Showing posts with label အော်စီနဲ့ ပတ်သတ်သမျှ .... Show all posts
Showing posts with label အော်စီနဲ့ ပတ်သတ်သမျှ .... Show all posts

Monday, November 5, 2012

ဆစ်ဒနီမြို့ ပဏ္ဍိတရာမကျောင်း မဟာဘုံ ကထိန် အလှူပွဲ


ဆစ်ဒနီ ပဏ္ဍိတရာမကျောင်း မဟာဘုံ ကထိန် ကပ်လှူပူဆော်ပွဲကို ဆစ်ဒနီမြို့ Villawood Citizen Hall မှာ မနေ့က ကျင်းပခဲ့ပါတယ်။

ကထိန်မှာ စားစရာတွေလဲစုံလို့ အန်တီဆွိရဲ့ ပိတ်သတ်တွေကိုလဲ သတိရပါတယ်။ ဘုန်းကြီးကျောင်း ဂေါပကတွေ၊ ဝေယျာ ၀စ္စအဖွဲ့တွေက တင် ကြက်မာသားဟင်း၊ ၀က်သားမျှစ်ချဉ်၊ ငါးမြင်းဟင်း၊ ကြက်မြစ်ကြက်သည်းဟင်း အစရှိသဖြင့်လှူဒါန်းပါတယ်။ အန်တီဆွိတစ်ယောက်လဲ ဆစ်ဒနီရောက်မှာ မကြာခဏ အလှူထမင်းအလှူဟင်းတွေ စားဖြစ်ပါတယ်။


အန်တီဆွိတို့မိသားစု မနက် ၁၀နာရီခွဲလောက် ကထိန်ကိုရောက်သွားကြပါတယ်။ ရောက်တဲ့ အချိန်မှာ အချိုပွဲတွေ ဟင်းပွဲတွေ ပြင်ဆင်နေကြပါပြီ။

အန်တီဆွိက ပြန်ကြားရေးတာဝန်ခံယူထားတာမှို့ အဲဒီနေရာမှာ သွားမကူနိုင်အားပဲ ကင်မလာကြီး တကားကားနဲ့ ဓာတ်ပုံတွေ လိုက်ရိုက်နေရပါတယ်။ ဟင်းတွေကို မှတ်တမ်းတင်ထားတာပါ။
ကြက်မာသားဟင်း
ငါးဖယ်ဆုတ်
ပုဇွန်ချဉ်သုတ်
ဝက်ခေါင်းသုတ်

ငါးဖယ်သုတ်

ငါးကြော်နှပ်
ဝက်သားအချိုနှပ်

ရွှေထမင်း

မုန့်ကျွဲသည်း

မုန့်ကုလားမဲ
၁၁နာရီမှာ ဘုန်းဘုန်းများကို ဆွမ်းကပ်ပါတယ်။


အချိုပွဲတွေကလဲ စုံနေတာပါပဲ ခင်ဗျာ။

၁၁နာရီလောက်မှာ ဘုန်းဘုန်းများကို စတင်ဆွမ်းကပ်အပြီးမှာ အစားအသောက်များကို စတင် တည်ခင်းပါတယ်။ တန်းစီကြတာ တန်းကြီးမှ အရှည်ကြီးပဲ ခင်ဗျာ။



လာရောက်တဲ့ ပရိတ်သတ် တော်တော်များပါတယ်။ နောက်ပိုင်း ခုံတွေ မလောက်တော့ပါဘူး။


တရားပွဲမစခင်မှာ ဘုန်းဘုန်းလေး၏ တပြည့်ကျော် ကျောင်းသူကျောင်းသားများက ဘုရားစာများ ရွတ်ဖတ်ပူဇော် ပါတယ်။

ကထိန်အလှူရှင် အန်တီတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပါတယ်။
ကထိန် သင်္ကန်းအလှူရှင် စာရင်းကို ကြေငြာပါတယ်။


ဆရာတော်မှ ကထိန်သင်္ကန်းကပ်လှူရခြင်းရဲ့ အကျိုးနဲ့ တရားရေအေးတိုက်ကျွေးပါတယ်။
ကထိန်သင်္ကန်းများကို ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းကြပါတယ်။
ရိုးရာ မပျက် ဆွမ်းဆန်စိမ်းများ လောင်းလှူကြရင်း အခန်းအနားကိုရုပ်သိမ်းလိုက်ပါတယ်။

ဆစ်ဒနီမြို့မှ ကွမ်းတောင်ကိုင် လှပျိုဖြူများ ဖြစ်ပါတယ် ...း))


Sunday, October 28, 2012

ဂျူဂျူနှင့် ပင့်ခ်ကာလာ ဘောလုံးပျောက်မှု အမှုတွဲ (၁)

 

" ဘောလုံးပျောက်ရင်တော့ မေမေပဲနော် ... It is not my fault ... " ဟု စူပုပ်ပုပ်ဖြင့် ပြောနေသော ဂျူဂျူလေးမှာ ပြောရင်း မျက်ရည်များ ၀ဲလျက်ရှိသည်။

ဂျူဂျူတို့အမေလဲ ကားအောက် ကုန်းကြည့်၊ ခပ်မှောင်မှောင် နှင်းဆီပင်တွေကြား ကုန်းရှာရင်း ....

" အေး .. မေမေလဲ ဒီလိုပဲ ပစ်ချလိုက်တာ ... သမီးရှေ့တင်ပဲ။ သမီးအဖေလဲ  သော့ဖွင့်နေတာ၊ သူ့ရှေ့တင် ဒီလောက်ကြီးတဲ့ ဘောလုံးတစ်လုံးလုံး ဘယ်ပျောက်သွားမှန်း မသိတာတော့ ထူးဆန်းလိုက်တာသမီးရယ် ... အမေလဲ ဘာပြောရမလဲတောင်မသိတော့ဘူး .... "

ထိုဘောလုံးကိစ္စ လူကြီးတွေအဖို့ရာတော့ ဘာမှမဟုတ်ပေမဲ့ ကာရကံရှင်ဂျူဂျူလေးကတော့ ငိုမဲ့မဲ့ဖြစ်နေပါပြီ။ သူ့သိပ်မြတ်နိုးသည့် ဘောလုံးကလေး။ ခလေးတွေက ဒီလိုပဲ စွဲမိစွဲရာ စွဲတတ်သည်။ ဒီဘောလုံးမျိုး နောက်ထပ် ၁၀လုံး ၀ယ်ပေးမည် ဆိုလဲ သူကျေနပ်မည်မဟုတ်မှန်း သူ့အမေက သိပြီးသားမှို့ ဘာမှထပ်မပြောလိုတော့။ ထို့ပြင် ယခုကိစ္စတွင် ဂျူဂျူလေး ကျေနပ်အောင် မည်သို့ပြောရမည်လဲ ဆိုသည်ထက် ဘောလုံးပျောက်ပုံ ဆန်းကျယ်လွန်း၍ အမေလုပ်သူမှာ အံ့သြတကြီးသာ ဖြစ်နေလေတော့သည်။

 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 
ဂျူဂျူသည် မိန်းခလေးတန်မဲ့ ဘောလုံး အလွန်ကြိုက်သည်။  သူ့မှာ နဂို Nike တံဆိပ် ဘောလုံးအနီလေးရှိရာ ထိုဘောလုံးလေးနှင့် ကစားသည်မှာပဲ ကြာလှရှိပြီ။ ယခု နောက်ထပ် ဘောလုံး တစ်လုံး လိုချင်ပြန်သတဲ့။ အဲဒီဘောလုံးအနီလေးက ကြာတော့  bounce မဖြစ်တော့ဘူးတဲ့။ သူလိုချင်သည်က ကျောင်းမှာ သူ့သူငယ်ချင်း ကုလားမလေးဆော့သည့် Netball ဆိုလား၊  ဘာလား။  Netball  ကို မည်သို့ဆော့မည်လဲ မေးရာ  ရေရေရာရာ မဖြေနိုင်။  သို့ပေမဲ့ ဂျူဂျူလေးသည် လူနာအမဲခြောက်တောင်းသလို ဘောလုံးတစ်လုံးရပါမည့်အကြောင်း ပူဆာမြဲ ပူဆာလေသည်။ နေ့စဉ်ရက်ဆက် ပူဆာသည်။ ညအိပ်ချိန်တိုင်း ကပ်ချွဲကာ ပူဆာသည်။ ရှော့ပင်ရောက်တိုင်း သူ့ကို  ဘယ်တော့ Netball ၀ယ်ပေးမည်လဲ တရဆက် မေးလေရာ ကြာတော့ သူ့အမေကြီးလဲ နားပူမခံနိုင်တော့ပြီ။ တစ်ရက် အားကစားပစ္စည်းများရောင်းသောဆိုင်ရောက်ရာ သူ့စိတ်ကြိုက် Netball တစ်လုံး အမြန်ဝယ်ပေးလိုက်ရသော ဟူ၏။

ဘောလုံး အသစ်လေးသည် သူ့အခေါ် ပင့်ခ်ကာလာ အရင့်နှင့်အနုစပ်ထားသော စပ်ကျား၊ လှလှလေးဖြစ်သည်။ အိမ်က အနီရောင်အဟောင်းလေးထက် အရွယ်အစားကြီး၍ ဂျူဂျူလက်နှင့် တစ်ပိုက်စာရှိသည်။ လေမှာလည်း တင်းတင်းရင်းရင်းရှိရာ ဘောလုံးမှာ ပစ်ချလိုက်တိုင်း အမြင့်တစ်နေရာသို့ ခုန်ခုန်သွားရာ ဂျူဂျူလေးမှာ အလွန်သဘောကျလျက်ရှိသည်။ ၀ယ်လာသည့်နေ့က ဘောလုံးလေးကို တပွေ့ပွေ့တပိုက်ပိုက်နှင့် ကိုင်လိုက်၊ ပစ်ချလိုက်၊ ဖမ်းလိုက် လုပ်နေရာ သူ့အမေကြီးမှာ နောက်မှ ဖလက်တီဗီကြီးကို ထိမည်စိုး၍ ဟန့် ဟန့်နေရသည်။
 
ဂျူဂျူလေးသည် သူ့ဘောလုံး ပင့်ခ်ကာလာလေးကို အရိပ်တကြည့်ကြည့်နှင့်နေရာ နောက်နေ့ နံနက်အိပ်ရာထတွင် အလန့်တကြား ထ အော်လေသည်။ သူ့ဘောလုံးလေး ပိန်သွားသည်၊ သေးသွားသည်တဲ့။  သူ့အမေကြီး ဟင်းချက်နေရာကနေ ထ စမ်းကြည့်တော့လဲ ဘောလုံးက နဂိုအတိုင်း တင်းတင်းရင်းရင်းရှိရာ သမီးရယ် မဟုတ်ပါဘူး နဂိုအတိုင်းပါပဲဟု ဖျောင်းဖျရသည်။ ဂျူဂျူမှာကား လက်မခံ၊ သူ့ဘောလုံးသေးသွားသည်သာ တွင်တွင်ပြောနေတော့သည်။ သူ့အဖေကြီး ရုံးကပြန်ရောက်တော့လဲ ဤအကြောင်းပြောပြန်ရာ သူ့အဖေက မသေးပါဘူးသမီးရယ် နဂိုအတိုင်းပါပဲဟု ဖျောင်းဖျနေသံ ကြားရသည်။  ဂျူဂျူလေးမှာ သူ့ဘောလုံးလေးကို အလွန်မြတ်နိုးရကား ထုံးစံအတိုင်း ဥစ္စာခြောက်ခြင်း ဖြစ်မည်ဟု ကောက်ချက်ချမိပါသည်။

 ဂျူဂျူလေးသည် ခလေးပီပီ ပစ္စည်းအသစ်၊ ကစားစရာအသစ် ရတိုင်း  သူ့သူငယ်ချင်းများနှင့်အတူ ကိုင်ကာ ကစားကာဖြင့်  ကြွားချင်သည်လား မဆိုနိုင်။  ပုံမှန်အားဖြင့်တော့ သေးသေးမွှားမွှားပစ္စည်းဆို ကျောင်းသို့ယူသွားကာ ကစားလေ့ရှိသည်။ ထိုဘောလုံးမှာကား သူ့ကျောပိုးအိပ်ဖြင့်ပင် မဆန့်ရာ ကျောင်းသို့သယ်ရန် အခွင့်အရေးမရရှာ။ သို့ပေမဲ့ ယနေ့ ဘုန်းကြီးကျောင်းသွားမည်ဆိုတော့ သူဘောလုံးတွေ ကျောင်းသို့ သယ်လို့ရမည်လား ခွင့်တောင်းရာ သူ့အမေကြီးမှာ ခလေးကို နေရာတကာ မချုပ်ချယ်လို၍ ခွင့်ပြုလိုက်၏။  ဤသို့ဖြင့် အနှီဘောလုံး၂လုံးသည် ညနေဘုန်းကြီးကျောင်းသွားရာတွင် သူ့တို့သခင်မ ဂျူဂျူ့ ဘေးမှ အတူလိုက်ပါခွင့်ရကြလေသည်။

ဘုန်းကြီးကျောင်းမှာ စာသင်ကြ၊ ဆော့ကြသည်။ (ဂျူဂျူ့မှာကား သူ့ဘောလုံး၂လုံးနှင့် ခလေး၂ယောက်အမေလို ဘောလုံးတွေ ပျောက်မည်စိုး၍ ထိမ်းကျောင်းနေရသည်။ အပြန်ဘောလုံးတွေ မမေ့အောင်လဲ ယူရသေးသည်။ ) ပြီးတော့ အလှူတစ်ခု အတူသွားကြ၊ ပြီးတော့ သူငယ်ချင်းအိမ်ဝင် ကာရာအိုကေဆိုကြ  ပြန်လာတော့ ည ၁၀နာရီကျော်ပြီ။ ထုံးစံအတိုင်း အပြန်ကျ ဂျူဂျူတို့အမေ ကားမောင်းလာရသည်။ ကားနောက်ခန်းမှ ဂျူဂျူလေးကတော့ သူ့အဖေနှင့် အမေပြောသည့်စကားများကို မကြားတစ်ချက်၊ ကြားတစ်ချက်၊   အိပ်ငိုက်ရင်း လိုက် ပါလာသည်။

