Tuesday, November 30, 2010

Relax ....

Flower ...
အိမ်ရှေ့မှာ ပန်းလေးတွေ ပွင့်နေတယ်။ တံခါးဖွင့်လိုက်တိုင်း ပန်းနံ့လေး တသင်းသင်းနဲ့။ မိုးသိပ်မရွာမှပဲ ပွင့်တော့တယ်။ ၀ယ်ကာစ တစ်ခါပဲ တစ်ပင်လုံး ၀ါထိန်နေအောင်ပွင့်ဖူးတယ်။

Puppies ...
ဂျူဂျူလေးရဲ့ အချစ်တော်လေးတွေပါ။ အဲဒါလေးတွေနဲ့ အတူအိပ်ပါတယ်။ ၃-၄ လ တစ်ခါလောက် အဲလိုလျှော်ပေးရတယ်။
မနေ့က ရုံးကပြန်လာတော့ အိမ်ရှေ့မှာ လျှော်ပြီး လှမ်းထားတာတွေ့လို့ မှတ်တမ်းတင်ထားလိုက်တာ။


အပေါ်က ၂ပုံက တစ်ချိန်တည်းရိုက်ထားတာပါ။ Flash ပါတာနဲ့ မပါတာနဲ့ အဲသလောက်ကို ကွာပါတယ်။ Something wrong with my camera ???

Snack ...
မုန့်လက်ကောက် ဗားရှင်းတစ်မျိုးပေါ့။ မုန့်ပန်းပွင့်ပေါ့ဂျာ။ ကောက်ညှင်းမှုန့်ကို ရေ၊ ဆော်ဒါ၊ ဆားနဲ့နယ်၊ ပန်းပွင့်လေးတွေ လုပ်ပြီး ဆီနဲ့ ကြော်လိုက်ပါတယ်။ ထန်းလျှက်ရည်က ချိုလို့ ဂျူဂျူတို့သိပ်ကြိုက်။


Lunch Box ...
ဒီနေ့ရုံးကို ထုတ်သွားတဲ့ မန်းလေးမုန့်တီပါ။ မန်းလေး စတိုင်အတိုင်း ချက်ထားပါတယ်။ ချက်နည်းကိုတော့ နောက်မှ တင်ပေးပါမယ် ခင်ညား။ ကြက်သားကို ချက်ပြီး ရေခဲသေတ္တာထဲ ခဲထားတော့ တစ်ပတ်လုံး စားချင်တဲ့ အချိန် ထုတ်စားလို့ရနေပါတယ်။ အန်တိဆွိတို့ တစ်အိမ်လုံး မန်းလေးမုန့်တီ ကြိုက်တယ် ခင်ည။



JuJu
မေမေ ။ ။ ဂျူဂျူရေ ... သမီးရဲ့ ဆရာမတွေထဲက ဘယ်သူ့ကို အချစ်ဆုံးလဲ။
တရုတ်ဆရာမလား၊ အင်္ဂလိပ်ဆရာမလား၊ ကူမွန်ကလား၊ ပီယာနိုက Miss Selina လား။

ဂျူဂျူ ။ ။ ခဏလေးနော် မေမေ .... ဂျူဂျူ စဉ်းစားလိုက်ဦးမယ်။

အတန်ကြာ တိတ်ဆိတ်နေရာမှ ...

ဂျူဂျူ ။ ။ အင်္ဂလိပ်က Miss Jane ကို ။

မေမေ။ ။ ဘာလို့လဲ သမီး။

ဂျူဂျူ။ ။ Miss Jane က ဟိုနေ့က ဂျူဂျူတို့ကို အတန်းထဲမှာ ကစားခိုင်းတယ်။
ပြီးတော့ အိမ်စာလဲ မပေးလိုက်ဘူးလေ။



Update news for KNIFE
နောက်ဆုံးဖောင်ပိတ်သတင်းကတော့ ဦးခြိမ့်တစ်ယောက် NTUC မှ ဓားတစ်ချောင်း ထပ်ထုတ်ထားပါတယ်။ ကွန့်မန့်ပေးသူများ သတိပြုဖွယ်ပါ။
(အောက်ထပ်အိမ်က ဘောက်ချာ ၄ရွက် လာပေးလို့ ထုတ်လို့ရသွားတာပါ။ ဘောက်ချာ ၁၂ရွက် + ၁၂ကျပ် ၉၅ပြား ပေးခဲ့ရပါတယ် ...)

Saturday, November 27, 2010

ဓား ပလိုမိုးရှင်းတဲ့လား ...



ဟင်းတွေသာ ချက်ပြီး ဘလော့ဂ်ပေါ်တင်နေတာ။ အိမ်မှာ မီးဖိုချောင်ပစ္စည်း ကောင်းကောင်းမွန်မွန်ရယ်လို့ မရှိပါဘူးဗျာ။ အိုးခွက်ပန်းကန်က စလို့ပေါ့။ ဦးခြိမ့်သူငယ်ချင်းတွေနဲ့ ပထမဆုံးအိမ်ခွဲနေတုံးက တစ်ကျပ်တန် မယ်လမင်း အတု ပန်းကန်လေးတွေ အစုံဝယ်ဖူးတယ်။ အဲဒီတုံးကတော့ ငွေရေးကြေးရေးကလဲ သိပ်အဆင်မပြေတော့ ဒီလောက်ဝယ်တာကို များလှပြီထင်နေတာ။ အဲဒါလေးတွေကလဲ ဟောင်းတယ်ရယ်လို့မရှိတော့ လွှင့်ပစ်ရမှာ နှမြောတာနဲ့ ဆက်သုံးနေမိတာ။ တစ်နှစ်ကမှ ဦးခြိမ့်က ပန်းကန်တွေ ဟောင်းလှပြီ။ အသစ်ကလေးတွေနဲ့ ပြောင်းစားရအောင်ဆိုလို့ ၀ဲလိုက်ရတယ်။ အိမ်မှာ အလှူလုပ်ရင်၊ ဧည့်သည်ဆောင်သည်လာရင် သုံးဖို့ ၀ယ်ထားတဲ့ မယ်လမင်းဆက်ကလေးတွေတော့ ရှိတယ်။ သိပ်အကောင်းစားလဲ မဟုတ်ပါဘူး။ တော်ရုံတန်ရုံပါပဲ။

