Wednesday, June 30, 2010

Evolution of Ju Ju

ဂျူဂျူးလေးကို မွေးတုံးက ခလေးက ခေါင်းမစိုက်လို့ဆို ခွဲမွေးခဲ့ရတယ်။ E လိုဆိုရင်တော့ breech ဖြစ်တယ်ပေါ့။ ဒီမှာက တော်ရုံလူ ခွဲမွေးခွင့်ပေးတာမဟုတ်တော့ နာမှာကြောက်တဲ့ ကိုယ့်အတွက် ကံကောင်းသလိုတောင် ဖြစ်သွားတယ်။ ဒါပေမဲ့ ထုံဆေးနဲ့ပဲ ခွဲမှာဆိုတော့ ဆရာဝန်လုပ်ကိုင်နေတာတွေ အကုန်သိနေ၊ ကြားနေရမှာ။ တော်သေးတယ်။ ခွဲတာတွေ မမြင်ရအောင် မျက်နှာရှေ့မှာ အ၀တ်နဲ့ကာပေးထားတယ်။ ခြင်ထောင်လိုဟာမျိုးလေးကို မျက်နှာရှေ့ကနေ အ၀တ်အပိတ်နဲ့ ကာပေးထားတာပါ။ ခလေးအဖေကတော့ သတ္တိကောင်းတယ်။ ခွဲတာကို အစအဆုံး ဗီဒီယို ရိုက်မယ် တကဲကဲလုပ်နေတယ်။ ဆေးရုံက ခွင့်မပြုဘူးဆိုမှ စိတ်လျှော့သွားတာ။ ဒါတောင် ဆရာဝန် ဗိုက်ခွဲတာကနေ ခလေးမွေးတဲ့အထိ အစအဆုံး ကြည့်နေတာတဲ့။ ဗိုက်ခွဲပြီး ခလေးထုတ်တော့ ဗိုက်သားတွေကို ကလေးထွက်နိုင်အောင် ၀ိုင်းဆွဲတော့ သူကပါ ၀ိုင်းကူဆွဲပြီး လုပ်အားပေးသေးတယ်ဆိုပဲ။

ကိုယ်ကလဲ အရမ်းမူးပြီး အသက်ရှူမ၀လို့ အောက်ဆီဂျင်ပိုက်ကြီးတပ်ပြီး ကိုယ့်ဟာကို ပြန်ဂရုစိုက်နေရတာနဲ့ပဲ ဘယ်လိုမှတောင် မနေလိုက်ဘူး။ တစ်ချက်တစ်ချက် ဗိုက်နေရာက တင်းတင်းသွားတာတော့ သိလိုက်တယ်။ သမီးလေးထွက်လာတော့ သူနာပြုဆရာမက ပါးစပ်တွေ၊ နှာခေါင်းတွေက ချွဲတွေကို စက်နဲ့ ဆွဲစုတ်လိုက်မှ အူငဲ ... အူငဲနဲ့ ငိုသံထွက်လာတာ။ အောင်လိုက်တဲ့ အသံ။ သူပြောပြတာတော့ ခလေးက ရေထဲမှာနူးပြီး ဖြူဖွေးနေတာပဲတဲ့။ ဆရာဝန်က ဗိုက်နေရာလောက်ကနေ လက်နှစ်ဖက်နဲ့ ဆွဲထုတ်တယ်ဆိုလားပဲ။ နောက်မှ ခလေးက လေနဲ့တွေ့ပြီး အသားအရောင်ပြောင်းလာတာတဲ့။

ခဏနေတော့ သူ့အဖေက ခလေးကိုချီပြီး လာပြတယ်။ သမီးလေးကို ပထမဆုံးစကြည့်တာ လက်တွေ၊ ခြေထောက်တွေ။ ခေါင်းကအရမ်းမူးနေတော့ ယောက်ျားရေ ... ရေပါဦးတော့ ... ခြေချောင်းလေးတွေ၊ လက်ချောင်းလေးတွေ ပြည့်ရဲ့လား ... အင်္ဂါံစုံရဲ့လား ... ဆိုတာ အရင်မေးရတယ်။ အရေးထဲ သမီးခြေချောင်းလေးတွေက ငှက်ပျောသီးနုနုလေးတွေလို အရွယ်တူလေးတွေ ပူးကပ်နေတော့ သူ့အဖေက မှားရေသေးတယ်။ နောက်တော့ အကြည့်က သမီးလေးရဲ့မျက်နှာဆီ ... နောက်တော့ နှာခေါင်းဆီရောက်တယ်။ နှာခေါင်းပွပွလေးတွေ့တော့ စိတ်က အင်း ... အဖေတူသမီးပဲဆို သက်ပျင်းချရတယ်။ သမီးအသားလေးကလဲ ကြွက်ပေါက်လေးလိုနီရဲလို့။ သက်ပျင်းချရတာကတော့ သမီးလေးဆိုတော့ ဖြူဖြူချောချောလှလှလေးပဲ ဖြစ်စေချင်တာကိုး။

လာပြပြီး သားအဖနှစ်ယောက် ဘယ်ပျောက်သွားမှန်းမသိဘူး။ ကိုယ်အရမ်းအသက်ရှူကျပ်လာတော့ အားကိုးရာရှာတာ၊ အနားမှာ သူကမရှိတော့ အားငယ်လိုက်တာ။ အော် ... သမီးတစ်ယောက်ရတာနဲ့ ယောက်ျား ကိုယ့်ပစ်သွားပါပလားလို့တောင် တွေးနေမိတယ်။ အမှန်က သမီးကို ရေချိုးသုတ်သင်၊ ကိုယ်အလေးချိန်ချိန် အစရှိတာတွေလုပ်ဖို့ သူနာပြုဆရာမနဲ့အတူ လိုက်သွားရလို့ ပျောက်သွားတာပါတဲ့။

သမီးကို ခလေးတွေစုထားတဲ့ အခန်းလေးမှာ သူ့လှည်းလေးနဲ့သူ ထားထားပါတယ်။ ခလေးနို့ဆာမှ အမေဆီလာပို့၊ အမေက နို့တိုက်ရတာပါ။ အဲဒီမှာထူးခြားချက်တစ်ခုက ခလေးတွေ နို့ဆာရင် ငိုကြတယ်။ ခလေးတွေကို အချိန်ကျမှ၊ ဒါမှမဟုတ် ငိုမှ ဆရာမတွေက လိုက်ပို့တာဆိုတော့ အခန်းဘေးမှာ ဖြတ်သွားတဲ့ ခလေးငိုသံတွေ ဆူညံနေတာပဲ။ အဲဒီထဲမှာမှ ဂျူဂျူလေးရဲ့ငိုသံဟာ အအောင်ဆုံး အကျယ်ဆုံးမှို့ ခပ်ဝေးဝေးက ငိုသံကြားတာနဲ့ သမီးပဲ ဆိုတာကြိုသိနေပါတယ်။ ဒါမှမဟုတ် ကိုယ့်သွေးမှို့ပဲ သိနေတာလား မပြောတတ်ဘူး။

ဆေးရုံမှာ ၃ရက်နေပြီး ဆင်းလို့ရပြီဆိုတော့ သမီးက အသားဝါလို့ဆို ဆေးရုံမှာ ထားခဲ့ရတယ်။ တစ်ခါထဲ ခေါ်သွားချင်လို့ အမျိုးမျိုးပြောပေမဲ့ ဆရာဝန်က လုံးဝခွင့်မပြုဘူး။ ခလေးကို အသားဝါပျောက်အောင် မီးချောင်းအောက်မှာ ထားရမှာမှို့ပါတဲ့။ ပြန်ခါနီး မျက်လုံးကို အ၀တ်လေးစည်းပြီး မီးချောင်းအောက်မှာ မီးကင်ထားတဲ့ သမီးလေးကို သွားကြည့်ကြပါသေးတယ်။ သမီးမပါတဲ့ ဆေးရုံအပြန်လမ်းကတော့ တော်တော်ဝမ်းနည်းစရာကောင်းခဲ့တယ်။ အိမ်ပြန်ရောက်တော့ သမီးခြုံတဲ့ စောင်သေးသေးလေးတွေ၊ ခြေအိပ်သေးသေးလေးတွေကြည့်ပြီး သတိရလို့ မျက်ရည်ကျရသေးတယ်။ အံ့သြစရာမကောင်းဘူးလား။ သမီးနဲ့ ၃ရက်လောက်ပဲ နေရသေးတာ။ ပြီးတော့ တစ်ချိန်လုံးလဲ အတူနေရတာ မဟုတ်ဘူးလေ။ ဒီတော့မှ မိခင်မေတ္တာဆိုတာ တော်တော် အံ့သြစရာကောင်းပါလားဆိုတာ နားလည်မိတယ်။

