Thursday, October 24, 2013

မျက်ရည်ငှက်များ နားစေသတည်း ...

မျက်ရည်လွယ်သော... သူလေးနဲ့ အတူ...။ မျက်ရည်လွယ်သော .. ကျွန်တော်နဲ့ ပေါ့လေ... လောကထောင့်ကျဉ်းတစ်နေရာမှာ ဆုံတယ်... ကြည့်နေရင်း... ကြည့်နေရင်း..........။
xxxxxxxxxxxxxxxxxxxxxx


လပြည့်နေ့ညကြီးမှာ သီချင်းတွေဆိုရင်.. ကြောင်သွားပြီနဲ့ တူပါတယ်လို့ ထင်ချင်ထင်မှာပေါ့နော်။ အဲဒီသီချင်းက ကျွန်တော်တို့လို့ အသက်၄၀-၅၀ တန်းတွေတော့ သိကြပါတယ်။ ကျော်ဟိန်းရဲ့ ပထမဦးဆုံးဖြစ်တဲ့ "မျက်ရည်ငှက်များ နားစေသတည်း" ဆိုတဲ့ စီးရီးခေါင်းစဉ် သီချင်းပါ။ တော်တော်လေးကို နားထောင်ကောင်းတဲ့ စီးရီးခွေပေါ့။

ထားလိုက်ပါ... ကျွန်တော် ကျော်ဟိန်း သီချင်းအကြောင်း မပြောချင်ဘူး။ မျက်ရည်ပေါ့။
ကျွန်တော်တို့ ငယ်ငယ်က ဆိုရင် အခုလို သီတင်းကျွတ်လပြည့်နေ့တွေဆိုရင် နှစ်ကျိပ်ရှစ်ဆူ ဖျော်ဖြေရေးကားတွေ မကြည့်ခင့် ညနေခင်းမှာ အဖေနဲ့ အမေကို မောင်နှမတစ်တွေ လက်ဆယ်ဖြာ ထိပ်ဝယ်မိုးပြီး ကာယကံ ၀စီကံ မနောကံ ဖြင့် ပြစ်မှားသည်များ ခွင့်လွတ်ဖို့ ရှိခိုး ကန်တော့ တောင်းပန်ကြတာပေါ့။ 

 အဲဒီမှာ အမေကတော့ "ငါ့သားများနဲ့ သမီးများ အပြစ်ရှိခဲ့လျင့်လည်း အမေက ခွင့်လွတ်ပြီးသားပါကွယ်.... အခုလို ကန်တော့ရတဲ့ အကျိုးအားကြောင့် အသက်ရှည်ခြင်း အဆင်းလှခြင်း ဥာဏ်ပညာကြီးခြင်းတို့နဲ့ ပြီးပြည့်စုံကြပါစေကွယ်" ဆိုတာနဲ့ အမေရဲ့ ဆုပေးခြင်း အခမ်းအနားကတော့ အဲဒီမှာ ပြီးဆုံးသွားပါတယ်။

 ဒါပေမဲ့ အဖေကတော့ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ တစ်ခုပေါ်မှာ မူတည်ပြီးတော့ ဘုရားဟော သုတ္တန် တစ်ခုခုထဲက ဝတ္ထုတစ်ပုဒ်ကို စတင်ပြီးတော့ ဟောကြားပါတော့မယ်။ အေးလေ... သူက ဘုန်ကြီးလူထွက်ပီပီ တရားဟောပြီးမှ ဆုပေးတတ်တယ်ထင်ပါရဲ့။.. အဲဒီနောက် အဖေက သားတွေ သမီးတွေကို ဆု စတင်ပေးပါတော့တယ်။ အဲဒီလို ဆုပေးခြင်း စတင်တာနဲ့ တပြိုင်နက် အဖေက အသံတွေ ယိုင်ပြီး ချောင်းတွေ တဟွတ်ဟွတ် ဆိုးပါတော့တယ်။ အရင်တုန်းကတော့ အဖေက ကွမ်းစားတဲ့ ထုံးစံရှိတာမိုလို့ ကွမ်းသီးတယ်ထင်လို့ ကျွန်တော်က ရေတစ်ခွက် အပြေးခတ်လို့ အဖေရဲ့ မျက်နှာသုတ်ပုဝါလေး ယူပေးလေ့ရှိပါတယ်။ ကွမ်းဖြတ်ပြီးလို့ ကန်တော့တဲ့ အခါတိုင်းမှာလည်း အဖေမှာတော့ ချောင်းဆိုးတာက ပျောက်မသွားပဲ ဆက်လက်ရှိနေမြဲပါပဲ။ အဲဒီလို ကျတော့မှ ကျွန်တော်သိလိုက်မိတာကတော့ အဖေမျက်ဝန်းမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ အရည်တွေ ရောက်နေပြီ ... အဖေ..။

ငယ်ငယ်တုန်းကတည်းက အဖေတူသားဆိုတဲ့ ကျွန်တော်ကတော့ အဲဒီနေရာမှာ မတူခဲ့ဘူးလို့ ကျွန်တော်မှတ်ယူထားပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃-၄ နှစ်အတွင်းက လောကကြီးကို စက္ကန့်အနည်းငယ်လောက် အဆက်ပြတ်သွားခဲ့ဖူးတဲ့ ကျွန်တော်က ဒီနိုင်ငံမှာရှိတဲ့ နှလုံးအထူးကုတွေနဲ့ စစ်ဆေးကြည့်ပေမဲ့လည်း နှလုံးရောဂါရယ်လို့ ထင်ရှားတဲ့ ရောဂါဗေဒ သေသေချာချာ မရှိပါဘူးတဲ့။ ဒါပေမဲ့ ကျွန်တော် အရင်လို့ အမြင့်တွေကနေ အောက်ကို ငုံကြည့်ဖို့ တော်တော်လေး ကြောက်လာမိတယ်။ အရင်ကနဲ့တော့ မတူတော့တာ သေချာပါတယ်လေ။

ဒီနှစ်ဆန်းလောက်မှာ ဘ၀ရဲ့ အထုအနှက် အရိုက်အပုတ်တွေကို တော်တော်လေးခံလာရပြီးတဲ့နောက် အရယ်အပြုံးတွေ အရင်ကလို ပျောက်ကွယ်ခဲ့တဲ့ ကျွန်တော်ရဲ့ ချစ်ဇနီးတစ်ယောက် တစ်ရက်မှာ ဈေးသွားဝယ်ရင်းနဲ့ မထင်မှတ်လောက်အောင် ပစ္စည်းတွေကို ဈေးချလို့ ကျွန်တော်ဆီကို အားရဝမ်းသာနဲ့ ဖုန်းလှမ်းဆက်ပြီး ပြောတယ်။ ရုတ်တရက်ကြီး သူရဲ့ အပျော်တွေက ကျွန်တော်ဆီကို အလိုလို ကူးစက်လာတာပေါ့။ ကျွန်တော်လေ.. တော်တော်လေးကို ဝမ်းသာသွားမိတယ်။ သူရဲ့ အပျော်သံတွေနဲ့ အတူ ကျွန်တော်လဲ ပျော်သွားတာပေါ့။ ဒါပေမဲ့လေ... ကျွန်တော်မျက်လုံးထောင့်စွန်းမှာ အရည်လေးတွေ အလိုလို ရောက်လာပြန်တယ်။


လွန်ခဲ့တဲ့ လက ဒီနိုင်ငံရဲ့ အရည်အချင်းစစ်ကြည့်တဲ့ စာမေးပွဲမှာ သမီးက သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ အမြင့်ဆုံး ဂုဏ်ထူးဆု၊ အင်္ဂလိပ်စာ ဂုဏ်ထူးရတယ်လို့ ကျောင်းကပြန်လာတဲ့ သမီးက ကျွန်တော့်ဆီကို ဖုန်းလှမ်းဆက်ပြီး ဖေဖေရေ.. ဂျူဂျူ ဒီလို ဒီလို ဖြစ်တယ်လဲ ဆိုရော.. ကျွန်တော့်မှာ တော်တော်ဝမ်းသာလိုက်တာ... သမီးဆီက ဖုန်းချပြိးတဲ့ နောက် ကားပေါ်မှာ တစ်ယောက်တည်း ဒါမှ ငါ့သမီးကွ ဆိုပြီး တစ်ယောက်တည်း အော်ဟစ် ဂုဏ်ယူမိရင်းကနေ ကျွန်တော် ငယ်ငယ်က မိဘဆရာ အသင်း နှစ်ပတ်လည် ဆုတွေ တက်ယူတဲ့ အခါမှာလည်း အမြဲအားပေးတတ်တဲ့ အဖေ တစ်ယောက် ငါ့လိုများ ဖြစ်မှာပဲလေ..လို့ ရုတ်တရက် သတိတွေရရင်းနဲ့ ကျွန်တော်မျက်ဝန်းမှာ မျက်ရည်တွေ စို့ တက်လာပါတယ်။ ပြီးတော့ ချောင်းတွေလဲ တဟွတ်ဟွတ်ဆိုး.. အသံတွေလဲ တုန်လိုက်လာတာ.. ငယ်ငယ်တုန်းက အဖေ နဲ့ အမေကို ကန်တော့ပြီးတိုင်း အဖေ ဆုပေးရင် ဖြစ်တတ်တဲ့ အတိုင်းပါလားနော်.....။

xxxxxxxxxxxxxx
ကြည့်နေရင်း ကြည့်နေရင်း.. ဘာကြောင့် အားငယ်သလဲ ပြောစမ်းပါ.. မငိုရဘူး... မင်း ငိုရင် ငိုချင်တယ်...။

သေချာတာကတော့ ကျွန်တော် အားငယ်လို့ ငိုမိတာ မဟုတ်သလို ... အဖေလဲ အားငယ်လို့ ငိုမိတာ ဘယ်ဟုတ်ပါမလဲ....။ ကျွန်တော်တို့ နှစ်ယောက်တူတာကတော့ ...........။

မောင်ခြိမ့်

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အဖေ နဲ့အမေကို သတိရခြင်းများစွာဖြင့်.........


(ဦးခြိမ့် facebook မှာ ရေးထားတဲ့ ပို့စ်လေးပါ)


ဒီနေ့ မနက်ပဲ သမီးလေး OC class ၀င်ခွင့် offer ရကြောင်း သိခဲ့ရတယ်။  facebook မှာ စတေးတပ်စ် တင်ရင်း ....


အန်တီဆွိလဲ ဦးခြိမ့်လိုပဲ  ...


မျက်ရည်ငှက်များ နားစေသတည်း  ...

Friday, October 4, 2013

အဘွားရဲ့  ချိတ်ထမီ ...





