Wednesday, November 28, 2012

အန်တီစု အကြောင်း documentary - The Choice

စောနလေးတင်ပဲ အော်ဇီ တီဗီချယ်နယ် SBS 3 ကနေ အန်တီစုအကြောင်း ရိုက်ထားတဲ့ documentary လေး ပြတာ ကြည့်လိုက်ရတယ်။ အန်တီစုရဲ့ ဘ၀ တစ်စိတ်တစ်ဒေသ၊ ကိုယ်မသိတဲ့ အကြောင်းအရာတွေ အများင်္ကြီးပါတယ်။ အန်တီစု သူ့သားနဲ့တွေ့တဲ့ အခန်းကတော့ အရင်က တီဗီတွေမှာ သတင်းအနေနဲ့ ကြည့်ဖူးခဲ့ပေမဲ့ ဒီတစ်ခါကြည့်ရတာ မျက်ရည်ဝဲမိတယ်။ အမေတစ်ယောက် အတွက် ကိုယ်ချင်းစာစိတ်၊ သားတစ်ယောက်အတွက် ကိုယ်ချင်းစာစိတ်တွေနဲ့ ၀မ်းသာ ၀မ်းနဲပေါ့။

BBC က ရိုက်ထားတဲ့ တစ်နာရီင်္စာ documentary ဖြစ်ပါတယ်။  " The Choice " တဲ့။


Friday, November 23, 2012

သမ္မတဦးသိန်းစိန်၏ ၁၉ နိုဝင်ဘာ တစ်နေ့တာနှင့် ကျွန်တော့်အမြင်

( ကိုမောင်ခြိမ့် မြန်မာကျူုးပစ်ဖိုရမ်တွင် သတင်းဖတ်ပြီး မြန်မာနိုင်ငံရေး ဆွေးနွေးထားသော ပို့စ်လေး ပြန်ရှယ်ပေးလိုက်ပါသည်။)

သမ္မတအိုဘားမားနှင့်တွေ့ဆုံမှု

မြန်မာသမ္မတဦးသိန်းစိန်သည် ၁၉ နိုဝင်ဘာလ နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃၀ခန့်ကြာ အမေရိကန်သမ္မတဖြင့် နှစ်နိုင်ငံအရေးကိစ္စများ ဆွေးနွေးသည်။ အမေရိကန်သမ္မတ၏ အရှိန်အ၀ါကြီးမှု၊ အနောက်နိုင်ငံများ၏ သြဇာသက်ရောက်မှု (အနောက်ကြောက်ရောဂါ) ၊ အာရှ နှင့် အနောက်နိုင်ငံများ၏ ရင်းနှီးကွာခြားမှုကြောင့် သမ္မတဦးသိန်းစိန်နှင့် အိုဘားမားတို့ တွေ့ဆုံမှုမှာ ထင်ထားသလောက်ထက် ရင်နှီးမှု အားနည်းခဲ့ရပါသည်။

 သို့သော်လည်း ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို လျှောက်လှမ်းလာသော ဦးသိန်းစိန်အား အိုဘားမား လာရောက်အားပေးသည် ဖြစ်သည့်အလျောက် ဦးသိန်းစိန်မှ နိုင်ငံတော်တိုးတက်ရေး၊ ဒီမိုကရေစီ စံနှုန်းမြင့်မားရေး၊ ကျန်းမာရေးနှင့် ပညာအရည်အသွေး မြင့်မားရေးအတွက် အမေရိကနဲ့ ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း Move forward ဆောင်ပုဒ်ကဲသို့ လုပ်ဆောင်မည်ဟု ကတိပေးကာ၊ သမ္မတ အိုဘားမားမှ လူအခွင့်အရေးများကို ပိုမိုတိုးတက်လုပ်ကိုင်ပြီး နှူကလီးယားလက်နက်များ ပိုင်ဆိုင်ရန်ကြိုးပမ်းခြင်းမျိုး မလုပ်ရန် ပြောကြားကာ အမေရိကမှ ဆက်လက်ပူးပေါင်းသွားမည်ဟု ပြောကြားသွားပါသည်။

 ယခုလို အိုဘားမား မြန်မာပြည်လာရောက်သောကြောင့် ကမ္ဘာနိုင်ငံရေးသမိုင်းထဲတွင် မြန်မာနိုင်ငံကို လူပိုသိလာခဲ့ပါသည်။ ပိုပြီးတော့လဲ ဂရုထားမိကြသည်။ အိုဘားမားကိုယ်တိုင် မြန်မာနိုင်ငံလာသည်ဖြစ်သောကြောင့် ရင်းနှီးမြုပ်နှံလိုသော တခြားနိုင်ငံများ လာရောက်နိုင်ပါသည်။ အလွန်ကောင်းသော အချက်ဟု မျှော်လင့်ရပါသည်။ အနှစ်နှစ်အလလက ကြားနေ၀ါဒလိုလို၊ တရုတ်၏ ပြည်နယ်တခုလိုလိုနေရသော အချိန်ကာလမှ ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံရေး စီးပွားရေး အချက်အခြာအဖြစ် ရပ်တည်လာရမည်ဖြစ်သောကြောင့် တိုးတက်လာမည့် အရိပ်အယောင်များကို မှုန်ပြပြတွေ့လာရပြီဖြစ်ပါသည်။ ပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ ဗဟိုချုပ်ကိုင်မှုကိုသာ အဓိကထားဆက်ဆံကာ ပြည်သူလူထုအတွက် မငဲ့ကွက်သော စီးပွားရင်းနှီးမြုပ်နှံမှုများ၊ အဆွေအမျိုး အသိုင်းအ၀ိုင်းကိုသာ အားပေးအားမြောက်လုပ်မှုများကို နှစ်ပေါင်းများစွာ ရွံ့ရှာစက်ဆုပ်လာသောကြောင့် အနောက်လွှမ်းသော အနောက်မှ လာရောက်မည့် ရင်းနှီးမြုပ်နှံမှုများနှင့် မျှတစွာ လုပ်ကိုင်မှုများ မျှော်လင့်သည့် စိတ်ဓာတ်ကြောင့် တမူထူးခြားလာမည်ဟု မျှော်လင့်ရပါသည်။


ထို်င်းဝန်ကြီးချုပ် ယင်လတ်

 အိုဘားမားနှင့်တွေ့ဆုံပြီးလျင်ပြီးချင်း သမ္မတ ဦးသိန်းစိန်မှာ ချက်ခြင်းဆိုသလို ဖနွမ်းပင် အာဆီယံ အာရှ အစည်းအဝေးသို့ ပြန်သွားကာ ထိုင်းဝန်ကြီးချုပ် ယင်လတ်နှင့် ညနေ ၃း၄၅ နာရီတွင် တွေ့ဆုံပါသည်။ ထိုကဲ့သို့ တွေ့ဆုံရာတွင် ၀န်ကြီးချုပ်ယင်လတ်နှင့် ယခင်က နှစ်ကြိမ်တွေ့ဆုံဖူးသည့် အချက်နှင့် အာရှနိုင်ငံသား အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံဖြစ်သည်အတွက်ကြောင့် နှစ်နိုင်ငံခေါင်းဆောင်တွေ့ဆုံမှုမှာ အလွန်အင်မတန်ရင်းနှီးဟန်ပြသပြီး ပိုမိုနွေးထွေးမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။

အဓိကဆွေးနွေးမှုများမှာ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ဆက်စပ်သော စက်မှုဇုန်၊ လျှပ်စစ်ဓါတ်အားစက်ရုံ၊ ရေပေးဝေရေး၊ စွန့်ပစ်ပစ္စည်းစနစ် တည်ဆောက်ရေး ဆက်သွယ်ရေးနှင့် ရထားပို့ဆောင်ရေး ကိစ္စများကို ကော်မတီများဖွဲ့ကာ ၂၀၁၅တွင် အပြီးတည်ဆောက်ရန် တိုင်ပင်ကြကာ နှစ်နိုင်ငံသဘောတူညီမှုများကို ပြုလုပ်နိုင်ခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ တနိုင်ငံနှင့်တနိုင်ငံ လည်ပတ်မှုများအတွက် ဖိတ်ကြားမှုများ ပြုလုပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နာရီဝက်ခန့်ကြာတွေ့ဆုံသော်လည်း နွေးထွေးမှု ကြိုတင်ညှိနှိုင်းမှူများ၊ ငြိမ်ချမ်းလာသော နယ်စပ်ဒေသ အခြေအနေများကြောင့် ထိုင်းနှင့် ဆက်ဆံရေးများ ပိုမိုကောင်းမွန်လာသည်။ နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာ တည်ရှိသော နယ်စပ်ဒေသ ကုန်သွယ်မှုများ ယခင်ထက် ပိုမို အားကောင်းလာမည်ဟု မျှော်လင့်ရပါသည်။ တရုတ်ထွက်ကုန်များထက် ပိုမိုအရေအသွေးကောင်းမွန်သော ထိုင်းထွက်ကုန်များ ၀င်ရောက်လာပါက အကျိုးဖြစ်ထွန်းလာနိုင်ပါသည်။ ပြည်သူများအတွက် ထားဝယ်ဒေသ အလုပ်အကိုင်များ တိုးပွားလာမည်ဖြစ်သည်ဟု ခန့်မှန်းမိပါသည်။

ဂျပန်ဝန်ကြီးချုပ် ဟိုရှီဟီကိုနိုဒို

ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီးသော သမ္မတ ဦးသိန်းစိန်သည် ဆက်လက်ပြီး ညနေ ၄း၂၀ နာရီခန့်တွင် ဂျပန်ဝန်ကြီးချုပ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုင်းဝန်ကြီးချုပ်နှင့်တွေဆုံစဉ်ကဲ့သို့ မရင်းနှီးသော်လည်း နှစ်ပေါင်းများစွာ ဆက်ဆံလာသော အာရှနိုင်ငံသားဖြစ်သည့် ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံမှုမှာ ရင်းနှီးဟန်အပြည့်ဖြင့် ခိုင်မာသော ဆက်ဆံမှုများကို ပြသသည် သဘောတရားများကို တွေ့ခဲ့ရပါသည်။

ဂျပန်နှင့်တွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွက် အလွန်အင်မတန် အကျိုးရှိလှပါသည်။ တွေ့တွေ့ချင်း မြန်မာနိုင်ငံတွင် တင်ရှိနေသော ကြွေးမြီများကိုလျော့ချပေးမည့်အကြောင်း၊ ငလျင်လှုပ်သည်ကြားသောကြောင့် စိတ်မကောင်းဖြစ်မိကြောင်း၊ မြန်မာနိုင်ငံတွင် အခက်အခဲများဖြစ်လာပါက ကူညီပေးသွားမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ အားကစားပွဲအတွက် လိုအပ်သော တည်ဆောက်ရေး ဆက်သွယ်ရေး ကိစ္စများကို ကူညီသွားမည်ဟု ဂျပန်ဝန်ကြီးချုပ်မှ ပြောကြာသွားသည်။ အလွန်အင်မတန်ကို အားရမိလိုက်ပါသည်။ ထိုအပြင် သီလ၀ါ စက်မှုဇုန်ဆောက်လုပ်ရန်နှင့် ထိုင်းနှင့် ပြုလုပ်မည့် ထားဝယ်ရေနက်စီမံကိန်း၏ အဓိက ရင်းနှီးမြုပ်နှံမည့် ဂျပန်နိုင်ငံဖြစ်သည့်အတွက်ကြောင့် နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးကြပါသည်။

ဂျပန်နှင့် တွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွက် အထူးပင်အကျိုးများလှပါသည်။ လိုအပ်သည် နည်းပညာများအတွက် ဂျပန်သို့ ခေါ်ယူသင်ကြားပေမည်။ လိုအပ်သည် အခြေခံအဆောက်အအုံအတွက် ဂျပန်မှာ ကူညီ ဆောက်လုပ်ပေးမည်၊ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အလွန်အင်မတန်အကျိုးရှိလှသော အစည်းအဝေးတစ်ခု ဖြစ်ခဲ့ပါသည်။ လက်တွေ့အားဖြင့် မြန်မာနိုင်ငံအတွင်းတွင် ဂျပန်လူမျိုးများ ခြေချင်းလိမ်ကာ လာရောက်လုပ်ကိုင်ဆောင်ရွက်နေသည်ကို လက်တွေ့တွေ့နိုင်ပါသည်။

