်။  အဲဒီဘလော့ဂ်က ပုံတွေကြည့်ရင်းနဲ့ ဒီလို ကွေ့ချပ်တွေ ပြင်ဆင်ထားတာ၊ ဆိုင်ပိုင်ရှင်တွေရဲ့ ပုံတွေ ပြထားတာ မြင်ဖူးသလိုလိုပဲဆို တွေးနေတာ။ နောက် ဆိုင်လိပ်စာတွေ့မှ ကိုယ်သွားစားနေကျ ဆိုင်မှန်းသိတော့တယ်။ အဲလောက်နာမည်ကြီးမှန်းကို မသိခဲ့တာပါ။ တစ်ခါ အိမ်ကလူတွေ စားရအောင်ဆို အဲဒီဆိုင်ခေါ်သွားတာ Sunday ကြီးဖြစ်နေလို့ မဖွင့်ဘူးတဲ့ ခင်ဗျ။ စလုံးက ကွေ့ချပ်ပရိတ်သတ်တွေ သွားစားချင်ရင် တနင်္ဂနွေ၊ တနင်္လာနဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာ ပိတ်ပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ဈေးလဲ မကြီးပါဘူး။ ဟော်ကာစင်တာမှာ ရောင်းတဲ့ ဈေးနှုံးထက်တောင် သက်သာပါသေးတယ်။
 


ဒီဖက်မှာ ဗီယက်နန်တွေ တရုတ်တွေပေါတော့ ၀က်သားကလီစာ အကုန်ဝယ်လို့ရပါတယ်။ ၀က်အူအကြီးဆို တစ်ကေဂျီ ၈ကျပ်လောက်ပဲရှိပါတယ်။ အူချိုလေးတွေလဲ ရပါတယ်။ ခါတိုင်းဆိုရင်တော့ ဗမာစတိုင် ၀က်သားတုတ်ထိုး လုပ်စားတာများတယ်။ ဆေးရကြောရတာ မသက်သာလို့ မစားဖြစ်တာတောင်ကြာလှပေါ့။ နောက်ဆုံးအခေါက်က ဆေးရတာတော်တော် လက်ဝင်ပြီး အနံ့လဲ သိပ်မပျောက်လို့လေ။ ဒါနဲ့  ဒီအပတ် စနေက ဈေးဝယ်တော့ မထင်မှတ်ပဲ ကိုယ်ဝယ်နေကျဆိုင်မှာ တွေ့တာနဲ့ အူအကြီး (ဘာအူ ခေါ်လဲမသိ) ၅၀၀ဂရမ် ၀ယ်လာခဲ့တယ်။ မနေ့က ရေခဲသေတ္တာထဲ ကြည့်လိုက်တော့ ဟိုတစ်ခါ စင်္ကာပူက အစ်မ လက်ဆောင်ပေးခဲ့တဲ့ ကွေ့ချပ် spice အမှုန့်ထုတ်တွေ့တာနဲ့ ကွေ့ချပ်ပဲ လုပ်စားတော့မယ်ဆို ၀က်အူကို စပြီး ရေဆေးရပါတော့တယ်။ 

ဝက်အူက ကိုင်ပြီး၊ ဆေးပြီးသားပေမဲ့ အနံ့ကတော်တော်ကျန်သေးတော့ မန်ကျည်းမှည့်နဲ့ ဆားကြမ်းနဲ့ နာနာပွတ်ပြီး အပြင်ဖက် ၃ခါ၊ အတွင်းဖက်လှန်ပြီး ၃ခါလောက် ပွတ်ဆေးရပါတယ်။ စားချင်တော့လဲ ဒုက္ခခံရပါတယ်။ ၀က်သားကိုလဲ  ၂၅၀ဂရမ်လောက် အတုံးလိုက် လှီးထားပါတယ်။ ၀က်သားသုံးထပ်သားဆို ပိုကောင်းပါတယ်။ နောက် ပဲပြားတွေ ၀ယ်ထားတာ ရှိတာနဲ့ ပဲပြားတွေလဲ အဆင်သင့် တစ်ဝက်စီ လှီးထားပါတယ်။ ကြက်ဥ ၃လုံးကိုလဲ ရေဆေးပြီး ထည့်ပြုတ်ဖို့ အဆင်သင့်ပြင်ထားပါတယ်။

ဝက်အူကို မညှီအောင်၊ အနံ့မထွက်အောင် လုပ်နည်းတွေ့လို့ မျှဝေပါမယ်။ ဒယ်အိုးထဲကို ဆီအနည်းငယ် ထည့်ပါ။ ဆီကျက်လာရင် စောနက ဆေးထားတဲ့ ၀က်အူကို ဒီအတိုင်း လုံးဝမလှီးပဲ ဆီကျက်ထဲကို ထည့်ကြော်ပါတယ်။ ရေခန်းလာရင် ၀က်အူ တစ်ဝက်လောက်မြုတ်အောင် ရေထပ်ထည့် ပြုတ်ထား ၂မိနစ်လောက်နေလို့ တော်တော်ပွက်လာရင် အဲဒီ ရေတွေကို ငှဲ့ပစ်ပါတယ်။ အဲဒါမျိုး၃ခါလောက် ရေတွေကို ထည့်လိုက်၊ ငှဲ့လိုက်ရင် ၀က်အူဟာ အညှီနံ့ လုံးဝနီးပါးပျောက်သွားပါတယ်။ နောင် ၀က်သားတုတ်ထိုးလုပ်ရင်လဲ ဒီနည်းပဲ သုံးပါတော့မယ်။

ကွေ့ချပ် spice ဖြစ်ပါတယ်။ အော်ဇီမှာလဲ တရုတ်ဆိုင်တွေမှာ ရှိပါတယ်။ ဈေးမကြီးပါဘူး။ တစ်ထုတ် ၂ကျပ်ခွဲလောက်တော့ ရှိမယ်။
 

 နောက်တော့ soup လုပ်ဖို့ ဆော့စ်အတွက် ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း ၃ဇွန်း၊ အကြည်ရေ ၂ဇွန်း၊ ကြက်သားမှုန့် လဖက်ရည် တစ်ဇွန်းခန့်ကို ရေနဲ့ဖျော်ထားပါတယ်။ ကွေ့ချပ်ပြုတ်မဲ့ အိုး ကြီးကြီး ဇောက်နက်နက်ထဲကို ဆီ စားပွဲဇွန်း တစ်ဇွန်းခန့်ထည့်ပြီး ဂျင်း ပါးပါးလှီးထားတာ ၄-၅ ခုလောက်၊ ကြက်သွန်ဖြူကို အခွံမနွှာပဲ ၄-၅ဥလောက်၊ နာနက်ပွင့် တစ်ပွင့် ၂ပွင့်ခန့်ကို  ဆီကျက်ရင် ထည့်ဆီသတ်ပါတယ်။ (Kway chap spice ထုတ်မှာ တရုတ်မဆလာ five spice တို့ ဘာတို့ အစုံပါပြီးသားဆိုတော့ ဟင်းခပ်အမွှေးအကြိုင်တွေအများကြီး ကိုယ့်ဟာကိုယ် ထည့်ဖို့ မလိုတော့ပါဘူး။) ဆီသတ်တာ အနံ့နဲနဲမွှေးလာရင် မီးပိတ်ပြီး အပေါ်က ရေနဲ့ဖျော်ထားတဲ့ ဆော့စ်ကို လောင်းထည့်ပါတယ်။ (မီးမပိတ်ရင် ဆီကျက်နေတုံးမှို့ မီးထတောက်မှာ ကြောက်ရပါတယ်)။ နောက်ထပ် ရေကို (ထည့်မဲ့ ပစ္စည်းတွေ မြုတ်ရုံ) အိုးနဲ့ အပြည့်နီးပါးထည့်ပြီး အပေါ်ကနေ ကွေ့ချပ် spice အထုတ်ရဲ့ တစ်ဝက်ကို လောင်းထည့်ပါတယ်။ နောက် ချိုအောင် brown sugar ( သို့ ) ထန်းလျှက် ၃လုံးလောက် ပစ်ထည့်ပါတယ်။ အဲဒါဆို soup က အဆင်သင့်ဖြစ်ပါပြီ။  Soup ကို ဆူပွက်နေအောင်တည်ထားပါတယ်။ soup ကို ကိုယ့်စိတ်ကြိုက်အရသာရအောင် ပဲငံပြာရည် အကြည်ရေ၊ ထန်းလျှက် အစရှိသည်တို့ကို လိုရင် ထပ်ထည့်ပေးပါဦး။

Soup ရပြီဆို အပေါ်က ၀က်အူရယ်၊ ၀က်သား၊ ပဲပြား၊ ကြက်ဥတို့ကို soup ထဲ ထည့် မီးအေးအေးနဲ့ နာရီဝက် တစ်နာရီခန့် ထည့်ပြုတ်ရပါတယ်။ ကြက်ဥပြုတ်ကျက်ရင် အခွံခွါပြီး soup ထဲ ပြန်ထည့်ပြုတ်ပါတယ်။ 
 
 အသားတွေက အကျက်မညီလို့ တည်နေတုံး မြည်းစမ်းကြည့်ပြီး ကျက်တာကို အရင်ကော်ထားစေချင်ပါတယ်။ ၀က်အူက နူးလွယ်တော့ အရမ်းပျော့အိသွားရင် မကောင်းလို့ အနေတော်လေးမှာ  ပန်းကန်တစ်လုံးနဲ့ ဆယ်ထားရပါတယ်။

ဝက်အူနဲ့ အသား၊ ပဲပြားတို့ကို အဆင်သင့်ဖြစ်အောင် ပါးပါးလှီးထားပါတယ်။

အမှန်က ပဲပြားကို ကြော်ထားတာလဲ ထည့်ပြုတ်ရင်ပိုကောင်းပါတယ်။

တကယ်တော့ အန်တီဆွိဝယ်တာ  ကွေ့ချပ် အစစ်မဟုတ်ပါဘူး။ ကွေ့ချပ်အစစ်က မညှပ်ရသေးတဲ့ ညှပ်ခေါက်ဆွဲ အချပ်လိုက်ကြီးပါ။ ဈေးက လွယ်တာပဲ ၀ယ်ခဲ့ပါတယ်။


အချဉ် Sauce အတွက်တော့ မြန်မာ ၀က်သားတုတ်ထိုး sauce ကိုပဲ အချဉ်ကဲပြီး ခပ်ချဉ်ချဉ်လေး လုပ်လိုက်ပါတယ်။


စားခါနီးကျ စောနက Kway Chap soup ကို ဆူပွက်နေအောင် အရင်တည်လိုက်ပါတယ်။ ပြီးတော့မှ လှီးထားတဲ့ အသားတွေ၊ အူတွေ၊ ပဲပြားတွေကို တစ်ခုချင်းစီ သံစကာလေးနဲ့ soup ထဲ နှစ်ပြီး ပန်းကန်ပြားခပ်ကြီးကြီးထဲထည့် ပြီး ပြင်ဆင်ပါတယ်။

ကွေးချပ် (ညှပ်ခေါက်ဆွဲ)ကိုလည်း ပန်းကန်လုံးလေးထဲထည့် ဟင်းရည် ပူပူ လောင်းထည့်ပါတယ်။

တွဲစားရအောင် အရွက်မပါလို့ Bok Choi ကို ခရုဆီနဲ့ ကြော်လိုက်ပါတယ်။

စားရန် အဆင်သင့်ဖြစ်ပါပြီခင်ညာ။ စလုံးက ပရိတ်သတ်ကတော့ ဒုက္ခခံလုပ်စရာမလိုဘူးပေါ့။ စလုံးမှာ ဆိုင်တွေ ပေါမှပေါကိုး။ နိုင်ငံခြားရောက် ကွေ့ချပ် ပရိတ်သတ်တွေ ချက်စားရအောင် ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ်။


Saturday, March 24, 2012

Luke Nguyen's Myanmar food show in Yangon

တစ်နေ့က အော်ဇီချယ်နယ် SBS က လွှင့်သွားတဲ့ မြန်မာပြည်က အစားအသောက်အကြောင်းရိုက်ပြထားတဲ့ documentary  ယူကျူ့မှာတက်လာပါပြီ။

Luke Nguyen ဆိုတာ အော်ဇီက ဗီယက်နန်လူမျိုး နာမည်ကြီး chef ပါ။ သူ့ရဲ့ documentary အစားအသောက်ရှိုးတွေ ယူကျူ့မှာ အများကြီး ဒေါင်းကြည့်လို့ရပါတယ်။ သူက ဆစ်ဒ်နီမှာ ရက်စ်တောရန့်ဖွင့်ရာကနေ နာမည်ကြီးလာတာပါ။ သူ့ရဲ့ ရက်စ်တောရန့်ကို Red Lantern လို့ခေါ်ပြီး restaurant and catering association ရဲ့ အကောင်းဆုံး စားသောက်ဆိုင်ဆုကို ၂ကြိမ်တိုင်ရရှိထားပါတယ်။ ခု အော်ဇီ SBS ချယ်နယ်ကနေ ကြာသပတေးနေ့တိုင်း ည၇နာရီခွဲမှာ ပြနေပါတယ်။ သူ့ရဲ့ ရှိုးက အာရှက အစားအသောက်တွေအပြင် အာရှက ဓလေ့ထုံးစံ၊ နေရာဒေသ၊ ပတ်ဝန်းကျင် အလှအပတွေပါ ပြတော့ တော်တော်တော့လူကြိုက်များပါတယ်။ မဆွိတီတို့ မိသားစုတွေလည်း အားလုံးကြိုက်ကြလို့ သူလာမဲ့ အချိန်ဆို စောင့်ကြည့်ကြပါတယ်။သူ့ရဲ SBS official link  ဖြစ်ပါတယ်။။ အဲဒီမှာ သူ့ရှိုး တွေ အစအဆုံးကြည်ကြည်လင်လင် ကြည့်နိုင်ပါတယ်။ ယူကျူ့ မှာလည်း ကြည့်နိုင်ပါတယ်။

မြန်မာပြည်ရဲ့ ရန်ကုန်မြို့တော်ကိုလည်း သူရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ မုန့်ဟင်းခါးချက်နည်း၊ ကော်ပြန့်စိမ်းလုပ်နည်းတွေကို ပြသခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်တွေမှာတော့ ရှယ်ထားကြပြီးပါပြီ။ မကြည်ရ့သေးတဲ့ ဘလော့ဂ် ပရိတ်သတ် အတွက်ပါ။ မြန်မာပြည် အလွမ်းပြေ ရန်ကုန်အလွမ်းပြေ ကြည့်ကြပါဦး။


Wednesday, March 21, 2012

နမော်နမဲ့၊ နမူးနထိုင်း နှင့် at the same time


ကိုယ့်အိမ်ကလူသည် အင်မတန် နမော်နမဲ့နိုင်သည်။ ညားကာစက လင်မယား လမ်းအတူလျှောက်ကြရာတွင် ခလုပ်တွေတစ်ခုပြီး တစ်ခု တိုက်သည်။ ဘယ့်နှာပါလိမ့်၊ ခဏနေ တိုက်ပြန်ပြီ၊ သူပဲ တိုက် တိုက်နိုင်လွန်းသည်ဟု စိတ်ကထင်နေသည်။ သူကတော့ ငယ်စဉ်က သူတို့အိမ်တွင် ကြမ်းကို ပြောင်နေအောင်တိုက်ထားရာ ခြေရာမပေအောက် ခြေဖျားလေးထောက်ကာ လမ်းလျှောက်ရသည်ဆိုသည်။ ထိုမှစ၍ လမ်းလျှောက်ရာတွင် အကျင့်ပါကာ ခြေဖျားထောက်လျှောက်လို့ ခဏခဏ ခလုပ်တိုက်မိကြောင်း အကြောင်းပြချက်ပေးသည်။ သို့ပေမဲ့ ဆွိဆွိတီ၏စိတ်ထဲတွင် ထိုအခါမှစ၍ ကိုယ့်အိမ်ကလူ၏ နမော်နမဲ့ နိုင်မှုကို စတင်သတိထားမိပါသည်။

အိမ်မှာ သူနှင့် ငယ်စဉ်ကတည်းက အတူနေဖူးသော ကြီးတော်ရောက်လာတော့ သူငယ်ငယ်က နမော်နမဲ့နိုင်ပုံများကို ဇာတ်ကြောင်းပြန် ပြောပြပါသည်။ ငယ်စဉ်က သူတို့အိမ်တွင် ဇီးပင်ရှိရာ လမ်းလျှောက်လာရာတွင် ထိုဇီးကိုင်းကို မမြင်။ ဇီးကိုင်းမျက်စေ့တည့်တည့်ထိုးရာ မျက်လုံးကို တော်တော် ဆေးကုယူလိုက်ရသည်တဲ့။ ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်တပ်လိုက်ရခြင်းသည် ထိုဇီးကိုင်း စနက်မကင်းဟု ကြီးတော်က စွတ်စွဲသည်။ သူငယ်ငယ်က အိမ်တွင် အထည်ဆိုင်ဖွင့်ထားရာ နေ့လည်စာကို ထမင်းချိုင့်ပို့ရသည်မှာ သူ့တာဝန်ဖြစ်သည်။ တစ်ခါတစ်ရံ ထမင်းချိုင့်မပါပဲ သွားလိုသွားသည်။ တစ်ခါတရံ လမ်းမှာ ငေးမောကာ ခလုပ်တိုက်၍ ထမင်းချိုင့်မှောက်ကျသော အခါများကလည်း မရေတွက်နိုင်ပါတဲ့။

အိမ်ထောင်ကျတော့ သူ၏နမော်နမဲ့ နိုင်မှုများကို တဖြေးဖြေး ပိုသတိထားမိလာသည်။ သူသည် အရေးကြီးသော ကိစ္စများကို အလေးထားသလောက်၊ အရေးမကြီးသော ကိစ္စများမှာတော့ အမြဲလို နမော်နမဲ့ဖြစ်မြဲ။ အပြင်သွားလျှင် အကျီင်္ဝတ်လျှင် ပြောင်းပြန်ဝတ်သည်။ ရိုးရိုးရှပ်အကျီဆို အတွင်းအပြင် ပြောင်းပြန်ဝတ်သည်။ တီရှပ်ဆိုလျှင် အရှေ့အနောက် ပြောင်းပြန်ဝတ်သည်။ တစ်ခါဆိုလျှင် တီရှပ်ကို အတွင်းအပြင်ရော အရှေ့အနောက်ပါ ပြောင်းပြန်ဖြစ်အောင် ၀တ်ဖူးလေရာ  ဘေးကကြည့်သူမှာ အတော်ပင် မျက်စိလည်ရလေသည်။

တစ်ခါသား MRT  နှင့်ခရီးသွားကြရာ သူ့ကိုကြည့်ရသည်မှာ စိတ်ထဲ တစ်မျိုးဖြစ်နေသည်ထင်သည်။ သူ့လည်ပင်းကြီးပဲ အစ်နေသလိုလို။ သူ့ကြည့်ရတာ ကိုယ်တိုင်ပင် အစ်တစ်တစ်ကြီးဖြစ်နေသည်။ အသက်ရှူပင်ကျပ်သလို။ သေချာကြည့်မှ အလိုလေး မောင်မင်းကြီးသား တီရှပ်ကို ရှေ့နောက် ပြောင်းပြန်ဝတ်ထားခြင်းဖြစ်သည်။ ဘေးကလူတောင် အသက်ရှူကျပ်တာ၊ ကာရကံရှင်ဝတ်ထားသူက သိပင် မသိသည့်အဖြစ်မှာ ရယ်ချင်စရာကောင်းလှသည်။ သူ့ကြည့်ကာ သားအမိတွေ တူအရီးတွေ တခစ်ခစ်ရယ်သည်တွင် သူ့မှာ ရှက်ကိုးရှက်ကန်းနှင့် လူရှင်းသည့် ဘူတာရုံရှေ့ဆုံးကခုံလေးတွင်  ပြောင်းပြန်လှန်ဝတ်ရသည်။ တစ်ခါတစ်ရံလဲ ဓာတ်လှေခါးထဲမှာ ပြန်ဝတ်ရဖူးသည်။ ကားမောင်းရင်း လမ်းတွင် ခဏရပ်ကာ ပြန်ဝတ်ရတာမျိုးလဲ ကြုံဖူးသည်။

