Thursday, January 28, 2010

ပွဲကိုက်ခြင်း/ပွဲကြော်ငြာ

ခုတစ်လော ညညကျ အိပ်မရပဲ မနက် ၃နာရီ၊ ၄နာရီ လောက်တွေမှာ ပြန်ပြန်နိုးနေတယ်။ အလုပ်ကလဲ ခုချိန်မှာ product ကို qualifyလုပ်ချိန်ဆိုတော့ တစ်ချို့ Test တွေ fail ဖြစ်ရင် ကိုယ်တို့မှာ pressure များတတ်တယ်။ တစ်ခါတစ်လေကျ ပြဿနာကို ဖြေရှင်းဘို့ အဖြေရှာမရဘူး။ တစ်ခါတစ်လေကျ အဖြေက ရှိတယ်။ ငွေကုန်ကြေးကျသိပ်များမယ်။ အဲလိုနဲ့ ညအိပ်ချိန်တွေတောင် ပြဿနာက ခေါင်းထဲရောက်လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူး။ မနက်ကျတော့ အလုပ်သွားဘို့ လူကလဲ မလန်းတော့ဘူးပေါ့။ ဒါပေသိ ထူးဆန်းတာက အလုပ်ထဲရောက် သူ့လည်ပတ်နေတဲ့ ယန္နယားထဲဝင်သွားရင်လဲ ဒီလိုပဲ အလုပ်က လုပ်ဖြစ်သွားတာပဲ။ အိပ်ရေး မ၀လို့ မလုပ်နိုင်ဘူးဆိုတာလဲ မဖြစ်ဘူး။ ပုံမှန်ပဲ။ ကိုယ်တွေက တကယ်တော့ အိပ်ရေးမ၀တာကို use to ဖြစ်နေကြတာလား မသိလို့တောင်တွေးမိတယ်။ အိပ်ရေးဝရင် ဘယ်လိုနေလဲဆိုတာတောင် မသိတော့ဘူး။

ငယ်ငယ်က မှတ်မိသေးတယ်။ မဆလခေတ်ကပေါ့။ ဖေဖော်ဝါရီဆို ပြည်ထောင်စုနေ့အတွက် ကျိုက္ကဆံကွင်းမှာ ပွဲတော်ရှိတယ်။ ခလေးတွေစိတ်ဝင်စားဖွယ်ကောင်းတဲ့ ပြိုင်ပွဲ၊ ပြပွဲတွေ မျိုးစုံပဲ။ ၀န်ကြီးဋ္ဌာနအလိုက်ပြခန်းတွေ၊ ပိသုကာပုံစံအသေးလေးတွေနဲ့ ပြထားတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်ပွဲတွေလဲရှိတယ်။ ဇာတ်ပွဲတွေဆို အဲသည် ကျိုက္ကဆံပွဲကို အားထားကြတာ။ အကောင်းဆုံး၊ အဆန်းဆုံး အစီအစဉ်တွေ နဲ့ သူ့ဆီ လူပိုကြည့်အောင် ဆွဲဆောင်ကြတာ။ လူတွေကလဲ အရမ်းကိုစည်တယ် ၊ ကိုယ်တို့ ခလေးတွေလည်း အရမ်းကိုပျော်ခဲ့ကြပါတယ်။

အဲဒီမှာ ကိုယ်တို့အမေက ၀န်ထမ်းဆိုတော့ သူတို့ဝန်ကြီးဋ္ဌာန ပြခန်းမှာ အစောင့်ကျလို့ ဇာတ်ပွဲလက်မှတ်တွေ အလကားရတယ်။ အဲဒီခေတ်က ပိုက်ပိုက်ရှိမှ ၊၀ါသနာအလွန်ကြီးမှ၊ ကြည့်နိုင်တဲ့ ရွှေမန်းတင်မောင်၊ မြို့တော်သိန်းအောင်၊ မိုးဝင်း၊ မန္တလေး သိန်းဇော် အစရှိသဖြင့် ပွဲလက်မှတ်တွေ အလကားရတော့ ကိုယ်တွေလဲကြည့်ဘူးအောင်ဆို ပထမဆုံး မြို့တော်သိန်းအောင် စကြည့်ကြပါတယ်။ ပွဲကလူရွှင်တော်တွေက အရမ်းကောင်းတော့ ကိုယ်တွေလုံးဝ အိပ်မငိုက်ပဲ ညလုံးပေါက် မိုးအလင်း ထိုင်ကြည့်ကြပါတယ်။

