မဆွိတီတို့ အိမ်အောက်ထပ်မှာ တောင်ကြီးဖက်က အစ်မတွေ နေတယ်။ သူတို့အိမ်က ရှမ်းစာတွေချက်ရင် လာပို့လေ့ရှိတယ်။ မဆွိတီက ဆီတို့ဟူးသိပ်ကြိုက်တော့ သူတို့အိမ်ကပေးတဲ့ ဆီတို့ဟူးကတော့ ဘယ်ကဝယ်တဲ့ ဆီတို့ဟူးနဲ့မှမတူ ထူးခြားကောင်းမွန်လှတာကို သတိထားမိတယ်။ ခလေးတွေကလဲ စလုံးမှာမွေးပေမဲ့ ရှမ်းစာတွေကြိုက်လို့ ဆီတို့ဟူးတို့၊ ပဲပုပ်တို့၊ ပဲငပိတို့ဆိုတာ ရှမ်းပြည်ကနေ နှစ်စဉ် ပုံးလိုက်ကို မှာရပါသတဲ့။ ခလေးတွေမွေးပြီး ၃-၄နှစ်လောက် ရှမ်းပြည် ပို့ထားတော့ သူတို့တွေ ရှမ်းစာတွေနဲ့ ရင်းနှီးနေတာတဲ့။ ဂျူဂျူလေးနဲ့ ဆော့ဖော် သူငယ်ချင်းတွေပါ။
အဲဒီနေ့ကလည်း ရုံးကပြန်ရောက်ပြီး အိမ်မှာ ဒညင်းသီးနဲ့ ဝက်သား၊ ချဉ်ပေါင်-မျှစ်ချဉ်ဟင်းချက်တော့ လူကစားသောက်ပြီး ဗိုက်လေးလို့ ကွန်ပြူတာရှေ့ အသာနှပ်နေတာ။ သမီးကြီးတော်က အောက်ထပ်က လာပို့ထားတာ၊ ရှမ်းဟင်းထုတ်တဲ့ဆို ငှက်ပျောရွက်နဲ့ထုတ်ထားတဲ့ အထုတ် ခပ်ကြီးကြီး ၄-၅ထုတ်လာပြပြီး စားမလားတဲ့ လာမေးတယ်။ ဗိုက်က လေးနေတော့ စိတ်က မဝင်စားဘူး။ အော် လာပို့သလား။ အများကြီးပဲ အားနာစရာကြီး။ မစားသေးဘူးလို့ပဲ ပြန်ပြောလိုက်တယ်။
နောက် ညဉ့်နက်လာတော့ ဗိုက်ကဆာလာပြီလေ။ ဒီတော့ထုံးစံအတိုင်း ရေခဲသေတ္တာပြေးဖွင့်တယ်။ ဘာရှိတုံးပေါ့။ အဲသမှာ မီးဖိုချောင်ခုံပေါ်တင်ထားတဲ့ ဟင်းထုတ်ကိုတွေ့လို့ မိုက်ခရိုဝေ့ထဲ အသာနွှေးပြီး ဖက်ကို ဖြေလိုက်တာ .... အောင်မလေးဗျာ မွှေးလိုက်တဲ့ ရှမ်းဟင်းထုတ်။ တစ်ခါမှ မြင်လဲမမြင်ဖူး၊ စားလဲမစားဖူးတဲ့ ရှမ်းဟင်းထုတ်၊ တစ်ခါထဲကို ကြိုက်သွားတော့တာပဲ။ သူက ကြက်သွန်မြိတ်နံ့နဲ့ ငှက်ပျောဖက်ဖက်နံ့ပေါင်းပြီး တော်တော်ကို မွှေးတာပါကလား။ အရသာကလဲ မြန်မာ မုန့်ဦးနှောက်လို ခပ်ဆိမ့်ဆိမ့်။ ကြက်သွန်ဖြူ -ငရုပ်သီးဆီချက်လေးဆမ်းပြီး စားရတာပါ။ အဲဒါကြိုက်လွန်းတော့ နောက်နေ့ရုံးသွားတော့လဲ ရုံးမှာ နေ့လည်စာ စားရအောင်ပါ ထည့်သွားလိုက်သေးတယ်။