ဒီရောက်တော့ သူအများဆုံး နမော်နမဲ့ အနိုင်ဆုံးမှာ ရုံးသွားလျှင် ကမန်းကတမ်းထွက်သွား၊ ခဏနေတော့ ကားပြန်မောင်းလာကာ ပစ္စည်းတစ်ခုခု မေ့ကျန်၍ ပြန်လာယူရခြင်းဖြစ်သည်။ ရုံးက ကွန်ပြူတာ access သော့၊ ဟမ်းဖုန်း၊ ထမင်းဗူး အစရှိသည်တို့ဖြစ်သည်။ မေ့ကျန်ခဲ့ပြီဆို အိမ်ကသော့ခတ်ပြီးသားဖြစ်နေတော့ "မိန်းမရေ" ဆို သူခေါ်မည်။ တံခါးကို ခေါက်မည်။ ထိုအချိန် ဆွိဆွိတီကလဲ အိမ်နောက်ဖေး သမီးထမင်းချိုင့်အတွက် အလုပ်ရှုပ်နေရာ တံခါး၂ဆင့်ပိတ်ထားသော မီးဖိုချောင်မှ ဘာသံမှမကြားရ။ ဒီတော့ ဖုန်းကို လှမ်းခေါ်မည်။ တစ်ခါတစ်လေလဲ ကြားပါသည်။ သွားဖွင့်ပေးပါသည်။ ထိုအခါ သူကပင် တပြန် ကိုယ့်ကို " ဒီလောက်အော်ခေါ်နေတာတောင် မကြားဘူးလား။ ညည်းကတော့ နမူးနထိုင်းနဲ့ ခေါ်မကြားအော်မကြားပဲ ... "  ဟု အပြစ်တင်လိုက်သေးသည်။ ဤကဲ့သို့ အသံများမှာ အိမ်မှာ ကြားနေကျ နံနက်ချိန်ခါ တေးသံသာများ ဖြစ်ပါသည်။

နောက် သူနမော်နမဲ့နိုင်ပုံများ မိန်းမက မနက်ရုံးသွားဖို့ ထမင်းချိုင့်ပြင်ကာ အိမ်ရှေ့ ထွက်ခါနီး အပေါက်ဝနားက စင်ပေါ်တင်ပေးထားသည်။ တစ်ခါသားတွင် ထမင်းချိုင့်ထည့်သည့်အိတ် အနီရောင်ကနေ အဖြူရောင်ပြောင်းရာ ၃ရက်လောက် ထမင်းချိုင့် မပါပဲ ရုံးသွားလေသည်။ တင်နေကျ ဒီနေရာ ဒီစင်ပေါ်ပဲ တင်ထားရာ အိတ်အရောင်ပြောင်းသွားတော့ မြင်နေကျအိတ်မဟုတ်၍ မေ့ကျန်လေသတတ်။

ဟိုနေ့ကလဲ သူရုံးကို ထွက်သွားလို့ ကိုယ်က အိမ်နောက်ဖေး သမီးထမင်းချိုင့်အတွက် ကုန်းလုပ်နေတုံးရှိသေး လှစ်ခနဲဆို သူအခန်းထဲ ပြေးဝင် တစ်ခုခုယူပြီး ပြန်ထွက်လာတာ တွေ့လိုက်သည် ။ "အဟော် ... တော် တစ်ခုခု မေ့ကျန်ခဲ့ပြန်ပလား... " ဆိုတော့ ဘာမှ ပြန်ဖြေမပေးသွား။ တက်သုတ်ရိုက်ကာ ပြန်ထွက်သွားသည်။ အမ်မယ် ... ဒီတစ်ခါတော့ ငါ့လဲ ဖုန်းမခေါ် ၊ နမူးနထိုင်းတွေ
ခေါ်မကြား အော်မကြားတွေလဲ ပြောမသွားပါလားပေါ့ ... စဉ်းစားနေတုံးရှိသေး ...


" မေမေ ....." တဲ့ ။ အိပ်ရာထဲမှ မဂျူဂျူး ခပ်ကျယ်ကျယ် ခပ်ချွဲချွဲ အော်ခေါ်လိုက်သည့် အသံ ...


မီးဖိုချောင်ထဲအထိ အသံက ကြားရသည်။  ခါတိုင်းတော့ အဲဒီ အိပ်ပုပ်မ ဂျူဂျူကို မအေက ကျောင်းသွားခါနီးမှ အတင်းနှိုးရသည်။ နှိုးတာတောင် ပေကပ် အိပ်ချင်နေသေးတာ။ ဟော ဒီနေ့တော့ ထူးထူးခြားခြား ဂျူဂျူတို့ အစောကြီးနိုးနေပါလား။ မနက်တိုင်း မဂျူဂျူတို့ နိုးလျှင် သူ့ဟာသူဘယ်တော့မှ အိပ်ရာကမထ။ အမေကို ချွဲကာပတ်ကာ ဖတ်ကာဖြင့် မျိုးစုံဂျီကျပြီးမှ ထလေ့ရှိသည်။

"ငါ့သမီးလေး ဒီနေ့ အစောကြီး နိုးနေပါလား ဘယ်လိုဖြစ်တုံး ... " ဆို ထုံးစံအတိုင်း သားအမိ၂ယောက် ဖက်ကာ နမ်းကာဖြင့် ကြည်ဆယ် ကလူနေကြသည်။ ခဏနေတော့ ဂျူဂျူက စိတ်ဆိုးဆိုးနှင့် ပြောသည်။


" မေမေ .. သိလား ..  ဖေဖေက အစောကြီး နှိုးလို့ ဂျူဂျူ နိုးသွားတာ ... ဂျူဂျူက ဆက်အိပ်ချင်သေးတာကို " တဲ့ ။

ဟင် ... ဘာလို့ သမီးကို နှိုးပါလိမ့်ပေါ့။ စဉ်းစားနေတုံး ရှိသေး။ မဂျူဂျူ ဆက်ရှင်းပြမှ ငိုအားထက် ရယ်အားသန် ဖြစ်ရပါတော့သည်။

" ဖေဖေက တံခါးကို ခေါက်တယ်။ မေမေ့ကို အကျယ်ကြီးခေါ်တယ်။ အဲ့မှာ ဂျူဂျူလဲ လန့်နိုးသွားတယ်။ ပြီးတော့ ဂျူဂျူတို့အခန်းက  ပြတင်းပေါက်ကိုလဲ ခေါက်တယ်။ ဂျူဂျူ့ကိုနှိုးတယ်။  at the same time ဂျူဂျူ့ ဘေးက တယ်လီဖုန်းကြီးကလဲ ထမြည်လာတယ်။ ဒါနဲ့ ဂျူဂျူလဲ ထပြီး ဖေဖေ့ကို တံခါးဖွင့်ပေးလိုက်ရတာပေါ့    ..."

ဂျူဂျူရဲ့ at the same time ဆိုတဲ့နေရာလဲ ရောက်ရော။ အန်တီဆွိတို့ ရယ်တာ ရယ်တာ အူတောင်နာတော့မည်။ သူတို့ သားအဖအဖြစ်ကို ကြည့်ပြီးတော့။ ခလေးပီပီ အိပ်ကောင်းခြင်းအိပ်နေတာ ... သူ့အဖေ နမော်နမဲ့နဲ့ သူ့အမေ နမူးနထိုင်းတို့ကြား ထပြီး တံခါးဖွင့်ပေးလိုက်ရတာ။ ဒီခလေး မနိုးပဲ ရှိမလား ။     ။

Monday, March 19, 2012

အလ္လာပ သလ္လာပ

အန်တီဆွိလဲ ပြောချင်တာတွေ ဟိုစပ်စပ် ဒီစပ်စပ် များနေလို့ အကုန်ပေါင်းပြီးရေးလိုက်တော့မယ်။

 ဂျူဂျူလေး ပညာရေး
ပထမဆုံး ဂျုဂျုလေးအကြောင်းပြောရဦးမယ်။ သူ့ကျောင်း ပညာရေးနဲ့ ပတ်သတ်လို့ပေါ့။ ကို WD တို့လို ခလေးအဖေတွေ အမေတွေ စိတ်ဝင်စားကြမယ်ထင်ပါတယ်။

သမီးကို ဒီဖက်ပြောင်းတော့ ပရက်ရှာ မပေးချင်တာရော၊ ရောက်ခါစ သူပျော်ပါစေဆို မနှစ်က တစ်နှစ်လုံး ဒီတိုင်းပဲ ထားခဲ့တာ။ ဒါတောင် ကူမွန်က ဒီမှာ ဆက်တက်တော့ အဲဒီအိမ်စာ တော်တော်များတယ်။ ကျောင်းက အိမ်စာက ၁၀မိနစ် ၁၅မိနစ်လောက်ပဲ လုပ်ရတာ။ သင်္ချာမှာတော့ ကူမွန်ကျေးဇူးနဲ့ ၂တန်းကျောနေတာ။ သမီးအတွက် သင်္ချာကတော့ စိတ်ပူစရာ မရှိဘူးပေါ့ ။ ဒါပေမဲ့ ကူမွန်အိမ်စာက ထပ်ခါထပ်ခါ repeat တွေများတော့ သမီးက ပျင်းလာတယ်။ သူ ကူမွန်မတက်ချင်တော့ဘူး ပြောနေတာကြာပြီ။ ဒါပေမဲ့ သူ့ကို သင်္ချာ အခြေခံလေးကောင်းသွားအောင်ဆို သည်းညည်းခံပြီး ဆက်ထားတာ။

ဒီနှစ် year 3 မှာ Naplan စာမေးပွဲကရှိတော့ နဲနဲတော့ ပြန်ကိုင်မှဆို သူ့ကို အင်္ဂလိပ်စာ မေးခွန်းဟောင်းတွေ ပြန်ဖြေခိုင်း၊ essay writing တို့ ပြန်လုပ်ခိုင်းတော့ အဲမှာ စတွေ့တော့တာပဲ။ သမီးဟာ အိမ်မှာလဲ မြန်မာလိုပဲပြော၊ ဒီက ကျောင်းတွေကလဲ grammar ကို သေချာ မသင်လို့လားမသိ၊ သမီးဟာ စာကို ကောင်းကောင်းမရေးတတ်ဘူးဖြစ်နေတယ်။ အရင် စင်္ကာပူမှာ အနည်းအကျဉ်းသင်ဖူးတဲ့ Tense တို့ ဘာတို့ တွေပါ မေ့ကုန်ပြီး အင်္ဂလိပ်စာမှာ တော်တော်အားနည်းနေတာ တွေ့ရတယ်။ ဒါနဲ့ ဘုန်းကြီးကျောင်းမှာတွေ့နေကျ မြန်မာ သူငယ်ချင်းအချို့နဲ့ တိုင်ပင်ပြီး သမီးကို ကျူရှင်အပ်ဖို့ လုပ်ရတော့တယ်။ ကူမွန်ကိုရပ်လိုက်ပြီး ဒီက နာမည်ရှိတဲ့ couching class တစ်ခုမှာ သွားအပ်လိုက်ရတယ်။ အိမ်မှာလဲ စင်္ကာပူက မေးခွန်းဟောင်းတွေ အထုပ်လိုက်ကြီးကို တစ်နေ့ တစ်စုံလုပ်ခိုင်း၊ grammar ကိုလဲ ပြန်သင်ပေးရတယ်။

အမှန်က သမီးကို pressure မပေးချင်ဘူး။ ဒီမှာ ပြောင်းနေတဲ့ရည်ရွယ်ချက်ကိုက ခလေးလဲ stress နည်းစေဖို့ ၊ အားလုံး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘ၀လေးရဖို့ ရည်ရွယ်ထားတာမဟုတ်လား။ ဒါပေမဲ့ ကိုယ်နေတဲ့ အရပ်က ကျောင်းကောင်းလို့ဆို ရွေးလိုက်တာမှာ အများစုတက်တဲ့သူတွေက အင်မတန် kia su တဲ့ ပြည်ကြီးတရုတ်၊ ကိုရီးယား၊ ဗီယက်နန်၊ စင်္ကာပူတရုတ် စတဲ့ အေရှန်းတွေပဲ ဖြစ်နေတော့ သူတို့တွေက ပညာရေးကို စလုံးတုံးကအတိုင်း အသည်းအသန် ခလေးတွေကိုဖိအားပေးလုပ်နေကြတော့ ကိုယ့်မှာ အခက်ကြုံရတယ်။ အန်ဆီဆွိစိတ်နဲ့သာဆိုရင်တော့ သမီးဥာဏ်ရည်နဲ့ အလည်အလတ်လောက် ကြိုးစားအားထုတ်မှုနဲ့ အချိန်တန် တက္ကသိုလ် တစ်ခုလောက် ၀င်နိုင်ရင်တော်ပြီလို့ မှန်းထားတာ။

 ဒီမှာလဲ Opportunity class တို့၊  selective school တို့လို အမှတ်ကောင်းမှ တက်နိုင်တဲ့ အတန်းတွေ၊ ကျောင်းတွေကို ခွဲထားတော့ အေရှန်းမိဘတွေက ခလေးတွေကို ပရက်ရှာတွေ ပေးနေကြတာ။ ကော့ကေးရှန်းတွေ အော်ဇီနေးတစ်ဖ်တွေကတော့ ခလေးတွေ အများကြီးမွေးကြတယ်။ ပြီးတော့ ကျောင်းမှာ တော်ရုံပဲ။ ခလေးတွေကို သိပ်လဲ ဂရုစိုက်မနေဘူး။ သူတို့အတွက်က အချိန်တန် ခလေးက သူ့လမ်းသူသွားမှာပဲ။ သူ့ဟာသူ လူတလုံးသူတလုံးတော့ ဖြစ်မှာပဲ ဆို ပရက်ရှာလဲ မပေးဘူး။ ကိုယ်တွေသာ အေရှန်းတောထဲမှာနေနေရတော့ ဒုက္ခရောက်တယ်။

ဒီမှာ ခလေးအမေတွေတွေ့ရင် အဲဒီ ခလေးကျောင်းအကြောင်း။ ဆရာမတွေအကြောင်း၊ ဘာသာရပ်တွေ၊ ကျူရှင်တွေ၊ တခြား အပြင်ပန်း class တွေကို အပြိုင်အဆိုင် ထားကြ၊ အဲဒီအကြောင်းတွေ ပြောကြနဲ့။ ကိုယ်က အဲဒီလိုဆို ပြုံးပြုံးလေးပဲလုပ်နေတယ်။ ဘာမှကို ၀င်မပြောဘူး။ ဒီလိုပရက်ရှာတွေ မလိုချင်လို့ ဒီဖက်ပြောင်းလာခါမှ ဒုက္ခလို့သာတွေးမိတယ်။ သူတို့ကတော့ ကိုယ့်ကို ပညာမတတ်၊ဘာမတတ် အူကြောင်ကြောင် ထင်ကြမလားတော့ မသိဘူး။

ပြီးခဲ့တဲ့ အပတ်ကတော့ ဂျူဂျူလေးလဲ တော်တော်ထရိန်းလိုက်တော့ အင်္ဂလိပ်က အခြေအနေ ပြန်ကောင်းလာပါပြီ။ အတန်းထဲမှာ သူတို့ရဲ့ performance ကိုကြည့်ပြီး ဘာသာရပ်အလိုက် gold card တို့ ဘာတို့လို ကတ်ပြားလေးတွေ တစ်လတစ်ခါ ပေးရာမှာ ဂျူဂျူလေးက writing အတွက် gold card လေးရလာလို့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျူရှင်ကလဲ အက်ဆေး အတွက် အဲလိုမျိုး ခပ်ဆန်ဆန် စာရွက်လေးရလာတယ်။ အမှန်က ကိုယ်ကသာ သမီးကို စိတ်ပူနေတာ။ သူကအရင်ထဲက ပြောဖူးပါတယ်။ သူအတန်းထဲမှာ essay ရေးရင် ဆရာမက good လို့ပြောတယ် ဘာညာပေါ့။ အတန်းထဲမှာတော့ သမီးက ကိုယ်ထင်ထားသလောက်တော့ ညံ့ပုံမပေါ်ပါဘူး။ ကိုယ်ကသာ အားမရတာ နေမှာ။

အမှန်က သမီးက ဥာဏ်လဲကောင်းပါတယ်။ စာတော့ လုပ်ရမှာ ပျင်းတယ်။ သမီးဟာ နဲနဲလေးလုပ်ပေးတာနဲ့ အချိန်တိုအတွင်းမှာ တိုးတက်လာတော့ အန်တီဆွိမှာ ၀မ်းသာရပါတယ်။ ကူမွန်ဖြုတ်လိုက်တာ သူလဲ အရမ်းဝမ်းသာတယ်။ ကျူရှင်အသစ်က အိမ်စာတွေကတော့ စဉ်းစားရတယ်၊ ပိုပြီး စိတ်ဝင်စားစရာလဲကောင်းတော့ သူလုပ်ရတာ အရမ်းပျော်ပါတယ်။ ဒီမှာလဲ IQ စစ်သလိုမျိုး General ability ဆိုတဲ့ ဘာသာရပ်တစ်ခုပါတယ်။ အထွေထွေ ဗဟုသုတနဲ့၊ IQ ကို ထရိန်းပေးတာပါ့။ အဲဒီဘာသာရပ်ကို သမီးက သိပ်စိတ်ဝင်စားတယ်။ သူ့အဖေကတော့ သူ့သမီးဖြေတာတွေ မှန်တယ်။ တော်တယ်ချည်းပြောနေတာပဲ။ အဲ့သားအဖ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေကြတာ။

ကျူရှင်က တနင်္ဂနွေနေ့ ၃ဘာသာပေါင်း ( English, Numeracy, General ability and Writing) ကို ၃နာရီသင်ပါတယ်။ သမီးကတော့ မပင်ပန်းဘူးပြောတာပဲ။ ကျူရှင်ခက စုစုပေါင်း ၃နာရီကို အော်ဇီ ၅၈ ကျပ် ပေးရတယ်။ တစ်ပတ်စာပေါ့။ အိမ်စာအပြင် အတန်းထဲမှာလဲ စာတော်တော်များများ လုပ်ရပါတယ်။  တက်တဲ့သူလဲ တော်တော်နည်းပါတယ်။ သမီးတို့ အတန်းမှာ ၄ယောက်ပဲ ရှိတယ်။ ဒီမှာတော့ သူများထက် ပိုချွန်ချင်မှ ကျူရှင်တက်ကြတယ် ထင်တာပဲ။ ဒီမှာဘယ်လောက်ပဲ စာလုပ်ရတယ်ပြောပြော စင်္ကာပူမှာနဲ့စာရင်တော့ သက်သာပါသေးတယ်။ နောက်သူတို့ စာမေးပွဲတွေကလဲ တစ်နှစ်ခြားမှ တစ်ခါသာ ဖြေရတာဆိုတော့ ကိုယ့်ခလေးကို Opportunity class တို့၊  selective school တို့ မှန်းမထားဘူးဆိုရင်တော့ သက်သာပါတယ်။  အန်တီဆွိအနေနဲ့ကတော့ သမီးကို ပုံမှန်သာလုပ်စေချင်ပေမဲ့ ကိုယ်က အာရှတောမှာနေနေရတော့ သူများနောက်ကောက်ကျမှာလဲ ကြောက်ရသေးတော့ နဲနဲတော့ လုပ်ရပါတယ်။ သမီးကို ပျင်းသွားမှာလဲ ကြောက်လို့ပါ။

