Wednesday, December 30, 2009

လမ်းညွှန်ဆိုင်းဘုတ်

ဂျူဂျူတို့အဖေ oversea ထွက်သွားကတည်းက မဆွိတီတို့ ဘယ်သွားသွား ကိုယ့်အားကိုယ်ကိုး လမ်းတွေ နေရာတွေ မှတ်စရာရှိတာတွေ မှတ်ပြီးသွားရတာ။ ဒီထဲ သမီးဂျူဂျူနဲ့ သူ့ကြီးတော်ပါ အဆစ်ပါသေး။ အရင်ကတော့ သွားစရာရှိ အိမ်ထောင်ဦးစီးကြီးနောက် တကောက်ကောက်လိုက်နေတဲ့ မိသားစုဝင်တွေဟာ ခုတော့ လမ်းညွှန်ဆိုင်းဘုတ်တွေလဲ ဖတ်တတ်ပြီ။ မြေပုံအညွှန်းတွေလဲ ကောင်းကောင်းကြည့်တတ်နေပါပြီ။

ရှော့ပင်းစင်တာတွေ ရောက်ရင်လဲ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ Arrow တွေကြည့်ပြီး ဒါကတော့ MRT သွားတဲ့ လမ်း၊ ဒါကတော့ Toliet၊ ဒီလမ်းကတော့်Food court အစရှိသဖြင့် ကြည့်ပြီး သွားတတ်၊ မှတ်တတ်နေကြပါပြီ။ ဒီထဲ အားအကိုးရဆုံးကတော့ သမီးလေး ဂျူဂျူပေါ့။ သူက သွက်လဲသွက်၊ E လိုကလဲ ကောင်းကောင်းတတ်နေပြီဆိုတော့ သူ့ကြီးတော်ထက်တောင် တစ်ခါတစ်လေ အားကိုးရသေး။ သူ့ကြီးတော်နဲ့ အမေ ၂ယောက်လုံးကလဲ လမ်းတွေ ၊ direction နဲ ပတ်သတ်ရင် ခပ်ပိန်းပိန်းတွေကိုး။

မနေ့က ကိုယ့်အခန်းက အိမ်သာနံဘေး နံရံမယ် စာရွက်လေးတစ်ခု ကပ်ထားတာ တွေ့လိုက်မိတယ်။ ဘာများပါလိမ့်ဆို ဖတ်လိုက်တော့ မဂျူဂျူရဲ့ လက်ရာ လမ်းညွှန်ဆိုင်းဘုတ်ကြီးပါတကား။ ခပ်တည်တည်နဲ့ရေးပြီး အိမ်သာနားကပ်ထားတာ။ ဖတ်ပြီး ကြီးတော်ရော၊ အမေရော ရယ်လိုက်ရတာ။

Monday, December 28, 2009

စင်္ကာပူမှ ခလေးများအတွက် ကူမွန် သင်တန်းကျောင်း


စင်္ကာပူမှလို့ခေါင်းစဉ်တပ်ထားပေမဲ့ ကူမွန်(Kumon) သင်တန်းက တကယ်တော့ world wide educational franchise company တစ်ခုပါ။ ဂျပန်၊ အော်ဇီ၊ အင်္ဂလန်၊ US အစရှိသဖြင့် နိုင်ငံပေါင်း ၄၄နိုင်ငံမှာ ရှိနေပါပြီ။ သူငယ်တန်းကစပြီး ကောလိပ်ရောက်တဲ့ အထိ တက်လို့ရပါတယ်။ အဓိကက သင်္ချာနဲ့ အင်္ဂလိပ်စာ reading သင်တန်းတွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ဂျပန်ကစခဲ့တဲ့ သင်နည်းစနစ်တစ်ခုဖြစ်ပါတယ်။ ကျောင်းဆရာ ဖခင်တစ်ယောက်က သူ့သားလေး ကျောင်းမှာ သင်္ချာမလိုက်နိုင်လို့ အိမ်မှာ လေ့ကျင့်ပေးတဲ့ နည်းတစ်ခု တီထွင်ခဲ့ရာက အစပြုခဲ့ပါတယ်။

