Friday, February 26, 2010

ဆွိxုံ နှင့် စက်ဘီး ဇာတ်လမ်း



၎တန်း၅တန်းလောက်ဖြစ်လိမ့်မယ်။ ဆွိxုံ တို့ စက်ဘီးစီးချင်လွန်းလို့ အိမ်ကအကိုတွေကို သင်ခိုင်းရတာ။ သင်တဲ့ ဘီးကိုလဲကြည့်ဦးလေ။ အဖေတွေ၊အကိုတွေစီးတဲ့ ယောက်ျားစီး အကြီးကြီးကို အပေါ်ဘားတန်းမမှီလို့ ခွကြားထိုးသင်ရတာ။ စက်ဘီးကမှောက်လိုက်၊ လူကမှောက်လိုက်နဲ့ ဒူးခေါင်းမှာလဲ ဒဏ်ရာဒဏ်ချက်တွေကမနည်းဘူး။ သင်တဲ့အကိုတွေကလဲ စက်ဘီးစီးသာသင်တယ်။ ဘယ်လိုဘရိတ်အုပ်ရလဲဆိုတာ သင်မပေးဘူးဗျာ။ ဆွိxုံ တို့ကလဲ စက်ဘီးမှာ ဘရိတ်ပါတယ်ဆိုတာတောင်မသိဘူး။ အဲလောက်ထိ တော်တာ။

ကဲ ... အဲဒီတော့ ကုန်းဆင်းတို့ ဘာတို့ စက်ဘီးအရှိန်နဲ့ မောင်းလာရာကနေ ဘယ်လို ရပ်လဲမေးမလို့လား။ ရပါတယ်လေ။ ကုန်းဆင်းပြေပြေလေးတွေဆို စက်ဘီးက အရှိန်မသေပဲ ဆက်ပြေးနေရင် စက်ဘီးပေါ်ကအမြန်ခုန်ဆင်း၊ စက်ဘီးကြီးနဲ့ အတူ လိုက်ပြေးတာပေါ့။ စက်ဘီးအရှိန်သေလို့ရပ်မှ ကိုယ်လဲရပ်ပဲ။ ကုန်းဆင်းက သိပ်မတ်နေရင်တော့ စက်ဘီးပေါ်ကနေ ဆင်းတွန်းတာပေါ့၊ အပြေးကလေးပေါ့။ အဲလိုနဲ့ ဘရိတ်မအုပ်ပဲနဲ့ စီးနေတာပဲတစ်လလောက်တောင်ရှိပေါ့။

ဆွိxုံ တို့ နေတဲ့ အိမ်ကနေ ဈေးတို့ ဘာတို့ သွားချင်ရင် ကုန်းဆင်းမတ်မတ်လေးကိုကျော်မှ သွားရတယ်။ ကုန်းဆင်းက မတ်ရုံတင်မကဘူး ကုန်းဆင်းအဆုံးမှာ ဂငယ်ကွေ့ ရှိတယ်။ ဘေးမှာရေမြောင်းရှိတယ်။ ရေမြောင်းဆိုပေသိ အမဲရောင်ဗွက်တွေသာ မြင်နေရတာပါ။ စက်ဘီးစီးတိုင်း အဲနေရာရောက်ရင် တွန်းသွားနေကျ။

တစ်ရက်သား ဘီးလေးတွန်းသွားနေတုံး ဘေးကအကိုကြီးတစ်ယောက် စီးလာတာ အေးဆေးပဲ။ အသာလေး စီးပြီး ဂငယ်ကွေ့ကို ကွေ့ချလိုက်တာများ။ အို ... ဆွိxုံ တို့ ကြည့်ပြီး အံ့သြနေတာ။ ဒါနဲ့ သူတောင် ဂလို စီးလို့ရသေးတာ ငါဘာလို့မရ ရမှာလဲဆို။ နောက်တစ်ခေါက်သွားတော့ အဲဒီကုန်းဆင်း ဂငယ်ကွေ့ကြီးကို အလွတ် ဒီတိုင်းကြီး ဆင်းချလာတာ။ ဟမ်မာလေး ... ဘာပြောကောင်းမလဲ ... ဒုံးပျံခွစီးမိတဲ့အတိုင်း စက်ဘီးက အရှိန်မထိမ်းနိုင်ပဲ ၀ရုန်းသုန်းကားနဲ့ လမ်းဘေးအကွေ့က ရေမြောင်းထဲ ထိုးကျပါလေရော။ လူလဲ သတိမေ့မတတ်ဖြစ်သွားတယ်။ ကျကျချင်း ဘာမှကို မသိတော့တာ။ သတိရတော့ ရေမြောင်းထဲမှာ။ လူလဲ တစ်ကိုယ်လုံး ဗွက်တွေပေ၊ မဲတူးပြီး စုတ်ပြတ်သတ်ပြီး အီစလံဝေနေပြီ။ ခြေထောက်မှာလဲ ဒါဏ်ရာတော်တော် ရလိုက်တယ်။

ဖြစ်ချင်တော့ မလှမ်းမကမ်းမှာ ရွယ်တူ ဆော့ဖော် ဆော့ဖက်တွေက ငုတ်တုတ်လေးတွေ ထိုင်ပြီး ဟင်းချက်တိုင်းလားမသိ ဆော့နေကြတာ။ အဲဒီထဲမှာ ဆွိxုံ နဲ့အစကထဲက မတည့်တဲ့ တစ်ယောက်ပါတယ်။ အဖြစ်က ဆွိxုံကို သူက အရိုးပဒေသာမလို့ အိမ်ရှေ့ကဖြတ်တိုင်း မကြားတကြား အော်အော်သွားတာကိုး။ ဒါကို အစကထဲက မကျေနပ်နေရတဲ့ကြားထဲ သူတို့က ဆွိxုံ အဖြစ်ကိုကြည့်ပြီး တဟားဟား ရယ်ကြပါလေရော။ ဆွိxုံတို့ ရှက်ကလဲရှက်။ နာကလဲနာနဲ့ ရှက်ရမ်းရမ်းပြီး အဲ့ထဲက မတည့်တဲ့သူကို ဘလိုင်းကြီး သွားရန်ထောင်လို့ ဘေးကတစ်ခြား သူငယ်ချင်းတွေ ၀ိုင်းဆွဲလိုက်ရပါကော။ ဗွက်တွေနဲ့ မဲတူးပြီ ထော့ကျိုးဖြစ်နေတာတောင် ရန်က သွားထောင်နိုင်သေးတယ်။ ငယ်ငယ်က အဲလိုစွာကျယ်လန်ခဲ့တာ။

အဲလိုနဲ့ အရင်းအနှီး ကြီးကြီး ပေးဆပ်လိုက်ပြီးသကာလ။ ဆွိxုံ တို့ သဘောပေါက်လိုက်တယ်။

... စက်ဘီးတွေမှာ ဘရိတ်ပါတယ် ...


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Wednesday, February 24, 2010

သတို့သား နဲ့ ခင်စိန် ဇာတ်လမ်း

(ခေါင်းစဉ်က ခင်စိန်ဆိုတာ kissing ကို အကိုတစ်ယောက်က မြန်မာမှုပြုထားတာသဘောကျလို့ ယူသုံးထားတာပါ။)

ပြီးခဲ့တဲ့တနင်္ဂနွေက အိမ်ငှါးနေတုံးက အတူနေဘူးတဲ့ မောင်လေးတစ်ယောက် အိမ်သစ်တက်ပွဲကို သွားခဲ့ကြပါတယ် ... စီးပွားရေး အလုပ်အကိုင်လဲ အဆင်ပြေလို့ ၀မ်းသာရပါတယ် ... မဆွိတီမှာ သူနဲ့ပတ်သတ်လို့ ရယ်ခဲ့ ရတာလေး သတိရလို့ ဖောက်သည်ချရအုံးမယ် ... နာမည်က ကိုသက်ပဲဆိုပါစို့ရဲ့ ... ကိုသက်က လူပုံစံကရော နေပုံထိုင်ပုံ အင်မတန်ရိုးပါတယ် ... အောက်အရပ် စကားဝဲတဲ့ဘက်ကပါ။ စကားပြောပုံဆိုပုံကအစ ၀ဲတဲတဲနဲ့ ရိုးရိုးကြီးပါ။ တစ်နေ့တော့ သူ့ကောင်မလေးလဲ စလုံးမှာကျောင်းပြီးလို့ ROM (Registry of Marriage) မှာ လက်ထပ်ကြဘို့ စီစဉ်ကြပါတယ်။ အဲဒီအချိန်က မဆွိတီတို့ကလဲ ROM မှာပဲ လက်ထပ်တာ တစ်နှစ်ကျော်ကျော်လောက်ပဲရှိအုံးမယ်။

သူများနိုင်ငံမှာ လက်ထပ်တာဆိုတော့ သူတို့ ဓလေ့ထုံးစံတွေနဲ့ ကမောက်ကမ မဖြစ်ရလေအောင် ကိုယ့်တုံးကအတွေ့အကြုံလေးတွေ ပြောပြရတာပေါ့ ... အဲဒီတုံးကတော့ ROM လက်ထပ်တဲ့သူတိုင်း တရားသူကြီးနဲ့ အသိသက်သေတွေရှေ့မှာ ဗိုလ်ဆန်ဆန် နှုတ်ခမ်းချင်းထိ နမ်းရတယ် ... လက်ထပ်လက်စွပ်လဲပြီး ချိန်ထင်တာပါပဲ ... ကိုယ်တွေက ဗမာလူမျိုး ... ဒါမျိုးရှက်စရာလို့ သဘောထားသူတွေ ... လူရှေ့သူရှေ့ကြီးဆိုတော့ မျက်နှာပူတာပေါ့လေ... ကိုယ်တွေတုံးကတော့ ဟန်ပြရုံလေးသာ လုပ်ခဲ့တာပါ ... အဲဒီဟာက ကိုယ်လို လူတွေအတွက် အထူးအဆန်းဆိုတော့ ပြောပြထားရတာပေါ့ ... ကိုသက်ရေ ... အဲလိုပဲ တရားသူကြီးရှေ့ ခင်စိန်ပေးရမှာနော်ဆို ... လူရိုးကြီးက ရှက်ပြုံးကြီးနဲ့ ရယ်နေသေးတယ် ...

အဲဒီနေ့ရောက်တော့ တရားသူကြီးရှေ့မှာ သူတို့ ၂ယောက်ကထိုင် ... မဆွိတီတို့က ဘေးက တစ်ဖက်တစ်ချက်ပေါ့ ... မဆွိတီတို့ လင်မယားက အသိသက်သေအနေနဲ့လက်မှတ်ထိုးဘို့ပါ ... ကိုသက်က ခုနကပြောတဲ့ ကိစ္စကို တော်တော်မဲတင်းထားပုံရပါတယ် ... တရားသူကြီးဖတ်နေတာတွေတောင် နားထဲဝင်ရဲ့လားမသိပါ ... မဆွိတီတို့ကလည်း သူ့ကိုဘယ်အချိန်မှာ အဲဒီကိစ္စပြုရမည်လဲဆိုတာ ထည့်မပြောမိလေတော့ သူ့မှာ တရားသူကြီးက စာတစ်ပ်ုဒ်ဆုံးလို့ တံတွေးမြိုချဘို့ ခဏနားတိုင်း အချိန်အခါကျပြီထင်လို့ သူ့ခေါင်းကြီးက သတို့သမီးနားကပ်ကပ်သွားပါတယ် ... သူ့ပါးစပ်ကြီးကလဲ .... သတို့သမီးမျက်နှာနား တ၀ဲလယ်လယ်ပေါ့ ...