အပျိုဘ၀တုံးကတော့ စိတ်ကူးယဉ်တာပေါ့လေ။ ဟင်းချက်တာလဲ ၀ါသနာပါတော့ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ကျရင် မီးဖိုချောင်ပစ္စည်း အစုံဝယ်လိုက်မဟဲ့ဆို တကယ်တန်းတော့လဲ မ၀ယ်ဖြစ်ပါဘူး။ ပစ္စည်းအဟောင်းတွေက သုံးမကုန်တာရယ်၊ ၀ဲရမှာ နှမြောတာရယ်၊ အိမ်မှာသိမ်းရင် ပစ္စည်းတွေများလာမှာ ကြောက်တာရယ်၊ ပိုက်ဆံ ချွေတာတာရယ်၊ အစုံပါပဲ။ မ၀ယ်ဖြစ်တဲ့ အကြောင်းက။ အိမ်ကလူကတော့ ၀ါသနာပါတယ်ဗျ။ သူက တစ်ခါတစ်လေ ဈေးသွားရင် ပန်းကန်လေးတွေ လိုက်ကြည့်ပြီး ၀ယ်ချင်နေတတ်တယ်။ ဟိုတစ်လောကလဲ ကြွေပန်းကန်ဖြူဖြူ ပါးပါးလေးတွေ၊ ပန်းလေးတွေနဲ့၊ လှတော့လှတယ်။ သူကအောက်ကျရင်လဲ တော်ရုံနဲ့ မကွဲဘူးဆိုလား။ ဒါပေမဲ့ ကိုယ်ကကိုင်ကြည့်ပြီး ပါးလွန်းတော့ ကွဲမှာကြောက်ပြီး အူယားနေလို့ မ၀ယ်ဘူးပြောရတယ်။ ဈေးကလဲ မသေးဘူးကိုး။ တစ်ပန်းကန် စလုံး ၆ကျပ် ၇ကျပ်။ ပစ္စည်းကောင်းတော့ လူတိုင်းကြိုက်တာပေါ့နော။ ဒါပေမဲ့ အဲလောက်ပေးဝယ်ရမှာကိုလည်း နှမြောနေမိတယ်။

အဲလိုတွေ လွတ်လွတ်လပ်လပ် မ၀ယ်ရရှာတဲ့ ဦးခြိမ့်အတွက် အခွင့်အရေးတစ်ခု ပေါ်လာပါတယ်ခင်ဗျာ။ ခုတလော NTUC မှာ ပရိုမိုးရှင်းတွေပေးတယ်။ ဈေးဝယ်လို့ ၃၀ဖိုးကျော်ရင် ဘောက်ခြာစာရွက် တစ်ရွက်ရတယ်။ အဲလိုဘောက်ခြာလေးတွေ စုထား၊ ၁၀ရွက်ရရင် non-sticker ဒယ်အိုး၊ ဒန်အိုး၊ ကြွေပန်းကန်ပြား အစရှိသဖြင့် ဘရန်းကောင်းကောင်း၊ ပစ္စည်းကောင်းကောင်းလေးတွေကို ပိုက်ဆံ အလိုက်နဲနဲထပ်ပေးပြီး ထုတ်လို့ရတယ်။ အဓိကကတော့ ပရိုမိုးရှင်းဆိုတော့ ဈေးချောင်တယ်ဆို ၀ယ်ချင်တာလဲပါတာပေါ့။ အိမ်က NTUC တာဝန်ခံ ဂျူဂျူတို့ ကြီးတော်ခမြာလဲ အဲဒီစာရွက်လေးတွေ စုရတာ အမော။ ညနေတိုင်ဆို သူ့မှာ အဲဒီဘောက်ခြာလေးတွေ ဘယ်လောက်ရှိပြီဆို ထုတ်ထုတ်ရေရတာ အလုပ်တစ်ခု။ သူကလဲ အဲလိုလေးတွေ ထုတ်ရတာ ၀ါသနာပါသဗျ။ လောကကြီးမှာ အဲလိုလူတွေ ရှိတယ်နော်။ ဘာရယ်မဟုတ်၊ ပရိုမိုးရှင်းဆိုတာနဲ့ ဈေးချောင်တယ်ဆို သွားထုတ်မယ်ဆိုတာချည်းပဲ။ မဆွိတီကတော့ အစကထဲက ပရိုမိုးရှင်းတွေ၊ ကံစမ်းမဲတွေ ဒီလောက်ကြီး ၀ါသနာမပါတော့ သူတို့ဟာ သူတို့ လုပ်နေတာသာ အသာကြည့်နေလိုက်တာပဲ။

ကြံကြံဖန်ဖန် ဒီတစ်ခါ NTUC က ပရိုမိုးရှင်းက " ဓား " ပါတဲ့ဗျား။ အိမ်မှာလဲ ဓားတွေက ၃-၄ ချောင်းဆိုတော့ ဘာလုပ်မလဲ။ ကိုယ်က ဓားလောက်တော့ စိတ်မ၀င်စားပေါင်။ အဲဒါ အိမ်က ပရိုမိုးရှင်း မောင်နှမကတော့ စိတ်ဝင်စားတယ်ဗျား။ ဘောက်ခြာဘယ်နှစ်ရွက်ဆို ဓားအကြီးရမယ်၊ ငွေ ၁၀ထပ်ပေးရမယ်၊ ဓားအသေးဆို ဘယ်လောက် အလိုက်ပေးရမယ် အစရှိသဖြင့် ပြောနေတာပဲ ကြာလှပေါ့။

တစ်နေ့ကတော့ ကြီးတော်က လာပြောတယ်။ သူ့မှာ ဘောက်ခြာစာရွက် ၂၀ ကျော်နေပြီဆိုပဲ။ ဓားထုတ်လို့ရနေပြီပေါ့။ ဒီတော့ကိုယ်က ဖျက်တယ်။ အစ်မကလဲ ဘာလုပ်မလဲ။ အိမ်မှာလဲ ဓားတွေ အများကြီးပဲဟာကို။ ပြီးတော့လဲ အပြင်မှာ ၃-၄ ကျပ်ပေးရင်တောင် ကောင်းကောင်းရတဲ့ဓား၊ ခု ဘောက်ခြာတွေလဲပေးရမယ်၊ ပိုက်ဆံလဲ ၁၀တောင် အလိုက်ထပ်ပေးရမယ်ဆိုတော့ မတန်ပါဘူးဗျာ ဆိုတော့ ခမြာမှာ တသသနဲ့ စုဆောင်းထားတဲ့ ဘောက်ခြာလေးတွေ အသာပြန်သိမ်းပြီး သွားမထုတ်ရဲဘူးပေါ့။

ဦးခြိမ့် ရုံးကပြန်လာတော့ ကြီးတော်က သူထုတ်ချင်တာ မထုတ်ရတော့ ငြီးပြောလေးနဲ့ သူ့မှာ ဘောက်ခြာလေးတွေ ရှိနေပြီ ဆိုတဲ့အကြောင်း သတင်းထပ်ထုတ်တယ်။ ဦးခြိမ့်က ဟင် ခင်ညား ခုချိန်ထိ မထုတ်ရသေးဘူးလား ... ကျုပ်က ထုတ်ပြီးလောက်ပြီထင်တာဆို ပြောတော့ ကြီးတော်ခမြာ ပဲကြီးလှော်ကြား ဆားညပ်ဖြစ်သွားတယ်။ ဒီတော့ မဆွိတီက အိုတော် တော့ဓားက ဘောက်ခြာပေးတာတောင် ၁၀ ထပ်ပေးရမှာဆိုတော့ ဈေးမကြီးလွန်းဘူးလား။ ခုအိမ်မှာရှိတဲ့ဓား ၃နှစ်ရှိပြီ။ ၄ကျပ်လားပေးရတယ်။ ကျွန်မကတော့ မထုတ်ချင်ပေါင်တော် ဆိုတော့ ညည်းကဘာသိလို့လဲ ... အဲဒါ ဘရမ်းအကောင်းစားဓားကွ။ အပြင်မှာဝယ်ရင် ဘယ်လောက်ပေးရမယ်ထင်လဲ ... ဘလာ ...ဘလာ ... ဘလာ ... ဆိုတာနဲ့ ကိုယ်လဲ ဘာမှ ထပ်ပြောမနေတော့ပါဘူး။

