Tuesday, June 1, 2010

နွားနိူ့ခဲပြုလုပ်နည်းနှင့် နွားနိူ့ခဲချက်

မနေ့က သူငယ်ချင်း အကြည် (ချစ်ကြည်အေး) ရဲ့ဘလော့မှာ နွားနိူ့ခဲချက်လေးတွေ့လိုက်မှ ဒီနွားနိူ့ခဲအကြောင်း ပို့စ်တင်ဖို့ သတိရပါတယ်။ ငယ်ငယ်က အဘွားအညာက ပြန်လာမှ စားရတဲ့ နွားနို့ခဲပါ။ နွားနိူ့ခဲကို မြန်မာပြည်မှာတော့ နွားမွေးတဲ့ အညာဒေသတွေမှာ ပိုပေါပါတယ်။ မုရိုးပင်ကထွက်တဲ့ မုရိုးအစေးနဲ့ လုပ်ရတဲ့အကြောင်း အဖွားပြောဘူးလို့ ရန်ကုန်အိမ်နားမှာလဲ မုရိုးပင်ရှိတာနဲ့ ရန်ကုန်မှာလဲ လုပ်စားဘူးပါတယ်။

စလုံးရောက်တော့ နွားနိူ့ခဲချက်စားချင်လို့ ချင်ချင်းတက်ပါတယ်။ မုရိုးပင်ကလည်း ဘယ်မှရှာမတွေ့တာနဲ့ သံပုရာသီးအချဉ်နဲ့ ညှစ်ပြီး နွားနိူ့ခဲအောင်လုပ်ပါတယ်။ ဟိုတစ်လောကတော့ တိုက်တိုက်ဆိုင်ဆိုင် အိမ်ဘေးက အန်းမားကြီး စိုက်ခင်းထဲမှာ မုရိုးပင်တစ်ပင်တွေ့တာနဲ့ အဆင်ပြေသွားပါတယ်။

မုရိုးပင်ကို ရုက္ခဗေဒနာမည်ကတော့ Calotropis procera gigantean လို့ခေါ်ပါတယ်။ ခရမ်းရောင်အပွင့်လေးတွေ ပွင့်ပါတယ်။ အစေးကအဖြူရောင်နဲ့ အစေးထွက်သန်တဲ့ အပင်မျိုးပါ။ အောက်ကပုံလေးကတော့ အန်းမားရဲ့ စိုက်ခင်းက အပင်လေးပါ။


မုရိုးစေးနဲ့ လုပ်တဲ့ နွားနိူ့ခဲက ပိုပျော့ပျောင်းပြီး ပိုကောင်းပါတယ်။ သံပုရာသီးနဲ့ကျတော့ နဲနဲပိုမာပါတယ်။ မုရိုးစေးမရနိူင်သူတွေအတွက်
သံပုရာသီး တစ်လုံးလောက်နဲ့ နွားနို့ခဲချက် လတ်လတ်ဆပ်ဆပ် လုပ်စားလို့ရပြီဖြစ်တဲ့အကြောင်း သက်သက်လွတ်စားသူများအတွက် ရော သတင်းကောင်းပါးအပ်ပါတယ်။ သံပုရာသီးနဲ့ ခဲပေမဲ့ အချဉ်အရသာလုံးဝမရှိပါဘူး။ အောက်ကပုံတွေကတော့ သံပုရာသီးနဲ့ လုပ်တဲ့ နွားနိူ့ခဲ ပုံတွေပါ။

နွားနို့ ၂လီတာဘူးကြီးတစ်ဘူးဝယ်ပါတယ်။



သံပုရာသီး အရွယ်လတ် တစ်လုံးခွဲလောက်ကို အစေ့များဖယ်၍ အရည်ချည်း သတ်သတ်ရအောင် ညှစ်ထားပါတယ်။
အိုးဇောက်နက်နက်ထဲနွားနို့ထည့်ပါတယ်။ သံပုရာရည်ကိုလည်းထည့်ပြီး တစ်မိနစ်လောက် နှံ့အောင်မွှေပါ။ (ဒီနေရာမှာ မုရိုးစေးဆိုရင်တော့ အပင်မှ လတ်လတ်ဆပ်ဆပ်ခူးထားတဲ့ မရိုးကိုင်းလေးတွေက အစေး ၃-၄စက်လောက် နွားနိူ့အိုးထဲချပြီး နှံ့အောင်မွှေပေးရပါတယ်။)