သို့ဖြင့် နာရီဝက်ခန့်မောင်းပြီး အိမ်ရှေ့စင်ဝင်အောက် ကားဆိုက်လာရာ သူ့အဖေမှ အိမ်တံခါး သော့ဖွင့်ရန် အရင်ဆင်းချသွားသည်။ သူ့အဖေတံခါးဖွင့်ရာ အိမ်ရှေ့က မှောင်နေ၍  မမြင်မကန်းနှင့် တော်တော်နှင့်ဖွင့်မရ ဖြစ်နေသည်။ ထိုအချိန်တွင် ဂျူဂျူလေး ကားထဲကထွက်ဖို့ပြင်တော့ သူ့မှာ လွယ်အိပ်၊ စာအုပ်၊ ဘောလုံး၂လုံး၊ အနွေးထည်တို့နှင့် ရှုပ်ရှက်ခတ်လျှက်ရှိကာ ပါးစပ်မှလည်း မေမေ ကူသယ်ပေးဦးနော်ဆို ပြောနေသည်။ ကားပေါ်ထိုင်နေဆဲ သူ့အမေကြီးမှာ  စိတ်မြန်လက်မြန်ရှိရကား ဒါများသမီးရယ်ဆိုကာ သူ့လက်ထဲမှ ဘောလုံး၂လုံးယူကာ တစ်ဖက် ပွင့်နေသောတံခါးမှ အောက်သို့ ပစ်ချပေးလိုက်သည်။ ဂျူဂျူတို့အဖေမှာလည်း အိမ်တံခါးဖွင့်မရရာ ကားမီးဖွင့်ပေးပါဦးဆို၍ ကားအင်ဂျင်ကို စက်ပြန်နှိုးကာ မီးဖွင့်ပေးမှ တံခါးက ဖွင့်၍ ရလေသည်။

ဂျူဂျူလေး ကားပေါ်မှအဆင်းတွင် ဇာတ်လမ်းကားစလေပြီ။ မေမေ ဂျူဂျူ့ဘောလုံး ပင့်ခ်ကာလာ မတွေ့တော့ဘူး။ မေမေ ရှာပေးပါဦး ... ဆိုတော့ စိတ်ထဲ ဒီရှပ်ပြာမလေးတော့ ဒီလောက်ရှင်းနေတာကြီး ရှာမတွေ့ရကောင်းလားဆို စိတ်က ဖြစ်သွားသေးသည်။ တကယ်ပျောက်လိမ့်မည်ဟု လုံးဝထင်မထား။  ကိုယ်တိုင်ဆင်းကြည့်တော့လဲ မတွေ့။ အတော်တော့ ထူးဆန်းသည်။ ဘေးပတ်ဝန်းကျင် ဟိုဖက်အိမ် ကားဂိုထောင်ဖက်များရောက်မည်လား ဆင်းကြည့် ဟိုဟိုဒီဒီ လိုက်ကြည့်၊ သစ်ပင်တွေကြားထဲ ဖြဲကြည့်တော့လဲ မတွေ့။

" ဘောလုံးပျောက်ရင်တော့ မေမေပဲနော် ... It is not my fault ... " ဟု စူပုပ်ပုပ်ဖြင့် ပြောနေသော ဂျူဂျူလေးမှာ ပြောရင်း မျက်ရည်များ ၀ဲလျက်ရှိသည်။

ဂျူဂျူတို့အမေလဲ ကားအောက် ကုန်းကြည့်၊ ခပ်မှောင်မှောင် နှင်းဆီပင်တွေကြားကုန်းရှာရင်း ....

" အေး မေမေလဲ ဒီလိုပဲ ပစ်ချလိုက်တာ၊ သမီးရှေ့တင်ပဲ။ သမီးအဖေလဲ  သော့ဖွင့်နေတာ သူ့ရှေ့တင် ဒီလောက်ကြီးတဲ့ ဘောလုံးတစ်လုံးလုံး ဘယ်ပျောက်သွားမှန်း မသိတာတော့ ထူးဆန်းလိုက်တာသမီးရယ် ... အမေလဲ ဘာပြောရမလဲတောင်မသိတော့ဘူး .... "

အိမ်ထဲဝင် မီးဖွင့်ပြီးပြန်ထွက်လာသည့် ဂျူဂျူတို့အဖေလည်း သားအမိ၂ယောက် ဘောလုံးပျောက်ရှာနေပုံကြည့်ကာ သူ့၏နာမည်ကျော်မျက်ခုံး အရှုံ့လိုက်ကြီးကို တွန့်ခါ တွန့်ခါဖြင့် မေးနေသည်။  ဘောလုံးကို ကားထဲကနေ ဒီလိုလက်လွတ်စပယ် ပစ်ချရကောင်းလားဟု အမေလုပ်သူကို အပစ်တင်နေသည်။ အမေကြီးကတော့ အော် ဒီလိုပျောက်မယ်မှန်းသိ ကျုပ်လဲ ဘယ်ပစ်ချမလဲတော် ... တော်ရော ဒီလိုပစ်ချရုံလေးနဲ့ ပျောက်မယ်များ တွေးဖူးလို့လားဟု နှုတ်သီးထော်ကာ  ပြန်ရန်ထောင်နေသေးသည်။

ဘာပဲပြောပြော ဘောလုံးကား ထူးဆန်းစွာ ပျောက်ချင်းမလှ ပျောက်လေပြီ။ ငယ်ငယ်က အတွေးဆိုလျှင်ဖြင့် ညမှောင်မှောင် နတ်ဖွက်သည်လား၊ ပယောဂလား၊ ဘာလား ထင်ချင်စရာ။   ဘောလုံးပစ်ချချိန်နှင့် ဂျူဂျူကားပေါ်ကဆင်းချိန် စက္ကန့်ပိုင်းသာကြာသည်။ ထိုဘောလုံး ဘယ်ပျောက်သွားသနည်း။    ။

ထိုဘောလုံးပျောက်ပုံကို စုံထောက်ဝထ္ထုလို အမှုကို ပြန်လေ့လာမည်ဆိုပါက

မှုခင်းဖြစ်ပွားပုံ
ည ၁၀နာရီခွဲခန့် မှောင်နေသည့် အိမ်ရှေ့စင်ဝင်ဝတွင် ကားရပ်ထားသည်။ ကားပေါ်မှ ကားမောင်းသူဒရိုင်ဘာနေရာတွင် အမေလုပ်သူထိုင်နေသည်။ တရားခံ အမေမှ  တခြားတစ်ဖက် ပွင့်နေသော တံခါးမှ ဘောလုံးတွေကို ပစ်ချသည်။ ကားပေါ်မှ တရားလို သက်သေ သမီးဖြစ်သူက ဆင်းသည်။ သူဆင်းပြီးပြီးချင်း ဘောလုံးအနီလေးသာ တွေ့သည်။ ဘောလုံး ပန်းရောင် ရှာမတွေ့တော့။
ထိုအချိန် အရေးကြီး အထူးရှယ်သက်သေ အဖေလုပ်သူက ကားဘေးနား တစ်မီတာခန့် အကွာတွင်ရှိ အိမ်တံခါးကို မမြင်မကန်း ကြိုးစားပမ်းစားဖွင့်လျက်ရှိသည်။ ထိုသူသုံးဦးကြား စက္ကန့်ပိုင်းအတွင်း အနှီဘောလုံးပန်းရောင်မှာ ပျောက်ချင်းမလှပျောက်သွားခြင်းဖြစ်သည်။

ဘောလုံးပျောက်ရာ မြင်ကွင်း ...






ပိတ်သတ်ကြီးရော ဂျူဂျူ့ဘောလုံး စက္ကန့်ပိုင်းအတွင်း မည်သို့ မည်ပုံ ပျောက်သွားသည် ထင်ပါသနည်း။ အဖြေကတော့ သိပ်မခက်လှချေ။

ပဟေဠိ အဖြေညှိရန် ရှေ့ပို့စ်တွင် ဆက်ပါမည် .... မျှော် ...း)))



Sunday, June 24, 2012

အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပိုင်း (၃)

ထိုနေ့မနက်က ဂျုဂျူလေးကို ကျောင်းပို့မှအပြန် ၃၀ ကီလိုဝေးသော အင်တာဗျူးရာနေရာကို ကားမောင်းသွားပါသည်။ ကိုကိုခြိမ့်က မြို့ထဲမှာ ကားပါ့ကင် ခက်သည်ဆိုကာ ရထားဖြင့်ပင် သွားခိုင်းနေရာ ရထားကို တစ်ခါမျှပင် တစ်ယောက်တည်း မစီးဖူးသူက ရထား ၂ဆင့်စီးရမည်ကို မစီးတတ်၍ GPS အကူအညီဖြင့် သွားရာ အလွန်အဆင်ပြေပါသည်။ ကားပါ့ကင်လည်း ထင်သလောက် မခက်ပါ။ အင်တာဗျူးသူက Product Engineering မှ ဒါရိုက်တာဆိုသူ အသက် ၄၀ကျော်ခန့် အော်ဇီလူမျိုးဖြစ်ပါသည်။ gentleman ပုံသဏ္ဌာန်၊ စကားပြောရာမှာ ပညာတတ်ပုံပေါက်ပြီး အေးအေးဆေးဆေး ရှိလှသည်။ အလုပ်ကတော့ အလွန်များသည့်ပုံပေါက်ပြီး ကိုယ်ရောက်သွားတော့ သူအင်ဂျင်နီယာတွေကြားထဲ့မှာ discussion လုပ်နေသည်။

သူမေးသည့်မေးခွန်းအချို့ကို ဖြေနိုင်သည်လည်းရှိသည်။ တစ်ချို့လဲ တော်တော်များများ မဖြေနိုင်။ ကိုယ်ပိုင်သည့် အပိုင်းများကျ ချဲ့ကားပြောနေသည်။ အင်တာဗျူးရာတွင် လက်ရှိအလုပ်လုပ်နေသူနှင့် အလုပ်မလုပ်ပဲ တစ်နှစ်လောက် အဆက်အသွယ်ပြတ်နေသူ မတူနိုင်ပါ။ ထို့ပြင် အန်တီဆွိမှာ နဂိုက သတိမေ့တတ်သူဖြစ်ရာ ဟိုးအရင်က လုပ်ခဲ့ဖူးသော technical terms များ ပါးစပ်ဖျားတွင် မေ့နေသည်။  ပြောရလျှင် အင်တာဗျူးကို လုံးဝ အားမရပါ။ ၅၀% လောက်သာ ဖြေနိုင်ပါသည်။ မေးသူကိုပင် အားနာနေမိသည်။ ကိုယ်လုပ်ခဲ့ဖူးသည့် product များအားလုံးကို စုပေါင်း၍ ပရင့်အောက်ထုတ်ထားသည်ကို ရှင်းပြရာတွင်တော့ အလွန်စိတ်ဝင်စားဟန်ပြပါသည်။

စိတ်ပျက်နေသည့် အင်တာဗျူဝါ ...
 နောက်ဆုံး အင်တာဗျူးပြီးခါနီး၍ ကိုယ့်ဖက်မှ မေးလိုသည်များ မေးပါဆိုရာ ကိုယ်အကယ်၍ အလုပ်ရလျှင် လုပ်ရမည့် product ၏ အမည်နှင့် ၄င်းနှင့်ပတ်သတ်သည့် အကြောင်းအရာကို အနည်းငယ်ချဲ့မေးလိုက်ပါသည်။ ကုမ္ပဏီအကြောင်း မေးရာ သူတို့ကုမ္ပဏီသည် R&D ရော၊ production ပါ under one roof မှာ လုပ်နေသည့်  world wide အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးအောက်မှ အခွဲဖြစ်ကြောင်း ရှင်းပြပါသည်။ (အန်တီဆွိမှာ ကုမ္ပဏီအကြောင်း ဂူဂဲလ်ပြီး၍ အားလုံး သိပြီးဖြစ်ပါသည်) နောက်ပြီး သူက အလုပ်ကို Part time အနေနှင့် လုပ်ဖို့ရော စိတ်ဝင်စားပါသလား မေးရာ အန်တီဆွိမှာ part time ရလျှင် ပို၍ပင် အဆင်ပြေပါကြောင်း ၀မ်းသာအားရ ပြန်ပြောလိုက်ပါသည်။

 နောက်ဆုံး အင်တာဗျူးပြီးသောအခါ ကိုယ့်ကို တံခါးဝနားအထိလိုက်ပို့ကာ သူသည် လက်ဆွဲနှုတ်ဆက်ကာ သက်ပျင်းတစ်ချက်ချသလိုပုံစံမျိုး ကိုယ့်စိတ်ထဲမှာထင်လိုက်သည်။ ပြီးတော့ ကိုယ်ထွက်သွားသည့်ဖက်နှင့် ဆန့်ကျင်ဖက် လမ်းမဘေးထွက်ကာ အဖော်တစ်ယောက်နှင့်  ဆေးလိပ်သောက်နေသည်။ သူ့ပုံစံကို ကြည့်၍ ကိုယ်စိတ်က ထင်သည်မှာ အင်တာဗျူးလာသူသည် သူထင်ထားသလို မှန်းချက်နှင့် နှမ်းထွက်မကိုက်၍ စိတ်ပျက်နေသလို ပုံစံမျိုး။  (ဟုတ်ချင်မှလည်း ဟုတ်မည်။)

စိတ်ပျက်နေသည့် အင်တာဗျူဝီး ...
အင်တာ ဗျူးမှပြန်လာပြီး အန်တီဆွိသည် ပို၍ပင် စိတ်ပျက်လက်လျှော့မိပါသည်။ စိတ်ကို ဒုံးဒုံးချကာ ဒီအလုပ်တော့ မရနိုင်ဆိုကာ ကိုကိုခြိမ့်ကိုလဲ အင်တာဗျူးမှာ မေးတာတွေ သေချာ မဖြေနိုင်ခဲ့ဘူး။ စိတ်ကလျှော့ထားတော့ ဘာမှ သေချာ ပြန်မကြည့်သွားတော့ technical terms တွေလဲ မေ့နေတယ်။ မရနိုင်ပါဘူး ယောက်ျားရယ်ဆိုကာ on line မှာ Jewelery ဆိုင်တွေ သွားကြည့်ကာ လုပ်ငန်းဘယ်လို စရမည်လဲဆိုတာသာ  လေ့လာနေပါတော့သည်။ 

 Catalog distributor job
ဤသို့နှင့်၂ပတ်ခန့်ကြာသောအခါ အန်တီဆွိ၏ email ထဲ လူတစ်ယောက်က အကြောင်းကြားလာသည်။ ကတ်တလော့တွေ ဖြန့်ဝေသည့် အလုပ်အတွက် သင်၏ နေရာ၊ ရပ်ကွက်တွင် Vacancy ရှိနေသည်။  သင်ယခင်က catalog distributor အနေဖြင့် လျှောက်ထားရာ ယခုစိတ်ဝင်စားလျှင် အကြောင်းပြန်ပါ ဟူသတည်း။ ကိုယ်ဖြန့်ဝေရမည့်  ရပ်ကွက် ဧရိယာကိုလည်း စာထဲတွင် မြေပုံဖြင့် ဖော်ပြထားပါသည်။ အန်တီဆွိတို့နေရာနှင့် ကပ်ရပ် ရပ်ကွက်မြေပုံ ဖြစ်ပါသည်။

