Thursday, October 28, 2010

ပေါ့ပေါ့ပါးပါး အပိုင်းအစများ ...

ပို့စ်အသစ်လဲ တင်ဖို့မအားတာနဲ့ အရင်တင်ဖူးခဲ့တဲ့ ပို့စ်အပိုင်းအစလေးတွေ တင်ပေးလိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးပေါ့း))
------------------------------------------------------------------------------------------------------------------------
အဒေါ်ကြီးဇာတ်လမ်း
မဆွိတီတို့ ငယ်ငယ် ၅နှစ်၊ ၆နှစ်လောက်က အိမ်ဘေးမှာ မအုန်းကြည်ဆိုတာရှိတယ်။ အိမ်ထောင်ကျပြီးကာစ အသက် ၂၅-၂၆ လောက်ရှိမှာပေါ့။ အဲဒီမအုန်းကြည်ဆို အဒေါ်ကြီး ကြီးလှပြီ မှတ်နေတာ။ ခေါ်တာကလည်း ဒေါ်မအုန်းကြည် ... ဒေါ်မအုန်းကြည် နဲ့ မှတ်မိနေတာ။ အသက် ၄၀လောက်ဆိုရင်တော့ ဘာပြောကောင်းမလဲ အဘွားကြီးတွေပေါ့။

ဟော ကိုယ်လဲ အသက် ၂၀လောက်ရောက်ရော အသက်၄၀ ဆိုတဲ့ အရွယ်က အဒေါ်ကြီးတွေ ဖြစ်ပြန်ရော။ ဘီးဆံပတ်ကြီးပတ်လို့၊ အင်္ကျီခါးတို လက်ပြတ်၊ ပါတိတ်ထမီ တပတ်နွမ်းနဲ့ ပိုသီဖတ်သီ၊ ၀၀ဖိုင့်ဖိုင့် အဒေါ်ကြီးတွေ ရပ်ကွက်ထဲမှာ တွေ့နေရတာပဲ။ ကြီးလှပြီထင်နေတာ။

ကိုယ်လဲ အသက်၄၀ လောက် အရွယ်ရောက်ရော ကိုယ့်ကိုယ်ကို အဒေါ်ကြီးလို့ တစ်ခါမှ မထင်ဘူးပေါင်။ အန်တီဆိုတာ နှုတ်ကျိုးနေရမဲ့ အရွယ်မှာ အစ်မတွေ ညီမတွေနဲ့ ပြောကောင်းတုံးရှိသေးတယ်။ ငယ်ချင်လွန်းလို့လဲမဟုတ်။ ပြောနေကျစကားတွေ၊ ခိုင်းနေကျ နာမ်စားတွေ ရုတ်တရက်ကြီးပြောင်းလို့က မရနိုင်ဘူးဖြစ်ရတယ်။

ညီမရယ် ... အစ်မကလေ ... ဆိုပြီး အောက်ထပ်က ဗမာဆိုင်က အသက် ၂၀လောက် ခလေးမလေးကို ပြောမိတော့ သူကလဲ အန်တီ ... အန်တီနဲ့ ဇွတ်ကိုပဲ တိုးတော့တာပဲ။ လက်နက်မချဘူးဆိုတဲ့သဘော။ ကိုယ်ကလဲ နှုတ်ကိုမကျိုးတော့ အလံဖြူမပြ။ ညီမ ... အစ်မနဲ့ပဲ ခက်ခဲ့ရတယ်။

နောက်ပိုင်းတော့ ကြိုးစားပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဒေါ်ကြီးလို သဘောထား။ အန်တီကလေ ... အန်တီကလေ ... လို့ ပြောနိုင်ဘို့အရေး။ ။
-----------------------------------------------------------------------------------------------------------------
တိုတက်သွားသော ဆံစများအကြောင်း
ကိုယ့်ရှေ့ဆံပင်က ဘေးတို့ အလည်တို့ ခွဲရင် ကိုယ်နဲ့မလိုက်လို့ဆိုပြီး ငယ်ငယ်ကထည်းက နဖူးပေါ်အုပ်ပြီး အဖြောင့်ထားတယ်။ သမီးကျတော့လဲအတူတူပဲ။ အဲဒီတော့ သားအမိ၂ယောက်လုံး အဲရှေ့ဆံပင်တွေ ရှည်လာရင် မျက်စိထဲကို ဖုံးတော့တာပဲ ။ ဒီတော့ရှေ့ဆံပင်ရှည်လာရင် ကတ်ကြေးအကျဲလေး တစ်ချောင်းဝယ်ထားပြီး ကိုယ့်ဟာကိုယ်ပဲ ညှပ်လိုက်တာပဲ။ ဆိုင်မှာတော့ သွားညှပ်မနေတော့ဘူးပေါ့။ နောက်မှို့ တစ်လတစ်ခါလောက် ဆိုင်သွားနေရမှာကိုး။

ကိုယ်ကဆံပင်ညှပ်သမားမှ မဟုတ်တော့ တစ်ခါတစ်လေလဲ အဆင်ပြေတဲ့အခါရှိတယ်။ တစ်ခါတစ်လေလဲ ညှပ်ရင်းတိုသွားတာရှိတယ်။ မညီတာရှိတယ်။ မျိုးစုံပဲ။ ဟိုအရင်တစ်ခါက သမီးဆံပင်ကို ညှပ်လိုက်တာ အတော်တိုသွားတယ်။ သမီးက ခလေးဆိုတော့ အတိုလေးနဲ့ ရယ်စရာ ငုံးစိစိလေးဖြစ်နေပေမဲ့ ချစ်စရာလေးလို့ ထင်နေတယ်။ ကိုယ်က ညှပ်သူကိုး။ သူ့အဖေနဲ့ ကြီးတော်ကတော့ ကိုယ့်ကို မကျေနပ်ကြဘူး။ သူတို့သမီး၊ သူတို့တူမ ကိုယ်လုပ်လို့ ရှေ့ဆံပင်ကြီးပြောင်စပ်စပ်နဲ့ ရုပ်ဆိုးလိုက်တာဆို ဆိုကြ ပြောကြတယ်။ ကိုယ့်မျက်စိထဲတော့ သမီးကို အဲလောက်ရုပ်ဆိုးတယ် မထင်ပေါင်။

ပြီးခဲ့တဲ့ အပတ်ကတော့ သမီးမွေးနေ့ ဗီဒီယိုထဲမယ် ကိုယ့်ရှေ့ဆံပင်တွေက မသပ်မရပ်နဲ့ မျက်စိထဲ ၀င်လုမှို့ ကိုယ့်ဆံပင်ကိုယ်ညှပ်လိုက် တာ နဲနဲအရှိန်လွန်သွားတယ်။ တော်တော်တိုသွားတယ်ပေါ့လေ။ မှန်ကြည့်လိုက်တိုင်း ရှေ့ဆံပင်က တိုတို ပြောင်စပ်စပ်နဲ့ ဖြစ်နေတာ ကြည့်ပြီး စိတ်ပျက်လိုက်တဲ့ဖြစ်ချင်း။

အဲလိုရှေ့ဆံပင်ရှည်လာရင် ဘယ်လိုဖြေရှင်းကြသတုံး။ ကိုယ့်ဟာကိုယ်ပဲ ညှပ်ကြသလား။ အဲလို တိုသွားတာမျိုးရောဖြစ်ဘူးကြပါသလား။


ဤပုံကို အင်တာနက်မှ ရှာထားပါသည်။


ဒါကတော့ မဂျူဂျူးငယ်ငယ်ကပုံ။(ထပ်ဖြည့်ထားခြင်းဖြစ်ပါသည်။ လက်ရာကို ခန့်မှန်းလို့ရအောင်း))

Sunday, October 24, 2010

ခေတ်သစ် သုံးပွင့်ဆိုင် ဇာတ်လမ်း ...

