ထမင်းသုပ်ကတော့ ငယ်ငယ်က ရထားစီးရင် ကြက်ကြော်နဲ့ ထမင်းသုပ်ဆို လိုက်ရောင်းတာ သတိရတယ်။ အဲဒါ ဘယ်လိုစားချင်မှန်းမသိဘူးဗျာ။ သူတို့ထမင်းသုပ်က ထမင်းကို ကြက်ကြော်ဆီ (ဆနွင်းမှုန့်နိူင်နိူင်နဲ့) ဝါထိမ်နေတာကို ဆမ်း၊ မြေပဲဆံကြော် ကျွပ်ကျွပ်လေး။ ငရုပ်သီးတောင့်ကြော် မွှေးမွှေးလေးနဲ့ တကယ့်ကို စားချင်စဖွယ်ပဲ။ ငယ်ငယ်ကတော့ ဆင်းရဲတော့ ရထားစီးရင်း သွားရေသာကျရတယ်။ နောက်ပိုင်းကြီးလာတော့လဲ ဘာလို့လဲမသိ ဝယ်မစားဖြစ်ဘူးခင်ည။ အင်း ... ဒီတစ်ခါပြန်ရင်တော့ ရထားစီးပြီး အဲဒီ ထမင်းသုတ် ဝယ်စားဦးမှလို့ တွေးနေတယ်။ း)
ခုကြီးလာတော့ ဟို အစ်မခင်ဦးမေပြောသလို သူငှေး ဖြစ်ပြီဆိုတော့ အိမ်မှာပဲ ကြက်သားကြော် ပြီး ခဏခဏ ထမင်းသုပ်စားပလိုက်တယ်။ အဲဒီ ထမင်းသုပ်ကိုပဲ ဘယ်လိုသုပ်ရလဲဆိုတာ ညီမတစ်ယောက်က ဂျီတော့ကနေ ခဏခဏဂျီကျနေတာနဲ့ ဓာတ်ပုံရိုက်ထားတာလေးတွေ ရှိလို့ တင်ပေးလိုက်တယ်။ ရထားပေါ်ကဟာကတော့ အလွယ်ပေါ့နော်။ အဲဒါကအပေါ်ကပြောသလိုပဲ လွယ်တယ်။ ခုဟာက ဆိုင်တွေမှာသုပ်သလိုမျိုး သုတ်စားတာ။
ထမင်းသုပ်မယ်ဆိုရင်တော့ ထမင်းကို မပျော့လွန်း မမာလွန်း အနေတော်လေးဖြစ်ဖို့တော့လိုမယ်နော်။ တချို့လဲ အာလူးလေးတွေ လှီးပြီး ထည့့်သုတ်တယ်။ စေးစေးလေးဖြစ်အောင်။
လိုတဲ့ပစ္စည်းတွေက
၁။ ထမင်း
၂။ ကြက်သွန်ဖြူ ဆီချက် (နနွင်းမှုန့်များများနဲ့ ဝါဝါထိမ်ထိမ်လေးချက်ထားပါ)
၃။ ပဲမှုန့် အကျက်မှုန့်
၄။ ငရုပ်သီးမှုန့်
၅။ မကျည်းရည် (ပျစ်ပျစ်လေးဖျော်ထားပါ)
၆။ ပုဇွန်ခြောက်မှုန့်
၇။ ငါးငံပြာရည်
၈။ အာလူး (ကြိုက်ရင် ၂လုံးလောက်ပြုတ်ပြီး ပါးပါးလှီးထားပါ။ အိမ်ကလူက အာလူးမကြိုက်လို့ ထည့်မသုပ်ပါ)
၉။ ဆီနီချက် (ဆီကို အရောင်တင်မှုန့် လေးထည့်ပြီး ချက်ထားပါ -အရောင်လှအောင်ပါ)
၁၀။ ကြက်သွန်နီ ပါးပါးလှီး (အခိုးထွက်အောင် ရေဆေးပြီး စစ်ထားပါ။)
၁၁။ နံနံ ကြိုက်တတ်ရင် ထည့်ရအောင် ပါးပါးလှီးထားပါ။
၁၂။ မြေပဲဆံ ကြော်ထားပါ။
၁၃။ ပဲပုပ်နဲ့ ငရုပ်သီးတောင့် ကြော်ထားပါ။
၁၄။ ကြက်သားကြော်ထားပါ။
၁၅။ ကြက်ရိုးကို ပြုတ်ပြီး ဗလာဟင်းချိုလေး လုပ်ထားပါ။ (ကြက်ရိုးကို ဂျင်း၊ ကြက်သွန်ဖြူ၊ငံပြာရည်တို့နှင့်ပြုတ် ငရုပ်ကောင်းများများထည့်ပြီး ဟင်းခါးချက်ပါ)
ပြီးရင် သုပ်မဲ့ ဇလုံခပ်ကြီးကြီးထဲကို အပေါ်က အဆာပလာတွေ ၁ကနေ ၁၁ထိ ထည့်သုတ်ရတာပါပဲ။ အချိုးအဆတွေကတော့ အသေးစိတ် မှတ်မထားတော့ပါဘူး။ မြည်းကြည့် လိုတိုး ပိုလျှော့ပေါ့။
နောက်မှ အပေါ်ကနေ မြေပဲကြော်၊ ပဲပုပ်၊ ငရုပ်သီးတောင့်တို့ကို ထည့့်ဖြူးပြီး စားရတာပါ။





