Sunday, September 26, 2010

အိမ်မ၀ယ်ခင် စဉ်းစားကြဘို့ ....

ဦးခြိမ့်မှ အိမ်ဝယ်တာနဲ့ ပတ်သတ်ပြီး အကျိုးအပြစ်တွေကို မေးလာတဲ့သူတွေ ရှိလာလို့ ရေးပေးလာတဲ့ ပို့်စ်လေး မျှဝေပေးလိုက်ပါတယ်။

==================================================================================



လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက အသိညီငယ်လေး တစ်ယောက်က ငွေလေးနဲနဲုစုဆောင်းမိလာတော့ အိမ်ဝယ်ရင် သင့်တော်မလား၊ ဒါမှမဟုတ် အိမ်ဝယ်ရတာ commitment တွေများလွန်းလို့ အိမ်ငှားဘ၀နဲ့ပဲ ဆက်လက်နေတိုင်ရင် ကောင်းမလားဆိုပြီး လာမေးတယ်။ ကျွန်တော်လဲ ကျွန်တော်သိသလောက်နှုတ်နဲ့ပဲ အကျိုးအပြစ်တွေကို ပြောပြလိုက်တယ်။ အဲဒီတုန်းက ပြောပြလိုက်တဲ့ အချက်အလက်တွေနဲ့ အခုနောက်ပိုင်း ပိုသိလာတာလေးတွေ ပေါင်းစပ်ပြီး အိမ်ဝယ်ခြင်းရဲ့ အကျိုးအပြစ်တွေက ဘာတွေရှိတတ်သလဲဆိုတာကို ကျွန်တော်သိနားလည်ထားသလောက် ဝေမျှပါရစေ။

တစ်ခါတလေမှာ အိမ်ဝယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချတဲ့အခါမှာ သေသေချာချာ လိုက်လံစုံစမ်း ခရေစေ့တွင်းကျ ကြည့်ပြီး ၀ယ်တာထက် ကိုယ်ရဲ့ခံစားမှုကို ရှေ့တန်းတင်ပြီး ၀ယ်လိုက်မိတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ တစ်ခါတရံ မလိုအပ်ပဲ ကိုယ်ရဲ့ဝင်ငွေထွက်ငွေနဲ့ မမျှတပဲ အိမ်ဝယ်လိုက်ခြင်းကြောင့် ကိုယ့်အတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်သွားတတ်တယ်။

ကျွန်တော်ရဲ့ အတွေ့အကြုံ၊ မှတ်ထား သိထားတာများကိုသာ အခြေခံပြီး ရေးမှာဖြစ်လို့ သဘောထားခြင်း မတိုက်ဆိုင်တာ၊ မှားယွင်းတာမျိုး ရှိခဲ့ရင်လည်း အယူအဆ မတူညီလို့ ကွဲပြားတယ်လို့ မှတ်စေချင်ပါတယ်။ ကျွန်တော်ရေးသားထားတာထဲက ကိုယ်အတွက်အသုံးဝင်တာများ ပါဝင်ခဲ့ရင်လည်း အသိမျှဝေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်ဖြစ်လို့ လက်ဆင့်ကမ်းဝေမျှလိုက်ပါလို့ ပြောပါရစေ။

(က) အရင်းအနှီးတိုးပွားခြင်း (Capital Appreciation )ကျွန်တော်ဘ၀အတွေ့အကြုံအရ ဘယ်နိုင်ငံမှာပဲ အိမ်ဝယ်ထားတာဖြစ်ဖြစ် အိမ်ဆိုတာ ၀ယ်ပြီးသွားရင် အထိုက်အလျောက်တော့ ၀ယ်ထားတုန်းက ဈေးထက် မြင့်တက်လာတာကိုပဲ တွေ့ရပါတယ်။ ဒါကြောင့် အိမ်တန်ဖိုးမြင့်တက်တော့ အိမ်ပြန်ရောင်းရင် အမြတ်ရတာပေါ့။

(ခ) ပိုင်ဆိုင်မှုကို တည်ဆောက်ခြင်း ( building Equity )ကျွန်တော်ဘာသာပြန်တာများ မှားမလားတော့ မပြောတတ်ဘူး။ မြန်မာနိုင်ငံက လွဲပြီး ကျန်တဲ့ နိုင်ငံတော်တော်များများမှာ အိမ်ဝယ်ပြီဟေ့ဆိုရင် တစ်လုံးတစ်ခဲတည်း ပေးတာထက် လစဉ်အိမ်တန်ဖိုးနဲ့ အတိုးငွေကို ပေးဆပ်ပြီးဝယ်ကြတာ တော်တော်များပါတယ်။ အိမ်တစ်လုံးဝယ်ပြီဆိုရင် နှစ်၃၀ အတွင်း လစဉ် ၁၀၀၀-၂၀၀၀ မှန်မှန် ချေးထားတဲ့ ဘဏ်ကို ပေးဆပ်ပြီး နှစ်၃၀ပြည်တာနဲ့ အိမ်ပိုင်ကြတာပေါ့။
အကယ်လို့ ကိုယ်က အိမ်ငှားဘ၀နဲ့ နေမယ်ဆိုရင် အိမ်ရှင်ကို လစဉ်ပေးတဲ့ အိမ်ငှားခက ကိုယ့်ရဲ့ အသုံးစရိတ် (Expense) အနေနဲ့ ဖြစ်သွားပြီး အိမ်ဝယ်ထားတယ်ဆိုရင် လစဉ်ပေးတဲ့ ငွေက ကိုယ်ပိုင်ဆိုင်မဲ့အိမ်ရဲ့ အစိတ်အပိုင်းတစ်ခုကို တဖြေးဖြေးချင်း ပိုင်လာတာဆိုတော့ လစဉ် ကိုယ့်ရဲ့ asset တွေက ရယူနေတာပါပဲ။

(ဂ) အိမ်ငှားခမှ ပြန်လည်ရရှိငွေ
အကယ်လို့ ကိုယ်က အိမ်ကို ရင်းနှီးမြုပ်နှံမှုအနေနဲ့ ၀ယ်တယ်ဆိုရင် ကိုယ်ဝယ်ထားတဲ့ အိမ်ကို အိမ်ငှားပြန်ချထားချင်းအားဖြင့် လစဉ် အိမ်ငှားခက ၀င်ငွေတစ်ခုအနေနဲ့ ရှိတာပေါ့။ ကျွန်တော်တို့ဆိုရင် အိမ်မှာ အခန်းသေးတစ်ခု ပိုနေတာနဲ့ ကျောင်းသားလေးတစ်ယောက်ကို အိမ်မှာ ငှားထားတော့ အိမ်ငှားခရတယ်။ ဘာပဲဖြစ်ဖြစ် အဲဒါကလည်း ကိုယ့်ရဲ့ဝင်ငွေတစ်ခုအနေနဲ့ ပြန်ဝင်လာတာပေါ့။

(ဃ) ငွေဖောင်းပွမှုမှ ကာကွယ်ခြင်း
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ငွေဖောင်းပွမှုနှုန်းဆိုတာ အနည်းနဲ့အများ ရှိပါတယ်။ စင်္ကာပူမှာတောင်မှ ၂-၃%၀န်းကျင်မှာ ရှိနေတတ်ပါတယ်။ ကိုယ်လက်ထဲမှာ ငွေတွေ ဒီအတိုင်းကိုင်ထားရင် နေ့တိုင်း ငွေတန်ဖိုးက လျော့လာတယ်ဆိုပါစို့။ သူလိုငါလို နားလည်အောင်ပြောရရင် မနှစ်က ငွေတစ်သောင်းနဲ့ ဒီနှစ်ငွေတစ်သောင်း တန်ဖိုးခြင်းမတူပါဘူး။ ဒီနှစ်ငွေက ငွေဖောင်းပွနှုန်းအရ ၂-၃ ရာခိုင်နှုန်းခန့် တန်ဖိုးနည်းသွားပါတယ်။ ဒါပေမဲ့ အိမ်ဝယ်ထားတယ်ဆိုရင်တော့ အိမ်ရဲ့ တန်ဖိုးတက်ခြင်းက ငွေဖောင်းပွမှုနှုန်းကို ကာကွယ်နိုင်တယ်လို့ အကြမ်းဖျဉ်းဆိုရပါလိမ့်မယ်။

(င) ကိုယ်ရဲ့အိမ်ကို တန်ဖိုးမြင့်တက်အောင်လုပ်နိုင်ခြင်း
ဒါကတော့ ကိုယ်က အိမ်ပိုင်သွားတယ်ဆိုရင် ကိုယ့်ရဲ့အိမ်ကို ပြုပြင်ထိမ်းသိန်းမှုတွေ၊ ဆေးသုတ်တာတွေ၊ အဲကွန်းတွေတပ်ခြင်းအားဖြင့် အိမ်ရဲ့တန်ဖိုးကို ရှိတာထက်ပိုပြီး မြင့်တက်အောင်လုပ်နိုင်ပါတယ်။

(စ) အခွန်ငွေကိုလျော့ရခြင်း
ဒါကတော့ တခြားနိုင်ငံတွေတော့ မပြောတတ်ဘူး။ စင်္ကာပူမှာဆိုရင် အိမ်ကိုပြန်ရောင်းတဲ့အခါမှာ အိမ်ရောင်းရငွေပေါ်ကအမြတ်ငွေကို အခွန်မပေးရပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ HDB Flat တွေကို CPF ကနေပြီးတော့ အကြွေးပြန်ဆပ်တာမိုလို့ပါ။ တခြားနိုင်ငံဆိုရင်တော့ ကိုယ့်နိုင်ငံရဲ့ အခွန်ဥပဒေအတိုင်း ရှိမှာပါ။
ဒီထက်ပိုတဲ့ အကျိုးကျေးဇူးတွေကတော့ အိမ်ငှားနေတယ်ဆိုရင် တနှစ်ပြည်တိုင်း ကိုယ့်ရဲ့အိမ်ရှင်က အိမ်ငှားခ တက်ပြီးယူတာတို့၊ ပွဲစားခပေးရတာတို့နဲ့ နှစ်စဉ် စိတ်ပူနေရတာလေးတွေလဲ ရှိတာပေါ့။



original picture link

ကဲ အကျိုးတရားတွေပြောပြီးတော့ အပြစ်လေးတွေလဲ ပြောကြည့်ရအောင်။
(က) အိမ်ရောင်းအိမ်ဝယ် မှ ကုန်ကျငွေ
အိမ်ဝယ်ပြီဆိုတာနဲ့ Stamp Duty (တံဆိပ်ခေါင်းခွန်) ရှေ့နေခ၊ ပွဲစားခ နဲ့ တခြားရုံးကိစ္စပိုင်းဆိုင်ရာ ငွေတွေကုန်တယ်။ အိမ်ပြန်ရောင်းပြီဆိုရင်လဲ ကုန်တာပဲ။ အကြမ်းအားဖြင့် အဲဒီ စာရွက်စာတန်းခတင် အိမ်တန်ဖိုးရဲ့ ၅%ခန့်လောက်က ကုန်ကျပါတယ်။

(ခ) အိမ်ထိမ်းသိမ်းခ
အိမ်ပိုင်တာနဲ့ အိမ်ရဲ့ အထွေထွေစရိတ်ဆိုတာ ကုန်ကျတတ်တာပဲ။ အိမ်မှာ ပျက်စီးတာလေးတွေကို ပြင်ရမယ်၊ ရေချိုးခန်း ပိုက်ပျက်တာတို့၊ ပိုက်ပိတ်တာတို့၊ အဲကွန်းဆားဗစ်တို့ ဟိုနေရာလေး ပျက်နေတယ်၊ ဒီနေရာလေး ပျက်နေတယ် စသဖြင့် ပြင်ဆင်ခဆိုတာ ကုန်လာပြီပေါ့။ အိမ်ငှားနေတာကတော့ ရှင်းတယ်။ တစ်ခုခု ပျက်လိုက်တာနဲ့ အိမ်ရှင်အကြောင်းကြားလိုက်ရင် အိမ်ရှင်က လာပြင်ပေးရတာ မဟုတ်လား။ ကိုယ်က အိမ်ငှားပြန်ထားပြီဆိုရင် အိမ်ငှားက တစ်ခုခု ပျက်တယ်ဆိုရင် ကိုယ်ကလဲ ပြင်ပေးရမဲ့ တာဝန်က ပိုလာပြီပေါ့။

