Showing posts with label မြန်မာ အစားအသောက် ဓာတ်ပုံများ စုစည်းမှု. Show all posts
Showing posts with label မြန်မာ အစားအသောက် ဓာတ်ပုံများ စုစည်းမှု. Show all posts

Thursday, August 12, 2010

စိတ်ကြိုက် အိမ်ချက်ဟင်းများ(၁) ...

ကြက်ဥမဆလာချက်
အိမ်မှာ သောကြာနေ့အတွက် မင်နူးက အများအားဖြင့် ကြက်ဥကို တစ်ခုခု စီစဉ်ချက်ပြုတ်ထားတာပါ။ တစ်ခါတစ်လေ ကြက်ဥကို ဟပ်ဖရိုက်ကြော်ပြီးလဲ မဆလာနဲ့ပြန်ချက်တာမျိုးလဲ လုပ်စားလေ့ရှိပါတယ်။ တစ်ခါတစ်လေ သီးစုံချဉ်ဟင်း၊ ငါးခြောက်ကြော်၊ ကြက်ဥကြော်ပါ။

ကွန့်မန့်မှတဆင့်မေးလာလို့ ဟင်းချက်နည်းလေး ပြောပြလိုက်ပါတယ်။
ကြက်ဥ၅လုံးလောက်ကိုပြုတ် အခွံနွှာ ထက်ခြမ်းခြမ်းပြီး နနွင်းမှုန့်နဲနဲ၊ ပဲငံပြာရည် အကြည်၊ ဆား၊ ဟင်းချိုမှုန့် တို့ကို ကြက်ဥအနှစ်ဖက်ကို ဖြူးထားပါ။
အနှစ်အတွက် ခရမ်းချဉ်သီးအလုံးကြီး ၂ လုံးလောက်ကို သေးသေးလေးတွေ လှီးထားပါ။ မန်ကျည်းမှည့် စိမ်ထားပါ။ ကြက်သွန်နီ အလုံးကြီးတစ်လုံးပါးပါးလှီး၊ ကြက်သွန်ဖြူ ၁၀မွှာခန့်၊ ပုဇွန်ခြောက်မှုန့် စားပွဲဇွန်း တစ်ဇွန်းမောက်မောက်၊ အရောင်တင်မှုန့် စားပွဲဇွန်း တစ်ဇွန်းလောက်ကို ငရုပ်ဆုံထဲ ညက်နေအောင် ရောထောင်းပါတယ်။
ဒယ်အိုးထဲကို ဆီစားပွဲဇွန်း ၁၀ဇွန်းလောက်ထည့် ဆီကျက်ရင် စောနက ကြက်ဥခြမ်းထားတာတွေကို ဆီထဲ ထည့်ကြော်ပါတယ်။ ဟိုဘက်ဒီဘက် လှန်ပေးပါ။ ဆီပေါက်တတ်လို့ သတိထားပါ။ ကြက်ဥအရေခွံတွေ အနည်းငယ်တင်းပြီး ကျက်သွားရင် ပြန်ဆယ်ထားပါ။

ခုနကဆီအိုးထဲကို နနွင်းမှုန့် သင့်ရုံထည့် အနှစ်ထောင်းထားတာတွေ ထည့်ပြီး ဆီသတ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်လေးရှိရင်လဲ ထည့်သတ်ရင် ပိုမွှေးပါတယ်။ အနှစ်တွေ ဆီသတ်တာကျက်ပြီး မွှေးလာရင် မဆလာထည့်မွှေ၊ ခရမ်းချဉ်သီးလှီးထားတာထည့်ပြီး အရည်ခြောက်ပြီး ဆီပြန်သည်အထိဆီသတ်ပါ။ ကြက်ဥခြမ်းထားတာစီထည့်ပါ။ မန်ကျည်းရည်ထည့် ၊ဆား၊ငံပြာရည်သင့်သလိုထည့်၊ မွှေးအောင် ငရုပ်သီးစိမ်း ထပ်ခြမ်းခြမ်းထားတာထည့်၊ ကြက်ဥထဲ အဆီအနှစ်တွေ ရောက်အောင် အနည်းငယ်မွှေပေးပါ။ အဖုံးအုပ်ပြီး ဆီပြန်သည်အထိထားပါ။ ချခါနီး အပေါ့အငံမြည်း လိုတာ ထပ်ထည့်ပြီး စားလို့ရပါပြီ။