အန်တီဆွိတစ်ယောက် ဘယ်အချိန်က ဘယ်လိုလျှောက်ထားသည့် အလုပ်မှန်း သေချာပင် သတိမရပါ။ သို့ပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ၊့ ခုချိန်မှာ ကိုယ်က အလုပ်လုပ်တော့မည်ဆိုကတည်းက အိမ်မှာ နေရတဲ့ ဘ၀ကို ပျင်းနေပြီ၊ ငြီးငွေ့နေပြီ၊ အတွေ့အကြုံပဲရရ၊ ဗော်လန်တီယာပဲ လုပ်ရ လုပ်ရ  ငွေရေးကြေးရေး အဓိက မဟုတ်၊ အလုပ်သာ လုပ်ချင်နေသည်။ ဘယ်လိုအလုပ်မျိုးလဲ ဂူဂဲလ်ကြည့်တော့ မိမိတို့ရပ်ကွက် ပတ်ဝန်းကျင်မှ အိမ်များ၏ စာတိုက်ပုံးများကို စူပါမားကတ်၊ စတိုးဆိုင်၊ စာသောက်ဆိုင်၊ အစရှိသည်တို့မှ ကတ်တလော့ဂ်များ၊ ကြော်ငြာများကို အိမ်ပေါက်စေ့ လိုက်ပို့ရသော အလုပ်ဖြစ်ပါသည်။ သူပြထားသည့်မြေပုံမှာ အိမ်ခြေ ၄၀၀-၅၀၀ ခန့်ရှိပြီး ငွေဘယ်လောက်ပေးမည်လဲ၊ ဘာလဲ ဆိုတာတော့ စာထဲမှာ ဘာမှ ရေးမထားပါ။

 ယဉ်ကျေးသော Area Representative
သို့နှင့် စုံစမ်းတော့ကြည့်မည်ဆိုကာ စာပို့သူထံ ဖုန်းခေါ်၍ သူချိန်းဆိုရာ နေရာရောက်သွားပါသည်။ သူသည် အင်မတန် ယဉ်ကျေးသိမ်မွေ့သော အိန္ဒိယ  (သို့) သီရိလင်္ကာ  အမျိုးသား အသက် ၄၀ကျော်ခန့်ပင်ဖြစ်ပါသည်။ သူက ဒီ ဧရိယာ အတွက် Area representative ဖြစ်သည်ဟု မိတ်ဆက်လာသည်။ အကောင့်တန့် ကော်န်မန့်စ်ဖြင့်ကျောင်းပြီးပြီး၊ အိမ်မှာပင် ကွန်ပြူတာတစ်လုံး စားပွဲပေါ်တင်ကာ အလုပ်လုပ်နေခြင်းဖြစ်ပါသည်။ လူကို သေသေချာချာ လေးလေးစားစား နှုတ်ဆက်၍၊ မိတ်ဆက်ကြကာ လုပ်ရမည့်အလုပ်ကို ရှင်းပြပါသည်။ တစ်ပတ်မှာ ၂ရက်သာ လုပ်ရမည်။ ကတ်တလော့တွေကို ၂ရက်အတွင်း ပြီးအောင် လိုက်ဖြန့်ဝေရမည်။ လုပ်ခက အားလုံးအပြီးအစီး ပုပ်ပြတ် ဒေါ်လာ ၉၀ ရမည်။ အိမ်ခြေရပ်ကွက်ပေါ်၊ ဝေရမည့် ကတ်တလော့ဂ် အရေအတွက်ပေါ်တည်၍ ၀င်ငွေက အနည်းငယ်စီ ကွာခြားမည်။ အိမ်ခြေ ၄၅၀ခန့်ရှိသောရပ်ကွက်ကို ကိုယ်က ရွေးလိုက်ရာ လုပ်နိုင်ပါမည်လားမေးသည်။ " Why not ... " ဟု ပြန်ဖြေကာ လက်မှတ်ထိုးစရာရှိတာတွေထိုးကာ ပြန်ဖို့ လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။ နောက် အပတ် Tuesday မှ အလုပ်စမည်ဆိုကာ ကတ်တလော့ဂ်တွေ လာယူရန်ပင် ချိန်းလိုက်ပါသေးသည်။

 ထွက်ခါနီးမှ ကတ်တလော့ဂ်တွေ နမူနာပြမည်ဆိုကာ သူ့ကားဂိုထောင်ထဲ ခေါ်သွားကာ လူတစ်ရပ်လောက်ရှိသည့် ကတ်တလော့ဂ်အပုံကြီးတွေကို ပြပါသည်။ နောက်ပြန်ခါနီးကားပေါ်တက်ခါနီးတော့ ကိုယ်မောင်းလာသည့် Mini Cooper ကိုကြည့်ကာ Wow !!...  your car is so beautiful !! ဆိုကာ ကားကလဲ တော်တော်သစ်နေတော့  ဒီကားမျိုးစီးပြီး စာတိုက်ပုံးမှာ ကတ်တလော့ဂ်ဖြန့်ဝေမည့် သူကို နားမလည်နိုင်စွာ ကြည့်ရင်း ကျန်ရစ်ပါသည်။


တစ်နာရီ ၅ကျပ် အလုပ် ...
နောက်ပိုင်းမှ ဖိုရမ်တွေဖတ်ရင်း သိရသည်မှာ ထိုလူတစ်ရပ်မြင့်သည့် ကပ်တလော့မျိုးစုံကို တစ်ရွက်ခြင်းစီထပ်ခြင်း၊ ရွေးခြင်းကပင် နာရီပေါင်းများစွာ ခါးကိုက်အောင်လုပ်ရသည်ဆိုပါသည်။ အန်တီဆွိ ဘုမသိဘမသိနှင့် အလုပ်လုပ်ချင်တာ တစ်ခုတည်းသာ သိ၍ လက်မှတ်ထိုးလာခဲ့သော အလုပ်မှာ အော်ဇီလိုနိုင်ငံမျိုးတွင် လုပ်ခ အနည်းဆုံး တွက်ကြည့်လျှင် တစ်နာရီ ၅ကျပ်မျှသာ ရသော အလုပ်ဖြစ်နေလေသတည်း၊ ( အော်ဇီတွင် ပုံမှန် ဘာအလုပ်ပဲဖြစ်ဖြစ် တစ်နာရီ အနည်းဆုံး ၁၅ကျပ် သတ်မှတ်ထားပါသည်။) နေပူမိုးရွာ မရှောင် တစ်အိမ်တက်ဆင်း လိုက်ပို့ရမည့်ခရီးမှာလည်း ကီလိုမီတာပေါင်းများစွာရှိပါသည်။ ဖိုရမ်တစ်ခုတွင်ရေးထားရာ အိမ်ခြေ တစ်ထောင်ရှိသောရပ်ကွက်ကို သူပို့ရာ  တစ်နေ့တည်း  ၃၅ ကီလိုကို လမ်းလျှောက်ရသည်တဲ့။ မည်သို့ တွက်သည်ကိုတော့ မသိပါ။ ထိုအလုပ်သည်ကား မတော်မတရား လူတစ်ယောက်၏ လုပ်အားခကို နှိမ်ကာခိုင်းသော အလုပ်မျိုးမှန်း သဘောပေါက်လိုက်ပါသည်.။ အများအားဖြင့် မုန့်ဖိုးအပိုဝင်ငွေရလိုသော ခလေးသူငယ်များ၊ ကျန်းမာရေး လိုက်စားလိုသော retired သက်ကြီးရွယ်အိုများ၊ အလုပ်ရှာရခက်သော ကျောင်းသားများ လုပ်သောအလုပ်ဖြစ်ပါသည်။

အန်တီဆွိမှာ လက်မှတ်ထိုးခဲ့ပြီဖြစ်ရာ ပထမဆုံးတစ်ခေါက်တော့ ကိစ္စမရှိ လုပ်လိုက်မည် စိတ်ဒုံးဒုံးချထားသည်။ လမ်းလျှောက်တာ လူတောင် ကျန်းမာသေး။ လူက ပိန်ချင်တာအတော်ပဲဆို စဉ်းစားနေသေးသည်။

2 miss call

ထိုနေ့ နေ့ခင်း သမီးသွားကြိုရန် ကျောင်းသို့ လမ်းလျှောက်နေစဉ် အချိန်သိချင်၍ ဖုန်းကိုကြည့်ရာ ဖုန်းမှ miss call ၂ခုပေါ်နေသည်။ အန်တီဆွိ ရေချိုးနေစဉ် ၀င်လာတာဖြစ်မည်။ ပြန်ခေါ်ကြည့်တော့ မည်သူမျှမကိုင်။ နောက် လမ်းလျှောက်နေရင်းဖြင့် Road work လုပ်နေသည်အနား ဆူဆူညံညံကျ မှ ဖုန်းက မြည်လာပြန်သည်။ ကိုင်လိုက်တော့ အမျိုးသားတစ်ယောက် ထုံးစံအတိုင်း အလုပ်အေးဂျင့် ဖြစ်မည်ထင်သည်။ သူပြောသည်ကို မကြားတစ်ချက်၊ ကြားတစ်ချက်။ သူက HR နဲ့ တွေ့ပါချည်း စွတ်ပြောနေသည်။ အင်တာဗျူးလာဖို့ ချိန်းသည်လဲ မဟုတ်။ သို့နှင့် အန်တီဆွိမှ အခုခေါ်တာ အလုပ် အေးဂျင့် ကုမ္ပဏီက မဟုတ်လား၊ အင်တာဗျူးချင်လို့လားမေးမှ၊  အင်တာဗျူး က technically ok, but you have to contact with  HR ဆိုမှ  သဘောပေါက်သည်။ ဟိုးလွန်ခဲ့သည့် ၂ပတ်က အင်တာဗျူးခဲ့သူမှ HR နှင့် အလုပ်ကိစ္စဆွေးနွေးဖို့ ပြန်ခေါ်နေခြင်းဖြစ်ပါသည်။ Road work နှင့် သူပြောတာတွေ သေချာ မကြားရ၊ email သာ ပို့ပါဆိုကာ ပြန်ပြောလိုက်ပြီး ကျေးဇူးတင်ကြောင်း သေချာ ပြောကာ ဖုန်းချလိုက်သည်။

ရမဲ့ ရတော့ Consultant post
အိမ်ရောက်တော့ အီးမေးလ်စစ်ကြည့်ရာ ဟိုတစ်လောက အင်တာဗျူးခဲ့သော ဒါရိုက်တာက အင်တာဗျူး successful ဖြစ်သောကြောင့် ကုမ္ပဏီမှာ Consultant အနေနှင့် အလုပ်ခန့်မည်ဖြစ်ကြောင်း၊ လစာကိစ္စ၊ အလုပ်ချိန်ကိစ္စတွေကို HR ကို ဖုန်းဆက်မေးပါဆိုကာ သူ့ရုံးမှ HR နှင့် မိတ်ဆက်ပေးထားသည်။ HRကို ဖုန်းဆက်ကြည့်ရာ part time အနေနှင့် တစ်ပတ်ကို အင်္ဂါနေ့ ၁ရက်သာ လုပ်ရမည်။ သို့ပေမဲ့ အရေးပေါ်လာလျှင်လည်း ထိုထက် ပိုလုပ်နိုင်ရမည်။  လုပ်ခ ဘယ်လောက်လိုချင်လဲမေးရာ လုပ်ခနှင့်ပတ်သတ်၍ consultant တစ်ယောက် လခ ဘယ်လောက်ရလဲ ကိုယ်တကယ်ပင် မသိရာ ကုမ္ပဏီမှ အော်ဖာ လုပ်ပါဟုပင် ပြောလိုက်ပါသည်။  သူက အထက်မှ ဘော့စ်နှင့် တိုင်ပင် ၍ ဖုန်းပြန်ခေါ်ရာ တစ်နာရီ ဒေါ်လာ ၇၀ ပေးမည်ဆိုပါသည်။

ပညာတတ်အလုပ်၊ သာမန် အလုပ် 
 ဒီနေရာမှာ ငွေရရ မရရ အလုပ်တစ်ခု အစပျိုးဖို့ ဗော်လန်တီယာရလျင်ပင်  လုပ်ဖို့ရည်ရွယ်ထားရာ တစ်နာရီ ၇၀ မှာ ကိုယ့် အတွက် မထင်မှတ်နိုင်အောင် များလွန်းနေပါပြီ။ ယနေ့ပဲ တစ်နာရီ ၅ကျပ်မျှရသော အလုပ်ကို  " Why not ... " ဆိုကာ လက်မှတ်ထိုးခဲ့ပြီ မဟုတ်ပါလား။ ဒီနေရာမှာ ပညာနှင့်လုပ်သော အလုပ်နှင့် ပညာမတတ် သာမာန် မည်သူမဆို ၀င်လုပ်နိုင်သော အလုပ်တို့၏ ကွာခြားပုံကို ကောင်းကောင်းကြီး သိလိုက်ရပါသည်။ ဤ အလုပ်တွေ လျှောက်ရာမှ ဘ၀အတွက် အသိ၊ သင်္ခန်းစာ၊ အတွေ့ အကြုံတွေ များစွာ ရခဲ့ပါသည်။ မိမိအား ဤပညာများတတ်အောင် ကျောင်းထားပေးသော မိဖများ၊ သင်ကြားပေးသော ဆရာများ၊ ကျောင်းတော်ကြီးများ၊ အတွေ့အကြုံများ သင်ပေးခဲ့သည့် ကုမ္ပဏီများ၊ အလုပ်ထဲမှ စီနီယာများအား အလွန်ကျေးဇူးတင်မိပါသည်။ ပညာတတ်သူနှင့် မတတ်သူ၏ ၀င်ငွေကွာခြားပုံ၊ သက်တောင့်သက်သာနှင့် အပင်ပမ်းခံ လုပ်ရပုံ၊ အသုံးကျပုံ၊ ကွာခြားပုံကို တစ်ရက်တည်းပင် တိုက်တိုက်ဆိုင်ဆိုင် ဆန့်ကျင်ဖက် အော်ဖာ ၂ခုရကာ သိလိုက်ရပါသည်။