တရုတ်စာနဲ့ ပတ်သတ်လို့လဲ ပြောချင်သေးတယ်။ ဟိုမှာနေတုံးက ကိုယ်လဲသေချာမသိတော့ ဒီရောက်ရင် တရုတ်စာဖြစ်ဖြစ် နိုင်ငံခြားဘာသာရပ်တစ်ခုကို မယူမနေ ယူရမယ်ထင်ထားတာ။ သမီးမနှစ်က တရုတ်စာယူတော့ ဆရာမက စလုံးမှာတုံးကလို serious မရှိဘူး သင်တာက။ အဲမှာ တရုတ်ခလေးအမေတွေ ကွန်ပလိမ့်မျိုးစုံတက်ကြတယ်။ ကျောင်းကသင်တာမကောင်းလို့ နောင်နှစ်ကျရင်တော့ စုပြီး တရုတ်ကျူရှင်တက်ကြဖို့တောင် ပြောနေကြတာ။ ဒီနှစ်နှစ်စလဲ ဖွင့်ရော သမီးက သူ့သူငယ်ချင်း တရုတ်မလေးတွေ တရုတ်စာခန်းထဲမှာ မတွေ့တော့ဘူးတဲ့။ ဖုန်းဆက်ပြီး အမေတွေမေးတော့ သူတို့လဲ အကျိုးမရှိတော့ ဆက်မထားတော့ဘူး ဖြုတ်လိုက်ပြီတဲ့။ ကဲ။ ဒါနဲ့ပဲ အန်တီဆွိလဲ နှမြောမြောနဲ့ တရုတ်တွေတောင် မယူတာဆို ဖြုတ်လိုက်တော့တယ်။ သမီးက တရုတ်စာကောင်းခဲ့တော့ တော်တော်တော့ နှမြောတယ်။ သင်ထားခဲ့ ကျက်ထားခဲ့ရတာတွေ။ ဒီတော့ အင်္ဂလိပ်မှာတော့ ပိုပြီး ဖိလုပ်နိုင်တာပေါ့။ အင်္ဂလိပ်ကတော့ ဒီမှာ အရမ်းအရေးကြီးတယ်လေ။
 ဒါကတော့ ဒီက လက်ရှိ ဂျုဂျုလေး ပညာရေး အခြေအနေပါ။ မေလမှာ Naplan လို့ခေါ်တဲ့ အစိုးရစစ် စာမေးပွဲဖြေရမယ်။  အဲဒီက ခလေး အခြေအနေ၊ ကျောင်းတွေရဲ့ အခြေအနေပဲကြည့်တာ။ အစိုးရစစ်ပေမဲ့ serious တော့ သိပ်မရှိလှဘူး။


 အော်ဇီက အိမ်ဈေးတွေ
အော်ဇီမှာ လွန်ခဲ့တဲ့ ၃-၄နှစ်လောက်က အိမ်ဈေးတွေက ၃သိန်းခွဲ ၄သိန်း ပတ်ဝန်းကျင်လောက်ပဲ။ ပုံမှန် မိသားစု အခြေခံလူတန်းစားနေတဲ့ အိပ်ခန်း၃ခန်း အိမ်လောက်ပေါ့။ ခုတော့ ကိုယ်တွေ နေတဲ့အရပ်မှာဆို အိမ်ဈေးတွေက ၂ဆလောက်ဖြစ်သွားင်္ပြီ။ အိမ်ဘေးကပ်ရပ်က  အိမ်ကိုရောင်းလိုက်တာ ၅သိန်း ၈သောင်းတဲ့ဗျာ။ ဒါတောင် အိမ်က အရမ်းဟောင်းနေပြီ။ ကိုယ်သာဆို ဒီလောက်ဟောင်းတဲ့အိမ် အဲဒီဈေးနဲ့ မ၀ယ်ဘူးလို့  ပြောနေတာ။ ဒီနားပတ်ဝန်းကျင်က မြို့နဲ့ အရမ်းမဝေးတဲ့ အပြင် ကျောင်းတွေကကောင်းလို့ဆို အေရှန်တွေက ဈေးကြီးပေးပြီး အိမ်တွေကို ၀ယ်ကြ၊ ငှါးကြဆိုတော့ ဈေးက မြောက်တက်သွားတာပေါ့။ တခြားမကြည့်နဲ့ ။ ကိုယ်တွေလဲ ဒီအိမ်ငှါးတုံးက အိမ်ကိုတောင်းတဲ့ ဈေးထက် တစ်ပတ်ကို ၃၀ပိုပေးပြီး ငှါးခဲ့ကြတာ။ မရလိုက်မှာ ကြောက်လို့လေ။ အိမ်တစ်အိမ်ဖွင့်ပြီဆို လာကြည့်တဲ့လူတွေက ၁၀ဦး ၁၅ဦးလောက်ရှိတယ်။ 

တကယ်တန်း ၀ယ်ဖြစ်မယ်ဆိုရင်တောင် ဒီဖက်မှာတော့ ၀ယ်နိုင်မယ်မထင်ဘူး။ ဈေးပိုသက်သာတဲ့ မြို့လည်ခေါင်နဲ့ဝေးတဲ့အရပ်မှာပဲ ၀ယ်ဖို့မှန်းထားတယ်။ အဲဒီမှာ အိမ်လေးတွေက လှလဲလှ၊ ခြံနဲ့အိမ်နဲ့မှ ဈေးလဲ ဒီလောက် မကြီးဘူး။ အရင် ဒီလာမယ်ဆို  ဗီဇာလျှောက်တဲ့ အချိန် (၂၀၀၇လောက်က)လောက်က တွက်ရေးက စက်သူထေးပေါ့။ အိမ်ကလဲ စလုံးဈေးနဲ့ အတူတူ။ ငွေလဲလှယ်နှုံးကလဲ တူတူဆိုတော့။ ဟိုကအိမ်ရောင်းပြီး ဒီမှာ ၀ယ်ရုံပေါ့ အဟက် အဟက် ဆို။ ခုတော့ အန်တီဆွိတို့လဲ တွက်ကြည့်မှ စက်မရှိဖြစ်နေရတာ။ ငွေလဲလှယ်နှုံးကလဲ 1.3 ဆိုတော့လေ .. အဟင့်။  ဒီမှာ mortgage အတိုးနှုံးကလဲ အရမ်းများတယ်။ ဟိုတလောက ကြည့်လိုက်တာ ၆.၈ % ဆိုတော့ ငွေချေးဝယ်မယ်ဆို အိမ်က မူရင်းတန်ဘိုးတက် ၂ဆခွဲလောက်တောင်ဖြစ်သွားတော့မယ်။ ဒီလာချင်တဲ့သူတွေ အဲဒီကိစ္စလေးတွေ ထည့်စဉ်းစားစေချင်တယ်။ 

အန်တီဆွိတို့နားက အိမ်ဈေး

 အဲလိုနေရာလေးတွေမှာက ပိုသက်သာတယ်။

အားလုံးတွက်ကြည့်ပြီးတဲ့နောက်မှာ ခုအိမ်လေးမှာငှါးနေတာက အိမ်ဝယ်နေတာထက်အစစ၊ အရာရာ သက်သာနေလို့ ဒီမှာပဲ နေဦးမယ်လို့ မှန်းထားတယ်။ အိမ်ကလဲ သိပ်မစုတ်ဘူး၊ ကျောင်းကလဲ ကောင်းတယ်၊ သမီးကလဲ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ နေသားကျနေပြီဆိုတော့လေ။ အိမ်ဈေးတွေ ကျသွားပြီ။ ဟိုကအိမ်ကလဲ PR ထပ်တိုးမရလို့ မရောင်းမဖြစ် ရောင်းရပြီဆိုရင်တော့ တစ်မျိုးပေါ့လေ။ 


စင်္ကာပူ PR ကိစ္စ
PR ထပ်တိုးမရဆိုလို့ စပ်ဆက်သွားလို့ ပြောရဦးမယ်။ အန်တီဆွိတို့ ဒီဖက်ပြောင်းမယ်ဆိုတော့ အဲဒီအချိန် စလုံးအစိုးရက PR တွေကို နိုင်ငံသားလျှောက်ဖို့ ဖိအားပေးတဲ့အချိန်။ ဦးခြိမ့်တောင် ပို့စ်တစ်ပုဒ်တင်ခဲ့သေးတယ်။ သူတို့ရည်မှန်းတာက အဓိက မလေးရှန်း လူမျိုးတွေ သူတို့နိုင်ငံမှာနေပြီး နိုင်ငံသားမခံပဲ PR အနေနဲ့နေနေကြတာကို ပြောလိုတာ။ သူတို့၂ နိုင်ငံချင်း နိုင်ငံရေးတွေလဲ ပါမှာပေါ့။ အဲဒီအချိန်ကတည်းက အန်တီဆွိတို့က စိတ်ပူတာ။ မတော်လို့ PR များ သက်တန်း ထပ်တိုးလို့ မရခဲ့ရင် ဘယ့်နှယ် လုပ်ကြပါ့မလဲပေါ့။ ကိုယ်တွေကလဲ ဒီပညာတွေပဲတတ်တာ။  ဒါနဲ့ပဲ လုပ်စားတတ်တာကိုး။ အဲလိုစိတ်ပူနေတဲ့ အချိန် အော်ဇီပီအာလေးရလာတော့ ၀မ်းသာတာပေါ့။ ဒါပေမဲ့ နောက်ပိုင်း ဒီမှာလဲ ဦးခြိမ့်က အလုပ်က ရှာမရနဲ့ ကျီးလန့်စာစား ဖြစ်နေရတဲ့ဘ၀။ နောက်မှ အလုပ်လေးမမျှော်လင့်ပဲ ရလာတော့ ၀မ်းသာသွားတာ။ ဒီဖက်က back up လေးရှိနေတော့ ဟိုက PR ထပ်တိုးလို့မရတော့ရင် ဆိုတဲ့ စိုးရိန်စိတ်တော့ လျော့သွားတာပေါ့။

ဒါနဲ့ ဟိုနေ့က စလုံးက ကိုယ့်ကိစ္စအ၀၀ ကူညီလိုက်လုပ်ပေးတဲ့ မောင်ဝမ်းကွဲလေး ဖုန်းဆက်လာတယ်။ သူတို့ PR သက်တန်းတိုးတာ ကြာနေပြီ။ ကျမလာဘူးဆိုပဲ။ ကိုယ်လဲ အရမ်းစိတ်ပူနေတာ။ အမှန်က သူတို့က ဒီဇင်ဘာထဲက သက်တန်းကုန်တာ မေ့နေလို့  ဇန်န၀ါရီလမှ သက်တန်းတိုးတာတဲ့။ အဲဒါ မကျ .. မကျနဲ့ အင်မီဂရေးရှင်းကို ၄ခါလောက်သွားတွေ့ မေးမြန်းပြီး နောက်ဆုံး ၃လနေမှ ကျလာတော့ သက်တန်း တစ်နှစ်ပဲ ရပါသတဲ့။ ကြားဖူးကြပါသလား PR ကို တစ်နှစ်ပဲ တိုးပေးတာ။ HDB မှာလဲ အိမ်ပိုင်နဲ့၊ လုပ်နေတဲ့ ကုမဏီကလည်း နာမည်ကြီး ကုမဏီအကြီးကြီးမှာ။ခလေးမရှိတာပဲ အားနည်းချက်ရှိတာ။ တစ်ခါတစ်ရံမှာ စလုံးအစိုးရရဲ့ လုပ်ပုံတွေက သိပ်ရယ်ရတယ်။ ပေးချင်တုံးကလဲ သူတို့ပဲ PR တွေ Citizen တွေချပေး။ လမ်းမှာ ခွေးဖြတ်သွား။ ခွေးတောင် အမြီးဖြတ်ပြီး PR ပေးတယ်ဆို ပြောကြသေးတာ။  ခုလဲ အဲဒီ PR သက်တန်းတိုးတဲ့ အခြေအနေက တစ်လနဲ့ တစ်လတောင် မတူဘူးလို့ပြောနေကြတယ်။ သူတို့ သတိမေ့နေတဲ့ ဒီဇင်ဘာလကသာ တင်လိုက်ရင် ပုံမှန် ၅နှစ်ရနိုင်ပေမဲ့ ဇန်န၀ါရီကျ ဘာပေါ်လစီ၊ ညာပေါ်လစီ၊ ဟိုလူကြီးက ဘာပြောတာ၊ ဒီဝန်ကြီးက ညာပြောတာ တွေပါ အကျိုးသက်ရောက်ပြီး ကံဆိုးမိုးမှောင်ကျ ပေါ်လစီချိန်းတာနဲ့ သွားကြုံတော့ အဲလိုတွေဖြစ်ကုန်တာတဲ့။ တစ်ခါတစ်လေကျ စလုံးအင်မီဂရေးရှင်းက လုပ်ပုံတွေက တော်တော်ကို စိတ်ပျက်စရာကောင်းပါတယ်။ ဘာမူ၊ ဘာသတ်မှတ်ချက်မှ တိတိကျကျမရှိပဲ စိတ်ထဲရှိသလို ထင်ရာစိုင်းနေသလိုပဲ။

နောက် EP တွေလဲ တော်တော်ရစ်နေကြတယ်ကြားတယ်။ သက်တန်းကုန်လို့ သက်တန်းတိုးရာမှာ reject ထိတဲ့သူတွေ တော်တော်ကြားနေရပါတယ်။ သွားမေးရင်တော့ အကြောင်းပြချက်ပေးပါသတဲ့။ အလုပ်မှာ လခက စလုပ်ကတည်းကမတိုးလို့၊ တိုးတက်မှုမရှိလို့၊ ရာထူးမတက်လို့၊ ဘာသင်တန်းမှ တက်ထားတာ မရှိလို့ အစရှိသဖြင့် မျိုးစုံရစ်နေပါသတဲ့။ အဲဒါကြောင့်ကိုယ့် အရည်အချင်းလေးတွေ ကိုယ်သွေးထားကြပါ။ အလုပ်မှာ အထောက်အကူပြုမဲ့ သင်တန်းလေးတွေတက်ထားကြပါ ပြောလိုပါတယ်။

ဒါတွေပြောနေတာက အန်တီဆွိက ဒီဖက်ရောက်တော့ ငါတော့လွတ်ပြီ ကျွတ်ပြီဆို လက်ခမောင်းထခတ် ပြီပြောနေတာ မဟုတ်ပါဘူး။ ဒီဖက်မှာလဲ ကိုယ်တွေက PR ပဲလေ။ အလုပ်တွေဘာတွေကလဲ အရမ်းအဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ ဟိုဖက်ကထက် အလုပ်အကိုင်တွေ လူနေမှုဘ၀တွေ ပိုပျော်စရာကောင်း သက်သက်သာသာနေရတာက လွဲလို့ အစစအရာရာ ဈေးကြီးတဲ့ သူများနိုင်ငံမှာ နေရတဲ့ ဘ၀က ကျီးလန့်စာစားဘ၀ပါပဲ။

ကားလေးနဲ့ အန်တီဆွိ
ကားလေးဝယ်ပြီးတဲ့ နောက်မှာ ဘ၀ကြီးကတော့ နေရတာ ပိုကောင်းလာတာပေါ့လေ။ သက်သာလာတာပေါ့နော်။ ဘယ့်နှယ့်ပြောပါလိမ့်။ စိတ်သွားတိုင်းကိုယ်ပါ သွားလိုရာ သွားနိုင်တဲ့ ဘ၀ရောက်ပြီဆိုတော့ ဘ၀က တော်တော် အဓိပါယ်ရှိလာပါတယ် ... ရလဲ့ ...။ သမီးကလဲ အရင်က ကျောင်းသွား ကျောင်းပြန် နေပူပူ၊ မိုးရွာရွာ၊ ဘယ်လောက်အေးအေး သားအမိ၂ယောက် ဒုက္ခခံ လမ်းလျှောက်ခဲ့ကြပေမဲ့ ခုတော့ ဒီနေ့တော့သမီးရေ ရာသီဥတုလေးကောင်းတယ် အမေ အပြန် လမ်းလျှောက်လာကြိုမယ်ဆိုရင်ကို မရတော့ဘူး။  မေမေ ကားနဲ့ပဲ လာကြိုပါ ဆို သက်တောင့်သက်သာသွားရတဲ့ ဘ၀ကို သဘောကျနေပြီ။ ငပျင်းမလေးဖြစ်နေပြီ။ အန်တီဆွိကလဲ သမီးအကြောင်းပြချက်နဲ့ လမ်းကို မလျှောက်တော့ဘူးဂျာ။ ဦးခြိမ့်ကတော့ သားအမိတွေ ပျော်နေတယ် အဆင်ပြေတယ်ဆိုရင်ကိုပဲ သဘောတွေကျနေတာပါပဲ။

ကားလေးက သေးတော့ အရင်ကလို ကားပါ့ကင် မခက်ဘူး။ မောင်းရတာလဲ ပေါ့ပေါ့ပါးပါးရှိတယ်။ ဒီကလမ်းတွေ ကျဉ်းတာနဲ့လဲ အကိုက်ပါပဲ။ မောင်းစရှိတော့ ကားမောင်းရမှာလဲ မကြောက်တော့ဘူး။ အန်တီဆွိကတော့ အဲဒီကားလေး ၀ယ်မိတာ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ ဘ၀ဆိုတာ တစ်ခါတစ်လေ နေရကျိုးနပ်အောင် စိတ်အလိုလေးလဲ လိုက်နိုင်မှ နေရတာ နေပျော်မှာ မှို့လား။ ငွေတွေရှာ မွန်းကျပ်နေပြီး ပျော်စရာ ထွက်ပေါက်မရှိရင်လဲ အလကားပဲလေ။ ဟုတ်တယ် မဟုတ်လား ပိတ်သတ်ကြီး ...။း)

Job ..  Job.. Job
 ကားလေးကရှိလာတော့ အန်တီဆွိလဲ အနီးအနား အလုပ်လေးဘာလေး ထွက်လုပ်မလား စိတ်ကူးမိတယ်။ cashier လို၊ စားပွဲထိုးလို၊ child care လို casual  job လေးတွေပေါ့။ ကြာတော့လဲ အိမ်ထဲမှာ တကုတ်ကုတ်နဲ့ ဘ၀ကို ပျင်းချင်သလို ဖြစ်လာတဲ့ အပြင်၊ ကိုယ်ပိုင် ၀င်ငွေလေးလဲ ရှာချင်သေးတာကိုး။ ဦးခြိမ့်နဲ့ တိုင်ပင်ကြည့်တော့ သူက မလုပ်စေချင်ဘူး။ ဒီမှာက မိသားစု life ကို ဦးစားပေးတော့ အလုပ်မလုပ်ရင်သာ အစိုးရက ထောက်ပံ့ကြေးပေးထားတာ။ ကိုယ်က မစို့ မပို့ part time လောက်လေး လုပ်မယ်ဆိုရင်တော့ဖြင့် ငွေရေး၊ ကြေးရေးအရ ထောက်ပံ့ကြေးကလဲ မရတော့မဲ့ အပြင် ခလေး child care တွေက အရမ်းဈေးကြီးတာရော၊ tax ပေးရမှာရော  အဲဒါတွေ အကုန်ပြန်တွက်ရင် သိပ်မကိုက်ပါဘူးတဲ့။ လုပ်တာနဲ့ မလုပ်တာ ငွေရေးကြေးရေးက မထူးပါဘူးတဲ့။ အိမ်က အလုပ်တွေ လစ်ဟင်းမယ်။ ၂ယောက်လုံး အလုပ်လုပ်တော့ pressure မိမယ်။ အိမ်မှာ မချက်နိုင်လို့ အပြင်မှာစားရင်လဲ ဒီမှာက အရမ်းဈေးကြီးတာကိုး။

