Tuesday, August 23, 2011

ဂျူဂျူလေးနဲ့ အော်ဇီကျောင်း ပညာရေး

အန်တီဆွိကို ဒီရောက်တော့မေးကြတာ ...

"ခလေး ပညာရေး ဘယ်လိုလဲ ..."
" အိမ်စာမလုပ်ရဘူးဆို ..."
"စလုံးမှာထက် သက်သာတယ်ပြောတယ် ... ဟုတ်သလား "
"ဘယ်နှစ်တန်းက စနေရသလဲ ... " အစရှိသဖြင့် မေးခွန်းတွေပေါ့။

ဒါတွေကို ပြန်ဖြေရမယ်ဆို ဟုတ်ပါတယ်။ ဒီမှာ ဂျူဂျူလေးဟာ စလုံးမှာထက် ပိုသက်သာပါတယ်။ အိမ်စာ လုံးဝ မရှိဘူးတော့ မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ အိမ်စာချည်းသက်သက်ဆို ၁၀ မိနစ်-၁၅မိနစ်လောက်ပဲ လုပ်ရပါတယ်။ သူတို့အိမ်စာ assignment စာရွက်မှာကို (written homework should generally take no longer than 10 to 15 mins )အဲလိုရေးထားတာပါ။ စလုံးမှာတော့ ကျောင်းကနေကို တရားဝင်စာကြည့်ချိန် ၃နာရီ သတ်မှတ်ထားတော့ ညညဆို အိမ်စာတွေ အများကြီး လုပ်ရတဲ့အပြင်၊ ကျူရှင်ကစာတွေပါ လုပ်ရတော့ တော်တော့်ကို ပင်ပမ်းပါတယ်။ ဒီမှာ စာဖတ်ဖို့ အချိန်(ကြိုက်တဲ့စာအုပ်ဖတ်) ကိုလဲ home work ထဲမှာ ထည့်ထားပါတယ်။ အဲဒါက ၁၀မိနစ်ကနေ ၁၅မိနစ်၊ အိမ်စာ (writeen) က ၁၀မိနစ်ကနေ ၁၅ မိနစ် စုစုပေါင်း အလွန်ဆုံး နာရီဝက်လောက်ပဲ လုပ်ရပါတယ်။ သောကြာနေ့နဲ့ weekend တွေမှာ အိမ်စာလုံးဝ မပေးလိုက်ပါဘူး။ နေ့စဉ် Monday ကနေ Thursday အထိ ခေါင်းစဉ်လေးတွေနဲ့ အတိအကျ အိမ်စာကို လုပ်ခိုင်းတာပါ။ ဂျူဂျူလေးကတော့ စာလုပ်ရမှာပျင်းတဲ့သူဆိုတော့ ဒီရောက်တော့ အရမ်းပျော်တာပေါ့ဗျာ။

အိမ်စာ နမူနာ
ဂျူဂျူလေးရဲ့ အိမ်စာ နမူနာပါခင်ည။






နောက်ပြီး အင်္ဂလိပ်စာ အရေးအသားအတွက် အပတ်စဉ် News ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Essay လို၊ Presentation လို ရေးရပါတယ်။ ခေါင်းစဉ်တွေကတော့ Energy, My favourite book, What I care for အစရှိသဖြင့် သတင်းခေါင်းစဉ်လို၊ Article လို ခေါင်းစဉ်တွေ ရေးရပါတယ်။ Power point slide show နဲ့လဲ ပြလို့ရပါတယ်။ အများအားဖြင့် ၃မိနစ်ကနေ ၄မိနစ်စာလောက်ပဲ ရေးရတာပါ။

နောက်ထူးဆန်းတာ တစ်ခုက ဒီမှာ text book ဆိုတာ မရှိတော့ ကျောင်းမှာ ဘာသင်မှန်းလဲ မသိရဘူး။ ကျောင်းကစာအုပ်တွေလဲ ကျောင်းမှာပဲ ထားရတယ်။ အိမ်ကိုလဲ တစ်ခါမှ မသယ်ရဘူးခင်ဗျ။ ခလေးတွေ စာအုပ်တွေ နေ့တိုင်းသယ်နေရရင် လေးမှာစိုးလို့နဲ့တူပါတယ်။ ကျောင်းမှာ စာအုပ်တွေအများကြီးရှိတယ်လို့ ဂျူဂျူကပြောပါတယ်။
နေ့စဉ်ဂျူဂျူကျောင်းကိုသယ်ရတာက အိမ်စာ စာရွက်တွေထည့်တဲ့ ဖိုင်လေးရယ်၊ အိမ်စာ Exercises book အပါးလေးတစ်အုပ်ရယ်ပါပဲ။ သောကြာနေ့ကျရင်တော့ ကျောင်းက library မှာ စာအုပ်၂အုပ်ငှါးရတော့ အဲဒီစာအုပ်တွေထည့်တဲ့ အိပ်လေးအပို သယ်ရပါတယ်။

