Showing posts with label ပြုံးရယ်စရာ ... နဲ့ အလွဲများ .... Show all posts
Showing posts with label ပြုံးရယ်စရာ ... နဲ့ အလွဲများ .... Show all posts

Wednesday, September 17, 2014

မက်စ်ကာရာ ဇာတ်လမ်း ...


တီတီဆွိ ငယ်ငယ်က အဆောင်မှာ နေတော့ ဘေးကသူငယ်ချင်းက မနက်ကျောင်းသွားခါနီး အလှပြင်ရင် သူ့ အလှပြင်ပစ္စည်းတွေထဲက ခဲတံလို ခပ်တုတ်တုတ် အရာတစ်ခုကို ထုတ်ပြီး မျက်တောင်ကို ကော့ကာ ကော့ကာ ဆိုးနေတာကို ခဏခဏ မြင်ဖူးခဲ့သည်။ အော် အလှပြင်တဲ့ ပစ္စည်းပေါ့လေ။ သူငယ်ချင်းမက လှလဲလှ၊ ပြင်လဲ ပြင်ပြင်ဆင်ဆင်နေတတ်သူမှို့ အဲလိုပဲ သူ့ထံမှ အလှပြင် ပစ္စည်း အထူးအဆန်းလေးတွေ တွေ့နေကျ။ အဲဒီအချိန်က တီတီဆွိအဖို့ ကျောင်းတက်ဖို့ စားရိတ်တောင် အနိူင်နိူင်ဆိုတော့ သူငယ်ချင်းလို ထူးထူးဆန်းဆန်း အလှပြင်ပစ္စည်းတွေ စိတ်လဲ မဝင်စားလှ။ ဝယ်ဖို့လဲ မတတ်နိူင်သည်ကိုး။ 

ဒီလိုနဲ့  နိူင်ငံရပ်ခြားမှာ ကျောင်းတက် အလုပ်တွေဘာတွေ ရလာ၊ ဝင်ငွေလေးလဲ အတန်ငယ်ရှိလာ၊ လှလဲ လှချင်လာတော့ အလှပြင် ပစ္စည်းများကို စမ်းသုံးကြည့်ချင်လာသည်။  သို့နှင့်  တီတီဆွိ၏ ပထမဆုံး မက်စ်ကာရာကို သမီးလေး ၄-၅နှစ်လောက်မှာ စဝယ်ဖြစ်သည်။ ပထမဆုံး အကြိမ်သုံးစဉ်က မလုပ်တတ်လုပ်တတ်နှင့် မက်စ်ကာရာကို မျက်တောင်ပေါ်ဆိုးပြီး ကော့ပြီး မျက်စိ အမှတ်တမဲ့ မှိတ်မိရာ မျက်ခမ်းအောက်ဖက် မက်စ်ကာရာ အမဲများ ပေကျံကုန်၍ အတော်ပင်  ဒုက္ခရောက်လိုက်သေးသည်။ ဆိုးလိုက်၊ ပေလိုက်၊ ဖျက်လိုက်နှင့် ပထမဆုံးအကြိမ်က အတော်တော့ အဆင်မပြေ။ ဆိုးပြီးတော့ သူ့ဟာသူ မှန်ထဲကြည့်ကာ မဆိုးပါဘူးဟု ကျေနပ်နေစဉ် သမီးဖြစ်သူက အားပေးလေသည်။ မေမေက သရဲမကြီးနှင့် တူသတဲ့။ ဟဲ့သမီးရဲ့ ကိုယ့်အမေကိုယ် သရဲမကြီးလို့ မပြောရဘူး ဆိုတော့ သူပြောမှ ပိုဆိုးသွားသည်.။ ဂျူဂျူက တကယ်သရဲမနဲ့တူလို့ အမှန်အတိုင်းပြောတာကိုတဲ့ ... ကဲ။ 

ဤသို့နှင့် နောက်တစ်နှစ်ခန့်ကြာသောအခါ တီတီဆွိ၏ ပထမဆုံးသော မက်စ်ကာရာဗူးလည်း ကုန်ခါနီးပြီ။ အရင်ကလို ဆိုးလိုက်ရင် အရည်လေးတွေ စိုမနေတော့ပဲ ခပ်ခြောက်ခြောက် ဖြစ်လာကာ အရင်ကလို ဆိုးင်္ပြီးလျှင် အောက်မျက်ခမ်းအား ပေကျံခြင်း မျက်လုံးတစ်ဝိုက် မဲနေခြင်းတို့ မရှိတော့။  ဆိုးပြီးတာနှင့်တန်းခြောက်သည်ကိုး။ ကုန်ခါနီး ဆေးတွေ ခြောက်သွားမှပင် မက်စ်ကာရာလေးက ဆိုးရတာ ပိုအဆင်ပြေနေသေးတော့သည်။

တစ်ရက်တော့ မက်စ်ကာရာသည် လုံး၀ ဆိုးမရအောင် ခန်းခြောက် ချေပြီ။ ထိုအခါ တီတီဆွိတစ်ယောက် မက်စ်ကာရာအသစ်ဝယ်ရန်  ရှာပုံတော်ဖွင့်ရတော့သည်။ အလှပြင် ပစ္စည်းဆိုင်တွေမှာ မက်စ်ကာရာတွေ ဘရန်းအမျိုးမျိုး အလွန်ပေါများသော်လည်း အရင်သုံးဖူးသည့် brand၊  အရောင်၊  brush တို့ကို အတိအကျ လိုက်ရှာ ဝယ်လေရာ တော်တော်နှင့် ရှာမတွေ့နိူင်ဖြစ်ရလေသည်။ 

တစ်ရက်တော့ နာမည်ကြီး အလှပြင်ပစ္စည်းရောင်းသည့် ဆိုင်တစ်ဆိုင်တွင် သူလိုက်ရှာနေသည့် မက်စ်ကာရာ ဘရန်း၊ အရောင် အတိအကျကို တွေ့လိုက်ရာ အလွန်ဝမ်းသာသွားသည်။ သို့ပေမဲ့ ထိုနေ့က ဝယ်မည်လုပ်တော့ ပိုက်ဆံအိပ် (Wallet) အိမ်တွင် မေ့ခဲ့ရာ ဝယ်ခါနီးမှ လိုချင်တာလေး မရလိုက်၍ အလွန်ပင် စိတ်ပျက်ခဲ့ရလေသည်။ နောက်တစ်ပတ်နေမှ ထိုဆိုင်သို့ တစ်ခေါက် ထပ်ရောက်ကာ လိုချင်နေသော မက်စ်ကာရာကို ဝယ်ခဲ့ပါတော့သည်။

နောက်နေ့ တနင်္လာနေ့မနက် Monday blue က အတော်ဆိုးသည်။ ရုံးသွားရမှာ ဆိုတော့ မနက်စောစောထရမှာ အပျင်းထူနေရာ မနက် ၈နာရီထိုးမှ အိပ်ရာမှ ကျုံးရုန်းထကာ ရုံးသွားဖို့ ရေမိုးချိုး ပြင်ဆင်ရတော့သည်။ ရေကို ၁၀မိနစ်နဲ့ အမြန်ချိူး၊ အဝတ်ကိုလဲ အမြန်လဲ၊ မိတ်ကပ်ကို ကမန်းကတမ်းလ်ိမ်း၊ အပေါ်က Cream puff ကို တက်သုတ်ရိုက်ကာ ပုတ်ရသည်။ မျက်ခုံးမွှေးကို ကမန်းကတမ်းဆွဲ  နှုတ်ခမ်းနီ ပန်းဆီရောင် ဖျော့ဖျော့့ကို အဆီပါသည့် တခြားနှုတ်ခမ်နီနှင့် တွဲဆိုးကာ နှုတ်ခမ်းနီဗူးပြန်အထား၊ အံဆွဲထဲမှာ မနေ့က ဝယ်ထားသည့် မက်စ်ကာရာဗူး အသစ်ချပ်ချွတ်ကို တွေ့မှ ဆိုးဖို့ သတိရသွားသည်။ 

မက်စ်ကာရာကို ကမန်းကတမ်းဖွင့်ကာ မျက်တောင်ပေါ် ဆိုးလိုက်သည်။ ဆိုးပြီး ရုတ်တရက် မျက်တောင်ခပ်မိရာ ဆေးက အသစ်ဆိုတော့ အရင်ဆိုးနေကျ လို ဆေးကမခြောက်ပဲ စိုနေရာ မျက်လုံးတစ်ဝိုက် အောက်ခြေတွေမှာရော ဆေးအမဲတွေ ပရပွ ပေကျံကုန်တော့သည်။ အော်အရေးကြီးပါတယ်ဆိုမှ၊  ဆေးတွေကို တစ်ရှုးစနဲ့ ကမန်းကတမ်းသုတ် မက်စ်ကာရာကို ထပ်ဆိုးကာ အလုပ်ရှုပ်သွားသည်။ 

အိမ်ခန်းထဲကထွက်လာတော့ စလင်းဘက်အိပ်ကိုယူ၊  ကြီးတော်ပြင်ပေးထားသည့် ရုံးထမင်းဗူးအထုတ်ကိုဆွဲကာထွက်လာရာ မနက်တိုင်း ဝတ်ပြုနေကျ ဘုရားစင်ရှေ့ရောက်မှ ဘုရားရှ်ိခိုးဖို့ သတိရလေသည်။ 

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရှေ့မှောက်တွင် ကျူံ့ကျူံ့ထိုင်ကာ ရှိခိုးရန် မျက်လုံးကို အမှိတ် စောနက ဆိုးထားသည့် မက်စ်ကာရာတို့က မခြောက်သေးရကား မျက်စိမှိတ် ရှ်ိခိုးရန် မဖြစ်နိူင်တော့ချေ။ ထိုမက်စ်ကာရာတို့ ပေပါက ပြန်ဖျက်ရန်လည်း အချိန်မရတော့ပါ။ ရုံးချိန်က အတော်နောက်ကျနေပါပြီ။

ခါတိုင်းတော့ မျက်လုံးအစုံကို ငြင်သာစွာ မှိတ်ခါ ရိုကျိူးစွာ ဝတ်ပြုတတ်သောတီတီဆွိသည် ထိုနေ့မနက်ကတော့ မျက်လုံးအပြူးသားဖြင့် မျက်တောင်မျှပင် မခပ်ပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရှေ့မှောက်တွင် ရှိခိုးဝတ်ပြုလျှက်ရှိပေသည်။ 

ဘုရားရှိခိုးအပြီး ဘုရားရှင် ကိုယ်တော်မြတ်ကြီး မျက်နှာကို ကြည်ညိုရန်
ဖူးလိုက်တော့ မှ ဘုရားရှင်၏ မျက်နှာတော်မှာ ခါတိုင်းနေ့တွေကထက် ပို၍ ပြုံးတုံးတုံ့ကြီး ဖြစ်နေသလားဟု စိတ်ထဲတွင် ထင်မိလိုက်လေသတည်း။


Monday, February 24, 2014

ဆိုဖာပေါ်မှ ဟာသများ

ဂျူဂျူလေး နွေရာသီကျောင်းပိတ်ရက်မှာ သူ့အမေက မြန်မာစာသင်ပေးတယ်။ အပျော်သင်တာဆိုတော့ အရင်ကျောင်းပိတ်ရက်က သင်ထားတာတွေ ပြန်နွှေးနေတာနဲ့ပဲ သင်ခန်းစာက ရှေ့မတက်နိူင်ဘူး။ 

ဒီနေ့သင်ခန်းစာကတော့ ယပင့်နဲ့ ရရစ်ကို သင်တဲ့သင်ခန်းစာ။ အိမ်ရှေ့က ဆိုဖာပေါ်မှာ သားအမိသားအဖ ၃ယောက်  တီဗီကြည့်နေရင်း သမီးက စာအံနေတယ်။


ဆရာမ စာပြသည်။
မြေဖြူ ယူလာသည်။
မိမိနေရာ နေကြပါ။
စကားကျယ်ကျယ် မပြောရ။

ခလေး စာဖတ်နေတုံး အမေလုပ်သူက မီးဖိုထဲ ဟင်းအိုး တည်ထားတာ သတိရတာနဲ့ ...

" တော့ ....ကမောင်ခြိမ့် ... ကျုပ် ဟင်းအိုးသွားကြည့်ဦးမတော် ... တော် ခလေးစာ အံတာ သေချာနားထောင်ပြီး ကြည့်ပေးလိုက်ပါဦး ... " ဆို သားအဖ၂ယောက် တည်း ထားပခဲ့တယ်။

ဟင်းအိုးကိစ္စ ဝိစ္စပြီးလို့ ဆိုဖာပေါ်ပြန်ရောက်တော့ သမီးက စာအံလို့ ကောင်းတုံးရှိသေး။

အမေကြီးက တီဗီတောင်မကြည့်နိုင်၊ အိုင်ပက်တစ်လုံးနဲ့ ဖေ့ဘွတ်ထဲ မဲကြည့်နေရင်းနဲ့ ခလေး စာအံသံက မကြားတစ်ချက် ကြားတစ်ချက် ...

တစ်ခါကျ သူ့အဖေက

" ဟဲ့ ကောင်မလေး ... ကျားကြီး ခြေရာကြီး ...ဟ ...." ဆို ကြားလိုက်တော့မှ အွန်လိုင်းကမ္ဘာကနေ  လက်ရှိ ပစက္ခအခြေအနေကို  ပြန်ရောက်သွားတယ်။

ဒါနဲ့ သမီးက ဘယ်လို ဆိုလိုက်လို့တုန်းလို့ မေးတော့

" ညည့် သမီး ဆိုနေတာ ကျားကြီး ... ခြေထောက်ကြီး ... ဆိုပြီး ဆိုနေတာဟ" ဆိုတော့

ရီကြတာ သားအမိသားအဖ ၃ယောက်လုံး တဟားဟားနဲ့။ ဂျူဂျူက အဲလိုပဲ တစ်ခါတစ်လေ သူမသိတာဆို ဝါးချတာ ။  တကယ်တော့ သူဆိုတာလဲ မှားမှ မမှားပဲကိုး။

-------------------------------------------------------------

ဒီနေ့တော့ ဂျူဂျူလေး ကျောင်းမှာ camping ရှိတာနဲ့ အိမ်မှာ တိတ်ဆိတ် ခြောက်ကပ်လို့နေသည်။ အိမ်ရှေ့က ဆိုဖာမှာ ဦးမောင်ခြိမ့်တစ်ယောက်တည်း ထိုင်နေရင်း တကျီကျီအော်နေသည်။ အိမ်ရှေ့ကို လာခဲ့ပါ။ တစ်ယောက်ထဲ ပျင်းလို့ပါတဲ့။

ကိုယ်ကလဲ တီဗီကြည့်တာ ဝါသနာက မပါ။ ခါတိုင်းလဲ သမီးက အတင်းခေါ်လို့သာ သူတို့သားအဖ နှစ်ယောက်ကြား ဝင်ထိုင်လိုက်ရသည်။  သူတို့ ပြောတာတွေ နားထောင် လိုက်ရသည်။ စိတ်ကတော့ သိပ်ပါလှသည်မဟုတ်။ ခဏနေတော့ အိုင်ပက်ကလေး ကောက်ကိုင်ကာ အွန်လိုင်းတက်နေလိုက်သည်။ သူတို့ သားအဖကတော့ အင်မတန် ကီးကိုက်သည်။ ၂ယောက်လုံး တီဗီ သူရဲတွေကိုး။