တရုတ်ဝန်ကြီးချုပ်ဝမ်ကြားပေါင်

ထိုအစည်းအဝေးမှာ နှစ်နိုင်ငံတည်း သီးသန့်တွေ့ဆုံသည်မဟုတ်ပဲ အာဆီယံခေါင်းဆောင်များနှင့် တရုတ်နိုင်ငံဝန်ကြီးချုပ်တွေ့ဆုံပွဲ ဖြစ်သောကြောင့် သာမန် အစည်းအဝေးတစ်ခုသာ ဖြစ်သည်ဟု ဆိုလို့ရပါသည်။ ထိုအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်မှ ၁၉၉၇ ခုနှစ်ကတည်းက အာဆီယံ-တရုတ်ဆက်ဆံရေး ဆက်လက်တိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။ အနာဂါတ် တရုတ်မျိုးဆက်နှင့် ပြည်သူလူထု အကျိုးကို ကျေးဇူးပြုမည်ဖြစ်ကြောင်း၊ ဒေသတွင် တည်ငြိမ်ရေးကိုလည်း ပိုမိုဂရုစိုက်လာဖို့ လိုအပ်ကြောင်း (တရုတ်က အာဆီယံ ကျွန်းတွေ လိုက်လုနေတာကို) ။ တရုတ်ကုန်စည်ပြပွဲမှာ သမ္မတဦးသိန်းစိန်က ပြောခဲ့သလို နှစ်နိုင်ငံ Win-Win Situation ဖြစ်အောင် ဆက်လက်လုပ်ကိုင်ပါမည်အကြောင်း ထပ်မံပြောဆိုသွားပါသည်။

သမ္မတတစ်နေ့တာ အစည်းအဝေး နိဂုံး

မနက်ခင်းတွင် အမေရိကန်နှင့် တွေ့ကာ ညနေခင်းတွင် တရုတ်နှင့် အဆုံးသတ်သွားသည့် သမ္မတဦးသိန်းစိန် ၏ အစည်းအဝေးများတွင် ထိုင်းနှင့် ဂျပန်တွေ့ဆုံမှုသည် အလွန်အင်မတန် အောင်မြင်ခဲ့ပါသည်။ ထိုအတူ အမေရိကနှင့် ဆက်လက်ကာ အတူတကွ ဆက်ဆံရေးများ ဆက်လုပ်နေပြီး တရုတ်ကြီးနှင့် အနည်းငယ် ခပ်တန်းတန်း အခြေအနေများကို မြင်လိုက်ရပါသည်။

သမ္မတဦးသိန်းစိန်သည် သမ္မတ တက်ရောက်ချိန်မှ ယနေ့အထိ ဆက်တိုက် စဉ်ဆက်မပြတ်ဆိုသလို နိုင်ငံ၏ စီးပွားရေး စိမံကိန်းများကို တိုးတက်ရန် လုပ်ဆောင်ခြင်း၊ တဆစ်ချိုး စီးပွားရေးစနစ်တခုကို ဖန်တီးခြင်း၊ လိုအပ်သည် နည်းပညာများရရှိရန် ဖန်တီးခြင်းတို့ကို ပြုလုပ်နေသည်မှာ ထင်ရှားပါသည်။ ထိုအတူ နိုင်ငံတကာ ဆက်ဆံရေးအရ နိုဝင်ဘာလ ၁၉ရက်နေ့သည် မြန်မာနိုင်ငံ၏ အရေးပါသော နိုင်ငံတကာ ဆက်ဆံရေးနေ့အဖြစ် တည်ရှိမည် ဖြစ်ပါသည်။

တိုင်းရင်းသားအရေး

တိုင်းရင်းသားများ အရေးတွင် ကျွန်တော်အမြင်ကို ဆိုရလျင် ကချင်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများမှာ သာမန် ကချင်တိုင်းရင်းသားများနှင့် ဗမာတပ်မတော်တိုက်ပွဲများဟု မမြင်မိပါ။ လောဘဇောတိုက်နေသော လက်တဆုတ်စာ ကချင်ခေါင်းဆောင်များ၊ နောက်ကွယ်က ဒေသတွင်း ငြိမ်းချမ်းမှု မရှိအောင် နိုင်ငံတကာ စာမျက်နှာတွင် မြန်မာနိုင်ငံကို မျက်နှာပျက်အောင် ဖန်တီးနေသော တရုတ်၏ ကချင်လက်တဆုတ်စာ လူများကို သွေးထိုးနေသည်ဟု မြင်မိပါသည်။ ကျွန်တော်သိထားသလောက် ကချင်များ လက်ရှိထောင်ထားသော မြေမြုပ်ဗုံးများကို ရှေ့တန်းစစ်မျက်နှာမှ တပ်သားများ အလွန်အင်မတန် ကြောက်ရွံ့စွာ ရင်ဆိုင်နေရပါသည်။ ထိုဒေသသို့သွားရောက်သော သတင်းထောက်တစ်ယောက်၏ တိုးတိုးတိတ်တိတ်သတင်းများမှ သိရပါသည်။ ထိုအပြင် ယမန်နေ့ က အိုဘားမာလာချိန်နှင့် အချိန်ကိုက်စွာ ကချင်ဖက်မှာ ထိုးစစ်ဆင်တိုက်ခိုက်လာသည်ကို တွေ့ရပါသည်။ ထိုကြောင့် ကချင်နှင့် ငြိမ်းချမ်းမှုမှာ ၂၀၁၃ တွင် ဆက်လက် တည်ရှိနေဦးမည်ဟု ခန့်မှန်းမိပါသည်။

ရခိုင် ရိုဟင်ဂျာ ဘင်္ဂလီအရေးအခင်းကိုလည်း သာမန် ရခိုင်ဒေသခံလူမျိုးများနှင့် ဘင်္ဂါလီတို့ အတူတကွ နေထိုင်မှု ပျက်ယွင်းခဲ့သည်မှာ ကျောက်ဖြူဆိပ်ကမ်း၊ တရုတ်ပိုက်လိုင်း ကိစ္စရပ်များနှင့် ဆက်စပ်တည်ရှိနေမည်ဟု သံသယဖြစ်မိပါသည်။ ထိုအရေးမှာ နေ့ချင်းဖြေရှင်းရနိုင်မည်မဟုတ်ပဲ ရေရှည်ဖြေရှင်းကာ ကျောက်ဖြူစီမံကိန်းကို ဆက်လက် စောင့်ကြည့်ရပါတော့မည်။

ပြည်တွင်း နိုင်ငံရေး

ပြည်တွင်းနိုင်ငံရေးသည် ယခုအချိန်တွင် အတော်အတန်အသင့် တည်ငြိမ်သည်ဟု ဆိုလို့ရပါသည်။ သို့သော် လွှတ်တော်အတွင်း တပ်မတော်သား ၂၅% တည်ရှိနေမှုမှာ လွန်ခဲ့သော နှစ်ပတ်ခန့်က လွတ်တော်မှ အခြေခံဥပဒေ ခုံရုံးအပေါ် အာဏာရယူလိုမှုတွင် တပ်မတော်သား ၂၅% ၏ မဲကြောင့် သာ လွှတ်တော်မှ အနိုင်ကျင့်မှု သက်သာခဲ့သည်ဟု ထင်မိပါသည်။ ထိုကြောင့် ၂၀၁၅ မတိုင်ခင်အထိ လွှတ်တော်တွင် တပ်မတော်သား ၂၅%တည်ရှိမှုကို လက်မခံလိုသော်လည်း လက်ခံနေရမည့် အချက်ဖြစ်ပါသည်။ သို့သော် လာမည့် ရွေးကောက်ပွဲတွင် ၂၅%မှ ၁၅% သို့မဟုတ် ၁၀% အထိ လျော့ချရန် NLD နှင့် တခြားသော တိုင်းရင်းသားနိုင်ငံရေးပါတီများမှာ ၀ိုင်းဝန်းကြိုးစားသင့်ပါသည်။ သို့သော်လည်း NLD အနေဖြင့် တခြားသော ပါတီငယ်များနှင့် တိုင်းရင်းသားပါတီများကို စည်းရုံးနိုင်မှုမှ အလွန်အင်မတန် အားနည်းနေသေးသည်ကို အထင်အရှားတွေ့နေရပါသေးသည်။ NLD လက်ရှိအမတ်များမှ သော်လည်းကောင်း ပြည်ခိုင်ဖြိုးမှ ခေါင်းဆောင်အချို့ ဦးဆောင်က တပ်မတော်ပါဝင်မှု လျော့ချနိုင်လိမ့်မည်ဟု ၂၀၁၃ အတွက် ကြိုတင် နမိတ်ဖတ်မိပါသည်။

ယခင်နအဖများကို ထိမ်းချုပ်ရေး နှင့် အပြစ်ပေးရေး

ယခင် နအဖဗိုလ်ချုပ်ဟောင်းများ၏ အပြစ်များ ပြန်လည်ဖော်ထုတ်ကာ ထိုအပြစ်များအတွက် ထိုက်တန်သော အပြစ်များပေးရန် တချို့သော သူများက ပြောဆိုနေကြသည်ကို ကြားသိရပါသည်။ ကြားမိသလောက် လက်ရှိ နိုင်ငံရေးလောကတွင် တည်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေ၊ မင်းကိုနိုင်၊ ကိုကိုကြီး တို့ နှုတ်မှ ထွက်ရှိလာမှု မတွေ့ရပါ။ ယနေ့လှုပ်ရှားနေရသော မြန်မာနိုင်ငံအရေးကိစ္စများသည် သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး ယခင်နအဖ ဗိုလ်ချုပ်ဟောင်းများ အပေါ် အရေးမယူနိုင်ရန် အခြေခံဥပဒေတွင်ထည့်သွင်းရေးခဲ့သကဲ့သို့ ထိုသူတို့အား ခွင့်လွတ်ရန် သဘောတူညီမှုများ အပေးအယူလုပ်ထားသော အခြေအနေ ဟု ခန့်မှန်းမိပါသည်။ ထိုကြောင့် ထိုသူများအား အရေးယူမှုသည် ဖြစ်လျင်သော်မှ ၂၀၁၅ နောက်ပိုင်း ၃-၄နှစ်ခန့်မှသာ ဖြစ်ကောင်းဖြစ်နိုင်မည် ဖြစ်ပြီး၊ ဖြစ်နိုင်ခြေရာခိုင်နှုန်းမှာ ၂၀-၃၀ ခန့်သာ ရှိပါသည်။ ကျွန်တော်တို့ ထိုကိစ္စကို ခွင့်လွှတ်လိုက်ရပါမည်။

လောဘအရင်းတည် လာဘ်စားမှု

သို့သော် လွန်ခဲ့သော အပတ်က စာရင်းစစ်ချုပ်က လာဘ်လာဘယူသော၊ စီမံခန့်ခွဲမှုညံဖျင်းသောကြောင့် ငွေစာရင်းကွာခြားမှုကို လွတ်တော်မှာ ကြေငြာလိုက်သောအခါ သက်ဆိုင်ရာ ၀န်ကြီးဌာနများသည် ရက်မဆိုင်းပဲ စာရင်းစစ်ချုပ်တင်ပြသော ကွာခြားမှုကို ဖြေရှင်းပြီးကြောင်း သတင်းစာထဲတွင် ထည့်ကြပါသည်။ ကြိုတင်ညှိနှိုင်း သံစဉ်ရိုက်ထားမှုများဟု ထင်ရလောက်အောင် ဆက်တိုက် လုပ်ကိုင်မှုများကိုတော့ အလွန်အင်မတန် စိတ်ပျက်မိလှပါသည်။