အော်ဇီက အတန်းတွေ
အော်ဇီမှာ အတန်းတွေကို Year 1 , Year 2 အစရှိသဖြင့်ခေါ်ကြတယ်။ အမှန်က Year 2 က စင်္ကာပူ primary 1 နဲ့ 2 ကြားလောက်ပဲရှိတော့ ဂျူဂျူလေးအတွက် စာတွေက နိမ့်နေတယ်။ အင်္ဂလိပ်စာ အရေးတစ်ခုပဲ သူ့အတွက် နဲနဲမြင့်နေတာ။ သူတို့က အသက်နဲ့ပဲ အတန်းကို တွက်တာဆိုတော့ ဒီနှစ်ဇူလိုင်မှာ ၈နှစ်မပြည့်သေးတဲ့ ဂျူဂျူလေးက Year 2 ပဲ ရောက်သွားတာ။ ကျောင်းတက်ဖို့အတွက် ၀င်ခွင့်လို စာမေးပွဲတွေ ဘာတွေလဲ မရှိပါဘူး။

ဒီမှာရောက်စက သူတို့ အခေါ်အဝေါ်တွေကို မျက်စေ့လည်တာ။ အတန်းတွေကို K-2, K-6 အစရှိသဖြင့် ခေါ်သေးတယ်။ K ဆိုတာ Kindergarten ဖြစ်ပြီး K-2 ဆိုတာ သူငယ်တန်းကနေ Year 2 အထိပေါ့။ K-6 ဆိုတာ သူငယ်တန်းကနေ year 6 အထိ။ Primary School တွေက K-6 ထိ သင်ရတယ်ပေါ့။ ဒီမှာ သူငယ်တန်း စတက်မည့်သူက အဲဒီနှစ် ဇူလိုင်လ ၃၁ရက်နေ့မှာ ၅နှစ်ပြည့်ပြီးဖြစ်ရပါမယ်။ (စလုံးမှာတော့ primary ကျောင်းတွေမှာ သူငယ်တန်း မရှိပါဘူး)။ K-6 ကို အဆင့်တွေလဲ သတ်မှတ်ထားသေးတယ်။

Early Stage 1 -refers to Kindergarten

Stage 1 includes Years 1 and 2

Stage 2 includes Years 3 and 4

Stage 3 includes Years 5 and 6

NSW ပြည်နယ်မှာတော့ Year 7 ကနေ Year 12 အထိက High school ကျောင်းတွေမှာ ဆက်တက်ရမှာ ဖြစ်ပါတယ်။ တချို့ပြည်နယ်တွေမှာတော့ secondary school ခေါ်ပါတယ်။ ပြည်နယ်တစ်ခုနဲ့ တစ်ခု အခေါ်အဝေါ် ၊ အတန်းသတ်မှတ်ပုံ အနည်းငယ်ကွာခြားပါတယ်။ Year 12 ပြီးရင် HSC (Higher school certificate) ရပါတယ်။

NSW ရဲ့ ပညာရေး စံနစ်ကို အသေးစိပ် ဒီ နေရာမှာ သွားဖတ်နိုင်ပါတယ်။




သင်ကြားရမဲ့ ဘာသာရပ်များ


ဘာသာရပ်အနေနဲ့ကတော့ ခု ဂျူဂျူလေးတို့ Year 2 မှာ အင်္ဂလိပ်စာရယ်၊ သင်္ချာရယ်ပဲ အဓိက သင်ရတယ်။ ဂျူဂျူလေးကို မေးကြည့်တော့ ကျောင်းမှာတော့ တစ်ခါတစ်ရံ
personal development, health and physical education,
creative arts တွေလဲ သင်ရတယ် ပြောတယ်။ Foreign language (Community language ခေါ်ပါတယ်) ကတော့ ကိုယ်သင်ချင်ရင် သင်ချင်တဲ့ ဘာသာကို စာရင်းပေးလိုက်ရင် အဲဒီအတန်းကို သွားတက်ရတယ်။ လောလောဆယ်တော့ အငယ်တန်းတွေအတွက် တရုတ်နဲ့ ကိုရီးယား၂ဘာသာပဲ ရှိတယ်လို့ ပြောပါတယ်။ ဂျူဂျူလေးကိုတော့ တရုတ်စာသင်တန်းမှာ ဆက်သင်ထားတယ်။ တရုတ်စာက စလုံးမှာ တော်တော်ခရီးပေါက်ခဲ့ပြီဆိုတော့ မေ့သွားရင် နှမြောစရာ။ အဲဒီတရုတ်စာက အိမ်စာရယ်လို့လုံးဝမရှိ။ စာမေးပွဲလည်းမရှိဘူးခင်ဗျ။

K-6 (Primary school)မှာ သင်ကြားရမဲ့ ဘာသာရပ်တွေပါ။ စင်္ကာပူမှာ သင်ရတာတွေနဲ့ တော်တော်ဆင်ပါတယ်။ mother tongue language တစ်ခုပဲ ဒီထဲမှာ မတွေ့တာ။ ဒါပေမဲ့ ကိုယ်သင်ချင်ရင် အတန်းပိုင်ဆရာမကို ပြောပြီး သင်လို့ရပါတယ်။
English
mathematics
science and technology
human society and its environment
personal development, health and physical education
creative arts

