Sunday, September 26, 2010

အိမ်မ၀ယ်ခင် စဉ်းစားကြဘို့ ....

ဦးခြိမ့်မှ အိမ်ဝယ်တာနဲ့ ပတ်သတ်ပြီး အကျိုးအပြစ်တွေကို မေးလာတဲ့သူတွေ ရှိလာလို့ ရေးပေးလာတဲ့ ပို့်စ်လေး မျှဝေပေးလိုက်ပါတယ်။

==================================================================================



လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက အသိညီငယ်လေး တစ်ယောက်က ငွေလေးနဲနဲုစုဆောင်းမိလာတော့ အိမ်ဝယ်ရင် သင့်တော်မလား၊ ဒါမှမဟုတ် အိမ်ဝယ်ရတာ commitment တွေများလွန်းလို့ အိမ်ငှားဘ၀နဲ့ပဲ ဆက်လက်နေတိုင်ရင် ကောင်းမလားဆိုပြီး လာမေးတယ်။ ကျွန်တော်လဲ ကျွန်တော်သိသလောက်နှုတ်နဲ့ပဲ အကျိုးအပြစ်တွေကို ပြောပြလိုက်တယ်။ အဲဒီတုန်းက ပြောပြလိုက်တဲ့ အချက်အလက်တွေနဲ့ အခုနောက်ပိုင်း ပိုသိလာတာလေးတွေ ပေါင်းစပ်ပြီး အိမ်ဝယ်ခြင်းရဲ့ အကျိုးအပြစ်တွေက ဘာတွေရှိတတ်သလဲဆိုတာကို ကျွန်တော်သိနားလည်ထားသလောက် ဝေမျှပါရစေ။

တစ်ခါတလေမှာ အိမ်ဝယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချတဲ့အခါမှာ သေသေချာချာ လိုက်လံစုံစမ်း ခရေစေ့တွင်းကျ ကြည့်ပြီး ၀ယ်တာထက် ကိုယ်ရဲ့ခံစားမှုကို ရှေ့တန်းတင်ပြီး ၀ယ်လိုက်မိတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ တစ်ခါတရံ မလိုအပ်ပဲ ကိုယ်ရဲ့ဝင်ငွေထွက်ငွေနဲ့ မမျှတပဲ အိမ်ဝယ်လိုက်ခြင်းကြောင့် ကိုယ့်အတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်သွားတတ်တယ်။

ကျွန်တော်ရဲ့ အတွေ့အကြုံ၊ မှတ်ထား သိထားတာများကိုသာ အခြေခံပြီး ရေးမှာဖြစ်လို့ သဘောထားခြင်း မတိုက်ဆိုင်တာ၊ မှားယွင်းတာမျိုး ရှိခဲ့ရင်လည်း အယူအဆ မတူညီလို့ ကွဲပြားတယ်လို့ မှတ်စေချင်ပါတယ်။ ကျွန်တော်ရေးသားထားတာထဲက ကိုယ်အတွက်အသုံးဝင်တာများ ပါဝင်ခဲ့ရင်လည်း အသိမျှဝေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်ဖြစ်လို့ လက်ဆင့်ကမ်းဝေမျှလိုက်ပါလို့ ပြောပါရစေ။

(က) အရင်းအနှီးတိုးပွားခြင်း (Capital Appreciation )ကျွန်တော်ဘ၀အတွေ့အကြုံအရ ဘယ်နိုင်ငံမှာပဲ အိမ်ဝယ်ထားတာဖြစ်ဖြစ် အိမ်ဆိုတာ ၀ယ်ပြီးသွားရင် အထိုက်အလျောက်တော့ ၀ယ်ထားတုန်းက ဈေးထက် မြင့်တက်လာတာကိုပဲ တွေ့ရပါတယ်။ ဒါကြောင့် အိမ်တန်ဖိုးမြင့်တက်တော့ အိမ်ပြန်ရောင်းရင် အမြတ်ရတာပေါ့။