ဒီနေ့ရုံးကပြန်ရောက်တော့ မီးဖိုခုံပေါ်မှာ အဲဒီပလိုမိုးရှင်းဓား တင်ထားတာတွေ့တယ်။ အော် ဓားထုတ်လာပလားပေါ့။ ဓားကတော်တော်တော့ ကြီးတယ်။ ဓားဦးကလဲချွန်တယ်ဆိုတော့ အန္တရယ်တော့များတယ်ဆို တွေးနေတာ။ ဦးခြိမ့်တစ်ယောက်ကတော့ ရုံးကပြန်ရောက်၊ ထမင်စားသောက်ပြီး သူ့ဓားအကောင်းစားကြီးကို ထုတ်ကြည့်ပြီး တသသနဲ့ ချီးမွန်းခန်းဖွင့်နေတာ။ ကောင်းလိုက်တဲ့ ဓားကွာတဲ့။ လေးလဲ အလေးကြီးပဲတဲ့။ ကိုင်ရတာ အားရချက်တဲ့။ သူပြောမှပဲ ကိုယ့်ဗိုက်တောင် နာချင်သလိုဖြစ်လာတယ်။ ပြောရင်း ဓားကလဲ တ၀င့်ဝင့်ဆိုတော့ မနဲရှောင်နေရတယ်။ ပီးတော့ မိန်းမရေ တဲ့ဆို ခေါ်ပြသေးတယ်။ ဒီမှာတွေ့လားတဲ့ ၁၀နှစ် ဂရမ်တီ ဆိုပဲ။ ကြီးတော်ကလဲ ဟိုကကောင်းလွန်းပါတယ်ဆိုမှ အဆင်းလေး ဘီးတပ်ပြီး သူနဲ့အတူထုတ်တဲ့ အမျိုးသမီးကတော့ ရှိသမျှ ၁၀ချောင်းလောက် အစုံလိုက်ထုတ်သွားပါသတဲ့။ သူ့မှာလဲ ဓားအသေးတစ်ချောင်း ထပ်ထုတ်ဖို့ ဘောက်ခြာတွေ အလုံအလောက် ရှိသေးတယ်ဆိုပဲ။

အင်း ဒီပရိုမိုးရှင်းမောင်နှမနဲ့တော့ ... ဒီပရိုမိုးရှင်းဓားတွေ အကုန်ထုတ်ပြီးမှ နားအေးမဲ့ သဘောပါကလား။ ။

Sunday, November 21, 2010

ရှမ်းဟင်းထုတ် မွှေးမွှေးလေး ...

မဆွိတီတို့ အိမ်အောက်ထပ်မှာ တောင်ကြီးဖက်က အစ်မတွေ နေတယ်။ သူတို့အိမ်က ရှမ်းစာတွေချက်ရင် လာပို့လေ့ရှိတယ်။ မဆွိတီက ဆီတို့ဟူးသိပ်ကြိုက်တော့ သူတို့အိမ်ကပေးတဲ့ ဆီတို့ဟူးကတော့ ဘယ်ကဝယ်တဲ့ ဆီတို့ဟူးနဲ့မှမတူ ထူးခြားကောင်းမွန်လှတာကို သတိထားမိတယ်။ ခလေးတွေကလဲ စလုံးမှာမွေးပေမဲ့ ရှမ်းစာတွေကြိုက်လို့ ဆီတို့ဟူးတို့၊ ပဲပုပ်တို့၊ ပဲငပိတို့ဆိုတာ ရှမ်းပြည်ကနေ နှစ်စဉ် ပုံးလိုက်ကို မှာရပါသတဲ့။ ခလေးတွေမွေးပြီး ၃-၄နှစ်လောက် ရှမ်းပြည် ပို့ထားတော့ သူတို့တွေ ရှမ်းစာတွေနဲ့ ရင်းနှီးနေတာတဲ့။ ဂျူဂျူလေးနဲ့ ဆော့ဖော် သူငယ်ချင်းတွေပါ။

အဲဒီနေ့ကလည်း ရုံးကပြန်ရောက်ပြီး အိမ်မှာ ဒညင်းသီးနဲ့ ဝက်သား၊ ချဉ်ပေါင်-မျှစ်ချဉ်ဟင်းချက်တော့ လူကစားသောက်ပြီး ဗိုက်လေးလို့ ကွန်ပြူတာရှေ့ အသာနှပ်နေတာ။ သမီးကြီးတော်က အောက်ထပ်က လာပို့ထားတာ၊ ရှမ်းဟင်းထုတ်တဲ့ဆို ငှက်ပျောရွက်နဲ့ထုတ်ထားတဲ့ အထုတ် ခပ်ကြီးကြီး ၄-၅ထုတ်လာပြပြီး စားမလားတဲ့ လာမေးတယ်။ ဗိုက်က လေးနေတော့ စိတ်က မဝင်စားဘူး။ အော် လာပို့သလား။ အများကြီးပဲ အားနာစရာကြီး။ မစားသေးဘူးလို့ပဲ ပြန်ပြောလိုက်တယ်။

နောက် ညဉ့်နက်လာတော့ ဗိုက်ကဆာလာပြီလေ။ ဒီတော့ထုံးစံအတိုင်း ရေခဲသေတ္တာပြေးဖွင့်တယ်။ ဘာရှိတုံးပေါ့။ အဲသမှာ မီးဖိုချောင်ခုံပေါ်တင်ထားတဲ့ ဟင်းထုတ်ကိုတွေ့လို့ မိုက်ခရိုဝေ့ထဲ အသာနွှေးပြီး ဖက်ကို ဖြေလိုက်တာ .... အောင်မလေးဗျာ မွှေးလိုက်တဲ့ ရှမ်းဟင်းထုတ်။ တစ်ခါမှ မြင်လဲမမြင်ဖူး၊ စားလဲမစားဖူးတဲ့ ရှမ်းဟင်းထုတ်၊ တစ်ခါထဲကို ကြိုက်သွားတော့တာပဲ။ သူက ကြက်သွန်မြိတ်နံ့နဲ့ ငှက်ပျောဖက်ဖက်နံ့ပေါင်းပြီး တော်တော်ကို မွှေးတာပါကလား။ အရသာကလဲ မြန်မာ မုန့်ဦးနှောက်လို ခပ်ဆိမ့်ဆိမ့်။ ကြက်သွန်ဖြူ -ငရုပ်သီးဆီချက်လေးဆမ်းပြီး စားရတာပါ။ အဲဒါကြိုက်လွန်းတော့ နောက်နေ့ရုံးသွားတော့လဲ ရုံးမှာ နေ့လည်စာ စားရအောင်ပါ ထည့်သွားလိုက်သေးတယ်။







