Showing posts with label ဟိုရောက်ဒီရောက် .... Show all posts
Showing posts with label ဟိုရောက်ဒီရောက် .... Show all posts

Monday, February 24, 2014

ဆိုဖာပေါ်မှ ဟာသများ

ဂျူဂျူလေး နွေရာသီကျောင်းပိတ်ရက်မှာ သူ့အမေက မြန်မာစာသင်ပေးတယ်။ အပျော်သင်တာဆိုတော့ အရင်ကျောင်းပိတ်ရက်က သင်ထားတာတွေ ပြန်နွှေးနေတာနဲ့ပဲ သင်ခန်းစာက ရှေ့မတက်နိူင်ဘူး။ 

ဒီနေ့သင်ခန်းစာကတော့ ယပင့်နဲ့ ရရစ်ကို သင်တဲ့သင်ခန်းစာ။ အိမ်ရှေ့က ဆိုဖာပေါ်မှာ သားအမိသားအဖ ၃ယောက်  တီဗီကြည့်နေရင်း သမီးက စာအံနေတယ်။


ဆရာမ စာပြသည်။
မြေဖြူ ယူလာသည်။
မိမိနေရာ နေကြပါ။
စကားကျယ်ကျယ် မပြောရ။

ခလေး စာဖတ်နေတုံး အမေလုပ်သူက မီးဖိုထဲ ဟင်းအိုး တည်ထားတာ သတိရတာနဲ့ ...

" တော့ ....ကမောင်ခြိမ့် ... ကျုပ် ဟင်းအိုးသွားကြည့်ဦးမတော် ... တော် ခလေးစာ အံတာ သေချာနားထောင်ပြီး ကြည့်ပေးလိုက်ပါဦး ... " ဆို သားအဖ၂ယောက် တည်း ထားပခဲ့တယ်။

ဟင်းအိုးကိစ္စ ဝိစ္စပြီးလို့ ဆိုဖာပေါ်ပြန်ရောက်တော့ သမီးက စာအံလို့ ကောင်းတုံးရှိသေး။

အမေကြီးက တီဗီတောင်မကြည့်နိုင်၊ အိုင်ပက်တစ်လုံးနဲ့ ဖေ့ဘွတ်ထဲ မဲကြည့်နေရင်းနဲ့ ခလေး စာအံသံက မကြားတစ်ချက် ကြားတစ်ချက် ...

တစ်ခါကျ သူ့အဖေက

" ဟဲ့ ကောင်မလေး ... ကျားကြီး ခြေရာကြီး ...ဟ ...." ဆို ကြားလိုက်တော့မှ အွန်လိုင်းကမ္ဘာကနေ  လက်ရှိ ပစက္ခအခြေအနေကို  ပြန်ရောက်သွားတယ်။

ဒါနဲ့ သမီးက ဘယ်လို ဆိုလိုက်လို့တုန်းလို့ မေးတော့

" ညည့် သမီး ဆိုနေတာ ကျားကြီး ... ခြေထောက်ကြီး ... ဆိုပြီး ဆိုနေတာဟ" ဆိုတော့

ရီကြတာ သားအမိသားအဖ ၃ယောက်လုံး တဟားဟားနဲ့။ ဂျူဂျူက အဲလိုပဲ တစ်ခါတစ်လေ သူမသိတာဆို ဝါးချတာ ။  တကယ်တော့ သူဆိုတာလဲ မှားမှ မမှားပဲကိုး။

-------------------------------------------------------------

ဒီနေ့တော့ ဂျူဂျူလေး ကျောင်းမှာ camping ရှိတာနဲ့ အိမ်မှာ တိတ်ဆိတ် ခြောက်ကပ်လို့နေသည်။ အိမ်ရှေ့က ဆိုဖာမှာ ဦးမောင်ခြိမ့်တစ်ယောက်တည်း ထိုင်နေရင်း တကျီကျီအော်နေသည်။ အိမ်ရှေ့ကို လာခဲ့ပါ။ တစ်ယောက်ထဲ ပျင်းလို့ပါတဲ့။

ကိုယ်ကလဲ တီဗီကြည့်တာ ဝါသနာက မပါ။ ခါတိုင်းလဲ သမီးက အတင်းခေါ်လို့သာ သူတို့သားအဖ နှစ်ယောက်ကြား ဝင်ထိုင်လိုက်ရသည်။  သူတို့ ပြောတာတွေ နားထောင် လိုက်ရသည်။ စိတ်ကတော့ သိပ်ပါလှသည်မဟုတ်။ ခဏနေတော့ အိုင်ပက်ကလေး ကောက်ကိုင်ကာ အွန်လိုင်းတက်နေလိုက်သည်။ သူတို့ သားအဖကတော့ အင်မတန် ကီးကိုက်သည်။ ၂ယောက်လုံး တီဗီ သူရဲတွေကိုး။

ခုလဲ တီဗီမှာ လာနေသည်က MKR လို့ခေါ်တဲ့ My Kitchen Rules. ၂ ယောက်တွဲ အဖွဲ့လေးတွေ ၁၀ဖွဲ့လောက် တစ်ဖွဲ့ချင်းစီ အိမ်မှာ ချက်ပြီး ထမင်းဖိတ်ကျွေး၊ ဒိုင်တွေက အမှတ်ပေး၊ အမှတ်အနဲဆုံးလူတွေ တစ်ဖွဲ့ချင်း ပြုတ်သည့် အစီအစဉ်။ ဂျူဂျူကတော့ အင်မတန်ကြိုက်သည်။ သူကြိုက်တာနဲ့ သူ့အမေကြီးလဲ ဒီစီးရီးစ်နဲ့ဆို ၂ခု -၃ခုလောက် ရှိပြီထင်သည် ကြည့်ဖူးတာ။ လူတွေ စိတ်ဝင်စားအောင် အထဲမှာလဲ character အမျိုးမျိုးရှိသည့် အဖွဲ့တွေ နှင့် ဆိုတော့ စီးရီစ်က အထိုက်အလျှောက်တော့ နာမည်ကြီးပါသည်။ ဘယ်လောက်ပင်နာမည်ကြီးကြီး တီတီဆွိကတော့ မကြိုက်ရေးချမကြိုက်ပါ။ စိတ်လဲ မဝင်စားပါ။

သူ့အဖေဘေးမှာ ဝင်ထိုင် ကြည့်နေရင်း သူက ရှင်းပြနေသည်။ ဒီနေ့တော့ လူသစ်တွေ ပါသည့် အစီအစဉ်တဲ့။ လူသစ်တွေကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြနေသည်။ ခါတိုင်းတွေ့နေကျ လူတွေမဟုတ် တော့ ပိုလို့ပင် ပျင်းစရာ ကောင်းသေးသည်။ မျက်နှာစိမ်းတွေမှန်းတော့ သိသည်။ သူတို့ ဘယ်မြို့ကလာသည်။ သူတို့နာမည်တွေ နှင့်  တစ်ဖွဲ့ပြီး တစ်ဖွဲ့ မိတ်ဆက်ပေးနေသည်။ ဒီနေ့အစီအစဉ်မှာလည်း ထိုလူသစ်အဖွဲ့ထဲက တစ်ဖွဲ့က ချက်မည်တဲ့။

ဟော လူသစ်တွေ  ပြနေရင်းနဲ့ ဖြတ်ဆို လူ၂ယောက် တေ်တော် ရင်းရင်းနှီးနှီးကြည့်ဖူးသည့် ၂ယောက်ပါ။ ... ငါ သူတို့တွေတော့ အရင် တုံးက ကြည့်ဖူးသားဟ။ ဆို ဝမ်းသာ အားရနဲ့  လူဟောင်းတွေ ပြန်လာ ပြီဆို ပြောတော့ ဦးခြိမ့်က

ဟဲ့ အဲဒါ ဒိုင်တွေဟဲ့ ... ဒိုင်တွေ ဆို ပြောပြီး ၂ယောက်သား ရီကြတာ ။  အမှန်က လူဟောင်းဆိုတာ အရင် စီးရီးစ်မှာကြည့်ဖူးတဲ့ ပြိုင်ပွဲဝင်အဟောင်းတွေမှတ်လို့၊  ဒီတစ်ခါတော့ ငါသိ ပဟဆို အော်လိုက်တာ။ စီးရီးစ်တိုင်း ၃နှစ်ဆက်တိုက်ပါသည့် ဒိုင်တွေ ဖြစ်နေလေသတည်း။

ကဲ အန်တီဆွိ တီဗီကို ဘယ်လောက် စိတ်ဝင်စားလဲ ဆိုတာ ... သဘောပေါက်။ းo)


Sunday, February 16, 2014

မွေးနေ့ မှတ်စု (သို့) မိတ်ကပ်မှတ်စု ...

တီတီဆွိသည် နေရာတော်တော်များများမှာ flexible ဖြစ်ပေမဲ့ တစ်ချို့နေရာတွေမှာတော့အစွဲအလန်းကြီးသည် ပြောရမလား။ ဥပမာ အစားအသောက်ဆို စင်္ကာပူရောက်စက ကြက်ဆီထမင်း။ စ စားတော့ ဘာမှန်းမသိ။ နောက်ပိုင်းစားရင်းနှင့် ကြိုက်လာတော့ ဘယ်ဟော်ကာ၊ ဘယ် food court သွားသွား ကြက်ဆီထမင်းသာ မှာတော့တာပဲ။ နောက်ပိုင်းကျ အိမ်ကလူက ဒုတ်တပြတ် ဓားတစ်ပြတ်နှင့် တခြားစားစရာတွေ အတင်းကျွေးမှပဲ စားတတ်လာသည်။ ဒါတောင် ကြက်ဆီထမင်းပြီး Mee pok ဆိုတာနှင့် မိတ်ဆက်ပေးတော့ ဒါကြီးပဲ ဆက်တိုက် စားနေရာ နောက်တစ်ခါ ဒုတ်တပြတ် ဓားတစ်ပြတ်တွေ ဖြစ်ကြပြန်သည်။



မွေးနေ့မှာ ဘုန်းဘုန်းကို မန်းလေး မုန့်တီ ကပ်ပါတယ်။


နောက် သူနေ့စဉ် သုံးစွဲနေတဲ့ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ရေမွှေး အစရှိတာတွေလည်း အပြောင်းအလဲမရှိ။ အသစ်အဆန်း စမ်းသုံးခြင်းမရှိ။ ကိုယ်ကြိုက်တဲ့ ပစ္စည်းလေး တွေသာ နှစ်ပေါင်းများစွာ စွဲသုံးခဲ့သည်။ ဒီဖက်ကျွန်းကြီးပြောင်းလာတော့ သူ့အကြောင်း သူသိလို့ သုံးနေကျ မိတ်ကပ်ဗူးတွေကို ၄-၅ဗူး ဝယ်ချလာခဲ့သည်။ ဟိုဖက်ရောက်လျှင် ဘာမှန်းမသိ။ ဝယ်လို့မရလျှင် ဒုက္ခရောက်လှချည့်ပေါ့။ ခု ၃နှစ်လောက်ကြာတော့ ကိုယ်ဝယ်လာတာလေးတွေလဲ တဖြေးဖြေးကုန်လုပြီ။ အထူးသဖြင့် Foundation ဟုခေါ်သည့် မိတ်ကပ် အစိုလိမ်းပြီး အပေါ်က အသာ ပုတ်ရသည့် ပေါင်ဒါဖြစ်သည်။ ဟိုမှာတုံးက ရှော့ပင်းစင်တာကြီးတစ်ခုမှာ sale ချလို့ ဝယ်ရာမှအစ စမ်းသုံးကြည့်ရာ မထင်မှတ်ပဲ အလွန်ကောင်းသည့် မိတ်ကပ်ဖြစ်နေလေသည်။ ပြီးတော့ မိတ်ကပ်တွင် အသားအရောင်အလိုက် နံပတ်များရှိရာ သုံးသည်က အရောင်က အနည်းငယ်ရင့်သော ညိုသည့် သူ့အသားနှင့် လိုက်ဖက်သော Medium 2 ဆိုသော နံပတ် ဖြစ်သည်။ တီတီဆွိသည် ကမ္ဘာပေါ်တွင် ထိုမိတ်ကပ်မှလွဲ၍ တခြားမိတ်ကပ်များ မရှိတော့သည့်အလား ထိုမိတ်ကပ်တစ်မျိုးတည်းသာ စွဲသုံးခဲ့ပါသည်။


 
 တစ်ရက်တော့ ဝယ်လာသည့် မိတ်ကပ် re-fill ဗူးတွေ ကုန်တော့ အင်တာနက်ထဲ ဟိုဟိုဒီဒီ လိုက်ရှာကြည့့်ရာ ထိုမိတ်ကပ်သည် ဆစ်ဒနီမပြောနှင့်၊ တကမ္ဘာလုံး ဘယ်နေရာမှ ရှာမရ။ အတော်ထူးဆန်းလှချေတကား။ အားနာတတ်သော တီတီဆွိသည် စင်္ကာပူမှာ သူငယ်ချင်းတွေ မှိုလို ပေါပေ့မယ့် မမှာရက်။ ဒါလေးနဲ့တော့ ဒီလောက်ဒုက္ခမခံဆိုကာ အစားထိုး မိတ်ကပ်ဗူးတွေ ကို ဘရန်း ၃-၄မျိူးလောက် လိုက်ရှာဝယ်လေသည်။ ဒါလေး ကောင်းနိုးနိုး၊ ဟိုဟာလေး အဆင်ပြေနိူးနိူးနှင့် စမ်းသုံးကြည့်ရာ စိတ်ကြိုက်ကတော့ မတွေ့လှပေ။ သို့ပေမဲ့ဝယ်ပြီးပြီဆိုတော့လဲ မလွှင့်ပစ်ရက် ။ ဒါတွေသာ သည်းခံသုံးရလေသည်။ ထိုထဲမှ မိတ်ကပ်တစ်ဗူးသည် အရောင်ကို ဖြူသည့်ဖက်ရွေးမိရာ ထိုမိတ်ကပ်လိမ်းမိပါက မျက်နှာတစ်ခုလုံး ပေါင်ဒါဗူးထဲပဲ ပြုတ်ကျသလိိုလို၊ မျက်နှာပဲ မှိုတက်နေသလိုလို ရီချင်စရာကောင်းလှသည်။ အနည်းငယ်ကြိုက်သည်ဆိုသော မိတ်ကပ်ဗူးသည် texture အနေနှင့် တော့ အလွန်ကောင်းပါသည်။သို့ပေသိ အရောင် အရင့်ဆုံးကို ရွေးမိလိုက်ရာ သူက အညိုတင်မက အနီရောင်ပင် ရောစပ်နေရာ ထိုမိတ်ကပ်လိမ်းလိုက်လျှင် မျက်နှာသည် ပါးနီလိမ်းစရာမလိုပဲ နီနေ၏။ သို့ပေမဲ့ နှမြောတော့ ကိုယ့်စိတ်ကို ဖြေကာ အဲသလောက်တော့လဲ မဆိုးပါဘူးဆိုကာ ကြိတ်မှိတ်လိမ်းလေသည်။

