Sunday, April 22, 2012

ကိုမိုးချယ်ကို ကျေးဇူးတင် ...


ဟိုတစ်လောက သမီးကျောင်းယူသွားဖို့  မုန့်လေးတွေ ၀ယ်ဖို့သတိရသည်နှင့် လင်မယားနှစ်ယောက် ဈေးသွားရင်း မုန့်ဆိုင်လေး ၀င်ဖြစ်ကြသည်။  သမီးအကြိုက် နာနတ်သီးမုန့်လေးတွေ ၀ယ်ရင်း မြန်မာပြည်က ပျော်ဖွယ်မုန့်ကြွပ်လို မုန့်လက်ညှိုး အချောင်းလေးတွေ တွေ့သည်နှင့် ၀ယ်လာခဲ့သည်။ ဦးခြိမ့်က သူငယ်ငယ်တုံးက စားတာ၊ အရမ်းကြိုက်သည်တဲ့။ မနက် ကော်ဖီနှင့် သောက်မည်ဆိုသည်။

မုန့်ထုပ်ကလဲ လေးထောင့် ပေါင်မုန့်ထုပ်လောက် အထုပ်က တော်တော်ကြီးသည်။ တော့် ဒီအထုပ်ကြီး ကုန်ပါ့မလားဆိုတော့ ညည်းတို့သားအမိရော ၀ိုင်းစားကြပေါ့ ဟုဆိုလေသည်။

 အိမ်ရောက်တော့ အထုပ်ကလေးဖြည်စားကြည့်ကြတော့ မုန့်ကြွပ်က ထင်သလောက်မကောင်းလှ။ မကောင်းဆိုသည်ထက် မုန့်က လတ်ဆတ်မှုမရှိတော့ အနံ့ကလဲ သင်းသင်းမွှေးမွှေး မရှိလှ။ တီတီဆွိကတော့ တစ်ခုလောက်မြည်းကြည့်ပြီး တော့ဟာက ကောင်းလဲ မကောင်းဘူး၊ ကြွပ်လဲ သိပ်မကြွပ်ဘူး၊ ဆီချေးဆော်တောင် နံတော့မယ်ဆိုကာ  ထုံးစံအတိုင်း မျိုးစုံကွန်ပလိမ့်တက်နေတော့သည်။ နောက်တော့ မုန့်ထုပ်ကို ပလပ်စတစ်ကလစ်ကလေးနဲ့ ပိတ်ပြီး မုန့်ထည့်သည့် ကပ်ဘိနက်ထဲ  ထိုးထည့်ထားလိုက်သည်။

တစ်ရက် မနက်ရုံးသွားခါနီး ကော်ဖီသောက်ရင်း ဟိုမုန့်ကြွပ်လေးတွေရောတဲ့ ... သူစားချင်သည်တဲ့ ဆိုလာသည်။ ပြောရင်းနှင့် " ညည်းကတော့ သူဌေးသမီးပဲအေ ... မုန့်ကြွပ်ကိုနဲနဲလေး မကောင်းတာနဲ့ကို မစားတော့ဘူးနော်"ဆို ပြောနေပြန်သည်။ နောက်တော့  သူ့ကိုယ်သူလဲ "အင်း ... ကိုယ်လေ ခုချိန်ထိ မိုးချယ်ကြီးကို သူဘယ်လောက်ဆိုးဆိုး ပေါင်းသင်းပြီး အဆက်အသွယ်မပျက်အမြဲနေတာ သူ့ကျေးဇူးတွေ ကိုယ့်မှာ ရှိနေတယ်ကွ ..." ဆို သူ့မျက်လုံးတွေက ဟိုးအနာဂတ် အတိတ်ဆီကို လွင့်ပါးသွားသလို တွေးတွေး ငေးငေးလေး ဖြစ်သွားလေသည်။

"ကဲ ... ဆိုစမ်းပါဦး ဒရမ်မာဆရာကြီးရဲ့ .... ဘယ်လိုတွေ ကျေးဇူးတွေ ရှိနေတာလဲ ... " ဆိုတော့မှ ငေးနေရာကနေ ပြောလက်စ စကားကို ဆက်တော့သည်။

