တစ်နေ့က ဈေးပတ်တော့ ဆိုင်တစ်ဆိုင်မှာ ပိတ်စသေးသေးလေးတွေကို စပ်ချုပ်ထားသည့် စကတ်လေးတွေ၊ ဂါဝန်လေးတွေ တွေ့သည်။ ပန်းပွင့်ဒီဇိုင်း ရောင်စုံလွင်လွင်လေးများကို စပ်ချုပ်ထားပြီး၊ ချုပ်ပုံကလည်း၊ ခတ်မီကာ အတော်လှသည်။ ထုံးစံအတိုင်း သွားကိုင်ကြည့်ပြီး ဈေးနှုံးကပ်ပြားလေး ဖတ်ကြည်ရာ ဈေးမှာ ကြောက်ခမန်းလိလိ များလှသည်။ ပိတ်စလေးတွေကို စပ်ချုပ်ရတော့ အတော်တော့ လက်ပေါက်ကပ်မည်။ ဒါကြောင့်ဈေးများတာဖြစ်မည်ဟု သဘောပေါက်လိုက်သည်။
ထိုစပ်ဂါဝန်လေးတွေ၊ စကတ်လေးတွေမြင်တော့ မဆွိတီ ငယ်ဘ၀ကို သတိရသွားသည်။ မဆွိတီတို့ ငယ်ငယ်ကလည်း အဘွားချုပ်ပေးသည့် စပ်ထမီလေးတွေ ၀တ်ဖူးသည်။ အဘွားမှာ အညာက အဖေ့ဖက်က အဘွား၊ လူကသာ ကျောင်းဆရာမ၊ အချုပ်အလုပ်၊ အချက်အပြုတ် အလွန်ဝါသနာပါသည်။ အဘွားသည် နှစ်စဉ် ကျောင်းပိတ်ရက်များတွင် သူ့မြေးများရှိရာ ရန်ကုန်သို့လာလည်တတ်သည်။ လာလျှင်လည်း မြေးတွေအတွက် သူ့လက်ဖြစ် လက်ဆောင်ပစ္စည်းလေးများ ယူလာမြဲဖြစ်သည်။ အဘွားကိုယ်တိုင် တီထွင်ချုပ်လုပ်ထားသော မင်းသား၊ မင်းသမီးရုပ်ကလေးများ၊ စပ်ထမီ၊ ချည်ထိုး အကီ်ျ၊ ဘောင်းဘီ၊ သိုးမွှေးဦးထုတ်၊ ခြေအိပ် ၊ ထိုအရပ်တွင်ပေါသည့် ကြေးလက်ကောက်များ.၊ အိုးပုပ်များ၊ အစရှိသည်တို့ ပါလာတတ်သည်။ ထို့အပြင် စားစရာ ခေါပုပ်၊ ပဲမြစ်၊ ကရေကရာလို၊ ထိုးမုန့်လို၊ ကန်ဇွန်းဥယိုလို မုန့်များလည်း ကိုယ်တိုင် ထိုးပြီး ယူလာသေးသည်။ အိမ်ရောက်လျှင်လည်း ဒန်ပေါက်၊ အုန်းထမင်း၊ မုန့်တီလို မုန့်မျိုးစုံလည်း လုပ်ကျွေးသေးသည်။ မဆွိတီတို့ မောင်နှမများသည် အဘွားမှို့လာလျှင် ဟိုဟာစားရ ဒါစားရနှင့် အူအလွန်စိုရာ အလွန်လည်းပျော်ကြပါသည်။
အဘွား ပထမဆုံး စပ်ထမီလေးပေးတော့ မဆွိတီမှာ ၄-၅နှစ်သမီးမျှသာ ရှိသေးသည်။ ထမီလေးရတော့ ၀မ်းသာလိုက်သည့်ဖြစ်ချင်း။ မ၀တ်တတ်၊ ၀တ်တတ်နှင့် ၀တ်ရာ ထမီမှာမမြဲ။ နောက်ပိုင်းတွင် အမေမှ ဂုံနီအိပ်ကြိုးဖြင့် ချည်ပေးထားရသည်။ ဆင်းရဲလှသော ၀န်ထမ်းလိုင်းခန်းများမှာ ၄-၅နှစ်သမီး မည်သူမှ ဒုက္ခခံ ထမီချုပ်ပေးလေ့မရှိရာ အိမ်ဘေးမှကစားဖော်များအကြား စပ်ထမီတကားကားနှင့် စန်းပွင့်သူမှာ အနှီဘုတ်အီးမပင်ဖြစ်လေသည်။ ခလေးများမှာလည်း သူတို့အမေတွေကို ထမီချုပ်ပေးဖို့အရေး ပူဆာကြရာ လူကြီးများမှာ အခက်တွေ့ရလေသည်။ အတော်ဂြိုလ်မွှေသည့် စပ်ထမီဟု ကျိန်ဆဲကြမည်ထင်သည်။
