အန်တီဆွိ အစားအသောက်ချက်နည်းများကို တင်ပေးနေရာ အမှန်တော့ အထူးအဆန်းများ သိပ်မပါလှပါ။ မြန်မာလူမျိုးများ အိမ်တွင် နေ့စဉ်ချက်ပြုတ်နေသော ဟင်းများ၊ မုန့်များကိုသာ အများအားဖြင့် တင်ပေးနေခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်ကတော့ ဟင်းလုံးဝမချက်တတ်သော starter များအတွက်၊ အိမ်တွင်ဘာမှမလုပ်ရ နိူင်ငံရပ်ခြားရောက်မှ မချက်တတ်၊ မလုပ်တတ်နှင့် အစားအသောက်အတွက် ဒုက္ခရောက်ရသူများအတွက် ပို၍ရည်ရွယ်ပါသည်။
မဆွိတီတို့ အိမ်မှာ အုန်းနို့ခေါက်ဆွဲ အားလုံးကြိုက်ကြပါသည်။ အထူးသဖြင့် မဂျူဂျူ ကြိုက်သည်ကို ဝမ်းသာရပါသည်။ ဂျူဂျူ အုန်းနို့ခေါက်ဆွဲ စားတတ်သွားပုံမှာ ထူးဆန်းသည်။ သူသည် အစားအလွန်ချေးများရာ မြန်မာအစားအသောက် မည်သည့်အရာကိုမျှ မြည်းစမ်း စားသောက်ခိုင်း၍မရ။ ခေါင်းလဲ အလွန်မာသည်။
တစ်ခါတွင် ဘန်ကောက်သို့ ဟောလီးဒေးထွက်ရာ လေယာဉ်ပေါ်တွင်စားရသော အုန်းနို့ခေါက်ဆွဲနှင့်ခပ်ဆင်ဆင် ယိုးဒယားစာတစ်ခုကို စားရာမှ ကြိုက်သွားခြင်းဖြစ်လေသည်။ သူသည် အိမ်တွင် စားဖို့ပြောရသလောက် လေယာဉ်ပေါ်ရောက်လျှင် အလွန်ဆာလေသည်။ လေယာဉ်ထွက်သည်နှင့် ဗိုက်ဆာပြီ၊ လေယာဉ်မယ်လေးတွေ လှုပ်လှုပ်ရွရွ တွေ့သည်နှင့် စားရတော့မှာလား။ သူတို့က မလာပေးသေးဘူးလား အစရှိသဖြင့် တတွတ်တွတ် ပူဆာတတ်သည်။ ခလေးတွေအားလုံး ဒီလိုပဲလားမသိ။ လေယာဉ်ပေါ်စားရလျှင် ဘာကျွေူးကျွေး စားလေသည်။ မဂျူဂျူမှာ ထိုစဉ်က စားခဲ့ရသော ခေါက်ဆွဲကို အကြောင်းပြု၍ နောက်ပိုင်း အိမ်တွင်လည်း လေယာဉ်ပေါ်မှ စားခဲ့ရသော ခေါက်ဆွဲဆိုကာ ချက်ကျွေးရာမှ အုန်းနို့ခေါက်ဆွဲသည် သူ့စိတ်ကြိုက်စားစရာတစ်ခု ဖြစ်လာလေသတည်း။ မှတ်သားလောက်ပါပေသည် ပိတ်သတ်ကြီးး)
အန်တီဆွိကတော့ ထုံးစံအတိုင်း ဗမာစာ ဘာဖြစ်ဖြစ် ကြိုက်ပါသည်။ ဦးခြ်ိမ့်ကတော့ သွေးတိုးကြောက်လို့ ကြိုက်ပေမဲ့ သိပ်တော့ မစားရဲပါ။ တစ်ခါတစ်ရံ သူ့အတွက်ချက်လျှင် နို့စိမ်းတစ်ဝက်၊ အုန်းနို့တစ်ဝက်နှင့်ချက်ပေးရသည်။ ဘေးကင်းရန်ကင်း မနက် အိပ်ရာထ စိတ်ပူစရာမလို။
ပြီးခဲ့သည့်ပို့စ်မှာ ညီမငယ် မမြရီမှ အုန်းနိူ့ခေါက်ဆွဲချက်နည်းကို ကွန်မန့်မှတဆင့် မေးထား၍ ဓာတ်ပုံများလဲ အဆင်သင့်ရှိသည်နှင့် တင်ပေးလိုက်ပါသည်။ ဓာတ်ပုံများမှာ ကြာပြီဖြစ်ရာ အတိုင်းအတာများမှာ ခန့်မှန်းချေသာဖြစ်၍ လိုတိုး ပိုလျှော့ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
