Showing posts with label (၁-၁၂)ကြေးအိုးဆီချက် ၊ ကြေးအိုး .... Show all posts
Showing posts with label (၁-၁၂)ကြေးအိုးဆီချက် ၊ ကြေးအိုး .... Show all posts

Friday, May 14, 2010

ကြေးအိုးဆီချက် ၊ ကြေးအိုး ...

ကြေးအိုးကို အရည်သောက်ထက် ကြေးအိုးဆီချက်ကို ပိုကြိုက်ပါတယ်။ မြန်မာပြည်ပြန်ရင်တော့ မိသားစုလိုက် ရန်ကင်းကြေးအိုးမှာ သွားစားကြတယ်။ ကြေးအိုးဆိုင်ကောင်းတာတွေ အများကြီးရှိတယ်ပြောကြပေမဲ့ ကိုယ်စားဘူးတဲ့ဆိုင်ပဲသွားစားလိုက်တာပါ။ ဒါတောင် လသာလမ်းက ကြေးအိုးကောင်းလွန်းလို့ဆို သူငယ်ချင်းတစ်ယောက်က အတင်းခေါ်ကျွေးတာနဲ့ စားရသေးတယ်။ ဆိုင်က လမ်းဘေးတင်ချရောင်းပေမဲ့ သူကရောင်းတန်းမဟုတ်ပဲ အိမ်ချက်လို အသားများများနဲ့ ကောင်းကောင်းကို ရောင်းတာပါ။ သူကရန်ကင်းကြေးအိုးလောက် သကြားတွေ အချိုမှုန့်တွေ မသုံးတော့ စိတ်ထဲမှာ အရသာက နဲနဲပေါ့နေတယ်လို့ တော့ထင်ရတယ်။ ဒါပေမဲ့ ကောင်းပါတယ်။ ကြေးအိုးအိမ်ချက်ကောင်းကောင်းစားချင်ရင်တော့ အဲဒီဆိုင်ကို ညွှန်းချင်ပါတယ်။

မဆွိတီတို့ အိမ်မှာလဲ ကြီးတော်ကလဲ ကြေးအိုးကြိုက်၊ မဂျူဂျူကလဲ ကြေးအိုးကြိုက်ဆိုတော့ မကြာခဏဆိုသလို ကြေးအိုး လုပ်စားဖြစ်ပါတယ်။ သမီးကတော့ အသားလုံးတွေနဲ့ ကြေးအိုးအရည်ကို ပိုကြိုက်ပါတယ်။ သူ့အဖေကတော့ သိပ်မကြိုက်ပေမဲ့ ၃မဲ-၁မဲ ဖြစ်နေတော့ ဂျီးများလို့မရဘူး ... စားရတာပဲ။

ကြေးအိုးမှာ မုန်ညင်းစိမ်းရယ်၊ အသားလုံးရယ်က အရေးကြီးတယ် ထင်တာပဲ။ ကြေးအိုးထဲထည့်တဲ့ မုံညင်းစိမ်းက တခြားမုံညင်းနဲ့ မတူဘူးနော် ။ ခါးသက်သက်နဲ့။ အရွက်တွေ အရိုးတွေကလဲ ပိုကြီးတယ်။ စင်ကာပူမှာတော့ wet market တွေမှာပဲဖြစ်ဖြစ် NTUC မှာပဲ ဖြစ်ဖြစ် ရနိူင်ပါတယ်။ ကြေးအိုးချက်ရင်တော့ အဲဒီမုံညင်းစိမ်းကို ရအောင် ဝယ်စေချင်ပါတယ်။



အဲဒီနေ့ကတော့ ဂျူဂျူ့မွေးနေ့မှို့ အိမ်ကလူတွေလဲစားရအောင်၊ ထုံးစံအတိုင်း အိမ်နီးနားချင်း ဗမာအိမ်တွေလဲ လိုက်ဝေရအောင် လူ ၂၀စာလောက် ချက်ဖြစ်ပါတယ်။

ပထမဆုံး ဝက်ရိုး ၄-၅ရိုးလောက်၊ ကြက်ရိုး၊ ဝက်ခြေထောက်ရိုး အားလုံးကို ရေဆေး၊ ဂျင်းတက်လေး ၃လေးတက်လှီးထည့်၊ ကြက်သွန်ဖြူဥကြီး အလုံးလိုက်ပစ်ထည့်၊ ဆား၊ သကြားသင့်သလိုထည့်၊ ရေမြုတ်အောင်ထည့်ပြီး မီးအေးအေးနဲ့ အရိုးတွေဖြူတဲ့အထိ အချိုရည်ထွက်လာအောင် မီးအေးအေးနဲ့ပြုတ်ပါတယ်။