မီးအနေတော် (Medium) လောက်မှာ နွားနို့အိုးတည်ပြီး ဇွန်းနဲ့ အဆက်မပျက်မွှေပေးပါတယ်။



နွားနို့ပွက်ပွက်ဆူလာရင် ဝေကျမှာစိုးလို့ မီးနည်းနည်းလျော့ပြီး ဆက်မွှေပါ။ (ပထမ အနယ်မကျလို့ စိတ်မပူပါနဲ့။ ပွက်ပွက်ဆူမှ အနယ်က စကျမှာပါ၊) နွားနို့ဖတ် အဖတ်အဖတ်ကလေးများ အနည်ကျကာ အရည်သတ်သတ်၊ အဖတ်သတ်သတ်ဖြစ်လာရင် အိုးမီးဖိုပေါ်မှချပါ။ ဆား လက်ဖက်ရည်ဇွန်းမောက်မောက်လောက် ထည့်ပြီး မွှေပေးပါ။

လက်သုတ်ပုဝါလို ပိတ်ကြမ်းစကို အောက်မှာခံပြီး အဖတ်တွေကိုစစ်ယူပါ ...


အရည်တွေကိုလည်း လွှင့်မပစ်ပါနှင့် ... အရည်ကလဲချိုပါတယ် ... သောက်လို့ရပါတယ် ... နောက် ဟင်းချက်ရင် ဒီအရည်လေးတွေ ထည့်ချက်တော့ ပိုကောင်းပါတယ်။

နွားနို့ဖတ်တွေ စစ်ယူထားတဲ့ အဝတ်ကို အပေါ်ကကြိုးနဲ့စည်း အောက်ကအမာတစ်ခုခံ အပေါ်က ငရုပ်ဆုံလို လေးတာနဲ့ ဖိပြီး ရေစစ်ပြီးခဲတဲ့အထိစောင့်ပါ ... ညကဖိထားရင် မနက်ခင်းကျရင် တော်တော်မာပြီးခဲနေပါပြီ ... နေ့ခင်းလုပ်တယ်ဆိုရင်တော့ ၃-၄နာရီလောက်ဖိရင်ကို ရပါတယ်။

နွားနို့၂လီတာလောက်လုပ်မှ ပဲပင်ပေါက်နဲ့ကြော်တဲ့ပဲပြားတစ်ခုစာလောက်ပဲရပါတယ် .


ကြာရှည်ခံပြီး ပိုမွှေးသွားအောင် ဒယ်အိုးထဲ ဆီပါလေကာထည့်ပြီး လှိမ့်ပါတယ်။


ပြီးရင် ဟင်းချက်ဖို့ အဆင်သင့်ဖြစ်အောင် အတုံးလေးတွေတုံးထားပါ။


နွားနို့ခဲချက်နည်း

လိုတဲ့ပစ္စည်းတွေက ...
ခုနက ခဲထားတဲ့ နွားနို့ခဲလေးတွေကို လက်မဝက် ပတ် လည်လောက်
အတုံးလေးတွေလှီးပြီးဆား၊ ပဲငံပြာရည်အကြည်ရည်နဲ့ အသာနယ်ထားပါ ...
ကြက်သွန်နီ အလုံးကြီးတစ်လုံးလောက်ကို ပါးပါးလှီးထားပါ ...
ကြက်သွန်ဖြူ၅မွှာလောက် ညက်ညက်ထောင်းထားပါ ...
ခရမ်းချဉ်သီး အလုံးကြီး ၅လုံးလောက် လှီးထားပါ ...
ငရုပ်သီးအစိမ်း ၃တောင့်လောက်ထက်ခြမ်း ခြမ်းထားပါ ...
နံနံပင် ၃-၄ပင် ထက်ပိုင်းချိုးထားပါ ...
ငရုပ်သီးအရောင်တင်မှုန့် ဟင်းချိုသောက်ဇွန်းနဲ့တစ်ဇွန်း ...