နောက်၂ရက်လောက်ကြာမှ ဆေးရုံက ခလေးလာခေါ်လို့ရပြီဆိုတော့ သူ့အဖေက သွားခေါ်ရတယ်။ ခလေးထည့်တဲ့ ခြင်းတောင်းလေးဆွဲပြီးပြန်လာတဲ့ သားအဖေ၂ယောက်ကို တစ်အိမ်လုံး ၀ိုင်းကြိုဆိုကြတယ်။ နောက်ကျရင် ဒီအိမ်ရဲ့ ဆည်းလည်းလေးဖြစ်လာမဲ့ လူအသစ်စက်စက်ကလေးကို ကြိုကြတာပေါ့။

ဂျူဂျူလေးမွေးကာစ

သုံးလသမီး ဂျူဂျူ


တစ်နှစ်သမီး


နှစ်နှစ်ဂျူဂျူ -အဲဒီအရွယ်တုံးက ဂျူဂျူဟာသိပ်ဆိုးတယ် ... ဂျစ်ကပ်ကပ်နဲ့။ သူ့အဒေါ်ကတော့ နကပ်ကျားလို့ခေါ်တယ်။


သုံးနှစ်ဂျူဂျူ -အောက်ထပ်က PAP မှာ မူကြိုစတက်စဉ်က


လေးနှစ်ဂျူဂျူ -မြန်မာပြည်နောက်ဆုံးအခေါက် ပြန်စဉ်က



ငါးနှစ်ဂျူဂျူ -ချိုင်းနိစ်ဂါးဒင်းမှာ



မနေ့က အိုင်ဖုန်းကို အသဲအသန် ကလိနေတဲ့ မဂျူဂျူ။ ၆နှစ်ခွဲပါပြီ။

Thursday, June 24, 2010

ပထမဆုံးနဲ့ နောက်ဆုံးများ ...

ဟာသတစ်ပုဒ်ဖတ်ဘူးတယ်။ အဖေလုပ်သူက သမီးဖြစ်သူကို ရှင်းပြနေတာပါ။

"သမီးရေ ... ဖေဖေတို့ငယ်ငယ်တုံးက ကွန်ပြူတာဆိုတာ ခုခေတ်လို ဘယ်ဟုတ်မလဲ။ ဧရာမ အကြီးကြီးတွေ။ အိမ်တစ်လုံးစာလောက်ရှိတယ်ကွဲ့ ... "

သမီးလုပ်သူက ခဏစဉ်းစားလိုက်ပြီးမှ မျက်လုံးပြူး မျက်ဆံပြူးနဲ့ မေးလိုက်ပါသတဲ့။

"အဲဒါဆို မောက်စ်တွေကရော ဖေဖေ " တဲ့။

ခလေးမျက်စိထဲမှာ မောက်စ်ကို ဘောက်စ်ဝက်ဂွန်ကားတစ်စီး အရွယ်လောက် မြင်ယောင်သွားမှာ တွေးမိပြီး ရယ်လိုက်ရတာ။

အဲဒီမောက်စ်ကို လူ၃-၄ယောက်က ၀ိုင်းတွန်းနေကြမှာပါ မြင်ယောင်ပြီး ပိုရယ်မိပြန်ရော။

တကယ်တော့ ကွန်ပြူတာတွေစပေါ်ကစက မောက်စ်ဆိုတာ မရှိသေးပါဘူး။ မဆွိတီတို့ ကွန်ပြူတာ စသင်စဉ်ကတောင် မောက်စ်နဲ့ မသင်ခဲ့ရပါဘူး။ ခလေးရဲ့ အတွေးလေးကို ဖြည့်တွေးပြီး ရယ်ရတာပါ။

ကွန်ပြူတာ
ဒါနဲ့ ကမ္ဘာ့ပထမဆုံး ကွန်ပြူတာဆိုတာကို ဂူဂဲလ်လိုက်တော့ ၁၉၅၄ ခုနှစ်က IBM ကထုတ်တဲ့ မော်ဒယ် IBM704 ဟာ ကမ္ဘာ့ပထမဆုံး Digital Computer ဖြစ်ပါသတဲ့။ တကယ်ကို အိမ်တစ်လုံးလောက်နီးပါး ရှိပါတယ်။ ကွန်ထရိုးစတေရှင်က အခန်းအလည်မှာရှိပြီး ဘေးပတ်ပတ်လည်က စက်ပစ္စည်းတွေ အကုန်လုံးပေါင်းမှ ကွန်ပြူတာတစ်လုံးဖြစ်တာပါ။ ပုံကိုကြည့်ပါ။ လူထိုင်နေတာက ကွန်ထရိုးစတေရှင်ဖြစ်ပြီး ပုံထဲမှာမြင်တဲ့ စက်တွေအကုန်ပေါင်းက ကွန်ပြူတာတစ်လုံးပါ။ (အွန်း ရုံးမှာ ဒါမျိုးကွန်ပြူတာမျိုး တစ်ယောက်တစ်လုံးစီနဲ အလုပ့် လုပ်ရရင်တော့ ... ... )Original picture link

ကမ္ဘာ့နောက်ဆုံးပေါ် ကွန်ပြူတာကိုတော့ Apple ကထုတ်တဲ့ iPad ကိုပဲ ဖော်ပြလိုက်ပါတယ်။ Apple က ဂုရုကြီး စတိဗ် (Steve Jobs)ကိုင်ထားတာပါ။ နည်းပညာတွေဟာ ဘယ်လောက်တောင် သိပ်သည်းကျစ်လစ်သွားပါသလဲ ...
Original picture link


Mobil Phone
ဒါကတော့ ကမ္ဘာ့ ပထမဆုံး Mobil Phone ဖြစ်ပါတယ်။ Motorola က 1983 မှာ ထုတ်လိုက်တဲ့ Dyna TAC8000X ဖြစ်ပါတယ်။
Original picture link

အဲဒီအချိန်က Motorola ရဲ့ V.P ဒေါက်တာ မာတင်ကူးပါး (Dr. Martin Cooper) က ကိုင်ပြီး သုံးပြနေတဲ့ပုံဖြစ်ပါတယ်။
(ခုခေတ်များ MRT ပေါ် လူစည်စည် ဂလိုဖုန်းမျိုး ထုတ်ဆက်လိုက်ရတော့ ... ဟင်းဟင်း
လူဝိုင်းမကြည့် ပြောချင်တိုင်းပြော ... ဖုံးကနောက်တစ်မျိုး သုံးလို့ရသေးတယ် ... လူသတ်လက်နက် အဖြစ် ... )

Original picture link

ကမ္ဘာ့နောက်ဆုံးပေါ် Mobile Phone ကိုတော့ Apple ကထုတ်တဲ့ iPhone ကိုပဲ ဖော်ပြလိုက်ပါတယ်။ (ကိုင်ထားတာကတော့ သူပါပဲ ... သူပါပဲ ... စတိဗ် ဂျော့စ်ပါပဲ ... သူ့ခေတ်လို့တောင် ပြောရမလိုပါပဲ ... )Original picture link


Digital Camera
ကမ္ဘာ့ပထမဆုံး Digital Camera ကိုတော့ Kodak ကနေ 1975 မှာ Steven Sasson နဲ့ Jim Schueckler တို့က စတင် တီထွင်ခဲ့ပါတယ်။ အဖြူအမဲ ပဲရိုက်နိုင်ပြီး Resolution 0.01 Megapixel ပဲရှိပါတယ်။ ပုံရိပ်တွေကို ကက်ဆက်တိပ်မှာ ဖမ်းထားပြီး ပုံတစ်ပုံရေးဖို့အတွက် ၂၃ စက္ကန့်ကြာပါသတဲ့။
Original picture link

Steve Sasson က သူ့ရဲ့ ကင်မရာကို ကိုင်ထားတဲ့ ပုံပါ။ (ဒါကြီးနဲ့သာ ဘလော့ဂါလုပ်ရရင်တော့ ... ၀ိတ်တော့ တော်တော်ကျမယ် ... )

Original picture link

Sumsung မှထုတ်တဲ့ 12 Megapixels Camera Phone ဖြစ်ပါတယ်။

Original picture link

Motorcycle
1885 မှာ ထွင်ခဲ့တဲ့ ပထမဆုံး မော်တော်ဆိုင်ကယ်ပါ ခင်ဗျား။ ပထမဆုံး ဓာတ်ဆီနဲ့မောင်းတဲ့ ယာဉ်လည်းဖြစ်ပါတယ်။ (ခုခေတ်စားနေတဲ့ မော်တာတပ်ထားတဲ့ စက်ဘီးမျိုးပါပဲလားတော် .... ဒါမျိုး လွန်ခဲ့တဲ့ နှစ်၁၂၀ကျော်က ရှိပြီးသားကိုများ ...)