ထမင်းချိုင့်ကို အဲသလို ထုတ်သွားတာပါခင်ဗျာ။
ကြိုက်မိပြီဆိုတော့ ဒေါ်ဆွိတီတို့ မနေပါဘူးခင်ညာ။ နောက် ၂ပတ်လောက်ကြာတော့ လက်တည့်စမ်းပါတော့တယ်။ သမီးကြီးတော်ကလဲ တော်တော်ကြိုက်တော့ ညီအစ်မ၂ယောက်တက်ညီလက်ညီပေါ့။
ဈေးက ကြက်သွန်မြိတ် ကီလိုဝက်ဝယ်၊ ငှက်ပျောဖက် ၁ကျပ်ဖိုးဝယ်လာခဲ့ပါတယ်။ ဒီနေရာမှာ စလုံးမှာနေရတာ အစားအသောက်နဲ့ ပတ်သတ်လို့ အဲဒီတစ်ခုတော့ စိတ်ချမ်းသာရပါတယ်။ မြန်မာပြည်မှာတောင် ငှက်ပျောရွက်လိုချင် ဘယ်မှာသွားဝယ်ရမှန်းမသိတာ စလုံးမှာတော့ မလေးဆိုင်လေးတွေရှိနေတော့ ငှက်ပျောဖက်၊ ဒညင်းသီး၊ ပိန္နဲသီးစိမ်း၊ မြင်းခွါရွက်၊ ပင်စိမ်းရွက်၊ ငှက်ပျောဖူး၊ငှက်ပျောအူ၊ ဂွေးသီး၊ ငရုပ်သီးမိုးမျှော်သေးသေးလေးတွေကအစ လတ်လတ်ဆတ်ဆတ် ဈေးပေါပေါနဲ့ ဝယ်လို့ရပါတယ်။ တောသည်လေးတွေတွေ့ရင် အာဗြဲခြောက်တို့ ငပိကောင်တို့ပါ ပါလိုက်သေး။
ကြက်သွန်မြိတ် ၄ပုံတစ်ပုံလောက်ကို ပါးပါးလှီး၊ ဆန်မှုန့် ဆန်ချင်ခွက် ၅ခွက်လောက်ကို ရေနဲ့နယ်၊ ခနော ဟင်းခတ်မှုန့် စားပွဲဇွန်း ၂ဇွန်း၊ ဆီ တစ်ဇွန်း၊ ဆား သင့်သလိုထည့်ပြီး ပထမ မုန့်သားကျအောင် နယ်ပါတယ်။ ပြီးတော့ ကြက်သွန်မြိတ်နဲ့ရောပြီး နှံ့အောင်နယ်ပါတယ်။ ငှက်ပျောဖက်ကို ထုတ်လို့ကောင်းအောင်မီးကင်ပါတယ်။ ငှက်ပျောဖက်ကို အကျောလေးတွေ အတိုင်း ၁၀လက်မလောက်စီဖြတ်၊ ၂ထပ်ထပ်ပြီး မုန့်နယ်ထားတာကို ဇွန်း တစ်ကော်စာလောက်ထည့်ပြီးထုတ်ပါတယ်။ သွားကြားထိုးတံလေးနဲ့ ပိတ်ပြီး ပထမဆုံးတစ်ထုတ်ကို အခြေအနေကြည့်ရအောင် အစမ်းပေါင်းပါတယ်။ မိနစ် ၂၀လောက်ကြာတော့ ဖြည်ကြည့်တော့ မွှေးတော့မွှေးပါတယ်။ ဒါပေမဲ့ မုန့်က မာဆတ်ဆတ်နဲ့ မကောင်းပါဘူး။ ကြည့်ရတာ လွယ်သလိုနဲ့ တကယ်လုပ်ကြည့်တော့ နည်းသေချာမသိရင် မကောင်းပါဘူးဗျာ။
ဒါနဲ့ အောက်ထပ်က အစ်မကို အကူအညီခေါ်ရပါတော့တယ်။ အစ်မက နယ်ထားတဲ့ မုန့်ကိုကြည်ပြီး ကြက်သွန်မြိတ်နည်းတယ်။ ကီလိုဝက် အကုန်ထည့်ရမတဲ့။ အိမ်ကကြီးတော်ပြောသလိုဆို ကြက်သွန်မြိတ်ကို အားမနာပါးမနာ ဒင်းကြမ်းကို ထည့်ရတာပါ။ ပြီးတော့ ဆီကိုလဲ နောက်ထပ် စားပွဲဇွန်း ၄ဇွန်းထပ်တည့်ပါတယ်။ ဆီနည်းလို့ မုန့်က မအိတာပါတဲ့။
ပြီးတော့ သူကိုယ်တိုင်ပဲ ဟင်းထုတ်ကလေးတွေ ထုတ်ပေးသွားတာကို ဓာတ်ပုံရိုက်ထားလိုက်ပါတယ်။ ထုတ်ပြီးတော့ အပေါ်က ငှက်ပျောရွက်တွေ စွန်းထွက်နေတာကို ကတ်ကြေးနဲ့ တိအောင် ညှပ်ချသေးတယ်။ သူထုတ်တဲ့ ဟင်းထုတ်ကတော့ အိအိလေးနဲ့တော်တော်ကောင်းပါတယ်။ ဟင်းထုတ်ပေါင်းတော့ နတ်တင်တယ်ဆိုပြီး သေးသေးလေး ၂ထုတ် အဖို- အမဆိုပြီး ပေါင်းတဲ့အထဲ ညှပ်ထည့်လိုက်သေးတာ မှတ်မိတယ်။ ရိုးရာ အယူအဆအရ အဲလိုထည့်မှ မုန့်က မပျက်ပဲ ကောင်းပါသတဲ့။
ရှမ်းဟင်းထုတ်အတွက် နောက်ဆုံးမှတ်ထားတဲ့ အတိုင်းအတာများ ဖြစ်ပါတယ်။ ၆ထုတ်-၇ထုတ်လောက်ရပါတယ်။ လုပ်နည်းကတော့ အပေါ်မှာ ရေးခဲ့တဲ့ အတိုင်းပါပဲချင့်။
ဆန်မှုန့် ဆန်ချင်ခွက် ၅ခွက်
ရေ တစ်ခွက်ခွဲ နီးပါး (အတိအကျဆို ၁.၂၅ ခွက်)
ကြက်သွန်မြိတ် ကီလိုဝက်
ဆီ စားပွဲဇွန်း ၅ဇွန်း
ခနော ဟင်းခတ်မှုန့် စားပွဲဇွန်း ၂ဇွန်း
ဆားသင့်သလို
အဲသလို ကြက်သွန်မြိတ်ကို မဟားဒယား ထည့်ရတာပါ။