ထိုအချိန်က အဘွား၏ မတော်ရသေးသော ချွေးမ၊ အဖေ့အောက်က ညီ၏ ရည်းစားသည် ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် ကျောင်းတက်နေရာ အဆောင်တွင်နေသည်။ ရန်ကုန်တွင် ဆွေမျိုးမရှိရကား မတော်ရသေးသော ဆွေမျိုးကို အရင်းလို သဘောထားကာ ကျောင်းပိတ်ရက်များတွင် အိမ်လာလည်လေ့ရှိသည်။ အမေနှင့်လည်း ညီအစ်မလို ခင်နေသည်။ ခလေးလည်း ချစ်တတ်ရာ မဆွိတီတို့ မောင်နှမတွေကို ထိမ်းကျောင်းပေးရင်း သီချင်းလေးတစ်အေးအေး ဆိုနေလေ့ရှိသည်။ သူဆိုသည့် သီချင်းမှာ ထိုခေတ် အချိန်က အလွန်နာမည်ကြီးသော ရေဒီယိုသီချင်းများ။ မဆွိတီနားအစွဲဆုံးသီချင်းမှာ "ချစ်သူရှိတယ်၊ ငရဲကြီးလိမ့်မယ် " ဆိုသောသီချင်း။ သူကရှေ့ကဆိုတော့ ၄နှစ်သမီး ဘုတ်အီးမလေးကလည်း လိုက်ဆိုရင်း ထိုသီချင်း တစ်ပိုင်းတစ်စကို အလွတ်ရသွားလေသည်။
ဖိုးဆိုချင် ဆွိဆွိတီမှာ ရေဒီယိုမှ ထိုသီချင်းလာပြီဆို အဘွားချုပ်ပေးသော စပ်ထမီကိုဝတ်ကာ လိုက်ဆိုရင်း ကွေးနေအောက် ကလေတော့သည်။ လူကြီးတွေကလည်း ခလေးက ထမီလေးဝတ်ကာ မပီကလာ ပီကလာနှင့် " ကျွန်မမှာ ချစ်တူရှိရယ် ... ချင်နရဲကြီးလိမ့်မယ် ... အဲဟယ် ... အဲဟယ် .." နှင့် ဆိုသည်ကို အလွန်သဘောကျကာ အိမ် လူလာတိုင်း ဖျော်ဖြေခိုင်းနေတော့သည်။ တစ်ခါသား မှတ်မိသည်မှာ ဘေးအိမ်များမှပင် လာ၍ ဆိုပြပါ ကပြပါ၊ ဆိုသဖြင့် ဘောင်းဘီတိုလေးဖြင့် ဆော့နေရာမှ ဘီရိုထဲမှ စပ်ထမီလေး ပြေးယူကာ သွားကပြရသည်ကို သတိရသည်။ ဤမျှလောက် စန်းပွင့်ပါသော စပ်ထမီ၊ အဲ ဘုတ်အီးမပါပေ။
မဆွိတီလေးကြီးလာတော့ အဘွားသွေး အပြည့်ပါလေရာ အချုပ်အလုပ် အချက်အပြုတ်လည်း အလွန်ဝါသနာပါသည်။ ကျောင်းတွေ ရက်ရှည်ပိတ်တော့ စက်ချုပ်သင်တန်းတက်ရာ အင်္ကျီလေးတွေ ချုပ်ရတာကိုလည်း သိပ်သဘောကျသည်။ ဆိုင်မှာအပ်ကာ တမေ့တမော စောင့်စရာမလို၊ ခုချုပ် ခုပြီးရာ အိမ်မှာ အဘွားအတွက်၊ အမေအတွက်၊ အဖေအတွက်တင်မက အကိုတွေအတွက်ပါ ချုပ်ပေးသည်။ တက္ကသိုလ်တက်တော့လည်း အ၀တ်အစားအတွက် မပူရ။ မျက်နှာမငယ်ရပါ။ ရယ်ဒီမိတ်များ မ၀တ်နိုင်သော်လည်း ဈေးပေါပေါ ပိတ်စလေးများဝယ်၍ ခေတ်ပုံစံမျိုးစုံ ချုပ်ဝတ်လေသည်။
