မဆွိတီတို့ အိမ်အောက်ထပ်မှာ တောင်ကြီးဖက်က အစ်မတွေ နေတယ်။ သူတို့အိမ်က ရှမ်းစာတွေချက်ရင် လာပို့လေ့ရှိတယ်။ မဆွိတီက ဆီတို့ဟူးသိပ်ကြိုက်တော့ သူတို့အိမ်ကပေးတဲ့ ဆီတို့ဟူးကတော့ ဘယ်ကဝယ်တဲ့ ဆီတို့ဟူးနဲ့မှမတူ ထူးခြားကောင်းမွန်လှတာကို သတိထားမိတယ်။ ခလေးတွေကလဲ စလုံးမှာမွေးပေမဲ့ ရှမ်းစာတွေကြိုက်လို့ ဆီတို့ဟူးတို့၊ ပဲပုပ်တို့၊ ပဲငပိတို့ဆိုတာ ရှမ်းပြည်ကနေ နှစ်စဉ် ပုံးလိုက်ကို မှာရပါသတဲ့။ ခလေးတွေမွေးပြီး ၃-၄နှစ်လောက် ရှမ်းပြည် ပို့ထားတော့ သူတို့တွေ ရှမ်းစာတွေနဲ့ ရင်းနှီးနေတာတဲ့။ ဂျူဂျူလေးနဲ့ ဆော့ဖော် သူငယ်ချင်းတွေပါ။
အဲဒီနေ့ကလည်း ရုံးကပြန်ရောက်ပြီး အိမ်မှာ ဒညင်းသီးနဲ့ ဝက်သား၊ ချဉ်ပေါင်-မျှစ်ချဉ်ဟင်းချက်တော့ လူကစားသောက်ပြီး ဗိုက်လေးလို့ ကွန်ပြူတာရှေ့ အသာနှပ်နေတာ။ သမီးကြီးတော်က အောက်ထပ်က လာပို့ထားတာ၊ ရှမ်းဟင်းထုတ်တဲ့ဆို ငှက်ပျောရွက်နဲ့ထုတ်ထားတဲ့ အထုတ် ခပ်ကြီးကြီး ၄-၅ထုတ်လာပြပြီး စားမလားတဲ့ လာမေးတယ်။ ဗိုက်က လေးနေတော့ စိတ်က မဝင်စားဘူး။ အော် လာပို့သလား။ အများကြီးပဲ အားနာစရာကြီး။ မစားသေးဘူးလို့ပဲ ပြန်ပြောလိုက်တယ်။
နောက် ညဉ့်နက်လာတော့ ဗိုက်ကဆာလာပြီလေ။ ဒီတော့ထုံးစံအတိုင်း ရေခဲသေတ္တာပြေးဖွင့်တယ်။ ဘာရှိတုံးပေါ့။ အဲသမှာ မီးဖိုချောင်ခုံပေါ်တင်ထားတဲ့ ဟင်းထုတ်ကိုတွေ့လို့ မိုက်ခရိုဝေ့ထဲ အသာနွှေးပြီး ဖက်ကို ဖြေလိုက်တာ .... အောင်မလေးဗျာ မွှေးလိုက်တဲ့ ရှမ်းဟင်းထုတ်။ တစ်ခါမှ မြင်လဲမမြင်ဖူး၊ စားလဲမစားဖူးတဲ့ ရှမ်းဟင်းထုတ်၊ တစ်ခါထဲကို ကြိုက်သွားတော့တာပဲ။ သူက ကြက်သွန်မြိတ်နံ့နဲ့ ငှက်ပျောဖက်ဖက်နံ့ပေါင်းပြီး တော်တော်ကို မွှေးတာပါကလား။ အရသာကလဲ မြန်မာ မုန့်ဦးနှောက်လို ခပ်ဆိမ့်ဆိမ့်။ ကြက်သွန်ဖြူ -ငရုပ်သီးဆီချက်လေးဆမ်းပြီး စားရတာပါ။ အဲဒါကြိုက်လွန်းတော့ နောက်နေ့ရုံးသွားတော့လဲ ရုံးမှာ နေ့လည်စာ စားရအောင်ပါ ထည့်သွားလိုက်သေးတယ်။

ထမင်းချိုင့်ကို အဲသလို ထုတ်သွားတာပါခင်ဗျာ။