(ဂ) ငွေဖော်ရတာ ခက်ခဲမှု (Less liquidity)အိမ်ဆိုတာက စတော့ခ်ရှယ်ယာဝယ်သလို ဒီနေ့ဝယ် မနက်ဖြန်ဈေးတက်ရင် ချက်ချင်းရောင်းချလို့ရတာမဟုတ်ဘူး။ ရင်းနှီးမြုပ်နှံမယ်ဆိုရင်တောင်မှ တစ်ရက် တစ်လ မဟုတ်ပဲ နှစ်နဲ့ချီပြီး ရေရှည်လုပ်ရတာဖြစ်တယ်။ ဒါကြောင့် ကိုယ်က အကြောင်းတစ်ခုခုကြောင့် ငွေကြေးလိုအပ်လာတဲ့အခါမှ အိမ်ကို ရောင်းချပြီးငွေဖော်မယ်ဆိုရင် အချိန်ပေးပြီး လုပ်ရတာဖြစ်လို့ သေသေချာချာ အချိန်ကာလကို တွက်ချက်ပြီး စီမံကိန်းချ စဉ်းစားသင့်ပါတယ်။

(ဃ) အိမ်ဈေးအတက်အကျ နဲ့ အတိုးနှုန်းတက်ခြင်း
အိမ်ဝယ်ပြီဆိုရင် အိမ်တန်ဖိုးဈေးတက်လာရင် ကိုယ့်ရဲ့ အိမ်က equity တန်ဖိုးမြင့်တက်လာသလို ဈေးကျရင်လည်း အိမ်တန်ဖိုးက ကျလာတတ်တယ်။ စာအုပ်တွေထဲမှာ ဖတ်ဖူးတာကတော့ ဈေးတွေကျလွန်းအားကြီးလာလို့ ဘဏ်ကနေ ဈေးကွက်ထဲက ဈေးနှုန်းကျတဲ့အတွက် ကွာခြားတဲ့ ငွေပမာဏကို ပြန်ဖြည့်ခိုင်းတတ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ကျွန်တော်အတွေ့အကြုံအရဆိုရင် အိမ်လို့ ခေါ်တဲ့ Property ကို ပိုင်ဆိုင်ခြင်း ရင်နှင်းမြုပ်နှံခြင်းက အလွန်အင်မတန် Risk နည်း တဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်သလို မရှုံးသေးတဲ့ ပိုင်ဆိုင်မှုတစ်ခုပါပဲ။

နောက်တစ်ခုက နိုင်ငံခြားမှာ အိမ်ဝယ်တယ်ဆိုတာ အိမ်တစ်လုံးလုံးရဲ့ တန်ဖိုးကို မြန်မာပြည်မှာလို လုံးခနဲ တစ်ခါတည်း အကျေချေလိုက်တာ မဟုတ်ပဲ လစဉ် ငွေသွင်းပြီး ဘဏ်ကငွေချေးတာပေါ့။ အဲဒီမှာ ဘဏ်တိုးဆိုတာ ရှိလာပါတယ်။ နှစ်စဉ်နဲ့ အမျှ ဘဏ်တိုးနှုန်းတွေတက်လာမှာကို စိုးရိမ်ရတာက အိမ်ဝယ်ထားတဲ့ သူတိုင်းအတွက် အမြဲစိတ်ပူနေရတာပါပဲ။

(င) ငွေရေးကြေးရေးဆိုင်ရာ စိတ်ဒါဏ်ပိမှု (Financial and Psychological Burden for Mortgage)
အိမ်ဝယ်လိုက်ပြီဆိုတာနဲ့ တစ်ခါတည်း အပြတ်မ၀ယ်နိုင်တော့ ဘဏ်က ငွေချေးပြီးဝယ်ရတယ်။ အဲဒီမှာ လစဉ် လစဉ် ဘဏ်ကို အကြွေးပြန်ဆပ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်ထဲမှာ အဲဒီငွေအတွက် ဗျာများရတာ ထုံးစံတစ်ခုလိုပါပဲ။ ဒါကြောင့်မိုလို့ အိမ်မ၀ယ်ခင်မှာ လင်မယားနှစ်ယောက် တစ်လ လက်ထဲမှာကျန်တဲ့ငွေက ဘယ်လောက်ရှိမလဲ၊ စုဆောင်းထားတဲ့ ငွေက ဘယ်လောက်ရှိမလဲ၊ ဘယ်နှနှစ်ကြာရင် ဘဏ်ကချေးထားတဲ့ ငွေကိုအကြေပေးဆပ်နိုင်မလဲ စသဖြင့် သေသေချာချာ တွက်ချက် လေ့လာပြီးမှ အိမ်ဝယ်ဖို့ စဉ်းစားစေချင်ပါတယ်။ အိမ်ဝယ်လိုက်တာနဲ့ Commitment တစ်ခုအနေနဲ့ ဖြစ်လာပါပြီ။ အလုပ်အကိုင် အမြဲရှိနေဖို့ လိုအပ်ပါတယ်။

ဒါအပြင် တိုးတက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အပြိုင် ကိုယ့်ရဲ့ ၀င်ငွေကလည်း တိုးတက်ဖို့ လိုအပ်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်က ခေတ်နဲ့ အညီ လစာငွေကို ရရှိသလား၊ အလုပ်အကိုင်ကကော မြဲပါမလား၊ အလုပ်မရှိရင် အိမ်ဖိုးငွေပေးဖို့ အဆင်ပြေပါမလား၊ ကိုယ်က လစဉ်အိမ်ဖိုးပေးနေကျ installment ကို ၃လ ဆက်တိုက် မပေးနိုင်တဲ့အခါ အိမ်ကို ဘဏ်ကများသိမ်းသွားရင် ကြုံတွေ့ရမဲ့ ဆုံးရှုံးမှုတွေ စသဖြင့် စိုးရိမ်ပူပန်မှုဆိုတာ အနည်းနဲ့ အများ ကျွန်တော်တို့ရင်ဆိုင်ကြရမှာပါ။ ဒါကြောင့် အိမ်မ၀ယ်ခင်မှာ သူများဝယ်လို့ လိုက်ဝယ်တယ်ဆိုတာမျိုးမဖြစ်ရအောင် သေချာစွာ စဉ်းစားပြီးမှာ အိမ်ဝယ်သင့်ပါတယ်။

အပေါ်က ကျွန်တော်ပြောပြတာတွေက ဘယ်နိုင်ငံမှာ နေနေ အိမ်ဝယ်ဖို့ ကြိုးစားတဲ့ သူအတိုင်းကြုံတွေ့နိုင်တဲ့ အကျိုးနဲ့ အပြစ်တွေပါ။ လွန်ခဲ့တဲ့ နှစ်က စင်္ကာပူမှာ အိမ်ဝယ်မယ်ဆိုလျှင် ဆိုပြီး ကျွန်တော် ရေးခဲ့ပါသေးတယ်။

အိမ်ဝယ်တယ်ဆိုတာ အကျိုးကျေးဇူးများရှိသလို၊ ကိုယ့်အတွက် ဖိအားတစ်ရပ်အနေနဲ့လည်း ရှိနေတတ်ပါတယ်။ အိမ်ဝယ်လိုက်လို့ ကိုယ်ပိုင်အိမ်အနေနဲ့ နေနိုင်ပေမဲ့ အဲဒီအိမ်ကို အကြေပေးဆပ်ပြီး အစအဆုံး ကိုယ့်ရဲ့ အိမ်အဖြစ်ရရှိတဲ့ အခြေအနေအထိ အခက်အခဲများစွာကို ရင်ဆိုင်ရပါတယ်။ ဒါကြောင့် မ၀ယ်ခင်ကတည်းက သေသေချာချာ စဉ်းစားနိုင်အောင် ကျွန်တော် နားလည်သလို မျှဝေလိုက်ပါတယ်။ အကယ်လို့ Economic Term များကို မြန်မာလို ဘာသာပြန်ရာမှာ အမှားအယွင်းများပါသွားခဲ့ရင်၊ ကျွန်တော်ပြောပြတဲ့ အချက်အလက်များ မှားယွင်းသွားခဲ့ရင် ထောက်ပြ ပြောဆိုနိုင်ပါတယ်။
အိုးပိုင် အိမ်ပိုင်နဲ့ ပျော်ပျော်ရွှင်ရွှင် မိသားစုဘ၀များ ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

မောင်ခြိမ့်

Thursday, September 23, 2010

ဂျကားမပီတူများနှင့် နေထိုင်ခြင်း ...

ဟိုတစ်လောကပေါ့ဗျာ။ ကြာပါပြီ။ တစ်ည သမီးကို စာသင်ပေးနေတုံး အိမ်ကလူပေါ့ ... ရုတ်တရက်ကြီး ဆွိလေးရေတဲ့ ... ဟိုချဲနံပတ်တွေ ရွေးပြီးပလားတဲ့ ... မနေ့က စာအုပ်ပေးထားတယ်လေတဲ့ ... ဆိုတော့ နဲနဲကြောင်သွားတယ်။ ခလေးကို စာသင်နေတော့ သူ့ပြန်မေးဖို့ မအားဘူးလေ။ ဒါနဲ့ အတွေးထဲမှာ ဖြစ်သွားတာက အော် ... သူက ငါ့ကို ကံကောင်းတယ်ဆိုပြီး ဒီတစ်ခါ ထီထိုးရင် ငါပေးတဲ့ နံပတ်ထိုးရအောင် တောင်းတာနေမှာ ... ဆိုပြီးပဲ မှတ်ထားလိုက်တယ်။

စာသင်လို့ပြီးတော့ ...
" အဖေရေ ... ခုနက ဘာပြောလိုက်တာတုံး။ ချဲနံပတ်ပေးဆို ဘယ်မှာလဲ နံပတ်တွေရွေးရမှာ ... " ဆိုတော့

" ညည်းကို ငါမနေ့က ပေးပြီးပြီလေ " တဲ့ ...

" အွန် ... အဖေဘယ်တုံးကပေးလို့လဲ ... မပေးဘူးနော် ..."

" ပေးတယ်လေ ... မနေ့က ... အိမ်ရှေ့မှာ တီဗီကြည့်နေရင်းနဲ့ ..."

" ပေးဘူးလေ ... "

" ပေးပါတယ်ကွာ ..."

" ဒီမယ် ... အဖေ.. ခုရက်ပိုင်းအတွင်း အဲဒီချဲနံပတ်၊ ထီနံပတ်နဲ့ပတ်သတ်လို့ အဖေ တစ်ခါမှကို မပြောဖူးတာ ... ခုဟာ ပထမဆုံးအကြိမ် စပြောဖူးတာပဲ ..."

" ဟင် ... ထီနံပတ် ... ဘာဆိုင်လို့တုံး ... "

ဆိုပြီး ဦးမောင်ခြိမ့်တစ်ယောက် ဟိုဟိုဒီဒီ ရှာကြည့်ပြီး စာအုပ်အရှည်လေးတစ်အုပ် လက်ထဲလာထည့်တယ်။

" ဒီမှာကြည့် ... မနေ့က ညည်းကိုပေးလိုက်တာ ... ရွေးပေးပါဆို ပြောနေတာကြာလှပြီ ... နောက်တောင်ကျနေပြီ ..."

အဲဒီမှာ ကြည့်လိုက်တော့ ... အလားမား ... သူလာပေးတာ Shell က ပရိုမိုးရှင်းပေးတဲ့ စာအုပ်ကြီး ဖြစ်နေပါလား။ အဲစာအုပ် မနေ့က ပေးတာ သိသားပဲဟာကို။

အဲဒီတော့မှ ဒေါ်ဆွိတီတို့ ခေါင်းထဲ မီးလုံးလေး ဖြတ်ကနဲ လင်းသွားတယ်။ သဘောပေါက်သွားပါပြီ။ သူပြောချင်တာက ရှဲလ်ကနေ ဓာတ်ဆီထည့်တော့ ပွိုင့်လေးတွေရတယ်။ အဲဒီပွိုင့်လေးတွေ စုထားပြီး နှစ်ကုန်ခါနီးရင် ပရိုမိုးရှင်းပေးတယ်။ ပွိုင့်ဘယ်လောက်ဆို ထမင်းပေါင်းအိုးရမယ်၊ မီးပူရမယ် အစရှိသဖြင့်ပေါ့။ သူက အဲဒီနံပတ်လေးတွေကို ရွေးခိုင်းတာကို စကားက မပီတော့ " ရှဲလ်နံပါတ် " ကနေ " ချဲ နံပတ် " ဖြစ်ပြီး အလွဲတွေ ဖြစ်ကုန်ပါလေရော။ အမ်မယ် ... အတွေးထဲမှာ ကိုယ့်ကိုကိုယ် ကံကောင်းတာတွေ၊ ဘာတွေတောင် ပါသေး ... ဟေးဟေး ...

