Monday, December 10, 2012

Crazy Hair သမီး ၊ Crazy Hair မေမေ

မိဘများသည် သားသမီးများကို အလွန်အလိုလိုက်ကြ၏။ ဘာကြောင့် အလိုလိုက်လဲ မေးသော် ချစ်လို့၊ သူတို့ ပျော်နေတာ ကောင်းစားတာကို မြင်ချင်၍ဖြစ်သည်။ သူတို့လေးတွေ ပြုံးနေ ပျော်နေသည်ကို  ကြည့်ပြီး ပီတိဖြစ်ကာ ထိုပီတိကို စားသုံးကြလေသည်။ တစ်ဦးတည်း မွေးထားသော မိဘတွေက ပိုဆိုးသည်။ ဘယ်အရာမဆို အရာရာ တစ်ဥတည်းသော သားသမီးအပေါ်တွင်သာ ပုံပေးကြတော့သည်။

အန်တီဆွိတွင် အသိလင်မယား၂ယောက်ရှိသည်။ သမီးလေးတစ်ယောက်မွေးထားရာ အသက် ၅နှစ်ခန့် ရှိပြီ။ ခလေးက စကားကလဲတတ် နေပုံထိုင်ပုံလေးကလဲ ချစ်ဖို့ကောင်းသည်။ ဘေးလူတွေတောင် ချစ်ရတာ အဖေအမေဖို့ရာကား ဆိုဖွယ်ရာမရှိ။ အဖေ့အသည်းစွဲ သမီးလေး။ မိဘတွေက ၂ယောက်လုံး အလုပ်လုပ်ရာ ငွေကြေးတတ်နိုင်တော့ သမီးလေးကို လိုလေသေးမရှိ ဖူးဖူးမှုတ်ထားသည်။

ဟိုတစ်လောကပဲ သူတို့ အိမ်ဝယ်ကြတော့ ကြိုက်တဲ့နေရာ အပျံစား၊ အညွန့်စားအိမ် ၀ယ်နိုင်ပါလျက်နှင့် သမီးအတွက်ဦးစားပေးကာ နယူးဆောက်ဝေးက ကျောင်းအကောင်းဆုံးဆိုသည့်နားမှာ ရွေးဝယ်လိုက်တော့ အိမ်က ဈေးကြီးလဲပေးရသေး စုတ်လဲ စုတ်လှသည်ဆိုသည်။ ထိုအိမ်ကို ပြင်နေရာ အိမ်ဝယ်ပြီး ၃-၄လကြာသည်အထိ အိမ်ထဲမှာ ပစ္စည်းပစ္စတွေက ရှုပ်ပွ၊ နေရထိုင်ရတာအဆင်မပြေ အတော်ဒုက္ခရောက်ရသည်ဆိုသည်။ မနေ့ကတွေ့ကြတော့ အမျိုးသမီးလုပ်သူက ညည်းသည်။ အစ်မရယ် သူတို့ကြီးရင်တော့ ဘာဖြစ်မယ်မသိဘူး။ အိမ်ကပြင်နေတော့ နေရတာ ဒုက္ခရောက်လိုက်တာ။ အိမ်ကလဲ စုတ်လိုက်တာဆို သားသမီးအတွက် ဦးစားပေးဝယ်မိသော အိမ်အတွက် ဒုက္ခရောက်ရသော အမေကညည်းသည်။

ဟိုနေ့ကလည်း ဘုန်းကြီးကျောင်းတွင် စကားစမြည်ပြောကြရင်း သားတစ်ဦးတည်းမွေးထားသော အမေမှ ရင်ဖွင့်သည်။ အသက်ကြီးမှ မိဘ၂ပါး ကုန်းရုန်းလုပ်ကာ သားဖြစ်သူကို ကျောင်းထားသည်။ ကျောင်းမှ ရိုးရိုးကျောင်းမဟုတ် အော်ဇီတွင် အင်မတန် ဈေးကြီးသော လူတိုင်းမတက်နိုင်သော ပရိုက်ဗိတ်ကျောင်းတွင်ထားသည်တဲ့။ သားလေးတစ်ယောက် ရိုးရိုးပတ်ဗလစ်ကျောင်းမှာထားလျှင် လူမျိုးခြားတွေကြား အနိုင်ကျင့်ခံရမည်ဆိုးသည်၊ သားဖြစ်သူကို သူများထက် ထူးချွန်ပေါက်မြောက်စေချင်သည်။  နောက်တော့ မိဘများက စေတနာထားကာ  ပရိုက်ဗိတ်ကျောင်းထားခါမှ အပေါင်းအသင်းမှားကာ ပျက်စီး၊ မိဘတွေကိုလည်း နင်ပဲငဆ ပြန်လှန်ပြောကာ ဒုက္ခရောက်ရပုံကို မျက်ရည်တ၀ဲဝဲနှင့် ပြောပြနေသည်။

အန်တီဆွိတို့ အိမ်မှာရော ဘာထူးသနည်း။ တစ်ဦးတည်းသော သမီးလေး ဂျူဂျူအတွက် မိဘများမှာ လိုလေသေးမရှိ ပံ့ပိုးနေရသည်။ မိဘများမှာ သူတို့ တစ်ဝမ်းတစ်ခါးအတွက် မစားရက်၊ မသောက်ရက် နှမြောချင် နှမြောမည်။ သမီးလေးအတွက်ဆို story စာအုပ် တစ်အုပ် အစိတ် ၃၀ဆိုလည်း မနှမြော၊ ပီယာနို ၂၀၀၀ ဆိုလဲ မနှမြော ကျူရှင်လခ တစ်လ ၃၀၀ဆိုလည်း မနှမြော လိုလေသေးမရှိ ထားသည်သာဖြစ်သည်။ ကျောင်းမှာဆိုလည်း ကျောင်းက ဘာပွဲ၊ ညာပွဲ ဆို မလွတ်စေရ။ တတ်နိုင်သမျှ ပြည့်စုံအောင် မျက်နှာမငယ်ရအောင် ပြင်ဆင်ပေးလိုက်သည်ချည်းဖြစ်သည်။ အထူးသဖြင့် အမေကြီးမှာ သမီးအတွက် အပင်ပမ်းခံလွန်းသည်။ အစားအသောက်ဆိုလဲ သမီးစားချင်ရာ ကြံကြံဖန်ဖန်တွေကို အိမ်မှာ ရက်စ်တောရန့်ဖွင့်ထားသလို အမျိုးမျိးအဖုံဖုံ ချက်ပြုတ်ပေးသေးသည်။