ကြိုက်မိပြီဆိုတော့ ဒေါ်ဆွိတီတို့ မနေပါဘူးခင်ညာ။ နောက် ၂ပတ်လောက်ကြာတော့ လက်တည့်စမ်းပါတော့တယ်။ သမီးကြီးတော်ကလဲ တော်တော်ကြိုက်တော့ ညီအစ်မ၂ယောက်တက်ညီလက်ညီပေါ့။
ဈေးက ကြက်သွန်မြိတ် ကီလိုဝက်ဝယ်၊ ငှက်ပျောဖက် ၁ကျပ်ဖိုးဝယ်လာခဲ့ပါတယ်။ ဒီနေရာမှာ စလုံးမှာနေရတာ အစားအသောက်နဲ့ ပတ်သတ်လို့ အဲဒီတစ်ခုတော့ စိတ်ချမ်းသာရပါတယ်။ မြန်မာပြည်မှာတောင် ငှက်ပျောရွက်လိုချင် ဘယ်မှာသွားဝယ်ရမှန်းမသိတာ စလုံးမှာတော့ မလေးဆိုင်လေးတွေရှိနေတော့ ငှက်ပျောဖက်၊ ဒညင်းသီး၊ ပိန္နဲသီးစိမ်း၊ မြင်းခွါရွက်၊ ပင်စိမ်းရွက်၊ ငှက်ပျောဖူး၊ငှက်ပျောအူ၊ ဂွေးသီး၊ ငရုပ်သီးမိုးမျှော်သေးသေးလေးတွေကအစ လတ်လတ်ဆတ်ဆတ် ဈေးပေါပေါနဲ့ ဝယ်လို့ရပါတယ်။ တောသည်လေးတွေတွေ့ရင် အာဗြဲခြောက်တို့ ငပိကောင်တို့ပါ ပါလိုက်သေး။
ကြက်သွန်မြိတ် ၄ပုံတစ်ပုံလောက်ကို ပါးပါးလှီး၊ ဆန်မှုန့် ဆန်ချင်ခွက် ၅ခွက်လောက်ကို ရေနဲ့နယ်၊ ခနော ဟင်းခတ်မှုန့် စားပွဲဇွန်း ၂ဇွန်း၊ ဆီ တစ်ဇွန်း၊ ဆား သင့်သလိုထည့်ပြီး ပထမ မုန့်သားကျအောင် နယ်ပါတယ်။ ပြီးတော့ ကြက်သွန်မြိတ်နဲ့ရောပြီး နှံ့အောင်နယ်ပါတယ်။ ငှက်ပျောဖက်ကို ထုတ်လို့ကောင်းအောင်မီးကင်ပါတယ်။ ငှက်ပျောဖက်ကို အကျောလေးတွေ အတိုင်း ၁၀လက်မလောက်စီဖြတ်၊ ၂ထပ်ထပ်ပြီး မုန့်နယ်ထားတာကို ဇွန်း တစ်ကော်စာလောက်ထည့်ပြီးထုတ်ပါတယ်။ သွားကြားထိုးတံလေးနဲ့ ပိတ်ပြီး ပထမဆုံးတစ်ထုတ်ကို အခြေအနေကြည့်ရအောင် အစမ်းပေါင်းပါတယ်။ မိနစ် ၂၀လောက်ကြာတော့ ဖြည်ကြည့်တော့ မွှေးတော့မွှေးပါတယ်။ ဒါပေမဲ့ မုန့်က မာဆတ်ဆတ်နဲ့ မကောင်းပါဘူး။ ကြည့်ရတာ လွယ်သလိုနဲ့ တကယ်လုပ်ကြည့်တော့ နည်းသေချာမသိရင် မကောင်းပါဘူးဗျာ။
ဒါနဲ့ အောက်ထပ်က အစ်မကို အကူအညီခေါ်ရပါတော့တယ်။ အစ်မက နယ်ထားတဲ့ မုန့်ကိုကြည်ပြီး ကြက်သွန်မြိတ်နည်းတယ်။ ကီလိုဝက် အကုန်ထည့်ရမတဲ့။ အိမ်ကကြီးတော်ပြောသလိုဆို ကြက်သွန်မြိတ်ကို အားမနာပါးမနာ ဒင်းကြမ်းကို ထည့်ရတာပါ။ ပြီးတော့ ဆီကိုလဲ နောက်ထပ် စားပွဲဇွန်း ၄ဇွန်းထပ်တည့်ပါတယ်။ ဆီနည်းလို့ မုန့်က မအိတာပါတဲ့။