အိမ်မှာ အဲလိုပဲ ရယ်ရတာ ခဏခဏပဲ။ သူတို့နေတဲ့ ဒေသကလူတွေ ဂျကားမပီကြဘူးဗျာ။ " ချ " နဲ့ "ရှ " အသံထွက်ကို ပြောင်းပြန်ပြောကြတယ်။ "ချစ်တယ် " ဆို " ရှစ်တယ် " ပြောတယ်။ "ရှစ်ဆယ့်ရှစ်ကျပ် ကျတယ် " ဆို ... " ချစ်ဆယ့်ချစ်ကျပ် ကျတယ် ... " အဲလိုတွေ ကြံကြံဖန်ဖန် ပြောင်းပြန်ပြောကြတယ်။ သူတို့မြို့မှာတော့ ဟန်ကျလို့ပေါ့။ တစ်မြို့လုံး ခလေးကအစ လူတိုင်း ဒီလိုပဲ ပြောနေကြတာကိုး။ ဆရာမတွေ စာသင်တော့လဲ အဲလိုပဲ ပြောင်းပြန်အသံထွက်တွေနဲ့ သင်သတဲ့။

ကဲ ခလေးတို့ လိုက်ဆို ... ချ ... ချာ ... ချား ..... ချ ဆိုတာ ဓားချတာကို ပြောတာ... ခိုက်မိတာပေါ့ ... ချာကတော့ တစ်ခုခုပျောက်လို့ လိုက်ချာတာ ... ချားဆိုတာကတော့ ချားပါးတာ ... ပစ္စည်းတွေ ချားပါးတာ ... ကွမ်းရွက်နဲ့ စားတဲ့ ချားစေးကိုလဲ သုံးလို့ရတယ် .... အစရှိသဖြင့်ပေါ့ ... ဆရာမများ စာသင်နေပုံကို မြင်ယောင်ပြီး ပြုံးမိတယ်။

ဒီတော့ တစ်မြို့လုံး တလွဲဖြစ်နေတာ မဆန်းတော့ပါဘူး။ တနယ်တကျေးရောက်မှ သူတို့ မပီတာက ဒုက္ခရောက်ကြတာ။ အဲလိုမပီတာက လယ်ဝေး၊ ပျဉ်းမနား ... မြေလတ်လို့ ခေါ်တဲ့ဘက်ကပေါ့။

ဟိုနေ့ကလဲ ကားပေါ်မယ် ဂျူဂျူတစ်ယောက် စကားစပ်ပြီး ပြောကြရင်းနဲ့ ဟိုနေ့ကမှ အိမ်ကိုပြောင်းလာတဲ့ ကောင်လေးရဲ့နာမည် ဘယ်သူလဲ သမီးသိလား ဆိုတော့ သိတယ် ... " ရှမ်းရှမ်း " တဲ့ဗျား ...

" မဟုတ်ဘူးသမီး ... သူ့နာမည်က ချမ်းအေးငြိမ်းလေ ... သူ့အိမ်မှာ ချမ်းချမ်း လို့ခေါ်တယ်ပြောတယ် ... ချမ်းချမ်း ပါ သမီးရဲ့ " ဆို ... ဟုတ်ဘူးတဲ့ ... ဒေါ်ဒေါ်ကလဲ ရှမ်းရှမ်းပဲ ခေါ်တာ ... မေမေ မယုံရင် ဒေါ်ဒေါ့်မေးကြည့်ပါလားတဲ့ ... ခက်တော့ခက်နေပြီ ... အဲဒီ အဒေါ်ဆိုတာလဲ ဂျူဂျူတို့အဖေနဲ့ တစ်မြို့တည်းက ... သူလဲ ပီမှမပီတာကိုး ... သူ့သွားမေးရင်လဲ ရှမ်းရှမ်း ပဲ ပြောမှာပဲလေ ...
ဘေးမှာထိုင်နေတဲ့လူကို အကူအညီတောင်းဖို့ ကြည့်တော့လဲ သူလဲ " ရှမ်းရှမ်း " ပဲ လာမှာဆိုတော့ ...

ဂျကားမပီတဲ့လူတွေနဲ့ ချဉ်မငြင်းရှင်တော့ဘူး ... စိတ်ချော့လိုက်တယ် ...းဝ))

Wednesday, September 22, 2010

မှိုကန်ဇွန်း အစပ်ကြော် ...

မှိုဆိုလို့ ရန်ကုန်မှာနေတုံးကတော့ ကောက်ရိုးမှိုတွေ သိပ်ပေါတာ။ မဆွိတီတို့နေတာက မြို့အစွန်ဆိုတော့ စားပင်၊ သီးပင်စိုက်တဲ့ ခြံတွေပေါတယ်။ မှိုစိုက်တဲ့နေရာတွေက လာရောင်းကြတယ်ထင်တာပဲ။ မပွင့်သေးတဲ့ မှိုအလုံးလိုက်လေးတွေလဲရတယ်။ ကန်ဇွန်းရွက်နဲ့ ကြော်စား သိပ်ချိုတာ။ ကန်ဇွန်းကတော့ မှိုအဆိတ်အတောက်ပြယ်အောင် ထည့်ကြော်ရတယ်လို့ အဖွားပြောတာ ကြားဘူးတာပဲ။

အလွမ်းပြေ ကောက်ရိုးမှို (အင်္ဂလိပ်လိုလဲ straw mushroom ပဲခေါ်ပါတယ် ) ...



original picture link

စလုံးရောက်တော့ စားသောက်ဆိုင်တွေမှာ မှိုကန်ဇွန်းဆို မှာလိုက်ရင် မှိုက စည်သွပ်ဘူးထဲက ဖောက်တဲ့မှိုတွေ ဖြစ်နေတတ်တယ်။ အရသာကလဲ လတ်လတ်ဆတ်ဆတ် ကောက်ရိုးမှိုနဲ့ တခြားစီပါပဲ။ ဒါနဲ့ အိမ်မှာကြော်စားမယ်ဆို NTUC မှာ လိုက်ရှာတော့ မှိုက ဈေးကြီးတယ်။ တစ်ထုတ်ကို၂ကျပ်ခွဲ ၃ခွဲကျပ်လောက်ရှိတယ်။ (မှိုက ဟင်းရံအနေနဲ့ပဲ ချက်တာဆိုတော့ ၃ကျပ်လောက်ဆို အသားဖိုးဖြစ်နေပြီကိုး ...)

အရင်ကတော့ အောက်က မှိုအချောင်းသေးသေးလေးတွေကို ကန်ဇွန်းရွက်နဲ့ ငရုပ်သီးစိမ်းလေးခပ် ဆီကျန်ရေကျန်လေးချက်စားတယ်။ ကြာတော့ အဲလို မှိုမျိုးလဲမစားချင်တော့ဘူး။

Egg mushroom (သို့) Enoki mushroom လို့ ခေါ်ပါသတဲ့။




မှိုနာမည်တွေကို အင်္ဂလိပ်လို သိချင်ရင် ဒီလင့်လေးကို နှိပ်လိုက်ပါ။

ဒီလိုမှိုမျိုးလဲ တစ်ခါကြော်စားဖူးတယ်။ သိပ်မကြိုက်လှဘူး။ အနံ့တစ်မျိုးရှိတယ်လို့ထင်တယ်။

original picture link





ပြီးခဲ့တဲ့အပတ်က ဂျူရောင်းပှိုင့်က Big NTUC ကိုရောက်တော့ မှိုတွေကို တစ်နေရာမှာ စုထားထားတာ တွေ့တယ်။ မှိုမှမျိုးစုံပဲ။ အဲဒီထဲကမှ စားလို့ကောင်းမယ်ထင်တဲ့ king oyster mushroom ကို ၀ယ်ခဲ့တယ်။ သူက အရိုးကအရမ်းကြီးပြီး အပွင့်ကသေးသေးလေးရယ်။ ဈေးလဲသိပ်မကြီးလို့ စမ်းစားကြည့်ရအောင် ၂ကျပ်တန်တစ်ထုတ်ဝယ်ခဲ့တယ်။ မှိုပုံကို ဓာတ်ပုံမရိုက်ထားမိလို့ အင်တာနက်ကပဲရှာပေးလိုက်ပါတယ်။

မှိုကို ပါးပါးလှီး၊ ကန်ဇွန်းရွက်ကိုချွေ၊ ငရုပ်သီးစိမ်း ၃-၄တောင့်ပါးပါးလှီး၊ ကြက်သွန်ဖြူ၊နီ ကိုလည်းသေးသေးလေးတွေ chop လုပ်ထားပါတယ်။ ကြက်သွန်ဖြူကိုတော့ chop လုပ်ပြီးသား ရယ်ဒီမိတ် ထည့်ပါတယ်။



ဒယ်အိုးမီးအနေတော်ထား(medium)၊ ဆီ စားပွဲဇွန်း ၅ဇွန်းလောက်ထည့်၊ ကြက်သွန်နီ၊ဖြူ၊ ငရုပ်သီးတို့ကို ဆီသတ်ပါတယ်။ (ဆီပြားလေးနဲ့စားချင်လို့ ဆီကို ပုံမှန်ထက် ပိုထည့်ထားပါတယ်။)
ဆီသတ်တာကျက်ပြီး မွှေးလာရင် မှိုအရင်ထည့်၊မှိုနွမ်းပြီးကျက်ပြီဆို ကန်ဇွန်းရွက်ကို ထည့်ပါတယ်။ ဆား၊ ပဲငံပြာရည်အချိုရည် ထည့်ပါတယ်။ ပုဇွန်ခြောက်မှုန့် ညက်နေအောင်ကြိတ်ထားတာကို အချိုမှုန့်အစားထည့်ပါတယ်။

ကန်ဇွန်းရွက်ကျက်ပြီဆို စားလို့ရပါပြီ။မှိုကထင်ထားတာထက် ပိုနုးညံ့ပြီး အင်မတန်ချိုပါတယ်။
မှိုကန်ဇွန်း အစပ်ကြော် အိအိ၊ချိုချိုစပ်စပ်လေး
စားကြပါဦးရှင်။

Monday, September 20, 2010

အုန်းထမင်း ဇာတ်လမ်း ...


မဆွိတီတို့ ငယ်ငယ်က ဆင်းရဲတယ်။ မိဘတွေက သားသမီးတွေ ပူဆာတဲ့ မုန့်တွေ ဘာတွေ ၀ယ်မကျွေးနိုင်ဘူး ။ တစ်ခါတစ်လေများ အိမ်မှာ အုန်းထမင်းနဲ့ကြက်သားဟင်းချက်ပြီဆို မဆွိတီတို့ မောင်နှမတတွေ သိပ်ပျော်တာ။ အစားကောင်းစားရမှာကိုး။ အဖေ အုန်းသီးခြစ်၊ အုန်းနို့ညှစ် ပြီဆို မောင်နှမတစ်တွေ အနားမှာ တ၀ဲလည်လည်နဲ့။ အဲဒါဆို ခလေးတွေ ခဏသွားဆော့ကြချေအုံး။ ကျက်ရင်ခေါ်လိုက်မယ်ဆို ပြောရတယ်။ အုန်းထမင်း၊ ကြက်သားဟင်းဆိုတာ အင်မတန် စားရခဲပါဘိတောင်း။

မဆွိတီ၈တန်းလောက်ကျတော့ အဖေကရာထူးတက်လို့ နယ်ပြောင်းရင် သားသမီးတွေ ပညာရေး ကသိကအောက်ဖြစ်မှာကြောက်လို့ဆိုပြီး မြို့စွန်နားမှာ အိမ်လေးတစ်လုံးဝယ်တယ်။ အဲဒီအိမ်မှာ အုန်းပင်၁၀ပင်ပါတယ်။ အပင်ကြီး ၄-၅ပင်လောက်က အသီးတွေအရမ်းသီးတယ်။ အဲဒီထဲမှာ နဂဘာရီအုန်းလို့ခေါ်တဲ့ အုန်းပင်တစ်ပင်က အုန်းသီးအ၀ါရောင်လေးတွေ။ အဆီများပြီး အုန်းထမင်းချက်စားလို့ သိပ်ကောင်းတာ။ အုန်းထမင်းကြိုက်တဲ့မောင်နှမတွေနဲ့ အကိုက်ပေါ့။