ဟိုးလွန်ခဲ့တဲ့ ၂လလောက်ကတည်းက သမီးက ပူဆာနေသည်။ သူ့အတွက် မွေးနေ့ပွဲ လုပ်ပေးဦးမှာလားပေါ့။ အမှန်တကယ်အားဖြင့်တော့ တီတီဆွိမှာ သမီးအတွက် မွေးနေ့ပွဲ လုပ်ပေးလေ့ မရှိပါ။ စလုံးမှာနေတုံးကဆို သူအသက် ၇နှစ်အတွင်း ၂ခါသာ မွေးနေ့ပွဲ လုပ်ပေးဖူးသည်။ တီတီဆွိသည် အင်မတန် အားနာတတ်သည်ဖြစ်ရာ ခလေးအတွက် လူတွေ လက်ဆောင်ပေး၊ ဘာပေး ငွေကြေးကုန်ကျများ၊ အလုပ်ရှုပ်မှာ စိုးရိန်၍ ဖြစ်သည်။ ခုတော့ သမီးက ပူဆာလာတော့ အော် သူလဲ သူများမွေးနေ့ပွဲတွေ သွားနေရတာ သူ့ကိုယ်ပိုင်မွေးနေ့ပွဲလေးတော့လဲ လုပ်ချင်မှာပေါ့ဆို လုပ်ပေးမယ်ဟု ကတိပေးမိသည်။

ပြီးခဲ့သည့်အပတ်က တစ်ပတ်လုံး အိမ်မှာ မွေးနေ့ပါတီ ကျင်းပဖို့ အတွက် အလုပ်ရှုပ်နေကြသည်။ လူသက်သာအောင် အကျွေးအမွေးအတွက် ကြာဆံကြော်နှင့် ဘာဘီကျူး ရယ်ဒီမိတ်တွေဝယ်ကာ လုပ်မည်ဟု စီစဉ်ထားသည်။ ဘာဘီကျူးမီးဖို တစ်လုံးဝယ်လိုက်ရသည်။ ပစ္စည်းပစ္စယတွေ ရေးမှတ်တွက်ချက်ကာ စီစဉ်ရင်း အမေကြီးက ၀က်သားတုတ်ထိုး ကလည်းထည့်ချင်သေးသည်။ ဟင်းအရည် သောက်စရာမပါဆိုကာ တုန့်ယန်းဟင်းချိုကလည်း ချက်လိုက်သေးသည်။

မနေ့ညကပဲ တစ်ပတ်လုံး အမေကြီး တစ်ယောက်တည်း တကုတ်ကုတ် စီမံထားသော မွေးနေ့ပွဲက အောင်မြင်စွာပြီးစီးသွားသည်။ ခလေးတွေ အလွန်ပျော်ကြသည်။ မိဘတွေလဲ ကာရာအိုကေတွေဆိုကာ အိုကေနေကြသည်။ ညဖက် ဧည့်သည်တွေ ပြန်ကြတော့ လက်ဆောင်ထုပ်တွေဖောက်ကြရင်း သမီးကပြောသည်။ မေမေ မနက်ဖြန်ကျောင်းမှာ ဒစ်စကို ကပွဲရှိတာ ပြောထားတာနော်။ အဲဒါ မနက်ကျရင် crazy  hair လုပ်ပေးဦးနော်တဲ့။ သူပြောမှ သတိရသွားသည်။ ဒီကကျောင်းတွေက ဒီဇင်ဘာဆို စာသိပ်မသင်တော့။ အဲလို ကျောင်းကပွဲတွေ ပျော်ပွဲရွှင်ပွဲတွေနှင့် ခလေးတွေမှာ အလွန်ပျော်သည်။ ခု ဒစ်စကို ကိစ္စကလဲ ပြောနေတာ ကြာပြီ။ ဒစ်စကို မှာ ၀တ်ဖို့ ဖလူရိုရိုက် (fluoride) ဖြစ်တဲ့ အကျီဝယ်ပေးဆိုကာ တစ်ပတ်လုံး ပူဆာနေသည်။ သူ့ဆံပင်ကိုလဲ crazy hair ဖြစ်အောင် လုပ်ပေးပါဟုလည်း တဖွဖွပြောနေသည်။

မွေးနေ့ပွဲက ပင်ပမ်းနေတော့ လူကအိပ်ချင်နေပြီ။ မနက်ကျ သမီးဆံပင်ကို ပြင်ဆင်ဖို့အတွက် ခါတိုင်းထက် တစ်နာရီစောပြီး နာရီအလန်းမ် ပေးထားလိုက်သည်။ မနက် နာရီ နှိုးစက်သံက ကကျစ် ကကျစ်မြည်တော့ လူက မလန်း၊  ဆက်အိပ်ချင်နေသေးသည်။ ၁၅မိနစ်လောက်နှပ်နေပြီး အော် သမီးအတွက် crazy hair လုပ်ပေးရမှာ နောက်ကျနေဦးမယ်ဆိုကာ ကမန်းကတမ်းထသည်။ သွားတိုက်၊ မျက်နှာသစ်ပြီး ခါတိုင်းလို မျက်ခုံးမွှေးတောင် မဆွဲအား၊ ဆံပင်တောင် မဖီးအား ဘုရားပန်းရေလဲ၊ ဆွမ်းတော်ပြင်ဆင်၊ ယောက်ျားထမင်းချိုင့်၊ သမီး ထမင်းဘူးပြင်ဆင်၊ ညက ကျန်တဲ့ ဆေးကြောစရာတွေ ဆေးကြောပြီးတော့ နာရီက သမီးနှိုးဖို့အချိန်ရောက်နေပြီ။