ဒီနေ့မနက် မွေးနေ့ဆိုတော့ သွားနေကျ ဘုန်းကြီးကျောင်းတွင် အာရုံဆွမ်း သွားကပ်ရန် စောစောထကာ လှတပတ ပြင်တော့သည်။ မွေးနေ့ရှင်ကြီးဆိုသော အထူးအခွင့်အရေးကိုသုံးကာ မ်ိတ်ကပ်ကို ခါတိုင်းထက် ထူထူလိမ်းသည်။  အကျီအသစ်ဆုံးကို ဝတ်သည်။ ပြီးလျှင် ဦးခြိမ့်ကို မွေးနေ့အမှတ်တရဆိုကာ ဓာတ်ပုံရိုက်ခိုင်းရဦးမည် မဟုတ်လား။ မနက် ၄နာရီပဲ ရှိသေးရာ အပြင်တွင် အလင်းရောင် မထွက်သေး။ ဆစ်ဒနီနံနက်ခင်း ငှက်ကလေးများ၏  တေးသံကို ပင်မကြားရသေးရာ  သူကိုယ်တိုင် တေးညည်းကာ အလှပြင်နေလေသည်။

 
 အားလုံးပြီးတော့ မှန်ထဲ သေချာကြည့်လိုက်ရာ သူမ၏မျက်နှာသည် ထူထူလိမ်းထားသည့် မိတ်ကပ် အနီရောင်ကြောင့် အမှတ်တမဲ့ လန့်ပင်သွားလေသည်။ မျက်နှာတစ်ခုလုံး နီရဲလျက်ရှိရာ ငန်းမန်းထနေသည့် လူမမာပမာဖြစ်နေလေရာ ရီစရာပင်ကောင်းနေသေးသည်။ ပြန်ပြင်ဖို့လည်း အချိန်မရှိတော့ပြီ။ ဘုန်းဘုန်းဆွမ်းကပ်ဖို့ အချိုပွဲတည်းဖို့၊ သမီးနှိုးဖို့၊ အိမ်ကလူကို ဆော်သြဖို့ ပြင်ရဆင်ရဦးမည်။ သို့နှင့် ဒီအတိုင်း ငမ်းမန်းထသည့် အနီရောင် မျက်နှာနှင့်ပင် ဘုန်းဘုန်းကျောင်းသို့ သွားကာ မွေးနေ့ နံနက် အာရုံဆွမ်းကပ်ခဲ့ပါသည်။ ဦးဇဉ်းက ဒကာမကြီး နေမကောင်းဘူးလားဟု မမေးသည်မှာ ကံကောင်း။ ။

Monday, December 10, 2012

Crazy Hair သမီး ၊ Crazy Hair မေမေ

မိဘများသည် သားသမီးများကို အလွန်အလိုလိုက်ကြ၏။ ဘာကြောင့် အလိုလိုက်လဲ မေးသော် ချစ်လို့၊ သူတို့ ပျော်နေတာ ကောင်းစားတာကို မြင်ချင်၍ဖြစ်သည်။ သူတို့လေးတွေ ပြုံးနေ ပျော်နေသည်ကို  ကြည့်ပြီး ပီတိဖြစ်ကာ ထိုပီတိကို စားသုံးကြလေသည်။ တစ်ဦးတည်း မွေးထားသော မိဘတွေက ပိုဆိုးသည်။ ဘယ်အရာမဆို အရာရာ တစ်ဥတည်းသော သားသမီးအပေါ်တွင်သာ ပုံပေးကြတော့သည်။

အန်တီဆွိတွင် အသိလင်မယား၂ယောက်ရှိသည်။ သမီးလေးတစ်ယောက်မွေးထားရာ အသက် ၅နှစ်ခန့် ရှိပြီ။ ခလေးက စကားကလဲတတ် နေပုံထိုင်ပုံလေးကလဲ ချစ်ဖို့ကောင်းသည်။ ဘေးလူတွေတောင် ချစ်ရတာ အဖေအမေဖို့ရာကား ဆိုဖွယ်ရာမရှိ။ အဖေ့အသည်းစွဲ သမီးလေး။ မိဘတွေက ၂ယောက်လုံး အလုပ်လုပ်ရာ ငွေကြေးတတ်နိုင်တော့ သမီးလေးကို လိုလေသေးမရှိ ဖူးဖူးမှုတ်ထားသည်။

ဟိုတစ်လောကပဲ သူတို့ အိမ်ဝယ်ကြတော့ ကြိုက်တဲ့နေရာ အပျံစား၊ အညွန့်စားအိမ် ၀ယ်နိုင်ပါလျက်နှင့် သမီးအတွက်ဦးစားပေးကာ နယူးဆောက်ဝေးက ကျောင်းအကောင်းဆုံးဆိုသည့်နားမှာ ရွေးဝယ်လိုက်တော့ အိမ်က ဈေးကြီးလဲပေးရသေး စုတ်လဲ စုတ်လှသည်ဆိုသည်။ ထိုအိမ်ကို ပြင်နေရာ အိမ်ဝယ်ပြီး ၃-၄လကြာသည်အထိ အိမ်ထဲမှာ ပစ္စည်းပစ္စတွေက ရှုပ်ပွ၊ နေရထိုင်ရတာအဆင်မပြေ အတော်ဒုက္ခရောက်ရသည်ဆိုသည်။ မနေ့ကတွေ့ကြတော့ အမျိုးသမီးလုပ်သူက ညည်းသည်။ အစ်မရယ် သူတို့ကြီးရင်တော့ ဘာဖြစ်မယ်မသိဘူး။ အိမ်ကပြင်နေတော့ နေရတာ ဒုက္ခရောက်လိုက်တာ။ အိမ်ကလဲ စုတ်လိုက်တာဆို သားသမီးအတွက် ဦးစားပေးဝယ်မိသော အိမ်အတွက် ဒုက္ခရောက်ရသော အမေကညည်းသည်။

ဟိုနေ့ကလည်း ဘုန်းကြီးကျောင်းတွင် စကားစမြည်ပြောကြရင်း သားတစ်ဦးတည်းမွေးထားသော အမေမှ ရင်ဖွင့်သည်။ အသက်ကြီးမှ မိဘ၂ပါး ကုန်းရုန်းလုပ်ကာ သားဖြစ်သူကို ကျောင်းထားသည်။ ကျောင်းမှ ရိုးရိုးကျောင်းမဟုတ် အော်ဇီတွင် အင်မတန် ဈေးကြီးသော လူတိုင်းမတက်နိုင်သော ပရိုက်ဗိတ်ကျောင်းတွင်ထားသည်တဲ့။ သားလေးတစ်ယောက် ရိုးရိုးပတ်ဗလစ်ကျောင်းမှာထားလျှင် လူမျိုးခြားတွေကြား အနိုင်ကျင့်ခံရမည်ဆိုးသည်၊ သားဖြစ်သူကို သူများထက် ထူးချွန်ပေါက်မြောက်စေချင်သည်။  နောက်တော့ မိဘများက စေတနာထားကာ  ပရိုက်ဗိတ်ကျောင်းထားခါမှ အပေါင်းအသင်းမှားကာ ပျက်စီး၊ မိဘတွေကိုလည်း နင်ပဲငဆ ပြန်လှန်ပြောကာ ဒုက္ခရောက်ရပုံကို မျက်ရည်တ၀ဲဝဲနှင့် ပြောပြနေသည်။

အန်တီဆွိတို့ အိမ်မှာရော ဘာထူးသနည်း။ တစ်ဦးတည်းသော သမီးလေး ဂျူဂျူအတွက် မိဘများမှာ လိုလေသေးမရှိ ပံ့ပိုးနေရသည်။ မိဘများမှာ သူတို့ တစ်ဝမ်းတစ်ခါးအတွက် မစားရက်၊ မသောက်ရက် နှမြောချင် နှမြောမည်။ သမီးလေးအတွက်ဆို story စာအုပ် တစ်အုပ် အစိတ် ၃၀ဆိုလည်း မနှမြော၊ ပီယာနို ၂၀၀၀ ဆိုလဲ မနှမြော ကျူရှင်လခ တစ်လ ၃၀၀ဆိုလည်း မနှမြော လိုလေသေးမရှိ ထားသည်သာဖြစ်သည်။ ကျောင်းမှာဆိုလည်း ကျောင်းက ဘာပွဲ၊ ညာပွဲ ဆို မလွတ်စေရ။ တတ်နိုင်သမျှ ပြည့်စုံအောင် မျက်နှာမငယ်ရအောင် ပြင်ဆင်ပေးလိုက်သည်ချည်းဖြစ်သည်။ အထူးသဖြင့် အမေကြီးမှာ သမီးအတွက် အပင်ပမ်းခံလွန်းသည်။ အစားအသောက်ဆိုလဲ သမီးစားချင်ရာ ကြံကြံဖန်ဖန်တွေကို အိမ်မှာ ရက်စ်တောရန့်ဖွင့်ထားသလို အမျိုးမျိးအဖုံဖုံ ချက်ပြုတ်ပေးသေးသည်။

ဟိုးလွန်ခဲ့တဲ့ ၂လလောက်ကတည်းက သမီးက ပူဆာနေသည်။ သူ့အတွက် မွေးနေ့ပွဲ လုပ်ပေးဦးမှာလားပေါ့။ အမှန်တကယ်အားဖြင့်တော့ တီတီဆွိမှာ သမီးအတွက် မွေးနေ့ပွဲ လုပ်ပေးလေ့ မရှိပါ။ စလုံးမှာနေတုံးကဆို သူအသက် ၇နှစ်အတွင်း ၂ခါသာ မွေးနေ့ပွဲ လုပ်ပေးဖူးသည်။ တီတီဆွိသည် အင်မတန် အားနာတတ်သည်ဖြစ်ရာ ခလေးအတွက် လူတွေ လက်ဆောင်ပေး၊ ဘာပေး ငွေကြေးကုန်ကျများ၊ အလုပ်ရှုပ်မှာ စိုးရိန်၍ ဖြစ်သည်။ ခုတော့ သမီးက ပူဆာလာတော့ အော် သူလဲ သူများမွေးနေ့ပွဲတွေ သွားနေရတာ သူ့ကိုယ်ပိုင်မွေးနေ့ပွဲလေးတော့လဲ လုပ်ချင်မှာပေါ့ဆို လုပ်ပေးမယ်ဟု ကတိပေးမိသည်။

ပြီးခဲ့သည့်အပတ်က တစ်ပတ်လုံး အိမ်မှာ မွေးနေ့ပါတီ ကျင်းပဖို့ အတွက် အလုပ်ရှုပ်နေကြသည်။ လူသက်သာအောင် အကျွေးအမွေးအတွက် ကြာဆံကြော်နှင့် ဘာဘီကျူး ရယ်ဒီမိတ်တွေဝယ်ကာ လုပ်မည်ဟု စီစဉ်ထားသည်။ ဘာဘီကျူးမီးဖို တစ်လုံးဝယ်လိုက်ရသည်။ ပစ္စည်းပစ္စယတွေ ရေးမှတ်တွက်ချက်ကာ စီစဉ်ရင်း အမေကြီးက ၀က်သားတုတ်ထိုး ကလည်းထည့်ချင်သေးသည်။ ဟင်းအရည် သောက်စရာမပါဆိုကာ တုန့်ယန်းဟင်းချိုကလည်း ချက်လိုက်သေးသည်။

မနေ့ညကပဲ တစ်ပတ်လုံး အမေကြီး တစ်ယောက်တည်း တကုတ်ကုတ် စီမံထားသော မွေးနေ့ပွဲက အောင်မြင်စွာပြီးစီးသွားသည်။ ခလေးတွေ အလွန်ပျော်ကြသည်။ မိဘတွေလဲ ကာရာအိုကေတွေဆိုကာ အိုကေနေကြသည်။ ညဖက် ဧည့်သည်တွေ ပြန်ကြတော့ လက်ဆောင်ထုပ်တွေဖောက်ကြရင်း သမီးကပြောသည်။ မေမေ မနက်ဖြန်ကျောင်းမှာ ဒစ်စကို ကပွဲရှိတာ ပြောထားတာနော်။ အဲဒါ မနက်ကျရင် crazy  hair လုပ်ပေးဦးနော်တဲ့။ သူပြောမှ သတိရသွားသည်။ ဒီကကျောင်းတွေက ဒီဇင်ဘာဆို စာသိပ်မသင်တော့။ အဲလို ကျောင်းကပွဲတွေ ပျော်ပွဲရွှင်ပွဲတွေနှင့် ခလေးတွေမှာ အလွန်ပျော်သည်။ ခု ဒစ်စကို ကိစ္စကလဲ ပြောနေတာ ကြာပြီ။ ဒစ်စကို မှာ ၀တ်ဖို့ ဖလူရိုရိုက် (fluoride) ဖြစ်တဲ့ အကျီဝယ်ပေးဆိုကာ တစ်ပတ်လုံး ပူဆာနေသည်။ သူ့ဆံပင်ကိုလဲ crazy hair ဖြစ်အောင် လုပ်ပေးပါဟုလည်း တဖွဖွပြောနေသည်။

မွေးနေ့ပွဲက ပင်ပမ်းနေတော့ လူကအိပ်ချင်နေပြီ။ မနက်ကျ သမီးဆံပင်ကို ပြင်ဆင်ဖို့အတွက် ခါတိုင်းထက် တစ်နာရီစောပြီး နာရီအလန်းမ် ပေးထားလိုက်သည်။ မနက် နာရီ နှိုးစက်သံက ကကျစ် ကကျစ်မြည်တော့ လူက မလန်း၊  ဆက်အိပ်ချင်နေသေးသည်။ ၁၅မိနစ်လောက်နှပ်နေပြီး အော် သမီးအတွက် crazy hair လုပ်ပေးရမှာ နောက်ကျနေဦးမယ်ဆိုကာ ကမန်းကတမ်းထသည်။ သွားတိုက်၊ မျက်နှာသစ်ပြီး ခါတိုင်းလို မျက်ခုံးမွှေးတောင် မဆွဲအား၊ ဆံပင်တောင် မဖီးအား ဘုရားပန်းရေလဲ၊ ဆွမ်းတော်ပြင်ဆင်၊ ယောက်ျားထမင်းချိုင့်၊ သမီး ထမင်းဘူးပြင်ဆင်၊ ညက ကျန်တဲ့ ဆေးကြောစရာတွေ ဆေးကြောပြီးတော့ နာရီက သမီးနှိုးဖို့အချိန်ရောက်နေပြီ။

