Monday, April 19, 2010

မုန့်လုံးရေပေါ် အလှူ

မနေ့က နှစ်သစ်ကူး စတုဒီသာ ကုသိုလ် အနေနဲ့ အိမ်နီးနား ပတ်ဝန်းကျင် မြန်မာအိမ် ၁၅ အိမ်ခန့်ကို မုန့်လုံးရေပေါ် လိုက်ဝေပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ လှူချင်ပေမဲ့ ပစ္စည်းပစ္စယက မဝယ်ရသေးလို့ နောက်တစ်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှ လုပ်ဖြစ်ခဲ့ပါတယ်။

NTUC က ကောက်ညှင်းမှုန့် ၆၀၀ ဂရမ်-၆ထုတ်၊ ဆန်မှုန့် ၆၀၀ ဂရမ်၂ထုတ်ဝယ်ပါတယ်။ ထန်းလျက် ၅ကျပ်ဖိုး ဗမာဆိုင်က သွားဝယ်ထားပါတယ်။ နောက်မုန့်လုံးရေပေါ်ထည့်ဝေရအောင် တစ်ခါသုံး ပုလပ်စတစ်ဘူးလေးတွေနဲ့ အောက်မှာ မကပ်အောင်ခင်းဖို့ ငှက်ပျောဖတ်လဲ ဝယ်ရပါသေးတယ်။ အုန်းသီးခြစ်ပြီးသားကတော့ သိုးလွယ် ချဉ်လွယ်လို့ အဲဒီနေ့ကျမှ မုန့်လုံးနေတုန်း အိမ်နားက wet market မှာ အပြေးကလေး သွားဝယ်ခိုင်းပါတယ်။

မုန့်လုံးရေပေါ်လုပ်နည်းကတော့ မနှစ်က တင်ပေးဘူးပါတယ်။
ဒီလင့်ကို နှိပ်ပါ။

မုန့်ကိုတော့ ညကတည်းက နယ်နှပ်ထားပြီး အဝတ်လေးရေစွပ် အုပ်ထားပါတယ်။ မနက်ကျ အဆင်သင့်ဖြစ်အောင် ထန်းလျက်တွေလဲ ညကတည်းက ကတ်ကျေးနဲ့ ညှပ်ထားပါတယ်။


မနက် ၆နာရီကတည်းက စလုပ်မယ်စိတ်ကူးပေမဲ့ ရုံးပိတ်ရက်မှို့ လုပ်အားပေး မုန့်ကူလုံးမဲ့ အိမ်က လူပျိုကြီး၂ယောက်ရယ်၊ ဦးခြိမ့်ရယ်က အိပ်ရာမနိုးသေးလို့ ၇နာရီလောက်မှ စလုံးဖြစ်ပါတယ်။ မုန့်တွေလုံးပြီး ရေပွက်ပွက်ဆူထဲထည့်၊ ငှက်ပျောရွက်လေးတွေ ခင်းထားတဲ့ တစ်ခါသုံး ပလပ်စတစ်ဘူးလေးတွေထဲ တစ်ထပ်ချင်းထည့်၊ မုန့်လုံးတွေ တစ်ခုနဲ့ တစ်ခု မကပ်အောင် အုန်းသီးခြစ်ထားတာလေးတွေဖြူး တစ်ထပ်ပြီး တစ်ထပ်ထည့်ပြီး ပူပူနွေးနွေး လိုက်ဝေပါတယ်။ လုံးတဲ့သူက အိမ်က ယောက်ျားသား ၃ယောက်၊ မုန့်ပြုတ်တဲ့သူက မဆွိတီတစ်ယောက်တည်းဆိုတော့ မနဲနိူင်အောင် လုပ်နေရပါတယ်။ တစ်အိမ်တက်ဆင်း လိုက်ပို့တဲ့သူကတော့ မဂျူဂျူနဲ့ သူ့ကြီးတော်ရယ်ပါ။