ထိုမှ ပိတ်စလေးများ၊ အစပိုလေးများထွက်လာရာ ထိုအစလေးများကို တွဲစပ်၍ စပ်ထမီချုပ်ဖို့၊ အကျီ်ချုပ်ဖို့ကား စိတ်ကူးမျှပင်မရပါ။ စက်ချုပ်တာသာ ၀ါသနာပါသည်။ စက်ချုပ်သည့် အလုပ်သည် အင်မတန်ပင်ပန်းသည်ဟု ယူဆထားသော ဆွိဆွိတီဖြစ်ပါသည်။ တူမလေးများသာမက သမီးလေးရတော့လဲ ထိုအစလေးများကို တစ်ခါမျှပင် စပ်ကာ ချုပ်ပေးဖို့ စိတ်ကူးမရပါ။ အပင်ပန်းခံ ပိတ်စများ တွဲစပ်ချုပ်မည့် အစားတော့ အသစ်ပဲ ချုပ်ပါသည်။ ပိတ်စလေးများမှာ သေးသေးလေးတွေ ဖြစ်ရာ စပ်ထမီကွင်းလုံးပြည့်ဖို့ရာ ခါးကိုက်အောင် ချုပ်ရမည်ထင်သည်။
ထိုအခါမှ မဆွိတီသည် အဘွား၏ မြေးများအပေါ် ထားသည့် မေတ္တာ၊ စေတနာကို သဘောပေါက်ပါသည်။ အဘွားသည် မြေးအတွက် ထမီအသစ်တစ်ထည် မတတ်နိုင်ရာ ထိုစပ်ထမီလေးချုပ်စဉ်က အဘွားလည်း ပင်ပန်းပါလိမ့်မည်။ ခါးနာတတ်သော အဘွားကတော့ ချုပ်နေရင်းနှင့် သူ့မြေးမလေး၏ ၀မ်းသာအားရ ပျော်မြူးနေသော မျက်နှာလေးကို မြင်ယောင်ကာ ပီတိဖြင့် မမောနိုင် မပမ်းနိုင် ချုပ်ပေးတာ ဖြစ်လိမ့်မည်။ အဘွားသည် အတူနေသည် မဟုတ်သော်လည်း ဘ၀တစ်လျှောက်လုံး တွေ့ဆုံရသည့် အချိန်လေးများမှာတော့ မေတ္တာ၊စေတနာအပြည့်ဖြင့် ကူညီစောင့်ရှောက်ခဲ့သည် ချည်းသာဖြစ်ပါသည်။
ယခုဆိုလျှင် အဘွားကွယ်လွန်ခဲ့သည်မှာ ၄နှစ်ပြည့်တော့မည်။ အဘွားဆုံးခါနီး ဖုန်းလေးပင် ဆက်ဖော်မရသည့် အဘွား၏မြေး မဆွိတီသည် စပ်ထမီလေးကို အကြောင်းပြုကာ တမလွန်မှ အဘွားအား ဤစာကို ရေးရင်းဖြင့် သတိရကာ မျက်ရည်ဝဲမိပါသည်။
အဘွားကို သတိရသွားပြန်ပေါ့......တိုက်ဆိုင်တိုင်း သတိရနေတော့တာဘဲ ပို့စ်ဖတ်ရင်း သတိရနေပြန်ပြီ
ReplyDeleteမဆွိက ဒီလောက်အဆိုကောင်းတာ အဆိုတော်လုပ်သင့်တယ်၊ မဆွိ ငယ်ငယ်တုန်းက အသံနဲ.အိမ်နီးချင်းတွေကို နှိပ်စက်ခဲ့ပုံရတယ် ၊
ReplyDeleteအရင်ပို.စ်က အဖွားက အမေ့ဘက်က အဘွားလား၊ အိမ်မှာ တစ်ယောက်တည်းပျင်းပျင်းရှိနေတာနဲ. လွမ်းစရာတွေပဲ တွေးနေပုံရတယ်၊
အမေချုပ်ပေးတဲ့ စပ်စောင်ထည်ကြီးကို အခုဆောင်းတွင်းမှာ လွမ်းမိတယ်.....
