Thursday, February 24, 2011

အော်ဇီ ပီအာ လျှောက်ရအောင် (၁) ...


ဒီပို့စ်လေးကတော့ လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်က ဦးခြိမ့် အော်ဇီ မြန်မာ အင်ဂျင်နီယာများ အသင်း (MEAA) စာစောင်မှာ ရေးခဲ့တဲ့ပို့စ်လေးပါ။ အဲဒါလေးတင်မယ်ဆိုတော့ ဦးခြိမ့်က Rule တွေ ပြောင်းကုန်ပြီ မတူတော့ဘူးဆိုတာနဲ့ မတင်ဖြစ်တာ။ မနေ့ကမှ သူငယ်ချင်းတွေရော၊ ဘလော့ဖတ်သူတွေပါ မေးကြလွန်းလို့ ပြန်ဖတ်လိုက်တော့ အဲဒါက ဒီနှစ် ဇူလိုင်လ ၁ရက်နေ့မတိုင်မီ အထိ အကျုံးဝင်သေးတယ်ခင်ဗျ။
Rule အသစ် (new point system )နဲ့လျှောက်တဲ့ လျှောက်လွှာတွေကိုတော့ ဇူလိုင် (၁) ရက်နေ့နောက်ပိုင်းမှ စ လက်ခံမှာပါ။

အသစ်နဲ့ အဟောင်း ဘာကွာလဲမေးရင် အသစ်က အသက်ကြီးတဲ့သူတွေ ၄၅နှစ်အထက်တွေပါ လျှောက်လို့ရအောင် လုပ်ပေးထားတယ်။ နောက် လူတစ်ယောက်ရဲ့ အလုပ် (occupation) ပေါ်မှာ လုံးဝမီခိုနေအောင် လုပ်မထားဘူး။ ဘာလို့လဲဆိုတော့ rule အဟောင်းက လူတစ်ယောက်ရဲ့ အလုပ်က သူတို့နိုင်ငံမှာ အသိအမှတ်ပြုတယ် skillfull ဖြစ်တယ်ဆိုတာနဲ့ အမှတ် ၄၀ ကနေ ၆၀ အထိတောင် ပေးထားတာကိုး။ စုစုပေါင်း အောင်မှတ်က ၁၂၀ ဆိုရင် တစ်ဝက်က occupation နဲ့ဆိုင်တာဖြစ်နေပြီ။ အဲဒါကို review ပြန်လုပ်ပြီး အသစ်ကို ပြောင်းရေးထားတာပါ။ အသစ်အတွက် အောင်မှတ်က ၆၅ မှတ်လို့ ခန့်မှန်းချေ ပြောထားပါတယ်။ အတိအကျ မထွက်သေးပါဘူး။

မဆွိတီတို့ လျှောက်တုံးကတော့ အေးဂျင့်ကို အပ်လိုက်ပါတယ်။ အေးဂျင့် fees စလုံး ၄၀၀၀လောက်နဲ့ တရားဝင် လျှောက်ခ အော်ဇီ၂၅၇၅ ၊ နောက် ရှေ့နေခ စလုံး၁၅၀၊ state sponsor ship စလုံး၁၅၀၊ (175 နဲ့ အမှတ်မပြည့်လို့ 176 နဲ့လျှောက်တော့ state sponser ကြေး ပေးရတာပါ) ၊ အော်ဇီ အင်ဂျင်နီယာအသင်း အသိအမှတ်ပြုလက်မှတ် စလုံး၁၅၀၀ စုစုပေါင်း စလုံးငွေ တစ်သောင်းလောက်ကျပါတယ်။

ခုအောက်မှာ ရေးထားတဲ့ ပို့စ်က Rule အဟောင်းအတွက်ဖြစ်ပြီး ဇူလိုင် ၁ရက်နေ့ မတိုင်မီအထိ လျှောက်လို့ရပါတယ်။ ဒါပေမဲ့ ပညာရေးအတွက် certify လုပ်ဖို့က ခန့်မှန်းချေ ၄လ လောက်ကြာတော့ မြန်မြန်လျှောက်မှ အချိန်မီနိုင်ပါတယ်တဲ့။
---------------------------------------------------------------------------------------------------------------------

အော်ဇီ ပီအာ လျှောက်ခြင်း ...
Aussie PR Application Articles (old point system) (must apply before 1st July 2011)


သူငယ်ချင်းတစ်ယောက်က MEAA သတင်းလွှာမှာ စာရေးပါအုံး ဆိုတော့ ဘာရေးရမလဲ စဉ်းစားရင်နဲ့ လောလောလတ်လတ် အော်စီ Migration နဲ့ပတ်သက်ပြီး လုပ်လာတာဆိုတော့ အဲဒီအပိုင်းကို ရေးပြဖို့ ပိုပြီး စိတ်ဝင်စားသွားမိတယ်။ တကယ်တမ်းဆိုရင်တော့ ကျွန်တော်သိတဲ့ အော်စီ Migration လုပ်တာကို သိတာက အပိုင်းလေးတပိုင်းပဲ သိတယ်လေ။ အော်စီကို ကျောင်းသားအဖြစ် လာပြီးမှ ပီအာလျှောက်တာတွေ၊ တခြားနည်းလမ်းတွေလဲ အများကြီးပါပဲ။ ကျွန်တော်သိထားတာကတော့ အော်စီကို Skilled Migrant Visa နဲ့ ပီအာလျှောက်ပြီးမှ လာတဲ့ လမ်းကြောင်းပဲ သိတာဆိုတော့ အဲဒီအပိုင်းကိုပဲ ဖတ်တဲ့သူတွေ ဗဟုသုတရအောင် နဲ့ လျှောက်တဲ့နေရာမှာ အထောက်အကူတခုအဖြစ် ရသွားတယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်။

အော်စီ ဗီဇာ လျှောက်တော့မယ်ဆိုရင်တော့ သူက တခြားနိုင်ငံတွေလိုမဟုတ်ပဲ လျှောက်ရတဲ့ လမ်းစဉ်က အနည်းငယ်ရှုပ်ထွေးတယ်။ ပြီးတော့ သူတို့ ဥပဒေတွေကလည်း ၆လတခါလောက် အမြဲ ပြောင်းလဲနေတတ်တာဆိုတော့ မျက်ခြေမပြတ် လေ့လာနေဖို့လိုအပ်တာပေါ့။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ General Skill Migration နဲ့ ပတ်သက်ပြီး ဥပဒေတွေ ပြောင်းလဲလိုက်သည်။ အဓိက ပြောင်းလဲဖြစ်တာကတော့ SOL (Skilled Occupation List) ကို ပြောင်းလဲသတ်မှတ်တာပေါ့။ အဲဒီ list ကို http://www.immi.gov.au/allforms/pdf/1121i.pdf မှာကြည့်နိုင်ပါသည်။ အခုလောလောဆယ်တော့ အဲဒီ List က Update မလုပ်ရသေးဘူး။ မကြာမကြာ ကြည့်ပါ။ ပြောင်းတတ်ပါသည်။

General Skill Migration အတွက် လျှောက်တော့မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ အဓိကလုပ်ရမှာက ကိုယ်က အမှတ်ဘယ်လောက်ရသလဲဆိုတာ အရင်စစ်ဆေးရမှာဖြစ်ပါသည်။ Point System လို့ခေါ်ပါတယ်။ ကိုယ်လျှောက်မဲ့ ဗီဇာ အမျိုးအစားပေါ်မှာ မူတည်ပြီးတော့ သူတို့ သတ်မှတ်ထားတဲ့ အမှတ်ရမှ လျှောက်သင့်တယ်လို့ အကြံပေးပါရစေ။ အဲဒီလိုအမှတ်တွက်တာကို ဘယ်ပွဲစားမှ ဆက်သွယ်စရာမလိုပါဘူး။ ကိုယ့်ဘာသာကိုယ် တွက်ကြည့်လို့ရပါတယ်။ အသေးစိတ်ကို အောက်မှာ ရှင်းပြပေးပါမယ်။

အမှတ်တွက်ကြည့်ရအောင် (Point System Calculation)
General Skill Migrant Visa မှာ အမြင့်ဆုံးဖြစ်တဲ့ Skilled Independent Visa (Class VE, subclass 175) ကိုလျှောက်တော့မယ်ဆိုရင် အမှတ် ၁၂၀ အပြည့်ရမှ လျှောက်လို့ရပါတယ်။ အောက်ကလင့်ခ်မှာ အသေးစိတ် ရေးထားပါတယ်။
http://www.immi.gov.au/skilled/general-skilled-migration/points-test.htm

အောက်ကလင့်ခ်မှာ အကြမ်းဖျင်း သွားတွက်ကြည့်နိုင်ပါတယ်။
http://www.immi.gov.au/skilled/general-skilled-migration/175/eligibility-applicant.htm


တခြားအဆင့်တွေကိုလဲ ဆက်လက်ပြောပြပါမယ်။ အခုလောလောဆယ် အမှတ်တွေကို ဘယ်လို အရယူတွက်ချက်ရမလဲဆိုတာ ပြောပြရရင်

၁။ Occupational (အလုပ်အကိုင်) ။ အပေါ်မှာ ပေးထားတဲ့လင့်ကိုနှိပ်လိုက်ရင် Skill ပေါ်မှာ မူတည်ပြီးတော့ အမှတ်တွေပေးထားပါတယ်။ အမှတ်၆၀၊ ၅၀ နဲ့ ၄၀ အဆင့်ဆင့်ပေါ့။ အဓိက ကြည့်ရမှာက ကိုယ်ရဲ့ အလုပ်အကိုင်က SOL List မှာ ပါသလားကိုကြည့်ဖို့လိုအပ်ပါတယ်။

ဥပမာအနေနဲ့ ပြောရရင် ဆရာဝန်တွေဆိုရင် သူတို့ သတ်မှတ်ထားတဲ့ နေရာကနေ အသိအမှတ်ပြုတယ်ဆိုရင် အမှတ်၆၀၊ အင်ဂျင်နီယာ တွေဆိုရင် Australian Engineer အဖွဲ့က သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်စုံရင် ၆၀၊ ကွန်ပြူတာအိုင်တီသမားတွေဆိုရင် Software Developer တို့ဆိုရင် ACS (Australian Computer Society) က အသိအမှတ်ပြု (Assessment) လုပ်ထားမယ်ဆိုရင် အမှတ် ၆၀၊ စသည်ဖြင့် ရှိပါတယ်။

၂။ ဒုတိယအရေးအကြီးဆုံးလို့ ဆိုရမဲ့ အချက်အလက်ကတော့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု (higher English Language ability) ပဲ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းက မနိမ့်ကျပါဘူး။ ဒါပေမဲ့လည်း သူတို့ သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကို တိုင်းတာတဲ့ အရာက IELTS ပါပဲ။ မြန်မာတော်တော်များများ IELTS ကို ဖြေဖို့ ၀န်လေးကြပါတယ်။ တကယ်တမ်း IELTS ဖြေဆိုတာ သိပ်မခက်ခဲလှပေမဲ့ အမှတ်များများရအောင် ဖြေဖို့တော့ ခက်ပါတယ်။ IELTS Result ပေါ်မှာ ကြည့်ပြီး အမှတ်ပေးတာမိုလို့ IELTS ကို လည်း လေးလေးနက်နက် ဖြေစေလိုပါတယ်။

IELTS ကို ဖြေဆိုတဲ့ နေရာမှာ Academic Category မဟုတ်ပဲ General Category ကိုသာ ရွေးချယ်ပါ။ အဲဒါက လွယ်ပါတယ်။
IELTS Band Score 7 (not average, every subject should score 7 and above) = ၂၅ မှတ်
IELTS Band score 6 (not average, every subject should score 6 and above)= ၁၅ မှတ်

၃။ အသက်အရွယ်။ နိုင်ငံတခုက သူ့နိုင်ငံမှာ အခြေချနေလိုတဲ့ လူတွေကို လက်ခံမယ်ဆိုရင် အသက်အရွယ် ငယ်ရွယ်သူတွေကို ဦးစားပေးတာ သဘာဝပါပဲ။ အသက်အရွယ် ငယ်ရွယ်စဉ်မှာ သူနိုင်ငံကို ရောက်ရှိမယ်ဆိုရင် သဘောကျတာပေါ့။ ဒါကြောင့် Migrant လုပ်ဖို့ စဉ်းစားပြီဆိုရင် ငယ်ရွယ်စဉ်မှာ ပြတ်ပြတ်သားသား စဉ်းစားပြီး လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။

အသက် ၁၈ နှစ်မှ ၂၉ နှစ်အထိ = အမှတ် ၃၀
အသက် ၃၀ နှစ်မှ ၃၄ နှစ်အထိ = အမှတ် ၂၅
အသက် ၃၅ နှစ်မှ ၃၉ နှစ်အထိ = အမှတ် ၂၀ နဲ့
အသက် ၄၀ နှစ်မှ ၄၄ နှစ်အထိ = အမှတ် ၁၅ တို့ဖြစ်ပါတယ်။

၎။ အလုပ်အတွေ့အကြုံ ။ လုပ်သက်ဆုလို့ ပြောရရပါတယ်။ အပေါ်က အမှတ်စဉ် ၁ မှာ ရှင်းပြထားတဲ့ SOL List ထဲက အလုပ်တွေထဲမှာ အမှတ် ၆၀ ရတဲ့ အလုပ်ကို လုပ်သက် ၃ နှစ်ထက် ပိုပြီး အတွေ့အကြုံ ရှိဖူးတယ်ဆိုရင် ၁၀ မှတ်နဲ့ ၊ အမှတ် ၅၀ သို့မဟုတ် အမှတ် ၄၀ ရတဲ့ အလုပ်တွေမှာ ၃ နှစ် အလုပ်အတွေ့အကြုံ ရှိတဲ့ အလုပ် လုပ်ဖူးတယ်ဆိုရင် ၅ မှတ် ရပါတယ်။

ဒီနေရာမှာ သက်သေပြဖို့ လိုအပ်တာကတော့ ကုမ္ပဏီက ထောက်ခံစာ၊ pay slip ၊ ကိုယ်လုပ်တဲ့ အလုပ်မှာ တာဝန်ယူရတဲ့ Responsibilities အနည်းဆုံး ၅ ခုနဲ့ ကိုယ်ရဲ့လုပ်သက်တွေကို သေသေချာချာ ရေးသား ပြီး တင်ပြရပါတယ်။

၅။ ၾသစေတ်းလ် ရဲ့ လက်ရှိကာလမှာ လိုအပ်နေတဲ့ အလုပ်အတွေ့အကြုံ။ ဒါကတော့ Migration Occupational Demand List လို့ခေါ်ပါတယ်။ အခုလောလောဆယ် အဲဒီစာရင်းထဲမှာ ပါနေတဲ့ သူတွေကို သြစတျေးလျက လိုအပ်နေပါတယ်။ အဲဒီ အလုပ်အကိုင်များနဲ့ လုပ်သက် အတွေ့အကြုံ အနည်းဆုံး ၁ နှစ်ရှိတယ်ဆိုရင် ကိုယ့်ရဲ့ အမှတ်တွေထဲမှာ နောက်ထပ် ၁၀ မှတ် ပေါင်းထည့်လို့ရပါတယ်။ အဲဒီလိုအပ်နေတဲ့ စာရင်းကို အောက်ကလင့်မှာ ဒေါင်းလုပ် လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

http://www.immi.gov.au/skilled/general-skilled-migration/skilled-occupations/occupations-in-demand.htm

၆။ အော်စီမှာ အလုပ်တနှစ်လုပ်ဖူးသူဆိုရင်တော့ ၁၀ မှတ်ရမယ်တဲ့၊ အော်စီမှာ လုပ်ဖူးမှာတော့ အခုကျွန်တော်ရေးနေတာကိုတောင် ဖတ်မှာ မဟုတ်တော့ဘူး။ အော်စီပီအာ ဘယ်လိုလျှောက်မလဲဆိုတာ သိနေပြီပေါ့။

၇။ သြစတျေးလျမှာဘွဲ့ရဖူးသူ။ သြစတျေးလျက တက္ကသိုလ်တွေမှာ ဘွဲ့ရဖူးသူဆိုရင်
ဒေါက်တာဘွဲ = ၂၅ မှတ်၊
မာစတာနဲ့ ဘတ်ခ်ျလာ = ၁၅ မှတ် နဲ့
ဒီပလိုမာ (အနည်းဆုံး ၂ နှစ်တက်ခဲ့သူ) ဆိုရင် = ၅ မှတ် ပေါင်းထည့်ပေးရပါတယ်။

၈။ ဘာသာစကား ကျွမ်းကျင်မှု အတွက် ၅ မှတ်ရပါတယ်။ ဒီနေရာမှာ ဘာသာစကား ဆိုရာမှာ ကိုယ်က မြန်မာလူမျိုးဖြစ်လို့ မြန်မာဘာသာကနေ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စာကနေ မြန်မာစာကို သဒ္ဒါနည်းကျစွာ အပြန်ပြန် အလှန်လှန် ဘာသာပြန်နိုင်ခြင်းကို ဆိုလိုတာပါ။ ရမဲ့ အမှတ်က ၅ မှတ်ထဲဖြစ်ပြန် စာမေးပွဲ ဖြေရမှာ ဆိုတော့ အဲဒီအတွက် အချိန်ကုန်ခံပြီး လုပ်ဖို့ အားမပေးလိုပါဘူး။

၉။ ကိုယ့်ရဲ့ ပါတနာ (Spouse) ကလည်း ကိုယ့်လိုပဲ၊ General Skilled Migration အတွက် လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံနေရင် နောက်ထပ် ၅ မှတ်ပေါင်းထည့်ပေးပါတယ်။ အဲဒီအမှတ်ရဖို့ ပါတနာက IELTS ဖြေ၊ အနည်းဆုံး ၄.၅ ရရပါမယ်။ မဖြေချင်သူတွေ အမှတ်မရပါဘူး။ မဖြေချင်သူတွေ လျှောက်လွှာတင်ချိန်ကတည်းက ပိုက်ပိုက် အော်ဇီ ၃၅၇၅ ကြိုပေးရပါမယ်။ သင်တန်းကြေးဖြစ်ပါတယ်။ အော်ဇီရောက်မှ အင်္ဂလိပ်စာ သင်တန်းတွေ တက်ရပါမယ်။

အမှတ်တွေပေါင်းကြည့်ရအောင် ...
ကဲ အမှတ်တွေကို ဘယ်လိုတွက်ရသလဲ ဆိုတာ ပြောပြီးတဲ့ အခါမှာ အမှတ်ဘယ်လောက်ရသလဲ ဆိုတာ ပေါင်းကြည့်လိုက်ပါဦး။

ကျွန်တော် အခုရေးနေတဲ့ အချိန်မှာ တည်ရှိနေတဲ့ ၾသစေတ်းလ် ဥပေဒအရ
၁. Skilled Independent GSM Visa, Class VE, Subclass 175 အတွက်ဆိုရင် အမှတ် ၁၂၀

၂. Skilled Sponsored GSM Visa, Class VE, Subclass 176 အတွက်ဆိုရင် အမှတ် ၁၀၀ ရမယ်ဆိုလျင် ဗီဇာ လျှောက်လို့ရပါပြီ။ အပေါ်က ပြောတဲ့ ဗီဇာတွေက ဗီဇာရရင် ပီအာ (Permanent resident) အဖြစ် ကိုယ်ရယ်၊ မိသားစု သားသမီးတွေ (အသက် ၁၈ နှစ်အောက်) ပါ ပီအာ ပေးအပ်တာ ဖြစ်ပါတယ်။

လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုဆောင်းရန် (Requirement Document Collection)
ကျွန်တော် ပြောခဲ့တာတွေက အမှတ်တွက်တာပဲ ရှိပါသေးတယ်။ အမှတ်တွက်ကြည့်လို့ ကိုယ်ရတဲ့ အမှတ်က သူတို့ သတ်မှတ်ထားတဲ့ ဘောင်ဝင်နေပြီဆိုရင် ကျွန်တော်တို့ Migration Visa လျှောက်ဖို့ ပြင်ဆင်ကြရတော့မှာပါ။

၁။ ၾသစေတ်းလ် ပီအာ လျှောက်တော့မယ်ဆိုရင် မရှိမဖြစ်နဲ့ အရေးကြီးဆုံးလိုအပ်တာကတော့ IELTS General Training စာမေးပွဲ ဖြေရပါမယ်။ အင်္ဂလိပ်စာကို လေ့လာရပါမယ်။ Listening, Reading, Writing and Speaking Score တွေအားလုံး အနည်းဆုံး ၆မှတ်ရအောင် ဖြေရမှာပါ။ နိုင်ငံတော်တော်များများမှာတော့ British Council မှာ အဲဒီစာမေးပွဲတွေ သွားဖြေလို့ရပါတယ်။ စာအုပ်စာတမ်းနဲ့ ပတ်သက်ပြီး အင်တာနက်မှာ လွယ်လင့်တကူလိုက်ရှာလို့ရပါတယ်။ လေ့ကျင့်စရာ စားမေပွဲ မေးခွန်းတွေလဲ အများကြီးပါ။

၂။ IELTS စာမေးပွဲ ဖြေဆိုပြီးသွားလို့ လိုအပ်တဲ့ အမှတ်ရပြီဆိုရင်တော့ ကျွန်တော်တို့ နောက်တလှမ်းအနေနဲ့ ဆက်လက်လုပ်ရမှာကတော့ ကျွမ်းကျင်မှု စစ်ဆေးခြင်း (Skilled Assessment) လုပ်ရပါမယ်။

က။ အင်ဂျင်နီယာများဆိုရင် Australian Engineer
(http://www.engineersaustralia.org.au/) VETASSEASSE (http://www.vetassess.com.au/)
ခ။ နာမ်စ် တွေဆိုရင် Australian Nursing and Midwife Council (http://www.anmc.org.au/)
ဂ။ ဒေါက်တာများ အတွက် Australian Medical Council (http://www.amc.org.au/)
ဃ။ ကွန်ပြူတာသမားများအတွက် Australian Computer Society (http://www.acs.org.au/)
င။ Account သမားများအတွက် CPA Australia (http://www.cpaaustralia.com.au/cps/rde/xchg)

စတဲ့ အဖွဲ့အစည်းတွေမှာ မိမိတို့ရဲ့ ဘွဲ့၊ နဲ့ အလုပ်အကိုင်တွေက Australian Standard နဲ့ တူညီပါတယ်ဆိုတဲ့ အကြောင်း Skilled Assessment လုပ်ရပါမယ်။ ပေးထားတဲ့ ဆိုဒ်တွေသွားပြီးတော့ Immigration အတွက် လိုအပ်ချက်များဆိုတဲ့ နေရာတွေမှာ ရှိတဲ့ ဖောင်တွေ၊ လိုအပ်တဲ့ ဘွဲလက်မှတ်တွေ၊ အတွေ့အကြုံနဲ့ ပတ်သက်တဲ့ အထောက်အထား၊ Essay များ ရေးသားတင်ပို့ပြီး အစစ်ဆေးခံရပါမယ်။ အော်စီဒေါ်လာ ၂၅၀ လောက်ကနေ ၁၀၀၀ ပတ်ဝန်ကျင်းလောက် ကုန်တတ်ပါတယ်။

၃။ ရထားသမျှ ဘွဲ့လက်မှတ်တွေ၊ Transcripts တွေကို မိမိ နေထိုင်ရာ မှာရှိတဲ့ နိုတြီရှေ့နေများထံသွားပြီး နိုတြီလုပ်ပါ။ မိမိတင်မကဘူး။ မိမိပါတနာ (Spouse) အတွက်ပါ လုပ်ပါ။

၎။ အသက် ထောက်ခံချက်နဲ့ ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ မွေးစာရင်း ၊ ပါတနာ၊ သားသမီး တို့ရဲ့ မွေးစာရင်းတွေကို မြန်မာပြည်မှာ ဘာသာပြန်ပြီး တော့ နိုတြီ လုပ်ဖို့ လိုအပ်ပါတယ်။

၅။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံပြီလား မပြည့်စုံသေးဘူးလားဆိုတာ သေချာစွာ စစ်ဆေးဖို့ လိုအပ်ပါတယ်။
က။ လျှောက်လွှာ (http://www.immi.gov.au/allforms/pdf/1276.pdf)
ခ။ လျှောက်လွှာခ (http://www.immi.gov.au/allforms/990i.htm)

ဂ။ မွေးစာရင်း နိုတြီလုပ်ပြီးသား
ဃ။ Skilled Assessment (သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင် အလိုက်)
င။ လက်ရှိ အလုပ်မှ ထောက်ခံစာ နှင့် လုပ်သက်အတွက် အထောက်အထား
စ။ မိမိရဲ့ လက်ရှိ စီဗွီ (Resume)
ဆ။ မိမိ ဘာသာ Point Test လုပ်ထားသော Web Link
ဇ။ IELTS Band Score Original
စ်။ မိမိ ဇနီး (၀ါ) ယောက်ျား ၏ လုပ်ငန်းအတွေ့အကြုံ နဲ့ ဘွဲလက်မှတ်များ
ည။ မိမိ၏ ဘွဲ့လက်မှတ်များ
ဋ။ မိမိ မိသားစု အားလုံး၏ ပါတ်စ်ပို့စ် မိတ္တူ များ (စာရွက်တိုင်းတွင် လက်မှတ်ထိုးရန်လိုအပ်ပါသည်။)

လျှောက်ရမည့်လိပ်စာ
တခြား မိမိ တင်ပြလိုသော စာရွက်စာတမ်းများအားလုံးကို ပြည့်စုံသွားပြီဆိုလျင် အွန်လိုင်းကပဲ ဖြစ်ဖြစ် စာတိုက်ကပဲ ဖြစ်ဖြစ် လှမ်းလျှောက်လို့ရပါပြီ။ လျှောက်ရမဲ့လိပ်စာကတော့

By post:
Adelaide Skilled Processing Centre
Department of Immigration and Citizenship
GPO Box 1638
Adelaide SA 5001, AUSTRALIA

By courier:
Adelaide Skilled Processing Centre
Department of Immigration and Citizenship
4th Floor, 55 Currie Street.
Adelaide SA 5000. AUSTRALIA

အင်္ဂလိပ်လို အသေးစိတ် သွားဖတ်ချင်ရင် ...
အောက်က လင့်ခ်မှာ Skilled – Independent (Migrant) Visa (Subclass 175) နဲ့ ပတ်သတ်တာတွေ အားလုံး အသေးစိတ်သွားဖတ်နိုင်ပါတယ်။
http://www.immi.gov.au/skilled/general-skilled-migration/175/

Skilled – Sponsored (Migrant) Visa (Subclass 176) အတွက် အောက်က လင့်ခ်မှာ သွားဖတ်နိုင်ပါတယ်။
http://www.immi.gov.au/skilled/general-skilled-migration/176/

( 175 နဲ့ 176 ၂ခုကတော်တော်များများတူပါတယ်။ 176 က စတိတ် စပွန်စာ ယူရပြီး 175 အတွက် အောင်မှတ် ၁၂၀ မပြည့်သူများ အတွက်ဖြစ်ပါတယ်။ 176 က အောင်မှတ်က ၁၀၀ထဲ ရှိပါတယ်)

နောင်မှာ လိုအပ်မဲ့ စာရွက်စာတမ်းတွေ
ယခုလက်ရှိနေထိုင်တဲ့နိုင်ငံ၊ ယခင်နေခဲ့တဲ့ နိုင်ငံများထံက ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ၊ ကျန်းမာရေး ဆေးစစ်ချက်မှတ်တမ်း (၃လ အတွင်း ဖြစ်ရပါမယ်) တို့ကို နောက်ပိုင်းအဆင့်တွေမှာ တောင်းပါမယ်။ ၃လအတွင်းဖြစ်လို့ သူတို့ဆီက တောင်းမှပဲ သွားစစ်ဆေးစေချင်ပါတယ်။

အာလုံး ကံကောင်းကြပါစေ။

မောင်ခြိမ့်

(Point system အသစ်ကိုတော့ အပေါ်က ဦးခြိမ့်ရေးထားတာကို modify လုပ်ပြီး အပိုင်း ၂ မှာ ဆက်တင်ပေးပါမည်။ အမှတ်တွက်ကြည့်ပြီး အဟောင်းနဲ့ လျှောက်ရင် ကိုယ့်အတွက် benifit ပိုများမလား၊ အသစ်က ပိုကောင်းမလားဆိုတာတော့ ကိုယ့်ဟာကိုယ်ဆုံးဖြတ် လျှောက်စေချင်ပါသည်)

Monday, February 21, 2011

ပျဉ်းမနားသွား တောလား ...

ရန်ကုန်ပြန် မှတ်တမ်း ရဲ့ အဆက်ပို့စ်ဖြစ်ပါတယ်ခင်ညား။

၂၈ ဒီဇင်ဘာ ၂၀၁၀
မနက် ၉နာရီခွဲလောက် ရန်ကုန်က ထွက်ကြပါတယ်။ ဦးခြိမ့်သူငယ်ချင်း ဦးဇော်ဆိုသူက နေပြည်တော် အမြန်လမ်းကနေ ကားမောင်းပြီး လိုက်ပို့ပေးပါတယ်။ ဦးဇော်ဆိုတာ ဦးခြိမ့်နဲ့ ပျဉ်းမနားမှာပဲ အတူကြီးပျင်းလာတဲ့ ဆိုးဖော်ဆိုးဖက် ငယ်သူငယ်ချင်းတွေပါ။ အမှန်က ဦးခြိမ့်က ကိုယ်တိုင်မောင်းသွားမလို့ဟာ သူ့သူငယ်ချင်းက မောင်းနေကျမဟုတ်လို့ စိတ်ပူတယ်ဆိုပြီး လိုက်ပို့တာပါ။ အင်မတန် ကျေးဇူးတင်စရာ အားနာစရာကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုပြောစရာရှိတာက ဦးဇော်က ကားမောင်း အလွန်ကြမ်းတယ်ခင်ည။ လုပ်သားပြည်သူများအားလုံး သိထားကြတဲ့အတိုင်း နေပြည်တော်အမြန်လမ်းဆိုတာကလည်း ယာဉ်တိုက်မှုတွေ လူသေမှုတွေနဲ့ အရမ်းနာမည်ကြီးနေတော့ ဦးဇော်မောင်းမှာကို မဆွိတီကတော့ အလွန်လန့်နေပါတယ်။ ဟိုတစ်ခေါက် လိုက်ပို့တုံးကလဲ ဦးဇော် မောင်းတာကြမ်းလွန်းလို့ တစ်လမ်းလုံး ဘုရားတရင်း စီးရတယ်။ အပြန်ကျ အသက်တောင် ပါပါ့မလား ... အဲလိုကို စိုးရိန်ခဲ့ရတာပါ။

ကားပေါ်စတက်တက်ချင်းပဲ " အဲဒီလမ်းကလေ ခုတလော ကားတွေခဏခဏတိုက်၊ လူတွေလဲ သေကြတယ်နော် " ဆို ဦးဇော်ကို ဖြေးဖြေးမောင်းပေးဖို့ ပတ်ပျိုးတုံးရှိသေး ဦးဇော်က " ဟ ... ဒီကောင်တွေက အရမ်းမောင်းကြတာကိုး ..."တဲ့ဆိုတော့ ဘာဆက်ပြောရမှန်းတောင် မသိဘူးဖြစ်သွားတယ်။ " အဖေရေ အဖေ့သူငယ်ချင်း ပြောနေတဲ့ပုံက သူကတော့ ကားမောင်းမကြမ်းတဲ့ပုံဗျာ ... " ဆို ရယ်ရယ်မောမောနဲ့ နောက်လိုက်မှ သူ့ရဲ့ကားမောင်းပုံနည်းစနစ်ကို ပြောပြပါတော့တယ်။

" ဒီလိုရှိတယ် မဆွိရဲ့ ... ကားတွေတိုက်တယ်ဆိုတာ ကားတွေ အရမ်းမောင်းကြလို့ဆိုတာဟုတ်တယ်ဗျ ... လမ်းကဖြောင့်ပြီး ကားကလဲ ရှင်းနေတော့ မောင်းရင်းနဲ့ကို အလိုလိုနေရင်း ကီလို ၁၄၀ -၁၅၀ ဖြစ်သွားတာ။ မောင်းသူက တစ်ခါတစ်လေ သတိတောင် မထားမိဘူး ... "

" နောက်ပြီး လမ်းမှာ လူတွေ၊ ကျွဲနွား၊ စက်ဘီး လမ်းကူးကြပြီဆိုရင် ကားကို သူတို့မြင်နေရတယ်။ ဒါပေမဲ့ အဲလောက်ကားအရှိန်ပြင်းမှန်း မသိကြဘူး။ ကားတော့ မရောက်လောက်သေးပါဘူး၊ မတိုက်လောက်ပါဘူးဆို ကူးလိုက်ပြီ၊ လမ်းလည်ခေါင်လောက်ရောက်တဲ့ အချိန်မှာ ကားကသူတို့ဆီ ရောက်နေပြီ။ ကားမောင်းတဲ့သူကလဲ ရုတ်တရက်ကားကို အရှိန်မထိမ်းနိုင်တော့ တိုက်ရင်တိုက်၊ မတိုက်ရင် လမ်းဘေးမောင်းချ။ အဲလိုတွေ ဖြစ်တာဗျ။ ပြီးတော့ အကွေ့တွေမှာလဲ မတရားမောင်းကြတော့ အရှိန်မထိမ်းနိုင်ပဲ စလစ်ဖြစ်ပြီး လမ်းဘေးချော်ကြ၊ မှောက်ကြပြန်ရော ... "

" အဲဒီတော့ ကျွန်တော်က လမ်းလယ်ခေါင် အဖြူလိုင်းကို ခွမောင်းတယ်။ စလစ်ဖြစ်တာ ပိုသက်သာတယ်ဗျ။ နောက် ရှေ့မှာလူဖြစ်ဖြစ်၊ ကား၊စက်ဘီး၊ လှည်း၊ ကျွဲနွား အရိပ်အယောင်တွေ့တာနဲ့ ကားကို အရှိန်လျှော့ချလိုက်တယ်။ ပြီးတော့ သူတို့ကို မကျော်မချင်း ဟွန်းကို အဆက်မပျက်နှိပ်ပြီး သတိပေးတော့တာပဲ ...

ဟုတ်လဲ ဟုတ်ပါတယ်။ ဒီတစ်ခေါက် ဦးဇော်ကားမောင်းတာ မြန်ပေမဲ့ အပေါ်က သူပြောတဲ့ အတိုင်းမောင်းသွားတော့ တော်တော်စိတ်အေးသွားပါတယ်။ သူက ဟွန်းကို တီးတာများဗျာ။ အရိပ်ကလေး မြင်တာနဲ့ တော်တော်ဝေးဝေးကနေကို စ တီးတာဆိုတော့ ဒါကျတော့လဲ ပိုလွန်းပြန်ပြီလို့တောင် ထင်မိသေး။ ဒါပေမဲ့ သတိပို၊ လိုသည်မရှိပါဗျာ။ သတိရှိတာကောင်းပါတယ်။ (အမှန်က ကိုယ်တွေ စိုးရိန်မှန်းသိလို့ သေချာသတိထားမောင်းတာလဲ ဖြစ်နိုင်ပါတယ်။ အင်မတန် ကျေးဇူးတင်စရာ ကောင်းပါတယ် ..)

ဒါနဲ့ ပျဉ်းမနား - ရန်ကုန်က မိုင်၂၀၀ကျော်ကျော်လောက် ရှိရာမှာ လမ်းတစ်ဝက်လောက်ကျတော့ ခရီးသွားတွေ စားသောက်အနားယူဖို့ နေရာကို ရောက်လာပါတယ်။ အရင်ကလို ဦးဇော်လည်း "ကြက်မကြီး "အော်စရာမလိုတော့ပါဘူး။ (ကြက်မကြီးဆိုတာကတော့ "ကျန်းမာရေး" လို့အော်တာကို ဂျူဂျူငယ်ငယ်က နားကြားလွဲတာပါ။ ဒီပို့စ်မှာကြည့်ပါ။)

နိုင်ငံခြားရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတဲ့ အလွန်သပ်ရပ်၊ အဆင့်မြင့်တဲ့ စားသောက်ဆိုင်တွေ စီတန်းနေတဲ့နေရာကို ကားကကွေ့ဝင်သွားပါတယ်ခင်ညာ။ စိတ်ထဲမှာတော့ မဆွိတီတို့ အနောက်နိုင်ငံတစ်ခုခုပဲ အလည်ရောက်နေတယ်လို့ ထင်စရာ ဖြစ်သွားရလောက်အောင် မြင်ကွင်းက လှပအဆင့်မြင့်ပါတယ်။ တိုးတက်မှု တစ်ခုပေါ့ဗျာ။

နောက်တစ်ခု ကြုံလို့ပြောချင်တာက ဒီတစ်ခေါက်ပြန်တော့ ရန်ကုန်လမ်းတွေမှာရော၊ ခု ဒီလမ်းမှာပါ လင်ခရူဇာလို၊ ပါကျဲရိုးလို ကားကောင်း ကားသစ်တွေ အများကြီးတွေ့ရတာပါပဲ။ without တွေ ကျေးဇူးဖြစ်မယ်နော်။ ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်မှာ တစ်ခါတစ်လေ အဲလို ပြောင်ပြောင်ရောင်ရောင်လေးတွေတွေ့ရင် ကျေနပ်မိတာပါပဲ။ နောက်သတိထားမိတာက မြန်မာပြည်ကလူတွေက ကားတွေကို အဖြူရောင်ကြိုက်ကြတယ်နော်။ ဘာကားဖြစ်ဖြစ် အဖြူချည့်ပဲ။ စလုံးမှာတော့ metalic ရောင်လို့ခေါ်တဲ့ ငွေရောင်တွေများတော့ မျက်စိထဲ အမြင်ဆန်းနေတယ်။