တရားသူကြီးက အဟမ်းဆိုပြီး နောက်တစ်ပိုဒ်ပြန်စမယ်လုပ်မှ သူ့ခေါင်းကြီးက နဂိုနေရာပြန်ရောက်သွားပါတယ် ... နောက်တစ်ပိုဒ်နားပြန်တော့လဲ ဒီလိုပါပဲ ... သူ့ဟာက တရားသူကြီး တစ်ပိုဒ်နားတိုင်း သူခေါင်းကြီးက ဟန်ရေးတပြင်ပြင်နဲ့ဆိုတော့ မဆွိတီတို့က ပြုံးစိစိ ဖြစ်နေပါပြီ ... နောက်ဆုံးတရားသူကြီးတောင် ဖတ်ရင်းနဲ့ ပြုံးပြုံးကြီးဖြစ်လို့ ... အချိန်အခါကျတော့မှ သူ့မှာ ရှက်ရှက်ကြီးနဲ့ အဲဒီကိစ္စပြီးမှပဲ စိတ်ဒုံးဒုံးချနိုင်ပါတော့တယ် ... မဆွိတီတို့မှာလဲ အခန်းထဲကထွက်မှ အောင့်ထားရတာ လွတ်လွတ်လပ်လပ် ရယ်နိုင်ပါတော့တယ် ...

ဘာပဲပြောပြော သူ့လက်ထပ်စာချုပ်လက်မှတ်ထိုးပွဲလေးက ပျော်စရာ ရယ်မောသံတွေနဲ့ ...

Sunday, February 21, 2010

ဂျူဂျူး + Study + mother = ဂျူဂျူး+ pressure


ဂျူဂျူး အကြောင်းလေးတွေ ခဏခဏရေးတာ စင်္ကာပူက မေမေတွေ အတွက် ခလေးကျောင်းနဲ့ ပတ်သတ်ပြီး ဗဟုသုတလည်းရစေ၊ ခလေးတွေနဲ့ ပတ်သတ်တဲ့ ကိစ္စလေးတွေ သိရအောင် ရည်ရွယ်ပါတယ်။ မိမိနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံလေးတွေ ဖလှယ်လိုကလည်း ဖလှယ်နိုင်ပါတယ်။

ခုတလော ဒေါ်ဆွိတီတစ်ယောက် အရေးတော်ပုံပေါ်နေပါတယ်။ ဂျူဂျူးနဲ့ပတ်သတ်ပြီးတော့ပါ။ သမီးနဲ့ နေ့စဉ်ကျောင်းစာတွေအတူလုပ်ရင်း အအားမရတဲ့ သမီးကိုကြည့်ရင်း ဖိအားပေးသလိုများ ဖြစ်နေပြီလားဆို ခဏခဏတွေးမိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်ပါ သမီးနဲ့ ပတ်သတ်ပြီး မအားရ၊ မနားရနဲ့ စိတ်ဖိစီးမှုတွေ ရှိလာလို့ပါပဲ။ ဟိုတစ်နေ့က ညအိပ်ရင်းနဲ့ ခလေးကို စာသင်တဲ့ အိပ်မက်တွေ နိုးတစ်ဝက် တောက်လျောက်မက်နေခဲ့တယ်။

ဂျူဂျူလေး သူငယ်တန်း (K1 နဲ K2 တွေ ) တက်တုံးက ခလေးငယ်သေးတယ်ဆို တမင် လွှတ်ထားခဲ့ပါတယ်။ ကျောင်းစာနဲ့ ပတ်သတ်ပြီး သိပ်ဖိဖိစီးစီး မကြပ်မတ်ခဲ့ပါဘူး။ အိမ်မှာ အင်္ဂလိပ်စာနဲ့ တရုတ်ဆရာမခေါ်သင်တာ၊ သင်္ချာကို ကိုယ်တိုင်သင်ပေးတာကလွဲလို့ ခလေးကို ကစားချိန်၊ တီဗီကြည့်ချိန်တွေ၊ ဂိမ်းကစားချိန်တွေကိုလဲ သိပ်ကန့်သတ်မထားပါဘူး။ ခလေးဘ၀ လွတ်လွတ်လပ်လပ် ပျော်ပါစေပေါ့။

အဲဒီရဲ့အကျိုးဆက်ကတော့ သမီး မူလတန်း(Prmary 1) စတက်တော့ အတန်းကို ခွဲတဲ့နေရာမှာ သမီးဟာ ထိပ်ဆုံးတန်းမှာ မရောက်နေတဲ့ အပြင် အလယ်ရဲ့ နောက်နားမှာကပ်နေပါတယ်။ သူတို့ Orientation နေ့က ခလေးတွေကို စာစစ်တော့ သမီးက သိပ်ဖြေနိုင်ခဲ့ပုံမရပါဘူး။ ဒီတော့ စလုံးမှာနေတာကြာပြီဖြစ်တဲ့ ဒေါ်ဆွိတီတို့ Kiasu စိတ်က ဆတ်ကနဲ နိုးထလာပါတယ်။ သမီးကို တော်စေ တတ်စေချင်တာပါ။ အတန်းထဲမှာလဲ သမီးဟာ အလယ်အလတ်လောက်ပဲ ရှိတယ်လို့ထင်ပါတယ်။ သမီးကို ကျောင်းစာကိစ္စနဲ့ ပတ်သတ်ပြီး ညှာနေလို့မရတော့။ ကြပ်မတ်မှ ဖြစ်တော့မယ်ဆို စဉ်းစားမိပါတယ်။

အမှန်တကယ်ကတော့ ကိုယ်ကမကြပ်မတ်လဲ ခလေးဟာ သူ့ဟာသူကို ကျောင်းကအိမ်စာတွေ၊ ကျူရှင်က အိမ်စာတွေနဲ့ လုံးလည်လိုက်ပြီးသားပါ။ ဒီကြားထဲ Piano သင်တန်းကလဲ အိမ်စာပါပါတယ်။ ညညဆို ဒို -ရေ-မီ ... မီ-ရေ-ဒို ဆို ဂီတသင်္ကေတ တွေလဲ သင်ပေးရ လိုက်လုပ်ပေးရပါသေးတယ်။ သူ့ပီယာနိုသင်တန်းက အမေပါလိုက်တက်ရတဲ့ သင်တန်းပါ။ ခလေးတွေ ငယ်သေးတော့ မလိုက်နိုင်ရင် မအေလုပ်သူက အိမ်မှာ guide လုပ်နိုင်အောင် စီစဉ်ထားတာပါ။ သူစာမရရင် ဆရာက ကိုယ့်ကိုကြည့်ပါတယ်။ အိမ်မှာ train မလုပ်ပေးဘူးလားဆိုတဲ့သဘော။ သူကလဲ ခလေးတင်မက မအေပါ pressure ပေးပါတယ်။ အဲဒီတော့ သမီးရေ ရေကူးသင်တန်းကပါ အိမ်စာပါရင်တော့ ညည အမေရေဇလားလေးပါဝယ် ရေဖြည့်ပြီး၊ သမီးကိုကူးခိုင်းနေရမယ်ဆို ရယ်စရာပြောတော့သမီးက မျက်လုံးလေးပြူးပြီး ပြောပါတယ်။ " ရေကူးသင်တန်းကလဲ အိမ်စာပါတယ်လေ ... မေမေကလဲ။ အန်ကယ် Weddy က ညအိပ်ခါနီးတိုင်း အဲလို အဲလို မှောက်ပြီး လက်ကို ခတ်၊ ခြေထောက်ကိုကွေးပြီး လေ့ကျင့်ရမယ်လို့ပြောတယ် ... " ဆိုပြီး သူ့အိပ်ရာပေါ်တင် လုပ်ပြနေလို့ ရယ်ရပါသေးတယ်။

အရင်က ညနေ ၆နာရီကနေ ည၈နာရီအထိ သူ့အဒေါ်နဲ့ Play ground သွားတတ်တဲ့ မဂျူဂျူဟာ အခုဆို ည၇နာရီမှ ကျောင်းက ပြန်ရောက်ပါတယ်။ လမ်းမှာတွေ့တဲ့ Play ground မှာ ၁၀မိနစ်၁၅မိနစ်လောက် အာသာပြေသာ ၀င်ကစားရပါတယ်။ အိမ်ရောက်တော့ အ၀တ်လဲထမင်းစားနဲ့ ည၈နာရီထိုးသွားပါပြီ။ အဲဒီအချိန်မှာ တီဗွီက သူကြိုက်တဲ့ ကာတွန်းကားလေးတွေ ခဏကြည့်ပြီး စာကြည့်ခန်း ၀င်ရပါပြီ။ တစ်ခါတစ်လေ သူကြိုက်တဲ့ အစီအစဉ်တွေက များလွန်းတော့ သူ့ခမျာ တစ်ခုပြီး တစ်ခု ဆက်ကြည့်ချင်ရှာတော့ မအေကို မျက်နှာချိုသွေးပြီး မေမေ အဲဒါလေး ဂျူဂျူကြိုက်လို့ ဆက်ကြည့်ဦးမယ် ... မအေမျက်နှာ မကြည်တာတွေ့ရင် Please ... Please ... ၅မိနစ်ထဲကြည့်မှာပါဆို မအေ့ဗိုက်နား ခေါင်းလေးခွေ့ လက်လေးငါးချောင်းထောင်ပြတော့ မွေးသမိခင်က စိတ်မကောင်း၊ ကဲကဲကြည့် သမီးလေး အဲဒါလေးပြီးအောင်ကြည့်ဆိုတဲ့ နေ့ဆို စာကြည့်ချိန်က ၉နာရီမှ စရပါတော့တယ်။