ပြီးတော့ သူကိုယ်တိုင်ပဲ ဟင်းထုတ်ကလေးတွေ ထုတ်ပေးသွားတာကို ဓာတ်ပုံရိုက်ထားလိုက်ပါတယ်။ ထုတ်ပြီးတော့ အပေါ်က ငှက်ပျောရွက်တွေ စွန်းထွက်နေတာကို ကတ်ကြေးနဲ့ တိအောင် ညှပ်ချသေးတယ်။ သူထုတ်တဲ့ ဟင်းထုတ်ကတော့ အိအိလေးနဲ့တော်တော်ကောင်းပါတယ်။ ဟင်းထုတ်ပေါင်းတော့ နတ်တင်တယ်ဆိုပြီး သေးသေးလေး ၂ထုတ် အဖို- အမဆိုပြီး ပေါင်းတဲ့အထဲ ညှပ်ထည့်လိုက်သေးတာ မှတ်မိတယ်။ ရိုးရာ အယူအဆအရ အဲလိုထည့်မှ မုန့်က မပျက်ပဲ ကောင်းပါသတဲ့။
ရှမ်းဟင်းထုတ်အတွက် နောက်ဆုံးမှတ်ထားတဲ့ အတိုင်းအတာများ ဖြစ်ပါတယ်။ ၆ထုတ်-၇ထုတ်လောက်ရပါတယ်။ လုပ်နည်းကတော့ အပေါ်မှာ ရေးခဲ့တဲ့ အတိုင်းပါပဲချင့်။
ဆန်မှုန့် ဆန်ချင်ခွက် ၅ခွက်
ရေ တစ်ခွက်ခွဲ နီးပါး (အတိအကျဆို ၁.၂၅ ခွက်)
ကြက်သွန်မြိတ် ကီလိုဝက်
ဆီ စားပွဲဇွန်း ၅ဇွန်း
ခနော ဟင်းခတ်မှုန့် စားပွဲဇွန်း ၂ဇွန်း
ဆားသင့်သလို
အဲသလို ကြက်သွန်မြိတ်ကို မဟားဒယား ထည့်ရတာပါ။


ဖက်ကို မုန့်ထည့်ဖို့ ခွက်ကလေးရအောင် အဲလိုလေး ကိုင်ရပါသတဲ့။

ဖက်ကို ခေါက်တော့ ငှက်ပျောဖက်က ကွဲထွက်တတ်တယ်။ ဒါကြောင့် ၂ထပ်ထုတ်တာပါ။ ငှက်ပျောရွက် မီးကင်တာနဲရင် ကွဲထွက်တတ်ပါတယ်။ ထပ်ဖြည့် - ရေနဲ့ ပြုတ်ရင်လဲရပါတယ်။ ရေပွက်ပွက်ဆူထဲ ၅မိနစ်လောက်တော့ ပြုတ်ပါ။



ထုံးစံအတိုင်း ထမင်းပေါင်းအိုး ပေါင်းချောင်ထဲ ထည့်ပေါင်းလိုက်တာပဲ။ ၄၅မိနစ်လောက်တော့ ပေါင်းရပါတယ်။

သူက အသားမပါ ဘာမပါနဲ့ စားလို့ကောင်းတာဆိုတော့ သတ်သတ်လွတ်သမားများအတွက်လဲ သင့်တော်ပါတယ်။ ရှမ်းပြည်မှာတော့ ငါးတို့၊ ဝက်သားတို့နဲ့လဲ ထုတ်ပါသတဲ့။ စားကြပါဦး။

တီဆွိရေ ဟင်းထုတ်ဆိုအရမ်းကြိုက်ပါတယ်၊မနက်ဖြန်သတ်သတ်လွတ်စားမှာအတော်ပဲ၊
ReplyDeleteနည်းယူသွားတယ်၊ကျေးဇူးပါနော်။
ဟင်းထုပ်အရမ်းကြိုက်တယ်.. မလုပ်တတ်လို့ငြိမ်နေတာ..း)
ReplyDeleteတီဆွိအသေးစိတ်ရေးပြ ပုံပြထားတော့ အတော်ဘဲ..