ခုလဲ တီဗီမှာ လာနေသည်က MKR လို့ခေါ်တဲ့ My Kitchen Rules. ၂ ယောက်တွဲ အဖွဲ့လေးတွေ ၁၀ဖွဲ့လောက် တစ်ဖွဲ့ချင်းစီ အိမ်မှာ ချက်ပြီး ထမင်းဖိတ်ကျွေး၊ ဒိုင်တွေက အမှတ်ပေး၊ အမှတ်အနဲဆုံးလူတွေ တစ်ဖွဲ့ချင်း ပြုတ်သည့် အစီအစဉ်။ ဂျူဂျူကတော့ အင်မတန်ကြိုက်သည်။ သူကြိုက်တာနဲ့ သူ့အမေကြီးလဲ ဒီစီးရီးစ်နဲ့ဆို ၂ခု -၃ခုလောက် ရှိပြီထင်သည် ကြည့်ဖူးတာ။ လူတွေ စိတ်ဝင်စားအောင် အထဲမှာလဲ character အမျိုးမျိုးရှိသည့် အဖွဲ့တွေ နှင့် ဆိုတော့ စီးရီစ်က အထိုက်အလျှောက်တော့ နာမည်ကြီးပါသည်။ ဘယ်လောက်ပင်နာမည်ကြီးကြီး တီတီဆွိကတော့ မကြိုက်ရေးချမကြိုက်ပါ။ စိတ်လဲ မဝင်စားပါ။

သူ့အဖေဘေးမှာ ဝင်ထိုင် ကြည့်နေရင်း သူက ရှင်းပြနေသည်။ ဒီနေ့တော့ လူသစ်တွေ ပါသည့် အစီအစဉ်တဲ့။ လူသစ်တွေကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြနေသည်။ ခါတိုင်းတွေ့နေကျ လူတွေမဟုတ် တော့ ပိုလို့ပင် ပျင်းစရာ ကောင်းသေးသည်။ မျက်နှာစိမ်းတွေမှန်းတော့ သိသည်။ သူတို့ ဘယ်မြို့ကလာသည်။ သူတို့နာမည်တွေ နှင့်  တစ်ဖွဲ့ပြီး တစ်ဖွဲ့ မိတ်ဆက်ပေးနေသည်။ ဒီနေ့အစီအစဉ်မှာလည်း ထိုလူသစ်အဖွဲ့ထဲက တစ်ဖွဲ့က ချက်မည်တဲ့။

ဟော လူသစ်တွေ  ပြနေရင်းနဲ့ ဖြတ်ဆို လူ၂ယောက် တေ်တော် ရင်းရင်းနှီးနှီးကြည့်ဖူးသည့် ၂ယောက်ပါ။ ... ငါ သူတို့တွေတော့ အရင် တုံးက ကြည့်ဖူးသားဟ။ ဆို ဝမ်းသာ အားရနဲ့  လူဟောင်းတွေ ပြန်လာ ပြီဆို ပြောတော့ ဦးခြိမ့်က

ဟဲ့ အဲဒါ ဒိုင်တွေဟဲ့ ... ဒိုင်တွေ ဆို ပြောပြီး ၂ယောက်သား ရီကြတာ ။  အမှန်က လူဟောင်းဆိုတာ အရင် စီးရီးစ်မှာကြည့်ဖူးတဲ့ ပြိုင်ပွဲဝင်အဟောင်းတွေမှတ်လို့၊  ဒီတစ်ခါတော့ ငါသိ ပဟဆို အော်လိုက်တာ။ စီးရီးစ်တိုင်း ၃နှစ်ဆက်တိုက်ပါသည့် ဒိုင်တွေ ဖြစ်နေလေသတည်း။

ကဲ အန်တီဆွိ တီဗီကို ဘယ်လောက် စိတ်ဝင်စားလဲ ဆိုတာ ... သဘောပေါက်။ းo)


Monday, January 20, 2014

Chinese Wok

ဟိုနေ့က ဆတ်ဆော့ပြီး Chinese wok တစ်လုံးဝယ်လာတယ်။ တရုတ်ဆိုင်မှာ ကြာဆံကြော်တို့ ထမင်းကြော်တို့ ကြော်ရင် သံဇွန်းကြီးနဲ့ တဂွက်ဂွက်ခေါက်ပြီး မီးတွေတောက်အောင် ကြော်တဲ့ သံဒယ်အိုးပေါ့ဗျာ။

အိမ်မှာလဲ စင်္ကာပူက အစာတွေ ငတ်တိုင်း၊ ဗမာပြည်က ဟင်းတွေ ငတ်တိုင်း ကြော်စား၊ ချက်စားနေကျဆိုတော့ တရုတ်ဆိုင်တွေလို ဒယ်အိုးကပ်နံ့ သင်းသင်းလေးနဲ့ ကြာဆံကြော်တို့၊ ထမင်းကြော်တို့ ကြော်စားချင်တာ။ လက်တည့် စမ်းချင်တာ အဓိကပေါ့။

ဒါနဲ့ အဲလိုဒယ်အိုးတွေက စစချင်း ဆီ၀ပြီးကြော်လို့ကောင်းအောင် seasoning ဆိုတာလုပ်ရတယ်ဆိုတာ ကြားဖူးတော့ ဂူဂဲထဲရှာဖတ်ပြီး သူတို့ပြောသလို ဒယ်အိုး ဆပ်ပြာရည်နဲ့ဆေး၊ အဝတ်နဲ့သုတ်၊ ဆီသုတ်ပြီး မီးပြင်းပြင်းနဲ့ တည်ဆို လုပ်နေတုံးရှိသေး ဦးခြိမ့်က ဒယ်အိုးနဲ့ ပါလာတဲ့ အညွှန်းကို ပြပါလေရော။ အဲဒီကျ ကြည့်လိုက်တော့ သူက ပိုလို့တောင် ရှုပ်သေး။ Repeat လုပ်ရတဲ့ အဆင့် ပါ ထည့်တွက်ရင် အဆင့် က ၁၇ဆင့်လောက်ဖြစ်နေပြီ။ အပေါ်က ဆားနဲ့ လုပ်တဲ့ အဆင့်တွေက ပြန်လုပ်လို့ မရတော့ အဲဒါတွေ ကျော်ပြီး ဆီသုတ်ပြီး ၁၀မိနစ်စီ မီးပြင်းတိုက်တဲ့ အဆင့်ပဲ ဆက်လုပ်ရတော့တယ်။

အိမ်ထဲ မီးခိုးတွေ ရိုက်မှာစိုးလို့ အပြင်က barbecue burner မှာ သွားပြီး ဆီသုတ်လိုက် ကင်လိုက် ဒယ်အိုးအပူကြီးက အမဲအမှုန်တွေ သုတ်လိုက်နဲ့ ၃ခါလောက်ဆိုတော့ လူတွေလဲ တော်တော်မောနေပြီ။ ဟမ်မလေး ဒယ်အိုးလေး သုံးရပါမဲ့ အရေး ဒီလောက် အပင်ပမ်းခံရလား ဆို ငြီးတွားနေကြပြီ။

အားလုံး အဆင့်တွေပြီးတော့ လူက မနေနိူင် စမ်းသပ်ကြည့်ချင်တာနဲ့ မနက်စာ ထမင်လေး ထကြော်တယ်။ ဆိုးတော့ မဆိုးဘူးပေါ့။ non sticker လိုပဲ မကပ်ဘူးပေါ့။ ပြီးတော့ တရုတ်တွေ ကြော်တဲ့ ဇွန်းကြီး တဂွက်ဂွက်နဲ့ မာန်ပါပါနဲ့ ကြော်နေတာ။ ထမင်းကြော်လေး မွှစိနှောက်ကို။ မဆိုးပါဘူး။ ပုံမှန်ကြော်တာထက် တရုတ်ဆိုင်ကြော်နဲ့ တော်တော်တူတယ်ဆို တွေးပြီးကျေနပ်နေတာ။

ထမင်းကြော်စားပြီးသကာလ ... မည်သို့မည်ပုံ ဆေးကြောရမည်လဲဆိုတာ မသိလို့ အညွှန်း ပြေးဖတ်ကာမှ ဒေါ်ဆွိတီတစ်ယောက် ပုံလဲကျမတတ် ဖြစ်သွားရတယ်။

ဒယ်အိုးကို ဆပ်ပြာရည်နဲ့ အသာဆေးပြီး အပေါ်က လုပ်ခဲ့ တဲ့ (မီးကင်တဲ့) အဆင့် ၃ဆင့်ကို repeat ပြန်လုပ်ပြီးမှ သိမ်းပါတဲ့ခင်ဗျား။
ဂစ် ... ဂစ် ...

Sunday, December 9, 2012

ကမ္ဘာပျက်မဲ့နေ့ ...


အန်တီဆွိဟာ လေယာဉ်ပျံစီးရမှာ သိပ်ကြောက်တတ်တယ်။ ဖိုးဗီးယားလားမေးရင်တော့ အဲသလောက်တော့ မဆိုးဘူးထင်တာပဲ။ ဘယ်က စ ကြောက်တာလဲ မေးရင်တော့ လူဆိုတာ ကိုယ့် အသက်လေးကိုယ် ခင်တွယ်တတ်တော့ သေမှာ ကြောက်တာက စတယ်ပဲပြောရမယ်။ ကောင်းကင်ပေါ်မှာ ဒီလောက်လေယာဉ်ပျံ အလေးကြီး ပျံနေတာကိုက သိပ်ကို လေးလွန်းအားကြီးတယ်။ အချိန်မရွေး ပျက်ကျနိုင်တယ်။ လေယာဉ်ပျံပေါ်မှာ အသက်နဲ့ကိုယ် ဖက်နဲ့ ထုပ်ထားရတယ်လို့ အမြဲတွေးတယ်။ ဒါကြောင့် ခရီးသွားရတယ် ဘာညာဆို လေယာဉ်ခရီးဆို အမြဲရှောင်တယ်။ ဖြစ်နိုင်ရင် ကားနဲ့ ရထားနဲ့ သာသွားချင်တယ်။ ဒါပေမဲ့ လောကမှာ မလွှဲမရှောင်သာ ကိစ္စလေးတွေ ရှိမြဲ မဟုတ်လား။ ဥပမာ  တစ်နှစ်ခြားတစ်ခါလောက် မြန်မာပြည် အလည်ပြန်တာမျိုးဆိုရင်တော့ လေယာဉ်က မစီးမဖြစ် စီးရတယ်။

လေယာဉ်ပေါ်ရောက်ပြီ ဆိုရင်လည်း အရင်က ဒိုင်ယာဇီပင်လေးတွေ ဆောင်ထားတတ်တော့ အဲဒီဆေးလေးသောက်တယ်။ နောက်ပိုင်းတော့ စင်္ကာပူမှာ ဒိုင်ယာဇီပင်က မလွယ်တော့ ဘာမီတွန်ပေါ့။ အိပ်တဲ့ဆေး ရရာ တစ်လုံး ရေနဲ့ မျှောချထားလိုက်တယ်။ ဒါမှ လေယာဉ် ခရီးစဉ်တစ်လျှောက် အိပ် လိုက်သွားတော့ ဘာမှမသိတော့ အေးရောဆိုပြီး။ ပြီးတော့ လေယာဉ် စ တက်ပြီဆိုတာနဲ့  တတ်သမျှ၊ မှတ်သမျှ ဘုရားစာ အကုန်ရွတ်တော့တာပဲ။ လေယာဉ် အပေါ်တက်သွားလို့ အမြင့်ရောက်သွားတာနဲ့အမျှ အန်တီဆွိရဲ့ ဘုရားစာရွတ်သံကလည်း လေယာဉ်စက်သံကြားမှာ ပိုကျယ်၊ ပိုမြန်လာတတ်တယ်။ သမီးပါရင်တော့ သမီးကို အတက်မှာ ရေသောက်ဖို့၊ တံတွေးမြိုချဖို့ ဘုရားစာရွတ်ရင်းနဲ့ သတိပေးရသေးတယ်။ ဦးခြိမ့်ကတော့ သေလဲ အတူတူပဲ ဘာကြောက်စရာရှိလဲပေါ့ဆို အားပေးတယ်။ အကြောက်လွန်နေတဲ့  ဒေါ်ခင်မို့မို့ဆွိကြီးက " သေ အတူတူဆိုလဲ သေခါနီး ကျုပ်ဝေဒနာတွေ တော် ခံပေးမှာလားတော့ ... " ဆို အငေါ်ပြန်တူးတတ်သေးတယ်။

တစ်ခါသား လေယာဉ်တောင်ပံဘေးက ပြတင်းပေါက်နားမှာ နေရာရတယ်။ အိပ်မပျော်တော့  လေယာဉ်ပြတင်းပေါက်ကနေ တောင်တောင်အီအီငေးနေရင်းကနေ  တောင်ပံတွေကို တွဲထားတဲ့ rivet တွေဆီ မျက်လုံးက ရောက်သွားတယ်။ rivet လေးတွေနဲ့ တွဲထားတဲ့ လေယာဉ်ပျံတောင်ပံဟာ လေတိုးတိုင်း လှုပ်လီ လှုပ်လှဲ့ ရှိလှတယ်။ ကိုယ်တိုင်က မက်ကယ်နီကယ် အင်ဂျင်နီယာဆိုတော့ ရုံးမှာ နေ့စဉ် အဲလို rivet တွေ၊ screw တွေ၊  fastener  တွေနဲ့ အလုပ်လုပ်နေရတယ်။ အဲဒါတွေရဲ့ stress တွေ၊ strength တွေ၊ ကျိုးပြတ်တာတွေကို စမ်းသပ် လေ့လာနေရတာဆိုတော့ ဟမ်မလေး မတော်လို့ အဲဒီ rivet တွေထဲက တစ်ခုခုသာ လေယာဉ်ပျံတောင်ပံ လေအရိုက်မှာ ကျိုးပြတ်ခဲ့သည်ရှိသော်ဆိုပြီး ... ဆက်မကြည့်ရဲတော့ပဲ မျက်လုံးကို ဇွတ်မှိတ် ဘုရားစာသာ တတွတ်တွတ်ရွတ်တော့တယ်။ ဒါတောင် လေယာဉ်ပျံဆင်းခါနီး ဘေးက သူရဲံကောင်းကြီး ကိုကိုခြိမ့်က တို့တွေ ၅တန်း(5th year)တုံးက သင်ခဲ့ရတဲ့ turbulence flow ထကြည့်ပါဦးဆိုလို့ ကြောက်ကြောက်နဲ့ ကြည့်ခဲ့ရသေးတယ်။ လေယာဉ် ပန်ကာနားကထွက်တဲ့ air flow ရေခိုးရေငွေ့လို အခိုးလေးတွေဟာ လှိုင်းတွန့်လေးတွေလို ရှည်မျောမျော လေးတွေ ပြေးနေတာကို အတိုင်းသား မြင်နေရင်းနဲ့လဲ ဘာကိုကြောက်မှန်းမသိကြောက်နေပြန်တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


 ဟိုတစ်လောက အော်ဇီက ၀န်ကြီးချုပ် ဂျူလီယာဂေးလတ်က "The end of the world is coming"