" သမီးရေ ... ထတော့ဟေ့ ... သမီး ဒီနေ့ ခရေဇီ ဟဲ လုပ်ရဦးမှာ ...ထတော့ ထတော့ .." ဆိုတော့ သမီးကအိပ်ရာထဲက ချက်ချင်းဘယ်တော့မှမထ။ လူကို ဖက်၊ ယူကျူ့က သီချင်းတွေလို၊ ဟာသတွေလို ကြည့်ပြီးမှ အိပ်ရာကထတတ်သည်။ ပြီးတော့ မျက်နှာသစ်၊ အကျီလဲ ဘရိတ်ဖတ်စ် စားနေတုံး သူ့ရဲ့ crazy hair ကို စပြင်ရတော့သည်။ ဘယ်လိုပြင်ပေးရင်ကောင်းမလဲ ဂူဂဲထဲ ရှာရသေးသည်။  သမီးဟာ ကျောင်းက မှာတာတွေ ကျောင်းက activity တွေကို တစ်သွေမသိမ်း လိုက်နာလေ့ လိုက်လုပ်လေ့ ရှိရာ သူ့ဆံပင်ကို အစွမ်းကုန် crazy hair ဖြစ်စေချင်နေသည်။ အဲနေ့မတိုင်မီကတည်းက သူ့ဆံပင်တွေကို လက်နှင့်ကိုင်၊ မှန်ကိုကြည့်၊ အမေကို အမျိုးမျိုးလုပ်ပြကာ ခရေးဇီးဟဲ ဖြစ်လားဟု မေးနေတတ်သည်။

နောက်ဆုံး အမေကြီးမှာ အကြံရသွားတော့ အကြံအတိုင်း သူ့ဆံပင်ကို ကြိုးတွေနဲ့ လိမ်ကာ ပတ်ကာ အစမ်းလုပ်ကြည့်လိုက် ပြန်ဖြည်လိုက် စိတ်ကြိုက်မတွေ့လိုက်နှင့် နောက်ဆုံးတော့  ဂျူဂျူနေ့တိုင်းပြောနေတဲ့  crazy hair ဖြစ်သွားပါသည်။ ဘေး၂ဖက်က ဆံပင်တွေကို  ကြိုးနဲ့ရစ် အ၀ိုင်းလေးလုပ် အပေါ်မှာ ပြန်ချည်လိုက်တော့ ခေါင်းပေါ်မှာ crown လိုလေး ဖြစ်သွားသည်။ နောက်က ဆံပင်တွေကိုလဲ ကြိုးနဲ့ရစ်ပြီး မြွေတစ်ကောင်လို ပုံစံဖြစ်အောင် ဖန်တီးပေးလိုက်သည်။ ဂျူဂျူကလဲ မှန်တကြည့်ကြည့်နှင့်် သူ့ ခရေဇီဟဲကို သဘောကျနေသည်။ ခရေဇီးဟဲ ကိစ္စပြီးတော့ သမီးလဲ မနက်စာစားပြီးပြီ။ နာရီကြည့်တော့ ၉နာရီထိုးပြီ။ သမီးရေ သွားကြရအောင်ဆိုကာ ရေဗူးထဲ့၊ လွယ်အိပ်ထဲ လိုတာတွေစစ်၊ သမီးအကျီ ဖိနပ် အဆင်ပြေရဲ့လားစစ်ပြီး  ကျောင်းလိုက်ပို့လိုက်သည်။ 

ကားပေါ်ကျ ဂျူဂျူလေးက သူ့ crazy hair ကို ကိုင်ကြည့်ပြီး အရမ်း ခရေဇီဖြစ်နေလား မသိဘူးဆိုပြောနေသည်။ ကဲ ဒီလောက် ခရေဇီဖြစ်ချင်တာ သမီးမျက်နှာမငယ်စေရအောင် ပြင်ဆင်ပေးလိုက်သော အမေကြီးမှာ  ကျောင်းလာသူ ခလေးများကို အကဲခပ်နေသည်။ ပြီးတော့ ဘယ်သူမှ သမီးလောက် ခရေဇီ မဖြစ်ဘူး ဆိုကာတွေးနေသေးသည်။ ကားရပ်တော့ အားလားမား သူ့ရှေ့က ဆင်းသွားတဲ့ အဖြူ ညီအစ်ကိုကတော့ ဆံပင်တွေကို ရောင်စုံ စပရေးတွေ ဖြန်းထားတာ တစ်ခြမ်းက အစိမ်း တစ်ခြမ်းက အပြာ ၊ အ၀ါ ၊ အနီရောင်စုံဆိုတော့ ကြက်တူရွေးတွေလား ထင်ရတာကို ကြည့်ပြီး ပြုံးမိသည်။ ဂျူးဂျူးကတော့ ရှက်ကိုး ရှက်ကန်း သူ့ရဲ့ crown လို ထောင်နေတဲ့ ဆံပင်ကို လက်နဲ့ အုပ်ထားတာ လှမ်းမြင်လိုက်သည်။ သမီးရဲ့ ခရေးဇီးဟဲကတော့ သူ့သူငယ်ချင်းတွေကြားမှာ ရေပန်းစားမှာပဲဆိုကာ အမေကြီးမှာ ပီတိတွေဖြစ်နေသည်။

အိမ်ပြန်ရောက်တော့ အမေကြီးမှာ ညကကျန်တာတွေ ဆက်သိမ်းရပြန်သည်။ ပစ္စည်းအချို့ ရှုပ်ပွနေတာတွေ အကုန်ကောက်သိမ်းပြီး အခန်းထဲ ၀င်ထည့်ရာ အခန်းထဲမှ ဘီရိုအပြည့်တပ်ထားသော ကိုယ်လုံးပေါ်မှန်ရှေ့ အရောက် သူ့ပုံရိပ်ကို သူမြင်ပြီး လန့်သွားလေသည်။  မနက်ကတည်းက သမီး ခရေဇီဟဲ ဖြစ်ဖို့ အရေး လုံးပမ်းနေရတော့ သူ့ဆံပင်များ ဘယ်ပုံပေါက်နေသည်ကို ဂရုမစိုက်နိုင်အား။ ကျောင်းသွားခါနီး ဆံပင်ဖီးဖို့ရာပင် မေ့နေသည်။ မဖီး မသင်ရသေးတဲ့ ဆံပင်များက ညက ဖိအိပ်မိလို့လားမသိ ပုံမှန်ထက် ပွသရောင်း ရှုပ်ပွနေရာ သမီးလိုပင် ပြင်ဆင်စရာမလို တကယ့်ကို Crazy hair ဖြစ်နေလေတော့သတည်း။   ။



Sunday, December 9, 2012

ကမ္ဘာပျက်မဲ့နေ့ ...