ဦးမောင်ခြိမ့်ရေးထားတဲ့ ပို့စ်ကို အနည်းငယ်တည်းဖြတ်ပြင်ဆင်ပြီး တင်ပေးလိုက်ပါသည်။
----------------------------------------------------------------------------------------------------------------------


original picture link


ဒီနေ့တော့ ဖုန်းမဆက်ဖြစ်တာကြာပြီဖြစ်လို့ ကျွန်တော့်အကို မိသားစုဆီကို ဖုန်းဆက်ဖြစ်လိုက်တယ်။ ပထမပိုင်းမှာတော့ မိသားစု ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးအကြောင်းတွေ ပြောဆိုကြပြီးတော့ နောက်ပိုင်း ကျွန်တော့်အကို တစ်ယောက် လတ်တလောကြုံတွေရတဲ့ အဖြစ်အပျက်တခုကို ကျွန်တော်မရီးက နတ်သံနှောလို့ ဖောက်သည်ချပါလေရဲ့။ မရီးပြောပြတဲ့ ဇာတ်လမ်းကို နားထောင်ပြီး ကျွန်တော် ရယ်သွမ်းသွေးမိပါတယ်။ ဒါထက်ပိုလို့ ဆက်တွေးလိုက်တော့ စိတ်လည်းမကောင်းဖြစ်သွားမိတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ဒီလိုမျိုးတွေ တကယ်ပဲ ဖြစ်နေပြီလား ဆိုတာပေါ့။

ကျွန်တော်ဇာတ်လမ်းအစုံ ပြောပြပြီးမှပဲ ဆက်လက်ဆွေးနွေးပါ့မယ်။
==========================================================

ပထမဆုံး ဇာတ်လမ်းမပြောပြခင် ကျွန်တော်အကိုနဲ့ ပါတ်သက်ပြီး သိအောင်ပြောပြရရင် အသက် ၄၄ နှစ်ရှိတဲ့ ဆရာဝန်တစ်ယောက်ပါ။ သူက ဆေးကုသရေးမှာ မဟုတ်တော့ပဲ အုပ်ချုပ်ရေးလိုင်းထဲ ၀င်ရောက်သွားလို့ အခုဆိုရင် ဌာနတခုမှာ အရာရှိတစ်ယောက်အနေနဲ့ နဲ့လုပ်ကိုင်နေပါတယ်။ အဖြစ်အပျက်က တယ်လီဖုန်းနဲ့ ဖြစ်သွားတဲ့ အတွက်ကြောင့် တယ်လီဖုန်း စကားပြောခန်းနဲ့ပဲ ပြန်လည် သရုပ်ဖော်ပါရစေ ...


ကလင်... ကလင်... ကလင် ...))))))

မောင်ခြိမ့် အကိုသည် အိမ်၌ဖွင့်ထားသော ဆေးခန်းလေးတွင် ထိုင်နေစေ။ မောင်ခြိမ့် မရီးသည် ထမင်းစားခန်းထဲတွင် အိမ်မှုကိစ္စများလုပ်ကိုင်နေစေ။

မောင်ခြိမ့် အကိုသည် ဆေးခန်းထဲမှ တယ်လီဖုန်းကို ကောက်ကိုင်လိုက်စေ။ မောင်ခြိမ့် မရီးသည် ထမင်းစားခန်းထဲတွင်ရှိသော တယ်လီဖုန်း စကားပြောခွက်ကို ကိုင်လိုက်စေ။ ထိုသို့ တယ်လီဖုန်းကိုင်ချိန်မှာ တပြိုင်နက်ဖြစ်သည်။

မောင်ခြိမ့် အကို ။ ။ ဟယ်လို အမိန့်ရှိပါ။ ကျွန်တော် မောင်__ စကားပြောနေပါတယ်။

အမျိုးသမီးတဦး။ ။ ကိုကိုလားဟင်... ကိုကိုနဲ့တွေ့ဖို့ ဖုန်းဆက်လိုက်ရတာ အခုမှပဲ တွေ့ရတော့တယ်။

မောင်ခြိမ့် အကို ။ ။ ခင်ဗျာ ... ဖုန်းမှားနေပါတယ်ခင်ဗျာ။ ကျွန်တော် ကို__ ပါ။ ခင်ဗျားပြောတဲ့ ကိုကို မဟုတ်ပါဘူး။

အမျိုးသမီးတဦး။ ။ ဖုန်းမမှားပါဘူး ကိုကိုရယ်။ ကိုကို့ကို သိပါတယ်။ ကိုကိုက သား ၄ ယောက် မွေးထားတယ်။ သားအကြီးက ဆေးတက္ကသိုလ်တက်နေတယ်။ ကိုကို က __ဌာနမှာ အလုပ်လုပ်တယ်လေ။

မောင်ခြိမ့် အကို ။ ။ (သူမပြောနေသည်မှာ မှန်နေသည် ဖြစ်သည့် အတွက်ကြောင့် တိတ်ဆိတ်စွာ နားထောင်စေ ...)

အမျိုးသမီးတဦး။ ။ ကိုကို့မှာ အိမ်ထောင်ရှိမှန်း သိပေမဲ့ မီး လေ ကိုကို့ကို ချစ်လို့ ဆက်သွယ်တာပါ။ မီး ဆိုတာ မီးနာမည် မျက်ဝန်းညိုပါ ကိုကို။ မီးလေ ကိုကို နဲ့တွေ့ချင်ပါတယ်။ ကိုကို မီးကို တွေ့ခွင့်ပေးမလားဟင်။

မောင်ခြိမ့် အကို ။ ။ ၀မ်းနည်းပါတယ်ဗျာ။ ကျွန်တော့် အနေနဲ့ အိမ်ထောင်သည်ဖြစ်တဲ့အတွက်ကြောင့် မဖြစ်နိုင်ပါဘူး။ တောင်းပန်ပါတယ်။ ဒါပါပဲခင်ဗျာ။

(မောင်ခြိမ့် အကိုမှ ဖုန်းချလိုက်သည်။ ထိုစဉ် မောင်ခြိမ့် မရီးမှာ ဖုန်းကိုင်ထားဆဲ ဖြစ်သောကြောင့် မတိမ်မစောင်း ဗိန်းမောင်းတီးကာ ဘီလူးဆိုင်းနှင့် ၀င်ရောက်ပါတော့သည်။ ကျွန်တော်မရီးပြောသည့်အတိုင်း တသွေမတိမ်း ရေးလိုက်ရပါသည်။)

မောင်ခြိမ့် မရီး ။ ။ဟဲ့ကောင်မ.. ညည်းက ငါ့ယောက်ျားကို ...... ..... ..... #%^)*&&^%$$#@!$^*)))(*&%$#Q@%^&**....
.... ... .... .... ... .... .... .... ....

ထိုနေ့က မောင်ခြိမ့် အကို၏ အိမ်တွင် အိမ်တွင်းစစ်ပွဲငယ်တခု ဖြစ်သွားပါသည်။

ထိုမျှနှင့် မပြီးသေး။ ထိုသို့ ပွဲကြမ်းပြီး ၄ ရက်အကြာတွင် ထိုအမျိုးသမီးက ဖုန်းဆက်ကာ ကျွန်တော့်မရီးကို နာမည်ခေါ်၍ " မမ__ ရယ်.. မမကို မီးတောင်းပန်ပါတယ် ..." ဟု ပြောသေးသည်လို့ သိလိုက်ရပါတယ်။

ထိုမျှနှင့်လည်း မပြီးသေးပါ။ အကိုဖြစ်သူ ရုံးကိစ္စတစ်ခုနှင့် အဝေးပြေးကားဖြင့် ခရီးထွက်ရတော့ ဘေးခုံမှာထိုင်သူသည် အနှီမိန်းခလေး ဖြစ်နေပါသည်တဲ့။ ဘယ်ကနေ ဘယ်လိုစုံစမ်းပြီး ကားလက်မှတ်ကိုပါ အတူကျအောင် ၀ယ်ထားရပါသနည်း။ (မရီးဖြစ်သူမှာ ဖုန်းဆက်ပြီးပြီးချင်း နောက်တစ်နေ့ပဲ အနှီမိန်းခလေး မည်သူမှန်း စုံစမ်းသိရှိခဲ့ပြီးပါပြီ ။) ကျွန်တော့ မရီးခမျာ ကားဂိတ်လိုက်ပို့တော့ ဘီလူးဆိုင်း တစ်ခါထွက်ကာ ယောက်ျားဖြစ်သူကို အိမ်ပြန်ခေါ်ခဲ့ရပါတော့တယ် ခင်ဗျာ ...