အဲဒီမှာ အုန်းထမင်းချက်မယ်ဆို ၀ါးလုံးရှည်တစ်ချောင်းနဲ့ အုန်းသီးတွေကို ထိုးချရတယ်။ အုန်းသီးကျလာပြီဆို မောင်လေးက ဓားမတစ်ချောင်းနဲ့ အုန်းသီးအခွံတွေခွါရတယ်။ မောင်လေးမရှိရင်တော့ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် ရအောင်ခွါတာပဲ။ စစချင်း ခွါရအလွန်ခက်တယ်။ နောက်ပိုင်းကျွမ်းလာတော့ လွယ်သွားရော။ ပြီးတော့ အုန်းသီးခွဲ၊ အုန်းသီးခြစ်၊ ဆောင့်ကြောင့်ထိုင်ပြီးခြစ်ရတဲ့ အုန်းခြစ်ကြီးနဲ့ ချွေးဒီးဒီးကျအောင် ခြစ်ရပြန်ပါရော။ ပြီးတော့ ရေနွေးပူပူနဲ့ ဆားနဲနဲရော၊ အညာလက်သုတ်ပုဝါသန့်သန့်နဲ့ အုန်းရေညှစ်ရပြန်တယ်။ အုန်းနို့ညှစ်ပြီးကာစဆို လက်ကလေးတွေကိုရဲလို့ ။ အပူလောင်တာလေ။ ပြီးတော့မှ အုန်းထမင်းချက်ပေါ့။ ဟမ်မလေး ... အုန်းထမင်းလေး စားဖို့အရေး ပင်ပန်းလိုက်ပါဘိတောင်း။

ဟော ... အခုစလုံးမှာကျတော့ အုန်းနို့ရယ်ဒီမိတ်ထုတ်လေးတွေ ပေါလိုက်တာ။ ဘယ်နားကကုန်စုံဆိုင်မှာမဆို သွားဝယ်လို့ရတယ်။ အုန်းထမင်းစားချင်ပြီဆို အောက်ထပ်က ကုန်စုံဆိုင်မှာသွားဝယ် ... ၅မိနစ်တောင်မကြာဘူး ... ဟပ်ချလောင်း ... ဆို အုန်းနို့ထုတ် ပျစ်ပျစ်မွှေးမွှေး နဲ့ချက်ပါလေ့ အုန်းထမင်း။

အဲလိုလွယ်တဲ့အချိန်လည်းကျရော အိမ်က သွေးတက်မှာကြောက်တဲ့ ဦးမောင်ခြိမ့်တို့ မောင်နှမက အုန်းထမင်းချက်ရင် သူတို့မစားဆိုတော့ ကိုယ့်မှာ တစ်ယောက်စာတည်း ချက်စားရမှာလဲပျင်းစရာ။ ကိုယ်ကိုတိုင်ကလဲ ပိန်ချင်ရက် စက်စက်ယိုနေသူဆိုတော့ အုန်းထမင်းကို တော်တော်နဲ့ ချက်မစားဖြစ်တော့ဘူး။ ဒီမှာ တခြားစားစရာတွေက များနေတော့ သိပ်အာသီသလဲထားမနေတော့ဘူးလေ။

အုန်းထမင်းနဲ့ပတ်သတ်ပြီး ကိုယ့်ဘ၀ရဲ့ အဖြစ်အပျက် အတွေ့အကြုံလေးကို တွေးမိလို့ ချရေးမိပါသည်။

===============================================================================
အပေါ်က ပို့စ်လေးက အရင် ၂နှစ်လောက်က ဖိုရမ်မှာတင်ဖူးတဲ့ ပို့စ်လေးပါ။
မနေ့က အိမ်မှာ အုန်းထမင်းချက်စားလို့ တိုက်ဆိုင်နေတာနဲ့ ပို့စ်အဟောင်းလေးပြန်ရှာ တင်ပေးလိုက်တာပါ။
အုန်းထမင်းချက်တယ်မှတ်လို့ လာကြည့်သူတွေအတွက် အုန်းထမင်း ချက်နည်း ဓာတ်ပုံရိုက်ထားတာလေးပါ ရှယ်ပေးလိုက်ပါတယ်။ အုန်းထမင်းချက်မစားတာ တစ်နှစ်ကျော်လောက် ရှိပြီထင်ပါရဲ့။ ဂျူဂျူလေးကြီးလာတော့ သားအမိ၂ယောက် အုန်းထမင်းချက်စားဖို့ အဖော်ရလာတယ်။ သူကကြိုက်တယ်လို့ မပြောပေမဲ့ ချက်ရင်တော့ စားပါတယ်။

အုန်းနို့ထုတ်အသေးဝယ် ။ တစ်ဝက်ကို ကြက်သွန်အလုံးကြီးကြီး၂လုံးကို အစိတ်လေးတွေ စိတ်ပြီး ဆီသတ်ပါတယ်။ ဆီ စားပွဲဇွန်း ၆ဇွန်းခန့်နဲ့ ကြက်သွန်တစ်ဝက်ကိုမွှေးနေအောင် ကျွတ်သည်အထိသတ်ပြီး၊ တစ်ဝက်ကို မနွမ်းတနွမ်းထားပါတယ်။

ဆန် ၃ခွက်ကို ရေဆေးပြီး စစ်ထားပါတယ်။ ပြီးတော့ အပေါ်ကနေ ကြက်သွန်နဲ့ အုန်းနို့ ဆီသတ်ထားတာရယ်၊ အုန်းနို့အကျန်ရယ်၊သကြားစားပွဲဇွန်းတစ်ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် ထည့်ပါတယ်။



ရေ ၄ခွက်ခွဲ (၂း၃) ထည့်မွှေပြီး ထမင်းပေါင်းအိုးနဲ့ ချက်ပါတယ်။


ချဉ်ပေါင်မျှစ်ကြော်၊ ကြက်သားဟင်း နဲ့ အုန်းထမင်းနဲ့ လိုက်တယ်။ ငါးခြောက်ထောင်းကြော်နဲ့လည်း စားလို့ကောင်းတာပဲ။ အိမ်မှာ မျှစ်မရှိလို့ ချဉ်ပေါင်ချည်း ၀ယ်ကြော်လိုက်ရတယ်။

Thursday, September 16, 2010

ကျူနာငါးသေတ္တာသုတ်၊ ၀က်ရိုးကြာစွယ်ဟင်းချို

အသိတစ်ယောက်အိမ်သွားလည်တုံးက စားဖူးတဲ့ ကျူနာငါးသေတ္တာသုတ်ပါ။ အဲဒီတုံးက စားလို့ကောင်းလို့ နည်းလေးမှတ်ထားတာ ခုမှသုတ်စားဖြစ်ပါတော့တယ်။

သုတ်စားတဲ့ ကျူနားငါးသတ္တာမှာ ၂မျိုးရှိတယ်။ ရေစိမ်ထားတာနဲ့ ဆီစိမ်ထားတာနဲ့ပါ။ အဲဒီနေ့က မှားဝယ်လာလို့ ရေစိမ်ထားတာနဲ့ပဲ သုတ်လိုက်ရပါတယ်။ အမှန်က ဆီစိမ်ထားတဲ့ဘူးထဲက ဆီလေးတွေပါ ထည့်သုတ်ရင် ပိုစားလို့ကောင်းပါတယ်။


ုကြက်သွန်နီ၊ ခရမ်းချဉ်သီးတွေကို သေးသေးလေးတွေ chop လုပ်၊ ငရုပ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်မြိတ်တွေကိုလည်း ရိတ်ရိတ်လှီးပါတယ်။ သံပုရာရည်ဆမ်း၊ ငရုပ်ကောင်း (မညက်တညက်) နဲ့ သုတ်ပါတယ်။ ဆား အချိုမှုန့် သင့်သလို ထည့်သုတ်ပါ။






လိုက်ဖက်တဲ့ဟင်းကတော့ ၀က်နံရိုး (သို့) ၀က်ခြေထောက်ကို ကြာစွယ်နဲ့ (lotus root - ကြာမြစ် ခေါ်မလားမသိ ) စွတ်ပြုတ်လုပ်ထားတာနဲ့ပါ။ ၀က်ရိုးကို ဂျင်း၊ကြက်သွန်ဖြူ၊ ပဲငံပြာရည် အချို နဲ့ အချိုရည်ထွက်လာသည်အထိ ပြုတ်ပြီး ချခါနီး ၁၀မိနစ်လောက်မှာ ကြာစွယ်ခပ်ပြီးစားတာပါ။ ကြာစွယ်က ၀ါးလိုက်ရင် ထုတ်ထုတ်-ထုတ်ထုတ်နဲ့ စားလို့သိပ်ကောင်းပါတယ်။


ကြာစွယ်မမြင်ဖူးသူများအတွက်

original picture link

Sunday, September 12, 2010

စင်္ကာပူရီယန်ခံကြမလား၊ အိမ်ပြန်မလား ...

(ခုလောလောဆယ် စင်္ကာပူမှာ ခေတ်စားနေတဲ့ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်ထောင်ရဲ့ ပီအာတွေနဲ့ပတ်သတ်ပြီးဆွေးနွေးထားတဲ့အကြောင်း ရေးပေးပါဦးလို့ ညီမလေးတစ်ယောက်မှ ပြောလာလို့ ဦးခြိမ့်အား အကူအညီတောင်းထားခြင်း ဖြစ်ပါတယ်။)
=========================================================================



ပြီးခဲ့တဲ့ အပတ်က စင်္ကာပူဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိအဆင့်မြင့်ဝန်ကြီး ဂိုချုပ်တောင်က သူရဲ့မဲဆန္ဒနယ်က လူတွေနဲ့တွေဆုံပွဲမှာ စင်္ကာပူပီအာတွေထဲက ၁၀ရာခိုင်နှုန်းခန့်ကို စင်္ကာပူနိုင်ငံသား ခံယူဖို့အတွက် ချဉ်းကပ်ပြီး စည်းရုံးမယ်။ အဲဒီလို စည်းရုံးခံရတဲ့ သူတွေထဲက ပီအာတွေအနေနဲ့ စင်္ကာပူနိုင်ငံသားခံယူဖို့ မစဉ်းစားကြဘူးဆိုလျင် ပီအာသက်တမ်းတိုးတဲ့ အခါမှာ ထပ်တိုးပေးမှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ အခါမှာ အင်တာနက်မီဒီယာမှာကော စင်္ကာပူနိုင်ငံသားများ၊ ပီအာများကြားမှာ အလွန်ကျယ်လောင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ခဲ့တယ်ဆိုရင် မမှားဘူးပေါ့။
သတင်းလင့်ခ်

Channel NewsAsia ရဲ့ ၀က်ဘ်ဆိုဒ်မှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒကောက်ယူတာမှာ
(၁) အခုလိုလုပ်လိုက်ခြင်းဟာ နိုင်ငံခြားသား Talent တွေ စင်္ကာပူကနေ စွန့်ခွာသွားနိုင်တယ်လို့ ပြောတဲ့ သူက ၃၀% ခန့်၊
(၂) ဒီလိုလုပ်လိုက်တာက လက်ရှိ စင်္ကာပူရီယန်တွေက မှန်ကန်တယ်လို့ ထင်တာက ၃၉% ၊
(၃) လက်ရှိပီအာတွေက အခုလိုလုပ်လိုက်ခြင်းဟာ အာဏာပိုင်တွေက တဖက်သတ် အာဏာနဲ့ ဆုံးဖြတ်တယ်လို့ ထင်တာက ၃၁% ရှိတယ်လို့ ထင်ကြတယ်ဆိုပြီး အဖြေထွက်လာတယ်။

ကျွန်တော်အမြင် ပြောရမယ်ဆိုရင်တော့ ဒီလုပ်ရပ်က စင်္ကာပူအစိုးရအနေနဲ့ မှားယွင်းစွာ ဆုံးဖြတ်မှုတစ်ခုလို့ပဲ မှတ်ယူမိပါတယ်။ ကျွန်တော်တို့လို Third world country က ပီအာတွေအနေနဲ့ ရာခိုင်နှုန်းတော်တော်များများကတော့ ပီအာကနေ နိုင်ငံသားကို ပေးအပ်မယ်ဆိုရင်တော့ ၇၀% လောက်က နှစ်သက်မိမှာပါပဲ။ စင်္ကာပူအစိုးရက အဲဒီလိုသာ စင်္ကာပူနိုင်ငံသားအဖြစ် အော်ဖာပေးမဲ့ ၁၀ ရာခိုင်နှုန်းက ကျွန်တော်တို့လို တတိယနိုင်ငံသားတွေကို အဓိက ဦးတည်မှာ မဟုတ်ပဲနဲ့ အဖြူနိုင်ငံသားတွေကို အဓိက ဦးတည်နေတယ်ဆိုတာ ကျွန်တော်တို့ တော်တော်များများ ရိပ်မိကြပါတယ်။ ဒါပေမဲ့ စလုံးတွေခေါ်တဲ့ အာမော (Ang Moh = အဖြူ) တွေက တကယ်တမ်း လက်မခံကြပါဘူး။ လက်မခံတဲ့ အပိုင်းက အချက်အလက်တွေကတော့