 တစ်ချိန်တည်းမှာပဲ catalog distributor job မှ အိန္ဒိယအမျိုးသားထံ ဖုန်းဆက်ကာ အခြားအလုပ်အော်ဖာရ၍ မလုပ်နိုင်တော့ကြောင်း အင်မတန် ယဉ်ကျေးစွာဖြင့်  တောင်းပန်ပြောလိုက်ရပါသည်။ သဘောကောင်းသော representative က ကိစ္စမရှိပါဟု ပြောပါသည်။

 ဆန်းဆန်းတင့် အချိန်
အန်တီဆွိမှာ ပြောခဲ့ဖူးသည့် အတိုင်း အလုပ်နှင့် အဆက်အသွယ် ၁နှစ်ကျော် ပြတ်နေရာ ယခုလို ရာထူးမျိုးနှင့် ဘာသာစကားအခက်အခဲရှိရာ နေရာ အသစ်၊ ကုမ္ပဏီအသစ်မှာ လုပ်ရမည်ဆိုတော့ အနည်းငယ်ကြောက်ရွံ့မိပြန်ပါသည်။ အမှန်အတိုင်းဝန်ခံရရင် ဤမျှလောက် ရာထူးလဲ မလိုချင်ပါ၊ လုပ်ခလဲ မလိုချင်ပါ။ stress လဲ မလိုချင်ပါ။ တစ်ပတ်၁ရက်အစား ၂ရက်လောက်ဖြင့် လုပ်ခငွေ တစ်ဝက်လျှော့ကာ လုပ်ချင်လည်း ဖြစ်နိုင်ပါသည်။ သို့ပေမဲ့ သိပ် sensitive ဖြစ်သည့် အလုပ် offer ချိန်မှာ ကိုယ့်ကို အထင်သေးမှာမျိုး မလိုလား၍ ကိုယ်ဖြစ်ချင်သည်ကို စိတ်ထဲတွင်အသာထားကာ offer letter ကို email မှသာ ပို့ပေးရန်တောင်းဆိုလိုက်ပါတော့သည်။

 offer letter  ရပြီ။
offer letter ကို  US အထိ ပို့ကာ ခွင့်ပြုချက်ယူ လက်မှတ်ထိုးနေရသောကြောင့် နောက် တစ်ပတ်ကျော်မှ offer letter ရပါသည်။ သူတို့သည် ကိုယ့်စိတ်ကို သိနေသည့်အလား။ offer letter ရသောအခါ သာမာန် Engineer ရာထူးဖြင့် တစ်နာရီလုပ်ခလည်း အရင်ကထက်  လျှော့ကာ တစ်ပတ်ကို ၂ရက် ပုံမှန် လုပ်ရမည်ဆိုပါသည်။ အိမ်ရှင်မတစ်ယောက်အတွက် တစ်ပတ် ၂ရက်သာ အလုပ်လုပ်ခြင်းသည် အလွန်သင့်လျှော်ကာ အန်တီဆွိလိုချင်သော အခြေ အနေများနှင့်  ကွက်တိဖြစ်နေရာ အန်တီဆွိ၏ အလုပ် ကံကြမ္မာကို ကိုကိုခြိမ့်မှ ထုံးစံအတိုင်း အံ့သြ ချီးမွန်း၍သာ နေပါတော့သတည်း။

အလုပ်ရှာရင်းမှ သင်္ခန်းစာ ..
ဤအလုပ်ကလေးရသည်ကို ငွေရေးကြေးရေး၊ တခြားကိစ္စများထက် စိတ်ထဲမှာ စိတ်ဓာတ်ရေးရာ အရ မျှင့်တင်ပေး၍ ကျေးဇူးတင်နေမိပါသည်။ အကြောင်းမှာ အန်တီဆွိသည် ထိုအလုပ်မရခင်က အလုပ်ရလိုဇောဖြင့် စိတ်ထဲရှိသမျှ၊ မြင်သမျှ အလုပ်မှန်သမျှကို မဆီမဆိုင်လျှောက်ကာ မရတော့ အလကားနေရင်း စိတ်ဓာတ်ကျနေသည်။ အမှန်မှာ ၂လ-၃လလောက်ရှာရုံနှင့် အလုပ်မရသည်ကို စိတ်ဓာတ်ကျစရာမလိုပါ။ သံချေးတက်နေသော ကိုယ့်အရည်အချင်းများကို နေ့စဉ် ဖတ်ရှု လေ့လာခြင်းအားဖြင့် ထက်မြက်လာအောင်သွေးနေရင်း ၁၀နှစ်ကျော် အတွေ့အကြုံရှိသော မိမိ၏ အသက်မွေးဝမ်းကျောင်းအလုပ်ကိုသာ အားစိုက် ရှာသင့်ပါသည် ဟုသာ နောက်ဆုံး အသိတစ်ခုရခဲ့ပါသည်။

အသိပညာ ၊ အတတ်ပညာ စုဆောင်းခြင်း-  (Mechanical R&D knowledge Bank )
အန်တီဆွိမှာ ထိုနေ့မှစ၍ မနက်ခင်း ဂျူဂျူကျောင်းပို့ချိန်မှ ပြန်ချိန်အထိ အိမ်မှာ တစ်ယောက်တည်း အလုပ်ဆင်းသကဲ့သို့ စားပွဲတစ်လုံးချ၊ ကွန်ပြူတာတစ်လုံး ချကာ အလုပ်နှင့် ပတ်သတ်ရာ၊ မိမိပညာနှင့် ပတ်သတ်ရာ၊ ဘာသာစကားနှင့်ပတ်သတ်ရာ တိုးတက်ရာ တိုးတက်ကြောင်းတွေသာ လုပ်ပါတော့သည်။ သံချေးတက်ကာ တုံးလုတုံးခင်ဖြစ်နေသာ ဓားကို စတင်သွေးနေပါပြီ။ folder တစ်ခုနှင့် Excel file တစ်ခုဖွင့်ကာ ပြန့်ကျဲနေသော (မိမိ စတင်အလုပ်လုပ်ခဲ့ရာမှ နောက်ဆုံးအထိအတွေ့ အကြုံ) technical ပိုင်းဆိုင်ရာများကို အားလုံး ချရေးကာ စုစည်းနေပါသည်။ အလုပ်တွင် သုံးရမည့်ဆော့ဖ်ဝဲများကိုလဲ အိမ်မှာပင် ဒေါင်းလုပ်လုပ်ခါ လေ့ကျင့်နေပါသည်။

ကြီးကြီးကျယ်ကျယ် ပြောရလျင် အန်တီဆွိ ယခုအချိန်မှာ အကြောက်ဆုံးမှာ မိမိသိထားသော အသိပညာများ၊ အတတ်ပညာများ၊  မည်သူ့ကိုမျှ မဖြန့်ဝေပဲ အလုပ်မလုပ်တာကြာ၍ မေ့လျှော့ကာ လွင့်ပျောက်ေ၀၀ါးသွားမှာ  ကြောက်နေပါသည်။ နောင်တွင် အသက်ကြီး၍ မြန်မာပြည်ပြန်ပါကလည်း ကိုယ်သိသည့် ပညာကို ဖြန့်ဝေပေးရန် ရည်ရွယ်ထားရကား ထို excel sheet နှင့် အလုပ်ဟောင်းများမှ စုဆောင်းထားသော စာရွက်စာတမ်းများအားလုံးကို တစ်နေရာထဲ တွင်သေချာ သိမ်းဆည်းကာ စတင်ပြုစုနေပါပြီ။ ယခု အလုပ်မှ ကန်ထရိုက်ကာလပြီးဆုံး၍ နောက်အလုပ်ရှာလျှင်လည်း ယခုလို ၀ရုန်းသုန်းကားမဟုတ်ပဲ နေရာတစ်ခုထဲမှာ အားလုံး သပ်သပ်ရပ်ရပ် စုစုစည်းစည်းဖြစ်အောင် ပြင်ဆင်နေပါပြီ။  ...။

အလုပ်ရဖို့ probability ...
နောက်တစ်ခုပြောလိုသည်မှာ အရာရာတိုင်းတွင် probability ဆိုတာရှိရာ လူတစ်ယောက် အလုပ်ရှာလျှင် ရနိုင်ချေ  probability တစ်ခုတော့ ရှိနိုင်သည်ချည်းဖြစ်ပါသည်။ အန်တီဆွိလို လျှောက်တိုင်း အင်တာဗျူး ရသူဆို ပိုရဖို့ အခွင့်အရေးများပါသည်။ ရှေ့က အင်တာဗျူးများ အတွေ့အကြုံဖြင့် ဒီတစ်သက်တော့ အလုပ်မရနိုင်တော့ပြီဆိုသည်မှာ မမှန်ပါ။ ယခုကုမ္ပဏီဆိုလျှင် အင်တာဗျူးပင် ကောင်းစွာ မဖြေနိုင်ပါ။ ဒီလိုအခြေအနေမျိုးမှာလည်း consultant လို ရာထူးမျိုးပင် ခန့်ဖို့ ရှိရာ တစ်ခါတရံ ကံအကြောင်းများတိုက်ဆိုင်ပါကလည်း အလုပ်ရဖို့ အခွင့်အရေးက ရှိနေပြန်ပါသည်။ နောက်မှ ထိုကုမ္ပဏီကို Linkin မှ ရှာကြည့်ရာ သူတို့ထဲမှာ အေရှန်းတွေ အတော်များများရှိရာ ကိုယ့်လောက် language အခြေအနေနှင့် နေသားကျသော ကုမ္ပဏီနှင့်တွေ့ပါက သူတို့အတွက် ဘာသာစကားအားနည်းသော အေရှန်းတစ်ယောက်ကို ခန့်ရန် မထူးဆန်းပါ။ (ယခုတော့လဲ language တော်တော်တိုးတက်လာပါပြီ)  ထို့ကြောင့် နောင်အလုပ်ရှာလျှင် စိတ်ဓာတ်မကျပဲ စိတ်အေးအေးထား ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထား၊ အရည်အသွေးကို ထက်သထက်ထက်အောင်သွေးရင်းဖြင့် အလုပ်ရဖို့ရာ ဖြစ်နိုင်ပါကြောင်း ကိုယ့်ကိုယ်ကိုလဲ အားပေးရင်း၊ တိုက်ဆိုင်မှုရှိသော ပိတ်သတ်တွေကိုလည်း အားပေးရင်းဖြင့် ....


နောက်အပတ်တွင် အလုပ်စဆင်းရမည်ဖြစ်ပါသည်။ အစစ အရာရာ အဆင်ပြေမည်ဟု မျှော်လင့်ပါသည်။



 ပြီးပါပြီ။
ကျေးဇူးတင်ပါသည်။





အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပိုင်း (၂)

ကော်ဖီဆိုင်တွေ့ပြီ ....
အန်တီဆွိတို့သည် ညဆို ကော်ဖီဆိုင်လိုက်ရှာ၊ မနက်ဆို အေးဂျင့်အား ဖုံးဆက်၊ လိပ်စာမေးကာ ကားတစ်စီးဖြင့် ကော်ဖီဆိုင် အခြေအနေကို ထောက်လှမ်းစုံစမ်းကြတော့သည်။ လူလာမလာ၊ နေရာကောင်းမကောင်း၊ ပြိုင်ဖက်ရှိမရှိ၊ အလားအလာရှိမရှိ၊ အလုပ်သမား ဘယ်နှစ်ယောက်၊ သူတို့ပြောသည့် စာရင်းဇယားတွေအတိုင်း အမြတ်ကျန်သည်မှာ မှန်သလား၊ အကြမ်းဖျင်း တွက်ချက်ကြသည်။ ဤသို့ဖြင့် ဆိုင်ခန်းပေါင်း ၃၀-၄၀ ခန့် ကြည့်ရှူ စုံစမ်း အပြီးတွင် စိတ်ကြိုက်ဆိုင်လေးတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ ဆိုင်ကလေးသည် သေးပေမဲ့ သပ်ရပ်သည်။ မြို့ငယ်လေး၏ဈေးအနီး လူနေရပ်ကွက်ထိပ်ကလေးတွင်ရှိရာ မြို့ငယ်လေးမှ လူထုသည် ထိုဆိုင်လေးကို တော်တော်အားပေးကြသည်။ ဆိုင်ပိုင်ရှင်သည် ကိုယ်တိုင် ကော်ဖီဖျော်ကာ အလွန်ဖော်ရွေ ဆက်ဆံရေးကောင်းသောသူအဖြစ် မြို့ကလေးတွင် လူသိများသူဖြစ်သည်။ ကြည့်သမျှဆိုင်များထဲတွင် လူအလာဆုံး၊ လူအကျဆုံး၊ ဆိုင်ခန်းငှါးခ အနည်းဆုံး ဆိုင်လေးဖြစ်ပါသည်။ ဘဏ်မှ ငွေချေးစရာမလိုပဲ ကိုယ်ဝယ်နိုင်သော ဘက်ဂျက် ထဲမှာရှိပါသည်။ တစ်လ အနည်းဆုံး ဒေါ်လာ  ၅ထောင် -၆ ထောင် ခန့်  အမြတ် ကျန်နိုင်သော ဆိုင်ဖြစ်ပါသည်။

တွက်ရေးက စက်သုဋ္ဌေး  ...
ဆိုင်လေးသဘောကျနေ၍ နောက်တဆင့်တက် ဆိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်သော အချက်အလက်များ၊ စာရွက်စာတမ်းများကို မှန်မမှန်စစ်ဆေးရန် အေးဂျင့်ကို ခွင့်တောင်းကာ ဆိုင်ရှင်နှင့် သွားတွေ့ကြပါသည်။ ဆိုင်ရှင်သည် အီတာလျှံလို ရုပ်မျိုး ကော့ကေးရှန်းဖြစ်သည်။ စကားပြောအလွန်ကောင်းသည်။ ဆိုင်ရှင်မှပြောပြသည့် အချက်အလက်များ၊ စာရွက်စာတမ်းများမှာ တစ်ချို့နေရာတွေမှာ ထင်ထားသည်ထက်ပင် အားရကျေနပ်စရာကောင်းပါသည်။ အတိုချုပ်ဆိုသော် ဆိုင်ကလေးသည် အမှန်ပင် ၀ယ်ချင့်စဖွယ်ဖြစ်နေပါသည်။ ဆိုင်ကိုသွားသည့်နေ့က ဆိုင်မှာ လူကျနေရာ ထိုင်စရာပင်မရှိ တန်းစီနေသည့် လူအုပ်ကိုကြည့်ကာ ဆိုင်ဝယ်မည့် လင်မယားမှာ ၀မ်းသာနေပါသည်။ ဆိုင်ဝယ်ဖြစ်ပါက စီစဉ်ထားသည်မှာ ကိုကိုခြိမ့်က ဆိုင်ရှင်နေရာ ၀င်ယူကာ ကော်ဖီဖျော် (Barista) လုပ်ရင်း cashier လုပ်မည်။ ဆိုင်က နဂိုရ်ရှိပြီးသား chef ကောင်လေးကို ဆက်ခန့်ထားမည်။ ဂျူဂျူလေး ကျောင်းပို့အပြန် အန်တီဆွိက ကော်ဖီဆိုင်ဝင်ကာ လက်တိုလက်တောင်း လိုတာ ၀င်ကူလုပ်မည် ဟူ၏။