-------------------------------------------------------------------------------------------------------
အိမ်မှာ အများအားဖြင့် အုန်းနို့ခေါက်ဆွဲကို ပဲစိမ်းမှုန့်နှင့်သာ ချက်ပါသည်။ တချို့လည်း ကုလားပဲကို နူးအိနေအောင်ပြုတ် ညက်နေအောင်ကြိတ်ပြီး ချက်ကြပါသည်။ အရသာမှာ အတူတူပဲထင်ရာ အပင်ပန်းခံ၍ ပဲကို ကြိတ်မနေတော့ပဲ ပဲမှုန့်ကိုသာ အလွယ်ချက်ပါသည်။
လိုအပ်သောပစ္စည်းများ (လူ၄-၅ယောက်စာခန့်)
ပဲစိမ်းမှုန့် (မွှေး သို့ သင့်ရာ)ဆန်ချင် ခွက် ၄ပုံ ၃ပုံ (3/4) (သိပ်ပျစ်တာ မကြိုက်လျှင် ခွက်တစ်ဝက်သာထည့်ပါ၊ ဟင်းကျက်ခါနီးမှ ကိုယ်လိုသလို ထပ်ပျစ်ချင်လျှင် ပဲမှုန့်ကို အရေဖျော် ထပ်ထည့်လို့ ရပါသည်)
ကြက်ရိုး ရင်ညွန့်ရိုး ၂ရိုးခန့် ခုတ်ထစ်ထားပါ။ ငံပြာရည်၊ နနွင်းမှုန့်နှင့် နယ်ထားပါ။
ကြက်သွန်နီဥသေး ၁၀ဥ-၁၅ဥခန့် (မရှိလျှင်လည်း) ဥကြီး ၅ဥခန့်အလုံးလိုက် အခွံခွါထားပါ။
ဂျင်း ခပ်ထူထူ ၄၅ခုခန့် လှီးထားပါ။
ကြက်သွန်နီခပ်ကြီးကြီး ၂ဥ chop လုပ်ထားပါ (သို့) ကြိတ်ထားပါ။
ကြက်သွန်ဖြူ ၂၀မွှာခန့် ကြ်ိတ်ထားပါ။
ငရုပ်သီး အရောင်တင်မှုန့် လ္ဖက်စားဇွန်း တစ်ဇွန်းခန့်
ကြက်သား ရင်ပုံသား ၄၀၀ဂရမ်ခန့် သေးသေးလေးတွေ လှီးထားပါ။ ငံပြာရည်၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့နှင့် နယ်ထားပါ။
အုန်းနို့ ၂၀၀ဂရမ် တစ်ဗူး
သကြား ၂ဇွန်းခန့်
ဟင်းခတ်မှုန့် သင့်သလို
ဆီ စားပွဲဇွန်း ၁၅ဇွန်းခန့် (ပဲမှာ ဆီစုတ်၍ ဆီပိုထည့်ရပါသည်)
ငံပြာရည် သင့်သလို
ကြက်ဥ (သို့) ဘဲဥ ၆လုံးခန့် ပြုတ်ထားပါ။ ၃လုံးကို ပါးပါးလှီးထားပါ။
ပွဲပြင်ရန်
အကြွပ်ကြော် အနည်းငယ်
ခေါက်ဆွဲ၊( ဈေးမှ ဝယ်သော ခေါက်ဆွဲ အစိမ်းသာ ကောင်းပါသည်။ ပြုတ်သောခေါက်ဆွဲမှာ အုန်းနို့ခေါက်ဆွဲနှင့် မလိုက်ဖက်ပါ)
ကြက်သွန်နီ ၃-၄လုံးခန့် ပါးပါးလှီးထားပါ။
နံနံပင် ကိုလည်း ပါးပါးလှီးထားပါ။
သံပုရာသီး (သို့့) ရှောက်သီး အစိတ်လေးတွေ စိတ်ထားပါ။
ပဲသွေး၊ ပဲကတ်ကြော်၊ ဗူးသီးကြော် ၊ ငါးဖယ်ကြော် ရှိလျင် လည်း ပြင်ထားပါ။
