Showing posts with label (၁- ၉) အုန်းထမင်း. Show all posts
Showing posts with label (၁- ၉) အုန်းထမင်း. Show all posts

Monday, September 20, 2010

အုန်းထမင်း ဇာတ်လမ်း ...


မဆွိတီတို့ ငယ်ငယ်က ဆင်းရဲတယ်။ မိဘတွေက သားသမီးတွေ ပူဆာတဲ့ မုန့်တွေ ဘာတွေ ဝယ်မကျွေးနိူင်ဘူး ။ တစ်ခါတစ်လေများ အိမ်မှာ အုန်းထမင်းနဲ့ကြက်သားဟင်းချက်ပြီဆို မဆွိတီတို့ မောင်နှမတတွေ သိပ်ပျော်တာ။ အစားကောင်းစားရမှာကိုး။ အဖေ အုန်းသီးခြစ်၊ အုန်းနို့ညှစ် ပြီဆို မောင်နှမတစ်တွေ အနားမှာ တဝဲလည်လည်နဲ့။ အဲဒါဆို ခလေးတွေ ခဏသွားဆော့ကြချေအုံး။ ကျက်ရင်ခေါ်လိုက်မယ်ဆို ပြောရတယ်။ အုန်းထမင်း၊ ကြက်သားဟင်းဆိုတာ အင်မတန် စားရခဲပါဘိတောင်း။

မဆွိတီ၈တန်းလောက်ကျတော့ အဖေကရာထူးတက်လို့ နယ်ပြောင်းရင် သားသမီးတွေ ပညာရေး ကသိကအောက်ဖြစ်မှာကြောက်လို့ဆိုပြီး မြို့စွန်နားမှာ အိမ်လေးတစ်လုံးဝယ်တယ်။ အဲဒီအိမ်မှာ အုန်းပင်၁၀ပင်ပါတယ်။ အပင်ကြီး ၄-၅ပင်လောက်က အသီးတွေအရမ်းသီးတယ်။ အဲဒီထဲမှာ နဂဘာရီအုန်းလို့ခေါ်တဲ့ အုန်းပင်တစ်ပင်က အုန်းသီးအဝါရောင်လေးတွေ။ အဆီများပြီး အုန်းထမင်းချက်စားလို့ သိပ်ကောင်းတာ။ အုန်းထမင်းကြိုက်တဲ့မောင်နှမတွေနဲ့ အကိုက်ပေါ့။

အဲဒီမှာ အုန်းထမင်းချက်မယ်ဆို ဝါးလုံးရှည်တစ်ချောင်းနဲ့ အုန်းသီးတွေကို ထိုးချရတယ်။ အုန်းသီးကျလာပြီဆို မောင်လေးက ဓားမတစ်ချောင်းနဲ့ အုန်းသီးအခွံတွေခွါရတယ်။ မောင်လေးမရှိရင်တော့ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် ရအောင်ခွါတာပဲ။ စစချင်း ခွါရအလွန်ခက်တယ်။ နောက်ပိုင်းကျွမ်းလာတော့ လွယ်သွားရော။ ပြီးတော့ အုန်းသီးခွဲ၊ အုန်းသီးခြစ်၊ ဆောင့်ကြောင့်ထိုင်ပြီးခြစ်ရတဲ့ အုန်းခြစ်ကြီးနဲ့ ချွေးဒီးဒီးကျအောင် ခြစ်ရပြန်ပါရော။ ပြီးတော့ ရေနွေးပူပူနဲ့ ဆားနဲနဲရော၊ အညာလက်သုတ်ပုဝါသန့်သန့်နဲ့ အုန်းရေညှစ်ရပြန်တယ်။ အုန်းနို့ညှစ်ပြီးကာစဆို လက်ကလေးတွေကိုရဲလို့ ။ အပူလောင်တာလေ။ ပြီးတော့မှ အုန်းထမင်းချက်ပေါ့။ ဟမ်မလေး ... အုန်းထမင်းလေး စားဖို့အရေး ပင်ပန်းလိုက်ပါဘိတောင်း။