(၁) အနောက်နိုင်ငံသားတွေအဖို့ Dual Citizenship ဆိုတာကို ကိုင်ထားနိုင်ခွင့်ရှိတယ် ဆိုပေမဲ့ စင်္ကာပူနိုင်ငံက ဒါကို လက်မခံတဲ့အတွက် သူတို့နိုင်ငံသားကို စွန့်လွတ်ဖို့ မစဉ်းစားကြပါဘူး။

(၂) နောက်ပြီး လက်ရှိပြောင်းလဲလိုက်တဲ့ HDB ရဲ့ နည်းဥပဒေအရ စင်္ကာပူနိုင်ငံသားဖြစ်ရင် တစ်ခြားနိုင်ငံမှာ ပိုင်ဆိုင်ထားတဲ့ အိမ်မြေခြံတွေကို စွန့်လွှတ်ရောင်းချပြီးမှ ဒီနိုင်ငံမှာ ၀ယ်လို့ရမယ်ဆိုတဲ့ အချက်အလက်တွေက နိုင်ငံခြားသားတော်တော်များများကို စင်္ကာပူနိုင်ငံသားခံယူဖို့ ဝေးကွာစေတဲ့အချက်ထဲက တစ်ခုပါပဲ။ ဒီ့ထက်ပိုတဲ့ အကြောင်းပြချက်တွေလဲ အများကြီး ရှိနေပါသေးတယ်။

အဲဒီတော့ ဒီအဖြူတွေက နိုင်ငံသားမခံယူရင် ပီအာသက်တမ်း တိုးမပေးဘူးဆိုရင် မတိုးပေးနဲ့ပေါ့ လို့ ပြောမှာပေါ့။ Manufacturing, Biomedicine and Pharmaceutical မှာ လုပ်နေတဲ့ Director, Vice President,CEO လုပ်နေတဲ့ အဖြူတွေက တချို့ဆိုရင် ပီအာနဲ့ နေနေတာပါ။ သူတို့တစ်တွေ နိုင်ငံကထွက်သွားရင် တကယ်တမ်း ဆုံးရှုံးမှာက အဖြူတွေ မဟုတ်ပဲနဲ့ စင်္ကာပူနိုင်ငံကိုယ်တိုင် ဖြစ်နေလို့ပါပဲ။

စင်္ကာပူနိုင်ငံသားနဲ့ ပီအာတွေအနေနဲ့ကလဲ ကွာခြားမှုအနေနဲ့ သိပ်တော့ မရှိလှတာလည်း ပါဝင်တာပေါ့။ သားသမီးတွေ အနေနဲ့ ကျောင်းလခ ပိုပေးရတယ်ဆိုပေမဲ့ အခုလက်ရှိမှာ ပြောပလောက်အောင် ကွာခြားမှုမရှိသေးတာရယ်။ ဆေးရုံဆေးခန်း ကိုသွားရမှာလဲ စင်္ကာပူနိုင်ငံသားနဲ့ ပီအာတွေရဲ့ခံစားမှုများ အနေနဲ့ကလည်း သိပ်မကွာလို့လဲ ပါတာပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အတွက်ကတော့ တခြားစီနော်။ မြန်မာတွေတော်တော်များများ စင်္ကာပူနိုင်ငံသားခံယူကြတာက စင်္ကာပူနိုင်ငံသားဖြစ်လာရင် ရရှိလာမဲ့ အကျိုးခံစားမှုတွေကို နားလည်တာ နားမလည်တာထက် မြန်မာသံရုံးကို အခွန်မပေးချင်တာက ၆၀% လောက်ပါတယ်။

ဒါဆိုရင် စင်္ကာပူနိုင်ငံသားဖြစ်လာရင် ခံစားရမဲ့ အကျိုးကျေးဇူးတွေကို ပိုပြီးတော့ ဆွဲဆောင်အားကောင်းအောင်လုပ်ဖို့ လိုလာတာပေါ့။ ခက်တာက ရှေ့က စင်္ကာပူနိုင်ငံသားများများ ခံယူစေချင်တယ်။ တိုင်းပြည်မှာ အကျိုးရှိတဲ့ လူတွေကိုပဲ လိုချင်တယ်။ တစ်ဖက်က စင်္ကာပူနိုင်ငံသားခံယူချင်အောင် ဆွဲဆောင်နိုင်သလားဆိုတော့ မဆွဲဆောင်နိုင်ဘူး။ သူတို့နိုင်ငံခေါင်းဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက် အပြောအဆို မတိုက်ဆိုင်ပဲ ဖြစ်တဲ့ အဖြစ်အပျက်တွေထဲမှာ ဒီတခါ အဖြစ်အပျက်က အဆိုးဝါးဆုံးပါပဲ။ မစ္စတာဂိုချုပ်တောင် ပြောဆိုသွားတာ မှားယွင်းသွားမှန်း သိလိုက်တာနဲ့ သူရဲ့အတွင်းရေးမှုးက မစ္စတာဂိုချုပ်တောင် ပြောသွားတာ ၁၀% က တားဂက် မဟုတ်ပါဘူး။ ဂဏန်းတစ်ခုအနေနဲ့ ရှင်းပြသွားတာပါ။ စင်္ကာပူနိုင်ငံသား ပေါ်လစီနဲ့ ပါတ်သက်ပြီး ပြန်လည်သုံးသပ်နေပါတယ်ဆိုပြီး နောက် ၂ ရက်ကြာတော့ ဖြေရှင်းချက်တွေ ပြန်ထုတ်ရပါတော့တယ်။
သတင်းလင့်ခ်

ကဲ ထားလိုက်ပါ။ ဝေဖန်ရေးလုပ်လို့တော့ ပြီးသွားပြီ၊ မြန်မာနိုင်ငံသားတွေအနေနဲ့ ကံကောင်းထောက်မပြီးပဲ ဖြစ်ဖြစ် ထီပေါက်သလိုမျိုး နိုင်ငံသားလျှောက်ဖို့ ပြောတဲ့ ၁၀% ထဲမှာ ပါသွားခဲ့ရင် ဘာလုပ်မလဲဆိုတာလေးကို ကျွန်တော့်အမြင် တချို့ကိုတော့ ဝေမျှပါရစေ။ ကျွန်တော် မြန်မာနိုင်ငံသားစွန့်လွတ်ပြီး စင်္ကာပူနိုင်ငံသားခံယူတာ ကောင်းတယ် မကောင်းဘူး ဆိုတာ ဝေဖန်မှာ မဟုတ်ဘူးနော်။ ကိုယ်ဘာသာ စွန့်လွှတ်တာ မစွန့်လွှတ်တာကတော့ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်ပြီးတော့ အဲဒီလိုမျိုး ဆုံးဖြတ်ဖို့ တခြားထည့်သွင်းစဉ်းစားသင့်တာလေးတွေကို အကြံပေးရုံပါ။

(၁) ကိုယ်နဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ရဲ့ နှစ်ယောက်ပေါင်း လစာငွေက ဒေါ်လာ ၈၀၀၀ အောက်မှာပဲ ရှိသေးတယ် ဆိုရင်တော့ စင်္ကာပူနိုင်ငံသားခံယူရင် ငွေ ၃၀၀၀၀ + ၁၀၀၀၀ လောက် နီးနီး ရမယ်။ HDB အသစ်ကို HDB က တိုက်ရိုက်ဝယ်နိုင်ပြီး အတိုးနှုန်းကိုလည်း ၂.၆% နဲ့ မပြောင်းလဲတမ်း ရနိုင်တယ်။ အဲဒီလိုလူတန်းစားတွေအတွက်တော့ အကျိုးများတာပေါ့။ ဒါပေမဲ့ လစာပေါင်း ၈၀၀၀ နဲ့ ၁၀၀၀၀ ကြား ရတယ် ဆိုရင်တော့ DBSS ဆိုတဲ့ Flat ၀ယ်နိုင်မယ်။ ငွေ ၃၀၀၀၀ ရမယ်။ ဘဏ်ကပဲ ငွေချေးလို့ရမယ်။ သူတို့ကျတော့ မဆိုးသေးဘူးဆိုပေမဲ့ အကျိုးက မများတော့ဘူး။ လစာ စုစုပေါင်း ၁၀၀၀၀ ကျော်သွားရင်တော့ အကျိုးကျေးဇူးက မရှိသလောက်ပါပဲ။

(၂) ဒီနိုင်ငံမှာ အိမ်ထောင်ကျပြီး ကလေးတွေလဲ မွေးထားတယ်။ ကလေးတွေအနေနဲ့ကလည်း ဒီနိုင်ငံ ဒီမြေမှာ ကြီးပြင်းလာတယ်။ မြန်မာလူမျိုးဓလေ့ ထုံးစံတွေထက် စင်္ကာပူ ဓလေ့တွေနဲ့ ပိုပြီးရင်းနှီးလာတယ် ဆိုရင်တော့ သူတို့တစ်တွေအနေနဲ့ မြန်မာနိုင်ငံသားအနေထက် စင်္ကာပူနိုင်ငံသားအဖြစ်က ပိုပြီးတော့ အကျိုးများစေမယ်လို့ ထင်ပါတယ်။ တက္ကသိုလ်တက်ရမဲ့ အရွယ်ရောက်တဲ့ အခါမှာ နိုင်ငံသားနဲ့ နိုင်ငံခြားသားတို့ ပေးရတဲ့ ကျောင်းလခ က အလွန်အင်မတန်ကို ကွာခြားသွားမှာ ဖြစ်လို့ပါပဲ၊ ဒီကြားထဲမှာ သူတို့ကလေးတွေအတွက် နှစ်စဉ် CPF တို့ GST Rebate တို့ စတာတွေအတွက် ရရှိမဲ့ ငွေကြေးပမာဏတွေကလဲ တစ်နှစ် နဲ့ တနှစ် သူတို့အတွက် အဆင်ပြေစေတာမို့ ကိုယ်ကိုတိုင်မခံယူပေမဲ့လည်း ကလေးတွေအတွက် စဉ်းစားပေးသင့်တာပါပဲ။

(၃) ကျွန်တော်တို့ မြန်မာတွေကြားထဲမှာ အဓိကနာမည်အကြီးဆုံး အချက်ကတော့ မြန်မာသံရုံးမှာ အခွန်ဆောင်တာပေါ့။ ကျွန်တော်က ၁၉၉၅၊ အန်တီဆွိက ဆိုရင် ၂၀၀၀ ခုနှစ်ကတည်းက တစ်ယောက်ကို တစ်လ ၁၅၀၊ တနှစ် ၁၈၀၀ ခန့် လှုဒါန်းနေတာ အန်တီဆွိ မလှူတန်းတာ လွန်ခဲ့တဲ့ ၂၀၀၅ ကျမှ ရပ်သွားခဲ့တာပါပဲ။ မြန်မာသံရုံး အခွန်မဆောင်ချင်တာတစ်ခုတည်းနဲ့တော့ မြန်မာနိုင်ငံသားအဖြစ် စွန့်လွှတ်မယ်ဆိုတာကတော့ မခိုင်လုံလှသေးပါဘူး။ တစ်ခုတော့ရှိတယ်။ အဲဒီ သံရုံးကို အခွန်သွားဆောင်ရတိုင်း၊ သက်တမ်း သွားတိုးရတိုင်း၊ သံရုံးကလူတွေနဲ့ ဆက်ဆံရတိုင်း၊ အသက်က တစ်ရက်မက တစ်လလောက်တိုသွားသလား အောက်မေ့ရအောင် ဒေါသတွေ ထွက်ရတာ၊ စိတ်အနှောက်အယှက်ဖြစ်ရတာတွေလည်း စဉ်းစားရမဲ့ စာရင်းထဲကို ထည့်ချင်လဲ ထည့်လိုက်ပေါ့။

အသက်အရွယ်အားဖြင့် ငယ်သေးမယ် ( ၂၅နှစ်ကနေ ၃၅နှစ် အတွင်း )၊ တခြားနိုင်ငံကို မြန်မာနိုင်ငံသားအဖြစ် သွားတာထက် စင်္ကာပူနိုင်ငံသားအဖြစ်သွားပြီး ဒီထက် ပိုတိုးတက်နိုင်သေးတဲ့ ဘ၀မျှော်လင့်ချက်တွေ မြင်မယ်ဆိုရင်တော့ စဉ်းစားသင့်ပါတယ်လို့ အကြံပေးပါရစေ။

တစ်ခါတုန်းက ကိုပေါရဲ့ဘလော့ဂ်မှာ စင်္ကာပူနိုင်ငံသားခံယူတာနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင်တစ်ယောက်ဝေဖန်ထားတာ မဆိုးပါဘူး။ သူကတော့ စင်္ကာပူနိုင်ငံသားခံယူတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများတွေကို ထောက်ပြထားတာဖြစ်လို့ ကိုယ့်အနေနဲ့ ဆိုးကျိုးတွေကို ရင်ဆိုင်ဖို့ ကြိုတင်စဉ်းစားထားတာလဲ ကောင်းတာပေါ့။