စာကြည့်ချိန်စတာနဲ့ ပထမဆုံးသူ့ရဲ့ ကြီးမားလှစွာသော ကျောင်းလွယ်အိပ်ထဲက student diary ကို စကြည့်ရပါတယ်။ အဲဒီထဲမှာ အိမ်မှာလုပ်ရမဲ့ home work တွေ ကို ရေးထားပါတယ်။ student diary ဆိုတာ ဆရာနဲ့ မိဘတွေကို ဆက်သွယ်ပေးတဲ့ စာအုပ်ပါ။ တစ်ခြားပြောစရာရှိရင်လဲ ဒီစာအုပ်ထဲမှာပဲ အပြန်အလှန် ရေးရပါတယ်။ တစ်ချို့ဆရာမတွေကလဲ အိမ်စာတိုင်းကို မရေးပါဘူး။ အဲဒီတော့ student diary ထဲက အိမ်စာလုပ်ပြီးရင် သမီးကို မေးရပါတယ်။ ဒီနေ့ သင်္ချာ ဘာသင်လဲ။ အိမ်စာဘာပေးလိုက်လဲ။ အင်္ဂလိပ်စာကော အစရှိသဖြင့် တစ်နေ့သင်လိုက်တဲ့စာတွေကို ပြန်စစ်၊ မှားနေရင် ဘာလို့မှားရတာလဲ ဆို သမီးနဲ့ review လုပ်ရပါတယ်။ ဒါကို သမီးက ကျောင်းကြီးစာလို့ ခေါ်ပါတယ်။ သမီးဟာ ကျောင်းကြီးစာလုပ်ရမယ်ဆို သိပ်ပျော်ပါတယ်။ စာလဲ သိပ်မများသလို လွယ်လဲလွယ်ပါတယ်။ စာလုပ်မယ်ဆို ကျောင်းကြီးစာကပဲ စလုပ်ချင်ပါတယ်။ နောက်နေ့အတွက် ကျောပိုးအိပ်ပြင်ရတာကိုလည်း ပျော်ပါတယ်။ သူ့ကျောပိုးအိပ်ထဲမှာ ပစ္စည်းမျိုးစုံ ထည့်ရတာ(white board တို့ story book တို့ ၊ ခဲတန်ရောင်စုံ၊ ဘာသာအလိုက် ထည့်ရတဲ့ file အရောင်စုံ၊ အစရှိသဖြင့်) ၊ အချိန်ဇယားအတိုင်း စာအုပ်တွေထည့်ရတာ သိပ်တက်ကျွပါတယ်။ အဲဒီအချိန်မှာ သူဒီလို စီစဉ်ထည့်နေတာကို သူ့ကိုယ်သူ လူကြီးတစ်ဦးလို စိတ်ကြီးဝင်နေသလားထင်ရပါတယ်။ စစ်တိုက်ထွက်ရမဲ့ စစ်သားတစ်ဦး၊ အလုပ်ခွင်ဝင်ရမဲ့ သူတစ်ယောက် ပစ္စည်းကိရိယာတွေ ပြင်ဆင်ထည့်သလိုမျိုးကို စိတ်ဝင်စားတာပါ။ ကျောင်းလဲ အလွန်ပျော်ပါတယ်။

ကျောင်းကြီးကိစ္စပြီးတော့ ဂျူဂျူးရဲ့ ဇာတ်လိုက်ကျော် ကူမွန်လာပါပြီ။ (ကူမွန်အကြောင်း ဖတ်လိုလျင် ဒီကိုနှိပ်ပါ။) ကူမွန်က အိမ်စာအလွန့် အလွန်ကိုများပါတယ်။ ဒါ့အပြင်သူက နေ့တိုင်း အိမ်စာလုပ်ရအောင်လေ့ကျင့်တာဆိုတော့ တခြားဘာရှိရှိ - မရှိရှိ ကူမွန်ကတော့ နေ့စဉ် အိမ်စာလုပ်ဖို့ ကိုတာက ရှိပါတယ်။ သမီးကတော့ အလွန်ပျင်းပါတယ်။ ငြီးငွေ့ပါတယ်။ ကူမွန်က အခြေခံပိုင်အောင်ဆိုပြီး 1-2-3 လက်ရေးလှ ရေးတာကအစ၊ ရေတွက်တာအဆုံး Beginner အနေနဲ့ စပြီး လုပ်ရလို့ပါ။ ခုမှစပြီးလုပ်ရတော့ အလျင်မီအောင်ဆို အိမ်စာတွေ အများကြီးပေးပါတယ်။ စာတွေကလဲ အရင်ကပြောဘူးသလို repeat တွေများပါတယ်။ အရင်က ကိုယ်သင်ပေးနေတာ ခလေးက မနှုတ်နိုင် တစ်ဆယ်ချေး တွေတောင် ရောက်နေပါပြီ။ ရာဂဏန်းတွေကိုတောင် နှုတ်တတ်နေပါပြီ။ ဒီတော့ သူပျင်းတာလဲ မဆန်းပါဘူး။ ဒါပေမဲ့ ကောင်းတာတစ်ခုက ကူမွန်က အိမ်စာတွေ လုပ်ပြီးတဲ့နောက်မှာ သမီးဟာ သူ့တာဝန်သူသိလာတယ်။ Concentration ခေါ်တဲ့ စာအပေါ် စိတ်ပါဝင်စားမှုလဲ ကောင်းလာတယ်။ စာဆိုတာ ဒီလိုလုပ်ရပါလား ဆိုတာ သိလာတယ်။ အရင်က ပေါ့ပျက်ပျက် ... စာရေးခိုင်းရင် တစ်ကြောင်းလောက် ရေးပြီးတာနဲ့ လက်ညောင်းတယ်၊ ရေဆာတယ်၊ လက်နာတယ်၊ အိပ်ချင်တယ် အစရှိသဖြင့် ပြသနာမျိုးစုံရှာတဲ့ မဂျူဂျူဟာ အတော် အပိုးကျိုးသွားပါတယ်။ ဟိုက အချိန်နဲ့မှတ်ပြီး လုပ်ရတာကိုး။ ခုနောက်ပိုင်း စာမကြောက်တော့ပါဘူး။ မအေနဲ့အတူ မငြီးမညူကို လုပ်ရှာပါတယ်။ ဒါကြောင့်ကူမွန်ကို သည်းခံပြီး ဆက်ထားတာပါ။ တကယ်တော့ ကူမွန်ကလဲ ခလေးတကယ်စာလုပ်ရတယ်၊ စာတော်တယ်ဆိုပြီး ခလေးမိဘတွေကြားမှာ ရေပန်းစားနေပါတယ်။

ကူမွန်ပြီးတော့ တရုတ်စာ (သို့) အင်္ဂလိပ်စာနဲ့ ကျူရှင်တွေက ပေးတဲ့စာတွေအပြင်၊ ပီယာနိုစာကိုပါ သမီး မအိပ်ခင် ၁၀နာရီခွဲလောက် အထိ ပြီးသလောက် လုပ်ရပါတယ်။ ဒီနေ့ ပြီးသလောက်မှတ်ထား။ နောက်နေ့ဆက်လုပ်ပေါ့။ တရုတ်စာဆို ကျူရှင် ၂ခုကပေးတဲ့ စာတွေကို ကိုယ်က အင်္ဂလိပ်လိုပြော သူ့ကို တရုတ်အသံ ထွက်ခိုင်းပါတယ်။ ပြီးတော့ ချရေးခိုင်းပါတယ်။ တရုတ်လို နကန်းတစ်လုံးမှ မတတ်တော့ ဒီနည်းနဲ့ guide လုပ်ပေးရတာပါ။ သမီးက တရုတ်စာ တော့ သိပ်မဆိုးလို့ ဒီနည်းနဲ့ အဆင်ပြေပါတယ်။ အိမ်မှာထပ်ကျင့်ပေးရတာက ဆရာမသင်ရုံနဲ့ လုံးဝ မလုံလောက်လို့ပါ။ တစ်ပတ်ကို အချိန်၁နာရီခွဲအတွင်းမှာ ဆရာမကတော့ spelling တွေ အကုန်လုံးကိုတော့ အထပ်ထပ် မလေ့ကျင့်ပေးနိုင်ပါဘူး။ နောက်တရုတ်ဖတ်စာအုပ်ထဲက စာဖတ်ခိုင်းတာတို့ ဗမာလိုပြောပြီး တရုတ်လို ဘာသာပြန်ခိုင်းတာတို့ လေ့ကျင့်ရပါသေးတယ်။

အင်္ဂလိပ်စာဆို ဆရာမ အိမ်စာပေးခဲ့တဲ့ spelling / meaning ကျက်ရတယ်။ နောက် reading အနေနဲ့ story book တစ်နေ့တစ်အုပ်ဖတ်၊ Vocab မသိတာလေးတွေ ရသလောက် လေ့ကျင့်ပေးရပါသေးတယ်။ ခုတော့ ကူမွန်စာ ဖိစီးနေတာနဲ့ အရင်ကလောက် မလုပ်နိုင်တော့ပါ။ နောက်ပြီး မေးခွန်းဟောင်းတွေကို တစ်နေ့ပြီးသလောက် လုပ်ရပါသေးတယ်။ အဲဒီမှာ အမေနဲ့ ပြသနာတက်တာပါ။ မေးခွန်းဟောင်းလုပ်နေရင်းနဲ့ သမီးဟာ အင်္ဂလိပ် grammer အချို့ကို တော်တော်ကို မသိသေးတာတွေ့လိုက်ရလို့ပါ။ သမီးကို အင်္ဂလိပ်စာ ဆရာမ အိမ်ခေါ်ပြီး ကျူရှင်ပေးတာကြာပါပြီ။ အရင်ကသင်ပြီးသားတွေပါ။ ဆရာမလဲသင်ပြီးသား။ အိမ်မှာလဲအမေနဲ့ တစ်ချို့တွေ လုပ်ဖူးလို့ မှတ်မိနေတာပါ။ သူ့အရွယ်လောက် သိနေရမယ်လို့ ထင်နေတဲ့ grammer တွေကို မသိတာပါ။ ဒီတော့ ဒေါ်ဆွိတီလဲ နဲနဲစိတ်တိုပြီး ဒါလေးတောင် မသိရကောင်းလားလို့ သမီးကို အော်ငေါက်မိပါတယ်။ ကျူရှင်ဆရာမ လာတော့လဲ ဆရာမကို ပြောပါတယ်။ တိုင်ပင်ပါတယ်။ သမီးကိုgrammer ပိုင်းကို အလေးပေးလုပ်ပေးဖို့ပါ။ ဒီမှာဆရာမကလဲ အတော် စိတ်မကောင်းပုံရတယ်။ သူ့တပည့်က သူသင်သမျှတွေထဲမှာ အတော်ဆုံး၊ သင်ရအလွယ်ဆုံးဖြစ်နေလို့ပါတဲ့။ တရုတ် ဆရာမတွေဆီကလည်း င်္ဒီလိုကွန့်မန့်မျိုး ကြားဘူးပါတယ်။ ဖြစ်ပုံက ၂-ပတ်-၃ပတ်လောက် ဆရာမက Vocab ဘက်ကို အားနည်းလို့ ဖိနေချိန်၊ အမေကလဲ ကူမွန်စာဘက်ကို ဖိနေချိန်၊ ဆရာမ မြန်မာပြည်ပြန်ချိန်၊ တရုတ်နှစ်ကူး ပိတ်ချိန်တွေနဲ့ ခလေးက အင်္ဂလိပ်စာ နဲ့ နဲနဲ အဆက်ပြတ်သွားတာပါ။ ဟိုးတစ်လ၊ နှစ်လလောက်ကသင်ခဲ့တဲ့ Grammer တွေကို မေ့သွားတာပါ။ ခလေးက ပြောဘူးသလို concentration အရမ်းအားနည်းတော့ သင်တာကို သေချာ မမှတ်သေးပါဘူး။ သင်နေတုံး နားလည်နေသလိုနဲ့ ၃-၄ပတ် လောက် အဆက်ပြတ်ရင်ကို မေ့တာပါ။

