Friday, September 10, 2010
ဂျူဂျူးတို့ ကြောက်တတ်ပုံများ ....
သမီးအကြောင်းလေး ရေးဦးမယ်။
ဂျူဂျူးလေးက ဆော့တဲ့နေရာမှာ အပေါ်တက်ရမလား၊ မျောက်လိုရှူံးအောင် ဆော့ရမလား၊ အမြင့်မကြောက် ဘာမကြောက်နဲ့ သတ္တိသိပ်ကောင်းပေမဲ့ သရဲတွေဘာတွေဆို သူသိပ်ကြောက်တယ်။ ပိုးဟပ်လို၊ အိမ်မြောင်လို အကောင်တွေလည်း သူကြောက်တတ်တယ်။ ခလေးကို သရဲ၊သစ္ဆေအကြောင်း အိမ်မှာမပြောပေမဲ့ ကျောင်းမှာ ခလေးအချင်းချင်းပြောကြရင်း ကြားဖူးနေသလားတော့ မပြောတတ်ဘူး။ တီဗီမှာလဲ သူကြုံဖူး၊ ကြည့်ဖူးတယ်နဲ့ တူပါတယ်။ ခလေးတွေက အဲဒီအကြောင်းတွေဆို သိပ် စိတ်ဝင်စားတယ်။ လူကြီးတွေနဲ့စာရင်လဲ သူတို့က ပိုအသဲငယ်ပြီး ပိုကြောက်တတ်ကြတယ်။
ပိုးဟပ်တို့လို အင်းဆက်ကောင်တွေကိုလဲ ဂျူဂျူး ငယ်ငယ်ကတည်းက ကြောက်တာပါ။ ပိုးဟပ်၊ အိမ်မြှောင်မြင်တာနဲ့ အမေပေါ် ခုန်တက်တော့တာပဲ။ ကြောက်တော့ လှုပ်ရှားမှုကလဲ သိပ်မြန်တယ်။ ဖားပျံများလိုပဲ။ သမီးရဲ့ ... အကောင်လေးတွေက သေးသေးလေးတွေ၊ သမီးကို ဘာမှ မလုပ်နိုင်ပါဘူးဆိုလဲ မရဘူး။ ကြောက်တာပဲ။ တလောကလဲ အိမ်သာတက်ရင်း အိမ်သာထဲ နဂျီကောင်လို အကောင်မျိုး တ၀ီဝီပျံနေတာတွေ့တာနဲ့ အော်ဟစ်ပြီး မအေပေါ် ဘယ်လိုရောက်လာမှန်းမသိဘူး။ အဲဒီနောက်ပိုင်း သူအိမ်သာတက်တိုင်း အမေက ဘေးကနေ ထိုင်စောင့်ပေးနေရတယ်။ ဒါကို သူက ရုပ်ရှင်တွေ ကြည့်သလို PG ဆိုပြီး သူ့ဟာသူ ပြောနေသေးတယ်။ Parent guide နဲ့ အိမ်သာတက်ရတယ်ဆိုပဲ။
တလောကလဲ ဖိုရမ်အဖွဲ့တွေနဲ့ Labrador park မှာ gathering လုပ်တယ်။ အဲဒီအချိန်က ဂျူဂျူတို့အဖေ oversea ထွက်နေတော့ မသွားတော့ဘူးဆိုနေတာ။ သူငယ်ချင်းက ဇွတ်ခေါ်တာနဲ့ သားအမိနှစ်ယောက် ရောက်သွားကြတယ်။ ညဘက်ကြီးပေါ့။ ဟိုရောက်တော့ အဲဒီ Labrador park က ဒုတိယကမ္ဘာစစ်က အင်္ဂံလိပ်တွေနဲ့ စစ်ဖြစ်တဲ့နေရာတဲ့။ တိုက်ပွဲမှာ စစ်သားတွေအများကြီးကျတော့ သရဲခြောက်တယ်လို့ နာမည်ကြီးတယ်ဆိုပဲ။ အဲဒီမှာ အမြောက်အဟောင်းတွေ၊ ဘန်ကာတွေလဲရှိတယ်။
