Wednesday, February 1, 2012

ဆစ်ဒနီမှာ အိမ်ဝယ်မယ်ဆိုရင် ... (၁)



ပထမဦးဆုံးပြောလိုတာက ဒီပို့စ်ကို အန်တီဆွိ ရေးတာ မဟုတ်ပါ။ ဖိုရမ်ထဲမှ မောင်လေးတစ်ယောက်လိုခင်မင်ရသော အမောင် ကန်ဂရူး (Kangaroo ) ရဲ့ အိမ်ဝယ်တဲ့ အတွေ့အကြုံနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ ရေးထားတဲ့ ပို့စ်ကို သဘောကျလို့ ရှယ်ပေးလိုက်တာပါ။
 အော်ဇီမှစာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတ ရစေရန် အလို့ငှါ ရည်ရွယ်ပါတယ်။

ဟိုနေ့ကပဲ သူတို့အိမ်သစ်ကလေးကို အလည်ရောက်ခဲ့လို့ တစ်ခါတည်း ခွင့်တောင်းခဲ့တာ။ အိမ်ရှင်မလေးကတော့ အန်တီဆွိရေတဲ့ ပြောင်းတာ တစ်ပတ်ရှိပြီ ခုချိန်ထိ ကိုယ့်အိမ်လို့ မခံစားရသေးဘူးတဲ့ ပြောရှာတယ်။ သူတို့အိမ်က ရေကူးကန်လေးနဲ့ ဆေးဖြူသုတ်ထားပြီး ခြံစည်းရိုးလေး သပ်သပ်ရပ်ရပ်နဲ့ တော်တော်ကောင်းပါတယ်။ သူကလဲ အန်တီဆွိတို့ကို တစ်ချိန်လုံး အိမ်ဝယ်ဖို့ တိုက်တွန်းနေတော့တာပဲ။ ကိုယ်တွေကလဲ ဟိုကအိမ်ကို ပြန်ရောင်းမှ၊ အော်ဇီနဲ့ စလုံး ငွေလွှဲနှုံးတက်မှဆို ထိုင်စောင့်နေတာနဲ့ စဉ်းစားနေတုံးရှိသေးတယ်။

သူက အိုးပိုင်အိမ်ပိုင် အပိုင်း (၁) ... (၂) ဆို အပိုင်းလေးတွေ ခွဲထားတာ (၉) အထိပဲ။ ဖတ်သူတွေ ဆန့်တငံ့ငံ့ဖြစ်မှာစိုးလို့ အန်တီဆွိမှ တစ်နေ့ကို ၂ပိုင်းခန့်ကို ပို့စ် (၁)ပုဒ်အဖြစ်တင်ပေးပါမယ်။

ဒီပို့စ်အတွက် မြန်မာကျူးပစ်ဖိုရမ်ကိုရော၊ အမောင် ကန်ဂရူးကိုရော ခရက်ဒစ်ပေးပါတယ်။

အိုးပိုင် အိမ်ပိုင် - အပိုင်း (၁)

အော်စီမှာ အချိန်ပြည့်(full-time) အလုပ်လုပ်တဲ့သူတွေဆိုရင် ဘယ်လိုအလုပ်အကိုင်မျိုးကိုပဲလုပ်လုပ် အသုံးစရိတ်ကို ချွေတာပြီး ၀င်ငွေနဲ့ ထွက်ငွေကို စီမံခန့်ခွဲနိုင်မယ်ဆိုရင် မိမိနဲ့ လက်လှမ်းမီရာ အိမ်တစ်လုံးလောက်တော့ အနည်းဆုံး ၀ယ်နိုင်ကြတာကိုး။ အဲ့တော့ အိမ်လေးတစ်လုံးဝယ်ပြီး အိုးပိုင်အိမ်ပိုင်လေးနဲ့ နေဖို့ဆိုတာ အော်စီတော်တော်များများရဲ့အိမ်မက်တစ်ခုပါပဲ။