ဆီ ဇွန်းကြီး ၁ဇွန်းခွဲလောက်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်တင်ပါ ...
ဆီကျက်ရင် ဆနွင်းမှုန့်လေးနဲနဲထည့်ပြီး လှီးထားတဲ့ကြက်သွန်နီတွေထည့်ပါ ...
ကြက်သွန်နီနွမ်းရင် ကြက်သွန်ဖြူထောင်းထားတာလေးတွေပါရောပြီး ဆီသတ်ပါ ...
ရွှေဝါရောင်သန်းပြီး မွှေးလာရင် မီးနည်းနည်းလျှော့ပြီး ငရုပ်သီးအရောင်တင်မှုန့်ထည့်ပါ ...
ငရုပ်သီးမတူးခင် ခရမ်းချဉ်သီးလှီးထားတာလေးတွေထည့်ပြီး ခရမ်းချဉ်သီးနွမ်းလာရင် နွားနို့ခဲလေးတွေထည့်၊ ပဲငံပြာရည်၊ ဆား၊ အချိုမှုန့် သင့်သလိုထည့်ပြီးးခရမ်းချဉ်သီး အနှစ်ထဲမှာ နွားနို့ခဲလေးတွေ မြုတ်အောင်အသာလေးမွှေပေးပါ ...
ရေခမ်းပြီးဆီသံဖျစ်ဖျစ်ကြားရင် ခုနကစစ်ထားတဲ့နွားနို့အရည်နဲနဲထပ်ထည့်ပြီး နွားနို့ခဲလေးတွေထဲ ဆားအချိုမှုန့်ဝင်သွားအောင် ၅မိနစ်လောက် ထပ်ထည်ပါ ... ရေခမ်းခါနီးရင် ငရုပ်သီးစိမ်း ...နံနံပင်လေး အပေါ်ကအုပ် ပြီးချလို့ရပါပြီ ...

ဟင်းချက်တဲ့ပုံလေးတွေ တင်ပေးလိုက်ပါတယ်။
ဗူးညွန့်၊ပြည်ပန်းညို၊ ဒန့်သလွန်ညွန့် အစရှိသဖြင့် ဟင်းရွက်မျိုးစုံနဲ့ချက်ထားတဲ့ ဟင်းရွက်စိမ်းဟင်းချိုနဲ့ လိုက်ဖက်ပါတယ်။




နွားနို့ခဲကို ကြက်သွန်ဖြူနီလေးနဲ့ ကြော်ချက်လေးလုပ်စားလဲ ဆိမ့်ဆိမ့်လေး စားကောင်းပါတယ်။

19 comments:

  1. အချိန်ရရင် လုပ်ကြည့်မယ်..အမ..

    အမ..မလိုင်ပြားလေ.. ဟိုပြည်က လုပ်တဲ့မလိုင်ပြား အဲဒါဘယ်လိုလုပ်လဲဟင်။

    ReplyDelete
  2. မြတ်နိုးရေ ... လာအားပေးတာ ကျေးဇူးနော်။ မလှိုင်ပြားတော့ စားတောင်မစားဖူးပါဘူး ညီမရေ ... အညာကထွက်တဲ့ မလှိုင်လုံး လေးတွေတော့စားဘူးတယ်။ နောက်မှ အိမ်ကို ဖုံးဆက်မေးကြည့်ပေးမယ်။

    ReplyDelete
  3. တီဆွိရေ.. တစ်ခေါက်တော့ သံပုရာသီးနဲ့လုပ်ဖူးတယ်။
    ချက်စားဖို့လောက်အောင် များများရဘူးရယ်။
    မုရိုးနဲ့လုပ်တာပိုစားကောင်းမယ်ထင်တယ်။
    ရန်ကုန်မှာရောင်းတာလေ..
    တီတီဆွိလုပ်ထားတဲ့ အညိုရောင်သန်းတဲ့ပုံလေးနဲ့ တစ်ထေရာတည်း...
    တော်တာ..