ဆောင်းအကုန် နွေအကူးရာသီမယ် အင်္ကျီအထူတွေသိမ်းရင်းနဲ့  ဘီရိုထောင့်က ကပ်ပုံးလေးတစ်ပုံးတွေ့တော့ ဖွင့်အကြည့် ကျွန်မရဲ့ ချိတ်လုံချည်လေး ထွက်လာတယ်။   အပြာရောင်နောက်ခံပိုးစမှာ ရောင်စုံချိတ်အကွေ့အကောက်တွေနဲ့ လှတော့ လှသားလို့ထင်မိရဲ့။ ကျွန်မ ဘွဲ့ယူတုန်းက ၀တ်ခဲ့တဲ့  တစ်ထည်တည်းသော ပိုးလွန်းချိတ်ကလေးပေါ့။ 

ဒါလေးတွေ့တော့ ကျွန်မတို့ ငယ်ငယ်က အဘွားရဲ့  ချိတ်ထမီလေးကို သွားသတိရတယ်။ အဘွားရဲ့ ချိတ်ထမီကလေးကတော့ ပန်းရောင် ဖျော့ဖျော့နဲ့အရင့် ၂ရောင်တွဲ ဖောက်ထားတဲ့ ပိုးချိတ်ကလေးပေါ့။ အရောင်စပ်ထားပုံ၊ ပန်းလေးတွေ၊ ချိတ်ကလေးတွေ ဖောက်ထားပုံက အတော်လေးကို လှတယ်ပြောရမယ်။ အဘွားမှာ အဲလို ပွဲသွားလမ်းလာ ချိတ်ထမီလှလှတွေ သုံး-လေးထည် ရှိပေမဲ့ အဲဒါလေးကတော့ အလှဆုံး။ ခလေးမျက်စိထဲ အ၀င်ဆုံး။ ငယ်ငယ်က ဒါမျိုး လှတပတ မမြင်ဖူးလေတော့ အဘွားရဲ့ ချိတ်ထမီလေးတွေ့ရင် လိုချင်တပ်မက်စိတ် ဖြစ်မိတာချည်းပါပဲ။ 

အပျိုအရွယ်လေးရောက်လာတော့ ပွဲသွားလမ်းလာရှိတယ်ဆို အဘွားချိတ်လုံချည် မျက်စောင်းတထိုးထိုးနဲ့ပေါ့။ အမေတို့ကလဲ လှတပတ ၀ယ်ပေးနိုင်တာမှ မဟုတ်တာကိုး။ အဲလိုဆို  တစ်ခါတစ်လေ ထုတ်ဝတ်ခွင့်ပေးပေမဲ့ အပိုင်တော့မပေးဘူးရယ်ဗျ။ အဲလိုတောင်းတိုင်း အဘွားက ဘာပြောလေ့ရှိလဲဆို " ဟဲ့ ငါသေရင် လွှမ်းဖို့ ဒါလေးတော့ ချန်ထားပါအေ ... " ဆို ပြောလေ့ရှိတယ်။ ဟိုးငယ်ငယ်ခလေးဘ၀ကတော့ "ငါသေရင်လွှမ်းဖို့ .. " ဆိုတဲ့ စကား ကြားဖူးလွန်းလို့ ရိုးနေပေမဲ့ အဓိပါယ်ရယ် သေချာ သိလှတယ် မဟုတ်။ ဒီလိုပဲ အဘွားပြောတဲ့ စကားတွေနဲ့ ရင်းနှီးခဲ့တာ အဓိပါယ်မသိတာတွေ အများသားလား။

ခု ကြီးမှ ဒါကို သေချာပြန်စဉ်းစားကြည့်တော့ အဘွားပြောချင်တာက သူ့မှာ သေရင် အပေါ်ကနေလွှားဖို့ သူ့ရဲ့ အဖိုးအတန်ဆုံး အလှဆုံးလို့ထင်တဲ့ ချိတ်လုံချည်လေးကို သိမ်းထားချင်တာ။ သူသေရင်ဒါလေး လှတပတ ၀တ်ပြီးမှ သေချင်တာ၊ သေတာတောင် လှချင်နေသေးတာ။ အော် လူတွေက သေရင်လဲ နောက်ဘ၀မကူးခင် ၀တ်ကောင်းစားလှလေးတွေနဲ့ လှလှပပ  ၊ အသုဘ လာရှုသူတွေရှေ့မှာ လှလှပပ ဖြစ်ချင်ကြတာပါကလားလို့ တွေးနေမိတယ်။

ကျွန်မမယ် ကံကောင်းသည်လား ကံဆိုးသည်လား မဆိုသာ။ လူမှုရေးပဲ ခေါင်းပါးခဲ့သည်လား ပြန်စဉ်းစားနေရတယ်။ ခုအသက်အရွယ်အထိ အသုဘ တို့ ၊ သုသာန်တို့ ပို့ဖူးတယ်မရှိ။ အမျိုးထဲကဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေ နီးနီးစပ်စပ် ကွယ်လွန်ဖူးသူမရှိလို့လား။ ဒီလိုလဲမဟုတ်။ ရှိနေရင်လဲ ကိုယ်နဲ့ အဝေးကြီးမှာ ဖြစ်နေတော့ မသွားဖြစ်တာမျိုး ဖြစ်မယ်ထင်ပါရဲ့။ အဲလိုဆိုတော့ ကျွန်မမှာ အဲလို တွေ မမြင်ဖူးတော့ သေတဲ့သူတွေက လှတပတ ၀တ်ကောင်းစားလှတွေနဲ့ လား။ အပြင်မှာ ကျွန်မ မသိဖူး မမြင်ဖူးဘူး ဖြစ်နေတာ။
 
 အဲဒီ ငါသေရင် လွှမ်းဖို့ဆိုတဲ့ အဘွားလဲ အခုအသက်ကြီးကာမှ သူ့ရပ်သူ့ရွာပြန်ခေါင်းချမယ်ဆိုပြီး အမေတို့နဲ့ တစ်သက်လုံးအတူနေရာကနေ သူ့ရွာသူ ပြန်သွားတာ ဦးလေးနဲ့ ညီမ၀မ်းကွဲ မြေးမတွေက  စောင့်ရှောက်နေရတယ်။ အဘွားအသက်က ၉၀ ကျော်ပြီ။ အဘွားရဲ့ ချိတ်လုံချည်လေးကရော အဘွားလောက် သက်ဆိုးရှည်ပါ့မလား ။ ပိုးတွေပေါက် ဆွေးမြေ့နေလောက်ပြီပေါ့။ အကောင်းပကတိရှိနေသေးရင်တောင် အဲဒါလေးရော အဘွားယူသွားဖို့ သတိရပါရဲ့လား။ အသက်ကြီးတော့ သတိတွေလဲ မေ့လျော့ ခဲ့ပြီ မဟုတ်လား။   

ဘာပဲဖြစ်ဖြစ်ပေါ့နော် .. ..။ ကျွန်မသေရင်ရော အဲလိုလှပချင်နေသေးလား။ ခုချိန်ထိတော့ စဉ်းစားလို့ မရသေးဘူး။ မနက်က ချိတ်လုံချည်လေးကိုင်ပြီး စဉ်းစားပြီး ပြုံးနေမိတယ်။ အဘွားပြောသလိုပြောရရင်ဖြင့် ကျွန်မမှာလဲ သေရင် လွှားဖို့ ချိတ်လုံချည်လေး တစ်ထည်တော့ အဆင်သင့်ရှိနေပြီမဟုတ်လား။   ဂျူဂျူ လာတောင်းရင်တော့ "အမေသေရင်လွှားဖို့ ဒါလေးတော့ မယူပါနဲ့အေ... " ဆို အဘွားလေသံ ငှါးပြောရဦးတော့မလို။  ။

Friday, February 1, 2013

မြန်မာစာသင်ကြား ဟာသများ

 

ညအိပ်ချိန်ရောက်ပြီ။ အိပ်ရာထဲဝင် မီးပိတ်ပြီးပေမဲ့ ဂျူဂျူတစ်ယောက် အိပ်မပျော်သေး။ အိပ်မပျော်တော့ အမေလုပ်သူကို  တောင်ရောက်မြောက်ရောက် ထွေရာလေးပါး လျှောက်ပြောနေသည်။ သင်ထားတဲ့ မြန်မာစာတွေ ပြန်ပေါင်းချင် ပေါင်းနေတတ်သည်။

ခုလဲ ဟိုတစ်လောက  သင်ထားသည့်  "အန့် ... အန် ... အန်း ... " ကို ပြန်ပေါင်းကြည့်ရင်း "နန့် " ဆိုသည့်နေရာကျတော့ အမေကို မေးသည်။

"မေမေ 'နန့်   ' ဆိုတာ ရှိလားဟင် ..."

တချို့ မြန်မာ စာလုံးပေါင်းများ ရှိပေမဲ့ အဓိပါယ် ဆိုလိုရင်း မရှိဘူးဆိုတာ ရှင်းပြဖူးတော့ "နန့် " ဆိုသော စကားလုံး၏ အဓိပါယ်ကို မေးနေခြင်းဖြစ်သည်။

" ရှိတာပေါ့ သမီးရဲ့ ... နန့်ဆိုတာ  .. နန့်တာ ...  အင်းးးးး ....  နန့်ကြောထတာ ... ကို ပြောတာ .."


" ဘာလဲဟင် ... နန့်ကြောထတယ် ဆိုတာ ..."

 " အင်း ....        နန့်ကြောထတယ်ဆိုတာ ... ကမြင်းကြောထတာ ... ဆတ်စလူးခါတာ အတူတူပဲ ..."

" ဟင် မေမေပြောတာတွေ ဂျူဂျူဘာမှ နားမလည်ဘူး ...  မေမေရော နန့်ကြောထလား ဟင် ..."

သူပြောမှ ရယ်လိုက်ရတာ ...ဒီအရွယ်ကြီး နန့်ကြောထလားဆိုတော့ ဘာပြောရမှန်းမသိ ..

"ခုတော့ မထပါဘူး သမီးရယ် ... ငယ်ငယ်ကတော့ ထခဲ့ မလား မသိ ... "

ဟီးဟီး ... ကိုယ့်ဟာကိုယ် ပြောပြီး ရယ်လိုက်ရတာ။ 


" အဲဒါဆို ဘယ်သူ နန့်ကြောထသေးတုံး ... ဂျူဂျူထသလား ...."

" ငါးသမီးလေးက မထပါဘူး ..."

" အဲဒါဆို ဘုတ်စု ထသလား ... "

ရန်ကုန်က အင်မတန် အဆော့မက်သော မျောက်ရှုံးအောင်ဆော့သော သူ့ညီမ ၀မ်းကွဲ ကို မေးခြင်းဖြစ်သည်။ သူ့အမေကတော့ သူ့သမီးကို ဆီဖူးခါသည်ဟု အမြဲပြောသည်။

" အင်း ... ဘုတ်စုက နဲနဲတော့ ထတယ် ထင်တာပဲ ..."

" အင်း ... ငါ့သမီးလဲ နဲနဲတော့ထတာပဲ ... ညည်းတို့တွေ တူတူပဲပါပဲအေ ..."

ဤသို့ဖြင့် နန့်ကျောထခြင်း ဆိုသော အဓိပါယ်ကို ဂျူဂျူတို့ သဘောပေါက်သွားလေသတည်း။





-------------------------------------------------------------------------------------------------------


အန်တီဆွိသည် ဂျူဂျူလေးကို မြန်မာစာသင်ပေးနေသည်။

ယနေ့ရောက်နေသော သင်္ခန်းစာသည် ရရစ်နှင့် ယပင့်ကို သင်ပေးသည့် သင်္ခန်းစာ ဖြစ်သည်။ "ကျ ကျာ ကျား .... "  "ကျိ ကျီ ကျီး .." အစရှိသဖြင့် သင်ပေးပြီး အောက်က ပုံလေးတွေကို လိုက်ဖတ်ခိုင်းနေသည်။ ဂျူဂျူသည် အထစ်အငေါ့မရှိ ဖတ်နိုင်သည်။
အမေကြီးမှာ ၀မ်းသာလို့။ အဟုတ်ပဲ ဂျူဂျူတို့ ဖတ်တာ မြန်ချက်ပေါ့။ ဟယ် ငါ့သမီးလေးက တစ်ခါပဲ သင်ရသေးတယ် ဖတ်တတ်လိုက်တာဆိုတော့ ဘာပြောတယ် ထင်တုံး။

ဂျူဂျူက  အရုပ်လေးတွေ ကြည့်ပြီး ပြောတာ တဲ့ဗျား။ 


အမေကြီး ခံလိုက်ရတာ။

ဒါနဲ့ အောက်က အရုပ်မပါတဲ့ စာတွေ ပေါင်းဖတ်ခိုင်းလိုက်တာပေါ့။
"သဝေထိုးကကြီး ... ယပင်... ကျေ ။ ၀တ်ဆံနှစ်လုံးပေါင်း ကျေး  ... ဇကွဲရေးနှစ်ချောင်းငင် ဇူး .... ကျေးဇူး  " တဲ့

 ပျံသန်း တဲ့ ...