စာပိတဲ့အကြောင်းဆက်ရရင် မနက်ကျပြန်တော့ ကျူရှင်မရှိတဲ့ နေ့တွေဆို ကိုယ်မပါလဲဖြစ်တဲ့ အိမ်ခေါ်သင်တဲ့ တရုတ်ဆရာမလေးရဲ့ အိမ်စာ၊ တရုတ်စာတွေ အရေးကျင့်ရပါသေးတယ်။ သူ့အဒေါ်ကိုတော့ ဘယ်လို ကြပ်မတ်ဆို ပြောပြထားရပါတယ်။ သူ့အဒေါ်ခမျာလဲ သူနဲ့ကို အတော်ပင်ပန်းပါတယ်။ ကျူရှင်တွေ၊ သင်တန်းတွေ လိုက်ပို့ပြီဆို သူမပြီးမချင်း ထိုင်စောင့်ရတာပါ။ ဂျူဂျူ့မှာ week end တွေဆိုလဲ သင်တန်းတွေ၊ ကျူရှင်တွေ ရှိပြန်ပါတယ်။ ဒါပေမဲ့ နေ့ခင်းအားချိန်ဆို သူ့ကို ရှော့ပင်းက ရေပန်းလို ကစားလို့ရတဲ့နေရာတွေ၊ Park တွေ လိုက်ပို့တာမျိုး၊ ရုပ်ရှင်လိုက်ပြတာမျိုး ပျော်စရာလေးတွေ လုပ်ရပါတယ်။ Craft လို့ခေါ်တဲ့ hand made post card လေးတွေ၊ ချည်ထိုးတာလေးတွေလဲ ၀ါသနာပါလို့ Library က စာအုပ်လေးတွေငှါးပြီး အမေနဲ့အတူ craft သင်ခန်းစာ လေးတွေ လုပ်ပါတယ်။ အဲဒါလဲ သူ အလွန်ပျော်ပါတယ်။ အချိန်ဇယားဆွဲရတာ၊ အချိန်ဇယားကြည့်လုပ်ရတာကိုလဲ သူအလွန်ပျော်ပါတယ်။ သူ့အတွက် အချိန်ဇယားလေးဆွဲ ပေးထားတာကို သူ့အခန်းထဲမှာ ကပ်ထားပါတယ်။ သေချာတော့ မလိုက်နာနိုင်သေးပါဘူး။

ပြောရရင်တော့ ဂျူဂျူဟာ အတန်းကသာ primary 1၊ စာတွေ၊ ကျူရှင်တွေနဲ့ လုံးလည်လိုက်ပြီး ခလေးဘာသာ၊ ဘာဝ ကစားချိန်၊ ပျော်ပါးချိန် အင်မတန် ရှားနေပါပြီ။ ဒီလိုဖြစ်လာတာဟာ ကိုယ်တိုင်က အကဲပါနေလို့လား။ဆိုတော့ ဖြေပါ့မယ်။ ကိုယ်တိုင်ကလဲ ငယ်ငယ်ကတည်းက စာကြောင်ပါတယ်။ စာကြောက်ပါတယ်။ အမေကလဲ train ခဲ့ပါတယ်။ ဒါပေမဲ့ ဒါ့အပြင် တခြားလူတွေကို လဲ စုံစမ်းကြည့်ပါသေးတယ်။


သမီးပထမဆုံးကျောင်းအပ်တဲ့နေ့က ဗမာလူမျိုး အဖေတစ်ယောက်နဲ့တွေ့လို မေးကြည့်တော့ သူလဲ သူခလေးကို ရှိသမျှဘာသာ အကုန် ကျူရှင်ထားပါတယ်။ တစ်ချို့လဲ အိမ်ခေါ်သင်နဲ့ ဂျူဂျူနဲ့ မခြားနားပါ။ ဟိုဘက်တိုက်က သမီးထက် ၁တန်းကြီးတဲ့ ဗမာခလေးတစ်ယောက်က ပိုတောင်ဆိုးပါတယ်။ သမီးလို ဘာသာစုံကျူရှင်ယူတဲ့အပြင်၊ ပီယာနိုရေကူး သင်ပြီးပါပြီ။ တရုတ်ကို ဆရာမ ၃ယောက် သင်ပါတယ်။ တစ်ယောက်က guide ပါ။ မြန်မာစာကိုလည်း ဘုန်းကြီးကျောင်းတစ်ခုမှာ သွားသင်ပါသေးတယ်။ အဲဒီအတွက်တော့ အင်မတန်ကို ချီးကျူးမိပါတယ်။ သူဆို ထမင်းကိုတောင် သူ့အဖေလိုက်ပို့တဲ့ ကားပေါ်မှာ စားရတာပါတဲ့။ ကိုယ်တွေ၁၀တန်းလောက်က လိုတောင်ဖြစ်နေပါပြီ။

ဒါတင်မက ဂျူ့ဂျူ့ထက် တစ်နှစ် ၂နှစ်ငယ်တဲ့ အိမ်နားက K1,K2 Nusery က ဗမာခလေးတွေရဲ့ မိဘတွေက ပါ ကူမွန်ဆိုတဲ့ အသံကြားတော့ သူတို့လဲ ကူမွန်ထားဖို့ စုံစမ်းနေကြပြီ။ ဘဲလေးသင်တန်းတက်သူနဲ့၊ စကိတ်စီးသင်တန်းတက်သူနဲ့ သူ့ထက်ကဲ၊ ရွှေပြည်စိုးတွေ ချည်းပါတကား။ အင်မတန်မှ Competitive ဖြစ်သော စင်္ကာပူပါတကား။ တစ်ခြားသူတွေက ကိုယ်စီကျူရှင်တွေနဲ့ သင်တန်းတွေနဲ့ဆိုတော့ ကိုယ်မှမထားရင် ကိုယ်မှလိုက်မလုပ်ရင် ကိုယ့်ခလေး နောက်ကောက်ကျမှာ အတန်းထဲစာညံ့နေမှာကို ကြောက်ကြတာပါ။ နောက် PSLE * စာမေးပွဲကလဲ ငယ်ငယ်ကတည်းက ခလေးက အခြေခံကောင်းမှ အမှတ်ကောင်းကောင်းရမှာဆိုတော့ မိဘတွေက ကြောက်လန့်ပြီး ငယ်ငယ်ကတည်းက train ကြတော့တာပါပဲ။ စလုံးတွေလဲ ဒီထက်မလျော့ရင်သာရှိရမယ်။ သူတို့က ပိုလို့သာ ဆိုးပါဦးမယ်။

စာကြွင်း
ခုလေးတင် သမီး အင်္ဂလိပ်စာ မလိုက်နိုင်တဲ့ အကြောင်း oversea ရောက်နေတဲ သမီးအဖေကို ဂျီတော့ ကနေ ပြောပြပါတယ်။ သူဘာပြောတုံး သိချင်ပါလား ပရိတ်သတ်ကြီး။ "ညည်း ငါ့ကို ဖိအားပေးရုံမက ခလေးကိုပါ ဖိအားပေးနေပြန်တာလား။ ဘာဖြစ်ဖြစ် ထားလိုက်။ ငါ့သမီး ဥာဏ်ကောင်းပြီးသား။ူသူ့ဟာနဲ့သူဖြစ်သွားလိမ့်မယ်။ ခလေးကို ဘာမှ ထပ်ဖိအားမပေးပါနဲ့ " တဲ့လေ ... ဒီကလည်း သမီးကို ဖိအားမပေးပဲ လျှောလို့ရမဲ့ နည်းလေးများ ရှာဖွေစုံစမ်းနေပါတယ် ... လို့ ... သမီးလေးကို သနားလို့ပါ။


* PSLE - Primary School Leaving Examination

Friday, February 19, 2010

Singapore Universal Studio သို့ တစ်ခေါက် - (အပိုင်း -၂)

အပိုင်း (၁)ကို တင်ပြီးတော့ လက်မှတ်အကြောင်းမေးကြလို့။ တကယ်တော့ သူငယ်ချင်းကနေ သွားကြည့်မယ် လိုက်မှာလား။
လက်မှတ်ဝယ်နေတယ်။ ပိုဝယ်လိုက်ရမလားဆိုလို့သာ မှာလိုက်တာ။ ကိုယ်လဲ လက်မှတ်အကြောင်း သေသေချာချာသိတာ မဟုတ်ပါ။ ဒါနဲ့ ၀ယ်သူကို ဖုန်းဆက်မေး၊ အင်တာနက် ဖိုရမ်တွေက ရှာတော့မှ ဒီအစမ်းဖွင့်ပွဲလက်မှတ်က ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတည်းက sold out ဖြစ်သွားတာပါတဲ့။
တကယ်က ဒီအစမ်းဖွင့်ပွဲကို တရုတ်နှစ်သစ်ကူး promotion အနေနဲ့ အလကားပြတဲ့သဘောပါပဲ။ လက်မှတ်နဲ့ အထဲမှာ ၁၀တန် dinner free ကျွေးပါသေးတယ်။ Strait Times မှာ သတင်းပါမယ်နဲ့တူပါတယ်။ မသိသူကျော်သွားတာပါ။
တကယ်ဖွင့်တဲ့အခါကျမှသာ 4D animation တွေ နဲ့ ရှိုးတော်တော်များများ ကြည့်လို့ရမှာပါ။ ရိုလာကိုစတာလဲ စီးလို့ရပါမယ်။
ဝင်ကြေးက ၇၀လောက်တောင်ရှိမယ်ပြောနေပါတယ်။

ပုံများကို အကျယ်ချဲ့ကြည့်လိုလျင် ပုံကို ကလစ်ပါ။ Resolution ကောင်းကောင်းနှင့် တင်ထားပါသည်။

ကာစီနိုမှ ယူနီဗာဆယ် စတူရီယိုသို့အသွား လမ်းမှာတွေ့တာလေးတွေ ရိုက်ထားတာပါ။






Far Far Away မှာ ရိုက်ခဲ့တာလေးတွေ




Ancient Egypt မှာ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။













Sci Fi City


အပြန် ဟောလီးဝုဒ်ဘက်မှ ဖြတ် အပြန် လမ်းရှုခင်းလေးတွေ ။










Wednesday, February 17, 2010

Singapore Universal Studio သို့ တစ်ခေါက် - (အပိုင်း -၁)

ဟိုနေ့က သူငယ်ချင်း တစ်ယောက်က လက်မှတ်ဝယ်ပေးလို့ Singapore Universal Studio ကို သူငယ်ချင်းတွေနဲ့ ဒီနေ့ပဲ ရောက်ခဲ့ပါတယ်။ တရုပ်နှစ်သစ်ကူးအတွက် အစမ်းဖွင့်ပြတဲ့ပွဲဖြစ်ပြီး လက်မှတ်က တစ်ယောက်ကို စလုံး၁၀ ပဲ ပေးရပါတယ်။ တကယ်ဖွင့်မှာက ၂၀၁၀ရဲ့ ပထမကွာတားလို့ပဲ ပြောထားပါတယ်။ အဲဒီအချိန်ကျရင် လက်မှတ်က တစ်စောင် ၄၀ -၅၀ လောက်ရှိမှာမှို့ ခု ၁၀ နဲ့က သူ့ဟာနဲ့သူတော့ တန်တယ်ပြောလို့ရပါတယ်။ တစ်ချို့ ရှိုးပွဲတွေ၊ roller coaster အစရှိသဖြင့် မဖွင့်သေးပါဘူး။