ဒီမှာ ကိုယ်က အရင် အလုပ်အတွေ့အကြုံအတိုင်း လခကောင်းကောင်းနဲ့ professional full time လုပ်မယ်ဆိုရင်လည်း ဟိုမှာ အိမ်အကူရှိတာတောင် အန်တီဆွိ ညည်းလွန်းလို့ သည်းညည်းမခံနိုင်တာ ဒီမှာဆို ပိုဆိုးတော့မှာပေါ့ဆို ဦးခြိမ့်က မလုပ်စေချင်ပြန်ဘူး။ ကိုယ်ကတော့ အတွေ့ အကြုံတွေ တတ်ထားတာတွေကိုတော့ နှမြောမိတာ အမှန်ပဲ။ ကိုယ့်အလုပ်ကံလေး ပြန်စမ်းချင်လို့ အလုပ်ရရ မရရ၊ CV လေး ပြင်ပြီး အင်တာဗျူး အတွေ့ အကြုံလေးပဲရရ အလုပ်လျှောက်ကြည့်ချင်နေမိတယ်။ ကိုယ့်စိတ်ကြိုက်ပြောရရင်တော့ အရင် အလုပ်အတွှေ အကြုံအတိုင်း အိမ်မှာ CAD ဆော့ဝဲလ်လေးသုံး  ME ဒီဇိုင်းလေးလုပ်နိုင်တဲ့ အလုပ်မျိုးလေး လုပ်ချင်လိုက်တာ ။ အဟက် ပြောတတ်တယ်နော် ... အန်တီဆွိကး)

ဒီမှာ ခလေးတွေနဲ့ လင်မယား၂ယောက်လုံး အလုပ်လုပ်တဲ့ family တွေလဲ ရှိတာပဲ။ သူတို့ကိုတော့ အန်တီဆွိက အင်မတန်ကို ချီးကျူးပါတယ်။ ဥပမာ ဘလောဂါ ကိုအန်ဒီတို့ မိသားစုလိုပေါ့။ အိမ်မှာလဲ စလုံးမှာလို အကူခေါ်လို့မရဘူးလေ။ အဲသလိုဆိုလဲ ဖြစ်တော့ ဖြစ်သွားတာပါပဲ။  ဒါပေမဲ့ အပေါ်ကပြောသလိုပေါ့။ တစ်မိသားစုလုံး pressure မိမယ် ။ အိမ်မှုကိစ္စတွေ လစ်ဟင်းမယ်ပေါ့။ ဒါနဲ့ပဲ အန်တီဆွိတော့ ဈေးလေးပတ်လိုက်၊ သမီးကြိုလိုက်၊ ဘလော့လေးရေးလိုက် အွန်လိုင်းတက်လိုက်နဲ့ နေနေရတယ်။

Inspection နေ့
full time အိမ်ရှငိမဆိုတော့ အိမ်ကိုတော့ သန့်ရှင်းအောင်ထားပါတယ်ခင်ည။ အဲ အင်စပက်ရှင် လာရင်တော့ ဒီထက်ပိုကဲပြီး တစ်အိမ်လုံး ပစ္စည်းတွေ ရှုပ်မနေအောင်ပဲ ဘီရိုတွေထဲ ထည့်ပြီးရှင်းရပါတယ်။ အဲနေ့က အမှတ်တရ ရိုက်ထားတာပါ။






ဒီကအိမ်တွေက စလုံးက အိမ်တွေလောက်တော့ အထဲမှာမသစ်ဘူး။ ဒါတောင် ဒီအိမ်က renovation လုပ်ထားတာ မကြာသေးဘူး။ ဒီလို လုံးချင်းအိမ်မဟုတ် villa မှာတောင် ဒီဖက်မှာ ဒီလောက်အခြေအနေကို အော်ဇီ ဖွတ်ကလိဒင်္ဂါး ၆သိန်းလောက်နီးပါးဆိုတော့လဲ ဟင်းးးး.... ဆို သက်ပျင်းသာ ချမိပါတယ်။

















Sunday, March 18, 2012

ဗိုက်အောင့်တဲ့နေ့ ...


original picture  link

ဆွိဆွိတီလေး အပျိုဖော်ဝင်စ ၁၃-၄နှစ်က စသည်။ အမေတို့က ထိုအကြောင်း  ကြိုပြောထားပေမဲ့ 
အဲဒီထဲမှာ ဗိုက်အောင့်မယ်၊ ခါးကိုက်မယ်။ တစ်ခါတစ်ရံ အခြေအနေဆိုးရင် ပေါင်ရင်းတွေပါ တဆစ်ဆစ်ကိုက်မယ်ဆိုတာ မပါ။ မှတ်မှတ်ရရ ထိုဝေဒနာတွေ စ ခံစားရခါစက ဆွိဆွိတီလေးမှာ မြို့ထဲမှာ ကျူရှင်တွေ တက်နေသည်။ ၈တန်းအောင်ပြီးကထဲက အမေတို့က ၁၀တန်းအမှတ်ကောင်းအောင်ဆိုကာ ၁၈မိုင်လောက်ဝေးသည့် မြို့ထဲက နာမည်ကြီးကျူရှင်တွေ တက်ခိုင်းထားသည်။ အဲသည်တုံးက ကျူရှင်တက်ရင်း အဲသလို ကိုက်သည့်ခဲသည့် ဒါဏ်တွေ ခံခဲ့ရသည်။ ဒါကဖြစ်စမှို့ ။ နောက်ကြီးလာလို့ မှန်သွားရင် ပျောက်သွားမှာပါဆို ပြောကြသည်။ 

နောက်နဲနဲကြီးလာတော့ သူတို့ပြောသလို သက်သာပါသည်။ ဒါပေမဲ့ တစ်ခါတစ်ရံ လ္ဖက်လို၊ ဇီးဖြူသီးလို ခပ်ဖန်ဖန် ချုပ်စာတွေ စားမိလျှင်၊ အအေးခံမိလျှင်၊ ရေအေးနှင့် ခေါင်းလျှော်မိလျှင် ဆီးစပ်နေရာအထက်နားက မခံမရပ်နိုင်အောင် အောင့်မြဲ။ အဆောင်မှ သူငယ်ချင်းတွေက အားပေးပြန်သည်။ ယောက်ျားရလျှင် ဒီဝေဒနာတွေ ပျောက်သွားမှာတဲ့။

ဆွိဆွိတီလေး ယောက်ျားရပြန်ပြီ။ လစဉ် ကိုက်ခဲသည့် ဝေဒနာကတော့ ပျောက်မသွား။ ပိုဆိုး၍ပင်လာသည်။ အိမ်ထောင်သည် အစ်မတွေ၊ သူငယ်ချင်းတွေက အားပေးပြန်သည်။ ခလေး မွေးလိုက်လျှင် ပျောက်သွားမှာပါတဲ့။ အော် ဒီတစ်ခါတော့ မှန်လောက်ပါရဲ့ပေါ့။

သမီးလေးမွေးတော့ ခလေးက breech ဖြစ်နေ၍ ရိုးရိုးမမွေးပဲ ခွဲမွေးလိုက်ရသည်။ ခလေးမွေးပြီးတော့ လစဉ်ဝေဒနာတွေ ပျောက်တော့မှာလားပေါ့။ သို့ပေမဲ့ အချိန်တန်တော့ ဝေဒနာက ပေါ်လာမြဲ။  နင်က ခွဲမွေးတာကိုးတဲ့။ ရိုးရိုးအတိုင်းမွေးလျှင် ပျောက်သည်တဲ့။

နောက်တော့ နာလွန်းအားကြီး၍ ကေကေမှ ဆရာဝန်အိုဂျီတွေနှင့်ပြရာ အထဲမှာ အလုံးရှိသည်ဆိုသည်။ ထိုအလုံးက ထိုအချိန်မျိုးတွင် နာရန် အားပေးသည်ဆိုသည်။ သို့ပေမဲ့ အလုံးက သေးနေသေးရာ ခွဲထုတ်ဖို့မလို။ ၆လခန့်စီ ၂နှစ်အထိ စောင့်ကြည့်ပြီး ကြီးမလာရာ ခွဲရန်မလိုသေးဆို၍ ဆေးလေးသောက်ကာ လစဉ်ဝတ်ခံနေရပြန်သည်။ ဆေးတွေကလဲ လုံးဝအရှင်းမပျောက်။ အနည်းငယ်သက်သာရုံသာ သက်သာသည်။ တစ်ခါတစ်ရံ ဘယ်လိုမှကိုမနေ။

ထားပါတော့လေ။

ဆွိဆွိတီ တစ်ဖြစ်လဲ အန်တီဆွိသည် ထိုနေ့က မနက်ခင်း အိပ်ရာက ၈နာရီထသည်။ သမီးကျူရှင်ပို့စရာရှိတော့ မနက်စောစော ရေချိုးသန့်ရှင်းထားသည်။ ပြီးတော့ မနက်ထဲက ဗိုက်က အောင့်ချင်သလိုလိုဖြစ်ရာ အိမ်ကလူများကို ကြေငြာထားရသည်။ ထိုအချိန်တွင် ဗိုက်အောင့်ရုံမက စိတ်ကလဲ စိတ်တို၊ စိတ်ဆတ်တတ်ရာ ဗိုက်အောင့်နေတယ်နော် အိမ်ကလူတွေ ပါးပါးလျှားလျှား နေကြဟူ၍ ပြောထားရသည်။

သမီးအတွက် ပြင်ဆင် ဘရိတ်ဖက်စ်လုပ်ပေးပြီး သွားခါနီးမှ ကိုယ်တိုင် ဘရိတ်ဖတ်စ်စားရန်သတိရသည်။ လွယ်လွယ်ကူကူ နွားနို့နှင့် ဆီရီယယ်လေး ကမန်းကတမ်းသောက်ပြီး ဗိုက်အောင့်ပျောက်ဆေး ၂လုံး ရေနှင့်မျှောချလိုက်သည်။ ကားမောင်းသူဘေးကခုံမှ ၀င်ထိုင်ရင်း GPS မှ ဈေးနေရာတစ်ခုခု ငုံ့ရှာစဉ် လူက ဗိုက်ထဲမှာ ကားမူးသလို သရိုးသရီဖြစ်လာသည်။ အကျင့်က ကားသွားနေရင်း တစ်ခုခု ငုံ့လုပ်လျှင် ကားမူးတတ်သည်။ သမီးကျူရှင်ပို့ရင်းနှင့် အပြန် တစ်ခါတည်း ဈေးဝယ်ကြမည်မှန်းထားရာ ကျူရှင်ကပြန်တော့ လူက မရတော့။ ဗိုက်ထဲက အော်ဂလီဆန်ပြီး အန်ချင်လာသည်။ အောင့်နေကျနေရာကလည်း အောင့်လာရာ အိမ်ကိုသာ တစ်ခါထဲမောင်းပါ ပြောရသည်။

အိမ်ရောက်တော့ အိမ်ရှေ့က ဆိုဖာပေါ်အသာလှဲ၊ ဆိုဖာပေါ်တင်ထားသည့် စောင်အထူလေးခြုံကာ အံချင်စိတ် ပျောက်လိုပျောက်ညား သမီးအိုင်ပက်လေးဖြင့် ဂိမ်းကစားနေလိုက်သည်။ နောက်တော့ လူက အိပ်ချင်မူးတူးဖြစ်လာရာ ဦးခြိမ့်မှ ဗိုက်ပေါ်တင်ထားသည့် အိုင်ပက်ကို သိမ်းကာ နေ့လည်စာ ဘာချက်ပေးရမလဲ လာမေးနေသေးသည်။ ၀က်သားလေးသာ ထုတ်ချက်လိုက်ပါ။ တစ်အိမ်လုံးစားလို့ရအောင် အချိုလေးချက်လို့ ပြောပြီး လူက အိပ်ငိုက်လာသည်။ ဗိုက်ကလည်း နဲနဲပြန်အောင့်လာရာ အိပ်လိုက်တော့ကောင်းတာပေါ့။ ဝေဒနာတွေ သက်သာသွားတာပေါ့ဆိုတွေး မီးဖိုချောင်ဖက်မှ ဦးမောင်ခြိမ့်၏ ငရုပ်သီးထောင်းသံ၊ လှီးသံချွတ်သံ၊ ဓားသွေးသံ၊ ဟင်းအိုးမွှေသံတွေကို တစ်ချက်တစ်ချက်တော့ ကြားနေရသည်။ ပြီးတော့ အိပ်ပျော်သွားသည်။

မှေးကနဲအိပ်ပျော်သွားရာက နိုးလာတော့ နှာခေါင်းမှ ၀က်သားဟင်းနံ့က သင်းနေသည်။ ထို့ အပြင် ရနေကျ ၀က်သားဟင်းနံ့မဟုတ်။ သစ်ဂျပိုးခေါက်ခေါ် ဆင်နမင် (cinnamon) နံ့ ဖြစ်သည်။ ဦးခြိမ့်သည် ဆင်နမင်နံ့ကို မကြိုက်။ တစ်ခါသား ကြက်သားကုလားပဲဟင်းချက်သည်တွင် မွှေးအောင် အဆန်းထွင်၍ ဆင်နမင်များထည့်ချက်ရာ   ထိုနေ့က ထမင်းကောင်းကောင်း မစားချေ။ သူသည် ဤအနံ့ကို အလွန်ပင်မုန်းကြောင်း၊ နောက်ဟင်းချက်လျှင် ထည့်မချက်ဖို့ ခါးခါးသီးသီးပြောဖူးသည်။ ခုဘယ့်နှာကြောင့် ဒီဝက်သားအချိုချက်က ဆင်နမင်နံ့ သင်းနေရသနည်း။
ခဏနားနေပြီးမှ မီးဖိုချောင်ထဲ ၀င် ဟင်းမြည်းရင်း ...
" တော့ ကမောင်ခြိမ့်  ... တော့ဟင်းက ဆင်နမင်နံ့ နံလှချည်လား ... ဆင်နမင် မကြိုက်ဘူးလဲ ဆိုသေး ... ဆင်နမင်နံ့ကို တစ်အိမ်လုံး ထောင်းထောင်းထအောင် ချက်ထားတာ ...."

" အော် ... ကိုယ့် မိန်းမက ကြိုက်တယ်ဆိုတော့လဲ ချက်ရတာပေါ့။ အိမ်မှာ five spice ရှာတာ ဘယ်မှာမှ မတွေ့တော့ တွေ့တဲ့ အမှုန့်ထည့်လိုက်တာ ... ဆင်နမင်တွေဖြစ်နေတာ ... ဟားဟား  "

အန်တီဆွိတို့ သဘောပေါက်သွားပါပြီင်္။ အိမ်ထောင်သက် ၁၄နှစ်ရှိပြီ။ သူ့အကြောင်း ချက်ဆို နခွက်က မီးတောက်ပြီးသား။ အမှန်က ဆင်မနင်တွေကို five spice ထင်လို့ ထည့်လိုက်တာ ဖြစ်မည်။ မသိချင်ယောင်ဆောင်ကာ ...

" five spice တွေ မကောင်းတော့လို့ ကျုပ်အကုန် လွှင့်ပစ်လိုက်ပြီလေ။ တော်ကလည်း ၀က်သားကို ဆင်နမင်နဲ့ ချက်ရတယ်လို့ပဲ... ကျုပ်တော့ တော်ချက်မှပဲ ဆင်နမင်နဲ့ ၀က်သားအချိုချက် စားဖူးတော့မယ် ... ဟင်း ဟင်း  ... "

" အေးပါကွာ  ... ပြီးတော့ မုန်ညင်းရွက်တွေ လှီးထားသေးတယ်။ မုန်ညင်းရွက်ကို ခရုဆီနဲ့ ကြော်မယ် ... "

သူစီစဉ်သည့်ဟင်းကလည်း မုန်ညင်းရွက်ခရုဆီကြော်နှင့် ၀က်သားအချိုချက်တဲ့။ အချဉ်မပါတော့ ဟင်းက အီတော့မည်။ 

" အိမ်မှာ ခရုဆီ ကုန်နေတာကြာလှပြီ  ... ဟိုတစ်ခါ မှိုတက်ကတည်းက မ၀ယ်တော့တာလေ ..."

ပြောနေရင်း သူသမီးကျူရှင်ကြိုဖို့ထွက်သွားတော့ ကိုယ်လဲ အတော်သက်သာလာပြီမှို့ ၀က်သားဟင်းနှင့်လိုက်အောင် မနေ့ကမှ မြန်မာဆိုင်မှ ၀ယ်ထားသော ချဉ်ပေါင်၊ မျှစ် ချဉ်ဟင်းလေး ကမန်းကတမ်း ချက်လိုက်သည်။ ကန်ဇွန်းရွက်နှင့် မုန်ညင်းရွက်အနည်းငယ်ပါ ရောချက်လိုက်သည်။

ငရုပ်သီးထောင်းမည်လုပ်တော့ ရယ်ဒီမိတ် ငရုပ်သီးကြော်လေး မနေ့ကမှ ၀ယ်ထားတာ သတိရသည်နှင့် ပုလင်းလေးဖွင့်ကာ စားပွဲပေါ်တင်ထားလိုက်သည်။ ထိုနေ့က ထမင်းမှာ ငရုပ်သီးကြော်နှင့် ဆင်နမင်နံ့နိုင်းချင်း ၀က်သားအချိုချက်ကလည်း၊ အအီပြေ ချဉ်ပေါင်မျှစ်ဟင်းနှင့် လိုက်ဖက်လှပါသည်။ သမီးကလည်း ကျူရှင်မှ အပြန် ၀က်သားအချိုချက်  ဖေဖေချက်တာလား ကောင်းတယ် ဆိုကာ ဆာဆာနှင့် အတော် စားရှာသည်။

ထမင်းစားပြီးတော့ 

" 'ဒီမယ် ... ဒီနေ့ ကိုယ့်လက်ရာ ၀က်သားဟင်း ကောင်းရဲ့လား ... "

" ကောင်းပါ့တော် .. ဆင်နမင်နံ့က လွဲလို့ပေါ့ ... "

ဆိုကာ ဦးမောင်ခြိမ့်နှင့် ဒေါ်ဆွိတီမှာ ထမင်းလုံးစီရင်း အလ္လာပ၊ သလ္လာပ စကားလက်ဆုံ ကျနေကြပါတော့သည်။  ။

Thursday, March 15, 2012

ကျွန်မနဲ့ နားကပ်များ

 (အသစ်မတင်နိုင်သေးလို့ ဖိုရမ်မှာ တင်ဖူးတဲ့ အဟောင်းလေးပဲ တင်ပေးလိုက်ပါသည် ...)