ပျံသန်း နေရာလဲရောက်ရော ဂျူဂျူကအဓိပါယ် နားမလည်တော့ ရှင်းပြရတယ်။ 

သမီးရဲ့ မြန်မာစာမှာ စကားပြောတာနဲ့ စာရေးတာ ဆိုတာ ရှိတယ်။ ပြောရင်တော့ အလွယ်ပဲ "ပျံတယ်" ။ အင်္ဂလိပ်လိုဆို fly ပေါ့။ အဲဒါကို မြန်မာလို စာနဲ့ရေးတော့ လှအောင် "ပျံသန်း" လို့ ပြောတယ်။ "ပျံ "ဆိုတာနဲ့ အတူတူပဲ။ ငှက်တွေ ပျံတယ် ... ယင်ကောင် ပျံတယ် ... တူတူပဲ။

ဟော နောက်တစ်လုံးကျ  "ပြီးစီး" တဲ့။
အဲဒါလဲ တူတူပဲ ... စာရေးရင် "ပြီးစီးသည် " လို့ ရေးတယ်။ .... ပြောရင် "ပြီးတယ် " ပေါ့။ 

နောက်တော့ " ဖြေကြား " ။ အဲဒါကလဲ " ဖြေ" နဲ့ တူတူပဲ။

ဟော ... ဟော နောက်တစ်လုံးကျ

" ချီးကျူး " တဲ့ 

စာရှင်းပြနေတဲ့ အမေကြီး  ဒုက္ခရောက်ပါလေရော။ ချီးကျူးကျတော့ အဲဒါလဲ  ရှေ့က  "ချီး " နဲ့ အတူတူပဲလို့ ပြောမလို့ဟာကနေ .... အဲဒါကျ ချိ ... ချိ ... ချီးနဲ့မတူဘူး သမီးရေ ... ဆို ပြောင်သလို နောက်သလို ပြောတော့ ဂျူဂျူလေးမှာ ရယ်လိုက်တာ။ 
ခုချိန်ထိ စာသင်တိုင်း အဲဒီ "ချီးနဲ့ မတူဘူး " ဆိုတာ ပြောပြီး ရယ်တုံး။ အော် မြန်မာ စကားများ ...





Sunday, January 27, 2013

ငါးဆုတ်လုံးနှင့် ချက်သော မန္တလေး မုန့်တီ။

အန်တီဆွိတစ်ယောက် အော်ဇီပြန်ရောက်ကတည်းက ရောဂါထတာက မန်းလေးမှာ စားခဲ့ရတဲ့ မန်းလေးမုန့်တီအတိုင်း ပြန်ချက်စားချင်နေတာ။ အန်တီဆွိ ၀ါသနာကိုက တစ်ခုခုစားပြီးလို့ ကြိုက်တယ်ဆို အဲသလိုမျိုး တူအောင် အိမ်မှာ ပြန်ချက်စားလေ့ရှိတာကိုး။

 အိမ်မှာလဲ ရန်ကုန်မပြန်မီကတည်းက ၀ယ်ထားတဲ့ ဂျပန် အူဒုံခေါက်ဆွဲကလဲ ရေခဲသေတ္တာထဲ ရှိနေတော့ အတော်ပဲ။ နောက်ပြီး မနေ့ကပဲ မုန့်ဟင်းခါးလေး ဘာလေး ချက်စားရအောင်ဆို ဆယ်လ်မွန်ငါးရိုးတွေ တစ်ကေဂျီခွဲတောင် ၀ယ်ထားတာတွေလဲ ရှိနေတာ။

မန်းလေးမုန့်တီကလဲ စားထားတာ မကြာသေးဘူးဆိုတော့ အားလုံးက အမှတ်တရ ဖြစ်နေသေးတယ်။ မှတ်မှတ်ရရကတော့ သူတို့ချက်တဲ့ ဟင်းချိုက ငါးဖယ်ဆုတ်သေးသေးလေးတွေနဲ့ ချက်ထားတာဂျ။ ဟင်းချိုက ပူပူနွေးနွေး မွှေးပြီး ချိုနေတာ။ ကြက်သားကိုလဲ အနှစ်နဲ့ ရောမချက်ပဲ အသားလေးတွေ ပြုတ်ပြီး မွထားတာ။ မုန့်တီထဲလဲ ငါးဆုတ်လုံးသေးသေးလေးတွေ ထည့်ပေးတာ သတိရတယ်။ ရန်ကုန်မှာရောင်းတဲ့ စတိုင်လို ကြက်ဥပြုတ်တွေ ဘာတွေ မပါဘူး။ သူထည့်တဲ့ အကြွပ်ကြော်ကလဲ ရန်ကုန်နဲ့မတူ၊ ခေါက်ဆွဲလုံးလေးတွေကို အကြွပ်ကြော်ထားတာ။ ခရမ်းချဉ်သီးကိုလဲ အနှစ်သပ်သပ်ချက်ပြီး ဆီရွှဲရွှဲ၊ ပဲမှုန့်များများနဲ့ သုတ်ပေးတာ။ ပြီးတော့ ကြက်သွန်နီလှီးထားတာကို ရော မသုတ်ပဲ သတ်သတ် တည်ပေးတာ။

မနက်မိုးလင်းတော့ ချက်ချင်စိတ်က တားမရတာနဲ့ ဦးခြိမ့် အိပ်နေတာကို နှိုးပြီး ဆွိလေး မန်းလေးမုန့်တီ ချက်စားချင်လို့ပါ ကိုကိုခြိမ့်ရယ် ...  လိုတာလေးတွေ သွားဝယ်ပေးပါဦးဆို ပြောရတယ်။  ကြက်ရင်ပုံသား တစ်ခုရယ်၊ ငါးဖယ်ဆုတ်အတွက်တော့ ရရာငါး အသားချည်းပဲ ၅၀၀ ဂရမ်လောက် ၀ယ်ခဲ့လို့ မှာလိုက်ရတယ်။

သူထွက်သွားတော့ ညက ရေခဲသေတ္တာထဲ ခဲနေတဲ့ ငါးရိုးတွေကို မိုက်ခရိုဝေ့ထဲထည့်  de froze လုပ်ပြီး တစ်ဝက်လောက်ခွဲ (၆၀၀ ဂရမ်ခန့်)၊ အတုံးတွေတုံး၊ အိုးဇောက်နက်နက်ထဲ ရေလုံအောင်ထည့်ပြီး ပြုတ်လိုက်တယ်။ ပြီးတော့ ကြက်သွန်နီ ဥအကြီးကြီး တစ်လုံး၊ ဂျင်း တစ်လမလောက်ကိုထုရိုက်ပြီး ထည့်ပြုတ်လိုက်တယ်။ ငံပြာရည်နဲ့ ကြက်သွန်ဖြူ ၄-၅ ဥလောက်လဲ ထည့်လိုက်သေးတယ်။

ငါးကိုကို ဒီအတိုင်း ပွက်ပွက်ဆူအောင်တည်ထားတုံး အူဒုံခေါက်ဆွဲတွေ ကောင်းသေးရဲ့လား ကြည့်ရသေးတယ်။ အထုတ်ကြီးထဲမှာ တစ်ယောက်စာလောက် အထုတ်သေးလေးတွေ ခွဲထုတ်ထားတာဆိုတော့ အတော့်ကို ကောင်းပါသေးတယ်။ expire date ကလဲ အဝေးကြီး လိုသေးတာ။ ဒါနဲ့ အထုတ်တွေဖောက်ပြီး ရေနွေးငွေ့နဲ့ ပေါင်း၊ ရေအေးနိုင်နိုင်ဆေးပြီး  ရေစစ်ထားလိုက်တယ်။


ဦးခြိမ့်ဈေးက ပြန်လာရင် အဆင်သင့်ချက်ရအောင် ဂျင်း၊ ကြက်သွန်ဖြူ-နီသင်၊ ခရမ်းချဉ်သီး အလုံးကြီး ၃လုံးလောက်ကိုလဲ သေးသေးလေးတွေ လှီးထားရတယ်။ အနှစ် ချက်ရအောင်လေ။ ပြီးတော့ ဂျင်း တစ်လက်မလောက်၊ ကြက်သွန်ဖြူ ၁၀မွှာလောက်၊ ကြက်သွန်နီ ဥကြီး တစ်ဥလောက်ကို ပါးပါးလှီးပြီး ငရုပ်ဆုံနဲ့ အနှစ်ရအောင် ထောင်းတော့တယ်။ ဒီနေရာမှာ အနှစ်ကို ဘလန်ဒါနဲ့ ကြိတ်ရင် လွယ်ကူသက်သာတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ အန်တီဆွိရဲ့ အတွေ့ အကြုံအရ၊ ထောင်းချက်တဲ့ အနှစ်က ဘလန်ဒါနဲ့ ကြိတ်တာထက် ပိုမွှေးပြီး ပိုညက်တော့ ပိုအရသာရှိတယ်လို့ စိတ်ထဲ ထင်နေတယ်။ ဒါကြောင့် အနှစ်တွေ ဆီသတ်ရင် အများအားဖြင့် ငရုပ်ဆုံနဲ့သာ ထောင်းပါတယ်။ ညက်ခါနီးကျ ဂျူဂျူလေးလဲ စားလို့ရအောင်ဆို မစပ်တဲ့ ငရုပ်သီးမှုန့် အရောင်တင်မှုန့် (sweet paprika) လဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်ကို ထည့်ထောင်းလိုက်တယ်။

ထောင်းနေရင်းပဲ ဦးခြိမ့်တစ်ယောက်ဈေးက ပြန်ရောက်လာတာနဲ့ ကြက်သားလေး ထုတ်ပြီး ၃၀၀ ဂရမ်လောက်ခွဲ ငံပြာရည်၊ ကြက်သားမှုန့်နဲ့ နယ်ထားလိုက်တယ်။ မီးဖိုတစ်ဖက် အားနေတုံး ဆီသတ်ဖို့ပြင်တော့တယ်။ ဒယ်အိုး တစ်လုံးထဲ ဆီ ၂၅၀ ml လောက်ထည့်ပြီး ဆီကျက်တော့ ဆနွင်းမှုန့်လေးထည့်  အနှစ်ထောင်းထားတာ ထည့်ပြီး ဦးခြိမ့်ကို အဆက်မပြတ် မွှေခိုင်းထားလိုက်တယ်။ မွှေးလာတော့ ငါးပြုတ်အိုးထဲက ငါးပြုတ်ရေ လက်ဖက်ရည် ပန်ကန်တစ်လုံးစာလောက်ထည့်၊ ငံပြာရည်နဲနဲထည့်၊ သကြားနဲနဲထည့်ပြီး မီးအေးအေးနဲ့ အနှစ်တွေ နူးအိတဲ့ အထိ တည်ထားလိုက်တယ်။ ပြီးတော့ ရေခဲ သေတ္တာထဲ အဆင်သင့် ထည့်သိမ်းလို့ရအောင် ပလပ်စတစ်ဗူးထဲ ထည့်ကော်ထားလိုက်တယ်။

ငါးဆုတ်လုံးအတွက်တော့ ငါးအသားလေးတွေကို (၃၀၀ ဂရမ်ခန့်) သေးသေးလေးတွေလှီး ဂျင်းပါးပါး ၃ခု၊ ကြက်သွန်ဖြူ ၁၀ဥ၊ ငံပြာရည် လဖက်ရည်ဇွန်း ၂ဇွန်းလောက်၊ ကြက်သားမှုန့်တို့နဲ  ရောပြီး ဘလန်ဒါနဲ့ ကြိတ်လိုက်တယ်။  ငါးဖယ်ခြစ်လို ညက်ပြီးစီးလာပြီဆို ငါးပြုတ်အိုးထဲ ရှမ်းခေါက်ဆွဲနှစ်တဲ့ စကာလေးနဲ့ သေးသေးလေးတွေ လုံးပြီး ထည့်ပြုတ်လိုက်တယ်။ ၃မိနစ်လောက် ပြုတ်ပြီးတော့ ပန်းကန်ထဲ ဆယ်ထည့်ထားလိုက်တယ်။