ReplyDeleteမောင်ဘကြိုင်
ကျနော်က အစလေးတွေ စပ်ပြီး စောင်ချုပ်ရတာပျော်တယ် စပ်ထမီကတော့ အမ တထည်ချုပ်ပေးဖူးတယ် ထင်တယ် ။အဒေါ်လည်းချုပ်ပေးဖူးတယ်ကလေးတုန်းကပေါ့။ သူတို့ ပေးတာလေးတွေကြည့်ပီး ကိုယ်စက်ချုပ်တတ်တော့ အဲလိုအစကျန်တွေ စပ်ပီး စောင်ချုပ်ရတာ သဘောကျသွားတာ။
ReplyDeleteThis comment has been removed by the author.
ReplyDeleteတီsweet ကတော့ဘာရေးရေးဖတ်လို့ကောင်း သမီးငယ်ငယ်တုံး ကအိမ်မှာ အဘွားချုပ်တဲ စပ်စောင်ကြီး ရှိတယ် သတိတောင်ရသွားပြီ
ReplyDeleteရေးတတ်လိုက်တာမဆွိရယ်..အဖွားကိုသတိရလို့ငိုချင်သွားတယ်..တို့က
ReplyDeleteအဖွားရဲ့အချစ်ဆုံးေ မြးလေ..အမေနြို့ဖတ်ကတဲကအဖွားဆီမှာနေရတာ..
မှတ်မိသေးတယ်..သူငယ်တန်းတုန်းကအဖွားပေးတဲ့ပိုးထမီလေးကိုတွယ်အပ်
နဲ့ချိတ်ဝတ်ပြီးကျောင်းကိုသွားတော့..သူငယ်တန်းသင်တဲ့ဆရာလေးကနောက်
တယ်.."ရှဲရှဲ..ရှဲရှဲ..နဲ့ဆိုတော့ငါ့မှာဘယ်အိမ်ကငရုပ်သီးဆီေ ကြာ်နေတဲ့
အသံများလဲလို့" တဲ့..။
မင်္ဆိ
ReplyDeleteနေကောင်းတယ်နော်၊ မဆွိ ရေးထားတဲ့အတိုင်းမနေ.က တနင်းဂနွေနေ.မှာ ချက်စားတယ်၊ အဆင်ပြေပြေ နဲ့ စားကောင်းတယ်။ ကျေးဇူးတင်ပါေုကာင်း အရင်ပြောချင်ပါတယ်။ ကျမထင်တယ် ကျမတို့ ဗမာပြည်မှာ စပ်ထမီ စပ်ဆောင်ဆိုတာ စက်ချူပ်တတ်တဲ့ မိဘတွေ အဒေါ်တွေ အဖွားတွေ ရှိသူတိုင်းရဘူးမယ်ထင်တယ်။ မဆွိလိုတော့ ၀မ်းနဲခံစားတတ်ရင်တောင် လွမ်းအောင် ရေးမိုကမှာ မဟုတ်ပါဘူး။ အခုတော့လဲ မဆွိရယ် ငယ်ဘ၀တွေက နောက်ဖက်မှာ ကျန်ခဲ့လို့ ပေါ့။လေးစားလျက် မြရီ
ဟုတ်တယ်နော်တီဆွိ
ReplyDeleteနိုင်ငံခြားတွေမှာတော. အဲ.လိုအစသေးသေး၊၊ အဆင်လှလှလေးတွေနဲ.စပ်ပြီးချုပ်ထားလို.များကတော.၊ အိပ်ယာခင်းဘဲဖြစ်ဖြစ်၊ ဆိုဖာအုပ်ဖို.ဘဲဖြစ်ဖြစ်၊ ဘယ်ဟာလေးဖြစ်ဖြစ်ဈေးကခေါင်ခိုက်နေတာဘဲ။
အဲ.လို စပ်ချုပ်ထားတာကို patch work လို.ခေါ်တယ်ထင်တယ်။ကျမလဲအရမ်းသဘောကျတယ်။ကိုယ်တိုင်ချုပ်ဖို.တော. ၀န်လေးတယ်၊ တော်တော်လက်ဝင်တာကိုး။
အဲလိုစပ်ပြီး ချုပ်ရတာ ဝါသနာပါတဲ့ အဖွားရယ်၊ အဖွားရဲ့ အမရယ်ကို သတိရသွားတယ်။ အဲလိုစပ်ချုပ်ထားတဲ့ အနွေးထည်ရယ်၊ ထိုင်ခုံအခင်းရယ်၊ ကလေးစီး အဝတ်ဖိနပ်လေးတွေရယ် ခုထိရှိသေးတယ်။ အဖွားတွေ မဆုံးခင်လောက်ထိ အဝတ်ချုပ်ဆိုင်တွေကနေ ဖြတ်လို့ပိုတဲ့အစတွေကို အိတ်လိုက်ဝယ်ပေး ပြီးတော့ အိမ်မှာ ဖြန့်ကျဲဖွပြီး ရွေးရတာတွေကို လွမ်းလိုက်တာ..