ကျွန်တော်ဖေ့စ်ဘွတ်ခ်တွင် ဖတ်ရသော ကွန့်မန်ကို အတိုချုပ်ပြန်ပြောရလျင် Greed drive corruption လောဘဖြင့် ရယူသော လာဘ်စားမှုမျိုးကို ကျွန်တော်တို့တစ်တွေ အဓိက တိုက်ထုတ်ရပါမည်။ စားဝတ်နေရေး လိုအပ်ချက်ကြောင့် ရယူခြင်းထက် လောဘကြောင့် ရယူသော လာဘ်စားမှုသည် တိုင်းပြည်အတွက် အလွန်အင်မတန် နစ်နာစေကာ နိုင်ငံတကာတွင်လည်း နာမည်ပျက်စေပါသည်။ ထိုကဲ့သို့ လာဘ်စားမှုမျိုး ၀ိုင်းဝန်းတိုက်ဖျက်ကြပါစို့။

နိဂုံး

ကျွန်တော် ယခုရေးသားမှုများသည် လက်ရှိအစိုးရအပေါ် ချီးကျုးမှုများသည် ဖားသည်၊ ဆွဲဆောင်မှုကို ခံရသည်ဟု ဆိုကောင်းဆိုရပါမည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ထိုကဲ့သို့ အခြေအနေမျိုးကို မမြင်ရပါ။ ကျွန်တော်အနေဖြင့် ကောင်းအောင်ကျိုးစားနေသူကို ကောင်းလာပါသည်ဟု ချီးကျုးပေးရမည်ဟု ခံယူပါသည်။ ကျွန်တော်တို့သည် လူသားများဖြစ်သည့်အတွက် ကိုယ့်ကို ချီးကျုးပြောကြားပါက ကြိုက်နှစ်သက်ပါသည်။ ထိုသို့ အပြောခံရသည်နှင့်အညီ ဆက်လက် အကောင်းပြောခံလိုပါသည်။ ထိုကြောင့် ကျွန်တော်တို့သည် ဆိုးဝါးချိန်မှ ဆိုးသည်ဟု အတိုက်အခံပြောသကဲ့သို့ ကောင်းချိန်မှာ ကောင်းလာသည်ဟု ချီးကျုးရန်လဲ လိုအပ်သည်ဟု ထင်ပါသည်။

ကျွန်တော်တို့ လမ်းတွေ အများကြီး လျှောက်ရပါအုန်းမည်။ ကြိုးစားမှုတွေ ဒီထက် ပိုလုပ်ရပါအုန်းမည်။ ကြိုးစားမှုများကို ရပ်တန့်မသွားအောင် ၀ိုင်းဝန်းလုပ်ကြဖို့ လိုအပ်ပါသည်။ အနှောက်အယှက်မပေးမိအောင် ကြိုးစားရပါမည်။

ယနေ့အချိန်အခါသည် တော်လှန်ရေးကာလဟု ကျွန်တော်မထင်တော့ပါ။ ယနေ့အချိန်အခါသည် တည်ဆောက်ရေးကာလကို ရုန်းကန်ရတော့မည်ဟု ကျွန်တော်မြင်မိပါသည်။ ထိုကာလသည် အလွန်အင်မတန် လှိုင်းတပိုး များပြားပါသည်။ ထိုကြောင့်အမျိုးသားရေးစိတ်ဓါတ်ဖြင့် စည်းလုံးရန် လိုအပ်နေပါသည်ဟု ပြောကြားရင်း Let's move forward.

မောင်ခြိမ့်
(၂၀ နိုဝင်ဘာ ၂၀၁၂)

ကိုးကား
http://www.president-office.gov.mm/
https://www.facebook.com/7daynews  
https://www.facebook.com/ElevenMediaGroup
တိုးတိုးတိတ်တိတ်သတင်းများပေးသော သတင်းထောက်။
 http://www.mmcpcommunity.net

Wednesday, November 14, 2012

ပြား ၈၀ အန်တီဆွိ ...


အရင်က ပြား၂၀ မဆွိတီ ဆိုတဲ့ပို့စ်လေး ရေးဖူးပါတယ်။ အဲဒါလေး အရင်ဖတ်ကြည့်ကြပါဦး။

အန်တီဆွိ ရုံးမှာထိုင်တဲ့နေရာနဲ့ ဘေးချင်းကပ်ရပ် လမ်းကလေးသာခြားတဲ့ နေရာမှာ ကောင်မလေးတစ်ယောက်ရှိတယ်။ ကောင်မလေးသာပြောတယ် အသက်ကတော့ ၃၅-၄၀ ပတ်ဝန်းကျင်လောက်ပေါ့။  ဆံပင်တိုတိုနဲ့ဆိုတော့ လူက ငယ်ပုံပေါက်တယ်။ မျက်နှာကတော့ တရုတ်နဲ့ခပ်ဆင်ဆင်။ ရောက်စ ကိုယ်လဲ အလုပ်နဲ့ ရင်နှီးဖို့ ကြိုးစားနေရတာနဲ့ သေချာတော့ သတိမထားမိပါဘူး။ သူကလဲ ခပ်တည်တည်ပဲဆိုတော့ မိတ်လဲ မဆက်မိဘူး။ တစ်ရက်တော့ သူက လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အင်္ဂလိပ်လိုပြောနေတာ။ သူ့ရဲ့ အင်္ဂလိပ်လေသံက ကိုယ်ရင်းရင်းနှီးနှီး ကြားဖူးတဲ့ လေသံမျိုးဖြစ်နေတယ်။ ဒါပေမဲ့လဲ အလုပ်ထဲသာ စိတ်ကရောက်နေတော့ မေ့မေ့ပျောက်ပျောက်ပါပဲ။

တစ်ရက်တော့ အလုပ်မှာ ကုန်းလုပ်နေရင်းနဲ့ နားထဲမှာ မြန်မာလို စကားပြောသံ သဲ့သဲ့ကြားရတော့ ရုပ်တရက် နားကအလိုလို စွံ့ပြီးသား၊ မျက်လုံးက စကားပြောသံကြားတဲ့ နေရာကို ရှာဖွေနေပြီးသားဖြစ်သွားတယ်။ လက်စသတ်တော့ ဘေးက ကောင်မလေးက ဗမာလို ဖုန်းနဲ့ ပြောနေတာပါလား။ သူမြန်မာပါလားဆို သိလိုက်ရတော့ အရမ်းအံ့သြသွားတယ်။  ရုံးမှာလုပ်တာ ၃-၄ ပတ်ရှိပေမဲ့ မြန်မာအချင်းချင်း မသိကြဘူး။ 

ဒါနဲ့ ဒါမျိုးဆို ထီးကလေးဆောင်းပြီး စောင့်နေတဲ့ အန်တီဆွိက သူဖုန်းချချချင်းပဲ သူ့နေရာလှစ်ကနဲ ရောက်သွားပြီး ပြုံးပြုံး ... ပြုံးပြုံးနဲ့ မိတ်ဆက်ပါလေရော။ 

" အစ်မလား ... ညီမလားတော့ မသိဘူး ...  မြန်မာလိုပြောနေသံကြားလို့ ။ တွေ့နေတာတော့ကြာနေပြီ။ တရုတ်အောက်မေ့နေတာ ...."

ဟိုကလဲ အင်မတန် အံ့သြသွားတဲ့ ပုံနဲ့  ... ပထမတော့ ဘာပြန်ပြောရမှန်းတောင်မသိ အူကြောင်ကြောင်ဖြစ်နေသေးတယ်။ ပြီးမှ

"ဟုတ်ကဲ့ အစ်မ ... ကျွန်မလဲ တွေ့နေတာ ... မြန်မာမှန်းမသိဘူး ..ဟီး ...."

ဒီလိုနဲ့ မိတ်ဆက်ကြပြီး သူဟာလဲ ကိုယ်တွေလိုပဲ RIT ကပြီးတဲ့ အင်ဂျင်နီယာ၊ ကိုယ့်ထက် ၃နှစ်လောက် ဂျူနီယာကျတဲ့ ညီမတစ်ယောက်ဆိုတာ သိလိုက်ရတယ်။ တစ်ကျောင်းထဲကဆိုတော့ စိတ်က ခင်မင်လက်စလဲရှိနေတော့ ကိုယ်သိတဲ့သူတွေ သူသိတဲ့သူတွေ အပြန်အလှန်ပြောကြရင်း ခင်သွားတော့တာပဲ။ နောက်ပိုင်းတော့ သူဟာ မသိခင်သာ ခပ်တည်တည်နေပေမဲ့ သိသွားတော့လဲ ခင်စရာကောင်းတဲ့ ညီမတစ်ယောက်ဖြစ်တယ်ဆိုတာ သိရပါတယ်။

ဟိုတစ်လောကလဲ ထမင်းစားခန်းထဲမှာ ထမင်းစားနေရင်းနဲ့ မလေးရှားက ကောင်မလေးတစ်ယောက်နဲ့ စကားလက်ဆုံကျတော့ production ဖက်မှာ မြန်မာတွေ ရှိတယ်ဆိုပြီး ဗမာနာမည်တစ်ခုပြောပြလာတယ်။ သူပြောတာတော့ production ဖက်မှာ ဗမာ ၄ယောက်လောက်ရှိတယ် ပြောတယ်။ ခုချိန်ထိတော့ အဲဒီဖက် မသွားရသေးတော့ မကြုံသေးဘူးပေါ့။ စင်္ကာပူလို ဗမာပေါတဲ့ အရပ်မှာ အလုပ်လုပ်တုံးကတောင် အလုပ်ထဲမှာ ဗမာနဲ့ကြုံတာ အင်မတန်နည်းတော့ ဒီကုမ္ပဏီမှာ မြန်မာတွေ တော်တော်ပေါပါလားဆို အံ့သြနေတာပေါ့။

မနေ့ကတော့ အန်တီဆွိလဲ ကိစ္စလေးတစ်ခုရှိတာနဲ့ အောက်ထပ်က HR နဲ့ Finance ဌာနတွေဖက်ကို ဆင်းလာခဲ့တယ်။ အောက်ရောက်တော့ ကိုယ်တွေ့ချင်တဲ့ သူက အခန်းတံခါးပိတ်ထားတာနဲ့ ဘေးဖက်အခန်းက ကောင်မလေး တစ်ယောက်တွေ့တာနဲ့ ၀င်မေးတာပေါ့။

 " ဆူဇန်လဲ မတွေ့ဘူးနော်။ ဒီနေ့ သူမလာဘူးလားမသိဘူး.." ဆို အင်္ဂလိပ်လို မေးလိုက်တာ။

ခလေးမလေးက အသက် ၂၀-၂၅ လောက်ရှိမယ်ထင်တာပဲ။ အေရှတော့ အေရှရုပ်ပဲ။ ဆံပင်လေးကို အကုန်အပြောင်သိမ်းပြီး အပေါ်မှာ ဆံထုံးတော်ကြီး တမာသီးနဲ့။ အသားအရေလေးက ကြည်ကြည်လင်လင်နဲ့ မျက်နှာလေးက ချစ်စရာလေးရယ်။ သူက အန်တီဆွိစကားဆုံးဆုံးချင်းပဲ ...