Original picture link

နောက်ဆုံးပေါ် Honda Valkyrie Rune Motorcycle.
Original picture link

Motor Car
ပထမဆုံး ရေနွေးငွေ့နဲ့မောင်းတဲ့ကားကို 1769 ခုနှစ်က ပြင်သစ်ပြည်မှာ Nicholas Joseph Cugnot ဆိုသူက တီထွင်ခဲ့ပါတယ်။ (အဲဒီကားကားကြီးနဲ့သာ ရုံးသွားရမယ်ဆိုရင်ဖြင့် ရေနွေးအိုး မီးထိုးနေရတာနဲ့တင် ရုံးရောက်မည် မထင် ... )
Original picture link

ကမ္ဘာ့ပထမဆုံး Production Car, The Benz Patent Motor Car ကို 1894 ခုနှစ်တွင် မာစီဒီး ကုမ္ပဏီမှ စတင်ထုတ်လုပ်ခဲ့ပါတယ်။ (သူလေးနဲ့ဆိုရင်တော့ မဆိုးဘူး ... လေကောင်းလေသန့်တော့ရမယ် ... အနည်းဆုံး မီးတော့ မထိုးရဘူးပေါ့ဂျာ ...)
Original picture link


Ferrari 458 - 2010 မော်ဒယ် ပါတဲ့ခင်ညား။
Original picture link


Mouse
အပေါ်ကဟာသကို ပြန်ဆက်ရရင် ကမ္ဘာ့ပထမဆုံးမောက်စ်က ဗောက်စ်ဝက်ဂွန် တစ်စီးစာလောက် မရှိပါဘူး။ အောက်ကပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ 1964 မှာ Douglas Engelbart ဆိုသူက စတင်တီထွင်ခဲ့ပါသတဲ့။
Original picture link

ပထမဆုံး ကွန်ပြူတာနဲ့ တွဲရက် မောက်စ်ကိုတော့ 1981 က ထုတ်လုပ်တဲ့ Xerox Star 8010 "Dandelion" ကွန်ပြူတာမှာတွေ့နိုင်ပါတယ်။

Original picture link
သေချာသွားပါတယ်။ ဟိုးတုံးကမောက်စ်တွေက ကားတစ်စီးစာလောက် မရှိပါ ခင်ဗျား။

Credit to all of original contributors/ uploaders/ bloggers.

Saturday, June 19, 2010

တို့အိမ်က ပေါင်ချိန်စက် ...




မဆွိတီသည် ခုတလော အတော်ဝနေသည်ဟု သူ့ကိုယ်သူ ထင်နေ၏ ။ အထိုင်အထ လေးလျက်ရှိရကား ဘယ်နှစ်ကေဂျီတက်နေမှန်းလည်းမသိရ။ အိမ်ကပေါင်ချိန်စက် ပျက်ကတည်းက ပေါင်မချိန်ဖြစ်သည်မှာ ကြာခဲ့ပြီကိုး။

အိမ်ကပေါင်ချိန်စက်သည်ကား သာမန်မဟုတ်၊ဂဏန်းလေးများကို အတိအကျမြင်ရသော ဒစ်ဂျစ်တယ် ပေါင်ချိန်စက်ဖြစ်လေသည်။ မဆွိတီ၏ ယခင်လုပ်ခဲ့ဘူးသောအလုပ်တစ်ခုမှာ ပေါင်ချိန်စက်များထုတ်သော ကုမဏီဖြစ်သည်။ ကုမ္ပဏီတွင် digital scale တစ်ခုထားရှိပေရာ မနက်တိုင်း စကေးပေါ်တက်ချိန်၊ ကိုယ့်အလေးချိန်ကို ဒစ်ဂျစ်တယ် ဂဏန်းလေးများဖြင့် အတိအကျမြင်ရသည်ကို သဘောအကျကြီးကျလျက်ရှိပေသည်။ ဒီလိုနှင့် အိမ်အတွက် ပေါင်ချိန်စက်လေးတစ်ခု ၀ယ်ဖို့ဖြစ်လာတော့ ယောက်ျားလုပ်သူကို ဒစ်ဂျစ်တယ် စက်ကလေးဝယ်ပေးဖို့အရေး ပူဆာလေတော့သည်။ နောက်ဆုံးတော့ မနိုင်၍သည်းခံခြင်းတရားကို လက်ကိုင်ထားသော ဂျူဂျူတို့အဖေကား ကျန်းမာရေးပစ္စည်းများ ရောင်းသည့်ဆိုင်တစ်ဆိုင်မှ ဈေးအတန်အသင့်ရှိသော ဒစ်ဂျစ်တယ် ပေါင်ချိန်စက်ကလေးတစ်လုံး ၀ယ်ပေးခဲ့ပါသည်။

စက်ကလေးအိမ်ရောက်လာသည့်နေ့က တစ်အိမ်လုံး လူစေ့တက်စေ့ တက်ချိန်ကြသည်။ ကိုယ့်ကိုယ်ကို ၀လား၊ ပိန်လား ဘယ်တော့မှ စိတ်မ၀င်စားသည့် ဂျူဂျူ၏ ကြီးတော်ပင် တက်ချိန်ကာ သဘောကျလျက်ရှိပေတော့သည်။ နောက်တော့သူလည်း ပေါင်ချိန်စက်၏ ပင်တိုင်ဖောက်သည် ဖြစ်လာသည်။ ဤသို့ အိမ်သားတွေ မကြာခဏ တက်ချိန်လွန်း၍လားမသိ။ ဒစ်ဂျစ်တယ် စက်ကလေးကား ကြာရှည်မခံ။ ၀ရမ်တီကုန်ပြီးစ တစ်နှစ်ကျော်လောက်တွင် စတင်ဗွေဖောက်လာသည်။ အိမ်မှ မက်ကယ်နီကယ် အင်ဂျင်နီယာများမှ ဖွင့်ကြည့်၊ ကလိကြည့်တော့လည်း မထူး။ တက်ချိန်လိုက်လျင် မြင်နေကျ အစိမ်းရောင် အလင်းတန်းလေးများ ပြေးမနေပဲ စခရင် အမဲကြီးသာမြင်ရသည်။ ခဏနေတော့ ရုပ်တရက်ကြီး 000 ဟုပေါ်လာလေသည်။ သူ့အဖေလို ယောက်ျား ဘသား အချိန်စီးသောသူများ တက်ချိန်လျှင်တော့ အဆင်ပြေနေသေးသည်။ ဂျူဂျူတို့ မဆွိတီတို့လို ၇၀ ကေဂျီအောက်တွေ ချိန်လို့မရတော့။ ဒီတော့ သမီးအလေးချိန်သိလိုလျင် ...