ဟော ... အခုစလုံးမှာကျတော့ အုန်းနို့ရယ်ဒီမိတ်ထုတ်လေးတွေ ပေါလိုက်တာ။ ဘယ်နားကကုန်စုံဆိုင်မှာမဆို သွားဝယ်လို့ရတယ်။ အုန်းထမင်းစားချင်ပြီဆို အောက်ထပ်က ကုန်စုံဆိုင်မှာသွားဝယ် ... ၅မိနစ်တောင်မကြာဘူး ... ဟပ်ချလောင်း ... ဆို အုန်းနို့ထုတ် ပျစ်ပျစ်မွှေးမွှေး နဲ့ချက်ပါလေ့ အုန်းထမင်း။

အဲလိုလွယ်တဲ့အချိန်လည်းကျရော အိမ်က သွေးတက်မှာကြောက်တဲ့ ဦးမောင်ခြိမ့်တို့ မောင်နှမက အုန်းထမင်းချက်ရင် သူတို့မစားဆိုတော့ ကိုယ့်မှာ တစ်ယောက်စာတည်း ချက်စားရမှာလဲပျင်းစရာ။ ကိုယ်ကိုတိုင်ကလဲ ပိန်ချင်ရက် စက်စက်ယိုနေသူဆိုတော့ အုန်းထမင်းကို တော်တော်နဲ့ ချက်မစားဖြစ်တော့ဘူး။ ဒီမှာ တခြားစားစရာတွေက များနေတော့ သိပ်အာသီသလဲထားမနေတော့ဘူးလေ။

အုန်းထမင်းနဲ့ပတ်သတ်ပြီး ကိုယ့်ဘဝရဲ့ အဖြစ်အပျက် အတွေ့အကြုံလေးကို တွေးမိလို့ ချရေးမိပါသည်။

===============================================================================
အပေါ်က ပို့စ်လေးက အရင် ၂နှစ်လောက်က ဖိုရမ်မှာတင်ဖူးတဲ့ ပို့စ်လေးပါ။
မနေ့က အိမ်မှာ အုန်းထမင်းချက်စားလို့ တိုက်ဆိုင်နေတာနဲ့ ပို့စ်အဟောင်းလေးပြန်ရှာ တင်ပေးလိုက်တာပါ။
အုန်းထမင်းချက်တယ်မှတ်လို့ လာကြည့်သူတွေအတွက် အုန်းထမင်း ချက်နည်း ဓာတ်ပုံရိုက်ထားတာလေးပါ ရှယ်ပေးလိုက်ပါတယ်။ အုန်းထမင်းချက်မစားတာ တစ်နှစ်ကျော်လောက် ရှိပြီထင်ပါရဲ့။ ဂျူဂျူလေးကြီးလာတော့ သားအမိ၂ယောက် အုန်းထမင်းချက်စားဖို့ အဖော်ရလာတယ်။ သူကကြိုက်တယ်လို့ မပြောပေမဲ့ ချက်ရင်တော့ စားပါတယ်။

အုန်းနိူ့ထုတ်အသေးဝယ် ။ တစ်ဝက်ကို ကြက်သွန်အလုံးကြီးကြီး၂လုံးကို အစိတ်လေးတွေ စိတ်ပြီး ဆီသတ်ပါတယ်။ ဆီ စားပွဲဇွန်း ၆ဇွန်းခန့်နဲ့ ကြက်သွန်တစ်ဝက်ကိုမွှေးနေအောင် ကျွတ်သည်အထိသတ်ပြီး၊ တစ်ဝက်ကို မနွမ်းတနွမ်းထားပါတယ်။

ဆန် ၃ခွက်ကို ရေဆေးပြီး စစ်ထားပါတယ်။ ပြီးတော့ အပေါ်ကနေ ကြက်သွန်နဲ့ အုန်းနိူ့ ဆီသတ်ထားတာရယ်၊ အုန်းနိူ့အကျန်ရယ်၊သကြားစားပွဲဇွန်းတစ်ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် ထည့်ပါတယ်။



ရေ ၄ခွက်ခွဲ (၂း၃) ထည့်မွှေပြီး ထမင်းပေါင်းအိုးနဲ့ ချက်ပါတယ်။


ချဉ်ပေါင်မျှစ်ကြော်၊ ကြက်သားဟင်း နဲ့ အုန်းထမင်းနဲ့ လိုက်တယ်။ ငါးခြောက်ထောင်းကြော်နဲ့လည်း စားလို့ကောင်းတာပဲ။ အိမ်မှာ မျှစ်မရှိလို့ ချဉ်ပေါင်ချည်း ဝယ်ကြော်လိုက်ရတယ်။