" အန်တီက မြန်မာလားမသိဘူးနော် " တဲ့ ဆိုပြီး ဆူဇန် ဒီနေ့ နေ့ဝက်ခွင့်ယူထားတယ်ဆိုပြီး ဗမာလို ပီပီသသကြီး ပြောပါလေရောဗျာ။ နောက်ပြီး ဟိုနေ့က မxxx ကပြောနေတာ R&D မှာ မြန်မာ အသစ်ရောက်နေတယ်တဲ့ ပြောနေတာကြာပြီ။ အဲဒါ အန်တီ့ကို တွေ့တော့ အန်တီပဲ ဖြစ်ရမယ်ဆိုပြီင်္း မေးကြည့်တာတဲ့ဗျား။

ဒါနဲ့ သူနဲ့လဲ သူ့အကြောင်း၊ ကိုယ့်အကြောင်း အလုပ်အကြောင်း စပ်စုကြရင်း အလ္လာပ သလ္လာပ စကားလက်ဆုံကျနေကြတယ်။ ခလေးမလေးရဲ့ လေသံ accent က တကယ့်ကို အော်ဇီမတစ်ယောက်နဲ့ မခြားပါဘူး။ ၀တ်တာစားတာ၊ ပြင်ဆင်ထားပုံ ရုပ်ရည်တွေဟာ ကြည့်ရုံနဲ့ ဗမာမှန်း လုံးဝခန့်မှန်းလို့မရပါဘူး။ သူဟာ ၁၃နှစ်ကတည်းက ဒီရောက်နေတာဖြစ်ပြီး ဒီမှာလုပ်နေတာ ၂နှစ်ရှိပြီဖြစ်တဲ့ အကြောင်း၊ သူနဲ့အတူု ဒီအခန်းထဲက finance ဌာနမှာ နောက်ထပ်မြန်မာ တစ်ယောက်လဲ ရှိကြောင်း ပြောပြပါတယ်။

 နောက်သွားခါနီးတော့ စပ်စုချင်တာနဲ့ မေးလိုက်တာ။

" ဟင် ဒါနဲ့ အစ်မကိုမြင်တာနဲ့ ဘယ်လိုလုပ်မြန်မာမှန်း သိလဲ ... အစ်မက ဗမာရုပ်တော်တော်ပေါက်လို့လား " ဆိုတော့

 သူက ဟုတ်တယ် အစ်မပုံက ကြည့်တာနဲ့ ဗမာမှန်း အရမ်းသိတာတာပဲတဲ့။

သူပြောတော့ အန်တီဆွိမှာ ရယ်လိုက်ရတာ။ စင်္ကာပူမှာတုံးက တစ်ချိန်လုံး တရုတ်နဲ့ မှားနေလို့ ဖြေရှင်းနေရတဲ့သူက ကျေပဲ မကျေနပ်သလိုလို စိတ်ထဲမှာ ဖြစ်သွားသေးတယ်။ ပြီးမှ အော် ဗမာသွေး ပြား၈၀တောင်ပါတာ ဗမာမှန်း သိသာတာ ဆန်းသလားလို့သာ ခပ်ဖော့ဖော့လေး တွေးရင်း ပြုံးလိုက်မိပါတော့တယ်။ ။

ပြား ၈၀ အန်တီဆွိ



လွမ်းလွမ်းတတ အမှတ်တရ (အာအိုင်တီ)

ဦးခြိမ့် ရေးထားတဲ့ RIT အကြောင်းမှတ်စုလေး Face book မှာတွေ့လို့ အန်တီဆွိရဲ့ ပိတ်သပ်များကို ပြန်လည် မျှဝေလိုက်ပါတယ်။



by Mgchaint Wynn on Friday, September 28, 2012 at 10:05am

စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ရဲ့စာမျက်နှာမှာ ညီမငယ်တစ်ယောက်က စက်မှုတက္ကသိုလ်ရဲ့ အထင်ကရတွေက ဘယ်နေရာတွေလဲ၊ ပြီးတော့ ဘာလို့ အဲဒီလိုဖြစ်ခဲ့တာလဲဆိုတာ မေးထားတာ တွေ့လိုက်ရလို့ ကျွန်တော်တို့ ခေတ်မှာ သိထားတဲ့ ကျောင်းရဲ့ အထင်ကရနေရာလေးတွေကို မှတ်မိသလောက် ပြန်ပြောလိုက်ရတာပါ။ ကျွန်တော်တို့က ၁၉၈၄ ခုနှစ် ဒီဇင်ဘာလကနေ ၁၉၉၃ ခုနှစ် သြဂုတ်လအထိ ၉နှစ်တိတိ ကျင်လည်ခဲ့တဲ့ ဒီနေရာ၊ ကျောင်းပြီးသွားတော့လည်း ကျောင်းပတ်ဝန်းကျင်မှာ နေထိုင်ရင်း ၀မ်းတထွာအတွက် လှုပ်ရှားရုန်းကန်ရင်း ၁၉၉၅ခုနှစ်အထိ နေခဲ့တာမိုလို့ စက်မှုတက္ကသိုလ်က ကျွန်တော်အတွက် မမေ့နိုင်တဲ့ နေရာတစ်ခုအဖြစ် ယခုထက်ထိ တည်ရှိနေတာပါပဲ။

 ဦးလူပေါဂိတ်

၁၉၈၄ ခုနှစ် ပထမဆုံးအကြိမ် စက်မှုတက္ကသိုလ်ကို လာရောက်တော့ ဦးလူပေါဂိတ်ဆိုတာ ကျွန်တော်တို့လို ဘတ်စကားနဲ့ တိုးဝှေ့ကျောင်းတက်ရတဲ့ သူတွေအဖို့ သိပ်ပြီး မရင်းနှီးလှပါဘူး၊ ဒါပေမဲ့လည်း ဦးလူပေါဂိတ်လို့ ဆိုတဲ့ အီလစ်ပုံသဏ္ဍာန် ဂိတ်ဝ တခါးက ရန်ကုန်မြို့ကို အခုမှ လာရောက်တဲ့ ကျွန်တော်တို့လို တောသားတွေအတွက် အလွန်အင်မတန် ထူးဆန်းလှတဲ့ အင်ဂျင်နီယာ အာခီတက် ပညာရပ်တစ်ခုပါလားဆိုပြီး အံသြမိတာပါ။ နောက်မှ သိလိုက်ရတာကတော့ ဦးလူပေါဂိတ်လို့ အမည်တွင်တာက ကာတွန်းဦးအောင်ရှိန်ရေးဆွဲတဲ့ ဦးလူပေါကာတွန်းရုပ်က ဦးလူပေါရဲ့ ခေါင်းသဏ္ဍာန်နဲ့ တူလို့ ဦးလူပေါဂိတ်လို့ အမည်တွင်တယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒီဦးလူပေါဂိတ်က မော်တော်ကားစီးနိုင်တဲ့ လူတန်းစားတွေ ၀င်ထွက်တယ်ဆိုပြီး အနီအနည်းငယ်ဆန်တဲ့ စီနီယာ ကျောင်းသားကြီးတွေက လက်ဝေဖြန့်ခဲ့ပါတယ်။  

ပစ္စည်းမဲ့ဂိတ် (၀ါ) ဘီပီအိုင်ဂိတ်

မှတ်မှတ်ရရ အဲဒီနေ့က ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၅ရက်ပါ။ မနက်စောစော အေးမြတဲ့ မြောက်လေနှောလို့ တစိမ်စိမ့်လေး ရှိနေတဲ့ မနက် ၇နာရီ ၄၅မိနစ်လောက်မှာ ၄၅အမြန်ကားကို စီးနင်းပြီး ကျောင်းကိုလာခဲ့ပါတယ်။ စပယ်ရာရဲ့ ဘီပီအိုင်ပါလားလို့ မေးသံကြားတော့ မရဲတရဲလေးနဲ့ ပါပါတယ်ဗျ လို့ ပြောလိုက်မိပါတယ်။ ကားပေါ်က ဆင်းဆင်းချင်းမှာပဲ ပုံဏ္ဍာရိတ်ပင်တန်းကြားထဲက ကွက်လပ်လေးမှာ ၆လက်မပတ်လည် သစ်သားတိုင်လေး ယိုင်ယိုင်နဲ့ စိုက်ထူထားတဲ့ ပစ္စည်းမဲ့ဂိတ်ကို ကျွန်တော်လှမ်းဝင်မိလိုက်ပါတယ်။ တကယ်တော့ အဲဒီနေရာနဲ့ တည့်တည့်က ဘီပီအိုင်ကို သွားတဲ့လမ်းနဲ့ ဘတ်စကားဂိတ်က ဘီပီအိုင်မှတ်တိုင်ပေါ့။ ပစ္စည်းမဲ့ဂိတ်ကို မသွားခင် နဘေးမှာ လက်ယာဘက်မှာ ကွမ်းယာဆေးလိပ်ဆိုင်နဲ့ လက်ဝဲဘက်မှာ မုန်ဟင်းခါးဆိုင်ရှိတယ်ဆိုတာကိုတော့ ကျွန်တော်မှတ်မိနေပါသေးတယ်။ ကျွန်တော်တို့လို့ ဘတ်စ်ကားသာ စီးနိုင်တဲ့ လူတွေအဖို့ဒီဂိတ်က အ၀င်အထွက်နေရာတစ်ခုပါပဲ။ အမှန်တကယ်ပြောရရင်တော့ ကျွန်တော်တို့ ခေတ်မှာ ကျောင်းကို မော်တော်ကားစီးပြီး တက်နိုင်တဲ့ လူဆိုတာ အယောက် ၁၀၀ထက် မပိုလှပါဘူး။ တနှစ်ကို ၇၅၀ နဲ့  ၆ နှစ်အတွက် စုစုပေါင်း ကျောင်းသား ၄၅၀၀ မှာ မော်တော်ကားစီးပြီး ကျောင်းတက်နိုင်တာက ၂ ရာခိုင်နှုန်းလောက်သာရှိတာမဟုတ်လား၊ အဆောင်နေကျောင်းသား ကျောင်းသူနဲ့ မြို့ထဲကလာတဲ့သူ တော်တော်များများက ဒီဂိတ်ကိုပဲ အသုံးပြုကြတာပါ။


မိုးမခပင်တွေ တို့သက်သေတည်

ပစ္စည်းမဲ့ဂိတ်ကို ကျော်လွန်ပြီး ကြည့်လိုက်ရင် တိုင်ပေါင်း ၁၈တိုင်နဲ့ ခန့်ခန့်ညားညားရှိနေတဲ့ ကျွန်တော်တို့ကျောင်းရဲ့ အထင်ကရ အဆောင်၁ ကြီးက ကျွန်တော်တို့ လို ကျောင်းသားသစ်တွေကို နွေးနွေးထွေးထွေးကြိုဆိုနေကြတယ်၊ အဲဒီအဆောင်တစ်ကို တက်တဲ့ ပြေပြစ်တဲ့ ကွန်ကရစ်လမ်းနဘေးမှာ မိုးမခပင်ကြီး နှစ်ပင်ကတော့ ကျွန်တော်တို့ကို အပေါ်စီးက ငုံကြည့်နေလေရဲ့၊ အခုတော့ ဒီမိုးမခပင်ကြီး နှစ်ပင်က သက်သေမတည်နိုင်တော့ပါဘူး။ အချိန်တွေ ရွေ့လျားလာတော့ သူတို့လဲ နေရာဖယ်ပေးရလိုက်ရပါပြီ



ကာတွန်းဘော်စ်

ကျောင်းရောက်ခါစကတော့ ကျွန်တော်အတွက် ကာတွန်းဘော်စ်က သိပ်မရင်းနှီးခဲ့ပါဘူး။ နောက်ပိုင်းမှာ သူငယ်ချင်း မောင်ရစ်နဲ့ ခင်မင်ပြီးတဲ့နောက် သူရဲ့ ၀ါသနအရ ဆွဲနေတဲ့ ကာတွန်းလေးတွေ ကာတွန်းဘောဇ်မှာ ကပ်ထားတာ အားပေးရင်းနဲ့ ကာတွန်းဘော်ဇ်က ကျွန်တော်တို့အတွက် မရှိမဖြစ်ဖြစ်လာရတာပါ။ တကယ်တော့ ကာတွန်းဘောက်စ်က ကျွန်တော်တို့အတွက် လွပ်လပ်စွာ ဖွင့်ထုတ်နိုင်ခဲ့တဲ့ နေရာတစ်ခုလို့ ဆိုရင်လည်း မမှားဘူးပေါ့။ ကာတွန်းဘောဇ်က ကျွန်တော်တို့ လိုအပ်တဲ့ အရာတွေကို ကာတွန်းအမြင်နဲ့ တောင်းဆိုတဲ့နေရာ၊ ကျောင်းသားကျောင်းသူတွေရဲ့ ချစ်စရာအထေ့လေးတွေကိုလဲကြည့်ရတဲ့ အပြင် ကျွန်တော်တို့ခေတ်မှာ ဆောင်းပါ။ ဓါတ်ပုံ နဲ့ ၀တ္ထုတိုလေးတွေပါ ဖတ်ရတဲ့ နံရံကပ်စာစောင်နေရာလို့ ဆိုလို့ရပါတယ်။ ၁၉၈၈ ခုနှစ် အရေအခင်းဖြစ်တဲ့အချိန်ထိပေါ့။