အန်တီဆွိဟာ လေယာဉ်ပျံစီးရမှာ သိပ်ကြောက်တတ်တယ်။ ဖိုးဗီးယားလားမေးရင်တော့ အဲသလောက်တော့ မဆိုးဘူးထင်တာပဲ။ ဘယ်က စ ကြောက်တာလဲ မေးရင်တော့ လူဆိုတာ ကိုယ့် အသက်လေးကိုယ် ခင်တွယ်တတ်တော့ သေမှာ ကြောက်တာက စတယ်ပဲပြောရမယ်။ ကောင်းကင်ပေါ်မှာ ဒီလောက်လေယာဉ်ပျံ အလေးကြီး ပျံနေတာကိုက သိပ်ကို လေးလွန်းအားကြီးတယ်။ အချိန်မရွေး ပျက်ကျနိုင်တယ်။ လေယာဉ်ပျံပေါ်မှာ အသက်နဲ့ကိုယ် ဖက်နဲ့ ထုပ်ထားရတယ်လို့ အမြဲတွေးတယ်။ ဒါကြောင့် ခရီးသွားရတယ် ဘာညာဆို လေယာဉ်ခရီးဆို အမြဲရှောင်တယ်။ ဖြစ်နိုင်ရင် ကားနဲ့ ရထားနဲ့ သာသွားချင်တယ်။ ဒါပေမဲ့ လောကမှာ မလွှဲမရှောင်သာ ကိစ္စလေးတွေ ရှိမြဲ မဟုတ်လား။ ဥပမာ  တစ်နှစ်ခြားတစ်ခါလောက် မြန်မာပြည် အလည်ပြန်တာမျိုးဆိုရင်တော့ လေယာဉ်က မစီးမဖြစ် စီးရတယ်။

လေယာဉ်ပေါ်ရောက်ပြီ ဆိုရင်လည်း အရင်က ဒိုင်ယာဇီပင်လေးတွေ ဆောင်ထားတတ်တော့ အဲဒီဆေးလေးသောက်တယ်။ နောက်ပိုင်းတော့ စင်္ကာပူမှာ ဒိုင်ယာဇီပင်က မလွယ်တော့ ဘာမီတွန်ပေါ့။ အိပ်တဲ့ဆေး ရရာ တစ်လုံး ရေနဲ့ မျှောချထားလိုက်တယ်။ ဒါမှ လေယာဉ် ခရီးစဉ်တစ်လျှောက် အိပ် လိုက်သွားတော့ ဘာမှမသိတော့ အေးရောဆိုပြီး။ ပြီးတော့ လေယာဉ် စ တက်ပြီဆိုတာနဲ့  တတ်သမျှ၊ မှတ်သမျှ ဘုရားစာ အကုန်ရွတ်တော့တာပဲ။ လေယာဉ် အပေါ်တက်သွားလို့ အမြင့်ရောက်သွားတာနဲ့အမျှ အန်တီဆွိရဲ့ ဘုရားစာရွတ်သံကလည်း လေယာဉ်စက်သံကြားမှာ ပိုကျယ်၊ ပိုမြန်လာတတ်တယ်။ သမီးပါရင်တော့ သမီးကို အတက်မှာ ရေသောက်ဖို့၊ တံတွေးမြိုချဖို့ ဘုရားစာရွတ်ရင်းနဲ့ သတိပေးရသေးတယ်။ ဦးခြိမ့်ကတော့ သေလဲ အတူတူပဲ ဘာကြောက်စရာရှိလဲပေါ့ဆို အားပေးတယ်။ အကြောက်လွန်နေတဲ့  ဒေါ်ခင်မို့မို့ဆွိကြီးက " သေ အတူတူဆိုလဲ သေခါနီး ကျုပ်ဝေဒနာတွေ တော် ခံပေးမှာလားတော့ ... " ဆို အငေါ်ပြန်တူးတတ်သေးတယ်။

တစ်ခါသား လေယာဉ်တောင်ပံဘေးက ပြတင်းပေါက်နားမှာ နေရာရတယ်။ အိပ်မပျော်တော့  လေယာဉ်ပြတင်းပေါက်ကနေ တောင်တောင်အီအီငေးနေရင်းကနေ  တောင်ပံတွေကို တွဲထားတဲ့ rivet တွေဆီ မျက်လုံးက ရောက်သွားတယ်။ rivet လေးတွေနဲ့ တွဲထားတဲ့ လေယာဉ်ပျံတောင်ပံဟာ လေတိုးတိုင်း လှုပ်လီ လှုပ်လှဲ့ ရှိလှတယ်။ ကိုယ်တိုင်က မက်ကယ်နီကယ် အင်ဂျင်နီယာဆိုတော့ ရုံးမှာ နေ့စဉ် အဲလို rivet တွေ၊ screw တွေ၊  fastener  တွေနဲ့ အလုပ်လုပ်နေရတယ်။ အဲဒါတွေရဲ့ stress တွေ၊ strength တွေ၊ ကျိုးပြတ်တာတွေကို စမ်းသပ် လေ့လာနေရတာဆိုတော့ ဟမ်မလေး မတော်လို့ အဲဒီ rivet တွေထဲက တစ်ခုခုသာ လေယာဉ်ပျံတောင်ပံ လေအရိုက်မှာ ကျိုးပြတ်ခဲ့သည်ရှိသော်ဆိုပြီး ... ဆက်မကြည့်ရဲတော့ပဲ မျက်လုံးကို ဇွတ်မှိတ် ဘုရားစာသာ တတွတ်တွတ်ရွတ်တော့တယ်။ ဒါတောင် လေယာဉ်ပျံဆင်းခါနီး ဘေးက သူရဲံကောင်းကြီး ကိုကိုခြိမ့်က တို့တွေ ၅တန်း(5th year)တုံးက သင်ခဲ့ရတဲ့ turbulence flow ထကြည့်ပါဦးဆိုလို့ ကြောက်ကြောက်နဲ့ ကြည့်ခဲ့ရသေးတယ်။ လေယာဉ် ပန်ကာနားကထွက်တဲ့ air flow ရေခိုးရေငွေ့လို အခိုးလေးတွေဟာ လှိုင်းတွန့်လေးတွေလို ရှည်မျောမျော လေးတွေ ပြေးနေတာကို အတိုင်းသား မြင်နေရင်းနဲ့လဲ ဘာကိုကြောက်မှန်းမသိကြောက်နေပြန်တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