သမီးကို အင်္ဂလိပ်နဲ့ တရုတ်ကို အိမ်မှာကျူရှင်ရှိပြီးသားပါ။ သင်္ချာကိုတော့ ကိုယ်တိုင်သင်ပေးပါတယ်။ ဒီကြားထဲ ဟိုဟိုဒီဒီ ကူမွန် ... ကူမွန်ဆိုတာ ကြားလာတော့ သမီးအတွက် ဘာတွေ သင်ပေးနိုင်မလဲဆိုတာ သွားလေ့လာခဲ့တယ်။ ပထမတော့ အင်္ဂလိပ်စာထားဖို့ သွားတာပါ။ နောက်မှ ကူမွန်က သင်္ချာအဓိကဦးစားပေးကျောင်းဆိုတာ သိရပါတယ်။ ၂ဘာသာမှာမှ သင်္ချာကိုပဲ အရင် ယူကြည့်ဖို့ အဲဒီက ကျောင်းအုပ်ဆရာမက တိုက်တွန်းပါတယ်။

ပထမတော့ ကူမွန်ဆိုတာ ကိုယ်တွေ ၉တန်း ၁၀တန်းက တက်ခဲ့တဲ့ ကျူရှင်တွေလို ထင်လိုက်တာ။ တကယ်တော့ စာသင်တဲ့ ကျူရှင်တော့လဲ မဟုတ်ပေဘူး။ Study Guide လိုမျိုးဆို ပိုမှန်မယ်ထင်ပါတယ်။ သူ့ရဲ့ သင်ပုံသင်နည်းက ဆန်းကျယ်လွန်းလို့ ဒီမှာ အကျယ်တ၀င့် လာပြောရတာပါ။

သမီးကိုသွားအပ်တော့ ပထမဆုံး သူ့ရဲ့ သင်္ချာအဆင့်ကို စစ်ပေးပါတယ်။ ပြီးတော့ သူနဲ့ကိုက်ညီမဲ့ သင်ရိုးကနေ စပြီး သင်ကြားရမယ်လို့ ပြောပါတယ်။ ကူမွန်ရဲ့ ကိုယ်ပိုင် syallabus အတိုင်း ခလေးရဲ့ စာလိုက်နိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု တက်သွားမှာပါ။ ကိုယ်ပိုင် သင်ရိုးပေမဲ့ International သင်ရိုးနဲ့ အညီဆွဲထားတာပါ။ ဒါကြောင့် ကူမွန်မှာတက်နေတဲ့ ခလေးတစ်ယောက်ဟာ သူ့ဥာဏ်ရည်နဲ့ ကျိုးစားအားထုတ်မှုပေါ်မူတည်ပြီး သူငယ်တန်းပေမဲ့လည်း Primary 2 သင်ခန်းစာတွေ တတ်ပြီးသူလဲ ဖြစ်နေနိုင်ပါတယ်။ Primary 3 ကျောင်းသူတစ်ယောက်ဟာ ကောလိပ်က သင်္ချာသင်ခန်းစာတွေ ကောင်းကောင်းလုပ်နေတဲ့ ဗီဒီယိုကို ကြည့်ခဲ့ရပါတယ်။ အဲဒီဗီဒီယိုကိုကြည့်ပြီး သမီးကို သင်္ချာ သင်တန်းအပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကြော်ငြာကောင်းတယ်ပဲ ပြောရမလား။

တစ်ပတ်မှာ တစ်နာရီသင်တန်း ၂ချိန် ကူမွန်သင်တန်းကျောင်းကို သွားရပါတယ်။ သင်တန်းက Individual basic ဆိုတော့ သမီးတက်မဲ့ အတန်းမှာ သူငယ်တန်းလဲပါနိုင်တယ်။ Primary 4 လဲ ပါနိုင်တယ်။ အားလုံးရောပြီး တက်ရပါတယ်။ ကောလိပ်ကျောင်းသားတောင်ပါနိုင်ပါတယ်။ White board ကြီးမှာ စာတွေရေးပြီး ရှင်းပြသင်ပြနေမှာ မဟုတ်ပါဘူး။ တစ်ယောက်ချင်းစီအတွက် သီးသန့် work sheet တွေ ထုတ်ပေးပြီး အဲဒီ work sheet တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်းပြီးအောင် လုပ်ရမှာပါ။ မေးခွန်းတွေက multiple choice လို သဘောမျိုးတွေ၊ ကွက်လပ်ဖြည့်သလိုတွေဖြစ်ပြီး work sheet တစ်ခုကို မိနစ်၂၀လောက် ဖြေရတယ်လို့ပြောပါတယ်။ ကျောင်းက stop watch လေးပေးထားပြီး work sheet ကို အချိန်မီ မပြီးရင်၊ ဒါမှမဟုတ် အမှားတွေ များနေရင် အဲဒီ work sheet ကိုပဲ အစအဆုံး repeat ပြန်လုပ်ရပါတယ်။ မသိရင်မေးဖို့လဲ ဆရာမတွေ အနားမှာရှိပါတယ်။