ကြက်ဥပြုတ် ၃လုံးကို ၄စိတ်စိတ်ထားပါ။

ဟင်းချိုအိုး ပြင်ခြင်း
ပထမဆုံး ပဲစိမ်းမှုန့်ကို ရေ ထည့်ပြီး အမှုန်လေးတွေကြေသွားအောင် ဖျော်ပါ။ ကြက်ရိုးကို ဟင်းချက်မဲ့ ဒန်အိုး စောက်နက်နက်ထဲထည့် ရေ သင့်သလို (လူ ၄-၅)ယောက်စာ မှန်းပြီး ထည့်တည်ပါ။ ပဲစိမ်းရေဖျော်ထားတာရယ်၊ ကြက်သွန်နီဥတွေ၊ ဂျင်းလှီးထားတာတွေရယ်ပါ တစ်ခါတည်း ထည့်တည်ပါ။ အဖုံးဖွင့်ထားပါ။ ပဲမှုန့်က ဝေလဲ ဝေတတ်၊ အိုးလဲကပ်တတ်ရာ မကြာခဏမွှေပေးပါ။ အိုးပွက်လာပါက မီးအေးအေးနှင့် တည်ပါ။
ကြက်သားကို ဆီသတ်ရန်
ဒယ်အိုးထဲ ဆီထည့် မီးအနေတော်ထားပါ။ နနွင်းမှုန့် အနည်းငယ် ပစ်ထည့်ပါ။ ဆီကျက်ပါက ကြက်သွန်နီ ထောင်းထားသည်ကို ထည့်ကြော်ပါ။ ကြက်သွန်နီနွမ်းလျှင် ကြက်သွန်ဖြူ ထောင်းထားသည်ကို ထည့်ဆီသတ်ပါ။ မွှေးလာလျှင် ကြက်သားထည့်ကာ ဆီသတ်ပါလေ။ ကြက်သားအပေါ်ရံတင်းပြီး အနည်းငယ် ညိုလာလျှင် အရောင်တင်မှုန့်ထည့်ကာ မွှေပေးပါ။ အရောင်တင်မှုန့် မတူးခင် အုန်းနို့တစ်ဝက်ကိုပါထည့် ဆီသတ်ပါ။ (အိမ်မှာတော့ ဂျူဂျူက အစပ်မစားနိူင်၍ အရောင်တင်မှုန့် မထည့်ပါ။)
ဟင်းအိုးကျအောင်တည်ရန်
ကြက်သားမွှေးပြီး အကြောတင်းလာင်္ပြီဆို ဖိုပေါ်မှချ၊ စောနက ဟင်းချိုအိုးထဲ အိုးလိုက်သာလောင်းထည့်ပါ။ အုန်းနိူ့တစ်ဝက်ကျန်တာကိုလဲ ထည့်ပါ။ ကြက်ဥပြုတ်ပြီး လှီးထားတာ တစ်ဝက်ကိုလည်း ထည့်ချက်ပါ။ ကြက်ဥ၊ ဘဲဥက ဟင်းကို အရသာ ဆိမ့်စေပါသည်။
ဟင်းအိုးကို ကျသည်အထိ နာရီဝက် ၄၅ မိနစ်ခန့်တည်ပြီး အငံ၊ အပေါ့၊ အချိုလိုပါက ဆား၊ ငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်တို့ကို ထည့် စိတ်ကြိုက်အရသာ ရသည်အထိပြင်ပါ။ အုန်းနိူ့လိုပါကလည်း ထပ်ထည့်နိူင်ပါသည်။ ကြက်ရိုးရော၊ ကြက်သားရော ချိုပြီးသားဖြစ်ရာ ဟင်းကတော့ ချိုမည်သေချာပါသည်။
ပွဲပြင်ရန်အတွက်
ခေါက်ဆွဲကို ဇလုံ ခပ်ပတ်ပတ်ထဲ အရင်ထည့်၊ အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ ကြက်ဥ၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်၊ ပဲကတ်ကြော်၊ အကြွတ်ကြော် ငရုပ်သီးမှုန့် အစရှိသည်တို့ကို ထည့်၊ ဟင်းရည်ပူပူလေးဆမ်းကာ စားနိူင်ပါပြီ။ တစ်ချို့လည်း သံပုရာရည်ညှစ်စားပါသည်။
စားကြပါဦး အုန်းနို့ခေါက်ဆွဲ၊ အလွန်ဆိမ့်သဗျ။