(၁) အဖေကို အရင်ချိန်ပါ။
(၂) အဖေက သမီးကိုချီပြီး တက်ချိန်ပါ။
(၃) ၂ယောက်ပေါင်းအလေးချိန်ထဲက အဖေကိုနှုတ်ပါ။

ဒီလို တွက်ချိန်လေး ချိန်ရသည်။ မဆွိတီကျတော့ ဒီခန္ဓာကိုယ် သူဘယ်လို ချီနိုင်မည်နည်း။ အဲဒီတော့ တစ် ... နှစ် ... သုံး ဆိုကာ ၂ယောက်သား ပြိုင်တူတက်ချိန်။ နောက်တော့ ဂျူဂျူတို့အဖေကို ပြန်နှုတ်ကာ တွက်ရပေသည်။ ရယ်ပင်ရယ်ရသေးတော့သည်။ ကြော်ငြာတွေထဲကလို မိတ်ဆွေ ... အသင်ပေါင်ချိန်လိုပါသလား။ ဂျူဂျူတို့ အဖေကို အရင်ခေါ်ပါ ဟုပဲ ပြောရမလို။ သူ့အဖေမှ မရှိရင် ဒီဒစ်ဂျစ်တယ်စက် ချိန်မရတော့ဘူးတဲ့လား။

နောက်ပိုင်းတွင် စက်ကလေးက ဒီ့ထက်ပိုချူချာလာသည်။ ယောက်ျားဘသား ကိုးတောင်ဝတ် ဂျူဂျူတို့အဖေလည်း မကယ်နိုင်။ ဟိုကလိ၊ ဒီကလိလည်းမရတော့ စိတ်လျှော့ကာ ဒီတိုင်းပစ်ထားလိုက်တော့သည်။ တစ်ရက်မတော့ မဂျူဂျူက ဒစ်ဂျစ်တယ်စက်ကလေး အတွက် တက်ချိန်ပုံ၊ ချိန်နည်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ သူ့နည်းစနစ်က ရယ်ပင်ရယ်ရသေးတော့သည်။ ဂျူဂျူသည်ကား အမြင့်ခုန်အပြေးသမားများ အရှိန်ယူနည်းကား အဝေးတစ်နေရာမှပြေးကာ ပေါင်ချိန်စက်ပေါ်တက်ခုန်ရသည်။ ထိုအခါတွင် မြင်နေကျ အစိမ်းရောင် အလင်းတန်းလေးများ စခရင်ပေါ်တွင်ပြေးကာ နောက်ဆုံး ဂျူဂျူ၏ အလေးချိန်ကို မျက်ဝါးထင်ထင်မြင်ရပေသည်။

ဂျူဂျူပြေးနည်းကားအတိုင်း အရှိန်ယူကာ ကိုယ်တိုင်တက်ခုန်တော့ မရ။ ဂျူဂျူတို့အဖေကတော့ စက်မပျက်သည်က ကံကောင်းဟု ဟိုဘက်လှည့်ကာ မကြားတကြားပြောနေသည်။ ဒီတော့ အသင် ပေါင်ချိန်လိုပါသလား။ ပထမဆုံး မဂျူဂျူကို အရင်ပြေးကာ တက်ခုန်ခိုင်းလိုက်ပါ။ အစိမ်းရောင် အလင်းတန်းလေးတွေ ပေါ်လာလျင် ဂျူဂျူကို စက်ပေါ်မှ အမြန်ခုန်ဆင်းခိုင်း၊ မဆွိတီတို့လို ပေါင်ချိန်ချင်သူတွေက ကမန်းကတန်း တက်ချိန်ရသည်။ ဤတွင် မဂျူဂျူသည်ကား ဇာတ်လိုက်။ သူမရှိရင် ဒီစက်ချိန်လို့မရ။ ဒီလိုပေါင်ချိန်စက်မျိုးဝယ်မိမှ သမီးလေးတစ်ယောက်မွေးထားသည်မှာ မွေးရကျိုးနပ်လှကြောင်း ဒေါ်ဆွိတီတို့ ရေးရေးကလေး သဘောပေါက်လေသည်။

ဂျူဂျူ့အကူအညီနှင့် ပေါင်ချိန်နည်းပညာက တစ်နှစ်လောက်တော့ အသုံးဝင်လိုက်သည်။ နောက်ပိုင်းတွင် ဤနည်းပညာလည်း မရတော့။ ပေါင်ချိန်စက်ကား ကြိုက်သလောက် တက်ချိန်၊ ကြိုက်တဲ့ နည်းပညာသုံး တုတ်တုတ်မျှ မလှုပ်တော့သောအချိန်ကို ရောက်လာသည်။ နောက်တစ်လုံးဝယ်ဘို့ကလည်း အိမ်မှာမရှိမဖြစ်ပစ္စည်းမှ မဟုတ်၍ မည်သူမှ စကားပင်မဟ။ ပေါင်ချိန်စက်လေး ကောင်းစားစဉ်အခါကတော့ အလေးချိန်ကို အမြဲစောင့်ကြည့်ကာ diet လုပ်သင့်တဲ့အခါလုပ်၊ ကိုယ့်ပုံမှန်အလေးချိန်ကို အမြဲထိမ်းသိမ်းထားနိုင်ခဲ့သည်။ ခုတော့ ကိုယ့်အလေးချိန် ဘယ်လောက်ရှိလို့ ရှိမှန်းလဲ မသိရ။ တစ်နေ့တခြား အင်္ကျီတွေ ကျပ်လာတာ၊ နေရထိုင်ရ လေးလာတာတော့ သတိထားမိနေသည်။ ဒီနေ့ အားလပ်ရက်မှို့ မနက်အိပ်ရာကထပြီး အိပ်ရာပေါ်တွင် ကိုယ့်ခြေထောက်က ခြေသလုံးတွေကြည့်မိကာ ... ပေါင်ချိန်စက်အသစ်တစ်လုံး ထပ်မ၀ယ်မိသည်ကို နောင်တရမိလေသည်။ ကိုးတောင်ဝတ်ကြီးကို ပူဆာဦးမှပါ။ ဒီကတော့ ဒစ်ဂျစ်တယ်မှ ဒစ်ဂျစ်တယ်ပဲ။ ခုချိန်ထိ တစ်ပြားမှ မလျော့သေး။ ။

Thursday, June 17, 2010

ငါးထမင်းချဉ် ၊ ထမင်းဆိမ့် ...

မြန်မာပြည်မှာ နေတုံးက ငါးထမင်းချဉ် တစ်ခါမှ မစားဖူးပါ။ ဒီရောက်တော့မှ သူငယ်ချင်းတစ်ယောက် အိမ်တက်အလှူမှာ စားရင်းကနေ ကြိုက်သွားလို့ အိမ်မှာ လုပ်စားဖြစ်ပါတယ်။ ကျောင်းမှာထဲက ခင်ဘူးတဲ့ ညီမလေးတစ်ယောက်ထံမှ ချက်နည်းကိုမေးထားတာပါ။

လူ ၄-၅ယောက်စာလောက်အတွက်ဖြစ်ပါတယ်။

ငါးထမင်းချဉ် နယ်ရန် အတွက် ...
ဈေးကနေ seabass ငါး အကောင်ကြီးကြီး တစ်ကောင်ဝယ်ပါတယ်။ တစ်ကေဂျီလောက်ဆို ရပါတယ်။
ငါးကို ဆိုင်မှာပဲ အကြေးထိုး၊၂ပိုင်းလောက်ဖြတ်ခိုင်းပြီး ငံပြာရည်၊ ဆား၊ နနွင်း၊ စပါးလင်နိုင်နိုင်နဲ့ ပြုတ်ပါတယ်။ ရေအများကြီးမထည့်ပဲ ရေခန်းလုနီးပါးပြုတ်ပါတယ်။ ပြီးရင် ငါး အသားချည်းရအောင် အရိုး နွှင်ပါတယ်။

Seabass ငါးကို မသိသူများအတွက် ပုံတင်ပေးလိုက်ပါတယ်။ စလုံးမှာတော့ ချိုတဲ့ ငါးတွေထဲမှာ ဈေးအသင့်တော်ဆုံးမှို့ မုန့်ဟင်းခါးချက်လဲ အဲဒီငါးပဲသုံးပါတယ်။ တစ်ကေဂျီ စလုံး ၈ကျပ်ကနေ-၁၂ကျပ် အလွန်ဆုံးပါပဲ။


Original picture link

ခရမ်းချဉ်သီး ၁ကေဂျီ လောက်ကိုလဲ ဆားနဲနဲနဲ့ ခရမ်းချဉ်သီး နူးအိပြီး အခွံကျွတ်သည်အထိ ရေခန်း ပြုတ်ပါတယ်။ ပြီးရင် အခွံခွါပါတယ်။ ခရမ်းချဉ်သီးကို ကြေသည်အထိ ဖိချေပြီး ရေတွေသိပ်များနေရင် ခရမ်းချဉ်သီး ပျစ်လာသည်အထိ မီးဖိုပေါ်ပြန်တည်ပါတယ်။