NAPLAN စာမေးပွဲ
နောက်ပြီး အတန်းတိုင်းမှာ စာမေးပွဲမရှိပဲ Year 3, Year 5, Year 7 နဲ့ Year 9 တွေမှာပဲ တစ်နှစ်ခြားစီ NAPLAN (နပ်ပလမ်) ( National Assessment Program — Literacy and Numeracy )လို့ ခေါ်တဲ့ စာမေးပွဲ စစ်တယ်။ အဲဒီအတန်းတွေက မြန်မာပြည် ၁၀တန်းလို တစ်နိုင်ငံလုံး တစ်ချိန်တည်း မေးခွန်းတစ်ခုတည်းကို ဖြေရတာပါ။ စာမေးပွဲတွေက နှစ်စဉ် မေလ မှာ ကျင်းပလေ့ရှိပါတယ်။ အဆင့်တစ်ခုကနေ တစ်ခုတက်ဖို့အတွက် accessment သဘောမျိုးပေါ့ခင်ဗျာ။ Year 3 အတွက်ကတော့ အင်္ဂလိပ်စာ အရေးအဖတ် နဲ့ သင်္ချာဘာသာရပ်တွေကို စစ်တာပါ။ ဂျူဂျူတို့လဲ နောက်နှစ်မေလမှာ ဖြေရပါမယ်။

ဘာတွေမေးလဲဆိုတာ အသေးစိတ်ကိုတော့ ဒီ web page မှာ လေ့လာနိုင်ပါတယ်။

ကျောင်းဖွင့်ချိန်နှင့် ဟောလီးဒေးပိတ်ရက်များ
ကျောင်းတွေက နှစ်စဉ် ဇန်န၀ါရီလကုန်မှာဖွင့်ပြီး term တစ်ခုစီရဲ့ အဆုံးမှာ school holiday ၂ပတ်စီ ပိတ်ပေးပါတယ်။
၂၀၁၁ ခုနှစ်အတွက် school term တွေပါ။

Term 1 - 28 January 2011 to 8 April 2011

Term 2 - 27 April 2011 to 1 July 2011

Term 3 - 18 July 2011 to 23 September 2011

Term 4 - 10 October 2011 to 20 December 2011

စင်္ကာပူ Vs အော်ဇီ
ဂျူဂျူလေးလဲ နောက်နှစ် year 3 မှာ ဖြေရတော့မှာမှို့ သူအားနည်းတဲ့ အင်္ဂလိပ်စာ အရေးကို လေ့ကျင့်ပေးနေရပါတယ်။ ခုလောလောဆည်တော့ ဂျူဂျူလေးကို အင်္ဂလိပ်စာ ကျူရှင်မပေးသေးပါဘူး။ စောင့်ကြည့်နေဆဲပါ။ သင်္ချာကတော့ စင်္ကာပူကသင်ခဲ့တဲ့ Kumon ကို ဒီမှာလဲ တန်းခွဲရှိတာမှို့ ဆက်ယူပါတယ်။ အိမ်နဲ့လဲ သိပ်မဝေး၊ တစ်ပတ်ကို တစ်ရက်ပဲ ပို့ရတော့ အဆင်ပြေပါတယ်။ သင်္ချာကတော့ ကူမွန်ကျေးဇူးနဲ့ ဂျူဂျူလေးဟာ တစ်တန်းခွဲလောက် ကျောင်းထက် ကျောနေပါတယ်။ သင်္ချာအတွက်တော့ လုံးဝ စိတ်ပူစရာ မရှိဘူးပေါ့ခင်ဗျာ။ မကြာခင်အချိန်မှာ ၂တန်းလောက်ကျောရင် ဆုပေးမယ်ပြောပါတယ်။ ကူမွန်ယူတော့ ကူမွန်က အိမ်စာကတော့ လုပ်ရပါတယ်။ ဒါပေမဲ့ တရုတ်စာ အိမ်စာ လုံးဝမရှိတာရော၊ ကျောင်းက အိမ်စာနည်းသွားတာရော သူ့အတွက်တော်တော် သက်သာပါတယ်။ စင်္ကာပူမှာတုံးကတော့ ၃ဘာသာလုံးကျူရှင်ယူတော့ ကျူရှင်ကအိမ်စာ၊ ကျောင်းကအိမ်စာနဲ့ လုံးလည်လိုက်နေတာပါပဲ။

နောက်ပြီး စင်္ကာပူမှာတုံးက ဂျူဂျူတို့ကျောင်းကိုယ်၌ကိုက အဆင့်တက်အောင် ကြိုးစားနေလို့ Kiasu ကျောင်းဖြစ်နေပါတယ်။ သူများကျောင်းတွေ P1(Primary 1) မှာ စာမေးပွဲ မရှိတာကို ဂျူဂျူလေးတို့ခင်မျာ (P1 မှာတောင် ) တစ်နှစ်လုံး စာမေးပွဲ ၄-၅ခုနဲ့ နားရတယ်မရှိ စာကြည့်နေရတာပါပဲ။ စာမေးပွဲတစ်ခုပြီးလို့မှ နားမယ်မကျန်သေးဘူး။ နောက်စာမေးပွဲတစ်ခုအတွက် ပြင်ဆင်နေရပါပြီ။ စာမေးပွဲတွေကိုလဲ ခေါင်းစဉ်မျိုးစုံတပ်ပြီး ခလေးမနားရအောင် စစ်တော့တာပါပဲ။ ဒီမှာတော့ အဲလို စာမေးပွဲတွေ ခဏခဏ မရှိတာကိုက ခလေးတွေအတွက် stress လျော့စေပါတယ်။ စလုံးမှာ ခလေးကျောင်းပိတ်ရက်ဆိုလဲ အိမ်စာတွေက ကျောင်းပိတ်ရက်နဲ့ မတန်အောင် ပေးလိုက်တဲ့ အိမ်စာ list အရှည်ကြီးကိုကြည့်ပြီး ဆရာမတွေကို စိတ်တိုခဲ့ဖူးပါတယ်။ ဒီမှာတော့ school holiday ၂ပတ်ဆို ၂ပတ် အပြည့်အ၀ နားရပါတယ်။ အိမ်စာ လုံးဝ (လုံးဝ) မပေးပါဘူးခင်ဗျာ။ ဒါတောင် ဂျူဂျူတို့ကျောင်းက အောင်ချက်အရမ်းမြင့်ပြီး NSW ပြည်နယ်ရဲ့ အောင်ချက်အကောင်းဆုံး( Primary School) ထဲမှာ နံပတ် ၁၅ အတွင်း ၀င်တဲ့ကျောင်းပါခင်ညာ။