ငယ်ငယ်က အကိုတွေရှင်ပြုတော့ အဘွားကမေးသည်။ နားသမှာ ပါရအောင် နားဖောက်ပါလားတဲ့။ ဒီတော့ ကိုယ်က အသားနာမှာကြောက်လို့ ငြင်းသည်။ အဖွားက ပြောပြန်သည်။ နားဖောက်ပြီးရင် စိန်နားကပ်ဝယ်ပေးမည်တဲ့။ စိန်ဆိုတာတောင် မမြင်ဘူးသည့် ၉နှစ်သမီးက စိန်နားကပ်ဆိုသည်နှင့် အသားအနာခံကာ နားဖောက်လေသည်။

အဘွားအိမ်ရှေ့က ဆရာဝန်မဆီမှာ ထုံဆေးလေးတို့ကာဖောက်သည်။ အပ်က ရွှေပန်းပွင့်ကလေးထိပ်မှာပါသည့် ရွှေအပ်ကလေးနှင့်။ ဖောက်ပြီးတော့ နောက်က အပိတ်တွေဘာတွေမပါ။ အပ်ကလေးကို နောက်က ကောက်ထားလိုက်သည်။ အဘွားပြောသည့် စိန်နားကပ်ဘယ်ဆီနေလည်းမသိ။ ရွှေနားကပ်လေးကိုပင် ကျေနပ်နေသည်။

ငယ်ငယ်က ဇာခြင်ထောင်တွေနှင့်အိပ်ရတော့ နားပေါက်နောက်က ကွေးထားတဲ့ အပ်ကလေးက ဇာခြင်ထောင်နှင့် ခဏခဏငြိသည်။ မကြာခဏ သွေးထွက်သံယိုဖြစ်ပေမဲ့ လှချင်လွန်းတော့ မဖြုတ်ပစ်မိ။ နောက်ဆုံး ငြိပါများ၍ ကွေးထားသည့် အပ်ကလေး ကျိုးမှသာ နားကပ်ဖြုတ်ရသည့်ဘ၀ ရောက်လေသည်။

နားကပ်မရှိတော့ နားပေါက်ဟောင်းလောင်းဘ၀နှင့် ဒီတိုင်းသာနေသည်။ အမေတို့ကလည်း နေနိုင်သည်။ သမီးလေးတစ်ယောက်တည်းရှိသည်ကို ၀ယ်မပေး။ နားပေါက်ကား နားကပ်မရှိ၍ ပိတ်ချေပြီ။ အပျိုအရွယ်လေးရောက်လာတော့ လှချင်လာသည်။ နားကပ်ပန်ချင်လွန်း၍ ကပ်နားကပ်ဟုခေါ်သော နားရွက်ကို ဖိညှစ်၍တပ်ရသော နားဆွဲများ၊ နားကပ်များ အသားအနာခံကာ တပ်ပြန်လေသည်။ ဗိုလ်ချုပ်ဈေး၊ စကော့ဈေး ရောက်တိုင်း ကြည့်လိုက်ရသည့် နားကပ်တွေ၊ နားဆွဲတွေ။ ချိတ်ထားသည့် စင်လေး ပတ်ချာလည်ကာ ခေါင်းမူးသည်အထိ ကြည့်သည်၊ ရွေးသည်။

တစ်ခါတွင် နားပေါက်ကို ကလိရင်းဖြင့် ပိတ်နေသော နားအပေါက် ပြန်ပွင့်လေသည်။ နားအပေါက်ပွင့်ပြန်တော့လဲ အမေတို့က နားကပ်ဝယ်မပေး။ အဖွားပြောသည့် စိန်နားကပ်လဲ ဘယ်ဆီနေသည်မသိချေ။ တက္ကသိုလ်ကျောင်းသူဘ၀တစ်လျောက်လုံး ဖန်စီ နားကပ်အတုများနှင့်သာ နှစ်ပါးသွားခဲ့ရလေသည်။ (ထိုအချိန်တုံးက အကိုနှစ်ယောက်လုံး နိုင်ငံခြားမှာ အလုပ်လုပ်နေသည်။ အမေ၀ယ်ပေးမည်ဆိုက ၀ယ်ပေးနိုင်ပါသည်။ အကိုတွေပို့သည့်ငွေတွေကို ရွှေလက်ကောက်အလုံးကြီးတွေသာ လုပ်ထားသည်။ လှချင်လွန်းသည့် သမီးဖြစ်သူ နားပေါက်ဟောင်းလောင်းကို နားကပ်မဆင်တာ အမေတို့ မေ့နေတာလား ... ခုထိမသိချေ ... )

ကျောင်းပြီး အလုပ်ဝင်ခါနီးတော့ တစ်ရက် အမေက နားကပ်လေးတစ်ရံလာပြသည်။ အပြာရောင်ကျောက်လေးနှင့်ရွှေကို ပန်းပွင့်ပုံလေးဖော်ထားသည်။ နီလာနားကပ်ဟုဆိုသည်။ အပေါင်ဆုံးလာသည့်ပစ္စည်း ၀တ်မလားတဲ့။ ဆရာမလေးဖြစ်တော့မှာဆိုတော့ ရွှေနားကပ်ကလေးနဲ့ အိနြေ္ဒလေးရချင်တော့ မငြင်း။ နားကပ်လေးကလဲ လှသည်လေ။ ပြီးတော့ ရွှေနားကပ်အစစ်လေးမှို့ ကြိုက်ပါသည်။

ဘ၀တွေ အလှည့်အပြောင်းနှင့် စင်ကာပူမြို့ကြီး ရောက်လာသည်။ ယောက်ျားရသည်။ ကျောင်းတက်သည်။ ရသည့်ယောက်ျားကတော့ သိတတ်ပါပေသည်။ အိမ်ထောင်ကျပြီး တစ်နှစ်ပင်မပြည့်သေး၊ ရှိစုမဲ့စုလေးဖြင့် မိန်းမကို စိန်နားကပ်ဆင်လေသည်။ အဘွားပြောသည့် နားကပ် ၀တ်ဘူးလေပြီတကား။

ကျောက်ပွဲစား သူငယ်ချင်းတစ်ယောက်ရှိသည်။ လက်ဝတ်ရတနာတွေ ရောင်းသည်။ ကျောင်းတုံးက အရမ်းခင်ပြီး ကိုယ့်အပေါ် ငွေရေးကြေးရေးကအစ ကူညီခဲ့သည့် သူငယ်ချင်း။ ကျေးဇူးရှိသည်မှို့ ရန်ကုန်ပြန်တိုင်း သူ့ပစ္စည်းလေးတွေ အားပေးရင်းဖြင့် ကိုယ့်မှာလည်း နားကပ်ကလေးတွေ အရောင်ပိုစုံလာသည်။ ယောက်ျားကလဲ နှစ်ပတ်လည် ဘာညာဆို အဖွားပြောသည့် နားကပ်လေးတွေ ၀ယ်ပေးသေးသည်။

ခုတလော စိတ်ရှုပ်လှသည်။ ရုံးမှာလဲ အလုပ်ရှုပ်၊ လူကလဲ မအားတော့ ပေါ့ပေါ့ပါးပါးနေချင်သည်။ ညအလုပ်ကပြန်ရောက် အိပ်ရာပေါ်လှဲပြီ၊ နားပြီဆို အဘွားပြောသည့် နားကပ်က နားနှင့်ခေါင်းအုံးကြားညပ်ကာ နာကျင်သည်ဟုထင်နေသည်။ ဒါကို သီးညည်းမခံနိုင် ဖြစ်ရသည်။ နားကပ်အပိတ်က ၀က်အူရစ်မှို့ ဖြုတ်ချင်ရင်လဲမလွယ်။ ပေါ့ပေါ့ပါးပါး ချွတ်အိပ်ပြန်တော့ မနက်ရုံးသွား ပြန်တပ် ကရိကထ များလှသည်။ နားပေါက်ဟောင်းလောင်းကြီးနဲ့တော့လဲ ရုံးကမသွားချင်သေး။

ဒီတော့ ဟိုနေ့က ဈေးပတ်ရင်းနဲ့ ပေါပေါပဲပဲ ၄-၅ ကျပ်တန် ချွတ်ရ တပ်ရလွယ်သည့် ဖန်စီ နားကပ်ကလေး ၃-၄ ရံ ၀ယ်ထားလိုက်သည်။ ၀က်အူရစ်လဲ မပါတော့ ချွတ်ရ တပ်ရလဲလွယ်သည်။ ခုတော့ ရုံးသွားလဲ အဲဒီ နားကပ်လေးတွေနှင့်၊ ဘယ်သွားသွား ဒါလေးတွေနှင့် ဟန်ကျနေပါသည်။

ခုချိန်မှာတော့ ရွှေတွေ၊ စိန်တွေ မကပ်ချင်ပါ။ ပေါ့ပေါ့ပါးပါးသာ နေချင်ပါသည်။       ။





Tuesday, March 13, 2012

ဥပေစ္ဆေတကကံ ... အပိုင်း (၂)

 ဥပေစ္ဆေတကကံ ... မှ အဆက်

ဆွိဆွိတီလေးမှာ ထိုနေ့ညက ဒေါ်လေးက အဖော်ခေါ်ထား၍ ထိုတိုက်ခန်းက ကိုဇော်တို့ မဆွေတို့ အိပ်သော ကုတင်ကြီးပေါ်တွင် ဒေါ်လေးရယ်၊ မောင်ဝမ်းကွဲလေးရယ်နှင့် အိပ်လိုက်ရပါသည်။ ကိုဇော်နှင့် မဆွေတို့မှာ ဥပေစ္ဆေတကကံ နှင့်သေဆုံးခဲ့ရပါသည်။  နှစ်ယောက်လုံးအတွက် အင်မတန်ပင် စိတ်မကောင်းဖြစ်ရပါသည်။ လူပြိန်းစကားပြောလျှင် အစိမ်းသေဟုပင် ပြောလို့ ရပါသည်။ သို့ပေမဲ့ သူတို့ အိမ်တွင်နေစဉ်ရော ညရေးညတာ အိပ်ရာပေါ်မှာရော ခြောက်ခြောက်ခြားခြား ဘာတစ်ခုမှ မဖြစ်ခဲ့ပါ။ နှစ်ယောက်လုံး စိတ်ကောင်းနှလုံးကောင်းသူများဖြစ်ရာ ကောင်းရာ မွန်ရာပဲ တစ်ခါထဲ ရောက်သွားကြသည်လား စဉ်းစားနေမိပါသည်။

နောက်မှ ဒေါ်လေးတို့ ပြောပြလို့ သိရသည်မှာ မဆွေတို့သည် ထိုအချိန်က အလွန်နာမည်ကြီးသော ရဟန္တာဟု သမုတ်ခံရသော စစ်ကိုင်းမြို့ ရွှေဟင်္သာဆရာတော်ဘုရားကြီးအား ကိုးကွယ်ရာ ဆရာတော်မှ သူတို့အား ဥပေစ္ဆေတက ကံဖြင့် ကွယ်လွန်ကိန်း မြင်သည်ဟု ဟောကြားခဲ့ဖူးသည်ဟူ၍ဖြစ်ပါသည်။

**************************************************************************

ထိုအဖြစ် အပျက်များ ဖြစ်ပွားခဲ့ပြီး နောက် အနှစ် ၂၀ခန့်အကြာ ...

စင်္ကာပူမြို့ ဧရာရာဂျာ (AYE) အမြန်လမ်းမကြီးပေါ်တွင် ကားလေးတစ်စီးသည် အရှိန်အဟုန်ဖြင့် ပြေးလျှက် ရှိသည်။ ကားပေါ်တွင် အယ်လ်စိုင်းဇီ၏ အလွမ်း သီချင်း ဆွေးဆွေး မြေ့မြေ့က လွင့်ပြန့်နေသည်။

အကြင်နာ ဇာတ်လမ်းလေး ...
 အလွမ်းပြောင်းရေးဖို့ ...
 သွေးနည်းနည်း အေးအောင် ... 
အချိန်ပေးပါဦးကွယ် ...


အချိန်ကား ည၈နာရီ ရှိပြီ။ ဆွိဆွိတီ တစ်ဖြစ်လဲ အန်တီဆွိသည် အလုပ်မှ ပြန်လာခြင်းဖြစ်ပါသည်။ ည ၈နာရီဆိုတော့ AYE ပေါ်မှာ ခါတိုင်းရုံးဆင်းချိန်လို ကားတွေ ကျပ်မနေ။  ထို့ကြောင့် ကားကို ပုံမှန်ထက် အရှိန်မြှင့်ကာမောင်းလိုက်သည်။ ကားမောင်းရင်း နေ့တိုင်းဖွင့်လွန်း၍ အလိုလိုအလွတ်ရနေသော သီချင်းကို ဆိုနေကျအတိုင်း လိုက်ညည်းနေသည်။ သီချင်းသာ လိုက်ညည်းနေသည်။ စိတ်သည်ကား သီချင်းမှာမရှိ။ ရုံးမှ အလုပ်များ ခေါင်းထဲပါလာသည်။ လက်ရှိဘ၀အကြောင်း တွေးနေမိသည်။

ခုတစ်လော အန်တီဆွိတစ်ယောက် နေရတာမပျော်ပါ။ ယောက်ျားလုပ်သူသည် ဘ၀ အဆင်ပြေရေးအတွက် တကျွန်းသို့ အလုပ်သွားရှာရာ ၆ လကြာပြီ။ အလုပ်မရသေး။ အဆင်မပြေလျှင် ပြန်လာရတော့မည်။ အန်တီဆွိကိုယ်တိုင်လည်း အလုပ်မှာ အခက်အခဲ အကျပ်အတည်းများ ရင်ဆိုင်နေရသည်။  ကိုယ်နှင့်အလုပ်တွဲလုပ်သူက ရုပ်တရက်ကြီး ဟောလီးဒေးဆိုကာ ခွင့် ၂ပတ်တိတိယူသွားသည်။ သူ၏မပြီးပြတ်သေးသော အလုပ်များအားလုံး ကိုယ့်အပေါ်လွှဲခဲ့သည့်အပြင် ကိုယ်တာဝန်ယူနေရသောအပိုင်းကလဲ ဆီးရီးယက်စ် ဖြစ်နေသည်။ နောက်သူသုံးသည့် ဆော့ဖ်ဝဲနှင့် ကိုယ်သုံးသည့် ဆော့ဖ်ဝဲကမတူ။ ကိုယ်ကျွမ်းကျင်သည့် ဆော့ဖ်ဝဲသုံးလျှင် နာရီဝက်ဖြင့်ပြီးနိုင်သောအလုပ်ကို သူ့ဆော့ဖ်ဝဲဖြင့်လုပ်တော့ တစ်နေကုန်လုပ်တာတောင် အဆင်မပြေ။ ကုမ္ပဏီကလည်း ထိုပရောဂျက်ကို နောက်ဆုံးဆော့ဖ်ဝဲဖြင့်သာ သုံးစေချင်သည်။ အန်တီဆွိတို့ အခက်တွေ့ပါပြီ။ ပုံမှန်အားဖြင့် အန်တီဆွိသည် ရုံးတွင် ဘယ်တော့မှ ညဉ့်နက်မိုးချုပ် လုပ်လေ့ မရှိပါ။ စနေ၊ တနင်္ဂနွေ ပြန်လာ လုပ်လေ့လည်းမရှိပါ။ ယခုတော့ ပရောဂျက်က အရမ်းအရေးကြီးသည့်အချိန် အတူတွဲလုပ်သူက ခွင့်ယူသွားရာ ပြသနာအားလုံး သူ့ခေါင်းပေါ် ပုံကျကုန်သည်။

ဒီကြားထဲ ညနေပြန်ခါနီး R&D မန်နေဂျာက (ကိုယ့်အထက်က မန်နေဂျာကို ကျော်၍) စားပွဲနားကပ်ကာ လာပြောသည်။ ဒီအပတ် စနေ (သို့) တနင်္ဂနွေ လာဆင်းနိုင်ပါမည်လားတဲ့။ သူပြောတော့ ပထမတော့ တော်တော်ကျွဲမြီးတိုသွားသည်။ အရင်ကလို ဆိုလျှင်ဖြင့် ယောက်ျား အားကိုးနှင့် ဒီအလုပ်ထွက်ရလဲ ဘာအရေးလဲဆိုကာ ဘုတောမိမည်။ ခုတော့ "ငါ ကတိတော့ မပေးဘူး။ လာနိုင်ဖို့ ကြိုးစားပါ့မယ်"ဟုသာ ပြောခဲ့သည်။ အန်တီဆွိသည် အလုပ်တွင် Productive ဖြစ်သည်ဟု နာမည်ကြီးရာ ၈နှစ်ကျော်လုပ်ခဲ့သော ဤကုမဏီတွင် သူအလုပ်တစ်ခုကို အချိန်ပိုတွေ လုပ်နေရပြီ ဆိုလျှင်ဖြင့် ကုမ္ပဏီက မတော်မတရား စေခိုင်းထားပြီဟု အမြဲတွက်တတ်ရာ ဒီတစ်ခါတော့ ရှိစေတော့ဟု စိတ်က တေးထားလိုက်သည်။

အိမ်ရောက်တော့လဲ စိတ်က အလုပ်ထဲမှာ။ အန်တီဆွိတို့သုံးသော ဆော့ဖ်ဝဲစစ်စတန်အရ အိမ်သို့လဲ အလုပ်သယ်လုပ်လို့မရပါ။ ဒီတော့ အလုပ်က ပြသနာကို ဘယ်လိုဖြေရှင်းရမည်လဲ စိတ်ကအမြဲတွေးနေသည်။ သို့နှင့် စနေနေ့ ရောက်လာတော့ မနက်အစောကြီး ၃နာရီလောက်နိုးနေသည်။ စိတ်က ဖြေရှင်း၍မရသော ပြသနာကို တစ်ချိန်လုံးစဉ်းစား အကြံထုတ်နေပြန်သည်။ နောက်ဆုံး အကြံတစ်ခုရလာသည်။  ဤတွင် စိတ်မြန်သော အန်တီဆွိသည် ချက်ချင်း ရေထချိုး ပြင်ဆင်ကာ ရုံးသို့ ပြေးလေတော့သည်။ အချိန်ကား မနက် ၆နာရီခွဲသာရှိသေး၍ AYE မှာ ကားကလဲ ရှင်းလှသည်။ ကားကို တဟုန်ထိုးမောင်းလေရာ ခါတိုင်း traffic ဖြစ်သောအချိန် နာရီဝက်၊ ၄၅ မိနစ်မောင်းရသောခရီးကို ၈မိနစ်နှင့် ရုံးရောက်လေသည်။ အမှန်ကတော့ အန္တရာယ် အလွန်များပါသည်။ အန်တီဆွိသည် ရုံးမှအလုပ် အဆင်မပြေတာရော၊ ဘ၀တွင် အဆင်မပြေတာပါရော၍ အရွဲ့တိုက်ကာ ဖြစ်ချင်ရာဖြစ် စွတ်မောင်းခြင်းဖြစ်ရာ ကံကောင်းထောက်မ၍ အသက်ဘေး မရောက်ခဲ့ပါ။ ( ဦးခြိမ့်ဟောခဲ့သော ဥပေစ္ဆေတကကံနှင့် သေကိန်းမပါခဲ့ဆိုသည်မှာ မှန်ချင် မှန်နိုင်ပါသည်။)

ရုံးရောက်တော့ တစ်ရုံးလုံး ကိုယ်တစ်ယောက်တည်း။ မနက် ၁၁နာရီလောက်ကျမှ EE ဖက်မှ တစ်ယောက်ရောက်လာသည်။ မနက်က စဉ်းစားမိသည့်  အကြံအတိုင်း လုပ်ကြည့်ရာ အနည်းငယ် အဆင်ပြေလာ၍ ၀မ်းသာရသည်။ အလုပ်လုပ်နေစဉ် ဖုံးဝင်လာသည်။ ကိုင်လိုက်တော့ ကျသွားသည်။ ဤသို့ ၃ကြိမ်ခန့်ဖြစ်နေရာ အလုပ်ရှုပ်နေ၍ ဖုံးနံပတ်လဲ မကြည့်အား။ နောက်မှ မသင်္ကာ၍ ခေါ်သူကို ကြည့်လိုက်မှ အမေတို့ဆီမှ ဖုံးဖြစ်နေသည်။ ရန်ကုန်မှ အမေတို့ ဖုံးဆက်လိုသော် ဤသို့ ခေါ်နေကျဖြစ်သည်။ 

အမေ့ကို ပြန်ခေါ်တော့မှ စိတ်မကောင်းစရာ သတင်းကိုကြားလိုက်ရသည်။ စိတ်ထဲမှာ မိုးကြိုးပဲ ပစ်ချလိုက်သလို။ ရင်ထဲမှာ ၀မ်းနည်းလိုက်တာ။ ဒေါ်လေးတစ်ယောက် ဆိုင်ကယ်တိုက်ခံရလို့ ဆုံးရှာပြီတဲ့။ စိတ်ထဲမှာတော့ ၀မ်းနည်းခြင်း၊ နှမြောခြင်း၊ ယူကြုံး မရခြင်း အားလုံးပြည့်နေသည်။