=======================================================================
အဲဒီ အဖြစ်အပျက်က တကယ်ဖြစ်သွားတာပါ။ ကျွန်တော် ဖုန်းပြောရင်း ရယ်မိပါတယ်။ စိတ်လည်း မကောင်းမိပါဘူး။ မြန်မာပြည်မှာ တချို့တွေဟာ အိမ်ထောင်ရှိမှန်းသိလျက်နဲ့ အခုလို ဖြစ်နေပြီဆိုတော့ စာရိတ္တမဏ္ဍိုင် တော်တော်ပဲ ညှိုးနွမ်းနေပြီလား။

တကယ်တော့ မောင်ခြိမ့် အကိုက တခါမှ ဒီလိုအဖြစ်မျိုး ဖောက်ပြန်တတ်သော၊ အငယ်နှောင်းထားသော သူများတွင် မပါဝင်ပါ။

ဒါဆိုလျင် ထိုသို့သော မိန်းကလေးများတွင် လွပ်လပ်သော ယောက်ျားပျိုလေးများကို ချဉ်းကပ်ပါလား။ မတော်တည့်မှန်း၊ အပြစ်ရှိမှန်းသိလျက်နဲ့ တမင်တကာပဲ အလွယ်လမ်းကို လိုက်နေကြပြီလားလို့ တွေးမိပါတယ်။

တကယ်ဆိုရင်တော့ မောင်ခြိမ့်အကိုက မချမ်းသာပါဘူး။ သား ၄ယောက်နှင့် ဘ၀ကို စားနိုင်သောက်နိုင်အောင် ရုန်းကန်နေရတဲ့ သာမန် ဘ၀ပါ။ နှစ်ပေါင်း ၂၀ နီးပါး လုပ်လာမှ ပေ၄၀၊ ပေ၂၀ ပျဉ်ထောင်အိမ်လေး တစ်လုံးပဲ ပိုင်တာပါ။ ကားမရှိပါ။

ဒါဆိုရင် ထိုမိန်းကလေးက ဘာများမက်မောစွာ လိုက်နှောက်ယှက်နေပါသလဲ ဆိုတာ ကျွန်တော်တို့ မိသားစုအတွင်း ခေါင်းခဲရပါတယ်။ လွန်ခဲ့သော ၄ လလောက်က ကျွန်တော်မရီးတော်မှာ သူမရဲ့သားများကို ရှေးခေတ် မိန်းခလေးများထိမ်းသိမ်း သကဲ့သို့ လိုက်စောင့်ရှောက်နေရတယ်လို့ ပြောဖူးပါတယ်။ အခုတော့ ကျွန်တော်မရီး ခမျာ သူ့ရဲ့ ၂၃နှစ်ကြာ ပေါင်းသင်းလာတဲ့ လင်တော်မောင်ကိုပါ မျက်လုံးဒေါက်ထောက် ကြည့်နေရတော့မဲ့ ဘ၀ ရောက်နေပြီတဲ့လေ။

မိန်းခလေးတွေ ကိုးရီးယားကား အကြည့်များလို့ အတုခိုး လွဲကုန်တာလား။

အချစ်ဝထ္ထုတွေ ဖတ်ပြီး စိတ်ကူးယဉ်တာတွေ သိပ်များသွားတာလား။

ခုခေတ် မိဘ၊ဆရာတွေရဲ့ ဆိုဆုံးမမှု၊ ဘာသာတရားရဲ့ ဆိုဆုံးမမှုတွေမှာ အားနည်းကုန်လို့လား။

အငယ်အနှောင်းပဲဖြစ်ရဖြစ်ရ ဆရာဝန်တစ်ယောက်ကို ယူလိုက်ရင် အနည်းဆုံး ဘ၀အာမခံချက်တော့ ရှိပြီဆိုတဲ့ အတွေးတွေ မှားနေသလား။

ကျွန်တော့ အတွေးထဲမှာတော့ ...

လား... လား ... လား ....လားပေါင်း များစွာ .... .... .... ...။ ။

မောင်ခြိမ့်

Wednesday, October 20, 2010

လွမ်းရအောင် ...

ဟိုနေ့က ကိုကြီးကျောက်ဆီမှာ မီမီဝင်းဖေပုံလေး တွေ့လိုက်တော့ မီမီဝင်းဖေရဲ့သီချင်း အေးအေး ဆွေးဆွေးလေးတွေ ပြန်နားထောင်ချင်တာနဲ့ ယူကျူ့ကို ရောက်သွားတယ်။ ယူကျူ့မှာ ဟိုရှာ၊ ဒီရှာ ဟိုရောက် ဒီရောက်နဲ့ စိုးလွင်လွင်ရဲ့ သီချင်းလေးတွေဆီ ရောက်သွားပြန်တယ်။ ငယ်ငယ်က ကြိုက်ခဲ့ဖူးတဲ့ သီချင်းလေးတွေ နားထောင်ရင်းနဲ့ ကိုယ်ရဲ့ ငယ်ဘ၀လေးကို သတိရသလိုလို၊ လွမ်းသလိုလို ဆွေးသလိုလို စိတ်ထဲ တစ်မျိုးကို ဖြစ်လို့နေတယ်။

အိမ်ကလူကိုလဲ အဲဒီ သီချင်းလေးတွေဖွင့်ပြတော့ သူကလဲကြိုက်ပုံရပါတယ်။ ပြီးတော့ ညည်းက ရီးစားဟောင်းကို သတိရလို့ ဒီသီချင်းတွေ ပြန်နားထောင်နေတာလားတဲ့ ရီကျဲကျဲမျက်နှာနဲ့ မေးတယ်။ ယောက်ျားရယ် ရည်းစားဟောင်းတွေ ဘာတွေထက် အဲဒီသီချင်းလေးတွေနားထောင်တော့ အဲဒီအချိန် အဲဒီအခါ ငယ်ငယ်က ပုံရိပ်လေးတွေကို သတိရ လွမ်းတာပါလို့ပြောတော့ သူလဲ သဘောပေါက်သွားတယ်နဲ့တူပါရဲ့။

ဒီထဲမှာ ကိုယ်နဲ့ရွယ်တူ အသက်တူ စာလာဖတ်သူတွေ အများကြီးရှိမှာပါ။ ခံစားချက်တူ၊ ဘ၀တူတွေအတွက် သီချင်းလေးတွေနဲ့ ငယ်ဘ၀ကို လွမ်းရအောင် နားထောင်ကြပါဦးနော်။

အင်းယားတဲ့။ အဆောင်သူတစ်ယောက်ဖြစ်ခဲ့ဘူးတော့ ဒီသီချင်းကို ကြားတိုင်း ညည စာကြည့်ချိန် အဆောင်ရှေ့ ဂစ်တာ တစ်လက်နဲ့ လာလာအော်တဲ့ ကျောင်းသားများ၊ အဆိုရှင်များနဲ့အတူ အဆောင်မှ ချစ်သူငယ်ချင်းများကို သတိရသွားတယ်။



ရာသီအချိန်မီ လွှတ်လိုက်မုတ်သုန် ...
လေစိုင်ဆုံရယ် အချစ်ပန်းတို့ ဖူးပွင့်ပြီမို့ ...