(ခ) ပိုင်ဆိုင်မှုကို တည်ဆောက်ခြင်း ( building Equity )ကျွန်တော်ဘာသာပြန်တာများ မှားမလားတော့ မပြောတတ်ဘူး။ မြန်မာနိုင်ငံက လွဲပြီး ကျန်တဲ့ နိုင်ငံတော်တော်များများမှာ အိမ်ဝယ်ပြီဟေ့ဆိုရင် တစ်လုံးတစ်ခဲတည်း ပေးတာထက် လစဉ်အိမ်တန်ဖိုးနဲ့ အတိုးငွေကို ပေးဆပ်ပြီးဝယ်ကြတာ တော်တော်များပါတယ်။ အိမ်တစ်လုံးဝယ်ပြီဆိုရင် နှစ်၃၀ အတွင်း လစဉ် ၁၀၀၀-၂၀၀၀ မှန်မှန် ချေးထားတဲ့ ဘဏ်ကို ပေးဆပ်ပြီး နှစ်၃၀ပြည်တာနဲ့ အိမ်ပိုင်ကြတာပေါ့။
အကယ်လို့ ကိုယ်က အိမ်ငှားဘ၀နဲ့ နေမယ်ဆိုရင် အိမ်ရှင်ကို လစဉ်ပေးတဲ့ အိမ်ငှားခက ကိုယ့်ရဲ့ အသုံးစရိတ် (Expense) အနေနဲ့ ဖြစ်သွားပြီး အိမ်ဝယ်ထားတယ်ဆိုရင် လစဉ်ပေးတဲ့ ငွေက ကိုယ်ပိုင်ဆိုင်မဲ့အိမ်ရဲ့ အစိတ်အပိုင်းတစ်ခုကို တဖြေးဖြေးချင်း ပိုင်လာတာဆိုတော့ လစဉ် ကိုယ့်ရဲ့ asset တွေက ရယူနေတာပါပဲ။

(ဂ) အိမ်ငှားခမှ ပြန်လည်ရရှိငွေ
အကယ်လို့ ကိုယ်က အိမ်ကို ရင်းနှီးမြုပ်နှံမှုအနေနဲ့ ၀ယ်တယ်ဆိုရင် ကိုယ်ဝယ်ထားတဲ့ အိမ်ကို အိမ်ငှားပြန်ချထားချင်းအားဖြင့် လစဉ် အိမ်ငှားခက ၀င်ငွေတစ်ခုအနေနဲ့ ရှိတာပေါ့။ ကျွန်တော်တို့ဆိုရင် အိမ်မှာ အခန်းသေးတစ်ခု ပိုနေတာနဲ့ ကျောင်းသားလေးတစ်ယောက်ကို အိမ်မှာ ငှားထားတော့ အိမ်ငှားခရတယ်။ ဘာပဲဖြစ်ဖြစ် အဲဒါကလည်း ကိုယ့်ရဲ့ဝင်ငွေတစ်ခုအနေနဲ့ ပြန်ဝင်လာတာပေါ့။

(ဃ) ငွေဖောင်းပွမှုမှ ကာကွယ်ခြင်း
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ငွေဖောင်းပွမှုနှုန်းဆိုတာ အနည်းနဲ့အများ ရှိပါတယ်။ စင်္ကာပူမှာတောင်မှ ၂-၃%၀န်းကျင်မှာ ရှိနေတတ်ပါတယ်။ ကိုယ်လက်ထဲမှာ ငွေတွေ ဒီအတိုင်းကိုင်ထားရင် နေ့တိုင်း ငွေတန်ဖိုးက လျော့လာတယ်ဆိုပါစို့။ သူလိုငါလို နားလည်အောင်ပြောရရင် မနှစ်က ငွေတစ်သောင်းနဲ့ ဒီနှစ်ငွေတစ်သောင်း တန်ဖိုးခြင်းမတူပါဘူး။ ဒီနှစ်ငွေက ငွေဖောင်းပွနှုန်းအရ ၂-၃ ရာခိုင်နှုန်းခန့် တန်ဖိုးနည်းသွားပါတယ်။ ဒါပေမဲ့ အိမ်ဝယ်ထားတယ်ဆိုရင်တော့ အိမ်ရဲ့ တန်ဖိုးတက်ခြင်းက ငွေဖောင်းပွမှုနှုန်းကို ကာကွယ်နိုင်တယ်လို့ အကြမ်းဖျဉ်းဆိုရပါလိမ့်မယ်။