ကားပတ်ကင်တွေကလဲ အဆန်းဗျ။ ကိုယ်စားမဲ့ စားသောက်ဆိုင်နာမည်ရေးထားတဲ့ နေရာမှာပဲ ကားပတ်ရတာ။ မဆွိတီတို့သွားတော့ feel မှာ ကားတွေပြည့်နေလို့ မတတ်နိုင်ဘူးဆိုပြီး တခြားနေရာ ၀င်ပတ်ခဲ့ကြတယ်။ feel မှာပဲ နေ့လည်စာဝင်စား၊ ကျန်းမာရေးသွားကြတယ်။ အဲဒီမှာ ရယ်စရာ တစ်ခုက အိမ်သာတွေက မီးဖိုချောင်နဲ့ ကပ်နေတော့ ချက်ပြုတ်ကြော်လှော်တဲ့ အနံ့တွေက အိမ်သာထဲမှာ မွှေးကြိုင်နေတော့ အိမ်သာတက်ရင်းနဲ့ နှာခေါင်းပိတ်ထားစရာ မလိုတော့ဘူးဗျာ။ အသစ်မှို့လားတော့မသိ။ အိမ်သာတွေလဲ တော်တော်သန့်ရှင်းပါတယ်။

လမ်းခရီးနားတာ နာရီဝက်လောက် ပေါင်းလိုက်တော့ နေပြည်တော်ကို ၄နာရီလောက် မောင်းရတယ်ထင်တာပဲ။ သေချာတော့ မှတ်မထားမိဘူး။


နေပြည်တော်မှာ မြို့နာမည်တွေက အဆန်းဗျ။ မဆွိတီတို့ငယ်ငယ်က သင်ခဲ့ရတဲ့ မဟောသဓာ ဇာတ်တော်ထဲကလို မြို့နာမည်တွေဆိုတော့ တစ်ချို့ဆို သေချာ မဖတ်တတ်လို့ ပြုံးမိသေးတယ်။


ညညဆိုရင် ဒီလမ်းတွေက မီးရောင်တညီးညီး လင်းထိန်လွန်းလို့ ရွာထဲကလူတွေ အလုပ်မရှိ အလုပ်ရှာ ထွက်သန်းရှာကြပါသတဲ့း)))ဦးဇော်က ရယ်စရာပြောတာပါ။ မီးတိုင်တွေကတော့ မြင်တဲ့အတိုင်း စိတ်နေတာ ပြောမယုံ၊ ကြုံဖူးမှသိ ဆိုသလိုပါပဲ။

ရွှေတိဂုံစေတီတော်နဲ့ တစ်ပုံစံတည်း တူအောင်တည်ထားတဲ့ ဘုရားပါတဲ့။




ပျဉ်းမနားမြို့ထဲ ၀င်ပါပြီ။
ဦးခြိမ့် အပြောကတော့ နေပြည်တော်ကြီး ဘေးမှာသာနေရတာ ... သူတို့ပျဉ်းမနားမြို့ ကတော့ သူတို့ငယ်ငယ်တုံးကအတိုင်း မပြောင်းလဲပါဘူးတဲ့ဗျာ။ လမ်းတွေက တ၀ုန်းဝုန်းနဲ့ ကျောက်ခဲစားသွား အစာကျေတုံး။ တိုက်တွေ၊ အိမ်တွေ၊ ဈေးတွေ ကလည်း ဟောင်းနွမ်းနေဆဲလို့ မကျေမနပ်ပြောပါတယ်။


နေ့လည် ၁နာရီခွဲမှာ ဦးခြိမ့်တို့အိမ်ရောက်ပါတယ်။ အဒေါ်အပျိုကြီးတွေနဲ့ အကိုဝမ်းကွဲတွေ ဂျူဂျူတို့သားအဖနဲ့ အလွမ်းသည်ကြသည်ပေါ့ဗျာ။ ဒေါ်ဆွိတီလည်း ချက်ချင်းလက်ငင်း ဇာတ်ရံဖြစ်သွားပါတော့တယ်း)))

၂၉ ဒီဇင်ဘာ ၂၀၁၀
ဦးခြိမ့်ရဲ့အကို ဆရာဝန်လဲ မန်းလေးကနေ ရောက်နေလို့ သူတို့မောင်နှမတွေ စုံနေတာနဲ့ မနက်ကို ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘ၂ပါးနဲ့ အကိုကြီးကို ရည်မှန်းပြီး ဘုန်းကြီးငါးပါးပင့် ဆွမ်းကပ်ပါတယ်။ သူတို့အရပ်က ဘုန်းကြီးပင့်တာ အဆန်းဗျ။ ကျောင်း၅ကျောင်းကနေ ဘုန်းကြီး ၅ပါး စုံအောင် ပင့်ရတာပါ။



ဦးခြိမ့်တို့ အိမ်က ဘုရားခန်းအပြင် အဆင်က အင်မတန် ရှေးဆန်ပါတယ်။
ဆွမ်းကျွေးမှာ အုန်းပွဲ ငှက်ပျောပွဲလဲပါတယ်။ ကွမ်းအစ်လဲပါတယ်။


ဂျူဂျူးနဲ့ ကြီးတော်များ။ ခရမ်းရောင်နဲ့က စလုံးက ကြီးတော်ပါ။ အတူပြန်လာကြပြီး ရန်ကုန်လေဆိပ်မှာကတည်းက ကြီးတော်က ပျဉ်းမနားကို အရင်သွားနှင့်တာပါ။


ပျဉ်းမနားမှာ တစ်ညအိပ်ပဲနေဖြစ်မှာမှို့ မဆွိတီကတော့ အပြင်ထွက် မလည်တော့ပါဘူး။ ယောင်းမ အပျိုကြီးတွေနဲ့ စကားစမြည်ပြောရအောင် အိမ်မှာပဲ နေပါတယ်။ အပျိုကြီးတွေက ဟိုမှာမစားရဘူးဆိုပြီး ဈေးထဲက မြန်မာမုန့်တွေ မျိုးစုံဝယ်ပြီး ဧည့်ခံတော့တာပဲ။ မုန့်လက်နှိပ်၊ မုန့်လက်ကောက်၊ ကန်ဇွန်းရွက် ကော်ပြန့်သုတ်၊ ပဲမြစ်ကို ထုပြီး ဆီနဲ့အိနေအောင်နယ်ထားတာ .... အစုံပဲ။ ဦးခြိမ့်ကတော့ ဆိုင်ကယ်တစ်စီးနဲ့ အပြင်ထွက်သွားလိုက်၊ ပြန်လာလိုက်နဲ့ပါပဲ။

နေ့ခင်း ၁နာရီခွဲလောက် ပျဉ်းမနားက အမျိုးတွေနဲ့ ဓာတ်ပုံရိုက်ကြ၊ ကန်တော့ကြနဲ့ နှုတ်ဆက်ပြီး ပြန်ခဲ့ပါတယ်။ ပြန်ခါနီး တစ်ဦးတည်းသော တူမလေး ဂျူဂျူကို ကြည့်ရင်း မျက်ရည်လည်ရွှဲနဲ့ နှုတ်ဆက်နေတဲ့ အစ်မ အပျိုကြီး ကိုလဲ အားပေးခဲ့ရပါသေးတယ်။

အပြန်လမ်းမှာတွေ့ခဲ့တဲ့ toll gate ...

မဆွိတီတို့ လမ်းရောက်တော့ ညနေ ၃နာရီ ၄နာ၇ီလောက်အချိန် လမ်းမှာ ရန်ကုန်က ထွက်လာတဲ့ ခရီးသည်တင်ကားတွေ အများကြီးတွေ့ခဲ့ပါတယ်။ ကားတွေကလဲ မလေးတိုးကားတွေလို သပ်သပ်ရပ်ရပ်နဲ့ အသစ်တွေခင်ဗျ။ အဲဒီကားကြီးတွေ တွေ့တာနဲ့ ဘတ်စ်ကားကြီးတွေစီးပြီး တငြိမ့်ငြိမ့် ခရီးသွားရတာကိုကြိုက်တဲ့ မဆွိတီ ပျဉ်းမနားကို နောက်တစ်ခေါက်တော့ တိုးကားနဲ့ သွားဦးမယ်လို့ စိတ်ကူးယဉ်နေမိပါတော့တယ်။

ရန်ကုန်ဝင်ခါနီးတော့ အိမ်ကနေ ခရီးဘေးရန်ကင်းဖို့ ဆုတောင်းပေးနေကြတဲ့ ဦးဇော် အမျိုးသမီးနဲ့ မဆွိတီတို့ အမေကို ရန်ကုန်ဝင်ပါပြီဆိုတဲ့ အကြောင်း စိတ်မပူရန် ဖုန်းဆက်ပြောရင်း ...

ရန်ကုန်မြို့ကို တစ်ခေါက် ပြန်ရောက်ပါပြီ ...

ရန်ကုန် ပြန်မှတ်တမ်း အပိုင်း ၂ မှာ ဆက်ရေးပါမည်။

Thursday, February 17, 2011

ဂျူဂျူလေးအတွက် Hawaiian pizza ...

ဂျူဂျူလေးက ပီဇာကြိုက်တယ်။ သူစားချင်ပြီဆို ဈေးသက်သာတဲ့ ကနေဒီယမ် ပီဇာကို ၀ယ်ကျွေးလေ့ရှိတယ်။ သူက တစ်ခုမှာရင် ၂ခုရတော့ ဈေးသက်သာတယ်။ အရသာလဲ ကောင်းပါတယ်။ တစ်ခါတစ်ရံလဲ ဂျူရောင်းပွိုင့်က Pizza hut မှာ သွားစားပေါ့။ ပီဇာက ဈေးကြီးတဲ့အပြင် အိမ်ကိုမှာတာဆို အနည်းဆုံး နှစ်ဆယ်၊ အစိတ်ဘိုးမှာမှ ရတာဆိုတော့ တစ်ခါ၊တစ်ခါ ၀ယ်ကျွေးရင် မသက်သာဘူးဗျာ။

တလောက ညကြီး စာကြည့်နေရင်းနဲ့ မေမေ ပီဇာစားချင်တယ်ဆို ထလုပ်ပါလေရော။ ပီဇာတောင် အသဲပုံ ပီဇာတဲ့ဂျာ။ ဘာလင်တိုင်းနေ့အတွက် အသဲပုံ ပီဇာကြော်ငြာစာရွက်လေး ဘယ်ကရလာတယ် မသိဘူး။ အဲဒါလေး ကြည့်ပြီး ပူစာတော့တာပဲ။ ဒါနဲ့ မှာရင်လဲ သူ့တစ်ယောက်စာတည်း ဈေးကြီးလှတယ်ဆို အမေလုပ်သူက အကြံထုတ်ရတော့တယ်။ မေမေနဲ့ဂျူဂျူနဲ့ ပီဇာကို ကိုယ်တိုင်လုပ်စားကြရအောင်လေဆိုတော့ သူလဲ ပျော်သွားတယ်။ ယူကျူ့ကနေ ပီဇာလုပ်နည်းလေး သားအမိနှစ်ယောက်အတူ ကြည့်ကြတယ်ပေါ့။

ဂျူဂျူက ခလေးတွေအကြိုက် နာနတ်သီးပါတဲ့ ဟာဝိုင်ရီယမ် ပီဇာကို ကြိုက်တယ်။ မနက် ဘရိတ်ဖက်စားတဲ့အခါ sandwitch ထဲ ထည့်တဲ့ ဟမ်တို့၊ ချိစ်တို့ ကလဲ အိမ်မှာ အလွယ် ရှိနေတော့ ကြီးတော်ကို အောက်ထပ်ကနေ နာနတ်သီး သွားဝယ်ခိုင်းလိုက်တယ်။ အဲဒီမှာအခက်ဆုံးက doah လုပ်ဖို့ ဂျုံနယ်ရတာပဲ။ အဲဒီနေ့ကတော့ လက်နာအောင်နယ်တာတောင် ဂျုံက သိပ်မနပ်လိုက်ပဲ လုပ်လိုက်တာ ဖြစ်တော့ ဖြစ်သွားတယ်။ ဂျူဂျူကလဲ သူကိုယ်တိုင် ပါဝင်လုပ်ထားတာဆိုတော့ သဘောတွေကျလို့။ စားလို့ကောင်းတယ်ဆိုပဲ။

Week-end ရောက်တော့ မဆွိတီလဲ သမီး စားချင်တဲ့ အချိန် စားလို့ရအောင်ဆိုပြီး NTUC ကနေ ပီဇာထဲထည့်ရမဲ့ ပစ္စည်းတွေ အပြည့်အစုံဝယ်လာခဲ့တယ်။ ပီဇာအောက်ခံလဲ တစ်ခါထဲဝယ်လို့ရခဲ့တော့ ဂျုံနယ်ရတဲ့ဒုက္ခကတော့ သက်သက်သွားတယ်။ ပစ္စည်းလေးတွေ သေချာဝယ်လာတော့ ပို့စ်လေးတင်လို့ရအောင် ဓာတ်ပုံရိုက်ထားလိုက်ပါတယ်။

လိုတဲ့ပစ္စည်းလေးတွေ။

ပီဇာ အောက်ခံ


Mozzarella (ချိစ်အမာကို အုန်းသီးခြစ်သလို ခြစ်ထားတဲ့ဟာပါဗျာ ... ခေါ်ရတာ လျှာခလုပ်တိုက်လို့ ... ဂျူဂျူ့ကို ဘယ်လိုခေါ်လဲ ခဏခဏပြန်မေးနေရတယ်။ သူတို့က TV တွေကြည့်နေတော့ အဲလိုဟာမျိုးကျ ကိုယ့်ထက် ပိုတော်တယ်။)


ခရမ်းချဉ်သီး အနှစ်ဗူး (စပါဂတီလုပ်လဲ အဲဒါပဲ သုံးတယ်။ 2 in 1 ပေါ့)


နာနတ်သီးဗူး


Ham အပြားလေးတွေ လည်းထည့်ရတယ်။ ငရုပ်ချိုသီးထည့်ရင်တော့ ပိုမွှေးတယ်။ အမှန်က Hawaiian pizza မှာ ငရုပ်ချိုသီး မပါဘူးဗျ။


ပီဇာလုပ်ရန်အသင့်၊ ငရုပ်ကောင်း ခွဲကြမ်းမှုန့်လေးထည့်ဖို့ ခုမှသတိရတယ်။


ခရမ်းချဉ်သီး အနှစ်ကို ဇွန်းနဲ့ ကော်ပြီး ဖြန့်သုတ်လိုက်တယ်။ ထူထူလေးသုတ်မှ ကောင်းပါတယ်။


အပေါ်ကနေ အစာတွေကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ဖြန့်ခင်းပါတယ်။ ပြီးရင် အပေါ်က ငရုပ်ကောင်းလေးဖြူးလိုက်တယ်။


အိမ်မှာရှိတဲ့ oven သေးသေးလေးထဲ ၁၀မိနစ်လောက် ထည့်ကင်လိုက်တဲ့အခါ ဂျူဂျူတို့အကြိုက် မွန်းလိုက် .... အဲလေ ပီဇာရပါပြီခင်ညာ။ (ပီဇာဟက်က အော်ဒါမှာတာနဲ့ ချွတ်ဆွတ်တူအောင် ကြက်သားအချို-အစပ်ကင်လေးပါ ရောကင်လိုက်ရသေးတယ် ... )




အဲဒီနေ့က အမေနဲ့ ဂျီးဒေါ်ကတော့ ၀က်သားခရမ်းသီးနှပ် ဆီကျန်ရေကျန်လေးချက်၊ ငပိရည် တို့စရာနဲ့ လွှေးကြတာ၊ ဂျူဂျူးရဲ့ ပီဇာကို ညက်စောင်းတောင်လှည့်မထိုးကြဘူး .... ကြိုက်တာသာ စားသွားကြပါဗျာ။

ကျွန်တော်နဲ့ ၁၀ ပုံရိပ်များ- ၄ နှင့် ၅

ကျွန်တော်နဲ့ ၁၀ ပုံရိပ်များ- (၄)

ကျွန်တော့်အနေနဲ့ ကျေးဇူးပြန်ဆပ်ရမဲ့သူတွေ အများကြီးပဲ။ ကျွန်တော်ကို လူတစ်လုံး သူတလုံးဖြစ်အောင်မွေးပေးတဲ့ အမေရယ်၊ ကျွန်တော်အတွက် လိုလေသေးမရှိအောင် ပြုစုပေးထောင်ပေးခဲ့တဲ့ အန်တီကြီး၂ ယောက်ရယ်၊ ကျွန်တော်တို့မိသားစုတစ်ခုလုံးကို စားရေးသောက်ရေးကအစ ငွေကြေးကူညီပေးခဲ့တဲ့ ဦးလေး။ ကျွန်တော် သူတို့စိတ်ချမ်းသာအောင်ထားချင်ပါတယ်ဆိုတဲ့ အသက်၂၃ နှစ်အရွယ် ဘီအီးနောက်ဆုံးနှစ် ကျောင်းသားတစ်ယောက် ယစ်ရွှေရည်တွေယစ်မူးလာချိန်မှာ ကြွေကျနေတဲ့ စကားလုံးတွေနဲ့ ရှုပ်ထွေးနေပြီး ဘာတွေလုပ်ရမှန်းမသိပဲ တွေဝေနေသူတစ်ယောက်ကို ကျွန်တော် စကားလက်ဆုံကျခဲ့ပါတယ်။

ဦးလေးတစ်ယောက်အနေနဲ့ မင်းကျေးဇူးဆပ်တာတွေ နောက်ထားလို့ မင်းကျောင်းပြီးသွားရင် ဘာလုပ်မယ်လို့ စိတ်ကူးသလဲဆိုတာ သိချင်တယ်။ အစိုးရအလုပ်ပဲ ၀င်လုပ်မလား၊ အပြင်ပုဂ္ဂလိကမှာပဲ အလုပ်လုပ်မလား၊ နိုင်ငံခြားမှာပဲ ပညာဆက်သင်မလားဆိုတာ အဖြေပေးဆိုတော့... ပြတ်သားတိကျတဲ့ အဖြေကို မပေးနိုင်ပဲ၊ သူဘာလုပ်ရရင်ကောင်းမှာလည်း၊ သူလုပ်ချင်တာတွေကို လုပ်ဖို့ ဘယ်လိုလုပ်သင့်သလဲ မပြတ်မသား မေးခွန်းတွေ ပြန်မေးပါလေရဲ့။

ဟို လွန်ခဲ့တဲ့ ၁၇နှစ်လောက်က ကျွန်တော်တို့ နောက်ဆုံးနှစ်ကျောင်းသားဘ၀ကို ပြန်လည်တွေးမိတယ်။ ကျွန်တော်တို့ ခေတ်ကတော့ အဖြေက ရှင်းရှင်းလေးပဲ၊ အစိုးရ အလုပ်ဝင်လုပ်မယ်၊ ပရောဂျက်တွေနဲ့ အတူ သိပ်မကြာခင်မှာ သူဌေးလေးဖြစ်အောင်လုပ်မလား၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်မလား၊ သင်္ဘောသား လုပ်မလား ဆိုတဲ့ ကိုယ်လုပ်ချင်တာကို ပြတ်ပြတ်သားသားရွေးပြီး ကိုယ်လျှောက်ခဲ့တဲ့လမ်းကို မှားမှားမှန်မှန်ရင်ဆိုင်ဖို့ အားတွေရှိခဲ့တယ်။

အခုတော့ ကျွန်တော်ရဲ့ တူအရွယ် အသက် ၂၀-၂၅နှစ် ငွေကြေးမပြည့်စုံတဲ့ မိဘက မွေးဖွားလာတဲ့ တချို့သော လူငယ်တွေမှာ ဘာလုပ်ရရင်ကောင်းမှာလဲဆိုတဲ့ တွေဝေမှုတွေ အပြည့်နဲ့ပေါ့။ ကျွန်တော်တူတစ်ယောက်ထဲတင်မက လူငယ်တော်တော်များများနဲ့ တွေ့ခဲ့ရတယ်။ ငွေကြေးချို့တဲ့မှု၊ လမ်းကြောင်းမပွင့်လင်းမှု၊ အကျင့်ပျက်ခြစားမှုတွေကြားထဲမှာ လူငယ်လေးတွေဘ၀ကို မရေရာတဲ့ အနာဂတ်လမ်းတွေ ကြိုဆိုနေလေရဲ့...

