Monday, October 19, 2026

ဝက်သုံးထပ်သား ပဲငပိ ကြော် (Stir fried pork belly with bean sauce)



ဒီနေ့ ညစာ
ဝက်သုံးထပ်သား ပဲငပိ ကြော်
Stir fried pork belly with bean sauce
စားကောင်းလွန်းလို့ ‌ဘော်ဒါတွေလဲ ချက်စားရအောင် ချက်နည်းလေး ရှယ်ပေးလိုက်မယ်။
ဝက်သုံးထပ်သား ၅၀၀ ဂရမ်လောက်ကို 3mm လောက် အထူလေးတွေ လှီးပြီး ပဲငံပြာရည် အကြည်ရေ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဟင်းခပ်မှုန့် အနည်းငယ်၊ တရုတ်ဟင်းချက်ဝိုင် 2 table spoon နဲ့ အရင်နယ်ပြီး နာရီဝက်ခန့် အနည်းဆုံးနှပ်ထားပါ။
..
အသီးအရွက်တွေ ထည့်ကြော်ဖို့
ကြက်သွန်နီ ၂လုံးခန့် ၄စိတ်စိတ်
ကြက်သွန်ဖူးလေးတွေ လှီးထား
ငရုပ်ပွအချို အနည်းငယ်လှီးထား
..
ဟင်းခပ်အမွှေး အကြိုင်အတွက်
ဂျင်း များများကို ခပ်ပါးပါးလှီးထား
ကြက်သွန်ဖြူများများနဲ့ ငရုပ်သီးစိမ်း၄တောင့်လောက်််ကို နုတ်နုတ်စင်းထား
ငရုပ်ကောင်း အနက် မညက်တညက် 1/2 tea spoon
ဇီချွမ် ငရုပ်ကောင်း ထောင်းထားတာ အနည်းငယ် (1/4 tea spoon)
ကြက်သွန်မြိတ် ၃ချောင်းလောက် အပိုင်းကြီးကြီးဖြတ်ထား
..
အရသာနဲ့ အရောင်လှအောင်
ပဲငပိ 3 table spoon
သကြား 1.5 table spoon
ဟင်းခပ်မှုန့် အနည်းငယ်
အရောင်တင်မှုန့် 1 tea spoon
..
Wok လို ဒယ်အိုးထဲကို မီးပြင်းပြင်း နဲ့ ဆီများများထည့် ဝက်သားလှီးထားတာတွေ အရင်ထည့် ကြော်။
ဝက်သားက အရည်တွေ ခမ်းပြီး ဆီတွေပဲ ကျန်ရင် ဇီချွမ်၊ ဂျင်း၊ကြက်သွန်ဖြူ ကြက်သွန်မြိတ် အရင်းပိုင်း အစရှိသည် ဟင်းခတ် အမွှေးအကြိုင်တွေ ထည့် ကြော်ပါ။
အတန်ငယ်ကြာလို့ အနံ့မွှေးလာရင် အရောင်တင်မှုန့် ထည့်ပါ။ အနည်းငယ်မွှေပြီး
အသီးအရွက်တွေ ထည့်‌ကြော်ပါ။ (ကြက်သွန်ဖူးက မာလို့ အရင်ထည့်ကြော် ပြီးမှ ကြက်သွန်နီနဲ့ ငရုပ်ပွထည့်ပါ)။ အရသာအတွက် ပဲငပိနဲ့ သကြား ထည့်ပြီး မွှေပေးပါ၊ ချခါနီး မှ ကြက်သွန်မြိတ်လေး ထည့်‌ကြော် အလွန်စားကောင်းပြီး အနံ့ အရသာနှင့် ပြည့်စုံသော ဝက်သုံးထပ်သား ပဲငပိကြော် ရပါပြီ။
ထမင်းဖြူလေးနဲ့ ရေနွေးကြမ်းနဲ့ တခြားဘာဟင်းမှ ထပ်မလိုပဲ စားလို့ကောင်းလို့ အိမ်မှာ ခုတလော အဲလို တရုတ် stir fry တွေ စားဖြစ်နေတယ်၊ ဦးခြိမ့်ကလဲ ကြိုက် တယ်တော်။
..
Tips- တရုတ်စာကြော်ရင် wok လို ဒယ်အိုးထဲမှာ မီးပြင်းပြင်း ဆီများများနဲ့ ဆီ မီးခိုးထွက်အောင် ကြော်မှ အနံအလွန်မွှေးပြီး စားကောင်းပါတယ်။