မြန်မာပြည်က ကျွန်တော်နဲ့ သိတဲ့ အန်တီတစ်ယောက်ဆိုရင် သူ့ငယ်ချစ်ဦးကို အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ နေရမှ၊ တင်တောင်းမှ ယူမယ်ဆိုတော့ ဟိုခမျာမှာ ဟတ်ကော့ကြီးဖြစ်လို့ ကြိုးစားရင်းနဲ့ သူတို့တွေ အသက် ၄၀ ကျော်၊ ၅၀ တန်းတွေ ဖြစ်ကုန်ပါပြီ။ အခုတော့ ငယ်ကျွမ်းဆွေတွေ ဖြစ်ကုန်ပြီ။ အစကတည်းက အဓိကက အဓိကပဲ ဖြစ်ရမှာ။
၁။ မတည်ငွေ(Deposit)

အိမ်ဝယ်ဖို့ဆိုရင် အိမ်တန်ဖိုးရဲ့ အနည်းဆုံး ၅% ကို မတည်ငွေ  deposit  အနေနဲ့ ကိုယ်မှာ စုထားပြီးသားရှိရပါမယ်။ ဒါမှ ကျန်တဲ့ ၉၅% ရာခိုင်နှုန်းကို ဘယ်က ထုတ်ချေးမှာပါ။ ဥပမာ တွက်ရလွယ်အောင် ၄ သိန်းတန် အိမ် (သို့) တိုက်ခန်း ၀ယ်မယ်ဆိုကြပါစို့ဆိုရင် မတည်ငွေ ၅% ဆိုတော့ ကိုယ်လက်ထဲမှာ စုငွေ ၂ သောင်း ရှိထားရပါမယ်။ ဒါပေမယ့် ၂၀% နဲ့အထက် (၈ သောင်းနှင့် အထက်) စုငွေရှိရင်တော့ ပိုကောင်းပါတယ်။ ဒါမှ lender mortgage insurance တွေပေးဖို့၊ genuine saving history တွေပြဖို့ မလိုတော့ပါဘူး။

အိမ်တန်ဖိုး = ၄ သိန်း
စုငွေ ၅% = ၂ သောင်း
စုငွေ ၂၀% = ၈ သောင်း

---

ကျွန်တော်ရေးလက်စနဲ့ စက်က အလိုလိုပါဝါကျသွားလို့ ပို့စ်တစ်ခုစာလောက် ပျောက်သွားလို့ အဲလိုထပ်မဖြစ်အောင် ရေးပြီးသမျှကို အပိုင်းလေးတွေ ခွဲပြီးတင်တော့မယ်။ နောက်ပို့စ်တွေမှာ အချိန်ရရင် ရေးဖို့ စဉ်းစားထားတဲ့ ခေါင်းစဉ်အချက်အလက်တွေကို အောက်မှာ ရေးထားပါတယ်။ ကျူးပစ်တွေလည်း ကျွန်တော်ကို ရေးဖို့ ဆန္ဒပြုချင်တဲ့ ခေါင်းစဉ်လေးတွေ ရှိရင်လည်း ပြောပြပေးပါ။

၂။ တိုက်ခန်း ၀ယ်မလား၊ လုံးချင်းအိမ်ဝယ်မလား။
(က) လူနေမှုပုံစံ
(ခ) လက်လှမ်းမှီသော ငွေကြေးပမာဏ
(ဂ) ရင်းနှီုးမြှုပ်နှံမှု ရှုထောင့်

၃။ ဘယ်ရပ်ကွက်မှာ ၀ယ်မလဲ။
(က) မြို့လည်ကောင်နှင့် နီးမှု
(ခ) အလုပ်၊ ကလေးတက်တဲ့ကျောင်းနဲ့ နီးမှု
(ဂ) ရင်းနှီးမြှုပ်နှံမှု ရှုထောင့်

၎။ အိမ်ကြွေး ပြန်ဆပ်နိုင်ဖို့ ဘယ်အချက်တွေ ထည့်သွင်းစဉ်းစားရမလဲ။
(က) အလုပ်အကိုင်နှင့် ၀င်ငွေ
(ခ) မိသားစု စီမံကိန်း
(ဂ) အတိုးနှုန်း အပြောင်းအလဲ
(ဃ) အရေးပေါ်အခြေအနေ

၅။ အိမ်ဝယ်ရင် ဆက်ဆံရမယ့်သူများ အကြောင်း
(က) အရောင်းပွဲစား
(ခ) ဘဏ်နှင့် ဘဏ်ပွဲစား
(ဂ) ပိုင်ဆိုင်မှု လွဲပြောင်းရေး အရာရှိ (conveyance r) သို့ ရှေ့နေ
(ဃ) အိမ်စစ်ဆေးသူများ (pest and building inspectors)
(ဃ) ကောင်စီ