ငါးဟင်းချိုချခါနီးတော့ နဲနဲပိုမွှေးအောင်ဆို ဦးခြိမ့်စိုက်ထားတဲ့ စပါးလင်အုံထဲက စပါးလင် တစ်ပင်နှုတ်ပြီး ထောင်းထုထည့်လိုက်သေးတယ်။ ဟိုက်ရှားပါး။ ဟင်းချိုကတော့ ဒေါ်စိုး ဆိုင်မှာ စားခဲ့ရတဲ့ ဟင်းချိုနဲ့ တစ်ပုံစံတည်း။ ကောင်းမှကောင်း။

ကြက်သားကို လဲ ငါးဟင်းချိုလေး နဲနဲထည့် စပါးလင်လေး နဲနဲထည့်ပြီး ရေခန်းတဲ့ အထိ ပြုတ်လိုက်တယ်။ ကြက်သားနွှင်ဖို့ တာဝန်ကတော့ ဦးခြိမ့်တာဝန်။ 

ကြက်သွန်နီ ကိုလဲ ပါးပါးလေးတွေ လှီးပြီး ရေနဲ့ဆေး ရေစစ်ထားတယ်။

နံနံပါပါးလှီး ၊ သံပုရာသီးစိတ်။

 ငရုပ်သီးလှော်ပြီးသားကို ဆီပူလေးနဲ့ ပြန်ကြော်လိုက်သေးတယ်။

 ပစ္စည်းတွေလဲ စုံပြီ။ သုတ်ဖို့ရာ အဆင်သင့် ဖြစ်ပါပြီ။


ဦးခြိမ့်အတွက် တစ်ပွဲ ပြင်ပေးပါတယ်။




Thursday, January 24, 2013

ယာဉ်အန္တာရယ် စုပေါင်းကာကွယ်ပါမည်။


ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနှင့် နှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့သို့ အလည်တစ်ခေါက် ရောက်ခဲ့ပါသည်။ ရန်ကုန်ရောက်ခိုက် ခဏ မိသားစု အနေနဲ့ မိမိလိုသလို သွားလာနိုင်ဖို့ သူငယ်ချင်းက သူ၏နံပါတ်ယူပြီးခါစ ကားအသစ်ကလေးကို ကျွန်တော်လက်အပ်ခါ လိုအပ်သလို အသုံးပြုဖို့ စေတနာဗလပွဖြင့် ပေးအပ်လာသောကြောင့် ကျွန်တော်ကလည်း အားမနာ လျှာမကျိုး ကောင်းကောင်းကြီးကို အသုံးချမိပါသည်။

ယာဉ်ကြောပိတ်ဆို့မှုများနှင့် ရန်ကုန်
 ရန်ကုန်မပြန်လာခင်က အွန်လိုင်း၊ ဖေစ်ဘွတ်ခ်၊ ဖော်ရမ် များ၏ ကောင်းမှုကြောင့် ရန်ကုန်မြို့အတွင်း မော်တော်ကားများလာလို့ ယာဉ်ကြောပိတ်ဆို့မှု (Traffic Jam) များ လာသည်ဟု ဆိုသောကြောင့် တတ်နိုင်သမျှ ယာဉ်ကြောနည်းမည်ထင်သော နေရာများဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင်နောင် စသည့်နေရာများကို တတ်နိုင်သမျှ ရှောင်ဖယ်ကာ မောင်းမိပါသည်။ မဖြစ်မနေ ရှောင်မောင်းလို့ မရမှသာ ထိုနေရာများကို မောင်းမိပါသည်။

ရန်ကုန်တွင် မော်တော်ကားများကို တင်သွင်းခွင့်ပေးလိုက်သည်နှင့်အမျှ မော်တော်ကား အရေအတွက် များလာသောကြောင့် ကားများပြည်ကျပ်လာသည်ဟု ဆိုကြပါသည်။ ကျွန်တော်အနေနဲ့ မှန်မှန်ကန်ကန် Statistically data collection တွေ မော်ဒယ်တွေ နဲ့ သေသေချာချာ တွက်ချက်ပြီး မှ မဟုတ်ပေမဲ့ ယိုးဒယား။ မလေးရှား၊ ဆစ်ဒနီ စင်္ကာပူတို့တွင် ကားများကို ကြည့်က အပေါ်ယံသဘောဖြင့် ပြောရမယ်ဆိုလျင် ရန်ကုန်မြို့တွင် ကားများ ပြည့်ကျပ်မနေသေးပါ။ ရန်ကုန်မြို့ လူဦးရေ၊ လမ်းအရေအတွက် ကားပမာဏအရ ကားများပြည့်ကျပ်နေသည်ဟု ပြောနေသည်မှာ မဖြစ်နိုင်ပါ။ ကားမရှိသေးသော လမ်းများ တော်တော်များနေပါသေးသည်။

ကဲ ဆဲလိုလျင် ဆဲပါတော့။ ရိုးရိုးသားသား ပြောရရင်တော့ ကားကျပ်သည်မှာ မဟုတ်ပါ။ ကျွန်တော်တို့ ရန်ကုန်သူ/သားများ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်နေသောကြောင် ကားများ ပြည့်ကျပ်ခြင်း ယာဉ်တိုက်မှုများ ဖြစ်နေပါသည်။

မော်တော်ယာဉ်ရပ်နားရန်နေရာ
ကျွန်တော် သိရသမျှ ရန်ကုန်မြို့တွင် မော်တော်ယာဉ်ရပ်နားရန် သတ်သတ်မှတ်မှတ် တည်ရှိဆောက်ထားသောနေရာ မရှိလှပါ။ ရန်ကုန်မြို့ထဲတွင် လမ်းဘေးများတွင် ကားရပ်ကာ ကားရပ်ခ လိုက်လံကောက်သော သူများသာ ရှိပါသည်။ ထိုသူများကလည်း အဆင်ပြေသလို မော်တော်ကားများ နှစ်ထပ် ရပ်ခိုင်းသည့်အခါလည်း ရပ်ခိုင်းတတ်ပါသည်။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ကားတစီးလျှင် ငွေ၂၀၀ကျပ် ကောက်ခံရန်သာဖြစ်သည်။ လမ်းစည်းကမ်း ယာဉ်စည်းကမ်း နားလည်သည်မရှိပါ။ ရန်ကုန်မြို့ထဲတွင် ပိုဆိုးသည်မှာ တချို့သော ဆိုင်များက မိမိဆိုင်ရှေ့ ကိုယ်ပိုင်ယာဉ်ရပ်ရန်နေရာဟု သတ်မှတ်ကာ (တချို့သည်လည်း စည်ပင်တွင် ငွေသွင်းထားသည်ဟု ဆိုပါသည်) မည်သည်ယာဉ်မျှ မရပ်အောင် လုပ်ထားသည်လည်း ရှိပါသည်။

ကျွန်တော်တို့ ယာဉ်မောင်းလိုင်စဉ် ဖြေစဉ်က မျဉ်းဖြူနီကျားတွင် ယာဉ်လုံးဝ မရပ်ရ၊ လူကူးမျဉ်းကျားနှင့် ၃၀ကိုက်အတွင်းလားမသိ မည်သည်ယာဉ်မျှ မရပ်ရ၊ ဘတ်စ်ကားဂိတ်ဖြင့် ၃၀ကိုက်အတွင်း ယာဉ်လုံးဝမရပ်ရ စသည်ဖြင့် ယာဉ်စည်းကမ်းများကို စာမေးပွဲတွင် ဖြေခဲ့ရပါသည်။ ယခုတော့ ဘတ်စ်ကားဂိတ်လည်း မရှောင်၊ ဖြူနီကျားလည်းရပ်၊ လူကူးမျဉ်းကျားလဲမဖယ်ပေးနှင့် လုပ်ချင်သလို လုပ်နေတော့ ထိုရပ်ဆိုင်းထားသော ယာဉ်များကြောင့် မူလလမ်းများ ကျဉ်းမြောင်းသွားကာ ယာဉ်ကြောပိတ်ဆို့မှုများကို အထူးဖြစ်ပေါ်စေပါသည်။

ကျွန်တော်အနေဖြင့် စနစ်တကျ လေ့လာတွက်ချက်ထားသည်မဟုတ်ပဲ ကျွန်တော်စိတ်အထင် အကောင်းဆုံးဟု အကြံပေးလိုသည်မှာ ရန်ကုန်မြို့လည် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္တုလလမ်း၊ ကုန်သည်လမ်း နှင့် ကမ်းနားလမ်း တို့ကို ၇ လမ်းမှ လမ်း၅၀ အတွင်း ထိုလမ်းမကြီးများတွင် မည်သည့်ကားမျှ ရပ်နားခြင်း မပြုသင့်ပါ။ နံပါတ် လမ်းများ (ဥပမာ လမ်း ၃၀၊ ၃၁၊ ရွေဘုံသာ၊ မောင်ထော်လေး စသည့် ကန်လန့် လမ်းများ) တွင် ယာဉ်ကြော တဖက်တည်းသာ ရပ်နားခွင့် ပြုသင့်ပါသည်။  ထိုသို့ ပြုလုပ်လိုက်လျင် ဘတ်စကားများ ရပ်နားရန် ရှင်းလင်းသွာြး့ပီး ကျန် အိမ်စီးမော်တော်ယာဉ်များအတွက် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားမည်ထင်ပါသည်။ ထိုနည်းလည်းကောင်း အဓိက လမ်းမများဖြစ်သော အင်းစိန်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း သမိန်ဗရမ်းလမ်း တို့တွင် ယာဉ်ရပ်နားခွင့် မပေးပါက ယာဉ်ကြောပိတ်ဆို့မှု အလွန်အင်မတန် နည်းပါးသွားမည်ဟု ထင်ပါသည်။ 

ဘတ်စ်ကားများ စည်းကမ်းလိုက်နာ
ကျွန်တော်ကြုံတွေခဲ့သော ယာဉ်ပိတ်ဆို့မှု တစ်ခုကို ပြောပြပါမည်။ ထိုနေရာက ကမ္ဘာအေးဘုရားရှေ့ မှတ်တိုင်ဖြစ်ပါသည်။ ဘတ်စ်ကားဂိတ်ရှေ့တွင် ခရီးသည်များက ရပ်မစောင့်နေပါ။ ဘစ်ကားဂိတ်မတိုင်ခင် လူကူးမျဉ်းကြားမတိုင်ခင်လေးတွင် လူများရပ်နေပါသည်။ ထိုနားတွင် ကားတစ်စီး လမ်းကို ၄၅ဒီဂရီစောင်းကာ ရပ်ထားပါသည်။ မထသ ဘတ်စ်ကားကြီးက ရပ်ထားသောကားဘေးတွင် ကပ်လျက် ရပ်ကာ လူများကို တင်ပါသည်။ ကမ္ဘာအေး ဘုရားလမ်းမှာ တစ်ဖက် ၃ လမ်းသွားဖြစ်ပါသည်။ နောက်ထပ် ဘစ်ကား တစ်စီးမှာ ပထမရပ်ထားသော ဘစ်ကားနှင့် ယှဉ်ကာ ထပ်ရပ်လိုက်ပါသည်။ ထိုကြောင့် လမ်းကြော ၃ ခုလုံးပိတ်သွားပါသည် ထိုအခါ ဘယ်ဘက် အစွန်ဆုံးမှ မောင်းလာသော ဒိုင်နာမှ ထိုကားများကို ကျော်ရန် တစ်ဖက် ယာဉ်ကြောကို ၀င်ကာ မောင်းပါသည်။ တစ်ဖက် ယာဉ်ကြောမှ ဘစ်ကားတစီး လာပါသည်။ မအေ နှမ စုံအောင် ဆဲသံများ ကြားလိုက်ရပါသည်။ ထိုဖြစ်စဉ် တခုလုံးမှာ စည်းကမ်းမဲ့ ရပ်ထားသော ယာဉ်၊ စည်းကမ်းမဲ့ ဘတ်စ်ကားများ နှင့် တဖက် ယာဉ်ကြောထဲ ၀င်ရောက်မောင်းနှင်းမှုများ ဖြစ်ပါသည်။ ပြီးခဲ့တဲ့ နှစ်က ဘတ်စ်ကားတိုက်မှုများကို ကြည့်လိုက်လျင် တဖက်ယာဉ်ကြောထဲသို့မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်၊ ဘရိတ်ပေါက်လို့ ယာဉ်တိုက်မှု ဖြစ်ပွား စသည်ဖြင့် တွေ့ရပါသည်။  ၄င်းတို့သည် ဘတ်စ်ကားသမားများ၏ မဆင်မခြင်မှုများနှင့် မိမိယာဉ်၏ကြံခိုင်မှု မစစ်ဆေးခြင်းတို့ကြောင့် ဖြစ်ပါသည်။