မနက်ခင်းရောက်တော့ အိမ်ပြန်၊ အဲဒီကျမှ အိပ်ရာထဲဝင် အိပ်ကြတာပေါ့။ ခဏနေတော့ နားထဲ ဆိုင်းသံတွေကြားနေလို့ အိပ်နေရာကနေ ခဏခဏ အပြင်ကို ထွက်ထွက်ကြည့်မိနေတယ်။ နောက်မှ အမေရေလို့ ဒီနား ဘယ်က ဆိုင်းဝိုင်း ရှိမှန်းမသိ ဆိုင်းသံတွေကြားရတယ်၊ဆိုမှ အမေက ဟဲ့ ... အဲသာ ပွဲကိုက်တယ်ခေါ်တယ်။ ဒီနားဘာမှ ဆိုင်းဝိုင်းမရှိဘူးဆို အတင်းပြန်အိပ်ခိုင်းမှ ပြန်အိပ်ရပါတယ်။ အဲလိုဆိုင်းသံကြားရုံတင်မက အိပ်ရေးပျက်တော့ လူကငြီးစီစီနဲ့ အတော့ကို နေရထိုင်ရဆိုးပါတယ်။
ခုချိန်များ ငယ်ငယ်ကလို ပွဲကိုက်တတ်လို့ကတော့ အလုပ်ထဲ ဒုက္ခ ရောက်ရချည့်ရဲ့။ ။



ပွဲဆိုလို့ စပ်ဆက်ပြီး စင်္ကာပူမှ ပွဲကြည့်ချင်သူများအတွက် ဘလော့လာဖတ်တဲ့ ညီမလေးတစ်ယောက်မှ ကြော်ငြာပေးပါဆိုလို့ ဇာတ်ပွဲ၊ အငြိမ့်ပွဲကြည့်ချင်သူများအတွက် သတင်းကောင်းလေးပါ။ နာမည်ကြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ် ) စီစဉ်တာဖြစ်ပါတယ်။


မကြာမှီမှာကျရောက်လာတော့မယ့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ကြိုဆိုရင်း စင်္ကာပူနိုင်ငံရောက် အနုပညာချစ်သူများနှင့် တက်လူ ၊ ဘကျော် ၊ အောင်ပြည့်တို့ စီစဉ်သော ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ နှင်းဆီရင်ခွင်နှစ်ပါးသဘင် ကို (21 -3- 2010)တနင်္ဂနွေနေ့ နေ့လည်၃နာရီ တိတိအချိန်မှာ စင်္ကာပူနိုင်ငံ ၊ စင်္ကာပူမြို့မှာရှိတဲ့ Chinatown ၊ Kreta Ayer Prople's Theatreဇာတ်ရုံကြီးမှာကပြဖျော်ဖြေမှာဖြစ်ပါတယ်...။နှင်းဆီရင်ခွင်နှစ်ပါးသဘင်၊်မှာ-(မင်းသား) တင်မောင်ဆန်းမင်းဝင်း (သစ္စာမေတ္တာရွှေမန်းသဘင်)၊မင်းသမီးများ - ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မေကဗျာ ၊ ခင်ဖြူကြည် ၊ ခင်သီတာစိုး ၊ စန္ဒာတိုး ၊ နန်းဝေယံမြင့် ၊ ဖူး ၊ သိမ့် တို့ဖြစ်ကြပြီး လူရွှင်တော်များအဖြစ် - ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် - နေတိုး ၊ ကျော်ကျော်ဗို ၊ ထွန်းထွန်း (Example) ၊ မိုးမိုး တို့မှ စတိတ်ရှိုး ၊ နှစ်ပါးအငြိမ့်များနဲ့အတူ ကပြဖျော်ဖြေကြမှာဖြစ်ပါတယ် ...။