တစ်ရက်တော့လုပ်စားအုံးမယ်။
အောင်မလေး...အဲလောက် ငရုပ်သီးတွေနဲ့ဆို ထွက်ပြီးရင် ရေချိုးတဲ့ ဘေစင် ထဲ တနာရီလောက် ဖင်စိမ်နေရလိမ့်မယ်
ReplyDeleteအမတို့လွိုင်ကော်မှာနေတုန်းက ဟင်းထုပ်နာမည်ကြီးဆိုင်တဆိုင်ရှိတယ်။ အသားမပါပဲကိုကောင်းတယ်။ တချို့တွေက မျှစ်လဲ ထည့်တယ်။ အသားနဲ့ပေါင်းရင်လဲ ၀က်သားနဲ့ ပေါင်းရင်ကြိုက်တယ်။ တခါမှတော့ လုပ်မစားဖူးဘူး။ ဒီမှာလဲ သူများလာပို့တာပဲ စားနေတာ။(ကြိုက်တယ် ကြိုက်တယ် ပြောထားတော့ လာပို့ရတာပဲပေါ့လေ) :P
ReplyDeleteအမခင်မင်းဇော်
အိမ်မှာ အမေကတော.ဝက်သားသုံးထပ်သားထည်.ပြီးလုပ်တယ်.. အသားသေးသေးလေးတွေတုံးပြီး ထည်.တာပေါ.နော်.. ခနောမှုန်.တော.မထည်.ဘူး.. ငှက်ပျောဖက်က မီးမကင်လဲ ရေနွေးထဲထည်.ပြုတ်လဲရပါတယ်.. ဂျူးမြစ်ရှိရင် အဲဒါလေးကိုက်စားလိုက်တာပေါ.နော်
ReplyDeleteဟင်းထုပ်အရမ်းကြိုက်တယ်...၀က်သားနဲ့မှပိုကြိုက်တယ်...ဆိုင်ကတော့ တော်ရုံပဲ အသားထည့်တာပေါ့နော်..ကိုယ့်ဟာကိုယ်လုပ်မှ စိတ်ကြိုက်ထည့်ရတာ...ဆိုင်တွေမှာ ငါးထမင်း၊ ၀က်သားချဉ်နဲ့ဟင်းထုပ် တူတူတွဲရောင်းကြတယ်...စူးနွယ်လည်း စစချင်းလုပ်ကြည့်တုန်းက ကြက်သွန်မြိတ်အများကြီးထည့်ပေမယ့် ဆီမပါတော့ မာနေတာ...အမေ့ကိုပြန်မေးမှ ဆီထည့်ရတယ်ဆိုတာသိတာ...ဂျူးမြစ်ရှိရင်တွဲစားလေ့ရှိကြတယ်..စလုံးက ဗမာစားစရာတွေရှာရတာတော်တော်အဆင်ပြေတာပဲနော်
ReplyDeleteစူးနွယ်လေး
ဟင်းထုတ် အရမ်းကြိုက်တယ် တီဆွိရေ။ ကြည့်ရင်းနဲ့တောင်စားချင်လာပြီ။
ReplyDeleteဟင်.. တီဆွိရေ.. နာမည်ကြည့်တာနဲ့ကို စားချင်လာပြီ.. နောက်ကျ လုပ်စားဦးမယ်.. အခုတော့ တီဆွိဆီက ၂ထုပ်လောက် ယူသွားမယ်နော်.. :)
ReplyDeleteလပြည့်နေ့ မှာ ၀ါးကြောပဲ တီတီဆွဲ ခုနှစ်ထုပ်ဆိုတော့ သုံးထုပ်လောက်တော့ယူသွားဦးမယ် ဟဲဟဲ