"ကိုယ်တို့တွေ ၉တန်း မြန်မာတစ်နိုင်ငံလုံး သန်းကောင်စာရင်းတွေကောက်တဲ့အချိန် လုပ်အားပေးအနေနဲ့ ဟိုးတော်တော်ခေါင်တဲ့ ရွာလေးတစ်ရွာ ရောက်ခဲ့တယ်။ ကိုယ်နဲ့ မိုးချယ် သူငယ်ချင်း၂ယောက်ရယ်၊ ဆရာမရယ်၊ တခြားကျောင်းသား ၃-၄ယောက်လောက်ရယ်ပေါ့။ ဒီနေရာမှာ မိုးချယ်အကြောင်း ဖြတ်ပြောရရင် မိုးချယ်တို့က ကိုယ်တို့မြို့မှာ သိပ်ချမ်းသာတာကွ။ မြို့မှာ ၃ထပ်တိုက်နဲ့ အိမ်ကြီးရခိုင်နဲ့နေကြတာ။ အဲလိုအိမ်မျိုး ကိုယ်တို့မြို့မှာ သူတို့တစ်အိမ်ပဲရှိတာ။ အမေက မြို့နယ်ဆရာဝန်မကြီး၊ အဖေကလဲ ထောင်ပိုင်ကြီးဆိုတော့ကွာ သူတို့က မြို့မှာဆို သူဌေးတွေ၊ မြို့မျက်နှာဖုံးတွေပေါ့ကွာ။ "

" ဟုတ်လား ... အမယ် ကိုကိုခြိမ့်တို့ကလဲ သူဌေးတွေပဲ ဟုတ်ဘူးလား ... အထည်ဆိုင် သူဌေးတွေလေ ဟင်း ...ဟင်း  ....  အင်း ဒါနဲ့ ... ဆက်ပါဦး ..."

" အဲဒီမှာ သန်ကောင်စားရင်းကောက်ရင်းနဲ့ ရွာခံအိမ်တစ်အိမ်မှာ ညအိပ်ညနေ တည်းရတယ်။  မနက်လင်းတော့ကွာ သူတို့က မနက်စာဆို ကျွေးတာ ... ငစိန်ဆန် မာကျောကျောကို နနွင်းနိုင်းချင်းနဲ့ ၀ါထိမ်တောက်ပြီး မီးနေသည်လောက်နီးပါးနံတဲ့ ထမင်းကြော်ကို ချကျွေးတယ်ကွ ... " 


ခဏ နားလိုက်ပြီးမှ 


" ကိုယ်လေ အဲဒီထမင်းကို ဘယ်လိုမှ မြိုချလို့မရဘူး သိလား။ ဘယ်လိုမှ စားလို့မရဘူး ... "


တီတီဆွိရဲ့ အတွေးထဲမှာ ဦးခြိမ့်ရဲ့ တစ်ခါတစ်ရံ ဇီဇာကြောင်ပုံများကို မြင်ယောင်မိပါသည်။ သူသည် မိသားစုတွင် အငယ်ဆုံး၊ သူ့အမေ အသက်၃၉နှစ်မှ မွေးရာ၊ သူ့အကိုကြီး၊ အစ်မကြီးများသည် သူ့ကို မွေးချိန်မှာ လူပျို၊ အပျိုတွေပင် ဖြစ်နေပါပြီ။ နွားအိုနောက်ကျသားလေးမွေးလာတော့ ခလေးကို အစားအသောက်မှာ အလိုလိုက်ကြဟန်ရှိပါသည်။ ငါးဆို အရေခွံလုံးဝမစား၊ အရိုးတစ်ခါထဲ နွှံပြီးသားသာ စားပါသည်။ ကြက်သားဆိုလဲ အရိုးနုတွေဘာတွေ မကိုက်တတ်ပါ။ ၀က်သားဆိုလဲ အဆီလုံးဝမစား အသားချည်းသာ စားပါသည်။ ဒန့်သလွန်သီးမစား၊ ပဲလင်းမြွေသီးမစား၊ ကြက်အသဲမစား အစရှိသဖြင့် လင်မယားညားကာစ သူ့ဇီဇာကြောင်ပုံများကို သတိရမိပါသည်။ (ယခုတော့ အားလုံးစားပါပြီ)