Singapore Universal Studio ဟာ အာရှမှာ ဒုတိယမြောက်ဖြစ်ပြီး အရှေ့တောင်အာရှမှာတော့ ပထမဆုံးဖွင့်တာဖြစ်ပါတယ်။
အခုအသစ်ဖွင့်တော့မဲ့ ဆန်တိုစာကျွန်းမှာဆောက်ထားတဲ့ ကာစီနိုတွေ ဘာတွေ ကစားတဲ့ Resort World Sentosa ရဲ့ Theme park ပါ။
အင်တာနက်ထဲမှာကြည့်ချင်ရင်တော့ ဒီလင့် လေးကို နှိပ်ကြည့်ပါ။

Universal Studio က ၅နာရီမှ စဖွင့်မှာဆိုတော့ အထဲမ၀င်ခင် ကာစီနိုဘက်ရောက်ပါတယ်။ ကာစီနိုကစားဖို့ (သို့) လျှောက်ကြည့်ဘို့ တန်းစီနေတဲ့ လူအုပ်ပါ။ နိုင်ငံသားနဲ့ PR ဆို ၀င်ကြေးငွေပေးရပြီး နိုင်ငံခြားသားဆို ၀င်ကြေးမပေးရပါ။ နိုင်ငံခြားသားဆီကငွေ အလကားရိတ်မယ်ဆိုတဲ့ သဘော။
တကယ်က လိုကယ်တွေ ၀င်ကြေးမပေးရအလကားဆို သွားကစားနေမှာစိုးလို့ လိုကယ်တွေကို ၀င်ကြေးနဲ့ ထိန်းထားတဲ့သဘောပါ။ ဖောရိန်နာဆို ကြိုက်သလောက် ၀င်ကစားပေါ့။ ရိတ်မယ် လှီးမယ် ... ဆိုသလိုပဲ။ သူ့ rule က ရယ်ရတယ်။



ဟိုဟိုဒီဒီ ဆက်လျှောက်ရင်း ဒီလို မျက်စိပသာဒဖြစ်စရာလေးတွေလဲ တွေ့ပါတယ်။


ဒီပုံကတော့ တစ်ချို့နေရာလေးတွေ အမြင်မတော် ရှောင်ကြည့်ပေါ့ကွယ်။



Universal Studio အ၀င်ဝ




ပထမဆုံး ဟောလိဝုဒ် လမ်းကြားကို အရင်ရောက်သွားတယ်။


ဟောလီးဝုဒ် လမ်းကြားမှ မာရီလင်မွန်ရိုး၊ ( မှတ်ချက် ... ဘေးက အန်တီဆွိမဟုတ်ပါ။ အန်တီဆွိတီက အက်ထက် ... နဲနဲ ပိုလှ ...အဲ ... ပို ၀ ပါသည် ခင်ညား။းဝ)



ဟောလီးဝုဒ် လမ်းကြားမှ Frankenstein's monster လူအစစ်နော်။ ဓာတ်ပုံတွဲ၇ိုက်ရင် ကြောက်စရာ အိုက်တင်တွေလုပ်ပြတယ်။ ကိုယ်နဲ့တွဲရိုက်တော့ နောက်ကနေ ဆံပင်တွေ ဆွဲနေလို့ ။


ဟောလီးဝုဒ် လမ်းကြားမှ BeetleJuice သူလဲ တူတူပဲ ... ဓာတ်ပုံရိုက်ရင် လျှာကြီးထုတ်ထုတ်ပြတယ်။ အဲ့မှာ ဟိုက ပြန်ထုတ်ပြလိုက်လို့ သူလန့်သွားတာ။ ရယ်ရတယ်။


ဟောလီးဝုဒ် လမ်းကြားမှ အအေးဘူးရောင်းတဲ့ စတိုင်က ဂလိုလေး။


အဲဒီသစ်ပင်နဲ့ ဓာတ်ပုံရိုက်ရင် အရမ်းလန်းတယ်။ ဘယ်ကားထဲကလဲတော့ မသိ။ အဲဒီသစ်ပင်နဲ့ ပုံလေးတွေ အများကြီးရိုက်ခဲ့တယ်။



Madagascar အင်နီမိတ်တက် ကာတွန်းကားထဲက အကောင်လေးတွေ ရှိတဲ့ဘက် ရောက်သွားတယ်။



Madagascar မှာ ရှိုးပွဲရှိလို့ ကြည့်ခဲ့ရတယ်။ ပင်ဂွင်းလေးတွေ ကတာ အရမ်းချစ်ဘို့ကောင်းတယ်။ I like to move it move it ... သီချင်းနဲ့ ကတာပါ။ ခလေးတွေတောင်မက လူကြီးတွေပါ ကြိုက်ကြတယ်။




Far Far Away ဆိုတဲ့ ဘက် ရောက်ပြန်တယ်။


Jurassic Park - ဒိုင်နိုဆောတွေ ဓာတ်ပုံရိုက်လို့ အလွန်လှ။





ပုံတွေများလွန်းလို့ ဒီနေ့အဖို့ ထပ်မတင်နို်င်တော့ဘူး။ နောက်နေ့မှ အပိုင်း (၂) ဆက်တင်ပါမည်။


ခလေးမိဘများ လိုက်ပြသင့်ပါသည်။ သူတို့ အလွန်ပျော်ကြပါသည်။ ကင်မရာ ကောင်းကောင်းယူသွားကြပါ။ အန်တီသက်ဝေလို ၂ကျပ်ခွဲတန်ဆို ပိုကောင်းပါသည်။

Monday, February 15, 2010

Morning Sickness => ဟာသမဟုတ်


မနေ့က အသိတစ်ယောက်ရဲ့ ညီမ၀မ်းကွဲလေး ဆေးရုံတက်ရတယ်လို့ ကြားပါတယ်။ ဘာလို့လဲ စပ်စုကြည့်တော့ ကိုယ်ဝန် ၂လလောက်အချိန် ဘာအစာမှစားမရပဲ၊ အစာစား အစာပြန်အန်၊ ရေသောက် ရေပြန်အန်နဲ့ အတော်ဆိုးနေလို့ အဟာရပြတ်ပြီး ဆေးရုံတင်ရတဲ့ အဆင့်ရောက်ပါတယ်။ ဒီတစ်ခါနဲ့ဆို ၂ကြိမ်မြောက်တက်ရတာပါတဲ့။ ခလေးမလေးက အရင်ထဲက ပိန်ပိန်ပါးပါး နုနုလေး၊ လေတိုက်တာနဲ့တောင် လဲမယ်ထင်ရတာ၊ ခုလိုဖြစ်တယ်ဆိုတော့ စိုးရိမ်မိပါတယ်။ ဟိုတစ်လောကလဲ ကိုယ်ဝန်ရှိစ အသိညီမလေးတစ်ယောက် အန်ချင်တာ အရမ်းဆိုးနေလို့ဆို ဖုန်းဆက်ပြီး ငိုနေလို့ အားပေးခဲ့ရပါသေးတယ်။

အဲဒီရောဂါကို အင်္ဂလိပ်လို Morning Sickness ခေါ်ကြတယ်။ ကိုယ်ဝန်ရှိကာစ မနက်ပိုင်း အိပ်ရာထစအချိန်တွေမှာ အဖြစ်များလို့ပါ။ ဗမာလိုဆိုရင်တော့ နာမည်က ဆိုးပါတယ်။ အရပ်အခေါ် ၀မ်းကြီးနာစွဲတယ် ခေါ်ကြတယ်။

ကိုယ်လဲ သမီးကို ကိုယ်ဝန်ဆောင်ခဲ့ဘူးသူဆိုတော့ အဲဒီဝေဒနာရဲ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ ကိုယ့်တုံးကလဲ တော်တော်ခံစားခဲ့ရတာကိုး။ တစ်နေရာရာက နာကျင်တာမျိုးကို နဖူးတိုက်၊ ဒူးတိုက်ခံစားလိုက်ချင်သေးတယ်။ တစ်ချိန်လုံး တပျို့ပျို့တအန်အန်၊ အစားပျက်၊ အသောက်ပျက်နဲ့ နေရဆိုးတဲ့ကို ဝေဒနာကိုတော့ မခံစားလိုပါ။ အဲဒါကို ပြောပြရင်လဲ မခံစားဘူးတဲ့ အမျိုးသားထုက ရာနှုံးပြည့်တော့ နားလည်မှာ မဟုတ်ပါဘူး။ ဆေးပညာအရဆို သဘာဝကြီးက ခန္ဓာကိုယ်ကို ခလေးတစ်ယောက်နေနိုင်အောင် ကိုယ်တွင်းဟိုမုန်းတွေ ပြောင်းလဲလို့ ဒီဝေဒနာတွေ ခံစားရတာပါတဲ့။

ကိုယ်အဲဒီအချိန်က ခလေးမီးဖွားပြီးခါစ သူငယ်ချင်းတစ်ယောက်ကိုမေးကြည့်တာ Morning Sickness ဝေဒနာ ခံစားရတာနဲ့ ခလေးမီးဖွားရတာ ဘယ်ဒင်းက ပိုခံရလဲဆိုတော့ သူပြောတာက ခလေးမွေးတာခဏပဲ ။ မနာဘူးမဟုတ်ဘူး။ နာတယ်။ ဒါပေမဲ့ နာပြီး မွေးပြီးရင် ပြီးတာပဲ။ ခလေးမျက်နှာမြင်တော့ ပျောက်ရော။ ဟိုဝေဒနာကတော့ ၄-၅-၆လ တောက်လျောက် တရိရိနဲ့ နေလို့မကောင်းပဲ ခံစားရတာဆိုတော့ အဲဒီ ဝေဒနာ က ပိုဆိုးပါသတဲ့။ သူကတော့ မီးဖွားခါနီးအထိ တော်တော်ခံခဲ့ရတာပါ။ လူတိုင်းတော့လဲ အဲလောက်မဆိုးပါဘူး။ လုံးဝကို မခံစားရသူတစ်ချို့တောင် ရှိပါတယ်။

ကိုယ့်တုံးက အဖြစ်အပျက်လေး ဖောက်သည်ချရဦးမယ်။ ခလေးရှိတယ်လို့ စသိရချိန်ကစလို့ ပျို့ချင်၊အန်ချင်တဲ့ရောဂါ ဖြစ်ရပါတယ်။ အနံ့အသက်၊ ဟင်းနံ့၊ ဆီသတ်နံ့ ဘာနံ့မှ ခံလို့မရတော့ ဟင်းလဲမချက်နိုင်။ ဘာမှ စားချင်တဲ့စိတ်မရှိ။ အစာအိမ်နားလောက်က လေလုံးကြီး တက်တက်လာပြီး နေရထိုင်ရဆိုးပါတယ်။ အိမ်မှာနေရင် အိပ်ရာထဲ လဲနေပါတယ်။ ထူးဆန်းတာက ရုံးသွားပြီး အလုပ်ထဲရောက်နေရင်တော့ မေ့နေတတ်ပါတယ်။ ညနေဆို တက္ကစီစီးပြီး ပြန်တာများပါတယ်။ ရထားပေါ်၊ ဘတ်စ်ကားပေါ် ရုပ်ပျက်ဆင်းပျက် အံမိမှာစိုးလို့ပါ။ တက္ကစီနဲ့ ပြန်ကာမှ တက္ကစီက သားရေနံ့ အနံ့ အသက်တွေကလဲဆိုးတော့ တစ်လမ်းလုံး အန်ချင်ပါတယ်။ အန်ဘို့ အဆင်သင့်ဖြစ်အောင် ကျွတ်ကျွတ်အိပ်လေး လက်ထဲကိုင်လို့ စီးရပါတယ်။ ဒါပေမဲ့ သစ္စာရှိပါတယ်။ ကားပေါ်ဘယ်တော့မှ မအန်ပါ။ ဟော အိမ်ရောက်တာနဲ့ တက်စီပေါ်ကဆင်း၊ အိမ်ပေါ်အမြန်တက် ရေချိုးခန်းထဲအပြေးဝင်ပြီး ၀မ်းသာအားရ အန်တော့တာပဲ။ အဲဒီအချိန်မယ် အန်ရတာများ အရသာရှိလိုက်တာလို့တောင် ပြောရမလိုပဲ။ အဲလို အန်လိုက်ရမှ နေရထိုင်ရ တော်တော် သက်သာသွားပါတယ်။