---------------------------------------------------------------------------------------------------------------------------------
ကျွန်တော်နဲ့ ၁၀ ပုံရိပ်များ- (၅)

ဒီတခေါက် ကျွန်တော်မြန်မာပြည်ပြန်တဲ့အခါမှ ခေတ်ပျက်သူဌေးခေါ်မလား၊ ခေတ်သစ်သူဌေးခေါ်မလား သူဌေးတော်တော်များများကို တွေ့ခဲ့တယ်။ အဲဒီခေတ်သစ်သူဌေးတွေထဲမှာ ကျွန်တော့်ငယ်ငယ်က သူငယ်ချင်းတစ်ယောက်လဲ ပါတယ်ပေါ့။

သူ့နာမည်က သိန်းဇော်တဲ့ မန္တလေးသိန်းဇော်ထက် အသက်နည်းနည်းငယ်ပေမဲ့ သူ့လို့ နုနုရွရွ သိန်းဇော်တော့မဟုတ်ဘူး။ ၉-၁၀တန်းဘ၀မှာကတည်းက ရန်ဖြစ်ပြီ၊ ရိုက်ပွဲဖြစ်ပြီဆိုရင် ပြေးမကြည့်နဲ့ သိန်းဇော်တို့ကတော့ ၀န်းထရံက နှစ်-တစ်လက်မကို ဆွဲဖြုတ်ပြီးရိုက်လို့ ၉-ချက်၊ ၁၀ချက်ချုပ်လိုက်ရတဲ့သူတွေ တော်တော်များပေါ့။ ၉-၁၀တန်းမှာ အရက်ဆိုတာ ၁၈နှစ်ပြည့်မှ သောက်ရတယ်လာမပြောနဲ့ အတတ်ပေါင်းစုံ အကုန်တတ်တယ်ပေါ့။ ဒါပေမဲ့ သိန်းဇော်က ကျွန်တော်တို့လို စာကြိုးစားပြီး အေးဆေးနေတဲ့ သူငယ်ချင်းတွေကို တော်တော်ချစ်တယ်။ ကျွန်တော်တို့ကို အနိုင်လာမကျင့်နဲ့ သိန်းဇော်တို့လက်စာမိမယ်ဟေ့ ဆိုပြီး ကျွန်တော်တို့ရှေ့က ကာကွယ်တတ်ပါတယ်။

သိန်းဇော်မှာ ခက်တဲ့ အကျင့်ကတော့ အရက်အရမ်းသောက်တယ်။ အခုတော့ သူ့မှာ မိဘနှစ်ပါးလုံးမရှိတော့ဘူး။ အိမ်ထောင်လဲ မပြုဘူး။ မောင်နှမတွေနဲ့ အမွေခွဲလိုက်တော့ ရန်ကုန် မန္တလေး လမ်းမပေါ်က ၀ပ်ရှော့ကို သူအမွေရတယ်။ အယ် ... နောက်တစ်ခုက ၁၉၇၈ လောက်က ကားပြင်ရင်းရတဲ့ ပိုက်ဆံလေးနဲ့ ၀ယ်ထားတဲ့ အိမ်ဝိုင်းလေး တစ်ဝိုင်းရှိတယ်။ အဲဒီခေတ်ကတော့ ကျွန်တော်တို့မြို့ရဲ့ အစွန်ဆုံး ပေါင်းလောင်းရပ်ကွက် တိုးချဲ့လိုက်တော့ သူ့မိဘတွေက သူရဲ့ကားပြင်ထားတဲ့ငွေနဲ့ အိမ်ဝိုင်းလေးကို ၀ယ်လိုက်တာ ၁၂၀၀ ကျပ်ပေးရတယ်။ ပေါင်းလောင်းရပ်ကွက် ၁၈ လမ်းမှာပေါ့။ ၁၉၈၅ ကျတော့ ပေါင်းလောင်းရပ်ကွက်ကို ဂရန်တွေချပေးမယ်ဆိုတော့ သူက ဂရန်လျှောက်လိုက်တာ ၃၅၀၀ ကုန်တယ်တဲ့။ ပေ ၄၀ပတ်လည် ၀ိုင်းလေးပါ။ အဲဒီမှာ မြေစိုက်တဲလေးတစ်လုံး ဆောက်ထားတယ်။ အဲဒီအိမ်လေးကို ဘယ်သူမှမနေတော့ ဒီအတိုင်းပစ်ထားတာ ကြာပြီပေါ့။

၂၀၀၀လောက်က သူမိဘတွေ မရှိတော့တဲ့အခါမှာ သူ့ရဲ့ညီမိသားစု နေစရာမရှိတော့ အဲဒီအိမ်လေးကို ပြင်ပြီး နေကြတယ်။ သူကတော့ ၀ပ်ရှော့မှာ အိပ်လိုက် အရက်သောက်လိုက်ပေါ့။

ဒီတခေါက်ပြန်တော့ သိန်းဇော်ကို တွေ့တယ်။ အိမ်ဝိုင်းဈေးတွေ ပြောရင်းနဲ့ သူ့ရဲ့အိမ်လေးကို လိုက်ပြတယ်။ သူ့ရဲ့ညီလေးတွေနေတော့ အိမ်လေးကိုတော့ သပ်သပ်ရပ်ရပ်လေး ပြန်ပြင်ထားတယ်။ အိမ်လေးကို လိုက်ပြရင်းနဲ့ "ဟားဟား ငါလည်း သိန်း ၂ထောင်ကျော် သူဌေးလေး ဖြစ်နေပါပြီကွ ... မင်းတို့လို နိုင်ငံခြားမသွားပေမဲ့ မနှစ်က ငါ့အိမ်ကို ရောင်းမလားဆိုပြီး ဈေးလာပေးတာ သိန်း ၂၂၀၀ ပေးမယ်တဲ့ကွာ"

ငွေ သိန်း ၂ထောင်ကျော်ဆိုတဲ့ အသံကြားတော့ ကျွန်တော်က မင်းရောင်းလိုက်ပါလားလို့ စကားတောက်တဲ့အခါမှာ...

"မောင်ခြိမ့်ရ ... ငါက အရက်သမားလေ... ငါ အသက်ရှင်နိုင်ရင် အလွန်ဆုံး နောက်ထပ် ၁၀နှစ်ပေါ့ကွာ ... ဒီအရက်နဲ့ပဲ ငါသေမှာပဲ ...ငါ့မှာလဲ မိန်းမနဲ့ကလေးမှ မရှိတာ ... ငါသေရင် ငါ့ညီမိသားစု သက်တောင်သက်သာ နေနိုင်ပါစေ ဆိုတဲ့ စေတနာပေါ့ကွာ...။ မသေသေးရင်တော့ ငါ့အတွက်စားဖို့သူတို့က ဂရုစိုက်တယ်လေ။ သောက်တာက ကားပြင်တာနဲ့ လောက်ပါတယ် ... မရောင်းပါဘူးကွာ.."

ခေတ်သစ် သိန်း၂ထောင်ကျော် ကျွန်တော်သူငယ်ချင်း အရက်သမားတစ်ယောက်ရဲ့ မေတ္တာကို သူမျက်နှာမှာ ဖတ်လိုက်ရတယ်။

ကျွန်တော်တို့ ပျဉ်းမနားမြို့စွန်မှာ အရင်တုန်းက ပစ်ထားတဲ့ အိမ်ဝိုင်းတွေက သိန်းပေါင်း ထောင်သောင်းချီပြီးတန်ဖိုးတွေနဲ့ သူဌေးတွေ ဖြစ်ကုန်ပြီပေါ့။ နေပြည်တော်နဲ့ သိပ်မဝေးတဲ့ ပျဉ်းမနားမြို့စွန်တစ်နေရာပေါ့....။

မောင်ခြိမ့်

(လောလောဆယ် ဦးခြိမ့်ရေးပြီးသမျှ အပိုင်း (၅) အထိ အကုန် တင်လိုက်ပါတယ်။ နောက်ပို့စ်များပြီးပါက နောက် တစ်သုတ် အေးဆေးမှ ထပ်တင်ပေးပါမည် ...)
(ပုံများကို ဂူဂဲမှ ယူပါတယ် ... Credit to original uploader.)

Tuesday, February 15, 2011

ကျွန်တော်နဲ့ ၁၀ ပုံရိပ်များ- ၂ နှင့် ၃



အခုတစ်ခေါက် မွေးရပ်မြေသို့ တစ်ညအိပ် နှစ်ရက်ခန့်သာ နေနိုင်ခဲ့သည်။ ပထမနေ့ နေ့လည်အိမ်ရောက်တော့ အိမ်တွင် ကူဖော်လောင်ဖက်အတွက် လွန်ခဲ့သောနှစ်နှစ်ခန့်အထိ အမအပျိုကြီးများနှင့် ဒိုးတူဘောင်ဖက် အတူတူလုပ်ကိုင်ခဲ့သော ညီမတစ်ဝမ်းကွဲနှင့် တူမနှစ်ဝမ်းကွဲ ကို တွေ့ရသည်။ သူတို့လေးတွေမျက်နှာကြည့်တော့ ပျော်ပျော်ရွင်ရွင် သူတို့ဘ၀ကို သူတို့ကျေနပ်နေသော အကြည်မျက်နှာလေးများနှင့်။ ညီမတစ်ဝမ်းကွဲက ဒီနှစ် ၃၇နှစ်ပြည့်ပြီ၊ တူမတစ်ဝမ်းကွဲကတော့ အသက် ၃၀ စွန်းနေပြီလို့ သိလိုက်ရသည်။ နှစ်ယောက်လုံး အပျိုကြီးများဖြစ်နေသည်။

ထူးဆန်းသည်က ထိုနှစ်ယောက်လုံး အမေရှိစဉ်ကတည်းက အိမ်မှာတူတူနေလာခဲ့ကြသည်။ အမေဆုံးပါးသွားတော့လည်း သူတို့မှာ သူတို့ရဲ့ အမကြီး၊ အဒေါ်အပျိုကြီးနှစ်ယောက်ကို သံယောဇဉ်တွယ်လျက် သူတို့ရွာကို မပြန်ကြပဲ အတူတူနေထိုင်ကြသည်။ အပျိုကြီးနှစ်ယောက်နဲ့ အတူတူ နေလာတာကြာတော့ သူတို့ နှစ်ယောက်လုံး အိမ်ထောင်ပြုရန် စိတ်ကူးတောင်ယဉ်ပုံမရ။

ပထမဦးဆုံး တူမကိုမေးမြန်းမိသည်။ တူမနှစ်ဝမ်းကွဲက သူမတွင် အဖေမရှိတော့။ သူရဲ့ အမေ၊ ကျွန်တော့်အမ၀မ်းကွဲ (ကျွန်တော့်အဖေရဲ့ တူမ) သည် ငယ်စဉ်ကတည်းက အဖေအမေဆုံးပါသွားမှု ရွာမှာပဲ ဦးလေးအိမ်များတွင် လှည့်ပတ်နေထိုင်သောကြောင့် ပညာကောင်းကောင်းမတတ်။ ကြုံသလို လုပ်ကိုင်စားသောက်နေရသောကြောင့် ကျွန်တော့်တူမနှစ်ဝမ်းကွဲကို အမေက ခေါ်ယူစောင့်ရှောက်ထားသည်။ အခုတော့ တူမလေးမှာလဲ အရွယ်ရောက်၊ ကျွန်တော်တို့အိမ်တွင်လည်း စီးပွားရေးအခြေအနေကြောင့် လူဦးရေ လျော့ကျလို့ တူမခင်ဗျာ ရွာပြန်အလုပ်လုပ်နေရသည်။

" ဟဲ့ ခင်မာအေး... ညည်းဘာလုပ်နေလဲ ..."

" ကျွန်မ အေလာလေဆိပ်မှာ ပန်းရံအုပ်သယ် မဆလာသယ် လုပ်နေတယ် " သူမရဲ့ အလုပ်ကို တုန့်ဆိုင်းခြင်း၊ နှောက်နှေးခြင်းမရှိ ဂုဏ်ယူဝင်ကြွားစွာ ဖြေကြားလိုက်သည်။

"နောက်တစ်ခါ ဦးခြိမ့်တို့ ပျဉ်းမနားလာရင် အေလာလေဆိပ်မှာ ဆင်းရမှာလေ ... အဲဒီအခါကျရင် ငါ့တူမဆောက်တဲ့ လေဆိပ်ကြီးဆိုပြီး လိုက်ကြွားလိုက် ... " ညီမ၀မ်းကွဲက ၀င်ရောက်နောက်ပြောင်သည်။

ကျွန်တော့်မှာ ရုတ်တရက် မရယ်ပြုံးနိုင်... ခင်မာအေးအတွက် စိုးရိမ်သွားသည်။

" ညည်း.. နေ့စားခ ဘယ်လောက်ရသလဲ.. လောက်ငှရဲ့လားဟဲ့ ... "

" ကျွန်မ တစ်နေ့ ၁၅၀၀ ရတယ် ဦးလေး... လောက်ပါတယ်။ အမေကလည်း မလုပ်နိုင်တော့ အိမ်မှာ ထမင်းဟင်းချက်ပေါ့။ ကျွန်မ ညီမနဲ့ ကျွန်မ တို့နှစ်ယောက် နေ့စားလုပ်တာ မိန်းကလေး ၃ ယောက်အတွက်တော့ လောက်တယ်။ လပြည့် လကွယ်နေ့ကျရင် အန်တီကြီးတို့ဆီလာပြီး ကူလုပ်ပေးတယ်လေ... အဲဒီကျရင် အန်တီကြီးက မုန့်ဖိုးပေးသေးတယ် ..."

ခင်မာအေးရဲ့ အပြောကတော့ သူဘ၀ကို ကျေနပ် ပျော်ရွင်စွာပြန်ဖြေသံကြားရပေမဲ့ ကျွန်တော် သက်ပျင်းချနေမိသည်။

" အမော်.. ညည်းကော ဘာလုပ်နေလဲ ..." ညီမ၀မ်းကွဲဖက် လှည့်ကာ ဆက်လက်ပြီး မေးခွန်းထုတ်လိုက်မိပြန်ပြီ။

" ကျွန်တော်ကတော့ သာကူဆနွမ်းမကင်းတို့၊ မုန့်ကျွဲသည်းတို့၊ ငှက်ပျောပေါင်းတို့ လုပ်ပြီး အေလာကျောင်းမှာ ရောင်းတယ်လေ ... ညနေကျရင် နေပြည်တော်ဈေးမှာလဲ ရောင်းတယ်။ တစ်နေ့ ၅ထောင် ၆ထောင်လောက်တော့ အမြတ်ကျန်တယ် ဦးခြိမ့်ရ ... "

တကျပ်ခွဲသားခန့် ရွှေဆွဲကြိုးကြီးဆွဲထားသော သူမက ပြန်ဖြေလိုက်တယ်။ တကယ်တော့ အမော့်တွင်လည်း အဖေမရှိတော့။ အမေမုဆိုးမကြီးနှင့် ကျန်းမာရေးမကောင်းသော အဖမဲ့ တူငယ်တစ်ယောက်ကို အမော်က စောင့်ရှောက်နေသည်တဲ့ ....

ဘာပဲ ပြောပြော ရန်ကုန်မြို့လည်မှာ ကုန်ဈေးနှုန်းတွေတက် စီးပွားရေး အဆင်မပြေဘူးဆိုတဲ့ အသံတွေကြားနေရပေမဲ့ တောလက် ကျေးရွာများတွင်တော့ သူတို့လေးတွေ သူတို့ဘ၀နဲ့ ပျော်ပျော်ရွင်ရွင် လမ်းဆက်လျှောက်နေကြသည်လို့ ကြားရတော့ စိတ်ထဲမှာ သူတို့အတွက် စိုးရိန်မှုတွေ အနည်းငယ်လျော့ပါးသွားသည်။

" အော်.. ဒါနဲ့ ညည်းတို့ တစ်တွေ ရွေးကောက်ပွဲမှာ မဲသွားပေးကြသေးလား ..."

"အားအား ယားယား ဦးလေးရာ.... ကိုယ်စားဖို့ ကိုယ်လုပ်နေတာ ဘယ်သူတွေ ပြိုင်လို့ ဘယ်သူတွေ နိုင်မှန်းတောင် မသိပါဘူး ..." ခင်မာအေးက သွက်သွက်လက်လက် ပြန်ဖြေလိုက်သည်။

ကျွန်တော် ဘာပြန်ပြောရမှန်းမသိတော့ ... နိုင်ငံရေးဆိုတာ ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တယ်။ ပြည်သူတွေကပါ ၀ိုင်းဝန်းပါဝင်ကူညီမှ တို့တစ်တွေ လိုအပ်တဲ့ ဒီမိုကရေစီ ရမယ်ဆိုတာကိုများ တီဗီထဲက သတင်းကြေငြာသလို လေသံနဲ့ ပြောလိုက်ရင် ခင်မာအေးနဲ့ အမော်တို့ နှစ်ယောက် ကျွန်တော့်ကို ဘယ်ကမ္ဘာကလာတဲ့ ဂြိုလ်သားလဲလို့ ဆိုပြီး ပြန်ကြည့်လေမလား... ဒါမှမဟုတ် သူတို့နှစ်ယောက် ကြောက်တဲ့ ကျွန်တော်ကို ကျေနပ်အောင် ဟုတ်ကဲ့လို့ပဲ ပြောမလား... တွေးရင်းနဲ့...