ထိုကဲ့သို့ ဖြစ်စဉ်မျိုးမှာ ထိုတနေရာထဲတင် မဟုတ်ပါ။ လှည်းတန်း၊ အင်းစိန် ဘူတာရုံလမ်း၊ သံလမ်း စိုက်ပျိုးရေး မှတ်တိုင် (Juntion square)၊ တော်ဝင်စင်တာ၊ လသာလမ်းမှတ်တိုင် မြေနီကုန်း လွစ္စလမ်းမှတ်တိုင်၊ အနော်ရထာ ဘားလမ်းမှတ်တိုင်၊ ယုဇနပလာဇာ၊ မင်္ဂလာဈေး စသည် နေရာတ်ေတော်များများတွင် ကျွန်တော်အထက်က ပြောသော ဖြစ်စဉ်များ နေ့တိုင်းဖြစ်နေပါသည်။ မထသ (မော်တော်ယာဉ်ထိမ်းသိမ်းရေး အဖွဲ့)က ဘာတွေ ထိမ်းသိမ်းသလဲ မသိပါ။ ထိုကဲ့သို့ စည်းကမ်းမဲ့မှုများကို မျက်စေ့စုံမှိတ်ကာ ကြည့်နေကြသည်။နောက်ထပ်တခုက ဘစ်ကားများကို မြို့ထဲသို့ စုပြုံသွားနေသည် (Centralize) သယ်ယူပို့ဆောင်ရေး မျိုးမဟုတ်ပဲ ဖြန့်ကျက် သည့်သယ်ယူပို့ဆောင်ရေး ဖြစ်အောင် လုပ်နိုင်လျင် ကောင်းပါသည်။ Transportation Professional များဖြင့် တွက်ချက်ကာ စီစဉ်လျှင် တိုးတက်လာနိုင်သည်ဟု ထင်မိပါသည်။ ထိုကြောင့် မထသတွင် ဘတ်စ်ကားများကို တားကာပိုက်ဆံတောင်းနေသူများ ခန့်ထားသကဲ့သို့ ဘစ်ကားလိုင်းများ တိုးတက်ရန် လုပ်ဆောင်နိုင်သည့် ပညာရှင်များ ခန့်ထားရန်လည်း လိုအပ်ပါသည်။

မော်တော်ယာဉ်များ ကြံ့ခိုင်မှု
ကျွန်တော်တို့ မိသားစု တနေကုန် လည်ပတ်ပြီး အိမ်ပြန်ချိန်က ညမိုးချုပ် မှောင်ချိန်ကျမှ အိမ်ကို ပြန်ရောက်သည်က များပါသည်။ ကျွန်တော်သည် ကားမောင်းရင်း ဘေး ဘယ်ညာ နောက်ကြည့်မှန်များကို ၁၀-၁၅ စက္ကန့်တခါ ကြည့်ချင်းအားဖြင့် ကိုယ်မောင်းနှင်မှု အန္တာရာယ် ကင်းရှင်းမှု ရှိမရှိ အမြဲကြည့်ပါသည်။ တစ်ညမှာတော့ ကျွန်တော့် ကားနောက် မှောင်ကြီးမည်းမည်းတွင် မော်တော်ကားသဏ္ဍာန် အရာတခု ကပ်ပါလာသဖြင့် လမ်းနဘေးသို့ ချပေးလိုက်ရာ ရှေ့မီး၊ နောက်မီး လုံးဝ မပါရှိသော တက္ကစီကားတစ်စီးဖြစ်သည်ကို သိလိုက်ရပါသည်။ အလွန်အန္တာရာယ်များရာ ထို တက္ကစီမှာတော့  ဘာမှ မဖြစ်သကဲ့သို့ မောင်းသွားပါသည်။ ဟိုတစ်ရက်က တက္ကစီကားအဟောင်းများကို စီးနင်းလိုက်ပါသူနည်းပါးလို့ ကွန်ပလိမ့်တက်နေတာ ဖတ်လိုက်ရပါတယ်။ ကျွန်တော်တွေ့ဖူးသည့် နိုင်ငံခြားက တက္ကစီသမားတွေကတော့ ခရီးသည်မရချိန် စောင့်ဆိုင်းနေချိန်မှာ ဒရိုင်ဘာများက မိမိကားကို သန့်ရှင်းအောင် သုတ်ခြင်း၊ မှန်များကို ပြောင်လက်အောင် တိုက်ခြင်း၊ ကားအတွင်း အနံအသက် ကောင်းအောင် လုပ်ခြင်းများ ပြုလုပ်ခြင်းဖြင့် မိမိကားကို စီးချင်စဖွယ်ဖြစ်စေပါသည်။ မြန်မာပြည်က တက္ကစီသမားများကတော့ အားနေချိန် ပိုက်ဆံပွတ်၊ ကွမ်းဝါး၊ နှစ်လုံးတွက် အလုပ်များဖြင့် မော်တော်ကားများက စီးချင်စရာမကောင်းအောင် ပျက်စီးနေပါတော့သည်။

ကျွန်တော်နေထိုင်ခဲ့ဖူးသော စင်္ကာပူနိုင်ငံတွင် မော်တော်ယာဉ်သက်တမ်း ၃နှစ်ကျော်ပါက တနှစ်တခါ လိုင်စင်ဝင်လျင် တာယာ၏ လမ်းပေါ်တွင် စိတ်ချစွာ ရှိနိုင်သော အခြေအနေ၊ ဘရိတ်၊ ကား ရှေ့မီး၊ နောက်မီး ဘရိတ်မီး၊ ကားအောက်ပိုင်း ဆီယိုမှု ရှိမရှိတို့ကို နွားများဖြဲကြည့်သကဲ့သို့ သေချာစွာ စစ်ဆေးသည်။ ထိုသို့ စစ်ဆေးမှု အောင်မြင်မှ လိုင်စင်တိုးခွင့် ရပါသည်။ ထိုနည်းလည်းကောင်း လက်ရှိနေသော နိုင်ငံတွင်လည်း ဘရိတ်နှင့် တာယာတို့၏ အခြေအနေကို စစ်ဆေးပါသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများတွင် မော်တော်ကားဘရိတ်ပေါက်၍ ဆိုသည့် အကြီးစားယာဉ်တိုက်မှုများဖြစ်ပွားသည်ကို တွေ့ရှိရမှာ ဖြစ်ပါသည်။ ထိုကြောင့် တစ်နှစ်တခါ မော်တော်ကားများ လိုင်စင်ဝင်ရောက်ပါက မော်တော်ယာဉ် ကြံခိုင်မှု မရှိသော မော်တော်ယာဉ်များကို ဌာနဆိုင်ရာများမှာ လာဘ်ငွေ စားသောက်ခြင်းမပြုလုပ်ပဲ မှန်မှန်ကန်ကန် ကောင်းမွန်မှ သက်တမ်းလိုင်စင် တိုးပေးသင့်ပါသည်။ ဌာနဆိုင်ရာမှ မလုပ်နိုင်လျင် ပြင်ပ လုပ်ငန်းများကို စည်းကမ်းသတ်မှတ်ပေးကာ စစ်ဆေးပြီးမှ ထိုလုပ်ငန်းများအနေဖြင့် တာဝန်ယူ အာမခံပေးမှ သက်တမ်းတိုးပေးသင့်ပါသည်။

မှန်ကန်တဲ့ ယာဉ်မောင်းလိုင်စင်

ကျွန်တော် ရန်ကုန်ုမြို့ထဲ မောင်းနှင်နေလျှင် ကျွန်တော်၏ ညာဘက်မှနေ မော်တော်ကားတစီးသည် အချက်ပြမီးမပေး ဟွန်းသံမပေးနှင့် ကျွန်တော်မောင်းနေသော လမ်းထဲသို့ အတင်း ၀င်ကပ်ကာ မောင်းပါသည်။ အကယ်၍ ကျွန်တော်ကသာ ဘရိတ်အုပ် အရှိန်မလျှော့လိုက်လျင် ထိုကားနှင့် ကျွန်တော်တိုက်မိမည်မှာ အသေအချာပင်။ ကျွန်တော်သည် ထိုကားကို နောက်မှလိုက်ကာ ကျော်တက်ကြည်လိုက်မိတော့ ထိုကားမောင်းသူ လူငယ်မှာ ဘေးမှန်၊ နောက်မှန်ကြည်ပုံမရပါ။ လမ်းစည်းကမ်းလဲ သိပုံမရပါ။ ရန်ကုန်မြို့ထဲတွင် မော်တော်ကားမောင်းနေသော ကားဒရိုင်ဘာများ အသက် ၂၀ မှ အသက် ၃၅ အတွင်း စစ်ဆေးလိုက်ပါက အနည်ဆုံး ၇၀% ခန့်မှာ ကားမောင်းလိုင်စင်ကို မှန်မှန်ကန်ကန် ရယူထားသည်မဟုတ်ပဲ ပိုက်ဆံပေး ရယူခြင်း ယာဉ်မောင်းလိုင်စင် ရုံး ဘယ်နေရာတွင် ရှိမှန်းမသိသည် လူတော်တော် များမည်ထင်ပါသည်။

ထိုကြောင့် မြန်မာနိုင်ငံတွင် မည်သည်နေရာတွင်ဖြစ်ပါစေ ယာဉ်စည်းကမ်း ဥပဒေကို မှန်ကန်စွာ သိနားလည်ဖြေဆိုခြင်း၊ ယာဉ်မောင်းလိုင်စင်ကို မှန်ကန်စွာ ဖြေဆိုပြီးမှ ပေးအပ်သည့်စနစ်ကို ကျင့်သုံးသင့်ပါသည်။ အစိုးရဌာနမှ ကျွန်တော်တို့ မှန်မှန်ကန်ကန် လုပ်ပေးနေပါသည် မပြောပါနှင့်၊ လာဘ်ငွေယူပြီး ထုတ်ပေးလိုက်သည် လိုင်စင်များမှာ ယာဉ်တိုက်မှုနှင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပါသည်။ ထိုအတွက်ကြောင့် ယာဉ်မောင်းလိုင်စင် ထုတ်ပေးသော ဌာနများတွင် အမှန်တကယ်တာဝန်အပြည့်ရှိပါသည်။

အိမ်မောင်း ယာဉ်လိုင်စင်သာမက ဘတ်စ်ကား လိုင်စင် ယူသူများကိုပါ ပညာပေးသင့်ပါသည်။ ကြုံကြိုက်လို့ ပြောရလျင် ဟံသာဝတီ အ၀ိုင်းမှ စတင်၍ ဘတ်စ်ကားတစီးသည် အဖြုရောင်ဖြတ်လမ်းကို အလယ်မှ ခွကာ မောင်းနှင် လာသည်မှာ မြေနီကုန်းအထိ ဖြစ်ပါသည်။ အဖြူရောင်ဖြတ်လမ်းအတွင်းမှ ယာဉ်များ မိမိယာဉ်ကြောအတွင်း မောင်းနှင်ပါက သာမာန်ယာဉ်တိုက်မှုကို ရှောင်ရှားနိုင်ပါသည်။ လိုအပ်၍ ကျော်တက် လမ်းပြောင်းလျှင်သာ အဖြူရောင်ဖြတ်လမ်းကို ကျော်ကူးခွင့် ရှိပါသည်။ အောက်မှ ပုံကို ကြည့်နိုင်ပါသည်။