ဂျူဂျူလေးတို့ကျောင်း

ဂျူဂျူတို့ကျောင်းအကြောင်း ဆက်ရေးရရင် မဆွိတီတို့ ဒီဖက်ပြောင်းမယ်ဆိုတော့ ဦးခြိမ့်အလုပ်နဲ့လဲ သိပ်မဝေးတဲ့ ကျောင်းကောင်းတာလေး အရင်ရှာ၊ ပြီးမှ ကျောင်းအနီးအနားမှာ အိမ်ငှါးနေရတာပါ။ ကျောင်းကောင်းတာကတော့ ဂူဂဲလ်မှာ "top primary schools in nsw" လို့ရှာလိုက်ရင် list တွေ ထွက်လာတာပါပဲ။


ဒီမှာလဲ စလုံးလိုပဲ။ အဲဒီကျောင်းမှာ အပ်ချင်ရင် ကျောင်းနား တစ်ကီလိုမီတာ ပတ်လည်လောက်မှာနေမှ ကျောင်းအပ်လို့ရမှာမှို့ အိမ်ရအောင် မနည်းရှာလိုက်ရပါတယ်။ ရယ်စရာကောင်းတာက ဂျူဂျူတို့ကျောင်းက နာမည်ကြီးတော့ အများအားဖြင့် အဖြူတွေ မနေပဲ၊ ပညာရေးမှာ Kiasu ဖြစ်တဲ့ မဆွိတီတို့လို အာရှတွေပဲ တက်တာများတယ်ခင်ည။ ရောက်စကတော့ ဂျူဂျူလေးအတွက် စိတ်ပူတာ၊ အဖြူတွေ နှာခေါင်းချွန်ချွန်တွေကြားမှာ မျက်နှာငယ်ရှာရော့မယ်ထင်နေတာ။ ကျောင်းသွားအပ်တဲ့နေ့လဲကျရော အထင်နဲ့ အမြင်တက်တက်စင်လွဲပါလေရော။ ဂျူဂျူလေးတို့ အတန်းထဲမှာ လူ၂၈ ယောက်ရှိရာမှာ ကျန်တာတွေက အာရှသားတွေဖြစ်ပြီး ၃ဦးသာ အဖြူ(ဥရောပတိုက်သား-သြော်ဇီလူမျိုး) တွေဖြစ်နေလို့ပါပဲ။ အများအားဖြင့် ထိုင်ဝမ်တို့ ဟောင်ကောင်တို့က တရုတ်တွေ၊ ဗီယက်နမ်တွေ၊ လက်ဗနွန်တွေ၊ နောက် ကိုးရီးယားတွေနဲ့ အိန္ဒိယလူမျိုး အနည်းငယ် ဖြစ်ပါတယ်။ စလုံးကလာတဲ့ တရုတ် အင်မတန်ရှားပါတယ်။ ဂျူဂျူလေးအတွက်ကတော့ တရုတ်တွေနဲ့ used to ဖြစ်နေတော့ သိပ်တော့ မဆန်းဘူးပေါ့ဗျာ။ တော်တော်ကို အဆင်ပြေပါတယ်။ သင်တဲ့ ဆရာဆရာမတွေကတော့ အားလုံး အဖြူတွေပဲ ဖြစ်ပါတယ်။ ဒီက ဓလေ့ထုံးစံအရ ဆရာ၊ ဆရာမတွေကလဲ အင်မတန် ဖော်ရွေပြီး သဘောကောင်းကြသူတွေများပါတယ်။ ခွဲခြားမှု မရှိပါဘူး။