Sunday, May 31, 2026

တရုတ် စတိုင် ဝက်သုံးထပ်သားပေါင်း (Braised pork belly)

 




ဒီနေ့ ဒင်ဒင်ကတော့ တရုတ်ဆိုင်တွေမှာ စျေးကြီးပေးဝယ်စားရတဲ့ Braised Pork Belly ဝက်သုံးထပ်သား ပေါင်းပေါ့။
အလွန်အင်မတန်မှ စားကောင်းလို့ ဘော်ဘော်တွေ လုပ်စားရအောင် လုပ်နည်းလေး ရှယ်ပေးလိုက်မယ်။ သူက ၃ဆင့် လုပ်ရပေမဲ့ အရမ်းကို လွယ်ပါတယ်။
..
ဝက်သုံးထပ်သား ၈၀၀ ဂရမ်ခန့်ကို 1.5 cm အထူလောက်လေးတွေ လှီးပြီး ဒယ်အိုးမှာ အိုးကင်းပူတိုက်ပါ။ ဝက်သား အခေါက်ရော အပြားလိုက်ရော နေရာအားလုံးကို အိုးကင်းပူတိုက်၊ အရောင်လေးတွေ အညိုရောင်သန်းလာရင် ကော်ထားပါ။ (သြဇီမှာဆို Coles မှာ ရောင်းတဲ့ ဝက်သုံးထပ်သား strip လေးတွေက အတော်ပဲ၊ quality ကောင်းပြီး အဆီလဲ နည်းတယ်)
..
စောနက ဒယ်အိုးထဲကိုပဲ ဆီ တစ်ဇွန်းခန်ထည့် နာနတ်ပွင့် ၃-၄ ပွင့်နဲ့ သကြား တစ်ဇွန်းထည့် ဆီသတ် သကြားပျော်ပြီး အရောင််နီညိုရောင်လေး ဖြစ်လာရင် စောနက ဝက်သားကိုထည့် ပြီး ၃မိနစ်ခန့် မွှေကြော်ပေးပါ။
..
နောက် ပေါင်းမဲ့ အိုးထဲကို ကြက်သွန်မြိတ် ၄-၅ ချောင်းခန့်ကို ၃လက်မလောက် အရှည် ဖြတ်ပြီး အောက်မှာ ဖြန့်ခင်းထားပါ။ အပေါ်က‌နေ ဂျင်း ပြား ၆ ပြားခန့် တင်ပါ။ ပြီးရင် စောနက သကြားဆီသတ်ထားတဲ့ ဝက်သားတွေကို အပေါ်က ခင်းလိုက်ပါ။ ကြက်သွန်ဖြူ တစ်လုံးကိုလဲ အခွံ မနွှာပဲ ထည့်လိုက်ပါ။
ပြီးရင် တရုတ် ဟင်းချက်ဝိုင် ၃ဇွန်း၊ ပဲငံပြာရည်အနောက် တစ်ဇွန်း၊ ပဲငံပြာရည် အကြည် ၂ဇွန်း၊ ခရုဆီ ဇွန်း တစ်ဝက်၊ ကြာညို့ တစ်ဇွန်း၊ သကြား တစ်ဇွန်းခွဲ၊ ဆား ဟင်းခတ်မှုန့် သင့်သလို ထည့်၊ ရေကို ဝက်သားမြုတ်အောင်ထည့်ပြီး ပွက်အောင်တည်၊ ပွက်လာရင် မီးအနည်းဆုံးနဲ့ တစ်နာရီခန့် အဖုံးအုပ်ပြီး ပေါင်းပါ။
ကြက်ဥကြိုက်ရင် ကြက်ဥ ၅လုံးခန့် ကျက်အောင်ပြုတ်ပြီး ဝက်သားပြုတ်ရေထဲ နစ်အောင် ထည့်တည်ပေးပါ။
တစ်နာရီခန့်ကြာလျှင် တရုတ်ဆိုင်တွေကလို စားကောင်းတဲ့ ဝက်သုံးထပ်သားပေါင်း ရပါပြီ။ အရည် အနည်းငယ်ကျန်အောင် ပေါင်းရပါမယ်။
..
ဂျပန်ဆန် ခပ်စေးစေးချက်ထားတာကို အောက်ကခံ အပေါ််က ဝက်သားသုံးထပ်သားကို လှအောင်ထည့်၊ ဟင်းအရည်ကိုလဲ ထမင်းပေါ် ဆမ်း၊ မုံညင်းလေးတွေ ရေနွေးဖျောထားတာနဲ့ တွဲစားနိူင်ပါတယ်။
..
ဇွန်း= Table spoon, tbs
ကြာညို့က ABC, ပဲငံပြာရည် အကြည်/ အနောက်က စင်္ကာပူတံဆိပ် Lee Kum Kee သုံးပါတယ်။