(င) ကိုယ်ရဲ့အိမ်ကို တန်ဖိုးမြင့်တက်အောင်လုပ်နိုင်ခြင်း
ဒါကတော့ ကိုယ်က အိမ်ပိုင်သွားတယ်ဆိုရင် ကိုယ့်ရဲ့အိမ်ကို ပြုပြင်ထိမ်းသိန်းမှုတွေ၊ ဆေးသုတ်တာတွေ၊ အဲကွန်းတွေတပ်ခြင်းအားဖြင့် အိမ်ရဲ့တန်ဖိုးကို ရှိတာထက်ပိုပြီး မြင့်တက်အောင်လုပ်နိုင်ပါတယ်။

(စ) အခွန်ငွေကိုလျော့ရခြင်း
ဒါကတော့ တခြားနိုင်ငံတွေတော့ မပြောတတ်ဘူး။ စင်္ကာပူမှာဆိုရင် အိမ်ကိုပြန်ရောင်းတဲ့အခါမှာ အိမ်ရောင်းရငွေပေါ်ကအမြတ်ငွေကို အခွန်မပေးရပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ HDB Flat တွေကို CPF ကနေပြီးတော့ အကြွေးပြန်ဆပ်တာမိုလို့ပါ။ တခြားနိုင်ငံဆိုရင်တော့ ကိုယ့်နိုင်ငံရဲ့ အခွန်ဥပဒေအတိုင်း ရှိမှာပါ။
ဒီထက်ပိုတဲ့ အကျိုးကျေးဇူးတွေကတော့ အိမ်ငှားနေတယ်ဆိုရင် တနှစ်ပြည်တိုင်း ကိုယ့်ရဲ့အိမ်ရှင်က အိမ်ငှားခ တက်ပြီးယူတာတို့၊ ပွဲစားခပေးရတာတို့နဲ့ နှစ်စဉ် စိတ်ပူနေရတာလေးတွေလဲ ရှိတာပေါ့။



original picture link

ကဲ အကျိုးတရားတွေပြောပြီးတော့ အပြစ်လေးတွေလဲ ပြောကြည့်ရအောင်။
(က) အိမ်ရောင်းအိမ်ဝယ် မှ ကုန်ကျငွေ
အိမ်ဝယ်ပြီဆိုတာနဲ့ Stamp Duty (တံဆိပ်ခေါင်းခွန်) ရှေ့နေခ၊ ပွဲစားခ နဲ့ တခြားရုံးကိစ္စပိုင်းဆိုင်ရာ ငွေတွေကုန်တယ်။ အိမ်ပြန်ရောင်းပြီဆိုရင်လဲ ကုန်တာပဲ။ အကြမ်းအားဖြင့် အဲဒီ စာရွက်စာတန်းခတင် အိမ်တန်ဖိုးရဲ့ ၅%ခန့်လောက်က ကုန်ကျပါတယ်။

(ခ) အိမ်ထိမ်းသိမ်းခ
အိမ်ပိုင်တာနဲ့ အိမ်ရဲ့ အထွေထွေစရိတ်ဆိုတာ ကုန်ကျတတ်တာပဲ။ အိမ်မှာ ပျက်စီးတာလေးတွေကို ပြင်ရမယ်၊ ရေချိုးခန်း ပိုက်ပျက်တာတို့၊ ပိုက်ပိတ်တာတို့၊ အဲကွန်းဆားဗစ်တို့ ဟိုနေရာလေး ပျက်နေတယ်၊ ဒီနေရာလေး ပျက်နေတယ် စသဖြင့် ပြင်ဆင်ခဆိုတာ ကုန်လာပြီပေါ့။ အိမ်ငှားနေတာကတော့ ရှင်းတယ်။ တစ်ခုခု ပျက်လိုက်တာနဲ့ အိမ်ရှင်အကြောင်းကြားလိုက်ရင် အိမ်ရှင်က လာပြင်ပေးရတာ မဟုတ်လား။ ကိုယ်က အိမ်ငှားပြန်ထားပြီဆိုရင် အိမ်ငှားက တစ်ခုခု ပျက်တယ်ဆိုရင် ကိုယ်ကလဲ ပြင်ပေးရမဲ့ တာဝန်က ပိုလာပြီပေါ့။