(မောင်ရစ်နှင့် ကာတွန်းဘောက်စ်၊ မောင်ရစ်ထံတွင် ခွင့်မတောင်းပဲ သုံးမိပါသည်။)


သြဘာလမ်း

သြဘာလမ်းကတော့ မြန်မာကျော်အထင်ကရ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ မှတ်တိုင်တစ်ခုပါပဲ၊ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးများလက်ထက်က ဘွဲနှင်းသဘင်ကို အဆောင်၁ရဲ့ ပထမထပ် Assembly Hall မှာ ကျင်းပတယ်လို့ သိရတယ်။ ဘွဲနှင်းသဘင်မှာ ဘွဲအပ်နှင်းပြီးရင် ဆရာကြီးတွေ ဦးဆောင်တဲ့ ဘွဲ့ရကျောင်းသားတွေ ဒီလမ်းမှာ လမ်းလျှောက်ကြတယ်။ အဲဒီမှာ နဘေးမှာ ရှိတဲ့ ၀ရန်တာကနေ မိဘဆွေမျိုး သူငယ်ချင်းများက ချီးမြှောက်တဲ့အနေနဲ့ သြဘာလက်ခုတ်တီးကြလို့ ဒီလမ်းကို သြဘာလမ်းလို့ ခေါ်တယ်ဆိုတာ စက်မှု တက္ကသိုလ်မတက်ခင် ကြိုတင်ဖတ်မိထားတဲ့ ဆရာနွမ်ဂျာသိုင်းရဲ့ တခါတုန်းက တက္ကသိုလ်မှာ ကျွန်တော်ဖတ်မိခဲ့ဖူးပါတယ်။ ကာတွန်း တင်အောင်နီကလည်း ပြာလောင်ရုပ်ပြကာတွန်းမှာ ရေးခဲ့ဖူသလား သေတော့ မသေချာပါဘူး။ ဘွဲရတွေသာ လျှောက်လှမ်းတဲ့ ဒီလမ်းကို ကျောင်းတက်နေဆဲ ကျွန်တော်တို့တစ်တွေ လျှောက်လမ်းရင် အဆောင်၁ ၀ရန်တာများဆီကနေ ကျောင်းသားတွေက ၀ိုင်းဝန်းပြီး  ဟေ့ကောင် အရူး၊ သောက်ပေါ စသဖြင့် နစ်နာစေလိုတဲ့ ဆန္ဒမဟုတ်ပဲ အပျော်သဘောမျိုး လက်ခေါက်မှုတ် လက်ခုတ်တီး လှောင်ပြေင်ကြတာပေါ့။ အဲဒီလို သြဘာလမ်းကို လမ်းလျှောက်ပြီးသွားတယ်ဆိုရင်တော့ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ခေတ်က ဆရာဦးသက်လွင် (မော်ကွန်ထိမ်း) ရဲ့ အခန်းကို ဖိတ်ကြားလွှာလို့ ရောက်လာပါလိမ့်မယ်။ ဘယ်လိုပဲ ဆရာက ခေါ်ဆူပေမဲ့ နှစ်စဉ်နှစ်တိုင်း သြဘာလမ်းကို အလောင်းအစားနဲ့ လျှောက်လမ်းတဲ့သူ၊ အူကြောင်ကြောင်နဲ့ လျှောက်မိတဲ့သူတွေ ရှိစမြဲပါပဲ။

ခရေပင်လမ်း နဲ့ ချစ်သူတို့လမ်း

ဒီလိုနဲ့ ကျွန်တော်တို့တစ်တွေ ပထမနှစ်ကို ပျော်ရွှင်စွာဖြတ်သန်းပြီးတဲ့ နောက် ဒုတိယနှစ်ရောက်ကျတဲ့ အခါမှာ တချို့တွေကလည်း ကျောင်းထဲမှာပဲ ချစ်သူရည်းစားတွေရကြပါတယ်။ တနှစ်မှ ၁၅%သာလက်ခံတဲ့ အမျိုးသမီးတွေထဲကနေ ကြံဖန်ပြီး ရလာတဲ့ ချစ်သူစုံတွဲတွေလဲ မနည်းလှပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီလို ရှားရှားပါးပါးထဲမှာ မပါခဲ့ဘူးလေ။ ဒါပေမဲ့ အဲဒီလို စုံတွဲလေးတွေ ကြည်နှုးကြရာ နေရာလေးတွေကိုတော့ ကျွန်တော်တို့ သွားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို နှောက်ယှက်ဖိုပေါ့။ 

အဆောင်၁ ကနေ ကန်တင်းဘက်ကို အဆင်း၊ ကားပတ်ကင်နဲ့ ဘတ်စကက်ဘောကွင်းက ညာဖက်မှာ ရှိတယ်။ ဘယ်ဘက်မှာကတော့ မြေနီလမ်းလေးရှိတာပေါ့။ အဲဒီမြေနီလမ်းနဘေးမှာ ခရေပင်တွေ စီတန်းပေါက်နေတာ ဟိုဘက် အဆောင်၂ အစွန် ရူပဗေဒဌာနအထိ ရှိတာပေါ့။ ဆောင်းတွင်း ဇန်န၀ါရီ၊ ဖေဖော်ဝါရီလတွေမှာ မြုနှင်းမှုန်တွေ မှိုင်းဝေပြီး ခရေပွင်ကြွေရနံတွေကြောင့် ချစ်သူတွေအတွက် တူစုံလက်တွဲ လမ်းလျှောက်လို့ အလွန်ကောင်းတာပေါ့။ ချစ်သူမရှိတဲ့ ကျွန်တော်တို့တောင်မှ အဲဒီအချိန် ခရေပင်လမ်းမှာ လမ်းလျှောက်ဖြစ်ရင်တောင်မှ လွမ်းသလိုလို ဆွေးသလိုလို ဖြစ်ခဲ့ဖူပါတယ်။

အဲဒီခရေပင်လမ်းဆုံးက ချစ်သူတို့လမ်းနဲ့ အဆောင် ၂အဆုံးမှာ  သွားဆုံတယ်လေ။ ချစ်သူတို့လမ်းဆိုတာကတော့ ဂျီဟောကနေ ကျောင်းဆောင်တွေဆီကိုအလာ အဆောင်၅ မရောက်ခင် တွေ့ရတဲ့ မြေနီလမ်းပေါ့။ အဲဒီမြေနီလမ်းလေးက နဘေးမှာ အဆောင် ၅၊ ၆၊ ၇ နဲ့ ညာဖက်မှာ သစ်ပင်လေးတွေ အုပ်မှိုင်းလို့ ရှိတာပေါ့။ အဆောင် ၅ကနေ ၇ ဆိုတာက ညနေရောက်ရင် လူခြေပြတ်တာမိုလို့ ဂျီဟောကနေ ချစ်သူနှစ်ဦး အေးအေးဆေးဆေး လမ်းလျှောက်စကားပြော ဘ၀ရှေ့ရေးတွေ တိုင်ပင်လို့ ကောင်းတဲ့ လမ်းလေးပေါ့။ ဘ၀ရှေ့ရေတိုင်ပင်တာနော်. တခြား ဟိုဟိုဒီဒိတွေ မတွေးပါနဲ့နော်။

အထင်ကရ အမှတ်တရနေရာတွေထဲမှာ ကျွန်တော်တို့ရဲ့ ကန်တင်းတွေကလည်း အမှတ်တရဖြစ်စေခဲ့တာပဲလေ။ အဲဒီကတည်းက နာမည်ကြီးတဲ့ ဆိုင်တွေကို ပြောရရင်တော့

လူငယ်ဆိုင်
ကျွန်တော်တို့ နှစ်များဆီက ၁၉၈၈ ခုနှစ်အထိ လူငယ်ကန်တင်းဆိုတာ ရှိခဲ့ပါတယ်။ အယ်လ်၃-၄ကနေ ထွက်လိုက်ရင် မိုကြိုးလျ့ပ်စစ်ဆိုတဲ့ အဆောက်အဦးငယ်လေး နဘေးမှာ လူငယ်ကန်တင်းဆိုတာ ရှိခဲ့တာပေါ့။ ယခင်တုန်းက လမ်းစဉ်လူငယ် ရံပုံငွေနဲ့ ဖွင့်ခဲ့တာလားတော့ မသိပါဘူး။ လူငယ်ကန်တင်း တခြား ကန်တင်းတွေနဲ့ သီးခြားရှိတဲ့ နေရာပါ။ နောက်ပိုင်း လူငယ်ကန်တင်းကို ဖျက်လိုက်တော့ ဆုံစည်းရာဆိုပြီး ပြန်ဖွင့်ခဲ့ပါတယ်။

နွေးအေးဆိုင်
စက်မှုတက္ကသိုလ်နဲ့ နွေအေးဆိုတာ ခွဲလို့မရဘူးလို့ ပြောလို့ရနိုင်တဲ့ ဆိုင်တဆိုင်ပါ။ နှစ်တွေ ဘယ်လောက်ကြာကြာ နွေအေးက မဖြစ်ဖြစ်အောင်ရပ်တည်ခဲ့ပါတယ်။ အရေးအခင်းကြောင့် ကျောင်းတွေပိတ်လဲ နွေးအေးဆိုင်က ဖွင့်မြဲပါပဲ၊ နည်းပညာတက္ကသိုလ်တွေ အများကြီး ပြောင်းဖွင့်လို့ စက်မှုတက္ကသိုလ်ဝင်းမှာ လူနည်းသွားလဲ နွေးအေးက ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ ကျောင်းကြီး ပြန်ဖွင့်တော့မယ်လဲဆိုရော နွေးအေးက ပြန်မဖွင့်တော့ဘူးဆိုတော့ ၀မ်းနည်းမိတာ အမှန်ပါပဲ။

ကျွန်တော်တို့ခေတ်က နွေးအေးဆိုတာ မိန်းခလေးတွေ အများကြီးထိုင်ပြီး၊ မိန်းခလေးတွေကို ပိုးပန်းချင်တဲ့သူတွေက အဲဒီဆိုင်မှာ ထိုင်တယ်ဆိုကြပါတယ်။ နွေးအေးက တခြားဆိုင်တွေထက် လူပိုများတော့ ကျွန်တော်တို့လို အေးအေးဆေးဆေး လဘက်ရည်ဆိုင်အကြာကြီးထိုင်သူတွေအတွက်တော့ သိပ်ပြီး မနွေးထွေးလို့ ကျောင်းဖွင့်ချိန်မှာ သိပ်မထိုင်ဖြစ်ခဲ့ပါဘူး။ နွေးအေးရဲ့ ပဲထမင်း လက်ဖက်ထမင်းနဲ့ စတော်ဘယ်ရီလက်ဖျော်ရည်တော်တော် နာမည်ကြီးပါတယ်။

ဘချစ်လဘက်ရည်
ဘချစ်ဆိုင်လို့ ပြောလိုက်ရင် ကျွန်တော်တို့လို ပေပေတေတေ ကျောင်းသားအားလုံး သိကြပါသည်။ ဘချစ်ဆိုသည်မှာ ရန်ကုန်တက္ကသိုလ်က ဦးချစ်နှင့် မသက်ဆိုင်ပါ။ ဘချစ်သည် စက်မှုဌာနာ ပန်းဘဲဌာန၏ စူပါဗိုက်ဆာပါ။ ဒုတိယနှစ်ရောက်ပြီဆိုလျင် ကျွန်တော်တို့တစ်တွေ သံချောင်းတစ်ချောင်းကို မီးကင်ကာ ပြားနေအောင် သံချဉ်တွဲ ၉၀ဒီဂရီဖြစ်အောင်ထုရသည်။ ထိုပန်းဘဲဌာနတွင် ကျွန်တော်တို့ကို ဘယ်လို မီးပေး၊ ဘယ်လို ထုရသလဲဆိုတာ သင်ပေးခဲ့သော ကျွန်တော်တို့ချစ်သော ဘချစ်ပင်ဖြစ်ပါသည်။ ဘချစ်က ကန်တင်းတွင် လဘက်ရည် ထမင်းကြော် သံဗူး စသည်တို့ ရောင်းပါသည်။ ဘချစ်လဘက်ရည်ဆိုင်တွင် ကျွန်တော်တို့ နှစ်သက်သလောက်ထိုင်ခွင့်ရှိပါသည်။ ခိုင်ထူး၊ ခင်မောင်တိုး တူးတူး စသည့် လူငယ်ကြိုက် သီချင်းများလည်း ဖွင့်ပေးပါသည်။ ပထမနှစ်မှ နောက်ဆုံးနှစ်ဘွဲ့ရသည်အထိ စွဲစွဲမြဲမြဲထိုင်ခဲ့သော ဆိုင်သည် ဘချစ်လဘက်၇ည်ဆိုင်ပင်ဖြစ်ပါသည်။