" သမီးရေ ... ထတော့ဟေ့ ... သမီး ဒီနေ့ ခရေဇီ ဟဲ လုပ်ရဦးမှာ ...ထတော့ ထတော့ .." ဆိုတော့ သမီးကအိပ်ရာထဲက ချက်ချင်းဘယ်တော့မှမထ။ လူကို ဖက်၊ ယူကျူ့က သီချင်းတွေလို၊ ဟာသတွေလို ကြည့်ပြီးမှ အိပ်ရာကထတတ်သည်။ ပြီးတော့ မျက်နှာသစ်၊ အကျီလဲ ဘရိတ်ဖတ်စ် စားနေတုံး သူ့ရဲ့ crazy hair ကို စပြင်ရတော့သည်။ ဘယ်လိုပြင်ပေးရင်ကောင်းမလဲ ဂူဂဲထဲ ရှာရသေးသည်။  သမီးဟာ ကျောင်းက မှာတာတွေ ကျောင်းက activity တွေကို တစ်သွေမသိမ်း လိုက်နာလေ့ လိုက်လုပ်လေ့ ရှိရာ သူ့ဆံပင်ကို အစွမ်းကုန် crazy hair ဖြစ်စေချင်နေသည်။ အဲနေ့မတိုင်မီကတည်းက သူ့ဆံပင်တွေကို လက်နှင့်ကိုင်၊ မှန်ကိုကြည့်၊ အမေကို အမျိုးမျိုးလုပ်ပြကာ ခရေးဇီးဟဲ ဖြစ်လားဟု မေးနေတတ်သည်။

နောက်ဆုံး အမေကြီးမှာ အကြံရသွားတော့ အကြံအတိုင်း သူ့ဆံပင်ကို ကြိုးတွေနဲ့ လိမ်ကာ ပတ်ကာ အစမ်းလုပ်ကြည့်လိုက် ပြန်ဖြည်လိုက် စိတ်ကြိုက်မတွေ့လိုက်နှင့် နောက်ဆုံးတော့  ဂျူဂျူနေ့တိုင်းပြောနေတဲ့  crazy hair ဖြစ်သွားပါသည်။ ဘေး၂ဖက်က ဆံပင်တွေကို  ကြိုးနဲ့ရစ် အ၀ိုင်းလေးလုပ် အပေါ်မှာ ပြန်ချည်လိုက်တော့ ခေါင်းပေါ်မှာ crown လိုလေး ဖြစ်သွားသည်။ နောက်က ဆံပင်တွေကိုလဲ ကြိုးနဲ့ရစ်ပြီး မြွေတစ်ကောင်လို ပုံစံဖြစ်အောင် ဖန်တီးပေးလိုက်သည်။ ဂျူဂျူကလဲ မှန်တကြည့်ကြည့်နှင့်် သူ့ ခရေဇီဟဲကို သဘောကျနေသည်။ ခရေဇီးဟဲ ကိစ္စပြီးတော့ သမီးလဲ မနက်စာစားပြီးပြီ။ နာရီကြည့်တော့ ၉နာရီထိုးပြီ။ သမီးရေ သွားကြရအောင်ဆိုကာ ရေဗူးထဲ့၊ လွယ်အိပ်ထဲ လိုတာတွေစစ်၊ သမီးအကျီ ဖိနပ် အဆင်ပြေရဲ့လားစစ်ပြီး  ကျောင်းလိုက်ပို့လိုက်သည်။ 

ကားပေါ်ကျ ဂျူဂျူလေးက သူ့ crazy hair ကို ကိုင်ကြည့်ပြီး အရမ်း ခရေဇီဖြစ်နေလား မသိဘူးဆိုပြောနေသည်။ ကဲ ဒီလောက် ခရေဇီဖြစ်ချင်တာ သမီးမျက်နှာမငယ်စေရအောင် ပြင်ဆင်ပေးလိုက်သော အမေကြီးမှာ  ကျောင်းလာသူ ခလေးများကို အကဲခပ်နေသည်။ ပြီးတော့ ဘယ်သူမှ သမီးလောက် ခရေဇီ မဖြစ်ဘူး ဆိုကာတွေးနေသေးသည်။ ကားရပ်တော့ အားလားမား သူ့ရှေ့က ဆင်းသွားတဲ့ အဖြူ ညီအစ်ကိုကတော့ ဆံပင်တွေကို ရောင်စုံ စပရေးတွေ ဖြန်းထားတာ တစ်ခြမ်းက အစိမ်း တစ်ခြမ်းက အပြာ ၊ အ၀ါ ၊ အနီရောင်စုံဆိုတော့ ကြက်တူရွေးတွေလား ထင်ရတာကို ကြည့်ပြီး ပြုံးမိသည်။ ဂျူးဂျူးကတော့ ရှက်ကိုး ရှက်ကန်း သူ့ရဲ့ crown လို ထောင်နေတဲ့ ဆံပင်ကို လက်နဲ့ အုပ်ထားတာ လှမ်းမြင်လိုက်သည်။ သမီးရဲ့ ခရေးဇီးဟဲကတော့ သူ့သူငယ်ချင်းတွေကြားမှာ ရေပန်းစားမှာပဲဆိုကာ အမေကြီးမှာ ပီတိတွေဖြစ်နေသည်။

အိမ်ပြန်ရောက်တော့ အမေကြီးမှာ ညကကျန်တာတွေ ဆက်သိမ်းရပြန်သည်။ ပစ္စည်းအချို့ ရှုပ်ပွနေတာတွေ အကုန်ကောက်သိမ်းပြီး အခန်းထဲ ၀င်ထည့်ရာ အခန်းထဲမှ ဘီရိုအပြည့်တပ်ထားသော ကိုယ်လုံးပေါ်မှန်ရှေ့ အရောက် သူ့ပုံရိပ်ကို သူမြင်ပြီး လန့်သွားလေသည်။  မနက်ကတည်းက သမီး ခရေဇီဟဲ ဖြစ်ဖို့ အရေး လုံးပမ်းနေရတော့ သူ့ဆံပင်များ ဘယ်ပုံပေါက်နေသည်ကို ဂရုမစိုက်နိုင်အား။ ကျောင်းသွားခါနီး ဆံပင်ဖီးဖို့ရာပင် မေ့နေသည်။ မဖီး မသင်ရသေးတဲ့ ဆံပင်များက ညက ဖိအိပ်မိလို့လားမသိ ပုံမှန်ထက် ပွသရောင်း ရှုပ်ပွနေရာ သမီးလိုပင် ပြင်ဆင်စရာမလို တကယ့်ကို Crazy hair ဖြစ်နေလေတော့သတည်း။   ။



Sunday, December 9, 2012

ကမ္ဘာပျက်မဲ့နေ့ ...


အန်တီဆွိဟာ လေယာဉ်ပျံစီးရမှာ သိပ်ကြောက်တတ်တယ်။ ဖိုးဗီးယားလားမေးရင်တော့ အဲသလောက်တော့ မဆိုးဘူးထင်တာပဲ။ ဘယ်က စ ကြောက်တာလဲ မေးရင်တော့ လူဆိုတာ ကိုယ့် အသက်လေးကိုယ် ခင်တွယ်တတ်တော့ သေမှာ ကြောက်တာက စတယ်ပဲပြောရမယ်။ ကောင်းကင်ပေါ်မှာ ဒီလောက်လေယာဉ်ပျံ အလေးကြီး ပျံနေတာကိုက သိပ်ကို လေးလွန်းအားကြီးတယ်။ အချိန်မရွေး ပျက်ကျနိုင်တယ်။ လေယာဉ်ပျံပေါ်မှာ အသက်နဲ့ကိုယ် ဖက်နဲ့ ထုပ်ထားရတယ်လို့ အမြဲတွေးတယ်။ ဒါကြောင့် ခရီးသွားရတယ် ဘာညာဆို လေယာဉ်ခရီးဆို အမြဲရှောင်တယ်။ ဖြစ်နိုင်ရင် ကားနဲ့ ရထားနဲ့ သာသွားချင်တယ်။ ဒါပေမဲ့ လောကမှာ မလွှဲမရှောင်သာ ကိစ္စလေးတွေ ရှိမြဲ မဟုတ်လား။ ဥပမာ  တစ်နှစ်ခြားတစ်ခါလောက် မြန်မာပြည် အလည်ပြန်တာမျိုးဆိုရင်တော့ လေယာဉ်က မစီးမဖြစ် စီးရတယ်။

လေယာဉ်ပေါ်ရောက်ပြီ ဆိုရင်လည်း အရင်က ဒိုင်ယာဇီပင်လေးတွေ ဆောင်ထားတတ်တော့ အဲဒီဆေးလေးသောက်တယ်။ နောက်ပိုင်းတော့ စင်္ကာပူမှာ ဒိုင်ယာဇီပင်က မလွယ်တော့ ဘာမီတွန်ပေါ့။ အိပ်တဲ့ဆေး ရရာ တစ်လုံး ရေနဲ့ မျှောချထားလိုက်တယ်။ ဒါမှ လေယာဉ် ခရီးစဉ်တစ်လျှောက် အိပ် လိုက်သွားတော့ ဘာမှမသိတော့ အေးရောဆိုပြီး။ ပြီးတော့ လေယာဉ် စ တက်ပြီဆိုတာနဲ့  တတ်သမျှ၊ မှတ်သမျှ ဘုရားစာ အကုန်ရွတ်တော့တာပဲ။ လေယာဉ် အပေါ်တက်သွားလို့ အမြင့်ရောက်သွားတာနဲ့အမျှ အန်တီဆွိရဲ့ ဘုရားစာရွတ်သံကလည်း လေယာဉ်စက်သံကြားမှာ ပိုကျယ်၊ ပိုမြန်လာတတ်တယ်။ သမီးပါရင်တော့ သမီးကို အတက်မှာ ရေသောက်ဖို့၊ တံတွေးမြိုချဖို့ ဘုရားစာရွတ်ရင်းနဲ့ သတိပေးရသေးတယ်။ ဦးခြိမ့်ကတော့ သေလဲ အတူတူပဲ ဘာကြောက်စရာရှိလဲပေါ့ဆို အားပေးတယ်။ အကြောက်လွန်နေတဲ့  ဒေါ်ခင်မို့မို့ဆွိကြီးက " သေ အတူတူဆိုလဲ သေခါနီး ကျုပ်ဝေဒနာတွေ တော် ခံပေးမှာလားတော့ ... " ဆို အငေါ်ပြန်တူးတတ်သေးတယ်။

တစ်ခါသား လေယာဉ်တောင်ပံဘေးက ပြတင်းပေါက်နားမှာ နေရာရတယ်။ အိပ်မပျော်တော့  လေယာဉ်ပြတင်းပေါက်ကနေ တောင်တောင်အီအီငေးနေရင်းကနေ  တောင်ပံတွေကို တွဲထားတဲ့ rivet တွေဆီ မျက်လုံးက ရောက်သွားတယ်။ rivet လေးတွေနဲ့ တွဲထားတဲ့ လေယာဉ်ပျံတောင်ပံဟာ လေတိုးတိုင်း လှုပ်လီ လှုပ်လှဲ့ ရှိလှတယ်။ ကိုယ်တိုင်က မက်ကယ်နီကယ် အင်ဂျင်နီယာဆိုတော့ ရုံးမှာ နေ့စဉ် အဲလို rivet တွေ၊ screw တွေ၊  fastener  တွေနဲ့ အလုပ်လုပ်နေရတယ်။ အဲဒါတွေရဲ့ stress တွေ၊ strength တွေ၊ ကျိုးပြတ်တာတွေကို စမ်းသပ် လေ့လာနေရတာဆိုတော့ ဟမ်မလေး မတော်လို့ အဲဒီ rivet တွေထဲက တစ်ခုခုသာ လေယာဉ်ပျံတောင်ပံ လေအရိုက်မှာ ကျိုးပြတ်ခဲ့သည်ရှိသော်ဆိုပြီး ... ဆက်မကြည့်ရဲတော့ပဲ မျက်လုံးကို ဇွတ်မှိတ် ဘုရားစာသာ တတွတ်တွတ်ရွတ်တော့တယ်။ ဒါတောင် လေယာဉ်ပျံဆင်းခါနီး ဘေးက သူရဲံကောင်းကြီး ကိုကိုခြိမ့်က တို့တွေ ၅တန်း(5th year)တုံးက သင်ခဲ့ရတဲ့ turbulence flow ထကြည့်ပါဦးဆိုလို့ ကြောက်ကြောက်နဲ့ ကြည့်ခဲ့ရသေးတယ်။ လေယာဉ် ပန်ကာနားကထွက်တဲ့ air flow ရေခိုးရေငွေ့လို အခိုးလေးတွေဟာ လှိုင်းတွန့်လေးတွေလို ရှည်မျောမျော လေးတွေ ပြေးနေတာကို အတိုင်းသား မြင်နေရင်းနဲ့လဲ ဘာကိုကြောက်မှန်းမသိကြောက်နေပြန်တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


 ဟိုတစ်လောက အော်ဇီက ၀န်ကြီးချုပ် ဂျူလီယာဂေးလတ်က "The end of the world is coming"

 ဆိုပြီး အူကြောင်ကြောင်နဲ့ ထ ပြောတာကို တီဗီ သတင်းတွေမှာ ကြ့်လိုက်ရတယ်။ သူကတော့ ဘာသဘောနဲ့ ပြောတယ်မသိ။ ကိုယ့်မှာတော့ သူလို အမျိုးသမီး ၀န်ကြီးချုပ်တစ်ယောက်ကနေ ပြောတာဆိုတော့ နားကအလိုလို စိုက်မိရက်သားဖြစ်နေတယ်။ တကယ်ပဲ ကမ္ဘာ ပျက်တော့မှလားပေါ့။  ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆို ပြောထားတာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကပဲ ဘလော့ဂ်တွေမှာ ၀ိုင်းတက်ဂ်ကြလို့ ရေးလိုက်ရသေးတယ် မဟုတ်လား။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ သေမှာကြောက်တတ်တဲ့သူဆိုတော့ စိတ်ထဲ နဲနဲပါးပါး ကြောက်စိတ်ကလေးကတော့ ရှိနေတာပါပဲ။ အဲ့တုံးကဆို အင်တာနက်ထဲ  " 2012 world end " ဆိုပြီး ဇစ်ဇစ်မြစ်မြစ်တွေထိ လိုက်ရှာဖတ်တာ နေ့စဉ်ရက်ဆက် တစ်ပတ်လုံးနီးပါးပဲ။ ဒီအယူအဆ ဘယ်ကလာသလဲ၊ ဘယ်လောက်သေချာလဲ။ ဘာကြောင့် ဒီလို ကောက်ချက်ချရလဲ၊ အစုံပဲ။ မနှစ်ကလဲ အဖိုးကြီးတစ်ယောက်က ၂၀၁၁ ဘယ်နေ့အတိအကျ ကမ္ဘာပျက်မယ်ဆို ပြောထားတာ၊ အင်တာနက်သတင်းတွေမှာဆို ပွနေတာပဲ။ တကယ်တမ်း အဲဒီနေ့လဲရောက်ရော ဘာမှလဲမဖြစ်တော့ လူတွေမှာ ဟာသကြီးကိုဖြစ်လို့။ နောက်နေ့ သူ့အိမ်ရှေ့ သတင်းထောက်တွေ ၀ိုင်းနေတော့ သူကထွက်လာပြီး သူတွက်တာမှားသွားပါတယ်ဆို  ပြန်ဝန်ချတောင်းပန်တာတွေ ဖတ်ရတော့ ဟယ် လူတွေက ဒီလိုတွေပဲ ပေါက်ကရ လျှောက်ပြောနေကြတာ မဟုတ်လောက်ပါဘူးပေါ့ဆို စိတ်အေးသွားပြန်ရော။