ပန်နော်မေရယ် နှလုံးသားထက်မယ် ...
အချစ်ဆုံး ချစ်သူမို့ ...

တော်ဝင်အမည်တွင် ပန်းတကာ့ ပန်းလို ...
လေပြေသယ်ရာ အမြဲ သင်းပျံ့လှိုင်ဖို့ ....





အချစ်နဲ့ ကျွန်တော် ...
စိတ်ကောက်နေကြတုန်းက ...
နှင်းပန်းပွင့်လေး ကျွန်တော်ပေးဖူးတယ် ...

ိစိတ်ကောက်ပြေကာ သူ့မျက်နှာ ...
ပြုံးလို့ရယ်ကာ ချစ်လိုက်တာ ...
အခင်တွယ်ရဆုံး မင်းကလေး မျက်နှာ ကဗျာ ...



ဒီမျက်လုံးရိုင်းလေးတွေကြောင့် ...
ခွဲခြားဆုံးဖြတ်နိုင်တဲ့ အသိများလည်း ....
မှားယွင်းမှုတွေ ကြုံရပေါင်းများပြီ .....


ကုလားဗယာကြော် ...

စီဘောက်မှာ အေး ဆိုသူက တောင်းဆိုလာလို့ ဖိုရမ်မှာ အရင်တင်ထားတဲ့ ပို့စ်အဟောင်းလေး တင်ပေးလိုက်ပါတယ်။

ဗယာကြော်မယ်ဆို ပထမဆုံး ကုလားပဲကို ရေစိမ်ရပါမယ်။ ရေတစ်လက်မလောက်မြုတ်အောင်စိမ်ပါ။ ဒါမှ ပဲကပွလာရင်အတော်ပါပဲ။ အိမ်မှာဆန်ချင်ခွက်နဲ့ တစ်ခွက်ခွဲလောက်ဆို လူ၃-၄ယောက်စာလောက်ရပါတယ်။ ညနေစာဆို မနက်စောစောကတည်းက စိမ်ထားရပါမယ်။ ပြီးရင်ပြင်ထားရမှာက ...

၁ ။ရေစိမ်လို့ နူးနေတဲ့ပဲကို ညက်နေအောင် ကြိတ်စက်ထဲထည့်မွှေ ဒါမှမဟုတ် ထောင်းထားပါ။
(ရေကိုသေချာစကာနဲ့ စစ်ပြီးမှထောင်းပါ။ နောက်မှို့ဆို ရေတွေများပြီး ကြော်လို့မကောင်းပါ )

၂ ။ဂျင်း လက်မ၂ဆစ်စာလောက်နဲ့ ကြက်သွန်ဖြူ ၅ မွှာလောက် ညက်ညက်ပါအောင် ထောင်းထားပါ။

၃။ ကြက်သွန်နီ ဥကြီးကြီး တစ်ဥ ပါးပါးလှီးထားပါ။

၄။ပျဉ်းတော်သိမ် ၃ခက်လောက်ကိုချွေပြီး ကတ်ကြေးနဲ့ ပါးပါးညှပ်ထားပါ။

၅။ ပူတီနာ ၃ခက်လောက်ကို ကတ်ကြေးနဲ. ပါးပါးညှပ်ထားပါ။

၆။ ငရုပ်သီးစိမ်း ၆တောင့် လောက် ပါးပါးလှီးထားပါ။ (အစပ်ကြိုက်ရင်တော့ ပိုထည့်ပါ)

၇။ ကုလာလေး မဆလာ ၃ ထုတ်၊

၈။ ဆနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းခန့်၊

၉။ ဟင်းချက်ဆိုဒါ လက်ဖက်စားဇွန်း တစ်ဝက်ခန့် ။ (ဆိုဒါမထည့်ရင် အကြော်ကမပွပဲ ကျစ်ခဲခဲကြီးနဲ့ စားမကောင်းပါ ။ မဆွီတီ ကတော့ စလုံးမှာ King တံဆိတ် သုံးပါတယ် Bicarbonate of soda လို့ရေးထားပါတယ်။)

၁၀။ မွှေး ကုလားပဲအစိမ်းမှုန့် လက်ဖက်ရေပန်းကန်နဲ့ တစ်ဝက်လောက်၊ သူကတော့ နဲနဲစေးသွားအောင်ထည့်တာပါ။

၁၁။ ဆား အချိုမှုန့် သင့်သလို




ထုံးစံအတိုင်း အပေါ်က အစာပလာတွေအားလုံးကို နှံ့နေအောင် ရောသမမွှေပါတယ်။ ပြီးရင် လက်နဲ့ မှန်းပြီး ဗယာကြော် အရွယ်လေးတွေ ဆုတ်ပြီးပြားထားပါတယ်။ ဆီပူရင် ပထမဆုံး တစ်ခု ၂ခုလောက်အစမ်းကြော်ပြီး မြည်းကြည့် ... အပေါ့အငန်လိုတာ ထပ်ထည့်ပြီးမှ အစိမ်ကြော်ရင် ပိုကောင်းပါမယ် ...



ဗယာကြော် ပူပူလေး ကျက်ပါပြီချင့်။ မဆလာနံ.မွှေးမွှေးလေးနဲ.စပ်စပ်လေး။ စားကြပါဦး။


(ဓာတ်ပုံတွေကတော့ အရင် လွန်ခဲ့တဲ့ ၃နှစ်က ကင်မလာ အဟောင်းနဲ့မှို့ တုန်ခြင်း၊ မှုန်ခြင်းများ သီးခံပေးပါလို့ တောင်းဆိုချင်ပါတယ်ချင့် ...း ))

Sunday, October 17, 2010

မုန့်ကြာစေ့ ...

ဒီနေ့မနက် သမီးကို ကျူရှင်လိုက်ပို့ရင်းနဲ့ wet market ကနေ အုန်းသီးဆံခြစ်ထားတာလေးတွေ ဝယ်လာခဲ့တယ်။ ပထမတော့ ဘာလုပ်စားရင်ကောင်းမလဲ စဉ်းစားကြရင်းနဲ့ ဟိုတစ်လောက အစ်မကွန်းရဲ့ ရန်ကုန်ဆိုတဲ့ ပို့စ်တစ်ခုမှာ မုန့်ကြာစေ့ပုံလေးတင်ထားတာ တွေ့တာ စားချင်နေတာကြာပြီ။ အဲဒါကို သတိရသွားတာနဲ့ မုန့်ကြာစေ့ပဲ လုပ်စားတော့မယ်ဆို အကြံရသွားတယ်။ တစ်ချို့အရပ်တွေမှာ မုန့်ကြာစေ့ကို မုန့်ပိန္နဲစေ့လို့လဲ ခေါ်ကြတယ်နော်။

မဆွိတီတို့ငယ်ငယ်ကတော့ အမေက မုန့်ကြာစေ့လုပ်မယ်ဟေ့ဆို မောင်နှမတွေအကုန် ဝိုင်းလုံးကြရတာ။ သူက မုန့်လုံးသေးသေးလေးတွေ အများကြီး လုံးရတာဆိုတော့ လူများများကူလုံးမှ သက်သာတာကိုး။ အဲဒါဆို ကိုယ်တို့တွေ သိပ်ပျော်ကြတယ်။ အကိုတွေက လက်ဆော့ပြီး မုန့်အလုံးလေးတွေ တင်မက တီကောင်လို အရှည်တွေ၊ အပြားတွေ မျိုးံစုံပဲ လက်စွမ်းတွေပြကြတာ။ တစ်ခါတစ်လေ အကောင်လေးတွေ၊ လူရုပ်ကလေးတွေ ပါ ထည့်လုပ်ကြတော့ အယူသီးတဲ့အမေက လူရုပ်တော့ မလုပ်ပါနဲ့လို့ သားတွေကို ပြောရတယ်။ အမေ့စိတ်ထဲမှာ လူလေးတွေကို ပွက်ပွက်ဆူတဲ့ အပူအိုးထဲပစ်ထည့်နေတာကို မကြိုက်ဘူးနဲ့တူပါရဲ့။ မုန့်ကြာစေ့နဲ့ ပတ်သတ်ပြီး အမေတို့ အယူသီးပုံလေးကို သတိရသွားလို့ပါ။