အာလူး ၇၀၀ ဂရမ် လောက်ကိုလဲ ပြုတ်ပြီး အခွံခွါထားပါတယ်။

ထမင်းကို ၄-၅ယောက်စာလောက် ပုံမှန်ထက်ပျော့အောင် ချက်ထားပါတယ်။

ပြီးရင် ငါးထမင်းချဉ် စနယ်ပါတော့မယ်။

ထမင်းတွေကို ဇလုံတစ်ခုထဲထည့်၊ ငါးအသားတွေထည့်၊ ခရမ်းချဉ်သီးအနှစ်ထည့်၊ အာလူးခွါထားတာအကုန်ရောထည့်၊ ငံပြာရည်ထည့်၊ အချိုမှုန့်သုံးတတ်ရင်လဲထည့်ပြီး အားလုံးရောနယ်ပါတယ်။ ခရမ်းချဉ်သီးက သိပ်မချဉ်ဘူးဆိုရင် သံပုရာသီးလေး အနည်းငယ် ညှစ်ထည့်ပြီးနယ်ပေးပါ။ လက်အိပ်လေးသုံးပြီးနယ်ရင်တော့ ကြာရှည်အထားခံပါတယ်။ နယ်ပြီး အရသာကောင်း၊ မကောင်းမြည်းကြည့်ပြီး လိုအပ်တာ ငံပြာရည်၊ အချိုမှုန့် အစရှိသည်ထပ်ထည့်ပြီး စေးကပ်လာအောင် နယ်ပေးပါ။ ပြီးရင် ထမင်း တစ်ဆုတ်စာလောက် အလုံးတွေ လုံးထားပါ။

ထမင်းဆိမ့် (သို့) ထမင်းဝါဆိုရင်တော့ ခရမ်းချဉ်သီး မထည့်ပဲ အထက်က အတိုင်းပဲနယ်ပါတယ်။ ပိုဝါသွားအောင် နနွင်းမှုန့်များများပါတဲ့ ဆီချက်လေးနဲ့ရောနယ်ပါတယ်။
ထမင်းချဉ်ကတော့ ခရမ်းချဉ်သီး အရောင်နဲ့ နဲနဲနီနေတာပေါ့။ အရောင်လေး ပိုလှချင်ရင် ငရုပ်သီး အရောင်တင်မှုန့်ကို ဆီနီလေးချက်ပြီး ရောနယ်ပါ။


ဟင်းချိုအတွက် ...
အသားနွှန်ပြီး ကျန်တဲ့ ငါးခေါင်းနဲ့ အရိုးတွေကို ပြုတ်ပြီး အရည်စစ်၊ ဂျင်း၊ ကြက်သွန်ဖြူဓားပြားရိုက်ထည့်၊ ငရုပ်ကောင်းမှုန့်ခပ်ပြီး ဟင်းချိုချက်ပါတယ်။ ပိုချိုအောင် ကြက်သွန်နီဥလေးတွေ အလုံးလိုက်နူးနေအောင် ထည့်ပြီး မီးအေးအေးနဲ့ တည်ပါတယ်။

ငါးထမင်းချဉ်နဲ့စားဖို့အတွက် အစာပလာတွေကတော့
ပဲပုတ်ပြား တွေကို ဆီနဲ့ ကြွပ်နေအာင်ကြော်။ တစ်ဝက်ကို ညက်နေအောင် ကျိတ်ထားပါ။ တစ်ဝက်ကတော့ ဒီတိုင်း ကြွပ်ကြွပ် ကိုက်စားဖို့ပါ။

ကြက်သွန်ဖြူ ကြွပ်ကြွပ်လေးဖြစ်အောင် နနွင်းမှုန့်လေးနဲ့ ဆီချက် ချက်ပါတယ်။

မြေပဲဆံ ကိုလဲ ဆီနဲနဲနဲ့ ကြွပ်နေအာင်ကြော်ထားပါတယ်။

ကြက်သွန်မြိတ် စိမ်းစိမ်းတွေ၊ နံနံပင်တွေကို ရိတ်ရိတ်လှီးထားပါတယ်။

ဂျူးမြစ် ရရင် ဂျူးမြစ်လေးတွေ ရေဆေး အနေတော်ဖြတ်ပြီး အဆင်သင့်ပြင်ထားပါ။

ကြက်သွန်နီ လေး ပါးပါးလှီး၊ သံပုရာသီးစိတ် လေးတွေပါ အအီပြေအောင် ပြင်ထားပါတယ်။

ခရမ်းချဉ်သီး ချေထားတာကိုလည်း ထမင်းချဉ်နဲ့ စားရအောင် ငရုပ်သီးအရောင်လေးနဲ့ ဆီနဲ့ ပြန်ချက်ထားပါတယ်။

ငရုပ်သီးကို အတောင့်လိုက်ကြော်၊ တစ်ဝက်ကို ထောင်းပြီး အကျက်မှုန့် လုပ်ထားပါ။




ပွဲပြင်ဖို့အတွက်
ပန်းကန်ပြားပေါ်မှာ ထမင်းချဉ်အနီတစ်လုံး အ၀ါတစ်လုံးထည့်။ အပေါ်က အဆာပလာတွေ နဲ့ လိုတာ စိတ်ကြိုက်ထည့်စားရမှာ ဖြစ်ပါတယ်။ (အိမ်မှာတော့ ထမင်းချဉ်ပဲကြိုက်လို့ ထမင်းဝါ မပါပါ။) ထမင်းချဉ်က ငါးနဲ့နယ်ထားတော့ အရသာက ချဉ်ဆိမ့်ဆိမ့်လေးပါ။ ထမင်းချဉ်လေးစားလိုက်၊ ငရုပ်သီးတောင့်ကြော်လေး ကိုက်လိုက်၊ ပဲပုတ်ကြွပ်ကြွပ်လေးဝါးလိုက်နဲ့ အလွန်အရသာရှိလှပါတယ်။

ဘလော့လာလည်သူများ စားကြပါဦးရှင် ...






ပုံများကို resolution ကောင်းကောင်းနဲ့တင်ထားပါတယ်။ ပုံကို ကလစ်ကြည့်နိုင်ပါတယ်။

Monday, June 14, 2010

ထြီဂို နော်မထြီလေး တစ်ပုဒ်


picture original link

၁၀တန်းစာမေးပွဲမှာ သင်္ချာကို အမှတ်အပြည့်နဲ့ အောင်ရမယ်။ ဆေးကျောင်းတက်မယ်လို့ မှန်းထားတဲ့ မိန်းခလေးတစ်ယောက်ဟာ သင်္ချာနေ့မှာ ခြေချော်လက်ချော်ဖြစ်ခဲ့တယ်။ သင်္ချာဖြေတိုင်း ၁၅မိနစ် နာရီဝက် စောပြီးတတ်တဲ့ မိန်းခလေးဟာ ... ဘ၀အတွက် အရေးကြီးဆုံးဆိုတဲ့ စာမေးပွဲနေ့မှာမှ ထြီဂိုမေးခွန်းတစ်ပုဒ် ဖြေမရတာနဲ့ ပျာယာခက်ပြီး စာတစ်ပုဒ်မှ ပြန်မစစ်နိုင်ခဲ့ဘူး။ စာမေးပွဲခန်းထဲက ထွက်လာတော့ သူ့ခြေထောက်တွေဟာ မြေကြီးနဲ့ ထိတယ်မထင်ဘူး။ စိတ်ဟာလူဆီမှာ မရှိဘူး၊ ကျောင်းရှေ့က လေတိုက်တိုင်း လွင့်နေတဲ့ သစ်ရွက်ကြွေတွေလို လေလွင့်ေ၀၀ါးနေခဲ့တယ်။ သွားပါပြီ။ မျှော်မှန်းထားသမျှ သဲထဲရေသွန်။