၆။ အိမ်ဝယ်ရင် ဖြတ်သန်းရမယ့် အဆင့်များ။
(က) စီမံကိန်း ရေးဆွဲခြင်း
(ခ) ငွေကြေးစုဆောင်းခြင်း
(ဂ) သင့်တော်တဲ့ အိမ်လိုက်ရှာခြင်း
(ဃ) ဈေးညှိခြင်းနဲ့ ပိုင်ဆိုင်မှုပြောင်းလဲခြင်း
(င) အိမ်ပြောင်းခြင်း

၇။ အိမ်လိုက်ရှာတဲ့အခါမှာ ဘယ်အချက်တွေ သတိထားကြည့်ရမလဲ။
(က) တိုက်ခန်းအတွက်
(ခ) လုံးချင်းအိမ်အတွက်


အိုးပိုင် အိမ်ပိုင် - အပိုင်း (၂)

၂။ တိုက်ခန်း ၀ယ်မလား၊ လုံးချင်းအိမ်ဝယ်မလား။

တိုက်ခန်းဝယ်မလား၊ လုံးချင်းအိမ် ၀ယ်မလားဆိုတာ ကိုယ့်ရဲ့ လူမှုနေထိုင်မှုပုံစံ၊ ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ ရင်းနှီးမြှပ်နှုံမှု စတဲ့အချက်တွေနဲ့ ညှိုယူကြရပါတယ်။ တိုက်ခန်းကကောင်းတယ်၊ ဒါမှမဟုတ် အိမ်ကကောင်းတယ်လို့တော့ ပုံသေကားချပ်ကြီး အမြဲတမ်းတော့ ပြောလို့ မရပါဘူး။

လူလွတ်တွေ၊ ကလေးမရှိသေးတဲ့မိသားစုတွေကတော့ အဖိုးနည်း ၀န်ပါ တိုက်ခန်းကို သဘောကျကြပါတယ်။ ဒါပေမယ့် တိုက်ထိန်းသိမ်းခ strata fee ပေးရတာတို့၊ ပတ်ဝန်းကျင်အခန်းတွေက ဆူညံဆူညံလုပ်ရင် အတိုင်းအတာတစ်ခုအထိတော့ သည်းခံပြီးနေရတာတို့တော့ ရှိတာပေါ့။ ကလေးငယ်လေးတွေရှိတဲ့ မိသားစုတွေကျတော့ ကလေးတွေ နောက်ဖေးခြံမှာ ဆော့ကစားလို့ရတဲ့၊ တိုက်ခန်းထက်စာရင် Privacy ပိုရတဲ့ လုံးချင်းအိမ်ကို ပိုကြိုက်ကြပါတယ်။ လုံးချင်းအိမ်ဆိုတော့ Council fees  ပေးရတာတို့၊ မြတ်ရိပ်၊ ခြံရှုင်း၊ အပင်စိုက်၊ ရေလောင်းတဲ့အလုပ်တွေ ပုံမှန်မပျက်မကွက်လုပ်ရတာတို့တော့ ပါလာမှာပေါ့။