ကျောင်းအတွက် ကုန်ကျစံရိတ်


ဒီမှာကျောင်းလခက အခမဲ့ပေမဲ့ ကျောင်းစအပ်တော့ အလှူငွေဆိုပြီး ၁၀၀ ထည့်ရသဗျ။ နောက်ပြီး ကျောင်းမှာလုပ်တဲ့ activity ဖိုးတွေကလဲ ပေးရတော့ ပြီးခဲ့တဲ့ term က စုစုပေါင်း ၂၀၀ လောက်ကျတယ်။ ဒါတင်မက ကျောင်းဝတ်စုံစံရိတ်က အင်မတန်ဈေးကြီးသဗျ။ အခုဝတ်နေတဲ့ Winter uniform (၂စုံ)ဆို အထပ်ထပ်ဝတ်ရတာမှို့ ရယ်၊ အားကစားနေ့တွေအတွက် Sports uniform တစ်စုံဝယ်လိုက်တာရယ်၊ ကျောင်းယူနီဖောင်းဖိုးတင် ၄၀၀လောက်ကျသွားပါတယ်။ အင်္ကျီဈေးတွေကလဲ မတရားသဖြင့်တင်ထားပါတယ်။ ခလေးဝတ်ရှပ်အကီင်္ျ လက်ရှည်တစ်ထည်ကိုတောင် ၂၈ ကျပ်နဲ့ ရောင်းပါသဗျာ။ ခုနောက်တန်းအတွက်လဲ activity ဖိုး ၁၀၀လောက် ထပ်ပေးလိုက်ရသေးတယ်။ activity ဆိုတာကတော့ ကျောင်းမှာ လုပ်တဲ့ အားကစားပွဲတို့၊ Excursion ထွက်တာတို့၊ ကျောင်းက လုပ်တဲ့ ပညာရေးနဲ့ဆိုင်တဲ့ show တို့အတွက်ပေါ့။ နောက် summer ရောက်ရင်လဲ summer uniform ဆိုလဲ ထပ်ဝယ်ရဦးမတဲ့။

ဂျူဂျူလေးရဲ့ ကျောင်းဝတ်စုံ။ (အပေါ်ဝတ် အနွေးထည် Jacket မပါသေးပါ။)


ဒါကိုသိလို့လားမသိ အစိုးရက အဲဒီဝတ်စုံဖိုးတွေကို နောက်နှစ်ကစပြီး tax ပေးတဲ့နေရာမှာ ပြန် claim လို့ရပြီလို့ ကြေငြာထားတယ်။ ခုလောလောဆယ်တော့ စာရေးကိရိယာဖိုး ဒေါ်လာ၃၅၀ဘိုး အထိ claim လို့ရတယ်။ မဆွိတီတို့က မသိတော့ ဘောက်ချာတွေ မသိမ်းထားတာနဲ့ အဲဒါလဲ ဒီနှစ် မ claim လိုက်ရဘူး။ ကျောင်းက text book ဖိုးကတော့ မရှိသလောက်ပဲ။ စာရေးကိရိယာဆိုလဲ exercises စာအုပ်လေးတစ်အုပ်နဲ့ ခဲတံ၊ ခံဖျက်၊ ပေတံ ဒါလောက်ပဲ။ အပြင်ကနေ ၀ယ်ရတာ။

ကျောင်းတက်ချိန်
ကျောင်းချိန်ကတော့ တစ်နေကုန်ကျောင်းခေါ်ရမလား။ မနက် 9:25 မှာတက် ညနေ- 3:25မှာ ဆင်းပါတယ်။
နေ့ခင်း ထမင်းစားချိန် (Lunch- 11:25am - 12:15pm ) ကတော့ တစ်နာရီနီးပါးဖြစ်ပြီး Recess( 2:05pm - 2:25pm) ခေါ်တဲ့ မုန့်စားချိန်လဲရှိပါတယ်။ ခလေးအများစုကတော့ အိမ်ကပဲ Sandwitch လိုဟာမျိုး ထုတ်လာကြတာများပါတယ်။ Recess အတွက်လဲ ဘီစကစ်လို၊ ကွတ်ကီးလို၊ ချောကလက်လို မုန့်မျိုးတွေ ထည့်ပေးရပါသေးတယ်။ ဂျူဂျူးကတော့ ကျောင်းက ကင်တင်းမှာ အအေးဗူးလို ဟာမျိုးတွေပဲ တစ်ခါတစ်ရံ ၀ယ်သောက်ပါတယ်။ ထမင်းလို ခေါက်ဆွဲလိုဟာမျိုးတော့ ဘယ်သူမှ မထုတ်လို့ ဂျူဂျူကလဲ မယူပါဘူးခင်ဗျာ။ အဲဒီတော့ သူ့ကို အိမ်ရောက်တာနဲ့ ဗိုက်ဝမဲ့ ထမင်းလို၊ ခေါက်ဆွဲလိုဟာမျိုး ထပ်ကျွေးရပါသေးတယ်။ ညစာတော့ သူ့အဖေပြန်လာမှ၊ ၆ခွဲ ၇လောက်မှ စားကြလို့ တော်သေးတယ်။


News letter



ကျောင်းရဲ့ activity တွေနဲ့ ပတ်သတ်လို့ ကျောင်းကနေ အပတ်စဉ် news letter လေးတစ်စောင်ထုတ်ပေးပါတယ်။ အဲဒီထဲမှာ ကျောင်းနဲ့ ပတ်သတ်သမျှ အားလုံးစုပြီး ရေးထားပါတယ်။ libiary မှာ volumteer လိုတာက အစ၊ ဘယ်ဆရာမ အသစ်လာတာက အစ၊ သတင်းမှန်သမျှ အကုန်ရေးထားပါတယ်။ ဒီထဲမှာပဲ ခလေးတွေရဲ့ manner နေ့စဉ်အပြုအမူ၊ ဂရုစိုက်သင့်တာလေးတွေနဲ့ပတ်သတ်ပြီးလဲ မိဘတွေကို လေ့ကျင့်ပေးဖို့ရေးထားပါတယ်။ ဒီမှာ စလုံးထက်သာတာတစ်ခုက ခလေးရဲ့ အပြုအမူ good character၊ good behaviour နဲ့ ပတ်သတ်ပြီးလဲ သေချာကို သင်ကြားပေးတာမျိုး ရှိပါတယ်။ အောက်က news letter မှာပါတဲ့ စာလေးတွေ ဖတ်ကြည့်ပါ။