 ဆိုပြီး အူကြောင်ကြောင်နဲ့ ထ ပြောတာကို တီဗီ သတင်းတွေမှာ ကြ့်လိုက်ရတယ်။ သူကတော့ ဘာသဘောနဲ့ ပြောတယ်မသိ။ ကိုယ့်မှာတော့ သူလို အမျိုးသမီး ၀န်ကြီးချုပ်တစ်ယောက်ကနေ ပြောတာဆိုတော့ နားကအလိုလို စိုက်မိရက်သားဖြစ်နေတယ်။ တကယ်ပဲ ကမ္ဘာ ပျက်တော့မှလားပေါ့။  ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆို ပြောထားတာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကပဲ ဘလော့ဂ်တွေမှာ ၀ိုင်းတက်ဂ်ကြလို့ ရေးလိုက်ရသေးတယ် မဟုတ်လား။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ သေမှာကြောက်တတ်တဲ့သူဆိုတော့ စိတ်ထဲ နဲနဲပါးပါး ကြောက်စိတ်ကလေးကတော့ ရှိနေတာပါပဲ။ အဲ့တုံးကဆို အင်တာနက်ထဲ  " 2012 world end " ဆိုပြီး ဇစ်ဇစ်မြစ်မြစ်တွေထိ လိုက်ရှာဖတ်တာ နေ့စဉ်ရက်ဆက် တစ်ပတ်လုံးနီးပါးပဲ။ ဒီအယူအဆ ဘယ်ကလာသလဲ၊ ဘယ်လောက်သေချာလဲ။ ဘာကြောင့် ဒီလို ကောက်ချက်ချရလဲ၊ အစုံပဲ။ မနှစ်ကလဲ အဖိုးကြီးတစ်ယောက်က ၂၀၁၁ ဘယ်နေ့အတိအကျ ကမ္ဘာပျက်မယ်ဆို ပြောထားတာ၊ အင်တာနက်သတင်းတွေမှာဆို ပွနေတာပဲ။ တကယ်တမ်း အဲဒီနေ့လဲရောက်ရော ဘာမှလဲမဖြစ်တော့ လူတွေမှာ ဟာသကြီးကိုဖြစ်လို့။ နောက်နေ့ သူ့အိမ်ရှေ့ သတင်းထောက်တွေ ၀ိုင်းနေတော့ သူကထွက်လာပြီး သူတွက်တာမှားသွားပါတယ်ဆို  ပြန်ဝန်ချတောင်းပန်တာတွေ ဖတ်ရတော့ ဟယ် လူတွေက ဒီလိုတွေပဲ ပေါက်ကရ လျှောက်ပြောနေကြတာ မဟုတ်လောက်ပါဘူးပေါ့ဆို စိတ်အေးသွားပြန်ရော။

ဒီကြားထဲ ဟိုတစ်နေ့ကပဲ တီဗွီကနေ "2012 " ဆိုပြီး ကမ္ဘာပျက်တာကို ရိုက်ထားတဲ့ ရုပ်ရှင်လာတယ်။ အန်တီဆွိက ဒရမ်မာတို့ ဟာသကားတို့သာ ကြိုက်တာ။ အဲလို လူကို stress များစေတဲ့ကားတွေ မကြိုက်တတ်ပေမဲ့ ဟိုတီဗီကြိုက်တဲ့သားအဖနား ထိုင်မိတော့ မကြည့်ချင်ပဲလဲ မြင်နေရတယ်။ အမ်မယ် ရုပ်ရှင်ထဲမှာ ကမ္ဘာပျက်တော့ ဇာတ်လိုက်မိသားစုက လေယာဉ်ပျံကြီးနဲ့ ပြေးကြတာဗျ။ နောက်မှာ ကမ္ဘာမြေကြီးက ငလျှင်တွေလှုပ်၊ မြေတွေပြို၊ ရေတွေကြီးနဲ့ကျန်ခဲ့တာကို သဲထိပ်ရင်ဖိုပဲ ရိုက်ထားတာ။ နောက်ဆုံး တရုတ်မှာဆိုလား ကမ္ဘာ မပျက်တဲ့ နေရာလေးတစ်နေရာကို ပြေးကြတာတဲ့။ ကြည့်ပြီး မေ့မေ့ပျောက်ပျောက်ပါပဲ။

 တိုက်တိုက်ဆိုင်ဆိုင် အဲ့ကားပြပြီးလို့ မကြာခင်မှာပဲ ဆစ်ဒ်နီနားက ကမ်းခြေတွေမှာ ရေတွေ အနီရောင် ပြောင်းကုန်တယ်။ ဂျပန်မှာ မြေငလျှင်တွေ လှုပ်တယ်၊ ဆူနာမီ warning ဆို ဖေ့စ်ဘွတ်မှာ စတေးတပ်စ်တွေ တက်လာတော့ အောက်က ကွန့်မန့်တွေကလဲ ကြောက်စရာ။ ကမ္ဘာတကယ်ပဲ ပျက်တော့မှာလား။ နီးနေပြီ ကမ္ဘာပျက်ဖို့။ ကမ္ဘာပျက်ဖို့ ဘယ်နှစ်ရက်အလို ... ဆို ကွန့်မန့်တွေက ပွထနေတယ်။ ကြောက်တတ်တဲ့သူက ကြောက်မြဲပဲဆိုတော့ အော် သူတို့ပြောတဲ့ ကမ္ဘာပျက်မဲ့ရက်က နီးလာပြီပေါ့ ... ။ ဒီဇင်ဘာ ၂၁ရက်နေ့ တဲ့ လေ  ....

 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကမ္ဘာပျက်မယ်ဆိုပြီး ထိုင်တွေးနေ၊ ငေးနေလို့လဲမရ လူ့ပြည် လူ့ဘ၀ လူ့ဌာနမယ် နေ့စဉ်လုပ်နေကျ routing လေးတွေက ရှိနေသေးတော့ အိမ်မှာ လုပ်စရာရှိတာတွေ လုပ်နေရမြဲ။ ဒါ့အပြင် မြန်မာပြည်ပြန်ဖို့ရက်က နီးလာတော့  အလုပ်တွေ ရှုပ်နေတယ်။ လက်ဆောင်တွေဝယ်၊ လပ်ဂေ့ခ်ျတွေ ထုပ်ပိုး၊ ဒီကြားထဲ သမီးမွေးနေ့ပွဲအတွက် အိမ်ရှင်း၊ ဈေးဝယ် ချက်ပြုတ် ပြင်ဆင်နဲ့ ရှုပ်ယှက်ခတ်နေတယ်။ တစ်ရက်တစ်ရက် နားရတယ်မရှိ၊ အိမ်အလုပ်တစ်ဖက် ရုံးအလုပ်တစ်ဖက်နဲ့ ဘလော့ဂ်လေးတောင် နပ်မှန်အောင် မနဲရေးနေရတယ် အရပ်ကတို့ရေ။


ဒီလိုနဲ့ အလုပ်ရှုပ်တဲ့ တစ်ရက် ညနေပိုင်း နားချိန်လေးပေါ့။ အိမ်ရှေ့မှာ တီဗီကြည့်ကြရင်း ကမ္ဘာပျက်မဲ့ အကြောင်းပြောရင်း မြန်မာပြည်ပြန်မဲ့အကြောင်း စကားက စပ်သွားတယ်။ အန်တီဆွိမှာ အမှတ်သညာ ဥာဏ်က အင်မတန်နဲတော့ ဘယ်နေ့ မြန်မာပြည်ပြန်မှာလဲ အတိအကျ မသိဘူး။ ဒီဇင်ဘာ၂၃ ရန်ကုန်ရောက်မယ်ဆိုတာပဲ သိတာ။ အမေတို့နဲ့ ဖုန်းဆက်ရင် အမေ သမီးတို့တော့ ၂၃ ရက်နေ့ ရောက်မယ်ဆို အမြဲပြောဖြစ်နေတာကိုး။ ကြားထဲ ထရန်စစ်က ရှိနေသေးတော့ ညအိပ်ရမှာတွေရော ဘာတွေရော ပြန်မဲ့ရက်ကို  သေချာမသိဘူးရယ်။

ဒါနဲ့ စကားစပ်ကြတော့ အန်တီဆွိက

 " တော့ ကမောင်ခြိမ့် ... ဒါနဲ့ ကျုပ်တို့ မြန်မာပြည် ပြန်မှာ ဘယ်နေ့တုံးတော့ ... "

ဆိုတော့ သူက စိတ်ကြည်နေချိန်ဆို ထုံးစံအတိုင်း လေအေးအေးနဲ့ ...

" ၂၁ ရက်နေ့လေ  အမေကလည်း ... မလေးရှားကို ၂၂ရက်နေ့ ထရန်စစ်ပါဆို ပြောထားသားနဲ့ ... "

  ၂၁ ရက်နေ့ နေ့ နေ နေ့ နေ့ ....  ဆိုတာဟာ ငယ်ငယ်က ကက်ဆက်ဇာတ်လမ်းတွေထဲကလို အန်တီဆွိရဲ့နားမှာ ပဲ့တင်ထပ်သွားတယ်။ ဘုရား ဘုရား ကမ္ဘာပျက်မဲ့ နေ့ကြီးပါကလား ...


 အဲသမှာ  သေမှာ ကြောက်တတ်တဲ့ ဒေါ်ခင်မို့မို့ဆွိကြီးက သူအင်မတန်ကြောက်တဲ့  လေယာဉ်ပျံကြီးကို ကမ္ဘာပျက်မဲ့ နေ့ကြီးမှာ စီးရမှာဆိုတော့

"ဟမ်မလေး ကမောင်ခြိမ့်ရယ် ... တော် ကျုပ်ကို ရက်စက်လှချည်လား ... ကမ္ဘာပျက်မဲ့ နေ့မှာ လေယာဉ်ပျံစီးခိုင်းရတယ်လို့ပဲ။  ရက်စက်လိုက်တာ ကိုမောင်ခြိမ့်ရယ် ... ဘယ်လို သဘောနဲ့များ အဲဒီနေ့တည့်တည့်ကိုမှ ရွေးဝယ်လိုက်ရသလဲတော့ .. "  


ဆိုတော့ ဦးမောင်ခြိမ့်က တစ်ချက်စဉ်းစားလိုက်ပြီး ၀မ်းသာအားရ ပြန်ပြောလိုက်တာက ...

" ဒီမယ် ဆွိလေးရဲ့ လေယာဉ်ပျံပေါ်ရှိနေတာမှ ကောင်းတာဟ ... ညည်း ဟိုကားမကြည့်ဖူးဘူးလား။ ကမ္ဘာပျက်တော့ လေယာဉ်ပျံကို မရမက စီးပြီးတောင် ထွက်ပြေးကြရတာလေ။ တို့က အဲဒီနေ့ ကျ ဘေးကင်းရန်ကင်း လေယာဉ်ပေါ်မှာရောက်နေပြီ ... ကမ္ဘာက တို့နောက်မှာ ပျက်ကျန်နေခဲ့မှာ  ... ညည်းဒါတောင် မစဉ်းစားမိဘူးလား ...  ဘယ်လောက်ကောင်းလိုက်တဲ့ အစီအစဉ်လဲ ... "တဲ့

သူပြောမှပဲ ကိုယ့်မှာ တဟားဟားနဲ့ ရယ်လိုက်ရတာ။ အဟုတ်ကောင်းတဲ့ အစီအစဉ်ပဲ ...   လေယာဉ်ကြောက်တဲ့ သူတောင် မကြောက်တော့ဘူး ဗျာတို့ရေ ...။ အဲဒီနေ့ကျ ဒို့တွေက လေယဉ်ပေါ်မှာ ဘေးကင်း ... ရန်ကင်း ....   ... ;)))



Wednesday, December 5, 2012

တို့အိမ်က အလွဲများ ...

 ဂျူဂျူနဲ့ အိုဘားမား
ဟိုတစ်လောက ကျောင်းတွေ ရက်ရှည်ပိတ်တော့ အိမ်မှာ ဂျူဂျူလေးကို မြန်မာစာသင်ပေးနေတာ။ သမီးက ဥာဏ်ကောင်းလို့လားတော့မသိ။ ကျောင်းပိတ်တဲ့ ၃ပတ်လောက်အတွင်း စာတော်တော်တက်သဗျ။ သူငယ်တန်း သင်ပုန်းကြီး မြန်မာစာအုပ်အတိုင်း သင်တာမှာ "အဲ - အယ်-့ အယ် " အထိတောင် ရောက်နေပြီ။ ခု ကျောင်းတွေပြန်ဖွင့်တော့ တစ်ပတ်ကို တစ်နာရီလောက်ပဲ သင်ရတော့ စာက သိပ်မတက်တော့ဘူး။ သင်ပြီးတာတွေ မမေ့အောင် နွှေးပေးရုံလောက်ပဲ လုပ်ပေးနိုင်တော့တယ်။ နောက်တစ်ခါ ကျောင်းရက်ရှည်ပိတ်ရင်တော့ သေချာပြန်လုပ်ပေးရဦးမယ်။

အဲဒါ တစ်နေ့က မြန်မာစာ သင်ပြီးသမျှတွေ ပြန်နွှေးပေးနေရင်းနဲ့ သတ်ပုံခေါ်တာပေါ့။ သတ်ပုံခေါ်နေရင်းနဲ့ သူ့အမေကြီးက ဖေ့စ်ဘွတ်ခ်ကို ကြည့်နေတော့ အိုဘားမား မြန်မာပြည်လာတဲ့ အကြောင်း အန်တီစုနဲ့တွေ့တဲ့ အကြောင်းတွေ ဖေ့စ်ဘွတ်ပေါ် တက်လာတာ။ အဲဒါကို ဂျူဂျူလေးကလဲ သူ့ရဲ့ မတောက်တစ်ခေါက် မြန်မာစာနဲ့ လိုက်ဖတ်နေတော့ သမီးလဲ ရေးလို့ရတာပဲဆို သူ့ကို သတ်ပုံရေးခိုင်းလိုက်တာ။ အိုဘားမားရယ် ၊ ဒေါ်စုရယ်။

သူ့အမေကြီးကလဲ ဖေ့စ်ဘွတ်ပဲ စိတ်ကရောက်နေ၊ ညဖက် မျက်လုံးကလဲ မကောင်းတာနဲ့ သမီးရေးပြီးတာ အမှတ်တမဲ့ပဲ ဖတ်လိုက်ပြီး " ဟယ် ငါ့သမီးလေးက တော်လိုက်တာ ... အိုဘားမား တောင်ရေးတတ်နေပြီတော့ ...  မြန်မာစာတော်တော်တတ်နေပြီပဲ.."  ဆို ချီးမွန်းနေတာ။ ဒီလိုပဲ ခလေးတွေ မြှောက်ပေးပြီး ချော့မော့သင်ရတာ။

မနက်မိုးလင်း အိပ်ရာထတော့ အိမ်ရှေ့စားပွဲပေါ် စာရွက်တွေ ပွနေတာနဲ့ ရှင်းရင်း  ညက ဂျူဂျူ ရေးထားတဲ့ သတ်ပုံစာရွက်လေး ထွက်လာတာနဲ့ အမှတ်တမဲ့ ဖတ်ကြည့်လိုက်တာ။

အလိုလေး ... မယ်မင်းကြီးမက ရေးထားတာ "အိုဘားမား" ကို ... "အူဘားမား" တဲ့ဗျား ... သူုနဲ့ကျမှပဲ အိုဘားမားလဲ အူတူတူလိုလို "အူဘားမား" ဖြစ်ရတယ်လို့ တွေးပြီး ရယ်လိုက်ရတာ။