စာမသင်ပဲ စာရှင်းမပြပဲ ခလေးနားလည်နိုင်ပါ့မလားဆိုတာတော့ ကိုယ်လဲ ပထမတော့ သံတယဖြစ်မိပါတယ်။ work sheet ပေးတဲ့ အခါ ပထမဆုံး နမူနာ ပုစ္စာကို ဥပမာလေးနဲ့ ရှင်းပြထားတယ်လို့ပြောပါတယ်။ ပြီးတော့ ပုစ္စာတွေက တစ်ပုဒ်ချင်းစီတက်သွားတိုင်း နဲနဲခက်လာပါတယ်။ ဒီနည်းနဲ့ သင်ခန်းစာတွေကို ခလေးတစ်ဦးချင်းစီမှာ မြန်မြန်တွက်တတ်လာအောင်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု self confident ရှိလာအောင်လေ့ကျင့်ပေးသလို ဖြစ်လာပါတယ်။

ကျောင်းမတက်ရတဲ့ ရက်တွေအတွက်လဲ နေ့စဉ်လုပ်ဖို့ home work (work sheet ) တွေ ပေးလိုက်ပါတယ်။ အိမ်မှာ မိဘ အုပ်ထိမ်းသူ guide လုပ်ပြီး မိနစ်၂၀ လောက် အချိန်ပေး ဘေးမှာထိုင် တစ်ချို့နားမလည်တာလေးတွေရှိရင် ရှင်းပြပေးရပါတယ်။ ကျောင်းသွားအပ်တဲ့နေ့ကထဲက အိမ်မှာ သုံးဖို့အတွက် stop watch ကို ပေးလိုက်ပါတယ်။ Stop watch ကြီးဘေးမှာချပြီး လုပ်ရတော့ ခလေးအတွက် stress များမှာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီနည်းနဲ့ တိုးတက်လာတဲ့ ခလေးတွေ အများကြီးပဲဆိုတာ ခလေးမိဘတွေက recommend လုပ်ထားတော့ ဒီနည်းကို လျော့တွက်လို့မရပါဘူး။ သမီးအတွက်တော့ တိုးတက်မှုကို စောင့်ကြည့်ရဦးမှာပါ။

တစ်ချို့ကလည်း work sheet တွေပဲ ထိုင်လုပ်နေရတော့ very boring ပျင်းစရာကောင်းတယ်ဆို မကြိုက်ကြပါဘူး။ work sheet တစ်ခု မှားတိုင်း အပြန်ပြန် အလှန်လှန် repeat လုပ်ရတယ်ဆို ပိုဆိုးပါတယ်။ သူက repeat လုပ်ရင်းနဲ့ memorize လုပ်သလို သဘောဖြစ်သွားတော့ တစ်ချို့က thinking ပိုင်းမှာ အားနည်းသွားတယ်လို့ဆိုပါတယ်။ ကူုမွန်မှာ သူ့သား၂ယောက်လုံးကို ထားခဲ့တဲ့ ကိုယ့်အထက်အရာရှိကတော့ အားပေးပါတယ်။ ဒါပေမဲ့ သူ့သားတွေ ကျောင်းမှာ သင်္ချာချိန်ကျ ဆရာတွေက complaint တက်ခံရပါတယ်။ စာတွေက သိပြီးသားတွေ သူတို့ သိထားတာထက် ၂တန်းလောက်အောက်ရောက်နေတော့ ခလေးက စာသင်တဲ့ အချန်မှာ စိတ်မ၀င်စားပဲ ဆော့နေပါတယ်တဲ့။ နောက်တစ်ခုက ကူမွန်က သင်ခန်းစာတွေ လွယ်ကူတုံး အတန်းငယ်တွေ အတွက် ကောင်းပေမဲ့ အတန်းကြီးလာတဲ့အခါ၊ သင်ခန်းစာတွေ ခက်လာတဲ့အခါတော့ သိပ်မကိုက်တော့ဘူးလို့ ပြောပါတယ်။ ဒါတွေကတော့ ကူမွန်ရဲ့ အားနည်းချက်တွေပါ။
ကျောင်းလခက တစ်လကို ၈နာရီစာ စင်္ကာပူဒေါ်လာ ၁၂၀၊ နဲ့ ကျောင်းဝင်ကြေး ၃၀ပေးရပါတယ်။