ထမင်းချိုင့်ကို အဲသလို ထုတ်သွားတာပါခင်ဗျာ။


ကြိုက်မိပြီဆိုတော့ ဒေါ်ဆွိတီတို့ မနေပါဘူးခင်ညာ။ နောက် ၂ပတ်လောက်ကြာတော့ လက်တည့်စမ်းပါတော့တယ်။ သမီးကြီးတော်ကလဲ တော်တော်ကြိုက်တော့ ညီအစ်မ၂ယောက်တက်ညီလက်ညီပေါ့။

ဈေးက ကြက်သွန်မြိတ် ကီလိုဝက်ဝယ်၊ ငှက်ပျောဖက် ၁ကျပ်ဖိုးဝယ်လာခဲ့ပါတယ်။ ဒီနေရာမှာ စလုံးမှာနေရတာ အစားအသောက်နဲ့ ပတ်သတ်လို့ အဲဒီတစ်ခုတော့ စိတ်ချမ်းသာရပါတယ်။ မြန်မာပြည်မှာတောင် ငှက်ပျောရွက်လိုချင် ဘယ်မှာသွားဝယ်ရမှန်းမသိတာ စလုံးမှာတော့ မလေးဆိုင်လေးတွေရှိနေတော့ ငှက်ပျောဖက်၊ ဒညင်းသီး၊ ပိန္နဲသီးစိမ်း၊ မြင်းခွါရွက်၊ ပင်စိမ်းရွက်၊ ငှက်ပျောဖူး၊ငှက်ပျောအူ၊ ဂွေးသီး၊ ငရုပ်သီးမိုးမျှော်သေးသေးလေးတွေကအစ လတ်လတ်ဆတ်ဆတ် ဈေးပေါပေါနဲ့ ဝယ်လို့ရပါတယ်။ တောသည်လေးတွေတွေ့ရင် အာဗြဲခြောက်တို့ ငပိကောင်တို့ပါ ပါလိုက်သေး။

ကြက်သွန်မြိတ် ၄ပုံတစ်ပုံလောက်ကို ပါးပါးလှီး၊ ဆန်မှုန့် ဆန်ချင်ခွက် ၅ခွက်လောက်ကို ရေနဲ့နယ်၊ ခနော ဟင်းခတ်မှုန့် စားပွဲဇွန်း ၂ဇွန်း၊ ဆီ တစ်ဇွန်း၊ ဆား သင့်သလိုထည့်ပြီး ပထမ မုန့်သားကျအောင် နယ်ပါတယ်။ ပြီးတော့ ကြက်သွန်မြိတ်နဲ့ရောပြီး နှံ့အောင်နယ်ပါတယ်။ ငှက်ပျောဖက်ကို ထုတ်လို့ကောင်းအောင်မီးကင်ပါတယ်။ ငှက်ပျောဖက်ကို အကျောလေးတွေ အတိုင်း ၁၀လက်မလောက်စီဖြတ်၊ ၂ထပ်ထပ်ပြီး မုန့်နယ်ထားတာကို ဇွန်း တစ်ကော်စာလောက်ထည့်ပြီးထုတ်ပါတယ်။ သွားကြားထိုးတံလေးနဲ့ ပိတ်ပြီး ပထမဆုံးတစ်ထုတ်ကို အခြေအနေကြည့်ရအောင် အစမ်းပေါင်းပါတယ်။ မိနစ် ၂၀လောက်ကြာတော့ ဖြည်ကြည့်တော့ မွှေးတော့မွှေးပါတယ်။ ဒါပေမဲ့ မုန့်က မာဆတ်ဆတ်နဲ့ မကောင်းပါဘူး။ ကြည့်ရတာ လွယ်သလိုနဲ့ တကယ်လုပ်ကြည့်တော့ နည်းသေချာမသိရင် မကောင်းပါဘူးဗျာ။

ဒါနဲ့ အောက်ထပ်က အစ်မကို အကူအညီခေါ်ရပါတော့တယ်။ အစ်မက နယ်ထားတဲ့ မုန့်ကိုကြည်ပြီး ကြက်သွန်မြိတ်နည်းတယ်။ ကီလိုဝက် အကုန်ထည့်ရမတဲ့။ အိမ်ကကြီးတော်ပြောသလိုဆို ကြက်သွန်မြိတ်ကို အားမနာပါးမနာ ဒင်းကြမ်းကို ထည့်ရတာပါ။ ပြီးတော့ ဆီကိုလဲ နောက်ထပ် စားပွဲဇွန်း ၄ဇွန်းထပ်တည့်ပါတယ်။ ဆီနည်းလို့ မုန့်က မအိတာပါတဲ့။

ပြီးတော့ သူကိုယ်တိုင်ပဲ ဟင်းထုတ်ကလေးတွေ ထုတ်ပေးသွားတာကို ဓာတ်ပုံရိုက်ထားလိုက်ပါတယ်။ ထုတ်ပြီးတော့ အပေါ်က ငှက်ပျောရွက်တွေ စွန်းထွက်နေတာကို ကတ်ကြေးနဲ့ တိအောင် ညှပ်ချသေးတယ်။ သူထုတ်တဲ့ ဟင်းထုတ်ကတော့ အိအိလေးနဲ့တော်တော်ကောင်းပါတယ်။ ဟင်းထုတ်ပေါင်းတော့ နတ်တင်တယ်ဆိုပြီး သေးသေးလေး ၂ထုတ် အဖို- အမဆိုပြီး ပေါင်းတဲ့အထဲ ညှပ်ထည့်လိုက်သေးတာ မှတ်မိတယ်။ ရိုးရာ အယူအဆအရ အဲလိုထည့်မှ မုန့်က မပျက်ပဲ ကောင်းပါသတဲ့။

ရှမ်းဟင်းထုတ်အတွက် နောက်ဆုံးမှတ်ထားတဲ့ အတိုင်းအတာများ ဖြစ်ပါတယ်။ ၆ထုတ်-၇ထုတ်လောက်ရပါတယ်။ လုပ်နည်းကတော့ အပေါ်မှာ ရေးခဲ့တဲ့ အတိုင်းပါပဲချင့်။
ဆန်မှုန့် ဆန်ချင်ခွက် ၅ခွက်
ရေ တစ်ခွက်ခွဲ နီးပါး (အတိအကျဆို ၁.၂၅ ခွက်)
ကြက်သွန်မြိတ် ကီလိုဝက်
ဆီ စားပွဲဇွန်း ၅ဇွန်း
ခနော ဟင်းခတ်မှုန့် စားပွဲဇွန်း ၂ဇွန်း
ဆားသင့်သလို