 တွက်ရေးကတော့ စက်သူဋ္ဌေးဖြစ်နေပါပြီကော။ အရာရာ ချောမွေ့ အဆင်ပြေနေသည်။

သတင်းကောင်းလေး တစ်ခု ...
ကော်ဖီဆိုင်လေး တေ့တေ့ဆိုင်ဆိုင် ၀ယ်ခါနီး ကိုကိုခြိမ့်သည် အလုပ်ဟောင်းမှ အရာရှိနှင့် အဆက်အသွယ်မပျက်ရှိရာ သူတို့ force to leave ယူပြီး ရုံးပြန်တက်ရမည်ဟုပြောသောရက် ၂ရက်အလိုတွင် သတင်းကောင်းတစ်ခုပို့လာသည်။ သူတို့လို termination letter ရထားသူများလဲ ရုံးကိုလာကြပါ။ ကုမဏီ အသစ်မှ HR ဒါရိုက်တာလာကာ စကားပြောမည်။ အလုပ်သမားများ၏ ပြသနာများကို  ၀ိုင်းဝန်းအဖြေရှာ ဆွေးနွေးကာ warming up  section ခေါ်မည် ဆိုသည်။ ကိုကိုခြိမ့်ကဲ့သို့  သူတို့သဘောကျသူ၊ key performer တွေကို ပြန်ခေါ်ဖို့ အခွင့်အလမ်းတွေရှိနိုင်သည်၊ သေတော့ မသေချာဟုပြောလာသည်။ သူကိုယ်တိုင်ကတော့ ကိုကိုခြိမ့် အလုပ်ပြန်ရစေရေးအတွက် ဟိုဖက်က မန်နေဂျာကို တိုက်တွန်း စကားပြောပြီး ဖြစ်သည် ဆိုပါသည်။

အန်တီဆွိမှာ  ထိုကိစ္စကို ယုံကို မယုံနိုင်ပါ။ termination letter ရပြီးသားလူကို အလုပ်ပြန်ခန့်မည်တဲ့၊ ဖြစ်နိုင်ပါမည်လော။ ယုံတမ်းစကားသာဖြစ်မည်။ လောကတွင် မကောင်းသတင်း၊ အဖြစ်အပျက်များသာ ဖြစ်ပျက်နေရာ ထိုကိစ္စကို တကယ်ဖြစ်လာမည်ဟု လုံးဝ မယုံကြည်ခဲ့ပါပေ။

ရင် တထိတ်ထိတ်  ...
ထိုနေ့က ကိုကိုခြိမ့် ဘုရားစင်ရှေ့မှာ အကြာကြီး ဘုရားရှိခိုးပြီးမှ အလုပ်သွားသည်။ အန်တီဆွိလည်း စိတ်လှုပ်ရှားစွာဖြင့် ကိုကိုခြိမ့်ထံမှ ဖုန်းအလာကို စောင့်နေသည်။ နေ့လည် ၁၁နာရီအထိ ဘာသတင်းမှမကြားရ။ နေ့လည်စာစားချိန် နီးတော့ ဖုန်းဝင်လာသည်။ အရင်ကုမဏီက အရင် အလုပ်သမားတွေနဲ့ ပတ်သတ်လို့ စီစဉ်ထားခဲ့သည်ကို ယခုလက်ရှိကုမဏီက လက်မခံပါတဲ့။ ခုသူတို့ စိတ်ကြိုက်လူတွေကို ပြန်ခေါ်ပြီး စာအိပ်တွေ (offer letter)  ပေးပြန်ပါသည်တဲ့။ အော်သူတို့တွေ အဖြစ်မှာ ငိုအားထက် ရယ်အားသန်ဖြစ်နေပါပြီကော။ စာအိပ်တွေ ရလိုက်၊ မဟုတ်ဘူးဆိုက ပြန်ဖျက်လိုက်၊ ပြန်ရလိုက်နှင့် လူတွေ ဘ၀တွေလဲ ဇကောထဲထည့်ကာလှဲ့သည့် ဇီးဖြူသီးတွေလို ပရမ်းပတာရှိလှသည်။ တော်တော်ခံစားကြရမည်။

ကိုကိုခြိမ့် စာအိပ်ရလားဆိုတော့ ရဖို့ chance တော့ရှိတယ် ထင်တာပဲတဲ့။ ခုချိန်ထိတော့ မရသေးဘူး တဲ့။ အလုပ်သမား ၄၀၀လောက်ရှိရာ စာအိပ်တွေကို တန်းစီပြီး ယူနေရပါသည်တဲ့ ။ သူ့အလှည့်ရောက်ခါနီးပြီမှို့ ဆုတောင်းပေးပါ ဆိုလာသည်။ အန်တီဆွိလည်း ဟင်းချက်နေရာကနေ ဘုရားစင်ရှေ့ပြေး သစ္စာ အဓိဋ္ဌာန်တွေ၊ ဘာတွေပြုကာ ဆုတောင်းပေးလိုက်ပါသည်။ ၅မိနစ်နေတော့ ဖုန်းထပ်ခေါ်ပြီင်္း သူ offer letter ပြန်ရပြီ ဆိုသည့်အကြောင်း ၀မ်းသာအားရ လေသံနှင့်ပြောပါသည်။ အန်တီဆွိကား အိပ်မက်တစ်ခု ထပ်မက်နေသည်လား၊ အိမ်မက်ဆိုးတစ်ခုမှ နိုးထခဲ့ပြီလား မသေချာ၊ တကယ်ဖြစ်ပျက်နေသည်လား ဆန်းစစ်ကြည့်နေရသည့် အခြေအနေ ရောက်နေသည်။ ညနေ ကိုကိုခြိမ့်ပြန်ရောက်တော့ ယခင် မြင်တွေ့နေကျ ကိုကိုခြိမ့်၊ တက်ကျွလန်းဆမ်းနေသော ကိုကိုခြိမ့်ကို ပြန်လည်တွေ့ရှိရပါသည်။

တစ်ချို့လဲ ဒီတစ်ခေါက်မရ ...
ယခုတစ်ခေါက်လည်း offer မရသူ ၁၀၀ခန့်ရှိရာ အန်တီဆွိတို့မှာ ကိုယ့်အတွက် ၀မ်းသာရသော်လည်း ထို အဖြစ်အပျက်မျိုးခံစားဖူး၍  offer မရသူများအတွက် ကိုယ်ချင်းစာ စိတ်မကောင်းအမှန်ပင် ဖြစ်မိပါသည်။ ကိုကိုခြိမ့် ပထမတစ်ခေါက် terminate လုပ်ခံရစဉ်က အမြဲဖုန်းဆက် အားပေးသောသူသည် ယခုတစ်ခေါက်တွင် အော်ဖာလက်တာမရခဲ့ပါ။ သူကကံကောင်းသည်မှာ သူ့ အမျိုးသမီးက အလုပ်လုပ်၍  ကိုယ်တွေလောက်မဆိုး၊ နေသာထိုင်သာ အနည်းငယ်ရှိသည် ဆိုရမည်။

ကော်ဖီဆိုင် ဘာဆက်လုပ်မည်လဲ ....
ကိုကိုခြိမ့် အလုပ်သွားနေရင်းဖြင့်ပင် စုံစမ်းလက်စ ကော်ဖီဆိုင်ကလေးကိုလဲ ဆက်လက် စုံစမ်း လေ့လာနေကြဆဲဖြစ်သည်။ အကြောင်းမှာ ကိုကိုခြိမ့်သည် ယခုအလုပ်ကလဲ ဘယ်လောက် မြဲမှာလဲ၊ သေချာရေရာ ဘာမှ မပြောနိုင်သည့် အခြေအနေဖြစ်ရာ ကော်ဖီဆိုင်လေးကို ဆက်ဖွင့်ကြမည်။ အန်တီဆွိမှ ဦးဆောင်ကာ ကော်ဖီဖျော်သူ (barista) တစ်ယောက်၊ ချက်ပြုတ်သူ (chef) တစ်ယောက်ငှါးကာ ကိုယ်က ဆိုင်ပိုင်ရှင်အနေဖြင့်၊  ကျရာ ကူညီလုပ်ရင်းဖြင့် ၀င်ငွေမရလဲ ကိစ္စမရှိ အတွေ့အကြုံရအောင်ယူမည်ဆိုကာ ဆက်ဖွင့်မည် စိတ်ကူးသည်။

chef က အလုပ်ထွက်ပြီ ...
နောက်ဆုံးတစ်ခေါက် ဆိုင်သွားကြည့်ကြသည့်နေ့ကတော့  ဆိုင်ပိတ်ချိန်မှို့ အေးအေးဆေးဆေးရှိလှသည်။ ကိုယ်မေးလိုသော မေးခွန်းများကို အပြန်အလှန်မေးကာ ဆိုင်ရှင်နှင့် စကားစမြည်ပြောကြသည်။ ဤတွင် ဆိုင်ရှင်ထံမှ ယခုလုပ်နေသော chef ကောင်လေးသည် ဆိုင်ရောင်းမည်ဆိုသည်နှင့် အလုပ်မှ ထွက်သွားပြီဆိုသည်။ သူသည် အလွန်ရှက်တတ်ရာ (very shy guy ဟုဆိုသည်)  အလုပ်ရှင် အသစ်နှင့် မနေလိုဟု အကြောင်းပြချက်ပေးသည်တဲ့။ အန်တီဆွိတို့လည်း အတော်အားလျော့သွားသည်။ ကိုယ်ဖွင့်မည့်ဆိုင်သည် သူတို့ အော်ဇီ အဖြူတွေဖက်ကကြည့်လျှင် ဆိုင်ပိုင်ရှင် အသစ်က အေရှန်းတွေ ၊ပြီးတော့ ... ရင်းနှီးပြီးသား အရင်လက်ဟောင်းလူ တစ်ယောက်မှမကျန်တော့၊ ဘယ်ရီစ်တာအသစ်၊ ချက်ဖ် အသစ်နှင့် အားလုံးအသစ်တွေ၊ ယခင်လက်ရာ မှီပါ့မလား။ အေရှန်တွေက ယခင်လို ဆက်ဆံရေး အဆင်ပြေပါ့မလား ... စဉ်းစားမည်။ အဆုံးစွန် အေရှန်ဆိုင် အားမပေးဆိုကာ နောက်ဆိုင် ပြောင်းသောက်တာမျိုးလဲ ဖြစ်နိုင်ပါသည်။

ကော်ဖီဆိုင် အနာဂတ် ဘာလဲ၊ ဘယ်လဲ ...
နောက်ပြီး ကော်ဖီဆိုင်ဖွင့်သူကလဲ တစ်ခါမှ အတွေ့အကြုံရှိသူမဟုတ်၊ ကော်ဖီမှာလို့မှ အော်ဇီဘာသာစကားကိုပင် ကောင်းကောင်းနားမလည်သော
 အေးရှန်းပိုင်ရှင်။ အစရှိသည်တို့ကိုတွေးကာ အန်တီဆွိမှာ ကြောက်လာပါသည်။ သတ္တိမရှိပါ။ မစွန့်စားရဲပါ။ ထို့အပြင် ကော်ဖီဆိုင်သည် မနက်၆နာရီဆိုင်ဖွင့်ဖို့ အရေး မနက်၅နာရီ အိပ်ရာက ထလာရမည်။ ဂျူဂျူလေးကို ကျောင်းကြိုကျောင်းပို့ child care ထားရမည့်တာဝန်၊ ဆိုင်မှာလည်း သန့်ရှင်းရေးကအစ အောက်ခြေသိမ်းလုပ်မှ ၀င်ငွေမရ၊ အတွေ့အကြုံသာ ရနိုင်သောအခြေအနေ ( ကော်ဖီဖျော် ၁၊ chef ၁ယောက် ငှါးပါက အလုပ်သမား စရိတ်ထောင်းကာ အမြတ်ကျန်ဖို့ မလွယ်ပါ)၊ ဆိုင်၏ တိုးတက်နိုင်မှုကို သံတယရှိလာသည့် အခြေအနေ၊ ကိုယ့်လက်ထဲရောက်မှ ဆိုင်က ဘယ်လိုအခြေအနေဖြစ်မည်လဲ ကြိုတင်မခန့်မှန်းနိုင်သည့် အချက်၊  ငွေတွေအရင်းအနှီးကြီးကြီးရင်းပြီးမှ ဆိုင် မအောင်မြင်၍ မဖွင့်လိုက ပြန်ရောင်းထွက်ဖို့ရာ ခက်သည့် အခြေအနေ`၊ နောက်ဆုံးရသည့်ဈေးနှင့် ရောင်းလိုက်ရမည့် အခြေအနေထိဖြစ်နိုင်ရာ အားလုံးကို  တွက်ချက်၊ ဆန်းစစ်ပြီး အန်တီဆွိမှာ ကိုကိုခြိမ့်ကို ဆိုင်ဖွင့်ဖို့ကိစ္စကို ပြန်စဉ်းစားကြရန် တိုင်ပင်ကြသည်။ ရင်းထားသည့် ငွေကြေးအတွက် အလွန် risk များလွန်းသည်ဟု တွက်မိကြသည်။

Risk မယူရဲတော့ ...
နောက်ဆုံးတော risk မယူရဲသည့် အန်တီဆွိလည်း သူငှေးဖြစ်မည့် ကံမပါလာတော့ ကော်ဖီဆိုင် ပိုင်ရှင်-အကူဘ၀မှ စိတ်ဒုံးဒုံးချကာ ကော်ဖီဆိုင်က ရသလောက် ငါအပြင်မှာရှာလည်း ရတာပဲ။. ငွေ တစ်သိန်းရင်းပြီးတော့ဖြင့် ဒီလောက်ငွေ ရှာဖို့မလိုဟု စိတ်ပိုင်းဖြတ်ကာ ကော်ဖီဆိုင်အလုပ် ဤတွင် ဓိဋ္ဌိတံလေသည်။ အပြင်တွင် ဘာအလုပ်လေးများ ရနိုင် လုပ်နိုင်မည်လဲ စုံစမ်းသည်။ ဒီကြားထဲ အလုပ်လျှောက်သည့် ၀က်ဘ်ဆိုက်ကလေးတွေ ၀င်ကြည့်ရင်း ကိုယ့်အလုပ်နှင့် တိုက်ရိုက်နီးပါးတူနေသည့် အလုပ်ကလေးများလည်း ကြုံသလို လှမ်းလျှောက်လိုက်သေးသည်။

