Showing posts with label (၁-၁၀) ငါးထမင်းချဉ် ၊ ထမင်းဆိမ့်. Show all posts
Showing posts with label (၁-၁၀) ငါးထမင်းချဉ် ၊ ထမင်းဆိမ့်. Show all posts

Thursday, June 17, 2010

ငါးထမင်းချဉ် ၊ ထမင်းဆိမ့် ...

မြန်မာပြည်မှာ နေတုံးက ငါးထမင်းချဉ် တစ်ခါမှ မစားဖူးပါ။ ဒီရောက်တော့မှ သူငယ်ချင်းတစ်ယောက် အိမ်တက်အလှူမှာ စားရင်းကနေ ကြိုက်သွားလို့ အိမ်မှာ လုပ်စားဖြစ်ပါတယ်။ ကျောင်းမှာထဲက ခင်ဘူးတဲ့ ညီမလေးတစ်ယောက်ထံမှ ချက်နည်းကိုမေးထားတာပါ။

လူ ၄-၅ယောက်စာလောက်အတွက်ဖြစ်ပါတယ်။

ငါးထမင်းချဉ် နယ်ရန် အတွက် ...
ဈေးကနေ seabass ငါး အကောင်ကြီးကြီး တစ်ကောင်ဝယ်ပါတယ်။ တစ်ကေဂျီလောက်ဆို ရပါတယ်။
ငါးကို ဆိုင်မှာပဲ အကြေးထိုး၊၂ပိုင်းလောက်ဖြတ်ခိုင်းပြီး ငံပြာရည်၊ ဆား၊ နနွင်း၊ စပါးလင်နိူင်နိူင်နဲ့ ပြုတ်ပါတယ်။ ရေအများကြီးမထည့်ပဲ ရေခန်းလုနီးပါးပြုတ်ပါတယ်။ ပြီးရင် ငါး အသားချည်းရအောင် အရိုး နွှင်ပါတယ်။

Seabass ငါးကို မသိသူများအတွက် ပုံတင်ပေးလိုက်ပါတယ်။ စလုံးမှာတော့ ချိုတဲ့ ငါးတွေထဲမှာ ဈေးအသင့်တော်ဆုံးမှို့ မုန့်ဟင်းခါးချက်လဲ အဲဒီငါးပဲသုံးပါတယ်။ တစ်ကေဂျီ စလုံး ၈ကျပ်ကနေ-၁၂ကျပ် အလွန်ဆုံးပါပဲ။


Original picture link

ခရမ်းချဉ်သီး ၁ကေဂျီ လောက်ကိုလဲ ဆားနဲနဲနဲ့ ခရမ်းချဉ်သီး နူးအိပြီး အခွံကျွတ်သည်အထိ ရေခန်း ပြုတ်ပါတယ်။ ပြီးရင် အခွံခွါပါတယ်။ ခရမ်းချဉ်သီးကို ကြေသည်အထိ ဖိချေပြီး ရေတွေသိပ်များနေရင် ခရမ်းချဉ်သီး ပျစ်လာသည်အထိ မီးဖိုပေါ်ပြန်တည်ပါတယ်။

အာလူး ၇၀၀ ဂရမ် လောက်ကိုလဲ ပြုတ်ပြီး အခွံခွါထားပါတယ်။

ထမင်းကို ၄-၅ယောက်စာလောက် ပုံမှန်ထက်ပျော့အောင် ချက်ထားပါတယ်။

ပြီးရင် ငါးထမင်းချဉ် စနယ်ပါတော့မယ်။

ထမင်းတွေကို ဇလုံတစ်ခုထဲထည့်၊ ငါးအသားတွေထည့်၊ ခရမ်းချဉ်သီးအနှစ်ထည့်၊ အာလူးခွါထားတာအကုန်ရောထည့်၊ ငံပြာရည်ထည့်၊ အချိုမှုန့်သုံးတတ်ရင်လဲထည့်ပြီး အားလုံးရောနယ်ပါတယ်။ ခရမ်းချဉ်သီးက သိပ်မချဉ်ဘူးဆိုရင် သံပုရာသီးလေး အနည်းငယ် ညှစ်ထည့်ပြီးနယ်ပေးပါ။ လက်အိပ်လေးသုံးပြီးနယ်ရင်တော့ ကြာရှည်အထားခံပါတယ်။ နယ်ပြီး အရသာကောင်း၊ မကောင်းမြည်းကြည့်ပြီး လိုအပ်တာ ငံပြာရည်၊ အချိုမှုန့် အစရှိသည်ထပ်ထည့်ပြီး စေးကပ်လာအောင် နယ်ပေးပါ။ ပြီးရင် ထမင်း တစ်ဆုတ်စာလောက် အလုံးတွေ လုံးထားပါ။