ယေဘူယျအားဖြင့် လုံးချင်းအိမ်က တိုက်ခန်းတန်ဖိုးရဲ့ တစ်ဆခွဲ၊ နှစ်ဆလောက်ဖြစ်နေတော့ လက်လှမ်းမီသူတွေကတော့ လုံးချင်းအိမ်ဝယ်ကြပေမယ့် တစ်ချို့ကတော့ ကိုယ်နိုင်တဲ့ တိုက်ခန်းလေးကို ပထမ ၀ယ်ပြီးမှ နောက်တစ်ဆင့်အနေနဲ့ ငွေစုပြီး လုံးချင်းအိမ်ကို ၀ယ်တဲ့သူတွေလည်း ရှိပါတယ်။ မြတ်ရိတ်၊ ခြံရှင်းလုံးဝမကြိုက်တဲ့၊ အိမ်မှာ ညအိပ်ချိန်လောက်ပဲနေတဲ့ တစ်ချို့များကျတော့ တတ်နိုင်ပေမယ့် တိုက်ခန်းမှာပဲ နေတဲ့သူတွေလည်း တွေ့ရပါတယ်။  realestate.com.au  (သို့)   domain.com.au မှာ ကိုယ်စိတ်ဝင်စားတဲ့ရပ်ကွက်နဲ့ ရောင်းမယ့်အိမ်တွေကို ရှာကြည့်ပြီး median house price or median unite price ကို ကြည့်လိုက်ရင် အဲဒီရပ်ကွက်က ကိုယ့်အထွာထဲမှာ ၀င်၊ မ၀င်သိနိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုရှုထောင့်ကဆိုရင်တော့ အော်စီမှာ ရေရှည်နေမယ်ဆိုရင် လုံးချင်းအိမ်ကို ၀ယ်ပါ  လို့ ကျွန်တော်အကြံဥာဏ်တောင်းခံတဲ့သူက ကျွန်တော်ကို ပြောပြဖူးပါတယ်။ သူကိုယ်တိုင်ကတော့ အလုပ်နဲ့နီးတဲ့ တိုက်ခန်းလေးမှာ ၀ယ်နေပြီးတော့၊ မြေကြီးသက်သက် ထပ်ဝယ်ထားပါတယ်။ အဆောက်အအုံသက်သက်က နှစ်ကြာလာတာနဲ့အမျှ တန်ဖိုးကျလာပါတယ်။ အဲဒီတိုက်ခန်း အချိုးကျပိုင်တဲ့မြေကြီးကသာ တန်ဖိုးတက်လာတာပါ။ လုံးချင်းအိမ်ကျတော့ တိုက်ခန်းထက်စာရင် မြေကြီးပိုင်ဆိုင်မှုပိုများတော့ နှစ်ရှည်မှာ တိုက်ခန်းထက် သိသိသာသာ တန်ဖိုးတက်ပါတယ်။ Buildings depreciate but land appreciate လို့ ဆိုရိုးရှိပါတယ်။

ဆက်ပါမည် ...
(Credit to Ko Kangaroo and  MMCP)

8 comments:

  1. ကောင်းထက်February 3, 2012 at 8:38 PM

    သြစတြေးလျနိုင်ငံ ဆစ်ဒနီနှင့် မဲလ်ဘုန်းမြို့ ဘယ်မြို့က မြန်မာလူမျိုးများအတွက် နေထိုင်ဖို့ အဆင်ပြေသလဲဆိုတာ အကြံဥာန်တောင်းခံပါတယ်ခင်ဗျား။ ရာသီဥတု စရိတ်စက လခ၀င်ငွေ ကလေးတွေပညာရေး အဖက်ဖက်က ကြည့်ပြီးဘယ်ဟာသင့်တော်မလဲဆိုတာ မဆုံးဖြတ်တတ်လို့ပါခင်ဗျာ။ လောလောဆယ်တော့ စလုံးမှာနေပါတယ်။ အော်စီကို နောက်နှစ်မှာ ပြောင်းဖို့အစီအစဉ်လုပ်ထားလို့ပါ။ နောက် ဆစ်ဒနီ မဲလ်ဘုန်းက အိမ်ဈေး normal range လေးတစ်ချက်လောက် ပြောပြပေးဖို့ မေတာရပ်ခံအပ်ပါတယ်ခင်ဗျား။ လေးစားစွာဖြင့်
    မောင်ကောင်း

    ReplyDelete
  2. မေးတဲ့ မေးခွန်းက ရိုးရိုးလေးပေမဲ့ ဘောင်ကျယ်ဝန်းပါတယ်။ ဆစ်ဒနီ နဲ့ မဲလ်ဘုန်း မြို့နှစ်ခုမှာ မြန်မာအတွက် ဘယ်ဟာက အဆင်ပြေသလဲဆိုတာ ဖြေဖို့ အလွန်ခက်ပါတယ်။ အရိုးအရှင်းဆုံး ဖြေပေးရမယ်ဆိုရင်တော့ မိမိအလုပ်အဆင်ပြေတဲ့ နေရာက မိမိအတွက် အဆင်ပြေဆုံးပါပဲ။ စာရင်းဇယား တိတိကျကျ လေ့လာထားတာ မဟုတ်ပေမဲ့ ပါးစပ်အပြောအရ မြန်မာတော်တော်များများ ဆစ်ဒနီမှာ နေကြတယ်လို့ ဆိုပါတယ်။ မဲလ်ဘုန်း မှာ ဆရာဝန်တွေ အနေများတယ်လို့လဲ ဆိုကြပါတယ်။