ူရုပ်ရှင်တွေထဲမှာလဲ ဗမာကားတင်မှမဟုတ်။ ဘယ်နိုင်ငံက ရုပ်ရှင်ကြည့်ကြည့် မင်းသမီး ပျို့ပြီ၊အန်ပြီဆို ... "အော ... ဟိုဟာဖြစ်ပြီ " ဆို သဘောပေါက်။ ဒါဟာတကယ်တော့ တကယ့်သဘာဝကို ထင်ဟပ်ပြတာပါ။ အပြင်မှာလည်း တကယ်ဖြစ်တတ်တာကို ပြတာမှို့ ဒီအခန်းမျိုးဟာ ရိုးအီနေပြီရယ်လို့ ပြောလို့ မရပါဘူး။ အဲဒီအကြောင်း လူတွေ ရယ်စရာလုပ်ပြောကြတယ်။ လူပြက်တွေ ပြက်ကြတာတွေလဲ ရှိဘူးပါတယ်။ ဟိုနေ့ကတောင် အိမ်မှာနေတဲ့ မောင်လေးတစ်ယောက် နေမကောင်း မူးချင် အန်ချင်တယ်ဆိုတာနဲ့ " ဟေ့ ... ဖိုးဇော်တော့ ဗိုက်ကြီးနေပြီနဲ့တူတယ်ကွ ... အန်ချင်တယ်ပြောနေတယ် ..." ဆို ... ရယ်စရာ လုပ်ကြတယ်။ အပြင်မှာ ဒီကိစ္စကို ခုလို ရယ်စရာလုပ်ပြောနေကြပေမဲ့ တကယ်ခံစားရတဲ့ မိခင်လောင်းတွေမှာတော့ ဆေးရုံတက်ရသူတက်ရ၊ ဝေဒနာကြောင့် အိပ်ရာပေါ်လဲကြ၊ တကယ်ခံစားရတာဆိုတော့ ရယ်စရာဖြစ်မယ် မထင်ပါဘူး။ ကိုယ့်ရဲ့ရင်သွေးလေး လွယ်ထားရတယ်ဆိုတဲ့ ပီတိကြောင့်သာလျင် ဒီဝေဒနာကို ခံစားရပေမဲ့ စာဖွဲ့မနေကြပဲ သည်းခံပြီး နေလို့ရနေကြတာပါ။

ရုပ်ရှင်တွေထဲလဲ ဒီအကြောင်း ခဏခဏကြည့်ရဖန်များလို့ အရွယ်မရောက်သေးတဲ့ ခလေးလေးတွေတောင် ဘုမသိဘမသိ ၊ ဒီအဖြစ်ကို သိကြပါတယ်။ " ဟာသမဟုတ်" ဆိုပေမဲ့ အိမ်မှာနေတဲ့ ယောက်မရဲ့ သားလေးငယ်ငယ်က ကြုံရတဲ့ ရယ်စရာဟာသလေးတစ်ခု ပြောပြဦးမယ်။ အတူနေ ယောက္ခမအဖေကြီးက စိတ်ကဆတ်ဆတ်နဲ့ ခပ်တည်တည်နေတတ်သူပါ။ တစ်နေ့ ၅နှစ်အရွယ် သားလေးနဲ့ ယောက္ခမဖြစ်သူ အသက် ၇၀ကျော် အဖိုးတို့ အိမ်ရှေ့မှာ တီဗီအတူကြည့်ကြတယ်။ ရုပ်ရှင်ထဲမယ် ထုံးစံအတိုင်း မင်းသမီးနဲ့မင်းသား အိမ်ထောင်ကျ။ နောက်တစ်ခန်းနေတော့ မင်းသမီး အော့အန်တဲ့ အခန်းပြပါတယ်။ အဲဒီမှာ ဗီဒီယိုကြည့်တိုင်း အဒေါ်တွေ၊ အကိုတွေပြောဖန်များလို့ နားရည်ဝနေတဲ့ ၅နှစ်ခလေးက တီဗီကြီးကို လက်ညှိုးထိုးပြီး အားရပါးရ " အဘ .... အဘ ... ကြည့် ... အဲဒါ ဗိုက်ကြီးတာဗျ ... အဘ သိလား ..." ဆို ထအော်ပါရောတဲ့။ ဒီတော့ စိတ်ဆတ်တဲ့ အဖိုးလုပ်သူက " မအေဘေး ... လူကျ လက်တောင့်လောက် ... ဒါကျ သိလားကွ ..." ဆိုပြီး စိတ်တိုတိုနဲ့ တီဗီကြီး ၀ုန်းဆို ထပိတ်လိုက်ပါရောတဲ့။

လူတွေဟာသလုပ်ပြောနေတဲ့ မိန်းခလေးများ ကိုယ်ဝန်ရှိစမှာ ခံစားရတဲ့ Morning Sickness ဝေဒနာဟာ လူတွေ ဟာသလုပ်သလောက်၊ နောက်ပြောင်ပြောသလောက်တော့ ခံစားရတဲ့ အမျိုးသမီးများမှာတော့ ဟာသဖြစ်မနေဘူးဆိုတာ အမျိုးသားများ နားလည်သဘောပေါက်ပြီး ကိုယ့်ရဲ့ ဇနီး မိခင်လောင်းကို ကိုယ်ချင်းစာ စောင့်ရှောက်နိုင်ကြပါစေသော်။

အပေါ်မှ သရုပ်ဖော်ပုံကို ဒီလင့်ခ်က ရပါသည်။

Saturday, February 13, 2010

လူပျိုသိုး နဲ့ ဆရာမ ဇာတ်လမ်း

သမီးကို အိမ်မှာ အင်္ဂလိပ်စာလာသင်ပေးနေတဲ့ ဆရာမလေးရှိတယ်။ ဗမာလူမျိုးပါပဲ ။ ဒါပေသိ ဘာစပ်လဲတော့မသိ။ မျက်နှာက ဗိုလ်စပ်တွေလို နှာတံပေါ်ပေါ်လေးနဲ့ ဖြူဖြူချောချောလေး။ တကိုယ်လုံးခြုံကြည့်ရင် တော်တော်ကြည့်ကောင်းတယ်လို့ ပြောလို့ရတယ်။

အိမ်က အခန်းတစ်ခန်းမှာ ငှါးနေတဲ့ ညီအစ်ကို၂ယောက်ရှိတယ်။ နေတာကြာလို့ ကိုယ့်မောင်လေးတွေလိုပဲ ရင်းနှီးလို့ ပြောမနာဆိုမနာတွေဖြစ်နေပါပြီ။ ၂ယောက်လုံးက ၃၀ကျော်နေပြီဖြစ်တဲ့ လူပျိုသိုးကြီးတွေ။ အကြီးကောင်လေးကတော့ ရုပ်ကလေးက မခေဘူးလို့ပြောလို့ရတယ်။ အငယ်ကတော့ နဖူးလေး ပြောင်လို့ အသားညိုညို၊ အညာသားရုပ်မျိုး။

လူပျိုကြီးတွေဆိုတော့ လူပျိုသိုးများတို့ ထုံးစံ ဘေးကရိတ်ကနဲ ကညာမဒီလေး ဖြတ်သွားတာမြင်တာနဲ့ သူတို့မှာ စိတ်ကူးယဉ်ရပြီ။ ငယ်ငယ်ကမွေးဘူးတဲ့ ကြောင်ထီးကြီးတွေလိုပဲ။ ပြတင်းပေါက်ဘောင်ပေါ် မေးတင်ပြီး ဘေးကို ကသိုင်းရှု ။ ဘေးကဖြတ်သွားသမျှကြောင်မ ... ငါ့ကြောင်မပဲဆို နှာခေါင်းတရှုံ့ရှုံ့၊ နားရွက်တလှုတ်လှုတ်နဲ့ စိတ်ကူးယဉ်သလိုပေါ့။ သူတို့တွေမှာ၊ ဘေးက ရောက်လာသမျှ၊ မြင်ဘူးသမျှ မိန်းခလေးချောချောလေးတွေဆို "သူနဲ့သာဆိုရင်" ဆိုပြီး စိတ်ကူးကယဉ်ပြီးနေပြီ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ပြောင်းလာတဲ့ ဘေးတိုက်က ဗမာအိမ်က ခယ်မလေးဆိုတာလဲ မနေရဘူး။ ဟိုဘက်တိုက်က ဗမာကုန်စုံဆိုင်က ခပ်ချောချောတစ်ယောက်ကိုလည်း အပျိုထင်ပြီး စိတ်ကူးယဉ်နေရာကနေ နောက်မှ ခလေး ၃ယောက်အမေမှန်းသိရလို့ စိတ်ကူးတွေ သဲထဲရေသွန်ဖြစ်ခဲ့ရဘူးတယ်။ ယုတ်စွအဆုံး အိမ်ခေါင်းရင်းက စလုံးမ အပျိုဘော်ဝင်စ ဘောင်းဘီတိုတို ပိန်ညှောင်လေး၊ အိမ်ဘေးက စလုံးမ ကျောင်းအုပ်အပျိုကြီး ၀တုတ်တုတ်ကိုတောင် စိတ်ကူးထဲ ထည့်ယဉ်ခဲ့ကြဘူးတဲ့သူတွေ။

တစ်ကယ်တန်းကျတော့ ညီအစ်ကို ၂ယောက်လုံးတစ်ယောက်မှ အဖြစ်ရှိတာမဟုတ်။ ရှက်တတ်ကြောက်တတ်တဲ့ အစားထဲကပါ။ လက်တွေ့ကျတော့ ချဉ်းကပ်ရဲတာမဟုတ်လို့ ခုချိန်ထိလူပျိုသိုးကြီးတွေ ဘ၀နဲ့ နေနေရတယ်ထင်ပါ့ပဲ။ စိတ်ကူးနဲ့တင်ရူးနေတဲ့ သူတွေ၊ အုံပုန်းတွေလို့ဆိုရမှာပေါ့။