 Interview again ...
အလုပ်ကလည်း လျှောက်သည်နှင့် အင်တာဗျူးခေါ်သည်ချည်းသာဖြစ်သည်။ ထိုနေ့ကလျှောက်သောအလုပ်သည် အေးဂျင့်နေရာမှာ အင်တာဗျူးသွားရမည်။ ကီလို ၃၀လောက်ဝေးသော မြို့လည်ခေါင်နေရာတစ်ခုဖြစ်သည်။ အင်တာဗျူးအတွက် စာတွေပြန်ဖတ်၊ ဘာသာစကားပြောအတွက် အနည်းငယ်ပြင်ဆင်၊ အ၀တ်အစားပြင်ဆင်နှင့် အလုပ်အတော်ရှုပ်သွားသည်။ အင်တာဗျူးမှာတော့ တော်တော်အားရပါသည်။  အင်တာဗျူးသည့်အေးဂျင့်ကလည်း သဘောကျပုံရသည်။ သူ့ကပ်စတန်မာဆီ CV ကို ပို့ပေးကာ နောက်ထပ် အင်တာဗျူး အတွက် စီစဉ်ပေးမည်ဆိုသည်။ ကိုကိုခြိမ့်တော့ အော်ဇီလိုနေရာမျိုးမှာ အလုပ်တစ်ခါလျှောက်တိုင်း အင်တာဗျူးရနေသော သူ့အမျိုးသမီးကို အံ့သြ၍သာနေပါသည်။

နိမ့်ကျသည့် ဘ၀ ...
အတိုခြုံးပြောရလျှင် အထက်ပါအေးဂျင့်ထံ စာရေးအကျိုးအကြောင်းမေးသော်လည်း CV ကို ပို့ထားသည်။ customer မှ အကြောင်းမပြန်သေးဆိုကာ ယနေ့အချိန်ထိ မည်သည့် ဆက်သွယ်မှုမှ ထပ်မရခဲ့ပါပေ။ အန်တီဆွိမှာကား စိတ်ဓာတ်က ပိုကျလာသည်။ ထစ်ကနဲရှိ ငါစကားပြောတာ အဆင်မပြေလို့လားဆိုကာ ကိုယ့်ကိုယ်ကို အထင်သေးကာ ဒီတစ်သက် ဒီအေးဂျင့်တွေနဲ့ ငါနဲ့တော့ ဒီအတိုင်းပြီးတော့မယ်နဲ့တူတယ်၊ အလုပ်ရဖို့တော့ လမ်းမမြင်ဘူး ... ဆိုကာ စိတ်ဓာတ်ကျကာ အင်ဂျင်နီယာအလုပ်သာမက တခြားဖြစ်နိုင်ချေ ဘာအလုပ်လေးများရနိုင်သေးလဲ ၀ပ်ဘ်ဆိုက်တွေထဲ ၀င်ကြည့်၊ သင့်တော်တာလေးတွေ့ ဖုန်းဆက်မေး။ ဟမ်မလေး အင်မတန် အောက်တန်း နောက်တန်းကျလှချေတကား။ စလုံးမှာနေစဉ်က ကိုယ်ကားကိုယ်မောင်းကာ ရာထူးမြင့်မြင့်၊ လစာမြင့်မြင့်ဖြင့် ကိုယ့်ဘော့စ်ကိုတောင် မကျေနပ်လျှင် ပြန်ဟောက်နိုင်သည့် အခြေအနေ၊  အိမ်မှာလဲ အကူနှင့်ကျော့နေအောင် နေရသောဘ၀မှ ဘာမဟုတ်သည့် အလုပ်ကလေး ရပါမည့်အကြောင်း ဖုန်းဆက်ခါ အောက်တန်းကျကျမေးနေရသည့် ဘ၀ရောက်နေပြီတကား။ အတော်လေး သံဝေဂ ရမိပါသည်။

စင်္ကာပူပြန်မည်လော ...
အန်တီဆွိ အလုပ်မျိုးသည် စင်္ကာပူမှာ အလွန်ပေါသည်။  အန်တီဆွိမှာ စင်္ကာပူ သံယျောဇဉ် မကုန်ရကား စင်္ကာပူမှ Jobsdb နှင့် Jobstreet တွေမှ job alert တွေ အပတ်စဉ်ဖတ်ကြည့်နေရာ တစ်ခါတရံ စင်္ကာပူ ပြန်ပြေး အလုပ်ရှာချင်စိတ်ပင် ပေါက်ပါသည်။ အနှီ ၁၀နှစ်ကျော် အတွေ့အကြုံနှင့် တော်ရုံလစာဖြင့်ရှာပါက အနည်းဆုံး တစ်လ-၂လအတွင်း အလုပ်သေချာပေါက် ရနိုင်ပါသည်။ သို့ပေမဲ့ ဂျူဂျူလေးပညာရေးက ဒီဖက်မှာ အတော်ကို အဆင်ပြေရာ သမီးငဲ့လို့  ဟိုဖက်ပြန်ပြောင်းဖို့ရာတော့ မဖြစ်နိုင်။ ဒီဖက်မှာပဲ ကြိုးစားအလုပ်ရှာရန်သာ အဖြေထွက်ပါသည်။

လာပြန်ပြီ အင်တာဗျူး ...
အန်တီဆွိသည် စိတ်ကလဲ အလွန်မြန်သည်။ စိတ်ကလဲကြီးသည်။ လိုချင်တာကို ခုချက်ချင်းလိုချင်သည်၊ ရချင်သည်။ အော်ဇီသည် စောနက ပြောသလို အလုပ်တစ်ခုရဖို့ ပုံမှန် ၆လ-၁နှစ်ကြာရာ ယခု ၂လလောက်လေးမှာ အလုပ်မရသည်ကို စိတ်ဓာတ်က ကျချင်သည်။ အလုပ်တွေကတော့ လျှောက်မြဲ။ ထိုနေ့က အေးဂျင့်တစ်ယောက်မှ ဖုန်းဆက်ခေါ်ပြန်သည်။ ဒီတစ်ခါတော့ အမျိုးသမီးဖြစ်သည်။ စစချင်း စကားပြောကြပြီး အမျိုးသမီးမှာ ကိုယ့်ရဲ့ အသံကိုကြားပြီးကထဲက မနှစ်မြိုမှန်း သိသာနေသည်။ ပြောနေရင်းဖြင့် medical product အတွေ့အကြုံရှိလားမေးရာ ကိုယ်က အမှန်အတိုင်း လုပ်သက် ၁၁နှစ်မှာ  နောက်ဆုံး ၂နှစ်လောက်ပဲ လုပ်ခဲ့သည်ပြောမိရာ သူတို့က medical product ကို ၈နှစ် နှင့်အထက် အတွေ့အကြုံရှိသူသာ လိုချင်ကြောင်းပြောကာ ဂွက်ကနဲဖုံးချသွားလေသတည်း။ အန်တီဆွိမှာတော့ ဒီအေးဂျင့်တွေနဲ့ အင်တာဗျုးနေသရွေ့ ငါတော့ ဒီတစ်သက် အလုပ်မှ ရပါတော့မလား။ ငါ့ ရဲ့ career ကို ဒီ language barrier ပြသနာလေးနဲ့ တစ်သက်လုံး စွန့်လွှတ်လိုက်ရတော့မှာလား၊ စိတ်ဓာတ်က ပိုကျလာသည်။

 အရင်က အိမ်ရှင်မ ဘ၀ဖြင့် စိတ်အေးလက်အေးနေရာကနေ ခုတော့ အလုပ်လုပ်ရမည် ဆိုကတည်းက ဘာအလုပ်လေးပဲရရ လုပ်ချင်လာသည်။ ခုချိန်မှာ မလုပ်လဲ နေဖြစ်ပေမဲ့ အလုပ်က ရှာလက်စဆိုတော့ အလုပ်လုပ်ချင်သည့် စိတ်မှာ တားမရတော့ပါ။ cashier ပဲဖြစ်ဖြစ်၊ waiter ပဲဖြစ်ဖြစ် ငွေအတွက်တစ်ခုတည်းမဟုတ်၊ ဘာဖြစ်ဖြစ်၊ ဘာအတွေ့အကြုံပဲရရ အလုပ်သာ လုပ်ချင်နေတော့သည်။ အင်ဂျင်နီယာ အလုပ်ကိုတော့ အတော် စိတ်ကုန်နေပါပြီ။

Casual အလုပ်ဆိုပြန်တော့လဲ ...
ကဲ ...အင်ဂျင်နီယာအလုပ်လို ဦးနှောက်ခြောက်စရာမလို၊ ပေါ့ပေါ့ပါးပါး casual ၊ part time ရရာ အလုပ်လုပ်မယ် ဆိုပြန်တော့လဲ အလုပ်တွေ အတော်များများဟာ သက်ဆိုင်ရာ certificate တွေ၊ ဒီပလိုမာ လက်မှတ်တွေ အပြင် အတွေ့အကြုံတဲ့ ခင်ဗျ။ အလုပ်တွေက ပေါပါရဲ့၊ လိုက်ကြည့်တော့ ဘာတစ်ခုမှ ကိုယ်နဲ့ အကြုံးမ၀င်သည့် အလုပ်များသာဖြစ်နေပါတော့သည်။ နောက်ပြီး ဒီမှာ အလုပ်တွေက net work ဆိုသည့် အသိမှတဆင့် အလုပ်ခေါ်တာတွေများသည်။ ပုံမှန်အတိုင်း လျှောက်သူ အလုပ်ရဖို့ အခွင့် အရေး အလွန်နည်းသည်။ အန်တီဆွိမှာ အဲဒီဖက်မှာတော့ မာနက အလွန်ကြီးသည်။ ဘယ်သူ့ကိုတော့ဖြင့် အလုပ်ကလေး ရပါမဲ့အကြောင်း အလုပ်ရှိရင် ပြောပါဆိုတာမျိုး အောက်ကျသည်၊ နိမ့်ကျသည်ထင်ကာ မည်သူ့ကိုမျှ မပြောခဲ့ဖူးပါ။ အလုပ်ရှာနေသည်ကိုပင် မသိစေခဲ့ပါ။

အင်ဂျင်နီယာအလုပ်ကတော့ စိတ်ပျက်ပေမဲ့ တိုက်ဆိုင်တာလေးများရှိလျှင် ပစ်မြဲ။ လျှောက်မြဲ။

e-bay မှ on line shop...
နောက်စဉ်းစားမိတာလေးတစ်ခုက အန်တီဆွိက လက်မှုအလုပ်လေးများ အလွန်ဝါသနာပါသည်။ အလွန်လဲ သင်လွယ် တတ်လွယ်သည် ထင်သည်။ အိမ်မှာ ယနေ့ခေတ်စားနေသည့် ခရစ်စတယ်၊ ဖန်စီ လည်ဆွဲ ပုတီးအလှလေးများ၊ လက်ကောက်ဆွဲကြိုးလေးများ စိတ်ကူးဥာဏ် ကွန့်မြူးနိုင်သမျှလုပ်ကာ အွန်လိုင်းမှာ ရောင်းရင်ကော။ အွန်လိုင်းမှာ ebay ဖြင့် business အောင်မြင်နေသူတွေ ဒုနဲ့ဒေး၊ ကိုယ်ဝါသနာပါရာ လက်မှုပညာလေးလဲ လုပ်ခွင့်ရမည်။ အိုးမကွာ အိမ်မကွာလဲ လုပ်နိုင်မည်။ Jewellery ရောင်းသည့် online shopping ဆိုင်လေးတွေ လိုက်ကြည့်တော့ ပြထားသည့် ပစ္စည်းတွေက ဈေးကမသေး။ ဖန်စီ ရောင်စုံလည်ဆွဲ တကုံးလျှင် လက်ရာ ကောင်းလျှင်၊ ဆိုင်နာမည်ရလာလျှင် ဒေါ်လာ ၃-၄ ဆယ် မှ ၁၀၀ အထိ ဈေးရကြသည်။ သူတို့ကတော့ နာမည်ကြီး branded ဆိုင်များတွင်ဖြစ်ပါသည်။ ထိုအွန်လိုင်းဆိုင်များကို အားကျကာ စိတ်ကူးယဉ်ပြန်ပါသည်။

online Jewellery ဆိုင် အကောင်အထည် စဖော်ပြီ ...
စိတ်မြန်သော အန်တီဆွိသည် နောက်တစ်နေ့ မနက်လင်းသည်နှင့် ဂျူဂျူလေးကို ကျောင်းပို့မှ အပြန် Jewellery beads များ၊  gems များရောင်းသောဆိုင်ကို ရှာကာ ကားတစ်စီးဖြင့် ကရိယာ တန်ဆာပလာများ၊ လိုအပ်သည်များကို သွားဝယ်ပါတော့သည်။ ကိုယ်ကလဲ အစကတည်းက ၀ါသနာပါရာ အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံး လက်ဖြစ် ပုတီးကုံးလေးလုပ်ကြည့်ကာ ကိုယ့်ဟာကို သဘောကျနေပါသည်။ ဇွဲနဘဲ ကြီးလှသော အန်တီဆွိသည် ဤအချိန်တွင် စိတ်က ပုတီးစေ့များ၊ ပုတီးကုံးများတွင်သာ စိတ်ရောက်နေပါသည်။  ထိုနေ့က ထမင်းဟင်းများလဲ မချက်နိုင်၊ ပုတီး ၂ကုံး အပြီးသတ်လို့ မိုးချုပ်မှ ကျန်တာတွေ ဆက်လုပ်နိုင်ပါသည်။ ကိုကိုခြိမ့်မှလဲ မနိုင်၍ သည်းခံနေရပါသည်။