Wednesday, April 29, 2026

ရောင်စုံ ကြက်တောင်ပံကြော်




 ဒီနေ့ ဒင်ဒင်ကတော့  ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို ကြော်လေးပါ။

ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး မွှေးပြီး အရမ်းစားကောင်းလွန်းလို့ recipe လေး မှတ်ထားပါမယ်။ လိုက်ချက်စားကြည့်နော် ဘော် ဘော် တို့။

..

ကြက်တောင်ပံ ကို ဓားထက်ထက်လေးနဲ့ ထက်ခြမ်းခြမ်းပြီး ဆား၊ ပဲငံပြာရည် အကြည်ရည်၊ ခရုဆီ၊ ငရုပ်ကောင်း ခွဲခြမ်းမှုန့်၊ ဟင်းခပ်မှုန့်၊ တရုတ်ဟင်းချက်ဝိုင်၊ ပြောင်းဖူးမှုန့် တို့နဲ့ နယ်ပြီး တစ်နာရီခန့် နှပ်ထားပါ။

ပြီးရင် ဆီများများနဲ့ အရောင်လေးရဲလာတဲ့ အထိ ကြော်ပြီးဆယ်ထားပါ။

နောက် တစ်ခါ ဆီသတ်ဖို့ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်ချိုပွ (capsicum)၊ ငရုပ်သီးစိမ်း အနီရောင် (Thai red chilli)၊ မုံလာဥနီ၊ ကြက်သွန်မြိတ် အရင်းပိုင်း၊ မှို အနည်းငယ်ဆီကို နုတ်နုတ်စင်းထားပါ။

 ဒယ်အိုးထဲ ကို စောနက ကြက်သားကြော်ထားတဲ့ ဆီ အနည်းငယ်ထည့်ပါ။

ပြီးရင် ရောင်စုံ လှီးထားတာတွေကို ဆီပူပူထဲ မွှေးနေအောင် ထည့် ကြော် လိုက်ပါ။ ဂျင်း ကြက်သွန်ဖြူ ဆီသတ်နံ့လေး မွှေးလာရင် ကြက်သား ကြော်ထားတာ ထည့် ကြော်ပါ။