ဒီကြားထဲ ဟိုတစ်နေ့ကပဲ တီဗွီကနေ "2012 " ဆိုပြီး ကမ္ဘာပျက်တာကို ရိုက်ထားတဲ့ ရုပ်ရှင်လာတယ်။ အန်တီဆွိက ဒရမ်မာတို့ ဟာသကားတို့သာ ကြိုက်တာ။ အဲလို လူကို stress များစေတဲ့ကားတွေ မကြိုက်တတ်ပေမဲ့ ဟိုတီဗီကြိုက်တဲ့သားအဖနား ထိုင်မိတော့ မကြည့်ချင်ပဲလဲ မြင်နေရတယ်။ အမ်မယ် ရုပ်ရှင်ထဲမှာ ကမ္ဘာပျက်တော့ ဇာတ်လိုက်မိသားစုက လေယာဉ်ပျံကြီးနဲ့ ပြေးကြတာဗျ။ နောက်မှာ ကမ္ဘာမြေကြီးက ငလျှင်တွေလှုပ်၊ မြေတွေပြို၊ ရေတွေကြီးနဲ့ကျန်ခဲ့တာကို သဲထိပ်ရင်ဖိုပဲ ရိုက်ထားတာ။ နောက်ဆုံး တရုတ်မှာဆိုလား ကမ္ဘာ မပျက်တဲ့ နေရာလေးတစ်နေရာကို ပြေးကြတာတဲ့။ ကြည့်ပြီး မေ့မေ့ပျောက်ပျောက်ပါပဲ။

 တိုက်တိုက်ဆိုင်ဆိုင် အဲ့ကားပြပြီးလို့ မကြာခင်မှာပဲ ဆစ်ဒ်နီနားက ကမ်းခြေတွေမှာ ရေတွေ အနီရောင် ပြောင်းကုန်တယ်။ ဂျပန်မှာ မြေငလျှင်တွေ လှုပ်တယ်၊ ဆူနာမီ warning ဆို ဖေ့စ်ဘွတ်မှာ စတေးတပ်စ်တွေ တက်လာတော့ အောက်က ကွန့်မန့်တွေကလဲ ကြောက်စရာ။ ကမ္ဘာတကယ်ပဲ ပျက်တော့မှာလား။ နီးနေပြီ ကမ္ဘာပျက်ဖို့။ ကမ္ဘာပျက်ဖို့ ဘယ်နှစ်ရက်အလို ... ဆို ကွန့်မန့်တွေက ပွထနေတယ်။ ကြောက်တတ်တဲ့သူက ကြောက်မြဲပဲဆိုတော့ အော် သူတို့ပြောတဲ့ ကမ္ဘာပျက်မဲ့ရက်က နီးလာပြီပေါ့ ... ။ ဒီဇင်ဘာ ၂၁ရက်နေ့ တဲ့ လေ  ....

 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကမ္ဘာပျက်မယ်ဆိုပြီး ထိုင်တွေးနေ၊ ငေးနေလို့လဲမရ လူ့ပြည် လူ့ဘ၀ လူ့ဌာနမယ် နေ့စဉ်လုပ်နေကျ routing လေးတွေက ရှိနေသေးတော့ အိမ်မှာ လုပ်စရာရှိတာတွေ လုပ်နေရမြဲ။ ဒါ့အပြင် မြန်မာပြည်ပြန်ဖို့ရက်က နီးလာတော့  အလုပ်တွေ ရှုပ်နေတယ်။ လက်ဆောင်တွေဝယ်၊ လပ်ဂေ့ခ်ျတွေ ထုပ်ပိုး၊ ဒီကြားထဲ သမီးမွေးနေ့ပွဲအတွက် အိမ်ရှင်း၊ ဈေးဝယ် ချက်ပြုတ် ပြင်ဆင်နဲ့ ရှုပ်ယှက်ခတ်နေတယ်။ တစ်ရက်တစ်ရက် နားရတယ်မရှိ၊ အိမ်အလုပ်တစ်ဖက် ရုံးအလုပ်တစ်ဖက်နဲ့ ဘလော့ဂ်လေးတောင် နပ်မှန်အောင် မနဲရေးနေရတယ် အရပ်ကတို့ရေ။


ဒီလိုနဲ့ အလုပ်ရှုပ်တဲ့ တစ်ရက် ညနေပိုင်း နားချိန်လေးပေါ့။ အိမ်ရှေ့မှာ တီဗီကြည့်ကြရင်း ကမ္ဘာပျက်မဲ့ အကြောင်းပြောရင်း မြန်မာပြည်ပြန်မဲ့အကြောင်း စကားက စပ်သွားတယ်။ အန်တီဆွိမှာ အမှတ်သညာ ဥာဏ်က အင်မတန်နဲတော့ ဘယ်နေ့ မြန်မာပြည်ပြန်မှာလဲ အတိအကျ မသိဘူး။ ဒီဇင်ဘာ၂၃ ရန်ကုန်ရောက်မယ်ဆိုတာပဲ သိတာ။ အမေတို့နဲ့ ဖုန်းဆက်ရင် အမေ သမီးတို့တော့ ၂၃ ရက်နေ့ ရောက်မယ်ဆို အမြဲပြောဖြစ်နေတာကိုး။ ကြားထဲ ထရန်စစ်က ရှိနေသေးတော့ ညအိပ်ရမှာတွေရော ဘာတွေရော ပြန်မဲ့ရက်ကို  သေချာမသိဘူးရယ်။

ဒါနဲ့ စကားစပ်ကြတော့ အန်တီဆွိက

 " တော့ ကမောင်ခြိမ့် ... ဒါနဲ့ ကျုပ်တို့ မြန်မာပြည် ပြန်မှာ ဘယ်နေ့တုံးတော့ ... "

ဆိုတော့ သူက စိတ်ကြည်နေချိန်ဆို ထုံးစံအတိုင်း လေအေးအေးနဲ့ ...

" ၂၁ ရက်နေ့လေ  အမေကလည်း ... မလေးရှားကို ၂၂ရက်နေ့ ထရန်စစ်ပါဆို ပြောထားသားနဲ့ ... "

  ၂၁ ရက်နေ့ နေ့ နေ နေ့ နေ့ ....  ဆိုတာဟာ ငယ်ငယ်က ကက်ဆက်ဇာတ်လမ်းတွေထဲကလို အန်တီဆွိရဲ့နားမှာ ပဲ့တင်ထပ်သွားတယ်။ ဘုရား ဘုရား ကမ္ဘာပျက်မဲ့ နေ့ကြီးပါကလား ...


 အဲသမှာ  သေမှာ ကြောက်တတ်တဲ့ ဒေါ်ခင်မို့မို့ဆွိကြီးက သူအင်မတန်ကြောက်တဲ့  လေယာဉ်ပျံကြီးကို ကမ္ဘာပျက်မဲ့ နေ့ကြီးမှာ စီးရမှာဆိုတော့

"ဟမ်မလေး ကမောင်ခြိမ့်ရယ် ... တော် ကျုပ်ကို ရက်စက်လှချည်လား ... ကမ္ဘာပျက်မဲ့ နေ့မှာ လေယာဉ်ပျံစီးခိုင်းရတယ်လို့ပဲ။  ရက်စက်လိုက်တာ ကိုမောင်ခြိမ့်ရယ် ... ဘယ်လို သဘောနဲ့များ အဲဒီနေ့တည့်တည့်ကိုမှ ရွေးဝယ်လိုက်ရသလဲတော့ .. "  


ဆိုတော့ ဦးမောင်ခြိမ့်က တစ်ချက်စဉ်းစားလိုက်ပြီး ၀မ်းသာအားရ ပြန်ပြောလိုက်တာက ...

" ဒီမယ် ဆွိလေးရဲ့ လေယာဉ်ပျံပေါ်ရှိနေတာမှ ကောင်းတာဟ ... ညည်း ဟိုကားမကြည့်ဖူးဘူးလား။ ကမ္ဘာပျက်တော့ လေယာဉ်ပျံကို မရမက စီးပြီးတောင် ထွက်ပြေးကြရတာလေ။ တို့က အဲဒီနေ့ ကျ ဘေးကင်းရန်ကင်း လေယာဉ်ပေါ်မှာရောက်နေပြီ ... ကမ္ဘာက တို့နောက်မှာ ပျက်ကျန်နေခဲ့မှာ  ... ညည်းဒါတောင် မစဉ်းစားမိဘူးလား ...  ဘယ်လောက်ကောင်းလိုက်တဲ့ အစီအစဉ်လဲ ... "တဲ့

သူပြောမှပဲ ကိုယ့်မှာ တဟားဟားနဲ့ ရယ်လိုက်ရတာ။ အဟုတ်ကောင်းတဲ့ အစီအစဉ်ပဲ ...   လေယာဉ်ကြောက်တဲ့ သူတောင် မကြောက်တော့ဘူး ဗျာတို့ရေ ...။ အဲဒီနေ့ကျ ဒို့တွေက လေယဉ်ပေါ်မှာ ဘေးကင်း ... ရန်ကင်း ....   ... ;)))



Wednesday, December 5, 2012

တို့အိမ်က အလွဲများ ...

 ဂျူဂျူနဲ့ အိုဘားမား
ဟိုတစ်လောက ကျောင်းတွေ ရက်ရှည်ပိတ်တော့ အိမ်မှာ ဂျူဂျူလေးကို မြန်မာစာသင်ပေးနေတာ။ သမီးက ဥာဏ်ကောင်းလို့လားတော့မသိ။ ကျောင်းပိတ်တဲ့ ၃ပတ်လောက်အတွင်း စာတော်တော်တက်သဗျ။ သူငယ်တန်း သင်ပုန်းကြီး မြန်မာစာအုပ်အတိုင်း သင်တာမှာ "အဲ - အယ်-့ အယ် " အထိတောင် ရောက်နေပြီ။ ခု ကျောင်းတွေပြန်ဖွင့်တော့ တစ်ပတ်ကို တစ်နာရီလောက်ပဲ သင်ရတော့ စာက သိပ်မတက်တော့ဘူး။ သင်ပြီးတာတွေ မမေ့အောင် နွှေးပေးရုံလောက်ပဲ လုပ်ပေးနိုင်တော့တယ်။ နောက်တစ်ခါ ကျောင်းရက်ရှည်ပိတ်ရင်တော့ သေချာပြန်လုပ်ပေးရဦးမယ်။

အဲဒါ တစ်နေ့က မြန်မာစာ သင်ပြီးသမျှတွေ ပြန်နွှေးပေးနေရင်းနဲ့ သတ်ပုံခေါ်တာပေါ့။ သတ်ပုံခေါ်နေရင်းနဲ့ သူ့အမေကြီးက ဖေ့စ်ဘွတ်ခ်ကို ကြည့်နေတော့ အိုဘားမား မြန်မာပြည်လာတဲ့ အကြောင်း အန်တီစုနဲ့တွေ့တဲ့ အကြောင်းတွေ ဖေ့စ်ဘွတ်ပေါ် တက်လာတာ။ အဲဒါကို ဂျူဂျူလေးကလဲ သူ့ရဲ့ မတောက်တစ်ခေါက် မြန်မာစာနဲ့ လိုက်ဖတ်နေတော့ သမီးလဲ ရေးလို့ရတာပဲဆို သူ့ကို သတ်ပုံရေးခိုင်းလိုက်တာ။ အိုဘားမားရယ် ၊ ဒေါ်စုရယ်။

သူ့အမေကြီးကလဲ ဖေ့စ်ဘွတ်ပဲ စိတ်ကရောက်နေ၊ ညဖက် မျက်လုံးကလဲ မကောင်းတာနဲ့ သမီးရေးပြီးတာ အမှတ်တမဲ့ပဲ ဖတ်လိုက်ပြီး " ဟယ် ငါ့သမီးလေးက တော်လိုက်တာ ... အိုဘားမား တောင်ရေးတတ်နေပြီတော့ ...  မြန်မာစာတော်တော်တတ်နေပြီပဲ.."  ဆို ချီးမွန်းနေတာ။ ဒီလိုပဲ ခလေးတွေ မြှောက်ပေးပြီး ချော့မော့သင်ရတာ။

မနက်မိုးလင်း အိပ်ရာထတော့ အိမ်ရှေ့စားပွဲပေါ် စာရွက်တွေ ပွနေတာနဲ့ ရှင်းရင်း  ညက ဂျူဂျူ ရေးထားတဲ့ သတ်ပုံစာရွက်လေး ထွက်လာတာနဲ့ အမှတ်တမဲ့ ဖတ်ကြည့်လိုက်တာ။

အလိုလေး ... မယ်မင်းကြီးမက ရေးထားတာ "အိုဘားမား" ကို ... "အူဘားမား" တဲ့ဗျား ... သူုနဲ့ကျမှပဲ အိုဘားမားလဲ အူတူတူလိုလို "အူဘားမား" ဖြစ်ရတယ်လို့ တွေးပြီး ရယ်လိုက်ရတာ။

ဒါနဲ့ ဂျူဂျူနိုးလာတော့ သမီးရေ ... ညက သမီးရေးထားတာ အိုဘားမားကို သတ်ပုံမှားနေတယ်နော် ... ပြန်ဖတ်ဦး ... ဆိုတော့ ဂျူဂျူလေးမှာ သူ့အဖေလိုပဲ ညက်မှောင်ကြီးတောင် ရှုံ့ပြီး ပြန်ဖတ်နေတာ။ နောက်ပြီး ဘယ်လိုပေါင်းရမှာလဲ မေးတယ်။ "အ လုံးတင် တစ်ချောင်းငင် အို " ဆိုတော့ ဂျူဂျူ ညက်မှောင်က ပိုကျုံ့သွားတယ်။ ပြီးမှ မေမေကလဲ "အို"  မှ မသင်ရသေးတာ ဂျူဂျူ ဘယ်သိမှာလဲတဲ့။ အဲဒီကျမှ သူ့အမေကြီးကလဲ သင်တာ "  အို့ ... အို ... အိုး " ထိ မရောက်သေးတာ သိတော့တယ်။ အစဉ်အတိုင်းဆို အသတ်တွေမလာခင်  " အို " က နောက်ဆုံးမှာ ကိုးးးး။