သစ်ပင်ရိပ်အောက်မှာစောင့်နေတဲ့ သူ့အမေရဲ့ "သမီး ... ဖြေနိုင်လား ... " ဆိုတဲ့ မေးခွန်းရဲ့နောက်မှာ မျက်ရည်တွေဟာ ထိန်းမရနိုင်အောင် တသွင်သွင်ကျတော့တယ်။ ရှိုက်ကာ ရှိုက်ကာ ငိုတော့တယ်။ သမီး၁၀တန်းဖြေမှာမှို့ ရုံးတွေဖျက်ပြီး လာစောင့်ပေးတဲ့ အမေ။ အကိုတွေကို အားမရခဲ့တဲ့အမေ။ အားကိုးရာ သမီးကလဲ အကိုတွေ ခြေလှမ်းနောက်လိုက်ပြီလား။ အမေ့ရဲ့အားပေးစကား၊ ဘေးက မဖြေနိုင်လို့ တရှုံ့ရှုံ့ငိုနေတဲ့ သူငယ်ချင်း၊ အဲဒီနေ့က သူအိမ်ကို ဘယ်လိုပြန်ရောက်မှန်း မသိလိုက်။ စာမေးပွဲတွေအားလုံးပြီးလို့ အေးဆေးဖြစ်သွားပြီ၊ စိတ်ငြိမ်သွားပြီဆိုမှ အဖြေတွေပြန်စစ်မိတယ်။ လွယ်တဲ့ပုစ္စာအချို့တောင် အပေါင်း အနှုတ်လေးတွေ ရှမ်းပြီး မှားနေတာ တွေ့ရပြန်တယ်။ ပြန်မှမစစ်ခဲ့ရသည်ကိုး။ ညအိပ်တော့ အိပ်မပျော်။ အိမ်မက်မက်ပြန်တော့ အဖြေလွှာထဲက မှားနေတဲ့ ပုစ္စာလေးတွေကို အမှားပြင်နေခဲ့တာ ညတိုင်းနီးပါး။

ဆေးကျောင်းအမှတ်ကို ဘယ်နှစ်မှတ်နဲ့ဖြတ်လိုက်တယ် ဆိုတာကို ကြားရတဲ့နေ့က သူအိမ်ရှေ့က ရေတွင်းလေးနားမှာ အ၀တ်တွေလျှော်နေခဲ့တယ်။ အမေက ရုံးကနေ အိမ်ရှေ့အိမ်ကိုဖုန်းဆက်ပြီး လှမ်းပြောတော့ သူဟာ ဒီတစ်သက် ဆေးကျောင်းနဲ့ဝေးပြီ။ တစ်ချိန်လုံးစိတ်ကူးယဉ်ခဲ့တဲ့ ဆရာဝန်ဘ၀တော့ မရောက်နိုင်တော့ပြီ ဆိုတာ သိလိုက်ရတယ်။ ငိုချလိုက်ရမည်လား။ လည်ချောင်းမှာ တစ်ဆို့ဆို့။ ငိုလို့လဲမရ။ အမှတ် ၃မှတ်က လူတစ်ယောက်ရဲ့ ဘ၀ကို ဆုံးဖြတ်ခဲ့သည်ကိုးလေ။

ဒီလိုနဲ့ သူဟာ ဘ၀ရဲ့စာမျက်နှာမှာ ဆေးစက်ကျရာ အရုပ်ဖော်ရင်း စက်မှုအင်ဂျင်နီယာတစ်ယောက် ဖြစ်လာခဲ့တယ်။ အင်ဂျင်နီယာ အပေါင်းအသင်း အသိုင်းအ၀ိုင်းများကြားမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တယ်။ တိုးတက်လှပါတယ်ဆိုတဲ့ နိုင်ငံရပ်ခြားကျွန်းမြို့လေးမှာ ကျောင်းဆက်တက်ပြီးတဲ့နောက် R&D ကုမ္ပဏီ တစ်ခုမှာ အလုပ်တွေလုပ်ရင်း လူ့လောကအတွက် အကျိုးပြုခဲ့တယ်။ သူ့ထက်စီနီယာကျတဲ့ အင်ဂျင်နီယာ အကိုကြီးတစ်ယောက်နဲ့ အကြောင်းဆက်ခဲ့တယ်။ တစ်လောကလုံးမှာ အချစ်ရဆုံးဆိုတဲ့ အသားညိုညို မျက်လုံးပြူးပြူးလေးနဲ့ သမီးလေးတစ်ယောက် လက်ဆောင်ရခဲ့တယ်။

အင်း ... တကယ်လို့သာ မိန်းခလေးဟာ သင်္ချာနေ့မှာ ထြီဂိုနော်မထြီပုစ္စာကို မျက်စိမလည်ပဲ တွက်တတ်ခဲ့ရင်၊ ဒါမှမဟုတ် ပုစ္စာအချို့ ကံကောင်းစွာနဲ့ မမှားခဲ့ဘူးဆိုရင် .... ဒါမှမဟုတ် ပြန်စစ်ဖို့ အခွင့်အရေးလေးများ ရခဲ့ရင် ....


မိန်းခလေးဟာ မြန်မာပြည်ရဲ့ ဒေသတစ်ခုခုမှာ GP ဆေးခန်းလေးဖွင့်လို့ ဆရာဝန်မတစ်ယောက် ဖြစ်နေမလား။ အိုဂျီတစ်ယောက်ဖြစ်နေမလား ... ခလေး အထူးကုလား ... ဒါမှမဟုတ် ကျောင်းမပြီးပဲ တစ်ခြားအသက်မွေးဝမ်းကျောင်းတစ်ခုခုဘက် ရောက်သွားမလား။ စီးပွားရေးသမား ဖြစ်နေမလား။ ကျောင်းတစ်ဝက်တပျက်နဲ့ အိမ်ထောင်ကျ၊ ယောက်ျားနှိပ်စက်ခံဘ၀ပဲ ရောက်နေမလား။ ဒါမှမဟုတ် အပျိုကြီလား။ .......... လား ................. လား .....

အဖြစ်နိုင်ဆုံးကတော့ အင်ဂျင်နီယာ အသိုင်းအ၀ိုင်းမှာ ကျင်လည်ဖို့ မဖြစ်နိုင်သလို၊ အင်ဂျင်နီယာ အကိုကြီးတစ်ယောက်ဆိုတာလဲ သူဘ၀မှာ ကြုံဆုံဖို့ရာ မဖြစ်နိုင်တော့ပြီ။ သူ့အဖေနဲ့ ချွတ်ဆွတ်တူလှပါသည်လို့ လူတိုင်းကပြောရတဲ့ မျက်လုံးပြူးပြူးလေးနဲ့ သမီးလေးဆိုတာလဲ သူ့ဘ၀မှာ ဖြစ်တည်လာမည်မဟုတ်။ ဒီသမီးလေး အကြောင်း ဒီဘလော့ စာမျက်နှာတွေပေါ် စာဖွဲ့ဖို့ရာ မရှိပြီ။ ဒီ၃မှတ်အတွက် ဆုံးရှုံးမှုက ခုလက်ရှိအနေအထားအရ ဂျူဂျူဆိုတဲ့ ချစ်စရာသမီးလေးတစ်ယောက် ပိုင်ဆိုင်တာနဲ့တင် တန်နေပြီလို့ သူတွေးမိနေတော့တယ်။


၁၀တန်းစာမေးပွဲက လူတွေရဲ့ ဘ၀တွေကို ဆုံးဖြတ်တယ်တဲ့ ...
ထြီဂိုနော်မထြီလေးတစ်ပုဒ်က သူ့ဘ၀ကို ဆုံးဖြတ်ခဲ့တာလို့ ခုထိထင်နေတုန်း ....

(မနေ့ကထွက်သွားတဲ့ ၁၀တန်း အောင်စာရင်းနောက်ကွယ်က ဘ၀တစ်ဆစ်ချိုးကြမည့် သူများအားလုံးအတွက် ...)