သူတို့မိသားစုသည် ထိုအချိန်က အထည်ဆိုင်က စီးပွားရေးအလွန်ကောင်းရာ အိမ်မှာလဲ အခြွေအရံတွေနှင့် အိုးကြီးအိုးငယ်ချက်ကာ အစားအသောက်ကို ကောင်းကောင်းစားသည်။ ဆန်ဆိုလျှင် ပေါ်ဆန်းမွှေးကို သာစားသည်။ ပေါ်ဆန်းမွှေးကို ဆန်ပေါ်ချိန်မှာ ရန်ကုန်အထိ အိပ်လိုက် တက်ဝယ်ကာ အိမ်မှာ နှစ်ပေါက်လှောင်ထားကြသည်။ ဟင်းဆိုလျှင်လည်း ည-မနက်ဘယ်တော့မှမစား။ မနက်တစ်ခါ၊ ညနေတစ်ခါ ချက်သည်။ အသားဟင်း(သို့) ငါးဟင်း ဆီပြန်ဟင်း တစ်ခွက်၊ အချဉ်ဟင်း ကတော့ အနပ်တိုင်းပါသည် ဆိုသည်။ မနက်စာဆိုလျှင်လည်း အိမ်မှ အခြွေအရံ အမျိုးတွေက ခရမ်းချဉ်သီးထောင်း၊ လဖ္ဘက်သုတ်အပြင် ဘူးသီးကြော်၊ ကြက်သွန်ကြော်အစရှိသဖြင့် အကြော်စုံ စုံနေအောင်အဆင်သင့် လုပ်ပေးထားသည်။ ထိုသူမျိုးသည် ထိုတောရွာလေးမှ ဆနွင်းနိုင်ချင်းနှင့် အကြောတင်းလှသော ငစိန်ဆန်ထမင်းကြော်ကို မစားနိုင်သည်မှာ မဆန်းချေ။

ဆန်းသည်ကား သူ့သူငယ်ချင်း ထောင်ပိုင်ကြီးသား သူဌေးသား မိုးချယ်ဖြစ်သည်။ သူပြောသည်ကို ဆက်ရလျှင် ...


" ကိုယ်အံ့သြတာက မိုးချယ်ပဲ.... သူလို သူဌေးသားက အဲဒီထမင်းကြော်ကို ဘာမှမထူးဆန်းသလို ဘယ်လိုမှကို မနေပဲ တစ်ပန်းကန်လုံးကုန်အောင် စားနိုင်တယ်ဗျာ ... "


" ကိုယ်မစားနိုင်တာ တွေ့တော့ မိုးချယ်က ကိုယ့်ကို ပြောတယ် ...
 ဒီမှာ သူငယ်ချင်းတဲ့ ... ငါတို့ အဖေက ငါတို့ကို အမြဲဆုံးမတယ် တဲ့ ... ငါ့သားတို့တဲ့ မင်းတို့ ဘ၀ဆိုတာ ဘယ်လိုဖြစ်မလဲဆိုတာ ကံကြမ္မာကို ဘယ်သူမှ မသိနိုင်ကြဘူး၊ မင်းတို့ အခု အဖေတို့ အမေတို့နဲ့ အတူနေတော့ ကောင်းကောင်းစားသောက်နေနိုင်ကြပေမဲ့ တစ်နေ့ ဘယ်လိုအဖြစ်မျိုး ကြုံမယ်၊ ဘယ်လိုဘ၀မျိုးရောက်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဘယ်အရာမဆို ဒူပေနာပေခံအောင် လေ့ကျင့်ထားရမယ်။ ရှိတာနဲ့ ဖြစ်အောင် စားရမယ်ဆို အမြဲဆုံးမခဲ့တာကွ။ ငါလဲ အဖေ့စကားကို ကြားယောင်ပြီး ဘာနဲ့ဖြစ်ဖြစ်စားနိုင်အောင် နေနိုင်အောင် အမြဲကြိုးစားခဲ့တာကွ ... တဲ့ ဆို ကိုယ့်ကို ပြောပြတယ်ကွ .. "