 ဟိုတစ်လောက အော်ဇီက ၀န်ကြီးချုပ် ဂျူလီယာဂေးလတ်က "The end of the world is coming"

 ဆိုပြီး အူကြောင်ကြောင်နဲ့ ထ ပြောတာကို တီဗီ သတင်းတွေမှာ ကြ့်လိုက်ရတယ်။ သူကတော့ ဘာသဘောနဲ့ ပြောတယ်မသိ။ ကိုယ့်မှာတော့ သူလို အမျိုးသမီး ၀န်ကြီးချုပ်တစ်ယောက်ကနေ ပြောတာဆိုတော့ နားကအလိုလို စိုက်မိရက်သားဖြစ်နေတယ်။ တကယ်ပဲ ကမ္ဘာ ပျက်တော့မှလားပေါ့။  ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆို ပြောထားတာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကပဲ ဘလော့ဂ်တွေမှာ ၀ိုင်းတက်ဂ်ကြလို့ ရေးလိုက်ရသေးတယ် မဟုတ်လား။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ သေမှာကြောက်တတ်တဲ့သူဆိုတော့ စိတ်ထဲ နဲနဲပါးပါး ကြောက်စိတ်ကလေးကတော့ ရှိနေတာပါပဲ။ အဲ့တုံးကဆို အင်တာနက်ထဲ  " 2012 world end " ဆိုပြီး ဇစ်ဇစ်မြစ်မြစ်တွေထိ လိုက်ရှာဖတ်တာ နေ့စဉ်ရက်ဆက် တစ်ပတ်လုံးနီးပါးပဲ။ ဒီအယူအဆ ဘယ်ကလာသလဲ၊ ဘယ်လောက်သေချာလဲ။ ဘာကြောင့် ဒီလို ကောက်ချက်ချရလဲ၊ အစုံပဲ။ မနှစ်ကလဲ အဖိုးကြီးတစ်ယောက်က ၂၀၁၁ ဘယ်နေ့အတိအကျ ကမ္ဘာပျက်မယ်ဆို ပြောထားတာ၊ အင်တာနက်သတင်းတွေမှာဆို ပွနေတာပဲ။ တကယ်တမ်း အဲဒီနေ့လဲရောက်ရော ဘာမှလဲမဖြစ်တော့ လူတွေမှာ ဟာသကြီးကိုဖြစ်လို့။ နောက်နေ့ သူ့အိမ်ရှေ့ သတင်းထောက်တွေ ၀ိုင်းနေတော့ သူကထွက်လာပြီး သူတွက်တာမှားသွားပါတယ်ဆို  ပြန်ဝန်ချတောင်းပန်တာတွေ ဖတ်ရတော့ ဟယ် လူတွေက ဒီလိုတွေပဲ ပေါက်ကရ လျှောက်ပြောနေကြတာ မဟုတ်လောက်ပါဘူးပေါ့ဆို စိတ်အေးသွားပြန်ရော။

ဒီကြားထဲ ဟိုတစ်နေ့ကပဲ တီဗွီကနေ "2012 " ဆိုပြီး ကမ္ဘာပျက်တာကို ရိုက်ထားတဲ့ ရုပ်ရှင်လာတယ်။ အန်တီဆွိက ဒရမ်မာတို့ ဟာသကားတို့သာ ကြိုက်တာ။ အဲလို လူကို stress များစေတဲ့ကားတွေ မကြိုက်တတ်ပေမဲ့ ဟိုတီဗီကြိုက်တဲ့သားအဖနား ထိုင်မိတော့ မကြည့်ချင်ပဲလဲ မြင်နေရတယ်။ အမ်မယ် ရုပ်ရှင်ထဲမှာ ကမ္ဘာပျက်တော့ ဇာတ်လိုက်မိသားစုက လေယာဉ်ပျံကြီးနဲ့ ပြေးကြတာဗျ။ နောက်မှာ ကမ္ဘာမြေကြီးက ငလျှင်တွေလှုပ်၊ မြေတွေပြို၊ ရေတွေကြီးနဲ့ကျန်ခဲ့တာကို သဲထိပ်ရင်ဖိုပဲ ရိုက်ထားတာ။ နောက်ဆုံး တရုတ်မှာဆိုလား ကမ္ဘာ မပျက်တဲ့ နေရာလေးတစ်နေရာကို ပြေးကြတာတဲ့။ ကြည့်ပြီး မေ့မေ့ပျောက်ပျောက်ပါပဲ။

 တိုက်တိုက်ဆိုင်ဆိုင် အဲ့ကားပြပြီးလို့ မကြာခင်မှာပဲ ဆစ်ဒ်နီနားက ကမ်းခြေတွေမှာ ရေတွေ အနီရောင် ပြောင်းကုန်တယ်။ ဂျပန်မှာ မြေငလျှင်တွေ လှုပ်တယ်၊ ဆူနာမီ warning ဆို ဖေ့စ်ဘွတ်မှာ စတေးတပ်စ်တွေ တက်လာတော့ အောက်က ကွန့်မန့်တွေကလဲ ကြောက်စရာ။ ကမ္ဘာတကယ်ပဲ ပျက်တော့မှာလား။ နီးနေပြီ ကမ္ဘာပျက်ဖို့။ ကမ္ဘာပျက်ဖို့ ဘယ်နှစ်ရက်အလို ... ဆို ကွန့်မန့်တွေက ပွထနေတယ်။ ကြောက်တတ်တဲ့သူက ကြောက်မြဲပဲဆိုတော့ အော် သူတို့ပြောတဲ့ ကမ္ဘာပျက်မဲ့ရက်က နီးလာပြီပေါ့ ... ။ ဒီဇင်ဘာ ၂၁ရက်နေ့ တဲ့ လေ  ....