(ဂ) ငွေဖော်ရတာ ခက်ခဲမှု (Less liquidity)အိမ်ဆိုတာက စတော့ခ်ရှယ်ယာဝယ်သလို ဒီနေ့ဝယ် မနက်ဖြန်ဈေးတက်ရင် ချက်ချင်းရောင်းချလို့ရတာမဟုတ်ဘူး။ ရင်းနှီးမြုပ်နှံမယ်ဆိုရင်တောင်မှ တစ်ရက် တစ်လ မဟုတ်ပဲ နှစ်နဲ့ချီပြီး ရေရှည်လုပ်ရတာဖြစ်တယ်။ ဒါကြောင့် ကိုယ်က အကြောင်းတစ်ခုခုကြောင့် ငွေကြေးလိုအပ်လာတဲ့အခါမှ အိမ်ကို ရောင်းချပြီးငွေဖော်မယ်ဆိုရင် အချိန်ပေးပြီး လုပ်ရတာဖြစ်လို့ သေသေချာချာ အချိန်ကာလကို တွက်ချက်ပြီး စီမံကိန်းချ စဉ်းစားသင့်ပါတယ်။

(ဃ) အိမ်ဈေးအတက်အကျ နဲ့ အတိုးနှုန်းတက်ခြင်း
အိမ်ဝယ်ပြီဆိုရင် အိမ်တန်ဖိုးဈေးတက်လာရင် ကိုယ့်ရဲ့ အိမ်က equity တန်ဖိုးမြင့်တက်လာသလို ဈေးကျရင်လည်း အိမ်တန်ဖိုးက ကျလာတတ်တယ်။ စာအုပ်တွေထဲမှာ ဖတ်ဖူးတာကတော့ ဈေးတွေကျလွန်းအားကြီးလာလို့ ဘဏ်ကနေ ဈေးကွက်ထဲက ဈေးနှုန်းကျတဲ့အတွက် ကွာခြားတဲ့ ငွေပမာဏကို ပြန်ဖြည့်ခိုင်းတတ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ကျွန်တော်အတွေ့အကြုံအရဆိုရင် အိမ်လို့ ခေါ်တဲ့ Property ကို ပိုင်ဆိုင်ခြင်း ရင်နှင်းမြုပ်နှံခြင်းက အလွန်အင်မတန် Risk နည်း တဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်သလို မရှုံးသေးတဲ့ ပိုင်ဆိုင်မှုတစ်ခုပါပဲ။

နောက်တစ်ခုက နိုင်ငံခြားမှာ အိမ်ဝယ်တယ်ဆိုတာ အိမ်တစ်လုံးလုံးရဲ့ တန်ဖိုးကို မြန်မာပြည်မှာလို လုံးခနဲ တစ်ခါတည်း အကျေချေလိုက်တာ မဟုတ်ပဲ လစဉ် ငွေသွင်းပြီး ဘဏ်ကငွေချေးတာပေါ့။ အဲဒီမှာ ဘဏ်တိုးဆိုတာ ရှိလာပါတယ်။ နှစ်စဉ်နဲ့ အမျှ ဘဏ်တိုးနှုန်းတွေတက်လာမှာကို စိုးရိမ်ရတာက အိမ်ဝယ်ထားတဲ့ သူတိုင်းအတွက် အမြဲစိတ်ပူနေရတာပါပဲ။

(င) ငွေရေးကြေးရေးဆိုင်ရာ စိတ်ဒါဏ်ပိမှု (Financial and Psychological Burden for Mortgage)
အိမ်ဝယ်လိုက်ပြီဆိုတာနဲ့ တစ်ခါတည်း အပြတ်မ၀ယ်နိုင်တော့ ဘဏ်က ငွေချေးပြီးဝယ်ရတယ်။ အဲဒီမှာ လစဉ် လစဉ် ဘဏ်ကို အကြွေးပြန်ဆပ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်ထဲမှာ အဲဒီငွေအတွက် ဗျာများရတာ ထုံးစံတစ်ခုလိုပါပဲ။ ဒါကြောင့်မိုလို့ အိမ်မ၀ယ်ခင်မှာ လင်မယားနှစ်ယောက် တစ်လ လက်ထဲမှာကျန်တဲ့ငွေက ဘယ်လောက်ရှိမလဲ၊ စုဆောင်းထားတဲ့ ငွေက ဘယ်လောက်ရှိမလဲ၊ ဘယ်နှနှစ်ကြာရင် ဘဏ်ကချေးထားတဲ့ ငွေကိုအကြေပေးဆပ်နိုင်မလဲ စသဖြင့် သေသေချာချာ တွက်ချက် လေ့လာပြီးမှ အိမ်ဝယ်ဖို့ စဉ်းစားစေချင်ပါတယ်။ အိမ်ဝယ်လိုက်တာနဲ့ Commitment တစ်ခုအနေနဲ့ ဖြစ်လာပါပြီ။ အလုပ်အကိုင် အမြဲရှိနေဖို့ လိုအပ်ပါတယ်။

