ဒီအပတ်တော့ ဟင်းတွေစားရတာ ပျင်းလာလို့ steam fish လေး စမ်းသပ်ကြည့်မယ်ဆို ငါး၂ကောင် ဝယ်လာခဲ့တယ်။ စင်္ကာပူမှာတုံးက Sea bass လို့ခေါ်တဲ့ မြန်မာလို ကက္ကတစ် ငါးပါ။ ဒီမှာတော့ barramundi ခေါ်ကြပါတယ်။ နာမည်တွေက အညိုးညိုးပဲနော့။
အဲဒီ Sea bass ၂ကောင်ဝယ်လာတာ တစ်ကေဂျီခွဲကျော်ကျော်ဆိုတော့ တစ်ကောင်ကို ၈၀၀ ဂရမ်လောက်ရှိပါတယ်။ ဒီနေ့ညနေတော့ တစ်ကောင်ပဲ စမ်းလုပ်ကြည့်ပါတယ်။
-------------------------------------------------------------------------------------
Steam fish လုပ်ဖို့အတွက် လိုတဲ့ ပစ္စည်းတွေကတော့
- Barramundi fish တစ်ကောင် (800 gm to 1 kg ခန့်)
- ကြက်သွန်မြိတ် (spring onion)အပင်ကြီးကြီး ၃ပင်ခန့် (နှစ်လက်မစီ အရင်ဖြတ်ပြီး အချောင်း သေးသေး စိတ်စိတ်လှီးထားပါ)
- နံနံ ၃ပင်ခန့် - တစ်လက်မခန့်စီ ဖြတ်ထားပါ။
- ဂျင်း (Ginger) တစ်လက်မခန့် (အချောင်း သေးသေး စိတ်စိတ်လေးတွေ လှီးထားပါ။)
- ကြက်သွန်ဖြူ ၅မွှာခန့် (အချောင်း သေးသေး စိတ်စိတ်လေးတွေ လှီးထားပါ။)
- ငရုပ်သီး အနီ အတောင့်ရှည် ၂တောင့်ခန့်
Sauce အတွက်
- တရုတ်ဟင်းချက်ဝိုင် (Shaoxing rice wine) - စားပွဲဇွန်း ၃ဇွန်း
- ပဲငံပြာရည် အကြည်ရည် - စားပွဲဇွန်း ၃ဇွန်း ( အိမ်မှာတော့ Lee Kum Kee Premium light soy sauce ကို သုံးပါတယ်)
- ပဲငံပြာရည် အနောက်ရည် - စားပွဲဇွန်း တစ်ဇွန်း (Lee Kum Kee Dark soy sauce)
- ငါးငံပြာရည် - စားပွဲဇွန်း တစ်ဇွန်း (squid brand premium fish sauce)
- သကြား - စားပွဲဇွန်း ၃ဇွန်း
- ရေ စားပွဲဇွန်း နှစ်ဇွန်းခန့်
ပထမဆုံး ငါးကို အကြေးခွံနွှာ ဗိုက်ဖောက်ပြီး သန့်ရှင်းရေးလုပ်ထားပါ။ (ဒီမှာတော့ ဆိုင်က တစ်ခါထဲ ကိုင်ပေးလိုက်တော့ ရေးတစ်ခေါက်ထပ်ဆေးပြီး ပြင်ရုံပါပဲ) ရေးဆေးသန့်ရှင်းပြီးတဲ့ငါးကို အပေါ်အောက်ကို ဆား (a pinch ) ခန့်နဲ့ အသာပုတ်ပေး၊ နယ်ပေးပါ။
ငါးဗိုက်ထဲကိုလည်း ဆား အနည်းငယ် ( a pinch ခန့်) နဲ့ ပုတ်ပေး၊ နယ်ပေးပါ။ နံနံ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ် အချောင်းလေးတွေ (လှီးထားတာထဲက သုံးပုံ တစ်ပုံခန့်) ကိုလည်း ငါးဗိုက်ထဲ ထည့်လိုက်ပါ။
င်္ပြီးရင် ပန်းကန်အပြားထဲကို စောနက လှီးထားတဲ့ နံနံ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ (နောက်ထပ် သုံးပုံ တစ်ပုံကို) နဲ့ ငရုပ်သီး အောက်က ခင်းပါ။ အပေါ်ကနေ ငါးကို တင်ပြီး steam လုပ်လို့ရပါပြီ။
ပန်းကန်ပြားဆန့်တဲ့ အိုးကြီးကြီးထဲ (သို့) ဒယ်အိုးထဲကို ရေနွေးပွက်ပွက်ဆူကိုထည့်၊ ပြီးရင်အပေါ်က grill လုပ်တဲ့ ဇကာလေး တင်၊ အပေါ်ကမှ ငါးပန်းကန်လေးတင် အဖုံးလုံအောင် အုပ်ပြီး မိနစ် ၂၀ ခန့် ပေါင်းရပါတယ်။
အောက်က ပစ္စည်းလေးကတော့ ပန်းကန်ကို ထည့်၊ ပြန်ဆယ်ရင် သုံးရတာပါ။
၁၅မိနစ်ခန့်ပေါင်းလို့ ငါးကျက် သွားပြီဆိုရင် ငါးပန်းကန်ကို အပြင်ကိုထုတ်လိုက်ပါ။ အပေါ်ကနေ စောနက လှီးထားတဲ့ အမွှေးအကြိုင် spices (နောက်ဆုံး သုံးပုံ တစ်ပုံကို) ငါးအပေါ်ကနေ ဖြန့်ခင်းလိုက်ပါ။
ဒီမှာ အရေးကြီးတဲ့ step က ကျန်ခဲ့လို့ မရပါဘူး။ ဆီ စားပွဲဇွန်း ၃ဇွန်းခန့်ကို ကျက်နေအောင် အငွေ့တွေ ထွက်လာတဲ့ အထိ တည်လိုက်ပြီး ငါးပေါ်ကနေ နေရာနှံ့အောင် လောင်းချရပါမယ်။ ဒါမှ စောနက ပြင်ထားတဲ့ spice တွေကနေ အနံ့လေးတွေက မွှေးလာမှာပါ။
နောက်ဆုံးကျမှ စောနက ပြင်ထားတဲ့ sauce ကို အပေါ်ကနေ လောင်းထည့်လိုက်ရင် အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ steam fish လေးရပါပြီ။
ကိုက်လံလေးပါ ကြော်လိုက်တော့ ဒီနေ့ညစာ အတွက် ပြည့်စုံသွားပါပြီ။