အဲသလို ကြက်သွန်မြိတ်ကို မဟားဒယား ထည့်ရတာပါ။



ဖက်ကို မုန့်ထည့်ဖို့ ခွက်ကလေးရအောင် အဲလိုလေး ကိုင်ရပါသတဲ့။


ဖက်ကို ခေါက်တော့ ငှက်ပျောဖက်က ကွဲထွက်တတ်တယ်။ ဒါကြောင့် ၂ထပ်ထုတ်တာပါ။ ငှက်ပျောရွက် မီးကင်တာနဲရင် ကွဲထွက်တတ်ပါတယ်။ ထပ်ဖြည့် - ရေနဲ့ ပြုတ်ရင်လဲရပါတယ်။ ရေပွက်ပွက်ဆူထဲ ၅မိနစ်လောက်တော့ ပြုတ်ပါ။




ထုံးစံအတိုင်း ထမင်းပေါင်းအိုး ပေါင်းချောင်ထဲ ထည့်ပေါင်းလိုက်တာပဲ။ ၄၅မိနစ်လောက်တော့ ပေါင်းရပါတယ်။



သူက အသားမပါ ဘာမပါနဲ့ စားလို့ကောင်းတာဆိုတော့ သတ်သတ်လွတ်သမားများအတွက်လဲ သင့်တော်ပါတယ်။ ရှမ်းပြည်မှာတော့ ငါးတို့၊ ဝက်သားတို့နဲ့လဲ ထုတ်ပါသတဲ့။ စားကြပါဦး။

Friday, November 19, 2010

ဂျူဂျူလေးရဲ့ ပညာရည်တိုးတက်မှုမှတ်တမ်း ...

ဂျူဂျူလေးဟာ ၂နှစ်သမီးထဲက Play group လို့ ခေါ်တဲ့ မူကြိုကျောင်းလိုဟာမျိုး တက်ရတယ်။ တစ်နေ့ကို တစ်နာရီသွားပို့ရတာပါ။ အရောင်လေးတွေခြယ်ရတယ်၊ ကဗျာလေးတွေဆိုရတယ်။ လက်မှုပစ္စည်းလေးတွေ လုပ်ရတယ်။ အပျော်ကျောင်းပေါ့။

ကျောင်းစတက်တဲ့နေ့က အမှတ်တရ (၂နှစ်နဲ့ ၂လ )...




ပထမဆုံးတက်တက်ချင်း ပုံလေးတွေကို အရောင်ခြယ်ရတယ်။

" A " တို့ " B " တို့ဆိုတော့ စစတက်ချင်း ခြယ်ထားတာဖြစ်မယ်။ date ကတော့ ၃လပိုင်း ၂၀၀၆။




ပူစီလေး မျက်နှာကို ခြယ်ထားတာများ ခပ်တည်တည်ပဲနော်။


" X " ဆိုတော့ နောက်ပိုင်း ခြယ်တာတွေ ဖြစ်မယ်။ date ကတော့ ၁၀လပိုင်း၊ ၂၀၀၆။ ၇လအတွင်း ပညာရည်တွေ တိုးတက်လာတာပေါ့။


သမီး ၃နှစ်ပြည့်တော့ အိမ်အောက်ထပ်က PAP ကဖွင့်တဲ့ မူကြိုမှာ ဆက်ထားတယ်။ အဲဒီမှာပဲ ကျောင်းကြီး မတက်ခင် မူကြို၊ K1, K2 စုစုပေါင်း ၃နှစ် တက်ခဲ့ရပါတယ်။
ဒီပုံလေးကတော့ မူကြိုမှာ ခြယ်ထားတာပါ။ ၂၀၀ရ- ၁၀လပိုင်းဆိုတော့ တစ်နှစ်အတွင်း ဂျူဂျူတို့ ပညာရည်တိုးတက်မှု ... အဲလေ အရောင်ခြယ် တိုးတက်မှု မှတ်တမ်းကို မြင်အောင်သာကြည့်ကြပါတော့။




ခုမှ ပညာရည် တိုးတက်မှုမှတ်တမ်း အစစ်လာပါပြီ။

ဂျူဂျူလေးဟာ P1 (Primary 1) နောက်ဆုံးစာမေးပွဲမှာ သင်္ချာတွေ အများကြီး မှားခဲ့ပါတယ်။ အမေတူသမီး လျှပ်ပြာ၊ လျှပ်ပြာနဲ့ မမှားသင့်ပဲ လျှမ်းပြီး မှားခဲ့တာတွေ အများကြီးပါပဲ။ သင်္ချာကို အမှတ်ပြည့်နီးပါး မှန်းထားတာ၊ နောက်ဆုံးတော့ အမှတ်၉၀ နဲ့ပဲ နှစ်သိမ့်လိုက်ရပါတော့တယ်။ မထင်မှတ်တဲ့ တရုတ်စာကတော့ အမှတ် မဆိုးဘူးဖြစ်နေပါတယ်။ သူက ၇၀ -၈၀ လောက်ပဲ မှန်းထားထာ ၉၆ မှတ်ရပါတယ်။ အင်္ဂလိပ်ကလဲ နောက်ဆုံး comprehension ဖြေတဲ့ထဲက တော်တော်မှားလာတော့ ၉၃ မှတ်ပဲ ရပါတယ်။

အဆုံးသတ်သော် ဂျူဂျူတို့ ဒီနှစ်အတွက် ကျောင်းစာနဲ့ ပတ်သတ်တဲ့ ဆုမချိတ်ပါဘူးခင်ဗျာ။ ဆုပေးပွဲက အတန်းထဲမှာ ပထမရသူတစ်ယောက်တည်းကိုသာ ဆုချီးမျှင့်ပါတယ်။ (ဂျူဂျူက တတိယပါ) ။ ဒါပေမဲ့ ၀မ်းသာစရာတစ်ခုက သမီးဟာ အတန်းထဲမှာ performance ဆုရော၊ best character ဆုပါ ရရှိခဲ့ပါတယ်။ ဂျူဂျူတို့အဖေကတော့ သူ့သမီးအတွက် ဂုဏ်ယူမဆုံးပေါ့။

ဒါကတော့ First Semester တုံးက ပညာရည်တိုးတက်မှု မှတ်တမ်းပါ။



ဒါကတော့ P1 တစ်နှစ်လုံး အတွက် ပညာရည်တိုးတက်မှု မှတ်တမ်းပါ။







ဂျူဂျူတို့ ဒီနေ့ကစပြီး ကျောင်းတွေ ပိတ်ပါပြီ။ ဇန်န၀ါရီ ၃ရက်နေ့မှ ပြန်တက်ရပါမယ်။ P1 ကျောင်းပိတ်ခါနီး အမှတ်တရ ရိုက်ထားတဲ့ကျောင်းသူကြီး မဂျူဂျူ ပုံပါ။ (၇နှစ် ပြည့်ခါနီး ၁လအလို)

Sunday, November 7, 2010

စွယ်တော်မြေမှ ပုံရိပ်ဟောင်းများ ...