အခုလဲကြည့်။ သမီးဆရာမလေးကို သူတို့ စိတ်ကူးယဉ်နေကြပြန်ပြီလေ။ တစ်ကယ်တန်း ရှက်တတ်ကြောက်တတ်တဲ့ ညီအစ်ကို ဒီဆရာမလေးကို သေချာမြင်ဘူးတာတောင်မဟုတ်။ အိမ်မှာ မြင်ရင်တောင် သေချာကြည့်ရဲတာမဟုတ်ပဲနဲ့များ။ မဆွိတီတို့ပြောတာတွေ လေသံကြားတရားနာပြီး သူတို့က စိတ်ကူးထဲမှာ ကြိုက်ပြီးနေပြီ။ သမီးကို သူ့ဆရာမပေးမှာလားလို့ စ လို့သမီးမှာ စိတ်ဆိုးရတာအမော။ သမီးဆရာမလေးကို ကြိုက်တယ်ဆိုတဲ့ အကြောင်းတွေက သမီးကိုစရင်း အိမ်မှာ မကြာခဏပြောနေကျ။

ဟိုတစ်နေ့ညနေက သမီးဆရာမလေး အိမ်လာတော့ တောင်ကြည့်မြောက်ကြည့်နဲ့ ။ အသင့်ဖွင့်ပေးထားတဲ့ တံခါးကနေ ၀င်လာပြီး မျက်စိပျက် မျက်နှာပျက်နဲ့ ကမန်းကတမ်း တံခါးကိုလဲ ဆွဲပိတ်လိုက်သေးတယ်။
ဟော ... သူဝင်လာပြီး ခဏနေတော့ အညာသားဟန် နဖူးလေးနဲနဲပြောင်နေတဲ့ အိမ်ကလူပြိုကြီးတစ်ယောက်ကလဲ ၀င်လိုက်လာတယ်။ သမီးဆရာမလေးက နောက်လှည့်ကြည့်ပြီး စိတ်ရှုတ်နေတဲ့ မျက်နှာနဲ့ စာသင်မဲ့ သမီးအခန်းထဲ ၀င်သွားပြီး တံခါးပိတ်သွားပါလေရော။

အဖြစ်အပျက်တွေကြည့်ပြီး ဘာတွေများဖြစ်နေလဲလို့ စဉ်းစားလို့ မရဘူး။
ခဏနေတော့မှ ဟိုလူပျိုကြီး သူ့အခန်းထဲကထွက်လာပြီး " အစ်မရေ အဲဒါသမီး ဆရာမလား" တဲ့။ "ကျွန်တော်နဲ့ MRTက ဆင်းကထဲက အတူတူပဲဗျ။ ... ကျွန်တော်လဲ ဒီစလုံးမလေး ချောတယ်ဆို ကြည့်နေတာ ... အဲဒါ MRT ကထွက်ကတည်းက လမ်းတစ်လျောက်လုံး သူကရှေ့က ကျွန်တော်က နောက်ကဗျ ... တိုက်နားရောက်တော့ ဓာတ်လှေခါးထဲဝင်တော့လဲ အတူတူပဲ။ ကျွန်တော်နဲ့ အတူစီးလာတာ။ ကျွန်တော်က အိမ်နားရောက်တဲ့ အထိတောင် ဟိုခြေရင်းအိမ်က ဧည့်သည်ထင်နေတာ။ နောက်ဆုံးအိမ်ထဲ ကိုဝင်သွားမှ သမီးဆရာမလားဆိုတာ သဘောပေါက်တာဗျား" တဲ့။

ဖြစ်ချင်တော့ သမီးဆရာမလေးခမျာ စလုံးမှာတစ်ခါမှ မကြုံဘူးတဲ့ သူ့နောက် နဖူးပြောင်ပြောင်နဲ့ ဗမာအညာသားတစ်ယောက် တစ်ကောက်ကောက်နဲ့ လိုက်တယ်လို့ ထင်နေတာကိုး။ ၁၅မိနစ်လောက် လမ်းကြိုလမ်းကြား ပတ်ပြီး အတူလျှောက်လာတာ အိမ်နားရောက်တာတောင် ဓာတ်လှေခါးထဲလဲအတူ အိမ်တံခါးဝနားအထိတောင် လိုက်တာဆိုတော့ အတော်အတင့်ရဲလှချည်လားဆိုရန်ထောင်ဖို့ လုပ်တာနေမှာပေါ့။ အိမ်ထဲဝင်လာတော့ တံခါးတောင် အမြန်ဆွဲပိတ်လိုက်သေးတယ်။

ဟိုလူပြိုသိုးကြီးကလဲ ရုံးကအပြန် ... ဘယ်သူသိတာလိုက်လို့ဆို ... ခေါ်တောဘယ်လောက်အားနဲ့ ကြည့်လိုက်လဲမှ မသိတာကိုး ...

Thursday, February 11, 2010

ဘလောဂါ အကယ်ဒမီဆု ...

ဟိုနားတွေ့ ဒီနားတွေ့နဲ့ တွေ့နေတာ ကြာပါပြီ။ ကိုအန်ဒီရဲ့ wesheme က ပို့စ်ကိုလဲ ဖတ်ပြီးသွားပါပြီ။ ဒါနဲ့ မနေ့က ကြုံလို့ ဆို သွားကြည့်လိုက်တာ အောက်က အကောင်းဆုံးလူမှုဘ၀ သရုပ်ဖော် စာပေဘလော့ဂ်ဆု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါ်ဆွိတီ ဘလော့ဂ်ကြီး မိုးတိုးမတ်တတ်ကြီး ပါနေပါပေါ့လားဆို ... နဲနဲတော့ အံ့သြသွားပါတယ်။ ဘလော့ဂ်ရေးကထဲက ဖိုရမ်ထဲမှာ ရေးဖူးတာတွေ၊ စာတိုပေစလေးတွေ၊ ဟာသလို ကိုရို့ကားယားတွေ ငပြောင်လုပ်ရေးချင်တာနဲ့ ရေးလိုက်တာပါ။ အားလုံး ပေါ့ပေါ့ပါးပါးပါပဲ။ ဖတ်တဲ့သူတွေလဲ ပေါ့ပါးစေပေါ့လေ။ ဟင်းချက်နည်းတွေကလဲ ၀ါသနာပါလို့ ချက်ရင်း စားရင်း ရှယ်ပေးတာပါ။ အပြင်မှာ၊ အလုပ်ထဲမှာ stress တွေ များလွန်းလို့ ပေါ့ပေါ့ပါးပါးတွေကိုပဲ ရေးပါတယ်။ ပြိုင်ပွဲဝင်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားမိပါဘူး။ ပြိုင်ပွဲတွေ ၀င်ရလောက်အောင် ကိုယ်ရေးတာတွေ အဆင့်မီတယ်လို့လဲ မထင်ပါဘူး။ ကိုယ့်ထက်တော်တဲ့သူတွေ ၊ စာရေးကောင်းတဲ့သူတွေ၊ ရှယ်အားကောင်းတဲ့သူတွေ၊ ပရိတ်သတ်ကြိုက်တဲ့သူတွေ ဒုနဲ့ဒေး အများကြီးရှိတယ်လို့ထင်ပါတယ်။

ခုတော့ မဆီမဆိုင် list ထဲမှာ ဒေါ်ဆွိတီတစ်ယောက် ရှက်ကိုးရှက်ကန်း ကြီးနဲ့ အဖြစ်ကိုသာ မြင်ယောင်ကြည့်ကြပါတော့။ နဂိုကလဲ အပြင်မှာ လူထူထူဆို အင်မတန် ရှက်တတ်ပါတယ်။ လူထုပရိတ်သတ်ရှေ့ဆို လက်တောင်ဘယ်နားထားရမှန်း မသိတာပါ။ ဘွဲ့ယူတုံးကတောင် စင်ပေါ်မှာ အယောင်ယောင်အမှားမှားနဲ့ ဖြစ်နေလို့ အဟားခံခဲ့ရဘူးသူပါ။

ဘလော့ဂ်လာဖတ်တဲ့ ပရိတ်သတ်တစ်ယောက်က ပေးလိုက်သလား၊ ခင်တဲ့မင်တဲ့ သူငယ်ချင်းတွေကပဲ စာရင်းပေးလိုက်လား မသိပါ။ မိုးတိုးမတ်တတ်ကြီးတော့ ပါသွားပါတယ်။ အောက်မှာဆက်ကြည့်တော့ သူငယ်ချင်း တန်ခူးရဲ့ဘလော့လဲ တွေ့ပါကြောင်း။

ဒီပို့စ်ကိုရေးတဲ့ရည်ရွယ်ချက်က အဲဒီ ဘလော့ဂ် အကယ်ဒမီ list ထဲမှာ ဘလော့ဂ်ဂါ ကိုယ်တိုင် မသိလိုက်ရပဲ စာလာဖတ်သူ ပရီတ်သတ်တွေကနေပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကဖြစ်ဖြစ် စာရင်းပေးတာမျိုးတွေရှိနေပါတယ်ဆိုတာပါ။ ဒါမျိုး ကြိုက်သူလဲရှိမယ်။ မကြိုက်သူလဲရှိမယ်။ ဘယ်လိုမှ မနေသူလဲရှိမယ်။ နောင်နှစ်ရွေးပွဲအတွက် ဘလောဂါ အကယ်ဒမီစီစဉ်သူတွေ ဘက်က စဉ်းစားစရာ အချက်ပါ။

ကိုအန်ဒီရဲ့ ပို့စ် ကိုအောက်က လင့်မှာ ဖတ်နိုင်ပါတယ်။
http://wesheme.blogspot.com/2010/02/mbaa.html

Tuesday, February 9, 2010

ဂျူဂျူနဲ့ အောင့်သက်သက်များ

ခလေးတွေများ ဟန်ဆောင်မှုမရှိ။ စိတ်ထဲရှိရာ ပြောကြတာပဲ။ ကိုယ်တွေငယ်ငယ်ကဆို ဧည့်သည်ရှေ့ အလိုက်ကန်းဆိုးမသိ ဟိုဟာပူဆာ၊ ဒါပူဆာဆို အမေက မျက်လုံးနဲ့ ပြူးပြ၊ မျက်မှောင်တွေ ကျုတ်ပြနဲ့။ တစ်ခါတစ်လေ ပေါင်တွင်းကျောတို့ ဗိုက်တွင်းကျောတို့တောင် လိမ်ဆွဲခံရသေးတယ်။ ကိုယ့်မလဲ မဂျူဂျူနဲ့ တစ်ခါတစ်လေ ဂွကျရတယ်။

တစ်ခါသား အောက်ထပ်က ဗမာဆိုင်လေး ဈေးဝင်ဝယ်တော့ ကိုင်နေကျ wallet က မပါခဲ့ဘူး။ မေ့ပြီး အကြွေအိပ်ကလေးပဲ ဆွဲပြီးထွက်လာခဲ့တာ။ ပစ္စည်းတွေလဲ ယူပြီးရော ပိုက်ပိုက်ပေးမယ်ကြံတော့ ပိုက်ပိုက်က မလောက်တော့ဘူး။ ဒါနဲ့ အကြွေးဝယ်ရမှာ အားနာလို့ အစ်မပိုက်ဆံအိပ်လေးမေ့နေလို့။ နောက်မှ တစ်ခေါက်ထပ်လာဝယ်မယ်လဲ ပြောရော။ မေမေမှာ ပိုက်ချန်အိပ်ပါတယ်။ ဒါပေမဲ့ အထဲမှာ အကြွေတွေချည်းပဲပါတယ် ဆို ၀င်ပြောလို့ မဂျူဂျူနဲ့ အရှက်ကွဲရပါရောလား။