ပညာရေးနဲ့ ပတ်သတ်ပြီး စိုးရိန်မှု

မဆွိတီတို့ မိဘတွေအနေနဲ့ စိုးရိမ်တာတစ်ခုက စာသိပ်မလုပ်ရတော့ ခလေးက ပေါ့သွားမှာလဲ ကြောက်နေရတယ်။ မဆွိတီတို့ ဒီကိုလာခါနီး စလုံးကနေ ကနေဒါကို ၆နှစ်လောက်ထွက်သွားတဲ့ ဦးခြိမ့်သူငယ်ချင်း မိသားစုတစု စင်္ကာပူကို အပြီးပြန်လာတယ်။ အကြောင်းကတော့ သူ့ခလေးတွေ ပညာရေး အားမရလို့၊ ခလေးတွေ မနိုင်လို့ဆိုတယ်။ သားလေး၂ယောက်ရှိရာမှာ ကျောင်းမှာ သိပ်လွတ်လပ်လွန်းပြီး ဘာ pressure၊ တွန်းအားမှ မရှိတော့ ခလေးတွေ စာလုပ်ဖို့ပြောလို့မရ၊ စာလဲကြိုးစားမှုမရှိပဲ ပညာရေးအခြေအနေ အလွန်ဆိုးရွားလာလို့ စိတ်ပျက်ပြီး စလုံးကို ပြန်လာတယ်လို့ ဆိုပါတယ်။ ဟုတ်မဟုတ်တော့မသိပါ။ မဟုတ်ရင်တောင်မှ ပြန်လာတဲ့ အချက်ထဲက တစ်ချက်တော့ဖြစ်နိုင်လောက်တယ်လို့ ကောက်ချက်ချမိလို့ မဆွိတီတို့လဲ ဂျူဂျူလေးကို မလျော့ မတင်း စောင်းကြိုးညှင်းဆိုသလို သိပ်ပေါ့မသွားအောင် လုံးဝလွှတ်မထားပဲ ခုလိုငယ်ငယ်ကတည်းက နဲနဲပါးပါးတော့ လေ့ကျင့် ကြပ်မတ်ပေးနေရပါကြောင်း။

15 comments:

  1. အစ်မရေ
    စိတ်ဝင်တစားဖတ်ရူသွားပါတယ် ..ကျေးဇူးတင်ပါတယ်..ဂျူဂျူ လေးက ၈နှစ်ဆိုတာကိုတော်တော်သဘောကျနေတာ..အရမ်းထွားနေလို့အံသြသဘောကျမိတာပါ...စလုံးမှာထက်စာရင် ပိုထွားလာပြီး ချောလဲချောလာတယ်...

    ReplyDelete
  2. ဟုတ်တယ် Crystal ရေ။ ဂျူဂျူ ထွားလာတာတော့အမှန်ပဲ။ အတန်းထဲမှာ သူက ဒုတိယ အရပ်အမြင့်ဆုံးလေ။ ကျောင်းအပ်ခါစက အတန်းထဲက ခလေးတွေက ဂျူဂျူ့အသက်ကို ခဏခဏ မေးနေကြတယ်။ ၇နှစ်ခွဲဆိုတာ မနဲရှင်းပြနေရတယ်။

    ReplyDelete
  3. အော်စီက ကျောင်းအကြောင်းတွေဖတ်ရတာ ဗဟုသုတရတယ်၊ ဂျူဂျူလေး အရပ်ရှည်တာကတော့ အမေနဲ.တူလို. နေမှာပါ၊