ဒါနဲ့ ဂျူဂျူနိုးလာတော့ သမီးရေ ... ညက သမီးရေးထားတာ အိုဘားမားကို သတ်ပုံမှားနေတယ်နော် ... ပြန်ဖတ်ဦး ... ဆိုတော့ ဂျူဂျူလေးမှာ သူ့အဖေလိုပဲ ညက်မှောင်ကြီးတောင် ရှုံ့ပြီး ပြန်ဖတ်နေတာ။ နောက်ပြီး ဘယ်လိုပေါင်းရမှာလဲ မေးတယ်။ "အ လုံးတင် တစ်ချောင်းငင် အို " ဆိုတော့ ဂျူဂျူ ညက်မှောင်က ပိုကျုံ့သွားတယ်။ ပြီးမှ မေမေကလဲ "အို"  မှ မသင်ရသေးတာ ဂျူဂျူ ဘယ်သိမှာလဲတဲ့။ အဲဒီကျမှ သူ့အမေကြီးကလဲ သင်တာ "  အို့ ... အို ... အိုး " ထိ မရောက်သေးတာ သိတော့တယ်။ အစဉ်အတိုင်းဆို အသတ်တွေမလာခင်  " အို " က နောက်ဆုံးမှာ ကိုးးးး။

 အ အိ အု အေ အဲ အော အံ အို ... လေ။

ဂျူဂျူတို့ကတော့ ရှိတာနဲ့ ရအောင် ပေါင်းလိုက်တာပဲ။ အိုဘားမားတောင် အူဘားမားဖြစ်အောင် ...
----------------------------------------------------------------------------------------------------------


ပုဆိုးတလွှားလွှား ကမောင်ခြိမ့်
ဟိုတစ်လောက ခလေးတွေ ကျောင်းပိတ်ရက် ဒီကသူငယ်ချင်းတွေစုပြီး ပစ်ကနစ်သွားကြတယ်။
Bobbin Head တဲ့။ အိမ်ကနေ ကားနာရီဝက်လောက်ပဲ မောင်းရတာပါ။ ပစ်ကနစ်ဆိုတော့ စားစရာ သောက်စရာတွေက စုံလှတယ်။ မုန့်ဟင်းခါး၊ ဒန်ပေါက်၊ ၀က်သားသုတ်၊ လဖက်သုတ်၊ စပါကာတီး ထမင်းတွေ ဟင်းတွေရော အစုံပဲ။ လှေစီးကြ၊ တောထဲ လျှောက်ကြ၊ ဓာတ်ပုံတွေရိုက်ကြနဲ့ ပျော်စရာကြီးပေါ့။ ညနေပြန်တော့ သူငယ်ချင်း အသိတစ်ယောက်ဆိုင် ၀င်ကြပြီး သူ့ဆိုင်မှာပဲ ပစ်ကနစ်ကပါလာတာတွေ စားသောက်ပြီး ပြန်ကြတာ။ အားလုံးစားသောက် ဗိုက်ကားပြီး အိမ်ပြန်တော့ ည၈နာရီ အတော်မိုးချုပ်ပြီပေါ့။

 အိမ်ရောက်တော့ ဦးခြိမ့်တစ်ယောက် ဗိုက်ထဲက ရစ်သလိုလို၊ ဗိုက်ပဲ နာချင်သလိုလို ဆို ပြောနေတာ။ အစားစုံလို့နဲ့ တူပါရဲ့ဆို ပြန်ပြာလိုက်ေး။ ကိုယ်လည်းပြန်ရောက်တော့ ပင်ပန်းရတဲ့ကြားထဲ သူ့လဲ ဂရုမစိုက်နိုင်။ ပစ္စည်းတွေ သိမ်းဆည်းပြီး  တီဗီရှေ့သွားထိုင်။ ပြီးတော့ ဂျူဂျူလေးကို သိပ်၊ အိပ်ငိုက်လာတော့ ကွန်ပြူတာလေးဖွင့်  အွန်လိုင်းတက်နေတာ။ ဦးခြိမ့်ကတော့ အသံကို မကြားတော့ဘူး။ သူ့အခန်းထဲဝင်သွားတာ။

 မနက်မိုးလင်းတော့ တနင်္ဂနွေမနက်ဆိုတော့ ဦးခြိမ့်တို့ ထုံးစံ အစောကြီးထပြီး ချွတ်ချွတ် .. ချွတ်ချွတ်နဲ့ အ၀တ်တွေလှမ်းလိုက်၊ တံမျက်စည်းပဲလှည်းသလိုလို၊ ဟိုလုပ်ဒီလုပ်ပေါ့။ ကိုယ်လဲ အိပ်ရာက ထလာရော သူ့ကိုကြည့်ရတာ တစ်မျိုးပဲ ထူးဆန်းသလိုလို ရှိလှတယ်ထင်နေတာ။ ဘယ်ဟုတ်မလဲ မောင်မင်းကြီးသားက ဆစ်ဒနီ စပရင်း ဒီလောက် ချမ်းချမ်းစီးင်္စီးကြီးမှာ ပုဆိုး တလွှားလွှားနဲ့ ဟိုဖက်ဒီဖက် လုးလားခတ်နေတော့ အမြင်ဆန်းနေတာပေါ့။ ဆစ်ဒနီက spring ရောက်တာတောင် မနက်ခင်း ရာသီဥတုက ၁၄-၁၅ ဒီဂရီလောက်ရှိနေသေးတော့ ဘောင်းဘီရှည်ထူထူတွေ ၀တ်နေရတုံးပါ။ တစ်ဆောင်းတွင်းလုံး ဘောင်းဘီရှည်ထူထူတွေနဲ့ မြင်နေရာကနေ ရုတ်တရက် ပုဆိုးတလွှားလွှား ဆိုတော့ မျက်စိထဲ ဆန်းနေတာပေါ့။

ဒါနဲ့ အန်တီဆွိက
"တော့ ကမောင်ခြိမ့် ...  တော့်နဲ့တော် ဒီလောက် မနက် အေးအေးချမ်းချမ်းကြီး ဘယ့်နှာကြောင့် ပုဆိုး တလွှားလွှားနဲ့ ဖြစ်နေရသတုံးတော့ ..." ဆိုတော့ သူ့ဟာသူ အောက်ငုံ့ကြည့်ပြီး ဘာပြောတယ် ထင်သတုံး အရပ်ကတို့ရေ ...

" ကိုယ် ၀မ်းတွေ သွားနေလို့ကွ ... အဲဒါ လွယ်အောင် ပုဆိုးလေး ပေါ့ပေါ့ပါးပါး ၀တ်ထားလိုက်တာ ... အရေးအကြောင်းဆို အဲသလို မ ...  ထိုင်လိုက်ရုံပဲ .." တဲ့ဆို ပုဆိုးလေးကိုင်ပြီး ပုံစံတောင်လုပ်ပြနေလို့ အန်တီဆွိမှာ ရယ်လိုက်ရတာ ...

 ဖြစ်ရလေတော် ကမောင်ခြိမ့်ရယ် လို့ပဲ ပြောနိုင်တော့တယ် ။



  

 


Wednesday, November 14, 2012

ပြား ၈၀ အန်တီဆွိ ...


အရင်က ပြား၂၀ မဆွိတီ ဆိုတဲ့ပို့စ်လေး ရေးဖူးပါတယ်။ အဲဒါလေး အရင်ဖတ်ကြည့်ကြပါဦး။

အန်တီဆွိ ရုံးမှာထိုင်တဲ့နေရာနဲ့ ဘေးချင်းကပ်ရပ် လမ်းကလေးသာခြားတဲ့ နေရာမှာ ကောင်မလေးတစ်ယောက်ရှိတယ်။ ကောင်မလေးသာပြောတယ် အသက်ကတော့ ၃၅-၄၀ ပတ်ဝန်းကျင်လောက်ပေါ့။  ဆံပင်တိုတိုနဲ့ဆိုတော့ လူက ငယ်ပုံပေါက်တယ်။ မျက်နှာကတော့ တရုတ်နဲ့ခပ်ဆင်ဆင်။ ရောက်စ ကိုယ်လဲ အလုပ်နဲ့ ရင်နှီးဖို့ ကြိုးစားနေရတာနဲ့ သေချာတော့ သတိမထားမိပါဘူး။ သူကလဲ ခပ်တည်တည်ပဲဆိုတော့ မိတ်လဲ မဆက်မိဘူး။ တစ်ရက်တော့ သူက လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အင်္ဂလိပ်လိုပြောနေတာ။ သူ့ရဲ့ အင်္ဂလိပ်လေသံက ကိုယ်ရင်းရင်းနှီးနှီး ကြားဖူးတဲ့ လေသံမျိုးဖြစ်နေတယ်။ ဒါပေမဲ့လဲ အလုပ်ထဲသာ စိတ်ကရောက်နေတော့ မေ့မေ့ပျောက်ပျောက်ပါပဲ။

တစ်ရက်တော့ အလုပ်မှာ ကုန်းလုပ်နေရင်းနဲ့ နားထဲမှာ မြန်မာလို စကားပြောသံ သဲ့သဲ့ကြားရတော့ ရုပ်တရက် နားကအလိုလို စွံ့ပြီးသား၊ မျက်လုံးက စကားပြောသံကြားတဲ့ နေရာကို ရှာဖွေနေပြီးသားဖြစ်သွားတယ်။ လက်စသတ်တော့ ဘေးက ကောင်မလေးက ဗမာလို ဖုန်းနဲ့ ပြောနေတာပါလား။ သူမြန်မာပါလားဆို သိလိုက်ရတော့ အရမ်းအံ့သြသွားတယ်။  ရုံးမှာလုပ်တာ ၃-၄ ပတ်ရှိပေမဲ့ မြန်မာအချင်းချင်း မသိကြဘူး။ 

ဒါနဲ့ ဒါမျိုးဆို ထီးကလေးဆောင်းပြီး စောင့်နေတဲ့ အန်တီဆွိက သူဖုန်းချချချင်းပဲ သူ့နေရာလှစ်ကနဲ ရောက်သွားပြီး ပြုံးပြုံး ... ပြုံးပြုံးနဲ့ မိတ်ဆက်ပါလေရော။ 

" အစ်မလား ... ညီမလားတော့ မသိဘူး ...  မြန်မာလိုပြောနေသံကြားလို့ ။ တွေ့နေတာတော့ကြာနေပြီ။ တရုတ်အောက်မေ့နေတာ ...."

ဟိုကလဲ အင်မတန် အံ့သြသွားတဲ့ ပုံနဲ့  ... ပထမတော့ ဘာပြန်ပြောရမှန်းတောင်မသိ အူကြောင်ကြောင်ဖြစ်နေသေးတယ်။ ပြီးမှ

"ဟုတ်ကဲ့ အစ်မ ... ကျွန်မလဲ တွေ့နေတာ ... မြန်မာမှန်းမသိဘူး ..ဟီး ...."

ဒီလိုနဲ့ မိတ်ဆက်ကြပြီး သူဟာလဲ ကိုယ်တွေလိုပဲ RIT ကပြီးတဲ့ အင်ဂျင်နီယာ၊ ကိုယ့်ထက် ၃နှစ်လောက် ဂျူနီယာကျတဲ့ ညီမတစ်ယောက်ဆိုတာ သိလိုက်ရတယ်။ တစ်ကျောင်းထဲကဆိုတော့ စိတ်က ခင်မင်လက်စလဲရှိနေတော့ ကိုယ်သိတဲ့သူတွေ သူသိတဲ့သူတွေ အပြန်အလှန်ပြောကြရင်း ခင်သွားတော့တာပဲ။ နောက်ပိုင်းတော့ သူဟာ မသိခင်သာ ခပ်တည်တည်နေပေမဲ့ သိသွားတော့လဲ ခင်စရာကောင်းတဲ့ ညီမတစ်ယောက်ဖြစ်တယ်ဆိုတာ သိရပါတယ်။

ဟိုတစ်လောကလဲ ထမင်းစားခန်းထဲမှာ ထမင်းစားနေရင်းနဲ့ မလေးရှားက ကောင်မလေးတစ်ယောက်နဲ့ စကားလက်ဆုံကျတော့ production ဖက်မှာ မြန်မာတွေ ရှိတယ်ဆိုပြီး ဗမာနာမည်တစ်ခုပြောပြလာတယ်။ သူပြောတာတော့ production ဖက်မှာ ဗမာ ၄ယောက်လောက်ရှိတယ် ပြောတယ်။ ခုချိန်ထိတော့ အဲဒီဖက် မသွားရသေးတော့ မကြုံသေးဘူးပေါ့။ စင်္ကာပူလို ဗမာပေါတဲ့ အရပ်မှာ အလုပ်လုပ်တုံးကတောင် အလုပ်ထဲမှာ ဗမာနဲ့ကြုံတာ အင်မတန်နည်းတော့ ဒီကုမ္ပဏီမှာ မြန်မာတွေ တော်တော်ပေါပါလားဆို အံ့သြနေတာပေါ့။

မနေ့ကတော့ အန်တီဆွိလဲ ကိစ္စလေးတစ်ခုရှိတာနဲ့ အောက်ထပ်က HR နဲ့ Finance ဌာနတွေဖက်ကို ဆင်းလာခဲ့တယ်။ အောက်ရောက်တော့ ကိုယ်တွေ့ချင်တဲ့ သူက အခန်းတံခါးပိတ်ထားတာနဲ့ ဘေးဖက်အခန်းက ကောင်မလေး တစ်ယောက်တွေ့တာနဲ့ ၀င်မေးတာပေါ့။

 " ဆူဇန်လဲ မတွေ့ဘူးနော်။ ဒီနေ့ သူမလာဘူးလားမသိဘူး.." ဆို အင်္ဂလိပ်လို မေးလိုက်တာ။

ခလေးမလေးက အသက် ၂၀-၂၅ လောက်ရှိမယ်ထင်တာပဲ။ အေရှတော့ အေရှရုပ်ပဲ။ ဆံပင်လေးကို အကုန်အပြောင်သိမ်းပြီး အပေါ်မှာ ဆံထုံးတော်ကြီး တမာသီးနဲ့။ အသားအရေလေးက ကြည်ကြည်လင်လင်နဲ့ မျက်နှာလေးက ချစ်စရာလေးရယ်။ သူက အန်တီဆွိစကားဆုံးဆုံးချင်းပဲ ...