အကျယ်သိချင်လျင် အောက်က web page လေးမှာ သွားလေ့လာနိုင်ပါတယ်။
http://www.kumon.com/default.asp?language=USA

Saturday, December 26, 2009

ဂျူဂျူတို့ ရက်တွက်ပုံ ...

တစ်နေ့သောညက မအေလုပ်သူ ရုံးကပြန်တော့ အမေနား သမီးက ကပ်နေတယ်။ ပြီးမှ ဘာသတိရတယ်မသိ .. ရုတ်တရက်ကြီး ...

မေမေ ... မေမေ ... ဒီနေ့က ၉ရက်နေ့ မဟုတ်လား ...

အေးဟုတ်တယ်လေ .... ဘာဖြစ်လို့လဲ သမီးရဲ့ ... ။

အဲဒါဆို မနက်ဖြန် အင်္ဂါ ... ၁၀ရက်နေ့ ... မနက်ဖြန်ရဲ့ မနက်ဖြန် က သဘက်ခါ ... ၁၁ ရက်နေ့ ...

သဘက်ခါရဲ့ မနက်ဖြန်က ... ၁၂ရက်နေ့ ...

ဒါဆို... မေမေ ဂျူဂျူတို့ ကျောင်းက concert က သဘက်ခါရဲ့ မနက်ဖြန်ရဲ့ မနက်ဖြန်နော် တဲ့...
သူပြောမှ ကိုယ်တောင် နဲနဲခေါင်းမူးသွားတယ်။

ကိုယ်တောင်ယောင်ပြီး ဟဲ့ အဲဒါ သဘက်ခါရဲ့ သဘက်ခါပေါ့ဆို ပြောမိသေးတယ် ...


တော်တော်လဲ ရွှေဥာဏ်တော်စူးရောက်တဲ့ မဂျူဂျူ။

လာမဲ့ သောကြာနေ့ ကျောင်းဆင်းပွဲ concert ရက်ကို တွက်ပုံလေးပါ။
ရက်တွက်နည်းသိသွားသူများ ... မဂျူဂျူကို ကျေးဇူးတင်ကြောင်း မန့်ခဲ့ကြပါရှင်။

အော် ဒီနေ့ ခရစ်စမတ်နေ့နော် ... ဖိန်းနွှဲခါရဲ့ ဖိန်းနွှဲခါရဲ့ မနက်ဖြန်ဆို နှစ်သစ်ရောက်ပြီလေ ...

Friday, December 25, 2009

ယောက်ျား ရှိခိုး သွားမကျိုး ...

မဆွိတီတို့ သူငယ်ချင်းထဲက တစ်ယောက်ပေါ့လေ။ သူက တစ်ချို့ကိစ္စတွေမှာ နဲနဲ ကွန်ဆာဗေးတစ်ဆန်တယ်။ ရှေးရိုးစွဲတယ်ပြောရမှာပေါ့။ သူတို့မိသားစု မျိုးရိုးဓလေ့စရိုက်ကိုကပဲ အဲလို ရှေးရိုးစွဲတာဖြစ်ဟန်တူပါရဲ့ ။

ဟိုတစ်နေ့ကမှ သိလိုက်ရတာ ... သူကသူ့ယောက်ျားကို ညတိုင်းရှိခိုးပြီးအိပ်သတဲ့လေ။ ဒီခေတ်ကြီးထဲများ ယောက်ျားရှိခိုးအိပ်တယ်ဆိုတော့ အံ့လဲအံ့သြ၊ ရယ်လဲရယ်ချင်သွားတယ်။ ဘာလို့လဲဆိုတော့ သူ့အမျိုးသားကလဲ သူနဲ့ ရွယ်တူ၊ အတန်းတူ သူငယ်ချင်းကနေ ကြိုက်ပြီး အိမ်ထောင်ပြုကြတာကိုး။ ကိုယ်ကလဲ ၂ယောက်စလုံးကို ကျောင်းကထဲက သိနေ၊ ခင်နေတော့ ရယ်ချင်သွားတာ။