 အ အိ အု အေ အဲ အော အံ အို ... လေ။

ဂျူဂျူတို့ကတော့ ရှိတာနဲ့ ရအောင် ပေါင်းလိုက်တာပဲ။ အိုဘားမားတောင် အူဘားမားဖြစ်အောင် ...
----------------------------------------------------------------------------------------------------------


ပုဆိုးတလွှားလွှား ကမောင်ခြိမ့်
ဟိုတစ်လောက ခလေးတွေ ကျောင်းပိတ်ရက် ဒီကသူငယ်ချင်းတွေစုပြီး ပစ်ကနစ်သွားကြတယ်။
Bobbin Head တဲ့။ အိမ်ကနေ ကားနာရီဝက်လောက်ပဲ မောင်းရတာပါ။ ပစ်ကနစ်ဆိုတော့ စားစရာ သောက်စရာတွေက စုံလှတယ်။ မုန့်ဟင်းခါး၊ ဒန်ပေါက်၊ ၀က်သားသုတ်၊ လဖက်သုတ်၊ စပါကာတီး ထမင်းတွေ ဟင်းတွေရော အစုံပဲ။ လှေစီးကြ၊ တောထဲ လျှောက်ကြ၊ ဓာတ်ပုံတွေရိုက်ကြနဲ့ ပျော်စရာကြီးပေါ့။ ညနေပြန်တော့ သူငယ်ချင်း အသိတစ်ယောက်ဆိုင် ၀င်ကြပြီး သူ့ဆိုင်မှာပဲ ပစ်ကနစ်ကပါလာတာတွေ စားသောက်ပြီး ပြန်ကြတာ။ အားလုံးစားသောက် ဗိုက်ကားပြီး အိမ်ပြန်တော့ ည၈နာရီ အတော်မိုးချုပ်ပြီပေါ့။

 အိမ်ရောက်တော့ ဦးခြိမ့်တစ်ယောက် ဗိုက်ထဲက ရစ်သလိုလို၊ ဗိုက်ပဲ နာချင်သလိုလို ဆို ပြောနေတာ။ အစားစုံလို့နဲ့ တူပါရဲ့ဆို ပြန်ပြာလိုက်ေး။ ကိုယ်လည်းပြန်ရောက်တော့ ပင်ပန်းရတဲ့ကြားထဲ သူ့လဲ ဂရုမစိုက်နိုင်။ ပစ္စည်းတွေ သိမ်းဆည်းပြီး  တီဗီရှေ့သွားထိုင်။ ပြီးတော့ ဂျူဂျူလေးကို သိပ်၊ အိပ်ငိုက်လာတော့ ကွန်ပြူတာလေးဖွင့်  အွန်လိုင်းတက်နေတာ။ ဦးခြိမ့်ကတော့ အသံကို မကြားတော့ဘူး။ သူ့အခန်းထဲဝင်သွားတာ။

 မနက်မိုးလင်းတော့ တနင်္ဂနွေမနက်ဆိုတော့ ဦးခြိမ့်တို့ ထုံးစံ အစောကြီးထပြီး ချွတ်ချွတ် .. ချွတ်ချွတ်နဲ့ အ၀တ်တွေလှမ်းလိုက်၊ တံမျက်စည်းပဲလှည်းသလိုလို၊ ဟိုလုပ်ဒီလုပ်ပေါ့။ ကိုယ်လဲ အိပ်ရာက ထလာရော သူ့ကိုကြည့်ရတာ တစ်မျိုးပဲ ထူးဆန်းသလိုလို ရှိလှတယ်ထင်နေတာ။ ဘယ်ဟုတ်မလဲ မောင်မင်းကြီးသားက ဆစ်ဒနီ စပရင်း ဒီလောက် ချမ်းချမ်းစီးင်္စီးကြီးမှာ ပုဆိုး တလွှားလွှားနဲ့ ဟိုဖက်ဒီဖက် လုးလားခတ်နေတော့ အမြင်ဆန်းနေတာပေါ့။ ဆစ်ဒနီက spring ရောက်တာတောင် မနက်ခင်း ရာသီဥတုက ၁၄-၁၅ ဒီဂရီလောက်ရှိနေသေးတော့ ဘောင်းဘီရှည်ထူထူတွေ ၀တ်နေရတုံးပါ။ တစ်ဆောင်းတွင်းလုံး ဘောင်းဘီရှည်ထူထူတွေနဲ့ မြင်နေရာကနေ ရုတ်တရက် ပုဆိုးတလွှားလွှား ဆိုတော့ မျက်စိထဲ ဆန်းနေတာပေါ့။

ဒါနဲ့ အန်တီဆွိက
"တော့ ကမောင်ခြိမ့် ...  တော့်နဲ့တော် ဒီလောက် မနက် အေးအေးချမ်းချမ်းကြီး ဘယ့်နှာကြောင့် ပုဆိုး တလွှားလွှားနဲ့ ဖြစ်နေရသတုံးတော့ ..." ဆိုတော့ သူ့ဟာသူ အောက်ငုံ့ကြည့်ပြီး ဘာပြောတယ် ထင်သတုံး အရပ်ကတို့ရေ ...

" ကိုယ် ၀မ်းတွေ သွားနေလို့ကွ ... အဲဒါ လွယ်အောင် ပုဆိုးလေး ပေါ့ပေါ့ပါးပါး ၀တ်ထားလိုက်တာ ... အရေးအကြောင်းဆို အဲသလို မ ...  ထိုင်လိုက်ရုံပဲ .." တဲ့ဆို ပုဆိုးလေးကိုင်ပြီး ပုံစံတောင်လုပ်ပြနေလို့ အန်တီဆွိမှာ ရယ်လိုက်ရတာ ...

 ဖြစ်ရလေတော် ကမောင်ခြိမ့်ရယ် လို့ပဲ ပြောနိုင်တော့တယ် ။



  

 


Wednesday, November 14, 2012

ပြား ၈၀ အန်တီဆွိ ...


အရင်က ပြား၂၀ မဆွိတီ ဆိုတဲ့ပို့စ်လေး ရေးဖူးပါတယ်။ အဲဒါလေး အရင်ဖတ်ကြည့်ကြပါဦး။

အန်တီဆွိ ရုံးမှာထိုင်တဲ့နေရာနဲ့ ဘေးချင်းကပ်ရပ် လမ်းကလေးသာခြားတဲ့ နေရာမှာ ကောင်မလေးတစ်ယောက်ရှိတယ်။ ကောင်မလေးသာပြောတယ် အသက်ကတော့ ၃၅-၄၀ ပတ်ဝန်းကျင်လောက်ပေါ့။  ဆံပင်တိုတိုနဲ့ဆိုတော့ လူက ငယ်ပုံပေါက်တယ်။ မျက်နှာကတော့ တရုတ်နဲ့ခပ်ဆင်ဆင်။ ရောက်စ ကိုယ်လဲ အလုပ်နဲ့ ရင်နှီးဖို့ ကြိုးစားနေရတာနဲ့ သေချာတော့ သတိမထားမိပါဘူး။ သူကလဲ ခပ်တည်တည်ပဲဆိုတော့ မိတ်လဲ မဆက်မိဘူး။ တစ်ရက်တော့ သူက လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အင်္ဂလိပ်လိုပြောနေတာ။ သူ့ရဲ့ အင်္ဂလိပ်လေသံက ကိုယ်ရင်းရင်းနှီးနှီး ကြားဖူးတဲ့ လေသံမျိုးဖြစ်နေတယ်။ ဒါပေမဲ့လဲ အလုပ်ထဲသာ စိတ်ကရောက်နေတော့ မေ့မေ့ပျောက်ပျောက်ပါပဲ။

တစ်ရက်တော့ အလုပ်မှာ ကုန်းလုပ်နေရင်းနဲ့ နားထဲမှာ မြန်မာလို စကားပြောသံ သဲ့သဲ့ကြားရတော့ ရုပ်တရက် နားကအလိုလို စွံ့ပြီးသား၊ မျက်လုံးက စကားပြောသံကြားတဲ့ နေရာကို ရှာဖွေနေပြီးသားဖြစ်သွားတယ်။ လက်စသတ်တော့ ဘေးက ကောင်မလေးက ဗမာလို ဖုန်းနဲ့ ပြောနေတာပါလား။ သူမြန်မာပါလားဆို သိလိုက်ရတော့ အရမ်းအံ့သြသွားတယ်။  ရုံးမှာလုပ်တာ ၃-၄ ပတ်ရှိပေမဲ့ မြန်မာအချင်းချင်း မသိကြဘူး။ 

ဒါနဲ့ ဒါမျိုးဆို ထီးကလေးဆောင်းပြီး စောင့်နေတဲ့ အန်တီဆွိက သူဖုန်းချချချင်းပဲ သူ့နေရာလှစ်ကနဲ ရောက်သွားပြီး ပြုံးပြုံး ... ပြုံးပြုံးနဲ့ မိတ်ဆက်ပါလေရော။ 

" အစ်မလား ... ညီမလားတော့ မသိဘူး ...  မြန်မာလိုပြောနေသံကြားလို့ ။ တွေ့နေတာတော့ကြာနေပြီ။ တရုတ်အောက်မေ့နေတာ ...."

ဟိုကလဲ အင်မတန် အံ့သြသွားတဲ့ ပုံနဲ့  ... ပထမတော့ ဘာပြန်ပြောရမှန်းတောင်မသိ အူကြောင်ကြောင်ဖြစ်နေသေးတယ်။ ပြီးမှ

"ဟုတ်ကဲ့ အစ်မ ... ကျွန်မလဲ တွေ့နေတာ ... မြန်မာမှန်းမသိဘူး ..ဟီး ...."

ဒီလိုနဲ့ မိတ်ဆက်ကြပြီး သူဟာလဲ ကိုယ်တွေလိုပဲ RIT ကပြီးတဲ့ အင်ဂျင်နီယာ၊ ကိုယ့်ထက် ၃နှစ်လောက် ဂျူနီယာကျတဲ့ ညီမတစ်ယောက်ဆိုတာ သိလိုက်ရတယ်။ တစ်ကျောင်းထဲကဆိုတော့ စိတ်က ခင်မင်လက်စလဲရှိနေတော့ ကိုယ်သိတဲ့သူတွေ သူသိတဲ့သူတွေ အပြန်အလှန်ပြောကြရင်း ခင်သွားတော့တာပဲ။ နောက်ပိုင်းတော့ သူဟာ မသိခင်သာ ခပ်တည်တည်နေပေမဲ့ သိသွားတော့လဲ ခင်စရာကောင်းတဲ့ ညီမတစ်ယောက်ဖြစ်တယ်ဆိုတာ သိရပါတယ်။

ဟိုတစ်လောကလဲ ထမင်းစားခန်းထဲမှာ ထမင်းစားနေရင်းနဲ့ မလေးရှားက ကောင်မလေးတစ်ယောက်နဲ့ စကားလက်ဆုံကျတော့ production ဖက်မှာ မြန်မာတွေ ရှိတယ်ဆိုပြီး ဗမာနာမည်တစ်ခုပြောပြလာတယ်။ သူပြောတာတော့ production ဖက်မှာ ဗမာ ၄ယောက်လောက်ရှိတယ် ပြောတယ်။ ခုချိန်ထိတော့ အဲဒီဖက် မသွားရသေးတော့ မကြုံသေးဘူးပေါ့။ စင်္ကာပူလို ဗမာပေါတဲ့ အရပ်မှာ အလုပ်လုပ်တုံးကတောင် အလုပ်ထဲမှာ ဗမာနဲ့ကြုံတာ အင်မတန်နည်းတော့ ဒီကုမ္ပဏီမှာ မြန်မာတွေ တော်တော်ပေါပါလားဆို အံ့သြနေတာပေါ့။

မနေ့ကတော့ အန်တီဆွိလဲ ကိစ္စလေးတစ်ခုရှိတာနဲ့ အောက်ထပ်က HR နဲ့ Finance ဌာနတွေဖက်ကို ဆင်းလာခဲ့တယ်။ အောက်ရောက်တော့ ကိုယ်တွေ့ချင်တဲ့ သူက အခန်းတံခါးပိတ်ထားတာနဲ့ ဘေးဖက်အခန်းက ကောင်မလေး တစ်ယောက်တွေ့တာနဲ့ ၀င်မေးတာပေါ့။

 " ဆူဇန်လဲ မတွေ့ဘူးနော်။ ဒီနေ့ သူမလာဘူးလားမသိဘူး.." ဆို အင်္ဂလိပ်လို မေးလိုက်တာ။

ခလေးမလေးက အသက် ၂၀-၂၅ လောက်ရှိမယ်ထင်တာပဲ။ အေရှတော့ အေရှရုပ်ပဲ။ ဆံပင်လေးကို အကုန်အပြောင်သိမ်းပြီး အပေါ်မှာ ဆံထုံးတော်ကြီး တမာသီးနဲ့။ အသားအရေလေးက ကြည်ကြည်လင်လင်နဲ့ မျက်နှာလေးက ချစ်စရာလေးရယ်။ သူက အန်တီဆွိစကားဆုံးဆုံးချင်းပဲ ...