မကေမှ ဘ၀တူ ကျောင်းလွမ်းသူ အချင်းချင်း တက်ဂ်လာတဲ့ ပို့စ်လေးဖြစ်ပါတယ်။ ပုံလေးတွေ အများကြီးရှိတဲ့ထဲက စိတ်ဝင်စားစရာ ပုံအချို့ကို ရွေးထုတ်ပြီး မှတ်မိတဲ့ အကြောင်းအရာတချို့ကို ပဲ ရေးပေးလိုက်ပါတယ်။

မဆွိတီ ကျောင်းသွားရ၊လာရတာ ကားရှားတာ တစ်ကြောင်း၊ မှော်ဘီကားခတွေ ဈေးကြီးလာတာ တစ်ကြောင်းကြောင့် နောက်ပိုင်းနှစ်တွေမှာ အဆောင်မှာပြောင်း နေခဲ့တယ်။ 4th yr နှစ် သဇင်မှာ ခဏပဲနေလိုက်ရတယ်။ နောက်ဆုံး၂နှစ်ကို ဂျီဟောမှာ နေခဲ့တယ်။ တစ်ခန်းမှာ လူ၎ယောက်နေရတယ်။ အရင်ပို့စ်မှာ ရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းရယ်၊ နောက်သူနဲ့ တွဲနေမဲ့ သူငယ်ချင်း၂ယောက်ရယ်ပေါ့။ နောက်ပိုင်းတော့ ဒီကောင်တွေနဲ့လဲ အရမ်းခင်သွားပြီး ပြောမနာ၊ ဆိုမနာ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်သွားပါတယ်။

မဆွိတီ အဆောင်နေခဲ့တဲ့ အကြောင်းပြောရရင် ဘေးခန်းက သူငယ်ချင်းတွေ အကြောင်းလဲ မပါ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘေးခန်းက အင်မတန် သောင်းကျန်း၊ ဗရုတ်ကျတဲ့ ၃ယောက်နဲ့ မဆွိတီတို့ အခန်းက ၄ယောက် ပေါင်းပြီး တစ်ခန်းနဲ့ တစ်ခန်း စကြ နောက်ကြ၊ ပျော်ခဲ့ကြတာတွေဟာ နောက်ပိုင်း အဆောင်မှူးသိပြီး ခေါ်အဆူခံရတဲ့ အထိ ဂျီဟောမှာ ပြောစမှတ်ဖြစ်ခဲ့လို့ပါပဲ။ ဒီအကြောင်းတွေ နောက်မှပဲ ရေးပါတော့မယ်။

အောက်က ပုံကတော့ အခန်း၂ခန်းက သူငယ်ချင်းတွေ အဆောင် dinner ညမှာ အမှတ်တရ ရိုက်ခဲ့ကြတဲ့ ပုံပါ။ မဆွိတီရဲ့ ချစ်သူနယ်ချင်းကြီးကတော့ dinner မတက်လို့ သူ့ပုံတော့ မပါပါဘူး။ အဲဒီ dinner ကို ယောက်ျားလေးဆောင် A,B,C,D,E,F နဲ့ မောင်နှမဆောင်မှို့ " ကြို့ကုန်းဆောင်များ Dinner " ဆိုပြီး တွဲလုပ်တော့ ဂျီဟောသူများဟာ ယောက်ျားလေးဆောင်တွေကို သွားတက်ရတာပါ။ ကျောင်းဝန်းထဲမှာပဲဆိုတော့ ၅မိနစ်လောက်ပဲ လျှောက်ရပါတယ်။ အင်းစိန်လမ်းမကနေ ကျောင်းဝန်းထဲ လှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ အဆောင်တွေပါ။

အဲဒီမှာ အဆောင်သူတွေ အကြောင်းကြုံလို့ ပြောရရင် အဲဒီဒင်နာကို အဆောင်သူတွေက လှတပတ ၀တ်စားဆင်ယဉ်ပြီးမှ သွားတက်ကြတာ။ ပထမတော့ ကိုယ်လဲ အဆောင်ရောက်စဆိုတော့ ဘယ်သိမလဲ။ ဒင်နာအတွက် သူတို့တွေ အပြတ်ပြင်ဆင်နေကြတော့ ကိုယ်လဲ ဘာဝတ်ရမှန်းမသိ။ ဈေးကြီးတဲ့ ရယ်ဒီမိတ် အသစ်တွေလည်း မ၀ယ်နိုင်နဲ့ ဖြစ်နေတုံး တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန် အစ်ကို မလေးရှားက ပို့တဲ့ ပိတ်စလေး ဆိုင်အပ်ပြီး အသစ်တစ်ထည် ချုပ်လိုက်ရပါရောလား။ အဲဒီတုံးကတော့ တော်တော်လှတယ်ထင်တာ။ ခုတော့ တောဂေါ်ဒီဇိုင်းပေါ့ဂျာ။

အဲဒီမှာဗျာ။ ဟိုကောင်တွေက အင်္ကျံတွေတင်သာမက ဖိနပ်တွေပါ လေဒီရှူးတွေ၊ဘာတွေ စီးပြီး ရှိုးထုတ်ကြတာကလား။ အဲဒီခေတ်က လေဒီရှူးဆိုတာ တော်ရုံလူ စီးတာမဟုတ်ဘူးနော်။ သိပ်လဲ ပေါ်ပြူလာ မဖြစ်သေးပါဘူး။ အဲဒါ စီးနေကျမဟုတ်တော့ အပြန်ကျ ဖိနပ်တွေ ပေါက်ပြီး အဲဒီကောင်တွေ လမ်းလျှောက်တိုင်း ထော့ကျိုးတွေနဲ့ တအားအား၊ တအီးအီး အော် လျှောက်နေကြတာ ။ နောက်တော့ မခံနိုင်လို့ ဖိနပ်တွေ ချွတ်ပြီးလျှောရတော့တာ။ အလာတုံးတော့ ရှိုးစမိုးအပြည့်နဲ့ ကောင်တွေ အပြန်ကျ ဖိနပ်မပါတာကြည့်ပြီး မဆွိတီတို့က ၀ိုင်းဟားကြတာ တလမ်းလုံး ရယ်နေရတယ်။


ဒီပုံကလဲ ဒင်နာညကပဲ။ ဒင်နာကပြန်လာလာချင်း ဟိုဘက်ခန်းက ဗရုတ်ကောင်တွေက လာပြောတယ်။ သူတို့ အခန်းမှာ ဘူးသီးကြီးတစ်လုံး ရောက်နေတယ်တဲ့။ ကြံကြံဖန်ဖန်ဗျာ။ ဘူးသီးနဲ့ အဆောင် ဘာဆိုင်တုံး။ အဆောင်မှာ ဟင်းလဲ ချက်စားလို့ရတာမဟုတ်။ ဗရုတ်ကျချင်လို့ကို သက်သက် သယ်လာတာ။ အဲဒီအခန်းက မေငယ်ဆိုတဲ့ကောင်က သူ့ယောက်ဖကြီးက လက်ဆောင်ပေးလို့ ယူလာတယ်ဆိုလားပဲ။ ပေးစရာရှားလို့ ဘူးသီးတဲ့ဗျာ။ ဒီဘက်ခန်းကကောင်တွေကလဲ ဗရုတ်က ကျချင်တော့ ဘူးသီးကြီးနဲ့ ဓာတ်ပုံရိုက်ကြမယ်ဆို အမှတ်တရ ရိုက်ထားကြတာ။ (ဘောင်းဘီတွေကတော့ ဓာတ်ပုံရိုက်မှာမှို့ ရှိုးထုတ်ပြီး ၀တ်ထားကြတာပါဗျာ။ ပုံမှန် အဆောင်မှာ လုံခြည်ပဲဝတ်ကြပါတယ်။)