မောင်ခြိမ့်

Monday, February 14, 2011

ဦးခြိမ့်၏ "ကျွန်တော်နှင့် ၁၀ ပုံရိပ်များ (၁) "

ဦးခြိမ့် မြန်မာပြည်က ပြန်လာပြီးနောက် မြန်မာကျူးပစ်ဖိုရမ်မှာ ရေးထားတဲ့ အခန်းဆက်ပို့စ်လေးတွေပါ။ ဘလော့ဂ်လာဖတ်သူများလဲ စိတ်ဝင်စားမယ်ထင်လို့ ရှယ်ပေးလိုက်ပါတယ်။ ဒီနေရာမှာ စာရေးသားရာမှာ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားတာတွေ တွေ့မှာပါ။ မဆွိတီက အပြောင်အပျက်၊ ပေါ့ပေါ့ပါးပါး၊ ဟိုရောက်ဒီရောက်တွေ ရေးတာများတယ်။ ဦးခြိမ့်ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ အတွေးအခေါ်တွေ၊ လေးလေးနက်နက်တွေ ရေးတာများပါတယ်။ အပြင်လောကမှာလဲ ဒီအတိုင်းပါပဲ။ ကိုယ်က အားရင် စ နေ၊ ပြောင်နေသူ။ သူကရုပ်တည်ကြီးနဲ့ နေတတ်တယ်။ သူရေးတာတွေက အများအားဖြင့်တော့ တခြားသူတွေ အသိအမြင်ဖြစ်ဖြစ်၊ ဗဟုသုတဖြစ်ဖြစ် ရတာများပါတယ်။ အားပေးကြပါဦး။
-----------------------------------------------------------------------------------------------------------------------------

ကျွန်တော်နှင့် ၁၀ ပုံရိပ်များ- နိဒါန်း


ကျွန်တော် မြန်မာပြည်က ပြန်လာပြီး တွေ့ခဲ့ရတဲ့လူတချို့နဲ့ စကားစမည်ပြောမိရင်းကနေ သိလိုက်ရတဲ့ အကြောင်းကို ကိုယ်ခံစား နားလည်သလို ပြန်ရေးချဖို့ အရှိန်ယူနေတာ အတော်ကြာခဲ့ပြီ။

ကျွန်တော်ရေးမဲ့ အကြောင်းကို နာမည်လှလှလေးလဲ ပေးချင်တယ်။ စာမရေးခင် နာမည်ကို စဉ်းစားတာကတင် နှစ်ရက်လောက်ကြာသွားတယ်။ (အဲဒီလောက် စာရေးတော်တာ) ။ ခေါင်းစဉ်ရပြီလားဆိုရင် ကျွန်တော်အဖြေမထွက်သေးဘူး။ ၁၀ ပုံရိပ်များလို့ ပေးရင်ကောင်းမလား၊ ပုံရိပ်များမှ ၁၀ လို့ ပေးရင်ကောင်းမလား၊ တစ်ဆယ်ပုံရိပ်များလို့ ပေးရင်ကောင်းမလား ခုချိန်အထိ ကျွန်တော် ဝေခွဲလို့မရသေးဘူး။

နောက်ဆုံးတော့ ... ခေါင်းစဉ် နောက်မှ ပေးမယ်ကွာ... အရင်ချရေးလိုက်မယ်ဆိုပြီး ဆုံးဖြတ်ချက်ကျတာပါပဲ။

ကျွန်တော် မြန်မာပြည်မှာ လူတန်းစား အလွှာတော်တော်များများ တွေ့ခဲ့ရတာလေးကို ပြန်ရေးပြမှာပါ။ ဒီပုံရိပ်လေးတွေက မြန်မာနိုင်ငံရဲ့ ၂၀၁၀ ခုနှစ် နောက်ဆုံးနေ့ရက်တွေများမှာ ကျွန်တော်တွေ့ခဲ့ရတာပါ။ လူဦးရေ ၅၄ သန်းထဲက လူ ၁၀ယောက်လောက်ကို စကားပြောပြီး ရေးထားတာဆိုတော့ စာရင်းကောက်မှုအရ ကျွန်တော်ရဲ့ ကောက်ချက်တွေက ၁၀၀ ရာခိုင်နှုန်းမှန်ပါတယ်လို့ ကျွန်တော် မဆိုလိုပါဘူး။ သို့သော်လည်း တစိတ်တပိုင်းလောက် မြန်မာလူနေမှု လောကကို ထင်ဟပ်နေမယ်လို့ မျှော်လင့်မိပါတယ်။

နောက်ပြီး ကျွန်တော်ရေးသားထားတာတွေကို မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေလိုတဲ့ ဆန္ဒနဲ့ရေးသားတာမျိုးမဟုတ်ရပဲ ကျွန်တော်ရေးသားတာတွေကြောင့် တစ်ဦးတစ်ယောက် သို့မဟုတ် တစ်ချို့သော သူများကို အကျိုးဖြစ်ထွန်းစေမယ်ဆိုရင် ကျွန်တော် အထူးဝမ်းမြောက်မိမှာပါ။

နိဒါန်းတွေ များသွားပြီ။ တော်မှ။

နောက်တပို့စ်မှာ ဆက်လက်ဖတ်ရှူလိုက်ပါဗျာ။

မောင်ခြိမ့်
-------------------------------------------------------------------------------------------------------------------------
ကျွန်တော်နှင့် ၁၀ ပုံရိပ်များ (၁)
ကျွန်တော် မြန်မာပြည်ကို ပြန်တိုင်း တွေ့ဖြစ်အောင်တွေ့သော ကျွန်တော်သူငယ်ချင်းတစ်ယောက်ရှိပါသည်။ သူနှင့် ကျွန်တော် တက္ကသိုလ်ပထမနှစ်မှ စတင်ရင်းနှီးခဲ့ပေမဲ့ ငယ်စဉ်တောင်ကျေး သူငယ်တန်းကတည်းက ပေါင်းသင်းလာတဲ့ သူငယ်ချင်းတစ်ယောက်လို ခင်မိပါသည်။ သူကလည်း ကျွန်တော်အပေါ်တွင် သူငယ်ချင်းလိုသာမက ညီတစ်ယောက်လိုပင် ခင်မင်ပါသည်။ ကျွန်တော် ရန်ကုန်မြို့တွင် သုံးစွဲရန်အတွက် လိုအပ်သောငွေကို သူထံတွင် ကြိုက်သလို ယူသုံးစွဲကာ နိုင်ငံခြားပြန်ရောက်မှ အေးအေးဆေးဆေး လွှဲတတ်ပါသည်။ ထိုအပြင် ရန်ကုန်မြို့တွင် စားသောက်သမျှအားလုံးကို ကျွန်တော်လက်ထဲမှ တစ်ပြားဖိုးမျှ အထုတ်မခံပဲ သူက အိပ်ထဲမှာ အကုန်စိုက်ထုတ်တတ်ပါသေးသည်။ ခေါင်းလျှော်မလား၊ အနှိပ်ခံမလား၊ စင်တင်များကိုသွားကာ အဆိုကျော်ကောင်မလေးများကို သွားပြီး မစားရအညှော်ခံ ပန်းကုံးသွားစွပ်မလား။ အမည်သာ သတ်မှတ်လိုက်ပါ။ အရောက်လိုက်ပို့မည်ဆိုသော ကျွန်တော်ရဲ့ ငယ်သူငယ်ချင်း တစ်ယောက်ပါ။

ကျွန်တော်သူငယ်ချင်းက ရန်ကုန်မြို့တွင် စားသောက်ကုန်လုပ်ငန်းတစ်ခုကို ပွဲရုံဖွင့်ကာ မြန်မာနိုင်ငံအောက်ပိုင်း၊ တင်္နသာရီတိုင်း၊ မွန်ပြည်နယ်တို့ကို ဖြန်ချီနေသော ပွဲရုံပိုင်ရှင် သူဌေးလေးတစ်ယောက်ပါ။ သူ ပွဲရုံလုပ်ငန်းကို တစ်စိုက်မတ်မတ် စတင်လုပ်ခဲ့သည်မှာ ၁၉၈၈ အရေးအခင်း ပြီးဆုံးသည်မှ ယခုအချိန်ထိ။ သူရရှိသော အမြတ်အစွန်းများမှာ သူများ၏ ငိုစားရယ်စားများ မဟုတ်ပဲ သမာအာဇီဝကျကျ နဖူးကချွေး ခြေမ တစ်ပေါက်ပေါက်ကျအောင် ရှာဖွေထားသော သူဌေးလေးလို့ဆိုရင် မမှားပါဘူး။ သူ့ကို သူဌေးလေးတစ်ယောက်လို့ ဘာလို့ ကျွန်တော်ဆိုရသလဲ ဆိုတော့ သူရဲ့အမြတ် ဘယ်လောက်ရသလဲဆိုတာ ခဏဘေးဖယ်။ သူရဲ့ပိုင်ဆိုင်ထားသော အိမ်ယာများကို ခဏဘေးဖယ်။ တစ်လ တစ်လ သူရဲ့ ပွဲရုံရဲ့ ရောင်းအားက မြန်မာကျပ်ငွေ သိန်းပေါင်း တစ်သောင်းကျော် ရှိနေသော လုပ်ငန်းတစ်ခုဖြစ်နေလို့ပါပဲ။

ဒီတစ်ခေါက်တော့ ကျွန်တော်တို့ နှစ်ယောက် မြေနီကုန်း စီးတီးမတ်အောက်တွင် ဖွင်လှစ်ထားသော ခြေထောက် အနှိပ်ခံသော အခန်းတွင် ဇိမ်ခံယူကာ အနှိပ်ခံရင်းနဲ့ စကားပြောဖြစ်ကြပါတယ်။

" မောင်ခြိမ့်.. မင်းက ပလန်နင်တွေ ဘာတွေ လုပ်ဖူးတော့ ငါမင်းကို မေးချင်လို့ကွာ၊ အခုနှစ်ကုန်တော့မယ် မဟုတ်လား၊ ငါ့တပည့်တွေ အလုပ်သမားတွေကို နှစ်ကုန် ဘောနပ်စ်ပေးချင်တယ်၊ ဘယ်လို စံနှုန်းတွေနဲ့ ပေးရင်ကောင်းမလဲ၊ အရင်တုန်းကလဲ ငါပေးတော့ ပေးတာပဲ.. ဒါပေမဲ့ ငါ့မှာ သေသေချာချာ တွက်ချက်ထားတာ မဟုတ်ပဲ ယခင်နှစ်တွေက ပေးခဲ့တာ လက်ရှိ ကုန်ဈေးနှူန်းအခြေအနေတွေနဲ့ ခန့်မှန်းပြီး ပေးတာကွာ။ ငါအနေနဲ့ ဘယ်လိုတွက်ချက်သင့်သလဲ အကြံပေးပါဦး"

အဲဒီလိုနဲ့ ကျွန်တော်ကလည်း ကျွန်တော် မှတ်သားထားဖူးတာလေးတွေ၊ ဘယ်လို အမျိုးအစားတွေ ခွဲဝေပေးသင့်တာ၊ ဘယ်လို ဆုပေး ဒါဏ်ပေးစနစ် အသုံးပြုပြီး ပေးသင့်တယ်ဆိုတာများကို အကြံပေးလိုက်ပါတယ်။ ၀န်ထမ်း အလုပ်သမား ၉၃ ယောက်ရှိတဲ့ သူရဲ့ ပွဲရုံက ၀န်ထမ်းများ၊ ကျွန်တော့်အကြံပေးမှုများနဲ့ ပေါင်းစပ်ပြီး ဒီနှစ် လစာအပြင် ပေးအပ်လိုက်တဲ့ ဘောနပ်ကတော့ သိန်း ၂၅၀ ပါတဲ့ဗျာ။

သူက ရန်ကုန်မှာ နေစဉ်အတွင်း ကျွန်တော်သွားလေရာ အဆင်ပြေအောင် ကားတစီးနဲ့ ဒရိုင်ဘာ ဦးလေးကြီးကို ပေးထားပါတယ်။ ဦးလေးကြီး သမီးကလဲ ပွဲရုံမှာ စာရင်းကိုင်လုပ်ပါတယ်။ အဲဒါနဲ့တစ်နေ့ အဲဒီဦးလေးကြီးကို စပ်စုမိတော့ ဒီတလတော့ ကျွန်တော်ရယ်၊ ကျွန်တော်သမီးရယ် ဘောနပ်နဲ့ လစာပေါင်း ၇ သိန်း-၈သိန်းလောက်ရမယ်ထင်တယ် ဆိုပြီး ပြောပါတယ်။

သူနဲ့ ကျွန်တော် စကားပြောဆိုတုံးက ကျွန်တော်အတွက် မှတ်မှတ်ရရ စကားတစ်ခွန်းကတော့...

" ငါ့ကို ရောင်းချတဲ့ ပင်ရင်းတောင်သူကိုလဲ အဆင်ပြေစေချင်တယ်။ သူ အဆင်ပြေချောမွေ့မှ ငါ့ကို ကုန်ရောင်းနိုင်မှာလေ၊ ငါကိုယ်တိုင်လဲ အဆင်ပြေ၊ ငါကနေ တဆင့်ရောင်းချလိုက်တဲ့ လက်လီ ကုန်သည်ကိုလည်း အမြတ်ကျန်စေချင်တယ်။ နောက်ပြီးကွာ ငါ့အလုပ်သမားတွေလဲ အဆင်ပြေစေချင်တယ်။ ငါတို့လုပ်ငန်းက ဒီလေးဦးစလုံး အဆင်ပြေချောမွေ့မှာ ငါတို့ စီးပွားရေး စက်ဝိုင်းကြီး အဆင်ပြေမယ်မဟုတ်လား"

"ဟကောင်ရ အဲဒါ Win-Win Situation လို့ခေါ်တယ်ကွာ ... အဲဒီအိုင်ဒီယာက ကမ္ဘာမှာ အခုခေတ် ပြောဆိုနေကြတဲ့ သီအိုရီ တစ်ခုပေါ့ကွာ" လို့ ကျွန်တော် ပြန်ပြောလိုက်တော့ ...


" သူတို့က နှစ်ဦး နှစ်ဖက်ပဲ စဉ်းစားတာကွ.. ငါက လေးဦးစလုံး အဆင်ပြေရမယ်ကွာ၊ ငါရဲ့Supplier ငါ့ရဲ့ Customer ငါ့ရဲ့ ၀န်ထမ်း နဲ့ ငါ ကိုယ်တိုင် လေးယောက်လေ။ ဒါကြောင့် ငါက Win-Win Situation မဟုတ်ဘူး 4 Win Situation ကွာ ဟား..ဟား.... ကြိုက်တယ်ကွာ.. ဒီစကားလုံးတွေနဲ့ ငါ့ရဲ့ ဈေးဝယ်တွေကို ပြောပြရမယ်..."

တကယ်တော့ သူပြောသလိုလဲ ဟုတ်ပေးတာပဲ။ သူရဲ့ အဲဒီလို စိတ်စေတနာကောင်းမှုကြောင့်ပေလား၊ ကုသိုလ်ကံကြောင့်လား နှစ်စဉ် နှစ်တိုင်း သူ့ရဲ့ သမာအာဇီဝ စီးပွားရေးဟာ တိုးပွားလာပြီး အခုဆိုရင် ကိုရီးယားကိုတောင်မှ တင်ပို့နေပါပြီ။ ၂၀၁၀မှာ ကျွန်တော့်ရဲ့ သူငယ်ချင်းရဲ့ တိုးပွားမှုကို ကြည့်ရင်း ကြည်နှုးမိခဲ့တဲ့ ပုံရိပ်လေး တစ်ခုပါပဲ။

မောင်ခြိမ့်

(ပုံရိပ် (၂) နဲ့ (၃)က တော့ မုလတန်းကျောင်းဈေးလေးမှာ မုန့်ကျွဲသည်းရောင်းတဲ့ မိန်းခလေးတစ်ယောက်နဲ့ နေပြည်တော်လေဆိပ်မှာ မဆလာသယ်တဲ့ ခလေးမလေးတစ်ယောက် အကြောင်းဖြစ်ပါတယ်။ ဆက်ပါမည်။)

Saturday, February 12, 2011

ရန်ကုန်ပြန် မှတ်တမ်း ...

မဆွိတီတို့မိသားစုတွေ ပြီးခဲ့တဲ့ ဒီဇင်ဘာက ရန်ကုန်တစ်ခေါက် ပြန်ခဲ့ကြတယ်။ ရန်ကုန်ဆိုပေမဲ့ ဦးခြိမ့်တို့နေတဲ့မြို့ကိုလဲ ရောက်ခဲ့တယ်။ ပုံလေးတွေနဲ့ပဲ ခရီးသွားမှတ်တမ်းလေး တင်လိုက်တယ်။ သမီးတစ်ဖက်နဲ့မှို့ ဓာတ်ပုံတွေ အများကြီး မရိုက်ခဲ့ရတော့ ပုံတွေကတော့ သိပ်မစုံဘူး။ ခွင့်လွှတ်ကြပါ။

၂၄ ဒီဇင်ဘာ ၂၀၁၀
ရောက်ရောက်ချင်း အမေတို့နေတဲ့ ရန်ကုန်မြို့စွန်ကအိမ်မှာ တည်းပါတယ်။ ဂျူဂျူးက ညီမ၀မ်းကွဲလေးတွေနဲ့ ဆော့ရတော့ အဲဒီမှာ အရမ်းပျော်တယ်။


အမေတို့အိမ်က ထမင်းဝိုင်း။ ကြက်သားဟင်းကလဲ စလုံးကကြက်တွေနဲ့ တခြားစီလိုပဲ။ စားရတာ စေးစေးပိုင်ပိုင်နဲ့ လေးလေးပင်ပင်ရှိတယ်။ (စလုံးရောက်စက စလုံးက ကြက်တွေက အောက်သလိုလို အနံ့တစ်မျိုးရလို့ဆို စားလို့မရဘူး။ ခုတော့ used to ဖြစ်သွားပါပြီ။ ) မှိုကန်ဇွန်းကလဲ ချိုလိုက်တာဗျာ။ မုံလာဥနဲ့ မုန်ညင်းနဲ့ကိုရောပြီး ချဉ်ရေချက်ထားတာလဲပါတယ်။ ငပိရည် အတို့၊ အမြှုတ်၊ ကြောင်လျှာသီးကြော်၊ ၀က်သားဆီပြန်၊ ဂျူဂျူ့အတွက် ကြက်သားကြော် အစုံပါပဲဗျာ။ ပြီးတော့မှ ငါးကျည်းကြော်မေ့နေလို့ဆို လာချပေးသေးတယ်။ အမေတို့နေတဲ့ နေရာက မြို့စွန်ဆိုတော့ အသီးအရွက်တို့ဘာတို့ သိပ်ပေါတာ။ ခြံတွေမှာ စိုက်ပြီး လာရောင်းတာဆိုတော့ ဈေးလဲပေါတယ်၊ လတ်လဲလတ်ဆတ်တယ်။ အတို့အမြှုတ်ကအစ ပိုချိုတယ်။ စလုံးကနဲ့ မတူသလိုပဲ။



၂၅ ဒီဇင်ဘာ ၂၀၁၀ - ခရစ်စမတ်နေ့
နောက်နေ့ကျတော့ မဆွိတီရဲ့ ကျောင်းတုံးကတွဲခဲ့တဲ့ ချစ်သူငယ်ချင်းအိမ်က ခရစ်စမတ်ပွဲကို သားအမိ၂ယောက်သွားကြတယ်။ ရန်ကုန်ပြန်တိုင်း အဲဒီခရစ်စမတ်မှာ တခြားသူငယ်ချင်းတွေနဲ့လဲ ဆုံနေကျ။ သူငယ်ချင်း၂ယောက် ဘယ်သူက ပို slim ဖြစ်လဲ ပြိုင်ကြတယ်။ မဆွိတီက လာခါနီး အသေ၀ိတ်ချလာတာဆိုတော့ သူ့ထက် ၃ကေဂျီလောက်လျော့နေတာကို ကျေနပ်ဟန်မတူဘူး။ သူတို့အိမ်က ပေါင်ချိန်စက်မှာ ချိန်ခိုင်းပြီး ဒန်ပေါက်ကို ၂ပွဲတိတိ မကုန်မချင်းစားခိုင်းတယ်။ သူနဲ့ ၀ိတ်ညီအောင်တဲ့။ ဆိုးချက်။

မေးခွန်း - ကူရှင်ကြီးတွေ ဘာလို့ ကိုင်ထားကြတာလဲ ... ...???