" အန်တီက မြန်မာလားမသိဘူးနော် " တဲ့ ဆိုပြီး ဆူဇန် ဒီနေ့ နေ့ဝက်ခွင့်ယူထားတယ်ဆိုပြီး ဗမာလို ပီပီသသကြီး ပြောပါလေရောဗျာ။ နောက်ပြီး ဟိုနေ့က မxxx ကပြောနေတာ R&D မှာ မြန်မာ အသစ်ရောက်နေတယ်တဲ့ ပြောနေတာကြာပြီ။ အဲဒါ အန်တီ့ကို တွေ့တော့ အန်တီပဲ ဖြစ်ရမယ်ဆိုပြီင်္း မေးကြည့်တာတဲ့ဗျား။

ဒါနဲ့ သူနဲ့လဲ သူ့အကြောင်း၊ ကိုယ့်အကြောင်း အလုပ်အကြောင်း စပ်စုကြရင်း အလ္လာပ သလ္လာပ စကားလက်ဆုံကျနေကြတယ်။ ခလေးမလေးရဲ့ လေသံ accent က တကယ့်ကို အော်ဇီမတစ်ယောက်နဲ့ မခြားပါဘူး။ ၀တ်တာစားတာ၊ ပြင်ဆင်ထားပုံ ရုပ်ရည်တွေဟာ ကြည့်ရုံနဲ့ ဗမာမှန်း လုံးဝခန့်မှန်းလို့မရပါဘူး။ သူဟာ ၁၃နှစ်ကတည်းက ဒီရောက်နေတာဖြစ်ပြီး ဒီမှာလုပ်နေတာ ၂နှစ်ရှိပြီဖြစ်တဲ့ အကြောင်း၊ သူနဲ့အတူု ဒီအခန်းထဲက finance ဌာနမှာ နောက်ထပ်မြန်မာ တစ်ယောက်လဲ ရှိကြောင်း ပြောပြပါတယ်။

 နောက်သွားခါနီးတော့ စပ်စုချင်တာနဲ့ မေးလိုက်တာ။

" ဟင် ဒါနဲ့ အစ်မကိုမြင်တာနဲ့ ဘယ်လိုလုပ်မြန်မာမှန်း သိလဲ ... အစ်မက ဗမာရုပ်တော်တော်ပေါက်လို့လား " ဆိုတော့

 သူက ဟုတ်တယ် အစ်မပုံက ကြည့်တာနဲ့ ဗမာမှန်း အရမ်းသိတာတာပဲတဲ့။

သူပြောတော့ အန်တီဆွိမှာ ရယ်လိုက်ရတာ။ စင်္ကာပူမှာတုံးက တစ်ချိန်လုံး တရုတ်နဲ့ မှားနေလို့ ဖြေရှင်းနေရတဲ့သူက ကျေပဲ မကျေနပ်သလိုလို စိတ်ထဲမှာ ဖြစ်သွားသေးတယ်။ ပြီးမှ အော် ဗမာသွေး ပြား၈၀တောင်ပါတာ ဗမာမှန်း သိသာတာ ဆန်းသလားလို့သာ ခပ်ဖော့ဖော့လေး တွေးရင်း ပြုံးလိုက်မိပါတော့တယ်။ ။

ပြား ၈၀ အန်တီဆွိ



Saturday, November 3, 2012

ဂျူဂျူနှင့် ပင့်ခ်ကာလာ ဘောလုံးပျောက်မှု အမှုတွဲ (၂)

ထိုနေ့က ဂျူဂျူလေးက မျက်နှာမကောင်းတော့ သူ့အဖေလဲဘောလုံးများ အောက်လိမ့်သွားမည်လားဟု နိမ့်ဆင်းနေသည့် လမ်း အောက်ဖက်အဆုံးအထိ လျှောက်ကာ ဘောလုံးပျောက်ကိုရှာသည်။ ဂျူဂျူနှင့်အမေလုပ်သူကလည်း အိမ်ထဲတောင် မ၀င်နိုင်ကြသေး။ အဖေကြီးနောက်မှ လိုက်ချသွားကာ လမ်းအဆုံးလေးအထိ လျှောက်ကြည့်ကြသည်။ လမ်းလေးက ၂၀ ဒီဂရီလောက်ရှိသည့် နိမ့်လျှောလေးဆိုတော့ ဘောလုံးက လမ်းအတိုင်း တည့်တည့်သွားပါက လိမ့်ဆင်းသွားသည်လဲ ဖြစ်နိုင်ပါသည်။ သို့ပေမဲ့ လမ်းအဆုံးရောက်သည်အထိ ဘောလုံးကတော့ အရိပ်အရောင်မျှပင် မမြင်ရပါ။ 


ဖြစ်ချင်တော့ လမ်းအဆုံးတွင် နောက်ထပ် လမ်းတစ်လမ်းက ကန့်လန့်ခံနေသည်။ ထိုလမ်းကလဲ ဘယ်ဖက်သို့ နိမ့်ဆင်းနေသည့် ကုန်းဆင်းလမ်းပင်ဖြစ်နေရာ ထိုလမ်းအတိုင်းပဲ ဆက်ဆင်းသွားသည်လား။ သို့မဟုတ် အရှိန်များ၍ လမ်းကိုကန့်လန့်ဖြတ်ကာ လမ်းတစ်ဖက်က အိမ်ထဲပဲ ၀င်သွားပြီလား။ ဘေးက သစ်ပင်တွေ ချုံပုတ်တွေထဲလဲ ကြည့်ကြသည်။ နောက်ဆုံးရှာမတွေ့တော့ အားလုံးအိမ်ပြန်ကာ အ၀တ်အစားလဲကြသည်။ ခဏနေတော့ အ၀တ်လဲလို့ပင် မပြီးသေး။ ဂျူဂျူတို့အဖေကြီး စိတ်မြန်လက်မြန်ရှိလှနှင့် ဓာတ်မီးတစ်လုံးယူကာ အပြင်ထွက်သွားသံ၊ တံခါးပိတ်သံများကြားနေရသည်။ ဂျူဂျူလဲ နောက်ကလိုက်သွားရာ သူ့အမေကြီးလဲ ကမန်းကတန်း အ၀တ်လဲကာ လိုက်ချသွားသည်။

ဂျူဂျူတို့ အဖေသည် နောက်လမ်းဆုံးသည်အထိ ကုန်းဆင်းလမ်းတွေအတိုင်း တောက်လျှောက်လိုက်ကြည့်နေသည်။ ဂျူဂျူတို့ အမေကတော့ အမှန်ပင် စိတ်လျှော့ထားပါသည်။ ဘောလုံးကတော့ ချုံပုတ်တွေထဲ ၀င်ရင်ဝင်၊ မ၀င်ရင် အိမ်တစ်အိမ်ထဲရောက်သွားတာဖြစ်မည်။ ဒီဘောလုံးဘယ်လိုများ ပြန်တွေ့နိုင်ပါ့တော့မလဲဟု စိတ်ပျက်လက်ပျက်နှင့် စဉ်းစားနေသည်။  

ထိုစဉ်ပင် ဟိုးရှေ့မှာရောက်နေသည့် ဂျူဂျူတို့အဖေသည် ကားတစ်စီးရှေ့တွင် ရုတ်တရက် တစ်ခုခုကို ကုန်းကောက်လိုက်ရာ "အဖေ တွေ့ပြီလား .... တွေ့ပြီလား ..."  ဟု အလောတကြီး အမေး ဂျူဂျူတို့အဖေလဲ ခေါင်းငြိမ့်ပြရင်း လက်ထဲတွင်လည်း ပင့်ခ်ကာလာ ဘောလုံးလေး ပုပ်ကာ  ပုပ်ကာဖြင့် ပါလာပါတော့သည်။ အမေကြီးမှာ သူ့မျက်လုံးကိုပင် မယုံနိုင်ပါ။ တကယ်ပြန်တွေ့တော့ အံ့သြနေသည်။ ဂျူဂျူလေး၏ ၀မ်းသာအဲလဲ ၀င်းလက်သွားသော မျက်နှာမှာ အမှောင်ထဲမှာ လင်းသွားသလားပင် အထင်ရောက်စေပါသည်။ ဘောလုံးလေးပြန်တွေ့၍ အမေလဲပျော်၊ အဖေလဲပျော်၊ သမီးလဲပျော်ကာ အိမ်ပြန်လာကြပါသည်။

အဖေကြီး၏ပြောပြချက်အရ ဘောလုံးသည် လမ်းဘေးရပ်ထားသော ကားတစ်စီးကိုထိကာ ရပ်သွားပုံရသည်ဆိုပါသည်။ ကားကို မထိပါက ဆက်လိမ့်ဦးမည်ဆိုသည့်သဘော။ ထူးဆန်းသည်မှာ ဘောလုံးသည် အမေကြီး ကားထဲမှ အမှတ်တမဲ့ ပစ်ချလိုက်ရာ ပစ်ချလိုက်သော အားအရှိန်က ကုန်းဆင်းဖက်ကို ပါသောကြောင့် ဘောလုံးက ကုန်းဆင်းအတိုင်း ဆင်းချသွားရာ ပေ ၂၀၀-၂၅၀ ခန့်နေရာရောက်မှ ကားတစ်စီးနှင့်ထိကာ ရပ်သွားခြင်းဖြစ်ပါသည်။ အိမ်ရှေ့မှ ကားပါကင်က မြေညီတွင်ဖြစ်ရာ အမှတ်တမဲ့ ပစ်ချလိုက်သော ဘောလုံးသည် အရပ် ၈ မျက်နှာ လိမ့်နိုင်ပါလျက် ဖြစ်နိုင်ချေနည်းသော ကုန်းဆင်းဖက်ကို တည့်တည့် လိမ့်သွားသည့်အပြင် မီတာ ၂၀၀လောက်အကွာ အထိ နောက်ထပ် လမ်းမတစ်ခုကိုပင် ဖြတ်ပြီး ဆင်းသွားပုံမှာ ထူးဆန်းလှပါသည်။

ဘောလုံးသွားရာ လမ်းကြောင်း

 ဤတွင် ဇာတ်လမ်းကား မပြီးသေး။ အမေလုပ်သူ အင်ဂျုင်နီယာမကြီးက စဉ်းစားသည်။ ဘောလုံးက ကားကိုထိပြီးရပ်သည်ဆိုတော့ ကားက ဘာမှ မဖြစ်ဘူးလား။ ကားမှန်တွေ ဘာတွေများထိရင် ကွဲကုန်မှာလား။ သူ့မျက်စိထဲမှာ ဘောလုံးက အင်မတန် ပြင်းသော မြန်သောအရှိန်ဖြင့် ခုန်ကာ ကားကို ၀င်တိုက်မိသည်ဟု ထင်နေသည်။ သို့နှင့် ကားကိုထိမိသောအခါ ခန့်မှန်းချေ ဘောလုံး၏အလျှင် (speed) ၊ အား (force) တို့ကို ငယ်ငယ်ကတွက်ဖူးသည့် ရုပဗေဒပညာရပ်အားကိုးဖြင့် ပြန်တွက်ကြည့်ချင်နေသည်။ ( ဤနေရာတွင် physics ကို သင်ပေးခဲ့ဖူးသော ဆရာဆရာမများကို အမှန်ပင် သတိရမိပါသည်။ ဆရာ ဦးအောင်ဖေညွန့်၊ သား-ကိုတူး၊ ဆရာဦး SS သိန်းလွင်၊ ၁၀တန်းတုံးက ဆရာမ၊ ဆရာ ဦးသာလှိုင် အစရှိသဖြင့် ဆရာများကို ဂါရ၀ပြုပါ၏။)

ရယ်ရသည်မှာ သီအိုရီအချို့လဲ အတိအကျ မမှတ်မိတော့ နောက်ဆုံး ဆရာ့ဆရာများ၏ ဆရာ ဂူဂဲလ်ကိုပင် အားကိုးရပါတော့သည်။

 ဂူဂဲလ်တွင် အဖြေများ တွက်နည်းများ များစွာတွေ့ရာ အနီးစပ်ဆုံးတူသည့် ပေ့ရှ် တစ်ခုကိုသာ ပုံသေထား တွက်ပါမည်။ assumption မှာ ဘောလုံးသည်  ၂၀ဒီဂရီစောင်းနေသော ကားပါ့ကင် အမြင့်မှ၂၀၀ မီတာတောက်လျှောက် လိမ့်ဆင်းသည်ဟု ယူဆပါသည်။ ပစ်လိုက်သောအားမှာ အလွန်နည်းရာ starting speed ကိုလဲ Vo=0 (ကုန်းဆင်းမှ အသာ လွှတ်ချသည်) ဟု ယူဆပါသည်။

 http://www.feynmanlectures.info/solutions/roll_without_slipping_sol_1.pdf
 အထက်ပါပေ့ရှ်မှ ထိုပုံသေနည်းကို ရပါသည်။
 

V=?, g= 9.81 m/S^2, S=200 m (assumption), θ= 20 deg (assumption) ,

 K= I/MR^2
 http://en.wikipedia.org/wiki/List_of_moments_of_inertia
where I= 2MR^2/3 (for hollow sphere) , so, K=  2/3
 အထက်ပါဖော်မြူလာတွင် အစားထိုးကြည့်သောအခါ  ဘောလုံး၏ speed (at 200m)ကို တွက်၍ရပါသည်။

 အဖြေမှာ 28.37 m/sec ဖြစ်ပါသည်။ ဘောလုံးကားကို ထိသောအခါ speed ဖြစ်ပါသည်။ မြင်လွယ်အောင် ကား speed နှင့်ပြပါက (102km/hr) တစ်နာရီ ကီလို ၁၀၀ခန့် ဖြစ်ပါသည်။

ထိုဖော်မြူလာမှ ထူးခြားချက်ကို သတိပြုမိပါသလား။ ရူပဗေဒသင်စဉ်က အားလုံးနားလည်ထားပြီသားတစ်ခုကို ပြန်နွှေးပေးပါမည်။ ထိုဖော်မြူလာတွင် ဘောလုံး၏ အလေးချိန် (mass) နှင့် ဘောလုံး၏ size ပမာဏ ( ဥပမာ radious) အစရှိသဖြင့် မပါသည်ကို သတိပြုစေလိုပါသည်။ ဆိုလိုသည်မှာ air resistant ကို လျှစ်လျှူရှုပါက ဘောလုံး လေးလေး၊ ပေါ့ပေါ့၊ ကြီးကြီး၊  သေးသေး နေရာတစ်ခုရောက်ရန် speed အတူတူ၊ ကြာချိန်အတူတူဖြစ်ပါသည်။ ( တော်တော်များများ ရူပဗေဒနားမလည်သူများကတော့ လေးရင်တော့ မြန်မြန်ရောက်မှာပဲ ကြီးရင်တော့ မြန်မြန်ရောက်မှာပဲ ထင်ထားကြမည်ဖြစ်သည်။)

(ဘောလုံးက solid (အလုံးပိတ်) ဖြစ်လျှင်တော့ ဖော်မြူလာတွင် K တန်ဖိုးကပြောင်းသွားသည် (K=2/5) Moment of Inertia ( I ) တန်ဖိုးပြောင်းသွား၍ဖြစ်ပါသည်။ စိတ်ဝင်စားသူများ တွက်ကြည့်နိုင်ပါသည်။ (answer:  30.96 m/sec,  12.9 sec)။ ဤတွင်တော့ လေးလျှင် ပိုမြန်သည့်သဘောကို ပြပါသည်။ အပေါ်က သဘောတရားနှင့် ဆန့်ကျင်ပါသည်။ စိတ်ဝင်စားသူများ နားလည်လျှင် ရှင်းပြကြပါဦး၊ အလုံးတွေဆိုတော့ CG ကလဲ centre မှာ အတူတူပဲ မဟုတ်လား။)

 ဘောလုံးသည် ကိန်းသေအရှိန် (constant acceleration) တစ်ခုဖြင့် ဆင်းနေသည်ဟု ယူဆရာ ဘောလုံးရောက်ရန် ကြာသည့် အချိန်ကို အောက်ပါ ဖော်မြူလာတွင် အစားထိုးကြည့်သောအခါ ကြာချိန် 14.1 စက္ကန့်ရပါသည်။
 t= S/V avg

where, V avg=V/2 (at constant acceleration)

so,  t=2S/V

အမေကြီး ကားပေါ်မှ ပစ်ချပြီး နောက် ၊     နောက်ထပ်ကားတစ်စီးကို ထိပြီး ရပ်သည်အထိ ကြာချိန် 14.1 စက္ကန့်ဖြစ်ပါသည်။