ReplyDeleteအစ်မဆွိ အဘွားကို လွမ်းမယ်ဆို လွမ်းလောက်တယ်။ မြသွေးလေးတန်းတုန်းက အဘွားဆင်တဲ့ ထမီဝတ်ဆော့တာ ထမီစတက်နင်းမိပြီး ချောလဲ ဒဲပြူး နဖူးမှာ အာလူးသီး အကြီးကြီးထွက်ဘူးလို့ အမေက ကလေးကို အရွယ်မတိုင်ခင် ထမီဆင်ရမလားဆို သူ့ယောကခမကြီးကို ဒေါခွီးဘူးတယ်။ အခုတော့ နှစ်ယောက်လုံးမရှိတော့ဘူးဆိုတော့ လွမ်းစရာလေးတွေပေါ့ အစ်မရေ..။
ReplyDeleteအိမ်မှာလည်းငယ်ငယ်တုန်းက စပ်စောင်တွေရှိတယ်
ReplyDeleteအမရဲ့..ငယ်တော့တန်းဖိုးထားရကောင်းမှန်းလည်းမသိဘူးလေ..
ချုပ်ထားတဲ့အစလေးနေရာပေါက်ပြဲလာရင်
လိုက်လိုက်ဖြဲတာ..ခဏလေးနဲ့ပြဲကုန်ရော..
အခုကြီးလာမှ ပြန်စဉ်းစားပြီးနှမြောမိတယ်..
ညီမငယ်တုန်းကလည်း စပ်ထမီ ၊ စပ်အင်္ကျီ ၊ စပ်ဘောင်းဘီ ၊ စပ်ဂါဝန် အကုန်ဝတ်ဖူးတယ်။ အမေ့လက်ရာပေါ့။ အဲ့ဒီတုန်းက သိပ်အမြင်ကတ်တာ။ ခုတော့လည်း ဖက်ရှင်တောင်ဖြစ်နေသေး။း)
ReplyDeleteမဆွိပြောတော့မှ ငယ်တုန်းက ဝတ်ခဲ့တဲ့ စပ်ထမီလေးတွေသတိရသွားပြီ..
ReplyDeleteအရောင်လေးတွေတောင် မှတ်မိနေသေးတယ်..
ငယ်တုန်းကများ ခုလို စကပ်လှလှတွေ အတွန့်တွေ အတက်တွေနဲ့ မဝတ်နိုင်ဘဲ အဲသလို ထမီလေးတွေကိုဘဲ တန်ဖိုးထားဝတ်ခဲ့ရတာနော်.. ဒီပိုစ့်လေးဖတ်ပြီး
အမေတွေ အဖွားတွေရဲ့ စိတ်ရှည်မှုကို သတိရ လွမ်းဆွတ်သွားမိတယ်..
ပိုစ့် ဖတ်ပြီး အဘွား ကို ပိုသတိရသွားတယ်
ReplyDeleteစပ်ထမီ ဝတ်ဖူးတယ်..ခုတော့ ဖက်ရှင်ဖြစ်ပြီး ဈေးကလည်း ခေါင်ခိုက်နေသေး...
ReplyDeleteပိုတယ့် အစလေးတွေကို ခြေသုတ်ဖုံလေးတွေချုပ်ဖူးတယ်..
ReplyDeleteအချွန်ချွန်လေးတွေခေါက်ပြီး ၀ိုက်ချုပ်သွားတာမျိုး... :)
Zune Zune