ပုဇွန်-မျှစ်ကြော်
မျှစ်ကိုတော့ အကြောတက်လို့ အင်မတန် သွေးတောင်းမှ စားပါတယ်။ ဒီလိုဟင်းမျိုးချက်ပြီးရင်တော့ မနက်ဖြန်ရုံးပိတ်ရက် ဖြစ်ရင် ပိုကောင်းမယ် ။


ကြက်သားပြုတ်ကြော်၊ ကင်းပုံသီးကြော်နဲ့ ဇီးဖြူသီးထောင်း
ကင်းပုံသီးကို wet market က မလေးဆိုင်တွေမှာ ရတတ်ပါတယ်။ ကင်းပုံသီးချက်တဲ့ နေ့ဆို အဲဒါတစ်မျိုးတည်းနဲ့လဲ စားလို့ဖြစ်တာပဲ။ အသားပါမှစားတတ်တဲ့ အိမ်ကလူအတွက် ကြက်သားကို ပြုတ်ကြော်လုပ်ပေးရသေးတယ်။


ပဲကြီးနှပ်
ပဲကြီးညှစ်ရတာ ကရိကထများလို့ (အမှန်က ကြီးတော်ကြီး ညှစ်ရတာပါ) တစ်ခါတစ်ရံမှ ချက်ဖြစ်ပါတယ်။ သူလဲတက်စာပေသိ သိပ်ကြိုက်။


ပုဇွန် ခရမ်းသီးနှပ်
ခဏခဏ ချက်စားဖြစ်ပါတယ်။ ဒီမှာ ပုဇွန်က ကီလိုဝက် ကို ၃ကျပ်ခွဲနဲ့ ၀ယ်ထားရင် ၂နပ်၊ ၃နပ်လောက် စားလို့ရတယ်။


မြင်းခွာရွက်သုတ်
အမေတို့နဲ့ နေတုံးက ခြံထဲက နှင်းဆီဘောင်တွေကြားထဲ စိုက်ထားတာ။ အဖေကကြိုက်လို့ရော၊ အလကားရလို့ရော အိမ်မှာ ခဏခဏ သုတ်စားတာ သတိရတယ်။ အိမ်ထောင်ကျတော့လဲ အိမ်ကလူက မြင်းခွာရွက်သုတ် ကြိုက်ပြန်ရော။ wet market က မလေးဆိုင်လေးတွေမှာ တစ်ထုတ်တစ်ကျပ် ရောင်းပါတယ်။ ၃ယောက်စာကောင်းကောင်း သုတ်လို့ရတယ်။


ပုဇွန်ဆိတ် ချဉ်ပေါင်ဟင်း
အိမ်မှာ ငယ်ငယ်က အဖွား ခဏခဏ ချက်တဲ့ ဟင်းပါ။ သူက ပုဇွန်ဆိတ်၊ ငါးသေး၊ ငါးမွှား အကုန်ထည့်ချက်တာ။ အညာဟင်းထင်တာပဲ။ ချဉ်ပေါင်ရွက်လဲ မလေးဆိုင်လေးတွေမှာ ပေါမှပေါ။ ပုဇွန်ဆိတ်တော့ အရမ်းရှားတယ်။ စားချင်လွန်းလို့သာ ၀ယ်တာ။ ပုဇွန်အကောင်ကြီးတွေထက် သူကဈေးပိုကြီးပါတယ်။