    ReplyDelete
  4. ကိုယ်တိုင် သူငယ်တန်းကနေစပြီးနေချင်စိတ်ပေါက်သွားတယ် မမ။

    ReplyDelete
  5. မောင်လူအေးAugust 23, 2011 at 5:21 PM

    စင်္ကာပူရဲ့ပညာရေးက အရမ်းဖိအားများ အရမ်းကြိုးစားရပေမဲ့ သူတို့ကျောင်းသားလေးတွေရဲ့ ဖွံ့ဖြိုးမှုစရိုက် နောက်လူအချင်းချင်းရိုင်းပင်းကူညီမှု အခြားလူအပေါ်ထားရှိတဲ့ရိုသေလေးစားမှု စတဲ့အရာတွေမှာတော့ အများကြီးနိမ့်ကျနေတာတွေ့ရပါတယ်။ စာကောင်းကောင်းတတ်ရုံနဲ့ လူကောင်းတစ်ယောက်ဖြစ်မလာနိုင်ပါ။ ငယ်ရွယ်စဉ် ဖိအားအရမ်းများခဲ့တဲ့ကလေးတွေဟာ အသက်ကြီးလာရင် စိတ်ကျရောဂါ၇ဖို့ တကိုယ်ကောင်းဆန်မှုပိုများဖို့ ပတ်ဝန်းကျင်အပေါ်အကောင်းမမြင်တတ်တဲ့စိတ်ထားပိုများလာနိုင်ကြောင်း သိရပါတယ်။ စင်္ကာပူးရီးယန်းအများစုရဲ့စိတ်ဓာတ်နိမ့်ကျမှုကိုလည်း စလုံးမှာနေထိုင်လုပ်ကိုင်ဖူးတဲ့ လူတွေသိကြမှာပါ။ သြစီမှာနေထိုင်းကြီးပြင်းတဲ့အတွက် အင်္ဂလိပ်စကားပြောတဲ့ လေယူလေသိမ်းကတော့ စလုံးမှာကြီးပြင်းတဲ့ လူတွေထက် အများကြီးသာသွားမှာပါ။ အဲဒါကလည်း စလုံးမှာသိပ်မသိသာပေမဲ့ အနောက်နိုင်ငံတော်တော်များများကို အလုပ်ကိစ်စနဲ့သွားရတဲ့အခါ အရမ်းအရေးပါလာပါတယ်။ ကျွန်တော်ကတော့ ကလေးတွေကို လွတ်လပ်ခွင့်ပေးထားတဲ့ သြစီကပညာရေးကိုဘဲ အထူးနှစ်သက်အားပေးမိပါတယ်။ (မောင်လူအေး)

    ReplyDelete
  6. Thanks for the post.
    WD

    ReplyDelete
  7. We Burmese forms and regards highly of (pyin_Nyar) knowledge, wisdom and education.
    But here although both parents are educated well above first degree level and still thinks in terms of ‘push the child to do well and go to Harvard asian mentality’. I know we all asian but the way Burmese value education is way different from say,Chinese,who only want their kids to be doctor, dentist and lawyers, because in their limited thinking capcity,these profession are all but money dispensers, not surprisingly their symbol of god whom they worship.
    On the other hand, we can see Burmese had long, may be thousands of years of tradition for education, knowledge and wisdom, for its own sake and perhaps to become good person or other secondary and tertiary goals. Just take a look at verses, teachings and traditional canonical literatures. Or present day, how about Saya Gyi U Aung Thins’ lectures and writings.
    Now your child is in the society and environment of highly civilized country, where children are nurture to suit their aspirations, aptitude, and talent and interests. But not so well to see the parents are thinking still backwards.
    You may get disagree or even offended, but this seems to be the case. Anyway this is personal /family blog and the commenter is nobody as well. Just leaving the comment on observing things which are interesting.

    ReplyDelete
  8.်ထိုင်းမှာလဲ အဲလိုပဲ အိမ်စာ သိပ်မပေးဘူး။ ဒါပေမဲ့ကျောင်းမှာ ထမင်းကျွေးတယ်။ ဟင်း ၄ မျိုးထဲက ကြိုက်ရာ ၂ မျိုးနဲ့ စားလို့ရတယ်။ မနက် ၈နာရီကျောင်းအရောက်သွားရတယ်။ ၈နာရီ နိုင်ငံတော်သီချင်းဆိုချိန် အမှီပေါ့။ အဲဒီ ၈ နာရီ အချိန်ဆိုရင် လမ်းပေါ်က ဆိုင်ထဲက လူတွေတောင် မတ်တပ်ရပ် နေကြတယ်။ ၉ နာရီ ခွဲမှာ မုန့်စားချိန် ၁၅ မိနစ်ပေးတယ်။ နောက် ၁၂ နာရီနဲ့ ၁ နာရီ ကို နေ့လည်ထမင်းစားချိန်။ ညနေ ၄ နာရီ ၁၀မိနစ် ကျောင်းဆင်းတယ်။ အော်စီနဲ့ တော်တော်များများတူတယ်။ အကျီ င်္ဝတ်စုံ တနှစ် တစုံစာပေးတယ်။ ကျောင်းဝတ်စုံ ၃ ရက်၊ ဘွိုင်းစကောက်ဝတ်စုံ တရက်၊ အားကစား ၀တ်စုံတရက် ၀တ်ရတယ်။ စာရေးကိရိယာဝယ်ဖို့ သတ်မှတ်ထားတဲ့ တန်ဘိုးတခု ပေးတယ်။ ပုံနှိပ်စာအုပ် နဲ့ဘလာစာအုပ် ကျောင်းက သတ်မှတ်ထားတဲ့ တန်ဘိုးနဲ့ ၀ယ်ရတယ်။ ထိုင်းမှာလဲ စာအော်ကျက်နေတာ တခါမှမကြားဖူးဘူး။
    အော်စီပညာရေးကို ဖတ်ရတာ သဘောကျတယ်။ လွတ်လတ်ပေါ့ပါးပျော်ရွှင်နေမဲ့ ကလေးတွေကို မြင်ယောင်မိတယ်။
    အမခင်မင်းဇော်

    ReplyDelete
  9. ကျောင်းဝတ်စုံလေးနဲ့ ချစ်စဖွယ်ဂျူဂျူးလေးကိုတွေ့တော့ ကျောင်းပြန်တက်ချင်စိတ်တွေ ပေါက်သွားမိတယ် ။
    အော်ဇီရဲ့ ပညာရေးအကြောင်းဖတ်ရတာလည်း ဗဟုသုတရမိပါတယ်။ ကလေးတွေကို ပညာတစ်ခုတည်းမဟုတ်ဘဲ စိတ်ဓာတ်ရေးရာက အစ ဂရုတစိုက် အလေးထားတဲ့ ပညာရေးစနစ်ကိုလည်း အားကျမိပါတယ်။

    ReplyDelete
  10. Anonymous said...