မုန့်နယ်တာ၊ မုန့်နှပ်တာက အရင်တင်ဖူးတဲ့ မုန့်လုံးရေပေါ်လုပ်နည်း နဲ့ အတူတူမှို့ အဲဒီလင့်ခ်လေးမှာ သွားဖတ်ပေးကြပါ။

ကောက်ညှင်းမှုန့် နဲ့ဆန်မှုန့် ကို ၃း၁ နဲ့ ရေသင့်ရုံထည့် ရောနယ်ထားတာပါ။ (မုန့်နယ်ရင် ရေအစား အုန့်နိူ့လေးနဲ့ နယ်ပြီးလုံးရင် မုန့်လုံးက ပိုမွှေးတယ်နော်။ အဲဒါလေးလဲ စမ်းကြည့်ကြပါဦး။)


ပထမ ၂ဗန်းက အလုံးနဲနဲကြီးသွားတယ်။ ကူလုံးသူများကတော့ ဖြတ်လျှောက် မဂျူဂျူနဲ့ ကြီးတော်တို့ပါပဲ။ ဂျူဂျူးကလဲ ကိုယ်တို့ငယ်ငယ်ကလိုပဲ အဲလို ကူလုံးရတာကို သိပ်ပျော်တာ။ သူ့ခင်မြာ စာမကြည့်ပဲ မုန့်ကြာစေ့လုံးရဖို့အရေး မျက်နှာချိုသွေးနေရတာ


ဂျူဂျူတို့အဖေ အပြင်ကပြန်လာတော့ ညည်းမုန့်ကြာစေ့ကြီးတွေက ကြီးလိုက်တာတဲ့။ သေးသေးလေးတွေ လုံးရတာဆို ဒုတိယ ဗန်းတွေကျ သူပါ ဝင်ကူလုံးပေးသွားတာ။


ထန်းလျှက် ၂ကျပ်ဖိုးတစ်ထုတ်ကို ဆားလေးနဲနဲထည့် ရေနဲ့ကြို။ အနယ်တွေမပါအောင် စကာနဲ့ ပြန်စစ်ရတယ်။ ပြီးတော့ ထန်းလျှက်က နဲနေလို့ သကြားနဲနဲ ထပ်ထည့်ရသေးတယ်။ ထန်းလျှက်ရည် ကို ပွက်အောင်ပြန်တည်ပြီး မုန့်လုံးလေးတွေ ပစ်ထည့်ရတယ်။ ၅မိနစ်လောက် မီးအေးအေးနဲ့ တည်ထားရင် မုန့်လုံးတွေကျက်ပြီး စားလို့ရပါပြီ။

ပုံ၂ပုံက တစ်ခုက flesh မပါဘူး။ တစ်ခုက flesh နဲ့ ရိုက်ထားတာပါ။




အပေါ်က အုန်းနို့လေးဆမ်း၊ အုန်းသီးဆံလေးဖြူးပြီး စားပါတယ်။ မုန့်ကြာစေ့လေးတွေက နုအိပြီး စေးစေးလေးဆိုတော့ ထန်းလျှက်ရည်ချိုချို၊ အုန်းသီးဆံဆိမ့်ဆိမ့်နဲ့ အင်မတန်မှ စားကောင်းပါတယ်။ အားအပေးဆုံးကတော့ အစားဂျီးများတဲ့ မဂျူဂျူပါပဲ။ ခလေးဆိုတော့ အချိုကြိုက်တယ်နဲ့ တူပါတယ်။ ပထမ ၅လုံးလောက် စားကြည့်၊ ပြီးတော့ ခဏခဏလာတောင်းထည့်ပြီး မောင်ကျန်တစ်တို့ဖြစ်နေပါတယ်။
ဘလော့ဂ်လာလည်သူများလည်း စားကြပါဦး။


အန်တီသက်ဝေကို ညက်နှာချိုသွေးထားတယ်နော် ... ဒီမှာ ... း)))))))))))))

Sunday, October 10, 2010

ကျောင်းတုံးက အမှတ်တရ ...


မဆွိတီတို့ ကျောင်းတက်တုံးက တွဲခဲ့တဲ့သူက အဆောင် ကွင်းန် (beauty queen ) ဖြစ်လို့နေသည်။ ကျောင်းမှာ fresher queen ဆိုပြီး ထပ်မရွေးတော့ အဆောင်queen ကပင်လျင် ကိုယ်တို့နှစ်ရဲ့ queen လို ဖြစ်သွားသည်။ ပထမနှစ်တက်တုံးကတော့ တစ်ယောက်နှင့်တစ်ယောက် နှုတ်တောင် မဆက်ဖူးကြ။ တစ်ရက် အတန်းထဲမှာ ဆရာ မလာခင် လက်ခုတ်တီးသံတွေ၊ အော်ဟစ်သံတွေ ဆူညံသွားလို့ ကြည့်လိုက်တော့ ဗိုလ်ဆန်ဆန် မျက်နှာနှင့် ခပ်ချောချော ကျောင်းသူတစ်ယောက် အတန်းရှေ့မှ ဖြတ်လျှောက်သွားသည်ကို မြင်လိုက်သည်။ သူမလမ်းလျှောက်ပုံမှာ ရှက်ကိုးရှက်ကန်းနိုင်လှသည်။ " အဲဒါ အဆောင်ကွင်းန်" ဟု ဘေးက လက်တို့တော့ လှတယ်လို့တော့ ပြောမိသည်ထင်သည်။

ကိုယ်က ရန်ကုန်မြို့ထဲဘက်က ကျောင်းတက်သည့်သူလည်းမဟုတ်၊ အဆောင်ကလည်း မဟုတ်၊ ရန်ကုန်မြို့နှင့်ဆန့်ကျင်ဘက် အရပ်ကနေ ၅၁ကား(သို့) မှော်ဘီကားစီးကာ ကျောင်းတက်သူဆိုတော့ ပထမနှစ်စမှာ အတော်ဂွတီးဂွကျနိုင်သည်။ အဆောင်သူများကလည်း ရန်ကုန်ကဟုဆိုကာ သိပ်မပေါင်းကြ။ အဆောင်သူအချင်းချင်းသာ လုံးကြသည်။ ရန်ကုန်သူများကလည်း ပိန်ညောင်ညောင်၊ ကုပ်ချိချိနှင့် တောသူမပုံကို အဆောင်မှဟုထင်ကာ သိပ်မခေါ်ကြ။ သူတို့ ဖယ်ရီအတူတူစီးသူချင်းသာ ပိုခင်ကြသည်။ နောက်ပိုင်း အကြောင်းသိသွားကြမှ အဆောင်မှ သူငယ်ချင်းတစ်ဖွဲ့နှင့် တွဲမိသွားသည်။