ကြိုတင်လက်မှတ်များကိုတော့ (၁) ဒေ၀ီဦး - # 05-17 Peninsula Plaza
(၂) T3 Treasure Travel - # 02-25 Peninsula Plaza
(၃) ဆုံဆည်းရာ - # 05-35 Peninsula Plaza
(၄) ရနံ့သစ် - B1 Peninsula Plaza
(၅) Golden Crown (s) Pte.ltd - # 02-104 Boonlay Place
(၆) သပြေနု - # 05-20 Peninsula Plaza

တို့မှာ ယခုအချိန်မှစတင်ပြီး ၀ယ်ယူနိုင်ကြပြီဖြစ်ပါကြောင်းလည်း ကြိုတင် သတင်း ကောင်းပါးလိုက်ပါတယ် ...။အသေးစိတ်သိရှိလိုပါက ဦးမြင့်စန်း (92954247)၊ ကိုဘကျော် ( 98301562) ၊ ကိုအောင်ပြည့် (81912634) ၊ ကိုကိုလေး ( 91405700) ၊ ဒေါ်နီနီ (84646989) နဲ့ မဖြူဖြူအေး (96485774) တို့ထံမှာ ဆက်သွယ်မေးမြန်းနိုင်ကြပါတယ် ...။အားလုံးပဲ စောစောဝယ်ထားမှ စိတ်ချရမှာမို့ နေရာကောင်းလေးရအောင် အမြန်ဆုံးသွးဝယ်နိုင်ကြဖို့ ကြိုတင်သတင်းကောင်းပါးလိုက်ပါတယ်....း)

Saturday, January 23, 2010

ရတနာတုံးလေး မဂျူဂျူ (သို့) အကြွေးဆပ်ခြင်း

ဟိုနေ့က သူငယ်ချင်း ချစ်ကြည်အေးရဲ့ ဘလော့က ပို့စ်လေးဖတ်မိတော့ မှန်သားလို့ တွေးမိလို့ပါ။ သူကတော့ နောက်ပြီး ခလေးရှိတဲ့သူတွေက အရင်ဘ၀က အကြွေးတွေရှိခဲ့သတဲ့။ ဒါကြောင့်ဆပ်နေရတာတဲ့။ ဂျူဂျူရဲ့ အကြွေးတွေဆပ်နေတာရေးပြရဦးမယ်။
Primary 1 တက်နေစဉ် လစဉ် ဂျူဂျူ့ အကြွေးဆပ်ခြင်း
စားသောက်စံရိတ်ကုန်ကျငွေ ၁၅၀
ကြီးတော်ခေါ်ထားရလို့ ကုန်ကျစံရိတ် ၇၀၀
ကျောင်းကြီးမုန့်ဘိုး+ဖယ်ရီ ၇၀
တရုတ်စာ အိမ်ခေါ်ကျူရှင် ၁၀၀
တရုတ်စာ အပြင်ကျူရှင် ၆၅
အင်္ဂလိပ်စာ အိမ်ခေါ်ကျူရှင် ၁၅၀
သင်္ချာ ကူမွန်ကျူရှင် ၁၂၀
Piano သင်တန်းကြေး ၁၂၀
ရေကူးသင်တန်းကြေး ၅၀
ကျောင်း၊ကျူရှင်များမှ စာရွက်စာတန်းကြေး ၁၀၀
ခရီးစရိတ်၊ အ၀တ်အစားဝယ်၊ ကစားစရာဝယ် ၁၀၀ ပဲထားပါတော့။