    ReplyDelete
  4. ဟုတ်တယ် တီဆွိ ရေ အညာနွားနို့ခဲ နဲ့ တပုံထဲဘဲ အရသာလည်း အတူတူ ဘဲထင်ပါတယ် ကျနော်တို့ အညာမှာတော့ မရိုးပင် ဟာ အလေ့ကျ ပေါက်ပင်ပါ
    ဒါပေမဲ့ အခု သံပရာသီးနဲ့ လုပ်တော့လည်း တပုံထဲဘဲဆိုတော့ အားလုံး အဆင်ပြေသွားတာပေါ့
    ဒိန်ချဉ်လုပ်သောက်ချင် ရင်လည်း ဆိုင်က ဒိန်ချဉ်ဝယ်သောက်ပြီး နဲနဲ ခွဲထားတာကို အလျှင်ထားပြီး နွားနို့ ထပ်ထပ်ဖြည့် သွားရင် နေ့တိုင်း ဒိန်ချဉ်သောက် လို့ရပါတယ်

    ReplyDelete
  5. နို့ခဲချက် အရမ်းကြိုက်တယ် တီတီဆွိရေ။ လုပ်နည်းလိုက်ရှာနေတာ ဘယ်မှာမှ မတွေ့လို့။ အားမှ စမ်းလုပ်ကြည့်ဦးမယ်။ ကျေးဇူးတင်လိုက်တာရှင်။

    ReplyDelete
  6. စားဖူးဘူးတော့.. စားချင်စရာလေး.. လုပ်ကြည့်ဦးမယ်..

    ReplyDelete
  7. လုပ်ကြည့်မယ် ဗျို့ 

    ReplyDelete
  8. အရင်ကတော့ တခါစားဖူးတယ်... အဲဒီတုန်းကတော့ ကြိုက်ဖူး... ခုတော့ မမလုပ်ထားတာ စားချင်စရာလေးနော်... စမ်းလုပ်ကြည့်ဦးမယ်... တခါလောက်... နောက်ပြီး ညောင်ရွက်သုတ်လား... ဥာဏ်ရွက်သုတ်လားမသိ အညာမှာ တော်တော်လေး စားကြတယ်နော်....

    ReplyDelete
  9. မမရေ တခါထဲ လင့်ထားခွင့်ပြုပါလို့... မမတို့ဆီအမြဲ မကြာမကြာရောက်ပေမယ့် လာချင်ပြီဆို ရှာရရော... ရှာနေရင်းနဲ့ တခြားတွေ တောင်ေ၇ာက် မြောက်ရောက်ဖြစ်နေတာ... လင့်ခွင့်ပြုပါနော်မမ...

    ReplyDelete
  10. ငယ်ငယ်တုန်းကတော့ လုံးဝမကြိုက်ခဲ့ဘူး...နွားနို့မှ မကြိုက်တာကိုး..ခုတော့စားပါတယ်...(နွားနို့ခဲသည်တွေက မိတ္ထီလာကနေ လာလာရောင်းကြတယ်လေ..)
    ဒီမှာတော့ သိုးနဲ့ ဆိတ် နို့ခဲလေးတွေ လုပ်ပြီးသားရှိတယ်....ကိုယ်တိုင်လုပ်လို့ရတော့ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့နော်

    ReplyDelete
  11. ဟာ အတော်ပဲ မရိုးပင်မရှိလို့ ဘာနဲ့လုပ်ရမှန်းမသိဖြစ်နေတာ
    နနို့ခဲလုပ်စားလိုက်အုန်းမယ်၊ အရေလေးနဲ့ နနို့ခဲအစိုကို ထညက်ရည်လေးနဲ့
    သောက်ရတာသိတ်ကြိုက်တာပဲ

    ReplyDelete
  12. အားငယ်လိုက်တာ...
    လုပ်တတ်ဖို့ ဝေးလို့ တခါမှတောင် မစားဖူးဘူး ထင်တာပဲ...
    ဒါမှမဟုတ် မေမေတို့ ကျွေးတုန်းက ကိုယ် မကြိုက်လို့ပဲ မစားမိတာလား မသိဘူး... မမှတ်မိတော့ဘူး...