ညနေရုံးကပြန်တော့ စိတ်မကောင်းစရာ၊ လူ့ဘ၀၊ လူ့လောက၊ အလုပ်က အဆင်မပြေမှု၊ ဘ၀ အဆင်မပြေမှုတွေ ရောထွေးကာ အန်တီဆွိတစ်ယောက် ဖွင့်ထားတော့ အယ်လ်စိုင်းဇီသီချင်းလဲ မညည်းနိုင်တော့ပါ။ လောကကြီးအား စက်ဆုတ်ကာ အတွေးတွေကလဲ ဟိုရောက် ဒီရောက်၊ ရောက်ယက်ခတ် ကားကိုသာ စွတ်မောင်းရင်း၊ ငိုချင်စိတ်ကို မြိုချကာ ကိုယ့် အပေါ် အမြဲ ကောင်းခဲ့တဲ့  ဒေါ်လေး၏ ဘ၀ အကြောင်း နောက်ကြောင်းပြန် စဉ်းစားနေမိတော့ပါသည်။

***************************************************************************

ဒေါ်လေးအကြောင်းပြောရလျှင် ဦးလေးအကြောင်းအရင်စ ပြောမှ ဖြစ်မည်။ အဖေ့ညီအငယ်ဆုံး ဦးလေးကို ဆွိဆွိတီတို့ မောင်နှမတွေ အားလုံးက "လေးလေး" ဟုခေါ်သည်။ လေးလေးသည် ငယ်ငယ်က မြင်းလှည်းမောင်းကာ အသက်မွေးသည်။ မြင်းလှည်းမောင်းကာ၊ မြင်းစာ ပြောင်းရိုးတွေ ရောင်းကာ အမေနှင့် အစ်မ အဖွားဖြစ်သူကို လုပ်ကျွေးသည်။ နောက်ပိုင်း အားကစားဖက်လိုက်သွားရာ  စစ်ကိုင်းတိုင်း၏ နာမည်ကြီး အပြေးချန်ပီယံ ဖြစ်လာသည်။ ဆွိဆွိတီတို့ ငယ်ငယ်က အောင်ဆန်းကွင်းတွင် လေးလေး အပြေးပြိုင်စဉ် သွားကြည့်ဖူးသည်။ လေးလေးက ပြိုင်ပွဲတိုင်း အမြဲ ပထမရသည်ကို မှတ်မိသည်။ လေးလေးက ထက်မြက်သူ၊ ခေါင်းဆောင်တတ်သူဖြစ်လေတော့ အားကစားသမားများကြား ထင်ပေါ်သည်။ နောက်ပိုင်းတွင် တိုင်းအားကစားမှူးအဖြစ် ရာထူးတိုးကာ နှစ်ပေါင်းများစွာ ဒိုင်းမရရှိခဲ့သော စစ်ကိုင်းတိုင်းသည် လေးလေး အားကစားမှူးဖြစ်သည့်နှစ်မှာ တိုင်းနှင့်ပြည်နယ်ဒိုင်းကို ရခဲ့ပါသည်။ မ၀ိပ္ပံတို့လို နာမည်ကျော်များသည် လေးလေးထရိန်းပေးခဲ့သော လေးလေး၏ တပည့်ရင်းများဖြစ်ပါသည်။

နောက်တော့ လေးလေးလဲ အားကစားသမားဘ၀မှ အနားယူကာ ကိုယ်ပိုင် သစ်စက်ထောင် စီးပွားရေး အကြီးအကျယ်လုပ်သည်။ လေးလေးသည် အားကစားသမားများကို ထရိန်းပေးခဲ့၍လားမသိ။ သစ်စက်တွင်လည်း အလုပ်သမားများနှင့်အလုပ်လုပ်ရာတွင် နှုတ်အလွန်ကြမ်းလေသည်။ သို့ပေမဲ့ စေတနာပါသည်ကို သိတော့ အလုပ်သမားများက ချစ်ကြောက်ရိုသေကြသည်။ သစ်စက်အလုပ်သည် လွှသွားများကြား သစ်လုံးအလေးအပင်များနှင့် အလုပ်လုပ်ကြရရာ အန္တရာယ်အလွန်များသည်ဖြစ်ရကား အလုပ်သမားများ မထိခိုက်စေရေးအတွက် ဂရုဏာဒေါသောနှင့် အော်ဟစ်ပြောဆိုနေခြင်းသာဖြစ်ကြောင်း သဘောပေါက်ကြသည်။

ထို့အပြင် လေးလေးသည် သူ့အိမ်ပတ်ဝန်းကျင် ရပ်ကွက်ထဲမှ ခလေးများ၊ ဆင်းရဲသူများကို သစ်စက်ထဲတွင် လွှစာကြုံး၊ သေတ္တာရိုက် အစရှိသဖြင့်အလုပ်ပေးထားသေးသည်။ လုပ်ခကိုလည်းမနှိမ်သည့်အပြင် သူများပေးသည်ထက် ပိုပေးသည်။ သူ့ အလုပ်သမားများအတွက်ဆို လက်ကလဲ ဖွာသည်။ ဟင်းချက် အမျိုးသမီးများငှါးကာ နေ့လည်စာ၊ ညစာ အိုးကြီး အိုးငယ် ချက်ကျွေးသေးသည်။  အပေါက်ဆိုးသလောက် စေတနာကောင်းသော လေးလေးပါ။ ထိုစဉ်က ဆွိဆွိတီတို့ ကျောင်း၃နှစ်ပိတ်၍ လေးလေး သစ်စက်ထဲ အလုပ်လုပ်ဖူးရာ သူ့ဦးလေးနှင့် သူ့သစ္စာတော်ခံ အလုပ်သမားဦးလေးကြီးတွေ ခါးကုန်း၊ လက်နောက်ပြန်ပစ်ကာ ဟုတ်ကဲ့ အကိုကြီးဆိုကာ  စကားပြောဆိုနေသည်ကို ကြားတိုင်း ရုပ်ရှင်ဇာတ်ကားတစ်ကားကြည့်နေရသလို၊  ဂေါ့ဖားသားကားမှ မာလွန်ဘရန်ဒိုကြီးသာ ပြေးမြင်မိပါသည်။ (သစ်စက်လုပ်ငန်းသည် ထင်သည်ထက် ပို၍ ရှုပ်ထွေးကာ လူကြမ်း၊ လူဆိုး၊ သစ္စာစောင့်အလုပ်သမား၊ ပုလိပ်၊ တောခေါင်း၊ ထောက်လှမ်းရေး တို့ပါ ပါဝင်ပတ်သတ်ပါသည်။)

ဒေါ်လေးနှင့်အိမ်ထောင်ကျတော့ ဒေါ်လေးက အစိုးရ၀န်ထမ်း။ ဒေါ်လေးသည်ကား ဦးလေးနှင့် ဆန့်ကျင်ဖက်။ အင်မတန် နှုတ်ချိုသည်။ လူချစ်လူခင်များသည်။ အလုပ်သမားများနှင့် ဟေလားဝါးလား နေသည်။ ပျော်တတ်သည်။ နေတာထိုင်တာ ရိုးကုတ်သည်။ သစ်စက်ပိုင်ရှင်ဟု မထင်ရ။ အလွန်လည်း အားနာတတ်သည်။ လက်ဖွာသောလေးလေးနှင့် ဆန့်ကျင်ဖက် အလွန်နှမြောတတ်သည်။ ဆွိဆွိတီလေး အလုပ်လုပ်နေစဉ် ကာလတစ်လျှောက်လုံး သူတို့အိမ်တွင် ၀မ်းကွဲလေးတွေနှင့် အတူနေရာ ဆွိဆွိတီလေးကို သူ့သားသမီးတွေနှင့် တန်းတူ သဘောထားပါသည်။ ခေါ်ပုံကလဲ ငါ့သမီး၊ ငါ့သမီးဟု ပါးစပ်ဖျားမှမချ။ ဆိုင်ကယ်စီးသင်ပေးသည်။ အပျို အရွယ်လေး ၀တ်ချင်စားချင်မှာပဲ ဆိုကာ အ၀တ်အစားလည်းဆင်သေးသည်။ တူဝရီး၂ယောက်လုံး လေးလေးကို ကြောက်ရသည်ဖြစ်ရာ လေးလေးနှင့်ယှဉ်သော် စပ်မှတော်ရသော အဒေါ်က ပိုရင်းနေသလိုပင်။ တူဝရီး၂ယောက် တိုးတိုးဖော် တိုင်ပင်ဖက်လည်းဖြစ်သည်။

ဒေါ်လေးအကြောင်းပြောနေရင်းနှင့် ဦးလေးနှင့်ပတ်သတ်၍ သတိရသည်မှာ လေးလေးသည် လူကသာ အလုပ်သမား လူကြမ်းကြီးများနှင့် အတူတွဲကာ သူကိုယ်တိုင်လဲ လူကြမ်းစိတ်ကြမ်းဆိုသလို ဖြစ်နေပေမဲ့  တစ်ချို့နေရာများတွင် အလွန်ကြောက်တတ်သည်။ တစ်ခါသား လေးလေးဆိုင်ကယ်နောက်က လိုက်ဖူးသည်တွင် လေးလေးသည် ဆိုင်ကယ်ကို အမြန်မမောင်း နှေးနှေးသာမောင်းသည်။ မောင်းရင်းနှင့်လည်း ဆိုင်ကယ် မောင်းရာတွင် သတိထားဖို့၊ အတင့်မရဲဖို့ သတိပေးနေသည်။ လေးလေးသည် ဘယ်အလုပ်မဆို သတိဝီရီယနှင့် လုပ်သူ၊ ဘေးအန္တရာယ်ထိခိုက်မည်ကို အင်မတန် စိုးရိန်တတ်သူလည်း ဖြစ်ပါသည်။

နောက်ပြီး ဦးလေးသည် သူ့ဘ၀တွင် ၁၀တန်းပင်မအောင်ခဲ့ရာ သူ့တူ၊ သူ့တူမများကို ပညာတတ်ကြီးတွေ ဖြစ်စေချင်သည်။ ထိုစဉ်က ဆွိဆွိတီမှာ စက်မှုတက္ကသိုလ် ဒုတိယနှစ်ဖြစ်ရာ အလွန်ဂုဏ်ယူလေသည်။ တစ်ခါသားတွင် သူ့သစ်စက်မှ အင်ဂျင်တွေ ပတ္တားကြိုးတွေနှင့် စက်ရုံအသစ်ဆောက်ဖို့အလုပ်ရှုပ်နေသည်။ အနားမှာရှိသော အင်ဂျုင်နီယာကျောင်းသူ ဆွိဆွိတီလေးကို ပတ္တားကြိုး အရှည်၊ မော်တာ စက်ပတ်ရေ၊ စက်သီး စက်ပတ်ရေ (RPM)  အစရှိသည်တို့ တွက်ခိုင်းလေရာ  တတ်သမျှ၊ မှတ်သမျှ တွက်ပေးလိုက်ရာ လူလာတိုင်း ကျွန်တော့တူမ တွက်ပေးတဲ့ စက်ဆိုကာ ဂုဏ်ယူကာပြောတတ်သည်။ (ယခုအချိန်ထိ အလည်ရောက်တိုင်းလည်း  ညည်း တွက်ပေးသည့် စက်ဆိုကာပြောလေ့ရှိပါသည်။)

နောက်တစ်ခု မှတ်မိသည်မှာ ထိုအချိန်ကတည်းက ဦးလေးသည် အားကစားသမားဟောင်းပီပီ အားကစားလည်း လိုက်စားရာ  ဒေါ်လေးကို ခေါ်ကာ မနက်တိုင်း လမ်းလျှောက်ထွက်လေ့ရှိသည်။ အန်တီဆွိမှာ ဒေါ်လေးရယ်၊ ခလေး၂ယောက်ရယ်နှင့် အတူအိပ်ရာ "ကိုကေးရေ"  ... " မြင့်ရေ.."  နှင့် မနက်ခင်း လမ်းလျှောက်ခါနီး လင်မယား၂ယောက် ပြောဆိုနေသံများ၊ တစ်ယောက်ကို တစ်ယောက် နှိုးသံများက မနက်တိုင်းကြားနေကျ၊ ရင်းနှီးနေကျ အသံများ ဖြစ်ပါသည်။

နောက်ပိုင်း ဆွိဆွိတီလေး စင်္ကာပူရောက်တော့ ဒေါ်လေးမှ အရွယ်ရောက်လာပြီဖြစ်သော သူ့ခလေးတွေကို ရှုပ်ထွေးကြမ်းတမ်းလှသော ဒီသစ်စက်မှာပဲ၊ ဒီမြို့လေးမှာပဲ ဘ၀တစ်ခုလုံး မြှုတ်နှံကာ မနေစေလို။ တက္ကသိုလ်မှ ဘွဲ့အသီးသီးရပြီးသော ခလေး ၂ယောက်လုံးကို ဂျပန်ပို့ကာ ပညာသင် အလုပ်သွားလုပ်စေသည်။ ထိုအချိန် လေးလေးလဲ ကျန်းမာရေး သိပ်မကောင်းတော့ ဒေါ်လေးကို အစိုးရ အလုပ်မှထွက်ကာ သစ်စက်ကို ဦးဆောင်လုပ်စေသည်။ သစ်စက်အပြင် တည်းခိုခန်းလုပ်ငန်းကလည်း အတော်တိုးတက်နေပြီဖြစ်ရာ ထိုလုပ်ငန်းကိုလည်း ဦးဆောင်စေပြန်သည်။ ဒေါ်လေးဦးစီးပြီးနောက်ပိုင်းတွင် ဒေါ်လေး၏ ဆက်ဆံရေး အဆင်ပြေမှု ၊ လေးလေး၏ နောက်ပိုင်းမှ ပံ့ပိုးမှုများဖြင့် စီးပွားရေးသည် ယခင်အချိန်များနှင့်မတူ တမူထူးခြားကာ အလွန်တိုးတက်လာသည်ဆိုပါသည်။
*******************************************************************************

 အန်တီဆွိသည် ကားမောင်းရင်း ဒေါ်လေးတို့ လေးလေးတို့ အကြောင်း တောင်စဉ်ရေမရ တွေးမိတွေးရာ တွေးနေရာ  ကားပါ့ကင်မှာ ကားရပ်တော့မှ လက်ရှိ ပစ္စက အချိန်ပြန်ရောက်သည်ကို သတိရလာသည်။ အိမ်ရောက်တော့ လေးလေးကို ဖုံးခေါ်ရန် ကြိုးစားသည်။ သို့ပေမဲ့ မခေါ်ဖြစ်ခဲ့ပါ။ လေးလေးသည် ယခုအချိန်တွင် အရွယ်ရောက်နေပြီဖြစ်သော သားလေးရော သမီးလေးပါ နိုင်ငံရပ်ခြားရောက်နေ၍ တစ်ယောက်တည်း အားငယ်နေရော့မည်။ သို့ပေမဲ့ အန်တီဆွိ ဖုံးခေါ်လျှင် စိတ်ကို ထိန်းနိုင်မည်မဟုတ်ပါ။ ငိုချမိမည်သေချာသည်။ ကိုယ်ခေါ်၍ အားမပေးနိုင်သည့်အပြင် သူ့ဝေဒနာ ပိုဆိုးစေမည်ကို မလိုလားပါ။ အဖေတို့ထံ ဖုံးဆက် အကြိုးအကြောင်းထပ်မေးတော့ အဖေကတော့ သူ့ညီထံ  အရေးပေါ် ရထားလက်မှတ်ဝယ်ကာ သွားပါပြီတဲ့။

 
နောက်ဆုံး အဖေ့ထံမှ ဖြစ်ပုံပျက်ပုံ သတင်းစုံကြားရသည်တွင် ထိုနေ့က လေးလေးနှင့်ဒေါ်လေး ခါတိုင်းလိုပဲ လင်မယား ၂ယောက် စောစောထ လမ်းလျှောက်ကြသည်။ စစ်ကိုင်းတံတားနားရောက်တော့ တံတားပြင်နေသည်။ တံတားပေါ်က လမ်းလေးအောက်ခြေနားမှာ ကျောက်တုံး၊ ကျောက်ခဲတွေ လုပ်လက်စ ပြန့်ကျဲရှုပ်ပွနေသည်တဲ့။ ၂ယောက်အတူ လျှောက်စရာပင် လမ်းကမရှိတော့  လေးလေးက နောက်က၊ ဒေါ်လေးက ရှေ့ကလျှောက်သည်တဲ့။ အဲဒီ့အချိန်မှာ ဒေါ်လေးဟာ တံတားလမ်းလေးပေါ်ကနေ ကားလမ်းမပေါ် ခြေချော်အကျ၊ အရှိန်ပြင်းပြင်းမောင်းလာသည့် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်က ၀င်တိုက်ခဲ့သည်တဲ့။ ဒေါ်လေး အောက်ကို လဲအကျ လမ်းပေါ်မှ ကျောက်ခဲကြီးနဲ့ ခေါင်းနဲ့ အကျမှာ သွေးချင်းချင်းနီနေသတဲ့။ သူ့ရှေ့မှ အဖြစ်အပျက်တွေကို အစအဆုံး မြင်လိုက်ရသည့်လေးလေးဟာ နေရာမှာပင် ရူးမတတ်ပဲဖြစ်ခဲ့သည်တဲ့။ ဘယ်အရာမဆို မတော်တဆဖြစ်မှာတွေ ကြောက်လို့ အမြဲ ဂရုစိုက်ခဲ့တဲ့ လေးလေး၊ သူ့ရှေ့နားတင် ဒေါ်လေးတစ်ယောက်လုံး မရှူမလှဖြစ်နေတာကို ဘာမှမကယ်နိုင်၊ မကူနိုင်ခဲ့၊ မဟန့်တားနိုင်ခဲ့ပါပေ။ သွေးအိုင်ထဲလဲနေသည့် ဒေါ်လေးကို ပွေ့ပြီး " မြင့် .. မြင့်... သိပ်နာနေလား ..." လို့ မေးတော့ အမြဲ အားနာတတ်တဲ့  ဒေါ်လေးက မနာဘူးဆို ခေါင်းရမ်းပြပြီး ဇက်လေးကျိုးကျသွားသည်တဲ့။ အဖြစ်အပျက်ကို ကြားရတော့ ပို၍ပင်ရင်နာရပါသည်။ ဖြစ်မှဖြစ်ရလေ ဒေါ်လေးရယ် ....