ဒါကတော့ ဒင်နာမှာ Decoration လုပ်တဲ့ပုံတွေနဲ့ ရိုက်ထားတာပါ။ ကာတွန်းဆွဲတဲ့သူက အဖွဲ့ထဲက တစ်ယောက်နဲ့ သက်ဆိုင်သူမှို့ ပွဲအပြီးမှာ ဖြုတ်ပြီး ပေးလိုက်တာပါ။


ဒါကတော့ ချစ်သူငယ်ချင်းနဲ့ လက်တွဲကာ ပြေးလွှား ပျော်ပါးခဲ့စဉ်က။ ဖီးဆစ် ဒီပတ်မန့်နားမှာ ထင်တာပါပဲ။


ဒါကတော့ အင်းယားလိပ်နားက စက်မှု (၁) မှာ နောက်ဆုံးနှစ် field ဆင်းတော့ သင်တန်းပြီးခါနီး သူငယ်ချင်းတွေ အမှတ်တရ ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားရင်း အမှတ်တရ ရိုက်ထားတာပါ။ ဒီထဲက ယောက်ျားလေး သူငယ်ချင်းတော်တော်များများတော့ စင်္ကာပူမှာ ရှိနေပါတယ်။ ရုပ်ပြောင်နေတဲ့ ပုံတွေ အမှတ်တရပါ။ ခွင့်တောင်းဖို့ကလဲ တစ်ယောက်နဲ့မှ အဆက်အသွယ် မရှိတော့လို့ ဒီတိုင်းပဲ တင်လိုက်ပါတယ်။ ပုံတွေ မကျေနပ်လို့ ကန့်ကွက်တဲ့သူရှိရင် တစ်ပတ်အတွင်း လာကန့်ကွက်နိုင်ပါတယ်။ ပန်းကလေးများနဲ့ ဖုံးပေးပါမယ်ခင်ည။


ဒါကတော့ နောက်ဆုံးနှစ် ကြံခင်း၊ ထုံးဖိုဖက် လေ့လာရေး ခရီးထွက်ခဲ့တုံးက အမှတ်တရ ရိုက်ခဲ့တဲ့ပုံပါ။ သူငယ်ချင်းတွေနဲ့ စုရိုက်တဲ့ ပုံတွေတော့ ပါမလာပါဘူးခင်ည။ အဲဒီတုံးက ကား ၄-၅ စီးနဲ့ ကိုယ်တို့ စက်မှုတွေချည်းပဲ ထွက်ခဲ့ကြတာ။ သိပ်ပျော်စရာကောင်းတယ်။ ဟိုးတောထဲက စက်အကြီးကြီးတွေ၊ မော်တော်ကား ထုတ်တဲ့ စက်ရုံတွေကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတာ မှတ်မိတယ်။ BE ဆင်း စက်ရုံဝန်ထမ်းတွေရဲ့ ဘ၀ကိုလဲ အံ့သြခဲ့ရပါတယ်။ အဲဒီညက မီးပုံပွဲမှာ ကိုယ်တို့အတန်းထဲက နာမည်ကြီး တော်ဟန်ဝင်းရဲ့ မြန်မာအက အလွန်နာမည်ကြီးခဲ့ကြောင်း မသက်ဝေမှ တစ်ခါရေးဖူးပါတယ်။ အဲဒီပို့စ်ကြောင့်လဲ သူ့ကို မသက်ဝေဖြစ်ကြောင်း ရိပ်မိခဲ့တာပါ။


ဒါကတော့ ပုဝါ၂စ အသာချ ဆရာမဘ၀ မှာ ရိုက်ထားတဲ့ ပုံပါ။ အတော်ရင့် ကျက်သွားတယ်နော် ... ((ဟမ်))


နောက်ဆုံးပုံ၂ပုံကိုတော့ ဦးမောင်ခြိမ့်ပုံတွေနဲ အဆုံးသတ်ပါမယ်ခင်ညာ။ ဒါကတော့ နောက်ဆုံးနှစ် ME တန်းတွေ ဆရာကန်တော့ပွဲဖြစ်ပါတယ်။ ကြူံလို့ပြောရရင် ဦးမောင်ခြိမ့်က မဆွိတီထက် ၂နှစ် စီနီယာကျပါတယ်။


Mechanical က သူတို့ EC တွေ စုရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။


ဒါကတော့ ကိုမောင်ခြိမ့် ခိုးထုတ် ခိုးထည်နဲ့မိတာ မဟုတ်ပါဘူးခင်ဗျာ။ သူက အဲဒီတုံးက AME (Association of Mechanical Engineering) အသင်းရဲ့ အတွင်းရေးမှူးဆိုတော့ ကျောင်းသားတွေအတွက် အဲလို စာအုပ်တွေ သယ်ရထမ်းရတာတွေလဲ တကယ်လုပ်ခဲ့ရပါသတဲ့ဗျား။ (အဲဒီတုံးက ME ကျောင်းသားတွေ အတွက် စာအုပ်တွေ၊ Tutorial , practical စာရွက်စာတန်းတွေ အကုန်လုံးကို AME အသင်းကပဲ ရောင်းချပေးပါတယ်။ )


(ကိုယ်က ရယ်စရာ ဗရုတ်သုတ်ခတွေပဲ ရေးနေကျဆိုတော့ အဆောင်သူတွေ အကြောင်း ဟာသလုပ်သလိုဖြစ်သွားရင် ခွင့်လွှတ်ကြပါ။ တကယ်တော့ အဆောင်သူတွေ စာလဲ အလွန်ကြိုးစားပြီး စာအလွန်တော်ကြပါတယ်။ မဆွိတီတို့ဘက်ရှ်က မေဂျာပေါင်းစုံက Roll 1 တော်တော်များများက ဂျီဟောမှ မိန်းခလေးများဖြစ်ပါသည်ခင်ဗျာ။ ပုံထဲက မဆွိတီရဲ့သူငယ်ချင်း အရင်းခေါက်ခေါက် တစ်ယောက်ကလဲ နာမည်ကြီး မေဂျာတစ်ခုက Roll 1 ပါ။ )

Wednesday, November 3, 2010

တောသူမြို့ရောက် အောချတ် ...