အင်တိုက်အားတိုက် လုံးနေကြတာပါခင်ည။





လိုက်ဝေဖို့ရာ အဆင်သင့်





ဒီမှာ ရယ်စရာတစ်ခုက လိုက်ပို့တဲ့ ကြီးတော်က ပြောပါတယ်။ တို့တွေ စောစောထ လိုက်ဝေလဲ အလကားပဲ။ တစ်အိမ်မှ အိပ်ရာနိူးတဲ့ အိမ်မရှိလို့ နှိုးပြီး ပေးခဲ့ရတာ ချည်းပါပဲတဲ့။ အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေ ပွတ်၊ တံခါးထဖွင့်ပြီး ယူတဲ့သူတွေချည်းပဲတဲ့။ လှူတဲ့လူက စေတနာထက်သန်လွန်းတော့ စောစောစီးစီး ပူပူနွေးနွးစားစေချင်တဲ့ စေတနာ၊ ရုံးပိတ်ရက်ကို မေ့နေကြတာ။ စလုံးမှာ တော်တော်များများ ရုံးပိတ်ရက်တွေဆို အိပ်ရာထဲမှာပဲ နားနားနေနေ နှပ်ချင်ကြတာကို မေ့နေကြတာကိုး ။ အင်း ... အိမ်ရှင်တွေ အားနာဖို့ကောင်းနေပြီ။ နောက်နှစ်တွေဆိုရင်တော့ ဝီရိယ နဲနဲ လျော့ဦးမှလို့ တွေးမိပါရဲ့။

ဒါကတော့ ဘလော့လာလည်သူများအတွက် ဒေါင်းလန်းကြီးထဲမှာ ဖက်ခင်းပြီး ထည့်ပေးထားပါတယ်။ စားကြပါဦးနော်။ အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။

12 comments:

  1. ဒီနှစ်သင်္ကြန် မုန့်လုံးရေပေါ်စားရသေးဝူး..
    တီဆွိအိမ်နားပြောင်းလာနေမှထင်တယ်။း)

    ReplyDelete
  2. မုန့် လုံးရေပေါ်အရမ်းကြိုက်လို့ အခါရက်မဟုတ်လည်းအိမ်မှာအားတိုင်းလုပ်စားတယ်။

    ReplyDelete
  3. ဒီဖက်အိမ်လည်း နဲနဲလောက်ပို့ပေးပါဗျိုးး...
    စားချင်ပါတယ်..။။

    ReplyDelete
  4. သာဓုပါဗျား။

    (တီဆွိနဲ့အိမ်ချင်းမနီးတာနာတယ်၊ သိပ်နာတယ်)

    ReplyDelete
  5. အမ..စားချင်လိုက်တာ..

    လုပ်တာမဖြစ်လို့..

    ReplyDelete
  6. စားချင်နေတာ...

    တီဆွိနဲ့ အိမ်ချင်း မနီးတာ နာတယ်... သိပ်နာတယ်...း))

    ReplyDelete
  7. နှစ်ဆန်းတရက်နေ့က တို့လည်းလုံးတယ် ဒါမဲ့ ဆွိလို ဝိုင်းအင်အား မတောင့်တော့ အများကြီး မလုပ်နိုင်ဘူး...ကြည့်ရတာ အားရပါးရ ရှိထှာ...:)

    ReplyDelete
  8. အမရာ..အမဆီမှာ လာလာကြည့်ပီး စားချင်တယ်အမရာ...

    ReplyDelete
  9. ငြုတ်သီးရော မထည့်ဘူးလား တီတီဆွိ...

းဝ)

    ReplyDelete
  10. စားချင်စရာလေး အိမ်ပြောင်းပြီးကထဲက လုပ်မစားဖြစ်ဘူး အခုဘဲ အ၀တွယ်သွားပီ

    ReplyDelete
  11. တီတီဆွိ နဲ့ အိမ်နီးချင်း မဖြစ်ရတာ နာတာဘဲဗျာ


    ခင်တဲ့
    ရွှေစင်

    ReplyDelete
  12. အိမ်နီးချင်းဖြစ်ချင်သူများ လာရောက်အားပေးသူများအားလုံး ကျေးဇူးတင်ပါတယ်။
    တကယ်တော့ မုန့်လုံးေ၇ပေါ်လုပ်ရတာ သိပ်မခက်လှပါဘူး။ အုန်းသီးကလဲ ခြစ်ပြီးသား အဆင်သင့်ဆိုတော့လေ။ မဆွိတီပေးတဲ့နည်းလေးအတိုင်း လုပ်ကြည့်ကြပါလား။
    အိမ်ချင်းနီးရင်တော့ တကယ်ကို လာပို့ပါတယ်။

    ReplyDelete