တွက်နည်းသည် assumption များစွာကို အခြေခံထားရာ ကွက်တိအမှန် မဖြစ်နိုင်ပါ။ သို့ပေမဲ့ အနီးစပ်ဆုံး ခန့်မှန်းချက်လောက်တော့ ပေးနိုင်သည်ဟုယူဆပါသည်။

အမှန်မှာ ဘောလုံးသည် နောက်ပိုင်း လက်တွေ့စမ်းသပ်ချက်များအရ လမ်းဘေး ပလက်ဖောင်း ဘောင်ကို ထိ၍ ဤအတိုင်း ထိလျှက်တောက်လျှောက်ဆင်းရာ ကားကိုထိတော့ အရှိန်မှာ တော်တော်နည်းနေပါပြီ။ အမေကြီးထင်သလို ကားမှန်တွေ ဘာတွေထိရင် ကွဲမှာလားဆိုတော့ မကွဲနိုင်ပါ။

 ကားကို ထိသည့် Force ကိုတော့ ၀ါသနာပါသူများ တွက်ကြည့်ကြပါဦး။ 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဤတွင်လည်း ဇာတ်လမ်းက မပြီးသေး။ TV ကနေ Backyard science လို ရှိုးတွေကြည့်ထားသည့် ဂျူဂျူက ဘောလုံးကို ပစ်ချပြီး စမ်းချင်သည်ဆိုတော့ သားအမိ၊ သားအဖတွေ အလုပ်မရှိ အလုပ်ရှာ ဘောလုံးကို ပစ်ချကာ ဘောလုံး မည်သို့ လိမ့်မည်လဲ ကြည့်ကြသေးသည်။
အမေကြီးက သူ့တာဝန် သူယူ၊ အပေါ်ကနေ ဘောလုံး ချပေးရသည်။ ဂျူဂျူက ဘောလုံးနောက် တောက်လျှောက်လိုက်သည်မှာ မောနေသည်။ သူ့ဘောလုံးလေး ထပ်ပျောက်မည် စိုးသတဲ့။ သူ့အဖေကြီးက လမ်းချိုးတွင် စောင့်ကာနေသည်။ လမ်းမှာ ကားလာနေလျင် စောင့်ဖမ်းရအောင်ဖြစ်သည်။ ကားကိုသွားထိလို့ လျော်နေရလျှင် မခက်လော။

 ဤတွင် ထူးခြားမှူမှာ ဘောလုံးသည် ဘယ်တော့မှ ကုန်းဆင်းလမ်းအတိုင်း တည့်တည့် တန်းတန်း မသွား၍ ၄-၅ခါလောက် ပစ်ချနေရသည်။ အမေကြီး ကားပေါ်ကချသည့် နည်းအတိုင်းပင် ပစ်ချရာ ကုန်းဆင်းဖက်ကို လိမ့်ဖို့ရာပင် အတော်ပင် ခဲယဉ်းပါသည်။ ကုန်းဆင်းဖက်ကို အားအနည်းငယ်ထည့်ပစ်သည်ပင် ဘောလုံးသည် လမ်းအတိုင်းမသွား လမ်းဘေး သစ်ပင်များဖက်၊ ချုံပုတ်များဖက်၊  အိမ်ဘေးက ကားဂိုထောင်ဖက် အစရှိသဖြင့်သာလိမ့်နေ၍ လမ်းအတိုင်းတည့်တည့်သွားအောင် အတော်ပစ်နေရသည်။


ဘောလုံးသွားရာ လမ်းကြောင်းများ (red lines) , နောက်ဆုံး အမှန် လမ်းကြောင်း ( blue line)
လမ်းအတိုင်း တစ်ခေါက်တည့်တည့်ရောက်သောအခါလည်း လမ်းကွေးလေးထိပ်ရှိ အိမ်တစ်အိမ်မှ ကားဂိုထောင်ထဲ ၀င်မည်ပြုရာ ဂျူဂျူ့မှာ မနဲလိုက်ကောက်နေရသည်။ (ညအချိန်တွင် ကားဂိုထောင်မှာ တံခါးပိတ်ထား၍ ထိုမှပြန်ကန်ကာ ကုန်းဆင်းအတိုင်းပြန်လိမ့်သည်ဟု ယူဆပါသည်။ မသေချာပါ။ )

 နောက်တစ်ခေါက်ပစ်သောအခါ ဂျူဂျူမှာ ကားဂိုထောင်စောင့်ရပါသည်။ ကားဂိုထောင်ရှေ့ရောက်လာသော ဘောလုံးကို ကားဂိုထောင်တံခါးနှင့် ထိသည့်အလား သူ့လက်ကလေးဖြင့်ခံကာ ပုတ်ထုတ်ပါသည်။ ထိုအခါလည်း ဘောလုံးမှာ ကုန်းဆင်းအတိုင်းမသွား ဘေးချုံပုတ်တွေထဲဝင်သွားပြန်သည်။

ကားဂိုထောင် တံခါးစောင့် ဂျူဂျူလေးမှ ပြန်ပုတ်လိုက်တဲ့ ဘောလုံး။

သို့နှင့် ဟောဟဲ... ဟောဟဲ ... အမေကြီးမှာ အပေါ်ပြန်ပြေးတက် ဘောလုံးကို ထပ်ချရပြန်ရာ နောက်ဆုံးတစ်ခေါက်တွင် ဘောလုံးသည်

ကားပါကင်အောက် လမ်းအတိုင်း လိမ့်ဆင်း ...

ကားဂိုထောင်တံခါးမှူး ဂျူဂျူမှ လက်နှင့်ခံ ကာ ပုတ်ထုတ် ..
လမ်းမဖက် တည့်တည့်တန်းတန်း လိမ့်ဆင်း ...
ကားတစ်စီးမှ မလာ ...
သူ့အဖေကြီးမှ စောင့်ကြည့် ...
 ရှေ့လမ်းမကို ကန့်လန့်ဖြတ် ...
 ပလက်ဖောင်း ဘောင်ကို ထိ ...
ပလက်ဖောင်းဘောင်အတိုင်း တောက်လျှောက် လိမ့်ဆင်း...
နောက်ဆုံး  ကားတစ်စီးနှင့်ထိကာ ရပ်သွားသည်ဆိုပါသည်။ အဖေကြီးက သူထိုနေ့ညက တွေ့ခဲ့သည့် ပုံစံနှင့် တစ်ပုံစံတည်း ဖြစ်သည်ဆိုကာ experiment ကို ရပ်လိုက်ကြပါသည်။ 
ဘောလုံးက အနီရောင် လမ်းအတိုင်း ဘေးက နံရံကိုထိပြီးဆင်းသွားတာမှို့ friction force  ကြောင့်
 ကားကိုထိတဲ့ အချိန်မှာ အရှိန် အတော်နည်းသွားမှာပါ။

Experiment မှ conclusion ဆွဲသော် ဂျူဂျူတို့ မိသားစု ဘောလုံးပျောက်ပုံကို အံ့သြမည်ဆိုလည်း အံ့သြလောက်စရာ။ အမှတ်တမဲ့ပစ်ချလိုက်သော ဘောလုံးသည် ကုန်းဆင်းလမ်းလေးအတိုင်း တည့်တည့်လိမ့်ကာ မီတာ၂၀၀အကွာကို ချက်ချင်းရောက်သွားသည်။ ထိုပုံစံအတိုင်း သွားစေလို၍ တမင် ပစ်ချသောအခါ ဘောလုံးမှာ ဘေးဘီ ကွေ့ပတ်၍တစ်မျိုး၊ ဟိုဝင်ဒီဝင်နှင့်  ထိုလမ်းအတိုင်းရောက်ဖို့ရာ အင်မတန်ပင် ခက်ခဲကြောင်းတွေ့ရှိရပေရာ လောကတွင် လူတို့သည် ထိုသို့သော ကြက်ကန်းဆန်အိုးတိုး အမှတ်တမဲ့ အဖြစ်မျိုး ဖြစ်တတ်ကြ၍ အမှန်တကယ်ရည်ရွယ်၍ ကြိုးစားလုပ်သူများသည် ကံလမ်းချော်ပါက ကြိုးစားပါလျှက် ကြက်ကန်းတိုးသူများလောက် မဖြစ်ထွန်းနိုင်သည်ကို သတိ သံဝေဂ ရကြစေလိုပါသည်။

လောကတွင် အချို့သည် ကြိုးစားမှု မလိုပဲ သူ့ အတိတ် ကုသိုလ်ကံ ပါရမီကြောင့် ကြီးပွားချမ်းသာ သူများရှိသလို၊ မိမိက သူတို့ထက် ဥာဏ်ပညာတွင်လဲ သာ၊ ကြိုးလဲ ကြိုးစားပါလျက် သူ့လောက်အတိတ်ကံမပါ၍ သူ့လောက် မဖြစ်ထွန်းရာ သူ့ကိုလဲ မနာလို ၀န်တိုဖြစ်ဖို့မလို၊ သူ့ကံ ကိုယ့်ကံမတူ၍ဟုသာ ယူဆစေ လိုပါသည်။ သို့ပေမဲ့ ကြိုးစားမှုသည် အချီးနှီးမဖြစ်ရာ တစ်ခါ မဖြစ် အကြိမ်ကြိမ်ကြိုးစားပါကာလည်း မိမိလိုရာ ပန်းတိုင်ရောက်နိုင်ကြောင်း အမေကြီးမှ ဆိုင်ဆိုင် မဆိုင်ဆိုင် အတင်းဆွဲထည့်ကာ ပိတ်သတ်များအား သင်္ခန်းစာ ပေးလိုက်ပါသည်။
( စာရေးရင် moral လေးပါအောင် ရေးမယ်လို့ သူများစာတွေ လျှောက်ဖတ်ပြီး အားကျလာလို့ ထည့်ရေးထားခြင်းဖြစ်ပါသည်။း)))  ..... ဟမ် )))))))))

ပြီးပါပြီ။



 ပြီးခဲ့သည့် ပို့စ်က ပိတ်သတ် စိတ်ဝင်စားအောင် ကုန်းလျှောလေးရှိတာ ဂျူဂျူလေးတို့ အိမ်က အမြင့်လေးမှာ ရှိနေတာ ကို စာထဲမှာ လျှို့ဝှက်ထားပါသည်။ သို့ပေမဲ့ ဖြေမည့်သူများအတွက် စဉ်းစားလို့ရအောင် ဓာတ်ပုံတစ်ပုံဖြင့် hint ပေးထားပါသည်။ စိတ်ဝင်တစား ဖြေပေးကြသူ များကို ကျေးဇူးတင်ပါသည်။
မျှားပြထားသော မျဉ်းကြောင်းမှာ ကားပါ့ကင်သည် အမြင့်မှာ ရှိကြောင်း hint ပေးထားခြင်းဖြစ်ပါသည်။

WINNERS are ....
ကန်အားကောင်းတော့  ဟိုးကားနောက် က လမ်းထဲလိမ့်သွားပြီနဲ့ တူတယ်
Reply Delete

ကုန်းလျှောကနေ အောက်ကို တောက်လျှောက် လိမ့်သွားတယ်နဲ့ တူပါတယ်..
ကဘာမြေကြီးရဲ့ ဆွဲငင်အားဆိုလား..ဘာလား..
=P
-m
Reply  Delete


လျှောဆင်းသွားတယ် ထင်တယ်

ကြည်စန္ဒာ
ReplyDelete

ကျန်တဲ့သူတွေ ဖြေတာတချို့လည်း ရယ်နေရတယ်။ ဦးခြိမ့်ပုဆိုးထဲဝင်သွားတယ်ဆိုတာ။း)) ကားထဲ ပြန်ဝင်သွားတယ်ဆိုတာတော့ မဖြစ်နိုင်ဘူးခင်ည။ ဂျူဂျူလေးက အဲဒီတံခါးပေါက်က ထွက်တာဆိုတော့ ဘောလုံးက အကြီးကြီးကို မဆင်းခင် မြင်မှာ သေချာတယ်။ သူက အဲဒါကို ကျော်ပြီးမှထွက်ရမှာကိုး။




Sunday, October 28, 2012

ဂျူဂျူနှင့် ပင့်ခ်ကာလာ ဘောလုံးပျောက်မှု အမှုတွဲ (၁)

 

" ဘောလုံးပျောက်ရင်တော့ မေမေပဲနော် ... It is not my fault ... " ဟု စူပုပ်ပုပ်ဖြင့် ပြောနေသော ဂျူဂျူလေးမှာ ပြောရင်း မျက်ရည်များ ၀ဲလျက်ရှိသည်။

ဂျူဂျူတို့အမေလဲ ကားအောက် ကုန်းကြည့်၊ ခပ်မှောင်မှောင် နှင်းဆီပင်တွေကြား ကုန်းရှာရင်း ....