အဆုံးသတ်အနေနဲ့ ပြောရရင်တော့ ကိုယ်က ဒီနိုင်ငံမှာ နေထိုင်လာတာ ၆ နှစ်လောက်အနည်းဆုံးရှိနေပြီး စင်္ကာပူမှာလဲ HDB Flat ကို ၀ယ်ထားတယ်။ ကလေးလဲ မွေးထားတယ် ဆိုရင်တော့ စင်္ကာပူ အစိုးရက မျက်စေ့ကျပြီး စင်္ကာပူနိုင်ငံသားခံယူဖို့ စာပို့လာနိုင်ပါတယ်။ ဒါကြောင့် ကြိုတင်စဉ်းစားစရာရှိတာ စဉ်းစားထားလိုက်ပါ။ ဒီအချိန်က နောက် ၃-၄ နှစ် အရေးထက် နောက် ၂၀-၂၅ နှစ် အရေးကို ကြိုတွေးထားရမဲ့ အချိန်ရောက်လာပါပြီ။

ကျွန်တော်ဆိုရင်ကော ဘာလုပ်မလဲလို့ မေးလာရင်။ ကျွန်တော်က အသက်ကလဲ ကြီးပြီ၊ မြန်မာနိုင်ငံသားအဖြစ်ကိုလဲ မစွန့်လွတ်ချင်သေးဘူး၊ သမီးလေး ဂျုးဂျူးကလည်း ဒီနိုင်ငံမှာ ပိုပြီး အဆင်ပြေနေတယ်။ စင်္ကာပူနိုင်ငံသားခံယူရင်လည်း ကျွန်တော့်အတွက် မြန်မာအခွန်မပေးရတာကလွဲလို့ တခြားအကျိုးကျေးဇူးက သိပ်ရှိလှရယ်လို့ မဟုတ်ဘူး။ ကျွန်တော်လား …. အေးချမ်းတဲ့ တောအရပ်လေးမှာ ကိုယ် စုဆောင်းထားတာလေးတွေနဲ့ ဥယျာဉ်လေး စိုက်ပြီး နေချင်တာ တစ်ခုထဲပဲ ရှိပါတယ်ဗျာ။

မောင်ခြိမ့်

Friday, September 10, 2010

ဂျူဂျူးတို့ ကြောက်တတ်ပုံများ ....


သမီးအကြောင်းလေး ရေးဦးမယ်။
ဂျူဂျူးလေးက ဆော့တဲ့နေရာမှာ အပေါ်တက်ရမလား၊ မျောက်လိုရှူံးအောင် ဆော့ရမလား၊ အမြင့်မကြောက် ဘာမကြောက်နဲ့ သတ္တိသိပ်ကောင်းပေမဲ့ သရဲတွေဘာတွေဆို သူသိပ်ကြောက်တယ်။ ပိုးဟပ်လို၊ အိမ်မြောင်လို အကောင်တွေလည်း သူကြောက်တတ်တယ်။ ခလေးကို သရဲ၊သစ္ဆေအကြောင်း အိမ်မှာမပြောပေမဲ့ ကျောင်းမှာ ခလေးအချင်းချင်းပြောကြရင်း ကြားဖူးနေသလားတော့ မပြောတတ်ဘူး။ တီဗီမှာလဲ သူကြုံဖူး၊ ကြည့်ဖူးတယ်နဲ့ တူပါတယ်။ ခလေးတွေက အဲဒီအကြောင်းတွေဆို သိပ် စိတ်ဝင်စားတယ်။ လူကြီးတွေနဲ့စာရင်လဲ သူတို့က ပိုအသဲငယ်ပြီး ပိုကြောက်တတ်ကြတယ်။

ပိုးဟပ်တို့လို အင်းဆက်ကောင်တွေကိုလဲ ဂျူဂျူး ငယ်ငယ်ကတည်းက ကြောက်တာပါ။ ပိုးဟပ်၊ အိမ်မြှောင်မြင်တာနဲ့ အမေပေါ် ခုန်တက်တော့တာပဲ။ ကြောက်တော့ လှုပ်ရှားမှုကလဲ သိပ်မြန်တယ်။ ဖားပျံများလိုပဲ။ သမီးရဲ့ ... အကောင်လေးတွေက သေးသေးလေးတွေ၊ သမီးကို ဘာမှ မလုပ်နိုင်ပါဘူးဆိုလဲ မရဘူး။ ကြောက်တာပဲ။ တလောကလဲ အိမ်သာတက်ရင်း အိမ်သာထဲ နဂျီကောင်လို အကောင်မျိုး တ၀ီဝီပျံနေတာတွေ့တာနဲ့ အော်ဟစ်ပြီး မအေပေါ် ဘယ်လိုရောက်လာမှန်းမသိဘူး။ အဲဒီနောက်ပိုင်း သူအိမ်သာတက်တိုင်း အမေက ဘေးကနေ ထိုင်စောင့်ပေးနေရတယ်။ ဒါကို သူက ရုပ်ရှင်တွေ ကြည့်သလို PG ဆိုပြီး သူ့ဟာသူ ပြောနေသေးတယ်။ Parent guide နဲ့ အိမ်သာတက်ရတယ်ဆိုပဲ။

တလောကလဲ ဖိုရမ်အဖွဲ့တွေနဲ့ Labrador park မှာ gathering လုပ်တယ်။ အဲဒီအချိန်က ဂျူဂျူတို့အဖေ oversea ထွက်နေတော့ မသွားတော့ဘူးဆိုနေတာ။ သူငယ်ချင်းက ဇွတ်ခေါ်တာနဲ့ သားအမိနှစ်ယောက် ရောက်သွားကြတယ်။ ညဘက်ကြီးပေါ့။ ဟိုရောက်တော့ အဲဒီ Labrador park က ဒုတိယကမ္ဘာစစ်က အင်္ဂံလိပ်တွေနဲ့ စစ်ဖြစ်တဲ့နေရာတဲ့။ တိုက်ပွဲမှာ စစ်သားတွေအများကြီးကျတော့ သရဲခြောက်တယ်လို့ နာမည်ကြီးတယ်ဆိုပဲ။ အဲဒီမှာ အမြောက်အဟောင်းတွေ၊ ဘန်ကာတွေလဲရှိတယ်။

ရောက်ရောက်ချင်းပဲ ဖိုရမ်က ခလေးတစ်ယောက်က တောလမ်းလေးတစ်လျှောက် ဗီဒီယိုရိုက်လာတာ ပုံတွေမပေါ်ဘူးတဲ့။ သူ့ရီကော်ဒါက တစ်သက်နဲ့ တစ်ကိုယ် ရိုက်ရဲ့သားနဲ့ မပေါ်တာမျိုး မဖြစ်ဖူးဘူး။ သရဲခြောက်တာလားမသိဘူးဆို ပြောဆိုနေကြတာကြားတယ်။ နောက်တော့ လူ၎-၅ယောက်ခေါ်ပြီး အဖွဲ့လိုက် သူဗီဒီယိုရိုက်ခဲ့တဲ့နေရာကို သရဲခြောက်၊ မခြောက် သွားပြန်ကြည့်မယ်ဆို ထွက်သွားကြပြန်ရော။ ကျန်ခဲ့တဲ့သူတွေကတော့ ဘာဘီကျူးတွေ ကင်စားလိုက်၊ သရဲအကြောင်းတွေပြောလိုက်၊ ရယ်စရာတွေ ပြောလိုက်နဲ့ပေါ့။ ကိုယ်က နဂိုက သရဲကြောက်တတ်ရတဲ့ကြားထဲ အခန်းထဲတစ်ယောက်တည်း အိပ်နေရတာဆိုတော့ သရဲအကြောင်းတော့ မပြောကြပါနဲ့ဆို တားရတယ်။ ဒါတောင် စ-နောက်ပြီး ပြောနေကြသေးတယ်။ ဂျူဂျူးကတော့ အနားမှာ တခြားပါလာတဲ့ ခလေးအဖော်တွေနဲ့ ပြေးလွှားပြီး ဆော့နေတာပဲ။

ဒီလိုနဲ့ ပြန်မဲ့အချိန်ရောက်လာတော့ အုပ်စုလိုက်ကြီး ကားပါတ်ကင်ဆီ သွားကြတယ်။ ကားပါတ်ကင်ရဲ့အနောက်မှာ တောအုပ်ကြီးရှိတော့ ပရစ်အော်သံလို၊ ဖားအော်သံလို တကျစ်ကျစ်၊ တကွပ်ကွပ်တွေ ကြားနေရတယ်။ တောထဲဆိုတော့ နေရာကလဲ နဲနဲမှောင်တယ်။ သမီးကို ကားပေါ်ပို့၊ ကားတံခါး၂ဖက်လုံးကို ဖွင့်ထားခဲ့ပြီး ကားကြုံလိုက်ချင်သူတွေ လိုက်ခဲ့ကြပါဆို ဆင်းခေါ်တာ။ ခဏနေတော့ ဂျူဂျူတို့ အလန့်တကြား အသံအကျယ်ကြီးနဲ့ မေမေရေ ဆို အော်ဟစ်ပြီး ငိုပါလေရော။ ဖိုရမ်ကခလေးတွေရော၊ ကိုယ်ကိုယ်တိုင်ရော အားလုံး လန့်ဖြန့်ပြီး ကားဆီပြေး သမီးကို ချီခေါ်ကြတယ်။ ဂျူဂျူးက ငိုလိုက်တာ။ ကိုယ်လဲတော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ရေတိုက်တဲ့လူကတိုက်၊ ချိုချဉ်ခွံ့တဲ့လူက ခွံ့နဲ့ ၀ိုင်းချော့ကြတာ ခဏနေတော့ အငိုတိတ်သွားတယ်။ သမီး ဘာဖြစ်တာလဲဆိုတော့ ဘာမှ မေးလို့ မရဘူး။

တလမ်းလုံးလဲ မအေလုပ်သူက စိတ်မကောင်းဘူး။ သမီးကိုတော့ နာနာဘာဝတွေများ ကိုယ်ရောင်ပြလိုက်သလား။ ခလေးဆိုတော့ လိပ်ပြာငယ်တော့ တော်တော်တော့ ကြောက်သွားမှာပဲ။ ဒါကြောင့် ဒီလောက်အော်တာပေါ့ဆို တလမ်းလုံးတွေးလာတာ။ အိမ်ရောက်တော့ ဘုရားစင်ပေါ်က ပရိတ်ရေတိုက်။ အိပ်ခါနီး သူ့အဒေါ်ရော ၂ယောက်လုံး ထပ်မေးကြပြန်တယ်။ သမီးဘာတွေ့လိုက်လဲ ... မေမေ့ကိုပြော ... ဘာလို့ ဒီလောက် အော်ရသလဲဆို ။ မေးမရပြန်ဘူး။ ညကျ ကိုယ်လဲ ကောင်းကောင်း အိပ်မရဘူး။ မနက်လင်းတော့ သူ့အဒေါ်ကို သမီးညက ကောင်းကောင်းအိပ်ရဲ့လား။ လန့်ပြီးများ ထအော်သေးလားဆိုတော့ ဘာမှမဖြစ်ဘူး။ အိပ်ပါတယ်တဲ့။

နေ့ခင်းလောက်ကျ သူနဲ့ခင်တဲ့ ဖိုရမ်က ခလေးတွေနဲ့ ရယ်စရာ အဖြစ်အပျက်အချို့ကို ပြန်ပြောရင်း သမီးကို မေးပြန်တယ်။ အဲဒီကျ ဂျူဂျူတို့ ရယ်ရယ်မောမောနဲ့ စိတ်ကြည်တဲ့ အချိန်ဖြစ်နေပါပြီ။ သူငိုနေတုံး သူ့ပါးစပ်ထဲခွံ့တဲ့ ဆင်တုံးမနွယ် ရှောက်သီးဆေးပြား သိပ်ကောင်းတယ် ဆိုတာလဲ ပါသေးတယ်။ ဒီတစ်ခါတော့ ဂျူဂျူတို့ သိပ်မမေးလိုက်ရပါဘူး။ သူ့ဟာသူ စကားရော ဖောရောနဲ့ ပြောတာက ငိုအားထက် ရယ်အားသန် ဖြစ်ရတယ်။ ဂျူဂျူက ခရစ်ကတ်တွေ ကြောက်လို့ ငိုတာ ပါတဲ့ဗျား။ (Cricket= ပုရစ်)

