(ကော်ပြန့်လိတ်နည်း၊ ကြော်နည်းကို အရင်ပို့စ်မှာ ဖတ်ပါရန်)
သူ့ဇာတိ ပျဉ်းမနားမြို့ကို အလည်သွားတုံးက သူတို့မြို့က နာမည်ကြီး အစားအသောက်ဆိုပြီး ကော်ပြန့်ကြော်နဲ့ ကန်ဇွန်းရွက် အစိမ်းတွေနဲ့ သုပ်ထားတာကို အတင်းလာကျွေးပါတယ်။ မဆွိတီကလည်း ထူးထူးဆန်းဆန်းဆို မစားတတ်တော့ ကြံကြံဖန်ဖန် တော်တို့ ကန်ဇွန်းရွက်အစိမ်းတွေနဲ့ မစားတတ်ပါဘူးဆိုပြီး အကြောက်အကန် ငြင်းတော့တာပါပဲ။ တစ်ရက်တော့ ဗိုက်ဆာတာရော သူကလဲ အတင်းကျွေးလာတာနဲ့ နဲနဲယူစားရာကနေ မောင်ကျန်တစ်တို့ ဖြစ်သွားပါတော့တယ်။ သူက အချဉ်ဖျော်ထားတာ တော်တော်ကောင်းတာကိုး။ နောက်ပိုင်းတော့ ကြိုက်လွန်းလို့ ပျဉ်းမနားရောက်တိုင်း မပျက်မကွက်စားရတဲ့ အစာတစ်မျိုးဖြစ်လာပါရောလား။
ကော်ပြန့်ကြော်သုပ်ရန် အချဉ်ဖျော်နည်း။
ကော်ပြန့်သုတ် အချဉ်စပ်နည်းက တစ်ခြားအချဉ်တွေနဲ့မတူပါဘူး။ သူက အချိုလေး နဲနဲကဲပါတယ်။ ထန်းလျက် အနေတော် ၃လုံးလောက်ကို (brown suger ထည့်လဲရပါတယ် ) ရေ-ဆန်ချင်တဲ့ ကော်ခွက်တစ်ခွက်စာလောက်နဲ့ ကျိုပါတယ်။ အဲဒီထဲကို ဂျင်း လက်တစ်ဆစ်၊ ကြက်သွန်ဖြူ ၄မွှာလောက်၊ ငရုပ်သီးစိမ်းသေးသေးလေးတွေ ၃-၄တောင့့် အားလုံးပေါင်းပြီး ညက်ညက်ထောင်းထားတာကိုရောထည့်ပြီးကျိုပါတယ်။ ထန်းလျက်အားလုံးပျော်ပြီး ပွက်ပွက်ဆူရင် အအေးခံ၊ မန်ကျည်းရေ ဖျော်ထားတာ လောင်းထည့်၊ ဟင်းချိုမှုန့်သင့်သလို၊ ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းလောက်ထည့်ပြီး ဖျော်လိုက်ရင် ချဉ်၊ ချို၊ ငန်၊ စပ် အရသာတွေ ရောထားတဲ့ ကော်ပြန့်သုပ် အချဉ်ရပါပြီ။ ကန်ဇွန်းရွက်မကြိုက်သူများ ရိုးရိုးကော်ပြန့်ကြော်သုပ်ကို ဒီအချဉ်နဲ့သုပ်ရင်လဲ ကောင်းပါတယ်။
ပွဲပြင်ရန်။
ကန်ဇွန်းရွက်ကို အရိုးအရင့်တွေ ဖြတ်ပြီး ပါးပါးလှီးထားပါ။
ဆလပ်ရွက်ကိုလည်း ရေပြောင်အောင်ဆေးပြီး ပါးပါးလှီးပါ။
ကြက်သွန်မြိတ်ကို ရှည်ရှည်လေးတွေဖြတ်ထားပါ။
မုန့်ဦးနှောက်လို့ခေါ်တဲ့ မုန့်ကျွဲသည်း အဆိမ့်လိုမျိုးလေးတွေ ရှိရင် အတုံးလေးတွေ တုံးပြီး ထည့်ပါတယ်။ စလုံးမှာတော့ မရှိလို့ မထည့်တာပါ။
ကော်ပြန့်ကြော် ၃ခုလောက်ကို ပန်းကန်လုံးထဲ ကတ်ကြေးနဲ့ ညှပ်ထည့်၊ အပေါ်က ကန်ဇွန်းရွက်၊ ဆလပ်ရွက်လှီးထားတာထည့် အချဉ်ရေဆမ်း၊ ကြက်သွန်မြီတ်လေးဖြူးစား၊ ဟိုက်ရှားပါး ... ကောင်းမှကောင်း။
ထမင်းနဲ့ စားလဲရပါတယ်။ သူ့ချည်းရေနွေးကြမ်းနဲ့မြည်းလဲ ကောင်းပါတယ်။
အဲဒီတုံးက အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တဲ့ ပျဉ်းမနားမြို့မှ အော်ရီဂျင်နယ် ကော်ပြန့် ကန်ဇွန်းရွက်သုပ်ပါရှင်။