အရသာ အတွက် ပဲငံပြာရည် အကြည်နဲ့ သကြား၊ ဟင်းခပ်မှုန့် အနည်းငယ် ထည့်ကြော််ပေးပါ။ 

ချခါနီး chives လစ်တစ်ဆစ်ခန့် လှီးထားတာလေးတွေ အပေါ််ကနေ ထည့် မွှေပေးပါ။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ရောင်စုံ ကြက်တောင်ပံ ကြော် ရပါပြီ။ ပဲကြာဆံကြော် ချိုချိုလေးနဲ့ အင်မတန်မှ လိုက်ဖက်ပါတယ်။




Monday, April 13, 2026

ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်

 Colourful bean salad and paprika grilled chicken



ယနေ့ည ဒင်နာရဲ့ theme ကတော့ colorful healthy food ဖြစ်ပါတယ်။
ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ် လုံးဝမပါပဲနဲ့ ဗိုက်ကားအောင်စားပြီး ဝိတ်ချနိူင်တဲ့ menu လေးပါ။
ဒီက fish and chip ဆိုင်တွေမှာ အဲလို အသီးအရွက် salad မျိုးစုံ ရောင်းတာ bean salad ကလဲ စားကောင်းလို့ မကြာခဏဝယ်စားဖြစ်ပါတယ်။ ဒီနေ့တော့ အိမ်က အိမ်သားက သူ့ဗိုက်ပြုတ်ချင်လို့ ဝိတ်ချနေတာ bean salad စားချင်တယ်ဆိုလို့ သုပ်စားဖြစ်ပါတယ်။
salad ကို အရောင်စုံလေး လိုချင်လို့ ပဲကို ၃ ရောင် ၃ဗူးဝယ်ပြီး သုပ်ထားတာပါ။
အသီး အရွက်တွေက ခရမ်းချဉ်သီး၊ ငရုပ်ပွ၊ သခွားသီး၊ ကြက်သွန်အနီ၊ ကြက်သွန်အဖြူ၊ နံနံပင်တွေနဲ့ sauce ကို ချိုချဉ်လေး စပ်ပြီး သုပ်ပါတယ်။ sauce ထဲမှာ သံပုရာရည်၊ ဆား၊ ပျားရည်၊ ငရုပ်ကောင်းအမဲ မှုန့် နဲ့ Kewpie Japanese Dressing Roasted Sesame တို့ပါပါတယ်၊ အလွန် အနံ့ အရသာနဲ့ပြည့်စုံသော dressing sauce လေးပါ။


ကြက်သားကတော့ ကြက်ပေါင်သားကို အသားချည့် အပြားလိုက်လေးရအောင် ထွင်ပြီး အောက်ပါ ingredient များနဲ့ နယ်နှပ်ပြီး ရေခဲသေတ္တာထဲ တစ်ရက် ထားပါတယ်။ ပြီးတော့ air frier နဲ့ ၁၈၀ deg ၁၀မိနစ် တစ်ဖက် နောက် တစ်ဖက်လှန် ၅ မိနစ် ကင်ပါတယ်။
ကြက်ပေါင် အသားချည့် ၇၀၀ ဂရမ်
ပဲငံပြာရည် အကြည် - 1 tbs
ခရုဆီ - 1 tbs
ကိုရီးယားငရုပ်သီးမှုန့် (paprika) - 1 tbs
သကြား - 1 tbs
ဆီ - 1 tbs
တရုတ် ဟင်းချက် rice wine - 1 tbs
အ ကြော်မှုန့် - 1 tbs
garlic powder - 1.5 tsp
ဆား - 0.5 tsp
ငရုပ်ကောင်းမှုန့် အမဲ ခွဲခြမ်း (crushed black pepper) - 0.5 tsp
တရုတ်မဆလာ - 0.25 tsp
tsp= tea spoon, tbs = table spoon
တကယ့် အတိအကျ ချင်တွယ်တဲ့ ဇွန်းတွေ သုံးပါတယ်။


..
အိမ်မှာ သုပ်စားကြည့်ပါနော်။ ကျန်းမာရေးနဲ့လဲ ညီညွတ်၊ အရသာလဲရှိ ထမင်းဟင်းလဲ ချက်စရာမလိုတော့ပါ။