မနေ့ညကလဲ အိမ်စာအနေနဲ့ ကျောင်းက ငှါးခိုင်းတဲ့ စာအုပ်တွေထဲက တစ်အုပ်ကို ဂျူဂျူ့ကို ဖတ်ခိုင်းထားတယ်။ ဂျူဂျူက စာလုပ်ရင် အမေအခန်းထဲ လာလုပ်လေ့ရှိပါတယ်။ အခန်းထဲ သူဖတ်နေတုံး သမီးဖတ်နှင့်နော်၊ အမေ အဖေ့ကို လဖ္ဘက်လေး သွားသုတ်ပေးလိုက်ဦးမယ်ဆို ခဏလေးထွက်သွားတာ မကြာပါဘူး။ ဂျူဂျူတို့ ၀ုန်းဆို အခန်းတံခါးကြီးဖွင့်ပြီး အပြင်ဘက် ဒရောသောပါး ပြေးထွက်လာပါတယ်။ ပြီးတော့ မအေကို ဖက်ပြီး ငိုပါလေရော။ ဟဲ့ ... သမီးလေး ဘာဖြစ်တုံး ... မေမေ့ပြော ... ဆိုတော့ အခန်းထဲမှာ စာဖတ်ရင်းနဲ့ တစ် တစ် တစ် ဆို အသံတွေ ထွက်လာတာ ကြောက်လို့ပါတဲ့။ ဒါနဲ့ ကိုယ်လဲ သမီးကိုဖက်ပြီး နှစ်သိမ့်ရပါတယ်။ မေမေတို့ ကုတင်ခေါင်းရင်းက နံရံကို ထိနေတော့ သမီးလှုပ်တိုင်း အပေါ်မှာ တင်ထားတဲ့ပစ္စည်းတွေက နံရံနဲ့တိုက်မိလို့ အသံထွက်တာပါ သမီးရဲ့ ... ဆိုပြီး ရှင်းပြတယ်။ အဲလိုလှုပ်ပြီး အသံထွက်တာကတော့ ကိုယ်တိုင်လဲ ခဏခဏ ကြုံဘူးနေကျပါ။ ခါတိုင်းလဲ ဒီအခန်းထဲ သူ့ဟာသူတစ်ယောက်တည်း စာလုပ်၊ တီဗီကြည့်နေတာပဲကို။ ခုမှ ငိုရလောက်အောင်ထိ သမီးဘာကိုများ ကြောက်နေပါလိမ့်ဆို စိတ်ထဲကတော့ ဇဝေဇ၀ါပေါ့။

ဒါနဲ့ သူ့အဖေပါခေါ်ပြီး အခန်းထဲမှာ စာဆက်ဖတ်ခိုင်းထားတယ်။ ဒီတစ်ခါတော့ သူ့အဖေနဲ့ အတူဖတ်နေတာပါ။ ခဏနေတော့ စာရွက်လှန်လိုက်တာ တစ် ... တစ် .... တစ် ... ဆို အသံကတော်တော် သိသာတယ် ထွက်လာတာ။ အဲဒီမှာ ဂျူဂျူက " အဲဒီအသံပေါ့ ဂျူဂျူက အဲဒါကို ကြောက်တာ"ဆို ငိုမဲ့မဲ့နဲ့ ပြောပါတယ်။ အဲဒီတော့မှ ကိုယ်တို့လဲ ထူးဆန်းတယ်ဆို စာအုပ်အဖုံးကို ဖွင့်ပြီး ကြည့်လိုက်မှ လား ... လား ... အဖုံးရဲ့နောက်မှာ ဘက်ထရီနဲ့ အသံထွက်အောင်လုပ်ထားတဲ့ စပီကာလေး မြှုတ်ထားတာကိုး။ စာအုပ်ရဲ့နာမည်ကလဲ "The very clumsy click beetle " ဆိုတော့ နောက်ဆုံးနားက စာရွက်တွေ လှန်တိုင်း အဲဒီထဲက beetle လေးရဲ့ ကလစ်လုပ်တဲ့ အသံထွက်အောင် လုပ်ထားတာကိုးလို့ သဘောပေါက်တော့တယ်။

ဒီတစ်ခါ ဂျူဂျူးကြောက်တာ မဆန်းပါဘူးလေလို့။ ဒီလို ညဘက်ကြီး တိတ်ဆိတ်တဲ့ အခန်းထဲ တစ်ယောက်တည်းရှိနေတုံး အဲလိုအသံထွက်လာလို့ကတော့ ဂျူဂျူးမေမေဆိုလဲ ကြောက်မိမှာပဲကိုး။

Wednesday, September 8, 2010

ယိုးဒယား သင်္ဘောသီးထောင်း ...

ယိုးဒယား သင်္ဘောသီးထောင်းနည်းကို ရှယ်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက်ကမှ ယိုးဒယားရောက်ဖူးလို့ ပထမဆုံးအကြိမ်စားဖူးပြီး ကြိုက်သွားလို့ အိမ်မှာ လုပ်စားကြည့်တာပါ။



လူ၃-၄ ယောက်စာလောက် လိုတဲ့ပစ္စည်းတွေက
၁။ သင်္ဘောသီးခပ်စိမ်းစိမ်း တစ်စိတ်လောက်ကို အခွံနွှာပြီး ခြစ်ထားပါ။သင်္ဘောသီးသုတ် ကျွပ်ကျွပ်လေးစားချင်တော့ ခြစ်ထားထာလေးတွေ ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ထားပါ။
၂။ ပုဇွန်ခြောက် ၂ဇွန်း
၃။ ငရုပ်သီးစိမ်း ၃-၄တောင့် ( အစပ်ကြိုက်ရင်ပိုထည့်ပါ )၊ ငရုပ်သီးအစိမ်းရောင်ဆို ပိုကောင်းပါတယ်။ (အနီရောင်ဆို ပုံမှာလို သင်္ဘောသီးသုတ်က အရောင်ညိုသွားပါတယ်။)
၎။ ကြက်သွန်ဖြူ၃မွှာလောက်
၅။ ခရမ်းချဉ်သီး အလုံးသေးသေး ၃လုံးလောက် ထပ်ခြမ်းခြမ်းထားပါ။ အကြီးဆိုရင်တော့ အသေးလေးတွေ လှီးထားပါ။
၆။ brown suger (သို့) ထန်းညက် ၄-၅ခဲ၊ မရှိရင်လဲ သကြား စားပွဲဇွန်းတစ်ဇွန်းမောက်မောက်၊
၇။ သံပုရာသီး တစ်ခြမ်း၊ ညှစ်ရလွယ်အောင် အစိတ်လေးတွေ စိတ်ထားပါ။
၈။ ငံပြာရည် စားပွဲဇွန်း တစ်ဇွန်း၊
၉။ မြေပဲဆံလှော်ပြီး အခွံချွတ် ထပ်ခြမ်းကွဲရုံ ထောင်းထားပါ၊
၁၀။ ပဲတောင့်ရှည်တစ်တောင့် တစ်လက်မအရွယ်လောက်စီ လက်နဲ့ဖြတ်ထားပါ၊


ထောင်းပုံ၊ သုတ်ပုံအဆင့်ဆင့်က
၁။ ငရုပ်ဆုံကြီးကြီးထဲမှာ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို အရင်ထောင်းပါ၊
၂။ ပုဇွန်ခြောက် နဲ့ Brown suger ထည့်ထောင်းပါ၊
၃။ မညက်တညက်မှာ ခြစ်ထားတဲ့ င်္ဘောသီးကို ထည့်ဖွဖွထောင်းပါ၊ ဇွန်းနဲ့ မွှေပေးပါ။
၎။ ခရမ်းချဉ်သီးထပ်ခြမ်းလေးတွေထည့် ထပ်ထောင်းပါ၊
၅။ ငံပြာရည်နှင့် သံပုရာရည်ထည့် ထပ်ထောင်းပါ၊
၆။ နောက်ဆုံး ပဲသီးပါ အသာလေး ထည့်ထောင်းပြီး ထောင်းထားထာလေးတွေကို ငရုပ်ဆုံထဲတင် နှံအောင်ဇွန်းနဲ့ မွှေပါ ၊နယ်ပါ၊
ရ။ ထောင်းထားတဲ့ သင်္ဘောသီးသုတ်ကို အဖတ်တွေရော အရေတွေရောမကျန် ပြင်မဲ့ ပန်းကန်ထဲထည့်ပါ၊
၈။ အပေါ်ကနေ မြေပဲ အသာဖြူးထည့်ရင် စားဖို့ အဆင်သင့် ဖြစ်ပါပြီ။










မြည်းကြည့်ပြီး အချိုလိုရင် သကြားနဲနဲ၊ အငံလို ငံပြာရည်ထပ်ထည့်ပြီး ပြင်ပါ။


ယိုးဒယား သင်္ဘောသီးထောင်း ချိုချိုချဉ်ချဉ် စပ်စပ် ကျွပ်ကျွပ် လေးပါ၊ ထောင်းတာကလဲ အကုန်စုထည့်ပြီး တစ်ခါထဲ ထောင်းတာမဟုတ်ပဲ တစ်ခုပြီးတစ်ခု အစဉ်အတိုင်းထည့်ထောင်းရ ပါတယ် ။
ယိုးဒယား ကြက်သားဘေဆယ်ကြော်လိုဟာမျိုးနဲ့ ထမင်းနဲ့ လိုက်ဖက်ပါတယ်။
Link for ကြက်သားဘေဆယ်ကြော်

Sunday, September 5, 2010

Comex show 2010 Singapore

Comex show 2010 ကို ရောက်ခဲ့တယ်။

စင်ကာပူမှာ IT ရှိုးတွေရှိတိုင်း ဂနာမငြိမ်တဲ့ အိမ်ကလူက စကားခေါ်နေပြီ။ အိမ်က TV ဟောင်းလှပြီတဲ့။ ဟောင်းဆို လွန်ခဲ့တဲ့ ၈နှစ်လောက်က ၀ယ်ထားတဲ့ ရိုးရိုး TV ကြီးပါ။ LCD ၀ယ်မယ်ပြောတိုင်း ဖျက်တဲ့သူက ကျွန်မ မဆွိတီပါ။ LCD မှာ လူပုံတွေက ပုသွားတယ်၊ ရှည်သွားတယ်၊ ပြားသွားတယ်နဲ့ အမျိုးမျိုးအကြောင်းပြပြီး အိမ်က TV ကြီး ပစ်ရမှာ နှမြောလို့ ဆက်ကြည့်နေတာ ကြာလှပေါ့။ အင်းလေ ... ဒီတစ်ခါတော့ သူ့ကိုစိတ်ချမ်းသာအောင် ထားလိုက်ဦးမယ်ဆိုပြီး Comex show ကို အတူလိုက်သွားတယ်။ (ဘာလို့စိတ်ချမ်းသာအောင်ထားရမလဲဆိုတာ နောက်ပိုင်း ပို့စ်တင်ပါဦးမည်။)

လူရှင်းအောင်ဆိုပြီး စောစောရောက်အောင်သွားကြတယ်။ ၁၂နာရီ ဖွင့်ချိန်လောက် ကွက်တိရောက်သွားတယ်။
ပြပွဲခန်းမထဲတောင် မရောက်သေးဘူး ဆိုနီက အပြင်မှာတင် ပစ္စည်းတစ်မျိုးစီကို ဆိုင်ခန်းကြီးတွေနဲ့ စီရောင်းနေတာ။ အဲဒီမှာ TV တွေ ကြည့်ကြတယ်။
(ဟဲဟဲ ... အဲဒါလေး သူကြိုက်နေပြီ ...)