အဲဒါ လင်မယား ဘာသာ၊ဘာဝ အမြဲတမ်းတော့ ဘယ်တည့်မလဲနော့။ တစ်ခါတစ်လေ ရန်ဖြစ်တဲ့နေ့တွေ၊ စိတ်ကောက်ကြတဲ့နေ့တွေ လည်းရှိမှာပေါ့။ အဲဒီလို ရာသီဥတု မသာမယာဖြစ်တဲ့နေ့တွေကျရင်ကော ဘယ်လိုလဲ။ အဲလိုနေ့တွေတော့ မရှိခိုးတော့ဘူးပေါ့ဆိုတော့။ ဘာပြောတယ်ထင်တုံး။

အဲလို စိတ်ဆိုးတဲ့အခါဆိုရင်တော့ ထိုင်ကန်တော့မနေတော့ပဲ ကုတင်ပေါ်ကတင်ပဲ ယောက်ျားဘက်လှည့်ပြီး "တော့ကို ကျုပ်ရှိခိုးတယ်တော် " ဆိုပြောသတဲ့။ စိတ်ဆိုးပါတယ်ဆိုမှတော့ လေသံက ဘယ်သို့ ဘယ်ပုံဖြစ်မလဲဆိုတာတော့ ပိတ်သတ်ကြီး ကိုယ့်ဟာကိုယ်သာ စဉ်းစားကြပါကုန်။
ယောက်ျားလုပ်တဲ့သူက တစ်ဖက်ကနေ ခေါင်းငြိမ့်ပြီး ... အင်း ... အင်း ... အင်း .. ဆိုပြောမှပဲ ... သူလဲ ဟိုဘက်ကို ဆောင့်အောင့်ပြီး ယောက်ျားနဲ့ဝေးရာဘက် လှည့်အိပ်ပါလေရောတဲ့။


သူပြောတဲ့ပုံကွင်းကွင်းကွက်ကွက်မြင်ပြီး ရယ်လိုက်ရတာ။ ဖတ်ဖတ်ကိုမောရော။ စိတ်ကောက်တယ်ဆိုလဲ မရှိခိုးပါနဲ့တော့လား။ ခုတော့ ...

(သူငယ်ချင်းမရှိတုံးလေး သူ့အကြောင်းလေး ဖွထားတာပါ ... စိတ်မဆိုးလောက်ဘူးထင်ပါရဲ့ ..)

Saturday, December 19, 2009

Chicken ဆာတေး

လွန်ခဲ့တဲ့ ၂ပတ်လောက်က ဟော်ကာစင်တာတစ်ခုမှာ ထမင်းသွားစားတော့ ဂျူဂျူ ဆာတေးစားချင်တယ်ဆိုလို့ ၀ယ်ကျွေးလိုက်တာ ၅ကျပ်ဘိုး ၁၀ချောင်း တစ်ထိုင်တည်းနဲ့ ကုန်ပါရောလား။ ဆာတေးက ချိုတော့ သမီးကကြိုက်တယ်နဲ့တူရဲ့။ ဒါနဲ့ အိမ်မှာ လက်တည့်စမ်းပြီး လက်ဖြစ် ဆာတေးလေး လုပ်စားဖြစ်ပါတယ်။