ဝက်သားအကြေ တစ်ကေဂျီခွဲလောက်ကို ဆား၊သကြား၊ အချိုမှုန့်၊ ငရုပ်ကောင်းမှုန့်၊ပြောင်းဖူးမှုန့်၊ ပဲငံပြာရည်အကြည်ရေ၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာထည့်ပြီး ရောနယ်ပါတယ်။ ပြီးတော့ အပေါ်က ဟင်းချိုအိုးထဲကို လက်သီးဆုတ်သေးသေးစာလောက်စီ လုံးထည့်ပြီး စကာနဲ့ ပြုတ်ထားပါတယ်။ (ပထမ တစ်လုံးလောက်စမ်းပြုတ် မြည်းကြည့်ပြီး ကိုယ့်စိတ်ကြိုက် အရသာ ရသည်အထိ သကြား၊ ဆား ထည့်ပြင်ပါတယ်)








နောက် ဝက်ကလီစာတွေကိုလည်း အညှီနံ့ပျောက်အောင် မန်ကျည်းမှည့်၊ ဆားစတာတွေနဲ့ဆေးပါတယ်။ ဆား၊ထန်းညက်ခဲ ၂လုံးခန့်၊ အချိုမှုန့် (သုံးတတ်ရင် ထည့်ပါ)၊ ပဲငံပြာရည် အနောက်ရည်၊အကြည်ရေတို့ထည့်ပြီး မီးအေးအေးနဲ့နူးသည်အထိ ပြုတ်ပါတယ်။ အနံ့ပျောက်အောင် နာနတ်ပွင့်နဲ့ ငရုပ်ကောင်းလဲ ထည့်ပြုတ်ပါတယ်။


ဆီချက်ကတော့ ကြက်သွန်ဖြူများများကို ညက်ညက်ထောင်းပြီး ချက်ပါတယ်။



ပွဲပြင်ဖို့ရာ အားလုံးအဆင်သင့် ဖြစ်ပါပြီ။


အရိုးပြုတ်ရည်ကို ၂အိုးခွဲလိုက်ပါတယ်။ တစ်အိုးက ဟင်းချိုရည် သောက်ဖို့။ တစ်အိုးက ကြာဆံထည့်ဖျောဖို့ပါ။ ကြာဆံဖျောပြီးရင် ဟင်းရည်က နောက်ပြီး ဖြူကုန်လို့ ဟင်းချိုအနေနဲ့ သောက်မကောင်းတော့ပါဘူး။
ကြာဆံ၊ အသားလုံးတွေနဲ့ မုန်ညင်းရွက်တွေကို ဝက်ရိုးပြုတ်ရည်ပူပူထဲ နှစ်ပါတယ်။


အပေါ်က ကြက်သွန်ဖြူဆီချက်၊ ဝက်ကလီစာပြုတ်၊ ငုံးဥ၊ ကြက်သွန်မြိတ်၊ဆား၊ငရုပ်ကောင်း၊ပဲငံပြာရည် အချိုရည် လိုအပ်တာတွေ ထည့် ပွဲပြင်ပြီး သွားပို့ဖို့အဆင်သင့်ဖြစ်ပါပြီ။

အချဉ်အနေနဲ့ Sin Sin တံဆိတ် extra hot ကို မန်ကျည်းရေလေး အနည်းငယ်ရောပြီး စားပါတယ်။
ချက်ပြီးမောသွားတော့ အများကြီးမစားနိူင်တော့ဘူး။ တစ်ယောက်စာနဲနဲလေး လုပ်စားတာကို ဓာတ်ပုံရိုက်ထားတာ။ စားကြပါဦးရှင်။


ကြေးအိုး အရေဖျော်ကလဲ အကုန်အတူတူပါပဲ။ ကြေးအိုးဆီချက်ကို ဆီချက်တွေ မဆမ်းပဲနဲ့  သတ်သတ်ခွဲတည်ထားတဲ့  ဟင်းချိုရည်အိုးထဲက ဟင်းချိုတွေ ထည့်စားရင် ကြေးအိုး အရေသောက်ရပါပြီ။