စည်းကမ်းမဲ့ ဘတ်စ်ကားတစီး အဖြူရောင်မျဉ်းကို ခွမောင်းနေပုံ နှုင့် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ

ယာဉ်ထိမ်းရဲများ ယာဉ်ကိုထိမ်း၍ လမ်းစည်းကမ်းလဲ လိုက်နာမယ်။
ကျွန်တော် ရန်ကုန်မှာ ရှိနေသည့် ကာလအတွင်း ယာဉ်ထိမ်းရဲအနေနှင့် ၂ခါ-၃ ခါလောက်သာ တွေ့ခဲ့ဖူးပါသည်။ ကျန်သည့် ယာဉ်ထိမ်းရဲများသည် မီးပွိုင့်များတွင် အခိုင်အမာ ဆောက်ထားသည့် အဆောက်အဦးထဲ ငြိမ်ပြီး ငွေရပေါက်ကိုပဲ ကြည့်နေသည်လား မပြောတတ်ပါ။ ယာဉ်ကြောပိတ်ဆို့မှုများသည် သူတို့နဲ့ လားလားမှ မဆိုင်သကဲ့သို့ပင်။ ယာဉ်ကျောတွေ မည်မျှပိတ်ပိတ် လာရောက်ရှင်းလင်းပေးဖို့ စိတ်ကူးရှိပုံမရပါ။ နောက်ပြီး သူတို့တတွေက မယောင်ရာဆီလူးနေသလားတော့ မပြောတတ်ပါ။ တစ်ခါက ချော်တွင်းကုန်း (န၀ဒေး မီးပွိုင့် အလွန်) လေးတွင် တစ်ပွင့်နဲ့ ယာဉ်ထိမ်းရဲ ၃ ယောက် ရပ်နေသည်ကို တွေ့ရသည်။ ထိုနေရာမှ တစ်ပြလောက်အထိ ကားက ရှင်းနေသည်။ နှစ်ပြလောက်နေတော့ ကားတွေပိတ်နေသည်ကို တွေ့ရသည်။ ကျွန်တော်ကားဆက်မောင်းရင်း တွေ့လိုက်သည်ကတော့ ကမ္ဘာအေး ဘုရားရှေ့တွင် ယာဉ်တိုက်မှု ဖြစ်နေသည်။  ကားမှန်တွေ တစစီကျနေသည်။ မည်သည့်ယာဉ်ထိမ်းရဲမှ အနားတွင် ရှိမနေပါ။ ရောက်မလာပါ။ ကျွန်တော်အံသြမိသည်က စောနက တွေ့သည့် ယာဉ်ထိမ်းရဲ ၃ ယောက်နှင့် ယခု ယာဉ်တိုက်မှုနေရာမှာ လမ်းလျှောက်လျှင် ၁၀မိနစ်နှင့် ရောက်နိုင်ပါသည်။ သို့ပေမဲ့ သူတို့ ဘာလို့ရောက်မလာလဲ ဆိုသည်ကိုတော့ အံသြမိသည်။

တစ်ခု သတိထားမိသည်က ရန်ကုန်မြို့တွင် ယာဉ်ကျော ပိတ်ဆို့မှုများကို ကာကွယ်ရန်၊ ယာဉ်မောင်းသူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရန်၊ ပညာပေးရန်အတွက် ယာဉ်ထိမ်းရဲများ  များများခန့်ဖို့ လို့အပ်သည်ဟု ကျွန်တော်သတိထားမိလိုက်ပါတယ်။ ယာဉ်ထိမ်းရဲတွေ များများခန့်ပြီး ယာဉ်ထိမ်းရဲ ကိုယ်တိုင် ယာဉ်စည်းကမ်း နားလည်ရန်နှင့် ယာဉ်မောင်းများထံမှ ပေးစာကမ်းစာ မစားဖို့ လိုအပ်သည်ဟု အကြံပေးမိမှာအမှန်ပင်။

မြို့တော်စည်ပင်တွင်လည်း တာဝန်ရှိပါသည်။
မော်တော်ကားများ ကိုယ်လမ်းနှင့်ကိုယ် မှန်မှန်ကန်ကန် သွားလာနိုင်ရန် မြို့တော်စည်ပင်မှာလည်း လမ်းများတွင် အဖြူရောင်ဖြတ်မျဉ်း၊ အဖြူရောင်မျဉ်းသေ၊ ပလက်ဖောင် ဖြူနီကျား၊ ကားမရပ်ရန်နေရာများကို သေသေချာချာ ထင်ထင်ရှားရှား ရေးဆွဲသင့်ပါသည်။ မဟာဗန္ဒုလလမ်း တစ်လျှောက် အဖြူရောင်မျဉ်းများ မရှိတော့ပါ။ အ၀ါရောင်မျဉ်းများ မရှိပါ။ ပျက်လျင် ပြန်ဆွဲဖို့ အချိန်မဆိုင်းပါနှင့်၊ စည်းကမ်းရှိစေလိုပါသည်။

ယာဉ်တွေ တင်မက လူတွေ နဲ့ ခွေးတွေပါ စည်းကမ်းရှိရပါမယ် ။
နောက်ထပ် စည်းကမ်းလိုက်နာသင့်သည်ကတော့ လမ်းလျှောက်သူများနှင့် ဈေးသည်များပဲ ဖြစ်ပါသည်။ လမ်းလျှောက်သူများကလည်း လမ်းစည်းကမ်း နားမလည် လျှောက်ချင်သလို လမ်းလျှောက်ကြသည်။ လမ်းများကို အလျင်းသင့်သလို ကူးကြပါသည်။ မီးပွိုင်များက ကူးဖို့ စိတ်ကူးထဲတွင် မထည့်ကြ။ ကြုံသလိုကူးကြသည်မှာ ငါတို့ကို ကားတွေက ကြည့်ရှောင်မယ်ဆိုသည် သဘောမျိုး မိမိကိုယ်ပိုင်လမ်းများကဲ့သို့ ပြုမူကြပါသည်။ နေ့လည် နေခင်း လင်းလင်းရှင်းရှင်းတွင်တော့ ဟုတ်ပါသည်။ ကားများက တတ်နိုင်သမျှ ရှောင်နိုင်သည်ပေါ့။ သို့သော် ညမှောင်မှောင် လမ်းကူးပြီး လမ်းခလယ်ကောင်တွင် တဖက်ကားသွားအလာ အရှင်း ရပ်နေကြတော့ ကျော်တက်လာသော ကားများက မမြင်ပဲ တိုက်မိကြသည်မှာလည်း ကြားဖူးနေကျဖြစ်ပါသည်။

တခါက ကျွန်တော် ယောက်ခမ အိမ်သို့ မော်တော်ကားဖြင့် မောင်းသွားပါသည်။ ကျွန်တော်ယောက်ခမ နေရာသည် မော်တော်ကား များများစားစား မလာပါ။ သို့သော် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ကယ်ရီများ၊ လမ်းသွားလမ်းလာများ အလွန်အင်မတန်များပါသည်။ ကတ္တရာလမ်းမတွင် လမ်းသွားလမ်းလာများက လမ်းလျှောက်နေသည်မှာ သူတို့အပိုင်ကဲ့သို့ပင်။ နောက်မှ ကားလာရောက်သည်ကို သိပါသော်လည်း ကားရှေ့မှ မဖယ်ပေးပါ။ ကျွန်တော်အနေဖြင့် ဟွန်းတီးရန် ၀န်လေးပါသည်။ ကားလာသည်ကို သိလျင် ဖယ်ပေးတန်ကောင်းရဲ့ဟု ထင်ရသော်လည်း မဖယ်သည့်အဆုံး ကားဟွန်းတီးမှ ဘေးသို့ ဆင်းပေးပါသည်။ လူများတင် မဖယ်ပေးသည်လားဟု မထင်လိုက်ပါနှင်။ ခွေးများကလည်း လမ်းမအလယ်ကောင်တွင် လဲလျောင်းနေသည်။ ကားလာသည်မှာ သူတို့ နှင့် မဆိုင်သလို၊ ကားဟွန်းလေးပုတ်လိုက်မှ ငေါက်ခနဲ ထပြီး လမ်းဘေးသို့ ဖယ်ပါသည်။

ကျွန်တော်တို့ နိုင်ငံတွင် လူများသာ လမ်းစည်းကမ်း မလိုက်နာသကဲ့သို့ ခွေးတိရိစ္ဆာန်များလည်း မလိုက်နာပါ။

နမူနာ အနေဖြင့် အောက်ကပုံ (The Voice Journal မှ ယူပါသည်။)
အနော်ရထာ လမ်းမအလယ် လူကူမျဉ်းကျားပေါ်တွင် ဈေးရောင်းနေသာ စည်းကမ်းပျက် ဈေးသည်

အချုပ်အားဖြင့် ဆိုရသော်....

ရန်ကုန်မြို့တွင် ကားကျပ်နေသည်ဆိုသည်မှာ ကားများ အလွန်အင်မတန် များပြားလာသောကြောင့် မဟုတ်ပဲ မော်တော်ယာဉ်၊ ဒရိုင်ဘာ၊ မထသ၊ ယာဉ်ထိမ်းရဲ၊ စည်ပင်၊ လမ်းသွားလမ်းလာ၊ မှန်မှန်ကန်ကန် လိုင်စင်များ ပြုပြင်ရန် လိုအပ်နေသောကြောင့် ယာဉ်ကြောများ ပိတ်ဆို့ခြင်း ယာဉ်တိုက်မှုများဖြစ်ပွားနေခြင်း ဖြစ်ပါသည်။ မော်တော်ယာဉ်များ အရှိန်ပြင်းစွာ မောင်းနှင်သောကြောင့်လည်း မဟုတ်ပါ။ ရန်ကုန်မြို့တွင်း ကီလိုမီတာ ၆၀ ထက်ကျော်အောင် မောင်း၍မရပါ။ စည်းကမ်းရှိမှသာ ထိုပြသနာများ ပျောက်ကွယ်မည်ဖြစ်ပါသည်။

တစ်ခု သိသည်က ကျွန်တော်ပြောတာထက် ပိုပြီး လိုအပ်တဲ့ အချက်တွေ အများကြီး ရှိနေဦးမှာပါ။ ယာဉ်စည်းကမ်းကို  တစ်ဦး၊တစ်ယောက် ထဲမှ မဟုတ်ပဲ ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းမည်ဆိုပါက ယာဉ်အန္တာရာယ် အမှန်တကယ် လျော့နည်းလာမည်ဖြစ်ကြောင်း အကြံပေးလိုက်ရပါသည်။

မောင်ခြိမ့်

မှတ်ချက် - ပုံအချို့ကို google မှ ရယူပါသည်။ Credit to original up loader.

Wednesday, January 23, 2013

မန္တလေးသွား တောလား ...


