Showing posts with label (၂- ၆) ထမနဲ. Show all posts
Showing posts with label (၂- ၆) ထမနဲ. Show all posts

Sunday, April 5, 2009

ထမနဲ



ဟိုနေ့က ဆွိတို့အိမ်မှာ ထမနဲထိုးစားကြတယ်။ အိမ်မှာထိုးတာဆိုတော့သိပ်ကြီးကြေနေအောင်တော့ မထိုးနိူင်ဘူးပေါ့။ ပြီးတော့ အစိမ်းမထိုးပဲ ချက်ပြီးမှထိုးတော့ လူသက်သာပါတယ်။

ကောက်ညှင်း ဆန်ခြင်ခွက်(Rice Cooker နဲ့တွဲပါတဲ့ ပလတ်စတစ်ခွက်) ၅လုံးလောက်ကို ရေ ၆ခွက်ခွဲလောက်ထည့်ပြီး Rice Cooker နဲ့ချက်ထားပါ။

ဈေးကနေ အုန်းသီး ခြစ်ညှစ်ဆိုင်က အုန်းသီး အခွံနွှာပြီးသား အဆင်သင့် တစ်လုံးဝယ်ပါတယ်။ စလုံးမှာတော့ ဈေးမကြီးပါဘူး။ တစ်လုံးလုံးမှ ၁ကျပ်ခွဲရယ်။
ပြီးတော့အုန်းသီးကို ပါးပါးလေးတွေလှီးထားပါ။

မြေပဲဆန် ဆန်ခြင်ခွက် ၁လုံးလောက်ကို ဆားနဲ့လှော်ပြီး အခွံချွတ်ထားပါ။ ထပ်ခြမ်းကွဲလေးတွေဖြစ်အောင် လက်သုတ်ပုဝါလေးနဲ့ထုတ်ပြီး ထုပေးရင်တော့ ပိုကောင်းပါတယ်။
(ဆွိကတော့ အလွယ်ပဲကြော်လိုက်တယ်။ ကြော်လိုက်တော့ မြေပဲခွံကဆီနဲ့ကပ်နေတော့ ချွတ်ရခက်တယ်လေ ...)

နှမ်းလှော်ပြီးသား အဖြူရောင် ဒါမှမဟုတ် အမဲရောင် ဆန်ခြင်ဘူးတစ်ဝက်ကျော်ကျော်လောက် အဆင်သင့်ပြင်ထားပါ။

ဂျင်းလက်မအရွယ် ၅ခုလောက်ကို အခွံနွှာပြီး ညက်နေအောင်ထောင်းထားပါ။

အုန်းနို့ဘူးသေး တစ်ဝက်လောက်။

ဆား သင့်သလို အပေါ့အငံစိတ်ကြိုက်မြည်း ထည့်ပါ

ဆီ စားပွဲဇွန်း ၁၀ဇွန်းလောက်။

Non Sticker ဒယ်အိုး ကြီးကြီးမှာ ဆီထည့် မီးအနေတော်လောက်ထားပြီး ဆီကျက်ရင် အုန်းသီးဆန်လှီးထားတာတွေ ထည့်ကြော်ပါ။ အုန်းသီးရွှေဝါရောင်လေး သန်းလာရင် ဆီစစ်ပြီး ကော်ထားပါ။(အုန်းသီးကျက်အောင်ကြော်ရပါမယ် ... မဟုတ်ရင် အုန်းသီးကချဉ်ပြီး ထမနဲက အထားမခံပါဘူး )

အပေါ်ကဆီအိုးထဲကို ဂျင်းလှီးထားတာထည့်ပြီး ဂျင်းနံ့မွှေးလာတဲ့အထိ ကြော်ပေးပါ။ ပြီးရင်ကောက်ညှင်းချက်ထားတာထည့်၊ အုန်းနို့ထည့်ပြီး ကောက်ညှင်းတွေ ကြေအောင်၅မိနစ်လောက် မွှေပေးပါ။

ကောက်ညှင်းစိတ်ကြိုက် ကြေပြီ၊ အုန်းနို့လဲပျောက်ပြီဆို ခုနကကြော်ထားတဲ့ အုန်းသီးကြော်၊မြေပဲဆံ၊ နှမ်း၊ ဆား ထည့်ပြီး နှံ့နေအောင် ၁၀မိနစ်လောက်မွှေပေးပါ။ ဆီလိုရင် ဆီစိမ်းထပ်ထည့်ပြီး မွှေပေးပါ။
ဆားအပေါ့အငံမြည်း ပြီး ချလို့ရပါပြီ။ ဂျင်းနံ့မွှေးမွှေးလေးနဲ့ ထမနဲ ... စားကြပါဦး။

(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)