Sony ရဲ့ ကြည်လင်ပြတ်သားမှုက ကျွန်မကို ၀ယ်ချင်အောင် ဆွဲဆောင်နေပါတယ်ရှင် .... (TV ကြော်ငြာ လေသံဖြင့်ဖတ်ပါရန်)


အထပ်တိုင်းတော့ မရောက်ပါဘူး။ ကိုယ်လိုချင်တဲ့ ပစ္စည်းရှိတဲ့ ၄ထပ်က Hall 402 တစ်နေရာတည်းပဲ ရောက်ခဲ့တာပါ။


LG ရှေ့မှာလဲ လူတွေ အုပ်အုပ် အုပ်အုပ်နဲ့။


စောစောရောက်သွားတောင် ခဏနေတော့ လူက ကျပ်လာပါတယ်။ ပရိုမိုးရှင်းချသူတွေကလဲ ရွာက ဘုရားပွဲ ပွဲဈေးတန်းမှာ အရုပ်ရောင်းသူ၊ ပူပေါင်းရောင်းသူတွေလိုပဲ၊ လာပါ၊ ၀ယ်ပါ၊ ပါးစပ်ကအော်ဟစ်ဈေးခေါ်ပြီး အပြိုင်ရောင်းနေကြတာပါခင်ည။
ပရိုမိုးရှင်းနေရာတစ်ခုရောက်တိုင်း ၀ီစီမှုတ်သံတွေ၊ ဈေးခေါ်သံတွေ၊ ဈေးညှိသံတွေနဲ့ ပွက်ပွက် ညံနေပါတယ်။ Broucher ဝေသူတွေကလဲ အတင်းပေးနေတော့ ကိုယ်က အဲဒီပစ္စည်းတွေ ၀ယ်ဖို့ မဟုတ်ပေမဲ့ အားနာလို့ယူခဲ့ရတယ်။ အားမနာတဲ့လူကြီးကတော့ သူက အဲဒါဝယ်မှာ မဟုတ်ဘူးတဲ့ဆိုပြီး မယူဘူးဗျာ။ သူတို့တွေကိုလည်း စည်းအ၀ါလေးတွေ တားထားပြီး အဲဒီအပြင်ဘက်ထွက် မဝေရဘူးတဲ့။ ကျိုက်ထီးရိုးက ထမင်းရောင်းတဲ့ ဈေးသည်တွေ စည်းသားပြီး လူခေါ်ခိုင်းတာ သတိရပြန်ရော။






Compaq HP က Laptop ဈေးနှုံးတွေ ကြော်ငြာထားတာပါ။


Compaq ရှေ့မှာ ငေးနေ၊ ငမ်းနေကြသူများ။



Acer ရှေ့မှာလဲ တိုးတိုးကြိတ်ကြိတ်။



Brother က အပ်ချုပ်စက်တွေတောင် ငမ်းခဲ့သေးတယ်။ အပ်ချုပ်စက်နဲ့ အိုင်တီရှိုး ဘာဆိုင်လို့လဲ ...(( ဟမ် ))

အိမ်က စက်အဟောင်းကြီးက ချုပ်ရိုးတွေမလှတာ ဘယ်လိုမှ ပြင်မရတော့လို့ ဒီလို အသစ်လေးဝယ်မလား စဉ်းစားတာပါ။ ဒါပေမဲ့ ရှေ့တင်ချုပ်ပြနေတဲ့ စက်က ချုပ်ရိုးက အိမ်က စက်ထက်ဆိုးနေလို့ အိမ်ကလူက ဟင့်အင်းတဲ့။ အဖေရယ်၊ အောက်ချည်လေးဘာလေး ညှိလိုက်ရင် ကောင်းမှာပါဆိုတာကို ဟင့်အင်းပဲ။ ဟိုးအောက်က $198 ဆိုတဲ့ဟာလေးပါ။ မဆွိတီကတော့ စားရခါနီးမှ ပြုတ်ကျတဲ့ မုန့်လိုပါပဲ။ သူက ချုပ်ရိုးမျိုးစုံ ၁၀မျိုးလောက်ချုပ်လို့ရတယ်လေ။ အိမ်က classic စက်ကြီးက တစ်မျိုးမှ တစ်မျိုးတည်းရတာကို။



Samsung တီဗွီတွေကို Harvey Norman ကနေ ရောင်းပါတယ်။ Game City ကလည်းရောင်းပါတယ်။ Samsung ကိုယ်တိုင်ကလည်း ရောင်းပါတယ်။





Game City က ဈေးခေါ်သူတစ်ယောက် ဈေးခေါ်နေပုံပါ။ Samsung က 40" LED TV ပရိုမိုးရှင်း လုပ်နေတဲ့ပုံလေး သဘောကျလို့ပါ။ အာဘောင်အာရင်းသန်သန်နဲ့ မျက်လှည့်ပြသလိုလို၊ မဲဖောက်သလိုလို ဘာလိုလို ပရိုမိုးရှင်းပေးနေတာပါ။ နောက်ဆုံး ၅လုံးပဲကျန်တော့တယ်ဆိုပြီး 1-2-3-4-5 နံပတ် ၅ခုကို ၀ယ်ချင်တဲ့သူတွေရှိလား လိုက်ပေးပါတယ်။ ရရင်ပဲ ဒီလူတွေက ကံထူးရှင်တွေလိုလို။


သူ့ကို ဓာတ်ပုံရိုက်တာတွေ့တော့ သူက အိုက်တင်ပေးဦးမယ်ဆိုပြီး ဂိုက်ပေးကြမ်းနေပုံပါ။ ပုံမှာကြည့်ပါ။ Usual price ဆိုပြီး $2299 ရေးထားပါတယ်၊( စလုံးငွေပါ)။ ဘေးက ခုရောင်းမဲ့ဈေးကိုတော့ မဖွင့်သေးဘူးပေါ့။ စက္ကူနဲ့ ဖုံးထားပါတယ်။ ဖွင့်တော့မယ် ... ဖွင့်တော့မယ် ဆိုပြီး ၄-၅ ခါလောက် စကားတွေပြောလိုက်၊ ဖွင့်တော့မလိုလိုလုပ်လိုက်၊ နံပတ်လေးတွေ လိုက်ဝေနဲ့ ဈေးခေါ်နေတာအကြာကြီး။


နောက်ဆုံးမှာ ဖွင့်လိုက်ပါပြီခင်ညာ။ $1499 ပါတဲ့။ အဲဒါ စ၀င်ကထဲက ကိုယ်မေးထားတဲ့ ဈေးထက်တောင် ၁၁ကျပ်များနေပါသေးတယ်။

ဒီနေရာမှာ အိုင်တီရှိုးသွားပြီး ကိုယ်လိုချင်တာပဲကြည့် အဲဒါပဲဝယ်ခဲ့တာဆိုတော့ တခြားဈေးနှုံးတွေ ဘာတွေလဲ မတီးခေါက်မိပါဘူး။ Laptop တွေကတော့ brand အမျိုးမျိုး၊ မော်ဒယ်အမျိုးမျိုး စုံလင်လှပါတယ်။ ဆိုင်တိုင်းရှေ့မှာလူတွေက တိုးနေတာဆိုတော့ ဘယ်brand ကတော့ဖြင့်တန်တယ်၊ လူပိုဝယ်တယ် ဆိုတာမျိုးလဲ ခန့်မှန်းရခက်ပါတယ်။ စလုံး ၈၀၀ -၉၀၀ လောက်ပေးရင် brend ကောင်းကောင်း ပုံမှန် Laptop တစ်လုံးဝယ်နိုင်ပါပြီ။ မနှစ်က ဒီအချိန် ၁၂၀၀လောက်တန်တဲ့ ဟာမျိုးကို ၈၀၀လောက်ဆို ရပါပြီ။ ဓာတ်ပုံထုတ်တဲ့ ပရင်တာတွေ ၀ယ်တာလဲတွေ့ပါတယ်။ ကိုယ်မကြိုက်တဲ့ brand ဖြစ်လို့ လူမ၀ယ်ဘူးလဲမထင်ပါနဲ့။ သိပ်ပေါ်ပြူလာ မဖြစ်တဲ့ Philips LCD TV သယ်သွားသူတွေလဲ တွေ့ပါတယ်။ လူတွေကတော့ ပစ္စည်းစုံ ၀ယ်ကြပါတယ်။ LCD, LED TV ကြီးတွေကို တွန်းတွန်းသွားတာ မြင်ရပါတယ်။ အများအားဖြင့် Samsung ကလို့ ထင်ပါတယ်။ (Cash and carry သမားတွေကိုသာ ဒီလိုမြင်နိုင်တာပါ။ အများစုကတော့ အိမ်ကို delivery ပို့ခိုင်းတာများပါတယ်။)

ဈေးကလဲ Samsung နဲ့ Sony က ကွာပါတယ်။ 40 inch LCD TV ကို Samsung က $844 ရောင်းပြီး သူနဲ့ perfomance spec ဆင်တဲ့ Sony က $1089 ပါ။ $250 လောက်ကွာနေပါပြီ။ LED TV ကျတော့လဲ ၄၀ လက်မကိုပဲ ဆမ်ဆောင်းက $1488 ရောင်းတာကို ဆိုနီက $1899 ပါတဲ့။ အဲဒီတော့ $400 လောက် ကွာပြန်ပါပြီ။ လူတွေကလဲ ဆိုနီကို ကာလာအရောင်မှာ နံပတ် ၁ ဆိုပြီး ပြောပြောနေကြတော့ Sony ဘရမ်းရူးသူတွေအတွက်တော့ ကောင်းပါတယ်။ ကိုယ်တွေလဲ အမှန်တော့ TV ဆို နာမည်ကြီး ဆိုနီကိုပဲ ကြိုက်တာပါပဲ။

ကိုယ်တွေ စိတ်ဝင်စားတဲ့ 3D TV ကျတော့ ဆိုနီက ၄၆လက်မ တစ်မျိုးတည်းကိုတောင် Pre-sale ပဲ ရှိပါသေးတယ်။ ပြီးတော့ LCD မရှိဘူး။ ဈေးပိုများပြီး နောက်ဆုံးပေါ် ဖြစ်တဲ့ LED ပဲရှိတယ်။ ဒီတော့ သူ့ဟာက High end တွေ အကုန်ပေါင်းပြီး ဈေးက $4800 ဖြစ်သွားတယ်။ စားရမှာလဲ သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနဲ့ဝင်းဝင်း ဖြစ်နေပါပြီ။

ဆမ်ဆောင်းကျတော့ Choice ပိုများတယ်။ ၃၂လက်မလား၊ ၄၀လက်မလား၊ ၄၆ လက်မလား ကြိုက်ရာ LED 3D ရှိပါတယ်။ နောက်ဆုံးစဉ်းစားကြရင်း Sony ကလို High end ကြီးလဲ ၀ယ်ဖို့မရဲသေးတော့ ကိုယ်နိုင်တဲ့ ၄၀လက်မ LED 3D ကို $2599 နဲ့ ၀ယ်ခဲ့ပါတော့တယ်။ ကိုယ့်အိမ်ကလူလဲ စိတ်ချမ်းသာသွားပါပြီ။ အတိုးမဲ့ အင်စတောမန်နဲ့လဲ ပေးခွင့်ရှိတော့ ၂၄လစာ တစ်လကို ၁၁၀လောက်ပဲ ကျပါတယ်ရှင်။ ဈေးကလဲ လောလောဆည်ရောင်းနေတဲ့ ပုံမှန်ဆိုင်ကဈေးထက် ၃၀၀ သက်သာပါတယ်။

3D ၀ယ်ရတဲ့ အကြောင်းက အိမ်မှာ မဆွိတီရော၊ ဂျူဂျူးပါ 3D သိပ်ကြိုက်တဲ့ 3D သရဲတွေမှို့ နောက်ပိုင်း Technology က 3D တွေ ခေတ်စားလာရင်လဲ ထပ်ဝယ်နေရမဲ့အတူတူ ခုထဲက ၀ယ်ထား၊ ကြည့်ချင်လဲကြည့်၊ မကြည့်ချင်လဲ ရိုးရိုးပဲကြည့်လဲ ရနေတာပဲမှို့ တစ်ခါထဲဝယ်လိုက်တဲ့သဘောပါ။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ကတော့ ဟုတ်နေပါပြီ။


အပြန်ဓာတ်လှေခါးစောင့်တော့ မြန်မာတစ်ဖွဲ့နဲ့ အတူစီရတယ်။ သူတို့လဲ ဆမ်ဆောင်း ၄၀လက်မ LCD TV ပုံးကြီး ဆွဲလို့ပဲ။ ပရင်တာတစ်လုံးလဲပါတယ်။

Broucher တွေ၊ ဈေးနှုံးတွေ ကြည့်ချင်ရင် အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။ ဒီနေ့ Sunday တစ်ရက်သာ ကျန်ပါတော့တယ်။ နောက်ဆုံးနေ့မှာ ဈေးပိုချတယ်ဆိုလို့ နောက်ဆုံးနေ့မှာ လူပိုများတတ်ပါတယ်။
http://www.bootstrike.com/itfairsg/comex2010/
Comex Show အကြောင်း ပိုသိလိုလျှင် အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။
http://hubpages.com/hub/Comex-Computer-Exhibition-in-Singapore

(ပို့စ်တွင်ဖော်ပြခဲ့သော ဈေးနှုံးများမှာ စင်ကာပူဒေါ်လာငွေများဖြစ်ပါသည်။)
ကင်မရာမေ့သွားလို့ ဖုန်းလေးနဲ့ရိုက်ထားတာ ပုံများ သိပ်မကြည်လင်တာ ခွင့်လွှတ်တော်မူကြပါ။