ကြောင်လျှာသီးကြော်
အိမ်မှာအမေတို့နဲ့နေတုံးက အကိုအလတ်က သိပ်ကြိုက်တာ သတိရတယ်။ ပနင်စူးလားရောက်မှ ၀ယ်ချက်ဖြစ်တာ။ တစ်ခါတစ်လေမှို့လားမသိ ။ အရမ်းအရမ်းကို စားလို့ကောင်းတာပါပဲရှင်။


ခရမ်းချဉ်သီးထောင်း
အချဉ်အတွက် ဟင်းမရှိရင် အိမ်မှာ အလွယ်တကူ စီစဉ်တဲ့ ဟင်းပါ။ ခရမ်းချဉ်သီးကို ငပိ (သို့) ငံပြာရည်နဲ့ ပြုတ်ပြီး ထောင်းတာပါ။


ကြက်ဟင်းခါးသီးကြော်
wet market မှာ ၁၂လရာသီ ၀ယ်လို့ရပါတယ်။ အဲလိုဟင်းမျိုးဆို ထမင်းကို တစ်ခြားဘာမှမပါပဲ ရေနွေးကြမ်းလေးနဲ့လဲ စားလို့ရတာပဲ။


ငါးချဉ်သုတ်-ပိန်းဥဟင်းချို
စားခဲပါတယ်။ ပနင်စူးလားဖက်ရောက်မှ ငါးချဉ်တို့ ပုဇွန်ချဉ်တို့က ၀ယ်စားဖြစ်တာကိုး။ ဟိုနေ့ကလို ဖက်နဲ့တိုးရင်တော့ ပြီးပါရောပဲ။တစ်ယောက်စာလောက်ပဲရတယ်။ ပိန်းဥကတော့ စလုံးမှာ ပေါမှပေါ။ အသေးစားယူမလား။ လက်သီးဆုတ်လောက် အကြီးစားယူမလား။ အသေးလေးတွေကို အဲလို ပုဇွန်ခြောက်များများနဲ့ ဟင်းချိုချက်ရင် သိပ်ကောင်း။


အန်တီသက်ဝေကို ရန်စလိုက်ဦးမယ်။ ပုံတွေကို life size ကြီးကြီးကြည်ချင်ရင် ကလစ်လိုက်ပါ။ ရဲရဲကြီး ကလစ်ကြည့်ကြပါ။

Saturday, April 18, 2009

နှစ်ဆန်းတစ်ရက်နေ့ အလှူ ...

အိမ်ရောင်းနေသူတွေကြား မုန့်ရောင်း : ) ... အဲ မုန့်ကျွေးလိုက်ဦးမယ်။ ဒီနေ့နှစ်ဆန်း ၁ရက်နေ့ဆိုတော့။အလှူပေါ့နော်။

ကြေးအိုးဆီချက် အရင်စားနှင့်နော်။



ရှမ်းထမင်းချဉ်ပါ။

ဒီကတော့ အသုတ်စုံပါ။ လှည်းတန်းဈေးထဲက အသုတ်စုံ စားချင်လို့ ချင်ချင်းတတ်တိုင်း ဒီလိုသုတ်စားနေကျ။ လာမဲ့ sunday သူငယ်ချင်းတွေ အိမ်လာမယ်ဆိုလို့ စုပြီးအဲလိုသုတ်စားကြမလို့။ ၇ှူးရှဲ ... ချဉ်ငန်စပ်လေး။ ဟင်းချိုကတော့ ပုဇွန်ခြောက်နဲ့ ပဲပင်ပေါက် ... ငရုပ်ကောင်းမွှေးမွှေးလေး ခပ်ပြီး ... သောက်လိုက်မယ်။


အိမ်မှာတော့ မနက်ဖြန် မုန့်လုံးရေပေါ်လုပ်ပြီး ဘေးအိမ်တွေကို လိုက်ဝေမယ် စိတ်ကူးထားပါတယ်။
မနှစ်က လုပ်စားတဲ့ မုန့်လုံးရေပေါ်ပါရှင့်။


စမူစာကြော်လေးလဲ လက်ဖက်ရည်နဲ့မြည်းရင် အရမ်းကောင်း။