အန်တီဆွိရဲ့ လက်ရာ
လာပြန်ပြီလား အင်တာဗျူး  ...
 နောက်နေ့ ပုတီးစေ့တွေ မလောက်၍ ဆိုင်တစ်ခေါက်သွားကာ ၀ယ်ရပြန်ပါသည်။ ဒီတစ်ခါတော့ နားဆွဲလေးတွေအတွက်ပါ လိုအပ်သည်များကို ၀ယ်ရန် လိုက်ရှာနေစဉ် အိပ်ထဲမှ တယ်လီဖုန်း မြည်လာသည်။ ကိုင်လိုက်တော့ အမျိုးသမီးအငယ်လေး တစ်ယောက်အသံ၊ အင်တာဗျူးအတွက် appointment လုပ်ခြင်းဖြစ်ပါသည်။ ဒီတစ်ခါတော့ သူ့ပြောသည်က ခါတိုင်းဖုန်းခေါ်သူများလို သိပ်မမြန်ပါ။ စကားပြောရတာ အဆင်ပြေပါသည်။ သို့ပေမဲ့ ကိုယ်က ဆိုင်ထဲမှာဆိုတော့ စိတ်ကလဲ ပုတီးစေ့များထံတွင်ရောက်နေရာ သူ့နဲ့ အတိုချုံးသာ ပြောပါသည်။ မနက်ဖြန် မနက် ၁၁ နာရီ အင်တာဗျူးလာရမည်။ လိပ်စာကို email တွင် ပို့ထားသည်ဆိုသည်။ အန်တီဆွိသည် တစ်ခါတစ်ရံ နားလည်ရ အလွန်ခက်သည်။ သူသည် ဤအလုပ်ကိုလည်း ရလိမ့်မည်ဟု မျှော်လင့်မထားသည်ဖြစ်ရကား ခပ်ပေါ့ပေါ့ပင် သဘောထားလေသည်။ အေးဂျင့်တွေနဲ့ ဗျူးပြီးရင် ပြုတ်မှာပဲ ဆိုကာ စိတ်က လျှော့ထားသည်။

တစ်နေကုန် ပုတီးသီ ...
ကိုကိုခြိမ့်သည် အန်တီဆွိကို multitask မရဟု အမြဲစွတ်စွဲသည်။ အလုပ်တစ်ခုဆို တစ်ခုသာ စူးစူးစိုက်စိုက်လုပ်တတ်သော အန်တီဆွိသည် နောက်နေ့အတွက် ချိန်းဆိုထားသော အင်တာဗျူးကို အရေးမှပင်မလုပ်။ တစ်နေကုန် ပုတီး၂ကုံးပြီးအောင် အသည်းအသန် သီနေလေသည်။ ပုတီးလေးများပြီးတော့ ညနေဖက် ဂျူဂျု့ကိုကြို၊ ညနေစာ ထမင်း၊ ဟင်းချက်ကာ ည မိုးချုပ်သွားသည်။ 

ညအိပ်ရာဝင်ခါနီးမှ ကမန်းကတမ်း အင်တာဗျူးခေါ်ထားသည့် email လေးကို ၀င်ဖတ်ဖို့ သတိရသည်။  ဒီတစ်ခါအင်တာဗျူးက ထူးဆန်းသည်။ ယခင်လို အေးဂျင့်ကုမဏီက ဟုတ်ဟန်မတူ၊ ကုမ္ပဏီနာမည်ကိုယ်တိုင်က production လုပ်သည့် ကုမ္ပဏီ။ technical ပိုင်းဆိုင်ရာ တစ်ခါတည်း ဗျူးရတော့မည်ထင်သည်။

 "ဟမ်မလေး..."  တကယ်တမ်း မနက်ဖြန်အင်တာဗျူး ဖြေရမည်ဆိုမှ နဲနဲ ကြောက်လာသည်။ သူမေးတာတွေ မဖြေနိုင်ရင်ဒုက္ခ၊ ရှက်ဖွယ်တွေ ဖြစ်တော့မည်။ မဖြစ်သေးပါဘူး လုပ်ဖူးတာလေးတွေ နဲနဲတီးမိ ခေါက်မိ သတိရအောင်၊ အလုပ်မလုပ်ခဲ့တာ တစ်နှစ်ကျော်ဆိုတော့ technical terms အချို့က မေ့နေတတ်ရာ လုပ်သက် ၁၀နှစ်ကျော်ဆိုပြီး ဒါလေးမှ ပြန်မပြောနိုင်လျှင် ရှက်ဖွယ်ဖြစ်မည် ဆိုကာ စာအနည်းငယ်ပြန်ဖတ်သည်။ တကယ့်မှ အနည်းငယ်။ ဖုတ်ပူမီးတိုက်နိုင်လှသည်။  နောက်တော့ personnel ဆိုင်ရာမေးခွန်းလေးတွေ၊ အင်တာဗျူးမှာ မေးနေကျ ဘာအားနည်းချက်ရှိလည်း၊ ဘာအားသာချက်ရှိလည်း အစရှိသည်တို့ ရေးထားတာလေးတွေ ပြန်ဖတ်နေသည်။

မနက်ကျ ကိုကိုခြိမ့်ကို ပြောသည်မှာ "ဆွိလေး အင်တာဗျူးတွေကို အရမ်း ပရက်ရှာ မထားချင်ဘူး။ ရရင်လဲရ၊ မရရင်လဲနေ ပေါ့ပေါ့ပါးပါးပဲ.။ အနည်းဆုံး အတွေ့အကြုံတော့ရတယ်ဆိုပြီးပဲ သွားတာနော်။ ဘာမှလဲ သေချာပြန်မဖတ်ထားဘူး"ဟု အိမ်ကမထွက်ခင်လေး ပြောလိုက်သေးသည်။ ပရက်ရှာတွေ လျော့လို လျော့ငြား။

(အပိုင်း (၃) ဆက်ပါမည်။)
အနောနိမတ်စ်တွေ အန်တီဆွိကို ကွန့်မန့်ပေးရင်  nick name ပဲဖြစ်ဖြစ်အောက်က နာမည်လေးတွေ ရေးပေးပါနော် ... ဘာရယ်မဟုတ် လာအားပေးတဲ့ ပိတ်သတ်ကို နာမည်လေးတွေ မှတ်ထားချင်လို့ပါ။ ကျေးဇူးပါနော်။

Thursday, June 7, 2012

ကားလေးနီနီ အမေမောင်းလို့ ...

ဆွမ်းအုပ်နီနီ အမေရွက်လို့

နက်ဖြန်မနက် ကျောင်းတက်မယ်

မောင်လည်းလိုက်မယ် ချန်မထားနဲ့

အမေသွားတော့ ပျင်းလှတယ်

ကျောင်းကြီးပေါ်မှာ မောင်မဆော့နဲ့

ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်

မောင်မဆော့ပေါင် စိတ်ပုတီးနဲ့

ဘုန်းတော်ကြီးလို နေပါ့မယ်

လိုက်မယ် လိုက်မယ်...

မြန်မာလူမျိုးတိုင်း ကြားဖူးတဲ့ သိပ်ချစ်စရာကောင်းတဲ့ ကဗျာလေးပါ။ ဒီပို့စ်လေး ရေးမယ်ဆိုတော့ နားထဲမှာ အဲဒီကဗျာလေးပဲ ကြားယောင်နေမိတယ်။ သူ့အမေ ဘုန်းကြီးကျောင်းသွားတော့ အဖော်လိုက်သွားချင်တဲ့ ခလေးတစ်ယောက်အကြောင်း  မြန်မာ့ရိုးရာကဗျာလေးပေါ့။ ဆရာကြီးမင်းသုဝဏ်ရေးခဲ့တာပါ။ အန်တီဆွိတော့ ဒီကဗျာလေး ဖတ်မိတော့ ဘာကို လွမ်းလို့ လွမ်းရမှန်းမသိ လွမ်းပါရဲ့ ...  လွမ်းမိပါရဲ့။   ။

 အန်တီဆွိတို့ ငယ်ငယ်ကလည်း ၀ါတွင်းဆို အဘွား ဥပုသ်စောင့်တာ လိုက်လိုက်သွားလေ့ရှိတယ်။ ဘုရားတရား နားလည်လို့ရယ် မဟုတ်ဘူး။ အဖွားနဲ့အဖော်ရအောင် အပျော်ပေါ့။ ဘုန်းကြီးကျောင်းကလဲ လမ်းလျှောက်သွားရတာ အဝေးကြီး။ မင်္ဂလာဒုံလေယာဉ်ကွင်းလောက်ကနေ မြောက်ဥက္ကလာ မေဓာဝီဖက်ကို လယ်ကွင်းတွေ၊ မြက်ခင်းတွေဖြတ်ပြီး ဖြတ်လမ်းကနေ သွားရတာ။  တခြား အပျော်အပါးလဲ သိပ်မရှိတော့ အဘွားနဲ့ ဥပုသ်စောင့်လိုက်ရတာကိုပဲ အတော်ပျော်စရာကောင်းနေပြီကိုး။

 ကျောင်းရောက်တော့ရော ဘုန်းဘုန်းကြီးရှေ့က တိုင်ပေးတာတွေ လိုက်ဆို၊ တခါတစ်လေလဲ တလွဲတွေဆို၊ တရားဟောတာတွေလဲ နားလည်လှတယ်မရှိဘူး။ စိတ်လဲ ၀င်စားတာ မဟုတ်လှဘူး။ စိတ်ဝင်စားတာက ဘုန်းဘုန်းတရားဟောပြီးရင် ဥပုသ်သည်တွေ အိမ်ကပါလာတဲ့ ထမင်းချိုင့်လေးတွေ ထုတ်ပြီးစားကြတာဆိုတော့ တရားမပြီးသေးဘူး ဗိုက်ကဆာလှပြီ။ တဂွီဂွီနဲ့ ဆန္ဒပြနေပြီလေ။ ပြီးခါနီးမှ ဘုန်းဘုန်းက ရေစက်ချ အမျှဝေ ရှည်နေရင်လည်း ဘုန်းဘုန်းတရားကလဲ ရှည်လိုက်တာနော် ... ပြီးကို မပြီးနိုင်ဘူးဆို စိတ်ကထင်သေး။ ဥပုသ်သည်တွေက အစားအသောက်တွေကို အိမ်ကနေ ဘုန်းကြီးဆွမ်းပွဲအတွက်ပါ ချက်လာကြတော့ ဟင်းတွေက ရှယ်ပဲကိုး။ လူကလဲစုံတော့ ဟင်းကလဲ အစုံပဲ။ အဲဒီအချိန်ကတည်းက ဘုန်းကြီးကျောင်းမှာ စားခဲ့ဖူးတဲ့ ထမင်းဝိုင်းကို အမှတ်တရဖြစ်ခဲ့တာ။ ပြောရင်းနဲ့ ဘုန်းကြီးကျောင်းကနေ အစားအသောက်ဖက်ရောက်သွားပြန်ပြီ။ ပြန်လှည့်မှ။

အိမ်ရောက်တော့ရော ဘုန်းကြီးတိုင်သမျှ လိုက်ဆိုထားတော့ အဘွားက ငါ့မြေး ဥပုသ်ရတယ်ပြောတယ်။ ဥပုသ်သည်ဆိုတာ ငြိမ်ငြိမ်နေရတယ်။ မဆော့ရဘူး။ ညနေစာ မစားရဘူးပြောတယ်။ ခလေးဆိုတော့ ဘယ်အငြိမ်နေမလဲ။ ခဏနေတော့ အဘွားပြောတာမေ့ပြီး ကက်ဆက်ကြီးဖွင့် မေဆွိသီချင်း လိုက်အော်ဆိုတော့တာပဲ။ ဟဲ့ ကောင်မလေး ဥပုသ်သည်က သီချင်းမဆိုရဘူး၊ မ က ရဘူးဆိုမှ ဇက်ကလေးပုပြီး ငြိမ်သွားတယ်။ ဒါတောင် အဘွားမကြားအောင် တိုးတိုးတော့ လိုက်ညည်းနေသေးတာ။ သီချင်းသံကြားရရင် လိုက်မဆိုပဲ မနေနိုင်ဘူးကိုး။

အန်တီဆွိတို့ ငယ်ငယ်က ဘုရားတရား၊ ဘုန်းကြီးကျောင်းနဲ့ နီးစပ်ခဲ့ပုံလေးကို ပြန်ပြီးဖောက်သည်ချရတာပါ။ ကိုယ်တွေက မိရိုးဖလာ ဗုဒ္ဓဘာသာတွေဆိုတော့ ဘုရားတရား သေချာနားမလည်သော်ငြားလည်း ဘုရားသွား၊ ကျောင်းတက်ကလေးတော့ ငယ်ငယ်ကတည်းက အကျင့်ရှိခဲ့တယ်။ ငါးပါးသီလလို အခြေခံ ကိုယ်ကျင့်သီလ ဘုရားတရား ဆုံးမမှု အောက်မှာ ရှိခဲ့တယ်။ ခလေးကဗျာ မင်္ဂလသုတ်လေးတွေ ဖတ်ရင်းနဲ့လဲ ကောင်း၏ ဆိုး၏၊ တော်၏ မတော်၏ စဉ်းစားတတ်လာတယ်။ အနည်းဆုံး  အိမ်မှာ ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေ ရှိခိုးရင်း ဆွမ်းလောင်းရင်းနဲ့တောင် အနည်းဆုံး မိရိုးဖလာ ဗုဒ္ဓဘာသာကိုတော့ နီးနီးစပ်စပ် တီးမိ၊ ခေါက်မိ ရှိကြပါတယ်။

ခုနိုင်ငံရပ်ခြားမှာ နေရတဲ့ခလေးတွေကျတော့ ဘုရား၊ တရား ဘုန်းကြီးကျောင်း အစရှိသည်တို့နဲ့ နီးစပ်ဖို့ရာ သိပ်တော့ မလွယ်လှဘူး။ စင်္ကာပူမှာတုံးကဆိုရင် ၂ယောက်လုံး အလုပ်လုပ်တော့ ကိုယ်တွေလဲ အလုပ်က ဖိအားများတာရော၊ ခလေးကိုယ်၌ကလည်း တရုတ်စာတွေ ကျူရှင်တွေနဲ့ လုံးလည်လိုက်နေတာရော စနေတနင်္ဂနွေဆိုလည်း အားရတယ်မရှိတော့ ဘုန်းကြီးကျောင်းဆို သိပ်မရောက်ဖြစ်ကြဘူး။ သင်္ကြန်ပွဲတို့၊ သူငယ်ချင်းတွေ အလှူလုပ်တဲ့ပွဲတို့မှပဲ ရောက်ဖြစ်တော့တယ်။ မဆွိတီတို့ အိမ်အောက်ထပ်က အသိမြန်မာ မိသားစုကတော့ တော်ရှာပါတယ်။ သူတို့ သားလေးနဲ့သမီး တရှဉ်းကို တနင်္ဂနွေနေ့တိုင်း တိုပါးရိုးဘုန်းကြီးကျောင်းကို ပို့ပေး မြန်မာစာ၊ ဘုရားစာတွေ သင်ပေးတယ်။ သူတို့လဲ အဲဒီနေ့ဆို တမိသားစုလုံး. ကားတစ်စီးနဲ့ မိုးလင်းကထဲက ကျူရှင်တွေပတ်ပို့ပေး၊ ပြီးတော့ ဘုန်းကြီးကျောင်းပို့ ညနေမိုးချုပ် ၇နာရီ ၊ ၈ နာရီမှ အိမ်ပြန်ရောက်တော့တယ်။ တော်တော်လဲ အပင်ပမ်း ခံနိုင်ကြတယ်။
ကြေးစည်ကြီးနဲ့ မဂျူဂျူးပါခင်ည