" နောက်တော့ သန်ကောင်စာရင်း လက်ကျန်လေးတွေ ကောက်ကြပြီး နေ့လည်လောက်ကျ သူ့အဖေအလုပ်လုပ်တဲ့ ရေဆင်းမှာရှိတဲ့ ထောင်ကျောက်ထုစခန်း ဖက်ကို လိုက်ပြဦးမယ်ဆို ပြောတယ်။"

" နေ့လည်ဖက် ရေဆင်းထောင်ကို သူငယ်ချင်းနှစ်ယောက် စက်ဘီးလေးနဲ့ သွားကြတယ်။ အဲဒီမှာ ထောင်ထဲကလူတွေကျွေးတဲ့ ထမင်းဟင်းတွေကို ကိုယ့်ကိုပြတယ်။ ထောင်သားတွေအတွက် ချက်ထားတဲ့ ထမင်းအိုးကြီးက လက်တစ်ဖက်စာလောက်ကိုကြီးတယ်။ မှတ်မှတ်ရရ ထမင်းအိုးကြီးကို ဖွင့်ပြတာမှာ အိုးထဲ ဘယ်လိုက ဘယ်လိုရောက်နေလဲ မသိတဲ့ ပိုးဟပ်အကြီးကြီးတွေ အကောင် ၂၀-၃၀လောက် တဖတ်ဖတ်နဲ့ ထွက်လာကြတယ် ... ကိုယ်လဲ ကြည့်ပြီး အံ့သြနေတယ် ... "


"ထောင်သားတွေ အတွက်ချက်ထားတဲ့ ပဲဟင်းကလဲ အိမ်မှာချက်သလို ဆီမပါ၊ ပြားမပါ၊ အရောင်အဆင်းမရှိ  ပဲဟင်းလို့ အမည်တပ်ခေါ်လို့တောင်မရတဲ့ အရည်ကျဲဟင်းသာဖြစ်တယ်..."

" ပိုထူးဆန်းတာက  ထောင်သားတွေအတွက် နေ့လည်စာမှာ အိမ်မှာစားနေကျလို အသားငါးမပါ၊ ဆီပြန်ဟင်းမပါ  စောနက ပိုးဟပ်နိုင်းညင်းနဲ့ အဲဒီ အရည်ကျဲ ပဲဟင်းသာဖြစ်တယ် ..."

" အဲဒီထောင်ကပြန်လာပြီး နောက်တစ်နေ့မနက်ကျတော့  တည်းခိုတဲ့ အိမ်ကကျွေးတဲ့ နနွင်းမှုန့်နိုင်းညင်းနဲ့ မီးနေသည် ထမင်းကြော်ကို ကိုယ်ဖြစ်အောင် ကြိတ်မှိတ်ပြီး စားနိုင်ခဲ့တယ်။ ကိုယ်စားနေတာကို မိုးချယ်လဲ သတိပြုမိတယ် ... အဲဒီနေ့က စပြီးပေါ့လေ  ကိုယ်ဟာ ဘယ်အရာနဲ့ မဆို စားနိုင်အောင် လေ့ကျင့်ခဲ့တာ ... ခုချိန်ထိပဲ ... ငရုပ်သီးထောင်းနဲ့ ထမင်းဖြူနဲ့ဆိုလည်း ကိုယ်စားနိုင်တယ်၊ ခရမ်းချဉ်သီးထောင်းတစ်မျိုးတည်းနဲ့လည်း ကိုယ်စားနိုင်တယ် .... ဘာလာလာ ဒေါင်းသည် ပေါ့ကွယ် ..."


" ကိုယ့်ဘ၀မှာ ငွေကြေးပြတ်လပ်ပြီး ထမင်းငတ်လုနီးပါး ဖြစ်ခဲ့ရတဲ့ အခြေအနေတွေလည်း ကြုံဖူးတယ်။ အဲလိုအချိန်တွေမှာ ကိုယ်ဟာ မိုးချယ်ကို သိပ်ကျေးဇူးတင်တယ် ... ကိုယ့်ကို ဘ၀အသိတွေ မျှဝေပေးတဲ့ သူငယ်ချင်း ... မိုးချယ်ကို ခုချိန်ထိ ကိုယ်မမေ့ဘူးကွာ ..."