" အန်တီက မြန်မာလားမသိဘူးနော် " တဲ့ ဆိုပြီး ဆူဇန် ဒီနေ့ နေ့ဝက်ခွင့်ယူထားတယ်ဆိုပြီး ဗမာလို ပီပီသသကြီး ပြောပါလေရောဗျာ။ နောက်ပြီး ဟိုနေ့က မxxx ကပြောနေတာ R&D မှာ မြန်မာ အသစ်ရောက်နေတယ်တဲ့ ပြောနေတာကြာပြီ။ အဲဒါ အန်တီ့ကို တွေ့တော့ အန်တီပဲ ဖြစ်ရမယ်ဆိုပြီင်္း မေးကြည့်တာတဲ့ဗျား။

ဒါနဲ့ သူနဲ့လဲ သူ့အကြောင်း၊ ကိုယ့်အကြောင်း အလုပ်အကြောင်း စပ်စုကြရင်း အလ္လာပ သလ္လာပ စကားလက်ဆုံကျနေကြတယ်။ ခလေးမလေးရဲ့ လေသံ accent က တကယ့်ကို အော်ဇီမတစ်ယောက်နဲ့ မခြားပါဘူး။ ၀တ်တာစားတာ၊ ပြင်ဆင်ထားပုံ ရုပ်ရည်တွေဟာ ကြည့်ရုံနဲ့ ဗမာမှန်း လုံးဝခန့်မှန်းလို့မရပါဘူး။ သူဟာ ၁၃နှစ်ကတည်းက ဒီရောက်နေတာဖြစ်ပြီး ဒီမှာလုပ်နေတာ ၂နှစ်ရှိပြီဖြစ်တဲ့ အကြောင်း၊ သူနဲ့အတူု ဒီအခန်းထဲက finance ဌာနမှာ နောက်ထပ်မြန်မာ တစ်ယောက်လဲ ရှိကြောင်း ပြောပြပါတယ်။

 နောက်သွားခါနီးတော့ စပ်စုချင်တာနဲ့ မေးလိုက်တာ။

" ဟင် ဒါနဲ့ အစ်မကိုမြင်တာနဲ့ ဘယ်လိုလုပ်မြန်မာမှန်း သိလဲ ... အစ်မက ဗမာရုပ်တော်တော်ပေါက်လို့လား " ဆိုတော့

 သူက ဟုတ်တယ် အစ်မပုံက ကြည့်တာနဲ့ ဗမာမှန်း အရမ်းသိတာတာပဲတဲ့။

သူပြောတော့ အန်တီဆွိမှာ ရယ်လိုက်ရတာ။ စင်္ကာပူမှာတုံးက တစ်ချိန်လုံး တရုတ်နဲ့ မှားနေလို့ ဖြေရှင်းနေရတဲ့သူက ကျေပဲ မကျေနပ်သလိုလို စိတ်ထဲမှာ ဖြစ်သွားသေးတယ်။ ပြီးမှ အော် ဗမာသွေး ပြား၈၀တောင်ပါတာ ဗမာမှန်း သိသာတာ ဆန်းသလားလို့သာ ခပ်ဖော့ဖော့လေး တွေးရင်း ပြုံးလိုက်မိပါတော့တယ်။ ။

ပြား ၈၀ အန်တီဆွိ



Friday, August 3, 2012

GPS နဲ့ တို့အိမ်က ရွှေဘ

ရွှေဘအစစ်ပုံ (မမြင်ဖူးမှာစိုးလို့း)

အန်တီဆွိက တစ်ခါတစ်ခါ စဉ်းစားတယ်။ အော် ငါတို့တွေ ခုခေတ်မှာ လူဖြစ်ရတာ တော်တော်ကံကောင်းပါလားလို့။  ကိုယ် ကားမောင်းတဲ့အချိန်လဲရောက်ရော GPS တွေ ပေါ်လာတယ်။ လမ်းတွေ နေရာတွေ အမှတ်အသားအလွန်နည်းပြီး အင်မတန် မျက်စေ့လည်တတ်တဲ့သူက စင်္ကာပူလို၊ ဆစ်ဒ်နီလို မြို့ကြီးတွေမှာ GPS မပါပဲ ကားမောင်းဖို့ဆိုတာ တွေးတောင် မတွေးရဲဖူးကိုး။  အဲဒါတွေးမိရင် ဟိုးအရင်ကလူတွေ ဒီလောက် ကားလမ်းတွေ ရှုပ်ယှက်ခက်နေတာ ကိုယ်သွားချင်တဲ့နေရာ ဒီတိုင်းကြီး ဘယ်လိုများ ရှာသွားကြသလဲဆို စဉ်းစားရတာ ဥာဏ်တောင် မမှီဘူးရယ်။

အိမ်က GPS ကလေးကို အန်တီဆွိ ကားလိုင်စင်ရတဲ့ နေ့ကပဲ ၀ယ်ထားတာ။ ကားစမောင်းကတည်းက GPS လေးသုံးပြီး မောင်းနေကျဆိုတော့ အဲဒါမပါရင်ပဲ ကိုယ့်မှာ တစ်ခုခု လိုနေသလိုလို။ အဟက် ... အဲဒါလေးနဲ့ မောင်းတော့ သူပြောတဲ့အတိုင်း ဘယ်ကွေ့၊ ညာကွေ့၊ U- turn ၊ round about  နဲ့ နောက်ဆုံး Reach your destination ဆို ရောက်ကရောပဲ။ လမ်းမှားသွားလဲ  သူက ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး  ကိုယ်သွားချင်တဲ့နေရာ ရောက်အောင်တော့ ညွန်ပေးတာပဲ။ သုံးခဲ့တဲ့ ၃နှစ်အတွင်း တော်တော်များများတော့ reliable ဖြစ်တယ်ထင်တာပဲ။ 
  
reliable ဖြစ်တယ်ဆိုတာတောင် တစ်ခါတစ်လေတော့လဲ သူလဲ အူကြောင်ကျား ဖြစ်တတ်သေးတယ်။ တစ်ချို့ လမ်းအသစ်တွေ၊ လောလောလတ်လတ် လမ်းတွေ ပြင်ထားတာတို့၊ တိုးထားတာတို့၊ ပိတ်ထားတာတို့ဆို သူမသိဘူး။ အဲလိုကျ ဥပမာ သူက ညာချိုးပြောတယ်။ ကိုယ်ကလဲချိုးဖို့ ပြင်နေပြီ။ နေရာရောက်တော့ ချိုးမယ်အလုပ်မှာ ညာချိုးစရာ လမ်းမရှိဘူး။ ဟမ်)))) (လမ်းအလယ်မှာ ကွန်ကရစ်နဲ့ ပိတ်ပြီး ကာထားတာကိုး ...) အဲလိုမျိုးဆို  ကိုယ့်မှာ  ပြသနာကို ကမန်းကတမ်း ဖြေရှင်းရတယ်။ တစ်ခါတစ်လေလဲ ဘေးက ၀ိုင်းအားပေးကြတာ ကားဟွန်းသံတွေကို တစ်လမ်းလုံး ဆူညံသွားတာပဲ။ (ဟိဟိ ဂုတ်ကျားတွေ အစုလိုက် ၀ိုင်းဟောင်တဲ့ အတိုင်းပဲ... ) ကားဟွန်းသံလောက်ကတော့ အန်တီဆွိတို့က ဖြုံကို မဖြုံတော့ဘူးခင်ည။

မြို့ထဲ လမ်းတွေ တစ်ခုနဲ့ တစ်ခု အရမ်းနီးကပ်ပြီး ရှုပ်ထွေးပြီဆိုလဲ GPS က အူကြောင်ကြောင်ဖြစ်တတ်တယ်။ လမ်းတွေက အရမ်းနီးတော့ သူက တခြားလမ်းထင်ပြီး ညွှန်တော့ အကုန်တလွဲတွေ ဖြစ်ကုန်ရော။ အိမ်က ကိုကိုခြိမ့်ဆို GPS ကို တော်တော် ကောင်းချီးပေးတယ်။ အင်တာနက်ထဲမှာ ရှာကြည့်ရင် GPS ညွှန်လို့ဆို ကားတွေ တလွဲဖြစ်တာ ဟာသလုပ်ထားတဲ့ ပုံတွေမှ တစ်ပုံကြီးပဲ။

တစ်ခါလဲ မလက္ကာဖက်သွားတော့ ကိုကိုခြိမ့်တို့ သူငယ်ချင်းတွေ တစ်အုပ်ကြီးပေါ့။ ကားတွေ ၄-၅စီးနဲ့ စီတန်းသွားကြတာ။ GPS ပါတဲ့ ကိုကိုခြိမ့်က ရှေ့ဆုံးကမောင်းပေါ့။ အပြန်ကျ မြို့ထဲမှာ သွားချင်တဲ့ နေရာ လမ်းပျောက်နေတော့ GPS ခေါ်ရာ လိုက်ကြရော။ အိမ်တစ်အိမ်ရှေ့လဲရောက်ရော လမ်းမကိုဖြတ်ပြီး ဘုရားစောင်းတန်းတွေလို အ၀တ်ဖြူကြီးတွေနဲ့ မန်းတပ်ထိုးထားတာ တွေ့တော့ မဏပ်ထဲ ဖြတ်ရမလား မဖြတ်မလားမသိ။ GPS ကလည်း အဲဒီလမ်းကိုပဲ ကွေ့ခိုင်းနေတော့ စဉ်းစားချိန်က သိပ်မရ။ ဘာဖြစ်ဖြစ်ဟာဆို ... ကွေ့ဝင်လိုက်တာမှာ အိမ်ထဲ ခဏအကြည့်မယ် ဟမ်မလေး အသုဘ အလောင်းပြင်ထားတာဗျား။ လူက အထဲတောင် မရောက်သေးဘူး အပြင်ဖက်မှာ ပက်လက်ကြီး။  ဦးခြိမ့်တို့ သူငယ်ချင်းတွေ တန်းစီပြီးကို အဲဒီအိမ်က မဏပ်ထဲ ဖြတ်ကြတာ။ အိမ်ရှင်တွေကတော့ ဘယ်လိုထင်မယ်မသိ။  ခပ်တည်တည်နဲ့ တန်းစီပြီးတောင် ဖြတ်ဝင်ကြသကိုး။ ကိုယ်တွေတော့ အဲဒီတုံးက ရယ်လိုက်ရတာ အူတောင်နာတယ်။ တကယ့်ကို ငိုအားထက် ရယ်အားသန်ပဲ။

ဒီနေ့မနက်လဲ ဦးခြိမ့်ကား service ၀င်ရမှာဆိုတော့ မနက်စောစော ရုံးမသွားခင် သူ့ကားကို service center မှာ သွားအပ်ရမှာ။ အပြန်ကျ သူပြန်လို့ရအောင် သူသွားကထဲက အန်တီဆွိကလဲ ကိုယ့်ကားနဲ့ သူ့နောက်က လိုက်ပေါ့။  (ဒီမှာက Bus တွေ Taxi တွေ အားကိုးလို့မရဘူးဂျ) ပြီးတော့ သူက ကိုယ့်ကားကိုမောင်း ၂ယောက်အတူ အိမ်ပြန်၊ သမီးကို ခေါ်၊ ကျောင်းပို့၊ ပြီးရင် သူ့ရုံးလိုက်ပို့ အဲလို စီစဉ်ထားတာ။

 အဲဒါ service centre အသွားမှာ အန်တီဆွိက မျက်စေ့လည်တတ်တော့ သွားရမဲ့နေရာကို GPS key in လုပ်ပြီးသားအဆင်သင့် ကားမှာ တပ်ပေးထားတယ်။ သူကတော့ သူ့ ဟမ်းဖုန်းက မြေပုံလေးနဲ့ ရှေ့ကသွား ကိုယ်က သူ့ကားနောက်က ထပ်ချပ်မခွါလိုက်ပေါ့။ သူ့ကားပျောက်သွားတော့လဲ ဘာအရေးလဲ ။ ကိုယ့်မှာ GPS key in ပြီးသားကိုး။

အိမ်ကအထွက် မောင်းခါစရှိသေး။ GPS က power ကြိုးမတပ်ထားတာ သတိရလို့ ပြန်အတပ်မှာ touch screen ကို ထိမိတော့ တီ ... တီ ဆို အသံကြားရတယ်။ setting တစ်ခုခု ပြောင်းသွားတယ်ထင်လို့ ပိုသေချာအောင် ကိုယ်သွားမဲ့နေရာကို recently found ဆိုတဲ့ function က အပေါ်ဆုံးက လိပ်စာကို ရွေးပြီး ပြန် နှိပ်လိုက်တယ်။ ကိုယ်လဲ သွားရမဲ့လိပ်စာ သေချာတော့ မသိဘူး။ သူ key in လုပ်ပေးတာဆိုတော့ အပေါ်ဆုံးကဟာပဲ ဖြစ်မှာပါဆို ရမ်းနှိပ်လိုက်တာ။ ဒါက ပိုပိုလိုလိုပဲလေ။ သူ့ကားနောက်က လိုက်မှာပဲ။ ကိစ္စမရှိ။

ပြီးတော့ သူ့ကား နီညိုလေးနောက် ထပ်ချပ်မခွါ လိုက်တော့တာပဲ။ မနက်စောစောဆိုတော့ လမ်းကြားတွေမှာတော့ ကားက အရှင်းသားလား။ ချောလို့။ ဟော လမ်းမကြီးလဲ ရောက်ရော တွေ့ပါပြီ။ ကားတွေက traffic ဖြစ်နေပြီ။ ကိုကိုခြိမ့်က ကားမောင်းတာ မြန်တယ်။ ဆုံးဖြတ်တာလဲ မြန်တယ်။ အဲဒီနေရာမှာ ယောက်ျားတွေနဲ့ မိန်းမတွေ ကားမောင်းတာ မတူတာပဲ။ ကိုယ်တွေက အရမ်းစဉ်းစားတယ်။ ဆုံးဖြတ်တာလဲ နှေးတယ်။ ကြောက်လဲ ကြောက်တတ်တော့ မရဲဘူး။ ကားကိုလဲ သူ့လောက်တော့ အမြန်မမောင်းရဲဘူး။ ကိုယ်မောင်းနေကျ speed ထက်ကို ပိုပြီးမောင်းတာတောင် မှီအောင် မနဲလိုက်နေရတယ်။ မီးပွိုင့်တစ်ခု အရောက်မယ် မီးပွိုင့် ၀ါနေတာ သူဖြတ်ချသွားတယ်။ မဖြတ်လို့ မရဘူး။ သူက အရမ်းကပ်နေပြီ။ ကိုယ်ကျ ရပ်လို့ရသေးတယ်။ လိုက်မယ်ဆိုလဲ လိုက်လို့ရတယ်။ လိုက်ရင်ကောင်းမလား ဆုံးဖြတ်ချိန်တောင် မရလိုက်ဘူး။ ထုံးစံအတိုင်း ကြောက်တတ်သူဆိုတော့ ဘရိတ်အုပ်ပြီး ရပ်ပလိုက်တယ်။

မီးပွိုင့်လွှတ်တော့ ချက်ချင်းနောက်မီးပွှိုင့်တစ်ခု ထပ်မိပါရော။ ကိုကိုခြိမ့်ကား နီညိုရောင်လေးတော့ အစရှာမရတော့ပြီ။ ကဲ ... ဘာအရေးလဲဆို GPS လေး အားကိုးနဲ့ ကိုယ့်ဟာကိုယ် ဆက်မောင်းပေါ့ ... အဟက်။  ဟော မောင်းနေရင်းနဲ့ ...  GPS က ဟိုတစ်ပတ်က သွားထားတဲ့  Olympic park ထဲကိုပဲ ညွှန်ညွန်နေသဗျာ။ လူက မသင်္ကာချင်တော့။ ငါ စောနက လိပ်စာမသိပဲ ရမ်းရွေးလိုက်တာ မှားနေပြီနဲ့ တူတယ်ပေါ့။ အရင်တစ်ခါ ဆားဗစ်စင်တာကို သွားဖူးတာ အိုလမ်းပစ်ပတ်ခ်ထဲကို ဖြတ်မမောင်းရပါဘူးဆို လူက နဝေတိမ်တောင်ဖြစ်နေပြီ။ 