ဒါအပြင် တိုးတက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အပြိုင် ကိုယ့်ရဲ့ ၀င်ငွေကလည်း တိုးတက်ဖို့ လိုအပ်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်က ခေတ်နဲ့ အညီ လစာငွေကို ရရှိသလား၊ အလုပ်အကိုင်ကကော မြဲပါမလား၊ အလုပ်မရှိရင် အိမ်ဖိုးငွေပေးဖို့ အဆင်ပြေပါမလား၊ ကိုယ်က လစဉ်အိမ်ဖိုးပေးနေကျ installment ကို ၃လ ဆက်တိုက် မပေးနိုင်တဲ့အခါ အိမ်ကို ဘဏ်ကများသိမ်းသွားရင် ကြုံတွေ့ရမဲ့ ဆုံးရှုံးမှုတွေ စသဖြင့် စိုးရိမ်ပူပန်မှုဆိုတာ အနည်းနဲ့ အများ ကျွန်တော်တို့ရင်ဆိုင်ကြရမှာပါ။ ဒါကြောင့် အိမ်မ၀ယ်ခင်မှာ သူများဝယ်လို့ လိုက်ဝယ်တယ်ဆိုတာမျိုးမဖြစ်ရအောင် သေချာစွာ စဉ်းစားပြီးမှာ အိမ်ဝယ်သင့်ပါတယ်။

အပေါ်က ကျွန်တော်ပြောပြတာတွေက ဘယ်နိုင်ငံမှာ နေနေ အိမ်ဝယ်ဖို့ ကြိုးစားတဲ့ သူအတိုင်းကြုံတွေ့နိုင်တဲ့ အကျိုးနဲ့ အပြစ်တွေပါ။ လွန်ခဲ့တဲ့ နှစ်က စင်္ကာပူမှာ အိမ်ဝယ်မယ်ဆိုလျှင် ဆိုပြီး ကျွန်တော် ရေးခဲ့ပါသေးတယ်။

အိမ်ဝယ်တယ်ဆိုတာ အကျိုးကျေးဇူးများရှိသလို၊ ကိုယ့်အတွက် ဖိအားတစ်ရပ်အနေနဲ့လည်း ရှိနေတတ်ပါတယ်။ အိမ်ဝယ်လိုက်လို့ ကိုယ်ပိုင်အိမ်အနေနဲ့ နေနိုင်ပေမဲ့ အဲဒီအိမ်ကို အကြေပေးဆပ်ပြီး အစအဆုံး ကိုယ့်ရဲ့ အိမ်အဖြစ်ရရှိတဲ့ အခြေအနေအထိ အခက်အခဲများစွာကို ရင်ဆိုင်ရပါတယ်။ ဒါကြောင့် မ၀ယ်ခင်ကတည်းက သေသေချာချာ စဉ်းစားနိုင်အောင် ကျွန်တော် နားလည်သလို မျှဝေလိုက်ပါတယ်။ အကယ်လို့ Economic Term များကို မြန်မာလို ဘာသာပြန်ရာမှာ အမှားအယွင်းများပါသွားခဲ့ရင်၊ ကျွန်တော်ပြောပြတဲ့ အချက်အလက်များ မှားယွင်းသွားခဲ့ရင် ထောက်ပြ ပြောဆိုနိုင်ပါတယ်။
အိုးပိုင် အိမ်ပိုင်နဲ့ ပျော်ပျော်ရွှင်ရွှင် မိသားစုဘ၀များ ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

မောင်ခြိမ့်

7 comments:

  1. ဘုန်းကြီးဝတ်ပြီး..ဘုန်းကြီးကျောင်းမှာပဲသွားနေတော့မယ်..