 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကမ္ဘာပျက်မယ်ဆိုပြီး ထိုင်တွေးနေ၊ ငေးနေလို့လဲမရ လူ့ပြည် လူ့ဘ၀ လူ့ဌာနမယ် နေ့စဉ်လုပ်နေကျ routing လေးတွေက ရှိနေသေးတော့ အိမ်မှာ လုပ်စရာရှိတာတွေ လုပ်နေရမြဲ။ ဒါ့အပြင် မြန်မာပြည်ပြန်ဖို့ရက်က နီးလာတော့  အလုပ်တွေ ရှုပ်နေတယ်။ လက်ဆောင်တွေဝယ်၊ လပ်ဂေ့ခ်ျတွေ ထုပ်ပိုး၊ ဒီကြားထဲ သမီးမွေးနေ့ပွဲအတွက် အိမ်ရှင်း၊ ဈေးဝယ် ချက်ပြုတ် ပြင်ဆင်နဲ့ ရှုပ်ယှက်ခတ်နေတယ်။ တစ်ရက်တစ်ရက် နားရတယ်မရှိ၊ အိမ်အလုပ်တစ်ဖက် ရုံးအလုပ်တစ်ဖက်နဲ့ ဘလော့ဂ်လေးတောင် နပ်မှန်အောင် မနဲရေးနေရတယ် အရပ်ကတို့ရေ။


ဒီလိုနဲ့ အလုပ်ရှုပ်တဲ့ တစ်ရက် ညနေပိုင်း နားချိန်လေးပေါ့။ အိမ်ရှေ့မှာ တီဗီကြည့်ကြရင်း ကမ္ဘာပျက်မဲ့ အကြောင်းပြောရင်း မြန်မာပြည်ပြန်မဲ့အကြောင်း စကားက စပ်သွားတယ်။ အန်တီဆွိမှာ အမှတ်သညာ ဥာဏ်က အင်မတန်နဲတော့ ဘယ်နေ့ မြန်မာပြည်ပြန်မှာလဲ အတိအကျ မသိဘူး။ ဒီဇင်ဘာ၂၃ ရန်ကုန်ရောက်မယ်ဆိုတာပဲ သိတာ။ အမေတို့နဲ့ ဖုန်းဆက်ရင် အမေ သမီးတို့တော့ ၂၃ ရက်နေ့ ရောက်မယ်ဆို အမြဲပြောဖြစ်နေတာကိုး။ ကြားထဲ ထရန်စစ်က ရှိနေသေးတော့ ညအိပ်ရမှာတွေရော ဘာတွေရော ပြန်မဲ့ရက်ကို  သေချာမသိဘူးရယ်။

ဒါနဲ့ စကားစပ်ကြတော့ အန်တီဆွိက

 " တော့ ကမောင်ခြိမ့် ... ဒါနဲ့ ကျုပ်တို့ မြန်မာပြည် ပြန်မှာ ဘယ်နေ့တုံးတော့ ... "

ဆိုတော့ သူက စိတ်ကြည်နေချိန်ဆို ထုံးစံအတိုင်း လေအေးအေးနဲ့ ...

" ၂၁ ရက်နေ့လေ  အမေကလည်း ... မလေးရှားကို ၂၂ရက်နေ့ ထရန်စစ်ပါဆို ပြောထားသားနဲ့ ... "

  ၂၁ ရက်နေ့ နေ့ နေ နေ့ နေ့ ....  ဆိုတာဟာ ငယ်ငယ်က ကက်ဆက်ဇာတ်လမ်းတွေထဲကလို အန်တီဆွိရဲ့နားမှာ ပဲ့တင်ထပ်သွားတယ်။ ဘုရား ဘုရား ကမ္ဘာပျက်မဲ့ နေ့ကြီးပါကလား ...


 အဲသမှာ  သေမှာ ကြောက်တတ်တဲ့ ဒေါ်ခင်မို့မို့ဆွိကြီးက သူအင်မတန်ကြောက်တဲ့  လေယာဉ်ပျံကြီးကို ကမ္ဘာပျက်မဲ့ နေ့ကြီးမှာ စီးရမှာဆိုတော့

"ဟမ်မလေး ကမောင်ခြိမ့်ရယ် ... တော် ကျုပ်ကို ရက်စက်လှချည်လား ... ကမ္ဘာပျက်မဲ့ နေ့မှာ လေယာဉ်ပျံစီးခိုင်းရတယ်လို့ပဲ။  ရက်စက်လိုက်တာ ကိုမောင်ခြိမ့်ရယ် ... ဘယ်လို သဘောနဲ့များ အဲဒီနေ့တည့်တည့်ကိုမှ ရွေးဝယ်လိုက်ရသလဲတော့ .. "  


ဆိုတော့ ဦးမောင်ခြိမ့်က တစ်ချက်စဉ်းစားလိုက်ပြီး ၀မ်းသာအားရ ပြန်ပြောလိုက်တာက ...