အရှိန်ယူနေတုံး အရင်တစ်နှစ်လောက်က အိမ်ကလူကြီး over sea ရောက်နေတုံး အဖြစ်အပျက်လေး ပြန်တင်လိုက်ပါတယ်။ ဟိုဘက်က အစ်မကြီးကွန်းက အောချတ်ဆိုလို့ သတိရသွားတာ။
-------------------------------------------------------------------------------------------------------------------------

မဆွိတီဟာ လမ်းတွေ၊ direction တွေနဲ့ ပတ်သတ်လို့ အမှတ်သညာ အလွန်နည်းတယ်ဆိုတာ "ဘေစင်လေးတွေတော့ " ဆိုပြီး အရင်က တစ်ခါရေးဘူးတယ်။ သွားစရာရှိရင် ယောက်ျားပါလို့ကတော့ သူ့နောက်တကောက်ကောက်လိုက်တော့တာပဲ။ ခုသူက oversea ရောက်နေလေတော့ သွားစရာရှိ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး သွားရတာပေါ့။

မနေ့ကတော့ orchard ဘက်မရောက်တာ ၆လလောက်ရှိပြီ၊ ၀ယ်စရာလေးတွေလဲ ရှိလို့ဆို သမီးကြီးတော်ရယ်၊ သမီးရယ်၊ ဦးဆောင်သူ ဒေါ်ဆွိတီရယ် သွားကြတယ်ပေါ့။ ပနင်စူးလားဘက် ခဏ၀င်ပြီး OG (old girl လို့ မပြောကြေးနော် ...) သွားရအောင်ဆို အော်ချတ်ကို ရထားစီးသွားကြတယ်။ အောချတ်ဘူတာရောက်လို့ ဆင်းပြီး မြေအောက်ကနေ အပေါ်တက်၊ အပေါ်ရောက်တော့ ဘယ်ရောက်နေပလဲလို့ ဘေးဘီ စနည်းနာပြီး ဟိုဘက်နည်းနည်း ဆက်လျောက်တော့ Ion ဆိုတဲ့ ရှော့ပင်းစင်တာ အသစ်ကြီးတွေ့တယ်။ ဆက်လျှောက်ရင်းနဲ့ Takashimaya ရှော့ပင်း စင်တာဘက် ရောက်လာတယ်။

ဒီနေရာမှာ ကြုံလို့ Takashimaya အကြောင်းပြောရရင် ကိုယ်တို့ကုမ္ပဏီက ဂျပန်ကုမ္ပဏီဆိုတော့ နှစ်စဉ် ကုမ္ပဏီ dinner တွေမှာ ကံစမ်းမဲဖောက်ရင် Takashimaya က ဘောက်ချာတွေ ပေးလေ့ရှိတယ်။ ဘောက်ချာဆိုတော့လဲ မလွှဲသာ၊ မရှောင်သာ သွားဝယ်ရသပေါ့။ အဲဒီမှာ ၂၀၀ တန်ဘောက်ချာလောက်ဆိုရင် အင်္ကျီ၊ အ၀တ်အစားဆို တစ်ထည်၊ ၂ထည်လောက်ပဲ ၀ယ်လို့ရတယ်ဗျာ။ ပြောရရင် ဈေးကြီးတယ်ဆိုတော့ အဲမှာ ၀ယ်လေ့မရှိဘူး။ အောချတ်ရောက်ရင် OG တို့Robinson တို့လောက်ပဲ ကိုယ်က သွားလေ့ရှိတယ်။ (ခုတော့ အားလုံး ဈေးကြီးကုန်လို့ အောချတ်ဘက် ဈေးမပတ်တာကြာပါပြီဗျာ ...) Tan တို့ Isetan တို့တောင် Takashimaya ထက် ၀ယ်လို့ကောင်းတယ်လို့ စိတ်ကထင်နေတယ်။ အဲဒီလိုသဘောတွေကြောင့် Takashimaya မှာ ၀ယ်လေ့ ပတ်လေ့မရှိ။

ကိုယ်ကသွားချင်တာက OG ဆိုတော့ ထုံးစံအတိုင်း မျက်စိက လည်နေပြီ။ Takashimaya ကနေ ရှေ့ဆက်လျောက်ရမလား၊ နောက်ပြန်လျှောက်ရမလား မသိတော့ဘူး။ လပ်ကီး ပလာဇာတို့၊ Isetan တို့ ကျော်လာတော့ မဟုတ်လောက်တော့ဘူးဆိုပြီး ဟိုတစ်ကျွန်းကလူကြီးဆီ ဖုန်းဆက်မေးတယ်။ သူက မှားနေပြီ ... ဆန့်ကျင်ဘက်ကို လျှောက်ရမှာတဲ့ ၊ ဟိုဘက်ကို တော်တော်ပြန်လျောက်ရမတဲ့။ သမီးကလဲ မေမေ ဂျူဂျူတော့ ညောင်းပြီဆို ဂျီကျနေတယ်။ ဒါနဲ့ ဆက်လျှောက်ရင် သမီးတော့ ပင်ပန်းတော့မှာပဲဆို မြေအောက်ဘက် တစ်ခါပြန်ဆင်းပြီး MRT တစ်ဘူတာ နောက်ပြန်စီးလိုက်တယ်။ Somerset MRT ပေါ့။ OG က Somerset နဲ့ ပိုနီးတာတော့ သိထားတယ်။

Somerset MRT ရောက်တော့ အပေါ်တက်၊ John little ရှော့ပင်းစင်တာကြီး တွေ့ပြန်တော့ OG ရောက်အောင် ဘယ်ဘက်လျောက်ရမလဲ မသိပြန်ဘူး။ အမှတ်သညာနဲပုံများး(( ။ အဲဒီနားမှာ Constructiion ဆိုက်တွေကလဲရှိနေတော့ မျက်စိက ပိုလည်သွားတယ်။ ဒါနဲ့ ဟိုနားဒီနား စနည်းနာရင်း ထင်တဲ့ဘက်ကို လျှောက်ပြန်တယ်။ လျှောက်ရင်းနဲ့ OG တော့ တွေ့မှာပါဆိုပြီး ...... ..... လျှောက်လာလိုက်ကြတာ ... လျှောက်လာလိုက်ကြတာ ... အညိုရောင်အဆောက်အဦကြီး တစ်ခုဆီရောက်လာရော။ ဟာ ... ဒါကြီး မြင်ဘူးသလိုပဲဆို အပေါ်ကိုမော့ ကြည့်လိုက်တော့ လားလား ... အနီရောင်ကြီးနဲ့ ရေးထားတာ " TAKASHIMAYA " ပါ တဲ့ဗျား။

သမီးကြီးတော်က ရယ်လိုက်တာ။ တဟားဟားနဲ့။ Takashimaya မသွားချင်လို့ မြေအောက်က နေတောင် ရထားနောက်ပြန်စီးလာတာ ... အပေါ်ရောက်ပြီး လမ်းပြန်လျှောက်တော့လဲ Takashimaya ပါပဲလားတဲ့။ ကိုယ်လဲ ရယ်ရတာ အူတွေကို နာနေတာပဲ။ ငိုအားထက် ရယ်အားသန်ဆိုတာလိုပဲ။

ဒါနဲ့ မှားပြန်ပဟဆို နောက်ပြန်လျှောက်တော့မှပဲ OG ကို ရောက်တော်မူပါတော့တယ်။

ဒီတော့ ကိုယ်က အရှက်ပြေ .. အမကလဲ Takashimaya က ၂ခုရှိတာကို ... စောနကတွေ့ခဲ့တာက ပိုဝေးတယ်လို့ ... ပြောရတယ်။ အမှန်က ၂ခုက ကပ်ရပ်ရယ် ...