    ReplyDelete
  2. အိမ်ဝယ်ချင်နေပါသည်...
    အမျိုးသမီးရဲ့ PR application was not successful...
    ကွန်ဒိုတော့ မတတ်နိုင်သေးပါ...
    နိုင်ငံသားပြောင်းရရင်ကောင်းမလား စဉ်းစားနေပါသည်...
    (ဘယ်လိုမှ မဖြစ်သာတော့မှသာ နိုင်ငံသားပြောင်းချင်ပါတယ်)

    ReplyDelete
  3. ခု PR တွေက၂၀%လက်ငင်းပေးရမယ်ဆိုတာရယ်။အိမ်ရှင်တွေကCOVအရမ်းတောင်းကြတော့ကြာလေမလွယ်လေဖြစ်လာတယ်။ အိမ်ငှားခတွေကလည်းတစ်နှစ်ထက်တစ်နှစ်မြင့်လာတော့အရင်ကနဲ့ စာရင်ပိုပြီးကြပ်တည်းလာတယ်ဗျ။

    ReplyDelete
  4. Now COV is getting down. Because of new rules,it is not allowing to own two property at the same time.Minimum MOP is 5 yrs now. So, the market will be stable.

    ReplyDelete
  5. ဒီပိုစ်အတွက် ဦးခြိမ့်ကို အရမ်းကျေးဇူးတင်ပါတယ်။ ညီမတို့လည်း ဒီကို မလာခင် မြန်မာပြည်မှာ အိမ်ဝိုင်းဝယ်ဖို့ စဉ်းစားတုန်းက တော်တော် တွေးကြရသေးတယ်။ ကိုယ်တိုင်လည်း အခုလောလောဆယ် မနေသေးပဲနဲ့ ၀ယ်သင့်မ၀ယ်သင့်၊ နောက်ပြီး ဒီတိုင်းမထားပဲ အိမ်ဆောက်သင့် မဆောက်သင့်ပေါ့နော်။ နောက်တော့လည်း လူကြီးတွေနဲ့ ခေါင်းချင်းဆိုင်တိုင်ပင်ပြီး သင့်တင့်တဲ့ဝိုင်းတစ်ဝိုင်းဝယ်၊ အိမ်ကိုလည်း တဖြည်းဖြည်းချင်း စိတ်တိုင်းကျ ဆောက်လိုက်တယ်။ (နည်းနည်းချင်းပေါ့နော်။) ပိုက်ဆံနည်းတော့ ၆ လလောက်ကြတယ်။ ဒီကြားထဲ သစ်ဈေး၊ သံဈေး၊ အုတ်ဈေးဆိုတာ ၆ လအတွင်း ၂ ဆနီးနီး တက်သွားတာ.။ အိမ်ပြီးမှ ပြီးပါ့မလား စိတ်ပူလိုက်ရတာ။ အခုတော့ အလှအပ တအားမမွမ်းမံနိုင်ပေမယ့် သူများဌားလို့တော့ ရသွားတယ်။ ၀ိုင်းဈေးတွေလည်း တက်သွားတော့ ၀ယ်ထားရကျိုးနပ်တယ်ပြောရမှာပေါ့နော်။ မြေကတော့ စိတ်မညစ်တတ်ရင် ၀ယ်ထားတာ မရှုံးဘူးလို့ ညီမလည်း ထင်တာပဲ..။

    ReplyDelete
  6. ဗဟုသုတ ရပါတယ်။ စင်ကာပူမှာ မနေတောင် အတော်များများ အချက်တွေက တူညီကြပါတယ်။ ကျေးဇူးတင်ပါတယ်ချင်.. (ဂျကား မပီတာ နောက်သလိုများ ဖြစ်သွားမလားးး) ခင်လို့ ချ (အဲ..) စ တာပါနော်။

    ReplyDelete
  7. ဟွန့် ... မရှိုသင်းနော် ... ဂျကားမပီတာကို လာနောက်နေတယ်။ တော်သေးတယ် ရေးတာမ၀ဲလို့။ ရေးတာပါဝဲရင်တော့ အိမ်ဝယ်တဲ့ ပို့စ်ကနေ ဟာသပို့စ်ဖြစ်တော့မှာပဲ ...

    လသာည ... ညီမလေး ... ကိုယ့်အနေနဲ့ စဉ်းစားရင်တော့ ငွေကို ဒီတိုင်းထားမဲ့ အစား တိုက်ခန်း (သို့) အိမ်ဝယ်ပြီး ငှါးထားတာ ပိုသဘောကျတယ်။ ၀ယ်လိုက်တာ မှန်ပါတယ်။

    တီဆွိ

    ReplyDelete