မန္တလေး၊ စစ်ကိုင်း ဦးစားပေး
အန်တီဆွိတို့ ရန်ကုန်ရောက်တော့ ရောက်ပြီးနောက်တစ်နေ့ပဲ မန္တလေး၊ စစ်ကိုင်းဖက် သွားဖို့ပြင်ကြတယ်။ စစ်ကိုင်းမှာ ဦးလေးတွေရယ် မောင်နှမ၀မ်းကွဲတွေရယ်ရှိတာ မတွေ့ရတာကြာပြီ။ ဦးလေးကလဲ တူမ မတွေ့ရတာကြာတော့ ရန်ကုန် လာမယ်တကဲကဲလုပ်နေလို့ ကိုယ်ကပဲ ငယ်တဲ့သူဆိုပြီး ဒီတစ်ခေါက်တော့ ရောက်အောင်သွားမယ်ဆို ပြင်ထားတာ။

ကားလက်မှတ်ကို ဦးခြိမ့်ရဲ့ သူငယ်ချင်းက အော်ဇီမှာကတည်းက ရက်မေးပြီး ၀ယ်ပေးထားတယ်။ ခုနာမည်ကြီးနေတဲ့ Elite Express တဲ့။ ကားတွေကလဲ ကားအသစ်တွေ အဲကွန်းကလဲ အရမ်းအေးသတဲ့။ ပြီးတော့ ဦးခြိမ့်သူငယ်ချင်းက ကားမယ်လေးတွေလို့ ခေါ်တဲ့ ကားစပါယ်ယာမလေးတွေလဲ ပါသတဲ့။ အန်တီဆွိက အစကထဲက ကားကြီးစီးပြီး အဲလိုသွားရတာ ၀ါသနာပါတော့ သွားရမှာ ပျော်နေတာပေါ့။ 

 ကွမ်းယာဆိုင်သာသာ ကားဂိတ်
အဲဒီနေ့ ညနေ ၇နာရီလောက် ဦးခြိမ့်သူငယ်ချင်းက သူ့ လင်ခရူဇာကားကြီးနဲ့ ကားဂိတ်သွားဖို့ လာကြိုတယ်။ ကားက ၈နာရီခွဲထွက်မှာဆိုတော့ တစ်နာရီလောက်တော့ စောရောက်နေတာပေါ့.။ အဝေးပြေးကားဂိတ်ဆိုတော့ စိတ်ထဲမှာ ထင်ထားတာ ကားဝန်းကြီးထဲမှာ ကားတွေလဲ အများကြီး လူတွေလဲ အများကြီးပေါ့ဆို ။  ဦးခြိမ့်သူငယ်ချင်း လင်ခရူဇာကားကြီးက လမ်းဘေးမှာ ရပ်လိုက်တော့ ဟင် မရောက်သေးပဲ ဘာလို့ရပ်တာလဲ ထင်တာ။ ဘယ်ဟုတ်မလဲဗျာ။ ကားဂိတ်က လမ်းဘေးတင်ကိုး။ ဘတ်စ်ကားဂိတ်လေးလို ငေါင်းစင်းစင်းလေးရယ်။ အမိုးသာမိုးထားပြီး ကွန်ကရစ်လေးတောင် ခင်းမထားတဲ့  မြေကြီးပေါ်အထုတ်တွေ ချရတယ်။ ဘေးနားမှ ရေဗွက်တွေတောင်ရှိသေး။  စောနေသေးတော့ အန်တီဆွိတို့ သားအမိက ဘေးက မုန့်ရောင်းနေတဲ့ ကောင်လေးတွေဆီက နေကြာစေ့တွေ အာလူးကြော်တွေ ၀ယ်စားပြီး ကားအလာကို စောင့်နေတာ။ ဦးခြိမ့်ကတော့ လက်မှတ်ရောင်းတဲ့ နေရာလို့ထင်တဲ့ မလှမ်းမကမ်းက ကွမ်းယာဆိုင်လို တဲလေးထဲမှာ စနည်းနာနေလေရဲ့..။

 ဦးခြိမ့်ရဲ ၃ပွင့်ဆိုင် ထိုင်ခုံ ဇာတ်လမ်း
စားနေတဲ့ နေကြာစေ့မှ အထုတ် လေးပုံတစ်ပုံမပြည့်သေး ဦးခြိမ့်တို့ နားက ကျွက်စီ ကျွက်စီနဲ့ အသံက ထွက်လာတယ်။ ခဏနေတော့ ဦးခြိမ့်က အနားရောက်လာပြီး ထုံးစံအတိုင်း သူ့မျက်မှောင်ကြီးကို အစွမ်းကုန်ကုတ်ထားတယ်။ ဖြစ်ရမယ်ကွာ။ အဖေ့နေရာကို ဆရာဝန်တစ်ယောက်နဲ့ လဲထားတယ်တဲ့။ သားအမိ သားအဖ၃ယောက် အတူတူထိုင်ရအောင် သေချာဝယ်ထားတာ ဆရာဝန်မကလို့ သမတဖြစ်ပစေ။ လဲမပေးနိုင်ဘူးကွာ။ ဒါ သက်သက် လူလည်ကျတာကွ။ ဆို တပျစ်တောက်တောက်နဲ့ ပြောနေတယ်။

အန်တီဆွိကလဲ ဖြစ်မှဖြစ်ရလေလို့။ ထီကနဲဆို ကိုယ်တွေကျမှပဲ ဖြစ်ရတယ်ဆို။ အမှန်က ဦးခြိမ့် တခြားနေရာမှာ သွားထိုင်လဲ ဘာမှ ဒီလောက်ကြီးတော့ ပြသနာမရှိဘူးရယ်။ ပြသနာက တရားမျှတမှုမရှိတာ။ ဆရာဝန်မှို့  ကိုယ် အရင်ဝယ်ထားတဲ့ နေရာကို ပေးရမှာလားဆို မကျေနပ်တာ။  အနိုင်ကျင့်ခံရတယ်လို့ ထင်တာပါ။ ခဏနေတော့ ဦးခြိမ့် အဲဒီကွမ်းယာဆိုင်လိုဟာနား ရောက်သွားပြန်ရော။ ဒီတစ်ခါတော့ အရောင်းတာဝန်ခံလို့ထင်တဲ့ ကုလားဆင် အသက်နဲနဲကြီးကြီး အကိုကြီးတစ်ယောက်နဲ့ စကားပြောနေတယ်။ ဖြစ်ချင်တော့ အဲဒီ ထိုင်ခုံကိုပဲ အမျိုးသမီးတစ်ယောက်က နေ့မှားပြီး ၀ယ်ထားတာ။ သူကလဲ ဒီနေ့သွားမှ ဖြစ်မှာဆို ဂျီတိုက်နေပြန်တယ်။ အဲဒီအမျိုးသမီးက စောနက ဆရာဝန်ဆိုတာနဲ့ ဘာမှ မဆိုင်ဘူးနော်။ သူကတဘာသာ။  

အန်တီဆွိတို့ မန္တလေးခရီးကတော့ အစထဲက ယဉ်သကို ဆိုသလို အဲသလို ထိုင်ခုံတစ်ခုံထဲကို သပွတ်အူရှုပ်တဲ့ ဇာတ်လမ်း ၃မျိုးနဲ့ စခဲ့ရပါသဗျာ။ နောက်ဆုံးတော့ ဦးခြိမ့်ကလဲ သက်သက်ကို အလျှော့ မပေးချင်တာနဲ့ အရောင်းတာဝန်ခံက ဦးခြိမ့်ကိုပဲ နေရာ ပေးလိုက်ပါတယ်။ ကိုယ်ကလဲ အမှန်ပဲကိုး။ ဟိုအမျိုးသမီးကိုလဲ တခြားတစ်နေရာ ရအောင် စီစဉ်ပေးလိုက်ပါတယ်။ ဆရာဝန်ဆိုတာကတော့ ကားပေါ်ရောက်မှ ရှင်းမယ်ဆိုပါတယ်။

အီလိုက် ကားပေါ်ဝယ် ..
ဒါနဲ့ ကားပေါ်တက်လို့ရပြီဆို တက်ကြတော့ အာလားမား ... ကားပေါ်က အဲကွန်း အေးချက်ကတော့ စင်ကာပူမှာ ၁၄ နှစ်နေဖူးသူ၊ အော်ဇီ ဆောင်း၂နှစ်လောက်နေဖူးသူ လက်ဖျားခါတယ်ပြောရမယ်။ ကားတစ်စီးလုံးအေးစိမ့် ကျင်တက်နေအောင် အဲကွန်းကို ဖွင့်ထားတာပါကလား။ အဲဒါနဲ့ အန်တီဆွိလဲ အခြေအနေမဟန်ဘူးဆို  အော်ဇီမှာတုံးက ၀တ်တဲ့ winter wear အကျီ အထူုအရှည်ကြီးကို ထုတ်ဝတ်ရတော့တယ်။ အမှန်က အချမ်းကြောက်သူဆိုတော့ ပိုပိုလိုလိုယူလာတာ။ ပြီးတော့  ခြေအိပ်တွေ စွတ်၊ သမီးကိုလဲ အနွေးထည်အထူ ၀တ်ပေးနဲ့ တော်တော် အလုပ်ရှုပ်သွားတယ် ။ စိတ်ထဲကလဲ မလိုအပ်ပဲ ဘာလို့ ဒီလောက် အဲကွန်းတွေ ဖွင့်ရလဲဆိုတာ စဉ်းစားမရအောင်ဖြစ်ရတယ်။ နောက်ပြီး သူတို့က စောင်တွေလဲ ခုံပေါ်မှာ အဆင်သင့် တင်ပေးထားသေးသဗျ။ အဲဒီမှ သဘောပေါက်တာက အော် တို့ပြည်ကြီးမယ် အဲးကွန်းကို သေအောင်ဖွင့်ပြီး စောင်ခြုံကွေးရတာကိုက ဇိမ်ခံနည်း တစ်မျိုးပဲဆိုတာ သဘောပေါက်သွားတယ်။

 နေရာမှာထိုင်နေတော့လဲ ဘေးဖက်က အဲကွန်းအပေါက်ကနေ ထွက်လာတဲ့ အဲကွန်းလေဟာ မျက်နှာလောက်ကို ဖြတ်တိုက်နေတာ ပြင်းလွန်းလို့ လုံးဝကို သည်းမခံနိုင်အောင် ဖြစ်ရတယ်။ ဒါနဲ့ ကားမယ်လေးကို လှမ်းခေါ်ပြီး အဲကွန်းအပေါက်လေး ပိတ်ပေးပါဆို သူကလဲ လုပ်ပေးနေကျထင်ပါရဲ့ တိတ်လေးတစ်ခုနဲ့လာပိတ်ပေးသွားတယ်။ ပိတ်မပေးခင်တော့ အန်တီဆွိကို ဘယ်တောက တက်လာလဲ ဆိုတဲ့ အထာနဲ့ ကြည့်တာလေးတော့ ခံလိုက်ရသပေါ့ဂျာ။

 နားဝင်ပီယံ သူ့ အသံ ...
ကားပေါ်မှာ ဗီဒီယိုလဲ ပြတယ်။ မင်းသားက မြင့်မြတ်ထင်တာပါပဲ။ စိတ်မ၀င်စားလို့ ဇာတ်ကားလဲ သေချာမမှတ်မိပါဘူး။ နောက်မိုးချုပ် အိပ်ချိန်ရောက်တော့ တီဗီကို ပိတ်ထားပေးတယ်။ ကားမယ်လေးကလဲ သူ့ အသံ ချွဲပစ်ပစ် လေးနဲ့ ဘယ်ရောက်ပြီ ဘယ်မှာတော့ နားမယ်ဆို ပြောနေတာလေးကို ကြားနေရတာ အူယားစရာလေးဗျာ။ ဦးခြိမ့်တို့လို  ယောက်က်ျားတွေတော့ မသိဘူ။ အန်တီဆိုလို မိန်းမကြီးတောင် အဲဒီ အသံလေးကြားရတာ ကြာလာတော့ နားဝင်ပီယံဖြစ်လွန်းလို့ သူပြောတိုင်း ပြုံးပြီး နားထောင်နေမိတယ်။ နောက်တော့ အမှတ်တရဆို ဦးခြိမ့်က အသံတောင် သွင်းထားသေးတယ်။ ခလေးမလေးက မြန်မာဝတ်စုံလေးနဲ့ ပါးကွက်ကလေးနဲ့ ချစ်စရာလေးပါ။