ReplyDeleteအာယိုယို.. ကျနော်သိပ်ကြိုက်တာဗျာ၊ ငယ်ငယ်တုန်းက ဝက်သားနဲ့လုပ်တာမျိုး မကြာမကြာ စားဖြစ်တယ်။
ReplyDeleteဝေမျှပေးတာကျေးဇူးတင်ပါတယ်။
ReplyDeleteအိမ်မှာ ငှက်ပြောဖက်ရှိနေတယ်။ ကြက်သွန်မိတ်ဝယ်ပြီးလုပ်စားပါမယ်။
:))
ကောင်းလေစွ. မလုပ်နိုင်ပါ.အဆင့်မြင့်သည်။
ReplyDeleteတီဆွီရေ...ရှမ်းပာင်းထုတ် တခါမှ မစားဖူးလို့ မြည်းကြည့်သွားတယ်နော်။ အဆာဗါလာက ဘာမှ ထွေထွေထူးထူး မပာုတ်ဘူးနော်။ ဆန်မှုန့်နဲ့ ကြက်သွန်မြိတ်အဓိကပေါ့နော်။ ဒီမှာတော့ ငှက်ပျော်ဖက် မရှိလို့ လုပ်စားလို့ ရမယ် မထင်ဘူး တီဆွိ။
ReplyDeleteရေအချိန်ဆလေး ပြောပါအုန်း မဆွီရေ
ReplyDeleteရေက အဲဒီတုံးက မှတ်ထားတာ မေ့သွားလို့ ထည့်မရေးထားတာ။ ခုအစ်မကိုပြန်မေးကြည့်တော့ ဆန်မှုန့် အချိုး ရေ က ၄း၁ ပါတဲ့။ ဆန်ငါးခွက်ဆို ရေ တစ်ခွက် နဲ့ ၄ပုံတစ်ပုံပေါ့။
ReplyDeleteအကြမ်းဖျင်းပြောရရင် မုန့်သားက မုန့်လုံးရေပေါ်တို့ဘာတို့ လုံးသလောက်ထက် နဲနဲပျော့တယ်။ ဆီထည့်တော့ ပိုလို့တောင် ပျော့သွားသေးတယ်။ ပျော့တော့ဖက်ထဲထည့်ထုတ်တဲ့အခါ တော်တော်ထိမ်းထည့်ရတယ်။ ဒါမှလဲ မုန့်ကအိတာ။ ရေနည်းရင် မာတယ်တဲ့ ဆောင်းရေ။
အပေါ်မှာ ရေအချိုး ပြန်ထည့်ထားပါတယ်။
လာလည်ပြီး မုန့်လာငန်း အဲ လာအားပေးတဲ့ သူများအားလုံး၊ မန့်သွားသောသူများအားလုံး ကျေးဇူးပါနော်။
ReplyDeleteကိုယ်ကသာ ခုမှ စ စားဖုးတာ၊ ဟင်းထုတ်ကို တော်တော်များများ စားဖူးကြ၊ ကြိုက်ကြတဲ့သူတွေချည်းပါပဲလား။
နောက်တစ်ခါ ၀က်သားနဲ့ထုတ်စားကြည့်ဦးမယ်ဗျို့။
အစ်မကြီးကွန်းရဲ့ ကွန်းမန့်ကိုဖတ်ပြီး ရယ်လိုက်ရတာ။ အဆင့်မြင့်တယ်ဆိုလို့။။
ကိုကြီးကျောက်ကတော့ အစပ်ကြောက်တယ်ထင်ပါ့ပဲ။
အမရေ
ReplyDeleteဆန်မှုန့် ကိုစင်ကာပူမှာဘယ်လိုမေးဝယ်ရမယ်ဆိုတာလေးပြောပြပါလား...:)
NTUC မှာရော၊ ကုန်ခြောက်ဆိုင်တွေမှာရော rice flour ဆို မေးဝယ်ရင်ရပါတယ်။ ပုံပါကြည့်ချင်ရင် အောက်ကလင့်ခ်ကို ကလစ်ကြည့်ပါနော်။
ReplyDeleteဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်ပုံ
မဆွိရေ.. အရှူပ်တွေလုပ်ပြီး နောက်ကျသွားလို့ ဟင်းထုတ်လေးရော ကျန်သေးရဲ့လားဟင် :))
ReplyDeleteကြက်သွန်မြိတ်လေးတွေနိုင်နိုင်နဲ့ဆိုတော့ စားချင်စရာလေး။
တိုကျိုမှာ မြန်မာဆိုင်ကို သွားတုန်းက ရှမ်းဆိုင်မှာ ၀ယ်စားဖူးတယ်။ သူက ၀က်သားလေးပါ ထည့်ထားတယ်ထင်တယ်။ စားကောင်းလိုက်တာ တအား။ ထပ်စားချင်နေတာ
အခုဆို အတော်ပဲ၊ မဆွိကျေးဇူးနဲ့ လုပ်နည်းသိသွားပြီ။ ဒါပေမယ့် အခုနေရာမှာ ဌက်ပျောရွက်မရှိဘူး..။ တခြားဘာရွက်နဲ့ ပေါင်းရင်ရသေးလဲဟင် အစ်မ..
ဟင်းထုပ်အရမ်းကြိုက်တယ်.. မလုပ်တတ်လို့ငြိမ်နေတာ.
ReplyDeleteအခုဆို အတော်ပ တစ်ရက်တော့လုပ်စားအုံးမယ်။
thank you
မာမီကွန် ပြောတာ သဘောကျလယ် ဟားဟားးးးး ဟုတ်လယ် ဒေါ်ဆွီတီ ကျုပ်လဲ အလုပ်တတ်ဘူး အဲဒါက ခက်တယ် ဗျ ဒါပေမယ့် လုပ်ပေးမယ့်လူရှိရင်တော့ စားချင်သားဗျား ဟားဟားးးးးးးးး တခါမှ မစားဖူးသေးဘူးဗျ ရှလွတ် ဂလု ပလပ်
ReplyDeleteအဘောက်ကျ ပြောတာ ရယ်ရတယ် ခွီးးးး
အပေါ်က ဘလော့ဂါအမကြီးတစ်ယောက်ပြောသွားတာ အမှန်ပဲ ရှမ်းဟင်းထုတ်လုပ်နည်းက ခက်တယ်ဗျို. စားတော့ စားချင်စရာကြီး
ReplyDeleteအုန်းထမင်းချက်တာတောင် အချိုးမကျလို. လောလောဆယ်ချက်တာတွေ ခဏရပ်ထားရပါတယ် ၊
ကျန်းမာရွှင်လန်းကြပါစေ ...
တစ်ခါမှ မစားဖူးဘူး။ ဒါပေမယ့် မမစာရေးရင် စိတ်ရွှင်ပြီး ဆွဲဆောင်နိုင်လွန်းလို့ ဘာဖြစ်ဖြစ် သဘောကျနေမိတယ် ;)
ReplyDeleteလူဇိုး... ခဲရာ ခဲဆစ်တွေ လာချက်ပြနေတယ်...
ReplyDelete(မစားရတော့ ရန်စကားပဲ ပြောသွားတယ်...
ငှက်ပျောရွက် မြင်ရင် မုန့်ဖက်ထုပ်ပဲ စားချင်တယ်...)
ဟုတ်တယ် လွယ်ကော်ကဟင်းထုပ်ဆိုင် တော်တော်ကောင်းတယ်။ ကျွန်တော့်အမေအရမ်းကြိုက်ပဲ။
ReplyDelete