ရောက်ရောက်ချင်းပဲ ဖိုရမ်က ခလေးတစ်ယောက်က တောလမ်းလေးတစ်လျှောက် ဗီဒီယိုရိုက်လာတာ ပုံတွေမပေါ်ဘူးတဲ့။ သူ့ရီကော်ဒါက တစ်သက်နဲ့ တစ်ကိုယ် ရိုက်ရဲ့သားနဲ့ မပေါ်တာမျိုး မဖြစ်ဖူးဘူး။ သရဲခြောက်တာလားမသိဘူးဆို ပြောဆိုနေကြတာကြားတယ်။ နောက်တော့ လူ၎-၅ယောက်ခေါ်ပြီး အဖွဲ့လိုက် သူဗီဒီယိုရိုက်ခဲ့တဲ့နေရာကို သရဲခြောက်၊ မခြောက် သွားပြန်ကြည့်မယ်ဆို ထွက်သွားကြပြန်ရော။ ကျန်ခဲ့တဲ့သူတွေကတော့ ဘာဘီကျူးတွေ ကင်စားလိုက်၊ သရဲအကြောင်းတွေပြောလိုက်၊ ရယ်စရာတွေ ပြောလိုက်နဲ့ပေါ့။ ကိုယ်က နဂိုက သရဲကြောက်တတ်ရတဲ့ကြားထဲ အခန်းထဲတစ်ယောက်တည်း အိပ်နေရတာဆိုတော့ သရဲအကြောင်းတော့ မပြောကြပါနဲ့ဆို တားရတယ်။ ဒါတောင် စ-နောက်ပြီး ပြောနေကြသေးတယ်။ ဂျူဂျူးကတော့ အနားမှာ တခြားပါလာတဲ့ ခလေးအဖော်တွေနဲ့ ပြေးလွှားပြီး ဆော့နေတာပဲ။
ဒီလိုနဲ့ ပြန်မဲ့အချိန်ရောက်လာတော့ အုပ်စုလိုက်ကြီး ကားပါတ်ကင်ဆီ သွားကြတယ်။ ကားပါတ်ကင်ရဲ့အနောက်မှာ တောအုပ်ကြီးရှိတော့ ပရစ်အော်သံလို၊ ဖားအော်သံလို တကျစ်ကျစ်၊ တကွပ်ကွပ်တွေ ကြားနေရတယ်။ တောထဲဆိုတော့ နေရာကလဲ နဲနဲမှောင်တယ်။ သမီးကို ကားပေါ်ပို့၊ ကားတံခါး၂ဖက်လုံးကို ဖွင့်ထားခဲ့ပြီး ကားကြုံလိုက်ချင်သူတွေ လိုက်ခဲ့ကြပါဆို ဆင်းခေါ်တာ။ ခဏနေတော့ ဂျူဂျူတို့ အလန့်တကြား အသံအကျယ်ကြီးနဲ့ မေမေရေ ဆို အော်ဟစ်ပြီး ငိုပါလေရော။ ဖိုရမ်ကခလေးတွေရော၊ ကိုယ်ကိုယ်တိုင်ရော အားလုံး လန့်ဖြန့်ပြီး ကားဆီပြေး သမီးကို ချီခေါ်ကြတယ်။ ဂျူဂျူးက ငိုလိုက်တာ။ ကိုယ်လဲတော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ရေတိုက်တဲ့လူကတိုက်၊ ချိုချဉ်ခွံ့တဲ့လူက ခွံ့နဲ့ ၀ိုင်းချော့ကြတာ ခဏနေတော့ အငိုတိတ်သွားတယ်။ သမီး ဘာဖြစ်တာလဲဆိုတော့ ဘာမှ မေးလို့ မရဘူး။
တလမ်းလုံးလဲ မအေလုပ်သူက စိတ်မကောင်းဘူး။ သမီးကိုတော့ နာနာဘာဝတွေများ ကိုယ်ရောင်ပြလိုက်သလား။ ခလေးဆိုတော့ လိပ်ပြာငယ်တော့ တော်တော်တော့ ကြောက်သွားမှာပဲ။ ဒါကြောင့် ဒီလောက်အော်တာပေါ့ဆို တလမ်းလုံးတွေးလာတာ။ အိမ်ရောက်တော့ ဘုရားစင်ပေါ်က ပရိတ်ရေတိုက်။ အိပ်ခါနီး သူ့အဒေါ်ရော ၂ယောက်လုံး ထပ်မေးကြပြန်တယ်။ သမီးဘာတွေ့လိုက်လဲ ... မေမေ့ကိုပြော ... ဘာလို့ ဒီလောက် အော်ရသလဲဆို ။ မေးမရပြန်ဘူး။ ညကျ ကိုယ်လဲ ကောင်းကောင်း အိပ်မရဘူး။ မနက်လင်းတော့ သူ့အဒေါ်ကို သမီးညက ကောင်းကောင်းအိပ်ရဲ့လား။ လန့်ပြီးများ ထအော်သေးလားဆိုတော့ ဘာမှမဖြစ်ဘူး။ အိပ်ပါတယ်တဲ့။