ဤသို့ဖြင့် ပထမနှစ်ကို အူလည်လည် ဂွကျကျနှင့် ဖြတ်ကျော်ပြီး သကာလ ဒုတိယနှစ် စတက်တော့ lab ခန်းတွေ၊ ကျူတိုရီရယ်ခန်းတွေမှာ သူမနှင့် စတင်ရင်းနှီးဖို့ ဖြစ်လာသည်။ လူ၁၀ယောက်၊ ၁၅ယောက်သာရှိသော ပရယ်တီကယ် အဖွဲ့တစ်ဖွဲ့တွင် သူမနှင့်ကိုယ်က roll ချင်း အနီးကပ်ဆုံး မိန်းခလေး အဖော်ဖြစ်လာသည်။ အဲဒီတုံးက ကိုယ်တို့တွေ တစ်ယောက်ကို တစ်ယောက် နာမည်ပင်မခေါ်ကြ။ ခုံနံပါတ်တွေကိုသာ ခေါ်သည်။ သူက ကိုယ့်ကို နိုင်းတီနိုင်းတဲ့။ ကိုယ်ကတော့ ၀မ်းတင်းန်လို့ခေါ်သည်။

ပထမဆုံး ပရယ်တီကယ်က စည်းကမ်းကြီးသည်ဟု နာမည်ကြီးသော ဆရာမ ဒေါ်သောင်းခင်၏ chemistry lab ဖြစ်သည်။ အုပ်စုထဲမှာ မိန်းခလေး ကိုယ်တို့ ၂ယောက်သာပါသည်။ ၂ယောက်တွဲ တစ်ဖွဲ့စီခွဲတော့ သူမနဲ့ကိုယ်နဲ့ တွဲလိုက်သည်။ အဲဒီနေ့က ကိုယ်တို့၂ယောက် ပေါက်ကရတွေချည်း ဖြစ်နေသည်။ test tube လေးထဲ ဓာတုဗေဒ အရည်တွေ တစ်မျိုးပြီး တစ်မျိုး ရောထည့်ရသည်။ တစ်ခါတစ်ရံ ဘာအရောင်ပြောင်းရမည်ဆို မပြောင်းပဲ တလွဲတွေဖြစ်နေသည်။ ငိုအားထက်ရယ်အားသန်ကာ ပေါက်ကရတွေ ဖြစ်နေသည်ကိုပင် နှစ်ယောက်သား ရယ်နေကြသည်။ ရွှေရောင်အနည်လေးတွေ ကျရမည်ဆိုလည်း မကျ။ အရေးထဲ အဖွဲ့ထဲက အူကြောင်ကြောင် ရယ်စရာမျက်နှာနဲ့ စာကြောင်တစ်ယောက်ကိုကြည့်ပြီး ကျိတ်ရယ်ကြသေးသည်။ မရယ်ပဲနေရိုးလား။ သူက test tube ထဲက အရည်က အရောင်တစ်ခုပြောင်းသွားတိုင်း၊ test tube ကြီးကိုင်ကာ ပျော်ပြီး ထထခုန်နေသည်ကိုး။ ကိုယ်တို့၂ယောက်ကတော့ နောက်ဆုံး အချိန်စေ့ခါနီးအထိ လိုချင်သည့် အနည်က မကျတော့ ဘေးက တစ်ယောက်ရဲ့ test tube ကြီး ဆွဲပြေးကာ ဆရာမကို သွားပြရသည့် အဆင့်ရောက်သွားသည်။ ထိုကဲ့သို့ ပထမဆုံး lab ကို အခက်အခဲများ၊ ရယ်စရာများဖြင့်ကျော်ဖြတ်ပြီး ကိုယ်တို့နှစ်ယောက် နောက်ပိုင်းတွင် တတွဲတွဲ ခင်မင်မိသွားကြလေတော့သည်။

အမှန်က သူမခမျာ ကွင်းန် ဆိုတော့ လူကြည့်ခံရပါများလွန်းလို့၊ အစခံရပါများလွန်းလို့သာ ရှက်ကိုးရှက်ကမ်းပုံ ပေါက်နေတာ။ ပေါင်းကြည့်မှ သူလဲ ကိုယ့်လို ငပြောင်ပဲဆိုတာ သိလိုက်ရသည်။ စဉ်းစားကြည့်ကြပါဦး။ RIT လို ယောက်ျားလေးတွေ ပေါများလှတဲ့ကျောင်းမှာ ခုလို မိန်းခလေးချောချောလေးဆို အနှီပုရိသ ပုပုကွကွများရဲ့ စူးရှလှတဲ့ အကြည့်ဒါဏ်က ခံနိုင်ဖို့ဆိုတာကလဲ မလွယ်လှပေပဲကိုး။ နောက်ပိုင်း ခင်သွားတော့ ကိုယ်တို့ ၂ယောက်ပေါင်းပြီး ဗရုပ်ကျသည်။ ဘတ်စ်ကားစီးရင်း၊ စာအတူကြည့်ရင်း၊ ခရေပင်အောက်မှာ ထိုင်ကြရင်း၊ အခန်းပြောင်းချိန်တွေမှာ လက်တွဲကာ ပြေးလွှားရင်း၊ LCR မှာ နားနေရင်း၊ ရယ်စရာ ကမောက်ကမတွေကို ရှာဖွေကာ ရယ်မောကြသည်။ မိန်းခလေးလှလှမြင်လည်း ငမ်းသေးသည်။ သစ်ရွက်လှုပ်တာတောင်ရယ်ချင်တဲ့ အရွယ်ကို ကျော်လွန်ခဲ့ပေမဲ့ ကိုယ်တို့တွေ ကြုံရသမျှ ဟာသလုပ်ကာ ပျော်ခဲ့ကြပါသည်။ ကိုယ့်ဘ၀ရဲ့ ရွှေရောင်နေ့များထဲမှာ ချစ်သူငယ်ချင်းနှင့် ပျော်ရွှင်ခဲ့ရသည့် ထိုနေ့များ ပါဝင်ပါသည်။

ဒီလိုနှင့် တစ်ရက် ကျောင်းချိန်အပြီး သူငယ်ချင်းနှစ်ယောက် လှည်းတန်းဘက်သွားကြဖို့ ကားဂိတ်ဆီ ချီတက်လာကြသည်။ ထွက်လုဆဲဆဲ ချက်ပလက် ၄၅ ကားကြီးက လူစောင့်ခေါ်နေတာနဲ့ ကိုယ်တို့နှစ်ယောက် အပြေးအလွှား တက်လိုက်ကြသည်။ ကားပေါ်ရောက်တော့ ကိုယ်တို့ကို စပယ်ယာက ရှေ့ကို အတင်းတိုးခိုင်းနေသည်။ ရှေ့တိုးရင်း၊ တိုးရင်းနဲ့ ကိုယ်တို့ ရှေ့က ဒရိုင်ဘာ နေရာကို ကာထားသည့်သံတန်းလေးကို မျက်နှာမူရပ်နေသည့် ကောင်မလေးတစ်ယောက်ကို သတိထားလိုက်မိသည်။

ဇင်းမယ်ထမီအညိုရောင်၊ အင်္ကျီခါးတိုနှင့် ကျစ်ဆံမြီးလေးကျစ်ထားတဲ့ ကောင်မလေးရဲ့ နောက်ပိုင်းအလှက သိပ်ပြေပြစ်နေတော့ ကိုယ်တို့တွေ ငေးကြည့်နေမိကြသည်။ ပြီးတော့ နှစ်ယောက်သား မျက်ခုံးပင့်ကြည့်ကြသည်။ မျက်လုံးချင်းဆုံကြည့်ကြသည်။ ဟိုက်ရှားပါး ... လှ လှချည်လား ဆိုတဲ့ သဘော။ နောက်ပိုင်း တက်သူ ဆင်းသူနဲ့ ကားချောင်သွားတော့ ကိုယ်တို့တွေ ကောင်မလေးရဲ့ မျက်နှာလေးကို မြင်ချင်လာသည်။ စပ်စုချင်လာသည်။ ကောင်မလေး နေရာရသွားတော့ ကိုယ်တို့ သူကလေးရဲ့အလှကို မြင်ခွင့်ရသွားသည်။ အသားအနည်းငယ် ညိုချင်ပေမဲ့ မျက်နှာကျလေးကလဲ မဟာဆန်သည်ဆိုမလား ရုပ်ရှင်မင်းသမီးတစ်ယောက်လို ပြေပြစ်ချောမော လှပါသည်။ နောက်ပိုင်းတော့ ကောင်မလေးအကြောင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။

တစ်ရက်ကျောင်းကင်တင်းမှာ နေ့လည်စာ စားဖို့အသွား၊ ၄၅ကားပေါ်က လှတပတ ကောင်မလေးကို အမှတ်တမဲ့ မြင်လိုက်ကြသည်။ သိပ်စုံစမ်းကြည့်စရာပင် မလိုလိုက်ပါ။ သူမရဲ့ လှပတဲ့ ဂုဏ်သတင်းနှင့်အတူ ကိုယ်တို့ထက် ဂျူနီယာကျသော အတန်းမှ Fresher လေးဖြစ်ကြောင်း သိလိုက်ရသည်။ အဲဒီတော့မှ သူကလေးက ကိုယ်တို့ကျောင်းကပဲကိုးလို့ အံ့သြမိကြသည်။ နောက်ပိုင်းတော့ အဲဒီကောင်မလေးနဲ့ တွေ့တိုင်း သူကလဲ ပြုံးပြ၊ ကိုယ်တို့ကလဲ ပြုံးပြနဲ့ သူကလေးက မျက်နှာချိုသူလေး၊ သဘောကောင်းသူလေးဖြစ်တယ်ဆိုတာလဲ သိလိုက်ရသည်။ တတိယနှစ်ရောက်တော့ ကိုယ်တို့တွေနဲ့ မေဂျာတူ၊ ညီမငယ်တစ်ယောက်ဖြစ်လာခဲ့သလို သူမရဲ့နာမည်ကလဲ အပြင်လောကမှာ တစ်စ တစ်စ ထင်ပေါ်ကြော်ကြားသူ တစ်ယောက်ဖြစ်လာပါတော့သည်။

ခုတော့ ချစ်သူငယ်ချင်း သဇင်ကွင်းန်လဲ ခလေး ၂ယောက်အမေဖြစ်နေပါပြီ။ ခလေးတွေ ကျောင်းပို့၊ ကျောင်းကြို ပြုစု ထိမ်းသိမ်းစောင့်ရှောက်ကာ အိမ်ထောင်ရှင်မကြီး စစ်စစ်ဖြစ်နေပါပြီ။ ကိုယ်လည်း အမိမြေနဲ့ဝေးကွာလို့ တိုးတက်တယ်လို့ဆိုကြတဲ့ ကျွန်းကလေးမှာ ဂျူဂျူဆိုတဲ့ သမီးလေးရဲ့ အမေဖြစ်ခဲ့ပြီ။ ၄၅ကားပေါ်က လှတပတ သူကလေးကတော့ ခုချိန်ထိ တကိုယ်တည်း အပျိုကြီး၊ မော်ဒယ်များရဲ့ မိခင် ဒေါ်တင်မိုးလွင် ဆိုတာ ဖြစ်နေပေါ့ကွယ်။ ။

Saturday, October 9, 2010

မနက်စာ ကောက်ညှင်းပေါင်း နဲ့ ပဲပြုတ် ...

စီဘောက်စ်မှာ ပဲပြုတ်အကြောင်းမေးထားတာနဲ့ ဒီပို့စ်လေးတင်ဖို့ သတိရသွားတယ်။
ပြီးခဲ့တဲ့ အပတ်က မနက်စာ အိမ်မှာ ကောက်ညှင်းပေါင်း စားကြတယ်။

စားတော်ပဲကို တစ်ညရေစိမ်ပါတယ်။ မနက်ကျတော့ ရေစစ်ပြီး အညှောက်ကလေးတွေ ထွက်လာတဲ့ အထိ ၃-၄ ရက်လောက် ရေစိုဝတ်လေး အပေါ်ကနေ အုပ်ထားလိုက်တယ်။ ရေလဲ နဲနဲ စွတ်စွတ် ပေးရပါတယ်။


အပ်ချလောင်း ... အညှောင့်လေးတွေ ထွက်လာပါပြီ ခင်ညာ။

ပဲကို မပြုတ်မီရေဆေးရပါတယ်။ အိမ်မှာတော့ အရင်က Slow cooker နဲ့ ပြုတ်ပါတယ်။ ရေကို ပဲနဲ့ ရေပြင်ညီထည့်၊ ဆိုဒါ၊ဆား နဲနဲထည့်၊ ထန်းလျက်ခဲလေး ၂ခဲထည့်ပြီး ပြုတ်တယ်လို့ ကြီးတော်က ပြောပါတယ်။ နာရီဝက်တစ်နာရီလောက် ပြုတ်ရပါသတဲ့။

ပြီးခဲ့တဲ့ အပတ်ကတော့ ထမင်းပေါင်းအိုးအပေါ်က ပေါင်းချောင်နဲ့ ပေါင်းပါတယ်။ သကြား၊ဆား၊ ဆိုဒါထည့်ပေါင်းပါတယ်။ ထမင်းပေါင်းအိုးက အငွေ့လုံလို့ နာရီဝက်လောက်ပဲပေါင်းရပါတယ်။

ပဲပြုတ်ကို ပထမတစ်ရက် ကြိုပေါင်းပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါတယ်။

ကောက်ညှင်းကိုလဲ တစ်ညရေစိမ်ပါတယ်။
မနက်ရောက်တော့ ဖက်ကလေးခင်းပြီး ထမင်းပေါင်းအိုးက ပေါင်းချောင်နဲ့ပဲ ပေါင်းပါတယ်။ အပေါက်တွေက ကောက်ညှင်းဆန်တွေ ထွက်ကျမှာကြောက်လို့ ခင်းရတာပါ။ ကောက်ညှင်းလဲ ဖက်နံ့လေး မွှေးသွားတာပေါ့။


ကောက်ညှင်းနဲနဲကျက်သွားပြီဆို အငွေ့ဝင်အောင် အပေါက်လေးတွေကို တူလေးနဲ့ ထိုးပေးရသေးတယ်။


အငွေ့တထောင်းထောင်း ကောက်ညှင်းပေါင်း ပူပူနွေးနွေးရပါပြီ ခင်ညာ။ နာရီဝက်လောက်ပဲ ပေါင်းလိုက်ရပါတယ်။


အိမ်မှာရှိတဲ့ ငါးခြောက် အာဗြဲခြောက်ကို မီးကင်၊ နှမ်ထောင်းကိုဆားနဲ့ရော၊ ပဲပြုတ်ပူပူနဲ့ ဆီရွှဲရွှဲ ကောက်ညှင်းပေါင်း မနက်စာကတော့ နတ်သုဓါနဲ့တောင် မလဲနိူင်ပါဘူးဗျာ။


မနက်စာကောက်ညှင်းပေါင်း ပူပူနွေးနွေး စားကြပါဦးရှင်။


ငယ်ငယ်က ဒီဇင်ဘာ အားကစားလတွေမှာ ပြေးလွှားလို့ မောနေတဲ့အချိန် လာဝေတဲ့ ကောင်ညှင်းပေါင်းနဲ့ ငါးခြောက်ကြော်ကို သတိရသွားတယ်။ ငှက်ပျောဖတ်နဲ့ ထုတ်ပြီး လိုက်ဝေတာဗျာ။ အဲဒီတုံးက ကောက်ညှင်းပေါင်းကလဲ ဆာဆာနဲ့ စားလို့ကောင်းလိုက်တာ ... တစ်သက်မမေ့ဘူး။
---------------------------------------------------------------------------------------------------------------------------------------------------
ကိုအနောနိမတ်စ်မှ မေးလာလို့ ကောက်ညှင်းထဲ ထည့်ပြုတ်တဲ့ ပဲ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ကောက်ညှင်းပေါင်းထဲ တစ်ခါထဲ ထည့်ပေါင်းတဲ့ ပဲက ပဲလွမ်းပါ။ ပဲလွမ်းက နီညိုရောင်ရယ် အဖြူညစ်ညစ်လေးရယ် ၂မျိုးရှိပါတယ်။ အင်္ဂလိပ်လို cow peas လို့ ခြုံငုံပြီးခေါ်ပါတယ်။ အနီလေးကို red cow peas, အဖြူလေးကို black eye peas လို့လဲ ခေါ်ပါတယ်။

အဲလိုတော့ တစ်ခါမှ ပေါင်းမပြုတ်ဖူးသေးဘူး။ နောက်မှ စမ်းကြည့်ဦးမယ် အနောနိမတ်စ်ရေ။

Sunday, October 3, 2010

Artist ဂျူဂျူ မှ မေမေသို့ ...

