ယိုးဒယားဆိုင်မှာ စားတိုင်း စားလေ့ရှိတာက အဲဒီ Thai fish cake ရယ်၊ တုံ့ယန်းဟင်းချို၊ ကြက်သားဘေဆယ်၊ သင်္ဘောသီးထောင်း၊ နောက်ကြက်သားဖက်ထုတ်ကြော်ပေါ့။ Thai fish cake ကတော့ ပထမဆုံးလာချပြီး appetizer အနေနဲ့စားကြတာ။ သူက အနံ့အရသာက မြန်မာ ငါးဖယ်ကြော်နဲ့မတူပဲ အလွန်မွှေးလွန်းတာကြောင့် တစ်ခုစားပြီး ဘယ်တော့မှ မတင်းတိမ်၊ တစ်ခုပြီးတစ်ခု စားမိတော့တာပဲ။ နောက်သူက နဲနဲ အစပ်အရသာလေးလဲရှိတယ်။ ခုဒီမှာ ယိုးဒယားဆိုင်လဲ သွားမစားဖြစ်တော့ အိမ်မှာပဲ ယိုးဒယားစာ စားချင်တာလေးတွေ ချက်စားနေတာ။
ဟိုနေ့က ဖလင်မန်တန်ဈေးက ငါးအသားချည်းဝယ်လာတာနဲ့ Thai fish cake လေး စားချင်လာလို့ လုပ်ဖြစ်သွားတယ်။ ငါးဖယ်မရှိတာနဲ့ ရှိတဲ့ငါးနဲ့ လုပ်ရတာပါ။ ငါးဖယ်နဲ့ဆို ပိုချို ပိုကောင်းမှာ ပေါ့ဂျာ။
ပါဝင်တဲ့ ingredient တွေကတော့
ငါးအသားချည်း ၃၀၀ ဂရမ်
ဆနွင်းမှုန့် အန်ည်းငယ်
ငရုပ်သီး အရောင်တင်မှုန့် စားပွဲဇွန်းတစ်ဝက်ခန့်
ငရုပ်သီးစိမ်း ၃တောင့်ခန့်
ဂျင်း လက်၂ဆစ်ခန့်
ကြက်သွန်ဖြူ ၅မွှာ
စပါးလင် အကြီးတစ်ဝက် (အသေး တစ်ချောင်းခန့်) ပါးပါးလှီးထားပါ။
ရှောက်ရွက် အနည်းငယ် ပါးပါးလှီးထားပါ။ အန်တီဆွိကတော့ ရှောက်ရွက် မရှိတာနဲ့ သံပုရာသီးကို ခြစ်လေးနဲ့ ခြစ်ပြီး ထည့်ပါတယ်။ (about 1 tea spoon)
သကြား စားပွဲဇွန်း တစ်ဝက်
ငံပြာရည် စားပွဲဇွန်း တစ်ဝက်
ဟင်းခတ်မှုန့် စားပွဲဇွန်း တစ်ဝက်
ကြက်သွန်မြိတ် ၂ချောင်းခန့် ပါးပါးလှီးထားပါ။
နံနံပင် အနည်းငယ် ပါးပါးလှီးထားပါ။
ပဲသီး ၃-၄ တောင့်ခန့် ပါးပါးလှီးထားပါ။
ငါးအသားတွေကို အသေးလေးတွေလှီးပြီး ဆနွင်းအနည်းငယ်နဲ့ အတူကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါတယ်။ ငါးဖယ်ခြစ်လောက်အထိ texture လေးဖြစ်အောင် ကြိတ်ပါတယ်။
လိုအပ်တဲ့ အမွှေးအကြိုင် ingredient တွေကိုလည်း ထောင်းပါတယ်။ ပဲသီး၊ နံနံနဲ့ ကြက်သွန်မြိတ်တွေကို တော့ ချန်ထားပါ။ သူတို့ကို နောက်မှရောထည့်ပါမယ်။

ထောင်းထားတဲ့ အမွှေးအကြိုင်တွေကို စောနက ငါးကြိတ်ထားတာထဲ ထည့် ကြိတ်ပါတယ်။ သကြား၊ ငံပြာရည်နဲ့ ဟင်းခတ်မှုန့်၊ ငရုပ်သီးအရောင်တင်မှုန့်လဲ ထည့်ပါ။ နောက် နံနံပင်နဲ့ သံပုရာခွံအမွှေးကိုပါ ထည့်ကြိတ်ပါတယ်။ အားလုံးကြိတ်ပြီးမှ ကြက်သွန်မြိတ်၊ ပဲသီးလှီးထားတာကိုတော့ ဒီတိုင်းပဲထည့်မွှေပါတယ်။
အရသာသိရအောင် ပထမဆုံး ငါးဆုတ်သေးသေးလေးကို ဆီထဲအရင်ထည့်ကြော်ပြီး အရသာမြည်းကြည့်ပါဦး။ လိုတာ ထပ်ထည့်ပေါ့နော်။ ပြီးမှ ငါးလက်တစ်ဆုတ်လောက်ကို အပြားလေးတွေ လုပ်ပြီး ဆီမြုတ်အောင်ထည့်ပြီး ကြော်ပါတယ်။ ငါးကို ဆုတ်တဲ့နေရာမှာ ဆီလေးကိုင်ပြီးလုပ်ပါတယ်။ နောက်မှို့ဆို လက်မှာ ကပ်နေတာ ခွါရခက်သဗျ။

ချားလို့ရပြီ။ အဲလေ စားလို့ရပြီ ခင်ည။ အလွန် အနံ့အရသာနှင့်ပြည့်စုံသော ယိုးဒယားစတိုင် ငါးခြစ်ကြော်ပါခင်ည။ နံနံပင်ပါထည့်ကြိတ်ထားတော့ အနံ့အရာသာက တော်တော်ကို မွှေးပြီး ကောင်းပါတယ်။

အန်တီဆွိအဲဒီနေ့က ထမင်းမစားပဲ အဲဒါချည်း ထိုင်စားလိုက်ပါသဗျာ။ လိမ္မော်ရည်လေး သောက်လိုက်။ ငါးခြစ်ကြော်လေးမြည်းလိုက် ....
(Thai red chilli paste ရှိရင်တော့ ဟင်းခတ် အမွှေးမကြိုင်တွေ သပ်သပ်ထောင်းစရာမလိုပဲ အဲဒီ paste ရယ်၊ နံနံ၊ ပဲသီး၊ ငါးငံပြာရည်၊ ငါးဖယ် (သို့) ငါးခြစ် ရောနယ်ပြီး ကြော်ရုံပဲ။ သူ့ တကယ့် recipe အစစ်က အဲဒီအတိုင်းပါပဲ။ အန်တီဆွိ ဒီမှာ ဘယ်မှာရှာဝယ်ရမှန်း မသိလို့ ကိုယ့်ဟာကို အစအဆုံး လုပ်ရတာပါ။ Thanks to Ma Thet, she remind me to add this.)