ကန်သာယာ၊ အောင်သိပ္ပံနှင့် မော်လမြိုင်
ထိုဆိုင်၃ ဆိုင်မှာ တရုပ်စားသောက်ဆိုင်ဖြစ်ပါသည်။ ကန်သာယာကို  စက်မှုဌာနမှ ဆရာဦးစိုးလွင်ပိုင်ဖြစ်ပြီးယနေ့ထက်တိုင်ဖွင့်လှစ်ဆဲ၊ ဈေးအလွန်အင်မတန်ချိုသာပြီး  ကျောင်းသားများအပေါ် စေတနာဖြင့် ကြော်လှော်ပေးပါသည်။ မော်လမြိုင်မှာ ၁၉၈၇ခုနှစ်တွင် အာအိုင်တီမှ ထွက်ခွာကာ ကျိုက္ကလားသို့ ပြောင်းဖွင့်လိုက်ပါသည်။ အောင်သိပ္ပံကတော့ ၂၀၀၀ ၀န်းကျင်လောက်အထိ ဖွင့်လှစ်ပြီး ယခုအခါ မရှိတော့ပြီဟု သိရပါသည်။





မေတ္တာပေါင်းကူး
၁၉၈၆-၈၇ လောက် သက်ကယ်မိုး ထရံကာ ကန်တင်းအဟောင်းကို သွပ်မိုး ကန်တင်းအဖြစ်ပြောင်းလိုက်သောအခါ မေတ္တာပေါင်းကူး လဘက်ရည်ဆိုင် အသစ်တိုးလာပြီး လူငယ်များ နှစ်သက်သော ဆိုင်တဆိုင်ဖြစ်လာပါသည်။ မေတ္တာပေါင်းကူးသည် နွေးအေးနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသောကြောင့် ကိုယ်လိုက်လံပိုးနေသော ကောင်မလေး နွေးအေးမှာ ထွက်ခွာသည်ကို အလွယ်တကူ မြင်နိုင်ပါသည်။ ထိုကြောင့် လူကြိုက်များတာလားတော့ မပြောတတ်ပါ။
ရန်ကုန်စက်မှုတက္ကသိုလ်ထဲတွင် ကျွန်တော်၏ လွမ်းလွမ်းတတ အမှတ်တရ နေရာလေးများ အလွန်အင်မတန်များပါသည်။ အဆောင် ၁ ရှေ့ က တနှစ်တခါသာ ဖွင့်သည့် ရေပန်းလှလှကြီး၊ ဦးလူပေါဂိတ်ဝနားက စာအုပ်ဆိုင်တို့သည်လည်း ကျွန်တော်တို့၏ကျောင်း၏ အမှတ်တရ ခြေရာလေးများဖြစ်ပါသည်။
နှစ်နှစ်တခါ ရန်ကုန်ပြန်တိုင်း ကျောင်းသားတွေ တိတ်ဆိတ်နေတဲ့ ကျွန်တော်ချစ်သော ကျောင်းကြီးကို ပြန်လည်မွမ်းမံပြီး Center of Excellence အဖြစ်သတ်မှတ်ကာ ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတော့ ကျွန်တော် ရင်ထဲမှာ ပြောမပြတတ်အောင် ၀မ်းသာမိပါတယ်။ ဘယ်တော့မှ မေ့လို့မရတဲ့ ကျွန်တော်ရဲ့ လွမ်းဆွတ်မှုကို ဒီနှစ် ဆရာပူဇော်ပွဲတွင် ပြန်လည်အလွမ်းဖြေပါတော့မည်။ ကျွန်တော်ချစ်သော် MESA (AME) Association of Mechanical Engineering ရုံးခန်းလေးကို သွားပြီး တချိန်တုန်းက ဟောဒီ နေရာတွေမှာ ဆိုးပေကလေး ကျွန်တော်ကို သတိရနေသေးလားလို့ တိုးတိုးလေး ရွတ်ဆို မေးမိမည်သာဖြစ်ပါသည်။  ။


မောင်ခြိမ့် (၉၃)
==============
ဓါတ်ပုံများကို RIT ALUMINI Facebook နှင့် Google စာမျက်နှာများမှာ ရယူပါသည်။


Saturday, November 10, 2012

2nd prototype of အုန်းနို့ကျောက်ကျော ...

အန်တီဆွိတို့အလုပ်မှာ ကုန်ပစ္စည်းတွေ မထုတ်လုပ်ခင် CAD နဲ့ ဒီဇိုင်းအဆင့် ပြီးရင် ပစ္စည်းတွေ မှာပြီး အစမ်းဆင်ကြည့်ရတယ်။ Prototype လို့ခေါ်တယ်။ ပစ္စည်းတွေ တပ်ဆင်ရတာ လွယ်ကူရဲ့လား၊ တစ်ခုနဲ့တစ်ခု interference ဖြစ်နေသလား၊ အလွယ်တကူ ကျိုးပျက်လွယ်သလား၊ အစရှိသဖြင့်ပေါ့ စစ်ရတယ်။ တကယ့်တကယ်  mass production မလုပ်ခင် ၃-၄ခါလောက် အစမ်းထုတ်ဆို ဆင်ကြည့်ရတယ်။

အခု အန်တီဆွိလဲ အုန်းနို့ကျောက်ကျောလေး ကျိုတာကို အစမ်းလုပ်ကြည့်နေရတယ်။ အုန်းနို့ကျောက်ကျော ကျိုဖူးပေါင်းလဲ မရေမတွက်နိုင်ဘူး။ ကျိုတိုင်းလဲ အတိုင်းအဆ မှတ်ထားတယ်မရှိ၊ အဆင်ပြေသလို လုပ်လိုက်တာပဲ။ သူ့ဟာနဲ့သူတော့ ဖြစ်သွားတာပဲ။ အုန်းနို့ကျောက်ကျော ၂ထပ်ဖြစ်ချင်ဖြစ်မယ်၊ အုန်းနို့တွေများလို့ နို့ရောင်တစ်ရောင်တည်းကြီးနဲ့ မလှမပဖြစ်ချင်ဖြစ်မယ်။ အုန်းနို့က အထူကြီး ကျောက်ကျောအကြည်ထပ်လေးက ပါးပါးလေး ဖြစ်ချင်ဖြစ်မယ်။ စုံလို့ပဲ။ ခုတော့ အန်တီဆွိက အုန်းနို့နဲ့ ကျောက်ကျောအကြည်၂ထပ်ကို ညီညီလေးဖြစ်ချင်တာပါ။ (ကျောက်ကျောထုပ် အညွှန်းမှာပါတဲ့ ရေက ကိုယ်တွေအတိုင်းနဲ့ဆို နည်းနေတတ်ပါတယ်။) ခုအန်တီဆွိ ၀ယ်တဲ့ အထုပ်ကတော့ အညွှန်းက တရုတ်လို ဘူးသီး၊ငါးပေါင်းကြော်စာတွေပဲ ပါလို့ ဘယ်လောက်ထည့်ရမလဲ လုံးဝမသိပါဘူး။

အုန်းနို့ကျောက်ကျော ၂ထပ်ဆိုတော့ လုံးဝမကျိုဖူးသူတွေက ၂ခါကျိုရတာလား ဘာလား ထင်ချင်စရာပါ။ အမှန်က ကျောက်ကျောရေထဲ အုန်းနို့ရောကျိုလိုက်တာပါပဲ။ ခဲသွားတော့ ပေါ့တဲ့ အုန်းနို့က အပေါ်တက်လာပြီး သူ့ဟာသူ ၂ထပ်ဖြစ်သွားတာပါ။ ကိုယ်လဲ ငယ်ငယ်က မသိတော့ ၂ခါ သတ်သတ်စီ ခွဲကျိုရတယ်ထင်နေတာ။

 ပြီးခဲ့တဲ့ အပတ် ဘုန်းကြီးကျောင်းပွဲမှာတော့ first prototype ကျောက်ကျောက အုန်းနို့တွေများလို့ တစ်ထပ်တည်းဖြစ်သွားတယ်။ ကျောက်ကျောက အရသာတော့ရှိပါရဲ့၊ လှတ ပတ မဖြစ်ဘူးပေါ့ဗျာ။ အဲဒါကို မကျေနပ်လို့ ခုနောက်တစ်ခါကျတော့ ရေနဲ့ အုန်းနို့ကို သေချာ တွက်ချက်ပြီး ၂ထပ်ကို အလယ်မှာ ညီညီလေးဖြစ်အောင် အစမ်းလုပ်ထားတာပါ။ နောက်ပိုင်း အလှူတွေ ပွဲတွေအတွက် အမြဲ ၂ထပ်ကျောက်ကျောလေးရအောင် စမ်းလုပ်ထားတဲ့ 2nd prototype ပေါ့ဗျာ။

လိုအပ်သောပစ္စည်းများ
ကျောက်ကျောချောင်း (၄၂.၅ ဂရမ်) အထုပ်တစ်ဝက် (ကျောက်ကျောချည်း ချိန်ကြည့်တာ ၁၇.၅ ဂရမ်ခန့်) 
အုန်းစိမ်းရည် ၃၅၀ ml  ၃ဗူးခွဲ (စုစုပေါင်း 1.2 liter ခန့်)
အုန်းနို့ ၆၀၀ ml
သကြား ၃၀၀ ဂရမ်
ဆား လက်ဖက်ရည် တစ်ဇွန်းမောက်မောက်

(ဒီမှာ သတိထားမိလားမသိဘူး။  Rule of thumb က ရေ ၂ဆ၊ အုန်းနို့တစ်ဆ  ပါ။ )

အန်တီဆွိက ကျောက်ကျောကျိုရင် အမြဲ ကျောက်ကျောချောင်းထုပ်ကိုပဲ သုံးပါတယ်။ နဲနဲပဲ စမ်းလုပ်ချင်တာဆိုတော့ ကျောက်ကျောထုပ်ရဲ့ တစ်ဝက်တိတိကို ကတ်ကြေးနဲ့ညှပ်လိုက်ပါတယ်။  ပြီးတော့ ကျောက်ကျောတွေကို ပျော့သွားအောင် ရေစိမ်ပြီး တစ်လက်မလောက်စီ သေးသေးလေးတွေဖြစ်အောင် ထပ်ညှပ်လိုက်ပါတယ်။ သေးသေးလေးတွေဆိုတော့ အကြာကြီး မကျိုရတော့ဘူးပေါ့။
အုန်းစိမ်းရေ ၃မျိုး- ၃ဗူးဝယ်လာတာ ဒါလေးက အကောင်းဆုံးပဲ။ တစ်ဗူးကို ၃၅၀ ml ပါတယ်။
ပြီးတော့ အိုးထဲမှာ အုန်းစိမ်းရေ ဗူး ၃ဗူးခွဲ ဖောက်ထည့်ပြီး ကျောက်ကျောကို ကျိုပါတယ်။ အုန်းစိမ်းရေက အုန်းသီးဆံဖတ်ကလေးတွေပါလို့ စကာနဲ့ အရင်စစ်ပြီးမှ ကျောက်ကျောအိုးထဲထည့်ပါတယ်။ (အုန်းစိမ်းရေထည့်တော့ အုန်းနို့ကျောက်ကျောက တော်တော်လေးကို မွှေးပြီး အရသာလဲ ပိုရှိပါတယ်။ ရေနဲ့ ကျိုတာနဲ့ လုံးဝကိုမတူပါ။ အုန်းသီးအစိမ်းရှိလို့ ခွဲထည့်ရင် ပိုတောင်မွှေးပါသေးသဗျာ။ )  သကြား ၃၀၀ ဂရမ်ကိုလဲ အစကတည်းက တစ်ခါထဲထည့်ကျိုပါတယ်။