စုစုပေါင်း စလုံး ဖွတ်ကလိဒင်္ဂါး ၁၇၃၅ ပြား တိတိ ရှိပါကြောင်း။ အဲဒါ သူ့အတွက်လစဉ် အင်ရှူးရန့် ၂၀၀ ဘိုး ၀ယ်ထားတာ မပါသေး။ ပြန်ရမှာဆိုပြီး။ ဘယ်တော့ပြန်ရမှာလဲ မမေးနဲ့။ ဂျူဂျူ တက္ကသိုလ်ရောက်ရင်။

ဂျူဂျူ သူငယ်တန်း တက်တုံးက သူ့သမီးလေးကို ကျောင်းလာလာပို့တဲ့ မလေးအမျိုးသမီးကြီး တစ်ယောက်ရှိတယ်။ ဘာလို့သတိထားမိနေလဲဆိုတော့ ခလေးအမွှာလေးကို တွန်းလှည်းအမွှာလေးနဲ့ တွန်းတွန်းလာလို့။ အဲဒီတော့ မျက်စိရှေ့တင် သူ့အကြွေးတွေက K2 ခလေးတစ်ယောက်ရယ်၊ အမွှာရယ် ၃ယောက်အပြင်၊ ဗိုက်ကလေးကလဲ စုံ့စုံ့လေးဆိုတော့ 3 and half ဖြစ်နေပြီ။ ဒါနဲ့ စပ်စုကြည့်တော့ အိမ်မှာ ၄ယောက် ကျန်နေခဲ့ပါသေးတယ်တဲ့။ မလေးလူမျိုးအချို့က ဘာသာရေးအရ ဘုရားပေးသမျှယူရမယ်ဆိုတဲ့ ဘာသာအယူသီးမှုတွေ ရှိလို့ပါ။ အော် သူ့မယ် ဟိုဘ၀က ကြွေးတွေ များချက်တော့။ ဆပ်လို့တောင်ကုန်ပါ့မလားပဲလို့ တွေးနေမိတယ်။ ဒီမယ်တစ်ယောက်တောင် မနဲဆပ်နေရလို့။

ဒီကြားထဲ ဂျူဂျူလေး တစ်ယောက်တည်း အထီးကျန်နေတာတွေ့ရင် နောက်တစ်ယောက် ထပ်မယူဘူးလား လာလာမေးကြတယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိမှို့ ... မချိပြုံးနဲ့ ခင်မို့မို့အေးလေသံလေးငှါးပြီး အစ်မက ခလေးရဘို့ခက်လို့ သမီးတောင် မနဲမွေးထားရတာ ဟင်း... ဟင်း .. ဟင်း ... လို့ပြောရတယ်။ တကယ်တော့ တစ်ဝက်ကလဲ မှန်ပါတယ်။ အကြွေူးက တစ်ယောက်စာပဲပါလို့ တော်သေးတယ်ပြောရမယ်။ တကယ်သာကျွေးနိုင်မွေးနိုင်၊ ပြုစုနိုင်ဆို ၅ယောက်လောက်ကို ယူချင်ပါတယ်။ မိသားစုကြီးကြီး ပျော်ပျော်ပါးပါးကြီးကိုကြိုက်ပါတယ်။ အဲလိုလဲနေချင်ပါတယ်။ ကိုယ်အဲလိုပြောရင် ကိုယ့်အိမ်ကလူကတော့ ထီတွေသာ ဖိထိုးတော့တာပဲ။

သားသမီးဆိုတာ ရတနာလို့လဲပြောကြတယ်။ ဒါဆိုလဲသမီးလေးဂျူဂျူက ကိုယ်တို့ရဲ့ ရတနာတွေ စုနေတဲ့ ရတနာတုံးလေးလို့လဲ ပြောလို့ရတယ်။ ရတနာတုံး ညိုညိုလေးပေါ့။အရောင်တွေ တောက်အောင်သွေးရဦးမယ်။