လိုအပ်သောပစည်းများ
ကြက်ရင်ပုံတစ်ခြမ်း - အသားလေးတွေချည်း လက်မအရွယ်လောက်လေးတွေ ရှည်ရှည်လေးတွေ လှီးထားပါ။
အုန်းနို့ အပျစ် -စားပွဲဇွန်း တစ်ဇွန်းခန့်
စပါးလင် - တစ်ချောင်းရဲ့ တစ်ဝက်ခန့် -ပါးပါးလေးတွေ လှီးထားပါ။
ဇီယာမှုန့် - လက်ဖက်စားဇွန်း တစ်ဇွန်းမောက်မောက်
ဂျင်း - ပါးပါး တစ်ခု
ကြက်သွန်ဖြူ - ၂ မွှာခန့်
ကြက်သွန်နီ -ဥခပ်သေးသေး တစ်လုံးခန့်
သံပုရာရည် လက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်
သကြား- စားပွဲဇွန်း တစ်ဇွန်းမောက်မောက်
ပဲငံပြာရည် အကြည်ရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပုံမှာပြထားတာနဲလို့ အရောင်မလှလို့ ထပ်ထည့်ရပါတယ်)
ဆား - သင့်ရုံ

စပါးလင်၊ ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ စပါးလင် တို့ကို ငရုပ်ဆုံတွင် ညက်ညက်ထောင်းပြီး လှီးထားတဲ့ ကြက်သားထဲကို အပေါ်မှ Intgredient တွေအားလုံး ထည့်နယ်ပါ။

ပြီးရင် ရေခဲသေတာထဲ တစ်နာရီခန့်ထည့် ပြီး နှပ်ထားပါ။ ညသိပ်နှပ်ရင် ပိုကောင်းပါသည်။

ဆာတေးတုတ်ကို ရေစိမ်ထားပါ။ မီးကင်နေတုံး မီးလောင်မလွယ်အောင် ရေစိမ်ရတာပါ။

တစ်နာရီခန့်ကြာလျင် ကြက်သားကို ရေခဲသေတာမှထုတ်ပြီး တုတ်တွင်ထိုးပြီးကင်ပါ။ မီးသွေးဖိုကခက်လို့ အိမ်မှာရှိတဲ့ grill သေးသေးလေးနဲ့ပဲ ကင်ပါတယ်။

ကင်နေတုံး ထောပတ် သို့ မာဂျရင်း သုတ်လိမ်းပေးပါ။

၁၀မိနစ်-၁၅မိနစ်ခန့် ကင်လျင် Chicken ဆာတေး မွှေးမွှေးလေး ရပါပြီ။























Saturday, December 5, 2009

ပြား၂၀ မဆွိတီ

ဦးစပ်လူ၊ ဦးစပ်ဖခေါ်တဲ့ တရုပ်ကြီး ညီအစ်ကိုဟာ တရုတ်ပြည်မှာ စီးပွားမကောင်းလို့ မြန်မာပြည်မှာ စီးပွားလာရှာကြတယ်။ အဲ့မှာပဲ အညာက ဗမာမတွေနဲ့ အိမ်ထောင်ရက်သားတွေကျပြီး ဗမာပြည်မှာပဲ အခြေချနေ၊ သားသမီးတွေ ပွားစီးပါတယ်။ သားသမီးတွေထဲမှာ ဒေါ် စက်ဝေ၊ ဒေါ် စက်ရွှေခေါ်တဲ့ ညီအစ်မနှစ်ယောက်ကတော့ အတော် အသက်ရှည်တယ်။ ဒေါ် စက်ရွှေကတော့ အပျိုကြီး။ ဒေါ် စက်ဝေကတော့ ဗမာအစစ်နဲ့ အိမ်ထောင်ကျပြီး သားသမီး၎ယောက် ထွန်းကားပါတယ်။ ဒေါ် စက်ဝေရဲ့ သားသမီးတွေထဲက ဦးသိန်းစိန်လို့ ခေါ်တဲ့ သားတစ်ယောက်က တရုတ်သွေး တမတ်ဘိုးလောက်ပါတဲ့ ဒေါ်ရွှေခင်နဲ့ အိမ်ထောင်ကျပြီး သမီးမသန်းစိန် နဲ့ သားမောင်လှစိန် မွေးပါတယ်။

ဒီတော့ မသန်းစိန်မှာ တရုတ်သွေး အဖေဖက်က ဆယ့်ငါးပြားဘိုးလောက် (တကယ်က ၁၂ပြားခွဲဘိုးပါ) အမေဖက်က တမတ်ဘိုး ပေါင်းတော့ ပြားလေးဆယ်ဘိုး။ ဒါပေသိ ပြားလေးဆယ် မသန်းစိန်ဟာ အသားကအတော်ညိုတဲ့ အပြင် မျက်နှာမှာလဲ ကျောက်ပေါက်မာတွေနဲ့ တရုတ်နဲ့ တစ်ပြားသားမှ မတူပဲနဲ့ အညာသူမကြီးနဲ့သာ တူပါတယ်။ မသန်းစိန်လေး အိမ်ထောင်ကျတော့ ဗမာစစ်သားနဲ့ပါ။ သားသမီး ငါးယောက်ပွားစီးတာမှာ သမီးလေးတစ်ယောက်သာပါပါတယ်။