ဘာပဲဖြစ်ဖြစ် သူပြောတဲ့နောက်တော့ လိုက်မောင်းနေဆဲပဲ။ မီးပွှိုင့်  ခဏမိတော့ လိပ်စာကို သေချာအောင် ဖုန်းဆက်မေးဦးမှပါဆို အိပ်ထဲ ဖုန်းကို စမ်းတော့ ဖုန်းကလဲ စမ်းလို့မရ။
မနက်က ဘက်ထရီသွင်းထားတာဖြုတ်၊ သမီး အိုင်ပက်နဲ့ ပြောင်းတပ်တာတော့ သတိရတယ်။ ပြီးတော့ ယူလာမိလား၊ မယူလာမိလားလဲ သတိမရ။ ဖုန်းကတော့ရှာမတွေ့ပြီ။ အိမ်ကအထွက် အိပ်ထဲမထည့်ပဲ ဖိနပ်စင်ပေါ်များတင်မိသလား။ စိတ်ထဲမှာ တွေးနေတာ ... လမ်းကျ လမ်းကြားလေးတစ်ခုဝင်ပြီး ခဏရပ်၊ ဘေးက တွေ့တဲ့လူ ဖုန်း ခဏ ငှါးဆက်ရင် ကောင်းမလား။ အွန် ... ဖုန်းငှါးဆက်ရအောင်လဲ ဒီလိုချမ်းချမ်းစီးစီးမှာ ဘယ်သူမှလဲ အပြင်မှာ လမ်းလျှောက်မှာမဟုတ်။ လမ်းလျှောက်တဲ့သူ တွေ့ရင်တောင် ဘယ်မှာလဲ ကိုကိုခြိမ့်ဖုန်းနံပတ်။ ငါမှအလွတ်မရတာကို ...  အရေးကြီး ဖုန်းနံပတ်တွေ ရေးထားတဲ့ မှတ်စုစာအုပ်ကလဲ ပါမလာ ... ခဏပဲဆို အိပ်အသေးထဲ wallet ရယ် နေကာမျက်မှန်ရယ်ပဲ ကောက်ထည့်လာတာ။ ဘယ်လိုလုပ်ရမလဲ မသိတော့။ အတော် အကျပ်ရိုက်နေပြီ။ နောက်ဆုံးတော့ အင်း GPS ကို go home လုပ်ခိုင်းပြီး အိမ်ပြန်၊ အိမ်ကျမှ ကိုကိုခြိမ့်ကိုဖုန်းပြန်ဆက်၊ လိပ်စာမေး ဆားဗစ်စ်စင်တာ ပြန်သွား အဲလိုကျ အကုန်တလွဲတွေ ဖြစ်ပြီး သမီးကျောင်းပါ နောက်ကျကုန်တော့မှာပဲ ဆို ... ကားမောင်းရင်းနဲ့ စဉ်းစားနေတာ ဦးနှောက်တွေကို ခြောက်နေတာပဲဂျာ။

ကားကလဲ ဂျီပီအက်စ်ရဲ့ ခေါ်ဆောင်ရာ သွားနေမြဲပဲ။ တွေးနေရင်းး ... အတွေးတွေရှုပ်နေရင်းနဲ့  မောင်းနေတာ  ၅မိနစ် ၁၀မိနစ်ကျော်လောက်ရှိနေပြီ။  ဒီလိုနဲ့ သွားနေရင်းနဲ့ဗျာ အမှတ်တမဲ့အကြည့် ကိုယ့်ရှေ့တည့်တည့်မှာ နီညိုရောင် ကားလေးတစ်စီး။ ခပ်တည်တည်ပဲ ကိုယ့်ရှေ့မှာ။ နံပတ်ကြည့်လိုက်တော့ ဟမ်မလေး ကိုကိုခြိမ့်ကားပါကလား။  အန်တီဆွိတို့ ဖော်မပြတတ်အောင် ၀မ်းသာသွားတာများ။ ရုပ်ရှင်တွေထဲမှာ မင်းသမီး လူကြမ်းတွေနဲ့ ဒုက္ခရောက်လို့ ကြံရမရဖြစ်နေတုံး မင်းသားရွှေဘကို ရောက်လာသလိုပဲဂျာ။ အဲသလို တွေးမိတာရော၊ သူ့ကားတွေ့တော့ ပျော်သွားတာရော ကားမောင်းရင်း ပြုံးဖြီးဖြီးကြီးတောင်ဖြစ်လို့။ တော်သေးတာပေါ့။ လမ်းကတော့ မမှားဘူးပဲ။ ဘယ်အချိန်ကတည်းက အဲဒီ ရွေဘ ကိုယ့်ရှေ့ရောက်နေမှန်းမသိတာ။ ဒါနဲ့သူ့နောက်က ဆက်လိုက်ရင်း  ခဏနေတော့ ဆားဗစ်စင်တာ ရောက်ပါလေရောဂျာ။

ကိစ္စ၀ိစ္စတွေပြီး၊ အပြန်ကျ သူက ကားမောင်း ကိုယ်က သူ့ဘေးမှာ (မင်းတမီးပေါ့ဂျာ) ထိုင်ရင်း စောနက အဖြစ်ကို ပြန်ပြောပြတယ်။ ကိုကိုခြိမ့်ရယ် ... ဆွိလေး ကိုကိုခြိမ့်ကားတွေ့တော့ ၀မ်းသာချက်တော် ... ရုပ်ရှင်တွေထဲ မင်းသမီး ဒုက္ခရောက်နေတုံး မင်းသား ရွှေဘ ရောက်လာသလိုပဲဆို ပြောတော့ "ဟင် ညည်းက ဒီနားကျမှ ငါ့တွေ့တာလား .." တဲ့။ "ငါက ညည်းရှေ့က မောင်းတာ ... ဟိုးအိုလမ်ပစ်ပတ်ခ် အထွက်ကတည်းကပဲ..." " ငါ့မှာ ညည်းကို စောင့်ခေါ်နေတော့ နှေးနေတာနဲ့ နောက်ကားတွေ ကျော်တက် ဘုကြည့်ကြည့်တာခံရတယ် " တဲ့။

 ကြည့်ဦး ကိုယ့်ရှေ့ ရွှေဘကြီးတစ်ယောက်လုံး တစ်ချိန်လုံးရှိနေတာကို လူကပြာယာခတ်နေတော့ မမြင်တာဗျား။ ။

ကိုယ့်အိမ်က ရွေဘ တွေလဲ နောက်ဆုံးတော့ ရွှေဘက ရွှေဘ ပါပဲဂျာ။  ။

တို့အိမ်က ရွှေဘ ။




Friday, July 20, 2012

အီး လန့် သံချောင်း ...

အန်တီဆွိတစ်ယောက်လဲ ဘလော့ဂ် တိုက်တယ်ဘားပေါ်မှာ " ဟင်းချက်နည်းလေးတွေ ရှယ်ပေးမယ်။ ရယ်စရာလေးတွေရှိရင် လာပြောပြမယ်။" ဆိုပြီး ဟင်းချက်နည်းတွေလဲ မရှယ်နိုင်၊ ရယ်စရာတွေလဲ မပြောနိုင်ပဲ ဘ၀ဇာတ်ခုံပေါ် ဇာတ်ဆရာအလိုကျ ကပြနေရတော့ (ရလဲ့ ...)  ဘယ်အချိန် အလွမ်းခန်းရောက်မလဲ၊ ပျော်စရာအခန်းရောက်မလဲဆိုတာ မခန့်မှန်းနိုင်တော့ အပေါ်က တိုက်တယ်ဘားကိုပဲ ပြင်ရမလိုဖြစ်နေပြီ။ 


ကဲပါလေ... တိုက်တယ်လေးနဲ့ နဲနဲညီအောင် ရယ်စရာတွေလဲ မရေးရတာကြာပြီဆိုတော့ ရေးလိုက်ပါဦးမယ် ...မရယ်ရတောင် ပြုံးတော့ ပြုံးနိုင်ကြမှာပါ။ စလုံးကလူတွေ (ထမင်းစားချိန် ပို့စ်တင်မိလို့) ထမင်းစားရင်း ဒီပို့စ်မဖတ်ကြနဲ့နော် ။
-------------------------------------------------------------------------------------

အီးလန့် သံချောင်း

မနေ့ညကပေါ့ဂျာ။ ထုံးစံအတိုင်း မိသားစုဆုံတဲ့ အချိန် အိမ်ရှေ့က စားပွဲနားမှာ တီဗီကြည့်ရင်း မိသားစုတွေ စုထိုင်နေကြတာ။ 

ဂျူဂျူ့ အဖေက စားပွဲအောက်မှာ ခုံပုလေးနဲ့ထိုင် သူ့ လက်ပ်တော့ကြီး ရှေ့ချပြီး ဖေ့စ်ဘွတ်ကလေးကြည့်လိုက်၊ ဖိုရမ်လေးဝင်ဖတ်လိုက်၊ သတင်းတွေကြည့်လိုက်၊ ဂျီတော့မှာ လေပွားလိုက်နဲ့ တီဗွီကလာတဲ့ Master Chef လဲ မလွတ်စေရဘူး။ ကြည့်နေရင်း သားအဖ၂ယောက် ဘယ်သူပြုတ်မယ်၊ ဘယ်သူတက်မယ်၊ ငြင်းရတာလဲ အမော။ ဂျူဂျူလေးကတော့ အိမ်စာလုပ်ရင်း တီဗွီကြည့်။ ဂျူဂျူတို့ အမေကတော့ ဆိုဖာပေါ်ထိုင်ပြီး မကြီးမငယ်နဲ့ အိုင်ပက်က Fruit Link ဆိုတဲ့ ဂိမ်းဆော့နေတယ်။ အသီးဆင်တူတာလေးတွေ ရှာပြီးနှိပ်ရတာ။ ပျော်စာကြီး ... ဟီးဟီး။

သားအမိ သားအဖတွေ အာရုံကိုယ်စီနဲ့ အားလုံးငြိမ်နေရာကနေ ဂျူဂျူ က ရုတ်တရက်ကြီး  ...

" ဖေဖေ ... ဖေဖေ ... ဖေဖေ အီးပေါက်လိုက်တယ် မှုတ်လား " တဲ့ ...

ပထမတော့ ဂျူဂျူတို့ အဖေ အင်းမလုပ် ... အဲ မလုပ် ၊ မကြားတာလား၊ မကြားချင်ယောင်ဆောင်တာလား  ... ငြိမ်နေတယ် ... အဲဒါ သူတစ်ခုခု အမှားလုပ်ပြီးရင် အမြဲလုပ်နေကျ အကျင့်။

သမီးက ထပ်မေးမှ ခေါင်းငြိမ့်ပြီး မပြောချင် ပြောချင်နဲ့ အီလေးဆွဲပြီး  "အင်း .. " တဲ့လေ ... 
ကဲ ...

သူ့အဖေက " အင်း .." လဲ ဆိုရော ဂျူဂျူတို့ နှာခေါင်းပိတ်ပြီး ပြေးပါလေရော ... ပြီးတော့ အော်သေးတယ်။

" နံတယ် ... နံတယ် ...ဖေဖေ အီးပေါက်တာ နံတယ် "  ဆိုပြီး ..

သားအဖ ၂ယောက် ဖြစ်နေပုံကိုကြည့်ပြီး ဆိုဖာပေါ်က အန်တီဆွိက အသာလေး ပြုံးနေတယ်။ သူ့ကိုယ်သူ မေသန်းနုပဲ လိုလို ။ ပြုံးနေတဲ့အန်တီဆွိလဲ မကြာပါဘူး၊ ဦးမောင်ခြိမ့်ရဲ့ လျက်တပျက် လေပုပ်သိုင်းကွက်ကို မခံနိုင်ရှာ ... ရုတ်တရက် ပါးစပ်ထဲ ၀င်လာတဲ့ အနံ့ဆိုးကြောင့် ရှေ့ဆက်မပြုံးနိုင်တော့ပဲ နှာခေါင်းနဲ့ ပါးစပ်ကို အမြန်ပိတ်လိုက်ရတော့တယ်။ စောနက ပြုံးနေတဲ့ မေသန်းနုစတိုင်ကနေ  ချက်ချင်း ခင်မို့မို့အေး ဖြစ်သွားတယ်။

 " ဟမ်မလေးဟယ် ... ဆိုးလိုက်တဲ့ အနံ့ရယ် ... နံချက်တော့ ... " 

ပါးစပ်ထဲထိ အနံ့ကရောက်သွားတော့ အန်တီဆွိ တော်တော် စိတ်ဆိုးသွားတယ်။ သူ့အဖေထိုင်တဲ့နေရာနဲ့ အတော်ဝေးတော့ ဒီအထိတော့ အနံ့က ရောက်မယ်မထင်။ စောနက ပြုံးတောင်ပြုံးနေသေး။ ဂျူဂျူလေးလို အနားကပ်ထိုင်နေသူ ဘယ်လောက်များ နံလိုက်မလဲ ....

 မိန်းမတွေများ အင်မတန်ခက်သည်။ အဲသလောက်နံနေတာကို  ပြောချင်ဆိုချင်စိတ်က ထိမ်းမရတော့ ... အီးမုန်တိုင်းကြားမှာ နံနံနှင့်ပင် ...

" တော့ ... ကမောင်ခြိမ့် ... တော် အီးပေါက်မယ်ဆို ကျုပ်တို့သားအမိကို နဲနဲတော့ ကြိုတင် သတိပေးသင့်တယ် ထင်တာပဲ ... "
 
" ကျုပ်အရင်ကလဲ ပြောဖူးတယ် ... တော် အီးပေါက်တော့မယ်ဆို  အီးပေါက်တော့မယ်ဟေ့ ... နှာခေါင်းတွေ ပိတ်ထားကြ ... အစရှိသဖြင့်ပေါ့ ... ခုဟာက ပေါက်ပြီးငြိမ်နေတယ် ... ဒါကောင်းလားတော်  ..." 

" သမီးတောင် သူအီးအီးပေါက်ရင် ဟိုးဖိနပ်စင်နဲ့ တံခါးထောင့်နား ပြေးပြေးပေါက်တာ တော်သိသားပဲ .... ခလေးကတောင် သိတတ်သေးတယ် ...ဟင်း ... " 

ဟုတ်တယ်၊ ဂျူဂျူလေးက အင်မတန် သန္ဓေကောင်းတာ။ ငယ်ငယ်ကတည်းက သင်ထားတော့ သူအီးပေါက်မယ်ဆို ပြေးပြေးထွက်သွားပြီး တံခါးထောင့်နားရာက်ရင် ဖင်လေးပစ်ပစ်ပြီး ပေါက်တာ။ အရင်ကမသိတော့ ဟဲ့သမီး ဘာလုပ်နေတာလဲဆို မေးရတယ်။ သူဖင်လေးပစ်နေပုံကြည့်ပြီး ရယ်တောင်ရယ်ရတယ်။ ချစ်ဖို့လဲကောင်းတယ်။ အဲဒီတံခါးထောင့်လေးကို အန်တီဆွိက ချစ်စနိုး "အီးပေါက်ကော်နာ (Farting corner)"  လို့တောင် နာမည်ပေးထားတာ။

ခါတိုင်းတော့လဲ သူအဖေလဲ အပြင်ထွက်ထွက်သွားတာပါ။ ဒီနေ့ကျမှ ရာသီဥတုကလဲအေးတော့ အပြင်ဖက်ထွက်ရမှာ ပျင်းတယ်နဲ့ တူပါရဲ့။ 
ဂျူဂျူရဲ့ အီးပေါက်ကော်နာနား သူ့အဖေ ဘာလုပ်နေလဲမသိ။

၂၂ရက်မွေး၊ ဗုဒ္ဒဟူးသား - ၄ ဂဏန်းသမား ဘုဂလန့် ဦးမောင်ခြိမ့်ဟာ အင်မတန်ခေါင်းမာပြီး "ငါသေမှ လက်နက်ချမယ် ..." ဆိုတဲ့ စတိုင်နဲ့ ပြန် ပြောလိုက်တာက ...

