Saturday, February 6, 2010

အန်တီဆွိအကြိုက် ...

ဘလော့ဂ်လာဖတ်သူ မိတ်ဆွေများ ခုတစ်လော ဘလောဂါမမတွေ၊ အန်တီတွေ၊ ညီမလေးတွေ ဘလော့မယ် ... ကိုယ့်အကြိုက်၊ ကျွန်မ အကြိုက် ... ဘယ်သူဘယ်ဝါအကြိုက်ဆိုလို့ သွားဖတ်လို့ကတော့ ထမီပုံနဲ့တိုးပြီသာမှတ်ပေတော့။ ခုလေးတင် တို့အစ်မကြီးခင်ဦးမေ ဘလော့က ကွန့်မန့်လေးတွေ ဖတ်ပြီးပြန်လာခဲ့တာ။ ကွန့်မန့်တွေကလဲ ဘလောဂါမမတွေကို အားပေးထားချက်တော့။

ခုလဲ အန်တီဆွိတို့ အကြိုက်ဆိုပြီး သူကလဲ တစခန်းထလာပြန်ပြီ။ သူငယ်ချင်းမသက်ဝေက ချစ်လို့ခင်လို့တက်လာတာဆိုလို့ ကိုယ်ကလဲ ချစ်လို့ခင်လို့ ဒီပို့စ်လေးကို ရေးပါတယ်။

အန်တီဆွိအကြိုက်ဆိုပေမဲ့ တကယ်တော့ မဆွိတီဟာ ထမီဝတ်ရတာကို ဘယ်တုံးကမှ မကြိုက်ခဲ့ပါဘူး။ ဘာလို့တုန်းဆိုတော့ ငယ်ငယ်က ထမီဝတ်တိုင်း မမြဲပဲ ခဏခဏလျှောကျ၊ ပြုတ်ကျနဲ့ ဒုက္ခရောက်ရလို့ပါပဲ။ ကိုယ်မှို့ အပြင်ထွက်ပြီဆို သူများတွေနဲ့မတူ ထမီမမြဲလို့ ပြန်ပြန်ဝတ်ရတာကလဲ ခဏခဏပါပဲ။ ဒါဘာလို့လဲဆိုတာပြန်ဆန်းစစ်ကြည့်တော့ ငယ်ငယ်ကတည်းက ဒေါက်မပါတဲ့ ထမီတွေ ၀တ်လို့ရယ်၊ လူကပိန်လွန်းအားကြီးတော့ ငှက်ပျောပင် အ၀တ်ပတ်သလိုဖြစ်ပြီး လျှောလျှောကျပြီး ကျွတ်ကျမှာကြောက်လို့ ခဏခဏပြင်ဝတ်ရတယ်ထင်တာပါပဲ။ ထမီတိုတိုတွေ ခေတ်စားပြန်တော့လဲ ထမီကိုတိုအောင် အထက်ဆင်နဲ့ လုံးလုံးပြီး ၀တ်ရတာ ကြာတော့ ပြန်ရှည်၊ ပြေန်လျှောကျနဲ့ အဲဒီတုံးကလဲ ခဏခဏ ပြင်ဝတ်ခဲ့ရတာပါပဲ။

နောက်ပိုင်း ထမီစကတ်တွေ ပေါ်လာတော့မှပဲ တော်တော်လေးကို အဆင်ပြေသွားပါတယ်။ ဆရာမလုပ်ခဲ့တဲ့ သက်တန်းတစ်လျောက်လုံးလဲ ပန်းပွင့်ပန်းခက် ဒီဇိုင်း မာဘယ်သားလို၊ စိန်မိုက်ကယ်သားလို ခပ်ပျော့ပျော့လေးတွေကို ထမီစကတ်လေးတွေချုပ်ပြီး ခါးတိုအကျီပြောင်လေးတွေနဲ့ တွဲဝတ်ခဲ့တာပါပဲ။ စလုံးကျွန်းရောက်ပြန်တော့လဲ စကတ်လေးတွေ ပဲ ၀တ်တာများပါတယ်။ သယ်လာတဲ့ ထမီစကတ်လေးတွေကတော့ ပိုလာတဲ့ အသားတွေကြောင့် ပေါင်တစ်လုံးသာလုံအောင်ဖုံးနိုင်တော့လို့ ညီမ၀မ်းကွဲလေးတွေကို စွန့်ကျဲလိုက်ရတော့တယ်။