နေ့ခင်းလောက်ကျ သူနဲ့ခင်တဲ့ ဖိုရမ်က ခလေးတွေနဲ့ ရယ်စရာ အဖြစ်အပျက်အချို့ကို ပြန်ပြောရင်း သမီးကို မေးပြန်တယ်။ အဲဒီကျ ဂျူဂျူတို့ ရယ်ရယ်မောမောနဲ့ စိတ်ကြည်တဲ့ အချိန်ဖြစ်နေပါပြီ။ သူငိုနေတုံး သူ့ပါးစပ်ထဲခွံ့တဲ့ ဆင်တုံးမနွယ် ရှောက်သီးဆေးပြား သိပ်ကောင်းတယ် ဆိုတာလဲ ပါသေးတယ်။ ဒီတစ်ခါတော့ ဂျူဂျူတို့ သိပ်မမေးလိုက်ရပါဘူး။ သူ့ဟာသူ စကားရော ဖောရောနဲ့ ပြောတာက ငိုအားထက် ရယ်အားသန် ဖြစ်ရတယ်။ ဂျူဂျူက ခရစ်ကတ်တွေ ကြောက်လို့ ငိုတာ ပါတဲ့ဗျား။ (Cricket= ပုရစ်)
မနေ့ညကလဲ အိမ်စာအနေနဲ့ ကျောင်းက ငှါးခိုင်းတဲ့ စာအုပ်တွေထဲက တစ်အုပ်ကို ဂျူဂျူ့ကို ဖတ်ခိုင်းထားတယ်။ ဂျူဂျူက စာလုပ်ရင် အမေအခန်းထဲ လာလုပ်လေ့ရှိပါတယ်။ အခန်းထဲ သူဖတ်နေတုံး သမီးဖတ်နှင့်နော်၊ အမေ အဖေ့ကို လဖ္ဘက်လေး သွားသုတ်ပေးလိုက်ဦးမယ်ဆို ခဏလေးထွက်သွားတာ မကြာပါဘူး။ ဂျူဂျူတို့ ၀ုန်းဆို အခန်းတံခါးကြီးဖွင့်ပြီး အပြင်ဘက် ဒရောသောပါး ပြေးထွက်လာပါတယ်။ ပြီးတော့ မအေကို ဖက်ပြီး ငိုပါလေရော။ ဟဲ့ ... သမီးလေး ဘာဖြစ်တုံး ... မေမေ့ပြော ... ဆိုတော့ အခန်းထဲမှာ စာဖတ်ရင်းနဲ့ တစ် တစ် တစ် ဆို အသံတွေ ထွက်လာတာ ကြောက်လို့ပါတဲ့။ ဒါနဲ့ ကိုယ်လဲ သမီးကိုဖက်ပြီး နှစ်သိမ့်ရပါတယ်။ မေမေတို့ ကုတင်ခေါင်းရင်းက နံရံကို ထိနေတော့ သမီးလှုပ်တိုင်း အပေါ်မှာ တင်ထားတဲ့ပစ္စည်းတွေက နံရံနဲ့တိုက်မိလို့ အသံထွက်တာပါ သမီးရဲ့ ... ဆိုပြီး ရှင်းပြတယ်။ အဲလိုလှုပ်ပြီး အသံထွက်တာကတော့ ကိုယ်တိုင်လဲ ခဏခဏ ကြုံဘူးနေကျပါ။ ခါတိုင်းလဲ ဒီအခန်းထဲ သူ့ဟာသူတစ်ယောက်တည်း စာလုပ်၊ တီဗီကြည့်နေတာပဲကို။ ခုမှ ငိုရလောက်အောင်ထိ သမီးဘာကိုများ ကြောက်နေပါလိမ့်ဆို စိတ်ထဲကတော့ ဇဝေဇ၀ါပေါ့။
ဒါနဲ့ သူ့အဖေပါခေါ်ပြီး အခန်းထဲမှာ စာဆက်ဖတ်ခိုင်းထားတယ်။ ဒီတစ်ခါတော့ သူ့အဖေနဲ့ အတူဖတ်နေတာပါ။ ခဏနေတော့ စာရွက်လှန်လိုက်တာ တစ် ... တစ် .... တစ် ... ဆို အသံကတော်တော် သိသာတယ် ထွက်လာတာ။ အဲဒီမှာ ဂျူဂျူက " အဲဒီအသံပေါ့ ဂျူဂျူက အဲဒါကို ကြောက်တာ"ဆို ငိုမဲ့မဲ့နဲ့ ပြောပါတယ်။ အဲဒီတော့မှ ကိုယ်တို့လဲ ထူးဆန်းတယ်ဆို စာအုပ်အဖုံးကို ဖွင့်ပြီး ကြည့်လိုက်မှ လား ... လား ... အဖုံးရဲ့နောက်မှာ ဘက်ထရီနဲ့ အသံထွက်အောင်လုပ်ထားတဲ့ စပီကာလေး မြှုတ်ထားတာကိုး။ စာအုပ်ရဲ့နာမည်ကလဲ "The very clumsy click beetle " ဆိုတော့ နောက်ဆုံးနားက စာရွက်တွေ လှန်တိုင်း အဲဒီထဲက beetle လေးရဲ့ ကလစ်လုပ်တဲ့ အသံထွက်အောင် လုပ်ထားတာကိုးလို့ သဘောပေါက်တော့တယ်။
ဒီတစ်ခါ ဂျူဂျူးကြောက်တာ မဆန်းပါဘူးလေလို့။ ဒီလို ညဘက်ကြီး တိတ်ဆိတ်တဲ့ အခန်းထဲ တစ်ယောက်တည်းရှိနေတုံး အဲလိုအသံထွက်လာလို့ကတော့ ဂျူဂျူးမေမေဆိုလဲ ကြောက်မိမှာပဲကိုး။
Subscribe to:
Post Comments (Atom)
ကဲ..အမျိုးသမီးလူစွမ်းကောင်းလာပြီ......ဒါးရောင်မြူးမြူး မယ်ဂျူဂျူး ဟေ့....
ReplyDeleteဗူးသီး ခဝဲသီးလောက်တော့ ဒါးနဲ့ကို ပိုင်းပစ်မယ်....
သားငယ်လည်း အကောင်ပလောင်လေးတွေ အားကြီးကြောက်တယ် တီဆွိရေ
ReplyDeleteအိမ်က သားသားလဲ ကြောက်တတ်တယ်.. တနေ့က အိပ်ခန်းထဲရှိနေတုန်း နာရီလေးက ထမြည်တာ.. မြည်မြည်ချင်းမကြာက်သေးဘူး.. နာရီကိုရှာမတွေ့တော့မှ အမေဆီငိုပြီးပြေးလာတော့တာပဲ..း)
ReplyDeleteသမီးလေးက အန်တီလသာညလိုပဲ အားကြီးကြောက်တတ်ပါလား..။ တစ်.. တစ်... တစ်.. တစ်...ခါလောက် အတူတူ စာဖတ်ရအောင် နော်း)))
ReplyDeleteကလေးလေးတွေအကြောင်းဆို ဖတ်လို.သိပ်ကောင်း။ တခြားအကြောင်းတွေထက် ကလေးအကြောင်းဆိုအရမ်းစိတ်ဝင်စားပါကြောင်း။
ReplyDeleteကိုယ်တိုင်က ကလေးအမေမို.လို.ပါ။
ကလေးလေးတွေကအဲ.လိုချည်းဘဲ၊သိပ်ရီရတယ်။
ဂျုဂျုပြောတာ သူငိုတုံးကခွံ.တဲ. ရှောက်သီးဆေးပြားသိပ်ကောင်းတာလဲ သူမှတ်ထားတယ်၊ချစ်ဖို.ကောင်းတယ်။
ခလေးကို တတ်နိင်သမျှ သူကြောက်တာတွေနဲ့ ရင်းနှီးလာအောင် လုပ်ပေးရင် ကောင်းမယ်နော် အစ်မ။ ပုံစံတူ အရုပ်လေးတွေနဲ့ ဖြစ်ဖြစ်ပေါ့။
ReplyDeleteကလေးတွေ အရမ်းချစ်ဖို့ ကောင်းတယ် နောက်ကြီးလာတော့လဲ ကြောက်တော့မယ် မထင်ဘူးနော် မသိဘူးနော် ဟိဟိ
ReplyDeleteကလေးဘ၀မှာကြောက်တတ်ဟာကို ကြီးလာတဲ့ထိမဖြစ်နိုင်ဘူးဘာအန္တာရယ်မရှိဘူးဆိုတာသိရက်နဲ့ ဆက်ကြောက်လန့်နေတာရှိတယ် ကလေးစိတ်ကနုနယ်တယ် ကလေးဘ၀ကအရိပ်အကြောက်တွေက ကြီးတဲ့ထိပါတတ်တယ်
ReplyDelete