    အားရင် စမ်းလုပ်ကြည့်အုံးမယ်... ဘယ်လိုနေမလဲ စားကြည့်ချင်လို့...
    နည်းလေးပြောပြတာ ကျေးဇူး သူငယ်ချင်း...း))

    ReplyDelete
  13. အမ..မလိုင်ပြားအရမ်းကြိုက်တာ.. မလိုင်လုံးကျမကြိုက်ပြန်ဘူး။
    အမရေ..ကျေးဇူးပဲနော်။

    အမလုပ်ထားတဲ့နို့ခဲ နောက်လကျ အားသွားမှစမ်းကြည့်မယ်။ အမှန်က နို့ခဲကဒီလောက်ကြိုက်ဘူး။ ဂျပန်တွေလုပ်ကျွေးမလားလို့..။
    အမနို့ခြောက်လဲစားကောင်းတယ်။

    ReplyDelete
  14. အစ်မရေ..

    “ဆီပါလေကာထည့်”ဆိုတာလေးပါလို့ သဘောကျပြီး ပြုံးသွားတယ်။ ညီမတို့ အရပ်ကလည်း အဲလိုမျိုး ပြောတတ်လို့လေ..

    အရင်က အဘိုးတို့အိမ်မှာ နို့စားနွားမတွေ မွေးတုန်းက နွားပေါက်လေးမွေးရင် အရင်ဆုံးရတဲ့ နို့ဦးရည်က နို့နုတော့ နို့ခဲတယ်လေ..။ ဒါနဲ့ နို့ခဲကို အိမ်နားနီးချင်းတွေ လျှောက်ဝေ၊ ဟင်းချက်ပြီး ဘုန်းကြီးကျောင်းပို့လုပ်ရတယ်။ တပတ်လောက်တော့ နို့ခဲစားရတယ်။ တပတ်ကျော်ရင်တော့ ပုံမှန်နွားနို့အဆင့်လောက် နို့က ကြဲသွားတော့ နွားနို့ဝယ်တဲ့နေရာကို ရောင်းရတယ်လေ..။ အခုတော့ အဘိုးတို့လည်း မရှိတော့ဘူး။ နွားနို့ခဲလည်း မစားရတော့ဘူး..။

    အမှတ်တရပဲ.. ကြုံရင်လုပ်စားဦးမယ်။ ရေးပေးတာ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  15. ဒီပို့စ်ဖတ်ပြီး ကော်မန့်တောင် မရေးပဲ ကမန်းကတန်း ပြန်ပိတ်ထားလိုက်တာ...
    ဒါတောင် အလျဉ်မမီဘူး...ကိုဧရာလေ နွားနို့ဗူးရော၊ သံပုရာသီးရော ၀ယ်လာပြီ...ကယ်ကြပါဦး ဘလော့ဂ်ကတို့ရေး))

    ReplyDelete
  16. ဟားဟား ... အစ်မသီတာ .... ရယ်ရတယ် ... ကိုဧရာက မန်းလေး အထက်ဖက်ကဆိုတော့ ကြိုက်မှာပေါ့ ... လုပ်ပေးလိုက်ပါအစ်မရယ်

    ReplyDelete
  17. ဝမ်းသာတယ် ...သီတာ့အတွက်...ဟိဟိ...။

    ဟမ် တို့လည်း ဘာထူးတုန်း...၊ နည်းမသိချင်ယောင်ဆောင်ပြီး မန်းလေးကို မှာလို့ ရတော့ဘူး ...။ လုပ်ကြည့်ပါမည် အဆင်ပြေလျှင် ပုံနှင့်တကွ ပို့အသစ်တပုဒ် ထပ်မံတင်ပါမည်....ခိခိ..

    အောင်မြင်ပါစေ...!

    ReplyDelete
  18. နွားနို့ ခဲက အကြိုက်ဆုံးထဲပါတယ် ဆွိရဲ့... အညာမှာ မရိုးပန်းအစေးနဲ့ လုပ်တာသိတယ်.. သံပုရာသီးနဲ့ လုပ်လို့ ရတာ ဆွိပြောမှ သိတော့တယ်...တို့ က နွားနို့ နဲ့ သံပုရာသီးမတည့်ဘူးလို့ ထင်နေတာ...စမ်းကြည့ှ်ုဦးမယ်

    ReplyDelete
  19. ကျေးဖူးတင်ပါတယ် နောင်လဲအားပေးပါအုံးမယ်
    ဦးဦး ပခုက္ကူ

    ReplyDelete