Hokkien Prawn Mee ကို အိမ်မှာကြော်စားတာ ခဏခဏ ရှိနေလို့ ချက်နည်းက အလွတ်ရနေပါပြီ။ ဒါပေမဲ့ ချက်နည်းကိုတော့ တစ် ခါမှ မရေးဖူး၊ မရှယ်ဖူးသေးပါဘူး။ ဘာလို့လဲဆိုတော့ အန်တီဆွိ ရေးတာတွေဟာ မြန်မာလူမျိုး အများစု အတွက်ပဲ ရည်ရွယ်တာဆိုတော့ local က မြန်မာတွေက ဒီတရုတ်စာကို ကြားတောင် မကြားဖူးပါဘူး၊ စင်္ကာပူမှာ နေဖူးတဲ့ ဗမာတွေသာ ကောင်းကောင်းသိကြ စားဖူးကြမှာမှို့ လူကြိုက်နည်းတဲ့ အစာဆိုပြီး မရေးဖြစ်တာပါ။ ဒါပေမဲ့ အဲဒါလေး ဒီနေ့ချက်ပြီး ပုံလေး Face book မှာ တင်လိုက်တော့ တောင်းဆိုသူတွေ ရှိနေလို့ ချက်နည်းလေး ရှယ်ပေးလိုက်ပါတယ်။
Hokkien Prawn Mee ကို ပထမဆုံး စ စားဖူးတော့ အနံ့သင်းသင်းလေးနဲ့ အနှစ်ကလေးကလဲ အဖြူရောင် ပျစ်ပျစ်လေးဆိုတော့ အုန်းနို့နဲ့ ချက်ထားတာလို့ ထင်လိုက်တာ။ တကယ်တော့ ပုဇွန်က အချိုရည် (prawn broth) နဲ့ နန်းလတ် ခေါက်ဆွဲဖတ်က ထွက်တဲ့ အဖြူုရောင်အရည်နဲ့ ရောသွားတော့ အုန့်နိူ့လို ခပ်ပျစ်ပျစ်လေးဖြစ်သွားတာပါ။ အဓိက အချိုရည်က ပုဇွန် ခွံတွေ၊ ခေါင်းတွေက ပြုတ်ပြီးရတဲ့ အရည်ကနေ ယူတာဆိုတာ နောက်မှ သိရပါတယ်။
လူ ၃-၄ ယောက်စာ အတွက် လိုအပ်သော ပစ္စည်းများ
ပုဇွန် အကောင်ကြီးကြီး ၁၀ ကောင်ခန့် (သို့) 400 gram (Tiger prawn ဆို ပိုကောင်းပါတယ် )
ဝက်သား သုံးထပ်သား 300 gm (အတုံး ကြီးကြီး ၃တုံးခန့် တုံးပြီး ဆားနဲ့နယ်ထားပါ)
ဝက်ဆီဖတ် 200 gm, အတုံးသေးသေးလေးတွေတုံးပြီး ကြွပ်နေအောင် ကြော်ထားပါ။ ဆီကိုလည်း ကြော်ရအောင် သိမ်းထားပါ
Squid 250 gm, သန့်စင်ပြီး အကွင်းလိုက်လေးတွေ လှီးထားပါ။
Fish cake အပြား ၃ခုခန့် - ပါးပါးလေးတွေ လှီးထားပါ။
ပဲပင်ပေါက် အထုတ် တစ်ဝက်ခန့်
Chives တစ်စည်း ၂လက်မခန့် ရှည်ရှည်လေးတွေ ဖြတ်ထားပါ။
သံပယိုသီး (သို့) သံပုရာသီး တစ်ခြမ်း ၄စိတ်စိတ်ထားပါ။
(သံပုရာသီးအစား Calamansi သီးလေးတွေရရင် ပိုကောင်းပါတယ်။)
Hokkien mee ( ဂျုံခေါက်ဆွဲ အဝါ) 500 gm
နန်းလတ် ( ဆန်ခေါက်ဆွဲ) 300 gm
ကြက်ဥ ၃ လုံး
ကြက်သွန်ဖြူ ၅ မွှာခန့် နှုတ်နှုတ် စင်းထားပါ။
ငါးငံပြာရည် သင့်သလို
ကြက်သားမှုန့်