Sunday, June 6, 2010

ဂျူဂျူ နဲ့ Holiday

ဂျူဂျူတို့ကျောင်းတွေ Mid term တစ်လပိတ်ထားပါတယ်။ ပထမ စစပိတ်ချင်း ၃-၄ရက်တော့ ဂျူဂျူတို့ အလွန်ပျော်ပါတယ်။ တရုတ်ဆရာမကလဲ သူ့စာမေးပွဲရှိလို့ မလာ။ အင်္ဂလိပ်စာကျူရှင်ကလဲ ကျောင်းပိတ်ရက် ခလေးတွေ နားရအောင်ဆို အိမ်စာ မပေး။ ပီယာနိုကလဲ တစ်ပတ် ပိတ်ထားတော့တစ်နေလုံးနေမှ စာဆိုလို့ ကူမွန်က သင်္ချာ ၁၅ မိနစ်လောက်လုပ်ရင် ပြီးပါပြီင်္။ ဒီတော့ ဂျူဂျူတို့ တီဗီကြည့်လိုက် ကစားစရာတွေ မျိုးစုံထုတ်ဆော့လိုက်နဲ့ တစ်နေကုန်ပါတယ်။

နောက်တော့ ဆော့ရပါများတော့ တဖြေးဖြေးပျင်းလာပါတယ်။ တစ်နေကုန်ဆော့ထား မအေရုံးကပြန်ရောက်ရင် မအေအခန်းထဲလာ၊ တီဗီကြည့်၊ ပျင်းလာတော့ တီဗီပိတ်။ အမေနားကပ်လိုက်၊အမေပေါ်တက် ချွဲလိုက်၊ ခဏနေပြန် လှဲနေလိုက် သက်ပျင်းတချချနဲ့၊ ဟဲ့ သမီး ဘာဖြစ်နေတာလဲ ဆိုတော့ ပျင်းလို့ပါတဲ့။ (ဒါတောင်ညနေဘက် သူ့အဒေါ်နဲ့ ကစားကွင်းမှာ ၁နာရီလောက်သွားဆော့ပြီးသားပါ။ ) နောက်တော့ မေးပါသေးတယ်၊ မေမေ ဂျူဂျူဘာလုပ်ရမလဲတဲ့။ ဒါနဲ့ကိုယ်လဲ သနားတာနဲ့ သူနဲ့အတူ လိုက်ဆော့ရပါတယ်။ Scrabble တို့ Bingo တို့၊ Jigsaw puzzle တို့ အစုံပါပဲ။ Doh play လေးတွေ ရောင်စုံဝယ်ပြီးလဲ အရုပ်မျိုးစုံလုပ် ကစားပါတယ်။ ပလက်စတစ် အိုးခွက်တွေနဲ့လဲ ဈေးရောင်းတိုင်း ဆော့ပါတယ်။

ဂျူဂျူ့ရဲ့ဆိုင်ပါ။

သူ့ဟာသူရေးပြီး သူ့ဟာသူချုပ်ထားတဲ့ မင်နူးစာအုပ်ပါ။ မင်နူးဖတ်ပြီး စားချင်တာမှာရတာပါ။ မှာလိုက်ရင် ဘောပင်တစ်ချောင်းနဲ့ ဟန်ပါပါ လိုက်မှတ်နေပါသေးတယ်။ ပြီးတော့ လက်မှတ်ထိုးပါတယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် လက်မှတ်ထိုးတာလဲ အလွန်ဝါသနာပါပါတယ်။ လှန်ရင်းနဲ့ နောက်ဆုံး ဒီစာမျက်နှာရောက်တော့ ရယ်ချင်သွားပါတယ်။ အဲဒီ ဖုံးနံပါတ် သူဘယ်ကရလဲ မသိပါဘူး။ နောက်ပိုင်းကျ အဲဒီကစားနည်းတွေလဲ ပျင်းလာပါပြီ။ ဒီတော့ သူနေ့ခင်းပျင်းမှာစိုးလို့ မအေလုပ်သူက သူ့အတွက် Gmail အကောင့်လေးဖွင့်ပြီး သူ့ဆီ animation ပို့စကတ် လေးတွေ ပို့ပေးရပါတယ်။ ပို့စကတ်လေးတွေ ဖွင့်ကြည့် animation ပုံလေးတွေကြည့်ပြီး ပျော်နေပါတယ်။ ဒါလဲ ၂ရက်လားပဲ ခံပါတယ်။ သူပျင်းလာပြန်တယ်။

ဒါနဲ့ ကွန်ပြူတာထဲက ဂိမ်းတွေဆော့ခိုင်းရပြန်ပါတယ်။ ခုနောက်ဆုံးအဆင့်ကတော့ မအေရဲ့ အိုင်ဖုန်းက ဂိမ်းတွေဆော့ပါတယ်။ JIMJAM လို့ခေါ်တဲ့ ခလေးချယ်နယ်က ကာတွန်းကားတွေကြည့်ပါတယ်။ အခု ငါးမွေးတဲ့ ဂိမ်းဆော့နေတာ ငါး၂ကောင်မွေးထားပါတယ်။ ငါးတွေကို အစာကျွေးမှ ကြီးမှာ၊ ခလေးလဲမွေးမှာဆိုတော့ အတော်တော် စိတ်ဝင်စားနေတယ်။ ၈နာရီလောက်မှ တစ်ခါ ကျွေးရမှာကို ၀ိရိယကောင်းပြီး နဲနဲလေး Hungry ဖြစ်တာနဲ့ ကျွေးတော့တာပဲ။ မအေကိုလဲ ရုံးရောက်ရင် သူ့ငါးလေးတွေ အစာကျွေးပေးဖို့ တဖွဖွမှာပါတယ်။ နောက် pet pet ဆိုတဲ့ အကောင်မွေးတဲ့ ဂိမ်းလဲ ဆော့နေပါသေးတယ်။
နောက်သူကြိုက်တဲ့ဂိမ်းတစ်ခုက ကြောင်လေးတွေအသံနဲ့ ပီယာနိုတီးရတာပါ။ Cat Chorus lite အသံလေးတွေက ချစ်စရာလေးတွေအပြင် ရယ်စရာလဲကောင်းပါတယ်။

အပေါ်က တိုက်ရိုက်လင့်ခ်မရလျင် ဒီလင့်ခ်ကို ကလစ်ပါ။


">

အပေါ်က တိုက်ရိုက်လင့်ခ်မရလျင် ဒီလင့်ခ်ကို ကလစ်ပါ။

ပြီးခဲ့တဲ့အပတ်ကတော့ မဂျူဂျူတို့ စာမေးပွဲမှာ အဆင့်လေးမဆိုးလို့ ဂုဏ်ပြုတဲ့ အနေနဲ့ Shrek forever after 3D လိုက်ပြပါတယ်။ ရုပ်ရှင်ရုံထဲမှာ တောကျကျသားအမိ၂ယောက် ဓာတ်ပုံတွေ ရိုက်နေတာမြင်ရင် အဲဒါ ဒေါ်ဆွိတီတို့ သားအမိပါပဲ။ ဂျူဂျူတို့ ပျော်လားမပျော်လား ပုံကိုသာကြည့်ကြပါတော့။




Tuesday, June 1, 2010

နွားနို့ခဲပြုလုပ်နည်းနှင့် နွားနို့ခဲချက်

မနေ့က သူငယ်ချင်း အကြည် (ချစ်ကြည်အေး) ရဲ့ဘလော့မှာ နွားနို့ခဲချက်လေးတွေ့လိုက်မှ ဒီနွားနို့ခဲအကြောင်း ပို့စ်တင်ဖို့ သတိရပါတယ်။ ငယ်ငယ်က အဘွားအညာက ပြန်လာမှ စားရတဲ့ နွားနို့ခဲပါ။ နွားနို့ခဲကို မြန်မာပြည်မှာတော့ နွားမွေးတဲ့ အညာဒေသတွေမှာ ပိုပေါပါတယ်။ မုရိုးပင်ကထွက်တဲ့ မုရိုးအစေးနဲ့ လုပ်ရတဲ့အကြောင်း အဖွားပြောဘူးလို့ ရန်ကုန်အိမ်နားမှာလဲ မုရိုးပင်ရှိတာနဲ့ ရန်ကုန်မှာလဲ လုပ်စားဘူးပါတယ်။

စလုံးရောက်တော့ နွားနို့ခဲချက်စားချင်လို့ ချင်ချင်းတက်ပါတယ်။ မုရိုးပင်ကလည်း ဘယ်မှရှာမတွေ့တာနဲ့ သံပုရာသီးအချဉ်နဲ့ ညှစ်ပြီး နွားနို့ခဲအောင်လုပ်ပါတယ်။ ဟိုတစ်လောကတော့ တိုက်တိုက်ဆိုင်ဆိုင် အိမ်ဘေးက အန်းမားကြီး စိုက်ခင်းထဲမှာ မုရိုးပင်တစ်ပင်တွေ့တာနဲ့ အဆင်ပြေသွားပါတယ်။

မုရိုးပင်ကို ရုက္ခဗေဒနာမည်ကတော့ Calotropis procera gigantean လို့ခေါ်ပါတယ်။ ခရမ်းရောင်အပွင့်လေးတွေ ပွင့်ပါတယ်။ အစေးကအဖြူရောင်နဲ့ အစေးထွက်သန်တဲ့ အပင်မျိုးပါ။ အောက်ကပုံလေးကတော့ အန်းမားရဲ့ စိုက်ခင်းက အပင်လေးပါ။