" ဒီမယ် ဆွိလေးရဲ့ လေယာဉ်ပျံပေါ်ရှိနေတာမှ ကောင်းတာဟ ... ညည်း ဟိုကားမကြည့်ဖူးဘူးလား။ ကမ္ဘာပျက်တော့ လေယာဉ်ပျံကို မရမက စီးပြီးတောင် ထွက်ပြေးကြရတာလေ။ တို့က အဲဒီနေ့ ကျ ဘေးကင်းရန်ကင်း လေယာဉ်ပေါ်မှာရောက်နေပြီ ... ကမ္ဘာက တို့နောက်မှာ ပျက်ကျန်နေခဲ့မှာ  ... ညည်းဒါတောင် မစဉ်းစားမိဘူးလား ...  ဘယ်လောက်ကောင်းလိုက်တဲ့ အစီအစဉ်လဲ ... "တဲ့

သူပြောမှပဲ ကိုယ့်မှာ တဟားဟားနဲ့ ရယ်လိုက်ရတာ။ အဟုတ်ကောင်းတဲ့ အစီအစဉ်ပဲ ...   လေယာဉ်ကြောက်တဲ့ သူတောင် မကြောက်တော့ဘူး ဗျာတို့ရေ ...။ အဲဒီနေ့ကျ ဒို့တွေက လေယဉ်ပေါ်မှာ ဘေးကင်း ... ရန်ကင်း ....   ... ;)))



Wednesday, December 5, 2012

တို့အိမ်က အလွဲများ ...

 ဂျူဂျူနဲ့ အိုဘားမား
ဟိုတစ်လောက ကျောင်းတွေ ရက်ရှည်ပိတ်တော့ အိမ်မှာ ဂျူဂျူလေးကို မြန်မာစာသင်ပေးနေတာ။ သမီးက ဥာဏ်ကောင်းလို့လားတော့မသိ။ ကျောင်းပိတ်တဲ့ ၃ပတ်လောက်အတွင်း စာတော်တော်တက်သဗျ။ သူငယ်တန်း သင်ပုန်းကြီး မြန်မာစာအုပ်အတိုင်း သင်တာမှာ "အဲ - အယ်-့ အယ် " အထိတောင် ရောက်နေပြီ။ ခု ကျောင်းတွေပြန်ဖွင့်တော့ တစ်ပတ်ကို တစ်နာရီလောက်ပဲ သင်ရတော့ စာက သိပ်မတက်တော့ဘူး။ သင်ပြီးတာတွေ မမေ့အောင် နွှေးပေးရုံလောက်ပဲ လုပ်ပေးနိုင်တော့တယ်။ နောက်တစ်ခါ ကျောင်းရက်ရှည်ပိတ်ရင်တော့ သေချာပြန်လုပ်ပေးရဦးမယ်။

အဲဒါ တစ်နေ့က မြန်မာစာ သင်ပြီးသမျှတွေ ပြန်နွှေးပေးနေရင်းနဲ့ သတ်ပုံခေါ်တာပေါ့။ သတ်ပုံခေါ်နေရင်းနဲ့ သူ့အမေကြီးက ဖေ့စ်ဘွတ်ခ်ကို ကြည့်နေတော့ အိုဘားမား မြန်မာပြည်လာတဲ့ အကြောင်း အန်တီစုနဲ့တွေ့တဲ့ အကြောင်းတွေ ဖေ့စ်ဘွတ်ပေါ် တက်လာတာ။ အဲဒါကို ဂျူဂျူလေးကလဲ သူ့ရဲ့ မတောက်တစ်ခေါက် မြန်မာစာနဲ့ လိုက်ဖတ်နေတော့ သမီးလဲ ရေးလို့ရတာပဲဆို သူ့ကို သတ်ပုံရေးခိုင်းလိုက်တာ။ အိုဘားမားရယ် ၊ ဒေါ်စုရယ်။

သူ့အမေကြီးကလဲ ဖေ့စ်ဘွတ်ပဲ စိတ်ကရောက်နေ၊ ညဖက် မျက်လုံးကလဲ မကောင်းတာနဲ့ သမီးရေးပြီးတာ အမှတ်တမဲ့ပဲ ဖတ်လိုက်ပြီး " ဟယ် ငါ့သမီးလေးက တော်လိုက်တာ ... အိုဘားမား တောင်ရေးတတ်နေပြီတော့ ...  မြန်မာစာတော်တော်တတ်နေပြီပဲ.."  ဆို ချီးမွန်းနေတာ။ ဒီလိုပဲ ခလေးတွေ မြှောက်ပေးပြီး ချော့မော့သင်ရတာ။

မနက်မိုးလင်း အိပ်ရာထတော့ အိမ်ရှေ့စားပွဲပေါ် စာရွက်တွေ ပွနေတာနဲ့ ရှင်းရင်း  ညက ဂျူဂျူ ရေးထားတဲ့ သတ်ပုံစာရွက်လေး ထွက်လာတာနဲ့ အမှတ်တမဲ့ ဖတ်ကြည့်လိုက်တာ။

အလိုလေး ... မယ်မင်းကြီးမက ရေးထားတာ "အိုဘားမား" ကို ... "အူဘားမား" တဲ့ဗျား ... သူုနဲ့ကျမှပဲ အိုဘားမားလဲ အူတူတူလိုလို "အူဘားမား" ဖြစ်ရတယ်လို့ တွေးပြီး ရယ်လိုက်ရတာ။

ဒါနဲ့ ဂျူဂျူနိုးလာတော့ သမီးရေ ... ညက သမီးရေးထားတာ အိုဘားမားကို သတ်ပုံမှားနေတယ်နော် ... ပြန်ဖတ်ဦး ... ဆိုတော့ ဂျူဂျူလေးမှာ သူ့အဖေလိုပဲ ညက်မှောင်ကြီးတောင် ရှုံ့ပြီး ပြန်ဖတ်နေတာ။ နောက်ပြီး ဘယ်လိုပေါင်းရမှာလဲ မေးတယ်။ "အ လုံးတင် တစ်ချောင်းငင် အို " ဆိုတော့ ဂျူဂျူ ညက်မှောင်က ပိုကျုံ့သွားတယ်။ ပြီးမှ မေမေကလဲ "အို"  မှ မသင်ရသေးတာ ဂျူဂျူ ဘယ်သိမှာလဲတဲ့။ အဲဒီကျမှ သူ့အမေကြီးကလဲ သင်တာ "  အို့ ... အို ... အိုး " ထိ မရောက်သေးတာ သိတော့တယ်။ အစဉ်အတိုင်းဆို အသတ်တွေမလာခင်  " အို " က နောက်ဆုံးမှာ ကိုးးးး။