သားတွေချည်း၃ယောက်မွေးခဲ့ပြီး ၄ယောက်မြောက်မှ သမီးလေးမွေးတာပါ။ သမီးလေးမွေးတော့ ရန်ကုန်မှာ ရောက်နေပါပြီ။ အညာမှာနေတဲ့ မသန်းစိန်ရဲ့အဖွား ဒေါ် စက်ဝေ၊ ဒေါ် စက်ရွှေ ညီအစ်မဟာ မြစ်မလေးမှို့ လာကြည့်ချင်ပေမဲ့ အသက်က ၈၀ကျော်ဆိုတော့ ခရီးမသွားနိုင်တော့ပါဘူး။ မကြာခင်မှာပဲ ဒေါ် စပ်ဝေဆုံးပါတယ်။ စိတ်က ရန်ကုန်လာချင်စိတ်နဲ့ဆိုတော့ ဒေါ် သန်းစိန်က အဲဒါကိုစွဲပြီး အိမ်မက်မက်တယ်။ အဖွားဒေါ် စပ်ဝေဟာ အညာဖျင်တဘတ်လေး ခေါင်းပေါ်တင်လို့ အိမ်ကိုရောက်လာသတဲ့။ မကြာခင်ပဲ အဖွားမမြင်ဘူးလိုက်တဲ့ သမီးလေးအတွက် မောင်လေးတစ်ယောက်ဖြစ်လာမဲ့ ကိုယ်ဝန်ထပ်ရှိလာပြန်ပါတယ်။ အဲဒီသားလေးဟာ သူ့အဖွား ဒေါ် စပ်ဝေ ၀င်စားတယ်လို့ ချည်း ဒေါ် သန်းစိန် စိတ်ထဲ စွဲနေတော့တာပါပဲ။

တရုတ်စပ်အဖွားတွေ မမြင်ဘူးလိုက်တဲ့ သမီးလေးကို ဒေါ် သန်းစိန်တို့က ငယ်ငယ်က ၀၀ကစ်ကစ်လေးမှို့ ဘုတ်အီးမ ခေါ်ပါတယ်။ ကျောင်းထားတော့ ဆွိဆွိတီလို့ နာမည်ပေးပါတယ်။ ဘုတ်အီးမလေးကြီးလာတော့ စလုံးရွှေမြို့တော်ကြီးမှာ အလုပ်လုပ်ပြီး နေထိုင်ပါတယ်။ ဗမာနဲ့ပဲ အိမ်ထောင်ရက်သားကျပါတယ်။ ခုနက တရုတ်သွေးကိုပြန်တွက်ရရင် ဘုတ်အီးမမှာ တရုတ်သွေးက ပြား၂၀ဘိုးလောက်ပါနေပါတယ်။ မျက်နှာကျ အဆစ်အပေါက်က တရုတ်နဲ့တော်တော်ဆင်တယ်လို့ ဘုတ်အီးမက သူ့ကိုယ်သူထင်နေပါတယ်။

ဆွိဆွိတီခေါ် ဘုတ်အီးမငယ်ငယ်က နေပူထဲမှာ နှင်းဆီပန်းတွေခူးရလွန်းလို့ နေလောင်ပြီး အသားအင်မတန် ညိုပါတယ်။ အပျိုအရွယ်လေး ရောက်လာတော့ ပရိုမီနာတွေ အလိမ်းများလို့ မျက်နှာက အတော်ဖြူလာပါတယ်။ ပရိုမီနာ မရောက်တဲ့ လက်တွေ၊ ခြေထောက်တွေကတော့ ညိုမြဲပါ။ စလုံးမြို့ကြီးရောက်လာတော့ ပြား၂၀မဆွိတီဟာ ပရိုမီနာ တန်ခိုးနဲ့ တရုတ်သွေး ပြား၂၀ပေါင်းပြီး မကြာခဏ လူမှားခံရပါတယ်။ မဆွိတီကို စလုံးတွေက တရုတ်လို့ပဲ ထင်ကြတယ်။ အမေတို့ပေးတဲ့ နာမည်ကလဲ တရုတ်ဆန်ဆန် ဆွိတီဆိုတော့ ရုံးမှာဆိုလဲ တရုတ်လို့ပဲ ထင်နေကြတယ်။ မလေးရှားကတရုတ်လား၊ စလုံးတရုတ်လား၊ တရုတ်မျိုးနွယ်တစ်ခုခုကပေါ့။

