(ဂျူဂျူရဲ့ ပရိတ်သတ်များအတွက် ... )
အချိန်တွေများ ကုန်လွယ်လိုက်တာ ။ ဘာလိုလိုနဲ့ ဂျူဂျူတောင် ငယ်သွားလဲတဲ့အရွယ် ရောက်နေပြီ။
သူ့ပထမဆုံးသွားကျိုးတော့ ၀မ်းသာအားရနဲ့ အော်ဟစ်ပြီး သူ့သွားလေးကိုင်ပြီး မအေလက်ထဲလာထည့်တယ်။ သွားကလဲ နှဲ့နေတာကြာပြီ။ တော်တော်နဲ့ မကျိုးဘူးကိုး။ အဲဒါကိုယ့်လက်ထဲကသွားကို သူ့ဂျီးတော်က ရုတ်တရက်ကြီးယူပြီး အိမ်ရှေ့ ၀ရမ်တာကနေ အောက်ကို ပစ်ပေါက်ချလိုက်တာ တားချိန်ကိုမရလိုက်ဘူး။ သူ့တူမ နောက်ပေါက်တဲ့သွား ကြွက်သွားလေးတွေလိုလှအောင် ပါးစပ်က တစ်ခုခုဆိုပြီး ခေါင်းပေါ်ကနေ လက်နောက်ပြန်ပစ်ပေါက်ရသတဲ့။ သူတို့ငယ်ငယ်က အယူအဆပေါ့လေ။
ခဏတော့ သမီးကသူ့သွား ဘယ်မှာလဲလာမေးတော့ ဂွကျပါလေရော။ သမီးအဒေါ်လွှင့်ပစ်လိုက်ပြီပြောတော့ ဂျူဂျူ့သွားလေး Tooth fairy ကိုလာယူခိုင်းမလို့ဟာကိုဆိုပြီး စိတ်ဆိုးပြီး ငိုနေတယ်။ သူတို့တွေကဒီက story bookု တွေထဲကအတိုင်း သွားလေးကို ခေါင်းအုံးအောက်ထားအိပ်ရင် ညကျ Tooth fairy ဆိုတဲ့ သွားစောင့်နတ်သမီးက လာယူပြီး exchange အနေနဲ့ ပိုက်ဆံအကြွေစေ့လေး ပြန်ထားခဲ့တယ်ပေါ့။
ဟိုတစ်နေ့က စလုံးကျူးပစ်တွေ့ဆုံပွဲမှာပေါ့။ သွားနောက်တစ်ချောင်းကျွတ်တော့ ထုံးစံအတိုင်း အော်ဟစ်ပြီး အမေလက်ထဲ ၀မ်းသာအားရ လာပေးပြန်တယ်။ သေချာသိမ်းထားပေးပါတဲ့။ ဒါနဲ့အိမ်ရောက်တော့ သူ့သွားလေး ခေါင်းအုံးအောက် ထည့်အိပ်ပါလေရော။ မနက်ကျ ခေါင်းအုံးအောက်လှန်ကြည့်ပြီး ၀မ်းနည်းပက်လက်နဲ့ မေမေ Tooth fairy က ဂျူဂျူ့သွားလေး ယူသွားဘူးတဲ့ ဆို ပြောရှာတယ်။ ဒီတော့မှ ဥာဏ်ကြီးရှင် ဒေါ်ဆွိတီက ဒါဟာမိခင်တွေရဲ့ သမိုင်းပေးတာဝန်တစ်ရပ် ဆိုတာကို သိလိုက်ရတယ်။ ဒီသွားကို ဘယ်က Tooth fairy က တကယ်လာယူမှာလဲ။ သူတို့မနိုးခင် အမေတွေကပဲ ပိုက်ဆံလေးနဲ့ လဲထားပေးထားတာ နေမှာပေါ့။ ဒါနဲ့ ဒီလိုဆိုလဲ နောက်နေ့ကျ ထပ်ထားပေါ့သမီးရယ်။ လာယူမှာပေါ့လို့ နှစ်သိမ့်လိုက်ရတယ်။
နောက်နေ့ ခရီးထွက်မှာဆိုတော့ သူ့သွားကို တခုတ်တရ စက္ကူလေးနဲ့ပတ်ပြီး သူ့ကျောပိုးအိပ်ထဲ မပျောက်အောင် သေချာထည့်ရသေးတယ်။ သွားတစ်ချောင်းပါတဲ့ ကျောပိုးအိပ်ကြီးလွယ်လို့ မဂျူဂျူတို့ ခရီးထွက်တယ်ပေါ့။ လေယာဉ်ပေါ်တောင် သူ့သွားပါရဲ့လား မေးနေသေးတယ် ။ ကျောပိုးအိပ်ထဲပါတယ်ဆိုမှ စိတ်ချလက်ချဖြစ်သွားတယ်။
ဟိုရောက်တော့ ညကျသူပဲ အမှတ်ရတယ်။ သွားကို ခေါင်းအုံးအောက် သေချာထားအိပ်တယ်။ မိုးလင်းတော့ မအေလုပ်သူက ချက်ချင်းသတိမရဘူး။ သူနိုးခါနီးအချိန်လောက်မှ သတိရပြီး ငွေအကြွေတောင်မရှာနိုင်ပါဘူး။ ကမန်းကတမ်းနဲ့ မိခင်တို့ရဲ့ တာဝန်ဝတ္တရားအတိုင်း သူ့ခေါင်းအုံးအောက်က သွား ကို အသာနှိုက်စမ်းပြီး ယူထားလိုက်တယ်။ နိုးသွားမှာကြောက်လို့ သူခိုးခြေလှမ်းလို ခြေဖွဖွနင်း၊ အသာလေး ယူရတာပေါ့။
ခဏလေးနေတော့ မရွှေဂျူဂျူ နိုးလာပြီး မျက်လုံးဖွင့်ကြည့်တယ်။ သမီးရေ သမီးသွားလေးတော့ Tooth fairy ယူသွားလောက်ပြီနဲ့တူတယ်။ ကြည့်လိုက်ဦးဆိုတော့ ခေါင်းအုံးအောက် လှန်ကြည့်ပြီး မတွေ့တော့ အတော် ၀မ်းသာသွားမယ်ထင်တာ။ မရွှေချောက ဘာပြောတယ်မှတ်တုံး။
"ဂျူဂျူသိသားပဲ ... အဲဒီ Tooth fairy က မေမေပဲမဟုတ်လား ... မေမေ ဂျူဂျူု့ကို မညာနဲ့ " တဲ့။
ကဲ ကောင်းကြသေးလား။...
ခေါက်က်ဆွဲကြော်
3 days ago