ထမင်းဆိမ့် (သို့) ထမင်းဝါဆိုရင်တော့ ခရမ်းချဉ်သီး မထည့်ပဲ အထက်က အတိုင်းပဲနယ်ပါတယ်။ ပိုဝါသွားအောင် နနွင်းမှုန့်များများပါတဲ့ ဆီချက်လေးနဲ့ရောနယ်ပါတယ်။
ထမင်းချဉ်ကတော့ ခရမ်းချဉ်သီး အရောင်နဲ့ နဲနဲနီနေတာပေါ့။ အရောင်လေး ပိုလှချင်ရင် ငရုပ်သီး အရောင်တင်မှုန့်ကို ဆီနီလေးချက်ပြီး ရောနယ်ပါ။


ဟင်းချိုအတွက် ...
အသားနွှန်ပြီး ကျန်တဲ့ ငါးခေါင်းနဲ့ အရိုးတွေကို ပြုတ်ပြီး အရည်စစ်၊ ဂျင်း၊ ကြက်သွန်ဖြူဓားပြားရိုက်ထည့်၊ ငရုပ်ကောင်းမှုန့်ခပ်ပြီး ဟင်းချိုချက်ပါတယ်။ ပိုချိုအောင် ကြက်သွန်နီဥလေးတွေ အလုံးလိုက်နူးနေအောင် ထည့်ပြီး မီးအေးအေးနဲ့ တည်ပါတယ်။

ငါးထမင်းချဉ်နဲ့စားဖို့အတွက် အစာပလာတွေကတော့
ပဲပုတ်ပြား တွေကို ဆီနဲ့ ကြွပ်နေအာင်ကြော်။ တစ်ဝက်ကို ညက်နေအောင် ကျိတ်ထားပါ။ တစ်ဝက်ကတော့ ဒီတိုင်း ကြွပ်ကြွပ် ကိုက်စားဖို့ပါ။

ကြက်သွန်ဖြူ ကြွပ်ကြွပ်လေးဖြစ်အောင် နနွင်းမှုန့်လေးနဲ့ ဆီချက် ချက်ပါတယ်။

မြေပဲဆံ ကိုလဲ ဆီနဲနဲနဲ့ ကြွပ်နေအာင်ကြော်ထားပါတယ်။

ကြက်သွန်မြိတ် စိမ်းစိမ်းတွေ၊ နံနံပင်တွေကို ရိတ်ရိတ်လှီးထားပါတယ်။

ဂျူးမြစ် ရရင် ဂျူးမြစ်လေးတွေ ရေဆေး အနေတော်ဖြတ်ပြီး အဆင်သင့်ပြင်ထားပါ။

ကြက်သွန်နီ လေး ပါးပါးလှီး၊ သံပုရာသီးစိတ် လေးတွေပါ အအီပြေအောင် ပြင်ထားပါတယ်။

ခရမ်းချဉ်သီး ချေထားတာကိုလည်း ထမင်းချဉ်နဲ့ စားရအောင် ငရုပ်သီးအရောင်လေးနဲ့ ဆီနဲ့ ပြန်ချက်ထားပါတယ်။

ငရုပ်သီးကို အတောင့်လိုက်ကြော်၊ တစ်ဝက်ကို ထောင်းပြီး အကျက်မှုန့် လုပ်ထားပါ။




ပွဲပြင်ဖို့အတွက်
ပန်းကန်ပြားပေါ်မှာ ထမင်းချဉ်အနီတစ်လုံး အဝါတစ်လုံးထည့်။ အပေါ်က အဆာပလာတွေ နဲ့ လိုတာ စိတ်ကြိုက်ထည့်စားရမှာ ဖြစ်ပါတယ်။ (အိမ်မှာတော့ ထမင်းချဉ်ပဲကြိုက်လို့ ထမင်းဝါ မပါပါ။) ထမင်းချဉ်က ငါးနဲ့နယ်ထားတော့ အရသာက ချဉ်ဆိမ့်ဆိမ့်လေးပါ။ ထမင်းချဉ်လေးစားလိုက်၊ ငရုပ်သီးတောင့်ကြော်လေး ကိုက်လိုက်၊ ပဲပုတ်ကြွပ်ကြွပ်လေးဝါးလိုက်နဲ့ အလွန်အရသာရှိလှပါတယ်။

ဘလော့လာလည်သူများ စားကြပါဦးရှင် ...






ပုံများကို resolution ကောင်းကောင်းနဲ့တင်ထားပါတယ်။ ပုံကို ကလစ်ကြည့်နိူင်ပါတယ်။