အဲဒီမှာ အဖြစ်တစ်ခု ပြောပြဦးမယ်ဗျာ။ အဲဒီနေ့က မဆွိတီတို့သားအမိက ၀ီရိယကောင်းပြီး သူငယ်ချင်းအိမ်ကို မနက်၁၀နာရီလောက် ရောက်သွားတယ်။ တခြားသူငယ်ချင်းတွေကတော့ ဆရာကန်တော့ပွဲရှိလို့ဆို နေ့လည် ၂နာရီ၊ ၃နာရီမှလာမယ်တဲ့။ သူငယ်ချင်းကလဲ တစ်ခြားဧည့်သည်တွေ ဧည့်ခံစရာလဲ ရှိသေးတော့ ကိုယ့်ကိုဂရုစိုက်နေရမှာ စိုးတာရယ်၊ ကိုယ်လဲ ဈေးဝယ်စရာလေးတွေရှိတာနဲ့ သူတို့နားက ရှောပင်းမောမှာ ဈေးသွားပတ်နေတာ။ နေ့လည်မှ ပြန်လာမယ်ပေါ့။ ဟိုရောက်တော့ အဲဒီရှောပင်းက သေးသေးလေး။ ကိုယ်လိုချင်တာတွေ မရှိဘူး။ ဒါနဲ့ ယုဇနပလာဇာကို သွားဝယ်မယ်ဆို အနားမှာရပ်ထားတဲ့ တက္ကစီတစ်စီးကို ဈေးမေးပြီး ယုဇနပလာဇာကို သွားကြတယ်။

ကားထွက်ကာစ ခဏပဲ မောင်းရသေးတယ်။ မဆွိတီက သတိရသွားတာ။ ဟာ ဒီနေ့ ခရစ်စမတ်နေ့ကြီး ဈေးဖွင့်ရဲ့လားမသိဘူးဆို မေးမှ တက္ကစီသမားက မဖွင့်ပါဘူးတဲ့ဗျာ။ ဟာ အစ်မက ယုဇနမှာ ဈေးသွားဝယ်မှာ။ အဲဒါဆို မသွားတော့ဘူး။ အစ်မကို ခုနနေရာ ပြန်ပို့၊ ခုနက ၃၅၀၀ ပြောတာ အစ်မ ၁၅၀၀ ပေးမယ်ဆို၊ မောင်မင်းကြီးသားက လူကိုငေါက်ငမ်းပြီး ခရစ်စမတ်မှာ ဈေးပိတ်တာတောင် မသိဘူးလား။ ဘာညာနဲ့ ထကောပါရော။ ကိုယ်ဖက်က မှားမှန်းသိလို့ ပြေပြေလည်လည်ပြောနေတာကို စွတ်ကောနေတော့ အဲဒီကတည်းက စိတ်ကတိုချင်နေပြီ။ ပြီးတော့ ၃၅၀၀ ပဲ အပြည့်ပေးရမယ်တဲ့။ ကဲ ယုဇနလို ၈မိုင်လောက်ဝေးတဲ့နေရာကို ၃၅၀၀ ပေးရတာ ဟုတ်ပါတယ်။ ခုဟာက မိုင်ဝက်လောက်ပဲ ရှိတဲ့ခရီးကို ပြန်သွားရမှာနော်။ မဆွိတီလဲ တော်တော်ကို စိတ်တိုသွားတယ်။ လူတွေ မရိုးသားတာ၊ မတရားသဖြင့် လိုချင်တာကို ပြောတာပါ။ နီးနီးလေးပဲဟယ် ၃၅၀၀ကတော့ များတာပေါ့။ ၁၅၀၀ ပဲယူပါဆိုတာကို ဇွတ် ၃၅၀၀ပဲ တောင်းနေတော့တာပဲ။ ဒါနဲ့ ကိုယ်ကလဲ ညစ်တွန်းတွန်ပြီး ပြောလိုက်တာ။ ကဲ အဲဒါဆိုလဲ ယုဇနပလာဇာကိုသာမောင်း၊ တောင်းတဲ့ အတိုင်း ၃၅၀၀ ပေးမယ်ဆိုမှ ခုနကနေရာပဲ ၁၅၀၀ နဲ့ ပြန်ပို့မယ် လုပ်ပါတော့တယ်။ ကိုယ်က အမှန်တကယ်တော့ ငွေကို ကပ်တွက်တာ မဟုတ်ပါဘူး။ တန်ရာတန်ကြေးပဲ ပေးချင်တာပါ။ ကဲ ရန်ကုန်မှာ အဲလို အဖြစ်မျိုးတွေ ရှိပါတယ်ဗျာ။

သူငယ်ချင်းအိမ်က ညနေပြန်တော့ အိမ်က အမျိုးတွေရော၊ မိသားစုတွေရော စားရအောင်ဆို ကြက်လျှာစွန်းမှာ ဒန်ပေါက် ၀င်ဝယ်တယ်။ လူကြီးတွေအတွက် နို့စိမ်းဒန်ပေါက် လဲပါတယ်။ KSS တဲ့ ကြက်လျှာစွန်းနဲ့ မျက်စောင်းထိုးမှာပဲရောင်းတာ။ ကြက်လျှာစွန်းကိုပဲ ၂နေရာ ခွဲရောင်းတာပါ။ နို့စိမ်းဒန်ပေါက်က သွေးတိုးသမားတွေပါ စားလို့ရတယ်တဲ့။ စားကြည့်တော့ အရသာလဲ တော်တော်ကောင်းတယ်။ မဆွိတီကတော့ ရိုးရိုးဒန်ပေါက်ထက်တောင် ပိုကြိုက်သေး။ အစားငမ်းနေတာနဲ့ ပုံတွေ မရိုက်ခဲ့ရဘူး။

(အောက်ကပုံကတော့ KSS ဒန်ပေါက်ဆိုပြီး ဂူဂဲကနေ ရှာထားတာပါ။ )
)
အိမ်ရောက်တော့ ရယ်စရာတစ်ခု ပြောပြဦးမယ်။ အိမ်မှာ မဆွိတီလာမယ်ဆိုတော့ အမျိုးတွေ ရောက်နေကြတာ။ လူတွေလဲ အများကြီးပေါ့။ ဒန်ပေါက်တွေ စားခါနီး လိုက်ပေးတော့ ထမင်းစားပွဲဘေးက ခုံမှာထိုင်နေတဲ့ လူတစ်ယောက်။ သူကနောက်လှည့်နေတော့ အမျိုးထဲက ဘယ်သူများလဲပေါ့။ စဉ်းစားလိုက်ရတာ။ မည်သူလို့ ထင်ပါသလဲ ပိတ်တတ်ကြီး။ ဦးခြိမ့်ပါခင်ညာ။ မဆွိတီတို့ သွားပြီး နောက်နေ့မှ သူလိုက်လာတာပါ။ လာမယ်ဆိုတာလဲ သိပါတယ်။ တစ်နေကုန် အမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့နေတော့ ပျော်နေပြီး ကိုယ့်ယောက်ျားလာမှာကို မေ့သွားတာ။ သူ့သူငယ်ချင်းတစ်ယောက်က လေဆိပ်မှာ သွားကြိုပြီး အိမ်မှာ
ဝင်ချသွားတာပါ။ ဟယ် ဟိုက လူစိမ်းကြီး ဘူများလဲလို့ ဒီကကြည့်နေတာ ဆို မျက်နှာချိုသွေးပြီး စ လိုက်တော့ ဦးခြိမ့်က လူကို ညက်စောင်းအကြီးကြီး ထိုးပြီး ကြည့်ပါတယ်ခင်ညား။
မဆွိတီတို့များ ရန်ကုန်ရောက်ရင် အဲလို ကိုယ့်ယောက်ျားကိုယ်တောင် မေ့တာ။

၂၆ ဒီဇင်ဘာ ၂၀၁၀
နောက်နေ့ကျတော့ မြို့ထဲဖက် သွားရလာရလွယ်အောင် ဦးခြိမ့်သူငယ်ချင်းတစ်ယောက်ရဲ့ တည်းခိုခန်းတစ်ခုမှာ သွားနေကြတယ်။ ကိုယ်ကတော့ အမေတို့ အိမ်မှာပဲ နေချင်သေးတာ။ ဂျူဂျူကလဲ မမလဲ့လဲ့တို့အိမ် ပြန်မယ်ချည်း ဂျီကျနေတော့တာပဲ။ ဦးခြိမ့်ကဝေးလို့တဲ့လေ။

မနက်ဖက် ဦးခြိမ့်သူငယ်ချင်းက မနက်စာ စားရအောင်ဆို မုန့်ဟင်းခါးဆိုင်တစ်ဆိုင် လိုက်ပို့ပေးတယ်။ လူကုံထံတွေနေတဲ့ ရပ်ကွက်က မူလတန်းကျောင်းဘေးမှာ ကပ်ဖွင့်ထားတဲ့ ဆိုင်ပါဗျာ။ မုန့်ဟင်းခါး ဘူးသီးကြော်၊ ငါးဖယ်ကြော် တစ်ပွဲကို ၁၅၀၀ ကျပ်ပါတဲ့ အရပ်ကတို့ရေ။ စားလို့တော့ ကောင်းပါတယ်။ အရည်ကျဲကျဲ ချိုချိုနဲ့ ငါးများများနဲ့ ချက်ထားတာ။ ထူးဆန်းတာက ကျောင်းဘေးနားက အဖီတဲမှာ ဖွင့်တဲ့ဆိုင်ကို လာစားသူတွေက ပါကျဲရိုးတို့၊ လင်ခရူဆာတို့လို ကားကောင်းတွေနဲ့ လာစားကြတာပါပဲ။ ကျောင်းဝန်းကကျယ်တော့ ကားရပ်လို့ရတယ်လေ။ သူတို့တွေလာစားတော့ မုန့်ဟင်းခါးက အလိုလို ဈေးမြောက်သွားပြီး ဆိုင်ရှင်ကလဲ အင်မတန်ကြီးကျယ်တယ်ဆိုပဲ။ မုန့်ဟင်းခါး အကြော် တစ်ပွဲ ဘယ်လောက်လဲ ဈေးမေးရင်ကို မကြိုက်ဘူးတဲ့ဗျာ။ အထူးအဆန်းအနေနဲ့ အဲလို ဆိုင်မျိုး ရောက်ဖူးအောင်ဆို လိုက်ကျွေးတာပါတဲ့ ... ကဲ ။ ရန်ကုန်မှာ ဒါမျိုးတွေလဲ ရှိတယ်။


မနက်စာစားပြီးအပြန် ဦးခြိမ့်က သူ့သူငယ်ချင်းဆီသွား။ သားအမိ၂ယောက်က စိတ်မလျှော့ဘူး။ ယုဇန ပလာဇာမှာ ဈေးပတ်ကြတယ်။ အဖေ့အတွက်နဲ့ ဦးခြိမ့်ဖို့ သိုးမွှေးဆွယ်တာတွေ၊ ပုဆိုးတွေ၊ စွတ်ကျယ်တွေ ၀ယ်လာခဲ့တယ်။ ယုဇနပလာဇာက ဈေးဝယ်လို့ သိပ်ကောင်းတယ်။ ဆိုင်တွေကလည်း အများကြီး၊ ပစ္စည်းတွေလည်း အများကြီးရွေးလို့ရတယ်။ သိုးမွှေး ဆွယ်တာ တစ်ထည် ၇၀၀၀ ပါ။ ပုဆိုးက ဦးဂျမ်း ၁၂ထည်ဝယ်တာ ဈေးကတော့ မေ့ပြီ။ သမီးက ကာတွန်းကားခွေတွေ ပူစာလို့ ၀ယ်ပေးရသေးတယ်။ (အိမ်ရောက်တော့ ဖွင့်ကြည့်တာ အဆင်မပြေပါ။)


သားအမိ၂ယောက် ယုဇနပလာဇာရှေ့ငုတ်တုတ်ထိုင် ကားစောင့်ရင်း ရိုက်ထားတာ။ ဂျူဂျူက သူကြိုက်တဲ့ barbie princess ဇာတ်လမ်းတွေ အများကြီးပါတဲ့ အခွေရလာတော့ အရမ်ပျော်နေတာ။ အဲဒီအခွေလေး တကိုင်ကိုင်နဲ့။


နေ့ခင်းစာကို လှည်းတန်းက ဓနုဖြူ ဒေါ်စောရီမှာ စားကြတယ်။ မဆွိတီက ငရန့်အူဟင်း၊ ဦးခြိမ့်က ငါးဖယ်ဆီပြန်၊ ကင်ပွန်းချဉ်နဲ့ ပုစွန်ဆိတ်ကလေးတွေ ကြော်တာ၊ နောက်ကြက်သားကြော်ကို အသားလေးတွေဖဲ့ပြီး ပြန်သုတ်တာ အစုံပါပဲ မှာစားကြတယ်။

ညနေကျတော့ ရွှေတိဂုံဘုရားပေါ် တက်ကြတယ်။
ရွှေတိဂုံပေါ်မှ ဗုဒ္ဓဟူးသားအဖ။ ဦးခြိမ့်ကတော့ ဘာတွေ ပီတိဖြာနေသည်မသိ။


အင်တာနက်ထဲမှာ အင်မတန် ရေပန်းစားလှသော လူတစ်ယောက်နှင့် ဘုရားပေါ်မှာ မျက်နှာချင်းဆိုင် နီးပါးမျှ ဆုံခဲ့ရသည်။ ဦးခြိမ့်က ဒီနေရာ လူရှင်းတယ်ဆို ဓာတ်ပုံတွေ ရိုက်ပေးနေတာ။ ရှင်းမှာပေါ့ သောကြာသား လာမှာမှို့ ရှင်းထားတာကို။ သောကြာထောင့်မှာလဲ အနီရောင် ကောဇောကြီး ခင်းထားတယ်။ အစိမ်းရောင်တွေကလဲ ဗျောက်တွေနဲ့ တကိုင်ကိုင်နဲ့၊ သတိတော့ထားမိသား။ သောကြာသားကြီး ကိုယ်တိုင်မှန်းတော့ ဘယ်သိမတုံး။ လုံခြုံရေးက လမ်းလေးတွေ ရှင်းပေးပါတဲ့ဆိုမှ ကြည့်လိုက်တော့ အောင်မလေးဗျာ သောကြာသားက ကိုယ်တို့ရှေ့နားမျက်နှာချင်းဆိုင်မှာ ရောက်နေပြီ။
သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ... ပလပ်ပေါက်ကိုကိုင်။


ဘုရားရိပ် တရားရိပ်ကတော့ တကယ်အေးချမ်းပါတယ်။
အောင်မြေနင်းကြတယ်။




ညကျတော့ ၁၇လမ်းက ၀က်သားတုတ်ထိုးစား၊ ရွှေပုဇွန်မှာ ဖာလူဒါသောက်၊ မေ 11 မှာ ခေါင်းသွားလျှော်ကြတယ်။
(သတိ ... စာဖတ်ပိတ်တတ်များ အောက်က ၀က်သားတုတ်ထိုးဘန်းကို ၂ခါ မကလစ်ပါနှင့်။ ကလစ်မိပါက ကိုယ့်အပြစ်နဲ့ ကိုယ်နော်း ))... ကိုကြီးကျောက် သွားကလစ်တယ်နဲ့ တူတယ် ... )



၂၇ ဒီဇင်ဘာ ၂၀၁၀
နောက်နေ့ မနက် မနက်စာကို Feels မှာ သွားစားကြတယ်။ management တော်တော်ကောင်းတဲ့ဆိုင်ပါ။ ၀န်ထမ်းတွေရော အစားအသောက်တွေရော သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့။ မြန်မာအစားအသောက် အကုန်နီးပါး ရတယ်။ မဆွိတီတို့အတွက်တော့ ရေငတ်တုံးရေတွင်းထဲ ပြုတ်ကျသလိုပဲ။ ရွေးစရာတွေများလွန်းလို့ ဘာစားရမယ်မှန်းတောင် မသိတော့ပါဘူး။ အသိက ပြောပြတာတော့ မူရင်းဆိုင်ပိုင်ရှင်က တော်တော့်ကို စေတနာကောင်း၊ စိတ်နှလုံးကောင်းရှိတဲ့လူပါတဲ့။ အခု အဲဒီ ဖီးလ်ဆိုင်တွေကို အရင်းကျေတော့ သူ့တပည့် လုပ်ဖော်ကိုင်ဖက်တွေကို အပိုင်လွှဲပေးလိုက်သတဲ့။ အစားအသောက်လုပ်ငန်းလုပ်ရာမှာ စေတနာက အင်မတန် အရေးပါပါတယ်။

မနက်ခင်းမှာ ဒီဖောင် (D Form) သွားလုပ်ပြီး အကူအညီပေးတဲ့ မောင်လေးနဲ့အတူ နေ့ခင်းစာကို ၈မိုင်က ဆိုင်တစ်ဆိုင်မှာ ရှမ်းခေါက်ဆွဲသွားစားကြပါတယ်။

ညနေကျတော့ အလှူဒါန ပြုကြသူငါ အစီအစဉ်ပါ။ လှိုင်မြို့နယ်မှာရှိတဲ့ မေတ္တာဝါဓီ ပရဟိတ မိဘမဲ့ ခလေးကျောင်းမှာ ငွေသွားလှူကြတယ်။


အပြန်ကျ ဦးခြိမ့်သူငယ်ချင်းတစ်ယောက်ရဲ့ XXX XXXX ယာဉ်တွေထုတ်တဲ့စက်ရုံကို သွားကြည့်ကြတယ်။ အလုပ်သမားလေးတွေ သနားပါတယ်ဗျာ။ သွပ်ခေါင်မိုးပူပူအောက်မှာ မီးတွေ ၀ရိန်တွေနဲ့ လုပ်နေရတာ။ ပန်းပဲထုနေတဲ့ လူတွေလဲရှိတယ်။ တွင်ခုံလေး နဲနဲတွေ့ရတာကလွဲလို့ ဟိုးရှေးခေတ်ကအတိုင်း လူအားကို သုံးပြီး လုပ်နေရတုံးပါ။ အဲမှာလဲ ထူးဆန်းတာတွေ တွေ့ခဲ့ရသေးတယ်။ စက်ရုံမှာ စက်တွေသာ ထုတ်နေတာ၊ အင်ဂျင်နီယာတစ်ယောက်မှ မရှိဘူးတဲ့ဗျာ။ BE မပြောနဲ့ AGTI ကို မရှိတာပါ။ တရုတ်ကလာတဲ့ ဒီဇိုင်းကို တစ်စစီဖြုတ်ကြည့်၊ ပစ္စည်းတစ်ခုချင်းဆီကို တိုက်ရိုက်အတုခိုးပြီးထုတ်တော့ drawing ဆိုတာတောင် လက်ကလေးနဲ့ အကြမ်းဆွဲထားတဲ့ ပုံလေးနဲ့ပါ။ အဲဒါလဲ စက်ရုံပိုင်ရှင်ကိုယ်တိုင် ဆွဲတာနော်။ သူလဲတော်တယ်လို့ ပြောလို့ရမယ်။ သူ့ဟာသူ အတုခိုးခိုး ဘာဖြစ်ဖြစ်။ ဘွဲ့မရပေမဲ့ ရှိတဲ့ပစ္စည်း၊ ရှိတဲ့ပညာနဲ့ ဒီလို တစ်နေ့ကို စက် ၂စီးလောက်ထွက်တဲ့ စက်ရုံတစ်ခုကို စီမံခန့်ခွဲနေတာ။ ပြည်တွင်းသုံးအတွက် အတော်အထောက်အကူပြုတယ်နော်။ မက်ကယ်နီကယ်အင်ဂျင်နီယာ လင်မယားကတော့ လက်ဖျားတွေခါပြီး စက်ရုံကနေ ပြန်လာကြပါတော့တယ်။
ကဲ ... ရန်ကုန်မှာ အဲလိုမျိုး စက်ရုံတွေလဲ ရှိပါတယ်ဗျာ။

ညကျတော့ ဖိုရမ်က မိတ်ဆွေတွေနဲ့ အကင်ဆိုင်တစ်ခုမှာ တွေ့ကြတယ်။ အွန်လိုင်းမှာတွေ့ကြပေမဲ့ တကယ့် မိတ်ရင်းဆွေရင်းတွေလို စကြ နောက်ကြနဲ့ တော်တော်ပျော်ခဲ့ကြပါတယ်။

နောက်နေ့ မနက် ဦးခြိမ့်တို့မြို့ကို သွားမှာဖြစ်ပါတယ်ခင်ဗျား။ ။



(ပုံ၂ပုံကို မဇ္ဖျိမ နဲ့ http://thetyadanarlattfamily.blogspot.com လင့်ခ်ကနေ ယူထားပါတယ်။ စာတွေချည်းဆို ဖတ်သူတွေ ပျင်းမစိုးလို့ ပုံလေးတွေ ကြားညှပ်ထည့်ချင်လို့ပါ။)

Tuesday, February 8, 2011

ပါစီပန်ဂျန်း ဘ၀ တစ်ဆစ်ချိုး ....