ဂျူဂျူလေးဟာ ခုတလော သမီးကြီးရင် ဘာလုပ်မလဲဆို Artist ဖြစ်ချင်တယ်ချည်း ပြောနေတော့တယ်။ မူကြို ၃-၄ နှစ်အရွယ်လောက်ကတော့ သူကြီးလာရင် Princess ဖြစ်ချင်သတဲ့။ သူငယ်တန်းကျတော့ စာသင်တဲ့ ဆရာမတွေ ကြည့်ပြီး သူကြီးရင် Teacher လုပ်မယ်ဆိုတာလဲ ပြောဖူးတယ်။

ဟိုနေ့ကလဲ ကစားရရင် မျက်နှာလေးကရွှင်ကြည်၊ စကားသံလေးတွေကလဲ စိမ့်စမ်းရေကျသံလေးလို ကြည်လင်နေတတ်တဲ့ သူက စာကြည့်ရလို့ နဲနဲကြာသွားပြီဆို အသံတွေက ဆူဆောင့်သံတွေ ပါလာတယ်။ မျက်နှာကလဲ လငပုပ်လို ဖြစ်လာတော့ အမေလုပ်သူက ဆုံးမဖို့ ပြင်ရတော့တယ်။ သမီးရေ ... မေမေလဲ အလုပ်က ပြန်လာရင် အရမ်းပင်ပမ်းတယ်။ ဒါပေမဲ့ အမေ့သမီးလေးကို တော်စေချင်၊ တတ်စေချင်လွန်းလို့ မနားပဲ အပင်ပမ်းခံပြီး သင်ပေးနေရတာ။ စာမတတ်ရင်၊ စာမတော်ရင် အိမ်ရှေ့မှာ မနက်တိုင်း တံမျက်စည်းလှည်းနေတဲ့ ဦးဦးလို အညစ်အကြေးတွေကိုင်ရမယ်၊ အမှိုက်သိမ်းတဲ့ အလုပ်တွေ လုပ်ရလိမ့်မယ်။ သမီးစာတတ်တယ်၊ စာတော်တယ်ဆို ကြီးလာရင် ဆရာဝန်လုပ်မလား၊ ရှေ့နေလုပ်မလား၊ အင်ဂျင်နီယာလုပ်မလား ... ကြိုက်တာရွေးလို့ရတယ်ဆို အရှိန်နဲ့ ပြောနေတုံး တန်းလန်းရှိသေး မဂျူဂျူတို့ ရုတ်တရက်ကြီး ၀င်ပြောလိုက်တာက ...

"မေမေ ဂျူဂျူကြီးလာရင် Artist လုပ်မှာလေ ... " တဲ့။

ဆုံးမနေတဲ့ အမေတောင် ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားတယ်။ ဘယ်လိုကနေ ဘယ်လို အဲဒီ Artist ဆိုတဲ့စကား တတ်လာမှန်းလဲ မသိဘူး။ သမီးရယ် Artist ဆိုတာ ပန်းချီတွေ၊ ပုံတွေ ဆွဲတတ်ရတယ်။ သမီးမှ သိပ်မဆွဲတတ်ပဲ Artist မဖြစ်နိုင်ဘူးနဲ့ တူတယ်နော်ဆိုတော့ သူအခု ကောင်းကောင်းဆွဲတတ်နေပါပြီတဲ့။ ပြီးတော့ စာရွက်တွေကို ညှပ်၊ ကော်နဲ့ကပ်ပြီး သူ့စိတ်ကူးတည့်ရာတွေလဲ လုပ်ပါတယ်။

ဂျူဂျူ ရဲ့လက်ရာ မိသားစုပုံပါ။


အောက်ကပုံလေးကတော့ Akia က ကြော်ငြာစာရွက်ကို ညှပ်ပြီး စိတ်ကူးတည့်ရာ ပုံဖော်ထားတာပါ။ ကပ်ကြေးတစ်လက်၊ ကော်တစ်ဘူးနဲ့ ငြိမ်ကျသွားလို့ ကြည့်လိုက်တော့ သူ့ရဲ့ creation က ပြီးလုနီးနေပါပြီ။ ပြီးတော့ အမေကိုလာပြတယ်။ အမေလုပ်သူက Woh ... you do it your self ? So nice. So creative !!! ဆိုပြောလိုက်တော့ သူအတော်ပျော်သွားပါတယ်။ ဒါနဲ့ သမီးဟာကဘာလဲ ကြော်ငြာလားဆိုတော့ အဲဒါ arts ပါတဲ့ဗျား။


မနေ့ကလဲ သူ့ကျောင်းကပေးတဲ့ စာအုပ်ပုံးရှင်းရင်း ဆီဆေးအခဲလေးတွေနဲ့ Art စာအုပ်လေး ထွက်လာတော့ အဲဒါတွေယူပြီး အိမ်ရှေ့မှာ တကုတ်ကုတ်နဲ့ ငြိမ်ချက်သား ကောင်းနေတယ်။ ခဏနေတော့ အမေ့အခန်းထဲ ၀င်လာပြီး မေမေ့အတွက် ဂျူဂျူ လုပ်ထားတာဆိုပြီး ပို့စ်ကတ်လေးလို လုပ်ထားတာလေး လာပေးတယ်။




အပြင်မျက်နှာဖုံးမှာတော့ အသည်းပုံနီနီရဲရဲ ... ဒါကတော့ သူက ချစ်တယ်လို့ ဆိုလိုဟန်တူပါတယ်။ ဖွင့်ကြည့်လိုက်တော့ အထဲမှာလဲ သူပေးချင်တဲ့ message ကိုလဲ မအေကို ပေးထားသေးတယ်။ မဆွိတီဟာ တစ်ခါတစ်လေ စာသင်ရင်း သမီးကို စိတ်မရှည်တာလေးတွေ ရှိတော့ အော်မိ၊ ငေါက်မိတော့ သူက မအေကို သူဖြစ်ချင်တာလေး ပြန်အသိပေးလိုဟန်တူပါတယ်။ ဒါနဲ့ မသိချင်ယောင်ဆောင်ပြီး
" Am I not kind to you? " ဆိုတော့

" Some times, you are not." တဲ့။

သမီးရေးထားတာလေး ဖတ်ပြီး အမေလဲ သူ့ကိုသနားလို့ ခုတလော တော်တော်လေးကို စိတ်ရှည်ရှည်ထား၊ သမီးနဲ့ ပျော်အောင်နေနေရပါတယ်။ သမီးလေးကိုလဲ သနားသွားတယ်။


ပြီးခဲ့တဲ့ အပတ် မီးထွန်းပွဲနေ့က Chinese garden ထဲမှာ ရိုက်ထားတဲ့ပုံလေးပါ။