မုရိုးစေးနဲ့ လုပ်တဲ့ နွားနို့ခဲက ပိုပျော့ပျောင်းပြီး ပိုကောင်းပါတယ်။ သံပုရာသီးနဲ့ကျတော့ နဲနဲပိုမာပါတယ်။ မုရိုးစေးမရနိုင်သူတွေအတွက်
သံပုရာသီး တစ်လုံးလောက်နဲ့ နွားနို့ခဲချက် လတ်လတ်ဆပ်ဆပ် လုပ်စားလို့ရပြီဖြစ်တဲ့အကြောင်း သက်သက်လွတ်စားသူများအတွက် ရော သတင်းကောင်းပါးအပ်ပါတယ်။ သံပုရာသီးနဲ့ ခဲပေမဲ့ အချဉ်အရသာလုံးဝမရှိပါဘူး။ အောက်ကပုံတွေကတော့ သံပုရာသီးနဲ့ လုပ်တဲ့ နွားနို့ခဲ ပုံတွေပါ။

နွားနို့ ၂လီတာဘူးကြီးတစ်ဘူးဝယ်ပါတယ်။



သံပုရာသီး အရွယ်လတ် တစ်လုံးခွဲလောက်ကို အစေ့များဖယ်၍ အရည်ချည်း သတ်သတ်ရအောင် ညှစ်ထားပါတယ်။
အိုးဇောက်နက်နက်ထဲနွားနို့ထည့်ပါတယ်။ သံပုရာရည်ကိုလည်းထည့်ပြီး တစ်မိနစ်လောက် နှံ့အောင်မွှေပါ။ (ဒီနေရာမှာ မုရိုးစေးဆိုရင်တော့ အပင်မှ လတ်လတ်ဆပ်ဆပ်ခူးထားတဲ့ မရိုးကိုင်းလေးတွေက အစေး ၃-၄စက်လောက် နွားနို့အိုးထဲချပြီး နှံ့အောင်မွှေပေးရပါတယ်။)

မီးအနေတော် (Medium) လောက်မှာ နွားနို့အိုးတည်ပြီး ဇွန်းနဲ့ အဆက်မပျက်မွှေပေးပါတယ်။



နွားနို့ပွက်ပွက်ဆူလာရင် ဝေကျမှာစိုးလို့ မီးနည်းနည်းလျော့ပြီး ဆက်မွှေပါ။ (ပထမ အနယ်မကျလို့ စိတ်မပူပါနဲ့။ ပွက်ပွက်ဆူမှ အနယ်က စကျမှာပါ၊) နွားနို့ဖတ် အဖတ်အဖတ်ကလေးများ အနည်ကျကာ အရည်သတ်သတ်၊ အဖတ်သတ်သတ်ဖြစ်လာရင် အိုးမီးဖိုပေါ်မှချပါ။ ဆား လက်ဖက်ရည်ဇွန်းမောက်မောက်လောက် ထည့်ပြီး မွှေပေးပါ။

လက်သုတ်ပုဝါလို ပိတ်ကြမ်းစကို အောက်မှာခံပြီး အဖတ်တွေကိုစစ်ယူပါ ...


အရည်တွေကိုလည်း လွှင့်မပစ်ပါနှင့် ... အရည်ကလဲချိုပါတယ် ... သောက်လို့ရပါတယ် ... နောက် ဟင်းချက်ရင် ဒီအရည်လေးတွေ ထည့်ချက်တော့ ပိုကောင်းပါတယ်။

နွားနို့ဖတ်တွေ စစ်ယူထားတဲ့ အ၀တ်ကို အပေါ်ကကြိုးနဲ့စည်း အောက်ကအမာတစ်ခုခံ အပေါ်က ငရုပ်ဆုံလို လေးတာနဲ့ ဖိပြီး ရေစစ်ပြီးခဲတဲ့အထိစောင့်ပါ ... ညကဖိထားရင် မနက်ခင်းကျရင် တော်တော်မာပြီးခဲနေပါပြီ ... နေ့ခင်းလုပ်တယ်ဆိုရင်တော့ ၃-၄နာရီလောက်ဖိရင်ကို ရပါတယ်။

နွားနို့၂လီတာလောက်လုပ်မှ ပဲပင်ပေါက်နဲ့ကြော်တဲ့ပဲပြားတစ်ခုစာလောက်ပဲရပါတယ် .


ကြာရှည်ခံပြီး ပိုမွှေးသွားအောင် ဒယ်အိုးထဲ ဆီပါလေကာထည့်ပြီး လှိမ့်ပါတယ်။


ပြီးရင် ဟင်းချက်ဖို့ အဆင်သင့်ဖြစ်အောင် အတုံးလေးတွေတုံးထားပါ။


နွားနို့ခဲချက်နည်း

လိုတဲ့ပစ္စည်းတွေက ...
ခုနက ခဲထားတဲ့ နွားနို့ခဲလေးတွေကို လက်မ၀က် ပတ် လည်လောက်
အတုံးလေးတွေလှီးပြီးဆား၊ ပဲငံပြာရည်အကြည်ရည်နဲ့ အသာနယ်ထားပါ ...
ကြက်သွန်နီ အလုံးကြီးတစ်လုံးလောက်ကို ပါးပါးလှီးထားပါ ...
ကြက်သွန်ဖြူ၅မွှာလောက် ညက်ညက်ထောင်းထားပါ ...
ခရမ်းချဉ်သီး အလုံးကြီး ၅လုံးလောက် လှီးထားပါ ...
ငရုပ်သီးအစိမ်း ၃တောင့်လောက်ထက်ခြမ်း ခြမ်းထားပါ ...
နံနံပင် ၃-၄ပင် ထက်ပိုင်းချိုးထားပါ ...
ငရုပ်သီးအရောင်တင်မှုန့် ဟင်းချိုသောက်ဇွန်းနဲ့တစ်ဇွန်း ...

ဆီ ဇွန်းကြီး ၁ဇွန်းခွဲလောက်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်တင်ပါ ...
ဆီကျက်ရင် ဆနွင်းမှုန့်လေးနဲနဲထည့်ပြီး လှီးထားတဲ့ကြက်သွန်နီတွေထည့်ပါ ...
ကြက်သွန်နီနွမ်းရင် ကြက်သွန်ဖြူထောင်းထားတာလေးတွေပါရောပြီး ဆီသတ်ပါ ...
ရွှေဝါရောင်သန်းပြီး မွှေးလာရင် မီးနည်းနည်းလျှော့ပြီး ငရုပ်သီးအရောင်တင်မှုန့်ထည့်ပါ ...
ငရုပ်သီးမတူးခင် ခရမ်းချဉ်သီးလှီးထားတာလေးတွေထည့်ပြီး ခရမ်းချဉ်သီးနွမ်းလာရင် နွားနို့ခဲလေးတွေထည့်၊ ပဲငံပြာရည်၊ ဆား၊ အချိုမှုန့် သင့်သလိုထည့်ပြီးးခရမ်းချဉ်သီး အနှစ်ထဲမှာ နွားနို့ခဲလေးတွေ မြုတ်အောင်အသာလေးမွှေပေးပါ ...
ရေခမ်းပြီးဆီသံဖျစ်ဖျစ်ကြားရင် ခုနကစစ်ထားတဲ့နွားနို့အရည်နဲနဲထပ်ထည့်ပြီး နွားနို့ခဲလေးတွေထဲ ဆားအချိုမှုန့်ဝင်သွားအောင် ၅မိနစ်လောက် ထပ်ထည်ပါ ... ရေခမ်းခါနီးရင် ငရုပ်သီးစိမ်း ...နံနံပင်လေး အပေါ်ကအုပ် ပြီးချလို့ရပါပြီ ...

ဟင်းချက်တဲ့ပုံလေးတွေ တင်ပေးလိုက်ပါတယ်။
ဗူးညွန့်၊ပြည်ပန်းညို၊ ဒန့်သလွန်ညွန့် အစရှိသဖြင့် ဟင်းရွက်မျိုးစုံနဲ့ချက်ထားတဲ့ ဟင်းရွက်စိမ်းဟင်းချိုနဲ့ လိုက်ဖက်ပါတယ်။




နွားနို့ခဲကို ကြက်သွန်ဖြူနီလေးနဲ့ ကြော်ချက်လေးလုပ်စားလဲ ဆိမ့်ဆိမ့်လေး စားကောင်းပါတယ်။