" အေး .. မေမေလဲ ဒီလိုပဲ ပစ်ချလိုက်တာ ... သမီးရှေ့တင်ပဲ။ သမီးအဖေလဲ  သော့ဖွင့်နေတာ၊ သူ့ရှေ့တင် ဒီလောက်ကြီးတဲ့ ဘောလုံးတစ်လုံးလုံး ဘယ်ပျောက်သွားမှန်း မသိတာတော့ ထူးဆန်းလိုက်တာသမီးရယ် ... အမေလဲ ဘာပြောရမလဲတောင်မသိတော့ဘူး .... "

ထိုဘောလုံးကိစ္စ လူကြီးတွေအဖို့ရာတော့ ဘာမှမဟုတ်ပေမဲ့ ကာရကံရှင်ဂျူဂျူလေးကတော့ ငိုမဲ့မဲ့ဖြစ်နေပါပြီ။ သူ့သိပ်မြတ်နိုးသည့် ဘောလုံးကလေး။ ခလေးတွေက ဒီလိုပဲ စွဲမိစွဲရာ စွဲတတ်သည်။ ဒီဘောလုံးမျိုး နောက်ထပ် ၁၀လုံး ၀ယ်ပေးမည် ဆိုလဲ သူကျေနပ်မည်မဟုတ်မှန်း သူ့အမေက သိပြီးသားမှို့ ဘာမှထပ်မပြောလိုတော့။ ထို့ပြင် ယခုကိစ္စတွင် ဂျူဂျူလေး ကျေနပ်အောင် မည်သို့ပြောရမည်လဲ ဆိုသည်ထက် ဘောလုံးပျောက်ပုံ ဆန်းကျယ်လွန်း၍ အမေလုပ်သူမှာ အံ့သြတကြီးသာ ဖြစ်နေလေတော့သည်။

 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 
ဂျူဂျူသည် မိန်းခလေးတန်မဲ့ ဘောလုံး အလွန်ကြိုက်သည်။  သူ့မှာ နဂို Nike တံဆိပ် ဘောလုံးအနီလေးရှိရာ ထိုဘောလုံးလေးနှင့် ကစားသည်မှာပဲ ကြာလှရှိပြီ။ ယခု နောက်ထပ် ဘောလုံး တစ်လုံး လိုချင်ပြန်သတဲ့။ အဲဒီဘောလုံးအနီလေးက ကြာတော့  bounce မဖြစ်တော့ဘူးတဲ့။ သူလိုချင်သည်က ကျောင်းမှာ သူ့သူငယ်ချင်း ကုလားမလေးဆော့သည့် Netball ဆိုလား၊  ဘာလား။  Netball  ကို မည်သို့ဆော့မည်လဲ မေးရာ  ရေရေရာရာ မဖြေနိုင်။  သို့ပေမဲ့ ဂျူဂျူလေးသည် လူနာအမဲခြောက်တောင်းသလို ဘောလုံးတစ်လုံးရပါမည့်အကြောင်း ပူဆာမြဲ ပူဆာလေသည်။ နေ့စဉ်ရက်ဆက် ပူဆာသည်။ ညအိပ်ချိန်တိုင်း ကပ်ချွဲကာ ပူဆာသည်။ ရှော့ပင်ရောက်တိုင်း သူ့ကို  ဘယ်တော့ Netball ၀ယ်ပေးမည်လဲ တရဆက် မေးလေရာ ကြာတော့ သူ့အမေကြီးလဲ နားပူမခံနိုင်တော့ပြီ။ တစ်ရက် အားကစားပစ္စည်းများရောင်းသောဆိုင်ရောက်ရာ သူ့စိတ်ကြိုက် Netball တစ်လုံး အမြန်ဝယ်ပေးလိုက်ရသော ဟူ၏။

ဘောလုံး အသစ်လေးသည် သူ့အခေါ် ပင့်ခ်ကာလာ အရင့်နှင့်အနုစပ်ထားသော စပ်ကျား၊ လှလှလေးဖြစ်သည်။ အိမ်က အနီရောင်အဟောင်းလေးထက် အရွယ်အစားကြီး၍ ဂျူဂျူလက်နှင့် တစ်ပိုက်စာရှိသည်။ လေမှာလည်း တင်းတင်းရင်းရင်းရှိရာ ဘောလုံးမှာ ပစ်ချလိုက်တိုင်း အမြင့်တစ်နေရာသို့ ခုန်ခုန်သွားရာ ဂျူဂျူလေးမှာ အလွန်သဘောကျလျက်ရှိသည်။ ၀ယ်လာသည့်နေ့က ဘောလုံးလေးကို တပွေ့ပွေ့တပိုက်ပိုက်နှင့် ကိုင်လိုက်၊ ပစ်ချလိုက်၊ ဖမ်းလိုက် လုပ်နေရာ သူ့အမေကြီးမှာ နောက်မှ ဖလက်တီဗီကြီးကို ထိမည်စိုး၍ ဟန့် ဟန့်နေရသည်။
 
ဂျူဂျူလေးသည် သူ့ဘောလုံး ပင့်ခ်ကာလာလေးကို အရိပ်တကြည့်ကြည့်နှင့်နေရာ နောက်နေ့ နံနက်အိပ်ရာထတွင် အလန့်တကြား ထ အော်လေသည်။ သူ့ဘောလုံးလေး ပိန်သွားသည်၊ သေးသွားသည်တဲ့။  သူ့အမေကြီး ဟင်းချက်နေရာကနေ ထ စမ်းကြည့်တော့လဲ ဘောလုံးက နဂိုအတိုင်း တင်းတင်းရင်းရင်းရှိရာ သမီးရယ် မဟုတ်ပါဘူး နဂိုအတိုင်းပါပဲဟု ဖျောင်းဖျရသည်။ ဂျူဂျူမှာကား လက်မခံ၊ သူ့ဘောလုံးသေးသွားသည်သာ တွင်တွင်ပြောနေတော့သည်။ သူ့အဖေကြီး ရုံးကပြန်ရောက်တော့လဲ ဤအကြောင်းပြောပြန်ရာ သူ့အဖေက မသေးပါဘူးသမီးရယ် နဂိုအတိုင်းပါပဲဟု ဖျောင်းဖျနေသံ ကြားရသည်။  ဂျူဂျူလေးမှာ သူ့ဘောလုံးလေးကို အလွန်မြတ်နိုးရကား ထုံးစံအတိုင်း ဥစ္စာခြောက်ခြင်း ဖြစ်မည်ဟု ကောက်ချက်ချမိပါသည်။

 ဂျူဂျူလေးသည် ခလေးပီပီ ပစ္စည်းအသစ်၊ ကစားစရာအသစ် ရတိုင်း  သူ့သူငယ်ချင်းများနှင့်အတူ ကိုင်ကာ ကစားကာဖြင့်  ကြွားချင်သည်လား မဆိုနိုင်။  ပုံမှန်အားဖြင့်တော့ သေးသေးမွှားမွှားပစ္စည်းဆို ကျောင်းသို့ယူသွားကာ ကစားလေ့ရှိသည်။ ထိုဘောလုံးမှာကား သူ့ကျောပိုးအိပ်ဖြင့်ပင် မဆန့်ရာ ကျောင်းသို့သယ်ရန် အခွင့်အရေးမရရှာ။ သို့ပေမဲ့ ယနေ့ ဘုန်းကြီးကျောင်းသွားမည်ဆိုတော့ သူဘောလုံးတွေ ကျောင်းသို့ သယ်လို့ရမည်လား ခွင့်တောင်းရာ သူ့အမေကြီးမှာ ခလေးကို နေရာတကာ မချုပ်ချယ်လို၍ ခွင့်ပြုလိုက်၏။  ဤသို့ဖြင့် အနှီဘောလုံး၂လုံးသည် ညနေဘုန်းကြီးကျောင်းသွားရာတွင် သူ့တို့သခင်မ ဂျူဂျူ့ ဘေးမှ အတူလိုက်ပါခွင့်ရကြလေသည်။

ဘုန်းကြီးကျောင်းမှာ စာသင်ကြ၊ ဆော့ကြသည်။ (ဂျူဂျူ့မှာကား သူ့ဘောလုံး၂လုံးနှင့် ခလေး၂ယောက်အမေလို ဘောလုံးတွေ ပျောက်မည်စိုး၍ ထိမ်းကျောင်းနေရသည်။ အပြန်ဘောလုံးတွေ မမေ့အောင်လဲ ယူရသေးသည်။ ) ပြီးတော့ အလှူတစ်ခု အတူသွားကြ၊ ပြီးတော့ သူငယ်ချင်းအိမ်ဝင် ကာရာအိုကေဆိုကြ  ပြန်လာတော့ ည ၁၀နာရီကျော်ပြီ။ ထုံးစံအတိုင်း အပြန်ကျ ဂျူဂျူတို့အမေ ကားမောင်းလာရသည်။ ကားနောက်ခန်းမှ ဂျူဂျူလေးကတော့ သူ့အဖေနှင့် အမေပြောသည့်စကားများကို မကြားတစ်ချက်၊ ကြားတစ်ချက်၊   အိပ်ငိုက်ရင်း လိုက် ပါလာသည်။

သို့ဖြင့် နာရီဝက်ခန့်မောင်းပြီး အိမ်ရှေ့စင်ဝင်အောက် ကားဆိုက်လာရာ သူ့အဖေမှ အိမ်တံခါး သော့ဖွင့်ရန် အရင်ဆင်းချသွားသည်။ သူ့အဖေတံခါးဖွင့်ရာ အိမ်ရှေ့က မှောင်နေ၍  မမြင်မကန်းနှင့် တော်တော်နှင့်ဖွင့်မရ ဖြစ်နေသည်။ ထိုအချိန်တွင် ဂျူဂျူလေး ကားထဲကထွက်ဖို့ပြင်တော့ သူ့မှာ လွယ်အိပ်၊ စာအုပ်၊ ဘောလုံး၂လုံး၊ အနွေးထည်တို့နှင့် ရှုပ်ရှက်ခတ်လျှက်ရှိကာ ပါးစပ်မှလည်း မေမေ ကူသယ်ပေးဦးနော်ဆို ပြောနေသည်။ ကားပေါ်ထိုင်နေဆဲ သူ့အမေကြီးမှာ  စိတ်မြန်လက်မြန်ရှိရကား ဒါများသမီးရယ်ဆိုကာ သူ့လက်ထဲမှ ဘောလုံး၂လုံးယူကာ တစ်ဖက် ပွင့်နေသောတံခါးမှ အောက်သို့ ပစ်ချပေးလိုက်သည်။ ဂျူဂျူတို့အဖေမှာလည်း အိမ်တံခါးဖွင့်မရရာ ကားမီးဖွင့်ပေးပါဦးဆို၍ ကားအင်ဂျင်ကို စက်ပြန်နှိုးကာ မီးဖွင့်ပေးမှ တံခါးက ဖွင့်၍ ရလေသည်။

ဂျူဂျူလေး ကားပေါ်မှအဆင်းတွင် ဇာတ်လမ်းကားစလေပြီ။ မေမေ ဂျူဂျူ့ဘောလုံး ပင့်ခ်ကာလာ မတွေ့တော့ဘူး။ မေမေ ရှာပေးပါဦး ... ဆိုတော့ စိတ်ထဲ ဒီရှပ်ပြာမလေးတော့ ဒီလောက်ရှင်းနေတာကြီး ရှာမတွေ့ရကောင်းလားဆို စိတ်က ဖြစ်သွားသေးသည်။ တကယ်ပျောက်လိမ့်မည်ဟု လုံးဝထင်မထား။  ကိုယ်တိုင်ဆင်းကြည့်တော့လဲ မတွေ့။ အတော်တော့ ထူးဆန်းသည်။ ဘေးပတ်ဝန်းကျင် ဟိုဖက်အိမ် ကားဂိုထောင်ဖက်များရောက်မည်လား ဆင်းကြည့် ဟိုဟိုဒီဒီ လိုက်ကြည့်၊ သစ်ပင်တွေကြားထဲ ဖြဲကြည့်တော့လဲ မတွေ့။

" ဘောလုံးပျောက်ရင်တော့ မေမေပဲနော် ... It is not my fault ... " ဟု စူပုပ်ပုပ်ဖြင့် ပြောနေသော ဂျူဂျူလေးမှာ ပြောရင်း မျက်ရည်များ ၀ဲလျက်ရှိသည်။

ဂျူဂျူတို့အမေလဲ ကားအောက် ကုန်းကြည့်၊ ခပ်မှောင်မှောင် နှင်းဆီပင်တွေကြားကုန်းရှာရင်း ....

" အေး မေမေလဲ ဒီလိုပဲ ပစ်ချလိုက်တာ၊ သမီးရှေ့တင်ပဲ။ သမီးအဖေလဲ  သော့ဖွင့်နေတာ သူ့ရှေ့တင် ဒီလောက်ကြီးတဲ့ ဘောလုံးတစ်လုံးလုံး ဘယ်ပျောက်သွားမှန်း မသိတာတော့ ထူးဆန်းလိုက်တာသမီးရယ် ... အမေလဲ ဘာပြောရမလဲတောင်မသိတော့ဘူး .... "

အိမ်ထဲဝင် မီးဖွင့်ပြီးပြန်ထွက်လာသည့် ဂျူဂျူတို့အဖေလည်း သားအမိ၂ယောက် ဘောလုံးပျောက်ရှာနေပုံကြည့်ကာ သူ့၏နာမည်ကျော်မျက်ခုံး အရှုံ့လိုက်ကြီးကို တွန့်ခါ တွန့်ခါဖြင့် မေးနေသည်။  ဘောလုံးကို ကားထဲကနေ ဒီလိုလက်လွတ်စပယ် ပစ်ချရကောင်းလားဟု အမေလုပ်သူကို အပစ်တင်နေသည်။ အမေကြီးကတော့ အော် ဒီလိုပျောက်မယ်မှန်းသိ ကျုပ်လဲ ဘယ်ပစ်ချမလဲတော် ... တော်ရော ဒီလိုပစ်ချရုံလေးနဲ့ ပျောက်မယ်များ တွေးဖူးလို့လားဟု နှုတ်သီးထော်ကာ  ပြန်ရန်ထောင်နေသေးသည်။

ဘာပဲပြောပြော ဘောလုံးကား ထူးဆန်းစွာ ပျောက်ချင်းမလှ ပျောက်လေပြီ။ ငယ်ငယ်က အတွေးဆိုလျှင်ဖြင့် ညမှောင်မှောင် နတ်ဖွက်သည်လား၊ ပယောဂလား၊ ဘာလား ထင်ချင်စရာ။   ဘောလုံးပစ်ချချိန်နှင့် ဂျူဂျူကားပေါ်ကဆင်းချိန် စက္ကန့်ပိုင်းသာကြာသည်။ ထိုဘောလုံး ဘယ်ပျောက်သွားသနည်း။    ။

ထိုဘောလုံးပျောက်ပုံကို စုံထောက်ဝထ္ထုလို အမှုကို ပြန်လေ့လာမည်ဆိုပါက

မှုခင်းဖြစ်ပွားပုံ
ည ၁၀နာရီခွဲခန့် မှောင်နေသည့် အိမ်ရှေ့စင်ဝင်ဝတွင် ကားရပ်ထားသည်။ ကားပေါ်မှ ကားမောင်းသူဒရိုင်ဘာနေရာတွင် အမေလုပ်သူထိုင်နေသည်။ တရားခံ အမေမှ  တခြားတစ်ဖက် ပွင့်နေသော တံခါးမှ ဘောလုံးတွေကို ပစ်ချသည်။ ကားပေါ်မှ တရားလို သက်သေ သမီးဖြစ်သူက ဆင်းသည်။ သူဆင်းပြီးပြီးချင်း ဘောလုံးအနီလေးသာ တွေ့သည်။ ဘောလုံး ပန်းရောင် ရှာမတွေ့တော့။
ထိုအချိန် အရေးကြီး အထူးရှယ်သက်သေ အဖေလုပ်သူက ကားဘေးနား တစ်မီတာခန့် အကွာတွင်ရှိ အိမ်တံခါးကို မမြင်မကန်း ကြိုးစားပမ်းစားဖွင့်လျက်ရှိသည်။ ထိုသူသုံးဦးကြား စက္ကန့်ပိုင်းအတွင်း အနှီဘောလုံးပန်းရောင်မှာ ပျောက်ချင်းမလှပျောက်သွားခြင်းဖြစ်သည်။

ဘောလုံးပျောက်ရာ မြင်ကွင်း ...






ပိတ်သတ်ကြီးရော ဂျူဂျူ့ဘောလုံး စက္ကန့်ပိုင်းအတွင်း မည်သို့ မည်ပုံ ပျောက်သွားသည် ထင်ပါသနည်း။ အဖြေကတော့ သိပ်မခက်လှချေ။

ပဟေဠိ အဖြေညှိရန် ရှေ့ပို့စ်တွင် ဆက်ပါမည် .... မျှော် ...း)))