 ဒေါ်လေး၏ရုပ်အလောင်းကို နောက်နေ့ ချက်ချင်းသဂြိုလ်ရာ ဘုန်းကြီးမှ တရားပေးတော့ လေးလေးတစ်ယောက် ငိုတာ ငိုတာ ထိမ်း၍ပင်မရပါတဲ့။ လေးလေး အရမ်းခံစားနေရသည် ကြားတော့ ဆွိဆွိတီတစ်ယောက် အားပေးရန် ဖုံးကို ကောက်နှိပ်သည်။ ဟိုဖက်က လာကိုင်သူက ခဏကိုင်ထားပါတဲ့။ နောက် လေးလေး အသံကြားရသည်။  " အေး ... ဆွိတီလား ..." .... လေးလေး၏ အသံဝါ၀ါကြီးကြားရတော့ ဆွိဆွိတီလဲ မနေနိုင်တော့။ " လေးလေး နေကောင်းလား.. " ဆိုသည်ကလွဲ၍ စကားလဲ ဆက်မပြောနိုင်တော့။ တရှုံ့ရှုံ့နှင့်သာ ငိုနေတော့သည်။ ဟိုဖက်က ကာရကံရှင် လေးလေးကပဲ တဖန် ပြန်အားပေးနေရတဲ့ အဖြစ်။ " အေးပါအေ ...  သူ့မှာ  ဥပေစ္ဆေတကကံက ပါလာတယ် ...  ဒီလောက်ပဲ နေရမယ် ... ကံက ဒီလောက်ပဲပါတယ် ဆိုတော့ ဘယ်တတ်နိုင်မှာလည်း  ... ... ... "

ဒေါ်လေးရဲ့ နောက်ဆုံးခရီးသည် အလွန်စည်ကားလှသည်တဲ့။  သတင်းကို ကြားသည်နှင့် သူနှင့် ကျေးဇူးရှိခဲ့ဖူးသော ရွာများမှ ရွာလုံးကျွတ်ပင်လာရောက်ကြပါသည်တဲ့။ သူဈေးဝယ်ဖူးသော ဈေးမှ ဈေးတွေပိတ်ကာ လာကြသည်တဲ့။ နောက်နေ့ပင် ချက်ချင်းချသော်လည်း ဒေါ်လေးရဲ့ အသုဘမှာ ကားအစီးရေများစွာဖြင့် မြို့လေးတစ်ခုလုံး ကျပ်ညပ်သွားပါသည်တဲ့။


နောက်တော့ ဂျပန်က ၀မ်းကွဲမောင်နှမလည်း ရရာ လေယာဉ်ဖြင့် ပြန်လာကြရာ အမေ့ရုပ်အလောင်းကို သူတို့ မမှီလိုက်ကြပါ။ အမေကို အလွန်ချစ်သော၊ အမေက အလွန်ချစ်သော သနားစရာ မောင်နှမပါ။

 မောင်နှမ ၂ယောက် စိတ်ထားလေးတွေ ကောင်းရှာသည်။ ဆိုင်ကယ်တိုက်သွားသည့် ကောင်လေးလဲ ထိခိုက်ဒါဏ်ရာရကာ ဆေးရုံရောက်နေတော့ ဟိုက၊ ဒီက မကျေနပ်လို့ တရားဆွဲမယ် ဘာမယ်၊ ရိုက်မယ်၊ နှက်မယ်နဲ့ ကြိမ်းမောင်းတဲ့ လူအုပ်ကို တရားချသည်။ " ချိုမေက သေသွားပြီပဲ...  ဘာမှလုပ်လို့ မရတော့ဘူး၊ ပြန်လဲမရှင်တော့ဘူး၊ သူလဲ တမင်ဝင်တိုက်တာမှ မဟုတ်တာ ... " ဆိုကာ သူ့အမေအတွက် ရတဲ့ အလှူငွေတွေနဲ့ ကောင်လေး ဆေးကုသစံရိတ်အတွက် ပြန်လှူလိုက်ကြသည်တဲ့...။

ဥပေစ္ဆေတကကံ နှင့် ရုပ်တရက် အသက်ဆုံးပါးခဲ့ရသော ဒေါ်လေးနှင့် အစ်ကိုဖြစ်သူ ကိုဇော်၊ မဆွေ တို့ အားလုံး ကောင်းရာ မွန်ရာ ရောက်ကြပါစေသော် ... ။          ။

ပြီးပါပြီ။


Thursday, March 8, 2012

ဥပေစ္ဆေတကကံ ...


ကိုမောင်ခြိမ့်သည် ဗေဒင်လက္ခဏာ အလွန်ဝါသနာပါရာ ဆွိဆွိတီ၏လက်ဖ၀ါးလေးကို ကိုင်ကြည့်ကာ လက္ခဏာဖတ်လေ့ရှိသည်။ ပြီးတော့ ဗေဒင်ဆရာလို ဟန်ပါပါဖြင့် " ကြည့်စမ်း ညည်းအသက်လမ်းကြောင်းကြီးက ရှည်လိုက်တာ ပြီးတော့ ဖြူးနေတာပဲ .... ဥပစ္ဆေတကကံ နဲ့တော့  သေမှာ မဟုတ်ဘူး" ဟု ပြောလေ့ရှိသည်။ ဆွိဆွိတီလေးမှာ "ဥပေစ္ဆေတကကံ" ဆိုသည်ကို နားမလည်၊ ဘာတုန်းလို့ မေးလျှင် ကားတိုက်တာတို့၊ လေယာဉ်ပျက်ကျတာတို့၊ သူများသတ်လို့ သေရတာတို့လို  ရုတ်တရက် အသေဆိုးဖြင့် မသေရာ ဟူ၍ ဖြစ်လေသတတ်။

***********************************************************************************

လွန်ခဲ့သောနှစ်ပေါင်း ၃၀ကျော်ခန့်ကဖြစ်သည်။

 ဆွိဆွိတီခေါ် ဘုတ်အီးမလေးသည် အစိမ်းပုပ်ရောင်စကပ် အကွက်ကျား၊ စကပ်နှင့်အဆင်တူ ကော်လံအကွက်ကျားလေးပါသည့် အစိမ်းဖျော့ရောင် ဖော့ရှမ်အကျီ လက်ဖောင်းလေးကို ၀တ်ကာ  အောက်ကိုငုံ့ကြည့်လိုက်၊ မှန်ကြည့်လိုက်နှင့် သူ့ကိုသူ ကြည့်မ၀ဖြစ်နေသည်။ ၀တ်စုံသည်ကား ထိုခေတ်အချိန်က နာမည်ကြီး  "ဘော်ဘီ" ဆိုသောကားထဲမှ ကုလားမင်းသမီးလေး ၀တ်သော ၀တ်စုံဖြစ်သည်။ ပြီးတော့ သူ့အမေ သိမ်ကြီးဈေးမှ ၀ယ်လာသော အစိမ်းရောင် ဒေါက်မြင့်ဖိနပ်ကို စီးကာ အိမ်ထဲတွင်ပင် တဒေါက်ဒေါက်နှင့် လမ်းလျှောက်နေပြန်သည်။ ဘေးမှကြည့်နေသာ အမေနှင့် ဒေါ်လေးတို့ကလဲ "ခလေးနှင့် အတော်ပါပဲ ဒီလောက်ဆို ... " ဟု ဆိုကာ  စကားစမြည်ပြောနေကြသည်။ 

အမေတို့ပြောစကားများအရ ဘုတ်အီးမလေးသည် ဒေါ်လေးနှင့်အတူ မင်္ဂလာဆောင်တစ်ခုသို့ လိုက်သွားရမည်။ ထိုအတွက် ၀တ်စုံကို အစမ်းဝတ်ကြည့်နေခြင်းဖြစ်သည်။ ပြီးတော့  မင်္ဂလာဆောင်ကလဲ သာမန်ညောင်ည မဟုတ်၊ ဘုတ်အီးမတို့လို ၀န်ထမ်းတန်းလျှားတွင်နေသော အသိုင်းအ၀ိုင်းနှင့် လုံးဝ မစပ်ဆက်သော အင်းယားကန်ဟိုတယ်တွင် ကျင်းပမည့် မျက်နှာကြီး အသိုင်းအ၀ိုင်းမှ မင်္ဂလာဆောင်ဖြစ်လေသည်။ 

 ဤနေရာတွင် ဒေါ်လေးအကြောင်း ပြောရဦးမည်။ ဒေါ်လေးဆိုသည်ကား ဦးလေးနှင့်စပ်မှ တော်ရသော (အဖေ့ညီအငယ်ဆုံး) ဦးလေးမိန်းမဖြစ်ပါသည်။ သူတို့သည် သူ့အကိုမင်္ဂလာဆောင်တက်ရန် တစ်နယ်တစ်ကျေးမှ လာကြခြင်းဖြစ်ပါသည်။ ရန်ကုန်တွင် တည်းခိုရန် ဆွေမျိုးဆို၍ ဆွိဆွိတီတို့အိမ်သာရှိရာ ရောက်တိုင်း ဒီမှာသာ တည်းကြသည်။ ဒေါ်လေးသည် ခလေးချစ်တတ်သူဖြစ်ရာ ဘုတ်အီ်းမလေးကို အလွန်ချစ်သည်။ တူမလေး၊ တူမလေး ပါးစပ်ဖျားမှမချ။ ဘယ်သွားသွား အဖော်ခေါ်သွားလေ့ရှိသည်။ ခုလည်း သူ့အစ်ကို မင်္ဂလာဆောင်ကို ခေါ်သွားဦးမည်တဲ့။

မင်္ဂလာဆောင်မည့် သတို့သား၊ ဒေါ်လေးအစ်ကို ဆိုသည်ကိုတော့ ဘုတ်အီးမ တစ်ခါမျှပင် မမြင်ဖူးပါ။ တရက်ကတော့ ဒေါ်လေးက သတို့သမီးအိမ် သွားကြမည်ဆိုကာ ဟိုက ကားလွှတ်ပေးလိုက်သည်။ ဟိုင်းလတ်စ်ကားလေးက လမ်းမကြီးမှသည် လမ်းသွယ်လေးတွေ၊ နောက် ခြံကျယ်၊ ၀န်းကျယ်တွေရှိသောနေရာသို့ ကွေ့ဝင်ကာ ဂိတ်တွေ အမျိုးမျိုးဖြတ်ကာသွားနေသည်။  ဂိတ်တစ်ခုရောက်တိုင်း ကားမောင်းသူက အလေးပြုလိုက်၊ ဂိတ်စောင့်က အလေးပြန်ပြုလိုက်နှင့် သတိထားမိသည်။

မကြာမီမှာပင် ၂ထပ်တိုက် အမြင့်ကြီးဆောက်ထားသော ခန်းနားလှပသော ခြံကျယ်ကြီးထဲသို့ ကွေ့ဝင်ကာ ကားပေါ်တီကိုအောက်တွင် ရပ်လိုက်သည်။ ဒေါ်လေးက သမီးလာဆိုကာ အိမ်ထဲဝင်ကြသည်။ အိမ်ထဲရောက်တော့ ဆိုဖာကြီးတွေ အကြီးကြီးတွေပေါ်မှာ အသက် ၅၀လောက်ရှိသည့် ရုပ်ရည် ခန့်ခန့်ချောချော ဘဘကြီးနှင့် အန်တီကြီးတို့ ထိုင်နေကြသည်။ အန်တီကြီးမှ " ဟော ရောက်လာကြပလား.." မေးကာ ဒေါ်လေးနှင့် စကားစမြည်ပြောနေကြသည်။ ဘဘကြီးသည် ထိုခေတ်အချိန်က အရှိန်သြဇာကြီးမားသော ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်ဟု နောက်ပိုင်းမှ သိရပါသည်။ ဒါပေမဲ့ သူတို့မှာ မာန်မာန အရိပ်အရောင်များကိုတော့ မတွေ့ရပါ။ ဆွိဆွိတီလေးကိုလည်း ပြုံးပြုံး ပြုံးပြုံးနှင့် သမီး နာမည်ဘယ်လိုခေါ်လဲ ဘယ်နှစ်တန်း ရောက်ပြီလဲဟု နှုတ်ဆက်ပါသည်။ ထိုစဉ်က ကျောင်းတွေ ပိတ်ထားချိန်ဖြစ်ရာ " ငါးတန်းဖြေထားတယ်။ နောက်နှစ်ဆို ခြောက်တန်းတက်ရမှာ" ဟု ပြန်ပြောလေရာ ဘဘကြီးက "အေး အဲဒါဆို နောက်နှစ်တော့ ခြောက်တန်းဆို ငါးခြောက်စော်နံတော့မှာပဲ ဟား..ဟား " ဟုပင် ရယ်စရာပြောလိုက်သေးသည်။

နောက်နေ့ မင်္ဂလာဆောင်ပွဲကလဲ အလွန်ပင်စည်ကားလှပါသည်။ သတို့သမီးကလဲ ကြွေရုပ်ကလေးလို ချောမောလှပပါသည်။ သတို့သားကလဲ အသားညိုညို၊ အရပ်မြင့်မြင့် ယောက်ျားပီသ ခန့်ညားကာ အနောက်တိုင်းဝတ်စုံကို စမတ်ကျကျ ၀တ်ထားရာ သတို့သမီးနှင့် လိုက်ဖက်ညီလှပါသည်။ (သတို့သားသည် စစ်ဗိုလ်တစ်ယောက်ဖြစ်သည်ဟု နောက်ပိုင်းတွင် သိရပါသည်။) တီးဝိုင်းမှလဲ နာမည်ကြီး အနုပညာသည် အဆိုတော်များမှ အခါတော်ပေးကြ၊ သီဆိုကြနှင့် အစားအသောက်များမှာလဲ ကိတ်မုန့်၊ ဆိတ်သားပတ်ဖ်၊ ရေခဲမုန့် အစရှိသည်တို့ကို လှလှပပ၊ ပြင်ဆင်ထားရာ ဒီလိုပွဲမျိုး တစ်ခါမျှမမြင်ဖူးသော ဘုတ်အီးမလေးမှာ မြင်သမျှ အထူးအဆန်းချည်းသာ ဖြစ်နေပါတော့သည်။ 

*************************************************************************

 နောက်ပိုင်း ဘုတ်အီးမတို့မိသားစုလည်း ၀န်ထမ်းအိမ်ရာမှ ပြောင်းကာ ရန်ကုန်မြို့စွန်တွင် အိမ်လေးတစ်လုံး၊ နှင်းဆီစိုက်ရန် ခြံလေး တစ်ခြံ ၀ယ်ကာ ပြောင်းနေကြသည်။ ဒေါ်လေးတို့  လင်မယားလဲ ရန်ကုန်ကို မကြာခဏလာလည်၊ဘုတ်အီးမလေးလဲ တော်တော်သိတတ်သည့်အရွယ် ရောက်ပါပြီ။ ဒေါ်လေးတို့လာတိုင်း သူ့အစ်ကိုနေသည့် ရန်ကင်းတိုက်ခန်းဖက် သွားသွားလည်ရာ ထုံးစံအတိုင်း ဘုတ်အီးမတို့က ကန့်လန့်ပါမြဲပင်။ ဒေါ်လေးကလဲ မိန်းခလေး အဖော်မရှိရာ ဒီတူမလုပ်သူကို အဖော်စပ်မြဲ။

ဒေါ်လေးနှင့်အတူ ရန်ကင်းက တိုက်ခန်းလေး သွားလည်တိုင်း ဒေါ်လေးအစ်ကိုကို တွေ့သည့်အခါများတွင် အိမ်ရှေ့က ခုံမှာ ထိုင်နေသာတာများသည်။ ဘယ်မှ ထသွားထလာလဲ မတွေ့ရ။ စစ်ဝတ်စုံလည်း ၀တ်သည်မတွေ့ရ။ အရပ်ဝတ်ဘောင်းဘီရှည်လေးနှင့် စာအုပ်ဖတ်ချင်ဖတ် အေးအေးအောအော ထိုင်နေသည်သာ များသည်။စကားပြောရာတွင်လည်း ခပ်အေးအေး၊ ညင်ညင်သာသာပေမဲ့ အသံဝါကြီးနှင့်ပြောတတ်သည်။ငယ်ငယ်က ဒေါ်လေးတို့ ပြောတာတွေနားမလည်သေး၍ နောက်ပိုင်းမှသိရသည်မှာ
 ဒေါ်လေးအစ်ကိုသည် တိုက်ပွဲတွင် မိုင်းထိကာ ခြေထောက် ၂ဖက်စလုံး ဖြတ်ထားရသူဖြစ်သည်။ မင်္ဂလာဆောင်စဉ်က ခြေထောက်အတုတပ်ထားခြင်းကြောင့် ဆွိဆွိတီလေးက မသိခြင်းဖြစ်သည်။

 ကြွေရုပ်လေးလိုချောမောသော ဗိုလ်ချုပ်တစ်ယောက်၏သမီးက အညတရ ခြေ၂ဖက်မရှိသည့် စစ်ဗိုလ်လေးကို လက်ထပ်သည့် မင်္ဂလာသတင်းသည် ထိုခေတ် ထိုအချိန်က အလွန်နာမည်ကြီးခဲ့ပါသည်။ အဆိုတော် မေဆွိပင် သူတို့ အကြောင်းစပ်ထားသော သီချင်းတစ်ပုဒ် ဆိုခဲ့ဖူးပါသည်။ ဆွိဆွိတီလေးက သူတို့ကို ကိုဇော်နှင့် မဆွေဟုခေါ်ပါသည်။ မဆွေသည်လည်း ဗိုလ်ချုပ်သမီးပေမင့် ရုပ်ရည်လေး ချောမောသလို မာန်မာနမရှိ၊ စိတ်ရင်းကောင်း၊ သဘောမနောကောင်းသူတစ်ဦးဖြစ်ပါသည်။ တစ်ခါတရံ ဆွိဆွိတီလေးကိုလည်း ညီမလေးအတွက်ဆိုကာ နိုင်ငံခြားဖြစ်မိတ်ကပ်ဗူးများ၊ မုန့်ဖိုးများလည်း ပေးတတ်ပါသေးသည်။
 
မဆွေမှာ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်မွေးထားပြီး အများအားဖြင့် နိုင်ငံခြားထွက် အလုပ်လုပ်နေတတ်သည်။ ယောက်ျားက ဒုက္ခိတမှို့ ဆွေကိုယ်တိုင် စီးပွားထွက်ရှာရမယ်ဆိုကာ ဂျပန်သို့သွားကာ အလုပ်လုပ်သည်ဆိုသည်။ အလွန်လည်း ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်ပါသည်။  နောက်ပိုင်း မဆွေလည်း သားသမီးလေးတွေ ကျောင်းတက်ချိန်ရောက်လာတော့ ယောက်ျားတစ်ယောက်တည်း စိတ်မချတာရော၊ ငွေကြေးလည်း အတန်ငယ်ပြည့်စုံလာလာတာရော၊ အိုးမကွာ အိမ်မကွာ ဒီမှာပဲ စီးပွားရှာမည်ဆိုကာ  ပြန်လာသည်။  ထိုအချိန်တွင် သူ့အဖေ ဘဘကြီးမှာ လယ်ယာနှင့်သစ်တော ၀န်ကြီးဖြစ်နေပါပြီ။

မဆွေပြန်လာတော့ ဂျပန်မှ အထပ်သားစက်၊ လျှာထိုးစက်များ သစ်အချောထည်စက် အစရှိသဖြင့် သစ်လုပ်ငန်းနှင့်ပတ်သတ်သော စက်အကောင်းစားတွေ ၀ယ်ချလာသည်။ နောက်တော့ မှော်ဘီ၊ ဖက်မှာထင်သည်၊ မြေကွက်ဝယ်ကာ သစ်သားအချောကိုင်စက်ရုံအကြီးကြီး ဆောက်သည်ကြားသည်။ စက်ရုံကို အလွယ်တကူကြည့်ရှုစီမံနိုင်အောင် စက်ရုံနှင့် မနီးမဝေးမှာလဲ  အိမ်လေးတစ်လုံးဆောက်ထားသေးသည်။

တစ်ရက်တော့ အမေကပြောသည်။  ဒေါ်လေးတို့ ရန်ကုန်ရောက်နေသည်တဲ့။ ဒေါ်လေးတင်မက ဒေါ်လေးအထက်က အစ်မ အမေသန်းလဲ ပါသည်တဲ့။ ပြီးတော့ အမေကဆက်ပြောသေးသည်။ ကိုဇော်နှင့် မဆွေတော့ မှော်ဘီမှာ ကားအက်ဆီးဒင့်ဖြစ်လို့ ၂ယောက်လုံး ဆုံးသွားပြီဟု။ ဆွိဆွိတီလေးမှာ ကိုယ့်နားကိုပင် ကိုယ်မယုံနိုင်၊ ဟုတ်မှဟုတ်ရဲ့လား။ အဖြစ်ဆိုးလိုက်တာ မဆွေနဲ့ ကိုဇော်တို့ရယ် ... ဖြစ်မှဖြစ်ရလေဆိုကာ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရသည်။ နောက်တော့ အမေနှင့် ဒေါ်လေးတို့တည်းရာ ရန်ကင်းက ကိုဇော်တို့အိမ်သွားကြသည်။ ခလေးတွေကိုတော့ အဘိုးတွေ အဘွားတွေ အိမ်ပို့လိုက်ပါပြီ။