" ဟေ့ ... ဒီမှာ ... အကုန်ကြားအောင် ဘူ လို့ အသံထွက်ပေါက်တာတောင် အီးပေါက်တော့မယ်ဆိုတာ သတိပေးရဦးမှာလားကွ ... "

ဟမ်မလေး သူပြောမှပဲ အန်တီဆွိမှာ ငိုရမလား ရယ်ရမလား ဘာပြန်ပြောရမှန်းတောင် မသိတော့ ... ပထမတော့ ထုံးစံအတိုင်း ပါးစပ်အဟောင်းသားကြီးနဲ့ ... 

ဒါပေမဲ့ အန်တီဆွိကလဲ ... သေရင်တောင် လက်နက်မချဘူးဆိုတဲ့ အစားထဲကဆိုတော့ကာ ....


" အော် ... အဲဒီတော့ တော် ဆိုလိုတာက တော်က ဘူ ဆိုတာနဲ့ ကျုပ်တို့ သားအမိ၂ယောက် ဟို မီးလန့်သံချောင်းခေါက်သလို အထုပ်ပိုက်ပြီး ... အဲလေ ... နှာခေါင်းပိတ်ပြီး ထွက်ပြေးရမှာပေါ့။ ဟုတ်လား .... ဖြစ်မှဖြစ်ရလေ ... "


" နောက်ပြီး ခု တော်ကသာ ဘူ ကနဲမြည်တယ်ပြောတာ ... ကျမတော့ မကြားပေါင်တော် ... ကဲ သမီးရောကြားလား ... "

" ဂျူဂျူလဲ ကြားဘူးမေမေ ... "

"ငါသေမှ လက်နက်ချမယ့် လူကြီး ... နောက်ခါကျ ကျုပ်တို့ သားအမိ သနားသောအားဖြင့် ရှူးပဲ ဖြစ်ဖြစ် ... ဘူပဲ ဖြစ်ဖြစ် ... သတိလေးတော့ ပေးပါတော် ... တော့ အီးလန့်သံချောင်းသံကြီးတော့ နားမစွင့်ပါရစေနဲ့ .... "


 (အန်တီဆွိတစ်ယောက် အီးပေါက်တဲ့ အကြောင်းတောင် ဘလော့ဂ်ရေးနိုင်ပြီဆိုတော့ကာ အခြေအနေပြန်လည်ကောင်းလာပြီဆိုတဲ့ သဘော (ဒါမှ မဟုတ် ဟီးဟီး ... အခြေအနေ အလွန်ဆိုးနေပြီဆိုတဲ့ သဘော) ပေါ့ဂျာ ...)








Wednesday, March 21, 2012

နမော်နမဲ့၊ နမူးနထိုင်း နှင့် at the same time


ကိုယ့်အိမ်ကလူသည် အင်မတန် နမော်နမဲ့နိုင်သည်။ ညားကာစက လင်မယား လမ်းအတူလျှောက်ကြရာတွင် ခလုပ်တွေတစ်ခုပြီး တစ်ခု တိုက်သည်။ ဘယ့်နှာပါလိမ့်၊ ခဏနေ တိုက်ပြန်ပြီ၊ သူပဲ တိုက် တိုက်နိုင်လွန်းသည်ဟု စိတ်ကထင်နေသည်။ သူကတော့ ငယ်စဉ်က သူတို့အိမ်တွင် ကြမ်းကို ပြောင်နေအောင်တိုက်ထားရာ ခြေရာမပေအောက် ခြေဖျားလေးထောက်ကာ လမ်းလျှောက်ရသည်ဆိုသည်။ ထိုမှစ၍ လမ်းလျှောက်ရာတွင် အကျင့်ပါကာ ခြေဖျားထောက်လျှောက်လို့ ခဏခဏ ခလုပ်တိုက်မိကြောင်း အကြောင်းပြချက်ပေးသည်။ သို့ပေမဲ့ ဆွိဆွိတီ၏စိတ်ထဲတွင် ထိုအခါမှစ၍ ကိုယ့်အိမ်ကလူ၏ နမော်နမဲ့ နိုင်မှုကို စတင်သတိထားမိပါသည်။

အိမ်မှာ သူနှင့် ငယ်စဉ်ကတည်းက အတူနေဖူးသော ကြီးတော်ရောက်လာတော့ သူငယ်ငယ်က နမော်နမဲ့နိုင်ပုံများကို ဇာတ်ကြောင်းပြန် ပြောပြပါသည်။ ငယ်စဉ်က သူတို့အိမ်တွင် ဇီးပင်ရှိရာ လမ်းလျှောက်လာရာတွင် ထိုဇီးကိုင်းကို မမြင်။ ဇီးကိုင်းမျက်စေ့တည့်တည့်ထိုးရာ မျက်လုံးကို တော်တော် ဆေးကုယူလိုက်ရသည်တဲ့။ ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်တပ်လိုက်ရခြင်းသည် ထိုဇီးကိုင်း စနက်မကင်းဟု ကြီးတော်က စွတ်စွဲသည်။ သူငယ်ငယ်က အိမ်တွင် အထည်ဆိုင်ဖွင့်ထားရာ နေ့လည်စာကို ထမင်းချိုင့်ပို့ရသည်မှာ သူ့တာဝန်ဖြစ်သည်။ တစ်ခါတစ်ရံ ထမင်းချိုင့်မပါပဲ သွားလိုသွားသည်။ တစ်ခါတရံ လမ်းမှာ ငေးမောကာ ခလုပ်တိုက်၍ ထမင်းချိုင့်မှောက်ကျသော အခါများကလည်း မရေတွက်နိုင်ပါတဲ့။

အိမ်ထောင်ကျတော့ သူ၏နမော်နမဲ့ နိုင်မှုများကို တဖြေးဖြေး ပိုသတိထားမိလာသည်။ သူသည် အရေးကြီးသော ကိစ္စများကို အလေးထားသလောက်၊ အရေးမကြီးသော ကိစ္စများမှာတော့ အမြဲလို နမော်နမဲ့ဖြစ်မြဲ။ အပြင်သွားလျှင် အကျီင်္ဝတ်လျှင် ပြောင်းပြန်ဝတ်သည်။ ရိုးရိုးရှပ်အကျီဆို အတွင်းအပြင် ပြောင်းပြန်ဝတ်သည်။ တီရှပ်ဆိုလျှင် အရှေ့အနောက် ပြောင်းပြန်ဝတ်သည်။ တစ်ခါဆိုလျှင် တီရှပ်ကို အတွင်းအပြင်ရော အရှေ့အနောက်ပါ ပြောင်းပြန်ဖြစ်အောင် ၀တ်ဖူးလေရာ  ဘေးကကြည့်သူမှာ အတော်ပင် မျက်စိလည်ရလေသည်။

တစ်ခါသား MRT  နှင့်ခရီးသွားကြရာ သူ့ကိုကြည့်ရသည်မှာ စိတ်ထဲ တစ်မျိုးဖြစ်နေသည်ထင်သည်။ သူ့လည်ပင်းကြီးပဲ အစ်နေသလိုလို။ သူ့ကြည့်ရတာ ကိုယ်တိုင်ပင် အစ်တစ်တစ်ကြီးဖြစ်နေသည်။ အသက်ရှူပင်ကျပ်သလို။ သေချာကြည့်မှ အလိုလေး မောင်မင်းကြီးသား တီရှပ်ကို ရှေ့နောက် ပြောင်းပြန်ဝတ်ထားခြင်းဖြစ်သည်။ ဘေးကလူတောင် အသက်ရှူကျပ်တာ၊ ကာရကံရှင်ဝတ်ထားသူက သိပင် မသိသည့်အဖြစ်မှာ ရယ်ချင်စရာကောင်းလှသည်။ သူ့ကြည့်ကာ သားအမိတွေ တူအရီးတွေ တခစ်ခစ်ရယ်သည်တွင် သူ့မှာ ရှက်ကိုးရှက်ကန်းနှင့် လူရှင်းသည့် ဘူတာရုံရှေ့ဆုံးကခုံလေးတွင်  ပြောင်းပြန်လှန်ဝတ်ရသည်။ တစ်ခါတစ်ရံလဲ ဓာတ်လှေခါးထဲမှာ ပြန်ဝတ်ရဖူးသည်။ ကားမောင်းရင်း လမ်းတွင် ခဏရပ်ကာ ပြန်ဝတ်ရတာမျိုးလဲ ကြုံဖူးသည်။

ဒီရောက်တော့ သူအများဆုံး နမော်နမဲ့ အနိုင်ဆုံးမှာ ရုံးသွားလျှင် ကမန်းကတမ်းထွက်သွား၊ ခဏနေတော့ ကားပြန်မောင်းလာကာ ပစ္စည်းတစ်ခုခု မေ့ကျန်၍ ပြန်လာယူရခြင်းဖြစ်သည်။ ရုံးက ကွန်ပြူတာ access သော့၊ ဟမ်းဖုန်း၊ ထမင်းဗူး အစရှိသည်တို့ဖြစ်သည်။ မေ့ကျန်ခဲ့ပြီဆို အိမ်ကသော့ခတ်ပြီးသားဖြစ်နေတော့ "မိန်းမရေ" ဆို သူခေါ်မည်။ တံခါးကို ခေါက်မည်။ ထိုအချိန် ဆွိဆွိတီကလဲ အိမ်နောက်ဖေး သမီးထမင်းချိုင့်အတွက် အလုပ်ရှုပ်နေရာ တံခါး၂ဆင့်ပိတ်ထားသော မီးဖိုချောင်မှ ဘာသံမှမကြားရ။ ဒီတော့ ဖုန်းကို လှမ်းခေါ်မည်။ တစ်ခါတစ်လေလဲ ကြားပါသည်။ သွားဖွင့်ပေးပါသည်။ ထိုအခါ သူကပင် တပြန် ကိုယ့်ကို " ဒီလောက်အော်ခေါ်နေတာတောင် မကြားဘူးလား။ ညည်းကတော့ နမူးနထိုင်းနဲ့ ခေါ်မကြားအော်မကြားပဲ ... "  ဟု အပြစ်တင်လိုက်သေးသည်။ ဤကဲ့သို့ အသံများမှာ အိမ်မှာ ကြားနေကျ နံနက်ချိန်ခါ တေးသံသာများ ဖြစ်ပါသည်။

နောက် သူနမော်နမဲ့နိုင်ပုံများ မိန်းမက မနက်ရုံးသွားဖို့ ထမင်းချိုင့်ပြင်ကာ အိမ်ရှေ့ ထွက်ခါနီး အပေါက်ဝနားက စင်ပေါ်တင်ပေးထားသည်။ တစ်ခါသားတွင် ထမင်းချိုင့်ထည့်သည့်အိတ် အနီရောင်ကနေ အဖြူရောင်ပြောင်းရာ ၃ရက်လောက် ထမင်းချိုင့် မပါပဲ ရုံးသွားလေသည်။ တင်နေကျ ဒီနေရာ ဒီစင်ပေါ်ပဲ တင်ထားရာ အိတ်အရောင်ပြောင်းသွားတော့ မြင်နေကျအိတ်မဟုတ်၍ မေ့ကျန်လေသတတ်။

ဟိုနေ့ကလဲ သူရုံးကို ထွက်သွားလို့ ကိုယ်က အိမ်နောက်ဖေး သမီးထမင်းချိုင့်အတွက် ကုန်းလုပ်နေတုံးရှိသေး လှစ်ခနဲဆို သူအခန်းထဲ ပြေးဝင် တစ်ခုခုယူပြီး ပြန်ထွက်လာတာ တွေ့လိုက်သည် ။ "အဟော် ... တော် တစ်ခုခု မေ့ကျန်ခဲ့ပြန်ပလား... " ဆိုတော့ ဘာမှ ပြန်ဖြေမပေးသွား။ တက်သုတ်ရိုက်ကာ ပြန်ထွက်သွားသည်။ အမ်မယ် ... ဒီတစ်ခါတော့ ငါ့လဲ ဖုန်းမခေါ် ၊ နမူးနထိုင်းတွေ
ခေါ်မကြား အော်မကြားတွေလဲ ပြောမသွားပါလားပေါ့ ... စဉ်းစားနေတုံးရှိသေး ...


" မေမေ ....." တဲ့ ။ အိပ်ရာထဲမှ မဂျူဂျူး ခပ်ကျယ်ကျယ် ခပ်ချွဲချွဲ အော်ခေါ်လိုက်သည့် အသံ ...


မီးဖိုချောင်ထဲအထိ အသံက ကြားရသည်။  ခါတိုင်းတော့ အဲဒီ အိပ်ပုပ်မ ဂျူဂျူကို မအေက ကျောင်းသွားခါနီးမှ အတင်းနှိုးရသည်။ နှိုးတာတောင် ပေကပ် အိပ်ချင်နေသေးတာ။ ဟော ဒီနေ့တော့ ထူးထူးခြားခြား ဂျူဂျူတို့ အစောကြီးနိုးနေပါလား။ မနက်တိုင်း မဂျူဂျူတို့ နိုးလျှင် သူ့ဟာသူဘယ်တော့မှ အိပ်ရာကမထ။ အမေကို ချွဲကာပတ်ကာ ဖတ်ကာဖြင့် မျိုးစုံဂျီကျပြီးမှ ထလေ့ရှိသည်။

"ငါ့သမီးလေး ဒီနေ့ အစောကြီး နိုးနေပါလား ဘယ်လိုဖြစ်တုံး ... " ဆို ထုံးစံအတိုင်း သားအမိ၂ယောက် ဖက်ကာ နမ်းကာဖြင့် ကြည်ဆယ် ကလူနေကြသည်။ ခဏနေတော့ ဂျူဂျူက စိတ်ဆိုးဆိုးနှင့် ပြောသည်။


" မေမေ .. သိလား ..  ဖေဖေက အစောကြီး နှိုးလို့ ဂျူဂျူ နိုးသွားတာ ... ဂျူဂျူက ဆက်အိပ်ချင်သေးတာကို " တဲ့ ။

ဟင် ... ဘာလို့ သမီးကို နှိုးပါလိမ့်ပေါ့။ စဉ်းစားနေတုံး ရှိသေး။ မဂျူဂျူ ဆက်ရှင်းပြမှ ငိုအားထက် ရယ်အားသန် ဖြစ်ရပါတော့သည်။

" ဖေဖေက တံခါးကို ခေါက်တယ်။ မေမေ့ကို အကျယ်ကြီးခေါ်တယ်။ အဲ့မှာ ဂျူဂျူလဲ လန့်နိုးသွားတယ်။ ပြီးတော့ ဂျူဂျူတို့အခန်းက  ပြတင်းပေါက်ကိုလဲ ခေါက်တယ်။ ဂျူဂျူ့ကိုနှိုးတယ်။  at the same time ဂျူဂျူ့ ဘေးက တယ်လီဖုန်းကြီးကလဲ ထမြည်လာတယ်။ ဒါနဲ့ ဂျူဂျူလဲ ထပြီး ဖေဖေ့ကို တံခါးဖွင့်ပေးလိုက်ရတာပေါ့    ..."