မဆွိတီ ကားမောင်းတတ်ခါစက ရုံးကိုမောင်းရင် ဦးခြိမ့်က AYE က မမောင်းရဘူးတဲ့။ AYE က ကားတွေ အရမ်းမောင်းလို့ စိတ်ပူပြီး west coast ဟိုင်းဝေးကနေ မောင်းခိုင်းတယ်။ အဲဒီလမ်းက ကားလဲအရမ်းရှင်းပြီး ကားကြီးတွေကလဲ သိပ်မြန်မြန်မမောင်းတော့ အန္တရာယ်ကင်းတယ်ပေါ့။ ပြီးတော့ လမ်းကလဲ အဖြောင့်ကြီးဗျာ။ မဆွိတီတို့ရုံးနားက ပါစီပန်ဂျန်းလမ်း (pasir panjang ) ကို ကူးတော့မယ်ဆိုရင် အဲလိုတစ်ဖြောင့်တည်းသွားနေရာကနေ ဘယ်ဘက်ကို လုံးဝကြီးကို ချိုးချလိုက်ရတာ။ အဲဒီလမ်းဆုံက ကားအရမ်းရှုပ်တော့ လမ်းချိုးနားရောက်ရင် လမ်းပြောင်းရတာ တော်တော်ကို ဂရုစိုက်ရတယ်။ ကွေ့ပြီးပြန်ရင်လဲ ညာဘက်ကို ချက်ချင်း ထပ်ချိုးရမှာဆိုတော့ ကားက၄လမ်းရှိတာမှာ ဘယ်အစွန်လမ်းကနေ ညာအစွန်ဆုံးလမ်းကို ထောင့်ဖြတ်ကြီးကို ဖြတ်ချရတာ။ အဲဒီတော့ west coast တလျှောက် တဖြောင့်တည်းမောင်းနေရာကနေ ပါစီပါဂျန်းလမ်းထဲဝင်ဖို့ရာ တစ်ဆစ်ချိုးက တော်တော်သတိထား မောင်းရတဲ့ အပြောင်းအလဲ၊ အချိုးအကွေ့ကြီးပေါ့ဗျာ။ ကားကလဲ မောင်းတတ်ကာစကိုး။

မဆွိတီတို့ လူ့ဘ၀မှာလဲ အဲသလို ဘ၀တစ်ဆစ်ချိုးတွေ၊ အချိုးအကွေ့တွေ အများကြီးရှိခဲ့ကြတယ် မဟုတ်လား။ တစ်ခါတစ်လေ လမ်းလေးဆုံရောက်တယ်။ ဘယ်လမ်းကိုသွားရမလဲ ရွေးရတယ်။ ဒါက ဘာနဲ့တူလဲဆိုတော့ ၁၀တန်းစာမေးပွဲနဲ့တူတယ်။ ဘ၀အသက်မွေးဝမ်းကျောင်းဖို့အတွက် ဆေးကျောင်းသွားမလား၊ စက်မှုသွားမလား၊ ၀ိဇ္ဖာသိပ္ပံလား၊ အီကိုလား လမ်းတွေကို ရွေးရတာ။ ဒါတောင် တစ်ချို့လမ်းတွေက ကိုယ်ဝင်ချင်တိုင်းတောင် ၀င်လို့မရဘူး။ ကန့်သတ်ချက်တွေ အရည်အချင်းတွေပြည့်စုံမှ ၀င်ခွင့်ရတာကလား။


မဆွိတီရဲ့ဘ၀ကို ပြန်ကြည့်မယ်ဆိုလဲ အဲလိုဘ၀တစ်ဆစ်ချိုးတွေ အများကြီး ရှိခဲ့ဖူးတယ်။ ၁၀တန်းအောင်တော့ လမ်းလေးဆုံကနေ ဘ၀အတွက် ကောင်းမယ်ထင်တဲ့ လမ်းတစ်လမ်းကို ချိုးကွေ့လိုက်ရတယ်။ ကျောင်းပြီးတော့ ဆရာမဘ၀ အချိုးအကွေ့ကတော့ ဒီလောက်ကြီး မပြောပလောက်ဘူး။ ခပ်ပြေပြေ အကွေ့လေးလို့ ပြောလို့ရမယ်။ ဒီကျောင်းမှာပဲ ဆရာမပြန်လုပ်၊ ကျောင်းသူဘ၀ နေခဲ့တဲ့ အဆောင်ဘေးက ဆရာမဆောင်မှာနေ၊ ၆နှစ်လောက်ကျင်လည်ခဲ့ဘူးတဲ့ အရပ်ဆိုတော့ အပြောင်းအလဲက သိပ်မသိသာလှဘူး။ ဟော မန္တလေး စက်မှုတက္ကသိုလ်ဘက် တစ်နှစ်ကတော့ မိဘတွေနဲ့ဝေး၊ ရတဲ့လစာကမလောက်နဲ့ တော်တော်တော့ ကသီလင်တနိုင်ခဲ့တယ်။ သူကတော့ ကျင်းတွေ၊ ခလုပ်တွေရှိတဲ့ လမ်းလေးထဲရောက်သွားသလိုဆိုတော့ ယိုင်လဲမသွားအောင်တော့ တန်းကို မြဲမြဲကိုင်ထားရတယ်ပေါ့။

မန်းလေးမှာ ဆရာမဘ၀ A1 ဆောင်ရှေ့


ရန်ကုန်ပြန်ရောက်ပြီး တစ်နှစ်လောက်ကြာတော့ နောက်ထပ်အချိုးအကွေ့တစ်ခုက အပေါ်ကပြောတဲ့ ပါစီပန်ဂျန်းအကွေ့လိုပဲ တစ်ဆစ်ချိုးကြီးပါပဲဗျာ။ အဲဒီတစ်ဆစ်ချိုးကတော့ လုံးဝမမျှော်လင့်ပဲ စင်္ကာပူမှာ ကျောင်းဆက်တက်ဖို့ရာ ဖြစ်လာတာပါပဲ။ အဖြစ်က နဲနဲထူးလို့ ပြောပြရဦးမယ်။ မဆွိတီ မန်းလေးကနေ ရန်ကုန်စက်မှုတက္ကသိုလ်ထဲ ပြန်ရောက်တော့ အခန်းဖော်နေတဲ့ဆရာမက အတန်းတူ၊ မေဂျာကွဲသူငယ်ချင်း။ သူက ကျောင်းမှာကထဲက စာတော်တယ်၊ လှလှပပ ကျော့ကျော့လေး နေတတ်တယ်။ သူ့ကို ချစ်စနိုးနဲ့ ပဲကြူလို့ ခေါ်ကြတယ်။ သူက သူ့ရဲ့အလုပ်ကိုလဲ တိတိကျကျလုပ်တယ်။ သူ့ဌာနမှာ စာသင်ကောင်းတယ်၊ တော်တယ်လို့လဲ နာမည်ကြီးတယ်။ နေတာထိုင်တာလဲ သန့်သန့်ရှင်းရှင်းနဲ့၊ သူနဲ့နေရတာ အခန်းသန့်ရှင်းရေးကတော့ လုပ်စရာမလိုဘူးဗျ။ မိုးလင်း အိပ်ရာက မနိုးသေးဘူး။ ကိုယ်အိပ်တဲ့ ကုတင်အောက် တံမြက်စည်းဝင်လှည်းနေတဲ့သူမျိုး။ သူက တစ်ချို့ကိစ္စတွေမှာ အင်မတန်ပျင်းတယ်။ ဥပမာ အစိုးရကိစ္စ၊ စာရွက်စာတန်းကိစ္စ၊ ဖောင်ဖြည့်ရမဲ့ကိစ္စ၊ အဲလိုဟာမျိုးတွေ သူပျင်းတယ်။ လှလှပပလေးဝတ်စား၊ ခလေးတွေကို စာသင်နဲ့ သူ့ဟာသူ ရောက်တဲ့ဘ၀မှာ အေးအေးနေချင်တဲ့သူမျိုး။ ခု မဆွိတီ စလုံးရောက်လာတဲ့ ကိစ္စကလည်း သူအဲဒါတွေ အပျင်းကြီးတာနဲ့ စပ်ဆက်နေတယ်။

RIT ဆရာမများဆောင်မှာ ... (ပဲကြူတံမြက်စည်းဝင်ဝင်လှည်းတဲ့ ကုတင်ပါခင်ညာ ... စောင်ကလဲ သူ့စောင်ကြီး ငှါးအုပ်ထားတာ ..)

တစ်ရက် ပဲကြူနဲ့ကျောင်းတုံးက အရမ်းတွဲခဲ့တဲ့ သူငယ်ချင်းတစ်ယောက် အဆောင်ကို ပေါက်ချလာတယ်။ သူက NUS မှာ ကျောင်းတက်ချင်လို့ ကျောင်းလျှောက်မလို့ဆိုပဲ။ ကိုယ်တွေက ဆရာမတွေ၊ ကျောင်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေဆိုတော့ တစ်ခုခုဆို အကူအညီ ပေးနိုင်တယ်လေ။ အဲဒါ ပဲကြူကို သူနဲ့အတူ ကျောင်းလိုက်လျှောက်ပြီး စာရွက်စာတန်းကိစ္စတွေ အတူလိုက်လုပ်ဖို့ ခေါ်တာ ပဲကြူက လုံးဝစိတ်မ၀င်စားဘူးဗျာ။ အဲလို စာရွက်စာတမ်း ဖောင်ဖြည့်ရမှာတွေ၊ နေပူထဲ သွားရ၊ လာရ၊ လုပ်ရမှာတွေ သူပျင်းတယ်။ အဲဒါ နင်အားရင် နင်ပဲ လိုက်လုပ်ပေးလိုက်ပါဟာတဲ့။ ပြောရရင် မဆွိတီကလဲ အဲဒီအချိန်မှာ စလုံးရောက်နေတဲ့ ဦးခြိမ့်နဲ့ ကန်ဇွန်းခင်းကလဲ ငြိနေပြီကိုး။ ဦးခြိမ့်ကို တိုင်ပင်တော့ NUS စကော်လာလေး၊ ဘာလေး ရလိုရငြား လျှောက်ကြည့်ပါလားဆိုတာနဲ့ အဲဒီသူငယ်ချင်းနဲ့ လိုအပ်တာတွေ လိုက်ကူညီရင်း အတူလျှောက်လိုက်ကြတာ။ အဲဒီအချိန်တုံးက ကျောင်းလျှောက်ရင် sponsor လိုတယ်ဗျ။ နိုင်ငံခြားငွေ amount (ဘယ်လောက်လဲတော့ မသိဘူး) ရှိတဲ့လူတစ်ယောက်ရဲ့ ဘဏ့်အကောင့်ကို ကော်ပီကူး။ စကော်လာမရခဲ့ရင်လဲ ကျောင်းတက်ဖို့ တာဝန်ယူပါတယ်ဆိုတာမျိုး ထောက်ခံစာ ရေးပေးရတာ။ ကိုယ့်ဟာကိုယ်လျှောက်ရင်တော့ အဲဒီစပွန်စာ ဘယ်ဆီက သွားရှာရမယ်မသိဘူး။ သူငယ်ချင်းမက သူဌေးတွေဆိုတော့ သူ့အမျိုး ဦးလေးတစ်ယောက်ဆီကနေ စပွန်စာတောင်းပြီး လျှောက်ကြတာ။ (အမှန်က သူငယ်ချင်းက သူ့အတွက်လိုလို့ တောင်းတာပါ။ မဆွိတီကသာ ကပ်လျှောက်တဲ့ သဘော။)

အဲဒါ NUS ၀င်ခွင့်တွေထွက်တော့ မဆွိတီသာ ကျောင်းတက်ခွင့်ရပြီး သူငယ်ချင်းကတော့ မရဘူးဗျာ။ ကိုယ်ကလဲ စကောလာတော့မရပါဘူး။ ကိုယ့်ပိုက်ပိုက်နဲ့ ကိုယ်တက်ပေါ့။ အဲဒီတုံးက ကိုယ်က နားမလည်၊ ပါးမလည်ဆိုတော့ စပွန်စာပေးတဲ့လူက ၂ယောက်ပူးကြီးကို စပွန်စာတစ်စောင်ထဲအတူတူ ကော်ပီပေးလိုက်လို့နဲ့တူတယ်ဆိုပြီး သူငယ်ချင်းမရတာ ကိုယ့်ကြောင့်ဖြစ်ရတယ်ဆိုပြီး စိတ်မကောင်းဖြစ်ရသေးတယ်။ အမှန်က သူမရတာက သူလျှောက်တဲ့ မေဂျာက လျှောက်တဲ့သူ တအားများလို့ ဖြစ်နိုင်တယ်ဆိုတာ နောက်မှ ဦးခြိမ့်ပြောလို့ သိရတယ်။ (ခုတော့ အဲဒီသူငယ်ချင်းရော၊ ပဲကြူရောပဲ စလုံးရောက်နေတာ ကြာပါပြီ။ ) ဒါနဲ့ပဲ မဆွိတီတို့အမေ အစိုးရအလုပ်က ရ ထားတဲ့ မြောက်ဒဂုံက အိမ်လေးပေါင်ပြီး စင်ကပူမြို့ကြီးကိုတဲ့ ... ယောင်လည်လည် ရောက်လာခဲ့တယ် ... မျက်လုံးလေး ကလည်ကလည် ဆိုသလို တောသူမြို့ရောက် မဆွိတီတစ်ယောက် လမ်းတစ်ဆစ်ချိုးကို အပြေးလေးကွေ့ဝင်လာပါတော့တယ်ခင်ဗျား။


တစ်ဆစ်ချိုးမှာ ဟိုဘက်မှာ ပြောပြောနေတဲ့ culture shock ဆိုတာကြီးကိုလဲ အလူးအလဲ ခံခဲ့ရပါတယ်။ မဆွိတီဟာ ဘ၀ကို တစ်ဆစ်ချိုးတာမှ နိုင်ငံရပ်ခြား ပြောင်းရတယ်၊ အိမ်ထောင်ကျတယ်၊ ကျောင်းတက်ရတယ်၊ အားလုံးတစ်ပြိုင်နက်တည်း။ ကျောင်းတက်ရတော့လဲ ကိုယ်က အင်္ဂလိပ်စာ သိပ်မကောင်းတော့ စာမေးပွဲအောင်ပါ့မလား၊ ဆရာတွေ ရှင်းပြတာ နားလည်ပါ့မလား တစ်ချိန်လုံး စိတ်ပူနေခဲ့တယ်။ အရေးထဲ အဲဒီအချိန်တုံးက မှတ်မှတ်ရရ အံဆုံးကပေါက်နေတော့ အဲဒါကလဲ နာပြီး တော်တော်ဒုက္ခပေးခဲ့တာ။ ဦးခြိမ့်နဲ့ မင်္ဂလာဆောင်တဲ့ နေ့က သွားကတချိန်လုံးကိုက်နေပြီး ပါးတစ်ခြမ်းတောင် ယောင်နေတယ်။ နောက် ခလေးမရအောင်ဆိုပြီး စားတဲ့ ဆေးက နှလုံးတွေတုန်၊ မောပန်းပြီး ရင်တလှပ်လှပ်နဲ့၊ ယောက်ျားဆိုတာကလဲ စာနဲ့ အဆက်အသွယ်သာရှိခဲ့ပြီး အပြင်မှာ ၃-၄ခါလောက်ပဲတွေ့ဘူးခဲ့သူ။ အစုံ အစုံပါပဲ။ ဒီအချိုးကွေ့ကလဲ ပါစီပန်ဂျန်း အကွေ့လိုပဲ တော်တော်ကြမ်းခဲ့ပါတယ်။ ၁၉၉၈ ဇူလိုင် ပါ။

ကျောင်းပြီးအလုပ်ဝင်တော့ နောက် အကွေ့ပြေပြေလေးပေါ့ခင်ညာ။ အဲဒီလမ်းကလဲ တစ်ခါတစ်ခါ မထင်မှတ်ပဲ ချိုင့်တွေ ကျင်းတွေထဲ ၀ုန်းကနဲ ပြုတ်ကျတတ်တာမျိုးတွေရှိတယ်။ အလုပ်က တစ်ခါတစ်လေ ပြသနာတက်လာတဲ့အခါ၊ ပြသနာကို အချိန်မီ မဖြေရှင်းနိုင်တဲ့အခါ ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင်ကို stress တွေ များတာပါပဲ။ ပြုတ်မကျအောင် တန်းကို မြဲမြဲ ဆုတ်ကိုင်ထားရတယ်။ အဲဒီအချိန်ကျတော့ မှီစရာ၊ နွဲ့စရာ ဘေးမှာ ပုခုံးတစ်ခုက အပိုရှိနေတော့၊ (ပုခုံးကလဲ မှီနေကျ၊ ရင်းနှီးသွားပြီဆိုတော့ ပေါ့လေ) အရင်ကလောက်တော့ မကြမ်းခဲ့ဘူးပေါ့ခင်ညာ။ နောက်ပိုင်းတော့ stress တွေ မခံနိုင်တာနဲ့ အဲဒီပုခုံးကြီးပဲ မှီနေဖို့ရာ အလုပ်က ထွက်ပလိုက်တယ်။ ၂၀၀၂ ဧပြီလောက်ကပါ။ အလုပ်ကထွက်လိုက်လို့ အေးသွားလားဆိုတော့ မအေးပြန်ပါဘူး။ အဲဒီအချိန်က ဦးခြိမ့် လစာကလဲ သိပ်မကောင်း၊ ကိုယ်ကလဲ နဲနဲသုံးချင်၊ စွဲချင်၊ မိဘတွေကိုလဲ ထောက်ပံ့ချင်၊ ကိုယ်ပိုင်ဝင်ငွေကလဲမရှိတော့ depression ၀င်ပါတယ်။ တစ်နေ့တစ်နေ့ အိမ်အလုပ်တွေလုပ်၊ ထမင်းဟင်းချက်၊ မီးပူတိုက်ဘ၀နဲ့ အချိန်တွေ ကုန်ဆုံးသွားတာကို မကျေနပ်ပြန်ပါဘူး။