ဒေါ်လေးနှင့်တွေ့တော့ အကျိုးအကြောင်း အစုံအလင် သိရပါသည်။ ထိုနေ့က စက်ရုံနားက အိမ်မှာ မဆွေတို့မိသားစု ခလေးတွေရော ခေါ်ကာ ညအိပ်ကြသည်။ မနက်စောစော ခလေးတွေ မနိုးသေးခင် လင်မယား၂ယောက် စက်ရုံဖက်ကို ကားလေးမောင်းကာ သွားကြည့်ကြသည်။  အပြန်မှာ အိမ်ရှိရာ လမ်းသို့ ကွေ့ရန် ဘယ်ဖက်မီးကို အချက်ပြသည်။ ဤတွင် နောက်မှာပါလာသော အဝေးပြေးကားကြီး တစ်စီးသည်၊ အချက်ပြနားလည်မှုလွဲကာ ကျော်ခိုင်းသည်ထင်၍ ကျော်အတက်၊ မဆွေကလည်း ကားကို ကွေ့အချမှာ ကားကို ခါးလည်ကဖြတ်တိုက်လိုက်ရာ ကိုဇော်ကတော့ ပွဲချင်းပြီး သေဆုံးခဲ့သည်။ မဆွေကတော့ ဆေးရုံရောက်မှ ဆုံးသွားသည်တဲ့။ မဆွေသည်ကား သေဆုံးချိန်ထိ ယောက်ျားဖြစ်သူကို စိတ်မချ ။ ကိုဇော် .. ကိုဇော် ... ဟု ခေါ်ကာ ဆေးရုံကားပေါ် ပါသွားသည်ဆိုပါသည်။

အဖြစ်မှာ ရင်နာစရာကောင်းလှပါသည်။ အဝေးပြေးလမ်းမပေါ်ဝယ် စာအုပ်များတွင်မရေးထားသော လမ်းစည်းကမ်း၊ ကားသမားအချင်းချင်း နားလည်မှုများရှိရာ ဘယ်မီးပြလျှင် ကျော်တက်ဟု အဓိပါယ်ရပါသည်။ ဤသည်ကို မသိခဲ့သော ဂျပန်မှ ပြန်ရောက်ကာစ  ကားမောင်းလည်းကြမ်းပြီး သူမှန်လျှင်လုံးဝ မလျှော့သည်ဟု နာမည်ကြီးသော၊ ဘယ်ကွေ့မည် အချက်ပြကာ ရဲရဲကွေ့ဝင်ခဲ့သော မဆွေမောင်းသည့်ကားကို ဖြတ်တိုက်မိခြင်းဖြစ်ပါသည်။ ဘာမဟုတ်သည့် မှားယွင်းမှုလေးဖြင့် ဇနီးမောင်နှံ ၂ယောက်လုံး ဆိုးဆိုးရွားရွား အသက်ဆုံးရှုံးခဲ့ရပါသည်။

ဆွိဆွိတီလေးမှာ ထိုနေ့ညက ဒေါ်လေးက အဖော်ခေါ်ထား၍ ထိုတိုက်ခန်းက ကိုဇော်တို့ မဆွေတို့ အိပ်သော ကုတင်ကြီးပေါ်တွင် ဒေါ်လေးရယ်၊ မောင်ဝမ်းကွဲလေးရယ်နှင့် အိပ်လိုက်ရပါသည်။ ကိုဇော်နှင့် မဆွေတို့မှာ ဥပေစ္ဆေတကကံ နှင့်သေခဲ့ရပါသည်။  နှစ်ယောက်လုံးအတွက် အင်မတန်ပင် စိတ်မကောင်းဖြစ်ရပါသည်။ လူပိန်းစကားပြောလျှင် အစိမ်းသေဟုပြောလို့ ရပါသည်။ သို့ပေမဲ့ သူတို့ အိမ်တွင်နေစဉ်ရော ညရေးညတာ အိပ်ရာပေါ်မှာရော ခြောက်ခြောက်ခြားခြား ဘာတစ်ခုမှ မဖြစ်ခဲ့ပါ။

ဆက်ပါဦးမည် ....






Tuesday, March 6, 2012

အနှုတ် ၈၅၀ နှင့် စခဲ့သော ...

သူများတွေ ပြောတာကြားဖူးသည်။ သူတို့ဘ၀သည် သုညမှ စသည် ... ဆိုတော့ ဦးခြိမ့်က အမြဲပြောသည်။ တို့ဘ၀က အနှုတ် ၈၅၀ နှင့် စခဲ့သည်တဲ့ .....  ............  ။
ဆရာမဆောင်ကို ပို့လာသော သူ၏ဓာတ်ပုံ

ဆွိဆွိတီ NUS မှာ ကျောင်းတက်ခွင့်ရသည်ဆိုတော့ ကိုမောင်ခြိမ့်က စင်္ကာပူမှာ အလုပ်လုပ်နေပြီ။ ဒါပေမဲ့ သူလုပ်ရတဲ့ အလုပ်က PCB တွေ ထုတ်တဲ့ စက်ရုံက စက်တွေကိုပြင်သည့် Operator သာသာ Engineering Assistant မျှသာဖြစ်သည်။ မူရင်းလစာ ၁၆၀၀ အပြင် အိုတီတွေ ဘာတွေတော့ရသည်။ ညဆိုင်းတွေဘာတွေ ဆင်းရသည်။ အမှန်တကယ်အားဖြင့် ကိုမောင်ခြိမ့်လို AIT မှ စကော်လာဖြင့် ရခဲ့သော (Industrial Engineering) မာစတာသမားတစ်ယောက်အတွက်ကတော့ အလုပ်သည် နိမ့်ကျလွန်းလှသည်။ AIT မှ မာစတာကို စင်္ကာပူမှ အသိအမှတ်မပြုဟုဆိုသည်။ သူ့အလုပ်ကလဲ ရှားသည်ဆိုသည်။ ထားပါတော့။ ကိုမောင်ခြိမ့်ကတော့ စင်္ကာပူကို ရရာနေရာကနေ စ၀င်သည့် သဘောဖြစ်ပါသည်။ နောက်ပိုင်း ဖြေးဖြေး အလုပ်ပြန်ရှာကာ EP လျှောက်မည် ရည်မှန်းထားသည်။
ဆွိဆွိတီမှလည်း ဤပုံလေး ပြန်ပို့ပေးသည်။

ဒီကြားထဲ ဆွိဆွိတီကလည်း တမှောင့်။ စင်္ကာပူလာကျောင်းတက်မည်ဆိုတော့ ပထမတော့ သူ့မောင်လေး စင်္ကာပူကုမဏီမှ သင်္ဘောသား တစ်ယောက်ရှိရာ ကိုယ်တိုင်လည်း part time ၀င်လုပ်၊ မလောက်ပါက မောင်လေးထံမှ  လစဉ် မလောက်သောငွေကို ချေးကာ ကျောင်းတက်မည် မှန်းကာ လျှောက်လိုက်ခြင်းဖြစ်သည်။ တကယ်တန်း တက်ခွင့်ရပြီဆိုသည့် အချိန်ကျတော့ ဘာမပြောညာမပြောနှင့် မောင်လုပ်သူက သင်္ဘောပေါ်က ဆင်းချလာသည်။ သူပြန်လာမည့်နေ့က ကိုယ်သွားမည့်လေယာဉ်နှင့် အဆင်းအတက်ပင်ဖြစ်နေသေးသည်။ သည်တော့ ကိုမောင်ခြိမ့်မှ မေးသည်။ ကျောင်းဘယ်လိုတက်မည်လဲ။ ဘယ်လို အစီအစဉ်ရှိလဲ။ ပတ်တိုင်းလုပ်မည်ဆိုတော့ ပတ်တိုင်းလောက်လုပ်ရုံနှင့် ငွေမလောက်နိုင်တဲ့။ နောက်ဆက်ပြောသည်။ သူ ကျောင်းစားရိတ် ထောက်ပံ့ပေးမည်။ သို့ပေမဲ့ သမီးရီးစားဘ၀နှင့်တော့မဟုတ်။ ၂ယောက်အတူနေရမည်။ လက်ထပ်ရမည် ဟူ၍ဖြစ်သတည်း။

ဆွိဆွိတီလည်း ပထမတော့ စဉ်စားသည် ... စဉ်းစားပါသည်။ သမီးရီးစားဆိုသော်ငြားလဲ ၂ခါလောက်သာ ဆုံတွေ့ဖူးသူကို လက်ထပ်နိုင်မည်လော။ သူ့ကို အမှန်တကယ်ချစ်သလော၊ စွန့်စားရဲသလော။ နောက်ဆုံးတွင် ရန်ကုန်မှ ကိုမောင်ခြိမ့်၏ သူငယ်ချင်း အရင်းခေါက်ခေါက် အစ်မတစ်ယောက်ရဲ့ ထောက်ခံချက်၊ တိုက်တွန်းစကားများနှင့် ဆွိဆွိတီလည်း စိတ်ပိုင်းဖြတ်လိုက်သည်။ ကိုယ်ကလည်း မစွန်းခင်းကရှိ၊ ကန်ဇွန်းခင်းက ငြိနေပြီကိုး။

နောက်တော့စလုံးထွက်ဖို့ကိစ္စတွေလိုက်လုပ်၊ လေယာဉ်လက်မှတ်ဝယ်ရန် လောလောဆယ်လိုသည့်ငွေရယ်၊ ဟိုမှာရောက်ရောက်ချင်း သုံးဖို့ဆိုကာ အမေက ဒဂုံမြို့သစ်မှာ ရထားသော သူ၏ရှိစုမဲ့စု အိမ်လေးကို ပေါင်ပေးလိုက်သည်။ အမေတို့ကတော့ ဆွိဆွိတီလေး လက်ထပ်မည့် ကိစ္စတွေ ဘာမှမသိ။ ဟိုရောက်ရင် ကျောင်းစားရိတ်ရအောင် part time ၀င်လုပ်မည် ဟုသာ ပြောခဲ့သည်။ 

စင်္ကာပူလေယာဉ်ကွင်းဆင်းသည့်နေ့က လေဆိပ်မှာ သူလာကြိုတော့ သူ၏ မျက်မှန်အောက်မှ မျက်လုံးအကြီးကြီးတွေ၊ မျက်ဝန်းညိုညိုကြီးတွေကြည့်ကာ စိတ်ထဲမှာ  တစ်မျိုးပဲခံစားရသည်။ တစိမ်းပဲဆန်နေသလိုလို။ ကြောက်ပဲ ကြောက်တာလား။ ရင်ပဲ ခုန်ရမှာလား။ ယခင်သမီးရီးစားတွေ့စဉ်ကလို ခံစားမှူမျိုးမဟုတ်။ ငါမနက်ဖြန် လက်ထပ်ရတော့မည့်သူပါလား ဟူသည့် ခံစားမှုမျိုး။ သူကလဲ အဲနေ့က လေဆိပ် အင်မီဂရေးရှင်းက ထွက်လာသည့် ဆွိဆွိတီကိုတွေ့တော့ အတော်စိတ်ပျက်သွားသည်ဆိုသည်။ ... ဒီလောက် မဲပိန်ခြောက်နေတဲ့ တောသမကို သူယူရတော့မှာပါလား...  ခုပဲနောက်ကြောင်းပြန် ထွက်ပြေးရင်ကောင်းမလားဆိုကာ တွေးမိကြောင်း နောက်ပြောင်ပြောပြပါသည်။ သူထင်ထားသည့်ပုံနှင့် တခြားစီဖြစ်နေသည်ဆိုပါသည်။
(ထိုသို့ပြောတိုင်း ဦးမောင်ခြိမ့်တစ်ယောက် ဗိုက်ခေါက်များ နာရသည်ကိုတော့ လူအများရှေ့မှို့ မပြောလိုတော့ပါး)

နောက်နေ့မှာ သူတို့နေသော အိမ်တွင် သူငယ်ချင်းများကို ကျွေးမွေး အသိအမှတ်ပြုကာ မင်္ဂလာကိစ္စ စီစဉ်ထားသည်ဆိုသည်။ ညနေဖက်ရောက်တော့ သူ့သူငယ်ချင်း အစ်မကြီးတွေ ချက်ဖို့ပြုတ်ဖို့ စီစဉ်နေရာ သံပုရာသီးလှီး၊ ကြက်သွန်လှီး ၀ိုင်းကူလုပ်ပေးရသေးသည်။ မနက်ဖြန် မင်္ဂလာဆောင်ဆိုတော့ အိမ်မှာ ကူလုပ်ပေးသူ သူငယ်ချင်းတွေနှင့် စီစီညံညံရှိလှသည်။ တစိမ်းတရံ အစ်မ၊ အစ်ကိုတွေကြား နေတတ်အောင် နေနေရသည်။ သတို့သမီးဟု သူ့ကိုယ်သူ ခံယူရမှာလား၊ ဇဝေဇ၀ါဖြစ်နေသော ဆွိဆွိတီကတော့ သူ့မင်္ဂလာပွဲရယ်လို့ပင် မထင်။ အမျိုးတွေအိမ်၊ သူငယ်ချင်းတွေ အိမ်မှာ အလှူရှိလို့ သွားကူပေးရုံလောက်သာ ထင်နေသည်။ ညနေစောင်းတော့ လက်စွပ်ဝယ်ရအောင်ဆိုကာ ဂျူရောင်းပွှိုင့်ဖက်ကို ကိုမောင်ခြိမ့်ရယ် အစ်မတစ်ယောက်နှင့် သွားကြသည်။ ဂျူရောင်းပွှိုင့်မှ ပျားပန်းခတ်မျှ ရှုပ်ထွေးနေသော ဘောင်းဘီတို၊ စကတ်များဖြင့် သွားလာနေသော လူအုပ်ကို မကြာခင်ကမှ လေဆိပ်မှ ဆင်းလာသည့် တောသူမတစ်ယောက်က တအံ့တသြငေးကြည့်နေလေသည်။ အော် နိုင်ငံရပ်ခြားမြို့ကြီးကို ရောက်ခဲ့ပြီ။ တစ်ခါတည်း အိမ်ထောင်လည်း ပြုရဦးမည်။

လက်စွပ်လေးတွေ၊ ခုတော့ မတော်တော့လို့ ချွတ်သိမ်းထားရသည်။
လက်ထပ်စာချုပ်မှာ သူငယ်ချင်းတွေ အကုန်စု လက်မှတ် ထိုးကြတယ်။ သတို့သားက သိပ်တော့ မပျော်ပါဘူး ...

နောက်နေ့တော့ သူ့သူငယ်ချင်း အယောက် ၃၀လောက်ကို ကြက်သားအာလူးဟင်း၊ ပလာတာတို့ဖြင့် ဧည့်ခံ ကျွေူးမွေးကာ ဓာတ်ပုံရိုက်ကြခြင်း၊ လက်ထပ်စာချုပ်မှာ အပျော် လက်မှတ်ထိုးကြခြင်း၊ လက်ထပ်လက်စွတ်လဲလှယ်ခြင်း အစရှိသည်တို့ကို ပြုကာ ဘာဂုဏ် ပကာသနမျှမပါ၊ ဘာအကြွားအ၀ါမှလဲ မပါပဲ အကြင်လင်မယားဘ၀ ရောက်ခဲ့ပါသည်။ နောက်ပိုင်း ၃-၄လလောက်နေမှ ROM တွင် လက်မှတ်ရေးထိုးကာ စာချုပ်စာတမ်း လင်မယား ဘ၀ရောက်ပါသည်။ ချစ်သူ၂ဦး ချစ်ကြ လက်ထပ်ကြရာတွင် စာချုပ်စာတမ်းထက် အချစ်၊ ကတိက၀တ်၊ သစ္စာစောင့်စည်းမှု တို့က ပိုအရေးကြီးသည်ဟု ခံယူထားသူ၂ဦး လက်ထပ်သော ပွဲဖြစ်ပါသည်။ ROM မှာ လက်ထပ်ပြီးတော့ အိမ်ကအမေတို့ကို အသိပေးကာ ကိုမောင်ခြိမ့် ရန်ကုန်ပြန် သူ့မိဘများနှင့် ဗမာ့ဓလေ့ထုံးစံ သွားရောက် တောင်းရမ်းပေးပါသည်။

ကိုမောင်ခြိမ့်တွင် သူငယ်ချင်းများစွာရှိရာ ထိုစဉ်က အတူနေသည်မှာ ကိုမောင်ရစ် (မိုးမခ)၊ နှင့် ကိုအေးကျော်ကျော် တို့ဖြစ်သည်။ ထိုစဉ်က သူတို့နှင့် same batch သူငယ်ချင်း လင်မယားအိမ်တွင် သူငယ်ချင်း၃ယောက် အတူငှါးနေကြခြင်းဖြစ်သည်။ နောက် တစ်အိမ်ထဲ မနေသော်လည်း သူတို့စားအိမ်၊ သောက်အိမ် သူငယ်ချင်းများ စုနေသော ဂျူရောင်းအိစ်မှာလည်း သူငယ်ချင်း ၄-၅ ယောက်ရှိသေးသည်။ ထိုထဲမှ သူ့အချစ်ဆုံး သူငယ်ချင်း (သူကတော့ ဂွတို ဟု ချစ်စနိုးခေါ်ပါသည် ) ထိုအကိုထံမှ မင်္ဂလာဆောင်ကိစ္စ၊ လက်ထပ်လက်စွပ် အစစအရာရာအတွက် ငွေလိုအပ်ရာ ငွေ ၈၅၀ ချေးထားသည်ဟု နောက်နေ့များတွင် သိရပါသည်။ ဆွိဆွိတီမှာလည်း ငွေအနည်းငယ်ပါရာ ယူပါလားဆိုတော့ ဆွိလေး ကျောင်းအပ်ဖို့ ငွေ တလုံးတခဲတည်းလိုတာ အဲ့ကျမှသုံးဟု ဆိုပါသည်။
ROM မှာ လက်ထပ်ကြတော့ ... ဟင်း ဟင်း သတို့သားကြီး လှချက်တော့နော် ...

ကိုမောင်ခြိမ့်၏ ချစ်သူငယ်ချင်းမှာလည်း ပြေလည်လွန်းလှ၍ ထိုငွေကို ချေးလိုက်သည်မဟုတ်။ သူငယ်ချင်းအချင်းချင်း ကူညီလို၍သာဖြစ်ရာ သူနောက်ပိုင်းငွေလိုလာတော့ ငပွအဆင်ပြေရဲ့လားဟုသာ တွင်တွင်မေးနေသည်။ (သူကလည်း ငပွဟု ချစ်စနိုးခေါ်ပါသည်။) သူငွေလိုကြောင်း တိုက်ရိုက်တော့ မမေး။ ကိုမောင်ခြိမ့်မှာလည်း သူငယ်ချင်းအိမ်တွင် မင်္ဂလာဆောင်ပြီး နောက်လတွင် (သူ့သူငယ်ချင်း၂ယောက်နှင့်အတူ) မိန်းမအသစ်ကလေး လက်ဆွဲ၍ အိမ်ပြောင်းရမည်ဖြစ်ရာ အိမ်စဘော်ကြေး၊ ပွဲစားကြေး၊ အိမ်လခများ ပေးစရာရှိသေး၍ အဆင်မပြေသေးကြောင်း ပြောရသည်။ နောက်ဆုံးတော့ ထိုငွေ ၈၅၀သည် နောက်အိမ်ပြောင်းပြီး ၂လလောက် ကြာမှ ဆပ်နိုင်ပါတော့သည်။

ဤသို့ဖြင့် အနှုတ် ၈၅၀ နှင့် စခဲ့သော ဘ၀၂ခု ပေါင်းဆုံခဲ့ပါသည်။   ။

အနှုတ် ၈၅၀ က ခုတော့ အတိုးတွေ ပွားနေပါပြီ။ ဂျူဂျူဆိုတဲ့ ချစ်သမီးလေးနဲ့။း)