ဟိုတစ်လောကလဲ ဧည့်သည်တွေလာတော့ အပြန်လိုက်ပို့ရင်းနဲ့ တစ်နေရာသွားစားကြတယ်။ ကိုယ်ကလဲ ဘာရယ်မဟုတ် အဲဒီနေ့မယ် အကျီအသစ်၊ လက်ကိုင်အိတ်ကလဲ အသစ်နဲ့ လက်စွတ်လေးတောင် အသစ်ကလေး ၀တ်ထားမိတာ။ မှတ်မိတာကတော့ နယူးရီးယားလို ဒစ်စကောင့်ချိန် ၀ယ်ထားတာနဲ့ သွားစရာရှိတာနဲ့ ကြုံကြိုက်သွားတာဖြစ်မယ်။ ကားပေါ်လဲကျရော မဂျူဂျူတို့ မအေနားထိုင်ပြီး အငြိမ်မနေ။ ဧည့်သည်တွေရှေ့ မအေ၀တ်ထားတဲ့ဟာတွေ တစ်ခုပြီး တစ်ခုကိုင်ကြည့်ပြီး မေမေ့ အကျီကြီးက အသစ်ကြီးနော်။ မေမေဘယ်တုံးက ၀ယ်လိုက်တာလဲဟင်။ မေမေ့ အိတ်ကလဲ အသစ်ပဲနော်။ ဂျူဂျူလဲ ကျောပိုးအိတ် အသစ်လိုချင်တယ်။ ဂျူဂျူ့လဲ အသစ်ဝယ်ပေးရမယ်နော်။ ဟင် ... မေမေဘာလို့ ဒီနေ့ လက်စွတ် အသစ်ကြီး ထုတ်ဝတ်လာတာတုံး ... ဂျူဂျုနဲ့တော်လား၊ မတော်လား ၀တ်ကြီးဦးမယ်ဆို အတင်းဆွဲချွတ်လိုချွတ် နဲ့ ဧည့်သည်တွေရှေ့ အရှက်ကွဲခဲ့ရပြန်ပါရော။ ဧည့်သည်တွေကတော့ ကိုယ့်အဖြစ်ကိုကြည့်ပြီး ပြုံးစိစိနဲ့။

ဟိုအပတ်ကလဲ ဖိုရမ်က မိတ်ဆွေတွေနဲ့ gathering ရှိလို့ဆို သားအမိနှစ်ယောက် သွားကြဘို့ရာ ထုံးစံအတိုင်း ဒေါ်ဆွိတီတို့ လှတပတဖြစ်အောင် ပြင်ဆင်ပေါ့လေ။ မက်စ်ကာရာတွေ ဘာတွေတောင် မသုံးစဘူးသုံးလို့။ အဲဒီမှာ လမ်းလဲရောက်ရော မီးပွိုင့်တစ်ခုမှာ ကားခဏရပ်တော့ မဂျူဂျူတို့ ကားနောက်ကြည့်မှန်ကနေ မအေကို ကြည့်ပြီး အားပေးလိုက်တာ ... မေမေ ... မေမေ ... မေမေက တရဲမကြီးနဲ့တူတယ်နော် ... တဲ့ ... သူပြောတာကြားတော့ လှတပတ ပြင်ဆင်ထားတယ်လို့ ထင်နေတဲ့ ဒေါ်ဆွိတီတစ်ယောက် ဘာပြန်ပြောရမှန်းမသိ။ ခဏကြောင်သွားသေးတယ်။ နောက်မှ သတိဝင်လာပြီး ဟဲ့သမီးရဲ့ ကိုယ့်အမေကို ဘာလို့ သရဲမကြီးနဲ့တူတယ်ပြော ရတာလဲဆိုတောမှ့ မဂျူဂျူတို့ မအေစိတ်ဆိုးမှန်းသိတော့ စပ်ဖြီးဖြီးနဲ့ ဖြောင့်ချက်ပေးပါတယ်။ မေမေ ဂျပင်တွေက ညက်စိနားကို အုပ်နေလို့ ပြီးတော့ ညက်လုံးအောက်မှာလဲ အမဲရောင်တွေ နဲ့ တရဲမကြီးနဲ့ တူလို့ တူတယ်လို့ ဂျူဂျူက ပြောတာပါတဲ့ ... ကောင်းရော။ သမီးလေးတစ်ယောက်မွေးထားပါတယ်။ မွေးရကျိုးတွေ နပ်ချက်တော့။ ။

Monday, February 8, 2010

ကန်ဇွန်းဟော့ပလိပ်

အဲဒီဟင်းကို NUS ကအဆောင် ကင်တင်းမှာ စားဘူးတာပါ။ ဆိုင်က ဟော့ပလိပ်တွေကို မှာမှ ချက်ချင်းကြော်ပေးတဲ့ဆိုင်ပါ။ ကျောင်းကဆိုတော့ တစ်ပွဲမှ ၄ကျပ် တော်တော် သက်သာပါတယ်။ သက်သာတော့ ဆိုင်က စားမယ်ဆို အမြဲစောင့်ရတယ်။ တစ်ခါသား ၄၅ မိနစ်လောက်ကို စောင့်လိုက်ရလို့ ကန်ဇွန်းရွက်ဝယ်ပြီး ကိုယ့်ဟာကိုယ်ပဲ အိမ်မှာစမ်းကြော်စားပလိုက်တယ်။ ဒီက စိတ်ကြီးတာ သူတို့ မသိကြဘူး။

သူက ကန်ကုန်းဘလာခြမ်းလိုပဲ။ ဒါပေမဲ့ ၀က်သားလေးနဲ့ဆိုတော့ ပိုကောင်းတာပေါ့။
ကန်ဇွန်းရွက်ကလေးတွေသင် ရေဆေး ရေစစ်ထား။ ၀က်သားလေးကို ပါပါးလှီး ဆား၊ ပဲငံပြာရည် အချို၊ သကြားနဲ့နယ်ထား။ ဂျင်းလေးကိုလဲ ပါးပါးလှီးထား။ ကြက်သွန်နီအလုံးကြီးကြီးတစ်လုံးလောက် အကွင်းလိုက်လှီးထား။
နောက်ပြီး ငပိကြော်ကို စင်္ကာပူစတိုင် ဆီရွှဲရွှဲ၊ သကြားများများနဲ့ ချိုချိုလေး ကြော်ထားတဲ့ ဟာလေးလဲ လိုတယ်။
နောက် ကြက်သွန်ဖြူ ၂မွှာ၊ ၃မွှာလောက်ကို သေးသေးလေးတွေ chop လုပ်ထား။
ပုဇွန်ခြောက်မှုန့်လေးလဲ တစ်ဇွန်းစာလောက် အဆင်သင့်ပြင်ထား။

ကြော်နည်းကတော့
မီးပျင်းပျင်းပေါ် ဒယ်အိုးတယ် ... ဆီစားပွဲဇွန်း ၃ဇွန်းလောက်ထည့် ကြက်သွန်ဖြူထည့်။ မွှေးလာရင် ဂျင်းထည့်
ဝက်သားလေးမွှေးအောင်ကြော်ပေး။
ဝက်သားကျက်လောက်ရင် ပုဇွန်ခြောက်မှုန့်လေးထည့်ကြော်၊ ငရုပ်သီး အရောင်တင်မှုန့်လေး နဲနဲလောက် အရောင်လှအောင် ပစ်ထည့်။ငရုပ်သီး မီးမကျွမ်းမီ ကြက်သွန်နီ၊ ကန်ဇွန်းရွက်၊ ငပိကြော်အချို၊ ပဲငံပြာရည်အချိုရည်၊ ဆား၊ သကြား အစုံထည့် ကန်ဇွန်းရွက် ကျက်သည်အထိ မွှေပေးပါ။ ကျက်ကျက်ချင်း ကြွေပန်းကန်အပြားပေါ် ပူပူလေးထည့် ထမင်းနဲ့ စားနိုင်ပါပြီ။ မြန်လဲမြန် ဟင်းတစ်မျိုးတည်းနဲ့ လဲ စားလို့ရပါတယ်။ ရေနွေးကြမ်းလေးနဲ့ပေါ့။













စင်ကပူစတိုင် ငပိအချိုကြော်
အပေါ်က ကန်ဇွန်းရွက်ကြော်တော့ ငပိကြော်လေး စားဖို့ အမြဲကြော်ထားတဲ့ အထဲက ယူကြော်ပါတယ်. စင်္ကာပူစတိုင်ငပိကြော်ဆိုတာ dumpling တို့ ဘဲကင်ရောင်းတဲ့ဆိုင်တို့မှာ ချပေးတဲ့ ငရုပ်သီးကြော်မျိုးပါ။ သူကဘာနဲ့တူလဲဆိုတော့ မြန်မာငပိကြော်ကို သကြားခပ်ထားတာနဲ့တူတယ်။ ကိုယ်လဲ အဲဒီဆိုင်တွေမှာ စားရင်းနဲ့ကြိုက်လို့ အိမ်မှာစမ်းလုပ်ကြည့်တာ။ တူတယ်လို့တော့ပြောကြတာပဲ။

ငရုပ်သီးခြောက် အရှည် စလုံးလိုဆို တစ်ကျပ်တန်အထုတ်ရဲ့ တစ်ဝက်လောက်ကို ဘလန်ဒါနဲ့ ကြိတ်၊ သိပ်အညက်ကြီးတော့ မဟုတ်ဘူးပေါ့။ ကြက်သွန်နီ တစ်ဥလောက်ကို ပါးပါးလှီးထားတာရယ်၊ ငပိ ထန်းညက်ခဲ ၃လုံးစာလောက်ကို ခြေထားတာရယ်၊ ပုဇွန်ခြောက်မှုန့် စားပွဲဇွန်းမောက်မောက် ၃ဇွန်းလောက်၊ သကြား စားပွဲဇွန်း တစ်ဇွန်းမောက်မောက်လောက်ကိုလည်း တစ်ခါတည်းထည့် အားလုံးပေါင်း ဘလန်ဒါနဲ့ကြိတ်ထား။

ဒယ်အိုးကြီးထဲ ဆီ များများထည့် (စားပွဲဇွန်း ၁၀ဇွန်းလောက်)မီးကအနေတော်လောက် (medium) ဆီကျက်ရင် အပေါ်က ကြိတ်ထားတာတွေ ထည့်ပြီး မီးအေးအေးနဲ့ ကြော်ပေတော့။ အရောင်လေးညိုလာပြီ မွှေးလာပြီဆို မြည်းကြည့်၊ ဆားသကြားလိုတာထပ်ထည့်။ အရောင်လေးလှချင်ရင် အရောင်တင်မှုန့်လေး ချခါနီးထည့်၊ စင်္ကာပူစတိုင် ငရုပ်သီးကြော်ရရော။ ထမင်းနဲ့ ဗမာ ငပိကြော်လိုလဲ စားလို့ရပါတယ်။ NTUC တွေမှာလဲ ရောင်းမယ်ထင်ပါတယ်။