အဲဒီအချိုးအကွေ့အချိန်ကလဲ ပုခုံးကြီးသာရှိနေတာ တော်တော်တော့ ဘ၀င်မကျခဲ့ဘူး။ ဒါနဲ့ အလုပ်ပြန်ရှာ။ ရှာပြန်တော့ ဒီတစ်ခါတော့ stress မများအောင် ပေါ့ပေါ့ပါးပါး draft man လေးပဲ လုပ်မဟဲ့ဆို လိုက်ရှာတာ ဖနောင့်သာ ပါးသွားတယ်အလုပ်က ရှာမရပြန်ဘူး။ အင်တာဗျူး ၁၀ခုလောက်သွားပြီး ဘယ်အလုပ်မှ ကိုယ့်ကို ပြန်မခေါ်တော့ တစ်ခုခုများ မှားယွင်းနေသလားဆို ပြန်ဆန်းစစ်ယူရတယ်။ နောက်ဆုံးတရားခံက အလုပ်လျှောက်လွှာထဲမှာတော့ NUS မာစတာဆို ရေးထားပြီး လျှောက်တာက draft man ဆိုတော့ over qualify ဖြစ်လို့ မခေါ်တာထင်လို့ အရင်အလုပ် title အတိုင်း ပြန်လျှောက်တော့ အလုပ်က တန်းရခဲ့ပါတယ်။ အလုပ်က over qualify ဖြစ်ရင်လဲ ဒီလူဟာ ဒီလစာနဲ့ ဒီနေရာမှာ မြဲမြဲလုပ်ပါ့မလားဆို မယုံပါဘူး။ မခန့်ပါဘူးခင်ဗျာ။ မှတ်သားစရာပါ။


ဒီလို အလုပ်ရှာရတာတွေ၊ အင်တာဗျူးသွားရတာတွေ၊ လူအသစ်အသစ်တွေ၊ အလုပ်အသစ်အသစ်တွေ၊ software အသစ်အသစ်တွေနဲ့ ရင်ဆိုင်ရမှာ ကြောက်လွန်းလို့ မဆွိတီဟာ ခုလက်ရှိအလုပ်မှာပဲ ကျောက်ချပြီး လုပ်နေခဲ့တာ ၈နှစ်ကျော်ခဲ့ပြီ။ သမီလေး တစ်ယောက်ရလို့ ဘ၀ဟာလဲ တော်တော်လေး တည်ငြိမ်နေခဲ့ပါပြီ။ အလုပ်ကလဲ အရင်ကလောက် stress မများတော့ပဲ နေသားကျနေခဲ့ပါပြီ။ ၈နှစ်လောက် အလုပ်တစ်ခုတည်းမှာ လုပ်ခဲ့လို့ တစ်ခါတစ်ရံ အလုပ် ငြီးငွေ့တာတော့ ရှိပါတယ်။ အိမ်မှာဆိုလည်း သမီးကြီးတော်က အိမ်မှုကိစ္စ၊ သမီးဝေယျာဝစ္စတွေသာမက ဦးခြိမ့်ကိစ္စကပါမကျန် ဘာမှလိုလေသေးမရှိ လုပ်ပေးနေတော့ အိမ်မှာလဲ အတော်သက်တောင့်သက်သာ ရှိပါတယ်။ ဒါကြောင့်လဲ ဘလော့လေးရေးလိုက်၊ ဖိုရမ်ဝင်လိုက်နဲ့ မဆွိတီတို့ လပ်လျားလပ်လျားနေနိုင်နေတာပါ။


မဆွိတီဟာ ဒီလိုနေသားကျနေရာကနေ ခု နောက်ထပ်ဘ၀တစ်ဆစ်ချိုးတစ်ခုကို မဖြစ်မနေ ချိုးကွေ့ရတော့ပါမယ်။

အဲဒါကတော့ မဆွိတီတို့ လွန်ခဲ့တဲ့ ၃-၄နှစ်လောက်က ဆရာကန်တော့ပွဲမှာ ခင်မင်ခဲ့တဲ့ ဆရာတစ်ယောက်က ဦးခြိမ့်ဆီကို အမြဲအီးမေးလ်လေးတွေ ပို့ပေးနေရာက စပါတယ်။ တစ်ခါသားတော့ ဆရာက ဘာစိတ်ကူးပေါက်တယ်မသိ၊ ဦးခြိမ့်ကို အော်စီဘက်ကို ပြောင်းခဲ့ပါလား။ ဒီမှာနေရတာ life က ပိုအေးချမ်းတယ်။ ပိုသက်တောင့်သက်သာရှိတယ်။ အလုပ်အတွက်မပူနဲ့။ လူသာ အရင်ရောက်အောင်လာ ဆို ပြီး လမ်းစတစ်ခု ဖွင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အဲဒီကိစ္စ ခေါင်းထဲရှိနေခဲ့တာ၊ တစ်ခါတော့ ဦးခြိမ့်နဲ့အတော်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ရုတ်တရက်ဆိုသလို တစ်မိသားစုလုံး စလုံးကနေ ကနေဒါဘက်ကို ပြောင်းကြပါတယ်။ အဲဒီကျမှ အဲဒီသူငယ်ချင်းဟာ ကနေဒါမှာ ပီအာရပြီး အလုပ်ရလို့ မိသားစုလိုက် ပြောင်းကြတယ်ဆိုတာ သိရပါတယ်။ နောက် ကနေဒါ PR ကို ဘယ်လိုလျှောက်ရတယ်၊ ဘယ်လိုလုပ်ရတယ်၊ လိုက်ခဲ့ပါ၊ လာခဲ့ပါဆိုပြောသွားလို့ ဦးခြိမ့်ကလဲ စိတ်ဝင်စားပြီး လျှောက်ပါတယ်။

နောက်တော့ ကနေဒါမှာရာသီဥတုက အင်မတန်အေးတယ်၊ ကြမ်းတယ်ဆိုတာ ကြားဘူးနားဝရှိနေတော့တော့ ရိုးရိုးတန်းတန်း အဲကွန်းနဲ့ ၂၅ ဒီဂရီလောက်ကို ခိုက်ခိုက်တုန်နေတဲ့ မဆွိတီက အပြင်းအထန် ကန့်ကွက်ပါတယ်။ တစ်ခါတော့ အိမ်မက်မက်ပါတယ်။ အိမ်မက်ထဲမှာ လူက အေးခဲနေတဲ့ ကနေဒါကို ရောက်နေပါတယ်။ လူသူပါးရှားခြောက်ကပ်တဲ့ အရပ်တစ်ခုမှာ ရာသီဥတုက မှိုင်းပြပြ မှူံရီရီနဲ့၊ အေးလွန်းလို့ သစ်ပင်တွေဟာ နှင်းတွေကိုက်ပြီး ညှိုးရော်ကျနေတဲ့ပုံက အိပ်ရာကနိုးတဲ့အထိ မျက်စိထဲမှာ မြင်ယောင်နေတော့တာပဲ။ မုန့်ဆီကျော်က ဘယ်နေတယ်မသိ၊ နှုတ်ခမ်းနာနဲ့တည့်ပါ့မလားပဲဆိုဆို အင်မတန် ပျင်းရိငြီးငွေ့စရာ အိမ်မက်ကိုမက်ပြီးသကာလ ဦးခြိမ့်ကို ကနေဒါလျှောက်မဲ့ အစားတော့ အော်စီဘက်ပဲ လျှောက်ပါလား ယောက်ျားရယ်ဆိုပြီး နားချပါတယ်။ နောက်ပိုင်းတော့ ဦးခြိမ့်ကိုယ်တိုင်ပဲ အစစ အရာရာ စဉ်းစား ချင့်ချိန်ပြီး အော်စီဘက်ကို ပီအာလျှောက်ဖြစ်ကြပါတယ်။ အကြောင်းကတော့အမျိုးမျိုးပါပဲ။ အဓိကကတော့ အော်စီက အသက်ကြီးလာရင် နေလို့ကောင်းတယ်။ လူ့အခွင့်အရေးတွေ စင်ကာပူထက်ပိုတယ်။ အလုပ်မှာလဲ သက်တောင့် သက်သာပိုရှိတယ်။ အစရှိသဖြင့်ပေါ့။ ဒါတွေတော့နောက်မှပဲ ပို့စ်တစ်ခု အကျယ်ရေးပါတော့မယ်။


ပီအာလျှောက်ဖို့ ပထမဆုံး လင်မယား၂ယောက်လုံး IELTS စဖြေရတယ်။ IS လို့ အတိုကောက်ပြောကြတယ်။ လင်မယား၂ယောက် အသက်ကြီးကာမှ စာအတူကျက်ကြ၊ မေးကြ ဖြေကြနဲ့ သူငယ်ပြန်သလိုတောင်ဖြစ်နေလို့ အဲဒီတုံးက ရယ်နေရသေးတယ်။ ကဲ ရှည်မှာစိုးလို့၊ ဒီလိုနဲ့ အတိုချုံးရရင် ပီအာလျှောက်ပြီး တစ်နှစ်လောက်နေတော့ ပီအာရကြောင်း စာရပါတယ်။ အော်စီသံရုံးမှာ တုံးထုပြီး ပထမဆုံး အ၀င်ပြဖို့ Perth ဆိုတဲ့ အော်စီက ဒေသတစ်ခုစီ မိသားစု အလည်သွားခဲ့ကြပါတယ်။ ၂၀၀၉ မေလပါ။

အဲဒီရောက်တော့ မဆွိတီဟာ အလွန်ပျင်းပါတယ်။ ပြောရရင် မဆွိတီဟာ စင်္ကာပူမှာ ပျော်ပါတယ်။ ရှော့ပင်းဝါသနာပါတော့ စလုံးမှာ လူစည်စည်နဲ့ ရှော့ပင်းလျှောက်သွားရတာကို ပျော်ပါတယ်။ မဆွိတီဟာ လူထူထူဆို အလကားနေရင်း ပျော်နေတတ်တဲ့ အစားမျိုးထဲကပါ။ ဒီမှာက တွေ့ရာနေရာ မြန်မာလူမျိုးကလဲ ပေါတော့ တစ်ခါတရံ ကိုယ့်တိုင်းပြည်ကိုယ် ပြန်ရောက်နေသလိုပါပဲ၊ မထူးတော့ပါဘူး။ အိမ်နားမှာလဲ ဦးခြိမ့်သူငယ်ချင်းတွေအပြင်၊ တခြား မြန်မာလူမျိုး မိသားစုတွေနဲ့ ရင်းနှီးနေပြီး၊ တစ်အိမ်ဝင် တစ်အိမ်ထွက်ကြ၊ အလှူလုပ်ကြ၊ အတူသွားလာကြနဲ့ ဒီက life မှာ တော်တော်ကို ပျော်ဝင်နေပါပြီ။ အစားအသောက်ကလဲ တရုတ်စာ၊ မြန်မာစာ၊ ကုလားစာ အကုန် အလွယ်တကူရတာကို သဘောကျတယ်။ လိုကယ်အစားအသောက်တွေနဲ့လဲ ရင်းနှီးပြီး ကြိုက်နေပါပြီ။

ဟိုမှာတော့ဗျာ လမ်းမှာကို လူတော်တော်နည်းပါတယ်။ ရှော့ပင်းစင်တာသွားရင်လဲ ကျီးနဲ့ဖုတ်ဖုတ် ဆိုသလိုပါပဲ၊ လူအင်မတန်ရှင်းပြီး ခြောက်ကပ်ကပ်ပါ။ ညနေ၆နာရီလောက်ဆို ရှိသမျှရှော့ပင်းစင်တာ အကုန်ပိတ်ပါပြီ။ ညကျ လမ်းမှာလဲ သူရဲခြောက်မှာတောင် ကြောက်ရပါတယ်။ ရာသီဥတုကလဲ ဆောင်းတွင်းဆို အရမ်းအအေးကြီးမဟုတ်ပေမဲ့ အသားအရည်တွေ အက်ကွဲတယ်။ နှတ်ခမ်းတွေခြောက်၊ အသားတွေပတ်ဖြစ်နေတာကိုလဲ မကြိုက်ဘူး။ နွေဆိုလဲ အရမ်းပူတယ်ပြောကြတယ်။ မှတ်မိတာ အဲဒီတုံးက တည်းတဲ့ အိမ်က အစ်မက ဘဲတွေ၊ ငန်းတွေ နေတဲ့ ရေကန်လေးတွေ၊ ပန်းခြံတွေ လိုက်ပြပါတယ်။ အဲဒီမှာလဲ လူသူမရှိတော့ မဆွိတီဟာ အလွန်ပျင်းရိငြီးငွေ့ပါတယ်။ တစ်ချို့တွေလဲ အဲလို နားအေးပါးအေး၊ အေးအေးဆေးဆေး နေချင်တဲ့သူတွေ အများကြီးပါ။ မဆွိတီအဖို့မှာတော့ တောင်တောရယ်သာ ... ဆိုပြီး ပျင်းပျင်းနဲ့ သီချင်းသာ အော်ဆိုလိုက်ချင်တော့တာပါပဲ။

အော်စီမှာ ကြိုက်တာတွေလဲ ရှိတာပေါ့။ အိမ်လေးတွေ လှတာကြိုက်တယ်။ စလုံးလို HDB apartment တွေ မဟုတ်ပဲ တစ်ထပ်အိမ်ပုပု၊ လှလှလေးတွေ ကို ကြိုက်တယ်။ အိမ်မှာ ကိုယ့်စိတ်ကြိုက် စားပင်၊ သီးပင်လေးတွေစိုက်ပြီး ခူးဆွတ်စားရတာကိုလဲ သဘောကျတယ်။ (အဲဒါကတော့ အရင် အသက်ကြီးရင် မြန်မာပြည်ပြန် အေးအေးဆေးဆေး ခြံစိုက်နေမယ်ဆိုတဲ့ စိတ်ကူးနဲ့ ထပ်တူပါပဲ။) အိမ်ရှေ့မှာ နှင်းဆီပန်းတွေ သဘာဝအလျောက် ရောင်စုံဖူးပွင့်နေတာကိုလဲ သဘောကျတယ်။ ကားတွေ ဈေးပေါပေါနဲ့ စီးနိုင်တာလဲ သဘောကျတယ်။ တမျှော်တခေါ် မြက်ခင်းစိမ်းစိမ်းတွေကိုလဲ ကြိုက်တယ်။ နေရာဒေသတစ်ခုမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေတာပါပဲ။


Perth က ပြန်လာပြီး နောက် ၃-၄လလောက်ကြာတော့ ဦးခြိမ့်အလုပ်ကထွက်ပြီး ဆစ်ဒနီမှာ အလုပ်သွားရှာပါတယ်။ ၂၀၀၉ သြဂုတ်ပါ။ ၆လလောက်ကြာခဲ့ပေမဲ့ အလုပ်မရပဲ ပြန်လာခဲ့ပါတယ်။ အင်တာဗျူး ၂ခုလောက်ပဲသွားရပြီး အလုပ်မငြိတာနဲ့ ပြန်လာ၊ စလုံးမှာပဲ အလုပ်ပြန်ရှာ လုပ်ပါတယ်။ အဲဒီအချိန်ကလဲ တော်တော် ခလုပ်၊ကန်သင်းတွေများတဲ့ လမ်းချိုးထဲ ခဏရောက်သွားသလိုပါပဲ။ ကံကောင်းချင်တော့ လွန်ခဲ့တဲ့ ဒီဇင်ဘာကပဲ ဆစ်ဒနီက သူ့လုပ်ဖော်ကိုင်ဖက်ဟောင်း နိုင်ငံခြားသားတစ်ယောက်က သူ့တို့ဌာနမှာ လူလိုလို့ဆို လှမ်းခေါ်တာ၊ အလုပ်လျှောက်၊ အင်တာဗျူးကို ဖုန်းနဲ့၎ခါလောက်ဗျူးပြီးသကာလမှာ ဦးခြိမ့်အလုပ်ရပါတယ်ခင်ဗျား။ ခုတော့ ဦးခြိမ့် ဆစ်ဒ်နီမှာ အလုပ်ဝင်နေပါပြီ။


မဆွိတီတို့လဲ ဘ၀တစ်ဆစ်ချိုးရပါတော့မယ်။ ၀န်ထမ်းဘ၀နဲ့ ၁၁နှစ်လောက်လုပ်ခဲ့ရာကနေ အိမ်ရှင်မ ဘ၀ရောက်ပါတော့မယ်။ ဟိုမှာက စလုံးမှာလို အိမ်အကူခေါ်ဖို့ရာ လုံးဝမဖြစ်နိုင်တော့ သမီးတစ်ဖက်နဲ့ မဆွိတီ အလုပ်လုပ်ဖို့ရာ လောလောဆယ်တော့ လုံးဝမဖြစ်နိုင်ပါဘူး။ နေရာဒေသ အသစ်မှာ အိမ်ရှင်မဆိုတဲ့ ဘ၀အသစ်နဲ့ပေါ့။ (ဘ၀သာသစ်တာ ပုခုံးရှင်ကြီးကတော့ အဟောင်းကြီးပေါ့ဂျာ။ အပြစ်ကတော့ အဲဒီပုခုံးကြီး အားကိုးမိတာပါပဲ...း))


မဆွိတီတစ်ယောက် ဘ၀တစ်ဆစ်ချိုးအတွက် ခုချိန်ကတည်းက ပြင်ဆင်နေရပါပြီ။ ဒီက အိမ်ကို ငှါးခဲ့ဖို့၊ ပစ္စည်းတွေ ထုတ်ပိုးဖို့၊ ပြောင်းရွှေ့ဖို့၊ ဘယ်ပစ္စည်းသယ်မလဲ၊ ဘယ်ပစ္စည်းထားခဲ့မလဲ ရွေးရတာကိုက တော်တော် ဦးနှောက်စားပါတယ်။ ကားရောင်းဖို့၊ သမီးကျောင်းထွက်ဖို့ကိစ္စ၊ ကိုယ်တိုင်လဲ အလုပ်ထွက်ဖို့ကိစ္စ၊ ဟိုဘက်မှာ ကျောင်းရှာဖို့၊ ဟိုဘက်မှာ အိမ်ငှါးဖို့၊ ဒီက တယ်လီဖုန်း အကောင့်တွေ ဖျက်သိမ်းဖို့၊ တချို့အင်ရှူးရန့်စ်တွေရပ်ခဲ့ဖို့၊ လေယာဉ်လက်မှတ် ၀ယ်ဖို့၊ သမီးကြီးတော်ပြန်ဖို့ကိစ္စ၊ ငွေရေးကြေးရေး စီစဉ်စရာကိစ္စတွေ အစုံအစုံပါပဲ။

နောက်ထပ် ပါစီပန်ဂျန်း ဘ၀အချိုးအကွေ့ အကြီးကြီး မစ ခင် ပြင်ဆင်နေရပါတော့တယ်ခင်ညား။


(ပုံအချို့ကို google ကနေယူပါတယ်)