Sunday, March 22, 2026

Nasi Lemak Sambal (မလေး ငပိချက်)




 မနေ့က အိမ်မှာ မလေးရှား အုန်းထမင်း (Nasi Lemak) ချက်မှာမှို့ သူနဲ့ တွဲဖက်စားမည့် sambal (မလေး ငပိချက်) ကို အရင်ချက်ထားပါတယ်။

ပထမဆုံး ငရုပ်သီးတောင့် ၂၀ ခန့်ကို ရေစိမ်ထားပါ။

ပြီးရင် ငရုပ်သီးတောင်တွေရယ်၊ စပ်တဲ့ထိုင်းငရုပ်သီး အစို အနီတောင့် ၂တောင့်ရယ်၊ ဂျင်း လက်တစ်ဆစ်ခန့်၊ ကြက်သွန်ဖြူ ၁၀မွှာခန့်၊ စပါးလင် တစ်ချောင်း ပါးပါးလှီးထားတာရယ်၊ ခရမ်းချဉ်သီး တစ်လုံးခန့်၊ ကြက်သွန်နီ တစ်လုံးခန့် ပါးပါးလှီး၊ ငါးနီတူ လက်တစ်ဆုတ်ခန့် ကိုလှော်ထားတာရယ်၊ ပုဇွန်ခြောက် လက်တဆုတ်ခန့်ကို သစ်သီးဖျော်တဲ့  blender ထဲမှာ ရေ အနည်းငယ်နဲ ထည့်ပြီး ညက်အောင်ကြိတ်ပါ။

ပြီးရင် ဒယ်အိုးကို မီးအနေတော်နဲ့တည်ပြီး ဆီထည့် အပေါ်က ကြိတ်ထားတဲ့ အနှစ်ကို ထည့်ဆီသတ်ပါ။ ရေတွေ အကုန်ကုန်ပြီး အနှစ်က ခြောက်ပြီး မွှေးလာပြီဆို အထဲကို ငပိ ထမင်းစားဇွန်း ၃ဇွန်းခန့် ကို ရေဖျော်ပြီးထည့်ပါ။

မန်ကျည်းရည် ကိုလည်း အနှစ်တိုက်ပြီး အနည်းငယ် အချဉ်ဓာတ်ရအောင် ထည့်ပါ၊ ငနီတူ လက် ၂ဆုတ်ခန့် ပစ်ထည့်ပါ။ ချခါနီး ကြက်သွန်အနီ ပါးပါးလှီးထားတာ ၂လုံးခန့်၊ သကြား အနည်းငယ် အချိုဓာတ်ရအောင် ထည့်ပြီး ကြက်သွန်နီတွေ အိလာပြီဆို စားလို့ရပါပြီ။


အချို အငံ အပေါ့ ကို မချခင် မိမိစိတ်ကြိုက် ပြင်နိူင်ပါတယ်။


(Photo credit Google)


ကြက်ဆီ ထမင်း ထမင်းပေါင်းအိုး ချက်နည်း





Last week က ကြက်ဆီ ထမင်းချက်စားတယ်။
ဒီတစ်ခါတော့ ခါတိုင်းလို ကြက်သားကို သပ်သပ် မပြုတ်ပဲ rice cooker ထဲ ထမင်းနဲ့ အတူ ထည့်ချက် လိုက်တာ အရမ်းကို အဆင်ပြေပါတယ်။
ခါတိုင်းလို အလုပ်တွေ မရှုပ်တော့တဲ့ အပြင် ကြက်ဆီထမင်းက ကြက်ကောက်ညှင်းလိုလေး ပို အရသာရှိသွားပါတယ်။
ကြက်သားက ကြက်ပေါင်သားကို ထွင်ပြီး အသားလေးတွေချည်းပဲ ထည့်ချက်ထားလို့ အလွန်နူးညံ့ပြီး ချိုနေတာပဲ။
..