၁၅မိနစ် နာရီဝက်လောက်ကြာလို့ ကျောက်ကျောတွေ ကြေသွားပြီဆို အုန်းနို့ထည့်မွှေပြီး ဆားထည့်ပါတယ်။ ဆားကလဲ အရေးကြီးပါတယ်နော်။ အုန်းနို့ကျောက်ကျောက ဆားမပါရင်လဲ စားရတာ ပေါ့ရွှတ်ရွှတ်နဲ့ ဘာလိုနေမှန်း မသိတဲ့ အဖြစ်မျိုး ကြုံဖူးပါတယ်။ နောက်ပြီး ဒီနေရာမှာ အုန်းနို့အရသာကို မြည်းကြည့်ပြီး ကိုယ်က ချိုချိုလေးကြိုက်တယ်ဆို သကြားထပ်ထည့်နိုင်ပါတယ်။ ဆားကိုလဲ လိုတိုးပိုလျှော့ ကိုယ့်စိတ်ကြိုက်ထည့်နိုင်ပါတယ်။ အန်တီဆွိပြောတဲ့ အချိုးက ကိုယ့်စိတ်ကြိုက် ဖြစ်ချင်မှဖြစ်မှာကိုး။

 အုန်းနို့ရောပြီး ကျိုထားတာ ပွက်ပွက်ဆူလာရင် ကျောက်ကျောခဲမဲ့ ခွက်ထဲထည့်ပြီး ခဲထားနိုင်ပါပြီ။ ကျောက်ကျောခဲရင်လဲ သိပ်အထူကြီးဖြစ်အောင်မလုပ်ပဲ ၃စင်တီမီတာ၊ ၄ စင်တီမီတာလောက် အထူဆို အလှူတွေအတွက် အချိုပွဲမှာ အတော်ပါပဲ။ ရွှေရင်အေး၊ ပေါင်မုန့်အုန်းနို့ဆမ်းတို့မှာလည်း ထည့်စားနိုင်ပါတယ်။


 ကျောက်ကျောကျိုရတာ အင်မတန် လွယ်ကူပါတယ်။ ၂ထပ်လှလှလေးဖြစ်အောင်၊ အချိုအပေါ့ အလေး အနေတော်ဖြစ်အောင် အချိုးအဆ က သာ အရေးကြီးတာပါ။





Monday, November 5, 2012

ဆစ်ဒနီမြို့ ပဏ္ဍိတရာမကျောင်း မဟာဘုံ ကထိန် အလှူပွဲ


ဆစ်ဒနီ ပဏ္ဍိတရာမကျောင်း မဟာဘုံ ကထိန် ကပ်လှူပူဆော်ပွဲကို ဆစ်ဒနီမြို့ Villawood Citizen Hall မှာ မနေ့က ကျင်းပခဲ့ပါတယ်။

ကထိန်မှာ စားစရာတွေလဲစုံလို့ အန်တီဆွိရဲ့ ပိတ်သတ်တွေကိုလဲ သတိရပါတယ်။ ဘုန်းကြီးကျောင်း ဂေါပကတွေ၊ ဝေယျာ ၀စ္စအဖွဲ့တွေက တင် ကြက်မာသားဟင်း၊ ၀က်သားမျှစ်ချဉ်၊ ငါးမြင်းဟင်း၊ ကြက်မြစ်ကြက်သည်းဟင်း အစရှိသဖြင့်လှူဒါန်းပါတယ်။ အန်တီဆွိတစ်ယောက်လဲ ဆစ်ဒနီရောက်မှာ မကြာခဏ အလှူထမင်းအလှူဟင်းတွေ စားဖြစ်ပါတယ်။


အန်တီဆွိတို့မိသားစု မနက် ၁၀နာရီခွဲလောက် ကထိန်ကိုရောက်သွားကြပါတယ်။ ရောက်တဲ့ အချိန်မှာ အချိုပွဲတွေ ဟင်းပွဲတွေ ပြင်ဆင်နေကြပါပြီ။

အန်တီဆွိက ပြန်ကြားရေးတာဝန်ခံယူထားတာမှို့ အဲဒီနေရာမှာ သွားမကူနိုင်အားပဲ ကင်မလာကြီး တကားကားနဲ့ ဓာတ်ပုံတွေ လိုက်ရိုက်နေရပါတယ်။ ဟင်းတွေကို မှတ်တမ်းတင်ထားတာပါ။
ကြက်မာသားဟင်း
ငါးဖယ်ဆုတ်
ပုဇွန်ချဉ်သုတ်
ဝက်ခေါင်းသုတ်

ငါးဖယ်သုတ်

ငါးကြော်နှပ်
ဝက်သားအချိုနှပ်

ရွှေထမင်း

မုန့်ကျွဲသည်း

မုန့်ကုလားမဲ
၁၁နာရီမှာ ဘုန်းဘုန်းများကို ဆွမ်းကပ်ပါတယ်။


အချိုပွဲတွေကလဲ စုံနေတာပါပဲ ခင်ဗျာ။

၁၁နာရီလောက်မှာ ဘုန်းဘုန်းများကို စတင်ဆွမ်းကပ်အပြီးမှာ အစားအသောက်များကို စတင် တည်ခင်းပါတယ်။ တန်းစီကြတာ တန်းကြီးမှ အရှည်ကြီးပဲ ခင်ဗျာ။



လာရောက်တဲ့ ပရိတ်သတ် တော်တော်များပါတယ်။ နောက်ပိုင်း ခုံတွေ မလောက်တော့ပါဘူး။


တရားပွဲမစခင်မှာ ဘုန်းဘုန်းလေး၏ တပြည့်ကျော် ကျောင်းသူကျောင်းသားများက ဘုရားစာများ ရွတ်ဖတ်ပူဇော် ပါတယ်။

ကထိန်အလှူရှင် အန်တီတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပါတယ်။
ကထိန် သင်္ကန်းအလှူရှင် စာရင်းကို ကြေငြာပါတယ်။


ဆရာတော်မှ ကထိန်သင်္ကန်းကပ်လှူရခြင်းရဲ့ အကျိုးနဲ့ တရားရေအေးတိုက်ကျွေးပါတယ်။
ကထိန်သင်္ကန်းများကို ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းကြပါတယ်။
ရိုးရာ မပျက် ဆွမ်းဆန်စိမ်းများ လောင်းလှူကြရင်း အခန်းအနားကိုရုပ်သိမ်းလိုက်ပါတယ်။

ဆစ်ဒနီမြို့မှ ကွမ်းတောင်ကိုင် လှပျိုဖြူများ ဖြစ်ပါတယ် ...း))


ရခိုင်မုန့်တီ (အာပူလျှာပူ )

ဒန်ပေါက်ပို့စ် မရေးနိုင်မီမှာပဲ အန်တီဆွိတစ်ယောက် ပြီးခဲ့တဲ့ စနေက ဘုန်းကြီးကျောင်း ကထိန်အလုပ်အကိုင်နေ့မှာ ချက်ပြုတ် လုပ်ကိုင်သူတွေကို ရခိုင်မုန့်တီလက်သုပ် နဲ့ အရည် ချက်ကျွေးခဲ့ပါတယ်။ စားကြပြီးတော့ ကောင်းတယ် ... ကောင်းတယ်  ဘယ်လိုချက်လဲဆို ချက်နည်းမေးလာတဲ့ အစ်မတွေ၊ ညီမတွေကို ဘလော့ဂ်မှာ တင်ပေးမယ်၊ အဲဒီမှာပဲ သွားဖတ်ပါလို့ ကတိပေးမိလို့ လူ ၅၀ စာလောက် အချိုးအဆလေးတွေ မမေ့မီ ကမန်းကတန်း လာတင်ပေးပါတယ်။  နောက်တစ်ခါ အိုးကြီးချက်ရင် အန်တီဆွိအတွက်လဲ အချိုးအဆလေးတွေ အမှတ်ရအောင်လို့ပါ။ 

လူ၇၀စာလောက် အိုးကြီးချက်ချင်သူများအတွက်ပါ။ ချက်တုံးက ဘလော့ဂ်အတွက်ရေးဖို့ မရည်ရွယ်တဲ့ အတွက် ပုံတွေတော့ စုံမှာမဟုတ်ပါဘူး။ 

 လက်သုတ်က လူ ၅၀ စာလောက်မှန်းပြီး အရည်ဖျော်ကလဲ လူ ၂၀-၃၀ဆယ် စာလောက်တော့ရှိပါတယ်။ စုစုပေါင်း လူ ၇၀ စာလောက်ပေါ့။

လိုတဲ့ ပစ္စည်းတွေက
Basa fillet


ငါး အသားချည်း ( basa fillet ) 6 Kg (ငါးကို ရေခဲရိုက် ခဲနေတာမဟုတ်ပဲ ပန်းရောင်သန်းနေတဲ့ ခပ်လတ်လတ်ဟာကို ရွေးဝယ်ပါ)
ငါးရိုး 2 kg (ဆယ်လ်မွန် အရိုးတွေရလို့ ၀ယ်လာပါတယ်)
မုန့်ဖတ် ၁၀ထုတ်
ပဒဲကော အစိမ်း ၃၀၀ ဂရမ်
ငရုပ်သီးစိမ်း ၂၅၀ ဂရမ်
မန်ကျည်းမှည့် အရည်ဖျော်ပြီး   ၄၅၄ ဂရမ် ၂ဗူး
မွှေးတံဆိပ် ပဲအကျက်မှုန့် ၄ထုတ်
ငပိ ၂၅၀ ဂရမ်
ကြက်သွန်ဖြူ 1.25 kg
ကြက်သွန်နီ အလုံးကြီး ၁၀လုံး
ဆီ ၂ လီတာ
ငံပြာရည် တစ်ပုလင်းခန့်
ငရုပ်သီးအရောင်မှုန့် စားပွဲဇွန်းမောက်မောက် ၂ဇွန်းခန့်
 ဂေါ်ဖီ ထုတ်ကြီး တစ်ထုတ်
နံနံ ၃၀၀ ဂရမ်
ကြက်သားမှုန့်
ငရုပ်ကောင်း

လူ ၇၀စာလောက် တစ်ယောက်တည်းချက်ရတာဆိုတော့ အဲဒီအပတ်က တစ်ပတ်လုံး နဲနဲ နဲနဲနဲ့ ကြက်သွန်ဆီချက်တာတို့ ပဲကပ်ကြော်တာတို့၊ ငါးလှော်တာတို့ကို အရင်လုပ်ထားပါတယ်။ ဟင်းရည်ချက်တာနဲ့ မုန့်ဖတ်ပြုတ်တာကိုပဲ အဲဒီနေ့ကျမှ လုပ်ရတာပါ။

ဆီချက်အတွက်
အန်တီဆွိက သုပ်တဲ့အခါ ပိုမွှေးအောင် ဆီချက်ကို ကြက်သွန် အဖြူရယ် အနီရယ် ၂မျိုးချက်ပါတယ်။ သက်သာချင်ရင်တော့ ဆီချက် အနီတစ်မျိုးထဲ ချက်လဲရပါတယ်။

ကြက်သွန်ဖြူ  ၅၀၀ ဂရမ်ကို ကြိတ်ပြီးပဲဖြစ်ဖြစ်၊ လက်နဲ့ ပါးပါးလှီးပြီးပဲဖြစ်ဖြစ် ဆီချက်ချက်ပါတယ်။ ဆနွင်းမှုန့်လေး အရောင်လှအောင်ထည့်ချက်ပါ။ ဆီ တစ်လီတာ နဲ့ ချက်ပါတယ်။