ဒီလိုနဲ့ စကတ်တွေသာပိုင်ဆိုင်တဲ့ ဒေါ်ဆွိတီတို့ အမေတို့ဆီပြန်မယ်ဆို ထမီစကတ်လေးတွေ ချုပ်ရပြန်တယ်။ ထမီတွေဝတ်တိုင်း အစ်မခင်ဦးမေပြောသလိုပဲ အဒေါ်ကြီးပုံပေါက်သွားတဲ့ မဆွိတီဟာ မြန်မာပြည်ပြန်ရင်တော့ သည်းညည်းခံပြီးဝတ်ရှာပါတယ်။ အောက်ကလို ထမီလေးတွေပေါ့နော်။ ကိုယ်ကသာ ဟိုပြန်လို့ဆို ထမီကြီးနဲ့ အဒေါ်ကြီးဖြစ်နေတာ။ ဟိုမှာတော့ စကတ်တွေ ဘောင်းဘီတွေနဲ့ ခေတ်မှိချက်တော့။




ဟိုတလောက သူငယ်ချင်းတစ်ယောက် ဘုန်းကြီးကျောင်းမှာ အလှူလုပ်တော့ ချိတ်လုံချည်လေးနဲ့ ကျက်သရေရှိရှိ လှနေတဲ့ သူငယ်ချင်းကိုကြည့်ပြီး အားကျလာတာနဲ့ ရန်ကုန်ကအမေတို့ကို ချိတ်လုံချည်လေးတွေရယ်၊ တွဲဝတ်ဘို့ အကျီလေးရယ် မှာလိုက်ပါတယ်။ ရင်ဖုံးအကျီလေးတွေနဲ့ လှလို့ ၀တ်ကြည့်တော့ ထမီဝတ်လေ့မရှိတဲ့ မဆွိတောင် အဲဒီအကျီနဲ့ ထမီ အတွဲလေး ၂စုံကို အလွန်မှ ကြိုက်နှစ်သက်ခဲ့ပါတယ်။ အလယ်က အဖြူလေးကတော့ ဘုန်းကြီးကျောင်းတစ်ခုမှာ ကထိန်ခင်းတော့ ကျောင်းက အလှူ့ရှင်တွေ ဆင်တူဝတ်ရအောင်ဆို လက်ဆောင်ပေးထားတာလေးပါ။ ချည်သားလုံချည်လေးပါ။ ဒေါက်ကလေးလဲထည့်ချုပ်ထားတော့ ခါးမှာစည်းစည်းလေးနဲ့ အလွန်ဝတ်ကောင်းပါတယ်။ ပထမဆုံး ထမီကို ဒေါက်နဲ့ဝတ်ဖူးခြင်းပါ။ ဘာလို့ငယ်ငယ်က လုံချည်ကို ဒေါက်ထည့်မ၀တ်သလဲ မေးမလို့လား။ ငယ်သူမှို့ မသိပါလို့ပဲ ပြောရမလား ....
ထမီတွေမှာ ဒေါက်ထည့်ဝတ်ရင် ပုံလေးပိုကျပြီး ၀တ်လို့ပိုကောင်းတယ်။ ထမီလဲ ပိုမြဲတယ်ဆိုတာ မသိခဲ့လို့ပါ။

6 comments:

  1. ချိတ် လုံချည်လေးတွေ ချစ်စရာ...

    ReplyDelete
  2. ခ်ိတ္လံုက်ီၤေတြ လွလိုက္တာ။

    ReplyDelete
  3. ချစ်လို့ ခင်လို့ ရေးပေးတော့ ပိုပြီး ချစ်ရတာပေါ့...
    ဒီလိုနဲ့ မရှိမဲ့ ရှိမဲ့ အချိန်တွေလဲ ဘလော့ဂ်စာမျက်နှာတွေပေါ်မှာ ကုန်...
    ဒါကိုပဲ မမောမပန်း ပျော်မွေ့နေ...း))

    ချိတ် နက်ပြာလေး သိပ်လှတယ်...

    ReplyDelete
  4. အင်းးးးး
    အခုတလော စာတွေလိုက်ဖတ်ပြီးတော်တော် ဒုက္ခရောက်တယ်
    ချိတ်လေးတွေကအရမ်းလှပြီးလိုချင်စရာလေးတေ
    ကို့ မှာကလဲတစ်ထည်မှမရှိ
    အားငယ်လိုက်တာနော်း))

    ReplyDelete
  5. ချိတ်အဖြူလေး ၀တ်ထားတဲ့ ဓာတ်ပုံ မြင်ဖူးတယ်

    ReplyDelete
  6. အပေါ်က တတိယမြောက် အဝါပွင့်လေးရယ်...ချိတ်နက်ပြာလေးရယ် ကြိုက်တယ်...ဆွိဝတ်တာ မြင်ဖူးချင်လိုက်တာ...အသားဖြူတော့ သိတ်လှမှာပဲ...:))

    ReplyDelete