    ရာသီဥတုအနေနဲ့ မဲလ်ဘုန်းမှာမနေဘူးတော့ မပြောတတ်ပါဘူး။ သို့သော်လည်း ဘက်လိုက်ပြီးပြောရရင် ကျွန်တော်ကတော့ ဆစ်ဒနီက ရာသီဥတုပိုကောင်းတယ်လို့ ထင်တယ်။ ဒါကတော့ ကိုယ်နေတဲ့ နေရာမိုလို့လဲ ပါဝင်ပါတယ်။

    လခ၀င်ငွေက ကိုယ်ရဲ့ ပရော်ဖက်ရှင်နယ်နဲ့ ပိုဆိုင်ပါလိမ့်မယ်။ သေချာတာ တစ်ခုကတော့ ဆစ်ဒနီမှာ ကုန်ကျငွေ ပိုကုန်တယ်လို့ ဆိုကြတယ်။ တခြားအရပ်တွေထက် ဈေးအနည်းငယ်များတယ်လို့ ဆိုကြပါတယ်။ အဓိကအနေနဲ့ကတော့ ၀င်ငွေနဲ့ ထွက်ငွေ မျှတအောင် သုံးစွဲနိုင်ဖို့ပါ။ အော်စီမှာ စီးပွားရေး လုပ်တာမဟုတ်ပဲ အလုပ်လုပ်ကိုင်တယ်ဆိုရင် သူဌေးတော့ မဖြစ်ပါဘူး။ သို့သော်လည်း အနေအထိုင် စီစစ်မယ်ဆိုရင် နေထိုင်ရတာ ၀င်ငွေ ထွက်ငွေ မျှတပါတယ်။ ကျွန်တော်ကတော့ ကလပ်မတက် စားသောက်ဆိုင် နေ့တိုင်းသွားစားတာ မျိုး မဟုတ်တဲ့ အတွက် အပိုကုန်ငွေ မျိုး မရှိသလောက်ပါပဲ။ လူငယ်သဘာဝ ကလပ်တွေတက်မယ်။ စားသောက်ဆိုင်မှာ စားမယ်ဆိုရင်တော့ မလောက်ငှဘူးလို့ ထင်တယ်။ အော်စီမှာ အိမ်မှာ ချက်စားကြတာ များပါတယ်။

    အိမ်ဈေးအနေနဲ့ ဆစ်ဒနီမှာတောင်မှ Suburb အလိုက် ဈေးက ကွာပါတယ်။ မီလီယန် ချီ ရှိတဲ့ အိမ်နဲ့ ၃ သိန်းခန့် ရှိတဲ့ အိမ်။ အိမ်ခန်း စသဖြင့် ရှိတတ်ပါတယ်။ realestate.com.au နဲ့ domain.com.au မှာ ဈေးနှုန်းတွေ အိပ်ခန်း အလိုက် ဈေးတွေ ရှိပါတယ်။ လေ့လာကြည့်လိုက်ပါ။