    But not so well to see the parents are thinking still backwards.
    You may get disagree or even offended, but this seems to be the case. Anyway this is personal /family blog and the commenter is nobody as well. Just leaving the comment on observing things which are interesting.
    ========================

    For the comment on Anonymous
    -------------
    Yes, sometimes talking with theory is easier than smoothly way to nurture the child's future. Yes, we do not like to give pressure or make her too much stress on her study as we encountered in Singapore. On the other hand, we feel that the way of teaching in Australia is too much relax on study.

    We had talked with each others as parents, we don't want to interfere Ju Ju future what she want to be. Of course, as parents, we want our daughter to be on top of the world or doctor, lawyer. I have ever asked my daughter once that what she wanted to be, you can imagine that as times passed by, her wishes has changed, chef or artist as she used to see in television.

    I had ever talked to her that I don't want you to become engineer that most of engineers have to work hard and earn less though I am engineer. I wanted to her as management path way to become entrepreneur.

    I have learned from my parents that we can't let kid too much relax on her study nor too much stress. We use to pressure on sometimes and relax on a few day, let say, balance on what she need to be. As Ju Ju is still young to take her own decision, we won't force her what we want to be but we will let her what she want to be but with proper guideline, I can say now.

    mgchaint

    ReplyDelete
  11. ပညာရေး ဗဟုသုတလေးတွေ ဖတ်သွားတယ် စွိတီရေ။
    ကလေးတွေကို ကိုင်တွယ်တဲ့အခါမှာ သူ့နေရာနဲ့သူ မလျော့မတင်းကိုင်တွယ်ခြင်းဟာ အကောင်းဆုံးသောနည်းလမ်းပဲလို့ ယူဆမိတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. တီတီဆွိရေ .. များသောအားဖြင့် အာရှသားသားသမီးတွေက ဒီမှာစာ တော်ကို တော်ပါတယ်. ဒါပေမယ့် တီတီဆွိမိတ်ဆွေလိုပဲ ကလေးတွေကိုအားမရပါဘူး..ကလေးကအချောင်ခိုတယ်..ကျောင်းက အချောင်ခိုတယ် စသည်ဖြင့် ကလေးကိုအတင်း ဖိအားပေးတတ်ပါတယ်. အဲ့ဒါမှာတင် ကလေးက ကျောင်းနဲ့ အိမ်နဲ့ ကြားမှာ ဘာလုပ်ရမှန်းမသိပဲ ကျောင်းထွက်ပစ်လိုက်တဲ့ကလေးတွေ အများကြီးပါ ..

    ReplyDelete
  13. အောင်မျိုးAugust 24, 2011 at 4:24 PM

    အခုလိုဗဟုသုတလေးတွေကို ပြန်လည်ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်လည်း စလုံးကနေ သြစီနဲ့ နယူးဇီလန် တစ်ခုခုကို ပြောင်းေ၇ွှ့အခြေချဖို့ ကြိုးစားနေပါတယ်။အန်တီဆွိတို့ ဦးခြိမ့်တို့ဘယ်အေးဂျင့်ကို ငှားခဲ့ပါသလဲခင်ဗျာ။ နယူးဇီလန်ကတော့ အော်စီလောက် လခမကောင်းပေမဲ့ immigrate လုပ်ဖို့ပိုပြီးလွယ်ကူတယ်လို့သိရပါတယ်။ နယူးဇီလန်ရဲ့ပညာရေးကလဲ သြစီလိုကောင်းမယ် ကလေးတွေအတွက် အခွင့်အလမ်းတွေ ပိုများမယ်ဆိုရင်တော့ အဲဒီကိုဘဲ သွားဖြစ်မယ်ထင်ပါတယ်။ တကယ်လာချင်တာကတော့ သြစီပေါ့လေ။ immigration rule တွေပြောင်းသွားလို့ သြစီကပိုကျပ်သွားတယ်လို့ ပြောကြလို့။ ကျွန်တော့်အလုပ်က biomedical researcher (lab techinician) ပါ။ အဲဒါနဲ့ပက်သက်ပြီး ပိုစ့်လေးတစ်ခုလောက်ရေးပေးပါလားခင်ဗျာ။ လေးစားစွာဖြင့်

    ReplyDelete
  14. စိတ်ဝင်စားစရာအရမ်းကောင်းတယ် အမ.. ဂျာမနီမှာတော့ ကလေးတွေကို လွယ်အိတ်အလေးကြီးတွေ လွယ်ခိုင်းတယ်.. ကလေးနဲ့တောင်မမျှဘူး

    ReplyDelete
  15.ွှThanks for sharing about aussie education, ama sweet. Interesting topic, indeed!

    ReplyDelete