 အ အိ အု အေ အဲ အော အံ အို ... လေ။

ဂျူဂျူတို့ကတော့ ရှိတာနဲ့ ရအောင် ပေါင်းလိုက်တာပဲ။ အိုဘားမားတောင် အူဘားမားဖြစ်အောင် ...
----------------------------------------------------------------------------------------------------------


ပုဆိုးတလွှားလွှား ကမောင်ခြိမ့်
ဟိုတစ်လောက ခလေးတွေ ကျောင်းပိတ်ရက် ဒီကသူငယ်ချင်းတွေစုပြီး ပစ်ကနစ်သွားကြတယ်။
Bobbin Head တဲ့။ အိမ်ကနေ ကားနာရီဝက်လောက်ပဲ မောင်းရတာပါ။ ပစ်ကနစ်ဆိုတော့ စားစရာ သောက်စရာတွေက စုံလှတယ်။ မုန့်ဟင်းခါး၊ ဒန်ပေါက်၊ ၀က်သားသုတ်၊ လဖက်သုတ်၊ စပါကာတီး ထမင်းတွေ ဟင်းတွေရော အစုံပဲ။ လှေစီးကြ၊ တောထဲ လျှောက်ကြ၊ ဓာတ်ပုံတွေရိုက်ကြနဲ့ ပျော်စရာကြီးပေါ့။ ညနေပြန်တော့ သူငယ်ချင်း အသိတစ်ယောက်ဆိုင် ၀င်ကြပြီး သူ့ဆိုင်မှာပဲ ပစ်ကနစ်ကပါလာတာတွေ စားသောက်ပြီး ပြန်ကြတာ။ အားလုံးစားသောက် ဗိုက်ကားပြီး အိမ်ပြန်တော့ ည၈နာရီ အတော်မိုးချုပ်ပြီပေါ့။

 အိမ်ရောက်တော့ ဦးခြိမ့်တစ်ယောက် ဗိုက်ထဲက ရစ်သလိုလို၊ ဗိုက်ပဲ နာချင်သလိုလို ဆို ပြောနေတာ။ အစားစုံလို့နဲ့ တူပါရဲ့ဆို ပြန်ပြာလိုက်ေး။ ကိုယ်လည်းပြန်ရောက်တော့ ပင်ပန်းရတဲ့ကြားထဲ သူ့လဲ ဂရုမစိုက်နိုင်။ ပစ္စည်းတွေ သိမ်းဆည်းပြီး  တီဗီရှေ့သွားထိုင်။ ပြီးတော့ ဂျူဂျူလေးကို သိပ်၊ အိပ်ငိုက်လာတော့ ကွန်ပြူတာလေးဖွင့်  အွန်လိုင်းတက်နေတာ။ ဦးခြိမ့်ကတော့ အသံကို မကြားတော့ဘူး။ သူ့အခန်းထဲဝင်သွားတာ။

 မနက်မိုးလင်းတော့ တနင်္ဂနွေမနက်ဆိုတော့ ဦးခြိမ့်တို့ ထုံးစံ အစောကြီးထပြီး ချွတ်ချွတ် .. ချွတ်ချွတ်နဲ့ အ၀တ်တွေလှမ်းလိုက်၊ တံမျက်စည်းပဲလှည်းသလိုလို၊ ဟိုလုပ်ဒီလုပ်ပေါ့။ ကိုယ်လဲ အိပ်ရာက ထလာရော သူ့ကိုကြည့်ရတာ တစ်မျိုးပဲ ထူးဆန်းသလိုလို ရှိလှတယ်ထင်နေတာ။ ဘယ်ဟုတ်မလဲ မောင်မင်းကြီးသားက ဆစ်ဒနီ စပရင်း ဒီလောက် ချမ်းချမ်းစီးင်္စီးကြီးမှာ ပုဆိုး တလွှားလွှားနဲ့ ဟိုဖက်ဒီဖက် လုးလားခတ်နေတော့ အမြင်ဆန်းနေတာပေါ့။ ဆစ်ဒနီက spring ရောက်တာတောင် မနက်ခင်း ရာသီဥတုက ၁၄-၁၅ ဒီဂရီလောက်ရှိနေသေးတော့ ဘောင်းဘီရှည်ထူထူတွေ ၀တ်နေရတုံးပါ။ တစ်ဆောင်းတွင်းလုံး ဘောင်းဘီရှည်ထူထူတွေနဲ့ မြင်နေရာကနေ ရုတ်တရက် ပုဆိုးတလွှားလွှား ဆိုတော့ မျက်စိထဲ ဆန်းနေတာပေါ့။

ဒါနဲ့ အန်တီဆွိက
"တော့ ကမောင်ခြိမ့် ...  တော့်နဲ့တော် ဒီလောက် မနက် အေးအေးချမ်းချမ်းကြီး ဘယ့်နှာကြောင့် ပုဆိုး တလွှားလွှားနဲ့ ဖြစ်နေရသတုံးတော့ ..." ဆိုတော့ သူ့ဟာသူ အောက်ငုံ့ကြည့်ပြီး ဘာပြောတယ် ထင်သတုံး အရပ်ကတို့ရေ ...

" ကိုယ် ၀မ်းတွေ သွားနေလို့ကွ ... အဲဒါ လွယ်အောင် ပုဆိုးလေး ပေါ့ပေါ့ပါးပါး ၀တ်ထားလိုက်တာ ... အရေးအကြောင်းဆို အဲသလို မ ...  ထိုင်လိုက်ရုံပဲ .." တဲ့ဆို ပုဆိုးလေးကိုင်ပြီး ပုံစံတောင်လုပ်ပြနေလို့ အန်တီဆွိမှာ ရယ်လိုက်ရတာ ...

 ဖြစ်ရလေတော် ကမောင်ခြိမ့်ရယ် လို့ပဲ ပြောနိုင်တော့တယ် ။