Wednesday, April 18, 2012

The Lady ရုပ်ရှင်၊ မြန်မာ စာတန်းထိုး

မနေ့ကပဲ အင်တာနက်ကနေ ဒေါင်းပြီး The Lady ကားကို ကြည့်ခဲ့တယ်။ စာတန်းထိုးမပါတော့ မနဲနားထောင်ပြီး ဘာသာပြန်ကြည့်နေရတယ်။ ဇာတ်ကားထဲမှာ သမိုင်းအချက်အလက်တွေ တော်တော်လွဲနေတာ တွေ့ရတယ်။ မစ်ရှဲရိုး သရုပ်ဆောင်တာတော့ တော်တော်ကောင်းပါတယ်။ တစ်ခါတစ်ရံ အန်တီစုနဲ့ တော်တော်ကို တူတာ တွေ့ရတယ်။ အထူးသဖြင့် မျက်လုံးတွေ၊ အကြည့်တွေ၊ လမ်းလျှောက်ပုံ၊ ကိုယ်နေဟန်ထားတွေပေါ့။ တစ်ခုဆိုးတာက မစ်ရှဲရိုးကို မြန်မာသံဝဲ၀ဲနဲ့ မြန်မာလိုပြောတာဘယ်လိုမှ ခံစားလို့မရဘူး။ နိုင်ငံခြားသားတွေအတွက်က မထူးပေမဲ့ မြန်မာလိုနားလည်တဲ့သူတွေက မစ်ရှဲရိုးပြောတဲ့ မြန်မာ အသံထွက်ကို တော်တော်သည်းခံရမယ်။ အမှန်က မြန်မာတစ်ယောက်ယောက်က ပြောပေးတာကို နောက်ခံထည့်ရင်ရရဲ့သားနဲ့။ မြန်မာ ပရိတ်သတ်အတွက်ပဲ အဲဒါက ပြသနာရှိတာပါ။

ဇာတ်ကားက သမိုင်းအချက်အလက်ဆိုတာထက် ဒရမ်မာဆန်ဆန်ရိုက်ထားတော့ ကြည့်သူတွေ တော်တော်များများ မျက်ရည်ကျကြရတယ်။ အန်တီစုရဲ့ သူ့ကိုယ်ပိုင်မိသားစုကို လျှစ်လျူရှု၊ တိုင်းပြည်အတွက်ပေးဆပ်မှုတွေကို ပေါ်လွင်အောင် ရိုက်ပြထားပါတယ်။ အနုပညာအရ rating ပေးရရင်တော့ 7/10၊ သမိုင်းအချက်အလက်အတွက်ဆိုရင်တော့ 2/10 လောက်ပဲ ပေးပါတယ်။

အဲဒီဇာတ်ကားကို ယူကျူ့မှာ myanducation ဆိုသူက မြန်မာစာတန်းပါထိုးပြီး ရှယ်ထားပါတယ်။ အချိန်ရရင် ပြန်ကြည့်ပါဦးမယ်။ အန်တီဆွိရဲ့ ဘလော့ဂ်ပရိတ်သတ်အတွက် ထပ်ဆင့်ရှယ်ပေးလိုက်ပါတယ်။ တင်ထားတာ quality လဲ မဆိုးဘူး။ ပြီးတော့ အပိုင်းတွေ ခွဲမနေပဲ ဇာတ်ကားတစ်ကားလုံးကို တစ်ခါထဲ တင်ထားတာပါ။ တင်ပေးသူကို အင်မတန် ကျေးဇူးတင်ဖို့ကောင်းပါတယ်။ အောက်က လင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။
http://www.youtube.com/watch?v=EfQZ_reK86I&context=C4a594f9ADvjVQa1PpcFN7RccbOgtMcUQQjYQlDaEq4enAnZclxmg%3D
(Credit to original up-loader)

အပေါ်ကလင့်ခ်က မရှိတော့လို့ ကွန့်မန့်ကနေ စင်စင် ရှယ်ပေးတဲ့ လင့်ခ် အသစ်ကို ထပ်တင်ပေးလိုက်ပါတယ်။
http://www.youtube.com/watch?v=dFjsFgfYf4g