    မောင်ခြိမ့်

    ReplyDelete
  3. ကောင်းထက်February 5, 2012 at 2:54 PM

    ကျေးဇူးတင်ပါတယ် ကိုမောင်ခြိမ့်ခင်ဗျား။ အမှန်ပြောရရင် ကျွန်တော့်ပရိုဖက်ရှင်နယ်က ဆစ်ဒနီ မဲလ်ဘုန်း ပက်ဖ် မြို့တွေမှာ အလုပ်ပေါပါတယ်။ အရင်ကစလုံးမှာ လုပ်ခဲ့တဲ့ အလုပ်ကုန်ပနီက ပက်ဖ်မှာ၇ုံးထိုင်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က ဆစ်ဒနီနဲ့ မဲလ်ဘုန်းနှစ်မြို့ကို ပိုကြိုက်လို့ပါ။ အဲဒါကြောင့်လဲ ဝေခွဲမရဖြစ်နေတာပါ။ ကျွန်တော့်အမျိုးသမီးလဲ အော်စီရောက်ရင် စလုံးမှာလို အလုပ်လုပ်နိုင်မှာမဟုတ်တော့ပါဘူး။ ကလေးတစ်ဖက် အိမ်အလုပ်တစ်ဖက်နဲ့ဘဲ အချိန်ကုန်ရတော့မှာပါ။ အဲဒါကြောင့် ကြိုတင်စုံစမ်းထားတဲ့သဘောပါခင်ဗျာ။ ပြောင်းဖြစ်ဖို့ အချိန်တစ်နှစ်နီးပါးလောက် လိုသေးတာကြောင့် သတင်းအချက်အလက်များကို ထပ်မံလေ့လာအချိန်ယူ ဆုံးဖြတ်နိုင်သေးတယ်လို့ မျှော်လင့်မိပါတယ်။ အခုလို အချိန်ကုန် တကူးတက ဖြေကြားပေးလို့ ကျေးဇူးအရမ်းတင်မိပါတယ်ခင်ဗျာ။
    မောင်ကောင်း

    ReplyDelete
  4. ကိုမောင်ခြိမ့်ရေေုသ်ာဇီမှာ နိုင်ငံခြားသားများ အိမ်မြေ ပိုင်ဆိုင်ခွင့်ရှိပါသလားခင်ဗျား။

    ReplyDelete
    Replies
    1. ၇ပါတယ်။ ကျွန်တော်ကိုယ်တိုင် အော်စီအနေနဲ့ တွက်မယ်ဆို၇င် နိုင်ငံခြားသားပါပဲ။ နိုင်ငံခြားသားလို့ ဆို၇ာမှာ ပီအာသို့မဟုတ် ၇က်ပေါင်း ၂ဝဝ ထက် အထက် နေတဲ့ သူနဲ့။ ပီအာလဲ မဟုတ် ဘာမှ မဟုတ်ပဲ အိမ်ဝယ်တဲ့ နိုင်ငံခြားသားဆိုပြီး သတ်မှတ်နိုင်ပါတယ်။

      ပီအာမဟုတ်၇င်တော့ အော်စီ၇ဲ့ တချို့သော အကျိုးခံစားခွင့်များ မ၇၇ှိပါဘူး။ ၇င်းနှီးမြုပ်နှံမှူအတွက် အိမ်ဝယ်လို့၇ပါတယ်။ အတိုးဈေးနှူန်းမတူညီပါ။

      မောင်ခြိမ့်

      Delete
    2. These categories can buy property in Ausi

      an approved migrant,
      a permanent resident of Australia
      a foreign national holding a permanent visa
      a person who is entitled to permanent residence status in Australia
      a citizen of New Zealand.

      Apart from those, Ausi Gov considered as Foreigner and they have to apply to Foreign invenstment Review Board to get permission to buy.

      မောင်ခြိမ့်

      Delete
    3. မှန်ပါတယ်။ဝယ်မယ်ဆိုရင်ပိုင်ဆိုင်ခွင့်ရှိပါတယ်။ဒါပေမဲ့နေထိုင်ခွင့်နှင့်မဆိုင်ပါ။သြဇီနိုင်ငံသား သို့မဟုတ်နယူးဇီလန်နိုင်ငံသားသို့မဟုတ်သြဇီ PRမှလွဲ၍အခြားသူများနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့မှခွင့်ပြုမှဝယ်လို့ရပါမယ်။ထိုပိုင်ဆိုင်မှုကိုအကြောင်းပြပြီးနေထိုင်ခွင့်လုံးဝမပေးပါ။နေထိုင်ခွင့်နှင့်ပိုင်ဆိုင်ခွင့်ကိုသီးခြားသတ်မှတ်ပါသည်။မြန်မာစာအုပ်ကိုင်ပြီးသြဇီPR ပင်မရသေးသူတဦးဝယ်ခွင့်ရ၍အိမ်ဝယ်လျင်အဝေးကငေးကြည့်ကာမသိနားမလည်သူများကိုသြဇီတွင်အိမ်ပိုင်ကြောင်းကြွားနေရုံသာရှိမည်ဖြစ်ပြီးမြင်သာမြင်မကြင်ရသောဘဝသာရှိမည်ဖြစ်သည်။ဗဟုသုတပါ။

      Delete