Tuesday, January 19, 2010

ဂျူဂျူ့ ဆင်ခြေ

ဂျူဂျူဟာ ခုတလော ပြောရဆိုရခက်လှတယ်။ အဒေါ်လုပ်သူကလည်း သဘောကောင်းတော့ အဒေါ်ကိုလည်းမကြောက်ဘူး။ စာကြည့်ချိန်မှာ တီဗွီကြည့်ချင်တယ်။ game တွေ ဆော့ချင်တယ်။ ကုတင်ပေါ် မခုန်နဲ့ဆို တစ်ခါပြောရင်မရဘူး။ အခါခါပြော နောက်ဆုံးအမေ စိတ်တိုပြီး အော်တော့မှ ရပ်တော့တယ်။ ဒါနဲ့ ဂျူဂျူတော့ ဒီလောက်ပြောရဆိုရ ခက်လှတာ တုတ်ကလေးတစ်ချောင်းတော့ ကြောက်အောင်ဆောင်ထားမှဆို သူ့အဒေါ်ကို ရှာခိုင်းထားလိုက်တယ်။

ညနေရုံးကပြန်လာတော့ အိမ်အပေါက်ဝ ဖိနပ်စင်နားမှာ သစ်ကိုင်းခြောက်တုတ်ကလေး တွေ့တယ်။ သူ့အဒေါ်ရှာထားတဲ့တုတ်ပေါ့။ တုတ်က ပျော့လိုက်တာ။ သေးကလဲသေးသေးလေးရယ်။ တူအရီး၂ယောက်ကစားကွင်းက ပြန်လာတော့ ... အစ်မကောက်ထားတဲ့ တုတ်လားဆိုတော့ ဟုတ်တယ်တဲ့။ တုတ်ကြီးတာလဲ တွေ့တယ်တဲ့။ သူ့တူမ သက်သာအောင် သေးတာ ပျော့တာလေး ရွေးကောက်လာခဲ့တယ်ဆိုပဲ။ ဟင်း ... (သက်ပျင်းချသံ ... )

ဒါနဲ့ ကိုယ်က သမီးရေ ဒီမှာ တုတ်တွေ့လား။ ပြောတာနားထောင်။ တစ်ခါထဲနဲ့ ပြောရင်လုပ် ကြားလား။ တီဗီကြည့်ချိန်မှာကြည့်။ စာကြည့်ချိန်မှာ တီဗီမကြည့်နဲ့။ အချိန်မဆွဲနဲ့။ မဟုတ်ရင်တော့ မေမေ ရိုက်တော့မှာဆို။ ခေါင်းငြိမ့်တယ်။ ဒါနဲ့မေ့မေ့ပျောက်ပျောက် ထမင်းဘာညာစားပြီး ခဏနေတော့ တီဗီကြည့်နေတဲ့ မဂျူဂျူကြည့်လိုက်တာ ခုနက တုတ်ကလေး သူ့လက်ထဲမှာ ၃-၄ပိုင်းပြတ်လို့ ချိုးထားတာ။ တစ်ထွာသာသာလောက်အပိုင်းလေးတွေ။

ဟဲ့သမီးရဲ့ ... ဘာလို့ တုတ်ကို ချိုးလိုက်တာလဲ။ သမီးမလိမ်မာရင်ရိုက်ဖို့တုတ်လေ။ ဆိုတော့ ... မဂျူဂျူ ခဏစဉ်းစားလိုက်သေးတယ်။ တီဗီကြည့်ရင်း မေ့မေ့လျော့လျော့နဲ့ဆော့ရင်း၊ ချိုးမိတာလား။ တမင်ချိုးတာလား။ ကိုယ်လဲမသိ။ သူပြန်ဖြေလိုက်တာက ...

"မေမေ ဂျူဂျူ့ကိုရိုက်ဖို့ တုတ်လေးတွေ အများကြီးရအောင် လုပ်ပေးတာလေ ..." တဲ့။

ဒေါ်ဆွိတီ ပါးစပ်အဟောင်းသား။ ဘာပြန်ပြောရမှန်းမသိ။