 ကြက်သွန်နီ အလုံးကြီး ၁၀လုံးကို လဲ ပါးပါးလှီးပြီး ဆီ တစ်လီတာ နဲ့ ဆနွင်းမှုန့်လေးထည့်ပြီး ဆီချက်ချက်ပါတယ်။ ကြက်သွန်နီကြော်တွေကို ဆီစစ်ပြီး ပုလင်းတစ်လုံးထဲ လေလုံအောင် ထည့်ထားပါတယ်။ ကြက်သွန်နီကြော်လေးတွေက လက်သုပ်မှာထည့်ရင် မွှေးပြီး ချိုနေပါတယ်။

ဆီနီချက်
အသုတ်သုတ်တဲ့အခါ အရောင်လှအောင် စောနက ကြက်သွန်နီ ဆီချက် တစ်ဝက်ကို မီးအေးအေးနဲ့တည်၊ ဆီကျက်ရင် ငရုပ်သီး အရောင်တင်မှုန့် ၂ဇွန်း မောက်မောက်ခန့်ထည့်ပြီး ဆီနီ ဆီချက်ချက်ထားပါ။

ပဲကပ်ကြော်အတွက်
ပဲကပ်ကြော်ကြော်နည်းကတော့ အန်တီဆွိဘလော့ဂ်မှာတင်ပြီးသားမှို့ အောက်ကလင့်ခ်မှာ သွားကြည့်ပါ။ ပဲကပ်ကြော် အခု ၃၀လောက် ကြော်ထားပါ။ အသုတ်က ပဲကပ်ကြော်ပါမှ စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စား ကောင်းပါတယ်။ ပဲကပ်ကြော်တွေကို သုတ်ရင် အလွယ်တကူသုတ်ရအောင် အဆင်သင့် ချေထားပြီး ဗူးတစ်ခုထဲထည့် အလုံပိတ်ထားပါ။

ငါးလှော်အတွက်
ပထမဆုံး ငါး ၅ ကေဂျီကို  ငံပြာရည် နနွင်းမှုန့်တွေနဲ့နယ်ပြီး အိုးကြီးကြီးထဲမှာ ပြုတ်ပါတယ်။ မွှေးအောင် ဂျင်းအနည်းငယ် ပါးပါးလှီးထည့်ပါတယ်။ ရေကို ငါးမကပ်ရုံ အနည်းငယ်သာထည့်ပါတယ်။ ငံပြာရည်က ငါး တစ်ကေဂျီကို စားပွဲဇွန်း ၂ဇွန်းခန့် ထည့်ပါတယ်။ (ကြက်သားမှုန့်ထည့်ရင်တော့ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငံပြာရည် စားပွဲဇွန်း ၁ဇွန်း ခွဲခန့် ထည့်ပါတယ်။) ၅ကေဂျီစာဆိုတော့ ကိုယ့်ဟာကို တွက်ချက်ပြီးသာ ထည့်ကြပါလေ။

ငါးပြုတ်ထားတာ  ရေဆူလာရင် မီးအေးအေးနဲ့ အဖုံးအုပ်ပြီး နာရီဝက်လောက် ပစ်ထားလိုက်ပါ။
ငါးအသားတွေအိလာပြီ ကျက်ပြီဆို ဇကာကြီးကြီးနဲ့ ရေ စစ်ထားပါ။ ရေစစ်ဖို့ အရေးကြီးပါတယ်။ ရေမစစ်ရင် ငါးကိုလှော်တဲ့အခါ ရေတွေပါတော့ အဲဒီရေတွေ ခန်းအောင်လုပ်ရတာ အတော်ကြာပါတယ်။  ရေစစ်သွားရင် ငါးတွေကို ဘလန်ဒါနဲ့ ညက်အောက်ကျိတ်ပါ။ ကျန်တဲ့ရေတွေကိုတော့ ရခိုင်မုန့်တီ ဟင်းရည်ချက်ရအောင် သပ်သပ်သိမ်းထားပါ။

ကြိတ်တဲ့ ငါးတွေထဲကလဲ ငါး တစ်ကေဂျီကိုတော့ ဟင်းရည်ထဲ ထည့်ရအောင် သတ်သတ်ခွဲ ချန်ထားလိုက်ပါ။

ကျန်တဲ့ ၄ကေဂျီကိုတော့ ဒယ်အိုးတစ်လုံးထဲမှာ  ဆီပါလေကာထည့်ပြီး ငါးကို လှော်ပေးရပါတယ်။ ငါးလှော်ရင်းနဲ့ ငါးလှော်ကိုမြည်းကြည့်ပြီး အငံပေါ့ရင် ငံပြာရည်၊ ကြက်သားမှုန့် အစရှိသဖြင့် လိုတိုး၊ ပိုလျှော့ ထည့်ပါ။ ငါးတွေ အရမ်းမကြွပ်ခင် ငါးလှော်တွေကို ကော်ထားပါ။

 ငါးဖယ်ကြော်အတွက်
ကျန်တဲ့ ငါး တစ်ကေဂျီကိုတော့ ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ဆနွင်း၊  ငံပြာရည်တို့နှင့်ရောပြီး ငါးဖယ်ကြော်လို ပြားပြီး ကြော်ထားပါ။ ပြီးရင် ပါးပါးလှီးထားပါ။

ဟင်းရည်အတွက်
ငါးရိုးတွေကို ရေဆေးပြီး ရေမြုတ်အောင်ထည့်ပြီး ပြုတ်ပါ။ ဟင်းရည်ဆူလာရင် အရိုးတွေ ပျော့လာရင် အရိုးတွေကို ထောင်း (သို့) ထုချေပြီး အချိုရည် မကျန်သည်အထိ အရည်ကို ပြုတ်လိုက် စစ်လိုက်နဲ့  အခါခါ ငှဲ့ယူထားပါ။ ငါးရိုးတွေ စစ်တဲ့ အခါ အလွန်စိတ်တဲ့ စကာနဲ့ စစ်ရင် အရိုးတွေ မပါတော့ပါဘူး။
ဟင်းအိုးကြီးကြီးတစ်လုံးထဲကို ပဒဲကောတွေကို လက်မလောက်စီ အတုံးလေးတွေတုံးထည့်ပြီး စောနက ငါးရိုးပြုတ်ရည်၊ ငါးအသားပြုတ်ရည်တွေနဲ့ ပြုတ်ပါ။ ငါးပြုတ်ပြီး ခွဲချန်ထားတာကိုလည်း ရေနှင့်အရင်ဖျော် မွှေပြီးမှ ထည့်ပါ။ ငါးတွေထောင်းထားတော့ ခဲနေမှာစိုးလို့ ရေနဲ့ အရင်ဖျော်ခိုင်းတာပါ။ ငပိကို အရည်ဖျော်ပြီး အိုးထဲကို စစ်ထည့်ပါ။ ဟင်းချိုအိုးက ငါးရိုးပြုတ်ရည်တွေနဲ့ဆိုတော့ အချိုမှုန့်ကို မလိုပဲ အလွန်ချိုနေပါပြီ။ ဟင်းရည် ပွက်ပွက်ဆူရင် ငရုပ်ကောင်းမှုန့် ၊ ကြက်သွန်ဖြူ ၇၅၀ ဂရမ်ခန့် ထောင်းထားတာကို ထည့်ပြီး ဟင်းရည်အိုး ကျသည်အထိ တစ်နာရီခန့် မီးအေးအေးနှင့်တည်ပါ။ စားခါနီး အပေါ့အငံ၊ အချိုမြည်း ငံပြာရည်၊ ကြက်သားမှုန့် အစရှိသည်တို့ကို လိုတိုးပိုလျှော့ ထည့်ပါ။ 



ငရုပ်သီးအရည်အတွက်
ငရုပ်သီးတွေကို ဘလန်ဒါနဲ့ ညက်အောင်ကျိတ် ဟင်းချိုရည်ပူပူနဲ့ ရောပြီး ရေစပ်စပ်လေးပြင်ထားပါ။

မန်ကျည်းမှည့်ရည်အတွက်
မန်ကျည်းမှည့် အရည်ဖျော်ပြီးသားဗူး။
 မန်ကျည်းရည်ကိုလည်း နဲနဲကျဲသွားအောင်ဟင်းချိုရည်အနည်းငယ်နဲ့ ရောပြီး အဆင်သင့်ပြင်ထားပါ။


 မုန့်ဖတ်ပြုတ်ရန်အတွက်
မုန့်ဖတ်ကိုလည်း ရေနွေးပွက်ပွက်ဆူအောင် အရင်ပြုတ်ပြီး ပျော့အိ လာအောင်ပြုတ်ရပါတယ်။ ပျော့လာရင် ရေနွေးကိုစစ်ချပြီး ရေအေးအေးနဲ့ အထပ်ထပ်ဆေးချပါ။

ဂေါ်ဖီ ၊ နံနံတို့ကိုလည်းပါးပါးလှီးပြီး ပြင်ထားပါတယ်။

ငံပြာရည် ပဲမှုန့်ထုတ်ကိုလည်း ဖောက်ပြီး အသုတ်သုတ်ရအာင် ခွက်တစ်ခုထဲကို အဆင်သင့် ထည့်ထားပါ။



ပွဲပြင်ရန်အတွက်

 ရခိုင်မုန့်တီ လက်သုတ်အတွက်
ပန်းကန်ထဲကို မုန့်ဖတ်ကို ၂၀၀ ဂရမ်ခန့် တစ်ယောက်စားစာထည့် ဂေါ်ဖီကိုလည်း မုန့်ဖတ် တစ်ဝက်ခန့်ထည့်ပါတယ်။ ပြီးရင် 
ငါးမှုန့် စားပွဲဇွန်း တစ်ဇွန်းခွဲ၊ 
ငံပြာရည် စားပွဲဇွန်း တစ်ဇွန်းခွဲ၊ 
မန်ကျည်းမှည့်ရည် စားပွဲဇွန်း တစ်ဇွန်းခွဲ၊ 
ပဲမှုန့် စားပွဲဇွန်း တစ်ဇွန်းခွဲ၊ 
ကြက်သွန်ဖြူဆီချက် စားပွဲဇွန်း ၂ဇွန်းခွဲ၊
ဆီနီ တစ်ဇွန်း၊ 
ငရုပ်သီး အရည်ဖျော် လဖက်ရည် တစ်ဇွန်း၊
ကြက်သွန်နီကြော် 
ပဲကပ်ကြော်
နံနံ အစရှိသည်တို့ကို ထည့်ပြီး သုတ်နယ်ပါတယ်။



အဲဒီနေ့က အလုပ်ရှုပ်နေတာနဲ့ပဲ ဓာတ်ပုံရိုက်ဖို့ကို လုံးဝသတိမရလိုက်ဘူး။ ဒီပုံတွေက အစ်မတစ်ယောက်က သူ့ iphone လေးနဲ့ ရခိုင်မုန့်တီကြိုက်တဲ့ စင်္ကာပူက ညီမလေးကို အမှတ်တရ ရိုက်ပြီး ချက်ချင်းပို့ပေးတာကို ခုလေးတင် တောင်းထားရတာ။ အန်တီဆွိသုတ်နေတဲ့ ဇလုံထဲကသာ နှိုက်စားကြပေရော့။ နောက်တစ်ခါသုပ်စားမှ သုပ်ပြီးသား ပုံလှလှ လာတင်ပေးပါမည်။

 ရခိုင်မုန့်တီအရည် အတွက်ကတော့
မုန့်ဖတ်ထည့် အရည်ထည့် ၊ ငါးမှုန့်၊ ငါးဖယ်ကြော်၊ ပဲကပ်ကြော်တို့ကိုထည့်၊ အစပ်ကြိုက်ရင် ငရုပ်သီးအရည်၊ အချဉ်အတွက် မန်ကျည်းရည်တို့ထည့် နံနံပင်လေးဖြူး စားနိုင်ပါတယ်။ အန်တီဆွိ အဲဒီနေ့က အလုပ်ရှုပ်နေတာနဲ့ အရည်ဖျော်လေးတောင် မမြည်းလိုက်ရဘူး။ မကျေပွဲ အိမ်မှာ ထပ်ချက်စားဦးမယ်။