Showing posts with label (၇- ၁) Hawaiian pizza. Show all posts
Showing posts with label (၇- ၁) Hawaiian pizza. Show all posts

Thursday, February 17, 2011

ဂျူဂျူလေးအတွက် Hawaiian pizza ...

ဂျူဂျူလေးက ပီဇာကြိုက်တယ်။ သူစားချင်ပြီဆို ဈေးသက်သာတဲ့ ကနေဒီယမ် ပီဇာကို ဝယ်ကျွေးလေ့ရှိတယ်။ သူက တစ်ခုမှာရင် ၂ခုရတော့ ဈေးသက်သာတယ်။ အရသာလဲ ကောင်းပါတယ်။ တစ်ခါတစ်ရံလဲ ဂျူရောင်းပွိုင့်က Pizza hut မှာ သွားစားပေါ့။ ပီဇာက ဈေးကြီးတဲ့အပြင် အိမ်ကိုမှာတာဆို အနည်းဆုံး နှစ်ဆယ်၊ အစိတ်ဘိုးမှာမှ ရတာဆိုတော့ တစ်ခါ၊တစ်ခါ ဝယ်ကျွေးရင် မသက်သာဘူးဗျာ။

တလောက ညကြီး စာကြည့်နေရင်းနဲ့ မေမေ ပီဇာစားချင်တယ်ဆို ထလုပ်ပါလေရော။ ပီဇာတောင် အသဲပုံ ပီဇာတဲ့ဂျာ။ ဘာလင်တိုင်းနေ့အတွက် အသဲပုံ ပီဇာကြော်ငြာစာရွက်လေး ဘယ်ကရလာတယ် မသိဘူး။ အဲဒါလေး ကြည့်ပြီး ပူစာတော့တာပဲ။ ဒါနဲ့ မှာရင်လဲ သူ့တစ်ယောက်စာတည်း ဈေးကြီးလှတယ်ဆို အမေလုပ်သူက အကြံထုတ်ရတော့တယ်။ မေမေနဲ့ဂျူဂျူနဲ့ ပီဇာကို ကိုယ်တိုင်လုပ်စားကြရအောင်လေဆိုတော့ သူလဲ ပျော်သွားတယ်။ ယူကျူ့ကနေ ပီဇာလုပ်နည်းလေး သားအမိနှစ်ယောက်အတူ ကြည့်ကြတယ်ပေါ့။

ဂျူဂျူက ခလေးတွေအကြိုက် နာနတ်သီးပါတဲ့ ဟာဝိုင်ရီယမ် ပီဇာကို ကြိုက်တယ်။ မနက် ဘရိတ်ဖက်စားတဲ့အခါ sandwitch ထဲ ထည့်တဲ့ ဟမ်တို့၊ ချိစ်တို့ ကလဲ အိမ်မှာ အလွယ် ရှိနေတော့ ကြီးတော်ကို အောက်ထပ်ကနေ နာနတ်သီး သွားဝယ်ခိုင်းလိုက်တယ်။ အဲဒီမှာအခက်ဆုံးက doah လုပ်ဖို့ ဂျုံနယ်ရတာပဲ။ အဲဒီနေ့ကတော့ လက်နာအောင်နယ်တာတောင် ဂျုံက သိပ်မနပ်လိုက်ပဲ လုပ်လိုက်တာ ဖြစ်တော့ ဖြစ်သွားတယ်။ ဂျူဂျူကလဲ သူကိုယ်တိုင် ပါဝင်လုပ်ထားတာဆိုတော့ သဘောတွေကျလို့။ စားလို့ကောင်းတယ်ဆိုပဲ။

Week-end ရောက်တော့ မဆွိတီလဲ သမီး စားချင်တဲ့ အချိန် စားလို့ရအောင်ဆိုပြီး NTUC ကနေ ပီဇာထဲထည့်ရမဲ့ ပစ္စည်းတွေ အပြည့်အစုံဝယ်လာခဲ့တယ်။ ပီဇာအောက်ခံလဲ တစ်ခါထဲဝယ်လို့ရခဲ့တော့ ဂျုံနယ်ရတဲ့ဒုက္ခကတော့ သက်သက်သွားတယ်။ ပစ္စည်းလေးတွေ သေချာဝယ်လာတော့ ပို့စ်လေးတင်လို့ရအောင် ဓာတ်ပုံရိုက်ထားလိုက်ပါတယ်။

လိုတဲ့ပစ္စည်းလေးတွေ။

ပီဇာ အောက်ခံ



Mozzarella (ချိစ်အမာကို အုန်းသီးခြစ်သလို ခြစ်ထားတဲ့ဟာပါဗျာ ... ခေါ်ရတာ လျှာခလုပ်တိုက်လို့ ... ဂျူဂျူ့ကို ဘယ်လိုခေါ်လဲ ခဏခဏပြန်မေးနေရတယ်။ သူတို့က TV တွေကြည့်နေတော့ အဲလိုဟာမျိုးကျ ကိုယ့်ထက် ပိုတော်တယ်။)


ခရမ်းချဉ်သီး အနှစ်ဗူး (စပါဂတီလုပ်လဲ အဲဒါပဲ သုံးတယ်။ 2 in 1 ပေါ့)

နာနတ်သီးဗူး


Ham အပြားလေးတွေ လည်းထည့်ရတယ်။ ငရုပ်ချိုသီးထည့်ရင်တော့ ပိုမွှေးတယ်။ အမှန်က Hawaiian pizza မှာ ငရုပ်ချိုသီး မပါဘူးဗျ။


ပီဇာလုပ်ရန်အသင့်၊ ငရုပ်ကောင်း ခွဲကြမ်းမှုန့်လေးထည့်ဖို့ ခုမှသတိရတယ်။


ခရမ်းချဉ်သီး အနှစ်ကို ဇွန်းနဲ့ ကော်ပြီး ဖြန့်သုတ်လိုက်တယ်။ ထူထူလေးသုတ်မှ ကောင်းပါတယ်။


အပေါ်ကနေ အစာတွေကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ဖြန့်ခင်းပါတယ်။ ပြီးရင် အပေါ်က ငရုပ်ကောင်းလေးဖြူးလိုက်တယ်။


အိမ်မှာရှိတဲ့ oven သေးသေးလေးထဲ ၁၀မိနစ်လောက် ထည့်ကင်လိုက်တဲ့အခါ ဂျူဂျူတို့အကြိုက် မွန်းလိုက် .... အဲလေ ပီဇာရပါပြီခင်ညာ။ (ပီဇာဟက်က အော်ဒါမှာတာနဲ့ ချွတ်ဆွတ်တူအောင် ကြက်သားအချို-အစပ်ကင်လေးပါ ရောကင်လိုက်ရသေးတယ် ... )




အဲဒီနေ့က အမေနဲ့ ဂျီးဒေါ်ကတော့ ဝက်သားခရမ်းသီးနှပ် ဆီကျန်ရေကျန်လေးချက်၊ ငပိရည် တို့စရာနဲ့ လွှေးကြတာ၊ ဂျူဂျူးရဲ့ ပီဇာကို ညက်စောင်းတောင်လှည့်မထိုးကြဘူး .... ကြိုက်တာသာ စားသွားကြပါဗျာ။