Singlong တံဆိပ် Sambal Chilli Prawn မလေးရှား ငပိ အစပ်ကြော်

ပထမဆုံး ပုဇွန်တွေကို အမြီးပိုင်းထိပ် အခွံလေးပဲ ကျန်အောင် အခွံခွာသန့်စင်ပြီး ခေါင်းတွေရော အခွံတွေရော ရောပြီး အိုးတစ်လုံးထဲ ရေထည့် ရေမြုတ်အောင်ပြုတ်ပါ။ ဟင်းချိုရည် 300 ml ခန့်ရအောင် မိနစ် ၂၀ ခန့် ပြုတ်ပါ။ ဝက်သားတုံးတွေကိုလည်း ထည့်ပြုတ်ပါ၊ ပြီးရင် အရည်ကို စစ်ပြီး ခွက်တစ်ခုနဲ့ ဖယ်ထားပါ။ ဝက်သားပြုတ်တွေကို ပါးပါးလှီးထားပါ။
အပေါ်ကပြောတဲ့ အတိုင်း Ingredient တွေအားလုံး အဆင်သင့်ဖြစ်ရင် စ ကြော်ပါတော့မယ်။
တရုတ်ဆိုင်က ဆီ၀နေတဲ့ ဒယ်အိုး သို့ non sticker ဒယ်အိုး ခပ်ကြီးကြီး ထဲကို စောနက ဝက်ဆီဖတ်ကြော်ထားတဲ့ ဆီ Table spoon ၅ ဇွန်းခန့် ကိုထည့် ပထမဆုံး ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာ ကြော်လိုက်ပါ။ မီးကို အပြင်းဆုံးမှာ ထားပါ။
မွှေးလာရင် ပုဇွန်နဲ့ squid ထည့်ကြော်ပါ။
အားလုံး မွှေးလာရင် ကြော်ထားတာတွေ ဘေးပတ်ပတ်လည်ကို အသာပို့ပြီး အလယ်ခေါင် ဆီစုနေတဲ့နေရာမှာ ကြက်ဥ ၃လုံးဖောက်ိထည့်ပြီး ကြော်ပါ။ ကြက်ဥတွေ အနည်းငယ်ကြေသွားအောင် မွှေပေးပါ။
ကြက်ဥကြော်တာ ကျက်ရင် ဘေးက အသားတွေနဲ့ ရောမွှေလို့ရပါပြီ။
ခဏ မွှေပြီးရင် ဝက်သားပြုတ်ထားတာနဲ့ fish cake လှီးထားတာတွေကို ထည့်ကြော်ပါ။ ပြီးရင် ပဲပင်ပေါက်၊ ခေါက်ဆွဲ အဝါ၊ အဖြူ အားလုံးထည့်ကြော်ပါ။
ငါး ငံပြာရည်၊ ကြက်သားမှုန့် သင့်သလို ထည့်ပါ။
အောက်က နဲနဲ ကပ်လာပြီဆို ပုဇွန်ပြုတ်ရည် ၃- ၄ဇွန်းလောက် ထည့်ပြီး အသာလေး မွှေပေးပါ။
အဲလိုပဲ ပုဇွန်ပြုတ်ရည်နဲနဲချင်းထည့်ကာ ခေါက်ဆွဲတွေ ပျော့လာ အိလာရင် ဝက်ဆီဖတ်ကြော်ထည့်၊ Chives လေးတွေထည့်ကြော် အရည် ရွှဲရွှဲလေးနဲ့ အပေါ့ အငံမြည်းကာ ချလို့ရပါပြီ။
ပွဲပြင်ဖို့ကတော့ ပန်းကန်ပြားထဲ ကို ပူပူနွေးနွေး ခေါက်ဆွဲကြော်ကို ထည့် ဘေးက သံပုရာသီး တစ်စိတ်နဲ့ ငပိအကြေ အစပ်ကြော် လေး ဘေးက ပုံလိုက်ရင် စားလို့ရပါပြီ။ အလွန် အနံ့ အရသာနှင့် ပြည့်စုံသော Hokkien Prawn Mee ဖြစ်ပါတယ်။ အာဂ ပါးစပ် လူဖြစ်ကျိုး နပ်လောက်ရဲ့ ဆိုတာ တကယ်ပါပဲ။