လမ်းမှာနားကြမယ်၊ စားကြမယ် ...
လမ်းရောက်တော့ ညအိပ်မပျော်မှာ ကြောက်တဲ့ အန်တီဆွိက အအေးကြောက်တာရော ရောပြီး ဘာမီတုံ တစ်လုံးသောက်ထားတော့ အိပ်လို့ကောင်းလိုက်တာ။ ကားမယ်လေးက "ခရီးသွာာာာား ... လုပ်သားပြည်သူ အပေါင်းတို့ရှင်င်င်င် .... ကျွန်မတို့ရဲ့ အီလိုက် အိတ်စပရက်စ်စ်စ်စ် ... အမြန်ကားကြီးဟာာာာာ မကြာခင် အချိန်အတွင်းမှာာာာာ ... "  ဆို ကြားလိုက်မှ လန့်နိုးသွားပြီး မဆင်းတော့ဘူးလို့ ဦးခြိမ့်ကို လှမ်းပြောပေမဲ့ မဆင်းမနေရ ဆင်းရမှာ ဖြစ်တဲ့ အတွက် ဘေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ မဂျူဂျူကိုနှိုးရပါတော့တယ်။ ဂျူဂျူလေးကလဲ အိပ်ကောင်းနေတုံးထရတာဆိုတော့ စိတ်က မကြည်ပဲ အိပ်ချင်မူးတူးနဲ့ သားအမိ၂ယောက် ကားပေါ်ကဆင်းပြီး အပေါ့သွား။ ညလည်ကောင်ကြီး မဆာပါဘူးဆိုမှ ဦးခြိမ့်က အတင်းစားခိုင်းလို့ မုန့်တွေ နဲနဲပါးပါး စားသောက်ပြီး ကားပေါ်ပြန်တက်ကြပါတယ်။ ကားကတော့ အင်မတန် အချိန်တိကျပါတယ်။ နာရီဝက်နားမယ်ဆို နာရီဝက်ပြည့်မှ ကားပေါ်တက်ခွင့်ရကြပါတယ်။

 မနက်ခင်းနဲ့ ဇာတ်လမ်းပမာ နားဆင်စရာ
မနက် အိပ်ရာနိုးခါနီး ၄နာရီလောက်ကျတော့ ဘေးက ဦးခြိမ့်ပေါ့ဗျာ။ သူ့အကိုဆရာဝန်ကလဲ မန်းလေးပြန်ဖို့ ရန်ကုန်ကနေ နောက်ကားတစ်စီးနဲ့ ပါလာတာ။ အဲဒါ ဟိုရောက်ရင် လာကြိုတဲ့ သူတွေ နောက်ကျနေမှာ စိတ်ပူတာတွေရော၊ သူ့တူမတော် အေးမှာ၊ နေမကောင်းမှာ စိုးရိန်တာရော  ညီအစ်ကို ၂ယောက် ဖုန်းပြောနေကြတာ။ အကြာကြီးပဲဗျာ။ နောက်တော့ သူ့နောက်ကလူတွေလဲ နိုးလာပြီး အားကျမခံ ဖုန်းတွေ ထုတ်ပြီး ဆက်လိုက်ကြတာ။ စောစောစီးစီး ကားတစ်စီးလုံး ဆူပွက်လို့။ ရယ်ရတာက ဒီမှာတွေက ဖုန်းပြောရင် အင်္ဂလိပ်လိုပဲ ခပ်တိုးတိုး ပြောနေတာ ကြားနေကျဆိုတော့ အဲလို မြန်မာလိုကြီးတွေ အားရပါးရ အော်ပြီး ပြောနေကြတော့ စိတ်ထဲမှာ ရယ်ချင်သလိုကြီး။ ဖုန်းထဲကနေ ဇာတ်လမ်းပမာနားဆင်စရာတွေ ၃-၄ပုဒ် တစ်ပြိုင်တည်း နားထောင်နေရသလိုပဲ။ ပြောနေတဲ့ သူတွေကလဲ သူတို့ ဇာတ်လမ်းနဲ့သူ ဟုတ်လို့ပဲ။

 မန်းလေးရောက်ပြီ ...
မန်းလေးရောက်တော့ ဦးခြိမ့်သူငယ်ချင်းက နောက်ကျနေတာနဲ့ ဦးခြိမ့်ရဲ့ တူတော်မောင် တစ်ယောက်က လာကြိုတယ်။ သူတို့ ဆေးရုံဝန်းထဲ နားပြီး ခဏနေတော့ ဦးခြိမ့်သူငယ်ချင်းရောက်လာပြီး မန္တလေး ဘုရားကြီးကို အရင် ဖူးကြတယ်။ အန်တီဆွိတို့ရောက်တော့ မျက်နှာသစ်တော်ရေ ကပ်တဲ့ ဘုန်းဘုန်း ပြန်ကြွလာတာနဲ့ လမ်းမှာတိုးသေးတယ်။ သားအမိသားအဖတွေ ဘုရားအေးအေးဆေးဆေး ကန်တော့ကြပြီး သမီးကို လဲ ဘုရားကြီး အကြောင်းရှင်းပြနေရတယ်။


အပြန်ကျ စောင်းတန်းတွေဖက်မှာ မြန်မာမုန့်တွေ ရောင်းတာနဲ့ မုန့်လိပ်ပြာ ၅၀၀ ဖိုးဝယ်လာခဲ့တယ်။ နှစ်ပေါင်းများစွာ မြန်မာမုန့်ငတ်နေတဲ့ အန်တီဆွိ ကားပေါ်ရောက်တော့ စားကြည့်တော့ မုန့်လိပ်ပြာဟာ ငယ်ငယ်က အဘွားဝယ်ကျွေးဖူးတဲ့ မုန့်လိပ်ပြာလို စားလို့မကောင်းဘူး။ မုန့်ထဲ ထည့်တဲ့ ပဲယိုက ထန်းညှက်ခဲလောက်လေးပဲ ရှိပြီး ဆန်မုန့်ပြားကသာ ကြီးနေတော့ စားလို့က အရသာဘယ်ရှိမလဲဗျာ။ ခေတ်က တိုးတက်လာလေ၊ ကုန်ဈေးနှုန်းတွေကကြီးလာလေ၊ အစားအသောက်တွေက ခိုလာကြလေဆိုသလို ဖြစ်နေပါလားလို့ တွေးမိတယ်။

 နာမည်ကြီး မုန့်တီဆိုင်
နောက်တော့ ဦးခြိမ့်သူငယ်ချင်း အိမ်မှာ ခဏနားပြီး မန္တလေးက နာမည်ကြီး မုန့်တီ သွားစားကြတယ်။ ဦးခြိမ့်သူငယ်ချင်းဆိုလို့ သူက အရီးတောင်းရဲ့ အငယ်ဆုံးသားပါ။ ဦးခြိမ့်တို့နဲ့ မေဂျာတူ၊ same batch အင်ဂျင်နီယာကျောင်းထွက်ဖြစ်ပြီး စကားပြောကောင်း၊ ဟိတ်ဟန်မရှိ၊  ကျောင်းမှာ ကထဲက ပျော်ပျော်နေတတ်သူလို့ နာမည်ကြီးပါတယ်။ ခု သူကိုယ်တိုင် စီးပွားရေးကို ဦးစီးပြီးလုပ်နေတာ။ ခုအရီးတောင်းကထွက်တဲ့ ပစ္စည်း အသစ်တွေ၊ လဖ္ဘက်ဗူးတွေက သူကိုယ်တိုင် တီထွင်ထားတာ ဆိုပါတယ်။သူနောက်ဆုံးထွင်ထားတဲ့ can ဗူးလို လ္ဖက်ဗူးတွေတောင် လက်ဆောင်ပေးလိုက်ပါသေးတယ်။
နာမည်ကြီး စီးပွားရေးသမားဆိုပေမဲ့ တကယ်ကို ဟိတ်ဟန်မရှိ၊ လေးစားစရာကောင်းပါတယ်။

မုန့်တီဆိုင်ဆိုလို့ ခေါ်သွားတာ ဒေါ်စိုးဆိုင်တဲ့။ ဟိုးအရင် ၆နှစ်လောက်ကလဲ အန်တီဆွိသူငယ်ချင်း တစ်ယောက်လိုက်ပို့ဖူးတဲ့ ဆိုင်ပါပဲ။ ဟိုးလွန်ခဲ့တဲ့ ၄နှစ်လောက်ကလည်း ဒီဦးခြိမ့်သူငယ်ချင်းပဲ လိုက်ပို့လို့ စားခဲ့ဖူးပါတယ်။ စားလို့ တော်တော်ကောင်းတဲ့ ဆိုင်ပါ။ အံ့သြစရာကောင်းတာက ဆိုင်ဟာ အင်မတန် အောင်မြင်ပေမဲ့ ဆိုင်ရဲ့ အသွင်အပြင်က ပြောင်းလဲခြင်းမရှိပါဘူး။ အရင်ပုံစံအတိုင်း အမိုးအကာမရှိ လမ်းဘေးလိုနေရာမျိုးလေးမှာ စားပွဲလေး ၂လုံးလောက်နဲ့ ရောင်းနေခြင်းပါ။ အန်တီဆွိသာဆိုရင်တော့ ဒီလောက်ရောင်းရပြီး ဒီလောက်အောင်မြင်နေတာ ဆိုင်လေး သပ်သပ်ရပ်ရပ်ပြင်ဆောက်ပြီး မိုးလုံလေလုံလေးဆောက်မယ်စိတ်ကူးတာ။ သူတို့ပြောတာကတော့ ဆိုင်ကို အရင်ပုံစံကို ပြောင်းလိုက်ရင် မရောင်းရမှာ စိုးလို့ပါတဲ့ ဗျား။ ဆိုင်သာ မပြောင်းတာ ဆိုင်ပိုင်ရှင် ဒေါ်စိုးဆိုသူကတော့ သူ့ဝင်းထဲမှာ အပြင် နောကိ တစ်ဝင်းပါထပ်ဝယ်ပြီး တိုက်အိမ်ကြီးတွေ ဆောက်ထားတာမှ ၂ထပ်-၃ထပ် ဟီးထနေတာပါပဲဗျာ။

မုန့်တီစားပြီးကျတော့ စစ်ကိုင်းက ဦးလေးကားလာကြိုတာနဲ့ အန်တီဆွိတို့ မိသားစုလည်း ဦးလေးတို့နေတဲ့ စစ်ကိုင်းဖက်ကို ဆက်ထွက်ခဲ့ကြပါတော့တယ်။

စစ်ကိုင်းကအပြန် မန္တလေးက ဦးခြိမ့်အကိုရဲ့ ဆေးရုံဝင်းထဲမှာ ၂ည ဆက်အိပ်ပြီး မန္တလေးတောင်၊ ရွှေကျောင်း၊ ဦးပိန်တံတား၊ ဗထူးကွင်း မြီးရှည်ဆိုင် အစရှိတာတွေကို သွားရောက်လည်ပတ်ခဲ့ကြောင်းပါ။
တောင်တမန်အင်းတွင် လှေစီးကြသည် ..
ဦးပိန်တံတား အမှတ်တရ (ပထမဆုံး ရောက်ဖူးကြခြင်းဖြစ်သည်)
ရွှေကျောင်းကြီးတွင် ...
ဗထူးကွင်းက မြီးရှည်သယ်။ နာမည်ကြီးလွန်းလို့ သွားစားကြသည်။

(ကားပေါ်မှာ ကင်မရာ အိပ်က ထုတ်ရတာ ခက်လို့ဆို ကင်မရာ မထုတ်ထားမိလို့ ဓာတ်ပုံတွေ တစ်ပုံမှ မရိုက်ခဲ့ရပါဘူး။ မန်းလေးရောက်မှ ရိုက်ထားတဲ့ ပုံတွေသာ တင်ပေးထားပါတယ်)