ဂျူဂျူရဲ့ at the same time ဆိုတဲ့နေရာလဲ ရောက်ရော။ အန်တီဆွိတို့ ရယ်တာ ရယ်တာ အူတောင်နာတော့မည်။ သူတို့ သားအဖအဖြစ်ကို ကြည့်ပြီးတော့။ ခလေးပီပီ အိပ်ကောင်းခြင်းအိပ်နေတာ ... သူ့အဖေ နမော်နမဲ့နဲ့ သူ့အမေ နမူးနထိုင်းတို့ကြား ထပြီး တံခါးဖွင့်ပေးလိုက်ရတာ။ ဒီခလေး မနိုးပဲ ရှိမလား ။     ။

Sunday, March 18, 2012

ဗိုက်အောင့်တဲ့နေ့ ...


original picture  link

ဆွိဆွိတီလေး အပျိုဖော်ဝင်စ ၁၃-၄နှစ်က စသည်။ အမေတို့က ထိုအကြောင်း  ကြိုပြောထားပေမဲ့ 
အဲဒီထဲမှာ ဗိုက်အောင့်မယ်၊ ခါးကိုက်မယ်။ တစ်ခါတစ်ရံ အခြေအနေဆိုးရင် ပေါင်ရင်းတွေပါ တဆစ်ဆစ်ကိုက်မယ်ဆိုတာ မပါ။ မှတ်မှတ်ရရ ထိုဝေဒနာတွေ စ ခံစားရခါစက ဆွိဆွိတီလေးမှာ မြို့ထဲမှာ ကျူရှင်တွေ တက်နေသည်။ ၈တန်းအောင်ပြီးကထဲက အမေတို့က ၁၀တန်းအမှတ်ကောင်းအောင်ဆိုကာ ၁၈မိုင်လောက်ဝေးသည့် မြို့ထဲက နာမည်ကြီးကျူရှင်တွေ တက်ခိုင်းထားသည်။ အဲသည်တုံးက ကျူရှင်တက်ရင်း အဲသလို ကိုက်သည့်ခဲသည့် ဒါဏ်တွေ ခံခဲ့ရသည်။ ဒါကဖြစ်စမှို့ ။ နောက်ကြီးလာလို့ မှန်သွားရင် ပျောက်သွားမှာပါဆို ပြောကြသည်။ 

နောက်နဲနဲကြီးလာတော့ သူတို့ပြောသလို သက်သာပါသည်။ ဒါပေမဲ့ တစ်ခါတစ်ရံ လ္ဖက်လို၊ ဇီးဖြူသီးလို ခပ်ဖန်ဖန် ချုပ်စာတွေ စားမိလျှင်၊ အအေးခံမိလျှင်၊ ရေအေးနှင့် ခေါင်းလျှော်မိလျှင် ဆီးစပ်နေရာအထက်နားက မခံမရပ်နိုင်အောင် အောင့်မြဲ။ အဆောင်မှ သူငယ်ချင်းတွေက အားပေးပြန်သည်။ ယောက်ျားရလျှင် ဒီဝေဒနာတွေ ပျောက်သွားမှာတဲ့။

ဆွိဆွိတီလေး ယောက်ျားရပြန်ပြီ။ လစဉ် ကိုက်ခဲသည့် ဝေဒနာကတော့ ပျောက်မသွား။ ပိုဆိုး၍ပင်လာသည်။ အိမ်ထောင်သည် အစ်မတွေ၊ သူငယ်ချင်းတွေက အားပေးပြန်သည်။ ခလေး မွေးလိုက်လျှင် ပျောက်သွားမှာပါတဲ့။ အော် ဒီတစ်ခါတော့ မှန်လောက်ပါရဲ့ပေါ့။

သမီးလေးမွေးတော့ ခလေးက breech ဖြစ်နေ၍ ရိုးရိုးမမွေးပဲ ခွဲမွေးလိုက်ရသည်။ ခလေးမွေးပြီးတော့ လစဉ်ဝေဒနာတွေ ပျောက်တော့မှာလားပေါ့။ သို့ပေမဲ့ အချိန်တန်တော့ ဝေဒနာက ပေါ်လာမြဲ။  နင်က ခွဲမွေးတာကိုးတဲ့။ ရိုးရိုးအတိုင်းမွေးလျှင် ပျောက်သည်တဲ့။

နောက်တော့ နာလွန်းအားကြီး၍ ကေကေမှ ဆရာဝန်အိုဂျီတွေနှင့်ပြရာ အထဲမှာ အလုံးရှိသည်ဆိုသည်။ ထိုအလုံးက ထိုအချိန်မျိုးတွင် နာရန် အားပေးသည်ဆိုသည်။ သို့ပေမဲ့ အလုံးက သေးနေသေးရာ ခွဲထုတ်ဖို့မလို။ ၆လခန့်စီ ၂နှစ်အထိ စောင့်ကြည့်ပြီး ကြီးမလာရာ ခွဲရန်မလိုသေးဆို၍ ဆေးလေးသောက်ကာ လစဉ်ဝတ်ခံနေရပြန်သည်။ ဆေးတွေကလဲ လုံးဝအရှင်းမပျောက်။ အနည်းငယ်သက်သာရုံသာ သက်သာသည်။ တစ်ခါတစ်ရံ ဘယ်လိုမှကိုမနေ။

ထားပါတော့လေ။

ဆွိဆွိတီ တစ်ဖြစ်လဲ အန်တီဆွိသည် ထိုနေ့က မနက်ခင်း အိပ်ရာက ၈နာရီထသည်။ သမီးကျူရှင်ပို့စရာရှိတော့ မနက်စောစော ရေချိုးသန့်ရှင်းထားသည်။ ပြီးတော့ မနက်ထဲက ဗိုက်က အောင့်ချင်သလိုလိုဖြစ်ရာ အိမ်ကလူများကို ကြေငြာထားရသည်။ ထိုအချိန်တွင် ဗိုက်အောင့်ရုံမက စိတ်ကလဲ စိတ်တို၊ စိတ်ဆတ်တတ်ရာ ဗိုက်အောင့်နေတယ်နော် အိမ်ကလူတွေ ပါးပါးလျှားလျှား နေကြဟူ၍ ပြောထားရသည်။

သမီးအတွက် ပြင်ဆင် ဘရိတ်ဖက်စ်လုပ်ပေးပြီး သွားခါနီးမှ ကိုယ်တိုင် ဘရိတ်ဖတ်စ်စားရန်သတိရသည်။ လွယ်လွယ်ကူကူ နွားနို့နှင့် ဆီရီယယ်လေး ကမန်းကတမ်းသောက်ပြီး ဗိုက်အောင့်ပျောက်ဆေး ၂လုံး ရေနှင့်မျှောချလိုက်သည်။ ကားမောင်းသူဘေးကခုံမှ ၀င်ထိုင်ရင်း GPS မှ ဈေးနေရာတစ်ခုခု ငုံ့ရှာစဉ် လူက ဗိုက်ထဲမှာ ကားမူးသလို သရိုးသရီဖြစ်လာသည်။ အကျင့်က ကားသွားနေရင်း တစ်ခုခု ငုံ့လုပ်လျှင် ကားမူးတတ်သည်။ သမီးကျူရှင်ပို့ရင်းနှင့် အပြန် တစ်ခါတည်း ဈေးဝယ်ကြမည်မှန်းထားရာ ကျူရှင်ကပြန်တော့ လူက မရတော့။ ဗိုက်ထဲက အော်ဂလီဆန်ပြီး အန်ချင်လာသည်။ အောင့်နေကျနေရာကလည်း အောင့်လာရာ အိမ်ကိုသာ တစ်ခါထဲမောင်းပါ ပြောရသည်။

အိမ်ရောက်တော့ အိမ်ရှေ့က ဆိုဖာပေါ်အသာလှဲ၊ ဆိုဖာပေါ်တင်ထားသည့် စောင်အထူလေးခြုံကာ အံချင်စိတ် ပျောက်လိုပျောက်ညား သမီးအိုင်ပက်လေးဖြင့် ဂိမ်းကစားနေလိုက်သည်။ နောက်တော့ လူက အိပ်ချင်မူးတူးဖြစ်လာရာ ဦးခြိမ့်မှ ဗိုက်ပေါ်တင်ထားသည့် အိုင်ပက်ကို သိမ်းကာ နေ့လည်စာ ဘာချက်ပေးရမလဲ လာမေးနေသေးသည်။ ၀က်သားလေးသာ ထုတ်ချက်လိုက်ပါ။ တစ်အိမ်လုံးစားလို့ရအောင် အချိုလေးချက်လို့ ပြောပြီး လူက အိပ်ငိုက်လာသည်။ ဗိုက်ကလည်း နဲနဲပြန်အောင့်လာရာ အိပ်လိုက်တော့ကောင်းတာပေါ့။ ဝေဒနာတွေ သက်သာသွားတာပေါ့ဆိုတွေး မီးဖိုချောင်ဖက်မှ ဦးမောင်ခြိမ့်၏ ငရုပ်သီးထောင်းသံ၊ လှီးသံချွတ်သံ၊ ဓားသွေးသံ၊ ဟင်းအိုးမွှေသံတွေကို တစ်ချက်တစ်ချက်တော့ ကြားနေရသည်။ ပြီးတော့ အိပ်ပျော်သွားသည်။

မှေးကနဲအိပ်ပျော်သွားရာက နိုးလာတော့ နှာခေါင်းမှ ၀က်သားဟင်းနံ့က သင်းနေသည်။ ထို့ အပြင် ရနေကျ ၀က်သားဟင်းနံ့မဟုတ်။ သစ်ဂျပိုးခေါက်ခေါ် ဆင်နမင် (cinnamon) နံ့ ဖြစ်သည်။ ဦးခြိမ့်သည် ဆင်နမင်နံ့ကို မကြိုက်။ တစ်ခါသား ကြက်သားကုလားပဲဟင်းချက်သည်တွင် မွှေးအောင် အဆန်းထွင်၍ ဆင်နမင်များထည့်ချက်ရာ   ထိုနေ့က ထမင်းကောင်းကောင်း မစားချေ။ သူသည် ဤအနံ့ကို အလွန်ပင်မုန်းကြောင်း၊ နောက်ဟင်းချက်လျှင် ထည့်မချက်ဖို့ ခါးခါးသီးသီးပြောဖူးသည်။ ခုဘယ့်နှာကြောင့် ဒီဝက်သားအချိုချက်က ဆင်နမင်နံ့ သင်းနေရသနည်း။
ခဏနားနေပြီးမှ မီးဖိုချောင်ထဲ ၀င် ဟင်းမြည်းရင်း ...
" တော့ ကမောင်ခြိမ့်  ... တော့ဟင်းက ဆင်နမင်နံ့ နံလှချည်လား ... ဆင်နမင် မကြိုက်ဘူးလဲ ဆိုသေး ... ဆင်နမင်နံ့ကို တစ်အိမ်လုံး ထောင်းထောင်းထအောင် ချက်ထားတာ ...."

" အော် ... ကိုယ့် မိန်းမက ကြိုက်တယ်ဆိုတော့လဲ ချက်ရတာပေါ့။ အိမ်မှာ five spice ရှာတာ ဘယ်မှာမှ မတွေ့တော့ တွေ့တဲ့ အမှုန့်ထည့်လိုက်တာ ... ဆင်နမင်တွေဖြစ်နေတာ ... ဟားဟား  "

အန်တီဆွိတို့ သဘောပေါက်သွားပါပြီင်္။ အိမ်ထောင်သက် ၁၄နှစ်ရှိပြီ။ သူ့အကြောင်း ချက်ဆို နခွက်က မီးတောက်ပြီးသား။ အမှန်က ဆင်မနင်တွေကို five spice ထင်လို့ ထည့်လိုက်တာ ဖြစ်မည်။ မသိချင်ယောင်ဆောင်ကာ ...

" five spice တွေ မကောင်းတော့လို့ ကျုပ်အကုန် လွှင့်ပစ်လိုက်ပြီလေ။ တော်ကလည်း ၀က်သားကို ဆင်နမင်နဲ့ ချက်ရတယ်လို့ပဲ... ကျုပ်တော့ တော်ချက်မှပဲ ဆင်နမင်နဲ့ ၀က်သားအချိုချက် စားဖူးတော့မယ် ... ဟင်း ဟင်း  ... "

" အေးပါကွာ  ... ပြီးတော့ မုန်ညင်းရွက်တွေ လှီးထားသေးတယ်။ မုန်ညင်းရွက်ကို ခရုဆီနဲ့ ကြော်မယ် ... "

သူစီစဉ်သည့်ဟင်းကလည်း မုန်ညင်းရွက်ခရုဆီကြော်နှင့် ၀က်သားအချိုချက်တဲ့။ အချဉ်မပါတော့ ဟင်းက အီတော့မည်။ 

" အိမ်မှာ ခရုဆီ ကုန်နေတာကြာလှပြီ  ... ဟိုတစ်ခါ မှိုတက်ကတည်းက မ၀ယ်တော့တာလေ ..."

ပြောနေရင်း သူသမီးကျူရှင်ကြိုဖို့ထွက်သွားတော့ ကိုယ်လဲ အတော်သက်သာလာပြီမှို့ ၀က်သားဟင်းနှင့်လိုက်အောင် မနေ့ကမှ မြန်မာဆိုင်မှ ၀ယ်ထားသော ချဉ်ပေါင်၊ မျှစ် ချဉ်ဟင်းလေး ကမန်းကတမ်း ချက်လိုက်သည်။ ကန်ဇွန်းရွက်နှင့် မုန်ညင်းရွက်အနည်းငယ်ပါ ရောချက်လိုက်သည်။

ငရုပ်သီးထောင်းမည်လုပ်တော့ ရယ်ဒီမိတ် ငရုပ်သီးကြော်လေး မနေ့ကမှ ၀ယ်ထားတာ သတိရသည်နှင့် ပုလင်းလေးဖွင့်ကာ စားပွဲပေါ်တင်ထားလိုက်သည်။ ထိုနေ့က ထမင်းမှာ ငရုပ်သီးကြော်နှင့် ဆင်နမင်နံ့နိုင်းချင်း ၀က်သားအချိုချက်ကလည်း၊ အအီပြေ ချဉ်ပေါင်မျှစ်ဟင်းနှင့် လိုက်ဖက်လှပါသည်။ သမီးကလည်း ကျူရှင်မှ အပြန် ၀က်သားအချိုချက်  ဖေဖေချက်တာလား ကောင်းတယ် ဆိုကာ ဆာဆာနှင့် အတော် စားရှာသည်။

ထမင်းစားပြီးတော့ 

" 'ဒီမယ် ... ဒီနေ့ ကိုယ့်လက်ရာ ၀က်သားဟင်း ကောင်းရဲ့လား ... "

" ကောင်းပါ့တော် .. ဆင်နမင်နံ့က လွဲလို့ပေါ့ ... "

ဆိုကာ ဦးမောင်ခြိမ့်နှင့် ဒေါ်ဆွိတီမှာ ထမင်းလုံးစီရင်း အလ္လာပ၊ သလ္လာပ စကားလက်ဆုံ ကျနေကြပါတော့သည်။  ။