ဖက်ကို မုန့်ထည့်ဖို့ ခွက်ကလေးရအောင် အဲလိုလေး ကိုင်ရပါသတဲ့။

ဖက်ကို ခေါက်တော့ ငှက်ပျောဖက်က ကွဲထွက်တတ်တယ်။ ဒါကြောင့် ၂ထပ်ထုတ်တာပါ။ ငှက်ပျောရွက် မီးကင်တာနဲရင် ကွဲထွက်တတ်ပါတယ်။ ထပ်ဖြည့် - ရေနဲ့ ပြုတ်ရင်လဲရပါတယ်။ ရေပွက်ပွက်ဆူထဲ ၅မိနစ်လောက်တော့ ပြုတ်ပါ။



ထုံးစံအတိုင်း ထမင်းပေါင်းအိုး ပေါင်းချောင်ထဲ ထည့်ပေါင်းလိုက်တာပဲ။ ၄၅မိနစ်လောက်တော့ ပေါင်းရပါတယ်။

သူက အသားမပါ ဘာမပါနဲ့ စားလို့ကောင်းတာဆိုတော့ သတ်သတ်လွတ်သမားများအတွက်လဲ သင့်တော်ပါတယ်။ ရှမ်းပြည်မှာတော့ ငါးတို့၊ ဝက်သားတို့နဲ့လဲ ထုတ်ပါသတဲ့။ စားကြပါဦး။