ရှော့ပင်စင်တာသွားရင်၊ အပြင်သွားရင် တရုတ်လိုချည်းသာ လာလာပြောနေကြတော့တာပဲ။ Sorry ဆို နားမလည်တဲ့ပုံနဲ့ ပြောလိုက်ရင်တော့ Channel 8 ကနေ Channel 5 ကို လိုင်းပြောင်းပြောကြပါတယ်။ ဒီကြားထဲ မဆွိတီဟာ ဆံပင် အညိုရောင်လေးဆိုးပါတယ်။ လှချင်လွန်းလို့မဟုတ်။ အသက်ကြီးလွန်းလို့ မဟုတ်။ မျိုးရိုးအရ ဆံပင်ဖြူတွေ များလာတာ မနိုင်တော့လို့ ကာကွယ်ရအောင်ပါ။ အနက်ကြီးကျတော့လဲ တောကျတယ်ထင်လို့ အညိုရောင်ပြေပြေလေးပါတဲ့ ဆံပင်အရောင်ဆိုးရပါတယ်။ ဒီတော့ သူ့ကိုယ်သူ ဆံပင်အညိုရောင်နဲ့ စလုံးမတွေနဲ့ ခွဲမရအောင်တူနေပြီရယ်လို့တောင် ထင်နေသေးလား မသိနိုင်ဘူး။

ဟိုတနေ့က မဆွိတီ တစ်ယောက် သွားနေကျ ရှော့ပင်စင်တာကို ဈေးပတ်တယ်။ တီရှပ်ကလေးတွေ လှလို့ဆို ၀ယ်မယ်ဆိုပြီး fitting room ထဲမှာ try ပါတယ်။ အပြင်မှာ ဗမာလိုလေးတွေ ပြောသံ ခပ်သဲ့သဲ့ကြားနေရတယ်။ ထွက်လာတော့ ဗမာ အတွဲလေး နှစ်ယောက်။ ကောင်မလေး try မှာကို ကောင်လေးကပါ တန်းစီပြီးစောင့်နေတာ။ သူတို့တွေ ဗမာလို ပြောဆိုနေတာကို အသာအကဲခတ်နေတာပေါ့။ မသိရင် ဗမာပဲ မဟုတ်သလိုလို။ တစ်ခါတစ်လေလဲ မင်သေသေနဲ့ မသိချင်ယောင်ဆောင်ပြီး နေတတ်ပါတယ်။ အမြဲတမ်းကြီးတော့လဲ မဟုတ်ပါဘူး။

သူ try တဲ့ ဆိုဒ်က မတော်လို့ နောက်တစ်ထည်ယူပြီး တန်းစီတော့ စောနက အတွဲလေးနောက်မှာ။ သူတို့ အလှည့်ဝင်ပြီး ပြန်ထွက်လာတော့ ဟိုဘက်ငေးနေတဲ့ မဆွိတီကို လက်တို့ပြီး " အစ်မရေ ပြီးပြီ၊ ၀င်လို့ရပြီ " တဲ့ .... ဗမာလို ပီပီသသကြီး။ " ဟဲ့ ... နင်တို့က အစ်မကို ဗမာမှန်း ဘယ်လိုသိတာလဲ .." မေးတော့ ... " အစ်မကလဲ မြန်မာ ရုပ်ကြီးဟာကို ... အသိသာကြီး ... " တဲ့ ...

အော်မျိုးရိုးဆိုတာ မတိမ်ကောဘူး လို့။ ငါ့မှာ ပြား၈၀ ဗမာ ပါသေးသကိုးဟ ... လို့သာ သူ့ဟာသူတွေးမိပြီး ပြုံးနေတော့တယ်။