ချက်နည်းလေးကတော့

ကြက်ပေါင် ၆ခုလောက်ကို အသားအပြားလိုက်ရအောင် အသားထွင်ယူထားပြီး အရိုးတွေကို ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် အရင်းပိုင်း၊ နံနံမြစ်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့် တို့နှင့် ရေ များများ ထည့် ပြုတ်ထားပါ။

ကြက်ပေါင်သားတွေကိုလည်း ဆား၊ ပဲငံပြာရည် အကြည်၊ အနောက်၊ ခရုဆီ၊ နှမ်းဆီ၊ ဟင်းခတ်မှုန့်၊ ငရုပ်ကောင်း၊ သကြား၊ တရုတ်ဟင်းချက်ဝိုင် စသည်တို့နှင့် နယ်နှပ်ထားပါ၊

ကြက်ဆီထမင်းချက်ရန် ကြက်သွန်ဖြူ နှင့် ဂျင်းတို့ကို ညက်ညက်ထောင်းပြီး ဆီအနည်းငယ်နှင့် ဆီသတ်ထားပါ။

ဟင်းချိုက ၄၅မိနစ်ခန့်တည်ပြီး အချိုရည် ထွက်လာပြီဆို ဆန်ချင်ခွက် ၄ခွက်လောက် ရေဆေးပြီး အဲ့ထဲကို ဂျင်း၊ ကြက်သွန်ဖြူဆီသတ်ရယ်၊ ဟင်းချိုရည်ရယ်အရင် ထည့်ပြီးမွှေပါ။ ပြီးရင် ကြက်သွန်မြိတ် အရင်းပိုင်းတွေရယ်၊ ဆွမ်းမွှေးရွက် တွေကို အောက်က အရင်ခံပြီး စောနက ကြက်ပေါင်သားနယ်ထားတာတွေကို အပေါ်ကနေ စီထည့်ပါ။

ပုံမှန်ထမင်းချက်တဲ့ အတိုင်း ချက်လိုက်ရင် အလွန်မွှေးကြိုင်ပြီး အရသာ ရှိလှပါသော ကြက်ဆီ ထမင်း ရပါပြီရှင်။







Thursday, March 19, 2026

ဝက်သားမှို ခေါက်ဆွဲ

 




အရမ်းစားကောင်းပါသော ဝက်သားမှို ခေါက်ဆွဲ။
မှိုကြောင့်လားမသိ၊ ဟင်းက တော် တော် ချိုပြီး အရသာ သိပ်ရှိတယ်။
ရှမ်းခေါက်ဆွဲလို အမယ်အများကြီးလဲ မလိုဘူး။ ချက်ရတာသက်သာပြီး စားကောင်းတယ်။
ဝက်သားအကြေကို ကြက်သွန်ဖြူညက်ညက်ထောင်းတာနဲ့ နယ်ပြီး ဒယ်အိုးထဲဆီထည့် ဝက်သားရေကုန်တဲ့အထိ ကြော်ပေး။
ပြီးရင် ဂျပန် Shiitake မှို နှုတ်နုတ်စင်းထားတာရောထည့် အရသာအတွက် ပဲငပိ၊ သကြား၊ ပဲငံပြာရည် အကြည်၊ အနောက်၊ ခရုဆီ၊ ဟင်းချက်ဝိုင် ၊ အရောင်လှချင်ရင် ငရုပ်သီး အရောင်တင် အနည်းငယ်ထည့် မှိုကျက်တဲ့ အထိ ရေထည့် အဖုံးအုပ်ပြီး တည်ပေး၊ ချခါနီး ကော်ရည်လေး နဲနဲရယ် ကြက်သွန်မြိတ် လှီးထားတာရယ် ထည့်ပြီး ရင် ခေါက်ဆွဲနဲ့ တွဲစားလို့ ရပါပြီ၊ အရွက်လေးပါအောင် ထိုင်ဝမ်မုန်ညင်း Bok Choi လေးရေနွေးဖျောပြီး ထည့်ပေးပါ။