အန်တီဆွိတို့လဲ ဒီဖက်ရောက်တော့ ကိုယ်လဲ အလုပ်မလုပ်တော့ အလုပ်ဖိအားလဲ အတော်လျော့သွားတယ်။ ခလေးကျောင်းကလဲ စနေဆို ဘာမှ အိမ်စာတောင် မပေးလိုက်တော့ သမီးကို အနည်းဆုံး မိရိုးဖလာ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်နဲ့ နီးစပ်အောင်ဆို စနေနေ့တိုင်း ညနေ ၄နာရီလောက်ကနေ ၆နာရီလောက်အထိ ဘုန်းကြီးကျောင်းကို လိုက်ပို့ပေးတယ်။  အမှန်က အန်တီဆွိတို့ ဒီရောက်တော့ ပေါင်းမိတဲ့ သူငယ်ချင်း အဖွဲ့တွေက သူတို့ခလေးတွေကို အစကတည်းက အဲဒီ Saturday school လေးကို အမြဲသွားပို့နေကျပါ။ ဘုန်းကြီးကျောင်းက Smith field မှာရှိတဲ့ " ပဏ္ဍိတရာမ ဆိုတဲ့ ကျောင်းလေးပါ။ ကျောင်းလိပ်စာကတော့
70 Market Street
Smithfield NSW 2164
Sydney, Australia

Phone: +61 02 9729 2343
Email: pannathami@panditaramasydney.org
web:  http://www.panditaramasydney.org/

ဘုန်းဘုန်းရဲ့ တပြည့်ကျော်များ တရားထိုင်နေဟန် ...
 ကျောင်းထိုင်ဘုန်းကြီးနဲ့ လက်ထောက် ဘုန်းဘုန်း၂ပါး ရှိပြီး ဘုန်းဘုန်းလေးက ခလေးတွေ အတွက် ဘုရားစာ သင်ပေးတာတို့၊ ခလေးတွေ လိမ္မာရေးခြားရှိစေဖို့ မြန်မာ့ယဉ်ကျေးမှုနဲ့ နီးစပ်အောင် သင်ကြားပေးတာတို့ ၊ ခလေးတွေ တရားထိုင်တာ ခုချိန်ကတည်းက အကျင့်ရအောင် ၁၀မိနစ် ၁၅မိနစ်ခန့် တရားထိုင်တာတို့ကို လေ့ကျင့်သင်ကြားပေးနေပါတယ်။ ခုဆို ဘုန်းဘုန်းလေးမှာ ပုံမှန် ကျောင်းသား ကျောင်းသူ ၁၅ယောက်-အယောက်၂၀ခန့် ရှိနေပါပြီ။ ဘုန်းဘုန်း တရားကျောင်းပြီးရင်တော့ ခလေးတွေ အခန်းတစ်ခုထဲဝင်င်္ပြီး ဆော့ကြပါတော့တယ်။

ဘုန်းဘုန်းလေးနဲ့ သူ့တပည့်တွေ ...

ဘုန်းကြီးကျောင်းမှာ ခလေးတွေကလဲ ဗမာအချင်းချင်းတွေ့ရ ဆော့ရတော့ အလွန်ပျော်ကြတယ်။ ဘုန်းဘုန်းလေးကလဲ သဘောကောင်းတော့ ခလေးတွေ ဘုရားစာသင်ရတာ ပျော်ကြတယ်။ ဂျူဂျူတို့ကတော့ စနေနေ့ရောက်တိုင်း မေမေဒီနေ့ဘုန်းကြီးကျောင်းသွားမယ်နော်ဆို သတိပေးတော့တာပဲ။ ခလေးတွေတင်မက လူကြီးတွေလဲ အဲဒီကျမှ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းတွေ့ရတော့ စကားစမြည်ပြောကြ၊ နိုင်ငံရေး စီးပွားရေး၊ အလုပ်အကိုင် စကားဖလှယ်ကြ၊ သူငယ်ချင်းအပေါင်းအသင်း စကြ နောက်ကြပေါ့။ တစ်ခါတစ်လေလဲ နောက်နေ့ဈေးရောင်းပွဲအတွက် ကူညီညာချက်ပြုတ်ရင်း၊ ကူညီသူတွေအတွက် ဗမာစာတစ်ခုခု ချက်စားကြနဲ့ ပျော်စရာကြီးပါ။


ဈေးရောင်းပွဲ ဖိတ်စာများ စာတိုက်မှ ပို့ရန် ပြင်ဆင် လုပ်အားပေး
 ခုတော့ အဲလို စကားတွေများတာ၊  အသာရပ်ပြီး ၂ပတ်တစ်ခါ လူကြီးတွေလဲ တရားထိုင်ရတော့မယ်တဲ့ဗျာ။ လောလောဆယ် အစပျိုးတဲ့ အနေနဲ့ ၄၅မိနစ် တရားထိုင်ကြရမယ်တဲ့။ ဘုရားတရားနဲ့ သိပ်မနီးစပ်တဲ့ အန်တီဆွိတို့ အတွက်တော့ ဘုရားတရားလုပ်ဖို့ အခွင့် အရေးတစ်ရပ် ရတော့ မယ်ဆိုတော့ ၀မ်းသာစရာပါပဲ။ ဘုန်းဘုန်းကြီးက တရားထိုင်သူတွေကို တရားလဲ ပေးပါမယ်တဲ့ ပြောပါတယ်။ စနေနေ့ တပတ်ခြားတိုင်း ညနေ ၅နာရီကနေ ၆နာရီအထိဖြစ်ပါတယ်။ တရားထိုင်မဲ့  နေ့တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
 June 16 ,June 23,July 14, July 28,August 11,August 25,September8,September 22

ဒါ့အပြင် ဘုန်းကြီးကျောင်းမှာ ရံဖန်ရံခါဆိုသလိုပဲ ကဆုန်လပြည့်နေ့လို နေ့ကြီးရက်ကြီးတွေမှာ ဓမ္မစင်္ကြာရွတ်တာတို့ ၊ ပရိတ်၊ ပဌာန်း စုပေါင်းရွတ်ဆိုပွဲများလည်း လုပ်ပေးပါသေးတယ်။

စုပေါင်းဓမ္မစင်္ကြာရွတ်ဆိုပွဲ
ဟော... ,,, ဒီလိုလဲ လုပ်အားပေးကုသိုလ်ယူနိုင်ပါသေးတယ်ခင်ည။
ဘလောဂါ ကိုအန်ဒီတို့မိသားစုလဲ အပတ်စဉ်လာပါတယ်။ ထူးထူးလေး မွေးနေ့ ဘုန်းကြီးကျောင်းက သူငယ်ချင်းတွေနဲ့ အတူ။

ဘုန်းကြီးကျောင်းရံပုံငွေအတွက် တစ်လတစ်ခါ ဈေးရောင်းပွဲလေးလဲ လုပ်ပေးပါသေးတယ်။ ဈေးရောင်းပွဲကိုတော့ ဟိုတစ်ခါ ပို့စ်တစ်ခုမှာ တင်ပေးဖူးပါတယ်။ လစဉ် လတစ်လရဲ့ ပထမဆုံး တနင်္ဂနွေနေ့တွေမှာ မြန်မာရိုးရာအစားအစာတွေဖြစ်တဲ့ မုန့်ဟင်းခါး၊ အသုတ်စုံ၊ ရှမ်းခေါက်ဆွဲ ၊ အကြော်စုံအစရှိသဖြင့် ရောင်းချပေးပြီး ရတဲ့ အမြတ်ကို ဘုန်းကြီးကျောင်းကို လှူဒါန်းကြပါတယ်။ ဈေးရောင်းပွဲကိုတော့ ဘုန်းကြီးကျောင်းမှာ နေရာမဆန့်လို့ အောက်က လိပ်စာမှာ ကျင်းပပါတယ်။
Villawood Senior Citizen Hall, 
Villawood Road, 
Villawood NSW 2163
လစဉ်ဈေးရောင်းပွဲ အစီအစဉ်တွေ အစားအသောက်စာရင်းတွေကိုတော့  အောက်က facebook link တွေကို ကလစ်ပြီး ကြည့်နိုင်ပါတယ်။ ဈေးရောင်းပွဲမတိုင်မီ တစ်ပတ်အလိုမှာ update လုပ်ပေးပါမယ်။ ဘုန်းကြီးကျောင်းမှာ လိပ်စာပေးထားရင် လစဉ် အစီအစဉ်တွေကို အိမ်ကို စာပို့ပေးပါတယ်။ email လဲ ပို့ပေးပါတယ်။
Panditarama Sydney Meditation Centre

အစားအသောက် လက်ရာတွေကလဲ တကယ့်စပယ်ရှယ် လက်ရွေးစဉ်တွေမှို့ တစ်ခေါက်လောက်သွားပြီးရင် နောက်တစ်ခေါက်မသွားရပဲ မနေနိုင်ပါဘူး။ ဆစ်ဒနီလိုနေရာမျိုးမှာ ဒီလို မြန်မာလက်ရာ စစ်စစ်၊ လက်ရာကောင်းကောင်းတွေ စားရမယ်လို့ လုံးဝမမျှော်လင့်ထားတော့ အတော်ကို အံ့သြမိပါတယ်။ သွားမယ်ဆို မနက် ၁၁နာရီလောက်အရောက် စောစောလာရင် အတော်ပါပဲ။ နောက်ကျရင်တော့ ကိုယ်စားချင်တာ အစုံမစားရဘူးပေါ့ဗျာ။ အဲဒီငွေတွေကို ဘုန်းကြီးကျောင်းအတွက် လှူတာဆိုတော့ ကုသိုလ်လည်းရ ၀မ်းလည်းဝတယ်ဆိုတာ တကယ်ပါပဲ။ ကိုယ်တိုင် ချက်ပြုတ်ပြီး ရောင်းချင်သူ၊ လှူဒါန်းချင်သူများအတွက် ဖုန်းနံပတ်    61- 02 9729 2343   ကို ဆက်ပြီး ဘုန်းဘုန်းကို လျှောက်ထားနိုင်ပါတယ်။
ဈေးရောင်းပွဲ မြင်ကွင်း
အန်တီပြုံးရဲ့ နာမည်ကြော် အသုတ်စုံ

လွန်ခဲ့တဲ့ ၂ပတ်လောက်ကပဲ ကျောင်းထိုင် ဘုန်းဘုန်းကြီးက နိုင်ငံတကာလှည့် တရားဟောနေရာကနေ ဆစ်ဒနီဘုန်းကြီးကျောင်းကို ပြန်ကြွလာလို့ ဒကာ၊ ဒကာယမတွေက ဘုန်းဘုန်းကြီးကို ကြိုဆိုတဲ့ အနေနဲ့ စုပေါင်းဆွမ်းလှူဒါန်းခဲ့ကြပါသေးတယ်။ ဒီလိုဆစ်ဒနီမြို့မှာ ဒီလောက် ဘုရားတရားကိုင်းရှိုင်းသူတွေ ရှိပါသေးလားဆိုတာ အဲဒီနေ့က ဘုန်းဘုန်းဆွမ်းပွဲကိုပဲ ကြည့်ကြပါတော့။ စုပေါင်းဆွမ်းလှူဒါန်းပွဲမှာ ပါဝင်သူတွေကိုလဲ ဘုန်းကြီးပွဲအပြီးမှာ ကျွေးမွေးတော့ မြန်မာဟင်းတွေကလဲစုံ၊ အချိုပွဲတွေနဲ့ တကယ့်ကို မြန်မာပြည်က အလှူကြီးရောက်နေတဲ့ အတိုင်းပါပဲ။
စုပေါင်းဆွမ်းကျွေးအလှူ

 လာမည့်အပတ် စနေနေ့ (9th June) မှာလည်း ဘုန်းဘုန်းကြီးမွေးနေ့ စုပေါင်းဆွမ်းလှူဒါန်းပွဲကို  Villawood Senior Citizen Hall မှာ ကျင်းပမှာဖြစ်ပါတယ်။ အပေါ်က ဈေးရောင်းပွဲလိပ်စာအတိုင်းပါပဲ။ အိမ်ကနေ တစ်အိမ် တစ်ခွက် ချက်လာတဲ့ ဆွမ်းဟင်း၊ ထမင်းများနဲ့ ဆက်ကပ်မှာ ဖြစ်ပါတယ်။ မနက် ၁၀နာရီလောက် စပါမယ်။


နောက်ဆုံးအနေနဲ့ အန်တီဆွိက ပြောချင်တာကတော့ ဆစ်ဒနီမှာနေကြတဲ့ ပိတ်သတ်တွေ ကိုယ့်ရဲ့ သားသမီးလေးတွေ မိရိုးဖလာ ဗုဒ္ဓဘာသာနှင့်နီးစပ်နိုင်ဖို့၊ ဘာသာတရားရဲ့ အဆုံးအမကို ခံယူဖို့၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှူတွေကို လေ့ကျင့်သင်ကြားပေးရာ၊ ဗမာခလေးအချင်းချင်း ရင်းနှီးမိတ်ဆွေ ဖြစ်ဖို့ရာ  ဘုန်းကြီးကျောင်းကတော့ ရှိနေပါပြီ။ ဟိုးကဗျာထဲကလို ဆွမ်းအုပ်နီနီ အမေရွက်လို့ သွားရမဲ့ခေတ်မဟုတ်တော့ပေမဲ့ ကားလေးနီနီ အမေမောင်းလို့ မိမိတို့ရဲ့ ရင်သွေးလေးများကို ကျောင်းလိုက်ပို့နိုင်ကြပါပြီလို့ အန်တီဆွိမှ သာသနာ အကျိုးမျှော်လို့ နှိုးဆော်လိုက်ရပါသည်ခင်ညား။   ။